( ၂၀၁၇ ဇူလိုင်လထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ဝင့်ဝါအိမ်သည်
ဘေးဘီသို့ လုံးဝမကြည့်ဘဲ မြေပြင်ကိုသာ စူးစူးစိုက်စိုက်ကြည့်နေသည် ။ ခေါင်းကြီးငုံ့ကာ
လေးဖင့်ဖင့် လျှောက်နေပုံက စိတ်မမှန်သူတစ်ယောက်လို ။
သူမ သွားနေသော-လမ်းကလေးသည်
ကွန်ကရစ်ခင်းထားသော စင်္ကြန်လမ်းလေးဖြစ်ပြီး အဆုံးတွင် အဆောက်အအုံတစ်လုံး ရှိနေသည် ။
ထိုအဆောက်အအုံအပေါ်ထပ်၌ ဝင့်ဝါအိမ် သွားရောက်ရမည့်-ကျောင်းခန်းမရှိ၏ ။ လာမည့်သီတင်းကျွတ်တွင်
ဝင့်ဝါအိမ်တို့ မူလတန်းကျောင်းသူလေးများက ယိမ်းအကဖြင့် ဖျော်ဖြေရမည်ဖြစ်ရာ ထိုခန်းမတွင်
အကတိုက်ရမည် ။ သို့သော်လည်း အကမသင် လို၍လား မပြောတတ်…သူမ၏ခြေလှမ်းများသည် လေးကန်ထိုင်းမှိုင်းနေသည်
။
မည်မျှပင်
လေးလံပါစေ…တိုတောင်းတောင်းစင်္ကြန်လမ်းလေး ဆုံးသည့်အခါ အဆောက်အအုံရှေ့သို့ ရောက်ရှိခဲ့ပြီ
။ ဝင့်ဝါအိမ် သည် လှေကားထစ်များကို ကြောက်ရွံ့သလို ငေးကြည့်သည် ။ ချက်ချင်းပင် မျက်လုံးများကိုမှိတ်ကာ
သက်ပြင်းငွေ့ငွေ့ကို ရှူထုတ်ရင်း လက်သီးတို့ကို ဆုပ်လိုက်သည် ။ ဝင့်ဝါအိမ်၏အမူအရာက
တစ်စုံတစ်ရာအပေါ် ချောက်ချားနေဟန်အပြည့် … ။
သို့သော်
ထိုလှေကားကို တက်မှဖြစ်မည် ။ ခန်းမဆီသို့ မသွား၍ မရ ။ ဆရာမ ဆူလိမ့်မည် ။ ပြဇာတ်ထဲမှာ
ဝင့်ဝါအိမ်က အဓိက ဇာတ်ဆောင်တစ်ဦး ။ အင်ဂျင်နီယာအဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည် ။ သီတင်းကျွတ်-အာစရိယပူဇော်ပွဲတော်
ကျင်းပမည့်ရက်က နီးကပ်နေပြီမို့ အကကို သူမတို့ နေ့စဉ် စနစ်တကျသင်ကြားနေရသည် ။ သို့မှသာ
သီတင်းကျွတ်ပွဲတော်တွင် ညီညီညာညာ ကပြနိုင်မည် မဟုတ်ပါလား ။
ဝင့်ဝါအိမ်က
စတုတ္ထတန်း(က)မှ ကျောင်းသူလေး ။ အသားဖြူဖြူ လူကောင်ထွားထွားနှင့် ချစ်စရာကောင်းသော-ကလေးမလေး
တစ်ဦးဖြစ်သော်လည်း သူမ၏ပင်ကိုယ်စရိုက်ကြောင့် ကျောင်း၌ ချစ်ခင်သူ ရှားပါးလှသည် ။ သူမဟာ
အခြားကလေးများနှင့် ရောရော နှောနှောမနေတတ် ။ တစ်ကိုယ်တည်း ငေးငိုင်နေတတ်သည် ။ သွက်သွက်လက်လက်
ထက်ထက်မြက်မြက်မရှိသော-သူမကို ဆရာ ဆရာမများက အထူးတလည် သတိမထားမိကြချေ ။ သည်ကြားထဲ အပေါင်းအသင်းကလည်း
နည်းသဖြင့် ဘယ်သွားသွားဘယ်လာလာ တစ်ယောက်တည်း ။ အကယ်၍များ ဤကျောင်းမှ သူမ ပျောက်ဆုံးသွားခဲ့လျှင်တောင်
မည်သူမျှ သတိထားမိကြမည် မဟုတ်…။
လှေကားထစ်များအတိုင်း ဝင့်ဝါအိမ်
ဖြည်းညင်းစွာတက်လာသည် ။ ဤကျောင်းကြီးက နှစ်ပေါင်းတစ်ရာနီးပါး ကြာမြင့်နေပြီ ဖြစ်၍ ရှေးဟောင်းကျောင်းကြီးဟုဆိုနိုင်ပြီး
အဆောက်အအုံများကလည်း ပြန်လည်ပြုပြင်ထားသော ရှေးခေတ်ပစ္စည်းများသာ ဖြစ်သည် ။ သစ်သားလှေကားထစ်များက
နင်းလိုက်တိုင်း တကျွီကျွီမြည်နေ၍ မှောင်မိုက်သော-ထောင့်ချိုးကွေ့များ၌ ထိုတကျွီကျွီမြည်သံသည်
စိတ် ချောက်ချားချင်စရာပင် ။
ဝင့်ဝါအိမ်သည်လည်း ထိုမြည်သံကြောင့်
ထိတ်လန့်နေဟန်တူ၏ ။ တစ်ချက်တစ်ချက် နောက်ကျောဘက်သို့ မျက်လုံးပြူးလေး များဖြင့် လှည့်ကြည့်ရှာသည်
။ သူမ၏အမူအရာက ကြောက်လန့်နေကြောင်းကို ဖော်ပြလျက်ရှိ၏ ။ လှေကားထစ်များကမူ မဆုံးနိုင်သေး
။ ရှည်လျားလိုက်ပါဘိ ။
“ ကျွီ………”
“ ချွတ်…”
လှေကားထစ် အပေါ်ဆုံးအဆင့်ရှိ သစ်သားပြားကို
နင်းချလိုက်သည့်အခါ ခပ်ဆန်းဆန်းမြည်သံကိုပါ တွဲလျက်ကြားလိုက်ရတာကြောင့် ဝင့်ဝါအိမ်ခမျာ
သွေးလန့်သွားကာ နောက်ကျောဆီသို့ ဖျတ်ခနဲလှည့်ကြည့်သည် ။ သို့သော် ဘာကိုမှ မတွေ့ရ ။
သူမ၏နောက်တွင် မည်သူမျှ မရှိ ။
အကခန်းဆီသို့ နောက်ဆုံးမှရောက်လာတတ်သော-ဝင့်ဝါအိမ်အဖို့
သူမထက်နောက်ကျမည့်သူကို မျှော်လင့်ရန် အခွင့်အရေးမှာ နည်းပါးလွန်းလှသည် ။ သို့ပေမယ့်
တစ်စုံတစ်ဦးက နောက်မှလှမ်းခေါ်လိုက်သလိုမျိုး ချွတ်ခနဲအသံကိုပါ ကြားလိုက်ရတာကြောင့်
တအံ့ တသြလှည့်ကြည့်လိုက်ခြင်းဖြစ်သည် ။ သို့သော် နောက်တွင် မည်သူမျှ မရှိ ။ ပတ်ဝန်းကျင်သည်
ရုတ်ချည်းအေးစက်လာသယောင် ။ သူမ စိတ်လှုပ်ရှားစွာဖြင် အကခန်းဆီသို့ မြန်မြန် ပြေးသွားရန်
ခြေလှမ်းပြင်လိုက်စဉ်…
“ ဖပ်…”
ပုခုံးကို တစ်စုံတစ်ယောက်က လာရောက်ပုတ်ခတ်၏
။ လက်ကလည်း လက်အေးကြီး…။ ရုတ်တရက် တွေ့ကြုံလိုက်ရသည့်အခြေအနေ ကြောင့် ဝင့်ဝါအိမ် သွေးပျက်ထိတ်လန့်ကာ
ဟစ်အော်လိုက်မိပြီ ။
“ အား…”
“ ဟဲ့…ဟဲ့…နင်…နင် လန့်သွားတာလား ။ တောင်းပန်ပါတယ်ဟယ် ။ ငါပါ…ယုယုပါ ။”
ယုယုက အသံတိမ်လေးဖြင့် တောင်းပန်လေ၏ ။
တောင်းပန်ရုံသာမကဘဲ ဝင့်ဝါအိမ်ကိုလည်း မျက်နှာငယ်လေးနှင့် ငေးကြည့်နေသည် ။ ယုယု၏မျက်ဝန်းလေးများက
ညှိုးရော်အားဖျော့နေ၍ သနားစဖွယ်ကောင်းနေသည် ။ အသားညိုညက်ညက်နှင့် နုညံ့သိမ်မွေ့ဟန်ရှိသည့်-ယုယုကို
ပြန်ငေးကြည့်နေသော-ဝင့်ဝါအိမ်၏မျက်နှာမှာ ထိတ်လန့်နေဆဲလား၊ ကြောက်ရွံ့နေတာလား၊ ဒါမှမဟုတ်
ဒေါသထွက်နေသလား ဆိုတာကို ခွဲခြား၍ မရ ။
“ နင်…နင် စိတ်အရမ်းဆိုးသွားလား ။ တောင်းပန်ပါတယ်နော် ။ စိတ်မဆိုးပါနဲ့ဟာ ။
ငါက နင် လန့်မယ်မထင်လို့ လှမ်းပုတ်လိုက်မိ
တာပါ ။”
ယုယုက မျက်နှာငယ်ငယ်နှင့် ထပ်တောင်းပန်ပြန်သည်
။ သို့သော် ဝင့်ဝါအိမ်ကတော့ တုံဏှိဘာဝေ ။ ဘာတစ်ခုမျှ ပြန်မဖြေ ။ ထိုအခိုက် ခန်းမထဲမှ
အကသင်သည့်ဆရာမ ထွက်လာ၏ ။
“ ဟော်တော်…မြန်မြန်လာလေ…ပြဇာတ်က တိုက်လို့ပြီးတော့မယ် ။ နောက်ကျပါ့…”
“ သြော်…ဟုတ်…ဟုတ်ကဲ့…ဆရာမ ။”
အကဆရာမက ထိုသို့လှမ်းအော်ခေါ်သဖြင့် ဝင့်ဝါအိမ်နှင့်ယုယုတို့
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရာမှ ခန်းမဆီကို အပြေး တပိုင်း ဝင်ရောက်သွားလိုက်တော့သည်
။
“ ဟယ်…အမလေး…လေး…ဘုရားရေ…”
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဆရာမဒေါ်နီလာတစ်ယောက်
ရင်ဘတ်ကို လက်တစ်ဖက်နှင့်ဖိရင်း ဘုရားတ,လိုက်မိသည် ။ စော စောကတင် စာအုပ်စင်ပေါ်တွင်
စနစ်တကျ စီရရီတင်ထားခဲ့သော-စာအုပ်များအားလုံး ကြမ်းပြင်တွင် ပြန့်ကျဲလျက် ကစဥ့်ကလျား
… ။
စာအုပ်အားလုံးက
အဖိုးတန်သည့်-ရှားပါးစာအုပ်များ ။ တန်ဖိုးကြီးပေးဝယ်ကာ ကျောင်းရှိကျောင်းသူကျောင်းသားများ
ဗဟုသုတ ရှာမှီးနိုင်စေရန် အလေးထား ထိန်းသိမ်းထားရသော-စာအုပ်များဖြစ်သည် ။ ထိုစာအုပ်အားလုံးကို
စာကြည့်တိုက်မှူး-ဆရာမဒေါ်နီလာက နေ့စဉ် စစ်ဆေးပြီး သားသမီးလို အမြတ်တနိုးတန်ဖိုးထားခဲ့ရသည်
။ ယခုများတော့ ထိုစာအုပ်အားလုံး ကြမ်းပြင်တွင် တစစီပြန့်ကျဲနေပြီ ။
ပြန့်ကျဲနေသော-စာအုပ်များကို
ငေးကြည့်ရင်း ဒေါ်နီလာ၏နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်လာသည် ။ မျက်လုံးတို့ကလည်း ဒေါသအရှိန်ကြောင့်
မီးဝင်းဝင်းတောက်တော့မတတ် ။ အကြည့်တို့က စာအုပ်စင်ထောင့်တစ်နေရာတွင် စာအုပ်တစ်အုပ်ကို
ကိုင်လျက် ကြောင်တောင်တောင်ရပ်နေသော-ကျောင်းသူလေးဆီသို့ ဆိုက်ရောက်သွား၏ ။
“ ညည်း…ဘယ်လိုလုပ်လိုက်တာလဲ ။ ဒီစာအုပ်တွေက တော်ရုံတန်ရုံစာအုပ်တွေ မဟုတ်ဘူး
။ ဘာဖြစ်လို့ ဖျက်ဆီးပစ်ရတာလဲ ။ ပြော
စမ်း…ဟဲ့…ပြောစမ်းလို့မေးနေတယ်လေ ။ ဘာအခုမှ ငါ့ကို ကြောက်နေတာလဲ ။”
ဒေါသအလွန်ထွက်နေသဖြင့် ဆရာမဟူသောဂုဏ်နှင့်အညီ
ပြောဆိုခေါ်ဝေါ်မနေနိုင်တော့ ။ ရှေ့၌ ငူငိုင်ငိုင်ရပ်ကြည့်နေသောကျောင်းသူ လေးကို အော်ငေါက်မေးပစ်လိုက်သည်
။
ကျောင်းသူလေးက မေးသည်ကိုမဖြေဘဲ
ပြူးကြောင်ကြောင်မျက်ဝန်းတွေနှင့် ငေးကြည့်နေ၍
ဒေါ်နီလာ ဒေါသပိုထွက်လာ၏ ။ အူတူတူအတတနှင့် မထုံတတ်တေးအိုက်တင်မျိုးက ဒေါ်နီလာအတွက် ရိုးဟိုးဟိုးနေပြီ
။
“ ဟဲ့…ဖြေလေ ။ ဘာလို့ဖွပစ်လိုက်တာလဲ ။ ညည်းလက်ထဲကစာအုပ်ကို လိုချင်လို့ အောက်ထပ်ကစာအုပ်တွေကို
ဆွဲချပစ်တာလား ။
ညည်း လိုချင်တာရှိရင်လည်း ငါ့ကို လာပြောပေါ့ ။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ ။
ငါ့ကို လူမထင်တဲ့သဘောလား ။”
ကောင်မလေး၏လက်ထဲကစာအုပ်ကို ကြည့်လိုက်တော့
စာအုပ်စင်အပေါ်ဆုံးထပ်မှဖြစ်နေသည် ။ ထိုစာအုပ်ကို လိုချင်၍ စာအုပ်စင်ပေါ် ကုတ်ကပ်တက်ရင်း
ကျန်စာအုပ်များ ပြုတ်ကျကုန်ခြင်းဖြစ်မည်ဟု ဒေါ်နီလာ တွေးမိသည် ။
“ မ…မဟုတ်ဘူး ။ သမီး…သမီး ဖွထားတာ မဟုတ်ဘူး ။ ဒီ…ဒီစာအုပ်ကို အခု…အခုမှ ကောက်လိုက်တာပါ
။”
ကတုန်ကယင်အသံလေးနှင့် ပြောထွက်လာသော ကလေးမလေး၏စကား
… ။ ဘယ့်နှယ့်လုပ်ယုံနိုင်ပါ့မလဲ ။ သည်စာကြည့်တိုက်ထဲမှာ ကိုယ်နှင့်သူပဲ ရှိသည့်ဥစ္စာ
။ ဆရာမဒေါ်နီလာ ပို၍ဒေါပွသွားရပြီ ။
“ ညည်း မလိမ်နဲ့ ။ ငါ အပေါက်ဝကကောင်တာမှာ ထိုင်နေတာ ။ စာကြည့်ခန်းထဲကို ညည်းအပြင်
ဘယ်ကျောင်းသားမှ မလာဘူး ။ မှန်
မှန်ဖြေ ။ ညည်း အဲဒီစာအုပ်ကို လိုချင်လို့ ဆွဲချရာကနေ ပွသွားတာ မဟုတ်လား ။”
အစက စာအုပ်များ ပြန့်ကျဲနေ၍ ဒေါသထွက်ခဲ့ရာ
ယခု ကျောင်းသူက လိမ်ညာနေသဖြင့် ဒေါ်နီလာ၏ဒေါသဒီဂရီမှာ တဖြည်းဖြည်းတိုး လာခဲ့ပြီ ။ ဒေါ်နီလာက
စည်းကမ်းတင်းကျပ်သောဆရာမဟု သတင်းကြီးနေသူဖြစ်ရာ ယခုကဲ့သို့ မူလတန်းကျောင်းသူတစ်ဦး၏လိမ်ညာ
မှုကိုသာ ငြိမ်ခံနေလိုက်လျှင် သူများ ပြောစရာ ဖြစ်ကုန်တော့မည် ။
“ သမီး…သမီး မလိမ္ဘူး ။ သမီး မဖြပါဘူး…မဖြပါဘူး ဆရာမ ။”
“ ကဲ…ငါ စိတ်မတိုတော့ဘူး ။ ညည်း မှန်မှန်ဖြေ ။ ညည်း အမှန်အတိုင်းဖြေရင် ကြီးကြီးလေးလေး
အပြစ်မပေးဘူး ။ စာအုပ်တွေကို ပြန်
စီရုံစီပြီး ထမင်းစားကျောင်းဆင်းရမယ် ။ အေး…ငါ့ကို လိမ်လို့ကတော့ ညည်း ရုံးခန်းကို
ရောက်စေရမယ်မှတ် ။”
နောက်ဆုံးအနေဖြင့် ဒေါ်နီလာ အပေးအယူစနစ်ဖြင့်
စစ်ကြေညာလိုက်ပြီး စုံထောက်တစ်ဦး၏မျက်လုံးမျိုးနှင့် ထိုကျောင်းသူကို စူးစူးစိုက်
စိုက်ကြည့်နေကာ အဖြေမှန် ပေါ်ထွက်ရန် စောင့်ဆိုင်းနေလိုက်သည် ။
ကျောင်းသူက
ခေါင်းငုံ့နေဆဲဖြစ်ပြီး တစ်ချက်တစ်ချက် သိမ့်ခနဲ တုန်သွားသည်ကိုကြည့်ခြင်းအားဖြင့်
အသံတိတ်ငိုရှိုက်နေဟန် တူ၏ ။ သို့သော် ဒေါ်နီလာ မသနား ။ အပြစ်ရှိသူကို အပြစ်ပေးရမည်
။ လိမ်လည်သူကို စစ်ဆေးရမည် ။ ကျောင်းသားကျောင်းသူများ ကို မှတ်လောက်သားလောက် နာကျင်လောက်အောင်
ဆုံးမရမည်မှာ ဆရာမတို့၏တာဝန်ဟု ပြတ်သားစွာ ခံယူထားသည် ။
မိနစ်အနည်းငယ် ကြာသည့်အခါ
ခေါင်းငုံ့ငိုနေသော-ကျောင်းသူလေးမှာ ခေါင်းမော့လာပြီး နီရဲနေသော-မျက်လုံးကလေးများနှင့်
ဒေါ်နီလာကို စိုက်ကြည့်လိုက်ကာ…
“ သမီး…သမီး မလိမ်တတ်ဘူး ဆရာမ ။ ဒါတွေကို သမီး လုပ်တာ မဟုတ်ဘူး ။”
ဟု တိုးညင်ညင်ပြောလိုက်သည် ။
ကောင်မလေး၏အဖြေမှာ
ဒေါ်နီလာ မျှော်လင့်ထားသလို မဟုတ်သဖြင့် ဒေါသမီး ဟုန်းခနဲတောက်ကာ တစ်ကိုယ်လုံးပင် ဆတ်ဆတ်တုန်သွားသည်
။ မိမိ၏အတန်းသားသာဖြစ်ကြည့်…နေရာတွင် ရပ်မနေနိုင်လောက်အောင် ဆွဲရိုက်ပစ်မိမှာ အမှန်
။ သို့သော် မိမိ၏အတန်းမှ မဟုတ်သဖြင့် ဒေါ်နီလာ ထိုသို့လုပ်၍ မဖြစ် ။ ကျောင်းအုပ်ကြီးနှင့်သာ
တိုင်ရပေတော့မည် ။
“ အေး…ကောင်မလေးရေ ညည်းက ဝန်မခံမှတော့ ငါကလည်း မညှာတာတော့ဘူး ။ ညည်းကို ကျောင်းအုပ်ကြီးလက်
အပ်ရတော့မှာ
ပေါ့ ။ စာအုပ်တွေ ပြန်စီထားလိုက် ။ ပြီးရင် ရုံးခန်းကို လိုက်လာခဲ့ ။ ဒါပဲ…”
ဒေါ်နီလာသည် ဒေါသကို မြိုသိပ်ထိန်းကာ ဒေါက်ဖိနပ်သံတဂွပ်ဂွပ်ဖြင့်
အခန်းတွင်းမှ ထွက်ခွာသွား၏ ။ သူမ ဦးတည်သွားနေသည်က ကျောင်းအုပ်ကြီးရုံးခန်းဆီ ။ စာကြည့်တိုက်ထဲ၌
ကျောင်းသူလေးတစ်ယောက်တည်း ကျန်ရစ်ခဲ့သည် ။
အခန်းထဲမှ တရွေ့ရွေ့ထွက်ခွာသွားသော-ဆရာမကြီး၏ကျောပြင်ကို
ငေးကြည့်ရင်း ဝင့်ဝါအိမ် ရှိုက်ကြီးတငင်ငိုကြွေးနေသည် ။ သူမတွင် အားကိုးစရာ မရှိတော့
။ အမှန်အတိုင်းဖြေသည်ကို ဆရာမကြီး ယုံကြည်လိမ့်မည် မဟုတ်မှန်း သိနေပေမယ့် လိမ်ညာ၍လည်း
မပြောချင် ။ ကိုယ် မလုပ်သည့်ကိစ္စတစ်ခုကို လုပ်ပါသည်ဟူ၍လည်း ဝန်မခံနိုင် ။ ထိုစဉ် …
“ ဟင့်အင်း…မလုပ်ဘူး ။ သမီး … မလုပ်ချင်ဘူး ။”
ဘာတွေဖြစ်နေသလဲဆိုတာကိုတော့ ဝင့်ဝါအိမ်ပဲ
သိလိမ့်မည် ။ အများအမြင်အရတော့ ဝင့်ဝါအိမ်ဟာ တစ်စုံတစ်ယောက်၏ခိုင်းစေမှုကို ငြင်းဆန်နေသည့်အလား
ခေါင်းတခါခါဖြစ်နေရှာသည် ။ သို့သော် သူမအနားမှာ မည်သူမျှ မရှိ ။ ထို့နောက် အနားသို့
ကြောက်ရွံ့စရာ တစ်ခုခု တိုးကပ်လာသကဲ့သို့ ဝင့်ဝါအိမ်သည် နောက်သို့ တစ်လှမ်းချင်းဆုတ်ကာ,ဆုတ်ကာသွားရာ
နောက်ဆုံး၌ နံရံသို့ ကပ်သွားတော့ သည် ။
ဝင့်ဝါအိမ်၏နောက်တွင်
နံရံကြီး ခံနေပြီ ။ ရှေ့မှာ မည်သူမျှ မရှိပေမယ့် သူမ၏အမူအရာက တစ်စုံတစ်ယောက်ကို တွေ့မြင်နေရ
သလိုမျိုး မျက်လုံးတို့ ပြူးကြောင်လျက်သား ။ မသိလျှင် သူမအနားမှာ မကောင်းဆိုးဝါးတွေပဲ
ဝိုင်းနေသည့်အလား … ။ ထိုအခိုက် ဖွင့်ထားသောပြတင်းပေါက်ကနေ လေပြေတွေ တိုက်ခတ်လာရာ တပ်ဆင်ထားသော-လိုက်ကာစသည်
လေထဲသို့ ပျံဝဲသွားသည် ။ ထိုသို့ လိုက်ကာစ ပျံဝဲနေသည့်မြင်ကွင်းကို ဝင့်ဝါအိမ် ငေးကြည့်ရင်း
မျက်လုံးအိမ်၌ မျက်ရည်စတို့ ရစ်ဝဲလာလေ၏ ။
သူမသည် တစ်စုံတစ်ရာကို
အသည်းအသန်ထိတ်လန့်နေဟန်ရှိသည် ။ ဘာကို ကြောက်လန့်နေပါလိမ့် … သူမပဲ သိလိမ့်မည် ။ အခန်းထဲတွင်
တစ်ယောက်တည်းဖြစ်သော်လည်း ဝင့်ဝါအိမ်မှာ ပတ်ဝန်းကျင်သို့ ဘယ်ပြန်ညာပြန်ဝေ့ဝဲကြည့်ကာ
စိတ်ချောက်ချားလျက် ။ တစ်စတစ်စ အသက်ရှူနှုန်းမြန်လာပြီး နံရံတွင် မှီကပ်နေရာမှ ရှေ့သို့
အရူးတစ်ယောက်လို ပြေးထွက်သွားကာ စားပွဲပေါ်မှ စာအုပ်များကို တွန်းချလိုက်၏ ။ ကြမ်းပြင်ပေါ်သို့
စာအုပ်များ နောက်တစ်သုတ် ပြန့်ကျဲသွားသည့်အခါဝယ် ဝင့်ဝါအိမ်လေးခမျာ အလွန်မောဟိုက်သွား
ဟန်ဖြင့် စာအုပ်စင်နံဘေးတွင် ခွေခွေလေးထိုင်ချလိုက်ကာ မျက်စိကို စုံမှိတ်၊ နားကို လက်နှစ်ဖက်နှင့်
စုံပိတ်ရင်း …
“ဟင့်အင်း…ဟင့်အင်း”
ဟူ၍သာ ရေရွတ်နေရှာတော့သည် ။
ဝင့်ဝါအိမ်၏အုပ်ထိန်းသူနှင့်
ကျောင်းအုပ်ဆရာမကြီးတို့ တွေ့ဆုံကြမည့်သတင်းက ကျောင်းတွင် ဟိုးလေးတကြော်ကြော် ပျံ့နှံ့
နေသည် ။ မူလတန်းကျောင်းသူလေးများပင်ဖြစ်လင့်ကစား ဟိုတစ်စုသည်တစ်စု စုရုံးကာ ဝင့်ဝါအိမ်၏အကြောင်းကို
တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြသည် ။
အများစုမှာ အူကြောင်ကြောင်အမူအရာနှင့်
တစ်ကိုယ်တည်းနေတတ်သည့်-ဝင့်ဝါအိမ်ကို အသားလွတ် အမြင်ကပ်နေသူများ ဖြစ် သည် ။ ယခုလို
သူမ ဒုက္ခရောက်မည့်အရေးကို ကြိတ်၍တစ်မျိုး ပေါ်တင်တစ်သွယ် ဝမ်းသာနေကြသည် ။ ဝင့်ဝါအိမ်၏ရှေ့တွင်ပင်…
“ ဂေါက်သီးမ…အခုတော့ အကြီးအကျယ်ထိပြီ ။ ကောင်းတယ် ။”
“ ငကြောင်လေးပေမယ့် ဇ,က မသေးဘူးဟဲ့ ။ အကြမ်းထိပ်ခေါင်-ဆရာမကြီးနဲ့မှ ပြဿနာသွားတက်တာဟ
။”
“ ကောင်းပါ့…။ စတိုင်ထုတ်ချင်တာ အခု မလိုင်လုံးအလုပ်ခံရတော့မယ် ။ ဝမ်းသာတယ်
။”
“ ပြောမနေပါနဲ့ဟယ် ။ လေကုန်တယ် ။ သူ့စရိတ်နဲ့သူ သွားတာပဲပေါ့ ။”
နားနှင့်မဆံ့အောင် ကဲ့ရဲ့ဝေဖန်နေကြသဖြင့်
ဝင့်ဝါအိမ် ဒေါသထွက်လာသည် ။ သို့ကြောင့် အတန်းထဲတွင် ခပ်ကုပ်ကုပ်ထိုင်နေရာမှ ဝုန်းခနဲ
ထရပ်လိုက်သည် ။
တစ်ချိန်လုံး ငြိမ်ဝပ်နေခဲ့ရာမှ
ရုတ်တရက် ထရပ်လိုက်၍ အတန်းသားအားလုံး အလန့်တကြားလှည့်ကြည့်ကြသည် ။ တဝေါဝေါ ဆူညံနေသောအသံများသည်လည်း
မီးကို ရေနှင့် ငြိမ်းလိုက်သကဲ့သို့ တိခနဲတိတ်သွား၏ ။
“ နင်တို့…နင်တို့ ငါ့ကို ငကြောင်လို့ မခေါ်နဲ့ ။ ငါက ငကြောင်မဟုတ်ဘူး ။ နင်တို့
… နင်တို့ ငါ့နေရာကနေ တွေးကြည့်ကြစမ်းပါ ။
သူတို့က ငါ့ကို ဝိုင်းပြီး စောင့်ကြည့်နေကြတာ
။ သူတို့ကို နင်တို့ မမြင်ပေမဲ့ ငါ မြင်နေရတယ် သိရဲ့လား ။ နင်တို့ ကိုယ်ချင်းစာ
ကြည့်……”
“ အရူးမ…”
ဝင့်ဝါအိမ်၏စကား မဆုံးခင်မှာပဲ အတန်းထိပ်မှ
ခပ်ထက်ထက်ကျောင်းသူတစ်ယောက်က ‘အရူးမ’ဟု လှမ်းအော်လိုက်သည် ။ ထိုအော်သံ ကြောင့် တစ်ခန်းလုံး
ဝေါခနဲဝိုင်းရယ်ကြသည် ။ ဝင့်ဝါအိမ်ကို ဝိုင်းလှောင်ပြောင်ကြခြင်းပင် ။ သူတို့၏အမူအရာတွေကြောင့်
ဝင့်ဝါအိမ် အလွန်အမင်း ဒေါသထွက်သွားသည် ။ စိတ်ထဲ၌ ချုပ်တည်းထားသမျှကို ဤနေရာတွင် ပေါက်ကွဲပစ်လိုက်တော့သည်
။
“ ဟိုထောင့်မှာ ငါတို့ကို စောင့်ကြည့်နေတဲ့-သရဲတစ်ကောင်ရှိတယ်…”
တဝေါဝေါရယ်သံများကို လွှမ်းလောက်အောင်
ဝင့်ဝါအိမ် ကျုံးအော်ပစ်လိုက်၏ ။
မုန့်စားကျောင်းဆင်းချိန်ဖြစ်၍
တစ်ကျောင်းလုံး ဆူညံလျက်ရှိသော်လည်း ဝင့်ဝါအိမ်၏အော်သံကြောင့် သူမတို့တစ်ခန်းလုံး တိတ်ဆိတ်သွားသည်
။ အတန်းသားအားလုံး၏အကြည့်က သူမဆီသို့ စုပြုံရောက်ရှိလာသည့်အခိုက် ဝင့်ဝါအိမ်က စကားဆက်သည်
။
“ သူက ဘယ်သူလဲ သိလား ။ လွန်ခဲ့တဲ့ (၁၀)နှစ်က ဝရံတာကနေ ပြုတ်ကျပြီး သေသွားတဲ့ကျောင်းသူလေးပဲ
။ သူက သူ့အမေ
လာအခေါ်ကို စောင့်နေတာတဲ့ ။ ဒါပေမယ့် …… သူ့ကို ဘယ်သူမှ လာမခေါ်တော့ဘူးဆိုတာကို
သူ မသိရှာဘူး ။ ”
ဝင့်ဝါအိမ်က ဒါပေမယ့်-နောက်ကစကားကို လေသံလေးဖြင့် တိုးဖွဖွပြောလိုက်ခြင်းဖြစ်သည် ။
မသိလျှင် တစ်စုံတစ်ယောက် ကြားသွားမှာ စိုးသလိုအမူအရာမျိုးနှင့်ပေါ့ ။
စကားအဆုံးတွင် ကျောင်းသူလေးများအားလုံး
တစ်ယောက်အနားတစ်ယောက် ပူးကပ်သွားကြပြီး ဝင့်ဝါအိမ် ညွှန်ပြသည့် ထောင့်သို့ အသည်းအသန်
လှည့်ကြည့်ကြသည် ။ သို့သော် ဆရာမ ထိုင်နေကျထိုင်ခုံမှလွဲ၍ ဘာကိုမျှ မတွေ့ရ ။ ဝင့်ဝါအိမ်က
စကား ဆက်ပြန်သည် ။
“ သူ့ပုံစံကို နင်တို့ သိချင်လား ။ အေး…ငါ ပြောပြမယ် ။ သူက ငါတို့နဲ့ ရွယ်တူပဲ
။ သူ့မျက်နှာတစ်ခြမ်းက ညိုမည်းနေတယ် ။ မျက်လုံး
တွေကလည်း အပြင်ကို ကျွတ်ထွက်နေပြီ ။ နှာခေါင်းနေရာကလည်း
သွေးတွေ တစက်စက်စီးကျနေတယ် ။ သူက ငါ့ဆီ လာပြီး
သူ့အမေကို ရှာပေးဖို့ ပြောတတ်တယ် ။ သူ့အသံကိုကြားရင်
နင်တို့ လိပ်ပြာလွင့်သွားလိမ့်မယ် ။ ဟော…သူက သူ့အကြောင်းပြော
မှန်း သိသွားပြီ ။ သူ့အကြောင်း ပြောလို့ ပျော်နေရှာတယ်
။ ဟာ…သူ ရပ်နေရာကနေ ငါတို့နားကို လျှောက်လာပြီ ။”
ဝင့်ဝါအိမ်က ထိုသို့ပြောလိုက်ရာ အတန်းသားများခမျာ
နေစရာမရှိကြတော့ ။ အော်ဟစ်ရင်း အချင်းချင်း ပူးကပ်ကာ တစ်ယောက်ကို တစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်ထားကြသည်
။ တချို့တလေကလည်း အခန်းထဲသို့ ဝေ့ဝဲကြည့်ရင်း ဝင့်ဝါအိမ် ပြောသော-သရဲမကို ရှာဖွေနေသည်
။ သို့သော်လည်း အခန်းထဲက မည်သူမှ ပြေးထွက်မသွားကြ ။ မမြင်ရသည့်သရဲမနှင့် ဝင်တိုးမိမည်ကို
စိုးရိမ်၍လား မသိ ။
“ ဟင်…သူ…သူ…ယဉ်ယဉ်ထက်ရဲ့ပုခုံးကို ကိုင်ဖို့ကြိုးစားနေတယ် ။ ဒါပေမဲ့ သူ့လက်က
ချက်ချင်းမြှောက်မရဘူး ။ အဆောင်ပေါ်က
ပြုတ်ကျတုန်းက ကျိုးသွားတာထင်တယ် ။”
“ အား…! သွား…သွား…ငါ့အနား မလာနဲ့ ။”
ဝင့်ဝါအိမ်၏အပြောကြောင့် စောစောက ဝင့်ဝါအိမ်ကို
အရူးမဟုအော်သောကျောင်းသူလေးခမျာ ဘေးဘီသို့ ကြောက်လန့်တကြား ဝေ့ဝဲ ကြည့်လိုက်၏ ။ သို့သော်
ဝင့်ဝါအိမ်ပြောသော တစ္ဆေကို သူမ မမြင်ရချေ ။ သို့ပေမယ့် ယဉ်ယဉ်ထက်၏စိတ်ထဲ သူမ၏ပုခုံးကို
တစ်စုံ တစ်ယောက်က လာရောက်ထိကိုင်နေသလို ခံစားလာရသဖြင့် ဘေးကသူငယ်ချင်းကို အသည်းအသန်ဖက်ကာ
ကြောက်လန့်တကြား ဟစ်အော်နေလေ၏ ။ ထိုစဉ်…
“ သမီးဝင့်ဝါအိမ်…အပြင်ကို ခဏထွက်ခဲ့ပါဦးကွယ် ။”
အတန်းရှေ့သို့ ဆရာမတစ်ဦးရောက်လာပြီး
ခေါ်သဖြင့် အခန်းပြင်သို့ ဝင့်ဝါအိမ် ရွံ့တွန့်တွန့်ထွက်ခွာလာခဲ့သည် ။ ဝင့်ဝါအိမ် ထွက်သွား
ချိန်တွင် အခန်းထဲ၌ ဆူညံအော်ဟစ်လျက် ကျန်ရစ်ခဲ့ကြ၏ ။
ဆရာမသည် သရက်ပင်အောက်ရှိထိုင်ခုံတွင်
ထိုင်လျက် ဝင့်ဝါအိမ်ကို အပြုံးဖြင့် စောင့်ကြိုနေသည် ။ ဆရာမ၏ပုံစံက မေတ္တာ တရား ကြီးမားပြီး
စိတ်ရှည်သည်းခံတတ်ပုံရသည် ။ ဝင့်ဝါအိမ်က ဆရာမ ရှိရာဆီသို့ ချက်ချင်းမလာသေးဘဲ စာသင်ခန်းရှေ့တွင်
ရပ်ကာ လှမ်းကြည့်ပြီး အကဲခတ်နေသည် ။ ဆရာဆိုးများစွာကို တွေ့ကြုံဖူးခဲ့၍ ခဲမှန်ဖူးသောစာသူငယ်ပမာ ဆရာများအပေါ်တွင် အယုံအကြည်
ကင်းမဲ့နေသောအမူအရာက ဝင့်ဝါအိမ်၏မျက်နှာ၌ အထင်းသား ။
သို့သော် ဤဆရာမသည်
အခြားဆရာများနှင့်မတူ ၊ တမူထူးခြားသောအပြုံးကို ပိုင်ဆိုင်ထားပြီး ဝင့်ဝါအိမ်အပေါ်တွင်လည်း
နားလည်သည်းခံမည့်ပုံရှိသောကြောင့် သူမရှိရာဆီသို့ ဝင့်ဝါအိမ် လျှောက်လာခဲ့သည် ။
“ လာ…သမီး ။ ဆရာမရဲ့ဘေးမှာ ထိုင်ပါဦး ။”
အနားသို့ရောက်လာသောကျောင်းသူကို ဆရာမ-ခွန်းသွဲ့က
ချိုချိုသာသာဖိတ်ခေါ်လိုက်သည် ။ ကျောင်းသူက ဆရာမကို မသင်္ကာသလို အကြည့်တို့နှင့် စူးစမ်းသလိုစိုက်ကြည့်ကာ
ဝင်မထိုင်ဘဲ ရပ်နေသည် ။
“ ထိုင်ပါဦး သမီးရဲ့ ။ ဆရာမက သမီးနဲ့ စကားပြောချင်လို့ပါ ။”
“ ဆရာမကို သမီး သိတယ် ။ ဆရာမက သမီးတို့ကျောင်းကို ဟိုတလောကမှ အသစ်ရောက်လာတဲ့-ဒေါ်ခွန်းသွဲ့
မဟုတ်လား ။”
ကျောင်းသူလေး-ဝင့်ဝါအိမ်က ဆရာမ-ခွန်းသွဲ့၏မျက်နှာကို
အသေအချာစိုက်ကြည့်ပြီး ပြောလိုက်သည် ။ ပုံစံက လေးလေးကန်ကန်နှင့် စိတ်အားငယ်နေဟန်ရှိသော်လည်း
ဤကဲ့သို့ ပတ်ဝန်းကျင်လေ့လာမှု အားကောင်းလိမ့်မည်ဟု ခွန်းသွဲ့ ထင်မထားခဲ့ ။ မမျှော်လင့်ဘဲ
မိမိ၏နာမည်သာမက မိမိ၏အကြောင်းကိုပါ တိတိကျကျသိနေသဖြင့် ခွန်းသွဲ့ အံ့သြသွားကာ ပြုံးလိုက်မိသည်
။
“ သမီးလေးက ဥာဏ်ကောင်းလိုက်တာ ။ ဟုတ်တယ်…ဆရာမနာမည်က ဒေါ်ခွန်းသွဲ့ ။ သမီးနာမည်ကိုတော့
ဆရာမကြီးပြောပြလို့
သိနေပါပြီ ။”
ဆရာမ၏အပြောကို ဝင့်ဝါအိမ် ခေါင်းညိတ်ခေါင်းခါခြင်းမပြုဘဲ
ငူငူငိုင်ငိုင်ဆက်ရပ်နေတော့ ဆရာမကပဲ စကားဆက်သည် ။ ဆရာမ၏ မျက်နှာပြင်ကအပြုံးရိပ်မှာမူ
လျော့နည်းမသွားသေး ။ ပြုံးဆဲပြုံးမြဲဖြစ်၍ ဝင့်ဝါအိမ် အနည်းငယ်စိတ်သက်သာရာရသွားသည်
။ ဤဆရာမ သည် ဝင့်ဝါအိမ်အတွက် အားကိုးယုံကြည်ဖွယ်ရာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလေမလား မသိ…။
“ သမီးရဲ့အကြောင်းကို ဆရာမ ကြားပြီးသွားပြီ ။ သမီးက စာကြည့်တိုက်ကို အမြဲသွားနေကျလား
။ စာအုပ် သွားဖတ်တာလား ။”
“ ဟုတ်…”
“ ဟယ်…သိပ်တော်တဲ့ကလေးပဲ ။ ဒီအရွယ်လေးနဲ့ စာဖတ်ဝါသနာပါတယ်ပေါ့ ။ ဆရာမ တကယ်ချီးကျူးတယ်
။ ဒီနေ့ခေတ်မှာ စာပေ
မြတ်နိုးသူ ရှားပါးလာပြီ ။ စာဖတ်မှ အသိပညာရမှာပေါ့ ဟုတ်တယ်ဟုတ် ။ ကဲ…ပြောပါဦး
။ ဘာစာအုပ်တွေ ဖတ်ဖြစ်လဲ ။”
“ ကာတွန်းတွေ နောက်ပြီး ဂမ္ဘီရမဂ္ဂဇင်းတွေ…တစ္ဆေသရဲနဲ့ပတ်သက်တဲ့စာအုပ်တွေ ။”
ကျောင်းသူလေးက သူမ ဖတ်နေကျစာအုပ်များအကြောင်းကို
ရိုးသားပွင့်လင်းစွာ ပြောပြသဖြင့် ခွန်းသွဲ့ အဖြေရှာရလွယ်သွားသည် ။
ဤကလေး- စောစောကလို
တစ္ဆေသရဲတွေအကြောင်း အဟုတ်လုပ်ပြောတတ်နေခြင်းမှာ ထိုစာအုပ်မဂ္ဂဇင်းများကို ဖတ်ရှုသော
ကြောင့်ဟု အရွယ်ရောက်သူတိုင်း တွေးမိလိမ့်မည်သာ ။ သို့ဖြစ်၍ ကလေးကို လမ်းမှန်သို့ ညွှန်ပြနိုင်အောင်
စကားအလိမ္မာသုံးကာ သိမ်းသွင်းစည်းရုံးရမည်ဟု ခွန်းသွဲ့ သုံးသပ်မိ၏ ။
“ သြော်…သမီးက ဘာဖြစ်လို့ ဒီအကြောင်းတွေကို ဖတ်ရတာလဲ ။ သမီး သဘောကျလို့လား ။
စိတ်ဝင်စားလို့ပေါ့ ဟုတ်လား ။”
“ ဟို…ဟိုလေ…”
ကျောင်းသူလေးက မေးခွန်းကို ချက်ချင်းမဖြေသေးဘဲ
ဆရာမ၏မျက်နှာကို မဝံ့မရဲမော့ကြည့်သည် ။ ခွန်းသွဲ့က ကျောင်းသူလေး စိတ်သက်သာရာရစေရန်
၊ ရဲရဲဝံ့ဝံ့ဖြေနိုင်စေရန် အစွမ်းကုန်ပြုံးထားမိသည် ။
“ သမီး…ဆရာမကို မကြောက်ပါနဲ့ ။ ဆရာမက ကလေးတွေကို သိပ်ချစ်တယ် ။ အထူးသဖြင့် သမီးလိုကလေးမျိုးကို
သနားချစ်နဲ့
ပိုတောင်ချစ်သေး ။”
“ ဟင်…သမီးကို ရူးနေတယ်လို့ ဆရာမက ထင်နေတာလား ။ ဟင့်အင်း…သမီး မရူးဘူး ။ သမီးကို
ဆရာမ သနားစရာ မလိုဘူး ။”
ခွန်းသွဲ့က ကလေးမလေး စိတ်ပေါ့ပါးအောင်
နှစ်သိမ့်လိုက်ရာ ကျောင်းသူလေး-ဝင့်ဝါအိမ်က တစ်မျိုးအဓိပ္ပါယ်ကောက်ကာ တုန်ယင် သောနှုတ်ခမ်းအစုံဖြင့်
ပြန်ပြောရင်း တစ်ဖက်သို့ မျက်နှာလှည့်သွားသည် ။ ဝိုင်းစက်မှိန်ဖျော့နေသောမျက်လုံးလေးများက
အားလျော့သိမ် ငယ်မှုကို ဖော်ပြလျက်ရှိသည် ။ မျက်ဝန်းအိမ်လေးအတွင်းမှ မျက်ရည်စများ တလိမ့်လိမ့်စီးကျလာ၏
။
“ အို…မဟုတ်တာ ။ မဟုတ်ရပါဘူး သမီးရယ် ။ သမီးကို ရူးနေတယ်လို့ ဆရာမ မထင်ပါဘူး
။ သမီးအပေါ်ကို ဆရာမ သနားတယ်
ဆိုတာက အစွပ်စွဲခံရတာကို ပြောတာပါ ။ ဆရာမလည်း ငယ်ငယ်က မကြာမကြာအစွပ်စွဲခံရတယ်
။ အဖြစ်မှန်ပေါ်သွားမှ အားလုံး
က ဝိုင်းသနားကြတာ ။ အဖြစ်မှန် မပေါ်ခင်ကဆို ဆရာမမှာလည်း ခံရတာ အလူးအလဲပဲ ။ ဒါ့ကြောင့်
ဆရာမက သမီးကို ကိုယ်ချင်း
စာလို့ သနားမိတာပါကွာ ။”
ထိုအခါမှ ဝင့်ဝါအိမ်၏မျက်လုံးလေးများ
အရောင်တောက်သွားသည် ။ ဆရာမဒေါ်ခွန်းသွဲ့ဟာ မိမိအတွက် အားကိုးရာဖြစ်လိမ့်မည်ဟု ဝင့်ဝါအိမ်
ခံစားမိလိုက်သည် ။
“ ဒါ…ဒါဆို သမီး ပြောပြတာတွေကို ဆရာမ ယုံမှာလား ။”
“ အိုး…ယုံမှာပေါ့ ။ ဆရာမက လူကဲခတ် ဒီလောက်မညံ့ပါဘူး ။ သမီးကို ကြည့်လိုက်ရုံနဲ့
သိတယ် ။ သမီးက လိမ်ပြောတတ်တဲ့
ကလေး မဟုတ်ဘူး ။”
“ ဒီ…ဒီလိုဆိုရင် သမီး…သမီး ဆရာမကို ပြောပြပါ့မယ် ။ အဲဒီစာအုပ်တွေကို သမီး လိုအပ်လို့
ဖတ်တာပါ ။”
“ လိုအပ်လို့…ဟုတ်လား ။ ဘယ်လိုများ လိုအပ်နေလို့လဲ သမီးရယ် ။”
“ ဟို…သမီးကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးရှိတယ် ။ သူ…သူတို့အကြောင်းကို
သမီး မသိလို့ ။ ဒါ့ကြောင့် သမီး ဖတ်ရတာပါ
ဆရာမ ။ သမီး…သမီး သူတို့အကြောင်းကို
သိရမှဖြစ်မှာ ။ ဒါမှသာ သမီး သူတို့စောင့်ကြည့်မှုအောက်ကနေ ထွက်ပြေးလို့ရမှာ ။”
ကျောင်းသူကလေး၏စကားများက အထူးတဆန်းတွေချည်း
။ စောင့်ကြည့်သူတွေ ဝိုင်းနေသောကြောင့် တစ္ဆေသရဲစာအုပ်တွေကို ဖတ် နေရတာပါတဲ့ ။ ဘာအဓိပ္ပာယ်လဲ
။
“ စောင့်ကြည့်သူတွေ ဟုတ်လား … သမီး ။ ဆရာမ သဘောမပေါက်လို့ သေချာပြောပြပါလား
။”
“ သူတို့က သမီးကို စောင့်ကြည့်နေကြတာ ။ သူတို့ကို အမြဲ မမြင်နိုင်ဘူး ။ သူတို့ပြရင်တော့
တစ်ချက်တစ်ချက် သမီး မြင်ရတယ် ။
ဒါပေမဲ့ သူတို့ စောင့်ကြည့်နေတာကိုတော့ သမီး ခံစားပြီး သိနိုင်တယ် ။ သူတို့မှာ
ဆာလောင်မွတ်သိပ်နေတဲ့ ကြောက်စရာအကြည့်
စူးစူးကြီးတွေ ၊ တဆာဆာအော်ဟစ်ညည်းတွားနေတဲ့ အသည်းယားစရာအသံဆိုးကြီးတွေ ရှိတယ်
။ သူတို့က…သူတို့က သမီးကို
အမြဲတမ်း စောင့်ကြည့်နေကြတယ် ။ အခွင့်ရရင် ရသလို
တောင်းဆိုကြတယ် ။ သူတို့ တောင်းဆိုတာတွေ လုပ်မပေးရင် သမီးကို
အနှောင့်အယှက်ပေးတယ် ။ အခုတောင် သမီး နားထဲမှာ
သူတို့အသံတွေ ကြားနေရပြီ ။”
“ ဟင် … ဟုတ်လား ။ ဘာတွေကြားနေရလဲ သမီး ။”
“ ဒီနားကနေ ထွက်သွား…ထွက်သွား…တဲ့ ။”
“ အို…”
ဝင့်ဝါအိမ်၏အပြောကြောင့် ခွန်းသွဲ့မှာ
ကြက်သီးတဖြန်းဖြန်းထကာ ကလေးမ၏မျက်နှာကို စိုးရိမ်တကြီး ငေးကြည့်မိသည် ။ ဝင့်ဝါအိမ်
၏မျက်နှာမှာ လိမ်ညာလှည့်ဖျားနေသောအရိပ်အယောင်မျိုး လုံးဝမတွေ့ရ ။ ပကတိဖြူစင်နေကာ အနည်းငယ်
ထိတ်လန့်အားငယ်နေ ရှာသည် ။ ကလေးမလေးကို ခွန်းသွဲ့ သိပ်သနားသွားပြီ ။ ဘာပဲဖြစ်ဖြစ် သူကလေးကို
ခွန်းသွဲ့ ကူညီရမည် ။
“ ဒါ…ဒါဆို သမီး ပြောချင်တာ သမီးက သရဲတွေကို မြင်နေရတယ် ။ သူတို့အသံတွေကို ကြားနေရတယ်ပေါ့
ဟုတ်လား ။”
“ ဟို … သူတို့တွေက သရဲဆိုတာထက် ဇွမ်ဘီတွေနဲ့ ပိုတူတယ် ။ ဇြမ္ဘီဆိုတာကို ဆရာမ
သိတယ် မဟုတ်လား ။ နိုင်ငံခြားကားတွေ
ထဲမှာပါတဲ့ ကြောက်စရာသတ္တဝါတွေလေ ။ အဲဒီလိုကြောက်စရာသတ္တဝါတွေက သမီးအနားမှာ အမြဲရှိနေကြတယ်
။ ဟို … အမြဲတမ်း
အကောင်အထည်လိုက်ကြီး မြင်ရတာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ သမီးကို ဝိုင်းအုံကြည့်နေသလိုမျိုး
အမြဲခံစားနေရတယ် ။
တစ်ချက်,တစ်ချက်တော့ သူတို့ကို မြင်ရတယ် ။ တစ်ခါတစ်လေလည်း
နားထဲမှာ ခိုင်းစေတဲ့အသံတွေ ကြားရတယ် ။”
“ စာကြည့်တိုက်ကိစ္စကရော တကယ်ပဲ သမီး လုပ်တာ မဟုတ်ဘူးလား ။”
“ ဟို…ဟိုလေ…တစ်ဝက်က သမီးလုပ်တာ ၊ တစ်ဝက်က သမီးလုပ်တာ မဟုတ်ဘူး ။”
“ ဘယ်လိုတုံး သမီးရဲ့ ။”
“ ဒီ…ဒီလိုပါ ဆရာမ ။ အပေါ်ဆုံးထပ်က စာအုပ်တွေကိုတော့ သမီး မမှီပါဘူး ။ အဲဒီစာအုပ်တွေက
သမီးရှေ့မှာပဲ ဝေါခနဲပြုတ်ကျလာ
တာ ။ နောက်တော့ သမီးရဲ့ပတ်လည်မှာ လူတွေ ဝိုင်းနေသလို ခံစားလာရတယ် ။ သမီးနားထဲမှာလည်း
အသံတွေ အဆက်မပြတ်
ကြားလာရတယ် ။ နားထဲမှာ ကြားနေရတဲ့အသံတွေက စာအုပ်တွေကို တွန်းချလိုက်…စာအုပ်တွေကို တွန်းချလိုက်-လို့ ပြောနေကြ
တာ ။ သမီး…သမီးလည်း ကြောက်ပြီး စားပွဲပေါ်က စာအုပ်တွေကို တွန်းချလိုက်မိတယ် ။
သမီး တောင်းပန်ပါတယ် ဆရာမရယ် ။
သမီး လုပ်ချင်လို့ မဟုတ်ပါဘူး ။”
“ ဆရာမ နားလည်ပါတယ် ကလေးရယ် ။ ဒါတွေဟာ ကလေးရဲ့အပြစ် မဟုတ်ပါဘူး ။”
ခွန်းသွဲ့က ကျောင်းသူလေး၏ဆံနွယ်များကို
ခပ်ရွရွပွတ်သပ်ရင်း ဆိုလိုက်သည် ။ ကျောင်းသူလေးက ခွန်းသွဲ့၏မျက်နှာကို ညှိုးငယ် သောမျက်ဝန်းလေးများဖြင့်
မော့ကြည့်နေသည် ။
“ ဆရာမ…ဆရာမရော သမီးကို ရူးနေတယ်လို့ ထင်လားဟင် ။ အားလုံးကတော့ သမီးကို ရူးနေတယ်လို့
ထင်နေကြတာ ။”
“ အို…မထင်ပါဘူး ။ မထင်ပါဘူး သမီးရယ် ။ သမီး ပြောတာကို ဆရာမ ယုံပါတယ် ။ ဒါနဲ့…သမီး
သူတို့ကို ဘယ်လိုရင်ဆိုင်မယ်လို့
စိတ်ကူးထားလဲ ။ သူတို့ခိုင်းတဲ့အတိုင်း သမီး အမြဲလုပ်ပေးနေတော့မှာလား ။”
“ ငြင်းနိုင်သလောက်တော့ သမီး ငြင်းပါတယ် ။ ဒါပေမဲ့ မငြင်းနိုင်တဲ့အခါကျရင်တော့
သမီး လုပ်ပေးရတာပေါ့ ။ သမီး…ဘာဆက်လုပ်
ရမလဲဟင် ။ သမီး သူတို့ကို ကြောက်တယ် ။”
“ အဓိကက သူတို့ခိုင်းတာတွေကို သမီး ဂရုမစိုက်နဲ့ ။ သူတို့ကို အရေးမလုပ်နဲ့ ။
နောက်ထပ် အရေးကြီးတာတစ်ခုက ကိုယ့်မှာ အကာ
အကွယ်ကောင်းတစ်ခု ရှိနေဖို့လိုတယ်ကွ ။”
“ သမီး သဘောမပေါက်ဘူး ။ ဘယ်လိုအကာအကွယ်ကို ခေါ်တာလဲ ။ ဒီလိုကြောက်စရာသတ္တဝါတွေကနေ
ကာကွယ်နိုင်တဲ့အရာ
ရှိလို့လား ။”
“ သြော်…ရှိတာပေါ့ သမီးရယ် ။ မဟုတ်ရင် ဘာသာတရားဆိုတာ ဘယ်ပေါ်ထွန်းလာပါ့မလဲ ။
ဒီတော့ သမီးက ဗုဒ္ဓဘာသာဝင် မဟုတ်
လား ။ နေ့တိုင်း သီလစောင့်ထိန်းရမယ် ။ မေတ္တာပို့ရမယ် ။ အမျှအတန်းပေးဝေရမယ် ။
ဒါဆိုရင် သမီး ကံမြင့်လာမယ် ။ ဘယ်သတ္တဝါ
ကမှ သမီးကို ဒုက္ခပေးလို့ မရတော့ဘူး ။ ဒီလိုသတ္တဝါတွေက ကံနိမ့်တဲ့သူကိုပဲ နှောင့်ယှက်လို့ရတာ
သမီးရဲ့ ။ ဒီအကြောင်းတွေကို
သမီး မေမေက ပြောမပြဘူးလား ။”
ခွန်းသွဲ့၏အမေးကြောင်း ဝင့်ဝါအိမ် တက်ကြွနေရာမှ
ခေါင်းငုံ့သွားရှာ၍ မိမိ၏စကား မှားသွားပြန်ပြီဟု သိလိုက်ရသည် ။ ကြည့်ရတာ အုပ်ထိန်းသူမိဘများကိုယ်တိုင်က
ကလေးမကို စိတ်မမှန်သူဟု သတ်မှတ်ထားပုံရသည် ။ အမှန်မှာ ဤကဲ့သို့ရောဂါမျိုးကို ဆိုက်ကိုအမြင်
ဖြင့် ကြည့်မည်ဆိုလျှင် ငယ်ရွယ်နုနယ်သောအရွယ်၌ တစ်ရာလျှင်တစ်ယောက် ဖြစ်လေ့ဖြစ်ထရှိသော
စိတ်အရိပ်ထင်မှုပြဿနာတစ်မျိုး ပင် ။
ကလေးအရွယ်ဟာ စိတ်နုညံ့လွန်းသဖြင့်
ကြောက်မက်ဖွယ်ရာ ထိတ်လန့်ဖွယ်ရာတို့ကို မကြာခဏ ထိတွေ့သည့်အခါ ထိုအရာ များကို အပြင်၌
အမှန်တကယ် မြင်တွေ့နေရသည်ဟု ထင်မှတ်လာတတ်၏ ။ ထိုစိတ်ဝေဒနာမျိုးကို ဘာသာတရားဖြင့် ထိန်းသိမ်းပဲ့ပြင်
လိုက်လျှင် အချိန်တိုအတွင်း ပျောက်ကင်းသွားလိမ့်မည်သာ ။ ခွန်းသွဲ့ အတွေးနက်နေစဉ်တွင်
ဝင့်ဝါအိမ် ခေါင်းပြန်မော့လာသည် ။
“ ဟို… ဆရာမ ပြောသလိုလုပ်ရင် သူတို့တွေကို သမီး တကယ် ကြောက်စရာမလိုတော့ဘူးလားဟင်
။”
“ တကယ်ပဲပေါ့ သမီးရယ် ။ သမီး သူတို့ကို ကြောက်စရာမလိုတော့ဘူး ။ အဓိကကတော့ သမီးဆီက
အမျှအတန်းပေးဝေတာကို လို
ချင်နေကြတာပါကွယ် ။ ”
“ ဟုတ်…ဆရာမ ။ ကျေးဇူးတင်ပါတယ် ။ ဆရာမက စိတ်ကောင်းရှိမှန်း သမီး ဟိုတစ်နေ့ကတည်းက
သိတယ် ။ ဆရာမကြီးတွေက
ဆူနေပေမဲ့
ဆရာမက သမီးကို အားပေးတယ် ။ သမီးကို ဘယ်သူမှ အဲဒီလိုမဆက်ဆံကြဘူး ။”
“ အေးပါကွယ် သမီးရယ် ။ သမီးလေး ပျော်ရွှင်နေရင် ဆရာမ ကျေနပ်ပါပြီ ။”
VVVVV
ဆရာမဒေါ်ခွန်းသွဲ့နှင့်တွေ့ဆုံပြီးနောက်ပိုင်း
ဝင့်ဝါအိမ်၏ပုံစံသည် သိသိသာသာပြောင်းလဲလာသည် ။ သူမကိုယ်သူမ ယုံကြည်မှု ရှိလာသည် ။ ယခင်ကလို
တစ်ယောက်တည်း ကြောက်ရွံ့ထိတ်လန့်ကာ ငိုင်တွေမနေတော့ဘဲ လူအများနှင့် ရောထွေးလျက် ပြောရဲဆိုရဲ
ရှိလာသည် ။ ဆရာမများ မေးမြန်းလျှင်လည်း သွက်သွက်လက်လက်ဖြေဆိုတတ်သည် ။ ဝင့်ဝါအိမ်၏ပြောင်းလဲမှုအပေါ်
တစ်ကျောင်းလုံး က အံ့သြကြရသည် ။ အားလုံးထဲတွင် ဂုဏ်အယူရဆုံးသူကတော့ ဆရာမဒေါ်ခွန်းသွဲ့ပေါ့…။
ဝင့်ဝါအိမ်၏မိဘများအပါအဝင်
ကျောင်းရှိဆရာ/ဆရာမအားလုံးက ဆရာမလေး-ဒေါ်ခွန်းသွဲ့ကို ကလေးများအပေါ် နားလည် လွယ်သူဟု
သတ်မှတ်ကာ လေးစားကြည်ညိုလျက်ရှိသည် ။ အားလုံးက ဝင့်ဝါအိမ်၏ လူကြောက်သော-စိတ်ရောဂါကို
ပျောက်ကင်းရန် မလွယ်ဟု တွေးထင်ထားခဲ့ရာမှ ယခုကဲ့သို့ ပြောင်းလဲသွားသည့်အတွက် အံ့အားသင့်လျက်ရှိကြပြီး
ဝင့်ဝါအိမ်၏မိဘများမှာ ခွန်းသွဲ့ကို ကျေးဇူးတင်မဆုံးဖြစ်နေကြ၏ ။
“ ဆရာမရယ်…ကျေးဇူးတင်လိုက်တာ ။ အခုလို သမီးလေးရဲ့စိတ်ရောဂါကို ပျောက်ကင်းအောင်
ကုစားပေးတဲ့အတွက် ဘယ်လို
ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူး ။”
“ အို…မဟုတ်တာ အဒေါ်ရယ် ။ ခုလို ကူညီခွင့်ရတာပဲ ဝမ်းသာလှပါပြီ ။”
“ သမီးလေးက စိတ်အားသိပ်ငယ်တော့ အခုလို ယုံထင်ကြောင်ထင်တွေ ဖြစ်နေတာကြာပြီ ။
အဒေါ်လည်း ဘယ်လိုမှ ဆုံးမပဲ့ပြင်လို့
မရဘူး ။ ဒီလိုထင်နေတာတွေက တကယ်မဟုတ်ပါဘူးလို့
ဘယ်လောက်ပြောပြော သူ နားမဝင်ဘူးလေ ။ ဆရာမလေး ဖြေရှင်း
ပြမှပဲ သူ သဘောပေါက်သွားရှာတယ် ။ ခုဆို အရင်ကထက်တောင်
ပိုလိမ္မာသေး ။ ဘုရားတရားလည်း လုပ်လာပြီ ။ ကျေးဇူးတင်
ပါတယ် ဆရာမရယ် ။ ကျွန်မက သမီးလေးကို ကလေးအရွယ်ဆိုတော့
ဘုရားတရားကို နားမလည်ဘူးထင်လို့ မသွန်သင်ခဲ့မိဘူး ။
အခုလို သူ့ဘာသာသူ သိတတ်နေတာမြင်ရတော့ ဝမ်းသာမိတယ်
။”
“ ဟုတ်တာပေါ့ ။ ဒီအရွယ်က စိတ်အားငယ်လွယ်တယ် ။ သိမ်ငယ်လွယ်တယ် ။ ဒီတော့ ဟိုအကြောင်းဒီအကြောင်းတွေ
တွေးပြီး ထင်
ချင်ရာထင် ကြားချင်ရာကြားပြီး ချောက်ချားနေတတ်တယ်
။ ဘာသာတရားဆိုတာ ချောက်ချားမှုတွေကိုကင်းဝေးစေတဲ့ တစ်ခုတည်း
သောတည်ငြိမ်ရာပဲ မဟုတ်လား ။ ဒါ့ကြောင့် ဘာသာတရားနဲ့
ထိန်းသိမ်းပေးတာ အကောင်းဆုံးပေါ့ ။ သူ့ကို ကျောင်းပိတ်ရက်ကျရင်
သီလရှင်တွေ ဝတ်ပေးတာဖြစ်ဖြစ် ၊ ဓမ္မကျောင်းတော်
တက်ခိုင်းတာဖြစ်ဖြစ် လုပ်ပေးလိုက်ပါဦး အဒေါ် ။”
“ စိတ်ချ…ဆရာမ ။ သူ့ကိုရော သူ့သူငယ်ချင်းယုယုကိုရော သီလရှင်ဝတ်ပေးဖို့ ကျွန်မ
တွေးထားတယ် ။ ဒါနဲ့ ဆရာမ ယုယုကို
သိလားဟင် ။ သူနဲ့ အတန်းအတူတူပဲလေ ။ မနှစ်ကတော့ အိမ်ကို ခဏခဏလာလည်တယ် ။ ဒီနှစ်
တစ်ခေါက်မှ မလာဘူး ။
သမီးကို မေးကြည့်တော့လည်း ဘာမှပြန်မဖြေဘူး ။ ဒါပေမဲ့ သူတို့နှစ်ယောက် အကခန်းမကို
နောက်ကျမှရောက်တဲ့အကြောင်း ၊
အားကစားကွင်းကို အတူသွားတဲ့အကြောင်းတွေတော့ ပြန်ပြောရှာသား ။ သမီးလေးမှာလည်း
သူငယ်ချင်းဆိုလို့ ဒီတစ်ယောက်ပဲ
ရှိတာ ဆရာမရဲ့ ။”
“ ယုယု…ဟုတ်လား ။”
ကျောင်းသူလေးဝင့်ဝါအိမ်၏မိခင်ဒေါ်နီလာ၏အမေးစကားကြောင့်
ခွန်းသွဲ့ တွေဝေသွားသည် ။ ယုယုဟူသောအမည်ကို သူမ ကြားဖူး သလိုလို ။ သေချာပြန်စဉ်းစားကြည့်သည်
။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရမိကာ ခွန်းသွဲ့၏မျက်လုံးများ ပြူးကျယ်သွား၏ ။ သို့ပေမဲ့
ချက်ချင်းပင် ဣနြေ္ဒဆည်လိုက်ပြီး…
“ သြော်…ယုယုလား ။ သူ…ဟိုတလောက ကျောင်းပြောင်းသွားပြီဆိုလားပဲ ။ ကျွန်မလည်း
ကျောင်းသားအားလုံးရဲ့နာမည်ကို
သေချာတော့ မမှတ်မိဘူး အဒေါ် ။”
“ အင်းပေါ့…ဟုတ်တာပေါ့ ။ ကဲ…ဆရာမလည်း ထမင်းစားရဦးမှာ မဟုတ်လား ။ ကျွန်မတို့ကို
ခွင့်ပြုဦးနော် ။”
“ ဟုတ်ကဲ့…အဒေါ် ။”
ဒေါ်နီလာက ခွန်းသွဲ့ကို နှုတ်ဆက်ကာ အဆောင်ပြင်သို့
တလှုပ်လှုပ်ထွက်ခွာသွားသည် ။ ခွန်းသွဲ့မှာ ဒေါ်နီလာ၏ကျောပြင်ကိုငေး မျှော်ကြည့်လျက်
အတွေးကိုလိုနီပြုရင်း ကျန်ရစ်ခဲ့၏ ။ ဟိုအကြောင်းသည်အကြောင်း စဉ်းစားရင်း ဝင့်ဝါအိမ်လေးအကြောင်း
ခေါင်းထဲသို့ ဝင်လာသည် ။ ဝင့်ဝါအိမ်လေးနှင့် ပတ်သက်သည့်ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင်
လုပ်ဖို့ ကျန်နေသေးသည် ။
ယခင်က ဝင့်ဝါအိမ်လေးဟာ
အများအမြင်၌ အရူးတစ်ယောက် ဖြစ်နေခဲ့ရာမှ ခွန်းသွဲ့၏နှစ်သိမ့်အားပေးမှုကြောင့် ဖြည်းဖြည်း
ချင်း ပြောင်းလဲလာခဲ့သည် ။ သို့သော် ကလေးအမေ၏ပြောသွားချက်အရ ပြောင်းလဲမှုက အရှင်းဟုတ်ပုံမရ
။ သူ့အိမ်မှာ ယုယုအကြောင်း ပြောသတဲ့ ။ သူတို့နှစ်ယောက် အကခန်းမနှင့်အားကစားရုံသို့ အတူသွားခဲ့သတဲ့ ။ ဤအချက်က သိပ်ထူးဆန်းနေသည် ။ အခြားဆရာမ
တစ်ယောက်ကိုသာ ဤအကြောင်း သွားပြောပြကြည့်…
“ ဘာ ! ဒါဆို ဝင့်ဝါအိမ် ရူးနေတာပဲဖြစ်လိမ့်မယ် ။ သူ့သူငယ်ချင်းယုယုက လပတ်စာမေးပွဲမဖြေခင်
ကျောင်းပိတ်ရက်တုန်းက
ရေနစ်ပြီး ဆုံးသွားပြီလေ ။ ဘယ်လိုလုပ်ပြီး အကခန်းမနဲ့အားကစားရုံကို
အတူသွားနိုင်ဦးမှာတုံး ။”
ဟူ၍ အထိတ်ထိတ်အလန့်လန့်နှင့် ပြန်ပြောလိမ့်မည်သာ
။ သို့ပေမဲ့ ခွန်းသွဲ့ကတော့ ဝင့်ဝါအိမ်လေး၏မိခင်ကို မပြောဘဲ ထိမ်ချန်ထား သည် ။ မိခင်ဖြစ်သူ၏စိတ်ချမ်းသာမှုကို
ဖျက်ဆီး၍ မဖြစ် ။ ဝင့်ဝါအိမ်နှင့်သာ တိုက်ရိုက်ဆွေးနွေးရန် စဉ်းစားထားလိုက်၏ ။
ကျောင်းသူလေး-ဝင့်ဝါအိမ်ကို
ခွန်းသွဲ့ ဝေးဝေးလံလံ မရှာလိုက်ရပါ ။ စတုတ္ထတန်း(က)၏သန့်ရှင်းရေးကွင်းတွင် အခန့်သင့်
တွေ့ရသဖြင့် လှမ်းခေါ်လိုက်သည် ။
“ သမီးဝင့်ဝါအိမ်…ဆရာမဆီ လာခဲ့ပါဦး ။”
“ သြော်…ဆရာမ ။ လာပြီ…။”
ခွန်းသွဲ့ကိုတွေ့တော့ ဝင့်ဝါအိမ်၏မျက်နှာတွင်
အပြုံးပန်းတို့ လင်းလက်သွားကာ ဆရာမဆီသို့ အပြေးတပိုင်း ရောက်လာသည် ။ သူမ၏ အပြုံးပန်းတို့ကား
လင်းလက်ရွှန်းစိုနေဆဲ…။
“ သမီး…အရင်ကလို မျက်လုံးစိမ်းတွေ စောင့်ကြည့်နေသလိုမျိုး ခံစားရသေးလား ။”
“ ဟင့်အင်း…မခံစားရတော့ဘူး ။ ဆရာမ ပြောတဲ့အတိုင်း သီလယူ မေတ္တာပို့ အမျှပေးဝေတာတွေ
လုပ်ပြီးနောက်ပိုင်း သမီး အသံတွေ
လည်း မကြားရတော့ဘူး ။ အဲသလိုမျိုးတွေလည်း မခံစားရတော့ဘူး ။”
“ ဆရာမ ဝမ်းသာလိုက်တာ သမီးရယ် ။ ဒါနဲ့ ဟို…သမီးသူငယ်ချင်းယုယုအကြောင်းကို သမီးရဲ့အမေက
ဆရာမကို လာမေးတယ် ။”
ထိုသို့ ဆိုလိုက်သည့်အခါ ခွန်းသွဲ့၏မျက်နှာကို
ကျောင်းသူလေးက အလန့်တကြားမော့ကြည့်သည် ။ ဝင့်ဝါအိမ်လေး၏မျက်နှာက လျှို့ဝှက်ချက်တစ်ခု
ပေါက်ကြားသွားသည့်အတွက် စိုးရွံ့သွားသည့်ဟန် ။ သူမကို စိတ်မဆင်းရဲစေလို၍ ခွန်းသွဲ့က
နားလည်ပြုံးလေး ပြုံးပြလိုက်ပြီး စကားဆက်သည် ။
“ စိတ်မပူပါနဲ့ ။ သမီးရဲ့အမေကို ဆရာမ ဘာမှမပြောလိုက်ဘူး ။ ဆရာမကိုတော့ သမီး
နားလည်အောင် ရှင်းပြရမယ်နော် ။ ကဲ…
ပြောပါဦး ။ သမီးက သူ့ကို သမီးရဲ့အနားမှာ ရှိနေတယ်လို့ ထင်နေတာလား ။”
“ သူ သေသွားပြီဆိုတာ သမီး သိပါတယ် ။ ဒါပေမဲ့ သူ့ဝိညာဉ်ကတော့ သီတင်းကျွတ်ပွဲတော်မတိုင်ခင်အထိ
သမီးအနားမှာ ရှိနေခဲ့
တယ် ။ တစ်ခါတလေ သမီး သူ့ကို မြင်ရတယ် ။ သူက သူ့ကိုယ်သူ သေမှန်း မသိရှာဘူး ။
သမီးက သူ့ကို ‘ နင် သေသွားပြီ ’…
လို့ ပြောပြတော့ သူက သီတင်းကျွတ်ပွဲတော်ပြီးမှပဲ သူ သေချင်တယ်တဲ့ ။ သီတင်းကျွတ်ပွဲမှာ
သူ သရုပ်ဆောင်ဖို့ရှိသေးတယ်
တဲ့ ။ အခု သူ မရှိတော့ပါဘူး ။ ပွဲတော်ပြီးတဲ့နောက် သမီး သူ့ကို မတွေ့ရတော့ဘူး
။ သမီး မလိမ်ပါဘူး ဆရာမရယ် ။ သမီး
တကယ်ပြောနေတာပါ ။ ဆရာမ…ဆရာမ သမီးကို အရူးလို့ ထင်သွားပြီ မဟုတ်လားဟင် ။”
ခေါင်းလေးငုံ့လျှိုးလျက် လေးလေးပင်ပင်ရှင်းပြနေသောဝင့်ဝါအိမ်ကို
ဆရာမ-ခွန်းသွဲ့ ငုံ့ကြည့်နေမိ၏ ။ သူမကို စိတ်မထိခိုက်စေလို… နောက်ပြီး စိတ်ဒဏ်ရာလည်း
မရစေလိုပါ ။ သို့ကြောင့် …
“ အို…လုံးဝမထင်ပါဘူး သမီးရယ် ။ ဒါလည်း ဖြစ်နိုင်တာပဲလေ ။ အရေးကြီးတာက သမီး
အဲဒါတွေအားလုံးကို မေ့လိုက်တော့ ။
ကျောင်းစာကိုပဲ သမီး စိတ်ဝင်စား ။ နောက်ပြီး ဘာသာတရားလည်း ကိုင်းရှိုင်း…ဟုတ်ပြီလား
။”
“ ဟင့်…ဟုတ်…ဟုတ်ကဲ့ပါ ဆရာမ ။”
ခွန်းသွဲ့၏အားပေးစကားကြောင့် ဝင့်ဝါအိမ်၏မျက်ဝန်းထဲ၌
အံ့သြသောအရိပ်အယောင်များ ပြည့်နှက်သွားကာ တဆက်တည်းမှာပဲ မျက်ရည်များ စီးကျလာသည် ။ ထိုသို့
ခွန်းသွဲ့က နားလည်ပေးလိမ့်မည်ဟု သူမ ထင်ထားပုံမရ ။ တပြိုင်နက်ဆိုသလို ဆရာမ-ခွန်းသွဲ့၏
ခါးကို ခပ်တင်းတင်းဖက်ကာ ရှိုက်ကြီးတငင်ငိုသည် ။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်
ဖက်နေကြသည်ကို သန့်ရှင်းရေး ကွင်းရှိ ကျောင်းသူကျောင်းသားတချို့နှင့်အတူ အတန်းပိုင်ဆရာမများက
ကြည်နူးစွာ ငေးကြည့်နေကြ၏ ။
အားလုံး တွေးနေကြမည်မှာ
ယုတ္တိရှိရှိ သဘာဝကျကျ အယူအဆတချို့ ။ အားငယ်စိတ်ဝင်ကာ စိတ္တဇအမြင်တွေ ဖြစ်နေသော ကျောင်းသူလေး-ဝင့်ဝါအိမ်
။ ထိုကျောင်းသူလေးကို အမြင်မှန်အောင် ဆောင်ရွက်ပေးခဲ့သူ,ဆရာမလေးခွန်းသွဲ့ ။ ဆရာမကြောင့်
ကျောင်း သူလေးဘဝ အောင်မြင်ခဲ့ရသလို ကျောင်းသူလေး၏အောင်မြင်မှုကြောင့် ဆရာမ၏ဂုဏ်သတင်း
ထွန်းတောက်ခဲ့ရသည် ။ ထိုအကြောင်း တို့ကြောင့် ကျေနပ်ပီတိဖြစ်ရင်း တစ်ယောက်ကိုတစ်ယောက်
သံယောဇဉ်တွယ်နှောင်လျက် ပွေ့ဖက်နေကြသည်ဟူ၍ ။ သူတို့အတွေးက အမှားကြီးတော့ မဟုတ် ။ သို့သော်
အကုန်လည်း မမှန် ။
အကယ်၍ တစ်စုံတစ်ယောက်မှာသာ
တစ္ဆေသရဲတွေကို တွေ့မြင်နိုင်သည့်-ပါရမီထူးကို ပိုင်ဆိုင်ထားလျှင် ကျောင်းသူလေးဝင့်ဝါ အိမ်ကို စိတ္တဇအမြင်တွေ
ရှိနေသူ ၊ သံသယစိတ် လွန်ကဲနေသူဟု သတ်မှတ်လိမ့်မည် မထင် ။ တကယ်တော့ ဝင့်ဝါအိမ်လေး၏ဝန်းကျင်၌
‘စောင့်ကြည့်သူများ’ အမှန်ပဲ ရှိနေခဲ့၏ ။ ဝင့်ဝါအိမ် ကယောင်ချောက်ချားဖြစ်ကာ စိတ်ထင်ခဲ့ခြင်း
မဟုတ်ပါ ။ ထိုသူတို့က သူမ၏အနီးမှာ ဝိုင်းအုံလျက် ကြောက်မက်ဖွယ်အကြည့်တို့နှင့် စောင့်ကြည့်နေခဲ့ကြခြင်းသာ
။
စောင့်ကြည့်နေသူများသည်
သူတို့ကိုယ်သူတို့ သေဆုံးသွားပြီဟုလည်း သိပုံမရ ။ သို့သော် မည်ကဲ့သို့ ဆက်စပ်မှုကြောင့်လည်း
မဆိုတတ် ။ ဝင့်ဝါအိမ်လေးအနားမှာ တရစ်ဝဲဝဲတည်ရှိနေကာ မျက်လုံးသေကြီးများနှင့် စိုက်ကြည့်နေကြသည်
။ သူတို့ကိုယ်တိုင် မလုပ်နိုင် သည့်ကိစ္စများကို ဝင့်ဝါအိမ်အား ခိုင်းစေခဲ့ကြသည် ။
သို့သော် ပတ်ဝန်းကျင်မှလူများက
ဝင့်ဝါအိမ်ကို နားမလည် ၊ ကိုယ်ချင်း မစာနာဘဲ အရူးတစ်ယောက်လို သဘောထားခဲ့ကြ သည် ။ သတ်မှတ်ခဲ့ကြသည်
။ ဒါကလည်း သူတို့အပြစ် မဟုတ် ။ ထိုအရာတွေကို သာမန်လူတွေမှ မမြင်တွေ့နိုင်ဘဲကိုး ။ ဘယ်လိုလုပ်
စာနာနိုင်ပါ့မလဲ ။
ကံကောင်းချင်တော့
ဝင့်ဝါအိမ်လေးကို ယုံကြည်လက်ခံနိုင်မည့် ဆရာမ-ခွန်းသွဲ့ ပေါ်ပေါက်လာခဲ့၏ ။ ခွန်းသွဲ့၏ဖေးမမှုကြောင့်
ဝင့်ဝါအိမ်လေးဟာ စိတ်ခွန်အားတို့ တိုးတက်လာခဲ့သည် ။ ထိုအရာတို့ကို တွေ့မြင်ရခြင်းမှာ
စိတ်အားငယ်မှုကြောင့်ဖြစ်သည် ။ ဆရာမ-ခွန်းသွဲ့ကိုယ်တိုင်လည်း ငယ်စဉ်က ထိုအရာတွေကို
ကြုံတွေ့ခဲ့ရဖူးသဖြင့် ဝင့်ဝါအိမ်ကို အရူးတစ်ယောက်လို မသတ်မှတ်ဘဲ စိတ်အား တက်လာအောင်
အားပေးနှစ်သိမ့်ခဲ့ခြင်းဖြစ်သည် ။ နောက်ပြီး ကံမနိမ့်စေရန်အတွက် ဘာသာတရား ကိုင်းရှိုင်းရန်လည်း
သွန်သင်လမ်းပြ ခဲ့သည် ။ အလွတ်ရုန်းလိုသူ-ဝင့်ဝါအိမ်ကလည်း ဆရာမ-ခွန်းသွဲ့ မှာသည့်အတိုင်း
ယုံယုံကြည်ကြည်လိုက်နာခဲ့သောကြောင့် ယခုအခါ၌ စောင့်ကြည့်နေသူအားလုံး အဝေးသို့ ထွက်ပြေးသွားကြရပြီ
။ တချို့လည်း ကျွတ်လွတ်သွားခဲ့ကြ၏ ။
ယခုတော့ ခွန်းသွဲ့
ကူညီရကျိုးနပ်ခဲ့ပြီ ။ လောကအလယ်တွင် ပန်းလေးတစ်ပွင့် လှပစွာ ပွင့်လန်းနေလေပြီ ။ ပန်းပေါင်းများစွာ
ပွင့်လန်းနိုင်စေရန် ကလေးငယ်များကို အရမ်းကာရောရိုက်နှက်ကြိမ်းမောင်းကာ စိတ်အားငယ်အောင်
ပြုလုပ်မည့်အစား အားပေးနှစ်သိမ့် ၍ လမ်းပြပေးခြင်းသာလျှင် အကောင်းဆုံးဖြစ်မည်ဟု ခွန်းသွဲ့
တွေးနေမိသည် ။ နိုင်ငံတစ်နိုင်ငံ၏အနာဂတ်သည် ကလေးများ၏လက်၌ သာ တည်ရှိနေသည် မဟုတ်ပါလား
။ ။
စေတနာရှေ့ထားလျက်
https://web.facebook.com/writer.GONK တွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။