အင်္ဂလိပ်စကားမပြောတတ်လို့
သင်တန်းသွားတက်ရင်း အားတက်စရာတွေ ကြုံတွေ့ရပုံအကြောင်း ဇာတ်လမ်းဆင်ရိုက်ကူး ထားတဲ့ရုပ်ရှင်တွေကို
အာရှနိုင်ငံတော်တော်များများမှာ တွေ့ရပါတယ် ။ ဒါပေမဲ့ အများအားဖြင့် ဟာသဆန်ဆန်နဲ့ လူငယ်တွေချည်း
ရွှင်ရွှင်မြူးမြူး သရုပ်ဖော်ကြတာပဲ များရဲ့ ။ ဒီမှာတော့ အိန္ဒိယဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း
ဒရာမာပိုင်းကို အသားပေးပြီး တင်ဆက် ထားတဲ့အတွက် အမြင်တစ်မျိုးနဲ့ ကြည့်ရှုရမှာပါ ။
ဇာတ်ကားနာမည်က “English vinglish” ဖြစ်ပါတယ် ။
@@@
အိမ်ရှင်မလေးဆာရှီက
အချက်အပြုတ်မှာတော့ တကယ်တော်တဲ့အမျိုးသမီးပါ ။ ဒါပေမဲ့ သူမရဲ့အင်္ဂလိပ်စာမတတ်တဲ့အဖြစ်
ကို ခင်ပွန်းသည်က လှောင်ပြောင်တတ်သလို သမီးဖြစ်သူကလည်း အင်္ဂလိပ်လိုမပြောတတ်တဲ့အမေကို
အပေါင်းအသင်းတွေရှေ့ ချပြဖို့အတွက် ဝန်လေးလေ့ ရှိပါတယ် ။ မိဘဆရာတွေ့ဆုံပွဲမှာ ဆာရှီက
အိန္ဒိယလိုပြောဖို့ တောင်းဆိုမိလို့ သမီးဖြစ်သူက ကျောင်း အပြန်မှာ သောင်းကြမ်းပါရော
။ မအေကို ရိုသေရကောင်းမှန်း မသိ ၊ မိခင်ဘာသာစကားနဲ့ ပြောတာကိုပဲ ရှက်စရာလို့ထင်ပြီး
အမေကို ရင့်ရင့်သီးသီး ဆက်ဆံခဲ့တယ် ။
အကယ်လို့ ခင်ပွန်းကသာ
ဆာရှီ့အပေါ်မှာ လေးလေးစားစားဆက်ဆံမယ် ၊ မနှိမ်ဘူး/မလှောင်ရယ်ဘူးဆိုရင် သမီးဖြစ်သူက ရော
မအေကို အထင်သေးဝံ့ပါ့မလား ။ ဇာတ်လမ်းကို ဆက်ရရင် ဆာရှီကိုယ်တိုင်လည်း ခင်ပွန်းကရော
သမီးကပါ အထင်သေးနေ တာကြောင့် အလိုလို သိမ်ငယ်နေရှာတယ် ။ ဒီအချိန်မှာ ဆာရှီတစ်ယောက်
နိုင်ငံခြားကို တစ်ယောက်တည်းသွားဖို့ ဖြစ်လာပါရော ။ တိုင်းတပါးမှာ နေထိုင်တဲ့-တူမဖြစ်သူရဲ့မင်္ဂလာပွဲမှာ
ကူညီဖို့အတွက် မိသားစုထက်စောပြီး တစ်ကိုယ်တည်း သွားရမှာပါ ။ ဆာရှီ့ရင်ထဲ စိုးရွံ့စိတ်တွေအပြည့်
။ မိန်းမပီသပြီး သိမ်မွေ့တာဟာ ကောင်းပေမဲ့ ယုံကြည်မှုကင်းမဲ့ပြီး သိမ်ငယ်နေတာကတော့
ဘယ်လိုလုပ် စိတ်ချမ်းသာစေမှာလဲ ။ အစပိုင်းတော့ လှပတဲ့နယူးယောက်မြို့က ဆာရှီကို နွေးနွေးထွေးထွေးကြိုဆိုခဲ့ပေမဲ့
လူစိမ်းတွေကြားမှာ အင်္ဂလိပ်လို မပြောတတ်တဲ့-ဒုက္ခကြောင့် စိတ်ညစ်ခဲ့ရတယ် ။ အဲဒီမှာပဲ
(၄)ပတ်အတွင်း အတတ်သင်တဲ့-အင်္ဂလိပ်စာသင်တန်းကို တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
သင်တန်းမှာ
သူမနဲ့ဘဝတူတွေ အများကြီးပါ ။ နိုင်ငံအသီးသီးကနေ အလုပ်လာလုပ်ကြတဲ့ လူမျိုးပေါင်းစုံဟာ
တစ်နေရာ တည်းမှာ ဆုံစည်းမိကြတယ် ။ အစပိုင်းတော့ ဆာရှီက မဝံ့မရဲဖြစ်နေပေမဲ့ အားလုံးရဲ့ပံ့ပိုးမှုကြောင့်
တဖြည်းဖြည်းနဲ့ ရဲဝံ့လာခဲ့တယ် ။ သူမက အမှန်တော့ ထက်မြက်ပါတယ် ။ ဖိစီးမှုတွေ ၊ အားငယ်မှုတွေကြောင့်
မတောက်ပနိုင်ဖြစ်နေခဲ့တာ ။ ကိုယ်ပိုင်အရည်အသွေး တွေကို ကိုယ်တိုင် သိမြင်လာတဲ့အခါ ဆာရှီဟာ
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာတယ် ။ အင်္ဂလိပ်စာကိုလည်း ပိုပြီးကြိုးစားလာတဲ့ အတွက်
အချိန်တိုအတွင်းမှာပဲ သိသိသာသာ တိုးတက်လာခဲ့တယ် ။
သူငယ်ချင်းတွေထဲမှာ
သူမကို အရိပ်တကြည့်ကြည့်ဂရုစိုက်တတ်သူက လောရန့်ပါ ။ လောရန့်က ပြင်သစ်လူမျိုး စားဖိုမှူး
တစ်ယောက် ။ သင်တန်းမတက်ခင်ကတည်းက အပြင်မှာ တစ်ခါဆုံဖူးခဲ့တဲ့-သူတို့နှစ်ယောက်ဟာ အချက်အပြုတ်ဝါသနာချင်းလည်း
တူညီတဲ့အတွက် ပိုပြီးတွဲဖြစ်ကြတယ် ။ ဒါပေမဲ့ အိမ်ထောင်သည်-ဆာရှီ့ဘက်က ဖြူဖြူစင်စင်ပါပဲ
။ လောရန့်ကသာ မေတ္တာတွေ ပိုနေ ခဲ့တာ ။ တစ်နေ့ မိန့်ခွန်းအလှည့်ကျပြောရချိန်မှာ လောရန့်က
ဆာရှီ့အပေါ် မေတ္တာရှိကြောင်း ဖွင့်ဟလိုက်တယ် ။ သူ ထင်ထားတာက ဆာရှီ အံ့သြသွားလိမ့်မယ်လို့ပေါ့
။ ဒါပေမဲ့ ထင်ထားသလို ဖြစ်မလာခဲ့ဘဲ ဆာရှီက စိတ်ဆိုးသွားပါရော ။
“ မင်း…ဒီနေ့ အတန်းထဲမှာ လုပ်လိုက်တာ သိပ်မဟုတ်ဘူး ။ မိန်းမအားလုံးက ပြင်သစ်အမျိုးသမီးတွေလိုချည်း
မဟုတ်ဘူးကွ ။
သူက အိန္ဒိယအမျိုးသမီးလေ ။ မင်း လေးစားမှု ရှိရမှာပေါ့
။ ဒီလိုမျိုး လူသိရှင်ကြား မဖွင့်ပြောရဘူး ။ ငါတို့နိုင်ငံမှာ ဒီလိုမျိုး
မလုပ်ဘူး ။”
အတန်းဖော်-အိန္ဒိယလူငယ်ရဲ့အကြံပြုချက်ကြောင့်
လောရန့်က ဆာရှီ အရှက်ရစေမှန်း သဘောပေါက်သွားတယ် ။
အပြေးအလွှားလိုက်တောင်းပန်တဲ့အခါ
အဖြစ်မှန်က အဲဒီလိုမဟုတ်ပြန်ဘူး ။ အိမ်ထောင်သည်-ဆာရှီရဲ့ရင်ထဲမှာ လုလင်ပျို ရဲ့ချစ်စကားကြောင့်
စိတ်ဆိုးခြင်း ၊ လှုပ်ရှားခြင်းထက် လက်ရှိဘဝကို သုံးသပ်ရင်း ဝမ်းနည်းသွားတာပါ ။ သူမဘဝမှာ
ခင်ပွန်းသည်နဲ့ သားသမီးတွေရဲ့ပစ်ပယ်မှုကြောင့် အမြဲတမ်း သိမ်ငယ်နေခဲ့ရတယ် ။ အခုလို
သူမကို ထက်မြက်ကြောင်း ၊ လှပကြောင်း ချီးကျူးတဲ့ စကားတွေကို မကြားခဲ့ရတာကြာပြီလေ ။
သင်တန်းပြီးဖို့
တစ်ပတ်အလိုမှာ မိသားစုဝင်တွေ ရောက်လာတယ် ။ ဆာရှီက သင်တန်း ခိုးတက်နေတုန်းပဲ ။ သူမ သင်တန်း
တက်တဲ့ကိစ္စကို တူမငယ်ကလွဲလို့ ဘယ်သူမှ မသိပါဘူး ။ သူမ မရှိခိုက် သားဖြစ်သူ ဒဏ်ရာရသွားခဲ့တယ်
။ မိခင်တစ်ယောက်အဖို့ ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးဖြစ်နေချိန်ပေါ့ ။ ဒီအချိန်မှာ ခင်ပွန်းသည်က
နားလည်မပေးဘဲ ဆူပူခဲ့တာကြောင့် ဆာရှီ နာကျင်ရပါပြီ ။ မိန်းမကို ချစ်သူလို သဘောမထားဘဲ
အိမ်ဖော်လို ဆက်ဆံချင်တဲ့ယောက်ျားပီပီ ဆာရှီတစ်ယောက် တက်ကြွထက်မြက်နေတာကို လည်း ခင်ပွန်းသည်က
အမြင်မကြည်ခဲ့ဘူး ။ ဒီဇာတ်လမ်းမှာ ဆာရှီ့အမျိုးသားက ဗီလိန် ။ သူ့ရဲ့အဓိကပြစ်ချက်ကတော့
ဇနီးအပေါ် နှိပ်ကွပ်ချင်တဲ့စိတ်ဓာတ်ပေါ့ ။ ဆာရှီ ဝါသနာပါတဲ့-မုန့်လုပ်ငန်းကို တန်ဖိုးမထားသလို
ဇနီးကို အမြဲတမ်းလှောင်ပြောင်နေတဲ့အကျင့်က အဆိုးရွားဆုံးပါပဲ ။ မိမိစကားကြောင့် ဇနီးသည်
ဝမ်းနည်းအားငယ်သွားမလားဆိုတာကို ဘယ်တော့မှ ကိုယ်ချင်းမစာခဲ့ဘူးလေ ။
ဇာတ်သိမ်းက
ဘယ်လိုဖြစ်လာမလဲ ။ အရာရာ နှိမ့်ချဆက်ဆံတတ်တဲ့ခင်ပွန်းသည်ကိုပဲ သည်းခံပေါင်းသင်းသွားမလား
။ ဒါမှ မဟုတ် သဘောထားပြည့်ဝပြီး ချစ်တတ်တဲ့-လော့ရန့်ကိုပဲ ဆာရှီက ရွေးချယ်လိုက်မလား
။ ကြည့်ရှုသူတွေအတွက် တကယ့်ကို စိတ် လှုပ်ရှားချင်စရာ ။ ဆာရှီရဲ့ခင်ပွန်းက သူ့မေတ္တာကို
လှစ်ဟမပြဘဲ ဇနီးသည်ကို တစ်ချိန်လုံး နှိမ်နေခဲ့တယ် ။ ညှိနှိုင်းဖို့ အခွင့်အရေး တောင်
မပေးတဲ့အနေအထား ။ တစ်ဖက်မှာတော့ လော့ရန့်ရဲ့ နူးညံ့ကြင်နာတဲ့အပြုအမူတွေ ။ ယဉ်ကျေးမှုတွေကို
ထိန်းသိမ်းတဲ့ ဣနြေ္ဒရှင်အမျိုးသမီးတစ်ယောက်မို့သာ ဖောက်ပြန်ဖို့ စိတ်တောင်မကူးဘဲ ဒီလိုအခြေအနေတွေကို
လျစ်လျူရှုနိုင်ခဲ့တာ ။ ဒါကြောင့် လည်း ဇာတ်သိမ်းက သိပ်ကို စိတ်ဝင်စားစရာကောင်းနေတာပေါ့
။
မင်္ဂလာပွဲအတွက် ဆုတောင်းစကားပြောကြားချိန်မှာ
ဆာရှီ့က ခံစားနေရသမျှကို ပညာသားပါပါ ထုတ်ပြောလိုက်ပါတယ် ။ ရုတ်တရက်ကြီး အင်္ဂလိပ်လို
ထပြောလိုက်တော့ ခင်ပွန်းဖြစ်သူအပါအဝင် မိသားစုဝင်အားလုံး အံ့သြသွားရပါပြီ ။ အင်္ဂလိပ်လို
သူမ မပြောတတ်ဘူး-လို့ သူတို့အားလုံး သိထားခဲ့ကြတာ မဟုတ်လား ။ ဆာရှီ ပြောသွားတာက အိမ်ထောင်သည်ဘဝကို
စတင်တော့မယ့် သူတွေအတွက် သတိပေးစကားဆိုရင်လည်း မမှားပါဘူး ။ အဓိပ္ပာယ်ပြည့်ဝတဲ့ဒိုင်ယာလော့တွေဖြစ်လို့
ကောက်နှုတ်ဖော်ပြပါရစေ ။
“ လက်ထပ်ခြင်းဆိုတာ အလှပဆုံးအထူးဆက်နွယ်မှုပေါ့
။ ဘဝဆိုတာ ရှည်လျားတဲ့ခရီးဝေးတစ်ခုပဲ ။ မီရာ(သူတို့သမီး) …
တစ်ခါတလေ မင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးနည်းသွားသလို
ခံစားရလိမ့်မယ် ။ ကယ်ဗင်(သူတို့သား) မင်းလည်း ရံဖန်ရံခါ
ဒီလိုခံစားရမှာပဲ ။ ဒီအခါမှာ တစ်ယောက်နဲ့တစ်ယောက်
ညီမျှသွားအောင် အပြန်အလှန်ကူညီကြပေါ့ ။ တစ်ခါတလေ …..
လက်ထပ်ပြီးတဲ့စုံတွဲနှစ်ယောက်ဟာ ကိုယ့်လက်တွဲဖော်
ဘာခံစားနေရသလဲဆိုတာ သတိမထားမိကြဘူး ။ ဒီလိုဆိုရင်
တစ်ဦးနဲ့တစ်ဦး ဘယ်လိုကူညီကြမလဲ ။ ဒါဆို
လက်ထပ်ခြင်းဟာ လမ်းဆုံးသွားပြီလား ။ ဘယ်ဟုတ်ပါ့မလဲ ။ ဒီအချိန်မှာ
ကိုယ့်ကိုယ်ကိုပဲ ကူညီနိုင်မယ် ။ တူညီတဲ့ခံစားမှုမျိုးတွေ
ရအောင် ကြိုးစားရင်းနဲ့ ဆက်ဆံရေးဟာ အရင်လို ပြန်အဆင်ပြေ
လာမှာပါ ။”
“ မိသားစုဆိုတာ မင်းကို ဘယ်တော့မှ မကောင်းမဝေဖန်ဘူး
။ မိသားစုဆိုတာ မင်းကို သိမ်ငယ်စိတ်တွေ မပေးဘူး ။
မိသားစုဆိုတာ မင်းရဲ့အားနည်းချက်ကို ဘယ်တော့မှ
မလှောင်ရယ်ဘူး ။ မိသားစုဆိုတာ လွတ်လပ်ခြင်းတစ်ခုပါပဲ ။
အဲဒီနေရာကနေ အမြဲတမ်း ချစ်ခြင်းနဲ့လေးစားမှုတွေကို
မင်း ရနေလိမ့်မယ် ။”
ဆာရှီ ပြောသွားတဲ့ဆုတောင်းစကားကြောင့်
ခင်ပွန်းဖြစ်သူရော သမီးကြီးပါ စိတ်ထိခိုက်သွားရပါပြီ ။ ဇနီးသည်အပေါ် နားမလည်ဘဲ အမြဲတမ်း
လှောင်ပြောင်ခဲ့မိလို့ ၊ မိခင်ကို မရိုသေဘဲ အမြဲတမ်း ဝေဖန်ခဲ့မိလို့ သူတို့ ဝမ်းနည်းသွားရပြီပေါ့
။
ဇာတ်သိမ်းမှာတော့
ဆာရှီက သူငယ်ချင်းတွေကို ကိုယ်တိုင်လုပ်မုန့်တွေ လိုက်ဝေကျွေးတယ် ။ လော့ရန်က မျက်ရည်အဝဲ
သားနဲ့ ငေးကြည့်နေပေမဲ့ ဆာရှီက ယုံကြည်မှုရှိလာအောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပြီး
နှုတ်ဆက်ခဲ့ပါတယ် ။ အမှန်တော့ သူမ တကယ်လိုအပ်နေတာ တစ်စိမ်းယောက်ျားရဲ့အချစ် မဟုတ်ပါဘူး
။ မိမိအိမ်ထောင်ဖက်ရဲ့ဂရုစိုက်မှုပါ ။ ဆာရှီရဲ့ ဆုတောင်းစကားကို ကြားပြီးကတည်းက ကိုယ့်လိုအပ်ချက်ကိုယ်
နားလည်သွားလို့ ခင်ပွန်းဖြစ်သူက အရင်လို ပြန်လည်ကြင်နာလာပုံ နဲ့ ဇာတ်လမ်းကို ပရိသတ်အကြိုက်
အဆုံးသတ်ထားပါတယ် ။
@@@
ရေးခဲ့ပြီးသမျှ ရုပ်ရှင်တွေအကြောင်း
ပြန်ငဲ့ကြည့်မိတော့ လူငယ်တွေဘက်ကချည်း ထောက်ခံရေးပေးခဲ့မိတယ် ။ ကလေးတွေ ကို နားလည်ပါ
၊ လူငယ်တွေကို အားပေးပါ-စသဖြင့်ပေါ့ ။ ဒါကလည်း ကျွန်မကိုယ်တိုင် သမီးတစ်ယောက် ၊ တပည့်တစ်ယောက်
၊ လူငယ်တစ်ယောက်ပဲ ဖြစ်ဖူးတော့ သူတို့ခံစားချက်ကို ပိုပြီးနားလည်နိုင်လို့ အဲဒီလိုဇာတ်လမ်းတွေကို
အသားပေးပွဲထုတ်ခဲ့မိတာပါ ။
ဒါပေမဲ့ လူငယ်တွေအတွက်
လိုအပ်တာက စိတ်အားထက်သန်မှု ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ၊ ရိုးသားကြိုးစားမှုတွေချည်းပဲ
လားဆိုတော့ မဟုတ်ပါဘူး ။ လူငယ်တွေမှာ ယဉ်ကျေးသိမ်မွေ့မှု ၊ ကျေးဇူးသိတတ်မှု ၊ စာနာညှာတာမှုတွေလည်း
လိုအပ်ပါတယ် ။ အဲဒီအချက်တွေကို ဒီရုပ်ရှင်မှာ တွေ့မြင်လိုက်ရလို့ ပြောပြဖြစ်ခဲ့တာပါ
။ သားသမီးကောင်းဖြစ်ဖို့အတွက် မိဘအပေါ် ရိုသေလေးစားရ မယ် ၊ ချစ်ခင်စာနာရမယ် ။ ဒီလိုပဲ
… မိဘနှစ်ပါးကလည်း တစ်ဦးအပေါ်တစ်ဦး နားလည်မှု ၊ လေးစားမှု ရှိမှသာ သားသမီးတွေက အတုယူနိုင်မယ်
။ ဒီအချက်တွေကို ဒီရုပ်ရှင်မှာ လေးလေးနက်နက် ပြသသွားတယ် ။
အဓိကတွေ့မြင်ရမှာကတော့
အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အရှေ့တိုင်းယဉ်ကျေးမှုပါပဲ ။ ဒီနေ့ခေတ်မှာ အနောက်တိုင်း ယဉ်ကျေးမှုတွေက
နေရာဒေသတိုင်းမှာ လွှမ်းမိုးခြယ်လှယ်လာကြပြီ ။ အရှေ့နဲ့အနောက်ဟာ လောကနိယာမအရတော့ ဆန့်ကျင်
ဘက်အဓိပ္ပာယ် ။ ဒီလိုပဲ…ယဉ်ကျေးမှုတွေ ဓလေ့စရိုက်တွေကလည်း တစ်ခါတစ်ရံမှာ ဆန့်ကျင်ဘက်သဘော
ဆောင်နေတာကို သေချာကြည့်ရင် မြင်မိမှာပါ ။ လျော်ညီသင့်မြတ်တဲ့အချက်တွေကို အတုခိုးသင့်ပေမဲ့
တချို့အရာတွေက အတုယူဖို့ မသင့်တော်ဘူးလို့ ဆိုနိုင်ပါတယ် ။
ဇာတ်လမ်းအစပိုင်းမှာ
အိမ်ထောင်သည်ချင်း တစ်ဦးအပေါ်တစ်ဦး လေးလေးစားစားဆက်ဆံဖို့ လိုအပ်ကြောင်း ခပ်ရိုးရိုး ပုံဖော်သွားတယ် ။ ဒီနေ့ခေတ်မှာ ဇနီးမယားကို အသိဥာဏ်နည်းသူ
၊ ဆင်ခြင်တုံတရားမရှိသူပမာ အထင်အမြင်သေး ဆက်ဆံတာမျိုး တွေ နည်းပါးသွားပြီဆိုပေမဲ့ ရှိနေဆဲပါ
။ အိမ်ထောင်ဦးစီးဆိုတာ မိသားစုကို စောင့်ရှောက်ကာကွယ်ရမှာမှန်ပေမဲ့ တစ်ခါတစ်ရံ ချုပ်ချယ်အနိုင်ကျင့်သလိုအနေအထားမျိုးကို
ကိုယ်တိုင် သတိမထားမိဘဲ ပြုလုပ်မိတတ်ပါတယ် ။ ဒီအချက်ကို ဆင်ခြင်နိုင်အောင် စိတ်ဝင်စားစရာဇာတ်အိမ်တွေနဲ့
တို့ထိပြသသွားတယ် ။
ဇာတ်သိမ်းမှာတော့
အိမ်ထောင်တစ်ခုကို
ပေါ့ပေါ့ဆဆမထူထောင်သင့်သလို တည်ထောင်ပြီးအိမ်ထောင်ရေးကိုလည်း လွယ်လွယ်မဖျက်သိမ်းသင့်ကြောင်း
၊ ပြဿနာတွေ ဖြစ်လာတဲ့အခါ / ဘေးကျပ်နံကျပ်အခြေအနေတွေ ကြုံလာတဲ့အခါ တစ်ဖက်ဖက်က သည်းခံပြီး
ပါးနပ်စွာဆောင်ရွက်သင့်ကြောင်း ၊ စိတ်အလိုမလိုက်ဘဲ ဥာဏ်ကို လွှာသုံးလို့ အိမ်ထောင်ရှင်ကောင်း
ပီသသင့်ကြောင်း လှလှပပ တင်ဆက်သွားတာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးအဖြစ်
မှတ်တမ်းတင်လိုက်ပါရစေ ။
@ ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ
…
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို