Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

တစ္ဆေရဲ့အရိပ်




တစ္ဆေရဲ့အရိပ်


( ၂၀၁၆ ဖေဖော်ဝါရီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )


 


ရေးသူ  -  ဂါဦးနွန်းကို



------------------------------------------------------------------------------------------------------



         ဟုတ်ကဲ့…ခင်ဗျား ရေးနေကျ ထုံးစံစကားလုံးအတိုင်း ပြောရရင်တော့ တကယ့်ဖြစ်ရပ်မှန်ပေါ့ဗျာ ။ ကျွန်တော် ကိုယ်တိုင် တွေ့ကြုံခဲ့ရတာပါ ။ အင်း…ကိုယ်တွေ့တော့ ကိုယ်တွေ့ပဲ ။ ဒါပေမဲ့ တချို့လူတွေ ပြောသလိုမျိုး ကိုယ် တွေ့ကြုံဖူးမှပဲ ယုံပါတော့တယ်ဆိုတာ ကျွန်တော့်အတွက်တော့ မဟုတ်ဘူး ။ ကျွန်တော်က ခုထက်ထိ ကျွန်တော့် အဖြစ်အပျက်အပေါ် ကျွန်တော် သံသယဖြစ်နေတုန်း…။
- ကျွန်တော် မျက်စိမှားခဲ့တာလား…ကျွန်တော် အမောလွန်နေလို့ပဲ မျက်စိတွေေ၀၀ါးခဲ့တာလား…
ဒါပေသိ ဒီလိုမျိုးထင်ရအောင်ကလည်း အဲ့ဒီဟာကို ကျွန်တော်တစ်ယောက်တည်း မြင်ခဲ့ရတာမဟုတ်ဘူး ။ကျွန်တော်
နဲ့အတူရှိခဲ့တဲ့ သူငယ်ချင်းတွေအားလုံး အဲ့ဒါကိုမြင်ပြီး ကြောက်လန့်တကြားထွက်ပြေးသွားကြတာလည်း ကျွန်တော့် ရှေ့တင်ပဲလေ ။ သြော်…ကျွန်တော်လား ။ ကျွန်တော်က ကြောက်ရမှန်းလည်း မသိ ။ ပြေးရမှာလည်း သတိမရဘဲ အဲ့ဒီဟာကြီးကို ကြောင်ပြီး ရပ်ကြည့်နေခဲ့မိတယ် ။
         ကဲပါ…ခင်ဗျား စိတ်ဝင်စားသွားပြီမဟုတ်လား ။ မပြောဘဲ ထားခဲ့ရင်လည်း ကျွန်တော့်အလွန် ဖြစ်မှာစိုးလို့ ပြောပြပါ့မယ် ။ နို့ပေမဲ့ ယုံတာမယုံတာ ခင်ဗျားကိစ္စ ။ ကျွန်တော်ကတော့ ကိုယ်တိုင်သာ ကြုံခဲ့တယ် ။ အဲဒီဟာကို ခုထက်ထိ နားမလည်နိုင်သေးဘူး ။ ကားမထွက်သေးလို့ ကျွန်တော်တို့ ဒီနားမှာ ဆက်ထိုင်နေရမယ့်အတူတူ ကျွန် တော် ဒီအဖြစ်အပျက်အကြောင်း ခင်ဗျားကို အစအဆုံး ပြောပြမယ် ။ ကျွန်တော့်ဘ၀ရဲ့မမေ့နိုင်တဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေထဲက တစ်ခုပေါ့ဗျာ ။

JJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJ
       
    မိုးတွေ စွေခနဲ စီခနဲ ၀ုန်းခနဲ ဗြုန်းခနဲ ရွာချင်တိုင်းရွာနေသည့်မိုးရာသီကို ကုန်လွန်သွားပြီးသည့်နောက် ကျွန်တော်
တို့ကလေးတစ်သိုက် အပျော်ကြီး ပျော်သွားခဲ့ရ၏ ။ အဘယ့်ကြောင့်နည်း…ဟု မေးလာလျှင်မူ ထိုမိုးတွေ ရွာချင်တိုင်း ရွာနေခြင်းကြောင့် ကျွန်တော်တို့ကို မိုးမိကာ အအေးမိမည်/အအေးပတ်မည်စိုးရိမ်၍ မိဘတွေက မိုးရာသီ၌ အပြင် ထွက်ကစားခွင့်ကို ပိတ်ပင်ထားခဲ့သည် ။ ယခုများတော့ မိုးလေကင်းလွတ်၍ သတင်းကျွတ်ခဲ့ပြီ ။ အပြင်ထွက် ကစား ခွင့်ရခဲ့ပါပြီ ။
     မနက်မိုးသောက်လို့ အလင်းမရောက်တရောက် အချိန်ရောက်ရုံရှိသေး…စစ်တပ်ဝင်း၏ထိပ်ဆုံးတွင်နေသော အောင်ပုက ဦးဆောင်လျက် တစ်အိမ်တက်တစ်အိမ်ဆင်းကာ “ လှကျော်၊ အေးကို၊ ချက်ကြီး၊ သော်မိုး၊ ဖြိုးမောင်…” အစရှိသည့် ကျွန်တော်တို့ဘော်ဒါမှန်သမျှကို လိုက်လံနှိုးဆော်ခေါ်ယူပြီး လူစုံတပ်စုံဖြင့် ၀င်းထဲမှ မြေကွက်လပ်ကျယ် ကျယ်ဆီသို့ ချီတက်ခဲ့ကြသည် ။ ထိုမြေကွက်လပ်ကျယ်ကြီးက ကျွန်တော်တို့ကလေးတစ်သိုက်၏ ဆော့ကစား မြူး ထူးရာ ဘုံဗိမာန်ဒေသ ။
     မြေကွက်လပ် ၊ ကျွန်တော်တို့အခေါ် ကစားကွင်းသို့ ရောက်သည်နှင့် ကျွန်တော်တို့ တတ်ကျွမ်းသိနားလည်သည့် ကစားနည်းမှန်သမျှကို ကစားကြရုံသာမက တစ်ခါတစ်ရံ ကျွန်တော်တို့ဘာသာကျွန်တော်တို့ အသစ်အဆန်းတီထွင် ထားသည့်ကစားနည်းများကိုလည်း ပျော်ပျော်ရွှင်ရွှင်ကြီး ကစားကြသည် ။ ကစားကွင်းဆိုလို့ နိုင်ငံတကာကစားကွင်း ကြီးများကဲ့သို့ ၊ မြို့တော်ကြီးများ၌ တွေ့မြင်ရသောကစားကွင်းများကဲ့သို့ ထူးထွေဆန်းပြား စီးနင်းကစားစရာ စက် ယန္တရားတွေ မရှိ ။ ပကတိမြေပြောင်တွင် သစ်ပင်တို့ စီတန်းပေါက်ရောက်လျက် နေပြောက်တို့ ဟိုတစ်ကွက် ၊ သည်တစ်ကွက်ထိုးနေသော မြေတလင်းကြီးသာ…။
       မိုးလေကင်းလွတ်သွားသော ဆောင်းဦးကာလဖြစ်သော်ငြားလည်း ရာသီဥတုက အအေးထက်စာလျှင် အပူ ဘက်သို့ ပိုကဲသည်ဟုဆိုရပေမည် ။ နေ့လယ်ခင်းဆိုလျှင် နေကလည်း ကျဲကျဲတောက် ၊ လေကလည်း ငြိမ်ချက် ကောင်းဆိုတော့ ကစားရသော-ကျွန်တော်တို့ကလေးတစ်အုပ်မှာလည်း ချွေးတွေ ရွှဲစိုကာ မောဟိုက်သောကြောင့် မကြာခဏဆိုသလို အရိပ်ကောင်းကောင်းသစ်ပင်ရိပ်တွင် ထိုင်ကာ အပန်းဖြေနားနေလေ့ရှိကြသည် ။
     မမောရှိလေမလား…ကစားတဲ့နည်းတွေကိုလည်း ကြည့်ဦး…စိန်ပြေးလိုက်တမ်း ၊ စစ်တိုက်တမ်း ၊ သစ်ပင်(တိုင်) ဦးတမ်း ၊ ဘောလုံးကန်တမ်း…အစရှိသောကစားနည်းပေါင်းစုံကို ကစားရုံမက တစ်ခါတစ်ရံ အခြားကစားနည်းများ ရိုးအီသွားလျှင် မိန်းကလေးများ၏ကစားနည်းဖြစ်သော ကြိုးခုန်တမ်း ၊ ကုလားမစည်း နင်းတမ်း ၊ ရုပ်ရှင်ဖွက်တမ်း များပါမကျန် ကစားနည်းပေါင်းမြောက်များစွာကို ကစားတတ်ကြသော ကျွန်တော်တို့အုပ်စုဖြစ်၏ ။ (ဤအဖြစ်အပျက် သည် လွန်ခဲ့သောအနှစ်၂၀ခန့်ကအကြောင်းအရာဖြစ်ပါသည်…စာရေးသူ)
     ကျွန်တော်တို့အုပ်စုဟုဆို၍ ကျွန်တော်တို့အဖွဲ့ဝင်များကို မိတ်ဆက်ရသော် သူငယ်ချင်းစုစုပေါင်း(၉)ယောက်ရှိ သည် ။ စောစောက ကျွန်တော်ပြောခဲ့သောအောင်ပုအပါအ၀င် လှကျော် ၊ အေးကို ၊ ချက်ကြီး ၊ သော်မိုး ၊ ဖြိုးမောင် ၊ သာအေး ၊ ကောင်းကျော်နှင့် ကျွန်တော်ဟူ၍ တပ်ဝင်း၏အော့ကြောလန် မျောက်လောင်းကိုးကောင် ။ ထိုထဲတွင် အောင်ပုက ဆယ့်နှစ်နှစ်ဖြစ်ပြီး ကျန်လူအားလုံးကတော့ ဆယ်နှစ်သာ ရှိကြသေး၏ ။ ကျွန်တော်တို့အားလုံး ညီကြ သည်မှာ ကစားရမည်ဆိုလျှင် ထမင်းမေ့ဟင်းမေ့…တစ်ခါတစ်ရံ နေ့လယ်စာ ပြန်မစား၍ အိမ်က မိသားစုဝင်များက အတင်းလိုက်ခေါ်ရသည်အထိ ။  
            ဤမျှလောက်အထိ ကစားမက်ခဲ့သည့်ကျွန်တော်တို့အုပ်စု အဖြစ်အပျက်လေးတစ်ခုကြောင့် ထိုမြေတလင်း ပြင်ဘက်သို့ ခြေဦးမလှည့်ရဲအောင် ရှိခဲ့ရသည် ။ ကျွန်တော်က အယုံအကြည်အယူအဆ ပြင်းထန်သူတစ်ယောက်  မဟုတ်၍ ထိုကိစ္စအပေါ်၌ ထိုမျှလောက် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိခဲ့ပေမဲ့ ကျန်(၈)ယောက်လုံး၏နှလုံးအိမ်တွင် တော့ ပြုံးရယ်ကစားချင်စိတ်ပင် ကုန်ခမ်းသွားလောက်သည်အထိ ချောက်ချားသွားကြလေသလား မပြောတတ် ။ မြေတလင်းသို့ သွားကစားရန် စကားပင် စ,မရတော့ချေ ။ ထိုအဖြစ်အပျက်လေးကို ပြန်ပြောင်းပြောရလျှင် သာမန် ညနေခင်းလေးတစ်ခုအကြောင်းကနေ နိဒါန်းချီရပါလိမ့်မည် ။
     ထိုနေ့ကလည်း ကျွန်တော်တို့အားလုံး ထုံးစံအတိုင်း ဒိုးပစ်တမ်း-ကစားနေရာမှ ပျင်းရိလာကြသဖြင့် အခြား ကစားနည်း ပြောင်းဆော့ကြရန် စဉ်းစားပြီးနောက် အောင်ဘု၏အကြံအတိုင်းပင် တိုင်ဦးတမ်း ပြောင်းကစားကြ၏ ။ ထိုတလင်းပတ်လည်တွင် သစ်ပင်ကြီး(၉)ပင်/(၁၀)ပင် ရှိသော်ငြားလည်း ထိုနေ့က ကျွန်တော် ပေရှည်ကာ တစ်ဖက် တန်းလျားပျက်တွေနားအထိ တိုင်သွားဦးမိသည် ။ တန်းလျားပျက်များက မြေတလင်းပြင်နှင့် တဆက်တည်းဖြစ်ပေမဲ့ ကြား၌ တခေါ်သာသာခန့် ခြားသည် ။ သို့သော်…သစ်ပင်များက မြေတလင်းပြင်မှနေ တန်းလျားနားအထိ တောက် လျှောက်ပေါက်ရောက်နေ၍ သူငယ်ချင်းများနှင့်ကျွန်တော်သည် တသီးတခြားမဟုတ်ဘဲ တဆက်တည်းသာဖြစ်နေ ၏ ။ အပင်များက တန်းစီပေါက်နေသည် ။ တစ်ပင်နှင့်တစ်ပင်ကြားမှာ (၈)ပေ/(၉)ပေခန့်သာခြားသည် ။ တိုင်ဦးတမ်း ကစားနည်း၏သဘောက ခွေးရူးကို အလယ်မှာထားပြီး ကစားဖော်များက သစ်ပင်တစ်ပင်နှင့်တစ်ပင် ချိန်းလဲပြေး ဆော့ရမည်ဖြစ်သည် ။
     ပြောရလျှင် ကျွန်တော်တို့တတွေအားလုံး မြေတလင်းပြင်တွင်သာ ကစားနေကျဖြစ်သဖြင့် တန်းလျားပျက်ဘက် သို့ တစ်ကြိမ်တစ်ခါမျှ မလာရောက်ဖူးခဲ့ပေ ။ တန်းလျားပျက်သည် တလင်းပြင်နှင့် တဆက်တည်းမှာ တည်ရှိနေခြင်း ဖြစ်ပေမဲ့ ကျွန်တော်တို့ သွားလာဆော့ကစားရန်မဝံ့ခဲ့ ။ အဘယ့်ကြောင့်ဆိုသော် ထိုတန်းလျားပျက်သည် ယခင်က စစ်သားမိသားစုသုံးစု နေထိုင်ခဲ့သော-တန်းလျားတစ်ခုဖြစ်ပြီး ရဲဘော်များ ကျဆုံးသွား၍ မိသားစုဝင်များခမျာ ဝမ်း နည်းကြေကွဲစွာဖြင့် ပြောင်းရွှေ့သွားခဲ့ကြရာ ထိုနောက်ပိုင်း လူမနေတော့ဘဲ သည်အတိုင်း ပစ်ထားသောကြောင့် ပျက်စီးယိုယွင်းကာ တန်းလျားပျက်ဖြစ်သွားခဲ့ရခြင်းဖြစ်သည်ဟု ကြားဖူး၏ ။ လူ သေဖူးသည်ဟုကြားဖူးထား၍ ထို တန်းလျားပျက်ဘက်သို့ လာရောက်ဆော့ကစားရန်အတွက် ကျွန်တော့်သူငယ်ချင်းများက ကြောက်ရွံ့နေကြခြင်းဖြစ် လေသည် ။
    ကျွန်တော် ဦးထားသည့်တိုင်(သစ်ပင်)မှာ တန်းလျားပျက်ရှေ့တည့်တည့်ရှိ သရက်ပင်ကြီးဖြစ်ပြီး သက်တမ်းရင့် အပင်ကြီးတစ်ပင်လည်းဖြစ်သည် ။ တန်းလျားများ မဆောက်ခင်ကတည်းက ရှိနေခြင်းဖြစ်သည်ဟု ကြားဖူးသည် ။ သို့သော်…အပင်က သိပ်ကြီးထွားခြင်းမရှိဘဲ သက်ကြီးပုလေးပမာ ပင်ပျိုငယ်တစ်ပင်အရွယ်သာ ရှိသည် ။ အရစ်ရှည် သူ-ကျွန်တော်က ထိုသက်ရှည်ရပ်ပု-သရက်ပင်လေး၏ပင်စည်ကို ထိကိုင်ထားသည် ။ ကျွန်တော်နှင့်ခပ်လှမ်းလှမ်း တွင် အောင်ပုရှိနေပြီး မျက်စောင်းထိုးမန်ကျည်းပင်မှာတော့ ဖြိုးမောင် ရှိနေ၏။ ခွေးရူးလုပ်သူ-ချက်ကြီးမှာ ကျွန်တော် တို့သုံးယောက်စီ ပြေးလာတော့မလို ၊ မနီးမဝေးတလင်းပြင်မှာရှိနေသော ဟိုငါးယောက်ကိုပဲ အမိလုရတော့မလိုဖြစ် ကာ ယောင်တောင်ပေါင်တောင်လုပ်နေရသည် ။
      ကစားပွဲက ကောင်းလာပြီ ။ ခွေးရူး-ချက်ကြီးက တစ်ဖက်သို့လှည့်ကာ သော်မိုးတို့ဘက် အာရုံရောက်နေခိုက် ကျွန်တော်က အောင်ပုကို တိုင်ချင်းလဲရန် မျက်ရိပ်ပြဖို့ လှမ်းကြည့်လိုက်စဉ် အောင်ပု၏အကြည့်များက ကျွန်တော့်ဆီ မှာ ရှိမနေဘဲ ကျွန်တော့်ခြေရင်းနှင့် မလှမ်းမကမ်းရှိ မြေပြင်ပြောင်ပြောင်ကိုသာ သည်းသည်းမည်းမည်း စိုက်ကြည့် နေသည် ။ ကြည့်နေပုံက သာမန်ကာလျံကာမဟုတ်ဘဲ တကယ့်ကို စိတ်ဝင်တစား ။ အောင်ပု၏အမူအရာကို အကဲ ခတ်မိသည်မှာ တစ်စုံတစ်ယောက်ကို ထိတ်လန့်နေသလို မျက်လုံးအိမ်တွေ ပြူးကျယ်ဝိုင်းစက်ကာ ပါးစပ်အဟောင်း သားဖြစ်နေ၏ ။
   “ ရွှတ်…ရွှတ်…အောင်ပု အောင်ပု…”
ကျွန်တော်က အသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်ရာ အောင်ပုခမျာ တစ်ယောက်ယောက်က ရေအေးနှင့်လှမ်းပက်လိုက် သကဲ့သို့ တုန်ခနဲဖြစ်သွားပြီး ကျွန်တော့်ကို အထိတ်တလန့် မော့ကြည့်သည် ။ ကျွန်တော်က သူ့ကို အကဲခတ်မနေ အားတော့ ။ တိုင်ချင်းလဲရန် လက်ဟန်ခြေဟန်ပြလိုက်မိရာ အောင်ပုမှာ မည်သို့သဘောပေါက်သွားသည်မသိ… အလိုက်ကန်းဆိုးမသိစွာ အသံပြဲကြီးနှင့် အော်ဟစ်လျက် အသည်းအသန် ငြင်းဆန်တော့၏ ။
   “ ဟင့်အင်း…ငါ…ငါ မလာဘူး ။ အဲဒီအပင်ကို ငါ မလာဘူး ။”
အောင်ပုက ထိုသို့အော်လိုက်၍ ချက်ကြီးမှာ ကျွန်တော် သစ်ပင်(တိုင်)ချင်းလဲချင်နေမှန်း ရိပ်မိသွားကာ ကျွန်တော် တို့ဘက်သို့ လျှောက်လာသည် ။ မျက်နှာကလည်း သူခိုးသတင်းရသော ရဲအိုက်တင်နှင့် ။ သို့သော်…လှမ်းလက်စ ခြေလှမ်းများက လမ်းခုလတ်မှာပဲ ရပ်တန့်သွားသည် ။ ဘာကိုတွေ့လိုက်၍လဲ မပြောတတ် ။ ကျွန်တော့်ခြေရင်းက မြေပြင်ကို အသည်းအသန်စိုက်ကြည့်လိုက် ၊ နံဘေးဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်နှင့် ယောက်ယက်ခတ်သွားသည် ။ ခဏကြာမှ …
   “ ဟာ…ကောင်းမြတ် …မင်း မင်း ဦးထားတဲ့-သစ်ပင်ရဲ့အရိပ်ကို ကြည့်…ကြည့်လိုက်စမ်း ။”
ထိုသို့ အသံပြာပြာကြီးနှင့် ကတုန်ကယင်ရေရွတ်လိုက်သဖြင့် ကျွန်တော်အပါအ၀င် ကျန်သူငယ်ချင်းအားလုံး ကျွန် တော် ဦးထားရာ-သစ်ပင်၏အရိပ်ကို ဝိုင်းကြည့်လိုက်ကြသည် ။
     ညနေခင်းဖြစ်သဖြင့် သစ်ပင်၏အရိပ်သည် အရှေ့ဘက်သို့ ရှည်မျောမျောကျလျက်ရှိ၏ ။ သစ်ပင်များက တစ်ပင် နှင့်တစ်ပင် ခပ်လှမ်းလှမ်းဖြစ်သဖြင့် အပင်ကိုယ်စီ အရိပ်ကိုယ်စီ ပိုင်ဆိုင်လျက်ရှိ၏ ။ ချက်ကြီး ပြောသည့်အတိုင်း ကြည့်လိုက်မိသည့်အခါမှာတော့ ကျွန်တော် တိုင်ဦးထားသော-သစ်ပင်၏အရိပ်သည် လှုပ်ယိမ်းနေပြီး အပင်ကို လေ ခပ်ပြင်းပြင်းတိုက်နေသော-ပုံသဏ္ဍာန်ကို ဆောင်နေသည် ။ တကယ်တမ်းကျ လေတိုက်ခြင်း မရှိသလို အပင်ကိုယ် ထည်ကလည်း လှုပ်ရမ်းခြင်း မရှိ ။ ဘယ်လိုဖြစ်တာပါလိမ့်…။
    သစ်ပင်၏အရိပ်ကိုကြည့်ပြီး ကျွန်တော် အံ့အားသင့်သွားသည် ။ မျက်စိမှားသလားဟူသောအတွေးဖြင့် မျက်လုံး များကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး အရိပ်ကို ပြန်ကြည့်သည် ။ မမှားပါ…စောစောပုံအတိုင်း လှုပ်ရမ်းနေသည် ။ အပြင်က ပင်စည်နှင့်အကိုင်းအရွက်များကမူ အနည်းငယ်ပင်လှုပ်ခါခြင်း မရှိဘဲ အရိပ်ချည်းသက်သက် ယိမ်းနွဲ့နေ ခြင်းဖြစ်သည် ။ နံဘေးကသစ်ပင်များကို ဝေ့၀ဲကြည့်လိုက်တော့လည်း တစ်စုံတစ်ရာ လှုပ်ရှားခြင်း မရှိ ။ မည်သို့ဖြစ်ရ သနည်း…။ နားမလည်နိုင်တော့၍ ကျွန်တော် မင်သက်သွားခဲ့ရပြီ ။ ထိုစဉ်…
   “ အမလေး…! သရဲ သရဲခြောက်တယ် ။ သစ်ပင်သရဲ…သစ်ပင်သရဲ…”
ဟူ၍ တပ်လှန့်သကဲ့သို့ အော်လိုက်သူမှာ ကျွန်တော်နှင့်မျက်စောင်းထိုးတွင်ရှိနေသော ဖြိုးမောင်ဖြစ်သည် ။
     ဖြိုးမောင်မှာ အားလုံးတွင် အသည်းအငယ်ဆုံး အကြောက်တတ်ဆုံးတစ်ယောက်ဖြစ်၍ ထိုအဖြစ်အပျက်ကို မြင် လိုက်ရသည့်အခါ ဟန်ပင်မဆောင်နိုင်တော့ဘဲ ထိုသို့ အော်ဟစ်လျက် ကျားလိုက်ခံရသောခြေလှမ်းမျိုးဖြင့် သူ့အိမ်ရှိ ရာဘက်ဆီသို့ ဦးတည်ကာ တဟုန်ထိုးပြေးထွက်သွားသည် ။ ဖြိုးမောင်က ထိုသို့ အော်လိုက်သဖြင့် ချက်ကြီးနှင့် အောင်ပုမှာ နဂိုကတည်းက အကြောက်ကြီးကြောက်နေသူတွေပီပီ အသံတိတ်လျက် တင်ပါးနှင့်ဖ၀ါး တသားတည်း ထိအောင် ပြေးထွက်သွားကြသလို မြေတလင်းပြင်မှာ တိုင်ဦးထားသော-ကျန်သူငယ်ချင်းငါးယောက်မှာလည်း ဘာ မှန်းညာမှန်း အသေအချာမမြင်ရပေမဲ့ အားလုံးပြေးကြပြီဖြစ်တာကြောင့် သူတို့တွေလည်း ရောယောင်ကာ ထွက်ပြေး ကြလေ၏ ။ နောက်ဆုံး တစ္ဆေသစ်ပင်ဟု ယိုးစွပ်ခြင်းခံရသော သရက်ပင်အောက်မှာ ကျွန်တော်တစ်ယောက်တည်း သာ ကျန်ရစ်ခဲ့တော့သည် ။
        အားလုံး ပြေးထွက်သွားကြသော်လည်း ကျွန်တော့်ရင်ထဲ၌ ကြောက်ရွံ့ထိတ်လန့်စိတ်ထက် စူးစမ်းလေ့လာလို စိတ်သာ ပိုကဲနေသဖြင့် ထွက်ပြေးရကောင်းမှန်းလည်း မသိ…။ သစ်ပင်ရင်းမှနေ ခပ်ဝေးဝေးသို့ သွားကာ အရိပ်လှုပ် နေဆဲမြေပြင်တလျှောက်သို့ လိုက်ကြည့်မိသည် ။ သစ်ပင်၏အရိပ်ကမူ အသာအယာလှုပ်ရမ်းနေဆဲ ။ ကြမ်းကြမ်း တမ်းတမ်း ပရမ်းပတာ လှုပ်ခါနေခြင်းမျိုး မဟုတ်ဘဲ ငြိမ့်ငြိမ့်ညောင်းညောင်းယိမ်းနွဲ့နေခြင်းမျိုး ။ အပင်မလှုပ်ပါဘဲ အရိပ်ချည်းသက်သက် လှုပ်ရှားနေခြင်းဖြစ်သောကြောင့် မြေပြင်ကတစ်စုံတစ်ရာများ လှုပ်နေလေသလားဟုတွေး ကာ မြေကြီးတလျှောက်ကို လက်နှင့် ပွတ်သပ်စမ်းကြည့်သည် ။ သို့သော်…မဟုတ်ပြန် ။ မြေပြင်သည် ချောမွေ့ညီ ညာနေသည် ။ ယိမ်းနွဲ့စရာအကြောင်း  မရှိသလို အခုအထစ်များ ၊ မညီညာခြင်းများလည်း မတွေ့ရ ။
- ဒါဆို…ဘာသဘောလဲ ။ နားမလည်နိုင်အောင်ပါပဲ…
မျက်လှည့်ပြနေသကဲ့သို့ သူ့အလိုလို တလှုပ်လှုပ်ဖြစ်နေသည့်သစ်ပင်၏အရိပ်ကို ငေးစိုက်ကြည့်ရင်း ကျွန်တော် အဖြေရှာရခက်နေခိုက် တစ်စုံတစ်ရာကို တွေ့လိုက်ရသည် ။ မြေကြီးထဲမှ ထိုးထိုးထောင်ထောင်ထွက်နေသော ပလက်စတစ်စတစ်ခု ။ မြေပြင်ထဲ တစ်ဝက်တပြတ် တိုးဝင်ငုပ်လျှိုးနေသည့်ကျွတ်ကျွတ်အိတ်စကို တွေ့မိ၍ ကျွန် တော် အသည်းအသန် ဆွဲယူထုတ်လိုက်သည် ။ ထိုအရာဟာ သဲလွန်စဖြစ်ကောင်းနိုင်သည်ပဲကိုး ။
   “ ဟင်…ဓါတ်ပုံတစ်ပုံပါလား…”
ဟုတ်ပါသည် ။ ကျွန်တော့်လက်ထဲတွင် ပါလာသည်က ကျွတ်ကျွတ်အိတ်နှင့် အသေအချာအထပ်ထပ် ထုပ်ပိုးထား သော ဓါတ်ပုံငယ်တစ်ပုံ ။ မြေကြီးအောက်၌ ငုပ်လျှိုးနေခဲ့သည်မှာ ကြာမြင့်ခဲ့ပုံရ၍ ကျွတ်ကျွတ်အိတ်ပင် အတော်စုတ်
ပြတ်နွမ်းဖတ်နေပြီ ။
       သို့သော်လည်း အတွင်းမှဓါတ်ပုံလေးကတော့ ဆေးသားကောင်းသောကြောင့်ပေလား မသိပါ ။ ကြည်ကြည် လင်လင် မြင်တွေ့နိုင်သေးသည် ။ စစ်အ၀တ်အစားနှင့်လူတစ်ယောက်က ကလေးငယ်လေးကို ချီမြှောက်ထားပြီး နံဘေးတွင် အမျိုးသမီးတစ်ယောက်ရပ်လျက် ပြုံးရယ်ပျော်ရွှင်စွာရိုက်ယူထားသော မိသားစုဓါတ်ပုံငယ်လေး ။ ထို ဓါတ်ပုံလေးကို မြင်လိုက်ရတော့ ကျွန်တော့်ရင်ထဲ နွေးခနဲ ခံစားမိလိုက်ရသည် ။ ထိုအချိန်တွင် တိုက်ဆိုင်၍ပဲလား မပြောတတ် ။ ထူးဆန်းစွာပင် လှုပ်ယိမ်းနေသော-သစ်ပင်၏အရိပ်သည်လည်း လှုပ်ခါခြင်းမရှိတော့ဘဲ ငြိမ်သက် သွားခဲ့ပြီ ။ ကျွန်တော်လည်း နားလည်ရခက်သည့်ထိုအချင်းအရာကို ဆက်စပ်တွေးဆ၍မရတော့သဖြင့် ဓါတ်ပုံလေး ကို ဆုပ်ကိုင်လျက် နေအိမ်သို့ ပုံမှန်ခြေလှမ်းများနှင့် ပြန်လာခဲ့လိုက်သည် ။
JJJJJ
     အိမ်ရောက်တော့ ကျွန်တော့်အဖေကို ဓာတ်ပုံထဲမှမိသားစုအကြောင်းကို မေးမြန်းကြည့်ရာ အဖေက ဓါတ်ပုံကို အသေအချာကြည့်ပြီး…
   “ သြော်…ဒါ မောင်အောင်တို့မိသားစုဓါတ်ပုံပဲ ။ မောင်အောင်ကိုတော့ သား မှတ်မိမှာ မဟုတ်ဘူး ။ သိပ်တော်တဲ့
     စစ်သားလေးကွာ ။ ဒါပေမဲ့ လွန်ခဲ့တဲ့ငါးနှစ်လောက်က တိုက်ပွဲမှာ ကျသွားခဲ့တယ် ။ သူ တိုက်ပွဲကျသွားတော့
     သူ့မိန်းမလည်း သူ့မိဘတွေရှိတဲ့ရွာကို ထွက်သွားတယ် ။ ကြာခဲ့ပြီဆိုပေမဲ့ အဖေ့စိတ်ထဲတော့ မနေ့တစ်နေ့က
     လိုပါပဲ ။ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်ကြီးကြတဲ့သူတို့မိသားစုလေးကို ခုထက်ထိ မျက်စိထဲ
     မြင်ယောင်မိတုန်းပဲ ။ ဒါနဲ့ နေပါဦး ။ သားက ဘယ်လိုလုပ် ဒီပုံကို ရလာတာလဲ ။”
အဖေ့မေးခွန်းကြောင့် ကျွန်တော်လည်း အဖြစ်အပျက်အားလုံးကို အစအဆုံး ပြောပြလိုက်သည် ။ ပြန်ပြောပြရာ၌ ကျွန်တော့်၏ထင်မြင်ယူဆချက်များကို ထည့်သွင်းပြောဆိုခြင်းမရှိဘဲ အရှိကိုအရှိအတိုင်း ခပ်တိုတိုပြောပြခဲ့၏ ။ ဇာတ်လမ်းဆုံးတော့ အဖေက နှစ်ခြိုက်သဘောကျဟန်ဖြင့် ကျွန်တော့်ကို အသေအချာကြည့်ပြီး…
   “ တော်တယ် ငါ့သား ။ အဖေကလည်း ငါ့သားကို ဒီလိုမျိုး ရဲရင့်စေချင်တာ ။ အခုလို သား မကြောက်မရွံ့ စူးစမ်း
     လေ့လာလာတာကို အဖေ သိပ်သဘောကျတယ် ။ စစ်တိုက်ရတဲ့ဖေဖေတို့အတွက်ကတော့ လက်နက်ကိုင်ထား
     တဲ့လူလူချင်းပဲ သတိထားရမယ် ။ ဘာကိုမှ ကြောက်ရွံ့ထိတ်လန့်စရာ မလိုဘူး ။ သရဲတစ္ဆေဆိုတာ ကိုယ် ကံ
     မြင့်နေသ၍ ကိုယ့်ကို ဘာမှလုပ်မရဘူး ။ ကံမြင့်အောင် ဘာသာတရားကို ကိုင်းရှိုင်းရမယ် ၊ လူကြီးမိဘအပေါ် 
     သိတတ်ရိုသေရမယ်…သိလား သား ။”
   “ ဟုတ်ကဲ့ ဖေဖေ ။”
   “ အင်း…ကြည့်ရတာ မောင်အောင်တစ်ယောက် မကျွတ်မလွတ်ဘ၀နဲ့ သရက်ပင်မှာ ကပ်ငြိနေတုန်း ထင်ပါရဲ့ ။
     ဒါမျိုးတွေက မရှိမဟုတ်ဘူး သားရေ ။ တကယ်ရှိတယ်ကွ ။ အဖေတို့က အတွေ့အကြုံတွေလည်း ဆုံလှပြီ ။
     ဘယ်အရာမှ မထူးဆန်းတော့ဘူး ။ သြော်…မောင်အောင်…မောင်အောင်…အမိန့်ပြန်ရဲ့သားနဲ့ ဒီကောင်လေး
     ဘာကိုများ စွဲလန်းနေသလဲ မသိ ။ မဖြစ်ပါဘူးလေ ။ ဘုန်းကြီးတွေ ပင့်ဖိတ်ပြီး အလှူရေစက်ချ အမျှအတန်း
     ပေးဝေရမှပါ ။ သူလည်း ကျွတ်လွတ်ချင်ရှာလို့သာ အခုလို သားတို့ကို အရိပ်အယောင်ပြပြီး အကူအညီတောင်း
     တာ ဖြစ်ပါလိမ့်မယ် ။ အင်း…သံယောဇဉ်တွေပေါ့…သံယောဇဉ်တွေ…”
အဖေက ကျွန်တော့်ကို ပြောသလိုလို တစ်ကိုယ်တည်းရေရွတ်သလိုလိုနှင့် ထိုစကားတွေကို ဆိုလိုက်ရင်း ဓါတ်ပုံကို တကြော့ပြန်ကြည့်ကာ ခေါင်းတညိတ်ညိတ်လုပ်နေလေ၏ ။

JJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJ

   “ ဒါဆို ကိုအောင်ဆိုတဲ့စစ်သားက ကျွတ်လွတ်ချင်လို့ အမျှအတန်းရအောင် အစ်ကို့ကို အရိပ်အယောင်ပြခဲ့တယ်
     လို့ အစ်ကို ထင်လား ။ အစ်ကိုရဲ့ယူဆချက်ကိုလည်း ကျွန်တော် သိချင်တယ် ။”
စာရေးသူ၏အမေးစကားကိုကြားသည့်အခါ ကိုကောင်းမြတ်၏မျက်နှာ၌ နားလည်ရခက်သည့်အပြုံးတစ်ပွင့် ပေါ်လာ သည် ။ ခနဲ့တဲ့တဲ့ပြုံးလိုက်သောအပြုံးမျိုး…။ ဘာကိုများ လှောင်ရယ်ချင်နေသလဲဆိုတာ သဘောပေါက်ရခက်ပါဘိ နှယ် ။
   “ ဘယ်လို ပြောရမလဲ ။ အမှန်ပြောရရင် ကျွန်တော့်စိတ်ထဲမှာ ဒီအဖြစ်အပျက်တွေကို တိုက်ဆိုင်မှုသက်သက် ။
     သဘာဝတရားရဲ့လှည့်ကွက်ဆိုတာလောက်ပဲ တွေးမိတယ် ။ ခင်ဗျား စဉ်းစားကြည့်ဗျာ…သစ်ပင်ရဲ့အရိပ် လှုပ်
     တယ်ဆိုတာကလည်း နေကြောင့် တိမ်ကြောင့် လေထုကြောင့် မြေကြီးကြောင့်…အို…တစ်ခုခုကြောင့် ဖြစ်နိုင်
     တာပဲ ။ ယုတ်စွအဆုံး ကျွန်တော်တို့ကလေးအားလုံး ဗိုက်ကလည်း ဆာ ၊ မောကလည်း မောနေတော့ ပင်ပန်း
     ပြီး ထင်ယောင်ထင်မှား မြင်ယောင်ကြတာလည်း ဖြစ်နိုင်တာပဲ ။ နောက်ပြီး…လူ့စိတ်ဆိုတာ အဆန်းသား
     မဟုတ်လား ။ လူတစ်ယောက်က ဟယ်…ဟိုမှ တိမ်တွေ ရွေ့နေတယ်/အသံတွေ ကြားရတယ်…စသဖြင့် ပြော
     လိုက်ရင် ကြားတဲ့သူတွေကလည်း တကယ်ဟုတ်/မဟုတ် မသေချာဘဲ နားယောင်ပြီး စိတ်ထဲ ဟုတ်သယောင်
     ထင်မြင်ကုန်ကြရော ။
     - ကျွန်တော့်အဖြစ်အပျက်ကို ကျွန်တော်ကတော့ အဲဒီလိုပဲ ထင်တယ် ။ ဓါတ်ပုံကလည်း ဦးအောင်ရဲ့မိသားစု
     ရွှေ့ပြောင်းတုန်းက ကျကျန်ခဲ့တဲ့ပုံ နေမှာပေါ့ ။ ဒါကလည်း တိုက်ဆိုင်တာပဲ နေမှာပါ ။ ဒါပေမဲ့ ကျွန်တော့်အဖေ
     ကတော့ ဦးအောင် မကျွတ်လွတ်သေးလို့ အရိပ်အယောင်ပြတယ်လို့ ယူဆပြီး ဘုန်းကြီးပင့် ဆွမ်းကပ် အမျှဝေ
     လိုက်တယ် ။ ဒါလည်း ကောင်းတာပါပဲ ။ ကုသိုလ်ရတာပေါ့…။ ကျွန်တော့်သူငယ်ချင်းတွေကတော့ ကြီးကောင့်
     ကြီးမားအရွယ် ခုချိန်အထိ မြေတလင်းဘက်ကို ခြေဦး မလှည့်ရဲကြသေးဘူး ။ တစ္ဆေအရိပ်ကို မြင်ကတည်းက
     ကြောက်လန့်သွားကြတာတဲ့လေ ။ ဟော…ကားစက်နှိုးလို့ ရသွားပြီ ။ စကားကောင်းနေတာနဲ့ အချိန်ကုန်လို့
     ကုန်မှန်း မသိဘူး ။ ကားပျက်လို့ ပြင်နေတာ နှစ်နာရီလောက်ရှိတော့မယ် ။ ဒီပုံအတိုင်းဆို ကျွန်တော်တို့ ဟိုကို
     အရောက်နောက်ကျတော့မှာပဲဗျာ ။ ကဲ…ကားပေါ် တက်ကြရအောင် ။”
ကိုကောင်းမြတ်က စကားကို အနားသတ်ပြီး ရှေ့မှ ဦးဆောင်လျက် ထွက်သွားလေသဖြင့် စာရေးသူလည်း နောက် ကနေ ခပ်ဖြည်းဖြည်းလိုက်ပါလာလိုက်သည် ။
      ကိုကောင်းမြတ်က စာရေးသူတို့ရုံးသို့ မကြာမီကမှပြောင်းလာသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး စကားအလွန်နည်း သောကြောင့် အပေါင်းအသင်းလည်း မရှိပေ ။ ယခုလည်း အလုပ်ကိစ္စဖြင့် နှစ်ဦးတည်း ခရီးထွက်လာခဲ့ရစဉ် စီးနင်း လိုက်ပါလာသော-လိုင်းကားသည် လမ်းခုလတ်၌ စက်ချို့ယွင်းသွားခဲ့သည် ။ ကားပြုပြင်နေသည့်အခိုက် စာရေးသူ က ရောက်တတ်ရာရာများကို မေးမြန်းမိသည့်အခါ ကိုကောင်းမြတ်က သူ့ငယ်ဘဝက ထူးဆန်းအံ့ဖွယ်အဖြစ်အပျက် တစ်ခုကို ပြန်ပြောင်းပြောပြခဲ့၏ ။ မူလဗီဇကိုက စကားနည်းပြီး အပိုတွေ မဆိုတတ်ခြင်း ၊ အလုပ်ခွင်၌ တည်တည် ကြည်ကြည်နေထိုင်တတ်ခြင်း ၊ ပညာတတ်ပြီး ရာထူးအဆင့်အတန်းရှိခြင်းတို့ကြောင့် ထိုသူလည်း မဟုတ်သည့်ကိစ္စ ကို အဟုတ်လုပ်၍ပြောမည့်သူ မဖြစ်နိုင်ပါ ။ သို့အတွက် သူ ပြောပြသောအကြောင်းအရာကို စာရေးသူ လက်ခံယုံ ကြည်လိုက်သည် ။ လက်ခံရုံသာမက ထိုအကြောင်းနှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသည်များကိုလည်း စဉ်းစားချင့်ချိန် မိသည် ။
     စာရေးသူ၏အယူအဆကတော့ ကိုကောင်းမြတ် ထင်မြင်သကဲ့သို့ မဟုတ် ။ ကိုကောင်းမြတ်လို စိတ်တည်ငြိမ်ပြီး စိတ်ဓါတ်ကြံ့ခိုင်သူတစ်ယောက်ဟာ တစ်ပါးသူ၏စကားကို အလွယ်တကူယုံကြည်လိမ့်မည် မဟုတ်ပေ ။ ယခုပင် ကြည့်ပါဦး ။ မိမိကိုယ်တိုင် ကြုံတွေ့ခဲ့သည့်အဖြစ်အပျက်ကိုပင် လက်ခံချင်မှ လက်ခံတတ်လူမျိုး…။ ထိုသို့သောသူ သည် သူတစ်ပါးပြောစကားကို အလွယ်တကူ နားမယောင်တတ် ။ နို့ဖြစ်၍ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စာရေးသူ၏ လက်ခံရာကတော့ ကျွတ်လွတ်ချင်သော-ပရလောကသားတစ်ဦးက သူ ထိုအပင်ကြီးတွင် ရှိနေကြောင်း ကိုကောင်း မြတ်ကို အရိပ်အယောင် ပြလိုက်ခြင်းသာဖြစ်မည်ဟူ၍ ။ ကားပေါ်မတက်မီ၌ သစ်ပင်တန်းလေးတွေဆီသို့ စာရေးသူ တစ်ချက်ငေးကြည့်မိပြန်သည် ။ သစ်ပင်တို့၏အရိပ်များသည် လေအတိုက်တွင် ပင်ပျိုငယ်များနှင့်အပြိုင် ယိမ်းနွဲ့ လှုပ်ရမ်းလျက် မြူးပျော်ကခုန်နေကြသည်ကို သဘာဝကျစွာ တွေ့မြင်လိုက်ရပါတော့သည် ။





                                                                           စေတနာရှေ့ထားလျက်…

                                                                                                     
                                                                                     ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။ 


စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
 

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။