Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အိမ်ပြေးကြီး ပေးသောပြစ်ဒဏ်




အိမ်ပြေးကြီး ပေးသောပြစ်ဒဏ်

 


 ( ၂၀၁၅ ဇန်နဝါရီလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )


ရေးသူ  -  ဂါဦးနွန်းကို



---------------------------------------------------------------------------------------------


- ဘာရယ်ဗျ…အိမ်ပြေးကြီးပေးတဲ့ပြစ်ဒဏ် ဟုတ်လား ။ ခင်ဗျားစကား မှားများနေသလားဗျာ ။ အိမ်ပြေးကြီးကို ပေးတဲ့ပြစ်ဒဏ်မဟုတ်ဘူး
   လား ။ ခု…ခင်ဗျား ပြောပုံအရဆိုရင် အိမ်ပြေးကြီးကနေ ခင်ဗျားကိုပေးတဲ့ပြစ်ဒဏ်ဆိုတဲ့သဘောမျိုးဖြစ်နေတယ် ။ အဓိပ္ပါယ် လွဲနေ
   သလားလို့နော့…။
- ဟားဟား…မမှားပါဘူး ကိုခင်မောင်ရယ် ။ အိမ်ပြေးကြီးကနေ ကျုပ်ကို ပေးခဲ့တဲ့ပြစ်ဒဏ်လေ ။ ဒါ့ကြောင့် အိမ်ပြေးကြီး ပေးတဲ့ပြစ်ဒဏ်
  လို့ ကျုပ်က ပြောရတာ ။
- သြော်…ခင်ဗျားစကားက အဆန်းပဲ ကိုကျော်ဟန် ။ အိမ်ပြေးဆိုမှတော့ ပေးချင်းပေး သူ့ကိုသာ အပြစ်ပေးရမှာ မဟုတ်ဘူးလား ။
- အင်း…ဒါကတော့ ဘယ်လိုပြောရမလဲဗျာ ။ အဲ…ဇာတ်လမ်းအကြောင်း လုံးစေ့ပတ်စေ့နားထောင်ကြည့်ပြီးရင်တော့ ခင်ဗျား နားလည်
   သွားလိမ့်မယ် ။ သေချာတာက အိမ်ပြေးကြီး ပေးခဲ့တဲ့ပြစ်ဒဏ်ကြောင့်သာ ကျုပ် အခုလိုဆေးရုံရောက်နေရတာပဲ ကိုခင်မောင်ရေ ။
- ဟ…ပြောစမ်းပါဦးဗျာ ။ ခင်ဗျားနှယ်…ကျွန်တော်ဖြင့် စိတ်ဝင်စားသွားပြီ ။
- ကဲ…ပြောဆိုတော့လည်း ပြောရတော့မှာပေါ့ ။ ဒီလိုဗျ…

H H H H H H H H H H H H H H


-       မဟာမြိုင်တောက နတ်ကြီးတယ် ကြားဖူးရဲ့ ။
စာဖတ်သူတို့လည်း တစ်ခါတစ်ခေါက် အလောင်းတော်ကဿပဘုရားဖူးခရီးသို့ သွားရောက်လေ့လာပါလျှင် မဟာမြိုင်တောကြီး၏
ကြောက်ခမန်းလိလိထည်ဝါကြီးမားပုံကို တွေ့မြင်ရပါလိမ့်မည် ။ မြင့်မားတုတ်ခိုင်သောသစ်ပင်အိုကြီးများ ၊ အရွက်ဖားဖား ပင်စည်ဖြောင့် ဖြောင့်နှင့်မိုးထိအောင်မြင့်သော သစ်ပင်ပျိုများ၊ အစရှိသောသစ်ပင်ရွယ်စုံကို မဟာမြိုင်တောကြီးထဲတွင် အံ့သြဖွယ်မြင်တွေ့ရလိမ့်မည် ။ အချို့အချို့သောနေရာများ၌ ရှုပ်ရှုပ်ထွေးထွေးပေါက်ရောက်လျက်ရှိသော ဝါးရုံပင်တောများကိုလည်း တွေ့ရှိနိုင်ပါသည် ။ အလောင်း တော်ကဿပသို့ ဘုရားဖူးအလည် သွားရောက်သည့်အခါ အောက်ခြေ၌သွားလာရခက်အောင် ရှုပ်ထွေးနေပြီး အထက်တွင် နေပြောက် မထိုးလောက်အောင် အုပ်ဆိုင်းလျက်ရှိသောမဟာမြိုင်တောကြီးကို ဖြတ်သန်းသွားရမည်သာဖြစ်သည် ။ ကားလမ်း မပေါက်ရောက်မီက ဆို သွားလာရ အတော်ခက်ခဲပေလိမ့်မည် ။
     စာရေးသူ၏အတွေ့အကြုံကို စကားဦးသမ်းရလျှင် (၂၀၀၅)ခုနှစ်က အလောင်းတော်ကဿပသို့ စာရေးသူ ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့သည် ။ တောတွင်းသို့ သစ်လုံးတင်သည့်ကားကြီးမျိုးဖြင့် ဖြတ်သန်းသွားခဲ့ရသည် ။ ကားမထွက်မီတွင် တာဝန်ခံ ဧည့်လမ်း ညွှန်လေးက စာရေးသူတို့ခရီးသည်များကို…
-       တောထဲတွင် သီချင်းမဆိုရ ၊
-       လေမချွန်ရ ၊ ကြမ်းတမ်းသောစကား မပြောရ ၊
-       အလေးအပေါ့ မသွားရ ၊
-       နတ်အလွန်ကြီး၍ တတ်နိုင်လျှင် မေတ္တာပို့သနေပါ ။
ဟူ၍ အခါခါအလီလီမှာခဲ့သည် ။ စာရေးသူတို့ဘုရားဖူးအဖွဲ့ဝင်များက စည်းကမ်းလိုက်နာသူများဖြစ်ကြသဖြင့် ဘာကိုမျှ ထူးထူးခြားခြား မတွေ့ကြုံခဲ့ရပါချေ ။ သို့သော် မဟာမြိုင်တောကြီးသည် နတ်ကြီးကြောင်း ထိုစဉ်ကတည်းက စာရေးသူ သိရှိခဲ့ရပါပြီ ။ သို့ကြောင့် ယခု မိတ်ဆွေဦးကျော်ဟန်- ကိုယ်တိုင်ခံစားတွေ့ကြုံခဲ့ရသောအဖြစ်ကို စာရေးသူယုံကြည်လက်ခံနိုင်သောကြောင့် စာဖတ်သူတို့ထံ ရေးသား တင်ပြလိုက်ရပါ၏ ။ (စာရေးသူ)
H H H H
        ဦးကျော်ဟန်က အသက်၄၀ခန့်ရှိပြီ ။ အသားညိုညို အရပ်ရှည်ရှည် လူပုံသွယ်သွယ်နှင့် ခန့်ညားတည်ကြည်သူဖြစ်သည် ။ အလုပ်
အပေါ်တွင်လည်း အလွန်ရိုသေချစ်ခင်သူ ။ ဦးကျော်ဟန်က (……)ကုမ္ပဏီတွင် Geologist(ဘူမိဗေဒပညာရှင်)ဖြစ်ရာ ခြေထောက်၌ ဗွေပါသူပီပီ နေရာဒေသအသီးသီးသို့ ဆယ့်နှစ်ရာသီfieldဆင်းကာ အလုပ်လုပ်ကိုင်နေရသည် ။ ရောက်သည့်နေရာတွင်လည်း လပေါင်း
များစွာ နေထိုင်ရသည် ။ ထိုသို့ သွားလာလုပ်ကိုင်နေရင်း မဟာမြိုင်တောအတွင်းသို့ fieldဆင်းလေ့လာသည့်အခေါက်၌ ထူးဆန်းအံ့သြ ဖွယ်ရာအဖြစ်အပျက်တစ်ခုကို နဖူးတွေ့ဒူးတွေ့ကြုံဆုံလိုက်ရလေ၏ ။
   “ ငါတို့ တစ်လလုံးလုံး ဒီမှာပဲ စခန်းချကြမယ် ။ မောင်အောင်မြင့်တို့သုံးယောက်က ဟိုဘက်ချောင်းကွေ့ကို တာဝန်ယူ ။ ဆရာနဲ့မင်း
     တို့သုံးယောက်က ဒီစမ်းချောင်းတလျှောက်မှာ လေ့လာရေးဆင်းကြတာပေါ့ ။”
အားလုံးက ဦးကျော်ဟန်၏စကားဆို အထူးလက်ခံလိုက်နာကြသည် ။ Seniorဖြစ်နေ၍ စိတ်မပါလက်မပါ နာခံလိုက်ရသောသဘောမျိုး မဟုတ်ဘဲ အားလုံး၏ဆရာသမား လေးစားရသူတစ်ဦးဖြစ်တာကြောင့် ဦးကျော်ဟန်၏စကား တစ်ခွန်းဆိုတစ်ခွန်းပင် ။ ပြောရလျှင် ကုမ္ပ ဏီတွင် ဝင်မလုပ်ခင်က တက္ကသိုလ်တွင် ကျူတာ(tutor)လုပ်ဖူးသူဦးကျော်ဟန်သည် ကျန်လူအားလုံးအတွက် အလုပ်ခွင်၌သာ ဆရာ  မဟုတ် ။ တက္ကသိုလ်က ဆရာဆိုလျှင်လည်း မမှား ။ သို့ကြောင့် ပို၍လေးစားလိုက်နာကြသည် ။
     ဦးကျော်ဟန်တို့စခန်းချသည့်နေရာမှာ အိုဟောင်းဆွေးမြေ့နေပြီဖြစ်သောဘိုတဲအိုကြီးတစ်လုံးပေါ်တွင်ဖြစ်၏ ။ ပို၍ တိကျသေချာ သောနေရာဒေသကို ညွှန်းဆိုပြရမည်ဆိုလျှင် မဟာမြိုင်တောအုပ်အတွင်းမှ ရွာသိမ်ငယ်လေးတစ်ရွာထိပ်ရှိ ဘိုတဲပျက်ကြီးဖြစ်၏။ အချိန် ကာလက လွန်ခဲ့သောနှစ်ပေါင်း(၂၀)ကျော်ကဖြစ်ရာ ယနေ့ခေတ်လောက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသေးသဖြင့် ရွာမှာ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေး ။ ရွာက သေးနုပ်လွန်းလှ၍ တည်းခိုစရာနေရာမရှိ ။ ဦးကျော်ဟန်တို့အဖွဲ့လည်း  သူတို့အတွက် ရွာသားများ ကို အလုပ်မပိုစေလိုသောကြောင့် ယခုကဲ့သို့ ရွာထိပ်ရှိ ဘိုတဲပျက်တွင်သာ စခန်း(camp)ချလိုက်ရခြင်းဖြစ်၏ ။ အားလုံးက ယောက်ျား သားချည်းသာဖြစ်၍ နေထိုင်ရာတွင် အခက်အခဲမရှိလှပါ ။
     လုပ်ငန်းက ရေနံကြော ရှာဖွေလေ့လာခြင်းသာဖြစ်၍ မောင်အောင်မြင့်ဆိုသူက အဖွဲ့သားအားလုံးထဲတွင် ဦးကျော်ဟန်အတွက် အားအကိုးရဆုံးတပည့်ဖြစ်သည်မို့ နှစ်ဖွဲ့ခွဲသည့်အခါ တစ်ဖွဲ့ကို ခေါင်းဆောင်ရန် တာဝန်ပေးခြင်းခံရသည် ။ အသားဖြူဖြူ လူပုံပုပုဝဝ နှင့်မောင်အောင်မြင့်က အလုပ်လုပ်ရာ၌ ပုံစံနှင့် မကိုက်ညီလောက်အောင် သွက်လက်ထက်မြက်လှသည် ။ သို့ကြောင့်လည်း ယခုကဲ့သို့ တာဝန်ပေးအပ်ခံရခြင်းဖြစ်၏ ။
     ဘိုတဲကြီးသည် ဟောင်းနွမ်းဆွေးမြေ့နေပြီး ပုံသဏ္ဍာန်ကလည်း နာမည်နှင့်လိုက်အောင် အင်္ဂလိပ်လက်ထက်ကတည်းက ဆောက် လုပ်ထားခဲ့ပုံရသည် ။ ကျွန်းသားနှင့် ဆောက်ထားသောကြောင့် ဟောင်းနွမ်းသော်လည်း ပြိုလဲလောက်အောင် ဆွေးမြေ့ယိုယွင်းခြင်းမရှိ သေး ။ လူတစ်စု ကောင်းကောင်းတည်းခိုနိုင်သည် ။ အထဲ၌လည်း ဆက်တီ(၃)လုံး ၊ ဘီဒိုတစ်လုံး ၊ စားပွဲတစ်လုံးနှင့် ကုတင်တစ်လုံး ရှိ သည် ။ ဟိုးယခင်နေထိုင်သွားသောမိသားစုများဆီက ကျန်ရစ်ခဲ့ခြင်းဖြစ်လိမ့်မည် ။ အမိုးမှာ ပေါက်ပြဲနေပြီဖြစ်သော်လည်း သစ်ပင်ကြီး များအုပ်ဆိုင်းနေသောကောင်းမှုကြောင့် မိုးရွာစေဦးတော့…မိုးယိုစရာအကြောင်းမရှိ ။ အဆင်ပြေလှပါတကား ။
     သို့ပေမဲ့ ဦးကျော်ဟန်က အဖွဲ့ခေါင်းဆောင်လူကြီးပီပီ အဖွဲ့သားများအတွက် အစစအရာရာကြိုတင်တွေးဆထားရသောကြောင့် ည ရောက်သည်နှင့် ၂၄ပစ္စည်းပဋ္ဌာန်းဒေဿနာတော်ကြီးကို ရွတ်ဖတ်ကာ ဘိုတဲပတ်လည်ကို စည်းချထားခဲ့သည် ။ လူငယ်(ကလေး)များ အကြောင်းကို ဦးကျော်ဟန် သိသည် ။ တစ်နေ့လုံး တောတိုးခဲ့ရ၍ ပင်ပန်းနွမ်းနယ်နေကြလေရာ ညရောက်သည်နှင့် ဘာသာတရား ကိုင်းရှိုင်းရန်၊ ဘုရားရှိခိုးရန် သတိမရ၊ အိပ်ကြပြီ ။ သူတို့က ပရလောကသားကို မယုံကြည် ၊ နတ်စုန်းကဝေကို လက်မခံ ၊ ရုပ်ဝါဒီသမား များဖြစ်လေရာ ဘာကိုမျှ အကြောက်အရွံ့မရှိ ။ သို့သော် ထိုပုဂ္ဂိုလ်များက သူတို့ကို မယုံကြည်ဘူးဆိုသည်နှင့် ရှောင်လွှဲသွားလိမ့်မည် မဟုတ် ။ အခွင့်သာလျှင်သာသလို နှောင့်ယှက်နိုင်သောကြောင့် ယခုကဲ့သို့ စည်းသားထားရခြင်းဖြစ်၏ ။ ဘီလူးစည်း ၊ လူ့စည်းပေါ့ ။ ထို့ နောက် ဦးကျော်ဟန်လည်း မနက်ဖြန်ပြုလုပ်ရမည့်လုပ်ငန်းများကို တွေးဆရင်း အိပ်ရာဝင်ခဲ့လေသည် ။
           မနက်၌ လုပ်ဆောင်ရမည့်လုပ်ငန်းများမှာ နိစ္စဒူဝဆန်လှ၏ ။ မနက်စာကို တပည့်လေးတစ်ဦး ချက်ကျွေးသည့်ထမင်းနှင့်ပါလာ သောစည်သွပ်ဘူးများကို စားသောက်ပြီး မောင်အောင်မြင့်တို့အဖွဲ့ကို တစ်ဖက်စမ်းချောင်းတကြောသို့ သွားစေ၍ ဦးကျော်ဟန်တို့အဖွဲ့ ကတော့ စမ်းချောင်း၏ညာဘက်ခြမ်းသို့ ဆင်းခဲ့သည် ။ တစ်နေကုန် စမ်းချောင်းတလျှောက်ရှိကျောက်ခဲများကို နမူနာ(sample)ယူလာ ကာ ရေနံကြောရှိ/မရှိ လေ့လာခဲ့ကြရ၏ ။
         Geologistသမားများဘဝက လက်ထဲ၌ ကိုင်ဆောင်ထားသောကျောက်ခဲကျောက်တုံးများဘဝလိုပင် ခက်ခဲကြမ်းတမ်းလှသည် ။ ငါ ပညာရှင်ပဲဆိုပြီး အအေးခန်းထဲချည်း နေ၍မရ ။ တောထဲတောင်ထဲသို့ လက်တွေ့ဆင်းပြီး လေ့လာမှသာ မိမိပညာဟာ အသုံးတည့် မည် မဟုတ်ပါလား ။ အသက်အရွယ်ကို မညှာအား ၊ တစ်နေကုန် ဝါသနာဇော၊ အလုပ်ဇောကပ်ကာ  ဖတ်ဖတ်မောသည့်တိုင် မရပ်နိုင် ဘဲ တောက်လျှောက်ပြေးခဲ့ရာ ညနေစောင်းမှသာ အလုပ်ရပ်နားပြီး ဘိုတဲကြီးသို့ ပြန်ခဲ့ကြသည် ။ ထိုနေ့ညသည်လည်း ယမန်နေ့ည အတိုင်း ညနေစာစား၊တစ်နေကုန် ရှာဖွေလေ့လာခဲ့သည့်ကျောက်တုံးကျောက်ခဲများကို အမျိုးအစားခွဲခြားရင်း အိပ်ရာဝင်ခဲ့ကြပြန်သည် ။ ဦးကျော်ဟန် မပျက်မကွက်လုပ်ဖြစ်သည်က ဘုရားရှိခိုးကာ ၂၄ပစ္စည်းပဋ္ဌာန်းဒေဿနာတော်ကြီးနှင့် ဘိုတဲပတ်လည်ကို စည်းချခြင်း သာ…။
H H H H H H H H H H H H H H
      သုံးရက်မြောက်သည့်တိုင် ဘာအခက်အခဲ ၊ ဘာအနှောင့်အယှက်မျှ မတွေ့ကြုံခဲ့ရသောဦးကျော်ဟန်တို့fieldဆင်းသည့်လူတစ်စု သည် လေးရက်မြောက်နေ့၌ အကြီးမားဆုံးပိတ်ဆို့မှုကြီးနှင့် ရင်ဆိုင်ခဲ့ရလေပြီ ။ ထိုကိစ္စမှာ ဦးကျော်ဟန်နှင့် တိုက်ရိုက်သက်ဆိုင်နေ သော်လည်း ဦးကျော်ဟန်က အားလုံးထဲတွင် ခေါင်းဆောင်ဆရာမို့ ဦးကျော်ဟန်၏ဒုက္ခမှာ အားလုံး၏ဒုက္ခပင်…။
   “ ဆရာ…ခဏပဲသည်းခံနော် ဆရာ ။ စိုးကျော် ကားသွားခေါ်နေပြီ ။ ဆရာ့ကို ယင်းမာပင်ဆေးရုံကို ပို့ပေးမယ် ဆရာ ။”
မောင်အောင်မြင့်က ကုတင်နဘေးတွင်ထိုင်ကာ ဦးကျော်ဟန်ကို တတွတ်တွတ်အားပေးနေသည် ။ (ကုတင်မှာ ဟိုးယခင် နေခဲ့ဖူးသော အိမ်ရှင်ဟောင်းများ ကျန်ရစ်ခဲ့ခြင်းဖြစ်မည်ဟု ယူဆရပြီး ထိုကုတင်ပေါ်တွင် ဦးကျော်ဟန်က လက်ရှိအိပ်စက်နေသူဖြစ်၏…စာရေးသူ)
   “ မောင်အောင်မြင့်ရယ်…ဒီလောက်လည်း ပူမနေစမ်းပါနဲ့ ။ ငါ ဘာမှမဖြစ်ပါဘူး ။ သည်းခံနိုင်ပါတယ် ။ မင်းတို့ဘာသာမင်းတို့ လုပ်
     စရာရှိတာသာ လုပ်ကြ ။”
ဦးကျော်ဟန်က မာန်တင်းကာဆိုသည် ။ တစ်ကိုယ်လုံး လှုပ်မရသော်လည်း ပါးစပ်နှင့်မျက်လုံးများ လှုပ်၍ရနေသောကြောင့် တော်သေး သည်ဟုပင် ဆိုရမလား မသိ ။ မိုးလင်းတုန်းက တစ်ကိုယ်လုံး လှုပ်မရတော့သဖြင့် အထိတ်တလန့်ဖြစ်ကာ ကြောက်ရွံ့ခဲ့မိပေမဲ့ ယခု တော့ အတန်ငယ် စိတ်တည်ငြိမ်သွားခဲ့ပြီ ။ အသက်အရွယ်ကလည်း ထောက်နေပြီ ၊ ဘာသာတရားအသိကလည်း အတော်အတန်ရှိနေ ပြီမို့ ကံကံ၏အကျိုးဟူ၍သာ သဘောထားလိုက်သည် ။ သို့သော် ဇွဲသန်သူပီပီ တစ်မနက်လုံး ကြိုးစားလှုပ်ကြည့်နေပေမဲ့ ခန္ဓာကိုယ်ရှိ အကြောအချဉ်များက သူတို့ကို တစ်နေကုန် ခိုင်းစေခဲ့သောမိမိအား စုပေါင်းဆန္ဒပြနေသည့်အလား တုတ်တုတ်မျှ မလှုပ်ကြသဖြင့် စိတ် လျှော့ထားလိုက်ရပြီ ။
   “ မဟုတ်တာပဲ ဆရာရယ် ။ ဆရာက အိပ်ရာထဲ လဲနေတဲ့အချိန်မှာ ကျွန်တော်တို့က fieldဆင်းနေလို့ ဘယ်ဖြစ်မလဲ ။ အလုပ်က
      လက်စသတ်လို့မြန်ပါတယ် ။ ဆရာသာ ဘာမှမဖြစ်ဖို့အရေးကြီးတာ ။ ဆရာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့တော့ ရင်ကျိုးမှာ
      ပဲ ။”
ဖိုးလျှာရှည်ပြဇာတ်မင်းသားရူးမောင်ထွန်းတင်က ကဗျာသံစာသံရောကာ ငိုချင်းနှောလျက်ပြောလိုက်ရာ ဦးကျော်ဟန် စိတ်ကုန်သွားရုံ မက ချက်ချင်းပင် နားကိုပါ လေဖြတ်စေချင်သွားမိသည် ။ ဒါမှ ဒင်းစကား မကြားရမှာ မဟုတ်လား ။
   “ တော်စမ်းပါ ထွန်းတင်ရာ ။ မင်း ပြောမှ ငါ့မှာ ချက်ချင်းသေတော့မလိုလို ခံစားလိုက်ရတယ် ။”
   “ မဟုတ်ပါဘူး ဆရာရယ် ။ ကျွန်တော်က ကျွန်တော့်ခံစားချက်ကို အရှိအတိုင်း သီကုံးလိုက်တာပါ ။ ဆရာဟာ ကျွန်တော်တို့အားလုံး
      အတွက် မြင်းမိုရ်တောင်ကြီးပါ ။ အရိပ်အာဝါသ ကောင်းကောင်းရစေတဲ့ နှစ်ချို့ညောင်ပင်ကြီး ။ ဆရာသာ မရှိတော့ရင် ကျွန်တော်
      တို့ ဘယ်အရိပ်ခိုပြီး ဘယ်အသီးစားရမှာလဲ ။”
   “ သြော်…ငါက နှစ်တောင်ချို့နေပြီကိုး ။ နေတောင်မနေသင့်တော့ဘူးပဲ ။”
   “ ဟုတ်ဘူးလေ ဆရာရဲ့ ။ နှစ်ချို့ညောင်ပင်ဆိုတဲ့သဘောက ပညာရင့်သန်တဲ့အရွယ်…ဆရာ့အရွယ်ကို ဆိုလိုတာပါ ။ တင်စားတာ
      လေ ဆရာရယ်…”
   “ ကဲ…ကဲ…ဟုတ်ပါပြီ ။ တော်ပါတော့ ထွန်းတင်ရယ် ။ စကားမရှည်ပါနဲ့တော့ ။ ငါ ဘာမှမဖြစ်သေးပါဘူး ။”
ဦးကျော်ဟန်က တော်တော့ဆိုမှ မောင်ထွန်းတင် ပါးစပ်ပိတ်သွားသည် ။ မောင်ကျော်လင်းဦး ၊ မောင်ခင်လွင်နှင့်မောင်အောင်မြင့်တို့က ဦးကျော်ဟန်၏ခြေထောက်များကို နှိပ်နယ်ပေးနေကြပေမဲ့ ဦးကျော်ဟန် မခံစားရ ။
- မိမိရောဂါက လေဖြတ်သွားခြင်းများလား…။ မိမိတစ်သက်လုံး နေရာမရွေး ၊ အချိန်မရွေးသွားလာပြီး ဝါသနာနှင့်ဝင်ငွေအတွက် ဤ
အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်လာခဲ့သလောက် ဘာဆိုဘာမျှ မဖြစ် ။ မိုးသည်းကြီးမည်းကြီးရွာချိန် ပုပ္ပါးတောင်မကြီးပေါ်သို့ တက်
ရောက်ခဲ့စဉ်ကပင် ဘာမျှမဖြစ်ခဲ့ ။ ယခု နှစ်ရက် ၊ သုံးရက် တောတိုး/စမ်းချောင်းဖြတ်ရုံမျှဖြင့် လေဖြတ်သတဲ့ ။ နည်းနည်တော့ ထူးဆန်း
      ထိုသို့တွေးတောကာ ဦးကျော်ဟန် ဇဝေဇဝါဖြစ်နေခိုက် တစ်စုံတစ်ယောက်က ဦးကျော်ဟန်၏သံသယများကို ဖြေရှင်းပေးသွားခဲ့ သည် ။ အတွေးထဲတွင် မြောလွင့်ကာ ဦးကျော်ဟန်၏မျက်နှာ မှိုင်ငေးနေ၍ တပည့်များကလည်း အလိုက်တသိ ဆိတ်ဆိတ်နေလျက်ရှိ စဉ် မြင်တွေ့လိုက်ရသည့်တစ်စုံတစ်ရာကြောင့် ဦးကျော်ဟန် အံ့သြသွားခဲ့ရသည် ။
“ ဟင်…”
စိတ်ထဲ၌ ယောင်ယမ်းရေရွတ်ရင်း မြင်တွေ့နေရသောတစ်စုံတစ်ရာကို မျက်စိဒေါက်ထောက်စိုက်ကြည့်နေမိသည် ။ အမှန်တော့ တစ်စုံ တစ်ရာမဟုတ်၊ တစ်စုံတစ်ယောက်…။ ထိုတစ်စုံတစ်ယောက်က ဦးကျော်ဟန်၏ခြေရင်း ၊ တပည့်များ၏နောက်၌ ဝေဝေဝါးဝါးပေါ်လာ ခြင်းဖြစ်၏ ။ ဝေဝါးရာမှ တဖြည်းဖြည်းထင်ရှားလာသည့်အခါ ပုံသဏ္ဍာန်ကို ပီပီပြင်ပြင်မြင်တွေ့လိုက်ရသည် ။
      ဘောင်းထုပ်ကြီးနှင့်ကာကီရောင်ဝတ်စုံဝတ်ထားသောလူကြီးတစ်ယောက် ။ အသားက မည်းနက်နေ၍ ရွှေဝါရောင်ဘောင်းထုပ်ကြီး မှာ ထင်းထင်းကြီးပေါ်နေလေ၏ ။ အသက်အရွယ်က ဦးကျော်ဟန်နှင့်မတိမ်းမယိမ်း…။ ဦးကျော်ဟန် စိုက်ကြည့်နေစဉ် ထိုလူကြီး၏ လက်ညှိုးက ဦးကျော်ဟန်ဆီသို့ တည့်တည့်ထိုးလိုက်ပြီး…
   “ ကဲ…အခုတော့ မှတ်ပြီလား ။ ကျုပ် နေရာမှာလည်း နေသေး ၊ ကျုပ်ကိုလည်း နှင်ထုတ်သေးတယ် ။ ဧည့်သည်လုပ်ပြီး အိမ်ရှင်ကို
     မရိုသေတဲ့အပြင် မေတ္တာမထားတဲ့အပြင် အိမ်ပြင်ကိုတောင် ကန်ထုတ်လိုက်သေးတယ်ပေါ့ ။ ကျုပ်မှာ အခု အိမ်ပြေးဖြစ်နေရပြီ ။
     နေစရာနေရာ မရှိတာ ဘယ်လောက်ဒုက္ခများတယ်မှတ်လဲ ။ ဘိုးဘိုးကြီးသာ လက်ခံမထားရင် ကျုပ် ဒီထက်ဒုက္ခများမှာ ။ ဘိုးဘိုး
     ကြီးက သည်းခံဖို့ဆုံးမထားပေမဲ့ ကျုပ်ကတော့ အဲဒီလောက်စိတ်ဓါတ်မပြည့်ဝနိုင်ဘူး ။ မင်းက ဧည့်သည်ဖြစ်ပြီး ဧည့်သည်လိုမနေ
     လို့ မင်းကို ကျုပ် အခုလိုလုပ်လိုက်ရတာပဲ ။ နောင်ကို ဆင်ခြင်… ။”

ဟုဆိုကာ ဖျတ်ခနဲပျောက်ကွယ်သွားသည် ။ သို့သော် မီးဝင်းဝင်းတောက်မတတ် ဒေါသထွက်နေသောမျက်လုံးကြီးများဖြင့် လက်ညှိုး ငေါက်ငေါက်ထိုးလျက်ရှိသောထိုသူ၏ပုံရိပ်က ဦးကျော်ဟန်၏စိတ်အမြင်အာရုံ၍ တော်တော်နှင့်ပျောက်ကွယ်လိမ့်မည် မထင် ။
- ငါ ဝေဒနာကြောင့် ကယောင်ကတမ်းတွေများ မြင်ယောင်နေတာလား ။
ထိုသို့ပင် ကိုယ့်ကိုယ်ကို သံသယဝင်မိသည် ။ နေ့ခင်းကြောင်တောင် မြင်တွေ့လိုက်ရသည့်ထိုမြင်ကွင်းက ကြောက်ရွံ့ထိတ်လန့်မှုထက် သံသယဖြစ်မှုကို ပိုကဲစေသည် မဟုတ်ပါလား ။ ထိုဘောင်းထုပ်ကြီး ပျောက်ကွယ်သွားသောနေရာကို ငေးကြည့်ရင်း ဦးကျော်ဟန် တွေ ဝေနေမိသည့်အခိုက်…
   “ အမလေး…အား…ဘာ…ဘာကြီးလဲ ။”
ခြေရင်း၌ နှိပ်နယ်နေသောမောင်အောင်မြင့်ထံမှ စကားသံ တစ်နည်းဆိုရသော် ကြောက်လန့်တကြားဟစ်အော်သံ ထွက်ပေါ်လာ၍ အား လုံး လန့်ဖြန့်သွားကြသည် ။ မောင်အောင်မြင့်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ကာ နှိပ်နယ်ပေးနေသောမောင်ခင်လွင်နှင့်ကျော်လင်းဦးတို့ က…
   “ ဟိတ်ကောင်…ဘာဖြစ်တာလဲ ။”
   “ အောင်ကြီးရ…လန့်လိုက်တာကွာ ။ ဘာတွေ့လို့လဲ ။”
ဟု အလုအယက်မေးကြပြီး ထွန်းတင်ကတော့ ဦးကျော်ဟန်အနားသို့ တိုးကာ ဘာမှန်းညာမှန်းမသိဘဲ ကြောက်ရွံ့လျက်ရှိ၏ ။ မောင် အောင်မြင်ခမျာ အတော့်ကို ထိတ်လန့်သွားပုံရသည် ။ တော်တော်နှင့် စကားမဆိုသဖြင့် ဦးကျော်ဟန်က သူ၏အိတ်ထဲတွင် အမြဲဆောင် ထားလေ့ရှိသော ပရိတ်ရေကို တိုက်စေသည် ။ ထိုအခါမှ အတော်အတန် စိတ်သက်သာဟန်ဖြင့် ဖြစ်ကြောင်းမှန်ကို ပြန်ရှင်းပြလေ၏ ။
   “ ဒီ…ဒီလိုပါ ။ စောစောက ကျွန်တော် ဆရာကြီးကို နှိပ်ပေးနေရင်း မျက်စိထောင့်ဆီက တစ်ခုခု လှုပ်ရှားသွားတာကို တွေ့လိုက်လို့
    မော့ကြည့်မိတော့ ခင်လွင်နဲ့ကျော်လင်းဦးတို့နောက်မှာ မှုန်ဝါးဝါးနဲ့အရိပ်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရတယ် ။ ကြည့်နေရင်း
    အရိပ်က ပီပြင်လာတယ် ။ ရှေးခေတ်တောတွင်းဝတ်စုံနဲ့ ဘောင်းထုပ်ဆောင်းထားတဲ့ ကုလားကြီးတစ်ယောက် ။ ကျွန်တော်ဖြင့် သူ့
    ကိုလည်းမြင်ရော လှုပ်မရတော့ဘဲ ကြက်သေသေသွားလိုက်တာ သူ ပျောက်သွားတဲ့အထိပဲ ။ ကုလားကြီးက ဆရာကို မကျေမချမ်း
    ကြည့်ပြီး လက်ညှိုးတထိုးထိုးနဲ့ ဘာတွေပြောနေတာလဲ မသိဘူး ။ ဆရာရော မြင်လိုက်ရလား ။ သူ…သူ ဘာတွေပြောသွားတာလဲ ။”
မောင်အောင်မြင့်က တုန်တုန်ယင်ယင်ရှင်းပြပြီး အဆုံးသတ်တွင် ဦးကျော်ဟန်ကို မေးခွန်းထုတ်လိုက်ရာ ဦးကျော်ဟန် ဆွံ့အသွားမိ သည် ။
- စောစောက ကယောင်ကတမ်းမြင်တွေ့လိုက်ရခြင်းမဟုတ် ။ မိမိတစ်ယောက်တည်းသာဆို စိတ်ထင်သည်ဟုမှတ်ယူ၍ရနိုင်ပေမဲ့ ယခု
တော့ တပည့်မောင်အောင်မြင့်ကပါ တွေ့မြင်လိုက်သဖြင့် အမှန်တကယ်ဟုဆိုရပေလိမ့်မည် ။ သို့သော် သူ ပြောသွားသောစကားများ ကို မောင်အောင်မြင့် မကြား ။ မိမိတစ်ယောက်သာ ကြားရခြင်းဖြစ်၏ ။
သို့ပေမဲ့ ထိုစကားများ၏အဓိပ္ပါယ်ကို ဦးကျော်ဟန် နားမလည် ။
- ကျုပ် နေရာမှာလည်း နေသေး ၊ ကျုပ်ကိုလည်း နှင်ထုတ်သေးတယ် ။ ဧည့်သည်လုပ်ပြီး အိမ်ရှင်ကို မရိုသေတဲ့အပြင် မေတ္တာမထား
တဲ့အပြင် အိမ်ပြင်ကိုတောင် ကန်ထုတ်လိုက်သေးတယ်ပေါ့ ။ ကျုပ်မှာ အခု အိမ်ပြေးဖြစ်နေရပြီ ။     
- မင်းက ဧည့်သည်ဖြစ်ပြီး ဧည့်သည်လိုမနေလို့ မင်းကို ကျုပ် အခုလိုလုပ်လိုက်ရတာပဲ ။ နောင်ကို ဆင်ခြင်…တဲ့ ။
သူ ပြောသွားသောစကားက တဲ့တိုးဆိုပေမဲ့ ဦးကျော်ဟန်အဖို့ ဝေ့ဝိုက်လွန်းလှသည် ။ မိမိက သူ့ကို ဘာတစ်ခုမျှ ဒုက္ခပေးခြင်း နှင်ထုတ် ခြင်းမရှိ ။ သူ့ဘာသာသူနေ ၊ ကိုယ့်ဘာသာကိုယ်နေသာဖြစ်သည် ။
      မောင်အောင်မြင့်၏အမေးကို ဦးကျော်ဟန် မဖြေမိပါ ။ ဆိတ်ဆိတ်နေကာ မှေးချင်ယောင်ဆောင်နေလိုက်သည် ။ များမကြာမီ ကား ရောက်လာ၍ စောစောကအဖြစ်အပျက်ကိုမေ့ကာ တပည့်များက ဦးကျော်ဟန်ကို ကားပေါ်သို့ပွေ့ချီပြီး ယင်းမာပင်မြို့နယ်ဆေးရုံသို့ ဦး တည်မောင်းနှင်ခဲ့၏ ။
   ဤနေရာတွင် ထူးဆန်းသောအဖြစ်အပျက်တစ်ခု ကျန်ရှိနေသေးသည် ။ ဂျစ်ကားကလေးက ဦးကျော်ဟန်တို့လူတစ်စုကို တင်ဆောင် လျက် မောင်းနှင်လာခဲ့ရာ ဘိုးဘိုးကြီးနတ်နန်းအနီးသို့ ရောက်ရှိလာခဲ့သည် ။ ဘိုးဘိုးကြီးမှာ ထိုနယ်တဝိုက်ကို အပိုင်စားရထားလေရာ ခရီးသွား/ခရီးလာကားများ၊လူများအားလုံး လေးစားရိုသေကြရသည် ။ အနည်းဆုံး ဘိုးဘိုးကြီးနတ်နန်းတွင်ရပ်ကာ ဘိုးဘိုးကြီးကို အမွှေးတိုင်/ဖယောင်းတိုင်တို့ဖြင့် ပူဇော်ပသလေ့ရှိကြသည် ။ ထိုသို့ပြုလုပ်ပါမှ ဘိုးဘိုးကြီး၏စောင့်ရှောက်မှုဖြင့် တောထဲတောင်ထဲတွင် အန္တရာယ်နည်းပါးမည်ဟု ယုံကြည်လက်ခံကြသည် ။ ဦးကျော်ဟန်တို့စီးနင်းလာသောကားသည်လည်း အလာတုန်းက ဘိုးဘိုးကြီးနတ် နန်းတွင် ဦးတိုက်ခဲ့ပြီးပြီ ။ နတ်နန်းမှာ ထိုစဉ်က ယခုလောက် ခမ်းနားကြီးမားခြင်းမရှိသေးပေ ။ သို့သော် ဘိုးဘိုးကြီး၏အရှိန်အဝါက တော့ ကြီးမားသည်ဟုဆိုရမည် ။ နတ်နန်းကို ကျော်လွန်လာသည့်အခါ ဦးကျော်ဟန်၏ခြေချောင်းများ လှုပ်ရှား၍ရသွားခဲ့သလို ထုံကျင် မှုများမှာလည်း အတန်ငယ်လျော့ပါးသွားခဲ့ပြီ ။ ထိုဖြစ်ရပ်က ဘောင်းထုပ်နှင့်လူကြီး၏သတိပေးစကားသည် အမှန်ပင်ဖြစ်ကြောင်းကို သက်သေခံလိုက်သကဲ့သို့ ရှိပါသည် ။
      ဦးကျော်ဟန်သည် ထိုရောဂါဝေဒနာဖြင့် တစ်လနီးပါး ဆေးရုံတက်ခဲ့ရသည် ။ ဆေးရုံသို့ လိုက်လာကြသောမိသားစုနှင့်အရင်းနှီးဆုံး မိတ်ဆွေများက မိမိကို အလုပ်လျှော့လုပ်ရန် ၊ ကျန်းမာရေး ဂရုစိုက်ရန် မှာကြားမှုများကိုလည်း ဦးကျော်ဟန်တစ်ယောက် အောင့်အီး နာခံခဲ့ရသည် ။ ဆေးရုံဝန်ထမ်းနှင့်ဆရာဝန်များက လေဖြတ်ခြင်းဟု ရောဂါခေါင်းစဉ်တပ်ကြပေမဲ့ မိမိရောဂါ၏ဇစ်မြစ်ကို မိမိအသိဆုံး ။ ထိုအကြောင်းကို တွေးမိတိုင်း ဦးကျော်ဟန် တနှုံ့နှုံ့ခံစားခဲ့ရသည် ။ စိတ်ထဲ၌ လိပ်ခဲတည်းလည်းဖြစ်ခဲ့ရသည် ။ ထိုပုဂ္ဂိုလ်က မိမိကို သူ့အား နှင်ထုတ်သည်ဟု စွပ်စွဲကာ ဒုက္ခရောက်အောင် ပြုလုပ်ခဲ့သည် ။ နောက်ပြီး တန်ခိုးအကြီးဆုံး ၂၄ပစ္စည်းပဋ္ဌာန်းဒေဿနာတော် ကြီးကို ရွတ်ဖတ်လျက်သားနှင့် ယခုကဲ့သို့ သူတပါးပြုစားမှုကို ခံလိုက်ရ၍ အံ့သြမဆုံး ၊ နားလည်ရခက်နေပြီး အလုပ်များ နှောင့်နှေးခဲ့ရ ၍ ထိုပုဂ္ဂိုလ်ကြီးအပေါ်လည်း ဒေါသထွက်မိ၏ ။ သို့နှင့် ဆေးရုံမှဆင်းခွင့်ရပြီး ရန်ကုန်သို့ ပြန်ရောက်သည့်အခါ စိတ်ထဲ၌ လိပ်ခဲတည်း လည်းဖြစ်ခဲ့သောထိုကိစ္စအပေါ် သည်အတိုင်းမထားရစ်နိုင်၍ ထိုကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းလျှောက်တင်ရန်အတွက် ကိုးကွယ်နေကျ ဘုန်းဘုန်းဘုရားဆီသို့ သွားရောက်ခဲ့သည် ။
   “ အိမ်း…တကာကြီးက ဘာသာတရား ကိုင်းရှိုင်းပေမဲ့ လေ့လာစူးစမ်းမှုကျ နည်းသကိုးကွယ့် ။ ဒီပုဂ္ဂိုလ်မျိုးကျ တစ္ဆေသရဲလို့ သတ်
     မှတ်လို့မရဘူး ။ တန်ခိုးဣတ္ထိပတ်အတော်အတန်ရှိတဲ့အစောင့်ပုဂ္ဂိုလ်မျိုး ။ သူက အဲဒီနေရာဒေသကို အပိုင်စားရထားတာ ။ တကာ
     တို့က သူ့နယ်မြေမှာသွားပြီး တည်းခိုနေရတဲ့သဘော ။ ဒီတော့ သူက အိမ်ရှင် ၊ ကိုယ်က ဧည့်သည် ။ ဒီကြားထဲ တကာက မေတ္တာ
    သုတ် မရွတ်ပွားဘဲ ၂၄ပစ္စည်းနဲ့ စည်းချလိုက်တော့ သူ့ကို အိမ်က နှင်ထုတ်လိုက်သလိုဖြစ်သွားတယ် ။ သူ့နေရာကနေ သူ့ကို နှင်
    ထုတ်လိုက်တော့ သူ စိတ်မဆိုးဘဲနေပါ့မလား ။ ဒါ့ကြောင့် တကာ့ကို သူက သူမှာရှိတဲ့တန်ခိုးနဲ့ ဒုက္ခရောက်အောင် ပြုလုပ်လိုက်တာ
    ဆိုပါတော့ ။ သူ အပိုင်စားရထားတဲ့နယ်မြေမှာဖြစ်တဲ့အတွက် တကာတို့ကို သူ အဲဒီလိုလုပ်ခွင့်ရှိတယ် ။ လုပ်လို့ရတယ် ။ ဒါပေမဲ့
    တကာက ကံမြင့်နေပေလို့ ၊ ၂၄ပစ္စည်းပဋ္ဌာန်းဒေဿနာတော်ကြီးကို ရွတ်ဖတ်သရဇ္ဈယ်ထားတဲ့အကျိုးကြောင့် ခုလောက်ပဲ ထိခိုက်
    ခဲ့တာ ။ သူတို့လိုပုဂ္ဂိုလ်မျိုးက လုပ်ရင် သေလောက်အောင်လုပ်လို့ရတယ်ကွယ့် ။ ဒါ့ကြောင့် ဘယ်သွားသွား ဘယ်လာလာ မေတ္တာ
    သုတ်ကို ရွတ်ဖတ်ထားတာ မမှားဘူး တကာ ။”
ဘုန်းဘုန်းဘုရား ရှင်းပြတော်မူမှပဲ ဦးကျော်ဟန် နားလည်သဘောပေါက်တော့သည် ။ ထိုအခါမှ မိမိ၏အမှားကိုလည်း သတိပြုမိ၏ ။ ပညာရှိ သတိမေ့ခဲဟုဆိုမလား…အိပ်ချင်ဇောဖြင့် မေ့လျော့ကာ မေတ္တာသုတ်ကိုမရွတ်ပွားဘဲ စည်းချမိခဲ့ခြင်းဖြစ်သည် ။ နောက်ပြီး ကိုယ့် အမှား ကိုယ်မမြင်ဘဲ ယုံထင်ကြောင်ထင်တွေးခဲ့မိသေးသည်မှာ ရှက်ဖွယ်လိလိပင် ။ ယခုတော့ ၂၄ပစ္စည်းပဋ္ဌာန်းဒေဿနာတော်ကြီး၏ ကျေးဇူးတော်ကြောင့် အသက်မသေဘဲ လေဖြတ်ရုံသာဖြတ်ခဲ့ခြင်း မဟုတ်ပါလား ။ ရုတ်တရက် သတိရမိသည်က မြတ်စွာဘုရားသခင် ဟောကြားတော်မူခဲ့သောတရားတော်ကို ဆရာတော်ကြီးများ ပြန်လည်မိန့်ဆိုသည့်စကား… ။
   မြတ်စွာဘုရားသခင်လက်ထက်တော်က တရားရှာထွက်သောရဟန်းတော်များသည် တောထဲ၌ ပဋ္ဌာန်းတရားတော်နှင့်သုတ်တော်များ ကို ရွတ်ဖတ်ပွားများကြသည့်အခါ ရုက္ခစိုးနတ်များအပါအဝင် ကြားနာနိုင်ခြင်းမရှိသောအနိမ့်စားနတ်များ ၊ ပုဂ္ဂိုလ်များသည် မိမိတို့၏အိမ် ရာသစ်ပင်ဒေသများကို စွန့်ခွာကာ ဝေးရာသို့ ထွက်ပြေးကြရ၏ ။ ထိုအခါ တန်ခိုးဣတ္ထိပတ်ရှိသောနတ်များက အမျက်ထွက်ကာ ရဟန်း တော်များကို ပြုစားရန်အထိ ကြံစည်မိကြ၏ ။ သို့သော်လည်း မသင့်တော်သည်ကို ဆင်ခြင်မိ၍ ဘုရားသခင်ထံပါးသို့ သွားရောက်ကာ ထိုကိစ္စကို လျှောက်တင်ကြသည်တွင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ရဟန်းတော်များအား မေတ္တာသုတ်တော်ကို ရွတ်ဆိုပွားများ စေခဲ့ပါသည် ။ ထိုအကြောင်းအရာတို့ကို ပြန်လည်တွေးတောမိကာ ဦးကျော်ဟန် နှလုံးသွင်းလိုက်မိသည်က
- မိမိကြောင့် သူတပါး ဒုက္ခမရောက်ရအောင် မေတ္တာသုတ်တော် ပွားများရွတ်ဆိုရင်း အတွင်းစိတ်၌လည်း အတတ်နိုင်ဆုံး မေတ္တာထား
ကာ နေထိုင်တော့မည်ဟူ၍…။



                                                                                                           
                                                       စေတနာရှေ့ထားလျက်…
                                                             ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။



- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။


- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
 
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။