Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

လွမ်းလိုက်တာ မိညိုရယ် ....

( ၂၀၁၅ သြဂုတ်လထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည် )

 


     ခြံရှေ့မှာ လူစိမ်းတစ်ယောက် ။
ဟိုကြည့်ဒီချောင်းနဲ့ ရစ်သီရစ်သီလုပ်နေလေရဲ့။ မိညိုတို့ခြံဝန်းကြီးအကြောင်း ရွာထဲမှာ 
ဒီလောက်သတင်းကြီးတဲ့ဟာကို သူ မသိဘူးလား မပြောတတ်ပေါင် ။
     အင်း…
မိန်းကလေးတစ်ယောက် ဖြစ်နေလို့လည်း မိန်းမချင်းမို့ ချောင်းရုံချောင်းတာလောက်ကို 
ခွင့်လွှတ်လိုက်ပါမယ်လေ ။ သူက ခြံထဲကို ကျူးကျော်ဝင်လာတာမှ မဟုတ်ဘဲ ။
     အဲ…
ဒါပေမဲ့ …ဒါကလည်း မိညိုမို့လို့ပါနော် ။ မိညိုရဲ့အစ်မတွေဖြစ်တဲ့ မိဝါနဲ့မိစိမ်းတို့သာဆိုရင် 
ဘယ်အချောင်းခံလိမ့်မလဲ ။ လာ ချောင်းတာနဲ့ တစ်ခုခုလုပ်ထည့်လိုက်ပြီ ။ သူတို့က 
သိပ်စိတ်ဆတ်တာ ။ နည်းနည်းမှ အလွဲခံတာ မဟုတ်ဘူး ။
    မိညိုလား…
မိညိုကတော့လေ စိတ်နုတယ် ။ ကံအကြောင်းတရား မလှလို့သာ ဒီဘဝကြီးမှာ နေနေရတာ။
 ဖြစ်နိုင်မယ်ဆိုရင် မိညိုက… အို… စိတ်ကူးယဉ်စကားတွေ မဆိုတော့ပါဘူး ။ duty is duty . 
တာဝန်က တာဝန်ပဲလေ ။ မိညိုမှာ တာဝန်ရှိတယ် ။ ဒီခြံ ကြီးထဲကို လူစိမ်းတွေ လာမရှုပ်စေဖို့ 
မိညို ထိန်းသိမ်းစောင့်ရှောက်ရမယ် ။ ဒီတော့…ဒီအမျိုးသမီး ဘာလာချောင်းသလဲ သိရအောင် 
သွားစောင့်ကြည့်ဦးမှ ။
    ဒီအတွေးနဲ့ အိမ်ပေါ်က ဆင်းလာတုန်း အဲဒီအမျိုးသမီးရဲ့အပြုအမူကြောင့် မိညို အံ့သြသွား
ရတယ် ။ အလို…သူက ခြံ စည်းရိုးတိုင်ပေါ်ကို စံပယ်ပန်းကုံးလေး တင်ပြီး နှုတ်ကလည်း…
   “ ခြံရှင်တို့…ခြံရှင်တို့နဲ့ မိတ်ဆွေဖြစ်ပါရစေ ။ ခြံရှင်တို့အတွက် ကျွန်မကိုယ်တိုင် ခူးပြီးသီလာတဲ့ 
     စံပယ်ပန်းကုံးလေးကို လက်ဆောင်ပေးပါတယ် ။ ပန်းလိုမွှေး ၊ စမ်းလိုအေးပါစေ ။ 
     စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာပါစေ ။ ကျွန်မကို တစ်ခုပဲ အခွင့်ပြုပါ ။ ကျွန်မ ဒီခြံစည်းရိုး
      တလျှောက်မှာရှိနေတဲ့ သပြေညွန့်တွေကို ခူးချင်ပါတယ် ။ ကျွန်မက ရွာထဲမှာနေတဲ့
      ဆင်းရဲသူတစ်ယောက်ပါ ။ စီးပွားမရှာတတ်လို့ ဒီသပြေညွန့်တွေကို ခူးပြီး မြို့မှာ 
       သွားရောင်းချင်ပါတယ် ။ ဒါပေမဲ့…ကိုယ့်သဘောနဲ့ကိုယ် မလုပ်ဝံ့ပါဘူး ။ ခြံရှင်တို့ ခွင့်ပြုမှပဲ 
       ခူးပါ့မယ် ။ အကယ်လို့ ခြံရှင်တို့ ခွင့်ပြုတယ်ဆိုရင် ဒီစံပယ်ကုံးလေးကို ခြံရှင်တို့ လက်ခံပေးပါ ။”
ဒီလိုမျိုး တတွတ်တွတ်ရွတ်နေတယ် ။
      မိညိုရဲ့တစ်သက် ဒီအပြုအမူမျိုးကို မမြင်ခဲ့ဖူးလို့ တော်တော်အံ့သြသွားမိတယ် ။ 
ဘယ်လိုလူပါလိမ့် ။ ငေးကြည့်နေမိ တုန်းမှာပဲ သူက ပြုံးရွှင်တဲ့အမူအရာနဲ့ မိညိုရှိရာကို 
လှမ်းကြည့်ပြီး လှည့်ထွက်သွားတယ် ။ သူ့မျက်ဝန်းတွေက ပြုံးပြုံးရီရီနဲ့ ခင်မင်စရာကြီး ။ 
သူ ထွက်သွားမှ ခြံစည်းရိုးတိုင်နားကို မိညို လျှောက်လာလိုက်တယ် ။ 
အယ်…စည်းရိုးပေါ်မှာ သူ ထားခဲ့တဲ့ စံပယ်ပန်းကုံးလေးက ဖြူဖြူဖွေးဖွေး မွှေးမွှေးကြိုင်ကြိုင်နဲ့ ။ 
သူက မိညိုတို့ဖို့ အမှန်ပဲ တကူးတကခူးသီလာပုံရရဲ့ ။ စံပယ်ပန်း ကုံးလေးကို လှမ်းယူရင်း 
မိညို သူ့ကို ခင်သွားမိပြီ ။



r r r r r r r




    “ အောင်သပြေရိပ် ” မဟာစံအိမ်တော် ။"
နာမည်က ခန့်ထည်သလောက် ရာဇဝင်ကလည်း ဆန်းကြယ်လှသည် ။ လွန်ခဲ့သောနှစ်(၁၀၀)ကျော်က ထိုအောင်သပြေရိပ် မဟာစံအိမ်တော်ကြီးတွင် မင်းမျိုးမင်းနွယ်တစ်စု ပုန်းအောင်းကာ လျှို့ဝှက်စွာနေထိုင်ခဲ့ကြသည် ။ အင်္ဂလိပ် အုပ်စိုးသော ကာလဖြစ်သည်မို့ မဟာမျိုးမဟာနွယ်တို့အဖို့ အန္တရာယ်က လက်တစ်ကမ်းရယ် မဟုတ်ပါလား ။ သို့ဖြစ်၍ အိမ်စေတချို့နှင့် အိမ်တော်ထိန်းကြီးမှလွဲ၍ မဟာနွယ်ဝင်တို့သည် ရွာထဲသို့ မဆိုထားနှင့် ။ အိမ်ထဲကအိမ်ပြင်တောင် မထွက်ဝံ့ကြဘဲ သူတို့ရှိ ၍ရှိမှန်းမသိအောင် ပိရိစွာနေထိုင်ခဲ့ကြ၏ ။ သို့သော်လည်း…
     ဝိသမလောဘသားတို့၏သဘောကိုက ဆိုးလှပါသည် ။ ရွာထဲမှအင်္ဂလိပ်အလိုတော်ရိတစ်စုက
 မြို့အုပ်မင်းထံ မျက်နှာ လိုမျက်ရလုပ်ကာ ထိုသတင်းကို သွားပို့ခဲ့သည် ။ ပို့တော့လည်း ရိုးရိုးမပြောဘဲ 
ပုန်ကန်ရန် လူစုနေသယောင် “ကား”သည် ။ မင်းမျိုးမင်းနွယ်ဆိုကတည်းက ရွံ့ကြောက်လန့်ထိတ်
နေကြသော-နယ်ချဲ့တို့ကလည်း ထိုခြံဝန်းကို သိမ်းပိုက်ကာ သူပုန်များ ကို ဖမ်းဆီးမည်ဟု အမိန့်ထုတ်
ခဲ့သည် ။ ခြံသို့ အားချင်းချီတက်လာကြသည် ။
     ထိုသတင်းကို “အောင်သပြေရိပ်”မဟာစံအိမ်တော်က မည်သို့မည်ပုံ ကြိုတင်ကြားသိသလဲ 
မပြောတတ် ။ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို သင့်တော်ရာတွင် သိုဝှက်သိမ်းဆည်းပြီး 
သန့်စင်သောအဝတ်အစား ၊ မွှေးကြိုင်သောနံ့သာရည်တို့ဖြင့် ကိုယ့်ကိုယ်ကို အလှဆုံးတန်ဆာ
ဆင်ပြီးသကာလ မြတ်ဘုရားရှင်ထံတွင် သစ္စာပြုတိုင်တည်ကြသည် ။
   “ အောင်သပြေရိပ်မိသားစုသည် ဘုရား ၊ တရား ၊ သံဃာရတနာသုံးပါးကို အသက်ထက်ဆုံး
      ကြည်ညိုကိုးကွယ်သူများ ဖြစ်ပါသည် ။ ဤမှန်သောသစ္စာစကားကြောင့် နောင်ပွင့်တော်မူမည့် 
      အရိမေတ္တေယျမြတ်စွာဘုရားရှင်အား ဖူးမြော်ခွင့်ရပါစေ ။ တရားထူးတရားမြတ်ကို နာကြားကာ 
      ကျွတ်တန်းဝင်ရပါစေသား ။”
ထိုသို့ သစ္စာပြုဆုတောင်းပြီးနောက်တွင် တပါးသူ၏အနိုင်ကျင့်သတ်ဖြတ်မှုကို မခံလိုသော 
မာန်ထက်သူများပီပီ အင်္ဂလိပ်တို့ လာရောက်မသိမ်းပိုက်မီ သူတို့ကိုယ်သူတို့ အဆုံးစီရင်
လိုက်ကြတော့သည် ။


r r



      ဤရာဇဝင်သည် အဖြစ်မှန် ဟုတ်လေသလား / မဟုတ်လေသလားကို မာလာ မသိပါ ။ သို့သော်…သိတတ်စအရွယ်ကတည်းက ထိုခြံဝန်းနှင့်ပတ်သက်သည့်-ရာဇဝင်ကို အိပ်ရာဝင်ပုံပြင်ပမာ 
မကြာခဏနားဆင်နေရ၍ အလွတ်ရခဲ့ပြီ။ နောက်ဆက်တွဲအနေဖြင့် သတ်သေသောလူစုသည် မြှုပ်နှံ
လျှို့ဝှက်ထားသော-ပစ္စည်းဥစ္စာတို့ကို စွဲလန်းကာ ထိုခြံထဲတွင် မကျွတ် လွတ်ဘဲ ရှိနေကြသည် ။ 
အင်္ဂလိပ်တို့ လာရောက်သည့်အခါ၌ ခြံဝန်းကို မတွေ့ရဘဲ မြေကွက်လပ်ကြီးကိုသာ တွေ့မြင်ကြ၍ 
မျက်နှာလုပ်သူတစ်စုမှာ မျက်နှာမရ၊ ခြေထောက်ရကြသည် ။ ထိုစဉ်ကတည်းက ဝုန်းခနဲပျောက်
ကွယ်သွားသော-အောင် သပြေရိပ်စံအိမ်တော်ကြီးသည် နိုင်ငံ သာယာအေးချမ်းသည့်အခါမှ နေရာ၌ 
ဘွားခနဲပြန်ပေါ်လာသည်ဟု ဆို၏ ။
     ခြံအနီးအပါးသို့ ချည်းကပ်လာသူများကို ချောက်လှန့်ထုတ်သည် ။ လူ့ဘဝတုန်းက ကုသိုလ်ကံ 
ကြီးမားပြီး အကျင့်သီလ စင်ကြယ်ခဲ့သူများဖြစ်၍ တန်ခိုးဣိတ္ထိပတ်မြင့်မားသည် ။ ခြံထဲသို့ စော်ကား
နှောင့်ယှက်ရန် ကျူးကျော်ဝင်လာသူများကို အသက်သေလုသည်အထိ ပြုစားပစ်နိုင်စွမ်းရှိသည်ဟု 
ရွာလူကြီးများက အဆင့်ဆင့် လက်ဆင့်ကမ်းပြောဆိုခဲ့ကြသဖြင့် မာလာတို့လက်ထက်၌ ထိုခြံဝင်း
နားသို့ ကပ်ဝံ့သူဟူ၍ မရှိတော့ချေ ။

                                  

r r r


       မာလာတစ်ယောက် မနက်ဖြန်ဆိုလျှင် အသက်(၁၆)နှစ် ပြည့်တော့မည် ။ အမေက 
စီးပွားရှာလျှင်ရှာ ၊ မရှာလျှင် အိမ် ထောင်ချပေးမည်ဟု တိုက်တွန်းနေသည် ။ မာလာတို့ရွာမှာ 
သည်လိုပါပဲ ။ အသက်(၁၆)နှစ်ပြည့်၍ အပျိုဖော်ဝင်ကာ အလှ ပြည့်စုံပြီဆိုလျှင် အစွမ်းကုန်
ဖူးပွင့်နေသော-ပန်းကံ့ကော်လို ရောင်းတန်းဝင်သည့်သဘော ရှိသည် ။ ထိုအချိန်တွင် 
လာ ရောက်စပ်ဟပ်သူ အများဆုံးကာလဖြစ်သည် ။ သို့ကြောင့်…မိန်းမသားပီပီ စီးပွားမရှာချင် ၊ 
အလုပ်ကြမ်းကို ပင်ပင်ပန်းပန်း မလုပ်ချင်သူအများစုသည် အသက်(၁၆)နှစ်ကျော်သည်နှင့် 
အိမ်ထောင်ပြုလိုက်ကြတော့သည် ။
      မာလာကတော့ အိမ်ထောင်မပြုချင်ပါ ။ ဤအရွယ်ဟာ အိမ်ထောင်ပြုရန် ငယ်လွန်းပါ
သေးသည် ။ ဘဝမှာ လေ့လာမှတ်သားစရာတို့ အများကြီးကျန်ရှိနေသေးရာ အိမ်ထောင်ပြုခြင်းဖြင့် 
ထိုလေ့လာမှတ်သားစရာဗဟုသုတများ၏အဝေးသို့ မာလာ ပြေးမထွက်ချင် ။ သို့ဖြစ်၍…
အမေ့စကားအတိုင်း စီးပွားရှာရတော့မည် ။ စီးပွားရေးတစ်ခုခုလုပ်ကာ ဝင်ငွေရှိနေပါမှ 
အမေကလည်း မာလာ့ကို ကြည်ဖြူမှာ မဟုတ်လား ။
     ဟင်…မိဘဖြစ်ပြီး သားသမီးကို မသထာဘူးလားဟူ၍ အပြစ်တင်မစောပါနှင့်ဦး ။ 
မာလာတို့ဘဝအခြေအနေကလည်း ဆိုးလွန်းသည် ။ မာလာတို့ နေထိုင်သည့်အိမ်က 
အိမ်ဟုသာခေါ်ရ၏ ။ တဲသာသာ ။ ဆင်းရဲလှပါသည် ။ သည်တော့…သား သမီးများ၏
တာဝန်ကို မိဘများက ကြာရှည်စွာ မထမ်းရွက်ထားနိုင် ။ သို့ကြောင့်လည်း အရွယ်
ရောက်သည်နှင့် သင့်တော် မည့်သူ ရှာကာ အိမ်ထောင်ချပေးလိုက်ကြသည် ။ 
    မာလာတို့တွင် မွေးချင်း(၅)ယောက် ရှိသည် ။ အထက်မှာ အစ်ကို(၂)ယောက် ၊ အစ်မ
(၂)ယောက်ဖြစ်ပြီး မာလာက အငယ် ဆုံးဖြစ်၏ ။ ယခုတော့ နေအိမ်တွင် မာလာနှင့်
မိခင်ကြီးသာ ကျန်ရစ်တော့သည် ။ အဖေက မာလာငယ်ငယ်ကတည်းက ပိုး ထိကာ 
ဆုံးလေပြီ ။ အစ်ကိုနှင့်အစ်မအားလုံးကလည်း အိမ်ထောင်ကျကာ အိမ်ခွဲသွားကြပြီ ။
     မာလာတို့ရွာကလေးက တောစပ်မှာ ရှိနေသော-ဇနပုဒ်ရွာလေးဖြစ်သော်လည်း
 မြို့နှင့်အလှမ်းမဝေးပါ ။ ကားနှင့်သာဆို နာရီဝက်စီးရုံမျှဖြင့် ရောက်နိုင်ပါသည် ။ 
သို့သော်လည်း…တတ်နိုင်သူမရှိသဖြင့် ကားလမ်း မပေါက် ။ သည်တော့ မြို့နှင့် ရွာက 
နီးလျက်ဝေးကာ သွားစရာရှိပါက ခြေကျင်ခရီးနှင်ရသည် ။ တောစပ်မှာရှိနေသော
ရွာကလေးပီပီ စီးပွားရေးကလည်း တောကို မှီသည် ။ သစ်ခုတ်၊ဝါးခုတ်ကြသည် ။ 
မျှစ်ချိုး၊မှိုချိုး၊အသီးအရွက်ခူးကြသည် ။ မုဆိုးများကလည်း သားကောင်ပစ် ခြင်းအမှုကို
 ပြုသည် ။ ရရှိသောကုန်ကြမ်းများကို မြို့သို့သွားကာ ရောင်းချလေ့ရှိသည် ။
     မာလာ စီးပွားရေးလုပ်မှဖြစ်တော့မည် ။ မဟုတ်လျှင် အမေက မုဆိုးဦးဖိုးတုတ်၏
သားနှင့် အိမ်ထောင်ပြုရန် နားချတော့ မည် ။ အိမ်ထောင်မပြုလိုသေး၍ မာလာလည်း 
ကြံရာမရသည့်အဆုံး လူတကာ မကြံစည်ဝံ့သော-အကြံတစ်ခုကို မျက်ကန်း 
တစ္ဆေမကြောက်သလို အရဲစွန့်ကာ လုပ်တော့သည် ။

r r r


   “ ဘာ…ဘာရယ်…အမလေး…အမလေး…! မိမာလာ…ညည်း ရူးများနေသလား ။ 
ဘယ့်နှယ့်အေ… ။ အဲဒီခြံကြီးဆီကို  ညည်းမို့လို့ သွားဝံ့တယ် ။ ဘာအရူးထရတာလဲ ။ 
ဘာသွားလုပ်တုံး ။”
ဘယ်ကဘယ်သူ ချွန်တွန်းလုပ်လိုက်သည်မသိ ၊ အောင်သပြေရိပ်စံအိမ်တော်က
 ပြန်လာပြီး၍မှမကြာ အမေ၏ခုနစ်သံချီ သော ဟစ်အော်သံကိုကြားရသည် ။
 ဘယ်တတ်နိုင်ပါ့မလဲ ။ မာလာလည်း ရှင်းပြရန်အတွက် စိတ်ကို အသင့်ပြင်ဆင်ထား 
လိုက်သည် ။
   “ မိတ်သွားဖွဲ့တာပါ အမေရာ ။”
   “ အောင်မလေးဟဲ့…ကြီးကြီးကျယ်ကျယ် ။ ဘာကိစ္စရှိလို့ သွားပတ်သက်နေရတာလဲ ။ 
      နင့်ကို ဟိုက ဝိညာဉ်နှုတ်လိုက်လိမ့်မယ် ။ နင်…ဒီအိမ်ကြီးရဲ့ရာဇဝင်ကို မသိတာလည်း 
      မဟုတ်ဘဲနဲ့ဟယ် ။”
   “ အမေကလဲ ။ သိလို့သွားရဲတာပေါ့ ။ အိမ်ပိုင်ရှင်တွေက သူတို့ကို နှောင့်ယှက်မှ ပြုစား
     တာလေ ။ သူတို့ကို မိတ်လာဖွဲ့တဲ့သူကိုတော့ အဲဒီလိုလုပ်မယ်မထင်ပါဘူး ။ နောက်ပြီး…
     သမီးက သူတို့ခြံထဲလည်း အတင်းမဝင်ဘူး ။ အခုလည်း ခြံထဲတောင် မရောက်ခဲ့ဘူး ။”
   “ တော်ပါတော့ မိမာလာရယ် ။ ခြံထဲကိုဝင်ဖို့ စိတ်တောင်မကူးပါနဲ့ ။ နောက်ပြီး ခြံနားကိုလည်း 
     မသွားပါနဲ့အေ ။ ညည်း ဘာတွေ လျှောက်လုပ်နေရတာလဲ ။”
   “ အမေပဲ စီးပွားရှာဆို ။ သမီးလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီးပွားရှာမလို့လေ ။”
   “ ဟင်…နင်…နင်…သိုက်တူးမလို့လား ။ ဟဲ့…မလုပ်ကောင်းဘူးနော် ။ အဲဒါတွေက 
      ဘုရားရှင်ထံ ရည်စူးပြီး လှူဒါန်းထားတဲ့ပစ္စည်းတွေဟဲ့ ။ ဒါ့ကြောင့် သူတို့တွေက 
      အဲဒါတွေကို စောင့်ရှောက်နေကြတာ ။ သိုက်တူးရင် တစ်ဘဝပဲ စံမှာဟဲ့ ။”
   “ အာ…အမေကလဲ ဘာတွေလျှောက်ပြောနေတာလဲ ။ သိုက်တူးစရာလား ။ အခုက…
     သပြေခူးမလို့ ။ အောင်သပြေရိပ်က နာမည်နဲ့လိုက်အောင် သပြေတွေပေါတယ်လေ ။ 
     သမီးတို့ရွာမှာ သပြေရှားတယ်မဟုတ်လား ။ ဒီတော့…အဲဒီခြံမှာသာ သပြေခူးလို့ရရင် 
     သမီး မြို့မှာ ဈေးကောင်းရမှာတော့ ။”
   “ ဟယ်…ဒီကောင်မလေး ။ မကြံကောင်းမစည်ရာတွေ ။ သပြေ မရောင်းရလည်း
     နေပါစေအေ ။ သွားပါ…တောထဲမှာသူများတွေလိုပဲ မှိုချိုး၊မျှစ်ချိုးစမ်းပါ ။ မငတ်ပါဘူး ။ 
     ဒီ…အသက်ဘေးနဲ့နီးတဲ့အလုပ်ကိုတော့ မလုပ်စမ်းပါနဲ့ ။ အေး…နောက်တစ်ခါ အဲဒီခြံဘက် 
     သွားတယ်ကြားလို့ကတော့ ဟွန်း…အတွေ့ပဲနော် မိမာလာ ။”
မာလာလည်း ရှင်းပြမနေတော့ပေ ။ ရှင်းပြလည်း အမေက လက်ခံမည်မှ မဟုတ်ဘဲလေ ။ 
အမေ့စကားကို နာခံသယောင် ဟန်ဆောင်ကာ ခေါင်းကို ခပ်မြန်မြန်ညိတ်လိုက်သည် ။ 
    အတွေးထဲမှာတော့ မနက်ဖြန် “အောင်သပြေရိပ်”ခြံသို့ သွားရောက်ရန် စိတ်ကူးနေမိ၏ ။ 
လူမမြင်သူမမြင်အောင် အစော ကြီးသွားမှဖြစ်မည် ။ စံပယ်ပန်းတွေကို ညကတည်းက 
ခူးပြီး ရေတောက်ထားရမည် ။ မာလာ ထားရစ်ခဲ့သည့် ခြံစည်းရိုးတိုင် ပေါ်က စံပယ်ကုံးလေး
 ပျောက်ဆုံးနေပါစေဟူ၍လည်း ဆုတောင်းနေမိ၏ ။



r r r r r r r

 



   “ ဟယ်…”
မာလာ ဝမ်းသာသွားသည် ။ ခြံစည်းရိုးတိုင်ပေါ်တွင် စံပယ်ပန်းကုံး မရှိတော့ ။ မျက်စိများ 
မှားသလားအထင်နှင့် မျက်လုံး များကို ပွတ်သပ်ကာ သေချာပြန်ကြည့်သည် ။ မရှိ ။ ဟုတ်ပါပြီ ။
 ခြံရှင်တွေက မာလာ့မေတ္တာကို ချက်ချင်းတုံ့ပြန်နေပါပြီ ။
      သို့သော်…အတင့်မရဲသေး ။ တွက်ထားသည့်အတိုင်း (၃)ရက်တိတိ ခွင့်တောင်းမည် ။ 
(၃)ရက်လုံးလုံး ခွင့်ပြုမှပဲ သပြေ ညွန့် စ,ခူးမည်ဟု မာလာ ဆုံးဖြတ်ထား၍ ယနေ့လည်း 
စံပယ်ပန်းကုံးလေးကို ခြံစည်းရိုးတိုင်ပေါ်တွင် ချိတ်ပြီး မနေ့ကလိုပဲ ရေရွတ်သည် ။ အသံက 
ဝမ်းသာလွန်း၍ တုန်ရီနေပြီ ။
       ရွတ်ဆိုသံဆုံးတော့ ခြံထဲမှ အသံတစ်ခု ကြားရသည် ။ အချိန်က မနက်(၄)နာရီခွဲခန့်
ဖြစ်ရာ ပတ်ဝန်းကျင်ကို ရှင်းလင်း စွာ မမြင်တွေ့ရသေး ။ သို့ပေမဲ့…မာလာတို့ရွာမှာလည်း 
လက်နှိပ်ဓါတ်မီးတော့ ရှိနေပါပြီ ။ အသံကြားရာဆီသို့ လက်နှိပ်ဓါတ်မီးနှင့် ထိုးကြည့်လိုက်၏ ။
   “ အမလေး…”
ပါးစပ်က လန့်အော်ပြီး လူကလည်း နောက်ကြောင်းသို့ တချိုးတည်းလှည့်ပြေးမိ၏ ။ တွေ့မြင်
လိုက်ရသည်က ဘာကြီးမှန်း မာလာ မဆိုတတ် ။ လူဝံကြီးနှင့်တော့ တူသည် ။ အိမ်ပေါက်ဝမှာ 
မဲမဲလုံးလုံးအကောင်ကြီးတစ်ကောင်က မာလာ့ဘက် ကျောပေးလျက်ထိုင်နေသည် ။ ဒါကြီးကို
 မြင်ရမှတော့ မာလာလည်း ဘယ်ဆက်နေဝံ့တော့မလဲ ။ တချိုးတည်း လစ်ပြေးခဲ့ပြီ ပေါ့ ။
G
    မနေ့က ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်တွေ့ခဲ့စေကာမူ ဇွဲသန်သောကလေးမ-မာလာက 
လွယ်လွယ်နှင့် အားမလျော့ ချေ ။ နောက်တစ်နေ့မနက်လည်း ထိုခြံဘက်သို့ အမေ မသိအောင် 
တိတ်တိတ်ထွက်ခဲ့ပြန်သည် ။ လက်ထဲမှာလည်း စံပယ် ပန်းကုံးလေးက မပါမဖြစ် ။ 
သူက ငြိမ်းချမ်းရေးပဏ္ဍာပဲကိုး ။
   “ ဟင်…”
ရောက်ရောက်ချင်း ရင်ဝကို ပြေးကန်ကြိုလိုက်သလို မာလာ ခံစားလိုက်ရသည် ။
    စံပယ်ပန်းကုံးလေးက ခြံဝမှာ သည်အတိုင်း ။ မနေ့က မာလာ ထားခဲ့သည့်အတိုင်း 
ပုံစံမပျက် ။ မာလာ သက်ပြင်းရှိုက်မိ သည် ။ ကြည့်ရတာ ခြံရှင်တို့က တစိမ်းတရံနှင့်
ဆက်ဆံရန် စိတ်ဆန္ဒ ရှိပုံမရ ။ မာလာ့ကို မေတ္တာစိတ်နှင့်လာသူမှန်းသိ၍သာ ယခုကဲ့သို့ 
စိတ်ပျက်ပြားသည်အထိ ချောက်လှန့်ခြင်းမရှိဘဲ သည်းခံနေကြပုံရသည် ။
     တစ်ဖက်လူ မခင်ချင်ဘဲ ဇွတ်အတင်းမိတ်ဆက်နေမိသည့် ကိုယ့်အဖြစ်ကိုယ်လည်း 
ရှက်ရွံ့မိပါသည် ။ သို့သော်လည်း…မတတ်နိုင် ။ ဆင်းရဲသားတို့၏ဘဝကို ဆင်းရဲဖူးသူသာ 
သိမည် ။ ခြံရှင်တို့ထံမှ ခွင့်ပြုချက်ရသည်အထိ အသနားခံရုံသာရှိ တော့သည် ။ နောက်ပြီး 
“တစ်ဦးမေတ္တာ တစ်ဦးမှာ”ဆိုသည့်စကားကို မာလာ ယုံကြည်သည် ။ တစ်လနှင့်မရသော်
 နှစ်လ တောင်းဆိုမည် ။ သုံး/လေးလ တောင်းဆိုပါမူ သေချာပေါက် လက်ခံလိမ့်မည်ဟု 
မာလာ ယုံကြည်သည်မို့ ယနေ့လည်း ယခင်နေ့များကကဲ့သို့ တောင်းပန်တိုးလျှိုးပြီး 
အိမ်ပြန်ခဲ့သည် ။ မဲမဲလုံးလုံးသတ္တဝါကြီးကို အိမ်ပေါက်ဝနံဘေး၌ ယခင်နေ့က အတိုင်း 
ထပ်မံတွေ့မြင်ခဲ့ရသော်လည်း ကြောက်ရွံ့စိတ် မရှိတော့ ။ 

r r r

         (၇)ရက်မြောက်ခဲ့ပြီ ။ မနက်တိုင်း အမေ မသိအောင် ခိုးကြောင်ခိုးဝှက်ထွက်လာရသည့်
ဒုက္ခမှလွဲ၍ အရာအားလုံး အဆင်ပြေနေသည် ။ မိတ်ဖွဲ့ရသည့်အလုပ်က မာလာအတွက်လည်း 
နိစ္စဒူဝအလုပ်တစ်ခုလိုဖြစ်နေပြီမို့ မသွားဘဲနေလျှင် တောင် ရင်ထဲမှာ ဟာတာတာကြီး
 ဖြစ်နေဦးမည်ထင်သည် ။ နေ့စဉ် သီထားသောစံပယ်ကုံးများကို ခြံစည်းရိုးအုတ်တိုင်တွင် 
တင်ကာ မေတ္တာပို့/တောင်းပန်သည် ။ ပထမဆုံးရက်မှတပါး အခြား(၆)ရက်လုံးလုံး 
စံပယ်ကုံးများ ပျောက်ဆုံးသွားခြင်းမရှိ ။ ပထမဆုံးရက်ကိုပင် သံသယဝင်ရမလို ဖြစ်နေပြီ ။
   “ နွားကျောင်းသားတစ်ယောက်ယောက်များ…ခြေဆော့လက်ဆော့နဲ့ လာယူသွားတာလား 
မသိဘူး ။”
စိတ်ပျက်အားလျော့မိသော်လည်း လုပ်နေကျအလုပ်ကိုမူ အပျက်မခံ ။ မနက်(၄)နာရီ
တွင် အောင်သပြေရိပ်စံအိမ်ရှေ့သို့ မာလာ ရောက်ခဲ့ပြန်ပြီ ။
       သည်တစ်ခါ မာလာ တော်တော်အံ့သြသွားရသည် ။ မြင်နေရသည့်မြင်ကွင်းကလည်း 
အံ့အားသင့်စရာပဲကိုး ။ အောင် သပြေရိပ်ခြံဝန်းထဲမှာ မိန်းကလေးတစ်ယောက် လမ်းလျှောက်
နေသည် ။ မိန်းကလေးက တော်တော်လှ၏ ။ အသားအရည် က အလင်းရောင်မှုန်ပြပြ
အောက်မှာပင် ထင်းနေအောင် ဝင်းပဖွေးဖြူလှသည် ။ မျက်လုံးလေးများကလည်း လေးနှစ်သား 
ကလေးပမာ တောက်ပရွှန်းစိုနေသည် ။ အသက်ကတော့ မာလာနှင့် မတိမ်းမယိမ်းပဲ ။ 
ဘယ်က သူငယ်မပါလိမ့် ။ သူမက မာလာ ရောက်လာသည်ကိုမြင်တော့ ပြုံးပြ၏ ။ 
မာလာကတော့ မပြုံးနိုင် ။
   “ ဟဲ့… ဒီခြံကြီးထဲမှာ နင် ဘာလုပ်နေတာလဲ ။ ထွက်ခဲ့…မြန်မြန် ။ ဒီခြံကြီးအကြောင်း 
     နင် မသိဘူးလား ။”
   “ ဟမ်…ဘာ…ဘာကိုဆိုလိုတာလဲ ။ ဒီခြံကြီးက ဘာဖြစ်နေလို့လဲ ။”
   “ ရော်…ဒီခြံကြီးက ရွာထဲမှာ ဒီလောက်သတင်းကြီးနေတာကို ။ နင် မသိတာအံ့ပါ့ ။ 
      ဒီခြံကြီးက မြေကြမ်းတယ်ဟဲ့ ။ ခြံထဲကို တစိမ်းဝင်ရင် အားကြီးစိတ်ဆိုးတာ ။ နင် 
      ဒုက္ခရောက်သွားလိမ့်မယ် ။”
မာလာက ပြောလည်းပြော ၊ ခြံထဲကကောင်မလေးကိုလည်း အပြင်သို့ အတင်းထွက်ခိုင်းသည် ။ 
မဆွဲရုံတမယ်အမူအရာနှင့် စိုးရိမ်ပူပန်နေသော-မာလာ့ကိုကြည့်ကာ ထိုကောင်မလေးက 
အူလှိုက်သည်းလှိုက်ထရယ်သည် ။ လက်ခုပ်လက်ဝါးတီးကာ ခန္ဓာကိုယ်လေး လှုပ်ရမ်းသည်အထိ 
ရယ်မောလျက်ရှိသော-ထိုသူငယ်မ၏အမူအရာကြောင့် မာလာ အူကြောင်ကြောင်ဖြစ် သွားရပြီ ။ 
ဘယ်လိုဟာလေးပါလိမ့် ။
  ကောင်မလေးက ရှိလှမှ(၁၅)/(၁၆)အရွယ် ။ ဤကဲ့သို့ဆယ်ကျော်သက်အရွယ်က ထင်ရာ
စိုင်းတတ်ကြသည် ။ လူကြီးသူမ တို့၏စည်းကမ်းဘောင်ကို ချိုးဖောက်ကာ စိတ်အလိုကို 
လိုက်တတ်ကြသည်ဟု မာလာ့အမေက ဆုံးမဖူးသည် ။ ကြည့်ရတာ ဒီကောင်မလေး…
မိသားစုနဲ့ရန်ဖြစ်ပြီး ဒီခြံထဲမှာ သတ်သေဖို့ စဉ်းစားနေတာများလားဟု မာလာ တွေးလိုက်မိ
သည် ။
   “ နင်…နင် ဘာဖြစ်လို့ရယ်နေတာလဲ ။ ငါက အကောင်းပြောနေတာကို ။ ဘာလဲ…။ 
နင့်မိဘတွေနဲ့ ရန်ဖြစ်လာလို့လား ။ မဟုတ်တာတွေ မလုပ်နဲ့နော် ။ အဖန်ငါးရာငါးကမ္ဘာတဲ့ဟဲ့ ။ 
စိတ်ညစ်စရာရှိရင် ငါ့ကို ရင်ဖွင့်ပါဟယ် ။”
မာလာက သတိလှမ်းပေးသည် ။ ထိုအခါ၌ ကောင်မလေး၏မျက်နှာ တစ်မျိုးတစ်မည်ပြောင်း
သွားသည် ။ ရယ်နေသည့် မျက်နှာလေး ညှိုးသွားသည် ။ သည်လိုကျပြန်တော့လည်း မာလာ့
စိတ်ထဲ မကောင်း ။
   “ ဟုတ်တယ် ။ အဲဒီစကားက အမှန်ပဲ ။ ဒါနဲ့…ဒီကနာမည်က…”
   “ ငါ့နာမည်လား ။ ငါ့နာမည်က မာလာ ။ နင်ကရော…”
   “ မိညိုလို့ခေါ်ပါတယ် ။ မိညိုအတွက် စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ် ။ ဒါနဲ့ မာလာ…ယူ
     လာပေးတဲ့စံပယ်ပန်းလေးတွေက သိပ်မွှေးတာပဲနော် ။ ဒီခြံထဲမှာ စံပယ်ပင်တော့ မရှိဘူး ။ 
      တစ်ခြံလုံး သပြေချည်းပဲ ။ ကျန်တာက သီးပင်စားပင်ပဲရှိတယ် ။ မိညိုလေ…မွှေးကြိုင်တဲ့
      ပန်းကလေးတွေကိုဆို သိပ်သဘောကျတာ ။ ဘုရားကိုလည်း သပြေချည်းပဲကပ်ရတာ 
      အားနာလှပြီ ။”
   “ နေ…နေပါဦး ။ နင် ဘာတွေပြောနေတာလဲ ။ ငါတော့ နားမလည်တော့ဘူး ။ ဒီခြံထဲမှာ 
     သပြေတွေချည်းရှိတာနဲ့ နင်နဲ့ ဘာဆိုင်လို့လဲ ။”
   “ ဟောတော်…! မိညိုက ဒီခြံထဲမှာပဲ နေရတာလေ ။ ဒီသပြေတွေနဲ့မှမဆိုင်ရင် ဘာနဲ့
     ဆိုင်ရဦးမှာလဲ ။”
   “ ဘာ…!”
မိညိုဆိုသောမိန်းကလေး၏စကားကြောင့် မာလာ လန့်သွားသည် ။ လက်ထဲမှ စံပယ်ပန်းကုံးကို
တလှည့် ၊ မိညို၏မျက်နှာကို တလှည့် အပြန်ပြန်အလှန်လှန်ကြည့်ရင်း ကြောက်ရွံ့သွားမိသည် ။
   “ အို… မကြောက်ပါနဲ့ ။ မိညိုက တစ်ဖက်သားကို ဒုက္ခမပေးတတ်ပါဘူး ။ နောက်ပြီး…မိညိုက 
      မာလာ့ကိုခင်လို့ မမကြီးတို့ကိုတောင် မနည်းခွင့်တောင်းပြီး လာတွေ့ရတာ ။”
   “ ဒါ…ဒါဆို…နင်…နင်က ဒီအိမ်ကပေါ့ ။ ဥ…ဥစ္စာစောင့်ပေါ့လေ ဟုတ်...လား ။”
   “ ဟင်းဟင်း…ဟုတ်ပါတယ်ဆို ။ ကဲ…ပေး…လက်ထဲက စံပယ်ကုံး ။ နောက်ပြီး…
     ဒီခြံရှေ့ကသပြေတွေကို စိတ်ကြိုက်  ခူးပေတော့ ။”
မိညိုက မာလာ့လက်ထဲမှ စံပယ်ကုံးကို လှမ်းတောင်းသည် ။ မာလာလည်း တုန်ရီသောလက်ဖြင့် 
မိညိုထံသို့ ကမ်းပေးလိုက် သည် ။ နောက်…မိညိုက အပြုံးမျက်နှာဖြင့် နှုတ်ဆက်ကာ အိမ်ပေါ်သို့ 
တက်သွားလေ၏ ။
     မာလာခမျာ အတန်ကြာသည်အထိ အိပ်မက်မက်နေသူတစ်ယောက်လို နေရာ၌ 
မလှုပ်မယှက်ရပ်ရင်း ဇောချွေးပျံလျက် ရှိသည် ။ လာရောက်မိတ်ဆက်စဉ်ကတည်းက 
တစ်ခုခုတွေ့ကြုံရလိမ့်မည်ဟု ကြိုတင်မှန်းဆထားပြီးသားဖြစ်သော်လည်း ယခုကဲ့သို့ 
ချစ်စဖွယ်မိန်းမပျိုလေးကိုယ်တိုင် လာရောက်နှုတ်ဆက်လိမ့်မည် ၊ စကားပြောလိမ့်မည်ဟု 
လုံးဝတွေးမထားမိ ။ အိပ်မက်များ မက်နေလေသလား ။
    နောက်မှ…ကိုယ့်ကိုယ်ကို သတိပေးကာ မိညို ခွင့်ပြုခဲ့သည့်အတိုင်း ခြံစည်းရိုးတလျှောက်ရှိ-
သပြေပန်းများကို ပါလာ သောတောင်းနှင့် နိုင်သလောက် ခူးတော့သည် ။ ယနေ့ပဲ မြို့တက်ကာ
 ရောင်းတော့မည် ။ အမြတ်ငွေထဲမှနေ မိညို နှစ် သက်မည့်ပန်းတစ်ခုခု ဝယ်ခဲ့ဦးမှဟု တွေး
လိုက်မိသည် ။ ဖော်ရွေသောဥစ္စာစောင့်မလေး-မိညိုကို မြင်မြင်ချင်း ခင်သွားမိပြီ ။ မိညိုက 
မာလာ့လိုပဲ … ပန်းချစ်သူ မဟုတ်ပါလား ။

r r r

   “ ဒီမှာ…နင့်အတွက် လက်ဆောင်ထပ်ဝယ်လာတယ် ။”
နှစ်လကျော်ခဲ့ပြီ ။ မိညိုနှင့်မာလာတို့လည်း နေ့စဉ် တွေ့ဆုံကြရင်း အလွန်ခင်မင်ရင်းနှီးသော-
သူငယ်ချင်းများ ဖြစ်နေကြပြီ ။ သူတို့နှစ်ဦး ချစ်ကျွမ်းဝင်နေကြသည်ကို ရွာသူရွာသားများ 
မရိပ်မိအောင် မာလာကလည်း ပိပိရိရိနေထိုင်သည် ။  ယုတ်စွ အဆုံး မိခင်ဖြစ်သူကိုပင် 
အသိမပေးချေ ။
    နေ့စဉ် မနက်စောစောလာသည် ။ လာတိုင်းလည်း…မိညို နှစ်သက်မည့် ပန်းတစ်မျိုးမဟုတ်
တစ်မျိုး ပါစမြဲ ။ ယနေ့လည်း စောနိုင်သမျှစောအောင် ထွက်ခဲ့သည် ။ အမေ မနိုးခင် 
အိမ်ပြန်ရောက်နိုင်ရန် ခပ်စောစောထွက်မှ တော်ကာကျမည်လေ ။ အောင်သပြေရိပ်ရှေ့သို
့ရောက်တော့ မိညိုက စောင့်တောင်နေပြီ ။ မာလာလည်း ဈေးမှ ရှားရှားပါးပါးရလာသော-
ယိုးဒယား နှင်းဆီခေါ် လိမ္မော်နီမှာ အဖြူဖောက်ထားသည့်-နှင်းဆီပန်းတစ်စည်းကို မိညိုထံသို့ 
ကမ်းပေးလိုက်သည် ။
   ထိုနှင်းဆီမျိုးက မာလာတို့အရပ်မှာ တွေ့ရခဲသည် ။ ယခုတောင် စိုက်ခင်းတစ်ခုက 
စမ်းသပ်စိုက်ရင်း မတော်တဆပွင့်လာ ခြင်းဖြစ်၏ ။ နှင်းဆီပန်းကိုမြင်တော့ မိညို၏မျက်နှာ၌ 
အံ့သြသောအရိပ်အယောင်တို့ ဖြတ်သန်းပြေးသွားသည် ။
   “ ဟယ်…လှလိုက်တာ ။ နှင်းဆီပန်းနဲ့တော့ တူတယ်နော် ။ ဒါပေမဲ့…အရောင်က
     နှစ်ရောင်စပ်ဆိုတော့ နှင်းဆီ ဟုတ်ပုံ မရဘူး ။ ဘာပန်းမန်လဲ မာလာ ။”
   “ အဟဲ…အဲဒါ နှင်းဆီပဲ မိညိုရဲ့ ။ ဒါပေမဲ့…ဒီခေတ်မှာကျ အရောင်တွေ စပ်ကုန်ကြပြီ ။
      နိုင်ငံခြားမှာဆို ရောင်စုံနှင်းဆီ တောင် ရှိသေးဆိုပဲ ။”
   “ ဟင်…ရောင်စုံကြီးကတော့ လှမယ်မထင်ပေါင် ။ ဒီနှင်းဆီလေးကတော့ သိပ်လှတာပဲ ။
     ကျေးဇူးတင်ပါတယ် မာလာ ။  ဒီပန်းတွေက လောကီ/လောကုတ္တရာ နှစ်ဖြာလုံး 
     စင်ကြယ်တယ်မဟုတ်လား ။”
   “ ဘာ…ဘာကိုမေးတာလဲ မိညိုရဲ့ ။”
   “ သြော်…ဘုရားပန်းတင်ချင်လို့ပါ ။ လောကီအရ ညစ်ညစ်ညမ်းညမ်းပစ္စည်းနဲ့ ထုပ်ပိုးလာရင်
လည်း ယုတ်ညံ့သလို  လောကုတ္တရာအရ ခိုးဝှက်လာတဲ့အရာဆိုရင်လည်း ယုတ်ညံ့တယ်လေ ။ 
ဒါ့ကြောင့် ဒီနှစ်ဖြာလုံး သန့်စင်မှ ဘုရားပန်း  တင်ချင်လို့ မေးကြည့်တာပါ မာလာ ။”
   “ သြ…ဒီလိုလား ။ သန့်တယ်…မိညို ။ သန့်တယ် ။ စိုက်ခင်းက ချက်ချင်းခူးလာတဲ့ပန်းတဲ့ ။ 
ငါကိုယ်တိုင် ဝယ်လာတာ ။”
   “ ဒီလိုဆိုရင် ကျေးဇူးတင်ပါတယ် မာလာရယ် ။ မိညို ပြောဖူးသလိုပေါ့ ။ မိညိုတို့လည်း 
မာလာနဲ့ခင်မှပဲ ဘုရားဆောင် တစ်ခုလုံး မွှေးကြိုင်သင်းထုံနေတော့တာပဲ ။ ဟော…
စံပယ်ပန်းတွေလည်း ပါလာတုန်းပဲလား ။”
   “ သြော်…ဒါကတော့ ဝတ္တရားလေ မိညိုရယ် ။ နောက်ပြီး…ငါကိုယ်တိုင်က မိညိုအတွက် 
ခူးပေး/သီပေးချင်လို့ပါနော် ။”
   “ ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရယ် ။ အဲ…ဟုတ်ပြီ ။ နေဦး…။ မာလာ…
သပြေခူးပြီးရင် မိညိုကို လှမ်းအော်ခေါ်လိုက်ဦးနော် ။ မာလာ့ကို မိညို အကူအညီတောင်းစရာ
ရှိလို့ ။”
   “ သြော်…အင်း…အင်း…ခေါ်လိုက်မယ် ။”
မိညိုက ထုံးစံအတိုင်း အပြုံးနှင့်နှုတ်ဆက်ကာ အိမ်ပေါ်တက်သွားသည် ။ ခြံတံခါးကိုတော့ 
သည်အတိုင်းဖွင့်ထားခဲ့၏ ။ မာလာလည်း ခြံထဲသို့ ဝင်လာလိုက်သည် ။
     လွန်ခဲ့သည့်(၄)ရက်ကစပြီး မိညိုကိုယ်တိုင် သူ့ခြံထဲသို့အလည်လာရန် မာလာ့ကို 
ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည် ။ အစတွင် ရွံ့ သလိုရှိ၍ မဝင်ဝံ့ပေမဲ့ မိညိုက လာပါ တကဲကဲဖြစ်နေ
သောကြောင့် မာလာလည်း မျက်စိမှိတ်ကာ ဝင်ခဲ့သည် ။ အတော် လည်း ရင်းနှီးနေပြီမို့ 
မိညိုကတော့ မိမိကို ဒုက္ခပေးမည်မဟုတ်မှန်း မာလာ ယုံသည် ။ အမှန်တော့ မိညိုက 
စေတနာရှေ့ ထားကာ ဖိတ်ခေါ်ခဲ့ခြင်းပါ ။
      နေ့စဉ်မပြတ် နှစ်လကျော်ကျော် ခူးဆွတ်ခဲ့သောအရှိန်ကြောင့် ခြံစည်းရိုးတလျှောက်ရှိ 
သပြေပင်အားလုံးလည်း အညွန့် တုံးလုနီးပြီ ။ ရှေ့လျှောက်…မာလာ့အဖို့ ခူးစရာသပြေညွှန့် 
နည်းပါးသွားတော့မည်ကို မိညို မြင်၍ ယခုကဲ့သို့ ခြံထဲသို့ ဖိတ် ခေါ်ခဲ့ခြင်းပါပေ ။
   “ ဟယ်…ဘုရား…ဘုရား…သပြေတန်းကြီးပါလား ။”
ဟုတ်၏ ။
      ခြံစည်းရိုးပတ်ပတ်လည်တွင် သပြေရုံများဖြင့် ပြည့်နှက်နေ၍ အပြင်မှ လှမ်းကြည့်သော်
 ခြံဝင်းတွင်းသို့ မတွေ့မြင်နိုင် သဖြင့် အထဲ၌ မည်သို့အခြေအနေရှိမှန်း မာလာ မသိရှိခဲ့ရ။ 
ယခုမှသာ ခြံထဲ၌ သပြေတောကြီး ဟီးဟီးထနေမှန်း သိရတော့ သည် ။ မာလာတစ်ယောက်
 ငွေထုပ်ကောက်ရသည့်အလား အပျော်ကြီးပျော်သွားခဲ့ပြီ ။
     မိညိုက ခြံထဲမှသပြေများကို စိတ်ကြိုက်ခူးခွင့်ပြုသည် ။ အခြားပစ္စည်းများကို မထိတွေ့
ရန်နှင့်အိမ်နားသို့ ကပ်မလာရန် လည်း အသေအချာမှာသည် ။
   “ မာလာ့ကို ခင်လွန်းလို့သာ ကူညီရတာ ။ မမကြီးတို့က ခြံထဲကို လူစိမ်း ပေးဝင်ချင်တာ 
မဟုတ်ဘူး ။ ဟိုဟိုဒီဒီ မစပ်စုနဲ့ နော် ။ မာလာရော မိညိုပါ ဒုက္ခများသွားလိမ့်မယ် ။”
ထိုသို့ မိညို ပြောသည် ။
      ရေအောက်က ပုလဲကဲ့သို့ တဝင်းဝင်းတောက်ပသည့် အသားအရည်ရှိပြီး နေအောက်က 
ပတ္တမြားပမာ ပြုံးလိုက်တိုင်း အနီရောင်ယှက်ပြေးသွားတတ်သော နှုတ်ခမ်းပိုင်ရှင်-မိညိုသည် 
ခန္ဓာလှသလောက် စိတ်လှသူလေးပါပေ ။ ကံအကြောင်း မလှသဖြင့် ထိုဘဝသို့ရောက်နေ
သည့်တိုင် ကြင်နာကူညီတတ်သည့်-သူ့နှလုံးသားလေးက ပကတိဖြူစင်လွန်းသည် ။ သူ့ကို 
သနားလည်းသနား ၊ ချစ်လည်းချစ် ၊ ခင်လည်းခင်၍ သူ့စကားကို မာလာ သေချာနားထောင်
သည် ။ သတိထားလိုက်နာ သည် ။ သို့ကြောင့်လည်း ယခုထက်တိုင် ဘာပြဿနာမှမရှိဘဲ 
သူငယ်ချင်းနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံနေကြရခြင်း ဖြစ်သည် ။
    စိတ်က အတိတ်သို့ ရောက်ရှိနေပေမဲ့ လူကတော့ အကျင့်ပါနေပြီမို့ အလုပ်ကို ဇယ်ဆက်
သလို လုပ်နေလိုက်တာဖြင့် ပွေ့ထားသည့်တောင်းကြီး လေးလာမှပဲ သတိဝင်လာသည် ။ 
ခူးရင်း,ခူးရင်း တောင်းပြည့်သွားလေပြီ ။ အချိန်ကလည်း ရောင်နီသမ်းလုပြီမို့ မာလာ ပြန်
ရတော့မည် ။
   “ မိညိုရေ…မိညို…ငါ ပြန်တော့မယ် ။”
မိညိုတစ်ယောက် မည်သည့်နေရာသို့ ရောက်ရှိနေသလဲ မသိ ။ တော်တော်နှင့် ပေါ်မလာ ။ 
မာလာလည်း အခါခါ အော်ခေါ် နေလိုက်ရာ နောက်ဆုံးတစ်ခေါက်တွင် မိညို၏ပုံလွှာသည် 
မာလာ၏အနားတွင် ဘွားခနဲလာပေါ်သည် ။ ရုတ်တရက်မို့ မာလာလည်း လန့်ဖြန့်ကာ 
ထ,အော်မိမတတ်ဖြစ်သွားခဲ့သည် ။
   “ အမလေး…မိညိုရယ် ။ အဲဒီလိုချည်း မလုပ်စမ်းပါနဲ့ ။ ငါ့နှယ်…လန့်လိုက်တာ ။”
   “ အေးနော်…တောင်း…တောင်းပန်ပါတယ် ။ ခွင့်လွှတ်ပါ ။ မိညိုက ချောက်လှန့်ဖို့ 
မရည်ရွယ်ပါဘူး ။ မာလာ့အသံကြား တော့ ရောက်ချင်ဇောနဲ့ စိတ်အစွမ်း သုံးလိုက်မိတယ် ။
 တောင်းပန်ပါတယ်နော် ။ နောက်တစ်ခါဆို မိညို သတိထားပါ့ မယ် ။”
   “ ရ…ရပါတယ် မိညိုရယ် ။ ဒါနဲ့…နင် အကူအညီတောင်းမယ်ဆိုတာ ဘာလဲ ။ ငါ 
အတတ်နိုင်ဆုံး အစွမ်းကုန်ကူညီ မယ် ။ ပြော…”
   “ ဒီလိုပါ မာလာ ။ ဟိုးနားက တောင်ကမူလေးကို မာလာ တွေ့တယ် မဟုတ်လား ။”
   “ အင်း ။ တွေ့တယ်လေ ။”
   “ အဲဒီတောင်ကမူပေါ်မှာ စေတီတစ်ဆူ တည်ချင်တယ် မာလာရယ် ။ ဥာဏ်တော်က 
(၉)တောင်ပြည့်လောက်ဆို တော်ပါပြီ ။ အဲဒါ…မာလာ ကူညီနိုင်မလားဟင် ။”
မိညိုက သနားစဖွယ်မျက်နှာငယ်လေးနှင့် တောင်းဆိုနေချေပြီ ။ မိညို၏စကားကြောင့် 
မာလာမှာ ထိုင်ငိုချင်လောက်အောင် စိတ်မကောင်းဖြစ်သွားရသည်။ တောင်းပန်သလို
 ငေးကြည့်နေသော-မိညို၏မျက်ဝန်းဝိုင်းကြီးများကို ရင်မဆိုင်ဝံ့တော့သဖြင့် မာလာ 
အကြည့်လွှဲလိုက်၏ ။
   “ မိညို…ငါ့ဘဝမှာ အချစ်ဆုံးသူနှစ်ယောက်ကို ပြောပါဆိုရင် အမေနဲ့နင်ပဲ ။ နင့်ကို ငါ 
မတရားခင်တယ် ။ နင့်အတွက်  ဘာမဆို လုပ်ပေးချင်တာပါ ။ ဒါပေမဲ့…ခက်တာက ငါ့မှာ 
ပိုက်ဆံ အဲဒီလောက်မရှိဘူး ။ သပြေရောင်းရတဲ့ငွေကလည်း   ချောင်ချောင်လည်လည်
ရှိရုံပါဟယ် ။ တကယ်ပါ ။”
   “ သြော်…ဟုတ်သားပဲ ။ မိညိုကလည်း စကားကို လိုရင်းရောက်အောင် မဆိုတတ်ဘူး ။ 
ဒီလို…မာလာရဲ့ ။ မာလာက  စေတီတည်ဖို့အတွက် စီမံရုံတင်ပါပဲ ။ မိညိုက အစအဆုံး 
လှူဒါန်းမှာပါ ။”
မိညိုက ထိုသို့ဆိုမှပဲ မာလာ ပြုံးနိုင်တော့သည် ။ ထိုအခါမှ ရင်ထဲကအလုံးကြီး ကျသွားသည် ။
   “ မသိပါဘူး မိညိုရယ် ။ ငါကတော့ စိတ်မကောင်းဖြစ်လိုက်ရတာ ။ ဒီလိုဆိုရင်တော့ 
ငါ ကူညီနိုင်တာပေါ့ ။ ဒါ…ဒါပေမဲ့ ဒီကိစ္စက ငါတစ်ယောက်တည်း လုပ်လို့ရတဲ့ကိစ္စ 
မဟုတ်ဘူး မိညို ။ ရွာလူကြီးဆီမှာ ခွင့်ပြုချက် တောင်းရဦးမှာ ။”
   “ အဆင်ပြေအောင် လုပ်ပေးပါ မာလာရယ် ။ အရေးကြီးတာတစ်ခုကတော့ အလှူငွေကို 
မိညိုတို့ဆီကရမှန်း ဘယ်သူမှ မသိပါစေနဲ့ ။ အဲဒါကိုတော့ မာလာ ကတိပေးရမယ် ။”
   “ ခက်တော့ခက်တယ် မိညို ။ အင်း…ဘယ်လိုပဲဖြစ်ဖြစ်…ငါ ကတိပေးတယ် ။ သူတို့ ငါ့ကို 
ရိုက်စစ်စေဦးတော့…ငါ   ဘယ်တော့မှ မပြောဘူး သူငယ်ချင်း ။ မိညို…နင် ငါ့ကို ယုံတယ် 
မဟုတ်လား ။”
   “ အို့…မာလာ့ကို ယုံလို့ အကူအညီတောင်းနေတာပေါ့ ။ ရော့… ။”
မိညိုက မာလာ့လက်ကို ဆွဲယူကာ ပစ္စည်းတစ်ခုကို ထည့်လိုက်သည် ။ ဘာပစ္စည်းလဲ သိချင်၍ 
ငုံ့ကြည့်မည်လုပ်တော့ မိညို က တားသည် ။
   “ မကြည့်နဲ့ဦး ။ အိမ်ရောက်မှကြည့်ပါ ။ ကဲ…သွားတော့ မာလာ ။ ကောင်းသောမနက်ခင်းပါ 
သူငယ်ချင်း ။”


r r r r r r r



    ကျိုက်ထိုမြို့နယ် “ညောင်ကိုင်းရွာ”လေး၌ အံ့ဖွယ်ဘနန်းသတင်းတစ်ခု ပျံ့နှံ့သင်းလျက်ရှိ
သည် ။ ကြားသည့်လူတိုင်း ပါး စပ်အဟောင်းသားဖြစ်ကာ အားကျသူက ပြုံးကြသည် ။ 
မနာလိုသူက မဲ့ကြသည် ။
- သပြေသည်မလေး-မာလာတစ်ယောက် မြဘယက်တစ်ကုံး ကောက်ရလို့တဲ့ ။
မာလာက ကောက်ရလျှင်ရချင်း သူကြီးထံသို့ သွားအပ်ရာ တရားနှင့်အညီ အုပ်ချုပ်နေသော-
သူကြီးက အပိုင်စီးခြင်းမရှိဘဲ မာလာ့ကို ပြန်ပေးသည် ။ မာလာက ကောက်ရပစ္စည်းဖြစ်နေ၍ 
လိုချင်တပ်မက်မှုမရှိဘဲ ဘုရားတည်ရန်ဆန္ဒရှိကြောင်း ပြော သဖြင့် တစ်ရွာလုံး ပို၍အံ့သြသွား
ကြသည် ။
     (၁၇)နှစ်ပင် မပြည့်သေးသော-မြီးကောင်ပေါက်မလေးမာလာထံမှ ထိုစကားကြားရ
သည့်အတွက် မအံ့သြဘဲ ဘယ်နေ မလဲ ။ အများစုက ဝမ်းသာအားရရှိကြပေမဲ့ တချို့
တလေကတော့ မဆီမဆိုင် သာသနာဖျက်လုပ်ချင်ကြသည် ။ မာလာ့ အမေဆီ သွားကာ…
ကလေးကို နားချပါဟု ဆိုသူက ဆိုသည် ။ လောဘနည်းသူ-မိခင်ကြီးက မာလာ့သဘောနှင့် 
တထပ် တည်း တူနေ၍ စိတ်ချမ်းသာစရာ ကောင်းလိုက်ပါဘိ ။
     ကိစ္စအဝဝကို ရွာလူကြီးများကသာ စီမံပေးခဲ့ကြသည် ။ ငွေခင်းတော့ လမ်းဖြစ်ဆိုသည့်
အတိုင်း မြဘယက် ရောင်းရငွေ ကြောင့် အစစအရာရာ အဆင်ပြေခဲ့သည် ။ မြဘယက်ကလည်း 
နယ်နယ်ရရမဟုတ်ဘဲ ရှေးဟောင်းပစ္စည်းဖြစ်သောကြောင့် ဈေးမနည်းမနှောရလိုက်သည်။ 
(၉)တောင်ပြည့်စေတီတော်ကို မိညို ညွှန်ရာနေရာမှာပဲ  တည်ဖြစ်ခဲ့သည် ။ ငွေအား၊လူအား 
ရှိသော်ငြား လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဘုရားတည်ခြင်းသည် တစ်နှစ်တာမျှ 
ကြာခဲ့၏ ။ ထိုတစ်နှစ်ထဲ၌ မာလာက လူရိပ်မိမည်စိုး၍ မိညိုထံသို့ တစ်လတစ်ခေါက်သာ
 ရောက်ဖြစ်သည် ။ ကဒီးကဒီးသွားလိုပေမဲ့ ထိုသို့သွားမိပါက သိုက်ဆရာများ၏မသင်္ကာမှုကို 
ခံရနိုင်သည်မဟုတ်ပါလား ။  
     ငွေအားကလည်း ကောင်း ၊ လုပ်အားပေးသည့်ရွာသားများကလည်း စေတနာကောင်း
သဖြင့် စေတီတည်ခြင်းအမှုသည် တစ်နှစ်အတွင်း လျင်မြန်စွာ ပြီးမြောက်ခဲ့ပြီ ။ ဘုရားအနေက
ဇာတင်ပွဲ(ဘုရားပွဲ) ပြုလုပ်သည့်အခါ မာလာလည်း မိညို မှာ ကြားထားသည့်အတိုင်း…
   “ ကွယ်လွန်သူ…မိဝါ ၊ မိစိမ်းနှင့်မိညိုတို့ညီအစ်မတစ်စုနှင့်တကွ အောင်သပြေရိပ်မိသားစုဝင်
     အားလုံး ကြားကြားသမျှ အမျှ…အမျှ…အမျှ ယူတော်မူကြပါကုန်လော ။ သာဓု…သာဓု…သာဓု ”
အောင်သပြေရိပ်စံအိမ်တော်မှ ညီအစ်မတစ်စု၏အမည်နာမများကို ခေါ်ယူကာ အမျှအတန်း
ပေးဝေခဲ့သည် ။ သုံးကြိမ်သုံးခါ မြောက် သာဓုခေါ်ဆိုပြီးသည့်နောက်တွင် မည်သည့်အရပ်က 
ပျံ့လွင့်လာမှန်းမသိသော စံပယ်ပန်းရနံ့ကို အလှူလာသူ အားလုံး သင်းထုံစွာ ရှူရှိုက်မိခဲ့ကြသည် ။

r r r


      ဘုရားအနေကဇာတင်ပွဲအပြီး ထိုနေ့ည၌ မိညိုကို မာလာ အိပ်မက်မက်၏ ။ အိပ်မက်ထဲ၌ 
မိညိုက ဝတ်နေကျအညို ရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားခြင်းမဟုတ်ဘဲ ရွှေရောင်တလက်လက်
တောက်ပနေသော ပိုးသားအညိုဝမ်းဆက်ကို ချပ် ရပ်စွာ ဝတ်ဆင်ကာ ပြုံးရွှင်သောအမူအရာဖြင့် 
မာလာ့ကို ငေးကြည့်နေသည် ။
   “ ကျေးဇူးတင်လိုက်တာ မာလာရယ် ။ မာလာ့ကျေးဇူးကြောင့် မိညိုတို့ညီအစ်မတတွေ 
ဒီထက်အဆင့်မြင့်တဲ့နေရာကို သွားကြရတော့မယ် ။ မာလာ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ မိညိုတို့ 
ပိုင်ဆိုင်ခဲ့တဲ့ခြံကျယ်ကြီးကို မာလာ့အတွက် ချန်ထား ပေးခဲ့တယ် ။ မာလာ မငြင်းပါနဲ့ကွယ် ။”
   “ ဟင်…နေပါဦး ။ ဒါဆို…ဒါဆို…နင်နဲ့ငါ မတွေ့ရတော့ဘူးပေါ့ ။ မတွေ့ရတော့ဘူးပေါ့နော်… 
ဟုတ်လား မိညို ။”
မာလာက မေးတော့ မိညို၏ရယ်နေသည့်မျက်နှာလေး ညှိုးကျသွားသည် ။ ဝိုင်းစက်ရွှန်းလဲ့သော 
မျက်လုံးရွဲကြီး၌ မျက်ရည် ကြည်လေးများ ရီလေးခိုလာ၏ ။
   “ ဟုတ်…ဟုတ်တယ် မာလာ ။ မိညိုတို့နှစ်ယောက် နောက်ထပ် တွေ့ခွင့်မရတော့ဘူး ။ 
မိညိုတို့သိုက်က အဝေးကြီးကို  ပြောင်းသွားရတော့မှာ ။”
   “ ဟင့်အင်း ။ မိညို…နင် မသွားရဘူး ။ နင်ပေးတဲ့ခြံကိုလည်း ငါ မလိုချင်ဘူး ။ ငါတို့နှစ်ယောက် 
အခုလိုပဲ တစ်သက်လုံး  နေကြမယ်လေ ။ ငါ သပြေလာခူးတိုင်း နင့်အတွက် ပန်းတွေ ဝယ်လာ
ခဲ့မယ် ။ တစ်နေ့ကျ နင့်အစ်မတွေကို ခွင့်တောင်းပြီး နင် တည်ခိုင်းတဲ့ဘုရားဆီကို တို့နှစ်ယောက် 
အတူတူသွားဖူးကြတာပေါ့ ။ မကောင်းဘူးလားဟာ မိညို ။ ဟင့်…နင်…နင် မသွားပါနဲ့ဟယ် ။”
မာလာက ပြောပြောဆိုဆိုနှင့်ငိုလေပြီ ။ မျက်ရည်များက ပိုးပိုးပေါက်ပေါက် ။ မာလာငိုတော့ 
နဂိုကတည်းက မျက်ရည်ဝဲနေ သည့်-မိညိုလည်း ငိုတော့သည် ။
     တစ်နှစ်တာကာလအတွင်း သိကျွမ်းခဲ့ကြခြင်းဖြစ်ပေမဲ့ ရှေးရေစက်ကြောင့် နှစ်ပေါင်းများစွာ 
ခင်မင်ရင်းနှီးခဲ့သည့်အလား တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်ကြီးစွာဖြစ်နေကြသော-
သူတို့နှစ်ယောက်၏အဖြစ်က ကရုဏာသက်ဖွယ်ရာ ၊  အားကျဖွယ်ရာ၊ စိတ်မကောင်းဖြစ်ဖွယ်ရာ၊ 
သံဝေဂရဖွယ်ရာပင် ။ အတော်ကြာသည်အထိ နှစ်ယောက်သား ငိုနေကြသည် ။ 
တစ်ယောက်ကိုတစ်ယောက် ခင်မင်တွယ်တာစိတ်တို့ဖြင့် ဖက်တွယ်ထားချင်နေကြသည် ။ 
ခွဲခွာဝေးကွာရမည်ကို ကြောက် ရွံ့စိုးရိမ်နေကြသည် ။ သို့သော်လည်း…ကံကုန်၍ 
ခွဲခွာရသည်မှာ လောကဓမ္မတာပဲ မဟုတ်ပါလား ။
     အတန်ကြာငိုကြွေးပြီးနောက် မာလာကပဲ အခြေအနေအပေါ် ဆင်ခြင်မိသည် ။ မိညိုဟာ 
လူသားတစ်ယောက် မဟုတ် သဖြင့် မိမိဖြစ်ချင်သလို တောင်းဆိုရန် မသင့် ။ သူ့ခမျာ 
တာဝန်များရှိသည့်အထဲ မိမိကြောင့် နောက်ဆံတင်းနေရလိမ့်မည် ။ သူငယ်ချင်းကောင်းဆိုတာ 
ကိုယ့်အတွက်ထက် သူ့အတွက်ကို ပိုတွေးပေးသင့်သည်ဟု မာလာ စဉ်းစားမိ၍ မျက်ရည်တို့ကို 
သုတ်လိုက်သည် ။
   “ မိညို…နင်လည်း မငိုနဲ့တော့ ။ ငါလည်း မငိုတော့ဘူး ။ ငါတို့တွေက ဗုဒ္ဓဘာသာဝင်တွေပဲ
ဟယ် ။ ကံကံရဲ့အကျိုးကို ယုံကြည်ရမှာပေါ့ ။ နင်နဲ့ငါ ဒီလောက်ပဲ ကံပါလို့ပေါ့ဟာ ။ နောက်ဆံ
မတင်းဘဲ စိတ်ချလက်ချ ခရီးဆက်ပါ သူငယ်ချင်းရယ် ။ သံသရာတစ်ကွေ့မှာ ငါတို့နှစ်ယောက်
 ပြန်ဆုံကြဦးမှာပါ ။”
မာလာ့စကားကြောင့် မိညို အငိုတိတ်သွားပြီ ။ ကျေးဇူးတင်သောအကြည့်တို့ဖြင့် 
မာလာ့မျက်နှာကို စိုက်ကြည့်နေရာမှ မိညို ၏ပုံရိပ်ကလေးသည် တဖြည်းဖြည်း
 မှေးမှိန်ကွယ်ပျောက်သွားတော့၏ ။

r r r r r r r

 


      ယခုအခါတွင်တော့ မာလာဟာ သပြေသည်မလေး-မာလာ မဟုတ်တော့ ။ အောင်သပြေ
ရိပ်စံအိမ်တော်၏အရှင်သခင် ဒေါ်မာလာဖြစ်နေပါပြီ။ ကျေးရွာလူကြီးကိုယ်တိုင် မိညို ပေးသည့်
အိပ်မက်ကို မလွန်ဆန်ဝံ့၍ မာလာ့လက်သို့ အိမ်ကြီးကို လွှဲ ပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည် ။ 
အစပိုင်းတွင် မာလာတစ်ယောက် မည်သို့များ ဒုက္ခရောက်လိမ့်မလဲဟူသောအတွေးဖြင့် 
ရွာသူရွာသားများက စောင့်ကြည့်နေခဲ့ကြသော်လည်း ဘာတစ်ခုမျှ မဖြစ်သည့်အပြင် 
စိုက်ပျိုးထားသော-အသီးအနှံများ၊ သပြေ စည်းများကို ရောင်းချရင်း မာလာတစ်ယောက် 
စီးပွားတက်သထက် တက်လာခဲ့သည် ။
      ယခုဆို နှစ်တွေလည်း ကြာခဲ့ပြီ ။ မမာလာဘဝမှ ဒေါ်မာလာဘဝသို့ ပြောင်းရွေ့ခဲ့ပြီ 
။ ညောင်ကိုင်းရွာကလေးလည်း ဒေါ်မာလာ၏ကျေးဇူးဖြင့် ကားလမ်းပေါက်ကာ လိုင်းကား
(၃)/(၄)စီး ဝင်ရောက်ပြေးဆွဲနေပြီ ။ အောင်သပြေရိပ်စံအိမ်သည် လည်း သီးပင်စားပင်
အလှပင်များဖြင့် ဝေဆာသည်ထက် ဝေဆာနေ၏ ။ သပြေပန်းတို့မှာလည်း နတ်သြဇာ
စားမိသည့် အလား ၊ မသေဆေး ကျွေးမိသည့်အလား ခြောက်သွေ့ညှိုးရော်ခြင်း မရှိ ၊ 
ဆယ့်နှစ်ရာသီလုံး အုန်းအုန်းထကာ လန်းချင် တိုင်း လန်းနေကြသည် ။ နောက်ပြီး…
     ယခုထက်တိုင် မပြောင်းလဲသေးသည်က သပြေတန်းများကြား လမ်းဆင်းလျှောက်
သည့်အခါတိုင်း မမာလာတစ်ဖြစ်လဲ ဒေါ်မာလာတစ်ယောက် ရေရွတ်ညည်းတွားတတ်
သည့်စကားတစ်ခွန်း ။
   “ လွမ်းလိုက်တာ မိညိုရယ်…”



                                                                                       စေတနာရှေ့ထားလျက်… 
                                                                                ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။