( ၂၀၁၇ ဇွန်လ(၄)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဖော်ပြခံရသောဆောင်းပါးဖြစ်သည် )
“ ကမ္ဘာပေါ်မှာ
ပိုက်ဆံထက်အရေးကြီးတာ ဘာရှိလို့လဲ ။”
“ ဒီကမ္ဘာမှာ
သန့်စင်တဲ့ရေ မရှိဘူး ။ ပြီးတော့ လေကောင်းလေသန့်လည်း မရနိုင်ဘူးဆိုရင် ပိုက်ဆံတွေ အများကြီးရှိလည်း
အဓိပ္ပာယ်
မဲ့နေမှာပဲလေ ။”
ဒီတစ်ခါတော့ ကလေးလူငယ်လူကြီးပါမကျန်
နှစ်သက်သဘောကျစေမယ့် ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဆန်းသစ်တဲ့ အိုင်ဒီယာအလန်းတွေနဲ့အတူ
ဟာသဆန်ဆန်ပြကွက်တွေကို တွေ့မြင်ရမယ့် ရည်ရွယ်ချက်လှပတဲ့ ဒီရုပ်ရှင်ဟာဆိုရင် တရုတ်နိုင်ငံ
ရုပ်ရှင်လောကရဲ့အမြင့်မားဆုံး ငွေကြေးပမာဏကို ပိုင်ဆိုင်စေခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်း
ဖြစ်ပါတယ် ။
h h h h h
Stephen Chow ဖန်တီးရိုက်ကူးထားတယ်ဆိုကတည်းက
မျှော်လင့်ပြီးသားပါ ။ ဇာတ်လမ်းအစမှာ “ကမ္ဘာပေါ်က အဆန်း တကြယ်သတ္တဝါတွေရဲ့ပြတိုက်”လို့
ဆိုင်းပုဒ်တင်ထားတဲ့ အိမ်တစ်အိမ် ။ အိမ်ထဲမှာတော့ ဆိုင်းပုဒ်နဲ့ပြယုဂ် တလွဲစီဖြစ်နေတဲ့
ကလိမ် စေ့ငြမ်းဆင်သတ္တဝါတွေ ။ တောက်တဲ့အသေကောင်က ဒိုင်နိုဆောရုပ်ကြွင်း ဖြစ်လိုဖြစ်…မွေးထားတဲ့ခွေးကို
တောခြင်္သေ့လို့ ပြောလို ပြော…စတဲ့ ကပြက်ကချော်ပြကွက်တွေ ။
ပိုက်ဆံပေးပြီး ဝင်ကြည့်မိသူတွေခမျာ
လိမ်စားနေတာမှန်း သိတော့ ငွေပြန်တောင်းကြတယ် ။ ဒီအခါ အိမ်ရှင်က အစစ် အမှန်တစ်ခုခုကို
ထုတ်ပြတော့မလိုပုံစံနဲ့ ရေချိုးခန်းတံခါးကို ဖွင့်ခိုင်းလိုက်တယ် ။ ကြွေကန်ထဲမှာ ရေမှော်တွေအပြည့်နဲ့
စိမ်းဖန့်ဖန့် ရေတွေ…။ ရေဘူစီဘောင်းတွေ ပလုံစီပြီး တစ်စုံတစ်ရာ ထွက်ပေါ်လာတော့မလို…။
ဒဏ္ဍာရီလာ ရေသတ္တဝါတစ်ကောင်ကောင်များ ထွက်လာတော့မှာလား ။ စောစောက အလိမ်ခံထိထားပေမဲ့ အားလုံးရဲ့စိတ်ထဲမှာ
ဒီတစ်ခါတော့ အစစ်အမှန်တစ်ခုခု တွေ့ရလိမ့် မယ်လို့ မျှော်လင့်နေကြတယ် ။ ဒါပေမဲ့ ဘွားခနဲပေါ်လာတာကတော့
ရေသူမလို ဝတ်စားထားတဲ့ အိမ်ရှင်ယောက်ျားကြီးပေါ့ ။ မြင်ရတာ စိတ်ပျက်စရာ … ။ အားလုံးလည်း
စိတ်တို ဒေါသထွက်လို့ ဝိုင်းထုရိုက်ကြ ။ တကယ့်ကို ဟာသ ။
နောက်တစ်ခန်းမှာတော့ အတည်အခံ့ လေလံပွဲတစ်ခု
။ ဒေါ်လာတွေ သိန်းသန်းချီ လေလံဆွဲနေကြတဲ့နေရာကတော့ အစိမ်းရောင်ပင်လယ်ကွေ့ပါပဲ ။ လေလံပွဲမှာ
သူဌေးလေး-လူချန် အနိုင်ရသွားခဲ့တယ် ။
- သဘာဝပတ်ဝန်းကျင်ကြီးကို အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်စေချင်လို့
သတ္တဝါတွေကို လေ့လာဖို့အတွက် ကျွန်တော်တို့အဖွဲ့
အစည်းက ဒီမြေကို လေလံဈေးအမြင့်ဆုံးပေးဝယ်ခဲ့တာပါ
။ ဒီကိစ္စကို ငွေကြေးနဲ့ တိုင်းတာဖို့ မသင့်ပါဘူး -
တဲ့ ။ လူထုကြားကို
ဖြန့်ထားတဲ့ သူဌေးလေးရဲ့ဝါဒ ။ အမှန်တကယ်မှာတော့ လူချန်က အကျိုးအမြတ်ရဖို့ပဲ ကြည့်တာပါ
။ ကမ္ဘာကြီး ပျက်စီးချင်ပျက်စီးပါစေ … ဘယ်သူသေသေ ငတေမာရင် ပြီးရော လူစား ။
သူ့လိုပဲ စီးပွားရေးသောင်းကြမ်းတဲ့မိန်းမချောလေးက
ရိုလန် ။ ရိုလန်က အစိမ်းရောင်ပင်လယ်ကွေ့ကို
လေလံမဆွဲနိုင်ခဲ့လို့ ပူးပေါင်းလုပ်ကိုင်ခွင့်ရဖို့ လူချန့်အနားကို ကပ်နေသူပါ ။ နှစ်ယောက်သား
ညှိနှိုင်းပြီးလို့ အဆင်ပြေနေတုန်းမှာပဲ ရုတ်တရက် ရောက် လာတဲ့ မိန်းမငယ်လေးတစ်ဦး ။
ဝတ်စားပြင်ဆင်ထားပုံက ရယ်စရာ ။ ပါတီပွဲကို ဖိတ်ထားတဲ့အထဲမှာလည်း မပါ ။ လူချန့်ကို သဘောကျလို့
ခိုးဝင်လာတာပါ-တဲ့ ။ ဖုန်းဆက်ဖို့ အတန်တန်တောင်းပန်ပြီး နံပါတ်ပေးနေတဲ့အတွက် လူချန်က
ယူထားလိုက်ပါ တယ် ။
တကယ်တော့ လူချန်က ဆင်းရဲသားကနေ သူဌေးဖြစ်လာသူ
။ နွမ်းပါးတဲ့ဘဝကို နာကျည်းလွန်းလို့ လောကမှာ အရေးကြီး ဆုံးက ငွေပဲလို့ ယုံကြည်ထားခဲ့တယ်
။ ငွေရဖို့အတွက်ဆို ဘာကိုမှ မငဲ့ဘူး ။ အစိမ်းရောင်ပင်လယ်ကွေ့မှာ နေထိုင်တဲ့ သတ္တဝါတွေ
အပါအဝင်ပေါ့ ။ အစိမ်းရောင်ပင်လယ်ကွေ့မှာ လင်းပိုင်တွေ နေထိုင်ကြတာကြောင့် ထိန်းသိမ်းစောင့်ရှောက်ရမယ့်နယ်မြေအဖြစ်
သတ်မှတ်ထားပေမဲ့ လူချန် အကြံပက်စက်ခဲ့တယ် ။ ရေသတ္တဝါတွေကို သေကျေပျက်စီးစေတဲ့ အသံလှိုင်းထုတ်လွှင့်စက်တွေကို
ပင်လယ်ထဲမှာ ချထားခဲ့တယ်။ လင်းပိုင်တွေအပါအဝင် ရေသတ္တဝါများစွာခမျာ ပင်လယ်ထဲမှာ မနေနိုင်လောက်အောင်
အသက်သေ တဲ့အထိ ဒုက္ခတွေ့ကြရပြီပေါ့ ။
အမှန်တကယ်တော့ အစိမ်းရောင်ပင်လယ်ကွေ့မှာ
နေထိုင်တာ လင်းပိုင်တွေတင် မကပါဘူး ။ ဒဏ္ဍာရီလာသတ္တဝါဖြစ်တဲ့ ရေလူသားတွေရဲ့ဒေသလည်း ဖြစ်ပါတယ်
။ လူချန်ကြောင့် ရေလူသားတွေခမျာ သေသူသေ ၊ ဒဏ်ရာရသူရ ။ ဒုက္ခရောက်ကြရတာ ကြောင့် လက်တုံ့ပြန်ဖို့အကြံအစည်နဲ့
ရေသူမလေးတစ်ဦးကို သူလျှိုအဖြစ် လွှတ်လိုက်ပါတယ် ။ သူမကတော့ ကိုးရိုကားရားဝတ်စား လို့
ပါတီပွဲကို ခိုးဝင်ခဲ့တဲ့-ရှန် ။ သူမရဲ့အလှအပနဲ့
မြူဆွယ်ဖျားယောင်းပြီး လူချန့်ကို လုပ်ကြံဖို့ ရေလူသားတွေက စီစဉ်ထားသတဲ့ လေ ။
ဖြစ်နိုင်စရာအလားအလာ နည်းလှပါတယ် ။ ရေသူမလေး-ရှန်က
လူချန် စိတ်ဝင်စားလောက်အောင် ဆွဲဆောင်မှုရှိသူ မဟုတ်ပါဘူး ။ ဒါပေမဲ့ ရိုလန်နဲ့လူချန်တို့
အဆင်မပြေချိန်မှာ ရှန်က ခုတုံးလုပ်စရာဖြစ်ခဲ့တယ် ။ လူချန်က ရိုလန် မနာလိုအောင် ရှန့်ဆီ
ဖုန်းဆက်ခဲ့တယ် ။ ရေလူသားတို့အတွက် အခွင့်အရေးပေါ့ ။ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပြီး
ရေသတ္တဝါတွေကို ဒုက္ခ ရောက်စေတဲ့ သူဌေးသား-ငရှုပ်ငပွေ-လူချန့်ကို လုပ်ကြံဖို့ ရှန် ချည်းကပ်ခဲ့ပေမဲ့
အမှန်တကယ် ဖြစ်ပွားလာတာကတော့ စိတ်ကူးယဉ် ဆန်တဲ့ / ပြုံးစရာလည်း ကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်
။
“ ချစ်တဲ့သူကိုကယ်ဖို့အတွက် စွန့်လွှတ်အနစ်နာခံဖို့
အသင့်ဖြစ်နေတာဟာ သဘာဝပဲလေ ။ မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့
တော့ ။ အချစ်မှာ ဥပဒေတွေ မရှိဘူး ။ အချစ်က စည်းမျဉ်းတွေ နယ်နိမိတ်တွေကို ကျော်လွန်နိုင်တယ်
။ ဟုတ်ပါတယ် …
လူသားတွေက ယုတ်မာကြတယ် ။ ဒါပေမဲ့ လူကောင်းတွေလည်း ရှိပါတယ် ။ အချစ်က ငါတို့အနားမှာပဲ
ရှိနေတာပါ ။
အချစ်ဆိုတာ အေးချမ်းတယ် ။ အစမ်းသပ်ခံတယ် ။ နောက်ပြီး … ဘယ်တော့မှလည်း အဆုံးမသတ်ဘူး
။”
လူချန်နဲ့ ရှန်ဟာ
တစ်ဦးကိုတစ်ဦး အသုံးချဖို့ကြိုးစားရင်း မထင်မှတ်ဘဲ အချစ်စစ်ကို တွေ့ရှိသွားကြတယ်
။ ဒီအချိန်မှာပဲ လူချန်ခမျာ သူ့ချစ်သူက ရေသူမလေးမှန်း သိလိုက်ရတယ် ။ တစ်ချိန်တည်းမှာပဲ
သူဟာ ရေသတ္တဝါတွေကို ထိခိုက်နာကျင်အောင် လုပ်နေမိမှန်း သတိပြုမိသွားတဲ့အတွက် … ။
လူချန် ပြန်စဉ်းစားရပြီ ။ သူ့အလုပ်တွေက
လောကကြီးကို ဖျက်ဆီးနေမိသလား ။ ရှန်အပါအဝင် ရေသတ္တဝါတွေရဲ့နယ်မြေ ကို မတရားသိမ်းပိုက်မိခဲ့သလား
။ ဘဝရဲ့နာကျင်မှုတွေကြောင့် ဘာကိုမှ မတွေးဘဲ ငွေကြေးနောက်လိုက်ခဲ့မိတဲ့ လူချန်ဟာ အချစ်နဲ့
တွေ့ချိန်မှာတော့ အမှားအမှန်ကို ဝေဖန်သုံးသပ်ဖို့ အခွင့်အရေးရခဲ့ပါတယ် ။ သူကိုယ်တိုင်
ပင်လယ်ထဲမှာ ချခိုင်းထားတဲ့ ရေအောက် အသံလှိုင်းထုတ်လွှင့်စက်ရဲ့ဆိုးကျိုးကို သူကိုယ်တိုင်ပဲ
စမ်းသပ်ကြည့်ခဲ့တယ် ။
အိုး … ဆယ်ပုံတစ်ပုံပမာဏ
အနည်းငယ်မျှ ဆိုးကျိုးလေးကတောင် သူ့ကို ရူးမတတ် နာကျင်သွားစေပါလား ။ ဒါဖြင့် မိုင်ကုန်ဖွင့်ထားတဲ့
ဒီလိုစက်တွေကို ပင်လယ်ထဲမှာ နေရာလပ်မကျန် ချထားခိုင်းမှတော့ ရေနေသတ္တဝါတွေ ဘယ်လောက်
နာကျင် ကြလိမ့်မလဲ ။ ဘယ်လောက်တောင် ထိခိုက်ပျက်သုန်းကုန်ပြီလဲ ။
လူချန်က စက်တွေကို ပိတ်ခိုင်းလို့ ရှယ်ယာရှင်တွေ
အကျပ်ရိုက်ရပါပြီ ။ အားလုံးက ကန့်ကွက်ကြပေမဲ့ ရိုလန်ကတော့ လူချန့်ဘက်မှာ ရပ်တည်ခဲ့တယ်
။ အဲဒါကြောင့် လူချန်က ရေလူသားတွေအကြောင်း ရိုလန့်ကို ဖွင့်ပြောပြလိုက်တဲ့အခါမှာတော့
…
လူချန်
- “ ပိုက်ဆံတွေကိုတော့ ငါ လိုချင်တာပေါ့
။ ဒါပေမဲ့ အတိုင်းအတာဆိုတာ ရှိတယ် ။ ငါတို့ရဲ့ကိုယ်ကျင့်သိက္ခာကို
ဆန့်ကျင်ပြီး မလုပ်သင့်တော့ဘူးလေ
။”
ရိုလန်
- “ ကိုယ့်ကျင့်သိက္ခာ ဟုတ်လား ။ ကမ္ဘာ့လူမှုဖူလုံရေးတွေနဲ့
ငြိမ်းချမ်းရေးတွေက ရှင့်အပေါ်မှာ မှီခိုနေတာပဲလေ
ကိုယ့်ကျင့်သိက္ခာ
စောင့်ထိန်းသူကြီးရဲ့(လူတွေအမြင်မှာတော့ ရှင်က သူတော်ကောင်းကြီးပဲ မဟုတ်လား ။
ကမ္ဘာပေါ်မှာ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းသူကြီးအဖြစ်
ရှင် အယောင်ဆောင်နေခဲ့တာပဲလေ သူဌေးလေးရဲ့) ။”
ရည်းစားလည်း အလုခံရ
၊ သိက္ခာလည်း ကျခဲ့လို့ အတွင်းကောက်ကျိတ်ကြံနေတဲ့ ရိုလန်ဟာ ရေသူမလေးရဲ့သတင်းကို ကြားချိန်မှာ
ဘာကိုမှ မထောက်ညှာတော့ပါဘူး ။ မျိုးစိတ်သစ်တွေ့ရှိမှုနဲ့ ငွေရှာဖို့ ကြိုးစားပါတော့တယ်
။ လူချန်က တားမြစ်ပေမဲ့ ဘယ်အရာဝင် တော့မှာလဲ ။ ရှန့်အပေါ်မှာ အညှိုးဖွဲ့နေတဲ့ရိုလန်က
ရေလူသားတွေကို အန္တရာယ်ပြုဖို့အတွက် အစိမ်းရောင်ပင်လယ်ကွေ့ထဲက သင်္ဘောပျက်ဆီကို ဦးတည်လာခဲ့ပါပြီ
။
h h h h h
ဘဝနာလို့ ငွေမျက်နှာပဲကြည့်တတ်ခဲ့ပေမဲ့
အချစ်ကြောင့် ပြောင်းလဲလာတဲ့ လူချန် ။ ဆွေကြီးမျိုးကြီးက ပေါက်ဖွားလာသူမို့ မာနဂုဏ်မောက်နေတဲ့
ရိုလန် ။ မိမိရဲ့မိသားစုနဲ့ဒေသအတွက် စွန့်စားရင်း အချစ်ကို တွေ့ရှိသွားတဲ့ ရှန် ။ သူတို့
ဘာတွေ ဆက်ဖြစ် ကြမလဲ ။
ရေသူမဇာတ်ကားတွေကို
ကျွန်မတို့အားလုံး တော်တော်များများ ကြည့်ဖူးကြပါလိမ့်မယ် ။ ဟောလိဝုဒ်/ဘောလိဝုဒ်အပါ
အဝင် နိုင်ငံတကာရုပ်ရှင်တွေမှာ ရေသူမဇာတ်လမ်းဟာ မပါမဖြစ် ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ။ ကျွန်မတို့နိုင်ငံမှာတောင်
ရိုက်ခဲ့ဖူးပါတယ် ။ ယုံတာ-မယုံတာ အပထား…ရေလူသားမျိုးစိတ်ပေါင်း(၂၁)မျိုး ရှိပြီး တချို့မျိုးစိတ်တွေက
လူသားတွေနဲ့ ယဉ်ပါးပေမဲ့ တချို့တွေကျ လူတွေကို မုန်းတီးပြီး ရန်ပြုသတ်ဖြတ်တဲ့အထိ ပြုမူတာတွေ
ရှိကြောင်း သုတေသီတွေ ရေးတဲ့ ဆောင်းပါးတွေမှာ ဖတ်ရှုဖူးပါတယ် ။ ဆိုလိုတာက ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကို
တင်ပြချင်လို့ နိဒါန်းပျိုးနေတာပါ ။
ရေသူမဇာတ်ကားအားလုံးနီးပါးမှာ
ပါဝင်တဲ့ရေသူမတွေဟာ ရေနဲ့မထိတဲ့အခါ အမြီးဟာ ခြေထောက်အဖြစ် ပြောင်းလဲသွား ကြတာချည်း
။ ဒါကြောင့် လူသားတစ်ယောက်လို သွားလာလှုပ်ရှားနိုင်တယ် ။ ဒီလိုမျိုး ဇာတ်လမ်းဆင်လေ့ရှိပေမဲ့
ဒီရုပ်ရှင်မှာတော့ ရေသူမလေးဟာ ခြေထောက် မရှိပါဘူး ။ သူမရဲ့အမြီးကို အလယ်က ခွဲပြီး ခြေထောက်သဖွယ်
အသုံးပြုပါတယ် ။ ဒါဟာ အခြား ရေသူမဇာတ်ကားတွေနဲ့
မတူညီတဲ့ ဒီရုပ်ရှင်ရဲ့ထူးခြားချက်ပါပဲ ။ ရေလူသားမျိုးနွယ်ကွဲတွေကို အခြေခံပြီး ဆန်းသစ်တီထွင်လိုက်တဲ့
ဖန်တီးမှုလို့ ယူဆနိုင်မယ် ထင်ပါတယ် ။
ဇာတ်လမ်းကို ဆက်ရရင်
ရေလူသားတွေကို ဖမ်းဆီးဖို့ ရောက်ရှိသွားတဲ့ ရိုလန်တို့အဖွဲ့ဟာ မြင်မြင်ကရာကို ပစ်ခတ်ပါ
တော့တယ် ။ စာနာစိတ် ကင်းမဲ့စွာ မညှာမတာရိုက်နှက်ခုတ်ထစ်ပြီး ဖမ်းဆီးနေကြပုံတွေက တကယ့်ကို
သနားစရာ ။ ရှန်ခမျာလည်း ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်လို့ ။ အသံလှိုင်းထုတ်လွှင့်စက်တွေ
ပိတ်လိုက်ပြီဖြစ်တာကြောင့် ရေလူသားတွေ ပင်လယ်ထဲကို ဆင်းနိုင်သွားပါပြီ ။ (အရင်က စက်တွေ
ဖွင့်ထားလို့ သင်္ဘောပျက်ထဲမှာ ဝင်ပုန်းနေကြတာပါ) အားလုံး ထွက်ပြေးလွတ်မြောက်သွား ချိန်မှာ
ရှန်ကတော့ ရိုလန်ရဲ့အညှိုးတကြီးလိုက်လံသတ်ဖြတ်မှုကြောင့် အသက်သေလုနီးနီး ဖြစ်ခဲ့ရပါတယ်
။
ရှန်ကို ကယ်တင်ရင်း
လူချန် သေဆုံးသွားသလိုမျိုး တင်ပြခဲ့ပေမဲ့ ဇာတ်သိမ်းကတော့ ပျော်ရွှင်စရာအဆုံးသတ်ပါ ။
လူချန် မသေပါဘူး ။ နောက်ပြီး … သူဟာ လုံးဝပြောင်းလဲသွားပါပြီ ။ တစ်ချိန်က ဘယ်သူ့မျက်နှာမှ
မငဲ့ ၊ ငွေကြေးနောက်ပဲ လိုက်တတ်တဲ့ လောဘသားကောင် မဟုတ်တော့ပါဘူး ။ သဘာဝပတ်ဝန်းကျင်ကို
ထိန်းသိမ်းကာကွယ်ဖို့အတွက် ငွေအားလုံးကို စိတ်ရင်းအမှန်နဲ့ လှူဒါန်းလိုက်တဲ့ ကရုဏာရှင်တစ်ယောက်
ဖြစ်နေခဲ့ပြီလေ ။ ဒါတင်မကသေး ၊ ရှန်နဲ့အတူ သူ့ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းသွားပုံနဲ့
စိတ်ကူးယဉ်ဆန်ဆန် အဆုံးသတ်ထားပါတယ် ။
ကျွန်မ ပြောပြခဲ့တဲ့ရုပ်ရှင်ကတော့ (2016)မှာ
ထွက်ရှိခဲ့တဲ့ “The Mermaid”ဖြစ်ပါတယ်
။ ပြောင်ချော်ချော်ဟာသကွက်တွေ ကြောင့် လူငယ်အများအပြားရဲ့နှစ်သက်အားပေးမှုကို ရရှိထားတဲ့ဇာတ်ကားပါ
။ အပေါ်ယံကြည့်ရင် ရယ်စရာတွေနဲ့ တန်ဆာဆင် ထားလို့ ခပ်ပေါ့ပေါ့ထင်ရပေမဲ့ နက်နဲတဲ့ရည်ရွယ်ချက်က
ထိရှလှပါတယ် ။ ကြည့်လေ…ကြည့်လေ…မျှော်လင့်မိလေ ။ လူတွေဟာ အမှန်တကယ်ပြောင်းလဲနိုင်ပါတယ်ဆိုတဲ့
မျှော်လင့်ချက်…။ မသိခင်မှာ အမှားတွေ လုပ်နေဦးတော့…သတိပြုမိချိန်မှာ ပြင်ဆင်ခွင့်
ရှိပါတယ် ။ နာမည်ကောင်းရလိုတဲ့ / ဟန်ဆောင်မှုတွေ မပါတဲ့ စိတ်ရင်းမှန်ဖြစ်ဖို့ပဲ လိုတာပါ
။ သဘာဝပတ်ဝန်းကျင်ကြီးကို ဖျက်ဆီး နေမိသူတွေကိုယ်တိုင် ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ဖို့
လေးလေးနက်နက်ဆင်ခြင်မိမယ်ဆိုရင်…။ မှားယွင်းတဲ့လမ်းပေါ်ကနေ လမ်းမှန်ပေါ် ပြန်တက်ဖို့အတွက်
လူတိုင်းမှာ အခွင့်အရေးရှိပါတယ် ။ မိမိရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ အမှန်/အမှားကို ပြန်သုံးသပ်
မိဖို့ ၊ အမှန်တကယ် ပြောင်းလဲချင်ဖို့ပဲ လိုအပ်တာ ။
ငွေတွေ အများကြီး
ရှိနေဖို့ တကယ်ပဲ အရေးကြီးဆုံးလား ။ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အထိ ၊ သဘာဝတရားကြီးကို
ဖျက်ဆီးမိတဲ့အထိ ၊ မေတ္တာတရား/စာနာစိတ်ထားအစစ်အမှန်တွေ ပျောက်ကွယ်သွားတဲ့အထိ ၊ မရိုးသားတဲ့နည်းလမ်းပေါင်းစုံကို
အသုံးပြုလောက်တဲ့အထိ ငွေတွေ အများကြီး ရှိအောင် ကြိုးပမ်းဖို့ အမှန်ပဲ လိုအပ်လို့လား
။
အကယ်လို့…သန့်ရှင်းတဲ့
သဘာဝလေထု/ရေထုတွေ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင် ငွေတွေ ဘယ်လောက်ပဲပိုင်ပိုင်
ဘာလုပ်နိုင်မှာလဲလေ ။ ဒီရုပ်ရှင်ထဲက ဇာတ်ဆောင်-လူချန်ကတော့ မေတ္တာတရားရဲ့လမ်းပြမှုကြောင့်
စာနာစိတ်ရင်းမှန်တွေနဲ့အတူ အမှား ပြင်ဆင်ဖို့ အခွင့်အရေးရခဲ့ပါတယ် ။
@ ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ
…
စေတနာရှေ့ထားလျက်
…
ဂါဦးနွန်းကို