Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

စွဲမိစွဲရာ






စွဲမိစွဲရာ


( ၂၀၁၆ ဇန်နဝါရီလထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )

 

ဂါဦးနွန်းကို …… …… ရေးသည် ။



-----------------------------------------------------------------------------------------------------------


   “ အမလေး…သရဲ…သရဲကြီး အိမ်သာထဲမှာ ငုတ်တုတ်ကြီးတော့…”
နေစိမ့်၏အော်သံက တကယ့်ကို အလန့်တကြား ။ ဝေယျာဝစ္စပြုလုပ်နေသူအားလုံး လုပ်ဆောင်နေသောအလုပ်အသီး သီးကို ပစ်ချပြီး နေစိမ့်ရှိရာဆီသို့ တရုန်းသုန်းကား ပြေးလာကြသည် ။ အားလုံးလည်း စိုးရိမ်ပူပန်သွားကြသည် ။
     ဒေါ်ကြီးရွှေရင်က ထိပ်ဆုံးမှဖြစ်သည် ။ သူက အိမ်သာ(toilet)မှ ထွက်လာလာချင်း ပန်းကန်စင်ဆောင်တွင် ပန်းကန် ဆေးနေခိုက် နေစိမ့်၏အော်သံကိုကြားလိုက်ရ၍ ပြေးထွက်လာခြင်းဖြစ်သည် ။ အခြားခြေသံများလည်း သူ့နောက်မှ တဝေါဝေါပါလာကြသည် ။ ဒေါ်ယဉ်နု ၊ ဒေါ်သင်းရီ ၊ မခင်လှိုင်နှင့် မငွေအေးတို့က ရှေ့ဆင့်နောက်ဆင့် ပြေးရောက်လာ ကြခြင်းမဟုတ်ပါလား ။
   “ ဟဲ့…ဟဲ့…သမီးနေစိမ့် ဘာဖြစ်တာလဲ ။ ဘာဖြစ်လို့လဲ ။”
ဒေါ်ကြီးရွှေရင်က စိတ်ပူတကောမေးသည် ။ နေစိမ့်က မျက်လုံးကြီးစုံမှိတ် ၊ အိမ်သာရှေ့ တောင့်တောင့်ကြီး ရပ်ရင်း ကတုန်ကယင်ဟစ်အော်နေဆဲ ။ သူ့ပုံစံက ရယ်ရွှင်ဖွယ်ရာ ။ သို့သော် သူ့အသံကမူ အသည်းတုန်အူလှုပ်ဖွယ်ရာပင် ။
   “ သရဲကြီး…မည်းမည်းကြီးတော့…အိမ်သာထဲမှာ ငုတ်တုတ်ကြီး…”
ထိုသို့ ပလုံးပထွေးအော်နေဆဲဖြစ်သည် ။ ဒေါ်ကြီးရွှေရင်က နေစိမ့်ပုခုံးကို လှုပ်ကိုင်ခါရင်း မေးလိုက်တော့မှ အော်သံ တိတ်သွားသည် ။ မျက်လုံးပြူးမျက်ဆံပြူးလှည့်ကြည့်သည် ။
   “ သမီးရယ်…ဘာဖြစ်တာလဲ ။ ဒေါ်ကြီးတို့ စိတ်ပူလိုက်တာ ။”
   “ အမလေး…ဒေါ်ကြီးရဲ့ ။ သမီး…သမီးကို သရဲချောက်လို့ ။ သရဲကြီး…အိမ်သာထဲမှာ ငုတ်တုတ်ကြီး…”
   “ ဘယ်မှာ ရှိလို့လဲ သမီးရယ်…။”
    “ ဟိုအထဲမှာ…ဟိုအထဲမှာ…”
နေစိမ့်က လက်ညှိုးတထိုးထိုးနှင့် ပြောသည် ။ သူ ညွှန်ပြနေသည်က သူ့ရှေ့က အိမ်သာဆီသို့ ။
       တံခါးက သစ်သားတံခါးဖြစ်၍ လွှတ်လိုက်သည်နှင့် သူ့အလေးချိန်နှင့်သူ ပြန်ပိတ်သွားပြီဖြစ်သည် ။ ဖွင့်ကြည့်မှသာ အထဲမှာ လူရှိ/မရှိ သို့မဟုတ် တစ်စုံတစ်ခု ရှိ/မရှိ သိရမည်သာ ။ ဒေါ်ကြီးရွှေရင်ကတော့ တစ္ဆေသရဲကို အယုံအကြည်ရှိ ပေမဲ့ မကြောက်တတ်ပါ ။ ခပ်ရဲရဲပဲ ရှေ့သို့ ထွက်သွားပြီး တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည် ။
   “ ခ…ခဏလေး…ဒေါ်ကြီး ။ သ…သမီး သမီး ကြောက်လို့ အီး…အဟီး…”
နေစိမ့်လေးခမျာ အတော်လေး သွေးပျက်သွားဟန်တူသည် ။ နေရာမှာ မရပ်ဝံ့တော့ဘဲ နောက်ဆုံးတွင်ရပ်ကြည့်နေသူ မငွေအေးထံသို့ ပြေးဝင်ကာ မျက်နှာကွယ်ထားသည် ။
      အားလုံးကလည်း ထိုတံခါးရွက်၏တစ်ဖက်၌ ဘာများ ရှိနေမလဲဆိုတာ သိလည်းသိလိုသည် ။ ကြောက်လည်း ကြောက်နေကြသည် ။ တံခါးဆီသို့ မဝံ့မရဲလှမ်းကြည့်နေကြသည် ။ ဒေါ်ကြီးရွှေရင်ကမူ လူကြီးပီပီ ကြောက်စိတ် လျော့ နည်းနေပြီထင်…တံခါးကို ခပ်ရဲရဲပင် ဆွဲဖွင့်လိုက်သည် ။
   “ ဟင်…”
   “ အမလေး…တော်ပါသေးရဲ့ ။”
    “ ဘာမှမရှိပါဘူး နေစိမ့်ရယ် ။ ညီမ စိတ်ထင်တာပါ ။”
တံခါးကို ဆွဲဖွင့်လိုက်သည့်အခါ ဗလာကျင်းလျက်သား တွေ့လိုက်ရသဖြင့် အားလုံးထံမှ မတူမညီအသံကိုယ်စီ ထွက်ကျ သွားကြသည် ။ ထိုအထဲကမှ မခင်လှိုင်၏အသံက နေစိမ့်ကို နှစ်သိမ့်သည်ဆိုခြင်းထက် စွပ်စွဲသကဲ့သို့ဖြစ်နေ၍ နေစိမ့် စိတ်တိုသွားသည် ။
      နေစိမ့် တကယ်မြင်ခဲ့တာပါ ။ မည်းမည်းကြီး…သို့ပေမဲ့ မထင်မရှား မဟုတ် ။ ထင်ထင်ရှားရှားကြီး ။ နေစိမ့် အိမ်သာ ဝင်ဖို့အတွက် တံခါးကို ဆွဲအဖွင့် အိမ်သာထဲမှာ ငုတ်တုတ်ထိုင်နေသူတစ်ယောက် ။ ရုတ်တရက်တော့ တခြားလူတစ် ယောက် အိမ်သာဝင်နေသည်ထင်ပြီး နေစိမ့် အားနာသွားသည် ။ သို့သော် ချက်ချင်းပဲ နေစိမ့် သဘောပေါက်လိုက်သည် က ထိုသူဟာ လူ မဟုတ်…လူတစ်ယောက်၏အသွင်သဏ္ဍာန်မျိုး မဟုတ် ။
      ပုံသဏ္ဍာန်ကတော့ လူနှင့်တူပေမဲ့ အရောင်အဆင်းက မှေးမှိန်လွန်းသည် ။ တစ်ကိုယ်လုံး မည်းတူးချိတ်နေသည် ။ မီးသွေးတုံးတစ်တုံးကို တွေ့မြင်လိုက်ရသလိုဟုဆိုရမည် ။ တော်ပါသေး၏ ။ မျက်နှာကိုမူ သေချာမမြင်တွေ့ရ ။ ဦးခေါင်း ကို ငုံ့ထားသည်ပဲလေ ။
     ထိုသူကို မြင်လိုက်ရသည့်အခိုက် နေစိမ့်တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတို့ ထပြေးသွားသည် ။ တံခါးကို ကြောက် အားလန့်အား လွှတ်လိုက်ပြီး မျက်လုံးကိုစုံမှိတ်ကာ ကြုံးအော်ပစ်လိုက်မိခြင်းဖြစ်၏ ။ ချက်ချင်းပဲ တစ်ဖက်ခန်းမှာ အလုပ် လုပ်နေသူ-ဒေါ်ကြီးတို့အုပ်စု ပြေးဝင်လာကြသည် ။ တံခါးကို ဒေါ်ကြီးရွှေရင် ဖွင့်ကြည့်လိုက်သည့်အခါမှာတော့ စောစော က မည်းမည်းသတ္တဝါကြီး မရှိတော့ပေ ။
       တကယ် တွေ့မြင်ခဲ့ရခြင်းဖြစ်ပေမဲ့ မိမိတစ်ယောက်တည်းကို အထင်တရှားပြသခဲ့ပြီး ယခုများကျ ကွယ်ပျောက် သွားခဲ့ပြီမို့ စိတ်ထင်ခြင်းပါဟု ယိုးစွပ်ရအောင်က နေစိမ့်သည် ကျပ်မပြည့်သူတစ်ယောက် မဟုတ် ။ မရှိတာကို အရှိထင် ရလောက်သည်အထိ နေစိမ့်မှာ စိတ်ချောက်ချားစရာ အကြောင်းအရာ မရှိ ။ ယခုက အမှန်တကယ်တွေ့မြင်ခဲ့ခြင်းသာ ။
   “ သမီး စိတ်ထင်တာ မဟုတ်ဘူး အစ်မခင်လှိုင် ။ သမီး တကယ်တွေ့ခဲ့တာ ။”
နေစိမ့်က ဒေါသသံစွက်၍ ဆိုသည် ။ စောစောက လန့်ဖြန့်ကာ မျက်ရည်ကျသွားသဖြင့် ရှိုက်သံတဝက်ကလည်း နှော ယှက်နေသေးသည် ။ မခင်လှိုင်လည်း စကားမှားသွားမှန်းသိ၍ ဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ် ဒေါ်ကြီးရွှေရင်က…
   “ နေစိမ့်ရယ် ဝမ်းမနည်းပါနဲ့ ။ စိတ်လည်းမဆိုးနဲ့ ။ မခင်လှိုင်က သမီး စိတ်သက်သာအောင် နှစ်သိမ့်တာပါ ။ ဒေါ်ကြီး
      နားလည်တယ် ။ သမီး ဘယ်လောက်လန့်သွားမယ်ဆိုတာ ဒေါ်ကြီး ကိုယ်ချင်းစာတယ် ။ နောက်ပြီး…သမီး စိတ်
      ထင်တာ မဟုတ်မှန်းလည်း ဒေါ်ကြီး သိတယ် ။ ကဲ…လာ ။ ဆွမ်းစားဆောင်မှာ ထိုင်ပြီး စကားပြောကြတာပေါ့ ။”
ဒေါ်ကြီးရွှေရင်က ဝင်ဖြန်ဖြေမှပဲ ပြဿနာအေးသွားသည် ။ နေစိမ့်လည်း မခင်လှိုင်အပေါ် အားနာသွားမိသည် ။ ဘာပဲ ပြောပြော ကိုယ့်ထက် အသက်အရွယ် ကြီးသူတွေချည်း ။ သူတို့ မှားစေဦးတော့…ကိုယ်က အငယ်ပဲလေ ။ သည်းညည်း ခံရမည် မဟုတ်လား ။

"""

   နေစိမ့်က တနင်္ဂနွေနေ့တိုင်း (……)တရားရိပ်သာတွင် ဝေယျာဝစ္စ ဝင်ရောက်ကူညီပြုလုပ်ပေးနေသည်မှာ နှစ်လနီးပါး ခန့်ရှိနေပြီဖြစ်သည် ။ ရုံးပိတ်ရက်တွင် သူငယ်ချင်းများနှင့်လည်ပတ်ခြင်း ၊ သင်တန်းများ တက်ခြင်းတို့ကို ယခင်က ပြု လုပ်နေခဲ့ပေမဲ့ အချိန်ကြာသည်နှင့်အမျှ အကျိုးထူးကြီးကြီးမားမားမတွေ့ရသဖြင့် ကုသိုလ်ရေးဘက် ဦးလှည့်ရန် စဉ်းစား မိသည့်အခိုက် မိတ်ဆွေတစ်ယောက်က သူ၏ဆရာတော်ဘုရား တရားဟောလမ်းပြနေသော(……)တရားရိပ်သာတွင် ဝေယျာဝစ္စလုပ်သူ နည်းပါးနေသောကြောင့် ဝေယျာဝစ္စအလုပ်တွေ ဝင်ရောက်ကူညီပေးပါရန် အကြံပြုလာခဲ့၍ ယခုလို ဝင်လုပ်ဖြစ်ခဲ့ခြင်းဖြစ်သည် ။
     ကုသိုလ်လည်းရ စိတ်လည်း ချမ်းသာရသည် ။ လာရောက်လှူဒါန်းမှုများကို ရှုကြည့်ရင်း မုဒိတာလည်း ပွားရသည် ။ အားလည်းကျရသည် ။ သို့ကြောင့်လည်း ဝေယျာဝစ္စ ဝင်ရောက်လုပ်ဆောင်ပြီးမကြာ နေစိမ့် ပိုက်ဆံစုတတ်လာသည် ။ (……)ရိပ်သာတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းရန်ရည်စူးပြီး လုပ်အားခထဲမှ စုဆောင်းနေခြင်းဖြစ်၏ ။ နေစိမ့်၏တိုက်တွန်း မှုကြောင့် မိဘမောင်ဖွားများပင် နေစိမ့်၏နေ့ဆွမ်းအလှူတွင် ဝင်ရောက်ထည့်ဝင်နေကြပြီမို့ စုငွေ ငါးသိန်းနီးပါးခန့် ရရှိ နေခဲ့ပြီဖြစ်၍ ဆွမ်းကပ်လှူမည့်နေ့ကို ရက်ချိန်းယူထားလိုက်သည် ။ တနင်္ဂနွေနေ့ပင်ဖြစ်သည် ။
     စနေနေ့ညနေကတည်းက နေစိမ့်ကိုယ်တိုင် ဝင်ရောက်ကူညီနေခဲ့သည် ။ ချက်ရေးပြုတ်ရေးကအစ ဒေါ်ကြီးရွှေရင် နှင့်အတူ ပါဝင်လုပ်ဆောင်သည် ။ အချက်အပြုတ်ဝါသနာပါသူပီပီ လက်ရာကလည်း ခပ်ချာချာမဟုတ်သဖြင့် ဒေါ်ကြီး ရွှေရင်ကပါ နောင်များကျ နေစိမ့်ကိုလည်း လက်ထောက်စားဖိုမှူးခန့်ရမည်ဟု ကျီစယ်စ,နောက်ခဲ့သည် ။ မငွေအေးတို့ မခင်လှိုင်တို့ကလည်း အသက်အငယ်ဆုံးဖြစ်ပြီး သွက်လက်ချက်ချာသောနေစိမ့်ကို ညီမငယ်လေးလို ချစ်ခင်ကြသည် ။
     စနေနေ့…မနက်ဖြန် နေစိမ့် ပြုလုပ်လှူဒါန်းမည့်အလှူအတွက် ကိုယ်တိုင် ပါဝင်ကူညီလုပ်ကိုင်နေရသည့်အတွက် ကျေနပ်ပီတိ ဖြစ်လျက်ရှိစဉ် ချောက်ချားဖွယ်အဖြစ်အပျက်တစ်ခုကို မကြုံစဖူး တွေ့ကြုံလိုက်ရသည် ။ ညနေနေဝင်ရီ တရောအချိန်…တစ်ယောက်တည်း အိမ်သာသို့အသွား အိမ်သာထဲမှာ ဘာမှန်းမသိတဲ့အရာကို တွေ့မြင်လိုက်ရသည် ။ မည်းမည်းမည်းမည်း မသည်းမကွဲကြီး ။ သို့သော်…ဝေဝေဝါးဝါး တွေ့မြင်ခဲ့ရခြင်းတော့ မဟုတ် ။ တကယ့်ကို အထင် တရှား ။ သရဲတစ္ဆေဆိုတာ ဒါမျိုးဟု ထင်သည် ။
      အားလုံးက နေစိမ့်ကို တစ်မျိုးစီ နှစ်သိမ့်ကြပေမဲ့ နေစိမ့် မကျေနပ်နိုင် ။ ဘာမှန်းညာမှန်း မသိရ၍ နေစိမ့် စိတ်ဒုက္ခ ရောက်ရသည် ။ ယခင် တစ်လကျော်နှစ်လနီးပါး လာရောက်ဝင်ထွက်နေတုန်းက မတွေ့မြင်ခဲ့ဖူးသည့်-ဝိညာဉ်၊ ယခုများ မှ ရုတ်တရက်ကြီး တစ္ဆေချောက်သည့်ဖြစ်အင်အပေါ် နေစိမ့် နားမလည်နိုင် ။ ဘာကြောင့်များပါလိမ့်…။ ဘယ်က သရဲ လဲ ။ ဒွိဟဖြစ်ပြီး စိတ်ဆင်းရဲနေသည့် နေစိမ့်၏စိတ်အခြေအနေကို ဒေါ်ကြီးရွှေရင်က သက်ကြီးသူပီပီ နားလည်၍ထင်… ဆွမ်းစားဆောင်မှာ စုထိုင်ရင်း အကြောင်းအရာတစ်ခုကို ရှင်းပြလေသည် ။

"""

    “ တကယ်တော့ နေစိမ့် ထင်ယောင်ထင်မှား တွေ့မြင်ခဲ့တာ မဟုတ်ဘူး ။ နေစိမ့်ကို သူတို့က သူတို့ ရှိနေကြောင်းကို
      ပြလိုက်တာပဲ ။”
ဒေါ်ကြီးရွှေရင်က လေးလေးကန်ကန်ဆိုသည် ။ ဒေါ်ကြီးရွှေရင်၏မျက်လုံးများက ညှိုးရော်နေသည် ။ ဘာဖြစ်ခဲ့လို့လဲ ။ ရိပ်သာမှာ တစ္ဆေသရဲ ရှိနေရခြင်းအကြောင်းရင်းမှန်ကို နေစိမ့် အရမ်းသိချင်သွားသည် ။
   “ သူတို့ဆိုတာ ဘယ်သူတွေလဲဟင် ဒေါ်ကြီး ။”
   “ အင်း…ပြောရရင် ကြာခဲ့ပါပြီကွယ် ။ ဒေါ်ကြီးတောင် သူတို့ မရှိလောက်တော့ဘူးလို့ ထင်နေခဲ့တာ ။ အခုကျတော့…
     ဟုတ်မယ် ။ သူတို့ပဲဖြစ်လိမ့်မယ် ။ ဖြစ်ကြောင်းကုန်စင်ကို ဒေါ်ကြီး ပြောပြပါ့မယ်ကွယ် ။”
ဒေါ်ကြီးရွှေရင်က စကားကိုခဏရပ်ကာ သက်ပြင်းရှည်ကြီး ရှိုက်သည် ။ သူမကို ကြည့်ရသည်မှာ အတော့်ကို စိတ်ထိ ခိုက်နေသည့်ဟန် ။ နေစိမ့်ပင် ရင်ထဲမကောင်းသလိုဖြစ်သွားသည် ။ ကျန်လူအားလုံးလည်း ဒေါ်ကြီးရွှေရင် ဆက်မည့် စကားကို စိတ်ဝင်စားစွာ နားစွင့်နေကြသည် ။
   “ လွန်ခဲ့တဲ့(၅)နှစ်လောက်ကပေါ့ ။ ဒေါ်ကြီးတို့ ဒီရိပ်သာမှာ ဝေယျာဝစ္စပြုလုပ်တဲ့သူ (၁၄)ယောက် ရှိခဲ့တယ် ။ နာမည်
      တွေတော့ မပြောတော့ဘူးကွယ် ။ သူတို့က ရိပ်သာအပေါ်မှာ အရမ်းကို စေတနာထားကြတာ ။ ချမ်းချမ်းသာသာ
      တွေ မဟုတ်လို့ မလှူနိုင်မတန်းနိုင်ပေမဲ့ သူများတွေရဲ့အလှူကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်နေကြသူတွေပေါ့ ။ စိတ်
      နှလုံး ကောင်းသူတွေပေါ့ကွယ် ။ သူတို့ထဲက တချို့တလေဆိုတာ ဒေါ်ကြီးရဲ့သမီးတွေသားတွေလိုပဲ ။ ချစ်စရာ
      သိပ်ကောင်းတဲ့ကလေးတွေ ။ အရွယ်တွေကလည်း နေစိမ့်ထက် နည်းနည်းပဲကြီးကြမယ် ။ တချို့လည်း မခင်လှိုင်
      တို့ မငွေအေးတို့အရွယ်တွေပေါ့ ။ ဒေါ်ကြီးကတော့ သူတို့ထဲမယ် အကြီးဆုံး ။ တစ်နေ့…ရိပ်သာမှာ ယောဂီပါးတဲ့
      အချိန်မှာ သူတို့ ခရီးထွက်ကြတယ် ။ မိုးတွင်းကြီးပေါ့ကွယ် ။ လိုက်ထရက်ကားလေးနဲ့ အပြည့်ပဲ ။ သူတို့ ပျော်နေ
      ကြတာများ ဒေါ်ကြီးမျက်စိထဲက ခုထိ မထွက်သေးဘူး ။ စုပေါင်းစပ်ပေါင်းနဲ့ မောင်တွေနှမတွေလို အတူခရီးသွား
      ကြတာပေါ့ ။ ဒေါ်ကြီးကတော့ ဒူးမကောင်းလို့ မလိုက်ဖြစ်ဘူးကွယ် ။ ဒေါ်ကြီးကို ကံက ဖယ်သွားတယ်လို့ပဲဆိုရ
      မယ် ။”
   “ ဟင်…ဒါ…ဒါဆို သူတို့…သူတို့ …”
လေးလေးကန်ကန်ပြောနေသည့် ဒေါ်ကြီးရွှေရင်၏စကား အဆုံးသတ်သွားသည်အထိ မစောင့်နိုင်သူ-မငွေအေးက ထစ် ထစ်အ,အ,ဝင်မေးသည် ။ တော်တော်လေးစိတ်မကောင်းဖြစ်နေသည့်အမူအရာက မငွေအေး၏မျက်နှာမှာ အတိုင်းသား ပေါ်လို့ ။
   “ ဟုတ်တယ်…။ သူတို့ အမြန်လမ်းမှာ ကားမှောက်သွားတယ် ။ အားလုံးပဲ ဆုံးပါးသွားကြတယ် ။”
   “ အမလေးလေး…ဖြစ်ရလေ ။ စိတ်မကောင်းစရာ…”
ဒေါ်သင်းရီ၏အသံက တုန်တုန်ယင်ယင်ထွက်ကျလာသည် ။ ဒေါ်ယဉ်နုကတော့ ထိုအကြောင်းကို ယခင်ကတည်းက ကြားဖူးဟန်တူသည် ။ ခေါင်းတညိတ်ညိတ်ပြုရင်း သက်ပြင်းရှိုက်နေသည် ။ လူငယ်များဖြစ်သည့် မခင်လှိုင် ၊ မငွေအေး နှင့် နေစိမ့်တို့သုံးယောက်မှာတော့ ကွယ်လွန်သူ-ဝေယျာဝစ္စသမား(၁၃)ဦးအတွက် ဝမ်းနည်းကြေကွဲနေမိ၍ မျက်ရည် အဝဲသား…။
   “ ဒေါ်ကြီး…ဒါဆို စောစောက နေစိမ့် မြင်ခဲ့တဲ့သူက သူတို့ထဲက တစ်ယောက်ယောက်များလားဟင် ။ နေစိမ့် မျက်နှာ
      တော့ မမြင်ရဘူး ။ ဒါပေမဲ့ ဆံပင်ရှည်ရှည်နဲ့လို့ ထင်တာပဲ ။”
နေစိမ့်က ဇဝေဇဝါဖြစ်နေသောအတွေးကို သေချာအောင် မေးထုတ်လိုက်သည် ။ ဒေါ်ကြီးရွှေရင်က ထိုအကြောင်းကို ဖြေရှင်းလိုသဖြင့် ယခုလိုအတိတ်ကအကြောင်းအရာကို ထုတ်ပြောခဲ့ခြင်းဖြစ်ရာ သေသေချာချာရှင်းပြရန်လည်း စိတ်ကူး ရှိဟန်တူသည် ။
   “ ဒေါ်ကြီးတော့ သူတို့လို ထင်တာပါပဲကွယ် ။ သူတို့က ရိပ်သာကို သိပ်တွယ်ကြတာ ။ အစွဲအလမ်းတွေပေါ့ ။”
   “ ဟင်…ဒါပေမဲ့ ဒေါ်ရွှေရင်ရယ်… ခါတိုင်းနေ့တွေတုန်းက မတွေ့ခဲ့ရပါဘူး ။ ကျွန်မတို့လည်း လုပ်လာတာ တစ်နှစ်
     ကျော်ပါပြီ ။ တစ်ခါမှ အချောက်မခံခဲ့ရဘူး ။ အဲဒါ ဘာဖြစ်လို့များလဲ ။ ကျွန်မ မရှင်းလို့ပါ ။”
ဒေါ်သင်းရီက သိလိုတာကို ဝင်မေးသည် ။ ဟုတ်တော့လည်း ဟုတ်သား ။ နေစိမ့်လို မနေ့တစ်နေ့က ဝင်ကူညီသော ကလေးမ မဆိုထားနှင့် ။ နှစ်နှစ်/သုံးနှစ် လုပ်ဆောင်လာသူ-ဒေါ်ယဉ်နုပင် တစ္ဆေအချောက် မခံခဲ့ရဖူး ။ နေစိမ့်ကပဲ ကံ နိမ့်နေ၍လား ဒါမှမဟုတ် ဘာကြောင့်လဲ ။
   “ ဒေါ်ကြီး ထင်တာတော့ နေစိမ့်က မနက်ဖြန် အလှူပေးမယ့်သူ ။ အမျှအတန်းပေးဝေမယ့်သူ ။ နောက်ပြီး…တခြား
     အလှူရှင်တွေက ဝေယျာဝစ္စ ပြုလုပ်တဲ့သူတွေ မဟုတ်တော့ သူတို့အနေနဲ့ အကူအညီတောင်းလို့မရခဲ့ဘူး ။ ခုကျ
     နေစိမ့်က ဝေယျာဝစ္စပြုလုပ်နေတဲ့သူလည်းဖြစ်တော့ သူတို့နဲ့ ဆက်စပ်မှု ရှိတယ် ။ အဲဒါကြောင့် မနက်ဖြန် အမျှ
      ပေးဝေတဲ့အခါ သူတို့ကိုလည်း ရည်စူးပြီး ဝေပေးဖို့အတွက် အခုလို အရိပ်အယောင်ပြခဲ့တာဖြစ်ပါလိမ့်မယ်ကွယ် ။
      ဒေါ်ကြီးတော့ အဲဒီလို ထင်တာပဲ ။”
   “ အင်း…ဟုတ်လောက်တယ် မရွှေရင် ။ ကျွန်မလည်း အဲဒီလိုပဲ တွေးမိတယ် ။ ခါတိုင်းကျ ကျွန်မတို့ သွားလာနေ
      ပေမဲ့ သူတို့က သူတို့ရှိနေတာကို မပြဘူး ။ ဘယ်ပြမလဲ ။ အကျိုးထူးမှ မရှိဘဲလေ ။ အခုကျ ကလေးမလေးက
      အလှူရှင်လည်း အလှူရှင်  ၊ နောက်ပြီး ဝေယျာဝစ္စသမားလည်း ဟုတ်တော့ သူတို့နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး
      အရိပ်အယောင်ပြတာပဲ ဖြစ်ရမယ် ။ ကျွန်မ ကြားဖူးတာတော့ တစ္ဆေသရဲတွေက ရည်ရွယ်ချက်အမျိုးမျိုးနဲ့
      ချောက်လှန့်တတ်ကြတယ် ။ အမျှအတန်းလိုချင်လို့ ပြသချောက်လှန့်တာလည်း ရှိတယ်တဲ့ ။ ဘုန်းဘုန်းကြီး
      ကိုယ်တိုင် ဟောခဲ့ဖူးတယ်လေ ။”
ဒေါ်ယဉ်နုကလည်း သူ့အယူအဆကို ဘုန်းဘုရား၏ဟောစကားနှင့် ဥပမာပြကာ ပြောသည် ။ အားလုံးလည်း ထိုအခါမှပဲ ရေလည်သွားပြီး မကျွတ်မလွတ်သူများအပေါ် ကရုဏာသက်မိကြသည် ။ အစွဲအလမ်းအပေါ်လည်း စိုးရွံ့ထိတ်လန့်မိ ကြသည် ။
       အထူးသဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်းအတွေးဝင်နေမိသူက နေစိမ့် ။ အသက်(၂၅)နှစ်ဝန်းကျင် ခန့်သာ ရှိသေး၍ ကိုယ့်ကိုယ်ကို ကလေးတစ်ယောက်လို သဘောထားကာ ပေါ့ပေါ့ဆဆနေခဲ့မိပေမဲ့ ဘဝကို လူတော် လူကောင်းဖြစ်အောင် အမြဲတမ်း ကြိုးပမ်းအားထုတ်ခဲ့သည် ။ ကောင်းမှုများပြုလုပ်ရင်း ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွား နေခဲ့မိသည် ။ သို့သော်…ယခုမှပဲ အစွဲအလမ်းဆိုသည့်အရာကို သတိပြုမိသွားကာ နေစိမ့် တုန်လှုပ်ချောက်ချားသွားခဲ့ရ ပြီ ။
       သေလွန်သူတို့သည် မသေခင်က ကောင်းမှုပြုလုပ်ခဲ့သူများပင် ။ ကောင်းအောင် ကြိုးစားနေထိုင်ခဲ့သူများပင် ။ သို့ သော်လည်း…ထိုကောင်းမှုပြုလုပ်နေသည့်ပတ်ဝန်းကျင်ကို ပင့်ကူမျှင်နှင့်တူသည့် စိတ်စွဲမှုက သူတို့၏တမလွန်ကို ချုပ် နှောင်ထားလိုက်သည် ။ သေလွန်ခါနီး စွဲမိစွဲရာကို တွယ်ကပ်မိကြသဖြင့် ထိုနေရာမှနေ မလွတ်နိုင်မသွားနိုင်ဖြစ်နေကြရ ရှာသည် ။ သူတို့အတွက် နေစိမ့် ကြီးစွာ စိတ်မကောင်းဖြစ်ရသည် ။
      ကောင်းမှုပြုလုပ်ခြင်းသည် သံသရာအတွက် ကောင်းကျိုးချမ်းသာရစေသည်မှန်သော်လည်း ကိလေသာအစေးများ ကို မပယ်သတ်နိုင်သေးသရွေ့ ၊ နိဗ္ဗာန်ရောက်ကြောင်းတရားကို အားမထုတ်ဖြစ်သေးသရွေ့ စိတ်ချလက်ချ နေထိုင်၍ မဖြစ်နိုင်သလို ကိလေသာ၏ဖျားယောင်းမှုကြောင့် သံသရာတွင် ကောင်းတစ်ခါဆိုးတစ်လှည့်ဘဝနှင့် ကျင်လည်နေရဦး မည်ဆိုသည့်အချက်ကို နေစိမ့်၏ဦးနှောက်သေးသေးလေးနှင့် ရေးတေးတေးသဘောပေါက်သွားခဲ့ပါပြီ ။
      မနက်ဖြန်ခါ အလှူပွဲတွင် မကျွတ်လွတ်သေးသူတို့အတွက် အမျှအတန်း ပေးဝေပေးရမည် ။ တဆက်တည်းမှာပဲ… ကိလေသာပိုးမျှင်တွေကြား ကပ်ငြိတွယ်ကာ မလွတ်မြောက်နိုင်သေးသော-နေစိမ့်ကိုယ်တိုင်အတွက်လည်း……



                                                                                                          စေတနာရှေ့ထားလျက်…
                                                                                                                   ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
      


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။