နိုးလျက် မက်ခဲ့ရတဲ့အိပ်မက်ဆိုးများရဲ့ ည
( ၂၀၁၆ ဇန်နဝါရီလထုတ် သည်းထိတ်ရင်ဖိုမဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသော ဝတ္ထုလတ်တစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-----------------------------------------------------------------------------------------------------------------
မိနစ်အတော်အတန် ကြာသည့်တိုင် မြင်ကွင်းတွေက
ေ၀၀ါးမသွားသေးဘဲ အာရုံထဲတွင် ပြတ်ပြတ်သားသား ထင်ကျန် နေဆဲ ။
- မနီးမဝေးပင်လယ်ပြင်ကြီးထဲမှာ ကောင်လေးနှစ်ယောက်
မြုပ်လိုက်ပေါ်လိုက်နဲ့ ရေနစ်နေတဲ့မြင်ကွင်း ၊
- ကမ်းစပ်မှလူများ လှမ်းကြည့်နေတဲ့မြင်ကွင်း
၊
- ယောက်ျားကြီးတစ်ယောက် ဘောကွင်းတစ်ခုကိုဆွဲကာ
ရေထဲကူးခတ်ပြီး ကောင်လေးတွေကို သွားကယ်တဲ့မြင်ကွင်း ၊
- ထိုကောင်လေးနှစ်ယောက်နဲ့ ခပ်လှမ်းလှမ်းမှာလည်း
ဘောကွင်းကြီးတစ်ခုကို လူခြောက်ယောက်လောက် ၀ိုင်းဖက်လျက်
မရှူနိုင်မကယ်နိုင် မျောပါနေတဲ့မြင်ကွင်း ၊
- ကမ်းစပ်မှာ ဘုရားစာရွတ်ရင်း သူတို့တတွေ
ဘေးကင်းစေဖို့ ဆုတောင်းရုံမှတပါး တခြားဘာမှမတတ်နိုင်ဘဲ မျက်ရည်
ဖြိုင်ဖြိုင်ကျနေကြတဲ့ ကျောင်းသားတစ်စုရဲ့မြင်ကွင်း…။
ထိုမြင်ကွင်းများကို
ပြန်လည်မြင်ယောင်ရင်း ဆောင်းယမင်း မျက်ရည်တွေ ဝေ့၀ဲကျဆင်းလာပြန်သည် ။
“ ဆောင်း နင် ငိုနေပြန်ပြီလား ။ နင်ကလည်းဟယ်
မငိုပါနဲ့တော့ ။ ဖြစ်ပြီးသမျှကိစ္စတွေက ပြန်မှကောင်းမလာနိုင်တော့
တာ ။ အမှန်ပြောရရင် ငါတို့တွေလည်း ငိုချင်နေတာပဲ
။ ဒါပေမဲ့ ငါတို့အားလုံး ငိုနေရင် တစ်ဆောင်လုံးက မိန်းကလေး
တွေလည်း အားငယ်ပြီး ငိုကုန်ကြလိမ့်မယ် ။ ကဲ…တိတ်တော့ဟာ
။”
တည်းခိုဆောင်တွင်
တစ်ခန်းတည်း တစ်ကုတင်တည်း အတူနေနေသည့် သူငယ်ချင်းနန္ဒာချစ်က ဆောင်းယမင်းကို လေပြေ လေးနှင့်
နှစ်သိမ့်လာ၍ ဆောင်းယမင်း မျက်ရည်တွေကို သုတ်ပစ်ကာ စိတ်အားတင်းလိုက်ရသည် ။
မတင်းလို့လည်း
မဖြစ်…မိသားစုဝင်တွေ-တစ်ယောက်မျှမပါသည့် ဤချောင်းသာခရီးစဉ်တွင် ဆောင်းယမင်း အားငယ်
ဝမ်းနည်းနေလျှင် ပို၍ စိတ်ချောက်ချားလာရလိမ့်မည် ။ သို့ဖြစ်၍ အားတင်းပစ်လိုက်ကာ ၀ရံတာမှနေ
ဟိုးအဝေးဆီကို ငေး ကြည့်နေလိုက်မိသည် ။
ဆောင်းယမင်း၏အကြည့်တွေက အုန်းပင်တွေကြားရှိ
လမ်းကျဉ်းလေးဆီသို့ ရောက်ရှိလို့နေပေမဲ့ ပျားပန်းခတ်သွားလာ ပျော်မြူးနေကြသောလူတွေကို
ဆောင်းယမင်း မမြင်…။ ဆောင်းယမင်း ပြန်လည်မြင်ယောင်နေမိသည်က ဤခရီးစဉ်တွင် ဆောင်းယမင်း
လိုက်ပါလာရသည့်အကြောင်းရင်းနှင့် ခရီးစဉ်အစပိုင်းက ပျော်စရာအဖြစ်အပျက်လေးများကိုသာ…။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
ချောင်းသာသို့ ကျောင်းမှသူငယ်ချင်းတွေ စုသွားကြမည်
၊ ဆရာ/ဆရာမတွေလည်း ပါမည်-ဟု ကြားကတည်းက ဆောင်း ယမင်း လိုက်ချင်ခဲ့မိတာတော့ အမှန် ။
သို့ပေမဲ့ မိဘတွေနှင့်အတူ မသွားရ၍ စိတ်ထဲတွင် ကြောက်သလိုလို အားငယ်သလို လိုဖြစ်နေတာကြောင့်
ခရီးစဉ်ကို လိုက်ပါမည်ဟု သူငယ်ချင်းတွေကို ကတိမပေးဖြစ်ခဲ့ ။ သူငယ်ချင်းတွေကလည်း ဖုန်းဆက်
ကာ ချော့တလှည့်ချောက်တလှည့်နှင့် ဆောင်းယမင်း မပါ,ပါအောင် အသည်းအသန်ခေါ်နေကြသည် ။ ထိုအချိန်တွင်
ခရီးစဉ် ကို လိုက်ဖို့ရန် အကြောင်းကိစ္စက ပေါ်လာသည် ။
“ ယမင်း…ငါတို့တွေ ခရီးတစ်ခါမှ အတူမထွက်ဖူးဘူးနော်
။ ဆယ်တန်းသာ အတူအောင်သွားတယ် ငါတို့နှစ်ယောက် အတူ
သွားဖူးတဲ့နေရာဆိုတာ သိပ်မရှိဘူး ။”
ဆောင်းယမင်းရဲ့အချစ်ဆုံးသူငယ်ချင်း
ယဉ်လေးနွေး၏စကားကြောင့် ဆောင်းယမင်း၏ရင်ထဲ စိတ်မကောင်းခြင်းများစွာကို ခံစားလိုက်ရသည်
။ ဟုတ်တာပေါ့…ဆောင်းယမင်းနဲ့ယဉ်လေးနွေးတို့က ဟိုးငယ်ငယ်လေးကတည်းက တပူးတွဲတွဲပေါင်းခဲ့ကြ
တဲ့ သူငယ်ချင်းနှစ်ယောက်…။ သို့ပေမဲ့ နှစ်ယောက်လုံးက ကျောင်းသားတွေဆိုတော့ ဘယ်ကိုမှ
အတူမသွားဖူးခဲ့ ။ ခရီးအတူ ထွက်ဖို့ဆိုသည်မှာ အဝေးကြီး ။
“ အေးဟာ…ငါလည်း နင်နဲ့အတူ ခရီးထွက်ချင်တာပေါ့ ။
ဒါပေမဲ့ ငါတို့မိဘတွေက အားမှမအားကြဘဲ ။ ငါတို့နှစ်ယောက်
တည်း ထွက်ဖို့ကျတော့လည်း မဖြစ်နိုင်ဘူးလေ ။”
“ အေး…ငါလည်း အဲ့ဒါစဉ်းစားနေတာ ။ ငါတို့ ချောင်းသာကို
လိုက်ရင်ကောင်းမလားလို့ ။ ဒါဆို မိဘတွေ မလိုက်နိုင်ပေမဲ့
ဆရာမတွေ ပါတာပဲ ။ ငါတို့ကလည်း ဟိုဟိုဒီဒီ စိတ်ပူစရာ
မရှိတော့ အမေတွေက စိတ်ချလောက်မှာပါဟာ ။ နင်ရော
ဘယ်လိုစဉ်းစားမိလဲ ။ ငါကတော့ ဒါ ငါတို့နှစ်ယောက်
ခရီးအတူထွက်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုလို့ ထင်တာပဲ
လေ ။”
ယဉ်လေးနွေး၏စကားက
ဟုတ်တော့လည်း ဟုတ်၏ ။ ဆောင်းယမင်းတို့မိဘတွေက ဆရာသမားတွေ ပါ၍ စိတ်ချနိုင်သလို ဆောင်းယမင်းတို့နှစ်ယောက်ကလည်း
အနေအေး ရိုးသားသူများဖြစ်တာကြောင့် ရည်းစားသနာကိစ္စတွေ စိတ်ပူစရာ မလို ။ နို့ပေမဲ့ ဆောင်းယမင်းက
ဤသို့ မိဘတွေမပါဘဲ ခရီးထွက်ရမည်ကို ဘာကြောင့်မှန်းမသိ ကြောက်ရွံ့နေမိ၏ ။
“ အေးနော် ။ နင် ပြောတာလည်း ဟုတ်တယ် ။ တခြားသူငယ်ချင်းတွေလည်း
အများကြီး ပါမှာဆိုတော့ ပျော်စရာတော့
ကောင်းမှာပဲ ။ ဒါပေမဲ့…ငါက မိဘတွေ မပါတော့ ကြောက်တယ်ဟ
။”
ဆောင်းယမင်းက
ရင်ထဲကဝေဒနာကို ယဉ်လေးနွေးအား ပွင့်ပွင့်လင်းလင်းပြောပြမိသည် ။
“ ဟာ…နင်ကလည်း ။ ဘာကြောက်စရာ ရှိလို့လဲ ။ ပင်လယ်ဆိုတာ
နင် မရောက်ဖူးတဲ့နေရာလည်း မဟုတ်ဘူး ။ တစ်ခါမှ
မရောက်ဖူးတဲ့ ငါ ကြောက်ဖို့လည်း ထားပါဦး ။”
ဒါလည်း
ဟုတ်နေပြန်ရော…။ ချောင်းသာဆိုတာ ဆောင်းယမင်းတို့မိသားစု တစ်နှစ်တစ်ခါ နှစ်နှစ်တစ်ခါလောက်
ရောက်နေ သော ဒေသ ။ ပင်လယ်နှင့်ပတ်သက်လျှင် ငွေဆောင် ချောင်းသာ ကျိုက္ခမီ စက်စဲ …တော်တော်များများကို
ဆောင်းယမင်း ရောက်ဖူးသဖြင့် ဆောင်းယမင်းအတွက် ပင်လယ်ဆိုတာ ကြောက်စရာ မဟုတ် ။
“ အေးဟာ…ဒါဆိုလည်း ငါတို့ လိုက်သွားကြမယ် ။ ငါ့အမေကို
ငါလည်း ပြောကြည့်မယ် ။ နင်လည်း ပြောပေး ။ နင့်အမေ
ကို ငါလည်း ကူပြောပေးမယ် ။”
“ ဟေး…ပျော်စရာကြီးကွာ ။ ငါတို့ ခရီးထွက်ဖို့ ပစ္စည်းတွေ
သွားဝယ်ရအောင် ။”
“ အေးနော်…ငါက သူများတွေ ခေါ်တုန်းက လိုက်တာ မဟုတ်ဘူး
။ နင်က ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းမို့လို့…”
“ အောင်မာ…ငါရောပါပဲနော် ဆောင်း ။ နင် လိုက်မယ်ဆိုလို့သာ
ငါ လိုက်တာ ။ ငါက ခရီးထွက်တာကို ၀ါသနာပါတာ
မဟုတ်ဘူး ။ အလုပ်ကလည်း ရှုပ်သေး ။ ဟိုအကောင်တွေ
ပါရင် မျက်စိကလည်း နောက်ဦးမှာ ။”
“ အမယ်…ဟိုအကောင်တွေကို အခုကတည်းက သတိရနေပြီပေါ့
။ မိန်းမနော်…ချောင်းသာမှာ ဇာတ်လမ်းရှာလို့ကတော့
ငါနဲ့
အတွေ့ပဲ ။”
“ အဟားဟား…နင့်သာ စိတ်ပူရမှာ ငါက အရှင်းကြီး ။
နင်သာ နင့်ကို ကြိုက်နေတဲ့ ဟိုတစ်ယောက်ကို ပြန်သဘောကျ
နေတာ မဟုတ်လား ။”
“ သေလိုက် … သေလိုက် ။ တစ်သက်ပြန်မကြိုက်ဘူး မိနွေး
ဟွန်း…”
ဆောင်းယမင်းတို့နှစ်ယောက်
စ,လိုက်နောက်လိုက်နှင့် ခရီးစဉ်လေးကို စတင်ရန် စီစဉ်ကြရင်း ချောင်းသာတွင် သူငယ်ချင်း
တွေနှင့် ပျော်ရွှင်ရတော့မည်ကိုတွေးကာ ရင်ခုန်နေခဲ့ကြသည် ။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
သဘက်ခါတွင် ခရီးထွက်ရတော့မည်ဖြစ်၍ ဆောင်းယမင်း
အထုပ်တွေအပိုးတွေကို ကြိုတင်ထည့်သိုနေမိသည် ။ ယခု ရက်ပိုင်း ယဉ်လေးနွေးနှင့် မတွေ့ဖြစ်
။ ဖုန်းနှင့်သာ အဆက်အသွယ်လုပ်ရ၍ ဘာတွေထည့်မယ် ဘာတွေ သယ်မယ်… စသည်ဖြင့် အသေအချာမပြောရချေ
။ ဆောင်းယမင်းနဲ့အတူ သွားဝယ်ထားတဲ့ မီးရှူးမီးပန်းတွေ ပါမှပါလာပါ့မလား ။ ဆင်တူ ၀တ်ဖို့ဝယ်ထားသော
အင်္ကျီလေး မေ့ကျန်ခဲ့မည်ကိုလည်း တွေးပူစိုးရိမ်နေမိသည် ။ သူက မေ့တတ်ပါဘိ ။ ဆောင်းယမင်းက
တော့ ပစ္စည်းတွေ တစ်ခုမျှမကျန်အောင် အသေအချာကြိုတင်ထည့်သိုနေပြီ မဟုတ်ပါလား ။
“ ဟဲ့…ဂိန်ဂိန် နင် ကြိုထည့်နေပြီလား ။ ငါရောပဲ
။ အကုန် ထည့်ပြီးသွားလို့ နင့်ကို လာချောင်းတာ ။ မိန်းမက မလိုက်ဘူး
မလိုက်ဘူးနဲ့ လိုက်မယ့်လိုက်တော့လည်း ငါ့အတိုင်း
ဝီရိယတွေ ကောင်းနေလိုက်တာ ။ ငါ့မောင်တောင် ငါ့ကို မျက်ပြင်း
ကပ်နေလေရဲ့ ။ သူ မလိုက်ရလို့ နေမှာပေါ့ဟာ ။”
ဆောင်းယမင်းနှင့်
သုံးအိမ်ကျော်တွင်နေသော ကျောင်းနေဘက်သူငယ်ချင်းသိင်္ဂီရွှန်းက အိမ်ပေါ်ကို ပြေးတက်လာပြီး
ပေါက် ပေါက်ဖောက်တော့သည် ။ သိင်္ဂီရွှန်းနှင့်ဆောင်းယမင်းက ဆယ်တန်းနှစ်မှသိခဲ့ကြပေမဲ့
သူက သဘောကောင်းပြီး ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်တာကြောင့် ဆောင်းယမင်းနှင့်
အတော်လေးရင်းနှီးခင်မင်နေသည့်သူငယ်ချင်း ။
“ လိုက်မယ့်လိုက်တော့လည်း ၀ီရိယထားရမှာပေါ့ ဂီဂီရ
။ နေဦး…ငါ ထည့်လို့ပြီးရင် နင် ဘာတွေထည့်လာသလဲဆိုတာ
လိုက်ကြည့်ဦးမယ် ။”
“ လိုက်ကြည့် လိုက်ကြည့် ဂိန်ဂိန် ။ နင် သရေယိုသွားမယ်
။ မုန့်တွေ မီးရှူးမီးပန်းတွေ တပုံကြီးပဲ ။ အပြတ်ကဲပစ်မယ် ။”
သူက
ဆောင်းယမင်း၏နာမည် ဆောင်း(ဂိမာန်)ကို အတိုကောက်ဂိန်ဂိန်ဟုခေါ်သလို ဆောင်းယမင်းကလည်း
သိင်္ဂီကို အတို ကောက်ဂီဂီဟု ခေါ်တတ်သည် ။ လူရယ်စရာနာမည်တွေဖြစ်တာကြောင့် ကျောင်းတွင်တော့
မခေါ်ကြရန် ညှိထားရသည် ။
သိင်္ဂီရွှန်း၏အိမ်သို့ရောက်တော့ ဆောင်းယမင်းပင်
အံ့သြသွားခဲ့ရသည် ။ ထည့်လာလိုက်တာမှ အစုံအလင် ။ မီးရှူးမီးပန်း မှအစ မီးခြစ်လေးဖယောင်းတိုင်လေးအထိ…။
သိင်္ဂီရွှန်း၏အမေက ဆောင်းယမင်း ရောက်လာတော့ ၀မ်းသာအားရနှင့် မုန့်ပဲ သရေစာတွေ ချကျွေးပြီး…
“ သမီးရယ် သမီးလိုက်မယ်ဆိုလို့ အန်တီ အရမ်းဝမ်းသာတာပဲ
။ ရွှန်းက အပေါင်းအသင်းအရမ်းမင်တော့ အန်တီက စိတ်
ပူနေမိတယ် ။ သိပ်လည်း လူ့သဘာဝကို တွေးတတ်သိတတ်တာ
မဟုတ်တော့ တော်ကြာ သူငယ်ချင်းတွေခေါ်လို့ ပင်
လယ်ရေနက်ပိုင်းအထိ သွားတာတွေဘာတွေ ဖြစ်မှာစိုးလို့…သူက
ရေလည်း ကူးတတ်တာ မဟုတ်ဘူးလေကွယ် ။ ပြော
ရရင် အန်တီက လွှတ်ချင်တာ မဟုတ်ဘူး ။ ဒါပေမဲ့ သူက
ဇွတ်တရွတ်လေ ။ လိုက်မယ်ဆိုရင် တားမရဘူး ။ ဒါကြောင့်
သမီးပါမှပဲ အန်တီမှာ စိတ်ချတော့တယ် ။ သမီးသူငယ်ချင်းကို
သမီး ပစ်မထားနဲ့ဦးနော် ။”
“ အာ…အန်တီကလည်း စိတ်ချပါ ။ သမီး သူနဲ့အတူ နေပါ့မယ်
။”
“ အေး…အေး…သမီး ပါရင်တော့ အန်တီ စိတ်အေးရပြီ ။
ကျောင်းကို ဒီကသွားရင်လည်း အတူသွားကြနော် ။ ပြန်လာရင်
လည်း အတူပြန်ခဲ့ကြ ။ သိင်္ဂီ သူငယ်ချင်းကိုလည်း
မုန့်တွေဘာတွေ ခွဲဝေကျွေးဦး ။ တစ်ယောက်တည်း ကြိတ်စားမနေ
နဲ့ ။ အန်တီ သမီးအတွက်ပါ ငပိကြော်တွေ ပိုပြီး
ထည့်ပေးလိုက်မယ် ။”
“ အာ…အန်တီရယ် နေပါစေ ။”
“ သြော်…သမီးကလည်း အားမနာပါနဲ့ ။ အားနာရမယ့်သူတွေမှ
မဟုတ်တာ ။ အန်တီ ငပိကြော်တွေ အများကြီးကြော်ထား
တယ် ။ သမီးသူငယ်ချင်းသိင်္ဂီက ပင်လယ်စာပဲ စားမယ်
။ မထည့်သွားဘူး ငြင်းနေလို့ အန်တီ့မှာ မနည်းထည့်ပေးနေရ
တာ ။ သမီးကပါ ငြင်းရင် အန်တီ စိတ်ကောင်းမှာ မဟုတ်ဘူးနော်
။”
ဆောင်းယမင်း
တားသော်လည်း မရ…။
သိင်္ဂီရွှန်း၏အမေက တစ်ခါမျှမခွဲဖူးသေးသောသူ့သမီးလေးအတွက်
စိတ်ပူပန်ကာ ဆောင်းယမင်း၏လက်သို့ ၀ကွက် အပ်နေသည် ။ လူကြီးတွေအမြင်မှာတော့ ဆောင်းယမင်းက
လူရိပ်လူခြေ သိတတ် ၊ စာတွေပေတွေ ဖတ်သောကြောင့် ဗဟု သုတလည်း ရှိမည်ဟု ထင်နေကြပုံပါပဲ
။
သိင်္ဂီရွှန်းက သူ့အမေကွယ်သွားမှ ကလေးမလေးတစ်ယောက်လို
လျှာလေးထုတ်ပြသည် ။ အန်တီ စိတ်ချမ်းသာအောင် ဆောင်းယမင်း ကတိပေးလိုက်ရပေမဲ့ တကယ်တမ်းတော့
သိင်္ဂီရွှန်းမှာ အပေါင်းအသင်းတပုံတပင်ကြီး ။ ဆောင်းယမင်း ပစ် မထားလျှင်တောင် သူ့မှာ
ဟိုရောက်လျှင် ဆောင်းယမင်းနှင့် အတူလျှောက်သွားဖို့တောင် အနိုင်နိုင်ရယ် ။ နောက်ပြီး
ဆောင်း ယမင်းက ဤခရီးစဉ်ကို အချစ်ဆုံးသူငယ်ချင်းနှင့်အတူသွားလို၍ လိုက်ခဲ့ခြင်း မဟုတ်လား
။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
ခရီးထွက်ခါနီး တစ်ရက်အလိုမှာ ဆောင်းယမင်း၏ရင်တွေ
သိသိသာသာခုန်လှုပ်မြန်ဆန်လာခဲ့ရပြီ ။ ဟိုးငယ်ငယ်လေး ကနေ ယခုဆယ်တန်းအောင်ပြီးချိန်အထိ
မိဘများနှင့် ခွဲခြား၍ ခရီးတစ်ခါမျှ မထွက်ဖူးခဲ့ ။ မေမေဖေဖေတို့နှင့် မခွဲဖူး မဟုတ်
။ ခွဲဖူးပါသည် ။ မိဘနှစ်ပါး အလုပ်ကိစ္စနှင့် ခရီးသွားလျှင် ဆောင်းယမင်းတို့ညီအစ်မတတွေ
အဒေါ်တွေအဘွားတွေနှင့် ကျန်ရစ် ခဲ့ရဖူးပေမဲ့ ယခုမှာ မိမိက ခရီးထွက်မည့်သူနေရာတွင် ရောက်ရှိနေပြီ
။ အိမ်တွင် မိသားစုက ကျန်ရစ်ခဲ့မည် ။ ထိုအသိကြောင့် ထင်…တစ်ယောက်တည်း ခရီးထွက်ရမည့်အတွက်
ပျော်ရွှင်သလို မိဘတွေကို ထားရစ်ခဲ့ရ၍လည်း ၀မ်းနည်းနေမိသည် ။
“ ဘာရယ်…ဘာရယ်…ယဉ်လေးနွေး ။ နင် မလိုက်နိုင်တော့ဘူး
ဟုတ်လား ။ ဟာ…နင်ကလည်း ။ ဒီခရီးစဉ်ကို နင်ကအရင်
စ,ခဲ့တာလေဟာ ။ အခုကျမှ မလိုက်တော့ဘူးလုပ်လို့
ရမလား ။ မနက်ဖြန်ပဲ ခရီးကထွက်ရတော့မယ် ။ ငါက အားလုံး
ထည့်သိုပြီးနေပြီ ။ အဲဒီလို မလုပ်ပါနဲ့ဟာ ။”
ဖုန်းခွက်တွင်းမှတဆင့်
ကြားလိုက်ရသည့်စကားကြောင့် ဆောင်းယမင်း စိတ်ညစ်သွားရသည် ။ ဤခရီးစဉ်ကို ဆောင်းယမင်း
မလုပ်ဘူးဟူ၍ ဆုံးဖြတ်ထားခဲ့စဉ်က အတူသွားရအောင်ဟုခေါ်ငင်ခဲ့သူက ယခု ဆောင်းယမင်း ရင်ခုန်သံတွေ/စိတ်ကူးယဉ်မှု
တွေအပြည့်နှင့် သွားချင်လှပြီဆိုကာမှ အကြောင်းပြချက်တစ်ခုပေးကာ ခရီးစဉ်ကို ဖျက်ပစ်လေပြီ
။
“ ငါလည်း လိုက်ချင်ပါတယ် ဆောင်းယမင်းရယ် ။ ဒါပေမဲ့
အမေက ငါ သွားခါနီးကျမှ နေမကောင်းဖြစ်နေလို့ဟ ။ အဲဒါ
ငါ မလိုက်ဖြစ်တော့ဘူး ။ မတတ်နိုင်ဘူးကွာ ။ နင်လည်း
မသွားနဲ့တော့ပေါ့ ။”
ယဉ်လေးနွေး၏စကားတွေကြောင့်
ဆောင်းယမင်းမှာ ပထမ ဒေါသထွက်ခြင်း နောက်တော့ စာနာခြင်း စိတ်ရှုပ်ခြင်း ဝေခွဲမရ ဖြစ်ခြင်း
ရွေးချယ်ရခက်ခြင်း-စသောခံစားချက်တို့ဖြင့် မွန်းကျပ်သွားခဲ့ရသည် ။ တတ်နိုင်လိုတတ်နိုင်ငြား
ဖြေရှင်းစရာ-နည်း လမ်းတစ်ခုကို ပေးကြည့်မိသေးသည် ။
“ ဟို…အန်တီ့ကို နင့်အဖေနဲ့ ထားခဲ့ပါလား ။ နင်ကလည်းဟာ
နင်က ပြောတော့လွယ်တယ် ။ ငါ့မှာက မလိုက်လို့ မရတော့
ဘူး ။ အခြားသူငယ်ချင်းတွေကို အားနာရဦးမယ်လေဟာ
။”
အခြားသူငယ်ချင်းဆိုတဲ့အထဲတွင်
သိင်္ဂီရွှန်းကို အဓိကရည်ရွယ်ပြောလိုက်ခြင်းဖြစ်သည် ။ ဟုတ်တယ်လေ..အကယ်လို့သာ ဆောင်းယမင်း
မပါလျှင် သိင်္ဂီရွှန်း၏အမေ စိတ်မချမ်းမသာဖြစ်ရလိမ့်မည် ။ သိင်္ဂီရွှန်းလည်း စိတ်ကောင်းမည်
မဟုတ် ။
“ မရလို့ပေါ့ ။ နင်က ဘာလဲ ။ ငါ့ထက် အခြားသူငယ်ချင်းတွေကို
ပိုချစ်တာလား ။ ငါ မပါဘဲနဲ့လည်း နင်က လိုက်ချင်တာ
ပဲပေါ့ ဟုတ်လား ဆောင်းယမင်း ။”
အကြောင်းပြချက်မရှိစွာ
နှစ်ဖက်လုံး၏စိတ်ရှုပ်ထွေးမှုများကြောင့် အခြေအနေက တင်းမာမလို ဖြစ်လာသည် ။ နောက်ဆုံး
ဆောင်းယမင်းဘက်က ပြောစရာတွေ တပုံကြီး ရှိပေမဲ့ သူငယ်ချင်းအချင်းချင်း မိတ်မပျက်စေဖို့
အလံဖြူပြကာ ငြိမ်းချမ်းရေး ယူလိုက်ရသည် ။
“ ကဲပါ…နွေး နင် ကျန်ခဲ့တဲ့အတွက် ငါ တစ်ဝက်ပဲ ပျော်ရွှင်ရတော့မှာပေါ့
။ နင်က မသွားနဲ့တော့လို့ တားပေမဲ့ ငါ့မှာလည်း
သွားမှဖြစ်တော့မယ့်အကြောင်းပြချက်တွေ ရှိနေလို့ပါ
။ ငါ ပြန်လာရင် လက်ဆောင်ဝယ်ခဲ့ပါ့မယ် ။ တာ့တာ…”
ဖုန်းခွက်ကို
ချလိုက်ပြီးနောက် ဆောင်းယမင်း စိတ်ရှုပ်ထွေးမှုတွေနှင့် ငိုင်နေမိသည် ။ နင် ဘာဖြစ်လို့
ကတိမတည်တာလဲ… ဟူ၍ ရန်တွေ့ပစ်လိုက်ချင်သည် ။ နင် ဘာလို့ ငါ့အတွက် မတွေးပေးရတာလဲ…ဟူ၍လည်း
အော်ဟစ်ပစ်လိုက်ချင်သည် ။ စိတ်ကူးယဉ်အိပ်မက်တွေ ကွဲကြေသွားခဲ့၍ ငိုကြွေးချင်နေမိသည်
။
ဆောင်းယမင်းက အစွဲအလန်းကြီးသည် ။ သူငယ်ချင်းတစ်ယောက်ကို
ခင်မိပြီဆိုလျှင် သူနှင့်သာ သွားချင်သည် ။ သူ နှင့်သာ စားချင်သည် ။ သူနှင့်သာ ရယ်ချင်မောချင်
စကားပြောချင်သည် ။ ယခုများတော့ ကမ်းပေါ်ကိုတင်ကျန်တဲ့ ငါးတစ် ကောင်လို မရှူနိုင်မကယ်နိုင်
ဖြစ်နေရပြီ ။
ဒါပေမဲ့ လူဆိုတာ ပေးထားတဲ့ကတိအတိုင်း တည်မြဲအောင်
နေထိုင်ရမယ်လို့ ဆောင်းယမင်း ယူဆထားမိသည် ။ ကိစ္စ တစ်ခုကို လုပ်လျှင် ကိုယ့်ဖို့တစ်ခုတည်း
မကြည့်ဘဲ အများ၏အကျိုး အများ၏ခံစားချက်ကို လျစ်လျူရှုထားလို့ မဖြစ်ချေ ။ ထို စကားများနှင့်
ကိုယ့်ကိုယ်ကို သတိပေးရင်း မနက်ဖြန်ထွက်ခွာမည့်ခရီးစဉ်အတွက် စိတ်ထဲတွင် မရေမရာစွာဖြင့်
စီမံကိန်းဆွဲ နေမိသည် ။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
ကားကြီးက ထွက်ခွာခဲ့ပြီ ။ တထိတ်ထိတ်ခုန်မြန်နေသောရင်ကို
လက်အစုံဖြင့် ဖိနှိပ်နေရာမှ ကျိုက်ကလော့စေတီတော် ကို တွေ့မြင်လိုက်ရ၍ လက်အစုံကို ထိပ်မှာမိုးကာ
ရှိခိုးကန်တော့လိုက်မိသည် ။ နံဘေးတွင်ထိုင်နေသောနန္ဒာချစ်က ဆောင်း ယမင်း၏အပြုအမူကိုကြည့်ကာ
ပြုံးတုံ့တုံ့လုပ်လိုက်သည် ။
ခရီးစဉ်က
ဆောင်းယမင်းအတွက် ပျော်စရာ သိပ်မရှိဟု တွက်ဆထားမိသည့်အတိုင်း ထွက်ခွာမည့်စုရပ်ရောက်သည်အ
ထိ မိမိနှင့် တစ်ခုံတည်း တွဲထိုင်မည့်သူ မရှိ ။ ထိုသို့ဖြစ်ရသည်မှာ အားလုံးက ဆောင်းယမင်းကို
ယဉ်လေးနွေးနှင့်သာ တတွဲ တည်းမြင်ထားကြ၍ အတူထိုင်ရန်အစီအစဉ်မှ ပယ်ထုတ်ထားပြီးဖြစ်တာကြောင့်
ယခုအခါတွင် အားလုံးက သူတို့ဘာသာသူ တို့ ညှိနှိုင်းထားနှင့်ပြီးသား အတွဲကိုယ်စီ သူငယ်ချင်းကိုယ်စီနှင့်…။
“ ဂိန်…အဲ…စောရီး ဆောင်း နင် အားမငယ်နဲ့နော် ။
နင်နဲ့ အတူထိုင်ဖို့လူ ရှိမှာပါဟာ ။ မရှိရင် ငါ လာထိုင်ပေးပါ့မယ် ။
စိတ်ညစ်မနေနဲ့ဦး ။”
“ ရပါတယ် ရွှန်းရယ် ။ နင် ငါ့ကို အားနာမနေပါနဲ့
။”
သိင်္ဂ
ီရွှန်းကလည်း ဆောင်းယမင်းကို အားနာနာနှင့် ထိုသို့ပြောနေပေမဲ့ သူကိုယ်၌က အခင်ဆုံးသူငယ်ချင်း(၅)ယောက်ထဲက
ဘယ်သူနဲ့အတူထိုင်ရမလဲဆိုတာကို ညှိမရသေး…။
“ ဟဲ့…နင့်မှာ အတွဲမရှိဘူးဆို ။ ယဉ်လေးနွေး မပါဘူးလား
။”
နံဘေးမှ
မေးလိုက်သောအသံတစ်သံကြောင့် ဆောင်းယမင်း လှည့်ကြည့်မိတော့ နန္ဒာချစ်ကို တွေ့လိုက်ရ၏
။ နန္ဒာချစ်ဆို တာ (၄)တန်းတုန်းက ခင်ခဲ့ဖူးသည့်သူငယ်ချင်း…။ ခင်ခဲ့ဖူးသည်ဆိုပေမဲ့ အမှန်ပြောရလျှင်တော့
တစ်ယောက်နှင့်တစ်ယောက် စာပြိုင်မှုကြောင့် အနည်းငယ်ကတောက်ကဆဖြစ်ခဲ့ဖူးကြသည် ။ ယခုတော့
အသက်တွေလည်း ကြီးလာပြီမို့ အတိတ်က အကြောင်းများကို အလေးအနက် မတွေးတော့ဘဲ သူနှင့်သာ
တစ်ခုံတည်း ထိုင်ဖြစ်ခဲ့ကြသည် ။
expressကားကြီးမှာ ညအမှောင်ကမ္ဗလာအောက်တွင် ချောင်းသာကမ်းခြေဆီသို့
ဦးတည်လျက် တရိပ်ရိပ်ပြေးလွှားနေ ဆဲ…။ အချိန်အနည်းငယ်ကြာလာသည်နှင့်အမျှ ကားပေါ်တွင်ပါလာသော
သူငယ်ချင်းအားလုံး၏စကားသံတွေက ပို၍ပို၍ ကျယ်လောင်ဆူညံလာကာ လက်ပံပင် ဆက်ရက်ကျသလို တသောသောညံလို့နေသည်
။ နန္ဒာချစ်နှင့်ဆောင်းယမင်းမှာ ပြော စရာစကား မယ်မယ်ရရ မရှိ…။ နဂိုကတည်းက နှစ်ယောက်လုံး
စကားနည်းပြီး သိပ်မရင်းနှီးကြတာလည်းပါတော့ အသံ တိတ်ပြဇာတ် ကနေရတာပေါ့ ။
ခဏကြာတော့ နန္ဒာချစ် တရှူးရှူးနှင့် အိပ်ပျော်သွားလိုက်တာ
မိုးလင်းသည်အထိ ။ ဆောင်းယမင်းလည်း လုပ်စရာ အလုပ်မရှိသဖြင့် ဓါရဏပရိတ်စာအုပ်လေးထုတ်ကာ
ဘုရားစာရွတ်နေမိတော့ ဆောင်းယမင်း၏ရှေ့ခုံတွင် ထိုင်နေကြသော သိင်္ဂီရွှန်းတို့အုပ်စုက
သီလရှင်လူထွက်လေးဟေ့…ဟု ၀ိုင်းနောက်ကြသည် ။ အစက တစ်ကိုယ်တည်း ဖာသိဖာသာနေတတ် သော-ဆောင်းယမင်း
၊ အပေါင်းအသင်းဆို တစ်ယောက်တည်း စွဲစွဲမြဲမြဲပေါင်းတတ်သော-ဆောင်းယမင်းသည် express ကားကြီး
ရန်ကုန်ထွက်ခွာလာအပြီးမှာတော့ ကျောင်းသူအားလုံးနှင့် လိုက်လျောညီထွေ နေတတ်သွားခဲ့ပါပြီ
။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
ကမ်းခြေသို့ရောက်ခဲ့ပြီဖြစ်၍
မနေ့ညက စိတ်ရှုပ်ခဲ့သမျှအားလုံး နေရောင်အောက်က ရေခိုးငွေ့လို လွင့်ပျောက်သွားခဲ့၏ ။
အရာအားလုံးဟာ လန်းဆန်းတက်ကြွမှုအပြည့် ။ ဆရာမတွေ၏စီစဉ်ပေးမှုဖြင့် ကျွန်မတို့အားလုံး
တည်းခိုဆောင်တစ်ဆောင် ကို စုပေါင်းငှားလိုက်ကြသည် ။ ဆရာ/ဆရာမတွေက ယောက်ျားလေးနှင့်မိန်းကလေးကို
ကပ်လျက်နေခွင့် မပေးလို၍ မိန်းက လေးများက လမ်းမတစ်ဖက်ခြမ်းတွင် ၊ ယောက်ျားလေးများက
ပင်လယ်ဘက်အခြမ်းတွင် သပ်သပ်စီ ခွဲနေစေ၏ ။ မဖြစ်သင့် တာတွေ ဖြစ်မည်စိုးတာရော ၊ မိန်းကလေးတွေ
လွတ်လပ်မှုရှိစေရန်အတွက်ပါ စဉ်းစားစီမံပေးသည့်-ဆရာမအားလုံးကို ဆောင်းယမင်း ကျေးဇူးတင်မိသည်
။
ထိုနေ့က အဖြစ်အပျက်များကို ပြောပြရလျှင် ပျော်ရွှင်စရာပုံရိပ်တွေက
ယခုထက်ထိ မျက်စိထဲက မထွက်…။ ဆောင်း ယမင်းတို့တတွေ ချောင်းသာကို ရောက်လို့မှ မကြာသေး…ပေါ့ပေါ့ပါးပါးအ၀တ်အစားတွေ
လဲလှယ်ပြီး ပင်လယ်ပြင်သို့ ပြေး ဆင်းလာကာ ရေဆော့ကြသည် ။ တစ်ယောက်နှင့်တစ်ယောက် ရေနှင့်ပက်ကာ
ကစားကြသည် ။ ယခင်က တစ်ကျောင်း တည်းနေလျက် သိပ်မသိခဲ့ကြသူတွေလည်း ယခုလို ခရီးအတူထွက်လိုက်တော့
အားလုံး သူငယ်ချင်းအရင်းတွေလို ခင်မင် သွားကြသည် ။
ရေဆော့လို့ ၀မှ အဆောင်ကိုပြန်လာပြီး နေ့လယ်စာ
စားဖို့ ပြင်သည် ။ မိဘတွေကလည်း စားဖို့သောက်ဖို့ ၀ယ်ဖို့ချမ်းဖို့ မုန့်ဖိုးအလုံအလောက်ပေးလိုက်တာကြောင့်
အားလုံး စိတ်ကြိုက်စားကြသည် ။ ဆောင်းယမင်းတို့ကတော့ ဆိုင်မှာ သွားမစား လို၍ သူငယ်ချင်းတစ်ယောက်က
သွားမှာကာ အဆောင်ကို လာပို့ခိုင်းလိုက်၏ ။ ဟင်းတွေက ကဏန်းချဉ်စပ် ၊ ဂုံးသုတ် ၊ ဆယ့်နှစ်မျိုးဟင်းချို
၊ ကုန်းဘောင်ကြီးကြော်တို့ဖြစ်ပြီး သူငယ်ချင်းအားလုံး တစ်ယောက် ဘယ်လောက်စီထည့်-ဟုဆိုကာ
အားလုံး စုမှာပြီး ရောက်လာလျှင် ကြိုက်ရာဆွဲ ၊ ၀အောင်စား-ဟူ၍ လက်မြန်သူ များများစားစတမ်းစနစ်ကို
ထိုတစ်နေ့လုံး ကျင့်သုံးခဲ့ကြသည် ။
ထမင်းစားပြီးချိန်မှာတော့ အိပ်ချင်သူတွေက အိပ်ကျန်ခဲ့ပြီး
ဆောင်းယမင်းကမူ တစ်ယောက်တည်း ပင်လယ်ကမ်းစပ် သောင်ပြင်ပေါ်တွင် လမ်းလျှောက်ထွက်ကာ အုန်းရည်သောက်ဖြစ်ခဲ့သည်
။ ခရုကောက်ဖို့ ရှာမိပေမဲ့ ခရုခွံအားလုံးတွင် ၀င်က စွပ်တွေ ရှိနေ၍ မကောက်ဖြစ်ခဲ့ ။
ဘာပဲပြောပြော ဆောင်းယမင်း တစ်ယောက်တည်းဖြစ်နေပေမဲ့ ၊ ပင်လယ်ကြီး မပြာပေမဲ့ ၊ ကောင်းကင်ကြီး
ညိုနေပေမဲ့ ဆောင်းယမင်း စိတ်မညစ်တော့…။ ခရီးစဉ်တစ်ခုကို ငွေကုန်ကြေးကျခံပြီး ထွက်လာပြီးခါမှ
ဘာ မဟုတ်တဲ့အထီးကျန်တာတွေဘာတွေကို လျှောက်တွေးပြီး စိတ်ညစ်နေလျှင် ခရီးထွက်လာရကျိုးနပ်တော့မည်
မဟုတ် ။ လောဘမကြီးဘဲ ရရှိသည့် အခွင့်အရေးလေးများအပေါ်တွင် အကောင်းမြင်ကာ စိတ်ချမ်းသာအောင်
နေလိုက်သည် ။
ညနေစောင်းတွင်တော့ မိုးဖွဲဖွဲရွာ၍ ဆောင်းတို့တတွေ
ပင်လယ်ရေ၀အောင် မချိုးရဘဲ အဆောင်သို့ ပြန်လာခဲ့ကြစဉ် သူငယ်ချင်းတစ်ယောက်က နိမိတ်မရှိနိမာမရှိ
သူ တွေးမိတာကို အားလုံးရှေ့မှာ ထုတ်ပြောသေးသည် ။
“ ဟဲ့…တကယ်လို့ မာလာမုန်တိုင်း ကျလို့ကတော့ ငါတို့အားလုံး
အသေပဲနော် ။”…တဲ့ ။
ထိုစကားကြောင့်
ထင်…ဆောင်းယမင်း ကြက်သီးမွေးညင်းလေးများ ထောင်ထသွားမိသည် ။ ဆောင်းယမင်း၏အသိစိတ်က ဘာမှမဖြစ်နိုင်ဘူးဟု
အားပေးနေမိပေမဲ့ မသိစိတ်ကတော့ အားငယ်ဖျော့တော့ကာ ကြောက်ရွံ့စိုးထိတ်နေသည် ။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
နောက်တစ်နေ့ကူးတော့ ဆောင်းယမင်းတို့ မနေ့ကလိုပဲ
ရေချိုးဆော့ကစားရန် ပင်လယ်ပြင်သို့ မနက်ကိုးနာရီလောက် ထွက်ခဲ့ကြသည် ။ ပင်လယ်ကို ရောက်မှတော့
ထူးထူးထွေထွေလုပ်စရာ ဘာရှိပါ့မလဲ ။ ပင်လယ်ရေချိုးမည် ၊ အုန်းရည် သောက်မည် ၊ ပင်လယ်စာစားမည်
၊ ဒါပဲ ဆောင်းယမင်းတို့ တွေးမိသည် ။ ဆောင်းယမင်းတို့ဆိုသည်မှာ ဆောင်းယမင်းအပါ အ၀င်
နန္ဒာချစ် ၊ ၀တ်မှုန်ဦးနှင့် အေးမွန်ရည်ဟူသော တစ်ခန်းတည်းနေ သူငယ်ချင်း(၄)ယောက်ကို
ဆိုလိုခြင်းဖြစ်သည် ။ မနေ့ကမှ တစ်ခန်းတည်း အတူနေဖို့ အလောသုံးဆယ်စီစဉ်လိုက်ရသူတွေပါ
။ တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးကြ တာကြောင့် မနေ့ကတော့ သူကလည်း သူ့သူငယ်ချင်းနှင့်၊
ကိုယ်ကလည်း ကိုယ့်သူငယ်ချင်းနှင့် လျှောက်လည်ဖြစ်ပေမဲ့ ညက စကားထိုင်ပြောရင်း အတော့်ကို
ရင်းနှီးသွားခဲ့ကြပါပြီ ။ သို့ကြောင့် ယနေ့ ပင်လယ်ထဲဆင်းရန်အတွက် အတူထွက်လာဖြစ်ကြ ခြင်းဖြစ်သည်
။
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ဖြစ်၍ မနေ့ကကဲ့သို့
မိုးရွာမည်ကို ဆောင်းယမင်း စိုးရိမ်ခဲ့ပေမဲ့ နေမင်းက သဘော ကြည်ဖြူစွာဖြင့် ထွန်းလင်းဖြာလို့နေသည်
။ ပြာလဲ့လဲ့ပင်လယ်ပြင် ၊ ကမ်းစပ်ဆီသို့ ပြေးတက်လာသော လှိုင်းဖွေးဖွေး ၊ စိမ်း ညို့ညို့အုန်းပင်တန်းများ
၊ ပြေးလွှားပျော်မြူးနေကြသော ရောင်စုံလူများ…ထိုအရာအားလုံးဟာ ဆောင်းယမင်း၏နှလုံးအိမ်ကို
သာယာကြည်နူးသွားစေသည် ။
“ ဟဲ့…ဆောင်း ၊ နန္ဒာ ၊ အေးမွန် လာပါဟ မြန်မြန်
။ ဟိုမှာ ဓါတ်ပုံရိုက်ဖို့ လူစုနေကြပြီ ။”
ဝတ်မှုန်ဦးက
ပြောလည်းပြော ပြေးလည်းပြေးသွားလို့ သူ ညွှန်ပြရာဆီ လှမ်းကြည့်မိတော့ ဟုတ်ပါသည် ။ သပ္ပါယ်ကြည်ညို
ဖွယ်-စေတီငယ်တစ်ဆူ၏နံဘေးက ကျောက်ဆောင်နားမှာ တူညီဝတ်စုံ ၀တ်ဆင်ထားသော ကျောင်းသူကျောင်းသားများ
စုဝေးနေကြသည်ကို ဖွေးဖွေး,ဖွေးဖွေးနှင့် လှမ်းမြင်လိုက်ရ၏ ။ မိမိတို့ကို စောင့်နေရမည်စိုး၍
ဆောင်းယမင်းတို့လည်း ခပ် သုတ်သုတ် ပြေးသွားလိုက်ကြသည် ။ လူအားလုံးစုံတော့ အမှတ်တရဓါတ်ပုံတစ်ပုံကို
ရိုက်ယူခဲ့ကြသည် ။ ထိုဓါတ်ပုံမှအပြုံး များမှာ ဤခရီးစဉ်တွင် နောက်ဆုံးပြုံးရခြင်းသာဖြစ်ကြောင်းကိုတော့
ထိုစဉ်က မည်သူမျှ ကြိုတင်မသိရှိခဲ့ကြပါချေ ။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှ၏ ။ လွန်ခဲ့သော
နာရီဝက်က ဆောင်းယမင်းတို့ ကျောင်းသားတစ်စု ရုံးစုကာ ဓါတ်ပုံရိုက်ယူခဲ့ပြီးနောက် အားလုံး
အော်ဟစ်ပျော်မြူးကာ ပင်လယ်ရေထဲ ပြေးဆင်းသွားခဲ့ကြသည် ။ မနေ့ကလိုပဲ ရေကစား ကြသည် ။ နို့ပေမဲ့
မနေ့က မိုးအုံ့နေခဲ့၍ နေမပွင့်တပွင့်နှင့် မွဲခြောက်ခြောက်ပင်လယ်ပြင်ထက်စာလျှင် ယနေ့က
ပို၍ပျော်စရာ ကောင်းသလိုရှိပြီး မြင်မြင်သမျှ မျက်စိ ပသာဒဖြစ်ဖွယ်ရာချည်း ။
ထိုသို့ ကျောင်းသားအားလုံးနည်းတူ ဆောင်းယမင်းတို့သူငယ်ချင်းတစ်စု
ရေကူးနေကြစဉ် သွယ်နွဲ့ဆိုတဲ့ကောင်မလေး ရဲ့အော်ဟစ်သံကို ကြားလိုက်ရသည် ။
“ ဟဲ့…လုပ်…လုပ်ကြပါဦးဟ ။ ငါ…ငါ မျောပါနေပြီ ။
ခြေထောက် မမီချင်တော့ဘူး ။”
သွယ်နွဲ့နှင့်ဆောင်းယမင်းတို့က
လက်တစ်ကမ်းသာသာရယ်မျှ ။ ရေက ဗိုက်နားလောက်သာ ရှိဦးမည် ။ သို့ပေမဲ့ သွယ်နွဲ့က သွယ်သွယ်ပုပုလေးမို့
ခြေထောက် မထောက်နိုင်ဖြစ်ကာ ယက်ကန်ယက်ကန်ဖြစ်နေရှာသည် ။ ထိုအခုမှ ဆောင်းယမင်း သတိထားမိသည်က…
ကမ်းစပ်သို့ အရာဝတ္ထုအားလုံးကို ပို့ဆောင်ပေးနေကျလှိုင်းလုံးများသည်
ယခုအခါမှာတော့ လုပ်ရိုးလုပ်စဉ်ကို ဆန့်ကျင် ဖောက်ပြန်ကာ ပင်လယ်ထဲသို့ ဆွဲယူနေခြင်းပင်ဖြစ်၏
။ သြော်…သည်နေ့က လပြည့်ကျော်တစ်ရက်နေ့ပဲ ။ ငယ်ငယ်က သင် ဖူးခဲ့သော သင်ရိုးညွှန်တမ်းလေးကို
ရေးတေးတေးသတိရကာ ဆောင်းယမင်း ထိတ်လန့်သွားမိသည် ။ လပြည့်ကျော်တစ်ရက် နေ့ဆိုတာ ဒီရေအတက်အကျ
ရှိတတ်သည် မဟုတ်ပါလား ။
“ ရဲမင်းရေ ရဲမင်း…လာပါဦးဟဲ့ ။ ဟိုမှာ သွယ်နွဲ့
ပြန်လာလို့ မရတော့လို့ ။”
အတန်းခေါင်းဆောင်လည်းဖြစ်
၊ အရပ်လည်း အလွန်ရှည်သူ-ရဲမင်းကို အော်ခေါ်ကာ အကူအညီတောင်းရတော့သည် ။
ဆောင်းယမင်းတို့လည်း တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်းဆုပ်ကိုင်ကာ
ကြောက်လန့်ချောက်ချားစွာနှင့် ကမ်းစပ်ဆီသို့ ပြန်တက်လာခဲ့ကြသည် ။ ခဏကြာတော့ သွယ်နွဲ့တစ်ယောက်
ရဲမင်း၏လက်ကို ကျစ်ကျစ်ပါအောင် ဆွဲလျက် ကမ်းပေါ်သို့ တက်လာ၏ ။ ကမ်းပေါ်ရောက်သည်အထိ ရဲမင်း၏လက်ကို
မလွှတ်ရဲသေးအောင် လန့်ထိတ်နေရှာတာကြောင့် ဆောင်းယမင်းတို့က ၀ိုင်းနှစ်သိမ့်ရသည် ။ ထိုအခိုက်မှာပဲ
သွေးပျက်စရာဖြစ်ရပ်များက ဆက်တိုက်ဆက်တိုက်…။
“ တီချယ်…တီချယ်…ဟိုမှာ ကျောင်းသားနှစ်ယောက် ရေနစ်နေတာ
ထင်တယ် ။”
ကြားလိုက်ရသည့်အသံကြောင့်
ဆောင်းယမင်း ပင်လယ်ပြင်တွင်းသို့ မ၀ံ့မရဲလှမ်းကြည့်မိတော့
- ဟာ…ဟုတ်ပါရဲ့ ။
ကျောင်းသားနှစ်ယောက်
မြှုပ်ချည်ပေါ်ချည်ဖြစ်နေသည် ။ ကမ်းနှင့် သိပ်ဝေးလှသည့်နေရာလည်း မဟုတ် ။ ပုံမှန်ဆို
စိတ်ပူ စရာမရှိသည့်-နေရာတွင်ဖြစ်ပေမဲ့ ယနေ့မှာတော့ ပင်လယ်ပြင်က သဘာဝတရား၏စေ့ဆော်မှုကြောင့်
အပမှီသွားခဲ့ပြီ ။ သူ့ ရင်ခွင်ထဲ အလည်လာသူတွေကို ရေနက်ထဲသို့ ဆွဲချနေသည် ။ ဟုတ်လည်း
ဟုတ်ရဲ့ ။ သည်နေ့ကျခါမှ ပင်လယ်ပြင်ကို ကြည့်ရတာ ပါးစပ်အဖြဲသားနှင့် မကောင်းဆိုးဝါးတစ်ကောင်လို
၊ သရဲသဘက်တစ်ကောင်လို…။
‘ ဘုရား…ဘုရား…ဟိုကောင်လေးတွေကို ဘယ်သူများ သွားကယ်ပါ့မလဲ
။ ကံကြမ္မာရယ်…ဘာကြောင့်များ ကျွန်မတို့
ကျောင်းသူကျောင်းသားတွေအပေါ်မှ ကွက်ပြီးဆိုးနေရတာလဲ
။ မြတ်စွာဘုရား ကယ်တော်မူပါ ။’
ဘာလုပ်လို့
လုပ်ရမှန်းမသိ၍ ထိုသို့သာ အခါခါအလီလီတောင်းဆုခြွေကာ ဘုရားစာကိုသာ တွင်တွင်ရွတ်ဆိုနေမိသည်
။ နို့ ပေမဲ့ ဆုတောင်းမှန်သမျှ ပြည့်ရမည်ဆိုလျှင် ကမ္ဘာလောကကြီးတွင် ကြွယ်ဝချမ်းသာပြည့်စုံခြင်းတွေဖြင့်သာ
အတိပြီးနေပေ လိမ့်မည် ။ ဘာတွေများ ဆက်ဖြစ်တော့မလဲဟု ဆောင်းယမင်း တွေးလည်း မတွေးရဲ ၊
ကြည့်လည်း မကြည့်ရဲတော့…။
နောက်ပိုင်း မြင်ကွင်းတွေက မြင်နေရပေမဲ့
ဆောင်းယမင်းအဖို့တော့ အိပ်မက်လိုပင်…။ ဆရာမတွေက ဟိုဟိုဒီဒီဖုန်း ဆက်ကာ အကူအညီတောင်းနေစဉ်
ကမ်းစပ်တွင် အစောင့်လည်းဖြစ် ၊ ငါးလည်းရောင်းသော ဦးလေးကြီးတစ်ယောက်က ဘောကွင်းကို ယူပြီး
ရေနစ်နေတဲ့ကောင်လေးနှစ်ယောက်ဆီ ကူးခတ်သွားကာ ကောင်လေးတစ်ယောက်ကို ခေါ်ဆောင်လာ သည် ။
ဦးလေးကြီး ပြောပုံအရ ပင်လယ်ပြင်သည် ကူးခတ်ရခက်ခဲလောက်အောင် လှိုင်းထန်နေသည်…တဲ့ ။
နစ်နေသူနှစ် ယောက်အနက် ပြန်ပါလာသူတစ်ယောက်ခမျာ မပဋာမြေလူးသလိုမျိုး သဲသောင်တွင် ရှိစုမဲ့စုအားအင်လေးနှင့်
လူးလိမ့်နေ ရင်း…
“ ဟိုကောင်ကြီး သွားပြီ ။ ဖိုးကောင်း ဖိုးကောင်း
ကျန်ခဲ့ပြီ…အီးဟီးဟီး…”
ဟူ၍
ယောက်ျားကြီးတန်မဲ့ငိုကြွေးအော်ဟစ်နေသည်ကို မြင်ရသည်အခါ အားလုံးမျက်ရည်မဆည်နိုင်ဘဲ
ငိုကြွေးကြရသည် ။ နောက်မှသိရသည်က ဦးလေးကြီး သွားကယ်တော့ ရေကူးတတ်သူ-ကောင်းလူက ရေမကူးတတ်သည့်-လွင်ထူးကို
ထိုဦး လေးကြီးဆီ တွန်းပို့ပေးရင်း လှိုင်းအပုတ်မှာ မြုပ်သွားသည်ဟူ၏ ။
ဆောင်း ဘာကိုမှ မမြင်ရဲတော့ ။ ဘာကိုမှလည်း
မကြားချင်တော့ ။ ဤအနိဋ္ဌာရုံမြင်ကွင်းတွေဆီက လွတ်မြောက်ထွက် ပြေးသွားချင်မိသည် ။ ဤသို့ဆိုတော့
ဆောင်းယမင်းကို ကရုဏာတရား ခေါင်းပါးသူဟု မထင်မှတ်စေလို…။ ဆောင်း သူတို့ တွေအတွက် ၀မ်းနည်းလွန်းလို့
ကိုယ်ချင်းစာမိလွန်းလို့ သူတို့ကို သနားလွန်းလို ဆောင်းယမင်း မခံစားနိုင်အောင် ဖြစ်နေခဲ့ရ
ခြင်းဖြစ်သည် ။ ခေါင်းကို တွင်တွင်ငုံ့ရင်း ဘုရားစာကိုသာ ရွတ်ဆိုနေသော-ဆောင်းယမင်းတစ်ယောက်
နောက်မှ သိလိုက်ရ သည်က စောစောက ကောင်လေးတွေ
ရေနစ်နေသောနေရာနှင့် မလှမ်းမကမ်းတွင် ကောင်လေးခြောက်ယောက် ဘောကွင်း တစ်ကွင်းကို ၀ိုင်းအုံဖက်လျက်
ပင်လယ်ထဲ မြောပါနေခဲ့သတဲ့ ။ ဘောကွင်းကို ဖက်တွယ်ဝိုင်းစီးရင်း မြောမှန်းမသိ မြောသွား
ခြင်း-တဲ့ ။ စိတ်ပူစရာ ချောက်ချားဖွယ်အဖြစ်အပျက်တွေက အပ်ချည်လုံးကို အစဆွဲထုတ်လိုက်သလိုမျိုး
အမျှင်မပြတ် ဆက် တိုက်ဆက်တိုက်…။
စက်လှေတစ်စီးက ဘောကွင်းတစ်လုံးနှင့် မြောပါနေသော-ကောင်လေးတွေကို
ကယ်တင်ရန် မောင်းနှင်လာစဉ် ကျောင်းအုပ်ဆရာကြီးက ဆောင်းယမင်းတို့အားလုံးကို နေထိုင်ရာအဆောင်သို့
ပြန်ခိုင်းလိုက်သည် ။ အဆောင်ရောက်တော့ ထိုအခါမှ အားလုံးဟိုတစ်နေရာသည်တစ်နေရာ စုကာစုကာ
စောစောက တွေ့ကြုံခဲ့ရသည့်-အဖြစ်အပျက်တွေ စိတ်ခံစား ချက်တွေကို ရင်ဖွင့်လျက် ငိုကြယိုကြသည်မှာ
ဆောင်းယမင်း၏စိတ်ထဲ ကမ္ဘာပျက်သည်နှင့် မခြား…။
‘ သြော်…ဆောင်းယမင်းရဲ့ကမ္ဘာ မပျက်ပေမဲ့ ကောင်လေးတွေရဲ့ကမ္ဘာ
ပျက်သွားလေပြီလား ။’
…စသော
ကိုယ်ချင်းစာစိတ်နှင့် လျှောက်တွေးကာ ငိုနေမိသည် ။
“ ဟဲ့…ဆောင်း
ကောင်လေးခြောက်ယောက်ကိုတော့ စက်လှေနဲ့ ကယ်လိုက်နိုင်တယ်တဲ့ ။ လွင်ထူးနဲ့အတူ ရေနစ်နေတဲ့
ကောင်းလူကိုတော့ ရှာမတွေ့ဘူးတဲ့ဟာ…”
စားသောက်ဆိုင်တွင်
ဟင်းသွားမှာရာမှ ကြားလာသော-သတင်းကို သိင်္ဂီရွှန်းက ပြောလည်းပြော ငိုလည်းငိုနေတော့ ဆောင်း
ယမင်းလည်း မျက်ရည် မခိုင် ။ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်ကာ ငိုကြပြန်သည်
။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
ညနေစောင်းခဲ့ပြီ ။ ငိုပွဲတွေလည်း အတန်ငယ်စဲသွားပြီ
။ အားလုံး ငိုလို့ဝသွားကြပြီ ထင်သည် ။ တစ်နေကုန် တစ်ခန်းနှင့် တစ်ခန်းကူးကာ တစ်ယောက်နှင့်တစ်ယောက်
စကားပြောကြ ရင်ဖွင့်ကြ နှစ်သိမ့်ကြသောကြောင့် တစ်ဦးနှင့်တစ်ဦး ကျောင်း တုန်းကထက်ပင်
ပိုလို့တိုးလို့ ရင်းနှီးသွားမိသည် ။ ဆောင်းတို့အခန်းလည်း တစ်နေကုန် လူမစဲ ။
“ သမီးတို့ရေ…”
အားလုံး
သိင်္ဂီရွှန်းတို့အခန်းဘေးက အစွန်ဆုံးအခန်းရှေ့တွင် စုရုံးကာ စကားပြောနေစဉ် ဆရာမတစ်ယောက်
ရောက်လာ ကာ လှမ်းခေါ်လိုက်ခြင်းဖြစ်သည် ။ အားလုံးလည်း ဘာများကြားရတော့မလဲဟူသော မျှော်လင့်ချက်များနှင့်
ဆရာမအနားသို့ မျက်နှာငယ်လေးများဖြင့် ရောက်သွားကြ၏ ။
“ ကောင်းလူကို အခုပဲ တွေ့ပြီ သမီးတို့ ။ သူ့မိဘတွေလည်း
အကြောင်းကြားကြားချင်းပဲ ချောင်းသာကို လိုက်လာကြပြီ ။
ဆရာမ…ဆရာမလေ စိတ်မကောင်းလိုက်တာ သမီးတို့ရယ်
။ အဲဒါ နောက်ထပ်တစ်ရက် မနေတော့ဘဲ မနက်ဖြန်ပဲ ပြန်
ကြရလိမ့်မယ် ။ ဘာပစ္စည်းမှ မကျန်ခဲ့အောင် ခုကတည်းက
သေချာသိမ်းထားကြ ။ မနက်ဖြန် ငါးနာရီလောက် ထွက်ဖြစ်
မယ်ထင်ရဲ့ ။”
ဆရာမက
ပြောစရာရှိသည်များကို ပြောပြီး မျက်ရည်စတို့ကို လက်ကိုင်ပုဝါနှင့် တို့သုတ်လျက် တစ်ဖက်အဆောင်သို့
ကူး သွားသည် ။ အားလုံး ငိုင်တွေတွေကျန်ရစ်ခဲ့ကြပေသိ မည်သူမျှ မငိုတော့…။ ကြိုသိပြီးသား-သတင်းတစ်ခုအတွက်
အတည် ပြုချက် ကြားလိုက်ရခြင်းသာဖြစ်၍ အားလုံး ကိုယ့်အခန်းကိုယ် အလျှိုလျှိုဝင်သွားကြသည်
။
ဆောင်းယမင်းတို့လည်း ပစ္စည်းပစ္စယများကို သိမ်းဆည်းထုပ်ပိုးရန်
လေးယောက်သား အခန်းထဲကို စုစုစည်းစည်းနှင့် ၀င် လာခဲ့ကြသည် ။ အားလုံး အင်္ကျီတွေ ခေါက်ကြ
၊ မခြောက်သေးတဲ့အ၀တ်တွေကို ကျွတ်ကျွတ်အိတ်နှင့် ထုပ်ကာ ခရီးဆောင် အိတ်ထဲကို ထည့်သိုရင်း
သက်ပြင်းအခါခါ ချမိနေကြသည် ။
ဆောင်းယမင်းကိုယ်တိုင်လည်း အလုပ်လုပ်ရင်း အတွေးတစ်ခုကို
တွေးနေမိ၏ ။
‘ သြော်…မြတ်ဗုဒ္ဓ ဟောကြားတော်မူတဲ့ တရားတော်ဟာ
မှန်လိုက်တာ ။ လူ့ဘ၀ဆိုတာ မတည်မြဲပါလား ။ ဒါ့ကြောင့် ကွေး
သောလက် မဆန့်မီ ဆန့်သောလက် မကွေးမီမှာပဲ သတ္တ၀ါတွေဟာ
သေခြင်းတရားကို တွေ့ကြုံနိုင်လို့ မသေခင် ခန္ဓာကို
ဥာဏ်ရောက်အောင် ပွားများအားထုတ်ဖို့ ဟောကြားတော်မူခဲ့တာပါလား…’
စသဖြင့်
ဖတ်ရှုဖူးခဲ့သော-တရားစာအုပ်တွေထဲက မြတ်စွာဘုရား၏တရားတော်အချို့ကို တွေးတောဆင်ခြင်ရင်း
စိတ်ဖြေနေ ရသည် ။ မည်သို့ပင်ဖြစ်စေ…ညနေလည်း စောင်းနေပြီဖြစ်ရာ ဟိုအတွေးသည်အတွေးများကြောင့်
စိတ်ချောက်ချားချင်ချင် ။
အတွေးဆိုသည့်အတိုင်း ယောက်ယက်ခတ်နေမိ၏ ။ ဘာသာတရားအကြောင်း
တွေးနေရင်းမှ ရေနစ်သေဆုံးသွား တဲ့ကောင်းလူအကြောင်းကို စဉ်းစားမိပြန်သည် ။ ကောင်းလူကို
အသက်ကြီးသွား၍သာ ဆောင်းယမင်း မမှတ်မိတာ ။ အမှန် တော့ ကောင်းလူနှင့်ဆောင်းယမင်းတို့
ခုနစ်တန်းနှစ်က ခင်ခဲ့ကြသည် ။ သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးကြသည် ။ သြော်…ယခုများ တော့
သူငယ်ချင်းတစ်ယောက် မျက်စိရှေ့တွင်ပင် ဆုံးပါးသွားလေပြီဟုတွေးလျက် ဆောင်းယမင်း ၀မ်းနည်းသွားမိ၏
။
ထိုအခိုက်…
“ ရှပ်…ရှပ်…”
အခန်းရှေ့ဆီမှ
ခြေသံလိုလိုကြားလိုက်ရသည် ။ နားကြားမှားခြင်းများလား…မဟုတ်ပါ ။ သေချာပါသည် ။ ခြေသံမှ
ခြေသံ အစစ် ။
ဆောင်းယမင်းတို့အခန်းထဲကို တခြားအခန်းက သူငယ်ချင်းတွေ
တစ်နေကုန်လာလည်နေသောကြောင့် ဆန်းလှသည့် ကိစ္စတော့ မဟုတ် ။ ယခုလည်း တစ်ယောက်ယောက် ဆောင်းတို့အခန်းထဲကို
အလည်လာခြင်းဖြစ်မည်ဟု ဆောင်းယမင်း မှတ်ယူလိုက်မိ၍…
“ ၀င်ခဲ့လေ…သူငယ်ချင်း ။ တံခါးက လော့မချထားဘူး
။”
ဟု
အဝတ်သိမ်းနေရင်း လှမ်းအော်လိုက်မိသည် ။ စကားသံဆုံးသည်နှင့် တံခါးက တစ်စုံတစ်ယောက် ဖွင့်လိုက်သလို
ကျွီခနဲ မြည်ကာ ပွင့်လာသည် ။
သို့သော်လည်း အခန်းတွင်းကိုတော့ လူတစ်ယောက်မှ
ဝင်မလာ ။ ကုတင်ပေါ်တွင် ထိုင်ကာ ပစ္စည်းသိမ်းနေသော-သူငယ်ချင်း(၄)ယောက်လုံး မတိုင်ပင်ပါဘဲ
ကုတင်နှစ်လုံးကြား နေရာလပ်ဆီကို ပြိုင်တူလိုခုန်ဆင်းလိုက်ကြပြီး တစ်ယောက် နှင့်တစ်ယောက်
ပူးကပ်ကာ အတန်ကြာသည်အထိ ဘုရားစာ ရွတ်ဖတ်နေမိကြသည် ။ အတွေးကိုယ်စီဖြင့် တစ်စုံတစ်ရာကို
သဘောပေါက်လိုက်ကာ ကြောက်လန့်သွားကြခြင်းဖြစ်သည် ။ ရွတ်သာ ရွတ်နေရသည် ။ ကြောက်လန့်စိတ်ကြောင့်
ဘုရား စာတွေကလည်း ကပေါက်တိကပေါက်ချာရယ်…။ အနည်းငယ်ကြာ၍ ကြောက်စိတ်လျော့ပါးသွားမှ သိပ်မကြောက်တတ်သူ-နန္ဒာချစ်က
ထိုင်နေရာမှ ထသွားကာ တံခါးကို ပိတ်လိုက်ပြီး…
“ ဘာမှမကြောက်ကြနဲ့ ။ သရဲချောက်တာ မဟုတ်ဘူး ။ ငါတို့တံခါးအကြောင်းလည်း
မနေ့ကတည်းက နင်တို့သိသားနဲ့ ။
လော့မချထားမိရင် တံခါးချက်က မခိုင်ဘူးလေ ။ သူ့ဟာသူ
ပြန်ပြန်ပွင့်သွားတတ်တယ်လေဟာ ။ အခုလည်း ဒီလိုပဲ
နေမှာပါ ။ တခြားဘာမှလျှောက်တွေးမနေကြနဲ့ ။”
နန္ဒာချစ်၏စကားကြောင့်
အားလုံး အသက်၀၀ရှူလိုက်ကြပြီး သူ့စကားကိုသာ မျက်စိမှိတ်ထောက်ခံလိုက်ကြပေမဲ့ ဆောင်း
ယမင်း၏ရင်ထဲတွင်တော့ တိုက်ဆိုင်လွန်းလှသည်ဟု ယူဆရင်း အသည်းတုန်အူတုန်ဖြစ်နေတုန်း…။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
ညသည် ယနေ့ကျမှ တိတ်ဆိတ်ခြင်းအပြည့်နှင့် ပိုမိုမှောင်မိုက်နေသလိုမျိုး
ခံစားမိသည် ။ နဂိုက ကျောင်းသူကျောင်းသား အားလုံး စားသောက်ဆိုင်(restaurant)မှာ ပျော်ပျော်ပါးပါး
စားကြသောက်ကြမည်ဟု စီစဉ်ထားသော်လည်း ယခုတော့ စား သောက်ဆိုင်မှစားစရာများကို မှာယူကာ
အဆောင်ရှေ့တွင် ထိုင်ခုံလေးတွေချပြီး စားသောက်နေကြရပြီ ။
ဆောင်းယမင်း၏ စိတ်တွေ ဘယ်လိုဖြစ်နေသည်မသိ…။
ညနေကတည်းက မြင်မြင်သမျှကို ချောက်ချားကြောက်လန့်နေ မိ၏ ။ ယခုလည်း စားနေသောက်နေစဉ် နောက်ကအုန်းပင်ပေါ်ကအုန်းသီးများ
ခေါင်းပေါ်တည့်တည့်ပြုတ်ကျလာလေမလား ဟု အူကြောင်ကြောင်အတွေးတွေနှင့် ထိတ်လန့်တုန်လှုပ်နေတာကြောင့်
ပုဇွန်ဆီပြန် ကုန်းဘောင်ကြီးကြော် စွန်တန်ဟင်းချို …စတဲ့ဟင်းတွေ ဝေေ၀ဆာဆာနှင့် စားသောက်နေရပေသိ
စားလို့က မ၀င်ချေ ။
အားငယ်တတ်သူများအနေဖြင့်
အလွန်ထိတ်လန့်ချောက်ချားဖွယ်ကိစ္စတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အခါ ထိုသို့အခိုက် အတန့်သွေးပျက်သွားတတ်ကြသည်ချည်းသာ
။ ယခု ဆောင်းယမင်း ကြုံတွေ့နေရသည့် ထိတ်လန့်ချောက်ချားစရာတွေက တစ်ခု မကပါ…။ ဆောင်းယမင်း၏စိတ်တွေ
ဆောက်တည်ရာမရ ဖြစ်နေသည်မှာလည်း မဆန်းလှ…။
“ ဟဲ့…ဆောင်း နင့်ကို ငါ ကြည့်နေတာ စောစောကတည်းက
။ နင် အုန်းပင်ကိုမော့ကြည့်လိုက် ထမင်းကို ခပ်သုတ်သုတ်
စားလိုက်နဲ့ ။ နင် ကောင်းကောင်းစားတာလည်း ငါ
မတွေ့ဘူး ။ သူငယ်ချင်းရယ် စိတ်ညစ်စရာတွေ မတွေးတော့ဘဲ
Relaxဖြစ်အောင် နေလိုက်ပါဟာ ။ ငါ စိတ်မကောင်းဘူး
။ နင် ငါ့ကြောင့် လိုက်လာခဲ့ရတာ မဟုတ်လား ။”
ဘယ်ကတည်းက
စောင့်ကြည့်နေမှန်းမသိသော-သိင်္ဂီရွှန်းက ဆောင်းယမင်း၏ပုခုံးကို ဆုပ်ကိုင်းရင်း အားမလိုအားမရ
ပြော လိုက်သည် ။ ဆောင်းယမင်း သည်လိုဖြစ်နေသည့်အပေါ်မှာ သူ့ကိုသူလည်း အပြစ်တင်နေပုံ ရ၏
။
“ အာ…နင်ကလည်း ။ ဘာဖြစ်လို့ စိတ်မကောင်းဖြစ်နေတာလဲ
။ ဒီကိစ္စတွေ ဖြစ်မယ်ဆိုတာ နင်လည်း ကြိုသိနိုင်တာမှတ်
လို့ ။ အားလုံးဟာ ကံတရားပါပဲဟာ ။ ငါတို့အားလုံး
ဒီနေရာမှာ ဒီလိုအဖြစ်ဆိုးကို တွေ့ကြုံခံစားဖို့ ကံအကြောင်းတရား
ရှိခဲ့လို့ နေမှာပေါ့ ။”
သိင်္ဂ
ီရွှန်းက ဆောင်းယမင်း၏စကားကြောင့် ခေါင်းကို သွက်သွက်ညိတ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးလိုက်မိဟန်ဖြင့်…
“ ဟဲ့…ဒါနဲ့ နင့်ကို ငါ ပြောစရာ ရှိတယ် ။ ညနေက
ငါတို့ကြုံရတဲ့အဖြစ်ကို ပြောမလို့…”
ဟုဆိုလိုက်ပြီးမှ
စကားကို မဆက်ဘဲ ရပ်စဉ်းစားနေသည် ။
“ ဟင်…ပြောလေ ။ ပြောစရာ ရှိတယ်ဆို ။”
“ သြော်…ဘာမှ မဟုတ်ပါဘူးဟာ ။ ညနေက အောင်သွေးပေါ့
။ ၀မ်းပျက်ပြီး ခု နေမကောင်းဘူးလေ ။ ဆံပြုတ်သောက်နေ
ရတယ် ။”
စောစောက
ပြောစရာရှိလို့ဟူ၍ အလောတကြီး ခပ်တိုးတိုးဆိုလိုက်ပြီးခါမှ ထွက်ကျလာသည့်နောက်ဆက်တွဲစကားက
သိပ် မအပ်စပ်လှ…။
သူငယ်ချင်း နေမကောင်းသည်ကို ထိုသို့ ဘေးဘီကြည့်ကာ
အလောတကြီး ခပ်တိုးတိုးဆိုစရာ မလို ။ ထိုကိစ္စကို ပြောပြ ရန် စဉ်းစားပြီးမှ အကြောင်းတစ်ခုခုကြောင့်
စကားလမ်းကြောင်း လွှဲလိုက်ပုံပဲဟု ဆောင်းယမင်း ယူဆမိပေမဲ့ သူငယ်ချင်း အခက်အခဲဖြစ်မည်စိုး၍
အတင်းအကြပ် မမေးရက်တော့ဘဲ အလိုက်အထိုက်သာ ပြန်ပြောလိုက်သည် ။
“ ဟယ် … ဟုတ်လား ။ သနားပါတယ် ။”
ထိုစဉ်
ဆောင်းယမင်းတို့နှစ်ယောက် စကားပြောနေသည့်နေရာသို့ ၀တ်မှုန်ဦးနှင့်နှင်းရီတို့နှစ်ယောက်
လျှောက်လာကြသည် ။ သူတို့လက်ထဲတွင်လည်း မီးရှူးမီးပန်းကိုယ်စီနှင့်…။
“ ဟဲ့…ရွှန်း ငါတို့ မီးရှူးမီးပန်း ဖောက်ကြရအောင်
။”
“ ဟာ…နင်ကလည်း ကောင်းပါ့မလား နှင်းရီရယ် ။ ငါတို့က
ပျော်နေသလို ဖြစ်နေမှာပေါ့ ။”
“ သြော်…ပျော်နေလို့တော့ ဘယ်ဟုတ်ပါ့မလဲ ။ ဒါပေမဲ့
ဒါမှလည်း အားလုံး စိတ်အပြောင်းအလဲလေး ဖြစ်သွားကြမှာပေါ့ ။
နို့မဟုတ်ရင် အားလုံးက စိတ်ညစ်ပြီး ကြောက်နေကြတာ
။ အားလုံးအတွက် ငါတို့ စွန့်စားကြည့်မယ်လေဟာ ။”
နှင်းရီနှင့်ဝတ်မှုန်တို့က
နဂိုကတည်းက စိတ်မာသူများ ။ ယခုအဖြစ်အပျက်အပေါ်တွင်လည်း ငိုကြွေးလောက်သည်အထိ ၀မ်း မနည်းကြ…။
သို့သော် ယခု ၀မ်းနည်းနေသူအားလုံးအတွက် စိတ်သက်သာရာလည်း ရစေချင်သည်ကတစ်ကြောင်း ၊ သူတို့
ကိုယ်၌ကလည်း ပါလာသည့်မီးရှူးမီးပန်းတွေ ကုန်သွားအောင် ဖောက်ချင်နေသည်ကတစ်ကြောင်းကြောင့်
ဆောင်းယမင်းတို့ ကို လာရောက်အဖော်ညှိခြင်း ဖြစ်မည် ။
“ အေးဟာ…ဒါလည်း ဟုတ်တာပဲ ။ ဒီမှာ ဆောင်းလည်း အရမ်း
အားငယ်နေရှာတာ ။ လာ…ငါတို့ စိတ်ပြေလက်ပျောက်
မီးရှူးမီးပန်းဖောက်ရအောင်…နော်…ဆောင်း…”
သိင်္ဂ
ီရွှန်း၏တောင်းဆိုစကားကို ဆောင်းယမင်း လိုလိုလားလားပင် ခေါင်းညိတ်လက်ခံလိုက်မိသည် ။
ဟုတ်သည်…ဆောင်း လည်း နည်းနည်းပဲဖြစ်ဖြစ် စိတ်လွတ်လပ်ပေါ့ပါးသွားချင်သည် ။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
မိုးပေါ်သို့
ပျံတက်သွားကာ ရောင်စုံဖြာထွက်သွားသော မီးပန်းမီးပွင့်လေးများကို မော့ကြည့်ရင်း ဆောင်းယမင်း
ပျော်ရွှင် ပေါ့ပါးသွားမိသည် ။ ဖောက်ခနဲမြည်သံနှင့်အတူ ကောင်းကင်ဆီသို့တာစူလျက် ပျံတက်သွားသော
မီးတန်းလေးကို ငေးကြည့် ရင်း ကိုယ်ကိုယ်တိုင်လည်း မီးတန်းလေးနှင့် ကပ်ပါသွားသလို ခံစားမိ၏
။ ဆောင်းယမင်းတို့တတွေ မီးရှူးမီးပန်းဖောက်ရင်း သုံး/လေးတန်းကလေးမလေးများလို့ ခုန်ပေါက်နေကြသည်
။ နေ့လယ်က တွေ့ကြုံခဲ့ရသော စိတ်ချောက်ချားစရာ ၊ ဝမ်းနည်း ကြေကွဲဖွယ်ရာအဖြစ်အပျက်များကို
ခေါင်းထဲက ခဏထုတ်ထားလိုက်ကြသည် ။
မိန်းကလေးလေး/ငါးယောက်က တစ်လှည့်စီခြံထဲဆင်းပြီး
မီးရှူးမီးပန်း ဖောက်ကြပြီး ကျန်လူများက ကော်ရစ်တာတွင် ထိုင်လျက် ပျံတက်သွားသော-မီးရှူးမီးပန်းလေးများကို
ငေးကြည့်ရင်း လက်တလောအခြေအနေအားလုံးကို မေ့လျော့နေကြ ၏ ။ လူဆိုသည့်အမျိုးက မကြာခင်
သေရတော့မည်ဆိုလျှင်တောင် ခဏတာဖြစ်ဖြစ် ဗိုက်၀၀လင်လင်စားပြီး စိတ်ချမ်းချမ်း သာသာ နေချင်ကြသည်ချည်းသာ…။
အားလုံး အတိတ်တွေ အနာဂတ်တွေကို ခဏမေ့ကာ ရောင်စုံမီးရှူးမီးပန်းလေးများကို သာ ငေးကြည့်နေကြသည်
။ ထိုသို့ အာရုံပြောင်းနေစဉ်မှာပဲ…
“ ဟယ်…သမီးတို့တွေ ဒါ ဘာလုပ်နေတာလဲ ။”
တစ်ဖက်အဆောင်မှဆရာမတစ်ယောက်
ကူးလာပြီး အော်လိုက်သည့်စကား ။ အားလုံးက စကားမဆိုဘဲ ဆရာမကို ရီဝေေ၀ မျက်ဝန်းများနှင့်
အငေးသားကြည့်နေကြသည် ။ အားလုံးလည်း နည်းနည်း ရင်ထိတ်သွားပြန်သည် ။
“ သမီးတို့ရယ်…ဒီလိုအချိန်မှာ မီးရှူးမီးပန်း မဖောက်သင့်ဘူးလေ
။”
ဆရာမက
ဒေါသနှင့် အော်လိုက်မိပြီးမှ တစ်စုံတစ်ခုကို တွေးမိ၍ထင်…သက်ပြင်းရှိုက်ရင်း လေပြေနှင့်ဆိုသည်
။
ဆရာမ၏ဒုတိယမ္ပိစကားကြောင့် ဆောင်းယမင်း မီးရှူးမီးပန်းလေးများကို
နှမြောတသစွာကြည့်လိုက်ပြီး ခပ်လှမ်းလှမ်းသို့ စွန့်ပစ်ကာ ဆရာမဆီသို့ လျှောက်သွားလိုက်ကြသည်
။ ရင်ထဲကလည်း ခဏတာ ပျော်ရွှင်မှုတွေပေးခဲ့သော မီးရှူးမီးပန်းလေး များကို စွန့်ပစ်လိုက်ရ၍
စိတ်မကောင်းဖြစ်နေမိသည် ။
“ သမီးတို့ ဒီလိုအချိန်မှာ ပျော်နေလို့ မဖြစ်ဘူးလေ
။ ကောင်းလူလေးဆိုတာ သမီးတို့သူငယ်ချင်းပဲ မဟုတ်လား ။ သူ့ခမျာ
ဘယ်လောက်သနားစရာ ကောင်းလဲ ။ ညနေစောင်းတဲ့အထိ
အလောင်းတောင် ရှာမရလို့ သမီးတို့အတန်းပိုင်ဆရာမက
ကန်တော့ပွဲနဲ့ ပင်လယ်စောင့်နတ်ကို တောင်းပန်ပြီး
‘ သားရယ်…ဆရာမတို့ကို သနားရင် ကိုယ့်ဘာသာကိုယ် ပြန်လာခဲ့
ပါတော့’လို့ တိုင်တည်လိုက်တာ မိုးတောင် မချုပ်ဘူး
။ အလောင်းက ကမ်းကပ်လာတော့တာပဲ ။ သူ့ခမျာ ရေကူးရင်း ရေ
ကူးရင်း မဟန်တော့လို့ အားလျော့လိုက်ရပုံ ရပါတယ်
။ လက်ကလေးနှစ်ဖက်က ဟော့ဒီ့လို ဟော့ဒီ့လို ရင်မှာ ယှက်လို့ ။
တစ်ကိုယ်လုံးလည်း သဲတွေ ပေနေ ရေတွေရွှဲနေပေမဲ့
ဖောင်းပွမနေသေးပါဘူးကွယ် ။ သူ့အင်္ကျီရင်ဘတ်က ကျောင်းတံ
ဆိပ်နီနီလေးဟာ ညနေဆည်းဆာချိန်မှာ ရဲလို့…။ ဒါ့ကြောင့်
သမီးတို့သူငယ်ချင်းကို သနားကြပါကွယ် ။ သူ့ခမျာ ကျွတ်
လွတ်ရှာဦးမှာတောင် မဟုတ်ဘူး ။ ဟိုဘက်မှာ သူ့မိဘတွေလည်း
ရောက်နေကြတယ် ။ သမီးတို့က မီးရှူးမီးပန်းတွေ
ဖောက်နေကြရင် သူတို့ ဘယ်စိတ်ကောင်းပါ့မလဲ ။”
ဆရာမက
ဟောဒီ့လိုဟော့ဒီ့လိုဆိုတဲ့နေရာမှာ အမူအရာပါလုပ်ပြကာ ဆောင်းယမင်းတို့ကို စီကာပတ်ကုံးရှင်းပြရှာသည်
။ ဆရာမကတော့ ကျောင်းသူလေးတွေ မီးရှူးမီးပန်း မဖောက်ဖို့ တားမြစ်တာကို နားလည်ပါစေတော့ဟူသောသဘောနှင့်
သေ သေချာချာရှင်းပြနေပေမဲ့ ဆောင်းယမင်း၏အာရုံထဲမှာတော့ မမြင်တွေ့လိုက်ရသည့် ကောင်းလူ၏ရုပ်အလောင်းကို
ဆရာမ၏ အပြောနှင့်တင် ထင်ထင်ရှားရှားပုံဖော်လို့ ရသွားခဲ့ပြီ ။ ကြောက်လွန်းလို့ ရင်တွေလည်း
တဒိန်းဒိန်းခုန်လို့…
ကျောင်းသူအားလုံးလည်း ထိုသို့ခံစားနေရ၍လား
မပြောတတ် ။ ဆရာမ ပြောသမျှကို ငေးကြောင်ကာ ကြည့်နေကြ၍ ဆရာမ ထပ်ရှင်းပြနေဦးမည်ကို စိုးရိမ်သူ-တင့်မိုးအိမ်က…
“ သမီးတို့လည်း ပျော်လို့ ဖောက်နေကြတာ မဟုတ်ပါဘူး
တီချယ်ရယ် ။ စိတ်ဆင်းရဲလွန်းလို့ စိတ်သက်သာရာ ရအောင်
ဖောက်နေမိတာပါ ။ ဟုတ်…သမီးတို့ မဖောက်တော့ပါဘူး
။”
…ဟု
အဖြစ်မှန်ကို ပွင့်ပွင့်လင်းလင်းပြောပြကာ နောက်ထပ်မလုပ်တော့ဟူ၍ ကတိပေးလိုက်လေသည် ။
“ အေးကွယ်…လိမ္မာလိုက်ကြတာ ။ သွား…သွား အခန်းထဲ
ဝင်ကြတော့ ။”
ဆရာမက
တစ်ဘက်အဆောင်ကို တရွေ့ရွေ့ထွက်ခွာသွားပြီ ။ ဆောင်းတို့အားလုံးလည်း ကိုယ့်အခန်းကို ကိုယ်စီကိုယ်ငှ
ဝင် ရောက်လာခဲ့ကြပြီ ။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
ဆောင်းယမင်း ဘယ်လိုမှ အိပ်လို့မရ…။ မျက်လုံးမှိတ်လိုက်သည်နှင့်
ထမင်းလုံးတစ္ဆေချောက်နေသလိုမျိုး ကြောက် မက်ဖွယ်ရာအဆင်းတွေချည်း အာရုံထဲတွင် ပေါ်နေသည်
။ သို့ကြောင့် မျက်လုံးကို အသာအယာဖွင့်ကာ နံဘေးကို စောင်းငဲ့ ကြည့်တော့ သြော်…နန္ဒာချစ်တို့များ
ကုသိုလ်ကံ ကောင်းချက် ။ ကြောက်လန့်စိတ် တပြားသားမျှ မရှိဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်
မောကျလို့…။
“ ဟဲ့…၀တ်မှုန်ဦး နင် အိပ်ပြီလား ။”
တစ်ဖက်ကုတင်ရှိသူငယ်ချင်းနှစ်ယောက်အနက်
တစ်ယောက်၏နာမည်ကို အားကိုးတကြီး ရေရွတ်ခေါ်လိုက်မိသည် ။ ဝတ် မှုန်ဦးက သိပ်မကြောက်တတ်သူမို့
အားကိုးမိခြင်းဖြစ်၏ ။
“ ဆောင်း…နင်လည်း မအိပ်သေးဘူးလား ။”
“ ဟယ်…အေးမွန် …ငါက နင် အိပ်ပျော်နေပြီထင်လို့
။”
“ အိပ်မပျော်ပါဘူးဟာ ။ မျက်လုံးမှိတ်လိုက်တာနဲ့
ဘာတွေမြင်နေမှန်း မသိပါဘူး ။”
“ ငါရောပဲ ။”
ထိုအချိန်မှ
နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ချင်း ထပ်တူကျကာ အိပ်မရသည့်အတူတူ စကားတွေ
ထိုင်ပြောလိုက်ကြတာ ညဆယ်နာရီထိုးသည်အထိ…
ကြာတော့ မောလာသည် ။ သောက်စရာရေကလည်း ကုန်ပြီ
။ ရေလိုလျှင် အပြင်က ရေသန့်ဘူးကြီးတွင် လိုသလောက် သွားဖြည့်နိုင်သော်လည်း နှစ်ယောက်လုံး အပြင်မထွက်ရဲတာကြောင့် မောမောနှင့်ပင်
ပေနေကြသည် ။ အတော်ကြာတော့ စကားဆက်ပြောဖို့ အားမရှိကြတော့ ။ သို့ကြောင့် ဆောင်းယမင်းကပင်
အလိုက်တသိနှင့် စကားဖြတ်ကာ အိပ်ပျော်လိုပျော် ငြား မျက်လုံးမှိတ်လိုက်မိသည် ။
အို…
ဆောင်းယမင်း
ထိတ်လန့်ချောက်ချားစွာဖြင့် မျက်လုံးကို အလျင်အမြန်ဖွင့်ကာ ကုတင်ခြေရင်းကို ငုံ့ကြည့်လိုက်မိ၏
။ ဆောင်း ယမင်းနှင့်နန္ဒာချစ်က တံခါးမကြီးအနီးမှကုတင်တွင် အိပ်နေကြခြင်းဖြစ်ရာ မျက်လုံးမှိတ်လိုက်သည်နှင့်
ကုတင်ခြေရင်းတွင် ယောက်ျားတစ်ယောက် ရေစက်လက်ကျနေသော အ၀တ်အစားမည်းညစ်ညစ်ကိုဝတ်ကာ ခေါင်းငိုက်စိုက်ကျလျက်
ရပ်နေ သည်ဟု မြင်ယောင်နေမိတာကြောင့် ဆောင်းယမင်း ထိုသို့ မျက်လုံးဖွင့်ကြည့်မိခြင်းဖြစ်သည်
။ အမှန်တကယ်ကျ ကုတင် ခြေရင်းမှာ ဘာမျှ မရှိ…။ ဆောင်းယမင်း ကြောက်လွန်းလို့ အသားတွေပင်
တဆတ်ဆတ်တုန်လာခဲ့ပြီ ။
“ ဟဲ့…ဆောင်း ငါ…ငါ အရမ်း ကြောက်လာပြီ ။ ငါတို့အနားမှာ
တစ်ယောက်ယောက် ရှိသလို ငါ ခံစားနေရတယ် ။ ငါ…ငါ
မနေရဲတော့ဘူး ။ ဘယ်လိုလုပ်ရပါ့မလဲ ဆောင်းရယ်
။”
ထိုစဉ်
တိုက်တိုက်ဆိုင်ဆိုင် အေးမွန်ကပါ ထအော်လေရာ ဆောင်းယမင်းခမျာ ရူးသွပ်မတတ် ထိတ်လန့်သွားသည်
။ နှစ် ယောက်လုံး တပြိုင်နက်တည်း ခံစားလာရသဖြင့် ရိုးမှရိုးရဲ့လားဟု တွေးလိုက်မိသည်
။ သို့ပေမဲ့ ထုတ်ဖော်မပြောဘဲ မြိုထား လိုက်ရ၏ ။ အေးမွန်ပါ သွေးပျက်သွားလျှင် ပိုဆိုးကုန်မည်
။
“ ငါ…ငါ ရှိတယ်လေဟာ အေးမွန် ။ သိပ်မကြောက်ပါနဲ့
။ ဘုရားစာ ရွတ်ပေါ့ ။”
ပြောမည့်သာပြောလိုက်ရပေမဲ့
ဆောင်းယမင်းကိုယ်တိုင်လည်း စိတ်ချောက်ချားနေမိတာကြောင့် သမ္ဗုဒ္ဓေပင် ဖြောင့်အောင် ဆိုမရတော့
။
ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာလေသလား ။ ဦးနင်း
ပဲ့ထောင် ပဲ့နင်း ဦးထောင်လို့ပဲ ဆိုရတော့မလား မပြောတတ် ။ ကိုယ့် ဘာသာကိုယ် ကြောက်ရတဲ့အထဲ
သူငယ်ချင်းကို နှစ်သိမ့်ပေးနေတုန်း မီးပါ ပျက်သွားတော့သည် ။ တည်းခိုဆောင် ဖြစ်၍ ဟော်တယ်များကဲ့သို့
လျှပ်စစ်မီး ပြတ်တောက်သွားသော်လည်း မီးစက်နှိုးမပေးချေ ။ ညလည်း နက်နေပြီမို့ထင်သည်
။ အမှောင်ထဲမှာ သည်အတိုင်း ဇွတ်ပေအိပ်နေရသည် ။
“ ဟဲ့…လုပ် လုပ်ပါဦး အေးမွန် ။ ငါ…ငါ အမှောင်ကို
ကြောက်တယ်ဟ ။”
“ မပူနဲ့ ဆောင်း ။ ငါ့မှာ လက်နှိပ်ဓါတ်မီးပါတယ်
။”
စောစောက
လင်းလက်နေစဉ်ကတောင် ကြောက်လန့်တုန်လှုပ်နေရသည့်အထဲ မီးကပါ ပျက်သွားလေတော့ နှစ်ယောက်
သား တစ်ယောက်ကိုတစ်ယောက် ပြေးဖက်ထားလျှင်ပင် လုံခြုံသည်ဟု မထင်တော့ ။
“ ဆောင်း…ငါ နင့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်တော့မယ်
။ ငါ့မျက်လုံးမှိတ်လိုက်တိုင်း ကျောင်းဝတ်စုံရေစက်လက်နဲ့
ငါ့အနားမှာ ရပ်နေတဲ့ ကောင်းလူကိုပဲ အာရုံထဲမှာ
ပေါ်နေတယ်ဟာ ။ ငါကြောက်လို့ သေတော့မယ် ။”
“ မ…မကြောက်ပါနဲ့ဟာ ။ စောစောက တီချယ်ပြောသွားလို့
ငါတို့အာရုံမှာ စွဲနေတာ နေမှာပါ ။ ဒီ…ဒီလိုပဲ ဖြစ်တတ်ပါတယ်
ဟာ ။ မကြောက်ပါနဲ့ ။”
ဆောင်းယမင်းက
ထိုသို့အားပေးလိုက်ရပေမဲ့ နှစ်ယောက်လုံးမြင်ယောင်နေတာ သွေးရိုးသားရိုး မဖြစ်နိုင်တော့ဟု
တစ်ကိုယ် တည်းကြိတ်တွေးရင်း သွေးအပျက်ကြီးပျက်နေပါပြီ ။
“ ငါ…ငါ မရတော့ဘူး ။ ငါ…ငါတို့ ဟိုဘက်အခန်းမှာ
သွားပေါင်းအိပ်ရအောင်…နော်…ဆောင်း ။”
“ အေး…ကောင်းတယ်ဟာ ။ သွားကြရအောင် ။ ဒါနဲ့ ဒီနှစ်ယောက်ကို
ဘယ်လိုလုပ်မှာလဲ ။”
“ ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ ။ နှိုးဟာ ။ မြန်မြန်လုပ်
။”
အေးမွန်ရည်က
ပြောလည်းပြော သူ့နံဘေးက ၀တ်မှုန်ဦးကိုလည်း အတင်းလှုပ်နှိုးနေ၍ ဆောင်းယမင်းလည်း ဘေးက
နန္ဒာ ချစ်ကို မရမကလှုပ်နှိုးလိုက်သည် ။
“ ဟာ…အိပ်ကောင်းရတဲ့ကြားထဲ ။ နင်တို့ဘာသာ သွားကြဟာ
။ ငါတို့ကို ထားခဲ့ ။”
ဟု
ပြန်အော်ကြသော်လည်း နှစ်ယောက်တည်းလည်း မသွားရဲတာကြောင့် ဆောင်းယမင်းတို့ အသည်းအသန်နှိုးလေမှ
သူတို့ နှစ်ယောက် အိပ်ချင်မူးတူးနှင့် ထလာကြပြီး ဆိုးဆိုးဆတ်ဆတ်နှင့် အခန်းအပြင်ထွက်သွားကြ၍
ဆောင်းယမင်းတို့ အပြေး လိုက်ရပြန်သည် ။ ကြောက်နေ/အိပ်ချင်နေလျှင် ဆင်ခြင်ဥာဏ် ကင်းမဲ့သွားကြလေသလား
မပြောတတ် ။ တံခါးကို မပိတ်ဘဲ ထွက်သွားကြ၍ ဆောင်းယမင်းမှာ ကြောက်ကြောက်လန့်လန့်နှင့်
တံခါးကို အလျှင်အမြန်ပြန်ပိတ်ကာ တစ်ဖက်ခန်းဆီသို့ နောက်ဆုံးက ပြေးဝင်သွားရတော့သည် ။
ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာဟူ၍သာ သုံးနှုန်းလိုက်ပါတော့မည်
။ တစ်ဖက်အခန်းတွင် ကုတင်နှစ်လုံးသာ ရှိသည့် အနက် ဆောင်းယမင်း ရောက်သွားတော့ စုစုပေါင်း-လူက
ဆောင်းယမင်းအပါအ၀င် (၁၂)ယောက်…။ ဆောင်းယမင်းတို့ အဖွဲ့ မလာခင်ကတည်းက အခြားအဖွဲ့တစ်ဖွဲ့က
လာပေါင်းအိပ်နေကြခြင်းဖြစ်သတဲ့ ။ ယခုမှ အခန်းပြန်ရန်လည်း ဖြစ်တော့ မည်မထင် ။ နောက်ဆုံးမှ
ဝင်လာသောဆောင်းယမင်းကို တစ်ယောက်သောသူငယ်ချင်းက…
“ မြန်မြန် တံခါးပိတ်….မြန်မြန် တံခါးပိတ်…”
ဟု
အော်လိုက်တာကြောင့် ဘာကြောင့်များလဲဟု မေးကြည့်မိတော့ ၂၄ပစ္စည်းနှင့် စည်းချထားသောကြောင့်ဟု
ရှင်းပြလေ၍ ဆောင်းယမင်း လုံခြုံသွားသလို ခံစားလိုက်ရသည် ။ ဆောင်းယမင်း လုံခြုံမှုကို
ခံစားမိပေမဲ့ အိပ်စက်စရာ နေရာကတော့ မရှိ ချေ ။ ကုတင်ပေါ်တွင် နေရာလွတ်မကျန်အောင် လူ(၁၁)ယောက်နှင့်
ပြည့်နှက်နေပြီ ။
ဆောင်းယမင်း တံခါးဘေးကုတင်ထောင့် အနည်းငယ် လွတ်နေတဲ့နေရာတွင်
ဝင်ထိုင်ကာ ငိုက်နေလိုက်ပေမဲ့ အိပ်လို့ မရ…။ အားလုံးကလည်း ဆောင်းယမင်းတို့ ၀င်မလာခင်ကတည်းက
ကြောက်လန့်စိတ်ကို ဖြေဖျောက်ရန် ကိုယ့်အကြောင်း ပြောပြတိုင်း ဆော့နေကြခြင်း ဖြစ်သည်
။ အပျိုအရွယ်တွေဆိုတော့ အားလုံးက လူပျိုအကြောင်း ရည်းစားသနာအကြောင်း တွေ စီကာပတ်ကုံး
ပြောနေကြသည်ပေါ့ ။
“ ကားဘရိတ်က ဆောင့်အအုပ် ငါကလည်း နင်တို့သိတဲ့အတိုင်း
နမော်နမဲ့နဲ့ လက်လွှတ်လိုက်မိတဲ့အချိန်ဆိုတော့ တစ်ခါ
တည်း အရှိန်လွန်ပြီး ကားနောက်ခြမ်းကနေ ကားရှေ့ခြမ်းကို
ရှောခနဲဖြစ်သွားလို့ ဆွဲမိဆွဲရာ လှမ်းဖက်လိုက်မိတော့ ခု ငါ
ပြောနေတဲ့အကိုကြီးရဲ့ခါး ဖြစ်နေရော ။ ငါလေ ရှက်လိုက်တာ
။ ရှက်လွန်းလို့ လဲသေချင်ရောဟယ် ။ သူကတော့ ရပါ
တယ် ။ မလဲရအောင် ဖက်လိုက်တာပဲ ။ အားမနာပါနဲ့လို့
ပြောပေမဲ့ ငါက မိန်းကလေးလေဟယ် ။ ရှက်တာပေါ့ ။ အဲဒီ
နောက်မှ သူက ငါတို့ သင်တန်းကဆရာ ဖြစ်နေမှန်း
သိတာ ။”
“ ကျွီ…၀ုန်း…”
ကိုယ့်အကြောင်းကိုယ်ပြောရန်
အလှည့်ကျသူ-သင်းယုယုက သူ့အချစ်ဇာတ်လမ်းအစကို အာဘောင်အာရင်းသန်သန်ပြော ပြနေတုန်း တံခါးပွင့်သံ
၊ တံခါးနှင့် အုတ်နံရံဆောင့်မိသံတွေကို ကြားလိုက်ရတာကြောင့် ဆောင်းယမင်း နိုးနိုးကြားကြားဖြစ်
သွားသည် ။ အိပ်ချင်စိတ် ၊ ချောက်ချားစိတ်တွေ၏နေရာမှာ စိုးရိမ်စိတ် ၊ ပူပန်စိတ်တွေ အစားထိုးဝင်ရောက်လာသည်
။
“ ဟဲ့…ကြားကြလား ။”
“ အေး…အသံတစ်သံ ကြားလိုက်တယ် ။ တံခါးပွင့်သံလိုပဲ
။”
“ ဟုတ်မယ်ဟ ။ ငါ တံခါးပိတ်တာ လော့ခ် ချမိခဲ့ရဲ့လား
မသိဘူး ။ ငါတို့အခန်းတံခါးက လော့ခ် မကျရင် ပွင့်လာတတ်
တယ် ။ ဒုက္ခပဲ ။ သူခိုးများ ၀င်တာလား မသိဘူး ။
အခန်းထဲမှာ ပိုက်ဆံအိတ်တွေ ဖုန်းတွေ အကုန်ထားခဲ့မိတယ် ။”
ဆောင်းယမင်းက
စိုးရိမ်ပူထူကာ အခန်းကို ပြန်ကြည့်ရန်သာ တာစူနေမိပေမဲ့ တကယ့်တကယ်တမ်းကျ ပြတင်းပေါက်ကပင်
ချောင်းမကြည့်ရဲ…။ မတော်လို့ သမရိုးကျပွင့်တာ မဟုတ်ဘဲ ပယောဂတစ်ခုခုကြောင့် ပွင့်သွားခြင်းဖြစ်လျှင်…ဆောင်းယမင်း
ယခုအချိန်တွင် ဘယ်လိုအရာကိုမျှ မမြင်တွေ့ရဲ ။ ပိုက်ဆံအိတ်တွေ ဟန်းဖုန်းတွေအတွက်နှင့်တော့
သွေးပျက်ကာ ရူးကြောင် ကြောင် အဖြစ်မခံနိုင် …။
“ သွားမကြည့်နဲ့ ဆောင်း ။ အဆောင်ခြံဝန်းတံခါးကို
ပိတ်ထားတာပဲ ။ သူခိုး မရှိနိုင်ပါဘူး ။ လာ…လာ…ဒီချောင်မှာ လာ
အိပ် ။”
ဟု
ခေါ်ကာ သူငယ်ချင်းတစ်ယောက်က ဆောင်းယမင်းကို သူ့နေရာတွင် အိပ်စေသည် ။ ယခုချိန်ထိ ထိုသူငယ်ချင်းကို
ကျေး ဇူးတင်နေမိ၏ ။ ဆောင်းယမင်း မ၀ံ့မရဲနှင့် မျက်လုံးမှိတ်လိုက်မိတော့ စောစောက ရေစက်လက်နှင့်မြင်ကွင်းကို
မမြင်တွေ့ရ တော့ ။ နို့ပေမဲ့ မနက်က ဖြစ်ပျက်ခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်မြင်ကွင်းကိုတော့
ပြန်လည်မြင်ယောင်နေမိဆဲ ။ ကြာတော့ မော ပန်းမှုတွေ နွမ်းနယ်မှုတွေကြောင့် ဆောင်းယမင်း
အိပ်ပျော်သွားပါတော့သည် ။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
လေးနာရီလောက်တွင် သူငယ်ချင်းတွေ အတင်းလှုပ်နှိုး၍
ဆောင်းယမင်း နှိုးလာခဲ့သည် ။ အခန်းသို့ ဘယ်သူ အရင် ၀င်သလဲ…မေးကြည့်မိတော့ တစ်ညလုံး
ကြောက်လန့်ခြင်းအလျဉ်းကင်းလျက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရှာသော နန္ဒာ ချစ်နှင့်ဝတ်မှုန်ဦးတို့
မနက်သုံးနာရီလောက်ပြန်ကာ အထုပ်အပိုးပြင်ဆင်ကြသည်ဟုဆို၍ အခန်းတံခါး ပွင့်နေ/မနေ မေး
ကြည့်မိတော့ ပွင့်မနေတဲ့အပြင် လော့ခ်ပါ ကျနေလို့ သော့တောင် ပြန်ယူရသေးဟု ပြော၏ ။ ဆောင်းယမင်း
အံ့သြလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည် ။ အခန်းတံခါး ပွင့်သွားသံကို အသံကျယ်ကျယ်နှင့်
အားလုံး အတူတူကြားလိုက်ရ သည် မဟုတ်လား ။ သူငယ်ချင်းတစ်ယောက်ကတော့…
“ သြော်…တည်းခိုခန်းပိုင်ရှင်ဦးလေးကြီးများ မြင်ပြီး
ပိတ်ပေးသွားလားမှ မသိတာ…” တဲ့ ။
သူ့အယူအဆကိုပဲ
ဆောင်းယမင်း ကျေကျေနပ်နပ်လက်ခံပစ်လိုက်ပါသည် ။
တကယ်တော့ မနေ့ညက တစ္ဆေခြောက်တာ ဟုတ်ချင်မှဟုတ်မည်
။ အားလုံးက သွေးပျက်ချောက်ချားနေကြ၍သာ မြင်ချင်တာမြင် ကြားချင်တာကြားနေရခြင်းလည်း ဖြစ်နိုင်သည်
။ ဆောင်းယမင်းနှင့်အေးမွန်ရည်မှ မဟုတ်…။ သိင်္ဂီရွှန်းလည်း ညက အိပ်လို့ မရခဲ့ဟု ဆိုသည်
။ သူ့အဖြစ်က ဆောင်းတို့ထက်ပင် ပိုဆိုးသေး၏ ။ မီးပျက်သွားသောအခါ နံဘေးမှသူငယ် ချင်းက
အိုက်လွန်းလို့ အသက်ရှူ မ၀ဟုဆိုကာ အခန်းပြတင်းပေါက်ကို ဖွင့်ထားသည် ။ ပြတင်းပေါက်ဘေးတွင်
သိင်္ဂီရွှန်းက အိပ်ရပြီး မျက်လုံးမှိတ်လိုက်သည်နှင့် အာရုံတွင် ပြတင်းပေါက်ကနေ အပြင်မှတစ်ယောက်ယောက်က
ငုံ့ကြည့်နေသလို ခံစား နေမိတာကြောင့် ဘုရားစာကို အော်ရွတ်ကာ မိုးလင်းခဲ့ရသည်ဟုဆို၏
။ တကယ့်ကို နိုးလျက်နှင့် အိပ်မက်ဆိုးများ မက်နေခဲ့ရ သည့် ညတစ်ညပင် ။
နောက်ထပ်ထူးဆန်းတာတစ်ခုက အားလုံး၏အ၀တ်အစားတွေ
သိမ်းဆည်းပြီးနောက် တည်းခိုဆောင်ရှေ့ကကြိုးတန်း တွင် ကျောင်းဝတ်စုံတစ်ထည် ကျန်ရှိနေခဲ့ခြင်းဖြစ်၏
။ ဒါကိုတော့ ဆောင်းယမင်း၏စိတ်ထဲ ယူဆမိသည်မှာ မေ့တတ်သော ကျောင်းသူတစ်ယောက်ယောက် အင်္ကျ
ီကိုလှန်းပြီးမှ သူ့အင်္ကျီဟုတ်မဟုတ် မမှတ်မိတော့၍ သို့လောသို့လောနှင့် ကျန်ရစ်ခဲ့ ခြင်းသာဖြစ်မည်ဟု
။ ဆောင်းယမင်း ယူဆသလို မဟုတ်ဘဲ သဘာဝတရားကြီးက ဖြေရှင်းချက်တစ်ခု ပေးမည်ဆိုလျှင်လည်း
ဆောင်းယမင်း နားမထောင်ချင်တော့ပြီ ။
ထိုချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေသည့်
ညတာရှည်ကြီးကို လွန်မြောက်ခဲ့ပြီဖြစ်၍ ဆောင်းယမင်း ယခင်က လောက် ကြောက်လန့်မနေတော့ ။
ပစ္စည်းအားလုံး ကားပေါ်တင်ဆောင်ပြီးနောက် ကားကြီးမှာ တည်းခိုဆောင်မှနေ တရွေ့ ရွေ့ ထွက်ခွာလာသည်
။ ခရီးစဉ်အစတွင် အားလုံး တွေးထင်ထားကြသည်က အပြန်တွင် ပင်လယ်ကြီးကို လွမ်းလျက် အော်
ဟစ်ပျော်ရွှင်စွာ အိမ်ပြန်ရမည်ဟု ။ ယခုများတော့ ကျန်ရစ်ခဲ့တဲ့သူငယ်ချင်းအတွက် ငိုလိုက်ကြရသည်မှာ
အားလုံး၏မျက်ရည်
တွေက
ပင်လယ်ကြီးနှင့်အပြိုင် ။
သြော်…တစ်ခါတစ်ရံ ကိုယ် မထင်ထားတာတွေက အိပ်မက်ဆန်ဆန်ဖြစ်ပျက်သွားတတ်သည်ကို
ယခုတော့ ဆောင်း ယမင်း ယုံကြည်သွားပါပြီ ။ နောက်ပြီး သေခြင်းတရားဟာ လူတိုင်းနှင့်အနီးဆုံးနေရာမှာ
တည်ရှိနေနိုင်သည်ဆိုတာကိုလည်း ဆောင်းယမင်း လက်ခံသွားပါပြီ ။ ဤခရီးစဉ်နောက်ပိုင်း ပင်လယ်ပြင်ဆီ
ရောက်လေတိုင်း ဘ၀မှာ တစ်ကြိမ်တစ်ခါမျှ ကြုံ တွေ့ခဲ့ရသော သည်းထိတ်ရင်ဖိုကြောက်လန့်ချောက်ချားဖွယ်ရာကောင်းလှသည့်
အိပ်မပျော်ဘဲ အိပ်မက်ဆိုးများ မက်ခဲ့ရ သည့်-ထိုတစ်ညကို ဆောင်းယမင်း ထာဝရ အမှတ်ရနေဦးမည်သာ
။
ÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑÒÑ
ယခင်က ယခုအဖြစ်အပျက်ကို ရေနစ်သူကောင်လေးနေရာမှ
ခံစားကြည့်ကာ “စိတ်ဇောအဟုန် ”ဟူသော ၀တ္ထုတို အဖြစ်နှင့် ရေးသားခဲ့ဖူးပါသည် ။ ထိုစဉ်က
ကောင်လေး ခံစားနေရနိုင်မည့်စိတ်ခံစားမှုများကို တွေးထင်ယူဆကြည့်ကာ စိတ် ကူးယဉ်လျက်ရေးသားခဲ့သည်ကို
သူငယ်ချင်းများက ဖတ်မိကြတော့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်များကိုလည်း ရေးသား ပေးပါရန်
ဝိုင်းဝန်းတောင်းဆိုကြသည် ။ တချို့ကလည်း ထိုစဉ်က သူတို့ ခံစားမိသမျှ/တွေ့ကြုံမိသမျှကို
စီကာပတ်ကုံး လာ၍ ရင်ဖွင့်ကြသည် ။ သို့ပေမဲ့ ကိုယ့်မှာလည်း ထိုစဉ်က ကိုယ့်သတ္တိနဲ့ကိုယ်ဆိုတော့
ပွင့်ပွင့်လင်းလင်း ရေးမချရဲခဲ့ ။ ယခုများကျ ဖြစ်ခဲ့တာလည်း လေးနှစ်ကျော်ကြာခဲ့ပြီဖြစ်တာကြောင့်
ထိုစဉ်ကအဖြစ်အပျက်များကို အပြင်လူတစ်ယောက်လိုမျိုး ခေါင်း အေးအေးနှင့် ပြန်လှန်တွေးကြည့်ရင်း
ရေးသားလိုက်ရပါကြောင်း…။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။