မျက်လုံးနှစ်လုံး
ဖွင့်လိုက်သည့်ခဏ ပတ်ဝန်းကျင်က မှောင်အတိ ။ မှောင်လိုက်မည်းလိုက်ပုံက ကိုယ့်လက်ကိုယ်
မမြင်ရ သည်အထိ ။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေရင်း သေချာအောင် ကိုယ့်လက်ကိုယ် ထောင်ကြည့်လိုက်မိသေးတော့
။ ဟုတ်ပါ့ ။ ကိုယ့်လက်ကိုယ် မမြင်ရလောက်အောင် မှောင်မိုက်ခြင်းတို့ ကြီးစိုးနေလိုက်တာ
။
အလင်းတစ်စုံတစ်ရာကို
ဖွေရှာ၍ မရသေးခင် ကျွန်တော် ဘယ်ကိုရောက်နေတာလဲဆိုတာကို အရင် တွေးကြည့်သည် ။ သို့သော်
ခေါင်းတစ်ခုလုံး ငြီးစီစီ ။ အသိစိတ်တို့ ကဆုန်ပေါက် လွင့်ပျောက်နေကြသည် ။ ဘာကိုမျှ
စဉ်းစားမရ ။
ဘယ်ရောက်ကုန်ကြသလဲ
။ ဆင်ခြင်တုံတရားတွေ…အဖြေရှာတတ်တဲ့ ဥာဏ်နီဥာဏ်နက်တွေ…။ ကျွန်တော့်အသိစိတ်ထဲ ဗလာနတ္ထိ
။ မဖြစ်ချေ ။ တစ်ခုခုကိုတော့ မှတ်မိဦးမှပေါ့ ။ ဒါမှပဲ ကျွန်တော် ဘယ်ရောက်နေသလဲဆိုတာကို
သိရမည် ။ သို့ပေသိ ဘာကိုမျှ သတိမရ ။ ချောက်ချားစိတ်တို့ကသာ တလိပ်လိပ်တိုးပွားလာခဲ့ပြီ
။
ငါ
ဘယ်ကိုရောက်နေတာလဲ ။ မှောင်မည်းနေတာပဲ … ဒါ ဘယ်နေရာလဲ ။
ထိုအတွေးနှင့်အတူ တပြိုင်နက်ဆိုသလို မှန်းဆလိုက်မိသည်က
ကျွန်တော့်ကို လူတစ်စု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကများ ပြန်ပေးဆွဲခဲ့လေသလား ။ ဖြစ်နိုင်တာပါပဲ
။ ကျွန်တော်က နယ်နယ်ရရမှ မဟုတ်တာ ။ နာမည်ကျော်စာရေးဆရာတစ်ဦးပဲဥစ္စာ ။
နောက်ပြီး သိပ်မကြာခင်ကပဲ
ဝင်ငွေအကောင်းဆုံးစာရေးဆရာအဖြစ် နံပါတ်ချိတ်ခဲ့သေးသည်ပဲလေ ။ သည်လိုပုဂ္ဂိုလ်ကို ပြန်ပေးဆွဲရန်
ကြံစည်ကောင်းကြံစည်လိမ့်မည် ။ ဒါဖြင့်…အမှောင်ထုထဲမှာ ရုတ်တရက် နိုးထလာရခြင်းအကြောင်းရင်းက
ပြန်ပေးဆွဲ ခံရလို့များလား ။
ထိုသို့ တွေးလိုက်မိသည့်အခိုက်
ကျွန်တော် ပို၍သွေးပျက်ထိတ်လန့်သွားသည် ။ ကျွန်တော့်ကို ပြန်ပေးဆွဲထားတာ အမှန်ပဲ လား
။ ဘာတွေဖြစ်ခဲ့သလဲ အမှတ်မရသေးသည့်အထဲ ခေါင်းကလည်း ထူပူကိုက်ခဲနေတော့ တစ်ခုခုနှင့် အရိုက်ခံထားရလို့ပဲလား
ပေါ့ ။ ဖြစ်နိုင်ချေက အခြားစဉ်းစားမရ ၊ ဒါပဲ ရှိသည် ။
ခေါင်းက သေလောက်အောင်
ကိုက်ခဲနေသည် ။ ဘာကိုမှလည်း မမှတ်မိ ။ ဒါဆို ကျွန်တော် ပြန်ပေးဆွဲခံရတာ သေချာပြီ ပေါ့
။
“ မြတ်စွာဘုရား … ဘယ်လိုလုပ်ရပါ့မလဲ ။”
ရင်တုန်စရာအတွေးများနှင့်အတူ လူတစ်ကိုယ်လုံး
ကတုန်ကယင်ဖြစ်လာပြီ ။ ကျွန်တော့်ကို စတိုခန်းတစ်ခန်းထဲမှာများ ပိတ်လှောင် ထားတာလား
။
ပြန်ပေးဆွဲခံရတာမှန်လျှင်
ကျွန်တော့်ကို မရွေးမှာ စိုးရိမ်ရပြန်သည် ။ မိန်းမက ကပ်စေးနည်း ကော်တစ်ရာ ။ တစ်ပြားကနေ
တောင် နှစ်ပြားခွာချင်နေတာ ။ ကျွန်တော်ကို ပြန်မရွေးဘဲ နောက်တစ်လင်ပဲ ပြောင်းလိုက်တော့မယ်ဟုများ
တွေးလိုက်လျှင် ဒုက္ခ ။ နောက်ပြီး တောင်းသည့်ငွေပမာဏ များလွန်း၍များ မပေးနိုင်ခဲ့လျှင်…။
ဒါမှမဟုတ် လွဲချော်သွားခဲ့လျှင်…။ နောက်ဆုံး ပြန်ပေးသမား တွေက ယုတ်မာကောက်ကျစ်ခဲ့လျှင်ကော…ဘာမဆိုဖြစ်နိုင်သည်ပဲလေ
။ အသက်အန္တရာယ် နီးကပ်နေပြီဆိုသည့်သဘော ။ ဒါကို ကျွန်တော် နားလည်လိုက်ပြီ ။
များမကြာခင်က ကျွန်တော်
ရေးခဲ့ဖူးသောဝတ္ထုတိုလေးကို သွားအမှတ်ရမိသည် ။ “သက်သေ”ဟူသောခေါင်းစဉ်ဖြင့် ရေး သားခဲ့သော
ပြစ်မှုဝတ္ထုတိုတစ်ပုဒ် ။ ဇာတ်လမ်းက အထင်ကရနိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးကို ပြန်ပေးဆွဲပြီး
ငွေတောင်းရာ၌ ရဲတိုင်သဖြင့် သတ်ပစ်ခဲ့ပြီးမှ သက်သေတစ်ခုကြောင့် အမှုမှန်ပေါ်ပေါက်လာသည့်အကြောင်းကို
ဖွဲ့နွဲ့စီကုံးခဲ့ခြင်းဖြစ်သည် ။ ယခုတော့ ကိုယ်တိုင် ကြုံရတော့မည် ထင်ပါသည် ။
ကစဥ့်ကလျားအတွေးများနှင့်အတူ
မျက်ရည်တို့က ပိုးပိုးပေါက်ပေါက်စီးကျလာသည် ။ ယောက်ျားရင့်မာကြီးပေမဲ့ မငိုဘဲ မနေနိုင်တော့
။ သေမှာမကြောက်သူ ရှိမှာတဲ့လားဗျာ ။
ဘယ်အချိန် သေရမလဲ
မသိပေမဲ့ လူသတ်သမားတွေလက်ထဲ ရောက်နေပြီဆိုသောအတွေးက ကျွန်တော့်ကို မျက်ရည် တွေ ကျအောင် နှိပ်စက်နေပြီလေ ။ ကြောက်လွန်းသဖြင့် လွတ်လိုလွတ်ငြား
မှောင်မည်းမည်းပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ထွက်ပေါက် ရှာကြည့်မိသေးသည် ။ သို့သော်
- နိုးလာစဉ်ကတည်းက တွေ့ခဲ့ရသည့်အတိုင်း မှောင်အတိ … အမှောင်လွင်ပြင်ကျယ် ကြီး ။
အမှောင်ထုက ကျွန်တော့်စိတ်ကို
အားငယ်သည်ထက်အားငယ်အောင် ဝါးမြိုချေမွနေပြီ ။ ဆင်ခြင်တုံတရားတို့ လွင့်ပါးနေ သဖြင့်
ဘာကိုမှလည်း စဉ်းစား၍မရတော့ ။ ချောက်ချားစိတ် ၊ အားရွံ့စိတ်တို့သာ ကြီးစိုးနေခဲ့သည်
။
“ ဟိတ်ကောင် … အဲဒီလို ဖြစ်နေရမယ့်အချိန် မဟုတ်ဘူး ။ စိတ်ကို ထိန်းစမ်း … စိတ်ကို
ထိန်းစမ်း ။ မင်းကိုယ်မင်း ကယ်တင်
ရမှာ ။ စိတ်ခိုင်မှဖြစ်မှာပေါ့ ။”
ကိုယ့်ကိုယ်ကို အားပေးရင်း အသက်ကို ပြင်းပြင်းရှူကာ
စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည် ။ လက်ပတ်နာရီသံ တချက်ချက် က ကျယ်ကျယ်လောင်လောင်ကြားနေရဆဲ
။ ဘယ်နှနာရီများပါလိမ့် … ။ အလင်းရောင် မရှိသဖြင့် နာရီကလည်း ကြည့်မရ ။
အခန်းက မှောင်နေပေသိ
ကျယ်ကျယ်ဝန်းဝန်းရှိကြောင်းကိုတော့ ခံစားမိသည် ။ လေတိုးခြင်းမရှိပေမဲ့ အေးစိမ့်နေသည်
။ သို့သော် အလုံပိတ်ခန်း ဖြစ်ပုံရသည် ။ စုံထောက်ဝတ္ထုများကို အရေးများသူပီပီ ပတ်ဝန်းကျင်ကို
စူးစမ်းလေ့လာမှဖြစ်မည်ဟု ကိုယ့် ကိုယ်ကို သတိပေးမိပြန်သည် ။ သည်အချိန်မှာ ကြောက်စိတ်သည်
အဓိကအန္တရာယ် ။ မကြောက်ဘဲ လွတ်လမ်းကို ရှာရမည် ။
- အခန်းက စတိုခန်းရော ဟုတ်ရဲ့လား ။ ဘာအခန်းလဲ ။ ထွက်ပေါက်တစ်စုံတစ်ရာများ
ရှိနေဦးမလား ။
ကျွန်တော် လက်လှမ်းမီသလောက် လျှောက်စမ်းကြည့်ရန်
ကြိုးစားလိုက်သည် ။ အခန်းထဲမှာ လက်နက်တစ်စုံတစ်ရာ တွေ့ကောင်း တွေ့နိုင်သည်ပဲလေ ။ ဒါမှမဟုတ်
မိမိနှင့်ဘဝတူ အခြားလူများ ရှိဦးမလား ။
ထိုအတွေးဖြင့် လက်လှမ်းမီသရွေ့
လျှောက်စမ်းကြည့်သည် ။ ချောမွေ့သောကြမ်းခင်းကို အရင်စမ်းမိသည် ။ ကြွေပြားခင်း ထားသောအနေအထားမျိုးဖြစ်၍
ခေတ်ပေါ်အဆောက်အအုံတစ်လုံးသာဖြစ်လိမ့်မည်ဟု ကောက်ချက်ချမိသည် ။ ထိုစဉ် …
“ အမလေး …”
အေးစက်စက်အထိအတွေ့တစ်ခုနှင့်အတူ စေးပျစ်ပျစ်အရာတို့ကို
သွားစမ်းမိသဖြင့် ကျွန်တော် လန့်ဖျပ်အော်ရင်း နောက်တွန့်သွား ၏ ။ ဘာတွေများလဲ ။ မာကြောတောင့်တင်းသည့်
အေးစက်စက်အထိအတွေ့ကြီး ။ အဲသည့်ဘေးမှာတော့ စေးပျစ်ပျစ်အရည် တွေ ။ လူသေနဲ့သွေးတွေလား … ။ အို … မြတ်စွာဘုရား
… ။
အသိစိတ်တို့
ကစဥ့်ကလျား ။ နံရံကို ကျောမှီရင်း မလှုပ်မယှက်ငြိမ်သက်လျက်သား ။ တစ်ကိုယ်လုံးကတော့
တဆတ် ဆတ်တုန်ယင်လို့ပေါ့ ။ သေချာသည်ထက် သေချာလာခဲ့ပြီ ။ အခန်းထဲမှာ မွှေးရနံ့တချို့နှင့်အတူ
ညှီစို့စို့အနံများကလည်း ပျံ့နှံ့နေ သည်ပဲကိုး ။
အမှောင်ထုကြီးအောက်မှာ
အလောင်းတစ်လောင်းနှင့် အတူရှိနေရသည်ဟူသောခံစားချက်က တော်ရုံလူသာဆို သွေးပျက် ရူးသွပ်သွားစေနိုင်လောက်မည်
။ ကျွန်တော့်မှာသာ စာရေးဆရာမို့ အတွေ့အကြုံရှိနေသူကဲ့သို့ စိတ်ကို ထိန်းထားနိုင်ခြင်းဖြစ်သည်
။ ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်(control)လုပ်နိုင်ခဲ့သည် ။
-
အာ…ဒီလူသေတွေကလည်း
ငါ့ဇာတ်ကောင်တွေပဲလေ ။ ဘာကြောက်စရာလိုတုံး ။ ငါ တကယ်ကြောက်ရမှာက ပြန်ပေး
သမားတွေ
… ။
ထိုအတွေးဖြင့် စိတ်ကို ပြန်ထိန်းသိမ်းသည်
။ ကြောက်နေရုံဖြင့် လွတ်မြောက်ရန် လမ်းမမြင် ။ ဘာပဲပြောပြော ယခုချိန်မှာ ကျွန်တော်တစ်ယောက်တည်းသာဖြစ်၍
ဤအခန်းထဲက လွတ်လမ်းကို ရှာဖွေရန် အခွင့်အရေးရှိနိုင်လောက်သည် ။
သို့သော် - ဘယ်အချိန်များ
တံခါး ဝုန်းခနဲ ပွင့်လာမလဲ ။ နောက်ဆုံးတွေ့လိုက်ရသည့်အလင်းပွင့်က သေနတ်ပြောင်းဝက များ
ဖြစ်နေမလား ။ ထိုအတွေးကြောင့် ခြေလက်တို့ ဆတ်ခနဲဆတ်ခနဲ ထတုန်တတ်သဖြင့် တရွေ့ရွေ့သွားနေသောအချိန်တို့သည်
ပင် စက္ကန့်ကို နေ့ရက်တမျှ ကြာမြင့်နေခဲ့၏ ။ သို့ပေသိ အချိန်တွေကို မြန်မြန်မကုန်ဆုံးစေချင်ပါ
။ မိုးလင်းလျှင် အခြေအနေက တစ်မျိုးဖြစ်သွားနိုင်သည်ပဲမဟုတ်လား ။
နေပါဦး
- ငါ တကယ်ရော ပြန်ပေးဆွဲခံရတာ ဟုတ်လို့လား …
တစ်ချိန်လုံး ချောက်ချားစရာတွေချည်း လျှောက်စဉ်းစားနေမိရာမှ
ထိုသို့ သံသယဝင်လာပြန်သည် ။ သာမန်ဝင်ငွေကောင်းရုံမျှ စာရေးဆရာတစ်ယောက်ထက်စာလျှင် ပြန်ပေးဆွဲချင်စရာသူဌေးတွေ
တပုံတပင်ကြီးရယ် ။ ထုတ်ဝေသူတွေ ၊ နာမည်ကျော်သရုပ် ဆောင်တွေ ၊ အဆိုတော်တွေ … ။
နောက်ပြီး ပြန်ပေးဆွဲသည်ဆိုတာကလည်း
ဖြစ်နေကြားနေကျကိစ္စတစ်ခု မဟုတ် ။ ကျွန်တော် နေတာ မြန်မာပြည်လေ ။ သူခိုးသူဝှက်နှင့်ခါးပိုက်နှိုက်လောက်တော့
ပြန်ပေးသမားတွေ မပေါများသေးပါ ။ ဒါဖြင့်လျှင် ကျွန်တော် ဤအခန်းထဲကို ရောက်ရှိနေ ရခြင်းအကြောင်းရင်းက
ဘာလဲ ။ အခန်းကလည်း အလွန်အမင်း မှောင်မည်းနေ၍ ဘယ်ရောက်နေမှန်းကို ဘယ်လိုမှ မသိနိုင်
။
အနည်းငယ် စိတ်ရဲသွားခဲ့သဖြင့်
နံရံကို မှီ၍ ထိုင်နေရာမှ ရှေ့သို့ စမ်းတဝါးဝါးတိုးသွားမိသည် ။ ခြေလှမ်းနှစ်လှမ်း/သုံးလှမ်း
မျှ လှမ်းမိသည့်အခါ တစ်စုံတစ်ခုကို ဝင်တိုက်မိသည် ။
“ ဟဲ့ … ”
ပါးစပ်က ယောင်ယမ်းရင်း တန့်ခနဲရပ်လိုက်သည်
။ ဘာကို တိုက်မိတာလဲ ။ ခေါင်းထဲတွင် အတွေးပေါင်းစုံတို့ဖြင့် စိုးရွံ့လျက်ရှိသော် လည်း
ဖြစ်ချင်ရာဖြစ်ဟု စိတ်ပိုင်းဖြတ်ကာ ဝင်တိုက်မိသောအရာကို လက်နှင့် စမ်းလိုက်သည် ။
ပျော့အိအိကြီး
… ရှည်မြောမြောကြီး … ကျယ်ပြန့်လွန်းလှချည်လား ။ ဒါ ဘာကြီးတုံး ။
အေးစက်စက်အထိအတွေ့နှင့် ယဉ်ပါးစပြုနေပြီဖြစ်၍
ထိုပျော့အိအိကြီး၏အေးစက်မှုကို ကျွန်တော် လျစ်လျူရှုနိုင်ခဲ့သည် ။ သေ - မြေကြီး ၊ ရှင်
- ရွှေထီး - ပေါ့ကွာ ။ လက်ရဲဇက်ရဲလျှောက်စမ်းကြည့်လိုက်တော့မှ ထိုပျော့အိအိကြီးက ဆိုဖာခုံရှည်ကြီးတစ်လုံး
ဖြစ် နေကြောင်း သိလိုက်ရသည် ။
“ ဟင် … ”
ဆိုဖာမှန်း သိလိုက်ရသည့်ခဏ ကျွန်တော်
နည်းနည်း သင်္ကာမကင်းဖြစ်သွားသည် ။ ပြန်ပေးသမားများကတော့ ဆိုဖာပါသည့် အဲယားကွန်းခန်းမျိုးမှာ
ကျွန်တော့်ကို ပိတ်လှောင်ထားလောက်မည်မထင်ပါ ။ ချက်ချင်းပဲ စောစောက စမ်းမိခဲ့သော ပျစ်ချွဲချွဲအရည်
များနှင့်အတူ အေးစက်စက်မာကျောကျောအရာကြီးကို ပြန်သွားစမ်းကြည့်သည့်အခါ အရက်ပုလင်းတွေ
ဖြစ်နေပါပေါ့လား ။
- အသီးဖျော်ရည်တွေ - အရက်ပုလင်းခွံတွေ - ဆိုဖာခုံရှည်တွေနဲ့
- ဒီအခန်းက ဘာလဲ ။
ကျွန်တော့်စိတ်ထဲ ရေးတေးတေးပေါ်လာသလိုလိုပါပဲ
။
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ခါးမှာချိတ်ထားလေ့ရှိသော
လက်ကိုင်ဖုန်းဆီသို့ လက်ရောက်သွားသည် ။ အကယ်၍ ပြန်ပေးဆွဲထားတာ သေချာလျှင်တော့ ဖုန်းက
ခါးမှာ ရှိလိမ့်မည် မဟုတ်ပါ ။
“ ဟောဗျာ ။ ဖုန်းရှိသားပဲ ။”
အံ့သြဘနန်းဖြစ်သွားတာလည်း မဆန်း ။ ခါးမှာ
ဟန်းဖုန်းကြီးက ရှိလျက်သား ။ ကမန်းကတန်းဆွဲထုတ်ကာ တစ်စုံတစ်ယောက်ကို ဆက်ဖို့လုပ်တော့
ဗက်ထရီအား ကုန်နေတာကို တွေ့သည် ။ သွားပြီ - မျှော်လင့်ချက် မဲ့သွားပြန်ပြီ ။
မည်သို့ဖြစ်စေ
- ဟန်းဖုန်းလည်း ရှိနေ ၊ အရက်ပုလင်းနှင့် ဆိုဖာခုံရှည်လည်း ရှိနေသောကြောင့် ကျွန်တော်
ရောက်ရှိနေ တာ ဘယ်နည်းနှင့်မှ ပြန်ပေးဆွဲခံရသည့်အခန်း မဖြစ်နိုင်၍ ကြောက်စိတ်တို့ လျော့ပါးသွားသည်
။ အဖြေမှန်ကို သိရဖို့အတွက် ဤအခန်းက ရအောင်ထွက်မည်ဟု စိတ်ဆုံးဖြတ်လိုက်သည် ။
“ ဟုတ်ပြီ - တံခါးကို ရအောင်ရှာရမယ် ။”
မှောင်မည်းနေသည်မှန်ပေမဲ့ တစ်နေရာရာမှာတော့
တံခါးချက်ကို စမ်းမိမည်သာ ။ မတ်တတ်ထရပ်ပြီး လက်ကို ဆန့်တန်းကာ ရှေ့သို့ ဖြည်းဖြည်းချင်း
တိုးသွားသည် ။ အေးစက်စက်အရာတွေကို စမ်းမိပြန်သည် ။ ဘာတွေလဲ ။ ရှေ့မှာ ဘာတွေရှိနေတာလဲ
။ LEDမျက်နှာပြင်တစ်ခုဟု ထင်တာပါပဲ ။ ထိုအရာများကို ဖြည်းဖြည်းချင်း ရှောင်တိမ်းပြီး
ရှေ့သို့ ဆက်တိုးသွားလိုက်တော့ နံရံတစ်ခု နှင့် တိုက်မိသည် ။
နံရံကို
စမ်းမိသဖြင့် ကျွန်တော် မှန်းဆ၍ ဆက်ရွေ့လာခဲ့သည် ။ နံရံကို တွေ့ပြီမို့ တံခါးကိုလည်း
တွေ့နိုင်ကောင်းပါရဲ့ဟု ကျွန်တော် မျှော်လင့်မိသည်ပဲလေ ။ တံခါးကို တွေ့လျှင်ရော အဆင်ပြေပါ့မလား
။ ကျွန်တော် မသိနိုင်သေးပါ ။ ဘာပဲဖြစ်ဖြစ် လွတ် မြောက်ရန် ကြိုးစားရမည် ။
မှောင်မည်းခြင်းတို့ မင်းမူနေသည့်အခန်း
၊ ဘာအခန်းထဲကို ကျွန်တော် ရောက်နေတာလဲ ။ ဘယ်လိုဘယ်ပုံ ရောက်နေတာ လဲဆိုတာ ကျွန်တော်
မသိ ။ စဉ်းစား၍လည်း မရ ။ အစမှာတော့ ပြန်ပေးဆွဲခံရတာဟု ထင်မိခဲ့သည် ။ သို့သော် လျှောက်စမ်းကြည့်မှ
အဆင့်မြင့်အခန်းတစ်ခန်း ဖြစ်နေကြောင်း သိလိုက်ရသဖြင့် ပြန်ပေးဆွဲခံထားရတာ မဖြစ်နိုင်ဟု
သုံးသပ်မိပြန်သည် ။
ဟုတ်တာပဲ ။ ပြန်ပေးသမားတွေကတော့
များသောအားဖြင့် ဂိုဒေါင်လို စတိုခန်းလို မြေအောက်ခန်းလို နေရာမျိုးမှာပဲ ဖမ်း ထားလေ့ရှိသည်
။ ဟိုတယ်လိုအခန်းမျိုးမှာ ဇိမ်ရှိရှိ ဖမ်းထားလိမ့်မည် မထင် ။ နောက်ပြီး ဟန်းဖုန်းကိုလည်း
ခါးမှာ သည်အတိုင်း ထားခဲ့ပါ့မလား ။ သို့ကြောင့် ကျွန်တော် စိတ်ရဲသွားကာ ပတ်ဝန်းကျင်သို့
စမ်းတဝါးဝါးလျှောက်သွားရင်း လွတ်လိုလွတ်ငြား တံခါးကို ရှာဖွေမိသည် ။
မိနစ်ပိုင်းလောက်
စမ်းတဝါးဝါးလျှောက်မိသည့်အခါ တံခါးလက်ကိုင်ဘုတစ်ခုကို ဆုပ်ကိုင်မိသွားခဲ့ပြီ ။ ပျော်လိုက်သည်
ဖြစ် ခြင်း ။ ဘာမှန်းညာမှန်း မသိဘဲ ရောက်ရှိနေသောအခန်းကြီးကနေ လွတ်မြောက်ရတော့မည်မို့
ဝမ်းသာအားရဖြစ်ကာ ထခုန်မိတော့ မတတ် ။ တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်လိုက်သံ “ဂျောက်”ခနဲက
တိုးတိုးဖွဖွဆိုပေသိ တိတ်ဆိတ်ငြိမ်ဝပ်နေသောပတ်ဝန်းကျင်ဝယ် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်သွားခဲ့၏
။
“ အမလေးဟဲ့ … သေစမ်း ။”
တံခါးကို ဖွင့် ၊ အလင်းရောင်သဲ့သဲ့ကို
မြင်ရ ၊ ကျေနပ်အားရ အပြင်သို့ ထွက်ချအလာ တွေ့လိုက်ရသည့်မျက်နှာစာကြောင့် ကျွန် တော့်ပါးစပ်က
ထိုသို့ အော်ချလိုက်မိပြီ ။ “Princess KTV”တဲ့ ။ ဆိုင်းပုဒ်ကြီးကို ဟီးလို့ ။
ချက်ချင်းပဲ လန့်မနိုးလာခင်
သို့မဟုတ် သတိလစ်အိပ်ပျော်မသွားခင်ကအဖြစ်အပျက်တချို့ကို ကျွန်တော် ပြန်သတိရသွား သည်
။ ခေါင်းတစ်ခုလုံးကတော့ ယခုတိုင် ငြီးစီစီ ကိုက်ခဲနေတုန်း … ။ မှတ်မိပြီ … မှတ်မိပြီ
။ သြော် … အဲဒါကြောင့်ပဲ ခေါင်းတွေက တဆစ်ဆစ်ကိုက်ခဲနေရတာကိုး ။ ပြန်သတိရသည့်အခိုက်
ကိုယ့်ကိုယ်ကိုသာ ထုရိုက်ပစ်လိုက်ချင်တော့သည် ။
ကျွန်တော်၏အောင်မြင်လာမှုအပေါ်
ဂုဏ်ယူလိုသောသူငယ်ချင်းတချို့က သူတို့ကို မပြုစုသေး၍ မကျေမနပ်ဖြစ်နေသော ကြောင့် အားလပ်ရက်တစ်ရက်၌
စားသောက်ဆိုင်သို့ ချိန်းဖြစ်ခဲ့သည် ။
တချို့က လူလွတ်တွေ
၊ တချို့က အိမ်ထောင်သည်တွေ ။ အသက်အရွယ်တွေက (၃၀)ကျော်တွေဆိုတော့ လူကြီးလည်း မဟုတ်/လူငယ်လည်း
မမည် ဟိုမရောက်သည်မရောက်အရွယ်တွေဆိုပါတော့ ။ ဘာပဲဖြစ်ဖြစ် သည်တစ်ညတော့ အိမ်သားအားလုံး
ကို ခရီးထွက်သွားသည်ဟု သတင်းလွှင့်ထားပြီး ဟိုတယ်တွင် အခန်းငှားကာ ကျွန်တော်တို့ငယ်ပေါင်းတစ်စု
ညနက်ချိန်ထိ အပြတ် အသတ် ကဲခဲ့ကြသည် ။
ကျွန်တော်က သောက်သောက်စားစား
လူမင်းသား မဟုတ်ပါ ။ ရံဖန်ရံခါ အပေါင်းအသင်းကောင်းမှပဲ တို့ထိတို့စိသောက် တတ်သူမျိုး
။ သို့ဖြစ်၍ အလွန်အကျူး မသောက်မိအောင် ထိန်းရသည် ။ သောက်မိလျှင် သတိလက်လွတ်ဖြစ်ကာ နိုးလာသည့်အခါ
ဘာလုပ်မိမှန်းမသိ ဖြစ်တတ်၍ မိန်းမနှင့်ပြဿနာမတက်အောင် အရက်ကို ရှောင်ရသည်ပေါ့ ။
ယနေ့ညမှာတော့ ရှောင်မလွတ်တော့
။ သူငယ်ချင်းတွေက ကာရာအိုကေဆိုင် သွားမည်တဲ့ ။ သောက်လည်းသောက် ၊ ဆိုလည်းဆို ၊ အသားကုန်
လွှတ်ပျော်နေကြတာကိုး ။ ကျွန်တော်လည်း ပျော်ပျော်နှင့် စွတ်သောက်မိပြီလေ ။ အဲသည်မှာပဲ
ပြဿနာ တက်ခဲ့ရသည် ။ သတိလက်လွတ်ဖြစ်ခြင်းက ကျွန်တော့်ကို ဒဏ်ခတ်ခဲ့သည် ။
အခုမှပဲ တရေးရေးပြန်သတိရလာပါပြီ
။ သောက်လိုက်ဆိုလိုက်ဖြင့် အပျော်လွန်နေစဉ် ကျွန်တော် ဆီးသွားချင်လာ၍ အိမ် သာသို့သွားသည်
။ ထိုမှအပြန် သတိလွတ်၊ ယိမ်းယိုင်လျက်သားနှင့် ဘယ်သွား၍သွားမှန်း မသိ ။ တစ်ခြားအခန်းထဲသို့
ယောင်ယမ်း ဝင်ရောက်သွားခဲ့၏ ။ ထိုအခန်းကလည်း customerလွတ်သွားပြီဖြစ်၍ မပိတ်ခင် ခဏဖွင့်ထားသည့်အခန်း
။ ဆိုင်ကလည်း နောက်နာရီပိုင်းဆို ပိတ်တော့မည်ပဲလေ ။
နောက်ဆက်တွဲဇာတ်လမ်းကတော့
ရိုးရိုးလေးနှင့် ဆန်းပါဘိ ။ အခန်းထဲ ဝင်ချသွား ၊ စားပွဲပေါ်က အရက်ပုလင်းတချို့ကို ဆွဲယူကာ
ဆိုဖာနောက်တွင် ထိုင်သောက်ပြီး လဲကျအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည် ။ စားပွဲထိုးတွေကလည်း
အခန်းထဲမှာ ကျွန်တော် ရှိနေမှန်း မသိ ၊ တံခါးကို ပိတ်သွား၏ ။ အပြင်က သော့ပိတ်ရတာမျိုး
မဟုတ်၍သာ တော်ပါသေးသည် ။
သူငယ်ချင်းများအားလုံးကတော့
ကျွန်တော် ပျောက်နေသဖြင့် စိုးရိမ်ကောင်းစိုးရိမ်လိမ့်မည် ။ သို့မဟုတ် ဖုန်းဆက်၍ မရ
သဖြင့် ဒေါသထွက်ကောင်းထွက်နေလိမ့်မည် ။ မိန်းမ လွမ်း၍ အိမ်ပြန်သွားတာနေမှာဟု ထင်သူက
ထင်မည် ။ ကျွန်တော့်အဖြစ်ကို သာ ပြန်ပြောပြလျှင် သူတို့ ရယ်ကြဦးမှာ ။ စောစောက ရင်တုန်ခဲ့သမျှ
၊ ငိုခဲ့မိသမျှ ကိုယ့်ဘာသာကိုယ် ရှက်မိပါသည် ။
ဖြစ်ပျက်သမျှကို သတိရသွားခဲ့ချိန်မှာတော့
“Princess KTV”ဆိုသော ဆိုင်းပုဒ်ကြီးကို မော့ကြည့်ရင်း ကျွန်တော့်မှာ ငေါင် စင်းစင်း
။ အမှောင်ထုက သတိလစ်သွားခဲ့သူ-ကျွန်တော့်ကို စိတ်ကစဥ့်ကလျားဖြစ်အောင် သွေးဆောင်ဖျားယောင်းနိုင်ခဲ့ပါသည်
။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို