Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ဥပါလိသိမ်မှအပြန်…




                       

ဥပါလိသိမ်မှအပြန်…

 


 ( ၂၀၁၃ ဧပြီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုများ ဖြစ်သည် )

 

ရေးသူ  -  ဂါဦးနွန်းကို




-----------------------------------------------------------------------------------------------------------------------------------------------------  

    
      မြင်းလှည်းလေးမှာ တခွပ်ခွပ်ပြေးလို့နေသည် ။ မိုးကုန်စ မိုးနှောင်းကာလဖြစ်သော်လည်း ပုဂံမှကောင်းကင်တွင် မိုးသား တိမ်တိုက်ဖြူဖြူလွှလွှများကို တွေ့မြင်နေရသည် ။
      ပုဂံ…မြန်မာ့ယဉ်ကျေးမှုအနုသုခုမတို့ကို နိုင်ငံတကာသိအောင် အထင်ကရတည်ရှိဖော်ပြ၍နေသော ပုဂံ ။ ‘လှည်းဝင်ရိုး သံတညံညံ ပုဂံဘုရားပေါင်း…’ဟူသည့်အတိုင်း ဘယ်နေရာမျှော်ကြည့်မျှော်ကြည့် ဘုရားတွေ ဖူးမလွဲ ။ ဘယ်နေရာ လက်ညှိုး ညွှန်ညွှန် ဘုရားကျောင်းဂူပုထိုးစေတီတွေ ရှိမလွဲ ။ ပုဂံဒေသကိုကြည့်ခြင်းအားဖြင့် ရှေးမြန်မာမင်းတို့လက်ထက်က မြန်မာလူ မျိုးများ အင်မတန်ချမ်းသာကြွယ်ဝခဲ့ကြပုံမှာ သိသာထင်ရှားလှသည် ။ မုဆိုးမပင် ဘုရားတည်နိုင်သည်ဟု ဖေဖေပြောပြ၍ သိ ခဲ့ရသော-ထိုစကားလေးအပေါ်၌ ကျွန်မ ဂုဏ်ယူလို့မဆုံး ။ မြင်းခွာသံက တခွပ်ခွပ် ၊ ဘီးလည်သံက တဂျက်ဂျက် ၊ လေရူးက တစ်ချက်တစ်ချက် သုန်ခနဲတိုက်ခတ် ၊ အဝေးဆီသို့ လှမ်းကြည့်မိပြန်တော့ ဖြူစိမ်းနီညိုမြင်ကွင်းမျိုးစုံ ။ မြင်မြင်သမျှအားလုံး က ကျွန်မစိတ်အာရုံကို ညှို့ငင်ဖမ်းစားနေတော့သည် ။
   “ အမေ…အဲဒါလားဟင် ဥပါလိသိမ်ဆိုတာ ။”
ဥပါလိသိမ်ဟုရေးထိုးထားသော ဆိုင်းပုဒ်တစ်ခုကိုတွေ့သဖြင့် ကျွန်မက မေမေ့ကို မေးလိုက်မိခြင်းဖြစ်သည်။ မေမေက ဟုတ် မှန်ကြောင်းပြော၍ ကျွန်မလည်း သတင်းကြီးနေသော-ဥပါလိသိမ်ကို အသေအချာလှမ်းကြည့်မိသည် ။ ဥပါသိမ်သည် ထူးထူး ခြားခြားကြီး မဟုတ် ။ အခြားပုဂံဘုရားပုထိုးကျောင်းဆောင်များကဲ့သို့ပင် ဖြစ်၏ ။ လာရောက်ကြည့်ရှုလေ့လာနေသော နိုင်ငံ ခြားသားတချို့ ၊ ဈေးသည်အချို့ဖြင့် စည်ကားလျက် ရှိသည် ။
   “ ဦးလေး…ဥပါလိသိမ်မှာ ဟိုအရင်က ဥစ္စာစောင့်တွေ တစ္ဆေတွေ ရှိတယ်ဆို ဟုတ်သလား ။ အဲဒီလိုကြားဖူးသလား ။”
မြင်းလှည်းမောင်းနေသော-အသက်(၅၀)ကျော်အရွယ်ရှိ ဦးလေးကြီးအား ကျွန်မက သိချင်သည့်အကြောင်းကို ဒဲ့သာမေးချ လိုက်သည် ။ ဦးလေးကြီးက မြင်းလှည်းမောင်းနေရာမှ နောက်သို့တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး…
   “ ဟုတ်ပါရော သမီးရယ် ။ လွန်ခဲ့တဲ့နှစ်(၂၀)ကျော် (၃၀)လောက်များကဆိုရင် ပုဂံမှာ ဒီလို ဆိုင်ကယ်တွေ/ကားတွေ တဝီဝီ
     ဘယ်ရှိလိမ့်ဦးမလဲ ။ မြင်းလှည်းလေး/နွားလှည်းလေး အလွန်ဆုံးစက်ဘီးလေးနဲ့ပဲ ဟိုဟိုဒီဒီသွားကြရတာပေါ့ ။ ဦးလေးတို့
     များ ဟိုဘက်ရွာ/ဒီဘက်ရွာ ဘုရားပွဲတွေများ ရှိရင် သူငယ်ချင်းအပျိုမတွေ အိမ်သွားပြီး ‘ ဟဲ့ နင်တို့ လိုက်ကြဦးမလား ’
     ဘာလား ခေါ်ပေါ့ ။ လိုက်ကြတဲ့အခါလည်း ရှိ ၊ မလိုက်ကြတဲ့အခါလည်း တစ်ကိုယ်တည်း သွားပေါ့ ။ ဟိုဘက်ရွာဘုရားပွဲ
     ကိုသွားတိုင်း ဒီဥပါလိသိမ်နားကပဲ ဖြတ်ဖြတ်သွားရတယ်လေ ။ သမီး စောစောကမေးတဲ့ ဥစ္စာစောင့်နဲ့ (၂)ခါလောက်
     ဆုံဖူးတယ် ။ သိပ်တော့ မမှတ်မိတော့ပါဘူးကွယ် ။ ပထမတစ်ခေါက်က တစ်ယောက်တည်း ဘုရားပွဲကို မြင်းလှည်းငှား
     တဲ့သူများ ရှိမလားဆိုတဲ့အတွေးနဲ့ မျှော်လင့်ပြီး သွားတာ ။ ဥပါလိသိမ်နားရောက်တော့ သစ်ပင်ရိပ်ကနေ မိန်းမပျိုတစ်
     ယောက် ထွက်လာပြီး မြင်းလှည်းကို တားတယ် ။ ဘုရားပွဲကို လိုက်ပို့ပေးပါတဲ့ ။ ကောင်မလေးက ဖြူချောနေရော…။
     အသားက ၀ါဝါညက်ညက်နဲ့ တော်တော်ကို လှတာ ။ အစိမ်းဝမ်းဆက်ဝတ်ပြီး တစ်ကိုယ်လုံး ရွှေတွေဝတ်ထားတာလည်း
     ညွှတ်နေရောပဲ ။ ဦးလေးက ပြောတာပေါ့ ။ ဟဲ့…နှမ ဒီအချိန်ကြီး မိန်းကလေးတစ်ယောက်တည်းလည်း သွားသေး…
     ရွှေတွေလည်း ၀တ်လို့စားလို့ ။ မသမာသူတွေနဲ့တွေ့ရင် နင် ဒုက္ခရောက်မယ်လို့ပြောမိတော့ သူက ဘာမှပြန်မပြောဘဲ
     ခပ်ပြုံးပြုံးပဲနေတယ် ။ ဘုရားပွဲလည်း ရောက်တော့ ကျေးဇူးပါပဲ မောင်ကြီးရယ်ဆိုပြီး ငါးကျပ်တန်ကို ရက်ရက်ရောရော
     ပေးသွားတယ် ။ ဦးလေးလည်း ဈေးဦးပေါက်က တစ်ညလုံးစာမကတော့ ၀မ်းသာပြီး ပွဲလျှောက်ကြည့်မုန့်လျှောက်စားနဲ့
     (၂)ကျပ်ကျော်ကို သုံးလိုက်တာ (၃)ကျပ်ပဲ ကျန်တော့တယ် ။ မနက်မိုးလင်းလို့ ကြည့်လိုက်တော့ (၃)ကျပ်က ပိုက်ဆံ
     မဟုတ်တော့ဘဲ သစ်ရွက်တွေ ဖြစ်နေတယ် ။ ဦးလေးလည်း နားမလည်နိုင်အောင်ပဲ ။ ကြည့်ရတာ သူတို့က ပိုက်ဆံကို
     (၁)ညပဲ ပေးသုံးတယ်ထင်ရဲ့ ။ ဦးလေးလည်း ညက ပြောင်အောင်သုံးလိုက်ရကောင်းသားဆိုပြီး တနုံ့နုံ့ဖြစ်နေမိတာပေါ့ ။
     ဒါက ပထမတစ်ခေါက် ။”
ဦးလေးကြီးက စကားကို ခဏရပ်ထားလိုက်ပြီး နောက်ကခရီးသွားကားကြီး ကျော်တက်ရန်အတွက် မြင်းလှည်းကို လမ်းဘေး ချပေးလိုက်သည် ။ ခရီးသွားကားကြီးက ကျွန်မတို့မြင်းလှည်းဘေးမှ ဝီခနဲဖြတ်မောင်းသွား၏ ။ ကားက နံပါတ်အပြာဖြစ်၍ နိုင်ငံခြားသားများ စီးနင်းလိုက်ပါလာသောကားပင် ။ ကားကြီးကျော်တက်သွားသောအခါ ကားပေါ်မှနိုင်ငံခြားသားများက ကျွန်မတို့ကို ငုံ့ကြည့်ကာ ပြုံးပြနှုတ်ဆက်သွားကြသည် ။
   “ ဒီလိုပဲ ။ နောက်တစ်ခေါက်လည်း ဟိုဘက်ရွာ ဘုရားပွဲသွားတာပဲ ။ ဘုရားပွဲကို လိုက်လာတဲ့ သူငယ်ချင်းမနှစ်ယောက်
     လည်း ပါတယ် ။ ဥပါလိသိမ်နားရောက်တော့ အပင်အောက်ကနေ မိန်းကလေးတစ်ယောက် မြင်းလှည်းကို ထွက်တားပြီး
     လမ်းကြုံလိုက်ပါရစေ…တဲ့ ။ ပိုက်ဆံလည်း ပေးပါ့မယ်…တဲ့ ။ ဦးလေးကတော့ သိလိုက်ပြီ ။ ဒါပေမဲ့လည်း လိုက်ပါစေဆို
     ပြီး တက်တက်ဆိုတော့ နောက်ကသူငယ်ချင်းမတွေနဲ့အတူ ရောထိုင်ပြီး လိုက်လာတယ် ။ ဘုရားပွဲကိုရောက်တော့ ငွေ
     ပေးသေးတယ် ။ ဦးလေးလည်း နေပါစေ နှမရယ်ဆိုလို့ သူလည်း ပြုံးပြနှုတ်ဆက်ပြီး လူအုပ်ထဲဝင်သွားပါရော ။ ဦးလေး
     လည်း သူငယ်ချင်းမနှစ်ယောက်နဲ့ ဘုရားဈေး ပတ် ၊ အကြော်ဆိုင်ထိုင်တော့ သူတို့က ဦးလေးကို ရှင်းခိုင်းတာပေါ့ ။ ဦး
     လေးက ဟဲ့ ဒီမှာ ငါ ပိုက်ဆံမပါဘူးဆိုပြီး အိတ်ကို ပြလိုက်တော့ အိတ်ထဲမှာ (၅)ကျပ်တန်တစ်ရွက် ရောက်နေလေရဲ့ ။
     မထူးဆန်းဘူးလား သမီးရယ် ။ ဥစ္စာစောင့်တွေက သူတို့အပေါ်ကောင်းရင် ကောင်းရှာပါတယ် ။ ဒါပေမဲ့ တချို့ကတော့
     ရိသဲ့သဲ့လုပ်ပြီး ပိုးကြပန်းကြရင်တော့ သူတို့တုံ့ပြန်ပုံက နည်းနည်းကြောက်ဖို့ကောင်းတယ် ။ ဦးလေး သူငယ်ချင်းပဲ ။
     ဖိုးထိန်…တဲ့ ။ သူက ဒီလိုပါပဲကွယ် ။ ဘာရယ်တော့ မဟုတ်ပါဘူး ။ မိန်းကလေးမြင်ရင် ရိသဲ့သဲ့လုပ်ချင် ၊ ပိုးချင်ပန်းချင်
     တာပါ ။ တစ်နေ့…ဘုရားပွဲကို စက်ဘီးနဲ့သွားရင် ဥပါလိသိမ်နားမှာ ဥစ္စာစောင့်နဲ့ တွေ့ပါရော ။ သူကတော့ ဥစ္စာစောင့်
     ရယ်လို့ ဘယ်သိပါ့မလဲ ။ မိန်းမချောချောမြင်ရင် ပိုးချင်ပန်းချင်တဲ့စိတ်က ရှိတော့ အတင်းသွားပြီး လက်ဆွဲခေါ်တယ် ။
     သူနဲ့ ဘုရားပွဲကို လမ်းကြုံလိုက်ခဲ့ပါ…တဲ့ ။ ကောင်မလေးကလည်း ငြင်းမရတော့ လိုက်လာရတာပေါ့ ။ အဲ…လမ်းရောက်
     တော့ ချစ်စကားကြိုက်စကားတွေ ပြောရော ။ တော်တော်နဲ့ ကောင်မလေးက မတုံ့ပြန်လို့ နောက်လှည့်ကြည့်မိတော့ …
     လား…လား…ကြောက်စရာကြီး ။ သူ့နောက်မှာ ထိုင်နေတာ ကောင်မလေး မဟုတ်တော့ဘဲ အမွေးအမျှင်တွေနဲ့ မည်း
     မည်းအကောင်ကြီးက ငုတ်တုတ်ထိုင်နေတာ…တဲ့ ။ သူလည်း စက်ဘီးကိုပစ်ချပြီး ငယ်သံပါအောင် အော်ပြေးတာ ဟို
     ဘက်ရွာရောက်တဲ့အထိပဲ ။ ဟိုဘက်ရွာရောက်တော့ ဘာဖြစ်လာလဲဘာလဲ လုံးဝမေးမရတော့ဘူး ။ ငေါင်တောင်တောင်
     ကြီးဖြစ်နေလို့ အထက်ဆရာ အောက်ဆရာ ဆေးဆရာအစုံနဲ့ တစ်လနီးပါးလောက် ကုလိုက်မှပဲ ပျောက်သွားတော့တယ်
     ကွယ် ။ ရောဂါလည်းပျောက်ရော သူလည်း ကြောက်တာနဲ့ ဘုန်းကြီးဝတ်သွားတာ ခုထက်ထိပဲ ။ ဘုန်းကြီးဘ၀မှာ ပြော
     ပြလို့သာ ဦးလေး သိခဲ့ရတာ ။ ဟော…ရှေ့မှာ ပြောရင်းဆိုရင်းနဲ့ လောကနန္ဒာဘုရား ရောက်တော့မယ် ။”
ဦးလေးကြီးစကားဆုံးတော့ မြင်းလှည်းလေးက လောကနန္ဒာစေတီတော်ကြီးရှိရာ ဧရာဝတီမြစ်ဘေးလမ်းကလေးအတိုင်း တရွေ့ရွေ့သွားနေ၏ ။ အပြန်ကျ မဇီးကွက်အမှတ်တရကျောက်တိုင်တွင် အရပ် ဆင်းတိုင်းမည်ဟုဆို၍ အားလုံးက ရယ်ကြ သည် ။ အစ်မလတ်က နင်က မဇီးကွက်လောက်တော့ အရပ်မရှည်ပါဘူးဟယ်ဟု အရွှန်းဖောက်လိုက်၏ ။
         ထိုနေ့က မြင်းလှည်းနှင့် လောကနန္ဒာ ၊ မနူဟာ ၊ ကန်တော့ပလ္လင် ၊ မဟာဗောဓိ ၊ အာနန္ဒာ ၊ သဗ္ဗညု ၊ ဓမ္မရံကြီး ၊ မြစေတီ ၊ ဂူပြောက်ကြီး စသည့်အထင်ကရဘုရားအစုံကို ၀င်ရောက်ဖူးမျှော်ခဲ့ကြသည် ။ ပုဂံဘုရားများကို ဝင်ရောက်ဖူးမျှော် စဉ်တွင် ဂါဝန်အဖြူ/မျက်မှန်အနက်နှင့်ဂျပန်မလေးများကိုတွေ့တိုင်း ဆရာမဂျာနယ်ကျော်မမလေး၏ သွေးဝတ္ထုဇာတ်ကောင် ယုမိစံကို သွား၍သတိရမိသည် ။  ဘုရားစေတီများကို သူတို့ဓလေ့အတိုင်း မတ်တပ်ရပ်လျက် တလေးတစားဖူးမျှော်နေကြ သည့် ဂျပန်/ကိုရီးယားစသော နိုင်ငံခြားသား-အမျိုးသမီး၊အမျိုးသားလေးများကို တွေ့ရသည်မှာ တစ်မျိုးတဖုံ စိတ်ကြည်နူး ချင်စရာ ။ အနောက်တိုင်းသားအများစုကတော့ လေ့လာရုံ ဓါတ်ပုံရိုက်ရုံသာ များ၏ ။
       မြင်းလှည်းမောင်းဦးလေးကြီး၏ပြောပြချက်အရ ပုပ္ပါးအဘထွက်ပွဲပြီး၍ တစ်ပတ်နှစ်ပတ်လောက်အကြာ ယခုချိန်ခါတွင် မြန်မာလူမျိုးဘုရားဖူးများ အလာကျဲသွားပြီး နိုင်ငံခြားခရီးသွားများ အလာများသည်ဟု ဆို၏ ။ ဟုတ်လည်း ဟုတ်သည် ။ မြန် မာဘုရားဖူးများကို သိပ်မတွေ့ရ…။ ထိုင်း ၊ ကိုရီးယား ၊ ဂျပန်နှင့် အနောက်တိုင်းခရီးသည်များကိုသာ အများဆုံးတွေ့နေရ သည် ။ နောက်ဆုံးပိတ်အနေဖြင့် ရွှေစည်းခုံစေတီတော်ကြီးကို ၀င်ရောက်ဖူးမြင်ပြီးနောက် မြင်းလှည်းဖြင့် ဘုရားဖူးထွက်ခြင်း ဇာတ်လမ်း တစ်ခန်းရပ် သွားတော့သည် ။ မိုးလည်း ချုပ်လေပြီ မဟုတ်ပါလား ။

     ညကျ မေမေ ဖျားသေးသည် ။  တစ်နေ့လုံး နေပူလူပန်းရသည့်အထဲ ညနေစာကို အစုံသုပ်၊ ရှောက်သီးသုပ်၊ ကြက်တက် ရွက်သုပ်၊ မုန်လာဥနီသုပ်…စသည့် ရန်ကုန်တွင် စားလေ့မရှိသောအစားအစာများကို ဆတ်သားခြောက်ကြော် ပဲပင်ပေါက် ဟင်းချိုပူပူနှင့် အားပါးတရစားခဲ့မိ၍ မေမေ ဗိုက်ပွကာ နေမကောင်းဖြစ်ခြင်းဖြစ်မည် ။ အသုပ်အမျိုးမျိုးကလည်း လက်ရာ ကောင်းလွန်းလှသည်မို့ မိသားစုဝင်အားလုံး ဟန်မဆောင်နိုင်လောက်အောင်ဖြစ်ကာ အပြတ်“တီး”ခဲ့မိကြသည်ပဲကိုး ။ ထိုည ကတော့ မေမေ့ကို ပြုစုပေးနေရ၍ ကျွန်မတို့တတွေ ရွှေစည်းခုံဘုရားသို့ မသွားဖြစ်တော့ဘဲ တည်းခိုခန်းတွင်သာ နားနေ လိုက်ရသည် ။
     ပုဂံသို့ ကျွန်မ (၅)ခေါက်ထက်မနည်း ရောက်ခဲ့ဖူးပါ၏ ။ သို့သော်လည်း ယခုတစ်ခေါက်ခရီးစဉ်လောက် စိတ်ပျော်ရွှင် ကြည်နူးခြင်း မရှိခဲ့ဖူး ။ ယခင်အခေါက်တွေတုန်းက ကားနှင့်သာ လည်ခဲ့ဖူးသည် ။ ကားခဏရပ်၊ ကားပေါ်ကဆင်း၊ ဘုရား ခပ်သုတ်သုတ်ဖူး၊ ဓါတ်ပုံ ခပ်မြန်မြန်ရိုက်။ ကားပေါ် ပြန်တက်နှင့် သံသရာလည်နေ၍ သည်လောက်ပျော်စရာမကောင်း ။ ယခု တစ်ခေါက်တော့ မနေ့က မြင်းလှည်းနှင့် လည်ရသည် ။ ယနေ့လည်း စက်ဘီးလေးနှင့် လည်ရဦးမည် ။
    နောက်တစ်နေ့ မိုးလင်းသည့်အခါ မေမေ နေကောင်းသွားပြီဖြစ်သည် ။ ကျွန်မတို့ တည်းခိုခန်းရှေ့မှလက်ဖက်ရည်ဆိုင် တွင်ပင် မနက်စာစားပြီး ရွှေစည်းခုံစေတီတော်ဆီသို့ ထွက်ခဲ့ကြ၏ ။ ယခင် ကားနှင့်သွားစဉ်က ရွှေစည်းခုံမုဒ်ဦးနားအရောက် ကားနှင့်သွားရ၍ ရွှေစည်းခုံစေတီတော်ကြီးသည် တောင်ပေါ်တွင် တည်ရှိနေသည်မှန်း သိသာသိ၏ ။ မခံစားမိ ။ ယခုတော့ တည်းခိုခန်းဘေးမှ လမ်းကလေးအတိုင်း လမ်းလျှောက်တက်လာခဲ့သဖြင့် ထိုအချက်အပေါ် သိသိသာသာခံစားမိခဲ့လေပြီ ။
    ရှေးကတည်ဆောက်ခဲ့သော ဆောင်းတန်းဟောင်းလေးကိုမြင်၍ ကားလမ်းမအတိုင်းသွား၍ရသော်လည်း မသွားဘဲ ထို ဆောင်းတန်းအတိုင်း တက်လာခဲ့သည် ။ ဆောင်းတန်းသည် ဘုရားတည်စဉ်ကတည်းက ရှိခဲ့လေသလား…အင်္ဂလိပ်မင်းလက် ထက်တွင် ပြုပြင်ထားခြင်းလား အသေအချာတော့မသိ ။ ဆောင်းတန်းဘေး အုတ်ချပ်များတွင် ရေးထိုးထားသော ကမ္ဗည်း မှတ်တမ်းများ၌ အလှူရှင်များ၏နာမည်/နေရပ်လိပ်စာနှင့် လှူဒါန်းငွေများကို ဖော်ပြထားသည် ။ ၁၅ကျပ်ဟူ၍ တွေ့မြင်ခဲ့ရ သဖြင့် ညီအစ်မ နှစ်ယောက် အံ့သြကြရသေးသည် ။
      ရွှေစည်းခုံစေတီတော်ကြီးသည် နံနက်ခင်းနေရောင်ခြည်အောက်တွင် ရွှေရောင်တဖိတ်ဖိတ်တောက်ပလျက်ရှိ၏ ။ နိုင်ငံ ခြားသားဧည့်သည်များဖြင့်လည်း အတော်စည်ကားလျက်ရှိသည် ။ မှတ်မှတ်ရရအနေနှင့် ကိုရီးယားခရီးသွားအုပ်စုထဲမှ ကိုရီး ယားသူတစ်ယောက်ကို “အညာဆေးရိုး(အညဆယ်ရော)”သွားလုပ်မိ၍ သူကလည်း “မင်းဂလော်ဘော်(မင်္ဂလာပါ)”ဟု ပြန် ပြောသောအဖြစ်အပျက်လေးဖြစ်၏ ။ ကျွန်မအရွယ် ဂျပန်အမျိုးသားတစ်ယောက်ကလည်း ပုဂံဒေသအကြောင်းကို စာတမ်း ပြုစုရန်လား မပြောတတ် ။ ဧည့်လမ်းညွှန်ကို အသေးစိတ်မေးမြန်းကာ စေတီတော် ၊ ကြာမှောက်ကြာလှန် ၊ ဘီလူးရုပ်…စတာ တွေကို အသေအချာမှတ်တမ်းတင်ဓါတ်ပုံရိုက်ယူနေသည်ကိုလည်း တွေ့ခဲ့ရ၏ ။ စိတ်မကောင်းစရာတစ်ခုက ပိုက်ဆံလိုက် တောင်းနေသော ကျောင်းစိမ်းဝတ်စုံနှင့်ကလေးများကို ဘုရားပေါ်တွင် တွေ့မြင်ရခြင်းပင်ဖြစ်သည် ။
     စေတီတော်ကို ဖူးမြော်ကြည်ညိုကာ လိုရာဆုတောင်းပြီးနောက် သားအမိတစ်စု ဟိုဟိုသည်သည်လျှောက်ကြည့်ကြရာ ကျောက်နဂါးသို့ဟူသောဆိုင်းပုဒ်ကိုတွေ့၍ ထိုဆိုင်းပုဒ်ညွှန်ရာဘက်သို့ ထွက်လာခဲ့သည် ။ အဆောင်ငယ်လေးတစ်ခုထဲတွင် ရွှေရည်သုတ်ထားသော ကျောက်ဆစ်ထုနဂါးကိုယ်ထည်ပိုင်းသဏ္ဍာန်တစ်ခုကို တွေ့ရ၍ အနီးအနားမှမိန်းမတစ်ယောက်ကို မေးမြန်းစပ်စုမိရာ မကြာသေးသည့်၂၀၀၉ခုနစ်ကမှ ပြန်လည်ပြုပြင်ထားကြောင်း ၊ ဆရာတော်ကို မြေအောက်တွင် နှစ်များစွာ နေရသောကြောင့် အသက်ရှူမွန်းကျပ်လှ၍ တူးဖော်ပေးပါရန် ၊ ခုနစ်ရက်သားသမီးများကို ကယ်တင်စောင့်ရှောက်ပါမည်ဟူ သောအိပ်မက်ပေးသဖြင့် အိပ်မက်အတိုင်း တူးဖော်ရာမှ ဤကျောက်နဂါးကို တွေ့ရှိခဲ့ကြောင်း ၊ လူငယ်အချို့က မယုံမကြည် ပြောဆိုသဖြင့် လွန်ခဲ့သော(၃)/(၄)လကပင် နိုင်ငံခြားသားတစ်ဦး၏ဓါတ်ပုံတွင်း၌ စေတီတော်ကို လှည့်ပတ်ကာဖူးမြော်နေ သဏ္ဍာန် အဖြူရောင်အငွေ့တန်းကြီးအား တွေ့ရကြောင်း…စသည်ဖြင့် စီကာပတ်ကုံး ပြောပြလေသည် ။
      ဖေဖေက ကျွန်မ့ကို နဂါးစာကျွေးခိုင်းသဖြင့် နဂါးစာဟူ၍ရောင်းနေသော နွားနို့ထဲ ပေါက်ပေါက်ဆုပ်ထည့်ထားသည့်ပန်း ကန်တစ်ချပ်ကို သွားဝယ်ကာ နဂါးမင်းကြီးသို့ ရည်စူးလျက် ကျွေးလိုက်သည် ။ မည်သည့်သတ္တဝါကိုမဆို မေတ္တာရှေ့ထား ဆက်ဆံပါက တန်ပြန်သက်ရောက်လိမ့်မည်ဟု ကျွန်မ ယုံကြည်သည် ။ ကျောက်နဂါးကိုပဲ ကျေးဇူးတင်ရပေမည် ။ ထိုဘက် ဆောင်းတန်းသို့ ကျွန်မတို့ ယခင်က တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေး၍ အုတ်ခင်းလမ်းလေးအတိုင်း ဆက်သွားမိတော့ ဧရာဝတီမြစ်ကြီးကို တွေ့ရ၏ ။ မြစ်ကမ်းနားတွင် စက်လှေတစ်စင်း ဆိုက်နေပြီး လှေပေါ်မှ ရွာသူတချို့ အထုပ်တွေအပိုးတွေ နှင့် ဆင်းလာကာ လှေကားအတိုင်း တက်လာကြသည် ။ ဈေးသည်များဖြစ်မည် ထင်၏ ။
   “ နောင်ကြီးတို့က ဘယ်ကလာလဲ ။”
လှေသမားကမေး၍ ကျွန်မဖေဖေက ရန်ကုန်မှလာကြောင်းဖြေရင်း ဆောင်းတန်းအဆုံး-လှေကားထိပ်တွင် ခြင်္သေ့တစ်ကောင် သာ ရှိပြီး မြစ်ဘက်ခြမ်း၌ ခြင်္သေ့မရှိသည့်အဖြစ်ကို ရွာခံလှေသမားအား မေးလေရာ…
   “ သြော်…ကျွန်တော်တို့ငယ်ငယ်လေးကတည်းက ဒီခြင်္သေ့ရုပ်ကြီးက တစ်ကောင်တည်းဗျ ။ ကျန်တဲ့တစ်ကောင်က ရေထဲ
     ကျသွားတယ်နဲ့ တူပါရဲ့ ။ ဧရာဝတီမြစ်က မိုးတွင်းဆို ဒီခြင်္သေ့ကြီးနားအထိတောင် ရေက တက်ချင်ချင် ။ နောက်ထပ်ပုံတူ
     ထပ်လုပ်သေးတယ် ။ ဒီလိုပဲ ရေထဲ ပါပါသွားတော့ နောက်ဆုံး ခြင်္သေ့ကြီးက တစ်ကောင်တည်းဖြစ်နေတာပေါ့ ။ အထီး
     ကျန်ခြင်္သေ့ကြီးပေါ့ဗျာ ဟဲဟဲ ။”
   “ ဦးလေးတို့က ဟိုဘက်ကမ်းက လာကြတာလား ။”
   “ ဟုတ်တယ် တူမကြီး ။ ဟိုဘက်မှာ ရွာတွေ အများကြီးရှိတယ် ။ ဒီကိုတော့ ဈေးသမတွေ ဈေးလာရောင်းကြတာများရဲ့ ။”
ဦးလေးကြီး၏အဖြေကြောင့် မှုန်ပြပြသာမြင်ရသောတစ်ဖက်ကမ်းကို ငေးကြည့်လိုက်မိသည် ။ အကယ်၍ ညနေစောင်းအချိန် သာဆို ပို၍ကြည်နူးဖွယ်ရာ ၊ လွမ်းဆွတ်ဖွယ်ရာ ကောင်းပေလိမ့်မည် ။ နီကျင်ကျင်နေရောင်အောက်တွင် တစ်ကောင်တည်း အထီးကျန်နေရှာသည့်-ခြင်္သေ့ကြီးအနီးရှိ ဤအုတ်လှေကားထစ်လေးများတွင်ထိုင်ရင်း ဧရာဝတီမြစ်ကြီးကို ငေးကြည့်ရပါက အဘယ်မျှ လွမ်းမောဖွယ်ရာကောင်းလိမ့်မလဲဟု ကျွန်မ စိတ်ကူးယဉ်နေမိသည် ။ သို့ပေမဲ့ ကြာကြာစိတ်မကူးလိုက်ရ ။ မနက် (၉)နာရီခွဲနေပြီဖြစ်တာကြောင့် ကျွန်မတို့ တည်းခိုခန်းဆီသို့ ပြန်ခဲ့ကြသည် ။
SSSSS
      နေ့လယ်(၁)နာရီတွင် ကျွန်မတို့ပြန်ကြရမည်ဖြစ်၏ ။ မပြန်ခင် ရရှိသောအချိန်(၂)နာရီအတွင်း ဖေဖေက ငှက်ပစ်တောင် နှင့် မဟာဓမ္မရာဇကသို့ ဆိုင်ကယ်နှင့်သွားမည်ဖြစ်ပြီး ကျွန်မတို့ညီအစ်မနှစ်ယောက်ကတော့ စက်ဘီးနှစ်စီးနှင့် ကားလမ်းမ တလျှောက်ရှိ စေတီပုထိုးမှန်သမျှ ၀င်ရောက်ဖူးသွားကြမည်ဟုရည်သန်ကာ ဘီးကလေးကိုယ်စီနှင့် ထွက်ခဲ့ကြသည် ။ (ပုဂံ တွင် စက်ဘီးဖြင့် လျှောက်လည်လိုလျှင် စက်ဘီးငှားသောနေရာများ ရှိပါသည် ။…စာရေးသူ )
       (၂)နာရီသာအချိန်ရ၍ နင်းနိုင်သမျှ နင်းကြသည် ။ မနေ့က နာမည်ကြီးဘုရားများသာ ၀င်ဖူးခဲ့ရ၍ ယခု လမ်းတွင် တွေ့ သမျှ ဘုရားအစုံကို ၀င်ဖူးကြသည် ။ ၀င်လေ့လာကြသည် ။ နင်းရင်းဝင်ဖူးရင်း, နင်းရင်း  ၀င်ဖူးရင်းနှင့် သွားလိုက်ကြတာ မင်း အိုချမ်းသာဘုရားသို့ ရောက်သွား၏ ။ ဆယ့်တစ်နာရီကျော်နေပြီ ။ လူကတော့ သိပ်မမောသေးသလိုပင်…။ တစ်လမ်းလုံး လည်း ရယ်စရာများနှင့် တွေ့ကြုံခဲ့ရသည် ။ တကယ့်ကို အမှတ်တရပါပဲ ။
      ကျွန်မအစ်မက အသားညိုသည် ။ ကျွန်မက အသားဖြူသည် ။ ကျွန်မအစ်မက ၀ယ်လာသော-နေကာမျက်မှန်ကြီး မသုံး
လိုက်ရမည်စိုးသောကြောင့် ထုတ်တပ်ထားသည်။ ကျွန်မက မှန်ကြောင်သမားမို့ ပါဝါမျက်မှန်သာ တပ်ထား၏ ။ ရန်ကုန်သူတို့ ထုံးစံအတိုင်း ဆံပင်ကတော့ အော်ရဂျင်နယ်များ မဟုတ်ကြ ။ သို့ပေမဲ့ ဤအခြေအနေလောက်နှင့် ရန်ကုန်မြို့တစ်ပတ်ပတ် ဦးတော့…ဘာမျှ မဆန်းလှ ။ ဘယ်သူမှလည်း foreigner(နိုင်ငံခြားသား)ဟု ထင်မည်မဟုတ် ။ သို့ပေမဲ့ ပုဂံတွင်က စက်ဘီးစီး သောမြန်မာဘုရားဖူး ခပ်ရှားရှားထင်၏ ။ နောက်ပြီး ထိုကာလက နိုင်ငံခြားသားခရီးသည်များ အလွန်များပြားနေချိန်မို့လည်း ပါမည် ။ foreignerများကလည်း အချင်းချင်းဟုထင်ကာ ကျွန်မတို့ကို နှုတ်ဆက်ကြ၏ ။ မြန်မာတွေကလည်း နိုင်ငံခြားသား ဟုထင်ကာ “Hello”ကြ“Hi”ကြ၏ ။ ကျွန်မတို့လည်း အထင်ခံရနည်းလားဟုတွေးကာ ရုပ်တည်ကြီးနှင့် ပြန်နှုတ်ဆက်သည် ။ ပြန်နောက်သည် ။ တွေးကြည့်သော် ရယ်ချင်စရာကြီး ။ တစ်ခါဆို…
   “ Where are u from ? ”(မင်း ဘယ်ကလာလဲ ။ ဘယ်နိုင်ငံက လာလဲ ။)
ဟု မေးတော့ ကျွန်မအစ်မက …
   “ From Burma .” ( မြန်မာက )
ဟုပြန်အော်ကာ စက်ဘီးကို အသားကုန်နင်းပြေးရင်း ရယ်ကြသည် ။ ပျော်ဖို့ အလွန်ကောင်း၏ ။ မင်းအိုချမ်းသာဘုရားသို့ ရောက်တော့ ‘ဖရွန် ဘားမမား’နိုင်တော့ ။
   “ တင်ပါ့ဘုရား…တပည့်တော်တို့ မြန်မာတွေပါဘုရား ။”
…ဟု ပြန်လျှောက်ရသည် ။ ဘုန်းကြီးတစ်ပါးက လျှောက်လာရင်း ဘာလူမျိုးလဲဟု အင်္ဂလိပ်စကားဖြင့် လှမ်းမေးသောကြောင့် ဖြစ်၏ ။ ဘုန်းဘုန်းက သက်တော်(၅၀)ခန့်ရှိပြီ ။ အင်္ဂလိပ်စကားကို ပြေပြေပြစ်ပြစ်ပြောတတ်ပုံရသည် ။ ပုဂံဒေသတွင် နေ ထိုင်ကြသူအများစုမှာ အင်္ဂလိပ်စကားကို အနည်းဆုံးတော့ ထမင်းစား/ရေသောက်လောက် တတ်ကြပုံ ၊ ပြောရဲပုံရှိသည် ။ ဈေးသည်များကိုကြည့်ခြင်းအားဖြင့် သတိပြုမိခဲ့ခြင်းဖြစ်ပါ၏ ။
   “ သြော်…မြန်မာတွေလား ။ မသိပေါင်ကွယ် ။ ခုချိန် နိုင်ငံခြားသားတွေပဲ လာတာများတော့ စက်ဘီးနဲ့လာရင် မြန်မာလို့
     မထင်ဘူး ။ နိုင်ငံခြားသားပဲ မှတ်နေတာ ။ ယိုးဒယားတွေထင်လို့ ။”
ဟု ပြန်မိန့်၏ ။ ကျွန်မတို့ ခရီး အနည်းငယ်ဆက်ကြပြန်သည် ။ ရှေ့သို့ ဝေးဝေးလံလံဆက်သွားရန်မူ အချိန်မရှိတော့ပြီ ။
   “ အစ်မလတ် ရေဘူးထဲမှာ ရေကုန်သွားပြီ ။”
ကျွန်မက ရေဘူးကို ခါပြရင်း ပြောလိုက်သည် ။ နာရီက (၁၁)နာရီကျော်နေပြီမို့ ကျွန်မတို့ လာလမ်းအတိုင်း ပြန်လှည့်ရန်ပြင် စဉ် နောက်ဆုံးလက်ကျန်ရေကို ကျွန်မ သောက်ပစ်လိုက်၍ ကုန်သွားခြင်းဖြစ်၏ ။ ကျွန်မက ရေအလွန်သောက်သူမို့ အပြန် လမ်းတွင် ရေဆာမှာကို စိုးရိမ်နေမိသည် ။
   “ အေးပါဟယ် ။ စိတ်မပူပါနဲ့ ။ လမ်းမှာ ၀ယ်တာပေါ့ ။”
ထိုသို့ အစ်မလတ်က အားပေးသော်လည်း တကယ့်တကယ်တမ်းကျ တစ်လမ်းလုံး ဆိုင်လုံးဝမရှိ ။ ရွှေလိပ်တူးဟူသောဘုရား သို့ အသွားက မ၀င်ခဲ့ရ၍ ခဏ၀င်တော့ ကျွန်မ ရေအတော်ဆာနေပြီ ။ သိကြားပုန်းဘုရားသို့ ၀င်ဖူးတော့လည်း ရေရောင်းသူ မရှိ ။ ကားလမ်းမဘေးတစ်လျှောက်တွင်လည်း ဆိုင်သေးလေးတစ်ဆိုင်တွေ့လို့ ၀င်ကြည့်မိရာ ဓါတ်ဆီဆိုင်ဖြစ်နေ၏ ။
      ဥပါလိသိမ်ရှေ့ရောက်တော့ နိုင်ငံခြားခရီးသွား(၃)ယောက်လောက် တွေ့ရသည် ။ မြင်းလှည်းနှစ်စီး ရပ်ထားသည် ။ ထို အနားတွင်တော့ ဘယ်ကဘယ်လို လမ်းမှားရောက်နေသလဲမသိသော ဖော့ပုံး(ရေခဲပုံး)နှင့် အသည်တစ်သည်ကို တွေ့၏ ။ ရေတစ်ဘူးဝယ်ကာ ဖြည်းဖြည်းချင်း သောက်ချလိုက်သည် ။ ပါးစပ်ထဲတွင် ဘာအချိုရည်နှင့်မှမလဲနိုင်အောင် အရသာရှိလှပါ ၏ ။ အမောပြေအနေဖြင့် ဥပါလိသိမ်ကို လှည့်ပတ်ကြည့်ရှုဖူးမြော်ကြသည် ။ (၁၁)ခွဲနေပြီဖြစ်၍ ကြာကြာမနားတော့ဘဲ ခရီး ဆက်ခဲ့ကြတော့ ကျွန်မစက်ဘီးက ရှေ့မှာ ၊ အစ်မက နောက်မှာ ။ စောစောက တစ်ချိန်လုံး သွက်လျက်ရှိသော-စက်ဘီးမှာ ယခုများကျ လေးကန်ဖင့်တွဲလို့ ။ အသွားကုန်းဆင်းတုန်းက ၀ှီခနဲဖရီး(free)ရိုက်ဆင်းခဲ့သည့်စက်ဘီး ခုများ ကုန်းဆင်းဖရီး ရိုက်မိတော့ ယောင်ယောင်သာ ရွေ့သဖြင့် ကျွန်မ အံ့သြသွားရသည် ။ အနောက်မှလိုက်လာသည့်အစ်မကပင်…
   “ ဟဲ့…ဘာဖြစ်လို့လဲ ။ ရပ်မလို့လား ။”
…ဟု နံဘေးသို့ ကျော်တက်ကာ နင်းစရာမလိုဘဲ ဘရိတ်ညှစ်၍ပင် မေးလိုက်သည် ။ ကျွန်မ တော်တော်အံ့သြသွားရပြီ ။
        တစ်လမ်းလုံး ထိုအတိုင်း…။ မြေညီတွင် အားစိုက်နင်းရပြီး ကုန်းတက်များဆိုလျှင် အသက်ထွက်မတပ် နင်းယူရသည် ။ ဘာဖြစ်နေမှန်း ကျွန်မ မသိ…။ ရုတ်ချည်း ပြောင်းလဲသွားသောအခြေအနေအပေါ် ကျွန်မ နားမလည်နိုင် ။ စက်ဘီး မကောင်း တော့တာလား ။ သို့ပေသိ ဥပါလိသိမ်သို့ မဝင်ခင်အထိ သွက်သွက်ကြီးပြေးလျက်ရှိသော စက်ဘီးပါ ။ ဤသို့ဆိုလျှင် ကျွန်မပဲ အားပျက်နေလို့လား ။ ဒါမှမဟုတ်…
   “ အစ်မလတ်ရေ…ပြောစရာရှိလို့ ။”
သူက နောက်က ၊ ကျွန်မက ရှေ့က…ရှေ့ဆင့်နောက်ဆင့်ဖြစ်၍ ကျွန်မ ခပ်ကျယ်ကျယ်အော်ပြောလိုက်တော့…
   “ အေး…ပြောလေ ။”
ဟု အစ်မက စကားထောက်သည် ။
   “ သမီးဘီးကို နောက်က တစ်ယောက်ယောက် ဆွဲထားသလိုပဲ ။ သိပ်မရွေ့ဘူးဖြစ်နေတယ် ။”
   “ အေး…ငါလည်း နောက်က သတိထားမိသားပဲ ။ စက်ဘီး သိပ်မကောင်းတာ နေမှာပေါ့ ။”
   “ အသွားတုန်းက အကောင်းကြီး ။ ရှင်းရှင်းပြောရရင် ဥပါလိသိမ်နားရောက်တဲ့အထိ အကောင်းကြီး ။ အဲ့ဒီကထွက်လာမှ
     ကောက်ခါငင်ခါ ခုလိုဖြစ်သွားတာ။ သမီး လုံးဝမကျေနပ်ဘူး ။ ဘုရားတိုင်းမှာလည်း အမျှဝေခဲ့ရဲ့သားနဲ့ ။ ဒီလိုနှောင့်ယှက်
     စရာလား ။”
   “ ဂမ္ဘီရဆရာမကြီးကတော့ လုပ်တော့မယ် ။ စက်ဘီး ချို့ယွင်းတာနေမှာပါ ။ စမုတ်တံတွေဘာတွေ မကောင်းလို့လားမှ
     မသိတာ ။”
   “ မလတ် ကြည့်နေနော် ။ ရှေ့ကဘုရားမှာ ၀င်ပြီး သမီး ၂၄ပစ္စည်း ရွတ်မယ် ။ ပြီးရင်…အစောင့်အရှောက်ပုဂ္ဂိုလ်တွေကို
     ပင့်ဖိတ်ပြီးတော့ အကူအညီတောင်းမယ် ။ အဲဒီအခါကျ ကြည့်ကြည့်လိုက်ပေါ့ ။”
ကျွန်မက ထိုသို့ ကြုံးဝါးပစ်လိုက်သည် ။ တကယ် ဟုတ်မဟုတ်ကိုတော့ ကျွန်မလည်း သေချာ မသိ ။ ဥပဒ်ဒဏ်ကြောင့် ဥပဒ် ရောက်သည်ဟု ထင်ရအောင်ကလည်း ကျွန်မ၏စိတ်ထဲမှာ လုံးဝ စိတ်ကူးမိခြင်းမရှိသည့်ဖြစ်ရပ် ။ စက်ဘီးက နောက်မှ တစ် ယောက်ယောက်ဆွဲထားသကဲ့သို့ လေးလံနှေးကွေးနေသည်ကတော့ အမှန် ။
      ကျွန်မ တကယ်ပဲ ရှေ့ကဘုရားတစ်ဆူတွင် ၂၄ပစ္စည်းပဋ္ဌာန်းအကျဉ်းကို ၀င်ရွတ်သည် ။ ဘုရားတွင် စောင့်ကြပ်ကုန် သော သမ္မာဒေ၀နတ်မြတ်နတ်ကောင်းများကို မေတ္တာပို့တိုင်တည်ကာ အနှောင့်အယှက်ကင်းဝေးရပါလို၏ဟု ဆုတောင်းပြီး စက်ဘီးပြန်စီးသည် ။ တိုက်ဆိုင်၍လားတော့ မပြောတတ် ။ ရုတ်ချည်း okသွားသည် ။ အစ်မကပင် …
   “ အေးဟဲ့ ။ စက်ဘီးက သွက်နေတာပဲ ။ ဂမ္ဘီရဆရာမကြီးပြောတာ ငါတော့ ယုံချင်သွားပြီတော့ အဟစ်ဟစ်…”
ဟု နောက်သလိုလိုပြောင်သလိုလိုပြောသည် ။ ဘာပဲပြောပြော ကျွန်မ စက်ဘီးကို ပင်ပင်ပန်းပန်းမနင်းရတော့ဘဲ တည်းခို ခန်းသို့ ပြန်ရောက်သွားခဲ့သည် ။
        တစ်ခါတစ်ရံ ထိုသို့သောအဖြစ်အပျက်မျိုးတွေကို ကြုံကြိုက်ကြလျှင် အမလေးဟယ်…ဆန်းလိုက်တာ လွန်ရောဟု ထင် မှတ်ယူဆကြ၏ ။ အမှန်တော့ ထိုသတ္တ၀ါတို့သည် (၃၁)ဘုံမှ ပြိတ္တာအုပ်စုထဲကဖြစ်၍ အဆန်းတကြယ် မဟုတ်သလို မယုံ မကြည်ဖြစ်စရာလည်း မလိုပေ ။ ၀ိညာဉ်ပရလောကနှင့်ပတ်သက်၍ ငယ်ခဲ့စဉ်က ကျွန်မ သူငယ်ချင်းများနှင့် ငြင်းခုံခဲ့ဖူးသည် ။ ယခုတော့ မည်သူနှင့်မျှ ကျွန်မ မငြင်းခုံလိုတော့ပါ ။ ပရလောကသားဟု ယူဆ၍ရသလို စက်ပိုင်းဆိုင်ရာချို့ယွင်းမှုဟူ၍လည်း ယူဆလိုက ယူဆနိုင်ပါသည် ။ ပြောရလျှင် ပုဂံကိုရောက်ဖူးခဲ့သမျှထဲတွင် ဤခရီးစဉ်လေးသည် ကျွန်မအတွက် ရင်အခုန်ရ ဆုံး ၊ အပျော်ရွှင်ရဆုံး ၊ စိတ်ကြည်နူးချမ်းမြေ့ဖွယ်အကောင်းဆုံး ၊ စိတ်လှုပ်ရှားစရာအကောင်းဆုံးဆိုသောအမှတ်တရများနှင့် ပြည့်နှက်နေခဲ့သည် ခရီးစဉ်လေးတစ်ခုအဖြစ် မှတ်တမ်းတင်လိုက်ရပါတော့သည် ။





                                                                                                    စေတနာရှေ့ထားလျက်…
                                                                                                            
                                                        ဂါဦးနွန်းကို


www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
 

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။