အိပ်မက်ကောက်ကြောင်း
( ၂၀၁၅ ဧပြီလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည် )
ဂါဦးနွန်းကို .... စိတ်ကူးပုံဖော်သည် ။
----------------------------------------------------------------------------------------------
- ည…မိုးဖွဲဖွဲရွာသွန်းလျက်ရှိသော
ည ။
-
ကျောက်ဆောင်ပေါ်တွင် လဲကျလျက် လူရုပ်မပေါ်နိုင်လောက်အောင် အရိုက်အနှက်ခံနေရသော အမျိုးသမီးငယ်တစ်
ယောက် ။
-
မိန်းမပျိုလေးခမျာ ရုန်းကန်အော်ဟစ်ရင်း ရိုက်ချက်များကြား အသက်ပျောက်သွားသောမြင်ကွင်း
။
-
မိန်းကလေး၏ရုပ်အလောင်းကို ကျောက်စွန်းများတစ်ဖက်ရှိ ပင်လယ်ပြင်ထဲသို့ ဆွဲပွေ့ပစ်ချလိုက်ပြီး
ခပ်အေးအေး လှည့်
ထွက်လာသော လူသတ်သမား၏မျက်နှာ ။
“ အမလေး…!!! ”
ရွှန်းလဲ့ဘို၏သွေးပျက်ချောက်ချားဖွယ်အော်သံနက်ကြီးက
ညသန်းခေါင်ယံ အစာရှာထွက်သည့်ညဥ့်ငှက်များကိုပင် တုန်ရီ လန့်ဖျားသွားစေခဲ့ပြီ ။
ရွှန်းလဲ့ဘို အိပ်မက်မက်နေခြင်းဖြစ်သည် ။ ကြောက်မက်ဖွယ်ရာ
အိပ်မက်ကြီးပါလား ။ အိပ်မက်မှ လန့်နိုးနိုးချင်း ရင် တစ်ခုလုံး ဗြောင်းဆန်အောင် သွေးပျက်ထိတ်လန့်နေပြီး
ကြောက်ရွံ့ချောက်ချားစိတ်များဖြင့် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့် မိသည် ။
- အိပ်မက်ထဲကလို အမှန်တကယ်ပဲ ပင်လယ်နံဘေးက
ကျောက်ဆောင်ပေါ်ကို ရောက်နေတာများလား …
စိတ်က
ထင်ယောင်ထင်မှားဖြစ်သွားသေးသည် ။ မဟုတ်ပါ ။ တော်ပါသေးသည် ။ ရွှန်းလဲ့ဘို ရောက်ရှိနေသည့်နေရာက
တာမွေမှတိုက်ခန်းလေးထဲတွင်ဖြစ်၍ အနည်းငယ် စိတ်သက်သာရာရသွား၏ ။
စိတ်သက်သာရာ ရသွားခဲ့သော်ငြား အိပ်မက်ကိုမူ
ရွှန်းလဲ့ဘို မမေ့နိုင် ။ ချောက်ချားတုန်လှုပ်စိတ် လျော့ပါးသွားသည့် အခါ၌ အိပ်မက်အကြောင်းကို
ရွှန်းလဲ့ဘို ပြန်စဉ်းစားသည် ။ မစဉ်းစားဘဲ နေ၍မဖြစ် ။ စဉ်းစားမှကို ဖြစ်မည် ။ သို့မှသာ
ရွှန်းလဲ့ဘို လက်ရှိ ခံစားနေရသောသံသယများ ပျောက်ကင်းမည့်နည်းလမ်းကို ဖွေရှာတွေ့နိုင်မည်
မဟုတ်ပါလား ။
အိပ်မက်သည် အိပ်မက်နှင့်မတူဘဲ အပြင်လောကဝယ် အမှန်တကယ်ဖြစ်ပျက်နေသကဲ့သို့
ခံစားရစေသည် ။ အိပ်မက် ထဲတွင် လူတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ဘေ့စ်ဘောတုတ်တံတစ်လက်နှင့်
အဆက်မပြတ် ထုရိုက်နေခြင်း ဖြစ်သည် ။ ဘာကြောင့်များ ဒီလောက် ရက်စက်ရပါလိမ့်ဟု ရွှန်းလဲ့ဘို
တွေးမိသည် ။
ရွှန်းလဲ့ဘိုက အိပ်မက်တို့၏ထုံးစံအတိုင်း ထိုအဖြစ်အပျက်ကို
ဘေးကထိုင်ကြည့်နေသူတစ်ယောက်သာ ။ ဘာကိုမျှ လုပ်မရ ။ ဝင်တားမြစ်၍လည်းမရ ။ စိတ်မချမ်းသာဖွယ်မြင်ကွင်းကို
သည်အတိုင်း ကြည့်နေရသည် ။ သတ်သူကလည်း ရက်စက်ပါဘိ ။ ပန်းနုရောင်တောက်တောက်-ဂါဝန်ကို
ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်စွာ လှလှပပ,တင်းတင်းကျပ်ကျပ် ဝတ်ဆင်ထားသော အသားဖြူဖြူနှင့်
ရုပ်ရည်ချောမောပြေပြစ်မည့်ပုံပေါ်သော,မိန်းမပျိုလေးကို မညှာမတာ ရိုက်နှက်နေ ခြင်းဖြစ်၏
။ ရှင်းရှင်းပြောရသော် အသေသတ်နေခြင်းပါပေ ။
မြင်ကွင်း၏နောက်ပိုင်းကို ခပ်လှမ်းလှမ်းနေရာမှ
ကြည့်နေရခြင်းပါ ။ ယောက်ျားသည် တောင့်တင်းသောကိုယ်ဟန် ၊ ညိုဖျော့ဖျော့အသားအရည်ရှိသူဖြစ်ပြီး
လုပ်ရပ်ကိုကြည့်ရုံဖြင့် ရက်စက်ကြမ်းကြုတ်သောစိတ်ဓါတ်ရှိပုံရသည်ဟု ကြည့်နေ ရင်းမှာပဲ
ရွှန်းလဲ့ဘို တွေးလိုက်မိ၏ ။ မိန်းကလေးခမျာ တတ်နိုင်သမျှ ရုန်းကန်ဟစ်အော်နေသော်လည်း
လူခြေတိတ်သော ပင်လယ်ကမ်းဘေးတစ်နေရာတွင် ဖြစ်ပွားနေခြင်းဖြစ်သည်ကတစ်ကြောင်း ၊ မိုးဖွဲဖွဲရွာနေသော
ညကာလဖြစ်နေသည်က တစ်ကြောင်းကြောင့် ကူကယ်မည့်လူ မရှိပါချေ ။
ရုန်းကန်အော်ဟစ်ရင်းဖြင့် အသက်ကုန်သွားခဲ့လေပြီ
။ မျက်နှာတစ်ခုလုံးလည်း ရစရာ မရှိ ။ ရိုက်ချက်ကြောင့် စုတ် ပြတ်သတ်နေ၏ ။ သတ်သူ,ယောက်ျားက
အပြီးလက်စ,ဖျောက်ရန် စဉ်းစားထားပြီးသားဖြစ်မည် ။ သေဆုံးသွားသော မိန်းမပျိုလေး၏ရုပ်အလောင်းကို
ပေါ့ပေါ့ပါးပါးကောက်ပွေ့ကာ ပင်လယ်တွင်းသို့ ပစ်ချလိုက်သည် ။ နောက်…စိတ်လက် ပေါ့ပါးသောအမူအရာဖြင့်
လှည့်ပြန်လာလေသည် ။
ထိုသူက ရွှန်းလဲ့ဘို ရပ်ကြည့်နေရာဘက်သို့ လှည့်ထွက်လိုက်သည့်အခါ…
“ အမလေး…”
ဟု
အလန့်တကြားဟစ်အော်ကာ ရွှန်းလဲ့ဘို လန့်နိုးသွားခဲ့ရခြင်း မဟုတ်ပါလား ။ အဘယ့်ကြောင့်ဆိုသော်
ထိုသူကို ရွှန်း လဲ့ဘို သိနေသောကြောင့်ပါ ။ သိသည်မှ တော်ရိရော်ရိမဟုတ် ။ တရင်းတနှီး
သိနေခြင်းပေကိုး ။
t
ရွှန်းလဲ့ဘိုသည် ကုတင်ပေါ်တွင် ထိုင်နေရာမှ ဝရံတာဆီသို့
ထွက်လာခဲ့သည် ။ အဇ္ဈတ္တထဲဝယ် ကြောက်စိတ်တို့ မရှိ တော့ဘဲ စဉ်းစားရခက်သည့်အတွေးတို့ဖြင့်
ရှုပ်ထွေးပွေလီနေသည် ။ ဝရံတာမှနေ ကတ္တရာလမ်းမကြီးဘက်သို့ မျှော်ငေး ကြည့်နေရင်း အတိတ်သို့
ပြန်စဉ်းစားရန် စိတ်ကူးမိသည် ။ အမှန်တော့ ပြန်မတွေးချင် ။ မေ့ထားချင်၍သာ ဤတိုက်ခန်း
ဆီသို့ ထွက်လာခဲ့ခြင်းမဟုတ်ပါလား ။
လရောင်သည် ဝရံတာနှင့်တကွ လမ်းမကြီးတလျှောက်သို့
သူ့အလင်းရောင်ကို တင့်တယ်ခမ်းနားစွာ ဖြန့်ကျက်ထား၏ ။ ပတ်ဝန်းကျင်သည် ငွေသော်တာရောင်ခြည်အောက်ဝယ်
ကျက်သရေပြည့်စုံနေသကဲ့သို့ရှိသည် ။ သို့သော်…ရွှန်းလဲ့ဘို၏ စိတ်ထဲမှာတော့ မိမိ၏နေရပ်ဖြစ်သည့်
ထားဝယ်ဒေသလေးလောက် လှပခြင်းမရှိဟု တွေးထင်နေမိသည် ။ ဟုတ်၏ ။ ရွှန်း လဲ့ဘို နေထိုင်ရာထားဝယ်ရှိနေအိမ်မှာ
သိပ်သာယာလှပသည် ။
ရွှန်းလဲ့ဘိုက အမှန်တော့ ရန်ကုန်သူစစ်စစ် ။ အဖေ-ရန်ကုန်သား၊
အမေ-ရန်ကုန်သူက မွေးလာခဲ့ပြီး ရန်ကုန်တွင် နေ ၊ ရန်ကုန်တွင် ကြီးခဲ့သူ ။ အသက်(၂၀)အထိ
ရန်ကုန်တွင်သာ ခြေချနေခဲ့သူ ။ စံထူးကျော်နှင့် ချစ်သူတွေဖြစ်ကာ လက် မထပ်ခင်အထိ ရန်ကုန်တွင်သာ
နေထိုင်လာခဲ့သူတစ်ယောက်ဖြစ်၏ ။
စံထူးကျော်က ရွှန်းလဲ့ဘိုထက် အသက်(၇)နှစ်နီးပါး
ကြီးသည် ။ အားကစားလိုက်စားပြီး ခေတ်ဆန်သူဖြစ်ရာ ရိုးရိုးအေး အေးနေသော-ရွှန်းလဲ့ဘိုနှင့်မှ
အံ့သြဖွယ် နဖူးစာဆုံခဲ့ကြသည် ။ ခေတ်ဆန်တာကိုမှ နှစ်သက်သူစံထူးကျော်နှင့် ရန်ကုန်သူ
မဆန်ဘဲ ရိုးရိုးအေးအေးဝတ်ဆင်တတ်သူ-ရွှန်းလဲ့ဘိုတို့ဟာ ဆန်းကြယ်စွာ တွေ့ဆုံခဲ့ကြခြင်းပါ
။ တွေ့ဆုံခဲ့ကြပုံက အင် တာနက်ကွန်ယက်မှ ။
ရွှန်းလဲ့ဘိုက သူမ၏facebook accountတွင် ဓါတ်ပုံများကို
မကြာခဏတင်ရာ ထိုဓါတ်ပုံများကို မပြတ်likeပေးနေသူ စံ ထူးကျော်နှင့် ခင်မင်ခဲ့ကြခြင်းဖြစ်သည်
။ ၂၁ရာစုလူငယ်တွေပဲ မဟုတ်ပါလား ။ နယ်မြေများ ခြားနေပေမဲ့ နေ့စဉ် စကား ဖောင်ဖွဲ့ကြရင်း
တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးခဲ့ကြသည် ။
“ ဘိုလေးနော်…ကိုယ့်အပေါ် ဗိုလ်မကျရဘူး ။ ဒါပဲ ။”
“ ချစ်တယ် ကလေးရယ် ။ အဲ…ကလေးလေးလို ချစ်တယ်လို့ ပြောတာနော် ။”
ထိုသို့
ရွှန်းလဲ့ဘို အသည်းယားစေမည့် အနှောင့်အသွားမလွတ်သည့်စကားများကို “သူ”က ပြောတတ်သည် ။
စကားပြော ကောင်းသူ-စံထူးကျော်၏ တီတီတာတာစကားများကြားတွင် ရွှန်းလဲ့ဘို သာယာသွားခဲ့သည်
။ chattingမှတဆင့်တက် ကာ ဖုန်းပြောဖြစ်ခဲ့သည် ။ လေလိုင်းကြားမှာပဲ ချစ်သူများ ဖြစ်ခဲ့ကြသည်
။
စံထူးကျော်က ထားဝယ်သား ။ အသံအနည်းငယ်ဝဲပေမဲ့
စကား အလွန်တတ်သူ ။ ချစ်သူတွေဖြစ်ပြီးမကြာ
စံထူးကျော် ရန်ကုန်သို့ ရောက်လာသည် ။ လာရင်းကိစ္စက ရွှန်းလဲ့ဘိုကို အပြင် မှာ တွေ့ဖူးချင်လို့ဟူ၏
။ နှစ်ယောက်အတူ တွေ့ဆုံသည့်အခါ စံထူးကျော်၏ရုပ်သွင်က ဓါတ်ပုံထဲမှာထက် အပြင်မှာ ပိုပြီး
တည်ကြည်ခန့်ညားသည်ဟု ရွှန်းလဲ့ဘို ယူဆခဲ့မိသည် ။ သူကလည်း ရွှန်းလဲ့ဘိုအပေါ် ထပ်တူထပ်မျှ
တွေးခဲ့မိဟန်တူပါ သည် ။
ချစ်သူသက်တမ်း တစ်နှစ်ကျော်လွန်ချိန်မှာတော့ ရွှန်းလဲ့ဘိုတို့နှစ်ယောက်
လက်ထပ်ဖြစ်ခဲ့ကြသည် ။ သူ့မိဘများက သူ့အလိုကျ လာရောက်တောင်းရမ်းပေးခဲ့သည် ။ ကောင်လေးတွေဘက်က
စီးပွားရေးတောင့်တင်းသလို သမီးဖြစ်သူ ကိုယ်တိုင် သူ့ဘက်သားဖြစ်နေပြီမို့ ရွှန်းလဲ့ဘို၏မိဘများကလည်း
ငြိုငြင်ခြင်းမရှိဘဲ လက်ခံခဲ့ကြသည် ။ လက်ထပ်ပြီး နောက် သျှောင်နောက်-ဆံထုံးပါဆိုသည့်အတိုင်း
သူနှင့်အတူ ထားဝယ်သို့ ပါသွားခဲ့သည် ။ သို့နှင့်…ရွှန်းလဲ့ဘိုမှာ ထား ဝယ်သူဖြစ်ခဲ့ရပါပေါ့
။
t
“ ဝုန်း…”
“ အမလေးတော့…”
အတိတ်သံသရာထဲတွင်
ရွှန်းလဲ့ဘို နစ်ဝင်တွေးမြောနေမိခိုက် ဧည့်ခန်းထဲမှ တစ်စုံတစ်ခုပြုတ်ကျသံ ဝုန်းခနဲကို
ကြားလိုက် ရ၍ လန့်ဖြန့်ကာ ထအော်မိသည် ။ မျက်လုံးများကလည်း ဧည့်ခန်းရှိရာဆီသို့ လှည့်ကြည့်မိသည်
။ ရင်ထဲမှာတော့ တစ် အိမ်လုံးမှာ ကိုယ် တစ်ယောက်တည်းပါလားဟူသောအသိဖြင့် ကြောက်ရွံ့စိတ်
ဝင်လာမိပြန်သည် ။
“ ဟယ်…ကိုကိုနဲ့ရွှန်းရဲ့ဓါတ်ပုံပါလား ။ ဘယ်လိုဖြစ်တာလဲ…”
ဧည့်ခန်းထောင့်တစ်နေရာ၌
အကျအနချိတ်ဆွဲထားသော မင်္ဂလာဓါတ်ပုံက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခြင်းဖြစ်သည် ။
ဤတိုက်ခန်းက စံထူးကျော်နှင့်ရွှန်းလဲ့ဘိုတို့ လက်ထပ်ပြီးခါစ
ရန်ကုန်မှာ ခဏနေစဉ်က မေမေတို့ ပေးထားသောတိုက် ခန်း ။ ရွှန်းလဲ့ဘိုတို့အတွက် ရွှန်း၏မိဘများဘက်မှ
လက်ဖွဲ့သည့်ပစ္စည်းဆိုလျှင်လည်း မမှား ။ နှစ်ယောက်သား ရန်ကုန် သို့ရောက်တိုင်း ဤတိုက်ခန်းတွင်သာ
နေဖြစ်တာများသည် ။ သို့ကြောင့် တစ်အိမ်လုံးကို ပြည့်ပြည့်စုံစုံပြင်ဆင်ခြယ်မှုန်း ထားသည်
။ နှစ်သက်သလို ဓါတ်ပုံများ ၊ ပန်းချီကားများကို ချိတ်ဆွဲထားသည် ။ ယခုတော့ နံရံမှာ ချိတ်ဆွဲထားသော
မင်္ဂလာဓါတ်ပုံက သူ့အလိုလို ပြုတ်ကျလာပြီ ။
- ဒါ…သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား
။
အတွေးက အိပ်မက်ဆီသို့ ပြန်ရောက်သွားသည် ။ သန်မာသော-ယောက်ျားတစ်ယောက်က
ခေတ်ဆန်ဆန်လှပနေ သူ-မိန်းမငယ်လေးတစ်ယောက်ကို ဘေ့စ်ဘောတုတ်တံနှင့် အဆက်မပြတ် မသေမချင်းရိုက်နှက်သတ်နေခြင်း
။ ထိုအိပ် မက်ကို ရွှန်းလဲ့ဘို မြင်မက်တာ ယနေ့ညပါဆို နှစ်ညဆက်တိုက်ရှိပြီ ။ ရွှန်းလဲ့ဘို
ရန်ကုန်သို့ ရောက်လာသည့်-မနေ့ည ကလည်း ဤအိပ်မက်ကိုပဲ တစ်ထပ်တည်း မြင်မက်ခဲ့ပြီးပြီ ။
ဤမျှလောက် တိုက်ဆိုင်စရာအကြောင်းမရှိ ။ အိပ်မက်တစ်ပုဒ်ကို
နှစ်ညတိုင်တိုင် တစ်ပုံစံတည်း မြင်မက်နေခြင်းဟာ သမရိုးကျမဖြစ်နိုင်ပါ ။ အိပ်မက်၏နောက်ကွယ်တွင်
ထူးခြားသောအကြောင်းအရာတစ်ခု ရှိကိုရှိနေလိမ့်မည် ။
- ဟို…! အိပ်မက်က အဖြစ်မှန်တစ်ခုများလား
။ ဒါ…ဒါဆို…အို…မဖြစ်နိုင်ပါဘူး ။ မဖြစ်ပါစေနဲ့ ။
သွေးပျက်ဖွယ်အတွေးတစ်ခုကို
ရွှန်းလဲ့ဘို တွေးလိုက်မိပါပြီ ။
Tt
“တစ်နှစ်ပျော်ချင်ရင် အိမ်ထောင်ပြု”ဆိုသောဆိုရိုးစကားအတိုင်း အိမ်ထောင်ပြုအပြီး
တစ်နှစ်ကတော့ ရွှန်းလဲ့ဘိုအဖို့ ပျော်လိုက်သည်မှာ မိုးမမြင်လေမမြင် ။ တစ်ကြိမ်တစ်ခါမျှ
မရောက်ဖူးသော-ထားဝယ်မြို့၏အထင်ကရနေရာများသို့ နှစ်ဦး သား ဟန်းနီးမွန်းထွက်ခဲ့ကြသည် ။ ရွှန်းလဲ့ဘိုက ချစ်စနိုးဖြင့်
“ကိုကို”ဟုခေါ်သော-စံထူးကျော်ကလည်း ညားခါစ-ချစ်ဇနီး လေး၏အလိုကျ အရက်မသောက် ၊ အပျော်မမက်ဘဲ
အိမ်ကိုသာ ကပ်နေသည် ။
မိဘများက ငွေကြေးတောင့်တင်းသူများဖြစ်၍ စံထူးကျော်မှာ
အသက်(၂၇)နှစ်ရောက်သည့်တိုင် အလုပ်လက်မဲ့ပါပဲ ။ အိမ်ထောင်ကျပြီးနောက် အလုပ်လုပ်မည်ဟုဆိုကာ
ပွဲစားယောင်ယောင် ၊ ဘာယောင်ယောင် လုပ်နေသည် ။ သို့သော်… အလုပ်မလုပ်ဘဲ ခပ်လေလေနေသည်ကလွဲပြီး
အရက်မသောက် ၊ မိန်းမ မပွေရှုပ်သဖြင့် ထိုစဉ်ကတော့ ရွှန်းလဲ့ဘိုလည်း ငြူစူခြင်းမရှိခဲ့
။
သို့ပေမဲ့…အိမ်ထောင်သက်တစ်နှစ်ကျော်လာသည့်အခါ
ရွှန်းလဲ့ဘို စိတ်ကုန်လာသည် ။ မနက်မိုးလင်းလျှင် ဆိုင်ကယ် တစ်စီးနှင့် ရွာရိုးကိုးပေါက်
လျှောက်သွားကာ လေပန်းပြီး ပြန်လာသော“သူ့”ကို အပြစ်မြင်လာသည် ။ ယောက္ခများဆီမှ လက်ဖြန့်တောင်းရလွန်းသဖြင့်
မျက်နှာပူလှပြီ ။ ယောက္ခမများက မညည်းညူသည့်တိုင် သူတို့ဆီမှ လက်ဖြန့်နေရသည့် ဘဝကို ရွှန်းလဲ့ဘို
ရှက်လာသည် ။ သို့ကြောင့် “သူ့”ကို …
“ ကိုကို့မိဘတွေရဲ့ရော်ဘာလုပ်ငန်းမှာ
ကိုကို ဝိုင်းကူလုပ်ပါလား ။”
ဟု
စကားခေါ်ကြည့်သည် ။ သို့သော်…သူက ခေါင်းတစ်ချက်မညိတ်ဘဲ “ဘူး”ခံငြင်း၏ ။ ရွှန်းလဲ့ဘိုကိုလည်း
…
“ မင့်ကိစ္စ မဟုတ်ဘူး ။ ဝင်မပါနဲ့ ။”
ဟု
အော်ငေါက်ခဲ့သည် ။ နဂိုကတည်းက အသက်အရွယ်အရရော ၊ ငွေကြေးဥစ္စာအရပါ သူကချည်း သာနေသူမို့
ရွှန်းလဲ့ ဘိုမှာ သိမ်ငယ်စိတ်ဝင်ကာ မာန်တင်းထားရသည့်အထဲ ထိုသို့ အော်ငေါက်ခံလိုက်ရသည့်အခိုက်
ဒေါသထောင်းခနဲထွက် သွားခဲ့ရသည် ။ ငြိမ်ခံလျှင် ပိုကမ်းတက်မည်ဟုတွေးကာ သေးသေးတင်မခံဘဲ
ပြန်ရန်လုပ်ခဲ့သည် ။ သည်မှာပဲ လင်မယား နှစ်ယောက် ပြဿနာတက်လေ၏ ။
အဲ့သည့်နောက်ပိုင်း နှစ်ယောက်သား တကျက်ကျက်ဖြစ်ကြသည်
။ ချစ်ကြိုက်နေကြစဉ်က အပြစ်မမြင်ခဲ့ပေမဲ့ ယခုမှပဲ သူတို့နှစ်ယောက်ဟာ မည်သို့မျှ ပေါင်းစည်း၍မရလောက်အောင်
စိတ်သဘောထားချင်း ကွဲလွဲနေသူတွေမှန်း ရွှန်းလဲ့ဘို သိလိုက်ရသည် ။ ရွှန်းလဲ့ဘိုက အလုပ်လုပ်ရန်တိုက်တွန်းသလို
စံထူးကျော်ကလည်း ရွှန်းလဲ့ဘိုကို ခေတ်ဆန်ဆန်နှင့် လှလှပပဝတ်ဆင်စေလိုသည်။ တစ်ယောက် မကြိုက်သည့်အကြောင်းကို
တစ်ယောက်က အချိန်တိုင်းပြောနေမှတော့ ရန် မဖြစ်ဘဲ ဘယ်နေပါတော့မလဲ ။ နေ့ရှိသ၍ တကျက်ကျက်ဖြစ်နေတော့သည်
။
t
အမှန်တော့ စံထူးကျော်က လေပြေသမား ။ ရွှန်းလဲ့ဘိုက
ပါးစပ်သေနတ်သမား ။ စံထူးကျော်က မိန်းမဖြစ်သူကို လှလှ ပပ ခေတ်ဆန်ဆန်နေထိုင်စေချင်သည်
။ အဝတ်အစားကို နိုင်ငံတကာနှင့်အညီ အတိုအပြတ်တွေ ၊ အလန်းစားတွေ ဝတ် စေချင်သည် ။ ရွှန်းလဲ့ဘိုကလည်း
ဘုနှင့်ဘောက် ။ မြန်မာဝတ်စုံကို ခုံမင်စွာဝတ်ဆင်တတ်သူ ။ အပျိုဘဝကမှ ဘောင်းဘီ တို ၊
စကပ်တိုတို့ ဝတ်စားတတ်ခဲ့ပေမဲ့ အိမ်ထောင်ကျပြီးနောက် လုံလုံခြုံခြုံ တည်တည်ငြိမ်ငြိမ်သာ
ဝတ်ဆင်တော့သည် ။
“ မိန်းမရယ်…ကိုကိုလည်း
ကိုယ့်အလုပ်ကိုယ် ကြိုးစားလုပ်နေတာပဲ ။ ကဲ…ဒီမှာကြည့်စမ်း ။ ဒီနေ့ ကားတစ်စီး ခွင်မိမိနဲ့
ရောင်းလိုက်ရလို့ မိန်းမဖို့ စကပ်တစ်ထည် ဝယ်လာတယ်
။ အဝါနုလေး…လှရဲ့လား ။”
“ အို…ကျွန်မက ဘယ်တုန်းကများ စကပ်အတို ဝတ်တတ်လို့တုံး ။ စကပ်တို့ ၊ ဂါဝန်တို့
မပြောနဲ့ ။ ဘောင်းဘီတောင်
မဖြစ်မနေမှ ဝတ်တာ ။ ဘယ့်နှယ့်…အိမ်ထောင်သည်က
အတိုအပြတ်တွေ ဝတ်နေရင် လူများ ကဲ့ရဲ့မှာပေါ့ ။”
“ သြော်…ဘိုကလဲ ။ သူများ ကဲ့ရဲ့တာ ဂရုစိုက်စရာလားလို့ ။ ကိုယ့်ယောက်ျား သဘောကျရင်
ပြီးရောပေါ့ ။ ဘိုက
ကံကောင်းတာပါနော် ။ တချို့ယောက်ျားတွေဆို သိပ်အူတိုတာ
။ ကိုယ့်မိန်းမ လှလှဝတ်ရင် အမျိုးမျိုးကဲ့ရဲ့တတ်
တာ ။ ကိုယ်ကတော့ ကိုယ့်မိန်းမကို လှစေချင်လွန်းလို့
ဝယ်တောင်လာတယ် ။ ဝတ်ကြည့်စမ်းပါဦး ဘိုရယ် ။”
“ အာ…မဝတ်ချင်ပါဘူးဆိုနေ ။ အဲဒါမျိုးတွေက အရှက်သိက္ခာမဲ့တဲ့မိန်းမတွေပဲ ဝတ်တာရှင့်
။ ကျွန်မ မဝတ်နိုင်ဘူး ။
ရှင့်ဟာရှင် နဂိုကတည်းက အဲဒါမျိုးဝတ်တတ်တဲ့ မိန်းမကို
ယူခဲ့ပေါ့ ။ ဘာဖြစ်လို့ ကျွန်မလို သုံးတောင်ဝတ်ကို ယူခဲ့
သလဲ ။ ရှင့်ဟာရှင် မိုက်တာလေ ။”
“ ဟာ…မင်း…မင်းကွာ ။ ပြောလိုက်တိုင်း ဒီစကားပဲ ။ အေး…နောက်မှ နောင်တမရနဲ့ ။”
ထိုနေ့က
စံထူးကျော် အကြီးအကျယ်ဒေါသထွက်သွားခဲ့သည်ကို ရွှန်းလဲ့ဘို မှတ်မိနေသည် ။
စံထူးကျော်က အခြားနေရာတွင်သာ အပြောနှင့်အလုပ်
ညီချင်မှ ညီမည် ။ သည်နေရာမျိုးကျ ရက်ပိုင်းအတွင်းပင် အပြောကို လက်တွေ့လုပ်ပြတော့သည်
။ အိမ်ပြန်နောက်ကျလာသည် ။ အရက်သာ မူးချင်မူးလာမည် ။ ဘယ်သောအခါ မှ အိမ်အတွက် ပိုက်ဆံ
ပါမလာ ။ ပို၍ဆိုးသည်မှာ အပြင်က တိုးတိုးတစ်မျိုး ၊ ကျယ်ကျယ်တဖုံ ကြားလာရသည့်သတင်း များ
။
“ ရွှန်းရေ…ညီမလေးကို ခင်လို့ သတိပေးရဦးမယ် ။ ယောက်ျားကို
လွှတ်မထားနဲ့နော် ။ ယောက်ျားဆိုတာ မြင်းလိုပဲ ။
သခင်က လွှတ်ပေးလိုက်တာနဲ့ မြင်းစောင်းက ပြေးတော့တာပဲ
။”
စံထူးကျော်နှင့်အစ်မနှစ်ဝမ်းကွဲတော်သည့်
နွဲ့နွဲ့သော်၏စကားကြောင့် ရွှန်းလဲ့ဘို၏ရင်ထဲ သံသယတို့ တိုးပွားလာခဲ့သည် ။ ဤသို့သောစကားမျိုးကို
ယောက္ခမကြီးထံမှလည်း အရိပ်အမြွက်ကြားခဲ့ပြီးပြီ ။ ဤအကြောင်းများသည် တစ်စုံတစ်ခုကို ဦး
တည်နေလိမ့်မည်မှန်း ရွှန်းလဲ့ဘို သိလိုက်သည် ။
ရွှန်းလဲ့ဘိုက ပုံစံကြည့်လျှင် အေးအေးကြည်ကြည်နဲ့
ပျော့တိပျော့ဖတ်ဟု ထင်စရာရှိပေမဲ့ အင်မတန် စိတ်မာသူတစ် ယောက် ။ အကယ်၍ စံထူးကျော်သာ
ဖောက်ပြန်နေခြင်းအမှန်ဆိုလျှင် လွယ်လွယ်ကူကူဖြင့် ခွင့်လွှတ်လိမ့်မည်မဟုတ် ။ တစ်ခါ ခြံခုန်ဖူးတဲ့နွားက
နောက်တစ်ခါလည်း ခြံခုန်မှာပဲလေ ။ ဒီကိစ္စကို အချိုသတ်ပြီးမှ နောင်ကြဉ်သွားအောင် ဆုံးမရ
မယ်ဟု တေးထားသည် ။ ရိုးသားမှုကင်းသော အညှိုးအတေးစိတ်ရင်းဖြင့် ယောက်ျားဖြစ်သူထံ ပြန်လည်ချည်းကပ်ခဲ့၏
။ အချစ်ကြီးရင် အမျက်ကြီးဆိုသည့်စကားအတိုင်း လင်သားနှင့်ပတ်သက်လာပါက ရေမြွေဘဝမှပင်
မြွေဟောက်မြွေပွေး ဘဝသို့ ရုတ်ချည်းပြောင်းလဲသွားတတ်သော ဣိတ္ထိယများ မဟုတ်ပါတကား ။
စံထူးကျော် အံ့သြသွားလောက်အောင် ရွှန်းလဲ့ဘို၏စကားသံများ
ပြောင်းလဲသွားသည် ။ သကာကို ပျားရည်လူးသော အပြုံးတို့ဖြင့် စံထူးကျော်ကို ခရီးဦးကြိုပြုလေ့ရှိပြီး
သူ ဘယ်လောက်ပဲ မူးပေဆူဆဲနေပါစေ…အပြုံးတစ်ချက် မပျက်ဘဲရှိ လေရာ ကြာလာတော့ စံထူးကျော်ပင်
အားနာလာပုံပေါ်သည် ။
လင်မယားနှစ်ယောက် ညားခါစတုန်းကလို ပြေပြေလည်လည်
ပြန်ဖြစ်လာသည် ။ တီတီတာတာစကားတို့ဖြင့် တွတ်ထိုး မနေသော်ငြား တဂျိန်းဂျိန်း ရန်မဖြစ်ကြတော့
။ အမှန်မှာ မုန်တိုင်းတိုက်ခတ်ပြီး၍ မိုးစဲသွားခြင်းမဟုတ် ။ မုန်တိုင်းဝင်ရန် အတွက်
လေငြိမ်နေခြင်းသာ ။
“ ကိုကို…ဘို မေးစရာရှိတယ် ။”
“ အင်း…မေးလေ ။ ဘိုလေး…”
“ ကိုကို ဘို့ကို မလိမ်ရဘူးနော် ။ အမှန်အတိုင်း ဖြေပေး ။”
“ သြော်…ဒီကောင်မလေးနှယ် ။ လူကို တရားခံစစ် စစ်နေတယ် ။ အမှန်ဖြေမယ်…ဟုတ်ပြီလား
။”
“ ဒီဖုန်းထဲကဓါတ်ပုံက ဘယ်သူ့ပုံလဲဟင် ။”
ရွှန်းလဲ့ဘိုက
ဟန်းဖုန်းကို မြှောက်ပြကာ ခပ်အေးအေးမေးလိုက်ခြင်းဖြစ်ပေမဲ့ စံထူးကျော်ကလည်း ပြာယာခတ်သွားခဲ့
သည် ။ မျက်နှာက လေဖြန်းသွားသည့်အလား တွန့်လိမ်ရှုံ့မဲ့သွားသည် ။
“ ဟာ…ဒီ…ဒီဓါတ်ပုံက ဘယ်…ဘယ်လိုလုပ်ပြီး ဘို့ဆီ ရောက်နေရတာလဲ ။”
“ သိပ်အံ့သြသွားလား ။ သူက သိပ်လှတာပဲနော် ။ ကိုကို့အကြိုက် ဂါဝန်တိုလေးတွေ ၊
စကပ်တိုလေးတွေကို အမြဲတမ်း
ဝတ်တတ်ပုံပဲ ။ အင်းပေါ့လေ…သူ့ပေါင်တံလေးတွေကို သွယ်သွယ်ပြောင်းပြောင်းလေးတွေပဲကိုး
။ ကိုကိုက သူ့ကို
သိပ်ချစ်တာပဲလား ။”
“ အာ…မ…မဟုတ်ရပါဘူး ဘိုရယ် ။ သူနဲ့ကိုကိုနဲ့က သာ…သာမန်ခင်မင်ရုံပါ ။”
“ သြော်…ဟုတ်လား ။ ဒါဆို ဘိုက သံသယများနေတာပေါ့နော် ။ မသိပါဘူး ။ ကိုကို့ဖုန်းမှာ
သူ့ကို ခေါ်ထားတဲ့ callက
ရာချီနေတော့ ထူးခြားတဲ့ဆက်ဆံမှုများလားလို့ပါ
။ ဒါဆို…သာမန်ခင်မင်ရုံပေါ့ ။ ဒီစကားလေး ပြောတာကို ဘာဖြစ်လို့
ချွေးတွေ ထွက်နေရတာလဲ ဟင်းဟင်း ။ အဖြေက ရှင်းရှင်းလေးပါ
။ ကိုကိုက လိမ်နေတာပဲကိုး ။ ပါးစပ်ကစကားလုံး
တွေပဲ ညာလို့ရမယ် ကိုကို ။ မျက်လုံးအကြည့်တွေကိုတော့
ညာလို့မရဘူး ။ နှစ်နှစ်နီးပါး ပေါင်းလာတဲ့လင်မယားတွေ
ပါ ။ ကိုကို ညာနေသလား ၊ မညာနေဘူးလားဆိုတာ ဘို
သိတယ် ။ ပြောပါ ။ ဒီအမျိုးသမီးနဲ့ကိုကိုက ဘယ်အဆင့်ထိ
ရောက်နေပြီလဲ ။”
ရွှန်းလဲ့ဘိုက
အကွက်ကျကျပြောလိုက်တော့ စံထူးကျော် မျက်လုံးပြူးသွားသည် ။ နားသယ်စပ်က စီးကျနေသော ချွေးများ
ကို လက်ခုံဖြင့် ပွတ်သုတ်လိုက်ရင်း သက်ပြင်းရှိုက်သည်။ စူးစူးရဲရဲစိုက်ကြည့်နေသော ရွှန်းလဲ့ဘိုကို
မဝံ့မရဲမော့ကြည့်ပြီး…
“ ဘို…ကိုကို တောင်းပန်ပါတယ် ။ ကိုကို မှားသွားပါတယ်နော် ။ ကိုကို့ကို ခွင့်လွှတ်ပါ
။”
“ မရဘူး ကိုစံထူးကျော် ။ ကျွန်မ ရှင့်ကို ခွင့်မလွှတ်နိုင်ဘူး ။ ဒါ… သစ္စာဖောက်တာပဲ
။ အဲဒီမိန်းမက ရှင့်မယားငယ်
လား ။”
“ မဟုတ်ရပါဘူး ဘိုရယ် ။ ဟို…ကိုကို စိတ်ကစားသွားတာပါ ။ သူ…သူက ဘီယာဆိုင်မှာ
သီချင်းဆိုတဲ့ကောင်မလေး ။ ကိုကိုက အဲဒီဆိုင်မှာ နေ့တိုင်း သွားသောက်နေကျ
။ အဲဒီမှာပဲ မူးမူးရူးရူးနဲ့ ငြိသွားတာပါ ။ ကိုကို့စိတ်ထဲ ပါလို့ မဟုတ်ပါဘူး ။ ကိုကို ချစ်တာ ဘို့တစ်ယောက်တည်းပါ
ဘိုရယ် ။ နော်…”
“ ဟင်းဟင်း…ယောက်ျားတွေကတော့ ဒီလိုပဲ လျှာရိုးမရှိတိုင်း ပြောတတ်ကြတာပဲလေ ။
ကျွန်မကိုယ်တိုင်လည်း အဲဒီ
စကားတွေထဲမှာ ပျော်ဝင်သွားခဲ့မိလို့ ရှင်နဲ့
အိမ်ထောင်ကျခဲ့တာ မဟုတ်လား ။”
“ ဘိုရယ်…အဲဒီလို မပြောပါနဲ့ ။ ဘို့အပေါ်မှာ ကိုကို ဘယ်လောက်ချစ်သလဲဆိုတာ ဘို
အသိဆုံးပါ ။ ခွင့်လွှတ်ပါနော် ။
ကိုကို ဘယ်တော့မှ ဒါမျိုးမဖြစ်စေရဘူး ။ အခုလည်း…ဘို့ကို
တောင်းပန်တဲ့အနေနဲ့ Ruby clubမှာ dinnerလိုက်ကျွေး
မယ်လေ ။ ဟိုတလောက ဘို စားချင်တယ်ပြောတဲ့ စားသောက်ဆိုင်လေကွာ
။ ဟို…စကပ်အတိုတွေ ၊ ဂါဝန်တိုတွေ
ဝတ်စရာမလိုဘူး ။ ဘိုလေးအကြိုက် မြန်မာဆန်ဆန်လေးပဲ
ဝတ်…ဟုတ်ပြီလား ။ ကိုကိုတို့နှစ်ယောက် ဒီလိုမထွက်ရ
တာ ကြာပြီမဟုတ်လား ။”
စံထူးကျော်က
အသည်းအသန်နှစ်သိမ့်သည် ။ သို့သော်…ဒေါသကုမ္မာရ-ရွှန်းလဲ့ဘိုက မည်သို့မျှချွေးသိပ်၍မရတော့
။ တစ် ကိုယ်လုံး ဆူဝေမတတ် ဒေါသသွေးတို့ ပွက်နေခဲ့ပြီ ။ ဒေါသ၏တွန်းအားကြောင့် ရွှန်းလဲ့ဘို၏နှုတ်ဖျားမှ
ခပ်ကြမ်းကြမ်း စကားလုံးများ ထွက်ကျသွားလေသည် ။
“ တော်စမ်းပါ ကိုစံထူးကျော်ရယ် ။ သစ္စာဖောက်ပြီးမှ နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့
။ ကျွန်မ ရှင့်ကို ခွင့်မလွှတ်ဘူး ။ ကျွန်မ
မိဘတွေရှိတဲ့ ရန်ကုန်ကို ပြန်မယ် ။ ရှင်နဲ့ မပေါင်းတော့ဘူး
။ ရှင့်လို ခြံခုန်တတ်တဲ့နွားက တစ်ခါခုန်ပြီးရင် နောက်
တစ်ခါလည်း ခုန်မှာပဲလေ ။ လုံးဝမယုံနိုင်တော့ဘူး
။”
“ ဘာကွ ။ မင်း…မင်းကွာ ။ ဘို…မင်း လွန်နေပြီ ။ မင်း ဒီလောက်တော့ ရက်ရက်စက်စက်မပြောပါနဲ့
။ ကိုယ်က သစ္စာ
မဲ့ချင်လို့မဲ့တာ မဟုတ်ပါဘူး ။ မင်းနဲ့ အဆင်မပြေလို့
စိတ်ပျော်ရာရှာမိတာပါ ။ ဒီမယ်…ဘို…ကိုကို အားလုံးကို အဖြစ်
မှန်အတိုင်း ဖွင့်ပြောပြီးပါပြီ ။ ဒါမှ ခွင့်မလွှတ်နိုင်သေးရင်
ကိုကို ဘာလုပ်ပေးရမလဲ ။ ကိုယ် တောင်းပန်နေပြီပဲလေ ။
ခွင့်လွှတ်လိုက်ပါတော့ ။”
“ အို…မသိဘူး … မသိဘူး ။ ရှင့်ကို မယုံတော့ဘူး ။ ရှင့်စကားတွေကိုလည်း မယုံကြည်တော့ဘူး
။”
“ တောက်…ဒီလောက် ရှင်းပြတာတောင်မှ ခွင့်မလွှတ်နိုင်ရင် အဲ့ဒီမိန်းမကို သွားသတ်ဖို့ပဲ
ကျန်တော့တယ် ။ သွားသတ်
ပေးရမလား…ပြော…ရွှန်းလဲ့ဘို ။”
“ မသိဘူး ။ မသိဘူး ။ ကျွန်မကို ဘာမှလာမေးမနေနဲ့ ။ ကျွန်မကတော့ မိဘအိမ်ကို ပြန်မှာပဲ
။ ရှင်နဲ့ မပေါင်းတော့ဘူး ။
သစ္စာမဲ့တဲ့လူကြီး ။ ခြံခုန်တဲ့နွားကြီး ။”
“ တောက် ... မင်း…မင်းကွာ … …”
စံထူးကျော်က
ဒေါသတကြီးထထွက်သွားခဲ့သည် ။ အိပ်ခန်းထဲတွင် ရွှန်းလဲ့ဘိုတစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်
။
ဇာတ်ညွှန်းရေးထားစဉ်က မင်းသားမှာ မင်းသမီး၏ခြေသလုံးကိုဖက်ကာ
မင်း မသွားပါနဲ့ဟု တောင်းပန်ပြီး ဇာတ်ပေါင်း ဖို့ဖြစ်သည် ။ တကယ်တမ်း ပြဇာတ်ကသည့်အခါကျ
မင်းသမီး ထွက်မသွားခင်မှာ မင်းသားက စိတ်ဆိုးမာန်ဆိုးနှင့် အရင် ထွက်သွားလေ၏ ။ ရွှန်းလဲ့ဘို
ဇာတ်ညွှန်းရေးတာ ညံ့သွား၍ဖြစ်မည် ။ ယခုကျ ဘာဆက်လုပ်ရမည်မှန်း မသိတော့ ။ စကားကုန်ပြောပြီးနေပြီမို့
ဤအိမ်ကြီးမှာ ဆက်နေစရာလည်း အကြောင်းမရှိတော့သဖြင့် အဝတ်အစားများ ကောက်ထည့် ကာ ရန်ကုန်သို့
ထွက်လာခဲ့လိုက်သည် ။
t
“ ကိုကို…ကိုကို
တကယ်ပဲ ကောင်မလေးကို သွားသတ်လိုက်တာများလား ။”
အတိတ်ပုံရိပ်၏အနားသတ်သို့ရောက်သည့်အခါဝယ်
ရွှန်းလဲ့ဘို၏အာရုံထဲသို့ တိုးဝင်လာသောအတွေးက ထိုအတွေးဖြစ် နေသည် ။ နှစ်ကြိမ်နှစ်ခါ
မြင်မက်သောအိပ်မက်ထဲတွင် တစ်ထပ်တည်းပါနေသော လူသတ်သမား၏မျက်နှာက ရွှန်းလဲ့ဘို ၏ခင်ပွန်းသည်-စံထူးကျော်ဖြစ်နေသည်ပဲလေ
။
- နံရံပေါ်ကဓါတ်ပုံ ပြုတ်ကျတာဟာ မမြင်ရတဲ့တစ်စုံတစ်ယောက်ရဲ့လက်ချက်များလား
။
အတွေးနှင့်အတူ
ရွှန်းလဲ့ဘို၏ခန္ဓာတစ်ကိုယ်လုံး ကြက်သီးမွေးညင်းတို့ ဖြုန်းခနဲထကုန်သည် ။ ပတ်ဝန်းကျင်က
ရုတ်ချည်း အေးစက်လာသည် ။ နံဘေးတွင် လူတစ်ယောက် လာရပ်နေသလို ခံစားရသဖြင့် ကြောက်စိတ်တို့သည်
ရွှန်းလဲ့ဘို၏နှလုံး အိမ်တစ်ခုလုံး ပြည့်လျှံတက်သွား၏ ။
- ကိုယ့်စိတ်ကပဲ ချောက်လှန့်နေသလား
။ ဒါမှမဟုတ် အမှန်တကယ်ပဲ တစ္ဆေချောက်နေသလား ။
ရွှန်းလဲ့ဘို
တွေးတောဆင်ခြင်၍မရတော့ ။ အသိဥာဏ်တို့ ကပြောင်းကပြန်ဖြစ်နေပြီ ။ ဟန်းဖုန်းထဲမှဓါတ်ပုံကို
ပြန်လည် မြင်ယောင်မိသည် ။ ကိုကို့လည်ပင်းကို ဖက်တွယ်ထားသော စကပ်အကျပ်တိုတိုနှင့် မိန်းမချောလေး
။
ထိုမိန်းကလေးသည် ဒဏ်ရာဒဏ်ချက်တို့ ပြည့်နှက်လျက်ပုံစံဖြင့်
မိမိနံဘေးတွင် ရပ်ကာ မိမိကို စူးစူးရဲရဲကြီး စိုက်ကြည့် နေသည်ဟု ရွှန်းလဲ့ဘို၏စိတ်အာရုံတွင်
ခံစားလာရလေရာ ဝရံတာတွင် ဆက်နေရန် မဝံ့တော့ချေ ။
ဧည့်ခန်းနှင့်တဆက် တည်းရှိသော အိပ်ခန်းကျယ်ထဲတွင် ပြန်သွားအိပ်ရန်ဆို ပိုဆိုးသေး
။
နာရီကို မော့ကြည့်တော့ မနက်(၅)နာရီ ။ အပေါ်ထပ်အခန်းက
အသံတွေ ကြားနေရပြီ ။ သည်အချိန်ဆို အပေါ်ထပ် အခန်းနေ,ဘွားသန်းစိန်တစ်ယောက် ဆွမ်းဟင်း
ထချက်နေလောက်ရောပေါ့ ။ ဤတိုက်ခန်းတွင် ရွှန်းလဲ့ဘိုတို့လင်မယား နှစ်ယောက် ခဏလာနေခဲ့စဉ်က
တစ်တိုက်လုံးနှင့်ခင်မင်ရင်းနှီးပြီးသားမို့ အပေါ်ထပ်ခန်းမှ ဘွားသန်းစိန်နှင့်လည်း အသိ
တွေဖြစ်နေပြီ ။
“ ဒုန်း…”
မီးဖိုခန်းဆီမှ
ဒုန်းခနဲမြည်သံတစ်သံ ထွက်ပေါ်လာသည့်အခါ၌ ရွှန်းလဲ့ဘို အားခနဲကြုံးအော်မိတော့မတတ် ထိတ်လန့်သွား
သည် ။ သွေးပျက်သွားခဲ့ရသည် ။
- ကြောင်…ကြောင် ခုန်ဆင်းတာပဲဖြစ်မှာပါ
။ အို…ဒါပေမဲ့ ငါ့အိမ်မှာ ကြောင်မှ မရှိဘဲ ။
စိတ်ဖြေရာ
တွေးတောကြည့်ပေမဲ့ မရ ။ အာရုံတစ်ခုလုံးကို ကြောက်မက်ဖွယ်အတွေးတို့က ကြီးစိုးသွားခဲ့ပြီ
။ ကြောက်စိတ် တို့ကြောင့် တစ်ကိုယ်လုံးပင် တဆတ်ဆတ်တုန်လာသည် ။ မဖြစ်တော့…။ ဘွားသန်းစိန်နှင့်အတူ
ခဏသွားနေရန် စိတ် ကူးမိသည် ။ မိုးလင်း၍ နေထွက်မှသာ အခန်းသို့ ပြန်လာတော့မည် ။ အခန်းထဲတွင်
တစ်ယောက်တည်း ဆက်လက်နေ ထိုင်ရန်မရဲတော့၍ အပေါ်ထပ်သို့ ပြေးတက်လာလိုက်တော့သည် ။
t t t t t t t t t
ညနေ(၃)နာရီ၌ ထားဝယ်သို့ လိုင်းကားနှင့် ပြန်လာခဲ့၏
။ အာရုံထဲတွင် တစ်ချိန်လုံး စဉ်းစားလာမိသည်က အိပ်မက် အကြောင်းနှင့်ပတ်သက်၍ အဖြစ်မှန်ကို
ဖော်ထုတ်ကာ တရားဥပဒေအတိုင်း ဆုံးဖြတ်ရမလား ၊ ဒါမှမဟုတ် ထိုကိစ္စကို ကြံ ရာပါတစ်ယောက်အဖြစ်နှင့်
နှုတ်ပိတ်နေရမလား ။ ပထမတစ်ချက်ကို အလေးအနက်ထား တွေးကြည့်မိသည် ။
စံထူးကျော်ဆိုသူက အခြားမဟုတ်၊ ရွှန်းလဲ့ဘို၏ခင်ပွန်းသည်
။ မည်မျှပင် မတည့်ရှုပါစေ…မည်မျှပင် သစ္စာမဲ့ခဲ့ပါစေ… နှစ်နှစ်တာ ပေါင်းသင်းခဲ့ရသူမို့
သံယောဇဉ်က ဖြတ်တောက်ရန် မလွယ် ။ အဖြစ်မှန်ကို ဖော်ထုတ်ပြီး ဥပဒေလက်သို့ ထိုး နှံအပ်ဖို့ဆိုတာ
အတော်ခက်သည့်ကိစ္စ ။
နောက်ပြီး ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ဖော်ထုတ်ရန်ကလည်း
တိမ်မယောင်နှင့် နက်သည် ။ လူသတ်မှုကို ရွှန်းလဲ့ဘိုက ကိုယ်တိုင် တွေ့မြင်ခဲ့ရသူလည်း
မဟုတ် ။ ကယောင်ကတမ်းမက်သော-အိပ်မက်တစ်ပုဒ်ကို ဘယ်ရဲအရာရှိကရော ယုံယုံ ကြည်ကြည်လက်ခံမှာတဲ့လဲ
။ နောက်…မိမိက စုံထောက်လည်း မဟုတ် ။
ကြံရာပါအဖြစ်နှင့် နှုတ်ပိတ်နေရန်ကရော…။ ရွှန်းလဲ့ဘို
တွေးကြည့်သည် ။ အဖြစ်မှန်များကို မသိချင်ယောင် ဆောင် နေဦးတော့…တစ်နေ့နေ့တစ်ချိန်ချိန်
ကိုကိုက ဖွင့်ပြောလာခဲ့လျှင် ရွှန်းလဲ့ဘိုက နားလည်ပေးနိုင်မှာတဲ့လား ။ ကိုယ့်ဟာ ကိုယ်
ထင်သလိုပွေရှုပ်ခဲ့ပြီး ဇနီးသည် အပြစ်တင်မှ ဒေါသထွက်ပြီး မယားငယ်ကို သတ်ပစ်ခဲ့သည့်ကိစ္စအပေါ်၌
ရွှန်းလဲ့ဘို ခွင့်လွှတ်နိုင်ပါ့မလား ။ မိမိကို ချစ်လွန်းလို့ လုပ်တာပါဆိုဦးတော့…လူတစ်ယောက်၏အသက်ကို
ဟင်းရွက်ကန်စွန်းပမာ လုပ်ရဲသည့်သူတစ်ယောက်ကို ရွှန်းလဲ့ဘို လိပ်ပြာသန့်သန့်နှင့် ဆက်ပေါင်းဝံ့ပါ့မလား
။
“ အို…ဘယ်လိုပဲဖြစ်ဖြစ်…အဖြစ်မှန်ကို ဖော်ထုတ်မယ်
။ အဖြစ်မှန်ကို ဖော်ထုတ်ရမယ် ။”
အမှုမှန်ကို ဖော်ထုတ်မည်ဟု ရွှန်းလဲ့ဘို ဆုံးဖြတ်လိုက်ပြီ
။ နှစ်ညဆက်တိုက် မြင်မက်သော-အိပ်မက်တစ်ပုဒ်ကို ယုံ ကြည်ကာ ယောက်ျားကို လူသတ်သမားဟု
စွပ်စွဲနေမိသူ,ကိုယ့်ကိုယ်ကိုလည်း အံ့သြမိသည် ။ သို့သော်လည်း မသိစိတ် ထဲက ထိုကိစ္စကို
အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ဟု ယုံကြည်နေသောကြောင့် အမှန်တရား ပေါ်ပေါက်ဖို့ရာ ရွှန်းလဲ့ဘို
ကြိုး စားရတော့မည် ။
အိပ်မက်ကို ပြန်စဉ်းစားကြည့်သည် ။ အိပ်မက်သည်
ရွှန်းလဲ့ဘိုအတွက် သဲလွန်စသာဖြစ်သည် ။ ဘယ်နေရာဘယ်ဒေ သဆိုတာ သိရမှဖြစ်မည် ။ သို့မှသာ
အလောင်းကို ရှာဖွေနိုင်မည်မဟုတ်ပါလား ။ မိန်းမပျိုလေး၏အလောင်းကို တွေ့ပါက လူသတ်တရားခံကို
ရဲအရာရှိတို့က သေချာပေါက်ဖွေရှာရမည်သာ ။ ထိုအခါ၌ လူသတ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာ လက်တို့လိုက်ရုံမျှ
။
“ အို…ငါ ကိုကို့အပေါ် ရက်စက်လွန်းရာများ ကျနေသလား
။”
အမှုမှန်ပေါ်ပေါက်ရန် စိတ်အားထက်သန်စွာ
စဉ်းစားခန်းဝင်နေရင်းမှ ခင်ပွန်းသည်ကို အားနာသွားမိသည် ။
ယခုကဲ့သို့ စံထူးကျော် လူသတ်ရခြင်းမှာ မိမိကြောင့်
မဟုတ်ပါလား ။ ရွှန်းလဲ့ဘိုသာ ထိုနေ့က ခွင့်လွှတ်ခဲ့လျှင်၊ ရွှန်းလဲ့ ဘိုသာ ထိုနေ့က သူ့အပေါ်
နားလည်ပေးခဲ့လျှင် ယခုလို လူသတ်မှုတစ်ခု ပေါ်ပေါက်လာလိမ့်မည်မထင် ။ သို့ပေမဲ့ မာနခဲ
လေး-ရွှန်းလဲ့ဘိုက ပွဲကြမ်းပစ်ခဲ့သည် ။ “သူ” တောင်းပန်သမျှ ၊ ရှင်းပြသမျှကို ဆန့်ကျင်ကာ
အပြစ်တင်စကားချည်း ဖိဆိုခဲ့ သည် ။ နောက်ဆုံး…အဲဒီမိန်းမကို သွားသတ်မှ ကျေနပ်မှာလားဟု
သူ့နှုတ်က ထွက်ကျလာအောင် ရွှန်းလဲ့ဘို လုပ်မိခဲ့ခြင်း ဖြစ်သည် ။
“ အာ…မဟုတ်သေးပါဘူး ။ ဒါတွေအားလုံး
ဘယ်လိုလုပ် ငါ့အပြစ်ဖြစ်ရမှာလဲ ။ ငါက အဲဒီမိန်းကလေးကို သွားသတ်ဖို့
မခိုင်းပါဘူး ။ ငါ လိုချင်တာက အိမ်ကဆင်းသွားတဲ့ငါ့ကို
တောင်းတောင်းပန်ပန်နဲ့ လိုက်ခေါ်စေချင်ရုံပါ ။ ဒါကိုပဲ သူ
ဟာသူ တလွဲမာနထောင်ပြီး လူသတ်တဲ့အထိ ဖြစ်ကုန်တာ
။ ဒါဟာ…သူ့ရဲ့အတွင်းစိတ်ကို ဖော်ပြလိုက်တာပဲ ။ သူ
က တော်တော်ရက်စက်တဲ့လူပါလား ။ မဖြစ်ပါဘူး ။
ဟိုမိန်းကလေးအတွက်ရော ၊ ငါ့အတွက်ပါ အမှန်တရားကို ပြန်
ရှာဖွေတဲ့အနေနဲ့ အဖြစ်မှန်ကို ဖော်ထုတ်ရမယ်
။”
t
အာရုံတို့ ရှုပ်ထွေးနောက်ကျိနေပြီ ။ အိပ်မက်ထဲမှပုံရိပ်များကို
ပြန်လည်ပုံဖော်၍ မရသဖြင့် နောက်တစ်မျိုး လှည့်တွေး ကာ အဖြေရှာရပြန်သည် ။ မိန်းကလေး၏အမည်နှင့်လိပ်စာကို
သိရလျှင် ကောင်းမည် ။ အကယ်၍ သေသူ၏အမည်နှင့် နေရပ်လိပ်စာကို သိရပါက ရဲစခန်း၌ ပျောက်ဆုံးနေသည့်အကြောင်း
တိုင်ချက်ဖွင့်၍ရမည်ထင်သည် ။
“ အင်း…ကောင်မလေးက အရက်ဆိုင်က အဆိုမယ်ဆိုတော့ ဘယ်သူကမှ
အလေးထားမှာမဟုတ်ဘူး ။ အဲဒီလိုမျိုး မိန်း
ကလေးတွေက ဘော့စ်တစ်ယောက်နဲ့ ပါသွားရင် နှစ်ရက်/သုံးရက်
ပျောက်သွားတတ်တာ ရှိသလို အကောင်ကြီးကြီး
မိလို့ကတော့ နှစ်လ/သုံးလလည်း ပျောက်နေနိုင်တာပဲ
။ သူ့အတွက် ဘယ်သူကမှ လူပျောက်တိုင်ချက် ဖွင့်ပေးမယ်
မထင်ဘူး ။ သူ့ဘော်ဒါတွေကလည်း အကောင်ကြီးတစ်ကောင်
အပီမိထားလို့ ပျောက်ချက်ကောင်းနေတာလို့ပဲ ထင်
နေကြမှာ ဟူး…”
ပြဿနာက တွေးလေ ရှင်းရခက်လေပင် ။
တရားခံကို သိနေသော်ငြား သက်သေသက္ကာယ မရှိသောကြောင့်
ဖော်ထုတ်ရခက်နေသည် ။ အကယ်၍ အလောင်း ကို တွေ့လျှင်မူ အဖြေပေါ်အောင် ဖန်တီးယူ၍ လွယ်ကူလိမ့်မည်မို့
စိတ်အာရုံတို့ကို စုစည်းလိုက်သည် ။ အိပ်မက်ကို ပြတ် ပြတ်ထင်ထင် မြင်ယောင်နိုင်အောင်
ကြိုးစားလိုက်သည် ။
တသုန်သုန်တိုက်ခတ်နေသော လေညင်းကို ပထမဆုံး အမှတ်ရမိသည်
။ နောက်…လူသတ်သမားက အလောင်းကို ပွေ့ချီကာ ပင်လယ်ထဲသို့ ပစ်ချလိုက်သည့်အကွက်၌ ခပ်လှမ်းလှမ်းအကွာတွင်
ရွှေစေတီလေးတစ်ဆူကို မှုန်ဝါးဝါး လှမ်း မြင်နေရသလိုလို ခံစားမိသည် ။ ဟုတ်ပြီ…။ ထားဝယ်မြို့တဝိုက်ရှိ
ပင်လယ်ကမ်းခြေနဖူးပေါ်တွင် မေးတင်နေသော-ဘုရား တစ်ဆူဆူ၏အနီးမှာ ဖြစ်ပွားခဲ့ခြင်းသာဖြစ်မည်
။ ရွှန်းလဲ့ဘို သိသလောက်ဆို…ထိုအနေအထားမျိုးရှိသော-ဘုရားဟူ၍ မျှော်ရစ်စေတီတော်တစ်ဆူသာ ရှိသည်ပဲမဟုတ်လား ။
“ ဟာ…သေစမ်း ။ ဒီလောက်အရေးကြီးတဲ့-သက်သေတွေကို ငါ
ဘာဖြစ်လို့ မေ့နေရတာလဲ ။”
အဓိကအကျဆုံးသက်သေပစ္စည်းများကို ရွှန်းလဲ့ဘို
သတိရသွားသည် ။ ထိုအရာများကား ဘေ့စ်ဘောတုတ်တံနှင့် မိန်း ကလေး၏ခန္ဓာကိုယ်မှသွေးတို့ ပေစွန်းသွားသော-မိုးပြာရောင်ရှပ်အင်္ကျ
ီ ။ ထိုအင်္ကျီကို ရွှန်းလဲ့ဘိုကိုယ်တိုင် ဝယ်ပေးခဲ့ခြင်း ပါ ။
“ အဲဒီပစ္စည်းတွေကို အိမ်မှာပဲ ဖွက်ထားမလား မသိ
။ ဟုတ်ပြီ ။ အဲဒါတွေကို ငါ သွားရှာကြည့်မယ် ။ အကယ်လို့ ရှာ
တွေ့ခဲ့ရင်တော့ အမှုမှန် ပေါ်ပြီပဲ ။”
ပြဿနာကို ဖြေရှင်းရန်အတွက် နည်းလမ်းမျှင်မျှင်
ရှာတွေ့ခဲ့ပြီမို့ ရွှန်းလဲ့ဘို စိတ်သက်သာရာရသွားခဲ့သည် ။
သေဆုံးသူမိန်းကလေးကို ကရုဏာထား၊သနားလှသည်ချည်း
မဟုတ်သော်လည်း လူတစ်ယောက်ကို အကြောင်းမဲ့ မသေဆုံးစေလိုသော-စိတ်ဆန္ဒကြောင့် ယခုကဲ့သို့
ဖော်ထုတ်ရန် စဉ်းစားနေမိခြင်းဖြစ်သည် ။ နောက်ပြီး…သေဆုံးသူ ကိုယ်၌က ရွှန်းလဲ့ဘိုကို
အားကိုးလွန်းသဖြင့် နှစ်ညဆက်တိုက် အိပ်မက်ပေးခဲ့ခြင်းမဟုတ်ပါလော ။ ယခုမူ ဖြေရှင်းရန်
နည်းလမ်း ရှာတွေ့ခဲ့ပြီဖြစ်၍ တစ်ညလုံး မအိပ်ခဲ့သမျှကို အတိုးချကာ အိပ်ပစ်လိုက်တော့သည်
။ ထားဝယ်သို့ ရောက်ရှိ ရန်လည်း လိုသေးသည်ပဲကိုး ။
t
ကိုယ့်ကိုယ်ကို ဂျက်မလိုလို၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားထဲမှ
Spyလိုလို ခံစားနေမိသည် ။ ကိုယ့်ခြံထဲကိုယ် ဝင်လာခြင်း မှန်ပေမဲ့ ပတ်ဝန်းကျင်သို့ အရိပ်အခြေကြည့်နေရသည်
။ ရွှန်းလဲ့ဘိုကို အိမ်နီးနားချင်းတွေ မြင်သွား၍မဖြစ်သေး၊ ရွှန်းလဲ့ဘို အိမ်ပြန်လာသည့်အကြောင်းကို
စံထူးကျော် သိသွားလို့မဖြစ် ။ သက်သေပစ္စည်းအားလုံးကို သူ ဖျောက်ဖျက်ပစ်လိုက်လိမ့် မည်
။
အချိန်က မနက်(၉)နာရီဝန်းကျင် ။ စံထူးကျော်တစ်ယောက်
ဆိုင်ကယ်တစ်စီးနှင့် ရွာရိုးကိုးပေါက် လမ်းသလားနေ လောက်ပြီမို့ အိမ်ထဲသို့ စိတ်ချလက်ချ
ဝင်လာလိုက်သည် ။ ဆိုင်ကယ်လည်း မတွေ့သဖြင့် ယခုကဲ့သို့ စိတ်ချနေခြင်းဖြစ် သည် ။ မိမိ
မရှိသည်မှာ တစ်ရက်နှစ်ရက်သာရှိသေး ၊ တစ်အိမ်လုံး ရှုပ်ပွထနေပြီ ။ ထိုကိစ္စအပေါ် စိတ်တိုသွားမိပေမဲ့
အခြေအနေက ယခင်နှင့် မတူတော့သည့်အကြောင်း သတိရကာ လာရင်းကိစ္စကို ဦးတည်လုပ်ဆောင်ရန် စဉ်းစားလိုက်
သည် ။
အတူနေလာခဲ့သောလင်မယားတွေဖြစ်၍ သူ့အကြောင်းက အတွင်းသိအစင်းသိ
။ သူက မိမိကို လျှိုထားချင်သည့် ကိစ္စရှိလျှင် အိမ်အလယ်ရှိစာကြည့်ခန်းထဲက အဝတ်ဘီဒိုဟောင်းထဲတွင်
သိုဝှက်ထားတတ်သည် ။ ဒါကလည်း သူ့အကျင့် ဆိုးတစ်ခုပဲလေ ။ ယခုတော့ ထိုအကျင့်ဆိုးက သူ့ကို
ဒဏ်ခတ်သွားလေပြီ ။ ရွှန်းလဲ့ဘို ထင်ထားသည့်အတိုင်းပင် သွေးနီ နီတို့ စွန်းပေနေသည့် ဘေ့စ်ဘောတုတ်တံနှင့်ရှပ်အင်္ကျ
ီကို ဘီဒိုအောက်ဆုံးထပ်၏ချောင်ထဲ၌ လုံးထွေးလျက် တွေ့လိုက် ရ၏ ။ သွေးတို့ကတော့ ခြောက်နေပါပြီ
။
“ သြော်…တကယ်ပါပဲလား ။”
အစက စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်လိုလို
ယောင်ယမ်း၍မြင်မက်ခဲ့သော အိပ်မက်ဆန်းတစ်ပုဒ်လိုလို စိတ်အာရုံထဲတွင် လှည့်စားထင်မြင်နေမိသေးရာ
အခုလို သက်သေခံပစ္စည်းများကို အထင်တရှားတွေ့မြင်လိုက်သည့်အခါမှပဲ ရွှန်းလဲ့ဘို ငိုင်
စင်းသွားခဲ့ရသည် ။ စိတ်ကူးအိပ်မက်တို့က လက်တွေ့ဖြစ်နေလေပြီပဲကိုး ။
တွေဝေနေမိသေးသည် ။ တစ်ယောက်နှင့်တစ်ယောက် အသက်မကချစ်ခင်၍
လက်ထပ်လာခဲ့ကြသော-ခင်ပွန်းသည် ကို မိမိကိုယ်တိုင် ဥပဒေဘောင်အတွင်းသို့ အပ်နှင်းရမည့်ကိစ္စသည်
အမှန်တော့ ရူးမိုက်လွန်းရာကျနေသည် ။ နောက်ပြီး အသတ်ခံရသည့်မိန်းကလေးကလည်း မိမိနှင့်
ယောက်ျားလုဖက်ဆိုလျှင်လည်း မမှား ။ ဘာလုပ်ဖို့ သူအတွက် ကိုကို့ကို ထောင်ထဲ ထည့်ရမှာလဲဟု
ကိုယ့်ကိုယ်ကို ဆင်ခြေပေးမိပေမဲ့ ရွှန်းလဲ့ဘို၏အတွင်းစိတ်က ထိုစကားကို လက်မခံ ။
အို…ဘယ်သူဘယ်ဝါပဲဖြစ်နေပါစေ…အသက်သေဆုံးရလောက်သည်အထိ
အပြစ်မရှိနိုင်ပါ ။ သေဆုံးခဲ့ပါလျက်နှင့် လူသတ်သမားက အဖမ်းမခံရဘဲ ပျော်ရွှင်နေပါလျှင်မူ
ထိုကိစ္စသည် တရားပါသတဲ့လား ။ ရွှန်းလဲ့ဘိုကရော စိတ်သန့်သန့် ဖြင့် အသက်ဆက်ရှင်ဝံ့ပါ့မလား
။ စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်လိုက်သည် ။ ဤကိစ္စကို ရဲအရာရှိများထံသို့ အကြောင်း ကြားရမည်
။
t
“ ကျွီ…”
အတွေးအမျိုးမျိုးကြား ပြေးလွှားရှုပ်ထွေးနေစဉ်
အိမ်ရှေ့မှ အသံတစ်သံကြားသည် ။ တံခါးဖွင့်လိုက်သော-အသံ ။ ဤအိမ် မှာ နေတာဖြင့် စံထူးကျော်နှင့်ရွှန်းလဲ့ဘိုတို့နှစ်ယောက်တည်းဖြစ်ရာ
အိမ်ထဲသို့ ဝင်လာသူမှာ စံထူးကျော်မှလွဲပြီး တခြားသူ မဖြစ်နိုင် ။ ရွှန်းလဲ့ဘို စိတ်ပူသွားရပြီ
။ အကယ်၍ အဖြစ်မှန်ကို မိမိ သိနေသည့်အကြောင်း စံထူးကျော် သိသွားခဲ့လျှင် ဘာ တွေ ဆက်ဖြစ်ကုန်လေမလဲ
။
သွေးဆူနေ၍ ဘာတစ်ခုမျှ စဉ်းစား၍ မရ ။ ခြေသံက
အလယ်ခန်းဆီသို့ ဦးတည်လာနေပြီမို့ ရွှန်းလဲ့ဘိုလည်း ကြံရာ မရသည့်အဆုံး၌ ဘီဒိုထဲသို့
ဝင်ပုန်းလိုက်သည် ။ ဘီဒိုမှာ တစ်ခြမ်းက အထပ်နှင့်ဖြစ်ပြီး ကျန်တစ်ခြမ်းကမူ ခြင်ထောင်/
ခေါင်းအုံး ၊ မွေ့ရာ ၊ စောင်တို့ ထည့်သိုသိမ်းရန်အတွက် အထပ်မပါဘဲ အရှည်လိုက်(ဒေါင်လိုက်)အကန့်ဖြစ်၍
ရွှန်းလဲ့ဘို တစ်ကိုယ်စာ ဝင်ဆံ့၏ ။
- ဟာ…ဒုက္ခပါပဲ ။
စိတ်ပူနေခဲ့သည့်အတိုင်း ခြေသံက အလယ်ခန်းဘက်သို့
လျှောက်လာပြီး စာကြည့်ခန်းထဲသို့ ဝင်လာလေသည် ။ ရွှန်း လဲ့ဘိုမှာ ရင်တို့ တဒိန်းဒိန်းခုန်မြန်နေကာ
ခြေဖျားလက်ဖျားတို့ အေးစက်တုန်ရီနေပြီ ။ အတွေးတို့ ကယောင်ချောက်ချား ဖြစ်နေသည်ကြောင့်
အသိစိတ်တို့ လွတ်ထွက်မသွားအောင် မနည်းထိန်းထားရသည် ။ အော်ဟစ်ပြေးထွက်သွားချင်စိတ် တောင်
ပေါက်သည် ။
ဝင်လာသူက မိမိ၏ခင်ပွန်းသည်-စံထူးကျော်မှန်း သိနေပေမဲ့
ရွှန်းလဲ့ဘို ကြောက်ရွံ့နေမိသည် ။ ဤဘီဒိုထဲမှာသာ မိမိ ကို တွေ့သွားခဲ့လျှင် စံထူးကျော်တစ်ယောက်
မည်သို့များ တုံ့ပြန်လေမလဲ ။
- အပြုံးနဲ့ ကြိုဆိုမှာလား
။
- အံ့သြသွားမလား ။ ဒါမှမဟုတ်
…
- အမှုမှန် ပေါ်မှာကြောက်ပြီး
သွေးတွေ ပေစွန်းနေတဲ့-ဘေ့စ်ဘောတုတ်တံနဲ့ ရွှန်းရဲ့ဦးခေါင်းကို မိတ်ဆက်ပေးလိုက်
မလား ။
- အို…သူ ဒီလောက်တော့
ရွှန်းအပေါ်မှာ ရက်စက်မယ်မထင်ဘူး ။
ဒါပေမဲ့…ရွှန်း မစွန့်စားရဲပါ ။
ရွှန်းလဲ့ဘို မတွေးတတ်တော့ ။ လူတစ်ယောက်ကို
ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူမို့ စံထူးကျော်ကို ရွှန်းလဲ့ဘို ကြောက် လန့်နေမိပါပြီ ။
လျှောက်တွေးကြောက်လန့်နေသည့်အခိုက်မှာပဲ အခန်းထဲသို့
လျှောက်ဝင်လာသည့်ခြေသံအစုံက ဘီဒိုရှေ့တွင် ရပ် တန့်သွားသည် ။ အပြင်သို့ မမြင်ရသော်လည်း
ဘီဒိုကို ရပ်၍ စိုက်ကြည့်နေမှန်း ရွှန်းလဲ့ဘို ခံစားမိသည် ။ ဘီဒိုကို ဖွင့်ပြီး သက်သေခံပစ္စည်းများကို
တခြားနေရာမှာ သိုဝှက်ထားမလို့များလား ။ မိန်းမဖြစ်သူ ထားဝယ် ပြန်လာသည်ကို သူ ကြားမိ
၍လား ။ အတွေးတို့က တောင်စဉ်ရေမရ ။
“ အ…အား…သေစမ်း ။ ဒီဗိုက်ကတော့…အရေးအကြောင်းဆိုရင်
လုပ်ပြီ ။”
ထိုစကားသံက ဘီဒိုရှေ့ကလူဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်
။ အသံကို ရွှန်းလဲ့ဘို ကောင်းစွာကျက်မိသည် ။ ခင်ပွန်း ဖြစ်သူ-စံထူးကျော်၏အသံ ။ ထို့နောက်…တက်သုတ်ရိုက်ခြေလှမ်းများဖြင့်
toiletဘက်သို့ ထွက်ခွာသွားသံကို ခပ်စိပ်စိပ် ကြားလိုက်ရ၏ ။
t
ကံတရားက အမှန်တရားကို ညီနောင်ကောင်းပီသစွာ မျက်နှာသာပေးခဲ့လေပြီ
။ ရွှန်းလဲ့ဘိုလည်း ရရှိသည့်အချိန်ခဏ ကို ကောင်းမွန်စွာ အသုံးချလိုက်သည် ။ ဘီဒိုထဲမှ
အသံမထွက်အောင် ထွက်ခွာလာခဲ့ပြီး ဧည့်ခန်းဆီသို့ ခိုးကြောင်ခိုးဝှက် ထွက်လာခဲ့သည် ။
ဧည့်ခန်းထဲ၌ စံထူးကျော်၏အရိပ်အယောင်ကို မတွေ့မြင်ရချေ ။ သူ တကယ်ပဲ toiletထဲ ရောက်နေ
ပုံရသည် ။ တုံ့ဆိုင်းမနေတော့ဘဲ တယ်လီဖုန်းခွက်ကို ကောက်ကိုင်ကာ နံပါတ်အချို့ကို နှိပ်လိုက်သည်
။
“ ဟယ်လို…ထားဝယ်-ရဲစခန်းကပါ ။”
“ ဟို…လူသတ်မှုတစ်ခု တိုင်ကြားချင်လို့ပါရှင့်
။”
“ ခင်ဗျာ…ဟုတ်ကဲ့ ။ ပြောပါခင်ဗျာ့ ။ ပြောပါ ။”
“ သတ်တဲ့သူက တခြားမဟုတ်ပါဘူး ။ ဟို…ကျွန်မရဲ့ယောက်ျားကိုယ်တိုင်ပါပဲ
။ သူ့နာမည်က ကိုစံထူးကျော်ပါ ။
အသတ်ခံရတဲ့-မိန်းကလေးရဲ့အလောင်းကို မျှော်ရစ်ဘုရားနားက
ကျောက်ဆောင်တွေကြား ၊ ဒါမှမဟုတ် ပင်လယ်
ထဲမှာဖြစ်ဖြစ် ရှာကြည့်ပါ ။”
“ ဟုတ်ကဲ့ ။ ဒါပေမဲ့…သက်သေအခိုင်အလုံ မရှိဘဲ ကျွန်တော်တို့ရဲတပ်ဖွဲ့က
ဘယ်လိုများ ယုံကြည်ရပါ့မလဲ ။ အရင်ဆုံး
သေဆုံးသူက ဘယ်သူဘယ်ဝါဆိုတာ သိပါရစေ ။ တိုင်ချက်ဖွင့်ထားတာတွေနဲ့
ကိုက်/မကိုက် တိုက်ကြည့်ရအောင်ပါ ။”
“ သြော်…သက်သေအခိုင်အမာ တွေ့ထားလို့ပါဆိုနေ ။ ဒီမယ်…ကျွန်မတို့အိမ်ကိုသာ
လာခဲ့ပါ ။ အိမ်အမှတ်(…) ၊
စံသပြေလမ်းထဲမှာ ။ ကျွန်မတို့အိမ်ကို ရောက်ရင်
အလယ်ခန်းမှာရှိတဲ့ စာကြည့်ခန်းထဲက ဘီဒိုဟောင်းကြီးကိုသာ
ဖွင့်ကြည့်လိုက် ။ အဲဒီမှာ သေသူရဲ့သွေးတွေ ပေနေတဲ့အင်္ကျ
ီနဲ့ လူသတ်လက်နက်ကို တွေ့ရလိမ့်မယ် ။ မြန်မြန်
လာကြပါရှင် ။ တော်ကြာ…ကျွန်မယောက်ျားက ပစ္စည်းတွေကို
နေရာရွှေ့သွားဦးမယ် ။”
“ ကောင်းပါပြီ ။ ကျွန်တော်တို့ အမြန်ဆုံး ဆောင်ရွက်ပါ့မယ်
။ အခုလို သတင်းပေးတဲ့ တာဝန်သိပြည်သူတစ်ယောက်ကို .... ။”
တစ်ဖက်မှ စကားမဆုံးခင် ရွှန်းလဲ့ဘို
ဖုန်းချလိုက်သည် ။ တော်ကြာ…မိမိကို စံထူးကျော် မြင်သွားဦးမည် ။ ရဲတွေ ရောက် လာချိန်အထိ
ပုန်းအောင်းနေတာ အကောင်းဆုံးဟု တွေးမိသဖြင့် တံခါးချောင်တစ်ခုတွင် ပုန်းနေလိုက်သည်
။
မကြာမီတွင် ရဲအရာရှိများ ရောက်လာကြတော့မည် ။
ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကံတရားအတိုင်းပါပဲ ။ အမှုကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမေးမြန်းကာ
အမှန်တရား ပေါ်ပေါက်လာအောင် ဆောင်ရွက်ကြလိမ့်မည်ဟု ယုံ ကြည်သည် ။ ရွှန်းလဲ့ဘိုကတော့ အတတ်နိုင်ဆုံး၊
အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပြီပဲလေ ။ ကျန်တာကို ပွဲကြည့်ပရိသတ် တစ်ယောက်အနေဖြင့် စောင့်ကြည့်အကဲခတ်ရုံသာ ။
ရွှန်းလဲ့ဘို၏စိတ်ထဲ၌ ရုတ်တရက် အေးငြိမ်းကြည်လင်မှုတစ်ခုကို
ခံစားလိုက်ရသည် ။ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်း သွားသကဲ့သို့ အပန်းပြေသွားသည် ။ စောစောက
လေးလံရှုပ်ထွေးနေသမျှ ခဏအတွင်း ငြိမ်းအေးသွားခဲ့၏ ။ အမှုမှန်ကို ဖော်ထုတ်ပေးနိုင်ခဲ့၍သာ
ဖြစ်ပါလိမ့်မည် ။
“ ဒုန်း…ဒုန်း…ဒုန်း…တံခါးဖွင့်ပါ ။ ရဲစခန်းကပါ
။”
ကြားလိုက်ရသည့်စကားသံကြောင့် စံထူးကျော်၏မျက်နှာ သွေးဆုတ်သွားသည်
။ ဘောင်းဘီထဲသို့ အပေါ်အင်္ကျီကို ထိုး ထည့်အပြီး ခေါင်းဖီးနေချိန်၌ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့ပြီး
တံခါးခေါက်သံနှင့်အတူ “ရဲစခန်း”ဟူသောစကားသံကိုပါ တဆက်တည်း ကြားလိုက်ရရာ စံထူးကျော်
ထိတ်လန့်သွားခဲ့ရသည် ။
- ဘုရား…ဘုရား…အလောင်းကို
လူ တွေ့သွားလို့လား ။ အာ…မဖြစ်နိုင်ပါဘူး ။ ငါကိုယ်တိုင် ပင်လယ်ထဲကို သေချာမျှော
ပစ်လိုက်တာပဲ ။ ခုလောက်ဆို တော်တော်ဝေးဝေးတောင်
ရောက်သွားလောက်ပြီ ။ ဘယ်လိုမှ တွေ့စရာအကြောင်း
မရှိဘူး ။ ဒါဆို…တစ်ယောက်ယောက်ကများ လူပျောက် တိုင်လိုက်လို့လား
။ အို…ငါ အတွေးတွေ များနေတာပါ ။ သူ့
အတွက် တိုင်ပေးမယ့်လူမှ မရှိဘဲနဲ့ဥစ္စာ ။ ငါ ပူစရာမလိုပါဘူး
။ ရဲစခန်းက တခြားကိစ္စနဲ့ လာတာပဲဖြစ်ပါလိမ့်မယ် ။
စံထူးကျော်…ရုပ်မပျက်နဲ့ ။ သတိထားစမ်း…။ ရုပ်ပျက်နေလို့
မဖြစ်ဘူး ။ ငါ့ကို ဘယ်သူမှ သံသယမဝင်ဘူး ။ ငါ လုပ်ခဲ့
တာအားလုံး ပိရိပြီးသားမို့ ဘယ်တော့မှ ပေါ်စရာအကြောင်း
မရှိဘူး ။
ထိုသို့ တသီတတန်းကြီး ကိုယ့်ကိုယ်ကို အားပေးရင်း တုန်ရီသောလက်အစုံဖြင့်
အိမ်တံခါးမကြီးကို ဆွဲယူဖွင့်လိုက်သည် ။
အိမ်အပြင်မှာတော့
ယူနီဖောင်းဝတ်ထားသော ရဲအရာရှိနှစ်ဦးက ခပ်တည်တည်ရပ်နေကာ တံခါးဖွင့်ပေးသောသူ့ကို အကဲခတ်သည့်အနေဖြင့်
စိုက်ကြည့်လိုက်သည် ။ အသားညိုညို၊ ကိုယ်လုံးကိုယ်ဖန်တောင့်တောင့်နှင့် ကောက်ကျစ်သော
မျက်လုံးများကို ပိုင်ဆိုင်ထားသူတစ်ယောက်ဟု ယေဘူယျကောက်ချက်ချလိုက်၏ ။ လူသတ်သမားအဖြစ်
သံသယရှိနိုင် သူပဲဟု ယူနီဖောင်းဝတ်များက သုံးသပ်မိကြသည် ။
“ ဟို…ဘာကိစ္စများ ရှိလို့ပါလဲ ။”
“ ကိစ္စကတော့ လူသတ်မှုတစ်ခုနဲ့ပတ်သက်ပြီး ဒီအိမ်က
ကိုစံထူးကျော်ကို သံသယရှိတဲ့အတွက် လာရောက်စစ်ဆေး
မေးမြန်းရတာပါ ။ နောက်ပြီး…အိမ်ကိုလည်း ရှာဖွေခွင့်ပြုပါ
။”
“ ဗျာ…ဟာ…မ…မဟုတ်ဘူး ။ ကျွန်တော်…ကျွန်တော် ဘယ်သူ့ကိုမှ
မသတ်ဘူး ။ မသတ်ဘူးဗျ ။ ခင်ဗျားတို့ မဟုတ်
တာ
မပြောပါနဲ့ ။”
“ မသတ်ဘူးဆိုလည်း ဖြည်းဖြည်းပြောပါဗျာ့ ။ ဘာဖြစ်လို့
ဒီလောက် မျက်နှာပျက်နေရတာလဲ ။ ဒီတစ်ချက်ကတော့
တော်တော် မသင်္ကာစရာကောင်းနေပြီ ။ ကျွန်တော်တော့
ဒီအမှုကို သိပ်စိတ်ဝင်စားသွားပြီ ကိုမြင့်ဆွေရေ ။ ခင်ဗျား
စဉ်းစားကြည့် ။ မိန်းမလုပ်သူကိုယ်တိုင် ဖုန်းဆက်ပြီး
ကိုယ့်ယောက်ျား လူသတ်တဲ့အကြောင်း တိုင်တန်းတဲ့အမှု
မဟုတ်လား ။”
မျက်နှာလေးထောင့်စပ်စပ်ရှိပြီး အသက်(၃၀)ကျော်အရွယ် ခန့်ထည်သောအသွင်ရှိသည့်ရဲအရာရှိက
အတူလာသူကို သာ မန်ကာလျံကာ ပြောလိုက်သည့်စကားပါ ။ တစ်နည်းအားဖြင့် တရားခံ၏အနေအထား ပျက်ယွင်းနေသည်ကို
နင်းပြီး အပိုင် ချည်တုပ်လိုက်သည့်-သဘောလည်းဖြစ်သည် ။ ထင်ထားသည့်အတိုင်း တရားခံ-စံထူးကျော်ခမျာ
တစ်မျက်နှာလုံးရှိသွေး များ ဖောက်ထုတ်ပစ်လိုက်သကဲ့သို့ သွေးဆုတ်ဖြူဖျော့သွားလေ၏ ။
“ ဘာ…ဘာရယ်…ကျွန်…ကျွန်တော့်မိန်းမကိုယ်တိုင် ဖုန်းဆက်ပြီး
တိုင်တာ ဟုတ်…ဟုတ်လား ။”
“ ဟုတ်ပါတယ် ကိုစံထူးကျော် ။ လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကတင်
ခင်ဗျားမိန်းမကိုယ်တိုင် အိမ်ဖုန်းနဲ့ဆက်ပြီး
တိုင်တန်းခဲ့တာပါ ။”
“ ဟာ…ဟာဗျာ…ဟာဗျာ…မဖြစ်နိုင်တာ ။ မဖြစ်နိုင်တာတွေ
။ ခင်ဗျား…ခင်ဗျားတို့ မဟုတ်တာတွေ မပြောနဲ့ ။ ကျုပ်…
ကျုပ်မိန်းမ အိမ်မှာ မရှိဘူး ။”
စံထူးကျော်၏အမူအရာများက အကြီးအကျယ်ပျက်ယွင်းနေလေပြီ ။
အိမ်ရှေ့တွင်
မားမားမတ်မတ်ရပ်လျက် သံသယမျက်ဝန်းများဖြင့် စူးစူးရဲရဲစိုက်ကြည့်နေသော-ရဲအရာရှိနှစ်ဦးကို
လည်းကောင်း ၊ နောက်ကျောတွင် တည်ရှိနေသော-ဧည့်ခန်းကျယ်ကြီးကိုလည်းကောင်း တလှည့်စီ ဝေ့ဝဲကြည့်ကာ
စံထူး ကျော်မှာ စိတ်ကဏှာမငြိမ်ဖြစ်နေချေသည် ။
တရားခံ၏မျက်နှာအနေအထားကိုကြည့်ရုံဖြင့်
စုံထောက်-ကိုတင်ဖေ အားတက်သွားသည်။ မျက်နှာတစ်ခုလုံး မလုံမလဲ စိတ်ကြောင့် ဖရိုဖရဲဖြစ်နေပြီလေ
။ နည်းနည်းပါးပါး ခြိမ်းချောက်အစ်အောက်လိုက်ရုံဖြင့် အမှုမှန် ပေါ်ပေါက်တော့မည်မှန်း
ကိုတင်ဖေတို့နှစ်ဦး သိနေသည် ။ နှစ်ယောက်လုံးကလည်း ရဲလုပ်သက် နည်းမှမနည်းတော့ဘဲ ။ သည်လောက်တော့
လူ ကဲခတ်တတ်ပြီပေါ့ ။
“ ဟုတ်လို့လား ။ ခင်ဗျားမိန်းမက အိမ်မှာ မရှိဘူးပေါ့
။ ကဲ…ဒါဆို ဘယ်သွားလဲ ။”
“ ဟို…ဟို…သူ့…သူ့အမေဆီ ခ…ခဏပြန်သွားတယ် ။”
“ ခင်ဗျား မလိမ်ချင်ပါနဲ့ ။ စောစောကတင် ဒီအိမ်ရဲ့အိမ်ဖုန်းကနေ
ဖုန်းဆက်လိုက်တာ ။ သေချာတယ် ။ အိမ်နံပါတ်
တောင် သေချာပြောလိုက်သေးတယ် ။ သူက ပြောရဲ့ ။
သူ့ယောက်ျားက မိန်းမတစ်ယောက်ကို သတ်ပြီး ပင်လယ်
ထဲကို ပစ်ချခဲ့တယ်တဲ့ ။ အဲဒီကိစ္စကို မယုံရင်
သက်သေခံပစ္စည်းတွေကို စာကြည့်ခန်းထဲက ဘီဒိုထဲမှာ ရှာကြည်ပါ
တဲ့ခင်ဗျာ ။ ကဲ…”
ဒုရဲအုပ်-ကိုမြင့်ဆွေ၏စကားအဆုံး၌ စံထူးကျော်၏မျက်လုံးများသည်
ပေါက်ကွဲစင်ထွက်တော့မလို ပြူးကျယ်ဝိုင်းစက်သွား ပြီး နှုတ်ခမ်းအစုံမှာလည်း ဟစိဟစိဖြစ်သွားသည်
။ အဖြစ်မှန်ကို ရဲဘက်က ခရေစေ့တွင်းကျသိနေသည့်အတွက် သွေး ပျက်သွားပုံပါပဲဟု ကိုမြင့်ဆွေတို့နှစ်ယောက်က
နားလည်လိုက်ကြသည် ။ သို့သော်လည်း…
“ အမလေး…အလိုလေး…မြတ်စွာဘုရား…မြတ်စွာဘုရား…မဟုတ်ဘူး
။ မဖြစ်နိုင်ဘူး ။ အား…အား…”
“ ဟာ…ဟာ…တရားခံ … တရားခံ ပြေးပြီကွ ။ ဖမ်း…ဖမ်း
။”
“ ဝုန်း…ဒုန်း…”
“ ချုပ်…လက်နှစ်ဖက်ကို ချုပ်လိုက် ။”
စံထူးကျော်က ကြောက်အားလန့်အား အော်ဟစ်ကာ နောက်ကြောင်းလှည့်ပြေးရာ
စုံထောက်-ကိုတင်ဖေက လျင်မြန်ဖျတ် လတ်စွာခုန်အုပ်ဖမ်းလိုက်ပြီး ဒုရဲအုပ်ကိုမြင့်ဆွေက
လက်နှစ်ဖက်ကို နောက်ပြန်ချုပ်ကာ လက်ထိပ်ခတ်လိုက်သည် ။ စံထူး ကျော်မှာ ယက်ကန်ယက်ကန်အော်ဟစ်ရုန်းကန်ရင်း
အဖမ်းခံလိုက်ရပြီ ။ အဖမ်းခံရသည့်အချိန်ထိ စံထူးကျော်က…
“ မဟုတ်ဘူး…မဟုတ်ဘူး ။ မဖြစ်နိုင်ဘူး ။”
ဟူ၍ အော်ဟစ်ငြင်းဆိုနေဆဲ…။
သတင်းပေးကား
တိကျမှန်ကန်လှပါဘိ ။ စာကြည့်ခန်းထဲရှိ ဘီဒိုဟောင်းကြီးကို ဝင်ရောက်ရှာဖွေသည့်အခါ၌ သွေး
တို့ ပေစွန်းနေသော-ဘေ့စ်ဘောတုတ်တံတစ်ချောင်းနှင့်ရှပ်အင်္ကျီတစ်ထည်ကို သက်သေခံပစ္စည်းများအဖြစ်
သိမ်းယူရရှိ ခဲ့သည် ။ သည်လောက်ဆို လူသတ်မှုတစ်ခုကို ဖော်ထုတ်ရန် ‘ဖောင်ဒေးရှင်း’ခိုင်နေပြီ
။
ပေစွန်းနေသော-သွေးတို့မှာ
သွေ့ခြောက်သွားပြီဖြစ်သော်ငြား မည်သူမည်ဝါ၏သွေးမှန်းသိရအောင် သွေးနမူနာ အဖြစ် စစ်ဆေးရပေမည်
။ ပြဿနာကလည်း အဲဒါပါပဲ ။ သတ်သူကို ဖမ်းမိနေသော်လည်း ၊ သက်သေခံပစ္စည်းများကို ရှာ ဖွေတွေ့ရှိနေသော်လည်း
သေသူကိုမူ မည်သူမည်ဝါမှန်း မသိရှိရသေးချေ ။ တရားခံကလည်း ထင်မှတ်မထားသည့်အခြေ အနေအပေါ်
လက်မခံနိုင်ဖြစ်ကာ အနည်းငယ် စိတ်ဖောက်ပြားသွားပုံရသည် ။ ကြောင်စီစီဖြစ်နေ၏ ။
ဖုန်းဆက်သတင်းပေးသူကိုသာ
ရဲတပ်ဖွဲ့က ကျေးဇူးတင်ရပေမည် ။ မဟုတ်လျှင် လူပျောက်တိုင်ချက် မရှိဘဲ လူတစ် ယောက် သေဆုံးသွားသည့်အကြောင်းကို
မည်သို့များ သိနိုင်ပါ့မလဲ ။ ယခုကျ ဖုန်းထဲကလူ ဆိုခဲ့သည့်အတိုင်း မျှော်ရစ် ဘုရားအနီး
ပင်လယ်ကမ်းနံဘေးရှိ ကျောက်ဆောင်များကြားသို့ သွားရောက်ဖွေရှာကြသည့်အခါ၌ ရုပ်ပျက်နေသော
အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရ၏ ။ လူသတ်မှုကွင်းဆက်ကို ဖော်ထုတ်ရန်သာ ကျန်တော့သည်
။
တရားခံက အဖြစ်မှန်
ပေါ်သွားသည့်အခိုက်၌ အလွန်အမင်း သွေးပျက်ထိတ်လန့်သွားဟန်တူသည် ။ နှစ်ရက်/သုံးရက် လောက်
ဘာစကားမျှ မေးမရဘဲ ငူငူငိုင်ငိုင်ကြီး ထိုင်နေတတ်သလို တစ်ခါတရံလည်း အသံနက်ကြီးဖြင့်
ကြောက်လန့် တကြားဟစ်အော်တတ်သည် ။ လေးရက်မြောက်နေ့ကျခါမှ ထူထူထောင်ထောင်ဖြစ်လာကာ မျက်လုံးအိမ်တို့လည်း
တည် ငြိမ်သွားပြီမို့ အဖြစ်မှန်များကို စုံစမ်းမေးမြန်းရတော့သည် ။
စုံထောက်ကိုတင်ဖေနှင့်ဒုရဲအုပ်ကိုမြင့်ဆွေတို့က
တရားခံကို အဖြစ်မှန် ဖော်ထုတ်ပြောဆိုအောင် အလောင်းရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း ၊ သက်သေခံပစ္စည်းများကိုလည်း
သိမ်းဆည်းရမိပြီဖြစ်ကြောင်း ၊ သွေးနမူနာကို ဆေးရုံသို့ ပို့ထားပြီမို့ မကြာမီတွင် သေသူဟာ
မည်သူမည်ဝါဆိုတာ သိရတော့မည်ဖြစ်ကြောင်း…စသည်ဖြင့် အကွက်ကျကျ စစ်ဆေးမေးမြန်းရ မည်ဟု
အမျိုးမျိုးစဉ်းစားတိုင်ပင်ထားခဲ့သော်လည်း တကယ်တမ်းကျ တရားခံက ဖြစ်ကြောင်းကုန်စင်ကို
သူ့ဟာသူ ဖွင့် ထုတ်ခဲ့သည် ။ အဖြစ်မှန်တို့ကို ပြောပြစဉ်၌ သူ့မျက်လုံးမှာလည်း နောင်တမျက်ရည်များနှင့်…။
“ ဆရာတို့ လာမေးတဲ့နေ့က ကျွန်တော် တော်တော်လန့်သွားခဲ့ရတယ်
။ ကျွန်တော် လုပ်ရပ်က သေသပ်လွန်းတော့
အမှုမှန် ပေါ်လိမ့်မယ်လို့ လုံးဝမျှော်လင့်မထားခဲ့ဘူးလေ
။”
“ ဟုတ်တာပေါ့ ။ တရားခံအများစုကလည်း ကိုယ့်ကိုယ်ကို
ဒီလိုပဲ အထင်ကြီးကြတာပါပဲ ။ ဒါပေမဲ့…ဥပဒေရဲ့လက်တံ
က ရှည်တော့ ဘယ်တရားခံမှ ပြေးမလွတ်နိုင်ပါဘူး
။”
“ ကျွန်တော်…ကျွန်တော် သဘောပေါက်ပါတယ် ။ ကျွန်တော်
အဖြစ်မှန်အားလုံးကို ဝန်ခံပါတော့မယ် ။ ဒါ…ဒါပေမဲ့
တစ်ခုပဲ သိပါရစေ ။ ကျွန်တော့်ကို အမှန်အတိုင်း
ပြောပါဗျာ ။ အဲဒီနေ့က ဖုန်းဆက်တာ ကျွန်တော့်မိန်းမ သေချာရဲ့
လား ။ ကျွန်တော်တို့အိမ်က ဆက်တာဆိုတာ တကယ်ပဲလားဗျာ
။ တခြားနေရာကနေ တစ်ယောက်ယောက်က
ကျွန်တော့်မိန်းမယောင် ဟန်ဆောင်ပြီး ဖုန်းဆက်တာများ
မဖြစ်နိုင်ဘူးလား ။ ဒီကိစ္စကို အမှန်အတိုင်း ကျွန်တော်
သိပါရစေ ။ ကျွန်တော့်ကို ပြောပြကြပါဗျာ ။ တောင်းပန်ပါတယ်…”
စံထူးကျော်က ရီဝေဝေမျက်လုံးများဖြင့် ရဲအရာရှိနှစ်ဦးကို
တောင်းပန်သလိုစိုက်ကြည့်ရင်း မေးလိုက်သည် ။
ကိုတင်ဖေနှင့်ကိုမြင့်ဆွေတို့က
ယခုထက်တိုင် နားမလည်နိုင်ဖြစ်နေဆဲ ။ ဘာကြောင့်များ ဤကိစ္စကို တရားခံက အသည်းအသန် သိချင်နေရတာလဲ
။ ထိုအချက်က မည်သို့များ အရေးပါနေလို့လဲ ။
ရဲမျက်စိဖြင့် သဘောပေါက်လိုက်မိ သည်က အကယ်၍ တခြားလူ ဖုန်းဆက်သည်ဆိုပါမူ ဘူးခံငြင်းရန်
အကြံထုတ်နေခြင်းသာဖြစ်မည် ။ မိမိတို့ကို အချိုသပ် ကာ သိမ်းသွင်းနေခြင်းဖြစ်မည် ။ ဘယ်ရလိမ့်မလဲကွ
။ ငါတို့က ဝါရင့်တွေဟ…ဟု ကိုမြင့်ဆွေ၏စိတ်ထဲမှာ ကြုံးဝါးလိုက် ပြီး…
“ သြော်…တကယ်ပါဆိုဗျာ ။ ခင်ဗျားအိမ်က ဖုန်းနံပါတ်မှ
ခင်ဗျားအိမ်က ဖုန်းနံပါတ်စစ်စစ် ။ ကျုပ်ကိုယ်တိုင် စစ်ဆေး
ကြည့်ပြီးသွားပြီ ။ ဖုန်းဆက်တဲ့မိန်းကလေးက အသက်(၂၅)ဝန်းကျင်လောက်ပဲ
ရှိလိမ့်မယ် ။ အသံက ပါးတယ် ။ စူး
တယ် ။ နောက်ပြီး…စကားပြော မြန်တယ် ။ ကဲ…ဒါဆိုရင်
ခင်ဗျားမိန်းမ ဟုတ်တယ်ဆိုတာ ခင်ဗျား ယုံပြီမဟုတ်လား
ဗျ ။”
ကိုမြင့်ဆွေက ခပ်သွက်သွက်ပြောလိုက်သည် ။
ဖုန်းနံပါတ်
တထပ်တည်း ဟုတ်/မဟုတ် မစစ်ရသေးသည်ကလွဲ၍ ကျန်စကားအားလုံး အမှန်ချည်းသာဖြစ်သည် ။ ကို မြင့်ဆွေ၏စကားအဆုံး၌
စံထူးကျော်၏မျက်နှာတစ်ခုလုံး ညိုမည်းပုပ်သွားပြီး မျက်ဝန်းအိမ်အတွင်းမှ မျက်ရည်များ
တလိမ့် လိမ့် ယိုစီးကျလာသည် ။ စံထူးကျော် ငိုနေပါပကော ။
“ အီးဟီးဟီး…ဟုတ်…ဟုတ်ပါတယ် ဆရာ ။ ဟုတ်ပါတယ်ဗျာ
။ အဲဒါ ကျွန်တော့်မိန်းမပါပဲ ။ ကျွန်တော့်မိန်းမ-ရွှန်းလဲ့ဘို
ပါပဲ ။ သြော်…စိတ်ကြီးလိုက်တာ မိန်းမရယ် ။ တမလွန်ကို
ရောက်သွားတာတောင် ကလဲ့စားချေလိုက်ရမှ ကျေနပ်
သွားတယ်ပေါ့လေ ။ ကိုယ်လည်း ကျေနပ်ပါတယ် ။ ကိုယ့်အမှားတွေအတွက်
ဥပဒေကပေးတဲ့ပြစ်ဒဏ်ကို ကိုယ်
ကျေကျေနပ်နပ်ခံယူပါ့မယ် ။ နောက်ပြီး…ကိုယ် တောင်းပန်ပါတယ်
အီး…ဟီး…ဟီး…”
စံထူးကျော် အော်၍ညည်းလိုက်သည့်စကားအဆုံး၌ ဒုရဲအုပ်ကိုမြင့်ဆွေရော၊
စုံထောက်ကိုတင်ဖေပါ မျက်လုံးပြူးသွားလေ သည် ။
“ ဘာ…ဘာရယ် ။”
“ ခင်ဗျား …ခင်ဗျား ဘာတွေ ပြောနေတာလဲ ။”
“ ကျွန်တော် အားလုံးကို ပြောပြပါတော့မယ် ။ တကယ်တော့
အသတ်ခံရသူဟာ ကျွန်တော့်အမျိုးသမီးပါ ။ အသတ်မခံ
ရမီက သူနဲ့ကျွန်တော် စကားများခဲ့ကြပါတယ် ။ ပြဿနာက
ကျွန်တော် နောက်တစ်ယောက်နဲ့ရှုပ်မိလို့ပါ ။ အဲဒီမှာ သူ
က ကျွန်တော် စိတ်နာလောက်အောင် နစ်နစ်နာနာတွေပြောခဲ့ပါတယ်
။ နဂိုကတည်းကလည်း သူက အပြောခပ်ဆိုး
ဆိုးရယ် ။ ကျွန်တော်လည်း စိတ်ထဲမှာ သူ့ကို တေးထားလိုက်မိတယ်
။ လင်မယားကြားမှာ မထားသင့်တဲ့ အာဃာတ
စိတ်ပေါ့ဗျာ ။ ညကျတော့ သူ့ဝသီအတိုင်း နေ့လယ်ကကိစ္စအားလုံးကို
မေ့ပြီး ကျွန်တော် ချိန်းထားတဲ့ Ruby clubကို
ရောက်လာခဲ့တယ် ။ သူက နေ့လယ်ကကိစ္စမှာ သူ လွန်သွားမှန်း
သိပုံရရဲ့ ။ ကျွန်တော် စိတ်ကျေနပ်အောင် သူ တစ်
သက်လုံးမဝတ်ခဲ့ဖူးတဲ့ ၊ ကျွန်တော်က ဝတ်စေချင်လို့
ဝယ်ပေးထားတဲ့ ပန်းနုရောင်ဂါဝန်ကျပ်ကျပ်လေးကို ဝတ်လာခဲ့
တယ် ။ အမှန်ဆို ကျွန်တော် စိတ်ပျော့သွားသင့်ပါပြီ
။ ဒါပေမဲ့…ယောက်ျားတွေရဲ့စိတ်ကို ဆရာတို့လည်း အသိသား
ပဲ ။ မိန်းမတွေက ပြောပြီး မေ့သွားတတ်ပေမဲ့ ကျွန်တော်တို့ယောက်ျားတွေကတော့
မာနကို ထိပါးစော်ကားတဲ့အခါ
အညှိုးအတေးတွေ ထားတတ်ကြတယ်လေ ။ နောက်ပြီး…ကျွန်တော့်မှာလည်း
တခြားတစ်ယောက် ရှိနေပြီဆိုတော့
ဒီဟာမ မရှိရင် ကောင်းမှာပဲဆိုတဲ့အတွေးနဲ့ အဲဒီညမှာ
ကျွန်တော် သူ့ကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ် ။ အမှန်က
ကျွန်တော်ဟာ ဒီလောက်သွေးအေးတဲ့ကောင် မဟုတ်ပါဘူး
။ အဲဒီအချိန်တုန်းက ကျွန်တော် မူးနေခဲ့တာပါ ။ မူးမူးနဲ့
ကြံခဲ့မိတာပါ ။ သူ့ကို ချော့မော့အချိုသတ်ပြီး
ကျောက်ဆောင်ပေါ် ခေါ်သွား၊ ဟိုကိုလည်းရောက်ရော သူ့ကို ဘေ့စ်
ဘောတုတ်တံနဲ့ မသေမချင်းရိုက်သတ်ခဲ့မိတယ် ။ နောက်…အလောင်းကို
ပင်လယ်ထဲ ပစ်ချထားခဲ့တယ် ။ အသိ
တရားဝင်လာတဲ့အခါကျ အရာအားလုံးက လက်လွန်သွားခဲ့ပြီ
။ သတ်မိလိုက်ပြီ ။ ဒါနဲ့…ကျွန်တော်လည်း သူ…
စိတ်ဆိုးပြီး ရန်ကုန်ကို ပြန်သွားပြီလို့ အိမ်နီးချင်းတွေ၊
ဆွေမျိုးတွေကြားမှာ သတင်းလွှင့်ထားလိုက်တာ ။ သူက
ဟိုကိုပြန်ရင် သူ့အမေအိမ်ကို မပြန်ဘူးဆိုတာ
သိထားလို့ပါ ။ သူပြန်ရင် ကျွန်တော်တို့ပိုင်တဲ့ တာမွေတိုက်ခန်းကိုပဲ
ပြန်မှာလေ ။ အဲဒီမှာက ဆွေမျိုးသားချင်း မရှိသလို
ရန်ကုန်သဘာဝအတိုင်း အခန်းနီးနားချင်းတွေကလည်း တစ်
ခန်းနဲ့တစ်ခန်း အဆက်အဆံသိပ်မလုပ်ကြတော့ ။ နောက်ပြီး
စပ်စုတတ်တဲ့ အပေါ်ထပ်က-အဘွားကြီးကလည်း
မနှစ်ကပဲ ဆုံးသွားပြီဆိုတော့ ကျွန်တော့်မိန်းမ
ပျောက်နေတဲ့အကြောင်းကို ဘယ်သူမှ မရိပ်မိလောက်ဘူးအထင်နဲ့
ကျွန်တော် ပုံမပျက်နေ,နေခဲ့တယ် ။ ဒါ…ဒါပေမဲ့လည်း…အီး…အဟီး…အီး…”
စံထူးကျော်က အဖြစ်မှန်အားလုံးကို ဖွင့်ပြောအပြီး၌ စားပွဲပေါ်သို့
မျက်နှာအပ်ကာ ရှိုက်ကြီးတငင်ငိုတော့သည် ။ မိန်းမဖြစ် သူကို အာဃာတအလျှောက် သတ်ခဲ့မိသည့်အတွက်
နောင်တရနေခြင်းလား ၊ သို့မဟုတ် ဘယ်တော့မှ မပေါ်နိုင်ဟု ယုံ ကြည်ထားသော လူသတ်မှုတစ်ခုက
ရုတ်တရက် တစ်စုံတစ်ယောက်၏ပယောဂကြောင့် ဘွင်းဘွင်းကြီးပေါ်လာခဲ့၍ စိတ် ဆင်းရဲနေခြင်းလားဆိုတာတော့
သူသာလျှင် သိလိမ့်မည် ။
တရားခံ ပြောသမျှကို
မျက်လုံးအဝိုင်းသား နားထောင်နေမိသော ကိုမြင့်ဆွေနှင့်ကိုတင်ဖေတို့မှာလည်း ယခုချိန်ထိ
ပါးစပ်အဟောင်းသား ။ အမှုမှန်ကို လွယ်လွယ်ကူကူဖော်ထုတ်နိုင်ခဲ့သဖြင့် စိတ်ကျေနပ်ရမည်မှန်ပေမဲ့
မရှင်းလင်းသော ကိစ္စတစ်ခုကြောင့် ဦးနှောက်စားနေရခြင်းဖြစ်သည် ။ အံ့အားသင့်နေရခြင်းဖြစ်သည်
။ ထိုမရှင်းလင်းသည့်ကိစ္စက ဖုန်း ဆက်ပြီး သတင်းပေးသည့်လူက ဘယ်သူများပါလိမ့်…။
“ နေ…နေပါဦး ။ မင်း…မင်းနဲ့အတူ ကြံရာပါတစ်ယောက်ယောက်များ
ပါသေးလား ။ လုံးဝထိမ်ချန်မထားပါနဲ့ ။ ထိမ်ချန်
ထားရင် အမှုကြီးသွားလိမ့်မယ်နော့…”
“ ဒီကိစ္စတစ်ခုလုံးကို ကျွန်တော်တစ်ယောက်တည်း လုပ်ခဲ့တာပါ
။ ကျွန်တော် မလိမ်ပါဘူး ။”
“ မင်းရဲ့အိမ်မှာ မင်းအပြင် ဘယ်သူရှိနေသေးတုံး
။ မင်းနဲ့ ဖောက်ပြန်တဲ့မိန်းကလေးကို အိမ်ခေါ်ထားမိသေးလား ။”
“ ဘယ်သူမှ မရှိပါဘူး ဆရာတို့ရယ် ။ ကျွန်တော့်အိမ်မှာ
ကျွန်တော် တစ်ယောက်ပဲ ရှိနေတာပါ ။ ဟိုမိန်းကလေးက
လည်း ဆိုင်မှာ ဆုံကြ၊ပျော်ကြရုံသက်သက်ပါ ။ သူက
အိမ်အထိ လိုက်ဖို့ စိတ်ကူးမရှိပါဘူး ။”
“ မဟုတ်သေးပါဘူး ။ ဒါ…ဒါဆို ဖုန်းဆက်တဲ့လူက ဘယ်သူတုံး
။”
ကိုတင်ဖေက အားမလိုအားမရလေသံဖြင့် ထိုင်နေရာမှ ဝုန်းခနဲထရပ်ရင်း
မေးသည် ။ တရားခံက မျက်ရည်ရစ်ဝဲနေသော မျက်လုံးများဖြင့် ကိုတင်ဖေကို စိုက်ကြည့်နေသည်
။ အဖြေကမူ ထွက်ကျမလာ ။ ခေါင်းကိုသာ ခါယမ်းပြ၏ ။
“ သေချာပါတယ် … သေချာတယ် … ခဏနေဦး ။”
ကိုမြင့်ဆွေက ထိုစကားကို ရေရွတ်ရင်း ဖုန်းလက်ခံသောစာရင်းစာရွက်ကို
ဖိုင်တွဲထဲတွင် ရှာဖွေနေသည် ။ နည်းပညာ ဖွံ့ ဖြိုးတိုးတက်နေသည့်ခေတ်မို့ ဘယ်အရာကိုမျှ
လိမ်လည်၍မရတော့ ။ အကယ်၍ ထိုသူဟာ တရားခံ-စံထူးကျော်၏အိမ်မှ ဆက်သွယ်ခဲ့ခြင်းမဟုတ်ဘဲ တခြားနေရာက
ဖုန်းဆက်ခဲ့တာမှန်လျှင် ဤစာရင်းတွင် အတိအကျပေါ်နေမည်သာဖြစ်၏ ။
“ ဟာ…ဒီမှာ…ဒီမှာ…တွေ့လား ။ ခင်ဗျားအိမ်ဖုန်းနံပါတ်နဲ့
ကွက်တိပဲ ။ နောက်ပြီး…တည်နေရာကလည်း ခင်ဗျားအိမ်ပဲ။
ဒီ…ဒီကိစ္စကို ကျုပ်တို့ ဘယ်လိုနားလည်ရမှာလဲ ။
အခုအတိုင်းဆို သေသူကိုယ်တိုင်က ဖုန်းဆက်ပြီး တိုင်သလိုဖြစ်နေ
ပြီ ။ ကျုပ် ဒါတွေ အယုံအကြည်မရှိဘူး ။ ဒီမယ်…ကိုစံထူးကျော်…ခင်ဗျား
တစ်ခုခုထိမ်ချန်ထားရင်လည်း အဲဒီကိစ္စက
ပေါ်လာမှာပဲ ။ ကျုပ်တို့က ရအောင်စုံစမ်းမှာပဲ
။”
ဒုရဲအုပ်-ကိုမြင့်ဆွေက ဒေါသတကြီးအော်ဟစ်ငေါက်ငမ်းပြီး ထိုင်နေရာမှ
ထရပ်လိုက်သည် ။ သူ့မျက်လုံးများက မီးပွားများ လွင့်စင်ထွက်မတတ် တဝင်းဝင်းတောက်နေ၏ ။
သာမန်လိမ်ညာနေသူသာဆို…သူ့မျက်လုံးအကြည့်ကိုကြောက်၍ ဖွင့် ထုတ်ဝန်ခံမိမည်သာ ။ သို့သော်…စံထူးကျော်ကမူ
တုတ်တုတ်မျှ မလှုပ်ဘဲ တငိုတည်းသာ ငိုနေလေသည် ။
t
အတည်ပြုချက်အသီးသီး
ထွက်ပေါ်လာခဲ့ပြီ ။ သေသူသည် ရွှန်းလဲ့ဘိုအမည်ရှိ အသက်(၂၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ကြောင်းကို
ရင်ခွဲရုံက အတည်ပြုခဲ့သလို ဘေ့စ်ဘောတုတ်တံနှင့်ရှပ်အင်္ကျီပေါ်မှ သွေးတို့သည်လည်း ထိုအမျိုး
သမီး၏ခန္ဓာကိုယ်မှ သွေးများဖြစ်ကြောင်းကို ဓါတ်ခွဲခန်းမှ အတည်ပြုခဲ့သည် ။
ရန်ကုန်သို့
ဆက်သွယ်စုံစမ်းကြည့်သည့်အခါမှာလည်း ရွှန်းလဲ့ဘိုဆိုသောအမျိုးသမီးသည် ရန်ကုန်သို့ ရောက်ရှိလာ
ခြင်းမရှိခဲ့ကြောင်းကို မိဘနှစ်ပါးနှင့် တာမွေတိုက်ခန်းရှိအခန်းနီးချင်းများက သက်သေထွက်ဆိုခဲ့၏
။ ဤမျှ သိရှိရပြီဆို လျှင် အမှုမှန် ပေါ်ပေါက်နေပြီဟု ယူဆရပေတော့မည် ။
ထွက်ရှိလာသော-အတည်ပြုချက်များကို
ဖတ်ရှုရင်း ကိုမြင့်ဆွေ၏စိတ်တို့ နောက်ကျိနေခဲ့သည် ။ အမှန်တရားတစ်ခု ပေါ်ထွက်ခဲ့ပြန်ပြီမို့
မိမိ၏လုပ်ရပ်အပေါ် ကျေနပ်ဝမ်းသာနေရမည်မှန်သော်လည်း ကိုမြင့်ဆွေ၏စိတ်ကို စတုံးစခုဖြစ်နေစေ
သည်က ဖုန်းဆက်သည့်လူ ။ အဲဒီလူက ဘယ်သူလဲ ။ သေချာတာကတော့ မိန်းကလေးတစ်ယောက်ပဲ ။
သေသူကိုယ်တိုင် ဖုန်းဆက်ခဲ့ခြင်းဖြစ်သည်ဟူသောအယူအဆကို
ဒုရဲအုပ်-ကိုမြင့်ဆွေ လက်မခံနိုင်ပါ ။ တစ္ဆေသရဲက အမှုစုံစမ်းပေးနိုင်မတဲ့လား ။ သည်အတိုင်းဆို
အမှုအားလုံး ပေါ်ပေါက်နေရောပေါ့ ။ ရဲဝန်ထမ်းတွေက ဘာအပင်ပန်းခံ စရာ လိုတော့မှာတုံး ။
အဲဒီလို မဖြစ်နိုင်လို့ ရဲတွေက စုံစမ်းရှာဖွေနေရတာပေါ့ဟု ထိုအယူအဆနှင့်ပတ်သက်ပြီး ဆင်ခြေ
ပေးမိသည် ။ သို့သော်လည်း…
ဖုန်းကိုင်လိုက်သူက
မိမိကိုယ်တိုင် ဖြစ်နေ၍ ထိုဖြစ်ရပ်ကို မိမိအသိဆုံးပါ ။ ကျွန်မယောက်ျားဟု ခိုင်ခိုင်မာမာပြောဆို
နေသော-မိန်းကလေး၏အသံက လိမ်လည်နေသည်နှင့်မတူ ။ အမှုမှန်တစ်ခုကို အလျင်အမြန်ပေါ်ပေါက်စေလို၍
သတင်း ပေးနေသည့်ပုံသာ ။ တရားခံ ထွက်ဆိုပုံအရရော ၊ မိမိတို့ စုံစမ်းထောက်လှမ်းသမျှပါ
ပေါင်းစပ်တွေးချင့်ကြည့်မည်ဆိုလျှင် ဤလူသတ်မှုကို သိရှိသူဟူ၍ လူသတ်သမားနှင့်သေသူတို့သာ
ရှိသည် မဟုတ်ပါလား ။ ဒါ…ဒါဆို…
ထိုသို့ တွေးလိုက်မိခိုက်
ကိုမြင့်ဆွေ၏ခန္ဓာကိုယ်အနှံ့၌ ကြက်သီးတို့ တဖြန်းဖြန်းထသွားသည် ။ သေသူ၏အလောင်း ကို ရှုထောင့်အမျိုးမျိုးမှ
ရိုက်ယူထားသောဓါတ်ပုံကို စိုက်ကြည့်နေမိရာမှ ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်မိသည်
။ မိမိ၏ အနားမှာ လူတစ်ယောက် ရပ်ကြည့်နေသလို ခံစားမိလိုက်သောကြောင့်ဖြစ်သည် ။ ထိုကဲ့သို့
ခံစားချက်မျိုးကို ကိုမြင့်ဆွေ ၏တစ်သက် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ပေ ။
t
t t t t t t t t
ယခုတော့ အရာအားလုံးကို
ရွှန်းလဲ့ဘို သဘောပေါက်သွားခဲ့ပါပြီ ။ နောက်ပြီး မေ့လျော့နေသည့်ပုံရိပ်များကိုလည်း ရွှန်း
လဲ့ဘို၏အာရုံထဲမှာ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ယခုတော့ သေသူဟာ မည်သူမည်ဝါဆိုတာ
ရွှန်းလဲ့ဘို ရှင်းလင်း စွာ နားလည်သွားခဲ့ပြီပဲလေ ။ အမှုမှန်လည်း ပေါ်ပေါက်နေပြီမို့
ရဲအရာရှိနောက်ကနေ မှတ်တမ်းစာရွက်များကို ငေးကြည့် နေမိရာမှ ရွှန်းလဲ့ဘို ချာခနဲလှည့်ထွက်လာခဲ့လိုက်သည်
။
ထိုနေ့ညကို
ရွှန်းလဲ့ဘို အမှတ်ရသွားပါပြီ ။ နေ့လယ်က ရန်ဖြစ်အပြီး ရန်ကုန်အိမ်သို့ ပြန်ရန် အဝတ်အစားများကို
ထည့် သိုကာ အိမ်မှ ထွက်ခဲ့သည် ။ အိမ်နီးနားချင်းများကိုပင် တမင်တကာ နှုတ်ဆက်ခဲ့သေးသည်
။ သို့မှသာ…ကိုကိုပြန်လာပါ က ရွှန်းလဲ့ဘို ရန်ကုန်အိမ် ပြန်သွားမှန်း သိမည်လေ ။ ဒါမှပဲ
လိုက်ချော့နိုင်မည် မဟုတ်လား ။
ပြဿနာက ကားဂိတ်ရောက်မှ
ပေါ်လာခဲ့သည် ။ ရန်ကုန်အိမ်၏သော့က နေအိမ်မှာ မေ့ကျန်ခဲ့သည် ။ မိဘအိမ်သို့ ပြန်ဖို့ကလည်း
မိဘများကို အားနာသည် ။ ကိုယ့်စိတ်တိုင်းကျ ရွေးယူပြီးမှ လင်မယားချင်း အဆင်မပြေ၍ အိမ်ပေါ်
ပြန် တက်လာသည့်သမီးကို မိဘများက ငြိုငြင်မည်မှာ အမှန် ။ သို့ကြောင့်…အိမ်သို့ ပြန်လာပြီး
သော့ပြန်ယူခဲ့သည် ။
“ ဟင်…ဘို…ဘို ပြန်လာတယ် ဟုတ်လား ။”
“ ဟုတ်တယ် ။ အပြီးပြန်လာတာတော့ မဟုတ်ဘူး ။ တာမွေတိုက်ခန်းသော့
ကျန်ခဲ့လို့ ပြန်လာယူတာ ။”
“ ဒါဆို ကားလက်မှတ် ဆုံးပြီပေါ့ ဟုတ်လား ။”
“ သြ…တစ်ပြားမှ မရှာနိုင်တဲ့ရှင်က ကားလက်မှတ်ဖိုးတော့
နှမြောနေတယ်ပေါ့လေ ။ ပူမနေနဲ့ ။ ကျွန်မမှာ ပိုက်ဆံရှိ
တယ် ။ တစ်စောင်ဆုံးလည်း နောက်တစ်စောင် ဝယ်လို့ရတယ်
။”
“ အာ…မဟုတ်ရပါဘူး ဘိုလေးရယ် ။ ဘိုလေးကို မသွားစေချင်လို့
ကိုကိုက မေးတာပါ ။ မသွားပါနဲ့နော် ။ ကိုကို့ကို
သနားတယ် မဟုတ်လား ။”
“ အို…မသနားပါဘူး ။ ခြံခုန်တဲ့နွားကြီး…”
“ ဘိုနော်…အဲဒီလိုပြောတာတော့ ကိုကို မကြိုက်ဘူးကွာ
။ ကိုကို တောင်းပန်နေပြီပဲ ။ ကျေနပ်နော် ။ ကိုကိုလေ…Ruby
Clubကိုတောင် ဖုန်းဆက်ပြီးသွားပြီ ။ ဟိုကောင်မလေးနဲ့လည်း
ဇာတ်လမ်းပြတ်သွားပြီ ။ ခွင့်လွှတ်တော့နော် ။”
“ အို…ခွင့်မလွှတ်နိုင်ပါဘူး ။ အလကားလူကြီး…လူယုတ်မာကြီး…×××
”
“ မင်း…မင်းကွာ…မင်း တော်တော်အပြောဆိုးတဲ့မိန်းမပဲ
။ တောက်…! ဒုန်း…”
သူက တောက်တစ်ချက် ပြင်းပြင်းခေါက်ပြီး အခန်းတံခါးကို ဝုန်းခနဲဆောင့်ပိတ်သွားသည်
။ သူ အပြင်ထွက်သွားပြန်ပြီ ။ သူ တော်တော် စိတ်ဆိုးသွားသည့်ပုံ ။
ရွှန်းလဲ့ဘို
တွေဝေသွားသည် ။ မိမိစကား လွန်သွားပြီဟု တွေးလိုက်မိသည် ။ အမှန်ဆို ငိုချပစ်လိုက်ရမှာ
။ ဒါမှ မင်း သားက မင်းသမီးကို နှစ်သိမ့်ရင်း ဇာတ်ပေါင်းနိုင်မှာပေါ့ ။ ခုတော့…။ ဇာတ်ရှိန်အမြှင့်လွန်ပြီး
ဇာတ်လမ်းက ပိုကြမ်းကုန်ပြီ ။ ကားလက်မှတ်လည်း ဆုံးနေပြီမို့ ကားဂိတ်သို့သွားရန် မစဉ်းစားဖြစ်တော့
။ အကယ်၍ ရန်ကုန်သို့ သွားဦးတော့…သူက လိုက်မချော့လျှင် ပိုဆိုးမည် ။ မိမိမှာသာ လင်ပစ်မ
ဖြစ်ရလိမ့်မည် ။ နောက်ပြီး…
မိမိ ဟိုကိုသွားတုန်း
ဟိုမိန်းမ အိမ်ပေါ်ရောက်လာလျှင် သာခက်မည် ။ အရက်ဆိုင်ကမိန်းမဖြစ်နေ၍ ပေါ့ပေါ့တွေးလို့
မရ ။ ကိုကိုက ခပ်လေလေနေ၍ အထင်ကြီးချင်စရာမရှိပေမဲ့ ကိုကို့မိဘတွေ ချမ်းသာမှန်းသာသိလျှင်
အတင်းလိုက်လာ နိုင်သည် ။ ယောက်ျားတို့စိတ်ကလည်း လေယူရာ ယိမ်းတတ်စမြဲ မဟုတ်လား ။ တော်ကြာ…အခြေအနေ
ပိုဆိုးကုန်မည် ။
စောစောကကိစ္စကိုသာ
ခေါင်းထဲ စွဲနေသည် ။ သူ အရမ်းစိတ်ဆိုးသွားသည့်ပုံ ။ ဒေါသတကြီး လျှောက်ပြောလိုက်မိ သည့်
မိမိကိုယ်ကိုသာ အပြစ်တင်မိတော့သည် ။ မဖြစ်…။ တော်ကြာ…တကယ်ကွာရှင်းမည်ဆိုပါက ခက်မည်
။ ဟိုမိန်းမ ဘက် လုံးလုံးပါသွားမှာကို ရွှန်းလဲ့ဘို စိုးရိမ်လာသည် ။ သို့ကြောင့်…
“ အေးပါလေ ။ တစ်ထစ်တော့ လျှော့ပေးလိုက်မှပါ ။ ဟုတ်ပြီ
။ ညနေကျ သူ့ဆီ ဖုန်းဆက်ပြီး သူ တောင်းပန်တာကို
လက်ခံလိုက်မယ် ။ ပြီးမှ…အချိုသတ်ပြီး ပြဿနာပြန်ရှာရုံပေါ့
။ အစွယ်နဲ့ထိုးဖို့ ခြေတစ်လှမ်းတော့ ဆုတ်ရမှာပဲလေ
ဟင်းဟင်း…”
လေညင်းတို့
တဟူးဟူးတိုက်ခတ်နေပုံမှာ ညကာလကို တိုး၍သာယာစေသည် ။ ဟိုးအဝေးမှ ရွှေစေတီလေးကို မှုန်ပြ
ပြလှမ်းမြင်နေရသည် ။ ကျောက်ဆောင်များဆီသို့ လာရောက်ရိုက်ခတ်သော လှိုင်းရိုက်သံတဝုန်းဝုန်းက
ဟာမိုနီကိုက်စွာ ထွက်ပေါ်နေသည် ။ ဖွားခနဲစင်လာသော-ရေစက်ရေမွှားများ၏အထိအတွ့ကြောင့် ရွှန်းလဲ့ဘို၏စိတ်ထဲ
ကြောက်ရွံ့သလို လို ခံစားမိလိုက်သည် ။ ရွှန်းလဲ့ဘိုက ရေကြောက်သူပဲကိုး ။
“ ကိုကိုရယ်…ပြန်ရအောင် ။ လေတွေလည်း အရမ်းတိုက်တာပဲ
။ လှိုင်းလည်း ကြမ်းတယ် ။ ကြောက်စရာကြီး ။”
ရွှန်းလဲ့ဘိုက မှောင်မိုက်နေသော-ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရင်း
ဆိုသည် ။ လကလည်း မသာလေတော့ လရောင်က လည်း မရှိ ။ ကောင်းကင်ယံမှာ တိမ်မည်းတို့ အုံ့ဆိုင်းညို့မှိုင်းနေသည်ပဲလေ
။ မကြာမီမှာ မိုးရွာချတော့မည်ထင်သည် ။
လမိုင်းပူးကပ်နေသော
ညနက်ချမ်းကြီးကြောင့် ရွှန်းလဲ့ဘို ကြည်နူးစိတ် မဝင်နိုင်ဘဲ ကြောက်စိတ်များ ရင်အပြည့်
လျံ တက်လာသဖြင့် လာလမ်းဘက်သို့ လှည့်လိုက်သည့်အခိုက် တွေ့မြင်လိုက်ရသည့်မြင်ကွင်းက
ရွှန်းလဲ့ဘိုကို ပို၍ထိတ် လန့်သွားစေခဲ့သည် ။
“ ဟားဟား…ဟားဟား…ဘာလဲ…ကြောက်သွားတာလား ။ အခုမှ
ကြောက်နေတာလား ။”
ကိုကို့နှုတ်မှ ထွက်ကျလာသောစကားကြောင့် ရွှန်းလဲ့ဘို ကြောင်သွားသေးသည်
။ သို့ပေမဲ့ ခဏအတွင်းပဲ အခြေအနေကို သဘောပေါက်သွားသည် ။
“ ဟင်…ဒါ ဘာသဘောလဲ ။ ရှင်…ရှင်က ကျွန်မကို သတ်မလို့ပေါ့လေ
ဟုတ်လား ။”
“ မင်း သဘောပေါက်မြန်သားပဲ ။ ကောင်းပါတယ် ။ သိပ်ရှင်းပြစရာ
မလိုတော့ဘူးပေါ့ ။”
“ ဘာ…ဘာလို့လဲ ။ ဘာလို့ သတ်ဖို့ကြိုးစားတာလဲ ။
ရှင်နဲ့ကျွန်မနဲ့က လင်မယားတွေလေ ။”
“ လင်မယားတွေ…လင်မယားတွေတဲ့ ဟုတ်လား ။ ဘာလင်မယားလဲ
။ မင်းနဲ့ငါနဲ့က ရန်သူတွေလိုပဲ ။ အမြဲတမ်း
တကျက်ကျက်နဲ့ ။ ငါ သိပ်အာရုံနောက်တယ် ။ နောက်ပြီး…မင်းက
သိပ်မိုက်ရိုင်းတဲ့ဟာမ ။ ငါ့သိက္ခာကို အမြဲတမ်း
စော်ကားတယ် ။ မင်းရဲ့စိတ်ထဲမှာ ငါက လင်ယောက်ျားတစ်ယောက်အရာကော
ရှိသေးလို့လား ။”
“ သြ…ဒါကတော့ ကိုယ့်လုပ်ရပ်ကို ကိုယ် ပြန်ကြည့်ပေါ့
။ ရှင်ကရော ယောက်ျားတစ်ယောက်အနေနဲ့ ဘာများ
အသုံးကျလို့တုံး ။ ကိုယ်ကဖြင့် သောက်သုံးမကျဘဲနဲ့များ
။”
“ တောက် ! မင်း…မင်းကွာ … မင်း သေမှပဲ အေးမှာ ။”
“ ရှင်…ရှင် ရှေ့မတိုးလာနဲ့နော် ။ မူးမူးရူးရူးနဲ့
လျှောက်လုပ်မယ်မကြံနဲ့ ။ ကျွန်မကို သတ်ရင် ရှင် ထောင်ကျမှာပေါ့ ။
အဲဒီလောက်တောင်မှ ဦးနှောက်မရှိဘူးလား ။ မယားပျောက်သွားရင်
လင်က တရားခံဖြစ်မှာပဲလေ ။”
“ ဟားဟား…အဲဒီလောက်တော့ ငါ သိပါတယ် ။ မပူစမ်းပါနဲ့
။ မင်းကို ဘယ်လိုလက်စဖျောက်ရမလဲဆိုတာ စဉ်းစား
ထားပြီးသား ။”
“ မသာကြီး…လူယုတ်မာကြီး ။ ရှင်…ရှေ့မတိုးလာနဲ့နော်
။”
“ ကောင်မ…သေခါနီးတောင် တစ်ချက်မတောင်းပန်ဘူး ။
နင့်ကို သတ်မယ်…သတ်မယ်… သေစမ်း…”
သူက ရွှန်းလဲ့ဘိုရှိရာဆီကို ပြေးဝင်လာသည် ။ ရွှန်းလဲ့ဘိုလည်း
ကြောက်အားလန့်အားဖြင့် ရှောင်တိမ်းကာ ကားရှိရာဆီ သို့ ပြေးသည် ။ သို့သော်…နှစ်ယောက်
ရပ်နေသည့်နေရာက နီးနီးလေးဖြစ်သလို ကျောက်ဆောင်ကလည်း ကျယ်ကျယ် ဝန်းဝန်း မဟုတ်သဖြင့်
ပြေးမလွတ်ဘဲ မိသွားခဲ့သည် ။
“ ရှင်…ရှင်…လွှတ်…အခုချက်ချင်း ကျွန်မကို လွှတ်…”
“ ဟားဟား…သေရမှာ ။ မင်းကို သတ်ကိုသတ်မှာ ။”
“ ရှင်…ရှင် မလုပ်နဲ့နော် ။ မလုပ်နဲ့…မလုပ်နဲ့…”
သူက ရွှန်းလဲ့ဘိုကို ကျောက်ဆောင်ပေါ်သို့ ဆွဲယူလှဲချလိုက်သည်
။ အသတ်ခံရမည်ကို သိနေသောကြောင့် ရွှန်းလဲ့ဘိုက လည်း ကြောက်ကန်ကန်ကာ အသည်းအသန်ရုန်းနေသည်
။ သူကိုလည်း တတ်နိုင်သလောက် ပြန်လည်တိုက်ခိုက်၏ ။ ခြေထောက်တို့နှင့် ကန်ကျောက်သည် ။
သူ့မျက်နှာကိုလည်း လက်သည်းများနှင့် ကုတ်ခြစ်သည် ။
“ ကောင်မ…မသာမ…ငါ့မျက်နှာတစ်ခုလုံးလည်း ရစရာမရှိတော့ဘူး
။ သောက်ကောင်မ…နင် သိပ်သန်နေတယ်ပေါ့ ။
ကဲဟာ…ကဲဟာ…ကဲဟာ…ကဲဟာ…”
သူ့လက်ထဲမှတုတ်က ရွှန်းလဲ့ဘို၏မျက်နှာ ၊ ဦးခေါင်းနှင့်
ပုခုံးများပေါ်သို့ အဆက်မပြတ် တရစပ် ပြုတ်ကျ လာသည် ။ နာကျင်လိုက်သည်မှာ မပြောပါနှင့်တော့
။ နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းညူရင်း တတ်နိုင်သလောက် ရုန်းကန်နေမိသေးသည် ။ သို့သော်လည်း…
ထင်ထားသည့်အတိုင်း
မိုးတို့က တဖွဲဖွဲရွာလာပြီ ။ ပတ်ဝန်းကျင်သည် မှောင်မည်းအုံ့ဆိုင်းနေ၏ ။ အနီးအနား၌ မိမိကို
ကူညီနိုင်မည့်လူ ၊ မိမိ၏အော်ဟစ်သံကို ကြားနိုင်မည့်လူ မရှိမှန်း ရွှန်းလဲ့ဘို သိလိုက်သည်
။ အော်ဟစ်ရုန်းကန်နေရာမှ နာ ကျင်မှုတို့ကို မခံမရပ်နိုင်အောင် ခံစားလိုက်ရပြီးသည့်နောက်ဝယ်…။
t
အတိတ်သို့
ပြန်လည်အမှတ်ရနေရာမှ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါ ရွှေရောင်ဝင်းပနေသော-စေတီတော်
တစ်ဆူကို ဖူးမြင်လိုက်ရသည် ။ အသတ်ခံခဲ့ရသောကျောက်ဆောင်ပေါ်သို့ ဝိညာဉ်ဘဝဖြင့် ရွှန်းလဲ့ဘို
ရောက်ရှိနေခြင်းပါ လား ။ ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်မိ၏ ။ အပြာတောက်တောက်စောင်တစ်ထည်ကို
ဖြန့်ခင်းထားသကဲ့သို့ ပြာလွင် တည်ငြိမ်နေသော-ပင်လယ်ပြင်ကျယ်ကြီးနှင့် ညိုညစ်ညစ်ကျောက်ဆောင်များ
။ နေရောင်ခြည်နုနုသည် တလောကလုံး ကို ထွေးပိုက်ထား၏ ။ သဘာဝတရားကြီးက လှပလိုက်ပါဘိ ။
ဘယ်လောက်များ
ထူးဆန်းလိုက်သလဲ ။ လူသတ်သမားက ရေထဲသို့ သေသေချာချာပစ်ချလိုက်ပေမဲ့ သေသူ၏ အလောင်းက ကျောက်စွန်းတစ်ခုမှာ
ချိတ်မိနေသတဲ့ ။ ကံတရားက ရွှန်းလဲ့ဘိုကို မျက်နှာသာပေးလိုက်ခြင်းပင်ဖြစ်မည် ။
ကိုယ့်ကိုယ်ကို
သေဆုံးသွားမှန်း မသိဘဲ တစ်ပါးသူအတွက် အမှန်တရားကို ရှာဖွေပေးလိုသည့်စိတ်ဖြင့် အမှုမှန်ကို
ဖော်ထုတ်ပေးခဲ့သော-ရွှန်းလဲ့ဘိုအတွက် အနာဂတ်သည် သာယာလှပနေလိမ့်မည်ဟု ယုံကြည်မိသည် ။
တစ်ချိန်လုံး နား လည်ရခက်စွာ ဆူပွက်နေခဲ့သောစိတ်တို့သည်လည်း ယခုအခါ၌ တမဟုတ်ချင်း ငြိမ်းအေးသွားခဲ့ပြီ
။
လှပခမ်းနားသော
ပတ်ဝန်းကျင်ကို ရှုငေးနေရာမှ မျက်လုံးအကြည့်တို့က ရွှေရောင်းဝင်းအိနေသော-စေတီတော်ဆီသို့
ပြောင်းရွှေ့လိုက်ကာ အားပါးတရစိုက်ကြည့်လိုက်သည် ။ နောက်…မျက်လုံးအစုံကို ဖိမှိတ်လိုက်ကာ
လက်အစုံကို အုပ်မိုး ၍ ပူဇော်ကန်တော့လိုက်၏ ။ ရွှေစေတီဆီမှ တချွင်ချွင်လွင့်မြောလာသော
ဆည်းလည်းသံများနှင့်အတူ ရွှန်းလဲ့ဘို၏စိတ်ဝိညာဉ်သည်လည်း………လိပ်ပြာလေးလို…ရွက်ဝါလေးလို…။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။