ကြားနေရသော အသက်ရှူသံများ
( ၂၀၁၅-ဇန်နဝါရီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည်)
ဂါဦးနွန်းကို ...... ရေးသည် ။
---------------------------------------------------------------------------------------------
ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါလို့ ကျွန်မ ခေါင်းစဉ် မတပ်ချင်ပါဘူး ။ ဒါပေမဲ့
ကျွန်မကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ကျွန်မကိုယ်တိုင် ပြန် ရေးနေတာဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုလို့ပဲ
ဆိုရတော့မှာပေါ့ ။ ဇာတ်လမ်းက အဆန်းတကြယ်ကြီးတော့ မဟုတ် သလို ရိုးရိုးရှင်းရှင်းရယ်ပါ
။ လှည့်ကွက်တွေ မပါဘူး ။ Photoshopနဲ့animationဖန်တီးချက်တွေ မပါဘူး ။ ပုံပြောင်းပုံလွှဲနဲ့magicတွေ
မပါဘူး ။ မကျွတ်လွတ်သူတချို့ရဲ့အမှတ်တမဲ့ပြုမူလိုက်တဲ့လုပ်ရပ်အချို့က ဘဝချင်းခြားနေသူကျွန်မတို့အပေါ်
ကြီးမားတဲ့သက်ရောက် မှု အနည်းငယ် ဖြစ်တည်ခဲ့ရတဲ့အကြောင်းအရာလေးရယ်ပါ ။
ရှုပ်ယှက်ခတ်နေတဲ့လူ့ဘောင်စည်းကမ်းတွေကြားထဲမှာ မွန်းကျပ်မှုတွေ သံယောဇဉ်တွယ်တာမှုတွေနဲ့
ကြီးပြင်းနေထိုင်လာခဲ့ပြီးမှ သတိလွတ်သွားတဲ့အခိုက် ဘဝတစ်ပါးကို သူတို့ ရောက်ရှိသွားကြတယ်
။ ဒါကို သူတို့ သတိပြုမိလိုက်ပုံ မရဘူး ။ သူတို့ဟာ ၃၁ဘုံထဲမှ လူ့ဘုံဌာနကနေ မျက်စိတစ်မှိတ်ကလေးအတွင်းမှာ
ပြိတ္တာဘုံ(ပေတလောကဘုံ)ကို ဘုံရွေ့သွားခဲ့ရပြီဆိုတာ သူတို့ သိလိုက်ကြပုံ မပေါ် ဘူး ။
သတ္တဝါတို့ဟာ ကွေးသောလက် မဆန့်မီ ၊ ဆန့်သောလက် မကွေးမီ အသက်သေဆုံးနိုင်တယ် မဟုတ်ပါလား
။ သူတို့ဟာ ကျွန်မ ကို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ခြောက်လန့်ခဲ့ကြဟန် မတူပါဘူး ။
သူတို့ဘာသာသူတို့ လုပ်ရိုးလုပ်စဉ်တစ်ခု ဒါမှမဟုတ် နိစ္စဒူဝလုပ် နေကျသံသရာထဲက ရုန်းမထွက်နိုင်ဖြစ်နေတဲ့အကြောင်းကို
ကျွန်မ သိအောင် အသံပြုခဲ့ကြပုံ ရပါတယ် ။ သူတို့ပြုခဲ့တဲ့အသံက အသက် ရှူသံတွေ…
ကျွန်မ ဇာတ်လမ်းကို အစအဆုံးပြောပြဖို့ လိုအပ်ပြီလို့ ထင်မြင်မိတဲ့အတွက် ကျွန်မ
ဇာတ်လမ်းအစကို ပြောပြပါတော့မယ် ။ ဇာတ် လမ်းအစက ကျွန်မတို့သူငယ်ချင်းတစ်သိုက် ကျိုက်ထီးရိုးကို
သွားလည်ရာကနေ စ,ခဲ့ကြတာပါ ။
[][][][][][][][][][][][][][][][][][][][][][][
ကျိုက်ထီးရိုးသို့ ခရီးထွက်မည်ဟုဆိုလာသူက တစ်ဖွဲ့လုံးတွင် စကားအရွှင်ဆုံး ကိုဖြိုးပြည့်ဖြစ်နေသည်ကြောင့်
အားလုံးက ဝိုင်း ဟားကြ၏ ။ ဖြိုးပြည့်ဆိုသည့်တစ်ယောက်ကလည်း တစ်ဖွဲ့လုံးအတွက် လူရွှင်တော်…။
မကြာခဏ ပေါက်ကရများ ပေါက်ပေါက်ဖောက် တတ်သလို သူငယ်ချင်းများ စုံပြီဆိုလျှင် ဟိုသွားမည်
သည်သွားမည်ဟု လျှောက်ဈေးခေါ်တတ်ပြီး တကယ်သွားကြမည်ဟုထောက်ခံ ကြသည့်အခါ သူကစ,၍ ဖျက်တတ်သည်
။ ထိုသို့ သူ လုပ်တတ်သည်မှာ တစ်နှစ်လည်း မဟုတ် ၊ နှစ်နှစ်လည်း မဟုတ်…လေးနှစ်ရှိခဲ့ပြီ
ဖြစ်၍ ယခုနောက်ပိုင်း သူ့စကားဆိုလျှင် မည်သူကမျှ လက်မခံကြတော့ချေ ။ ယခုနှစ် ဆရာကန်တော့ပွဲတွင်လည်း
သူငယ်ချင်းဆယ့်ငါး ယောက် ဆုံမိကြသည့်အခိုက် သူကပဲ စကားစ,လာပြန်၍ အားလုံးက ဝိုင်းဟားကြခြင်းဖြစ်၏
။
“ ဟိတ်ကောင် ငပြည့်…မင်း ဟုတ်မှလည်း လုပ်ကွာ ။ တစ်နှစ်တစ်နှစ် ဈေးခေါ်လို့ မဝနိုင်သေးဘူးလား
။”
“ မဟုတ်ဘူးကွ အောင်ပိုင်ရ ။ ဒီနှစ် တကယ်သွားရအောင် ငါ စီစဉ်ပေးမယ် ။ ပိုက်ဆံလေးသာ
ဝိုင်းထည့်ပေးကြ ။”
“ အောင်မာ…မထည့်ပေါင်ဘူးနော် ။ ပြီးရင် နင် အရက်သောက်ပစ်မှာ မဟုတ်လား ။”
“ အာ…သေပါတော့ ရွှေရည်ရာ ။ ငါက ငါ့သူငယ်ချင်းတွေရဲ့ပိုက်ဆံကို အရက်သောက်ပစ်စရာလား
။ မသကာ…ဖဲရိုက်ပစ်တယ်ဆို
တော်သေး ။”
“ မသာ…နင် ဖဲရိုက်ပစ်ဖို့အတွက် ငါတို့က ဒါနပြုစရာလား ။ ငရဲပြည်တော့ အတူမလည်ချင်ဘူးနော်
ဒါပဲ ။”
“ နင်တို့ကလည်း တစ်ယောက်တစ်ပေါက် ဝိုင်းပြောမနေကြစမ်းပါနဲ့ ။ ငါ ဒီနှစ် တကယ်သွားမှာပါဟ
။ နင်တို့ပဲ စဉ်းစားကြည့် ။ နောင်
နှစ်တွေဆို ငါတို့တွေအားလုံး အားကြတော့မှာ မဟုတ်ဘူး
။ အားလုံးလည်း အလုပ်ဝင်ကြတော့မှာ မဟုတ်လား ။ ဒီတော့ ဒီနှစ် ငါ
တို့အားလုံး ခရီးအတူတူ ထွက်ဖူးတယ်ရှိအောင် ကျိုက်ထီးရိုးသွားကြမယ်ကွာ ။ မကောင်းဘူးလား…ကဲ…ထောက်ခံတယ်ဆိုရင်
ထောက်ခံမဲပေးလို့ရပြီ ။”
ဖြိုးပြည့်က အပြောကောင်း တရားဟောကောင်းသည်
။ သူက ရုပ်တည်နှင့် ဆိုလိုက်တော့ သူငယ်ချင်းအားလုံး တွေ,သွားကြ၏ ။ သူ ပြောတာလည်း မမှား
။ နောင်နှစ်များဆိုလျှင် သူငယ်ချင်းအားလုံး လူစုံတပ်စုံမြင်ရဖို့ပင် မလွယ်ကူတော့ ။
သူငယ်ချင်းများထဲတွင် နယ် ပြန်မည့်သူများလည်း ပါသည် ။ စစ်ဗိုလ်အဖြစ်နှင့် တာဝန်ထမ်းဆောင်မည့်သူများလည်း
ပါသည် ။ သင်္ဘောလိုက်မည့်သူများလည်း ပါ သည် ။ ကျောင်းဆရာမ,ဖြစ်တော့မည့်သူများကလည်း နယ်တွင်
တာဝန်ကျဖို့သာ များသည် ။ သို့ဖြစ်သည်ကြောင့် နောင်နှစ်များဆိုလျှင် သူငယ်ချင်းအားလုံး
ဆုံတွေ့ကြရတော့မည် မဟုတ် ။ လူစုံနေတုန်းလေး ခရီးအတူထွက်ရလျှင် ကောင်းမည်ဟု အားလုံး၏စိတ်၌
တွေး မိကြသည် ။
“ နင် တကယ်သွားဖို့ ပြောနေတာ သေချာရဲ့လား ။ ငါတို့အားလုံး သွားချင်လာကာမှ မနှစ်ကလိုတော့
မလုပ်နဲ့နော် ။”
မိုးပွင့်က သင်္ကာမကင်းသည့်မျက်ဝန်းတို့ဖြင့်
စုံထောက်စစ်,စစ်လိုက်သေး၏ ။ ဖြိုးပြည့်က အနည်းငယ်မျှပင် စကားမတွန့်ဘဲ တည်တည် ငြိမ်ငြိမ်
ပြန်ဖြေသည် ။ ထိုသို့တည်ငြိမ်နိုင်အောင် သူ မနည်းထိန်းထားရပုံရ၏ ။
“ သြော်…နင်တို့ကလည်း ငါ့ဆိုရင် မယုံသင်္ကာဖြစ်နေတာချည်းပဲ ။ တကယ်ပါဆိုဟာ…တကယ်သွားမှာ
။”
“ ဒါဆိုရင်တော့ ငါက လိုက်မှာသေချာတယ် ။ ငါ့မိဘတွေကလည်း ဒီသူငယ်ချင်းတွေနဲ့ သွားမှာဆိုရင်
စိတ်ချမှာပဲ ။”
ဈေးဦးပေါက်ထောက်ခံလိုက်သူက ရတီ ။ ရတီက အပေါင်းအသင်းမင်,သူဖြစ်၍
သူငယ်ချင်းများနှင့် ခရီးထွက်ရမည်ကို အလွန်အမင်း နှစ်ခြိုက်သဘောကျသူဖြစ်၏ ။ ရတီ၏မိဘများကလည်း
ရတီ့အပေါ် ယုံကြည်ချက်အလုံးစုံ လွှဲပုံထားတာကြောင့် ရတီ့အတွက်ကတော့ ဘယ်သွားသွား ဖရီး(လွတ်လပ်)ဖြစ်နေသည်
။ ရတီ လိုက်မည်ဆိုကတည်းက ရတီ့ကောင်လေး ကျော်ကျော်မိုးကလည်း လိုက်ရပြီပေါ့ ။ သည်တော့
ထောက်ခံမဲနှစ်စုံ ပိုင်ဆိုင်သွားသူဖြိုးပြည့်က ပြုံးတုံ့တုံ့ကြီးဖြစ်နေလေပြီ ။
“ နေပါဦး…ဘယ်လောက် ထည့်ရမလဲဆိုတာပဲ ပြောဦး ။ ငါ့မှာ မန်းနီး သိပ်ရှိတာ မဟုတ်ဘူး
။”
သစ္စာက အတွက်အချက်တတ်သူပီပီ ငွေစကားကို အလျင်မေးသည်
။ ဟုတ်လည်း ဟုတ်တာပဲ…။ အကုန်အကျသိပ်များနေလျှင် ပျော် ရကျိုးနပ်လိမ့်မည် မဟုတ်ပေ ။
“ ဒါတော့ ငါ သေချာမပြောတတ်သေးဘူး ။ တစ်ယောက်ကို လေးသောင်းလောက်ပါရင် ရပါပြီဟာ
။ ဟိုရောက်တော့ ခြေလျင်တက်
ခြေလျင်ဆင်းပေါ့ ။ အပေါ်မှာလည်း ဖရီးတည်းစရာတွေ ရှိပါတယ်ဟ ။”
သည်လိုတော့လည်း ဈေးမဆိုးဘူးဟုတွေးကာ သစ္စာလည်း
လိုက်ဖြစ်သွားသည် ။ သည်လိုနှင့် ဟိုလူက ဟိုလိုမေး၊သည်လူက သည်လို မေးသမျှကို ဖြိုးပြည့်က
စိတ်ရှည်လက်ရှည်ဖြေကြားပေးနေရာ နောက်ဆုံး၌ ဆယ့်ငါးယောက်တွင် ခြောက်ယောက်မှလွဲ၍ ကျန်သူအား
လုံး လိုက်ဖြစ်ကြ၏ ။
ခရီးထွက်မည်ဟုတိုင်ပင်လိုက်ပြီဆိုကတည်းက အလုပ်ရှုပ်ပြီသာမှတ်တော့ ။ ပိုဆိုးသည်မှာ
သူငယ်ချင်းအားလုံးက တစ်ယောက် တစ်ပေါက်…ဟိုလူက ဟိုလိုသွားချင် သည်လူက သည်လိုသွားချင်နှင့်
ခရီးသွားမည့်ကိစ္စက တော်တော်နှင့် ညှိမရ ။ လူကလည်း ကိုးဦး ဆိုမှတော့ တကယ့်ကို ကိုးပေါက်…။
ထိုခရီးသွားမည့်ကိစ္စကို တစ်နေကုန် ညှိကြရသည် ။ တချို့က စရိတ်စက သက်သာလေမလားဟု တွေးကာ
ရထားဖြင့် သွားကြမည်ဟုဆိုသည် ။ ထိုအခါ ကျန်လူများက ပို၍စရိတ်ကြီးကြောင်း ရှင်းရပြန်သည်
။ တချို့ကလည်း ဘုရားဖူး ကားနှင့် သွားရအောင်ဟုပြော၏ ။ ဘုရားဖူးကားနှင့်ဆို သွားချင်သည့်အချိန်
သွား၍မရကြောင်း ပြောပြရ၏ ။ နောက်ဆုံးတွင် လိုင်းကား နှင့်သွားမည်၊ ရန်ကုန်မှ ညနေဘက်ထွက်မည်၊
ကင်ပွန်းစခန်းမှာ ညအိပ်မည် ။ မနက်ငါးနာရီခွဲခန့်တွင် တောင်ပေါ်သို့ ခြေလျင် စ,တက် ကြမည်ဟု
ဆုံးဖြတ်လိုက်ကြသည် ။
][][][][][][][][][][][
ကားကြီးက
တငြိမ့်ငြိမ့်ထွက်ခွာလာခဲ့ပြီ ။ သွားခါနီးကပ်၍ လက်မှတ်ဝယ်ရသောကြောင့် ထိုင်ခုံနေရာက
နောက်ဆုံးတန်းခုံများတွင်သာ ရသည် ။ အမှန်တော့ ထိုင်ခုံနေရာက ဖြိုးပြည့်တို့ကိုးယောက်အဖွဲ့အတွက်
အရေးမကြီးလှ ။ သူတို့က နောက်ဆုံးခုံရသည်ကိုပင် ပျော် နေကြသူများဖြစ်၏ ။ နောက်ဆုံးခုံတွင်
သူတို့ကိုးယောက်အဖွဲ့ စိတ်ကြိုက်ကဲကြတော့မည်သာ…။
“ ဟဲ့…ငါတို့အဖွဲ့သာ ခရီးရှည်ကြီး ထွက်ရမယ်ဆိုရင် တော်တော်ပျော်စရာကောင်းမယ်နော်
။ အပြတ်ကဲလိုက်ကြမယ်ဖြစ်ခြင်း…”
“ အမလေး…အခုလည်း အပြတ်ကဲမှာပါပဲနော် ။ ဒီမှာ တွေ့လား…ဟိန်းဝင်းက ဂစ်တာကြီးတောင်
ယူလာတယ် ။ ကဲ / မကဲ စောင့်
သာကြည့်ုလိုက် မိုးပွင့် ။”
“ အေးပါ…ယုံပါတယ် ယုံပါတယ် ။ နင်တို့ ဘယ်လောက်ကဲမလဲဆိုတာ သိပြီးသား ။ အဲ…ဒါပေမဲ့နော်
အောင်ပိုင် နင်တို့တွေ အရက်
တွေဘာတွေတော့ မသောက်ကြပါနဲ့ဟာ ။ မိန်းကလေးတွေလည်း ပါတယ် ။ မကောင်းဘူး ။”
“ ဟုတ်ကဲ့ပါ မယ်မင်းကြီးမရယ် ။ မိုးပွင့် နင်ဟာလေ…စာရေးဆရာမလို့
မပြောရဘူး ။ ဆရာကို လုပ်လွန်းအားကြီးတယ် ။ မသိရင်
ငါတို့က အရက်သမားတွေကျနေတာပဲ ။”
“ အမယ်…ငါက စေတနာနဲ့ အကြံပေးတာကိုများ ။ အားအားရှိ ဒါကိုပဲ လာပြောနေတယ် … ဟွန်း…”
“ ဟဲ့…နေကြပါဦး…နေကြပါဦး ။ အခုမှ ငါ သတိရတယ် ။ မိုးပွင့် ငါ နင့်ကို ကုန်ကြမ်းပေးမလို့ဟ
။ ကိုယ်တွေ့ဖြစ်ရပ်နော်…”
မိုးပွင့်နှင့်အောင်ပိုင်တို့ စကားရေလုပွဲအဆုံးတွင်
ကျော်ကျော်မိုးက ရတီနှင့် စကားပြောနေရာမှ မိုးပွင့်တို့ဘက်သို့ လှမ်းအော်ပြောလိုက်
၏ ။ ကျော်ကျော်မိုးကလည်း ခေသူတော့ မဟုတ် ။ ဖြိုးပြည့်ကဲ့သို့ပင် မဟုတ်တာကို အဟုတ်လုပ်ပြောတတ်သူမျိုးဖြစ်၍
မိုးပွင့်က နည်း နည်းတော့ လန့်သည် ။ သို့ကြောင့် ရတီ့မျက်နှာကို လှမ်းကြည့်ကာ မေးငေါ့ပြလိုက်၏
။ သဘောမှာ ဘယ်လိုလဲ…ယုံလို့ရပါ့မလားဟူ သော အဓိပ္ပါယ် ။
“ နားထောင်ပေးလိုက်ပါ မိုးပွင့်ရယ် ။ အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီး ငြိမ်းချမ်းပါတယ်
။”
“ အာ…အချစ်ကလည်းကွာ…ကိုကိုက မိုးပွင့်ကို အကောင်းပြောပြမလို့ပါ ။”
“ အဟိ…အချစ်ကလည်း ကိုကို့ကို စ,တာ ။ စိတ်မဆိုးနဲ့နော် ။”
“ ကဲပါ…မျက်နှာပူအောင် လုပ်မနေကြနဲ့တော့ ဟဲဟဲ…ငါ နားထောင်နေတယ် ။ ဆက်ပြောပြဦး
။”
မိုးပွင့်၏စကားကြောင့် ဟိုနှစ်ယောက် ရှက်ပြုံးပြုံးသွားကြပြီး
ကျော်ကျော်မိုးက စကားဆက်သည် ။ သူ့ပုံစံက ရုပ်ကို တည်ထား၏ ။ မျက် ခုံးကို ကျုံ့ကာ နည်းနည်းစဉ်းစားပြောနေပုံရသည်
။ သူ အတည်ပြောနေခြင်းဖြစ်ကြောင်း သိသာစေရန် စကားကို ခပ်လေးလေးဆို၏ ။
“ ဒီလိုဟ ။ ဒါ တကယ်ဖြစ်ခဲ့တာ ။ ဂမ္ဘီရလား ဘာလဲတော့ ငါလည်း မသိဘူး ။ အဲဒီတုန်းက
ငါ တော်တော်ငယ်သေးတယ် ။ လေးငါး
တန်းလောက်ပဲ ရှိဦးမယ် ။ ငါတို့မိသားစုက မြေထူးမှာ နေတာ ။ မြေထူးကို နင် သိလား
။”
“ အင်း…ကြားဖူးတယ် ။”
“ အေး…ငါက အဲဒီမှာ နေတာ ။ ကျောင်းပိတ်ရက်ဆို ငါတို့သူငယ်ချင်းတစ်သိုက် ဘုရားကြီးတစ်ဝိုက်မှာ
သွားသွားဆော့ကြတယ် ။
ဘုရားနာမည်တော့ မေ့သွားပြီဟ ။”
“ ဘုရားဘွဲ့တော် လုပ်ပါ ကိုကိုရယ် ။”
ရတီက ဝင်ထောက်၏ ။
“ သြော်…အင်း…ဘုရားဘွဲ့တော်တော့ မမှတ်မိတော့ဘူး ။ ကလေးဘဝရဲ့အမြင်မို့လို့လား
မသိဘူး ။ ဘုရားကြီးက အကြီးကြီးပဲ ။
ဘုရားဆီကို သွားတဲ့ ဆောင်းတန်းကလည်း အရှည်ကြီးပဲ ။ ဆောင်းတန်းဘေးတစ်ဖက်တစ်ချက်ဆီမှာလည်း
ညောင်ပင်သုံးလေး
ပင် ရှိတယ် ။ ညောင်ပင်ကြီးတွေကတော့ တော်တော်ကြီးတယ် ။ ညောင်ပင်အောက် ဝင်သွားရင်
မှောင်မိုက်သွားတာပဲ ။ ငါတို့က
ကလေးတွေပီပီ ဟိုးအဝေးကြီးကနေ ဘုရားကို အပြေးပြိုင်ကြတယ် ။ အဲဒီညောင်ပင်အောက်ရောက်ရင်
အမောဖြေကြတာပေါ့ ။
တစ်ယောက်နဲ့တစ်ယောက် ပြေးကြပြိုင်ကြရင်း တစ်ခါတစ်လေလည်း စကားများရန်ဖြစ်ကြတာတွေ
ရှိတယ် ။ မှတ်မှတ်ရရ အဲဒီနေ့
က ငါ့သူငယ်ချင်းကို ငါ ဆဲလိုက်မိတယ် ။ သူက ငါ့ကို လူလည်လာကျလို့ စိတ်တိုပြီး
ဆဲလိုက်မိတာ ။ နောက်တော့ ကလေးတွေပဲ…
ဒီရန်ဖြစ်တဲ့ကိစ္စကို မေ့သွားကြတာပေါ့ ။ ငါတို့ ညောင်ပင်အောက်မှာ အမောဖြေပြီး
ဘုရားပေါ် တက်ကြတယ် ။ စေတီက ရွှေရောင်
ဝင်းအိနေတာပဲ ။ ငါတို့လည်း ဘုရားရင်ပြင်ငယ်လေးမှာ ပြေးလွှားဆော့လို့ မောတော့
ဆောင်းတန်းအတိုင်း ပြန်ဆင်းလာကြတယ် ။
အဲဒီမှာ ငါက စ,ဖောက်လိုက်မိတာပဲ ။”
“ ဘယ်လိုဖြစ်လို့လဲ ။ နင်က ဘာလုပ်လိုက်မိလို့လဲ ။”
“ ဘာမှ ကြီးကြီးမားမားမလုပ်မိပါဘူးဟာ ။ ဒီလိုပါပဲ ။ သူငယ်ချင်းတွေက ရှေ့က အရင်ဆင်းသွားကြတော့
ငါက သူတို့ရှေ့ရောက်
အောင် ဆောင်းတန်းဘေးပေါက်ကနေထွက်ပြီး ပြေးလိုက်မယ်လို့ တွေးလိုက်မိတယ် ။ ဆောင်းတန်းက
မန္တလေးဘုရားတွေမှာ
ရှိတဲ့ ဆောင်းတန်းတွေလိုပဲဟာ ။ ဆောင်းတန်းဘေးတစ်လျှောက်မှာ တိုင်လုံးကြီးတွေရှိပြီး
ဆောင်းတန်းအပြင်ကို လွယ်လွယ်ကူကူ
ထွက်လို့ရတယ်လေကွာ ။ ဒါနဲ့ ငါ ဆောင်းတန်းအပြင်လည်း ထွက်လိုက်ရော ဘာဖြစ်သလဲ မသိဘူး
။ ကြက်သီးတွေ တဖြန်းဖြန်းထ
လာရော ။ ဒီဘုရားမှာ သူငယ်ချင်းတွေနဲ့ လျှောက်သွားနေတာ ငါ ငယ်ငယ်လေးကတည်းက ။
ဒါပေမဲ့ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး ။
ငါလည်း ကြောက်လာတာနဲ့ ဟိုကောင်တွေဆီ မြန်မြန်သွားမှလို့တွေးပြီး ပြေးထွက်သွားလိုက်တာ
ညောင်ပင်နားလည်း ရောက်ရော
ငါ့အင်္ကျီစကို နောက်ကနေ တစ်ယောက်ယောက်က ဖမ်းဆွဲထားလိုက်သလို တုန့်ခနဲဖြစ်သွားတယ်
။”
“ အမလေး…ကြောက်စရာကြီးပါလား ကိုကိုရဲ့ ။”
ရတီက ကြောက်တတ်သူဖြစ်၍ သူ့ချစ်သူ ကျော်ကျော်မိုး၏ဖြစ်ရပ်မှန်ဇာတ်လမ်းကြောင့်
ရင်တုန်လျက်ရှိ၏ ။ ကျော်ကျော်မိုးကို ကြည့်ရ သည်မှာ နောက်ပြောင်ပြောနေဟန် မတူ…ပြောနေရင်း
ကြက်သီးထလာဟန်ဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း…
“ ဟုတ်တယ်…ကြောက်စရာကတော့ တော်တော်ကောင်းတယ် ။ ကိုကိုတောင် ကြောက်လွန်းလို့
မေ့ထားတာကြာပြီ ချစ်ရဲ့ ။ ဒါနဲ့…
ဆက်ပြောဦးမယ် ။ နောက်ကနေ အင်္ကျီစကို တစ်ယောက်ယောက် ဖမ်းဆွဲထားမှန်းလည်း သိရော
ငါလေ ဘာဖြစ်မှန်း မသိဘူး ။
လုံးဝ လှည့်မကြည့်ရဲဘူး ။ တကယ်ဆိုကွာ…သူငယ်ချင်းတွေ နောက်တာလည်း ဖြစ်နိုင်တာပဲ
မဟုတ်လား ။ ဒါပေမဲ့ ငါ ဘယ်လိုမှ
လှည့်မကြည့်ရဲလောက်အောင် ကြောက်နေတာ ။ ခေါင်းနပန်းတွေလည်း ကြီးပြီး အဲဒီနေရာမှာ
ကြာကြာဆက်နေရင် လန့်ပြီး သေ
တော့မလားတောင် မှတ်ရတယ် ။ ဒါ့ကြောင့် ဇွတ်အတင်းရုန်းပြီး ထွက်ပြေးသွားမိတယ်
။ ဗြိခနဲအသံကြားလိုက်ကတည်းက သွား
ပြီ…ငါ့အင်္ကျီတော့ ပြဲသွားပြီဆိုတာ သိလိုက်ပေမဲ့ လုံးဝ လှည့်မကြည့်ဘူး ။ ဇွတ်အတင်း
ထွက်ပြေးသွားလိုက်တာ ဘုရားနဲ့ တော်
တော်ဝေးဝေးကို ရောက်တဲ့အထိပဲ ။”
“ နင့်သူငယ်ချင်းတွေကရော ဘယ်ရောက်သွားကြလဲ ။”
“ ဒီမှာပဲ ပိုကြောက်စရာကောင်းတာ လာပြီ ။ ငါ့သူငယ်ချင်းတွေက ငါ ဘုရားနဲ့ဝေးဝေးကို
ရောက်ပြီးမကြာ ငါ့ဆီကို ရောက်လာကြ
တယ် ။ သူတို့ကြည့်ရတာ ပုံမှန်ပဲ ။ ဘာမှ တွေ့ခဲ့ပုံမရဘူး ။ နောက်ပြီး ငါ့အဖြစ်အပျက်ကိုလည်း
သိကြပုံ မပေါ်ဘူး ။ ငါ့ကိုတောင်
ဘာလို့ ထွက်ပြေးသွားတာလဲလို့မေးလိုက်သေးတယ် ။ ငါက ငါ့ကို သရဲခြောက်တဲ့အကြောင်း
ပြောပြတော့ ဝိုင်းရယ်ကြတာပေါ့ ။
ဘုရားမှာ သရဲရှိမလား…ငတုံး…ဘာညာဆိုပြီး လှောင်ကြရော ။ ငါက မယုံရင် ငါ့နောက်ကျောကို
ကြည့်…အင်္ကျီပြဲနေတယ်လို့ပြော
တော့ သူတို့က ညောင်ပင်မှာ ငြိပြီး ပြဲကျန်ခဲ့တာ နေမှာပေါ့လို့ပြောကြတော့ ငါလည်း
မခံချင်တာနဲ့ မဟုတ်ဘူး ။ ငြိတာ မဟုတ်ဘူး…
တစ်ယောက်ယောက် ဆွဲလိုက်တာလို့ ဇွတ်အတင်း ပြန်ငြင်းတာပေါ့ဟာ ။ ဟိုကောင်တွေကလည်း
လက်မခံဘူး ။ လာကွာ…ညောင်
ပင်မှာ ငြိကျန်တာ ဟုတ်မဟုတ် သွားကြည့်ကြမယ်လို့ပြောပြီး ဘုရားကို ငါတို့လူအုပ်
နောက်တစ်ခေါက် ထပ်သွားတယ် ။ ငါလည်း
မခံချင်စိတ်ကြောင့် ကြောက်ကြောက်နဲ့ ပြန်လိုက်လာလိုက်တယ် ။ ဟိုလည်းရောက်ရော
ညောင်ပင်မှာ ငါ့အင်္ကျီစကို မတွေ့ရဘူး ။
ဘယ်မှာ တွေ့ရတယ်ထင်လဲ မိုးပွင့် ။”
“ ဘယ်သိမလဲဟ ။ ပြောပါဦး…စိတ်ဝင်စားလာပြီ ။”
“ သြော်…ငါ နင့်ကိုပြောဖို့ တစ်ခုကျန်ခဲ့တယ် ။ ဘုရားကြီးက ရှေးဟောင်းဘုရားဆိုတော့
တချို့နေရာတွေမှာ ပျက်စီးနေတာတွေကို
မပြုပြင်ရသေးဘူး ။ ဘုရားမုဒ်ဝထောင့်တစ်နေရာမှာ ကျောက်ဆစ်ရုပ်တစ်ခု ရှိတယ် ။
ပုံက တော်တော်ပျက်နေပြီ ။ ဒါပေမဲ့ ငါ့စိတ်
ထင် ဘီလူးမ,ရုပ်လို့ ထင်တာပဲ ။ မျက်နှာက အစွယ်တစ်ဖက် ကျန်နေသေးတော့ တော်တော်ကြောက်စရာကောင်းတဲ့ပုံစံကြီးဟ
။
ညောင်ပင်နဲ့ အဲဒီဘီလူးမရုပ်နဲ့က အဝေးကြီးရယ် ။ နောက်ပြီး ဘီလူးမရုပ်ကို သံဇကာနဲ့
ကာပြီး သော့ခတ်ထားတာနော် ။ အေး…ငါ့
အင်္ကျီစက အဲဒီဘီလူးမရုပ်ရဲ့လက်ထဲမှာ ရှိနေတာဟေ့ ။ အဲဒါလည်းမြင်ရော ငါတို့အားလုံး
မတိုင်ပင်ဘဲ ထွက်ပြေးကြတော့တာပဲ ။
အမလေး…ဒီအကြောင်း ပြန်စဉ်းစားရင် ခုထက်ထိ ကြက်သီးထတုန်း…။ ငါ့အဖေကို ပြောပြမိတော့
အဖေက ပြောတယ် ။ အေး…
သားတို့က ဘုရားမှာ ဆဲရေးတိုင်းထွာမိတယ် မဟုတ်လား ။ ဒါကို ဘုရားကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေက
သဘောမကျလို့ ခုလို
ထင်ထင်ရှားရှားပြလိုက်တာနေမှာပေါ့တဲ့ ။ ဟုတ်မဟုတ်တော့ ငါလည်း မသိဘူး ။”
“ အေးဟ…ကြောက်စရာကြီးနော်…နင့်အဖေပြောတာလည်း ဖြစ်နိုင်တယ် ။ အကောင်းဆုံးကတော့
မြတ်စွာဘုရား ဟောကြားထားတဲ့
အတိုင်း မင်္ဂလာတရားတော်နဲ့အညီ နေထိုင်နိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့ဟာ ။”
ကျော်ကျော်မိုး၏စကားကို မိုးပွင့်က သံဝေဂလေသံနှင့်
အဆုံးသတ်ပေးလိုက်၏ ။ သူတို့၏ဂမ္ဘီရပုံပြင်စကားဝိုင်းလေး ပြီးဆုံးသွားသည် နှင့် နောက်တွင်
အလိုက်တသိအသံတိတ်ပေးနေရသူများက ဂစ်တာသံတဒေါင်ဒေါင်တဒင်ဒင်ကို စတင်တီးခတ်တော့သည် ။ လူငယ်တို့
ချည်း သွားသောခရီးစဉ်ဖြစ်သည်မို့ ပျော်ရွှင်မှုများက မိုးမမြင်လေမမြင်ပါပဲ ။
“ ခူး…ခရူး….ခူး…ခရူး…”
အသက်ရှူသံပြင်းပြင်းကိုကြားလိုက်ရသဖြင့် မိုးပွင့်
အိပ်နေရာမှ လန့်နိုးသလိုဖြစ်သွားသည် ။ လုံးလုံးလျားလျား ဝုန်းခနဲထထိုင်လိုက်တာ တော့
မဟုတ် ။ အသိစိတ်ဝင်နေပြီဖြစ်သော်လည်း မျက်လုံးတို့ကိုမူ ဖွင့်၍မရသေးချေ ။ အတွေးထဲ၌
အိပ်မက်မက်နေသကဲ့သို့ မှုန်ဝါးဝါး ရီဝေဝေဖြစ်နေသည် ။ တစ်ညနေလုံး ကားစီးလာရသည့်ဒဏ်ကြောင့်
တစ်ကိုယ်လုံးလည်း ညောင်းညာကိုက်ခဲနေသလို မျက်စိတို့လည်း ကျိန်းစပ်နေ၏ ။
အသက်ရှူသံလိုလို ဟောက်သံလိုလို ရင်ခေါင်းသံစူးရှရှက
မိုးပွင့်၏နားစည်အတွင်းသို့ ပဲ့တင်ရိုက်ခတ်လာသဖြင့် မိုးပွင့် အိပ်စက်ရခက်ခဲ သွားသည်
။ ပြန်အိပ်ရန် မလွယ်ကူတော့…။ အသံက အခန်းတွင်းရှိသူငယ်ချင်းများထဲမှ တစ်စုံတစ်ယောက်ထံက
ထွက်ပေါ်လာခြင်းဖြစ် မည် ။ အအိပ်ဆတ်သူမိုးပွင့်အတွက် ထိုအသံက သည်းခံရခက်စေ၏ ။
‘ဟူး…ဘယ်သူများ ဟောက်နေတာပါလိမ့် ။’
မိုးပွင့် တွေးရကျပ်သွားသည် ။ အခန်းထဲတွင်
စုစည်းအိပ်စက်နေသူများကို ပြန်စဉ်းစားကြည့်သည် ။ ဤအခန်းထဲတွင် ရတီ၊သစ္စာ၊မြတ် မွန်စု၊အေးသီရိနှင့်
မိုးပွင့်တို့မိန်းကလေးတစ်ဖွဲ့သာ ရှိသည် မဟုတ်လား ။ ဤသို့ဆိုလျှင် မည်သူကများ ဟောက်တတ်ပါသလဲ…မည်သူ
ကများ အိပ်ပျော်နေစဉ်တွင် အသက်ပြင်းပြင်း ရှူတတ်သလဲ…မိုးပွင့် မစဉ်းစားတတ်တော့ ။ တွေးရင်း,တွေးရင်းဖြင့်
အတွေးတို့က အဝေး ဆီသို့ လွင့်မြောသွားသည် ။ ဝေးဝေးလံလံဆီသို့ လွင့်မြောသွားခြင်းတော့မဟုတ်
။ ကျိုက်ထီးရိုးတောင်ခြေသို့ ရောက်ရှိလာခဲ့ပုံကို မိုးပွင့် ပြန်တွေးလိုက်မိခြင်းဖြစ်သည်
။
မိုးပွင့်တို့အဖွဲ့ ကင်ပွန်းစခန်းသို့
ရောက်သည့်အချိန်က ညကိုးနာရီခွဲခန့်တွင်ဖြစ်၏ ။ မိုးပွင့်အပါအဝင် သူငယ်ချင်းလေးယောက်
ခန့်က ကျိုက်ထီးရိုးသို့ ရောက်ဖူးသူချည်းဖြစ်၍ မိမိတို့ တည်းခိုခဲ့ကြသည့်တည်းခိုခန်းများကို
အလုအယက်ပြောကြသည် ။ အချိန်က ည ကိုးနာရီကျော်ပြီဖြစ်သဖြင့် ပတ်ဝန်းကျင်သည် မှောင်မိုက်နေပြီ
။ သွားသည့်အချိန်ကလည်း လူရှင်းသည့်အချိန်ဖြစ်၍ ဈေးတန်းရှိဈေး ဆိုင်အချို့ပင် ပိတ်သိမ်းစပြုနေပြီ
။ လိမ္မော်သီးစိပ်ကဲ့သို့သောလခြမ်းလေးသည် ကောင်းကင်ယံတွင် မလင်းတလင်းသာနေ၏ ။
“ ဈေးတော့ တော်တော်သက်သာတယ် ။ နည်းနည်းတော့ အထဲဝင်ရမယ် ။ အဲ… ဒါပေမဲ့ ငါတို့က
လမ်းလျှောက်တက်မယ့်လူတွေဆို
တော့ တောလမ်းနဲ့နီးတာ ကောင်းပါတယ် ။ ဘယ်လိုလဲ…အဲဒီဆိုင် သွားမလား…”
နောက်ဆုံးတွင် ဟိန်းဝင်း၏အပြောကို အားလုံး
စိတ်ဝင်စားသွားကြသည် ။ အဓိကစိတ်ဝင်စားသွားကြသည်မှာ ဈေးနှုန်းကိုဖြစ်သည် ။ ဈေးနှုန်းတော်တော်သက်သာသည်ဆိုမှတော့
တည်းချင်ကြပြီပေါ့ ။ အားလုံး ဟိန်းဝင်း ခေါ်သွားရာနောက်သို့ လိုက်ခဲ့ကြသည် ။ ဟိန်း ဝင်းကလည်း
လွန်ခဲ့သည့်သုံးနှစ်ခန့်က တည်းခဲ့သူဖြစ်တာကြောင့် ထိုဈေးသက်သာသောရေချိုးဆိုင်ကို မေ့တေ့တေ့ဖြစ်နေ၏
။ အတော် ရှာယူပြီးမှ နောက်ဆုံးတွင် သူ ပြောသောဆိုင်ကို ရှာတွေ့ခဲ့သည် ။
“ ဟုတ်တယ်…ဒီဆိုင်ပဲ ။ ငါ ဒီတံတားလေးကို မှတ်မိနေတယ် ။ ဒီလိုဝါးလုံးလေးတွေ ပျဉ်ပြားတွေနဲ့
လုပ်ထားတဲ့တံတားလေး…”
ဟိန်းဝင်းက တံတားပေါ်သို့ ဦးစွာပြေးတက်သွားကာ
ဝမ်းသာအားရဆိုသည် ။ ကျန်သူအားလုံး သူ့ကို ဝိုင်းထုချင်စိတ်ပေါက်သွားကြ၏ ။ သူ့အပြောကိုလည်း
ကြည့်ဦး…ယုံချင်စရာ တစ်စက်မျှမရှိ ။ ဝါးလုံးနှင့်ပျဉ်ပြား ရောစပ်ကာ တည်ဆောက်ထားသောတံတားမျိုးကို
ဤ ကင်ပွန်းစခန်းရှိ ချောင်းကိုကျော်ပြီး ဆောက်လုပ်ထားသော ရေချိုးဆိုင်အားလုံးလိုလိုတွင်
အသုံးပြုကြသည် ။ ဆိုင်တိုင်းတွင် ရှိနေနိုင် သောတံတားကိုမှ သူက မှတ်မိနေသတဲ့ ။ သို့သော်လည်း
သူငယ်ချင်းအားလုံး မောဟိုက်ပင်ပန်းနေကြပြီမို့ ဟိန်းဝင်းကို အပြစ်တင်မနေ တော့ဘဲ ဆိုင်ထဲသို့
ဝင်လာကြသည် ။ ဆိုင်ကလေးက သပ်သပ်ရပ်ရပ်ဖြစ်၏ ။
“ သြော်…လာကြ…လာကြ…ကလေးတို့ ထိုင်ကြဦး ။ နားကြဦး…ညစာစားမယ်ဆိုလည်း ပြောနော်
။ ဟင်းတွေ ရှိသေးတယ် ။”
ဆိုင်ရှင်က ဧည့်ဝတ်ကျေပွန်စွာ ဆီးကြိုသည် ။
အပြောမဆိုးလှသည့်ဆိုင်ရှင်ကြောင့် အားလုံး စိတ်ချမ်းသာသွားရသည် ။ များသောအား ဖြင့်
ကင်ပွန်းစခန်းမှရေချိုးဆိုင်တည်းခိုခန်းအားလုံးလိုလို ဆက်ဆံရေးကျဲကြသည် ။ အားလုံးသာ
အခုလိုမျိုး ချိုချိုသာသာကြိုဆိုမည် ဆိုလျှင် လာလည်သောဧည့်သည်များအဖို့ ပို၍ပျော်စရာကောင်းပေလိမ့်မည်
။
“ နင်တို့ စားကြဦးမလား ။ ငါတော့ ပင်ပန်းလို့ အိပ်ချင်တာပဲ သိတယ် ။”
ဖြိုးပြည့်က အိပ်ချင်မူးတူးအသံနှင့် ဟစ်အော်မေးလိုက်၏
။ အားလုံး၏ပုံစံကလည်း စားချင်ကြပုံမရ…။ လမ်းတွင်လည်း စားခဲ့သောက်ခဲ့ ကြ၍ တည်းခိုခန်းရောက်သည်နှင့်
တန်းအိပ်ချင်နေကြသည့်ပုံ ။
“ ဟေ့အေး…မစားချင်တော့ဘူး ။ အားလုံး အိပ်ချင်နေကြပြီ ။ အခန်းနှစ်ခန်းသာ ယူလိုက်တော့
။”
ရတီက အားလုံး၏ကိုယ်စား အလိုက်တသိဖြေကာ အခန်းငှားသည်။
မိန်းကလေးတစ်ခန်း ယောက်ျားလေးတစ်ခန်းအိပ်ရန် နဂိုကတည်း က စဉ်းစားထားပြီးသားဖြစ်၏ ။
ဆိုင်ပိုင်ရှင်က အခန်းနှစ်ခန်းသော့ကို ပေးသည် ။ အခန်းမှာ ဟိုတယ်များ အဆင့်မြင့်တည်းခိုဆောင်များ
ကဲ့သို့ ကုတင်အကောင်းစား မွေ့ရာအကောင်းစား မဟုတ် ။ ကြမ်းခင်းတွင် မွေ့ရာခပ်ပါးပါးကို
ခင်းထားရုံ သာမန်ကာလျံကာမျှသာဖြစ် ၏ ။ သို့သော် တစ်ညတာ အိပ်စက်ရန်အတွက် အဆင်ပြေပါသည်
။
အခန်းတွင်းသို့ရောက်သည်နှင့် သူငယ်ချင်းအားလုံး ဘေးဘီ မကြည့်နိုင် ။ တန်းထိုးအိပ်ကြသည်
။ အဓိဋ္ဌာန်ပုတီးစိပ်နေသူ-မိုးပွင့် တစ်ယောက်သာ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်အား ရည်စူးအာရုံပြုဖူးမျှော်ပြီး
ပုတီးပြီးအောင်စိပ်သည် ။ ထို့နောက် ၃၁ဘုံကိုပင် မေတ္တာ မပို့/အမျှမဝေနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့ရာ
ယခုကဲ့သို့ ညသန်းခေါင်ယံကြီး လန့်နိုးလာခဲ့ရခြင်းဖြစ်ပါ၏ ။
][][
ဟောက်သံလား…အသက်ရှူသံလား…ချွဲကပ်သံလား…ခွဲခြားရန်ခက်ခဲသောထိုအသံက
အခန်းထဲတွင် အချိန်မှန်ထွက်ပေါ်နေဆဲဖြစ် သည် ။ ရတီ ဟောက်နေတာများလား…။ မိုးပွင့် အိပ်ချင်မူးတူးဖြင့်
နံဘေးသို့ လက်ကိုဆန့်တန်းကာ စမ်းလိုက်သည် ။ မိုးပွင့်နံဘေးတွင် အိပ်နေသောရတီ ဟောက်တာ
ဟုတ်မဟုတ် သိနိုင်ရန်ဖြစ်သည် ။ သို့သော် လက်တစ်ဆုံးအထိ မည်သူ့ကိုမျှ မစမ်းမိ…။ အခန်းမှာ
ငါး ယောက်သား တိုးဝှေ့အိပ်နိုင်ရုံအခန်းကျဉ်းလေး ။ ယခုကဲ့သို့ မည်သူ့ကိုမှ မစမ်းမိခြင်းမှာ
ထူးဆန်းနေပြီဖြစ်တာကြောင့် မှိတ်ထားသော အိပ်ချင်မူးတူးမျက်လုံးတို့ကို ဖွင့်ကြည့်လိုက်၏
။
“ ဟင်…”
အခန်းမှာ မှောင်မည်းနေသည် ။ ပတ်ဝန်းကျင်သို့
မမြင်ရလောက်အောင်ပင် မှောင်မည်းနေခြင်းဖြစ်၏ ။ မိုးပွင့် အတတ်နိုင်ဆုံး ပတ်ဝန်း ကျင်သို့
ပြူးပြဲကြည့်မိသည် ။ လေးမိနစ်ငါးမိနစ်ခန့်အကြာတွင် အမှောင်ထဲ၌ မျက်စိကျင့်သားရသွားသဖြင့်
ပတ်ဝန်းကျင်သို့ မသဲမကွဲ တွေ့မြင်လာရသည် ။ လူကတော့ အိပ်ချင်နေဆဲ…ခေါင်းထဲတွင် ညည်းစီစီဖြစ်နေ၏
။
“ ဟာ…ဘယ်ရောက်ကုန်ကြတာတုံး ။”
ညက ခြင်ကိုက်မည်စိုး၍ မိုးပွင့်ကိုယ်တိုင်
ထ,ထောင်ထားသောနှစ်ယောက်အိပ်နိုင်လွန်ခြင်ထောင်ထဲတွင် မိုးပွင့်တစ်ယောက်တည်း ဖြစ် နေသည်
။ မိုးပွင့်နံဘေးတွင် အိပ်သောရတီကိုရော ၊ ရတီ့ဘေးမှသစ္စာကိုရော မတွေ့ရ ။ အသေအချာဇွတ်စိုက်ကြည့်သည့်အခါမှ
ခြင် ထောင် အပြင်တွင် မိုးပွင့်ကို ကျောပေးအိပ်နေသူတစ်ယောက်ရှိကြောင်း သိလိုက်ရသည်
။ ဟောက်သံကျယ်ကြီးမှာ ထိုသူထံမှ ထွက် ပေါ်နေခြင်း ဖြစ်မည် ။
‘ ဘယ်သူပါလိမ့်…’
မှောင်မိုက်နေသဖြင့် ခြင်ထောင်အပြင်မှလူကို
သဲသဲကွဲကွဲမမြင်ရ…။ ဆံပင်ပုံစံကို မှန်းဆကြည့်ကာ မြတ်မွန်စု သို့မဟုတ် အေးသီရိတစ် ယောက်ယောက်ဖြစ်လိမ့်မည်ဟု
တွေးမိသည် ။ ခြင်ထောင်ထဲ ဝင်အိပ်လေဟုခေါ်ရန်စဉ်းစားမိသော်လည်း ဤမျှလောက် အဝေးမှ တောင်
ဟောက်သံကို ကျယ်လောင်စွာ ကြားနေရလျှင် အနီးကပ်သာဆို ပို၍ဆိုးလိမ့်မည်ဟုတွေးမိကာ နှုတ်ဆိတ်နေလိုက်၏
။ ကျန်သူ များလည်း သူ့ဟောက်သံကို မခံနိုင်သဖြင့် အပြင်ထွက်အိပ်နေကြသလား မသိ…။
တောင်တောင်အီအီများကို ကြာကြာမတွေးအား ။ ယခု မအိပ်၍ ခေါင်းမကြည်လျှင် မနက်ကျ
ဒုက္ခရောက်လိမ့်မည်ဟုကိုယ့်ကိုယ်ကို သတိပေးကာ အိပ်ပျော်အောင် ကြိုးစားအိပ်ကြည့်သည် ။
မျက်လုံးမှိတ်လိုက်တိုင်း ဟောက်သံ ခူး…ခရူး……ခူး…..ခရူး….ဟူသောအသံ ကြီးက သာ၍ကျယ်လောင်လာသည်
။ ထူးဆန်းနေသည်မှာ တစ်ချက်တစ်ချက် တစ်ယောက်တည်း ဟောက်နေသည်နှင့် မတူဘဲ သုံး လေးယောက်
အသက်ရှူကျပ်နေသကဲ့သို့ သုံးလေးသံဖြစ်နေသည် ။ စိတ်ထဲတွင် ထိုအချက်ကို ထူးဆန်းသည်ဟုခံစားမိသော်လည်း
အိပ်ချင်နေသည့်စိတ်က များသောကြောင့် အိပ်ပျော်အောင် ကြိုးစားအိပ်လိုက်တော့၏ ။
][][][][][][][][][][][
မနက်ခင်းနှင်းပွင့်များနှင့်အတူ မိုးပွင့်တစ်ယောက် လတ်ဆတ်စွာ နိုးထလာခဲ့သည်
။ ညက အိပ်ရေးအနည်းငယ် ပျက်သဖြင့် ငါးနာရီ လေးဆယ်ခန့်မှ အိပ်ရာက ထနိုင်သည် ။ အိပ်ရာမှနိုးသည့်အခါ
ညကအတိုင်းပင် မိုးပွင့်၏အနီးအနားတွင် မည်သူမျှ မရှိ ။ ခြင်ထောင် အပြင်တွင်လည်း မည်သူမျှ
မရှိ ။ အားလုံး အိပ်ရာထသွားကြပုံရ၏ ။ သို့ကြောင့် ခြင်ထောင် သေချာသိမ်းပြီး ဆံပင်နှင့်အဝတ်အစားများ
ကို သပ်သပ်ရပ်ရပ်ပြုပြင်ကာ အခန်းအပြင်သို့ ထွက်ခဲ့လိုက်သည် ။
“ ဟယ်တော်…ဘယ်နှယ့်ဖြစ်ကြသလဲ ။ အခန်းငှားပြီးတော့ ဘာဖြစ်လို့ အပြင်ထွက် အိပ်နေကြတာလဲ
။”
မိုးပွင့် မျှော်လင့်ထားသည်မှာ အခန်းအပြင်
ကွပ်ပျစ်များပေါ်၌ သူငယ်ချင်းအားလုံး ဖီးလိမ်းပြင်ဆင်ကာ တောင်ပေါ်တက်ရန် စီစဉ်နေကြ လောက်ပြီဟု
ယူဆထားသော်လည်း တကယ့်တကယ်တမ်းကျ အားလုံး ထိုကွပ်ပျစ်များတွင် စောင်ခြုံလျက် အတုံးအရုံးကွေးနေကြ
တုန်း ။ မိန်းကလေးတွေတန်မဲ့…လူရှင်းလို့ တော်သေးရဲ့ဟု မိုးပွင့် တွေးမိရင်း တဆက်တည်းမှာပဲ
လှမ်းအော်နှိုးလိုက်သည် ။ မိုးပွင့်၏ စကားသံကြားမှ တချို့တဝက် လန့်နိုးလာကြသည် ။ သူတို့အား
တအံ့တသြငေးကြည့်နေသောမိုးပွင့်ကို သူတို့ကလည်း တအံ့တသြပြန် ငေးကြည့်နေကြ၏ ။ ထိုသို့
အများနှင့်တစ်ယောက် ကြောင်တောင်ငေးဖြစ်နေရသည့်အခြေအနေကို ဝင်ထိန်းလိုက်သူက အေးသီရိ…။
“ ကဲ…ကဲ…ပြင်ကြဆင်ကြတော့ ။ သွားကြရအောင် ။ ဟိုအကောင်တွေရဲ့အခန်းကို ငါ သွားထုလိုက်မယ်
။ သူတို့ မနိုးကြသေးဘူး
ထင်တယ် ။”
“ အေး…အေး…ဟုတ်တယ်…မြန်မြန်သွားကြတာပေါ့ ။”
မြတ်မွန်စုကလည်း အေးသီရိ့စကားအတိုင်း ကွပ်ပျစ်ပေါ်မှ
သုတ်သုတ်ထကာ ဗေဇင်တွင် မျက်နှာသစ် သွားတိုက်သည် ။ ရတီနှင့်သစ္စာ လည်း ခြုံထားသောစောင်များကိုခေါက်ကာ
နှစ်ယောက်သား တိုင်တိုင်ပင်ပင်နှင့် အခန်းထဲသို့ ရွံ့တွန့်တွန့်ဝင်ကာ ပစ္စည်းများကို
အလျင် အမြန်ကောက်သိမ်းကြသည် ။ သူတို့ ဘာဖြစ်နေသလဲဆိုတာ မိုးပွင့်လည်း နားမလည်နိုင်
။
အားလုံး ပြင်ဆင်အပြီး ထိုတည်းခိုဆောင်မှ ထွက်လာသည့်အချိန်မှာ မနက်ခုနစ်နာရီဆယ့်ငါးမိနစ်ခန့်
ရှိလေပြီ ။ ထိုအချိန်အထိ ဖြစ်ရပ်မှန်ကို မိုးပွင့်
မသိသေး…။
“ ဟဲ့…မိပွင့် ဒါနဲ့ ငါ သိချင်တာ နင် တစ်ညလုံး အခန်းထဲမှာ ရှိနေတာပေါ့ ဟုတ်လား
။”
တောင်တက်လမ်းတွင် ရတီက ထိုမေးခွန်းကို အထူးအဆန်းလုပ်ကာ
လာမေးသည် ။ ရတီ့အမေးကြောင့် မိုးပွင့် ကြောင်သွားပြီးမှ …
“ အေးလေ…အခန်းငှားထားပြီး အခန်းထဲမှာ အိပ်မှပေါ့ဟ ။ နင်တို့က ဘာဖြစ်လို့ အခန်းအပြင်ရောက်နေကြတာလဲ
။”
“ ငါတို့ကို ခြေထောက်လာဆွဲ…”
သစ္စာက ကြားဝင်ဖြေလိုက်သည်ကို ရတီက ပါးစပ်အတင်းဝင်ပိတ်သည်
။ သူတို့နှစ်ယောက်၏အမူအရာကြောင့် မိုးပွင့် ပိုသိချင်သွားမိ သည် ။
“ ခြေထောက် ဘာဖြစ်လို့လဲ ။ ပြောလေဟာ…”
“ နေပါဦး ။ ပြီးရင် အစအဆုံး သေချာပြောပြပါ့မယ် ။ ဖြိုးပြည့်တို့လည်း သိချင်ကြမှာပဲ
။ ဒါပေမဲ့ လောလောဆယ် နင့်ကို အရင်မေးဦး
မယ် ။ ညက နင် ထူးထူးခြားခြား ဘာမှမဖြစ်ဘူးလား
။ ငါတို့ အခန်းထဲမှာ မရှိတော့တာကို နင် မသိဘူးလား ။”
“ ဘယ်လိုလုပ် သိမှာလဲ ။ ငါလည်း အရမ်းအိပ်ချင်နေတာကို ။ သြော်…ဒါနဲ့ ငါ့သယ်ရင်းထဲမှာ
အဟောက်သန်တဲ့သူတစ်ယောက် ရှိ
တာကို ညက သတိထားလိုက်မိတယ် ။ ဟောက်တာမှ အသေပဲ ။ ငါတောင် လန့်နိုးလာသေးတယ် ။
အဲဒီတော့မှ နင်တို့ မရှိမှန်း
ငါ သိလိုက်ရတာ ။ နင်တို့ကို စောစောစီးစီးထသွားတယ်ထင်တာပေါ့ ။ ခုတော့…ဘယ့်နှယ့်…အပြင်ထွက်အိပ်ရတယ်လို့
။”
မိုးပွင့်က ညက သူ တွေ့ကြုံခဲ့သမျှကို အတိုချုံ့ပြောပြရင်း
တစ်ဆက်တည်းပင် သူငယ်ချင်းများကို အပြစ်တင်လိုက်သည် ။ သူ့အတွေး ကလည်း မမှား ။ ပိုက်ဆံပေးငှားထားပြီးမှ
ထိုအခန်းထဲတွင် မအိပ်ဘဲ အပြင်ထွက်အိပ်နေသောသူငယ်ချင်းများအပေါ် သူ နားလည်၍ မရ ။ ဟိုတစ်ယောက်
မည်မျှဟောက်ပါစေ…မိန်းကလေးတွေချည်းမို့ လုံခြုံမှုရှိစေရန် အခန်းထဲတွင်သာ အိပ်သင့်သည်
။ မိုးပွင့်၏ စကားကြောင့် ကျန်သူငယ်ချင်းကောင်မလေးများအားလုံး တအံ့တသြဖြစ်သွားပြီးမှ
ပြုံးယောင်သမ်းသွားကြသည် ။ ဟန်မဆောင်တတ် သူသစ္စာက တဟားဟားထရယ်၏ ။
“ ဟဲ့…ဘာဖြစ်တာလဲ ။ ငါ ပြောတာ ဘာမှားလို့လဲ ။ နင်တို့ကလဲဟာ…မလျှိုကြနဲ့ ။ ဘာတွေဖြစ်နေကြတာလဲ
… ပြော…”
“ မိန်းမ…ညည်း ညက သရဲခြောက်ခံခဲ့ရတာဟဲ့ ။ သိပြီလား…”
ဘယ်ကတည်းက ပြောချင်နေမှန်းမသိတဲ့မြတ်မွန်စုက
ဒက်ခနဲဝင်ဖြေလိုက်ရာ မိုးပွင့်၏မျက်လုံး ကော်ဖီပန်းကန်လုံးလောက် ပြူးသွား သည် ။ ပြူးပြီပေါ့…သူ့အဖြေက
ကြောက်စရာကောင်းနေသည်ကိုး ။
“ နင်…နင်နော် မဟုတ်တာတွေ မပြောနဲ့ ။ ငါက ကြောက်တတ်တယ် ။ နောက်ပြီး…တောထဲတောင်ထဲမှာ
မပြောကောင်းဘူးဟ ။”
“ သြော်…ငါက မမှန်တာပြောတာမှ မဟုတ်တာ ။ တကယ်ပြောနေတာ ။ ညက သရဲခြောက်လို့ ငါတို့အားလုံး
အခန်းအပြင် ရောက်
သွားကြတာ ။”
“ ဘယ်…ဘယ်လို ။ သေချာပြောကြစမ်းပါဦးဟယ် ။ ငါ လန့်လိုက်တာ ။”
“ အမလေး…အခုမှ လန့်နေ ။ ညကတော့ သရဲခြောက်တဲ့အခန်းထဲမှာ တစ်ယောက်တည်း အိပ်နေပြီးတော့များ
။”
အေးသီရိက မထိတထိစ,နေသေးသည် ။ မိုးပွင့်မှာတော့
ယခုထက်ထိ ဇာတ်ရည်မလည်သေး…။ ထိုအခိုက် ယောက်ျားလေးသူငယ်ချင်း များပါ မိုးပွင့်တို့အနား
ရောက်လာကြသည် ။ သူတို့လည်း ရတီ့စကားကို စိတ်ဝင်စားသွားကြပုံရသည် ။
“ ကဲပါ…ညက ငါတို့ ထိုင်ပြောနေတဲ့အဖြစ်အပျက်တွေကို သူ့ကို ပြန်ပြောပြလိုက်မယ်
။ မိုးပွင့်ရေ…နင်တော့ ကုန်ကြမ်းအကြီးကြီးရပြီ
သာမှတ်တော့ ။ ဒီလို...”
ရတီက ဒီလိုဟုစ,ကာ လည်ချောင်းရှင်းနေသေးသည်
။ မိုးပွင့်အပါအဝင် သူငယ်ချင်းယောက်ျားလေးများကလည်း စိတ်ဝင်တစားနားစွင့် နေကြ၏ ။
“ ဒီလို…ညက ငါတို့ အိပ်ပျော်သွားပြီးမကြာ အစွန်ဆုံးမှာအိပ်တဲ့အေးသီရိရဲ့ခြေထောက်ကို
လူတစ်ယောက် လာဆွဲတယ် ။ လက်ကြီး
က အေးစက်နေတာပဲတဲ့ ။ အေးသီရိလည်း လန့်နိုးလာတာပေါ့ ။ ဆက်တိုက်ဆိုသလိုပဲ…မြတ်မွန်စုလည်း
ထထိုင်လာတယ် ။ အေး
သီရိက ဘာဖြစ်လို့ နိုးလာတာလဲမေးကြည့်တော့ သူလည်း အေးသီရိလိုပဲ ခြေထောက်ကို လက်အေးကြီး
လာကိုင်လို့တဲ့ဟာ ။”
“ အမငှီး…ဟုတ်ပါ့ ဟုတ်ပါ့…ရေခဲရိုက်ထားတဲ့လက်ကြီးများလား မသိပါဘူးအေ ။”
ရတီ၏စကားကို မြတ်မွန်စုက ဝင်ထောက်ခံသည် ။ ရတီက
ဇာတ်လမ်းကို ဆက်ပြော၏ ။
“ နောက်တစ်ယောက်က သစ္စာ။ သစ္စာကိုကျတော့ သာဆိုးသေး…နှာဘူးတစ္ဆေက ခြေသလုံးကို လာကိုင်တာတဲ့
။ သစ္စာက ဘောင်း
ဘီတိုလေး ဝတ်ထားတာကိုးဟ ။ သစ္စာ လန့်နိုးတော့ သစ္စာဘေးမှာ ဟိုနှစ်ယောက် မရှိတော့ဘူး
။ သူတို့လည်း အခန်းထဲမှာ မနေရဲ
လို့ ကွပ်ပျစ်မှာ ထွက်ထိုင်နေကြတယ် ။ သစ္စာလည်း ပြေးတော့တာပေါ့ ။ နောက်အလှည့်ကျတာက
ငါ ။ ငါ့ကိုတော့ အသက်ရှူသံ
ကြီး…စောစောက နင် ပြောသလိုပဲ ။ အသက်ရှူကျပ်နေတဲ့အသံမျိုးကြီးကြားလို့ ငါ လန့်နိုးလာတာ
။ ငါလည်း သစ္စာ ဟောက်နေ
တာများလားဆိုပြီး ဘေးကိုလည်း စမ်းလိုက်ရော…လားလား…အေးစက်နေတာချည်းကို စမ်းမိတယ်
။ လူတော့လူပဲဟ…ဒါပေမဲ့
အေးစက်နေတာပဲ ။ ငါလည်း လန့်သွားတာပေါ့ ။ ဟာ…သစ္စာတော့ အအေးပတ်ပြီထင်တယ်လို့တွေးမိပြီး
ဘေးကို အသည်းအသန်
ပြူးပြဲကြည့်တော့…အမလေးလေး…ငါ့ညာဘက်ခြမ်းမှာ ဘယ်သူမှလည်း မရှိဘူး ။ ဘယ်ဘက်ခြမ်းမှာ
နင် ရှိနေလို့သာပေါ့…မဟုတ်
ရင် ငါ သွေးပျက်သွားနိုင်တယ် ။ အဲဒီမှာပဲ ငါလည်း လန့်ပြီး အခန်းထဲက ထွက်ပြေးတော့တာပဲဟေ့
။”
ရတီက ထိုနေရာတွင် ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်
။ မိုးပွင့်ခမျာ ထိုအခါမှ ဇာတ်ရေလည်ကာ ထိတ်လန့်သွားရ၏ ။
“ အမေ့…ဒါဆို အ…အခန်းထဲမှာ ငါ…ငါတစ်ယောက်တည်းပေါ့ ဟုတ်လား ။”
“ အေးပေါ့ဟ ။ ဒါနဲ့…မိုးပွင့်…နင့်ကိုရော ဘယ်လိုခြောက်သေးလဲ ။”
သစ္စာက စိတ်ဝင်တစားမေးသည် ။ မိုးပွင့်က ထိတ်လန့်တုန်လှုပ်နေသည့်စိတ်ကို
သက်ပြင်းငွေ့ငွေ့ချရင်း ထိန်းချုပ်လိုက်ကာ…
“ ငါကတော့ သရဲခြောက်မှန်းတောင် မသိပါဘူးဟယ် ။ အသက်ရှူသံကြီးကြားလို့ လန့်နိုးလာတယ်
။ နောက်တော့ ငါ့ဘေးမှာ ဘယ်
သူမှမရှိမှန်း သိလိုက်ရတယ် ။ အဲ…ဒါပေမဲ့ ခြင်ထောင်အပြင်မှာ လူတစ်ယောက် ရှိနေတယ်ဟ
။ ဆံပင် မတိုမရှည်နဲ့ အမျိုးသမီးတစ်
ယောက်ပဲ ။ ငါက အေးသီရိမှတ်နေတာ ။ နောက်တော့ ပြန်အိပ်ပျော်သွားရော…”
မိုးပွင့်၏အပြောကြောင့် အားလုံး ကြက်သီးတဖြန်းဖြန်းထသွားကြသည်
။ တောကြီးတောင်ကြီးထဲတွင် သရဲအကြောင်း ပြောရသည့်အရ သာက တစ်မျိုးတစ်မည်ထူးခြားနေသည်
။ ပို၍လည်း ကြောက်စရာကောင်း၏ ။ နောက်ဆုံးမှ လိုက်လာသူများဖြစ်သော ဖြိုးပြည့်၊အောင်
ပိုင်နှင့်ဟိန်းဝင်းတို့က နောက်ဘက်သို့ အထိတ်တလန့်နှင့် လှည့်ကြည့်လိုက်ကြသေးသည် ။
“ အမလေးလေး…တော်သေးတာပေါ့ ။ နင် ထများကြည့်လိုက်မိရင်တော့ မတွေးဝံ့စရာပဲ ။”
ရတီ့စကားကြောင့် မိုးပွင့် ရင်ခုန်သံ ဆူညံသွားရ၏
။ အကယ်၍ မိုးပွင့်သာ ထိုသူကို အေးသီရိအမှတ်နှင့် သွားကိုင်နှိုးလိုက်မိလျှင် ဘာ တွေများ
ဆက်လက်ဖြစ်ပွားသွားမလဲဆိုတာ မမှန်းဆတတ်အောင်ပါပဲ ။
မိုးပွင့် ရုတ်တရက် တွေးမိလိုက်သည်က ရတနာသုံးပါး၏ဂုဏ်ကျေးဇူးကိုပါ ။ ညအိပ်ခါနီးတွင်
ဆံတော်ရှင်မြတ်အား ရည်မှန်းလျက် ဘုရားရှိခိုး ပုတီးစိပ်ခဲ့သည့်အကျိုးကြောင့် ကျန်လူများကဲ့သို့
အကြမ်းပတမ်းခြောက်လှန့်ခြင်း မခံရသည့်အပြင် ထိုပရလောကသားဟာ မိမိအနားသို့ ကပ်ခွင့်မရ၍သာ
ခြင်ထောင်အပြင်ဘက်တွင် ကိုယ်ထင်ပြခဲ့ခြင်းဖြစ်လိမ့်မည် ။ မသေမီက ဤအခန်းကို စိတ်စွဲလန်းခဲ့လေ
သလား…အသက်ရှူမဝသည့်ရောဂါဖြင့် သေဆုံးခဲ့ရလေသလား…မိုးပွင့် မစဉ်းစားတတ်ပါပေ ။ သို့ပေမဲ့
ဤအဖြစ်အပျက်ကြောင့် မိုးပွင့် ဘာသာတရားကို ပို၍ယုံကြည်အားကိုးသွားမိ၏ ။ အတွေးထဲတွင်
မိုးပွင့် မြောလွင့်နေမိစဉ် ဟိန်းဝင်းက…
“ ကဲပါ…ဒီအကြောင်းတွေ မပြောကြပါနဲ့တော့ ။ ငါ ကြောက်လွန်းလို့ပါ ။”
ဟုဝင်ပြောသည် ။ အားလုံးက ဟိန်းဝင်းကို ဝိုင်းထုကြသည်
။
“ အကောင်စုတ်…အဲဒီသရဲခြောက်တဲ့ဆိုင်ကို နင် ခေါ်သွားတာလေ ။ ဘာအခုမှကြောက်နေတာလဲ
။ သရဲမက နင်တို့ကိုတော့
မခြောက်ဘူး ။”
“ ဟုတ်ပါ့…သရဲကတောင် ပြန်ကြောက်ရတဲ့ရုပ်တွေမို့လို့နေမှာပေါ့ ။”
“ သရဲမက ငါတို့ကို ပြန်ကြောက်ရတာ ရုပ်ကို မဟုတ်ဘူးဟေ့ ။ ဟိုဒင်းကို…ငါ့ဆီမှာ
အမြဲတမ်းပါတဲ့ ဟိုဒင်း…”
“ ဘယ်ဒင်းတုံး သားကြီး…ပြောလိုက်စမ်းပါ ။”
“ အဆောင်ကို ပြောတာလေ ။ ဘဘုန်းကြီးပေးထားတဲ့ အဆောင်ကို ပြောတာဟ ။ နင်တို့က ဘာဖြစ်လို့
မျက်စိမျက်နှာပျက်နေကြ
ရတာလဲ ။ ဒါနဲ့…နင်တို့က အခြောက်ခံဖူးသွားပြီပေါ့ ဟုတ်လား ။”
“ သေနာ…နင် ဘာစကားပြောတာလဲ ။”
“ သြော်…ငါက သရဲခြောက်တာ ခံဖူးသွားပြီပေါ့လို့ မေးတာလေ ။ ငါက ရိုးရိုးပြောတာပါ
။ ကိုယ် လိုရာဆွဲမတွေးစမ်းပါနဲ့ ။”
“ ကြည့်စမ်း…ဘုရားသွားမယ့်သူတဲ့ ။ ပါးစပ်ကထွက်လာရင် ဒီအလုံးတွေချည်းပဲ ။”
သစ္စာနှင့်မြတ်မွန်စုတို့က ဟိန်းဝင်းကို အသေကောလျက်ရှိသလို
ဟိန်းဝင်းနှင့်အောင်ပိုင်တို့ကလည်း အမျိုးမျိုးပြန်ပြောနေသဖြင့် အား လုံး တဝါးဝါးရယ်နေရသည်
။ ကြင်ဦးစချစ်သူနှစ်ဦးဖြစ်သည့် ရတီနှင့်ကျော်ကျော်မိုးတို့နှစ်ဦးကတော့ ထိုစကားလုံးရင့်ရင့်များကို
နားမခံ သာဝံ့၍လား မသိ ။ ရှေ့မှ သွားနှင့်ကြပြီ ။ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်ကို ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက်
တောင်အထပ်ထပ်ကို ကျော်ဖြတ်ကြရပေဦးမည် ။
မိုးပွင့်လည်း သူတို့နှင့် စီးမြောရယ်မောနေရာမှ သဘောတရားတစ်ခုကို တွေးမြင်ဆင်ခြင်မိသည်
။ ထိုသဘောတရားမှာ လောက ၏အမှန်တရား ၊ လောက၏သစ္စာတရားတစ်ခု ၊ ရိုးရှင်းသည့် သဘာဝတရားတစ်ခုဖြစ်ပြီး
သတ္တဝါတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ ရမည့် ဖြစ်ရပ်မှန်ဇာတ်သိမ်းတစ်ခု ။ ကားတိုက်မှုကို
တွေ့မြင်ရသည့်အခါတိုင်း ၊ အသုဘကား မြင်တွေ့မိသည့်အခါတိုင်း ၊ သို့မဟုတ် စိတ်နှလုံး
တည်ငြိမ်နေသည့်ရံဖန်ရံခါများတွင် ထိုသဘောတရားကို မိုးပွင့် နှလုံးသွင်းဆင်ခြင်မိသည်
။ ဘာသာရေးအခေါ်အဝေါ်အရ မရဏနုဿတိပွားများခြင်းဟုသိထားသော်လည်း အမြဲတမ်းတော့ နှလုံးမသွင်းမိ
။ အကြောင်းတိုက်ဆိုင်သည့်အခါများ၌သာ နှလုံးသွင်း ဆင်ခြင်မိသည် ။ မိမိတို့အားလုံး တစ်နေ့ကျ
သေကြရဦးမည် ။ သေခါနီးတွင် တွယ်တာစွဲလန်းမိသဖြင့် မကျွတ်မလွတ်ဖြစ်နေရသော သတ္တဝါများကို
မိုးပွင့် ကြားဖူးတွေ့ဖူးခဲ့ပြီ ။ ထိုသူတို့ဘဝမှာ ကရုဏာသက်ဖွယ် စိတ်မကောင်းဖြစ်ဖွယ်ရာပင်တည်း
။ မိမိသည်လည်း တစ်နေ့ကျ သေရဦးမည် ။ သေခါနီးတွင် ထိုသူတို့ကဲ့သို့ စွဲလန်းတွယ်တာနေမိမည်ကို
စိုးရွံ့မိသည် ။ အပ္ပမာဒေန သမ္မာဒေထဆိုသော မြတ်စွာဘုရားသခင် ဟောကြားတော်မူခဲ့သည့်အတိုင်း
မမေ့မလျော့ မပေါ့ဆသောသတိတရားကို လက်ကိုင်ထားနိုင်မှသာ ချမ်းသာရာ ရပေလိမ့်မည် မဟုတ်ပါလား…
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
ကြားနေရသော အသက်ရှူသံများ
~~~~~~~~~~~~~~~~~~~~~~~~~~
thz to-ဂမ္ဘီရမဂ္ဂဇင်း
special thz to-နွန်းကိုရဲ့စာချစ်သူများ
.....................................................................................
ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါလို့ ကျွန်မ
ခေါင်းစဉ် မတပ်ချင်ပါဘူး ။ ဒါပေမဲ့ ကျွန်မကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ကျွန်မကိုယ်တိုင်
ပြန် ရေးနေတာဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုလို့ပဲ ဆိုရတော့မှာပေါ့ ။ ဇာတ်လမ်းက
အဆန်းတကြယ်ကြီးတော့ မဟုတ် သလို ရိုးရိုးရှင်းရှင်းရယ်ပါ ။ လှည့်ကွက်တွေ မပါဘူး ။
Photoshopနဲ့animationဖန်တီးချက်တွေ မပါဘူး ။ ပုံပြောင်းပုံလွှဲနဲ့magicတွေ မပါဘူး ။
မကျွတ်လွတ်သူတချို့ရဲ့အမှတ်တမဲ့ပြုမူလိုက်တဲ့လုပ်ရပ်အချို့က ဘဝချင်းခြားနေသူကျွန်မတို့အပေါ်
ကြီးမားတဲ့သက်ရောက် မှု အနည်းငယ် ဖြစ်တည်ခဲ့ရတဲ့အကြောင်းအရာလေးရယ်ပါ ။
ရှုပ်ယှက်ခတ်နေတဲ့လူ့ဘောင်စည်းကမ်းတွေကြားထဲမှာ မွန်းကျပ်မှုတွေ သံယောဇဉ်တွယ်တာမှုတွေနဲ့
ကြီးပြင်းနေထိုင်လာခဲ့ပြီးမှ သတိလွတ်သွားတဲ့အခိုက် ဘဝတစ်ပါးကို သူတို့ ရောက်ရှိသွားကြတယ်
။ ဒါကို သူတို့ သတိပြုမိလိုက်ပုံ မရဘူး ။ သူတို့ဟာ ၃၁ဘုံထဲမှ လူ့ဘုံဌာနကနေ မျက်စိတစ်မှိတ်ကလေးအတွင်းမှာ
ပြိတ္တာဘုံ(ပေတလောကဘုံ)ကို ဘုံရွေ့သွားခဲ့ရပြီဆိုတာ သူတို့ သိလိုက်ကြပုံ မပေါ် ဘူး ။
သတ္တဝါတို့ဟာ ကွေးသောလက် မဆန့်မီ ၊ ဆန့်သောလက် မကွေးမီ အသက်သေဆုံးနိုင်တယ် မဟုတ်ပါလား
။ သူတို့ဟာ ကျွန်မ ကို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ခြောက်လန့်ခဲ့ကြဟန် မတူပါဘူး ။
သူတို့ဘာသာသူတို့ လုပ်ရိုးလုပ်စဉ်တစ်ခု ဒါမှမဟုတ် နိစ္စဒူဝလုပ် နေကျသံသရာထဲက ရုန်းမထွက်နိုင်ဖြစ်နေတဲ့အကြောင်းကို
ကျွန်မ သိအောင် အသံပြုခဲ့ကြပုံ ရပါတယ် ။ သူတို့ပြုခဲ့တဲ့အသံက အသက် ရှူသံတွေ…
ကျွန်မ ဇာတ်လမ်းကို အစအဆုံးပြောပြဖို့ လိုအပ်ပြီလို့ ထင်မြင်မိတဲ့အတွက် ကျွန်မ
ဇာတ်လမ်းအစကို ပြောပြပါတော့မယ် ။ ဇာတ် လမ်းအစက ကျွန်မတို့သူငယ်ချင်းတစ်သိုက် ကျိုက်ထီးရိုးကို
သွားလည်ရာကနေ စ,ခဲ့ကြတာပါ ။
[][][][][][][][][][][][][][][][][][][][][][][
ကျိုက်ထီးရိုးသို့ ခရီးထွက်မည်ဟုဆိုလာသူက တစ်ဖွဲ့လုံးတွင်
စကားအရွှင်ဆုံး ကိုဖြိုးပြည့်ဖြစ်နေသည်ကြောင့် အားလုံးက ဝိုင်း ဟားကြ၏ ။ ဖြိုးပြည့်ဆိုသည့်တစ်ယောက်ကလည်း
တစ်ဖွဲ့လုံးအတွက် လူရွှင်တော်…။
မကြာခဏ ပေါက်ကရများ ပေါက်ပေါက်ဖောက် တတ်သလို သူငယ်ချင်းများ စုံပြီဆိုလျှင် ဟိုသွားမည်
သည်သွားမည်ဟု လျှောက်ဈေးခေါ်တတ်ပြီး တကယ်သွားကြမည်ဟုထောက်ခံ ကြသည့်အခါ သူကစ,၍ ဖျက်တတ်သည်
။ ထိုသို့ သူ လုပ်တတ်သည်မှာ တစ်နှစ်လည်း မဟုတ် ၊ နှစ်နှစ်လည်း မဟုတ်…လေးနှစ်ရှိခဲ့ပြီ ဖြစ်၍ ယခုနောက်ပိုင်း သူ့စကားဆိုလျှင်
မည်သူကမျှ လက်မခံကြတော့ချေ ။ ယခုနှစ် ဆရာကန်တော့ပွဲတွင်လည်း သူငယ်ချင်းဆယ့်ငါး ယောက်
ဆုံမိကြသည့်အခိုက် သူကပဲ စကားစ,လာပြန်၍ အားလုံးက ဝိုင်းဟားကြခြင်းဖြစ်၏ ။
“ ဟိတ်ကောင် ငပြည့်…မင်း
ဟုတ်မှလည်း လုပ်ကွာ ။ တစ်နှစ်တစ်နှစ် ဈေးခေါ်လို့ မဝနိုင်သေးဘူးလား ။”
“ မဟုတ်ဘူးကွ အောင်ပိုင်ရ ။ ဒီနှစ် တကယ်သွားရအောင် ငါ စီစဉ်ပေးမယ် ။ ပိုက်ဆံလေးသာ
ဝိုင်းထည့်ပေးကြ ။”
“ အောင်မာ…မထည့်ပေါင်ဘူးနော်
။ ပြီးရင် နင် အရက်သောက်ပစ်မှာ မဟုတ်လား ။”
“ အာ…သေပါတော့ ရွှေရည်ရာ
။ ငါက ငါ့သူငယ်ချင်းတွေရဲ့ပိုက်ဆံကို အရက်သောက်ပစ်စရာလား ။ မသကာ…ဖဲရိုက်ပစ်တယ်ဆို
တော်သေး ။”
“ မသာ…နင် ဖဲရိုက်ပစ်ဖို့အတွက်
ငါတို့က ဒါနပြုစရာလား ။ ငရဲပြည်တော့ အတူမလည်ချင်ဘူးနော် ဒါပဲ ။”
“ နင်တို့ကလည်း တစ်ယောက်တစ်ပေါက် ဝိုင်းပြောမနေကြစမ်းပါနဲ့ ။ ငါ ဒီနှစ် တကယ်သွားမှာပါဟ
။ နင်တို့ပဲ စဉ်းစားကြည့် ။ နောင်
နှစ်တွေဆို ငါတို့တွေအားလုံး အားကြတော့မှာ မဟုတ်ဘူး
။ အားလုံးလည်း အလုပ်ဝင်ကြတော့မှာ မဟုတ်လား ။ ဒီတော့ ဒီနှစ် ငါ
တို့အားလုံး ခရီးအတူတူ ထွက်ဖူးတယ်ရှိအောင် ကျိုက်ထီးရိုးသွားကြမယ်ကွာ
။ မကောင်းဘူးလား…ကဲ…ထောက်ခံတယ်ဆိုရင်
ထောက်ခံမဲပေးလို့ရပြီ ။”
ဖြိုးပြည့်က အပြောကောင်း တရားဟောကောင်းသည်
။ သူက ရုပ်တည်နှင့် ဆိုလိုက်တော့ သူငယ်ချင်းအားလုံး တွေ,သွားကြ၏ ။ သူ ပြောတာလည်း မမှား
။ နောင်နှစ်များဆိုလျှင် သူငယ်ချင်းအားလုံး လူစုံတပ်စုံမြင်ရဖို့ပင် မလွယ်ကူတော့ ။
သူငယ်ချင်းများထဲတွင် နယ် ပြန်မည့်သူများလည်း ပါသည် ။ စစ်ဗိုလ်အဖြစ်နှင့် တာဝန်ထမ်းဆောင်မည့်သူများလည်း
ပါသည် ။ သင်္ဘောလိုက်မည့်သူများလည်း ပါ သည် ။ ကျောင်းဆရာမ,ဖြစ်တော့မည့်သူများကလည်း နယ်တွင်
တာဝန်ကျဖို့သာ များသည် ။ သို့ဖြစ်သည်ကြောင့် နောင်နှစ်များဆိုလျှင် သူငယ်ချင်းအားလုံး
ဆုံတွေ့ကြရတော့မည် မဟုတ် ။ လူစုံနေတုန်းလေး ခရီးအတူထွက်ရလျှင် ကောင်းမည်ဟု အားလုံး၏စိတ်၌
တွေး မိကြသည် ။
“ နင် တကယ်သွားဖို့ ပြောနေတာ သေချာရဲ့လား ။ ငါတို့အားလုံး သွားချင်လာကာမှ မနှစ်ကလိုတော့
မလုပ်နဲ့နော် ။”
မိုးပွင့်က သင်္ကာမကင်းသည့်မျက်ဝန်းတို့ဖြင့်
စုံထောက်စစ်,စစ်လိုက်သေး၏ ။ ဖြိုးပြည့်က အနည်းငယ်မျှပင် စကားမတွန့်ဘဲ တည်တည် ငြိမ်ငြိမ်
ပြန်ဖြေသည် ။ ထိုသို့တည်ငြိမ်နိုင်အောင် သူ မနည်းထိန်းထားရပုံရ၏ ။
“ သြော်…နင်တို့ကလည်း ငါ့ဆိုရင်
မယုံသင်္ကာဖြစ်နေတာချည်းပဲ ။ တကယ်ပါဆိုဟာ…တကယ်သွားမှာ
။”
“ ဒါဆိုရင်တော့ ငါက လိုက်မှာသေချာတယ် ။ ငါ့မိဘတွေကလည်း ဒီသူငယ်ချင်းတွေနဲ့ သွားမှာဆိုရင်
စိတ်ချမှာပဲ ။”
ဈေးဦးပေါက်ထောက်ခံလိုက်သူက ရတီ ။ ရတီက
အပေါင်းအသင်းမင်,သူဖြစ်၍ သူငယ်ချင်းများနှင့် ခရီးထွက်ရမည်ကို အလွန်အမင်း နှစ်ခြိုက်သဘောကျသူဖြစ်၏
။ ရတီ၏မိဘများကလည်း ရတီ့အပေါ် ယုံကြည်ချက်အလုံးစုံ လွှဲပုံထားတာကြောင့် ရတီ့အတွက်ကတော့
ဘယ်သွားသွား ဖရီး(လွတ်လပ်)ဖြစ်နေသည် ။ ရတီ လိုက်မည်ဆိုကတည်းက ရတီ့ကောင်လေး ကျော်ကျော်မိုးကလည်း
လိုက်ရပြီပေါ့ ။ သည်တော့ ထောက်ခံမဲနှစ်စုံ ပိုင်ဆိုင်သွားသူဖြိုးပြည့်က ပြုံးတုံ့တုံ့ကြီးဖြစ်နေလေပြီ
။
“ နေပါဦး…ဘယ်လောက်
ထည့်ရမလဲဆိုတာပဲ ပြောဦး ။ ငါ့မှာ မန်းနီး သိပ်ရှိတာ မဟုတ်ဘူး ။”
သစ္စာက အတွက်အချက်တတ်သူပီပီ ငွေစကားကို
အလျင်မေးသည် ။ ဟုတ်လည်း ဟုတ်တာပဲ…။
အကုန်အကျသိပ်များနေလျှင် ပျော် ရကျိုးနပ်လိမ့်မည် မဟုတ်ပေ ။
“ ဒါတော့ ငါ သေချာမပြောတတ်သေးဘူး ။ တစ်ယောက်ကို လေးသောင်းလောက်ပါရင် ရပါပြီဟာ
။ ဟိုရောက်တော့ ခြေလျင်တက်
ခြေလျင်ဆင်းပေါ့ ။ အပေါ်မှာလည်း ဖရီးတည်းစရာတွေ ရှိပါတယ်ဟ ။”
သည်လိုတော့လည်း ဈေးမဆိုးဘူးဟုတွေးကာ
သစ္စာလည်း လိုက်ဖြစ်သွားသည် ။ သည်လိုနှင့် ဟိုလူက ဟိုလိုမေး၊သည်လူက သည်လို မေးသမျှကို
ဖြိုးပြည့်က စိတ်ရှည်လက်ရှည်ဖြေကြားပေးနေရာ နောက်ဆုံး၌ ဆယ့်ငါးယောက်တွင် ခြောက်ယောက်မှလွဲ၍
ကျန်သူအား လုံး လိုက်ဖြစ်ကြ၏ ။
ခရီးထွက်မည်ဟုတိုင်ပင်လိုက်ပြီဆိုကတည်းက အလုပ်ရှုပ်ပြီသာမှတ်တော့
။ ပိုဆိုးသည်မှာ သူငယ်ချင်းအားလုံးက တစ်ယောက် တစ်ပေါက်…ဟိုလူက ဟိုလိုသွားချင် သည်လူက သည်လိုသွားချင်နှင့် ခရီးသွားမည့်ကိစ္စက
တော်တော်နှင့် ညှိမရ ။ လူကလည်း ကိုးဦး ဆိုမှတော့ တကယ့်ကို ကိုးပေါက်…။ ထိုခရီးသွားမည့်ကိစ္စကို
တစ်နေကုန် ညှိကြရသည် ။ တချို့က စရိတ်စက သက်သာလေမလားဟု တွေးကာ ရထားဖြင့် သွားကြမည်ဟုဆိုသည်
။ ထိုအခါ ကျန်လူများက ပို၍စရိတ်ကြီးကြောင်း ရှင်းရပြန်သည် ။ တချို့ကလည်း ဘုရားဖူး ကားနှင့်
သွားရအောင်ဟုပြော၏ ။ ဘုရားဖူးကားနှင့်ဆို သွားချင်သည့်အချိန် သွား၍မရကြောင်း ပြောပြရ၏
။ နောက်ဆုံးတွင် လိုင်းကား နှင့်သွားမည်၊ ရန်ကုန်မှ ညနေဘက်ထွက်မည်၊ ကင်ပွန်းစခန်းမှာ
ညအိပ်မည် ။ မနက်ငါးနာရီခွဲခန့်တွင် တောင်ပေါ်သို့ ခြေလျင် စ,တက် ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်
။
][][][][][][][][][][][
ကားကြီးက တငြိမ့်ငြိမ့်ထွက်ခွာလာခဲ့ပြီ ။ သွားခါနီးကပ်၍ လက်မှတ်ဝယ်ရသောကြောင့်
ထိုင်ခုံနေရာက နောက်ဆုံးတန်းခုံများတွင်သာ ရသည် ။ အမှန်တော့ ထိုင်ခုံနေရာက ဖြိုးပြည့်တို့ကိုးယောက်အဖွဲ့အတွက်
အရေးမကြီးလှ ။ သူတို့က နောက်ဆုံးခုံရသည်ကိုပင် ပျော် နေကြသူများဖြစ်၏ ။ နောက်ဆုံးခုံတွင်
သူတို့ကိုးယောက်အဖွဲ့ စိတ်ကြိုက်ကဲကြတော့မည်သာ…။
“ ဟဲ့…ငါတို့အဖွဲ့သာ ခရီးရှည်ကြီး
ထွက်ရမယ်ဆိုရင် တော်တော်ပျော်စရာကောင်းမယ်နော် ။ အပြတ်ကဲလိုက်ကြမယ်ဖြစ်ခြင်း…”
“ အမလေး…အခုလည်း အပြတ်ကဲမှာပါပဲနော်
။ ဒီမှာ တွေ့လား…ဟိန်းဝင်းက
ဂစ်တာကြီးတောင် ယူလာတယ် ။ ကဲ / မကဲ စောင့်
သာကြည့်ုလိုက် မိုးပွင့် ။”
“ အေးပါ…ယုံပါတယ် ယုံပါတယ်
။ နင်တို့ ဘယ်လောက်ကဲမလဲဆိုတာ သိပြီးသား ။ အဲ…ဒါပေမဲ့နော်
အောင်ပိုင် နင်တို့တွေ အရက်
တွေဘာတွေတော့ မသောက်ကြပါနဲ့ဟာ ။ မိန်းကလေးတွေလည်း ပါတယ် ။ မကောင်းဘူး ။”
“ ဟုတ်ကဲ့ပါ မယ်မင်းကြီးမရယ် ။ မိုးပွင့် နင်ဟာလေ…စာရေးဆရာမလို့ မပြောရဘူး ။ ဆရာကို လုပ်လွန်းအားကြီးတယ်
။ မသိရင်
ငါတို့က အရက်သမားတွေကျနေတာပဲ ။”
“ အမယ်…ငါက စေတနာနဲ့ အကြံပေးတာကိုများ
။ အားအားရှိ ဒါကိုပဲ လာပြောနေတယ် … ဟွန်း…”
“ ဟဲ့…နေကြပါဦး…နေကြပါဦး ။ အခုမှ ငါ သတိရတယ် ။ မိုးပွင့် ငါ နင့်ကို ကုန်ကြမ်းပေးမလို့ဟ
။ ကိုယ်တွေ့ဖြစ်ရပ်နော်…”
မိုးပွင့်နှင့်အောင်ပိုင်တို့ စကားရေလုပွဲအဆုံးတွင်
ကျော်ကျော်မိုးက ရတီနှင့် စကားပြောနေရာမှ မိုးပွင့်တို့ဘက်သို့ လှမ်းအော်ပြောလိုက်
၏ ။ ကျော်ကျော်မိုးကလည်း ခေသူတော့ မဟုတ် ။ ဖြိုးပြည့်ကဲ့သို့ပင် မဟုတ်တာကို အဟုတ်လုပ်ပြောတတ်သူမျိုးဖြစ်၍
မိုးပွင့်က နည်း နည်းတော့ လန့်သည် ။ သို့ကြောင့် ရတီ့မျက်နှာကို လှမ်းကြည့်ကာ မေးငေါ့ပြလိုက်၏
။ သဘောမှာ ဘယ်လိုလဲ…ယုံလို့ရပါ့မလားဟူ
သော အဓိပ္ပါယ် ။
“ နားထောင်ပေးလိုက်ပါ မိုးပွင့်ရယ် ။ အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီး ငြိမ်းချမ်းပါတယ်
။”
“ အာ…အချစ်ကလည်းကွာ…ကိုကိုက မိုးပွင့်ကို အကောင်းပြောပြမလို့ပါ ။”
“ အဟိ…အချစ်ကလည်း ကိုကို့ကို
စ,တာ ။ စိတ်မဆိုးနဲ့နော် ။”
“ ကဲပါ…မျက်နှာပူအောင် လုပ်မနေကြနဲ့တော့
ဟဲဟဲ…ငါ နားထောင်နေတယ် ။ ဆက်ပြောပြဦး ။”
မိုးပွင့်၏စကားကြောင့် ဟိုနှစ်ယောက် ရှက်ပြုံးပြုံးသွားကြပြီး
ကျော်ကျော်မိုးက စကားဆက်သည် ။ သူ့ပုံစံက ရုပ်ကို တည်ထား၏ ။ မျက် ခုံးကို ကျုံ့ကာ နည်းနည်းစဉ်းစားပြောနေပုံရသည်
။ သူ အတည်ပြောနေခြင်းဖြစ်ကြောင်း သိသာစေရန် စကားကို ခပ်လေးလေးဆို၏ ။
“ ဒီလိုဟ ။ ဒါ တကယ်ဖြစ်ခဲ့တာ ။ ဂမ္ဘီရလား ဘာလဲတော့ ငါလည်း မသိဘူး ။ အဲဒီတုန်းက
ငါ တော်တော်ငယ်သေးတယ် ။ လေးငါး
တန်းလောက်ပဲ ရှိဦးမယ် ။ ငါတို့မိသားစုက မြေထူးမှာ
နေတာ ။ မြေထူးကို နင် သိလား ။”
“ အင်း…ကြားဖူးတယ် ။”
“ အေး…ငါက အဲဒီမှာ နေတာ
။ ကျောင်းပိတ်ရက်ဆို ငါတို့သူငယ်ချင်းတစ်သိုက် ဘုရားကြီးတစ်ဝိုက်မှာ သွားသွားဆော့ကြတယ်
။
ဘုရားနာမည်တော့ မေ့သွားပြီဟ ။”
“ ဘုရားဘွဲ့တော် လုပ်ပါ ကိုကိုရယ် ။”
ရတီက ဝင်ထောက်၏ ။
“ သြော်…အင်း…ဘုရားဘွဲ့တော်တော့ မမှတ်မိတော့ဘူး ။ ကလေးဘဝရဲ့အမြင်မို့လို့လား
မသိဘူး ။ ဘုရားကြီးက အကြီးကြီးပဲ ။
ဘုရားဆီကို သွားတဲ့ ဆောင်းတန်းကလည်း အရှည်ကြီးပဲ ။ ဆောင်းတန်းဘေးတစ်ဖက်တစ်ချက်ဆီမှာလည်း
ညောင်ပင်သုံးလေး
ပင် ရှိတယ် ။ ညောင်ပင်ကြီးတွေကတော့ တော်တော်ကြီးတယ် ။ ညောင်ပင်အောက် ဝင်သွားရင်
မှောင်မိုက်သွားတာပဲ ။ ငါတို့က
ကလေးတွေပီပီ ဟိုးအဝေးကြီးကနေ ဘုရားကို အပြေးပြိုင်ကြတယ် ။ အဲဒီညောင်ပင်အောက်ရောက်ရင်
အမောဖြေကြတာပေါ့ ။
တစ်ယောက်နဲ့တစ်ယောက် ပြေးကြပြိုင်ကြရင်း တစ်ခါတစ်လေလည်း စကားများရန်ဖြစ်ကြတာတွေ
ရှိတယ် ။ မှတ်မှတ်ရရ အဲဒီနေ့
က ငါ့သူငယ်ချင်းကို ငါ ဆဲလိုက်မိတယ် ။ သူက ငါ့ကို လူလည်လာကျလို့ စိတ်တိုပြီး
ဆဲလိုက်မိတာ ။ နောက်တော့ ကလေးတွေပဲ…
ဒီရန်ဖြစ်တဲ့ကိစ္စကို မေ့သွားကြတာပေါ့ ။ ငါတို့ ညောင်ပင်အောက်မှာ အမောဖြေပြီး
ဘုရားပေါ် တက်ကြတယ် ။ စေတီက ရွှေရောင်
ဝင်းအိနေတာပဲ ။ ငါတို့လည်း ဘုရားရင်ပြင်ငယ်လေးမှာ ပြေးလွှားဆော့လို့ မောတော့
ဆောင်းတန်းအတိုင်း ပြန်ဆင်းလာကြတယ် ။
အဲဒီမှာ ငါက စ,ဖောက်လိုက်မိတာပဲ ။”
“ ဘယ်လိုဖြစ်လို့လဲ ။ နင်က ဘာလုပ်လိုက်မိလို့လဲ ။”
“ ဘာမှ ကြီးကြီးမားမားမလုပ်မိပါဘူးဟာ ။ ဒီလိုပါပဲ ။ သူငယ်ချင်းတွေက ရှေ့က အရင်ဆင်းသွားကြတော့
ငါက သူတို့ရှေ့ရောက်
အောင် ဆောင်းတန်းဘေးပေါက်ကနေထွက်ပြီး ပြေးလိုက်မယ်လို့ တွေးလိုက်မိတယ် ။ ဆောင်းတန်းက
မန္တလေးဘုရားတွေမှာ
ရှိတဲ့ ဆောင်းတန်းတွေလိုပဲဟာ ။ ဆောင်းတန်းဘေးတစ်လျှောက်မှာ တိုင်လုံးကြီးတွေရှိပြီး
ဆောင်းတန်းအပြင်ကို လွယ်လွယ်ကူကူ
ထွက်လို့ရတယ်လေကွာ ။ ဒါနဲ့ ငါ ဆောင်းတန်းအပြင်လည်း ထွက်လိုက်ရော ဘာဖြစ်သလဲ မသိဘူး
။ ကြက်သီးတွေ တဖြန်းဖြန်းထ
လာရော ။ ဒီဘုရားမှာ သူငယ်ချင်းတွေနဲ့ လျှောက်သွားနေတာ ငါ ငယ်ငယ်လေးကတည်းက ။
ဒါပေမဲ့ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး ။
ငါလည်း ကြောက်လာတာနဲ့ ဟိုကောင်တွေဆီ မြန်မြန်သွားမှလို့တွေးပြီး ပြေးထွက်သွားလိုက်တာ
ညောင်ပင်နားလည်း ရောက်ရော
ငါ့အင်္ကျီစကို နောက်ကနေ တစ်ယောက်ယောက်က ဖမ်းဆွဲထားလိုက်သလို တုန့်ခနဲဖြစ်သွားတယ်
။”
“ အမလေး…ကြောက်စရာကြီးပါလား ကိုကိုရဲ့ ။”
ရတီက ကြောက်တတ်သူဖြစ်၍ သူ့ချစ်သူ ကျော်ကျော်မိုး၏ဖြစ်ရပ်မှန်ဇာတ်လမ်းကြောင့်
ရင်တုန်လျက်ရှိ၏ ။ ကျော်ကျော်မိုးကို ကြည့်ရ သည်မှာ နောက်ပြောင်ပြောနေဟန် မတူ…ပြောနေရင်း ကြက်သီးထလာဟန်ဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း…
“ ဟုတ်တယ်…ကြောက်စရာကတော့
တော်တော်ကောင်းတယ် ။ ကိုကိုတောင် ကြောက်လွန်းလို့ မေ့ထားတာကြာပြီ ချစ်ရဲ့ ။ ဒါနဲ့…
ဆက်ပြောဦးမယ် ။ နောက်ကနေ အင်္ကျီစကို တစ်ယောက်ယောက် ဖမ်းဆွဲထားမှန်းလည်း သိရော
ငါလေ ဘာဖြစ်မှန်း မသိဘူး ။
လုံးဝ လှည့်မကြည့်ရဲဘူး ။ တကယ်ဆိုကွာ…သူငယ်ချင်းတွေ
နောက်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား ။ ဒါပေမဲ့ ငါ ဘယ်လိုမှ
လှည့်မကြည့်ရဲလောက်အောင် ကြောက်နေတာ ။ ခေါင်းနပန်းတွေလည်း ကြီးပြီး အဲဒီနေရာမှာ
ကြာကြာဆက်နေရင် လန့်ပြီး သေ
တော့မလားတောင် မှတ်ရတယ် ။ ဒါ့ကြောင့် ဇွတ်အတင်းရုန်းပြီး ထွက်ပြေးသွားမိတယ်
။ ဗြိခနဲအသံကြားလိုက်ကတည်းက သွား
ပြီ…ငါ့အင်္ကျီတော့ ပြဲသွားပြီဆိုတာ
သိလိုက်ပေမဲ့ လုံးဝ လှည့်မကြည့်ဘူး ။ ဇွတ်အတင်း ထွက်ပြေးသွားလိုက်တာ ဘုရားနဲ့ တော်
တော်ဝေးဝေးကို ရောက်တဲ့အထိပဲ ။”
“ နင့်သူငယ်ချင်းတွေကရော ဘယ်ရောက်သွားကြလဲ ။”
“ ဒီမှာပဲ ပိုကြောက်စရာကောင်းတာ လာပြီ ။ ငါ့သူငယ်ချင်းတွေက ငါ ဘုရားနဲ့ဝေးဝေးကို
ရောက်ပြီးမကြာ ငါ့ဆီကို ရောက်လာကြ
တယ် ။ သူတို့ကြည့်ရတာ ပုံမှန်ပဲ ။ ဘာမှ တွေ့ခဲ့ပုံမရဘူး ။ နောက်ပြီး ငါ့အဖြစ်အပျက်ကိုလည်း
သိကြပုံ မပေါ်ဘူး ။ ငါ့ကိုတောင်
ဘာလို့ ထွက်ပြေးသွားတာလဲလို့မေးလိုက်သေးတယ် ။ ငါက ငါ့ကို သရဲခြောက်တဲ့အကြောင်း
ပြောပြတော့ ဝိုင်းရယ်ကြတာပေါ့ ။
ဘုရားမှာ သရဲရှိမလား…ငတုံး…ဘာညာဆိုပြီး လှောင်ကြရော ။ ငါက မယုံရင် ငါ့နောက်ကျောကို
ကြည့်…အင်္ကျီပြဲနေတယ်လို့ပြော
တော့ သူတို့က ညောင်ပင်မှာ ငြိပြီး ပြဲကျန်ခဲ့တာ နေမှာပေါ့လို့ပြောကြတော့ ငါလည်း
မခံချင်တာနဲ့ မဟုတ်ဘူး ။ ငြိတာ မဟုတ်ဘူး…
တစ်ယောက်ယောက် ဆွဲလိုက်တာလို့ ဇွတ်အတင်း ပြန်ငြင်းတာပေါ့ဟာ ။ ဟိုကောင်တွေကလည်း
လက်မခံဘူး ။ လာကွာ…ညောင်
ပင်မှာ ငြိကျန်တာ ဟုတ်မဟုတ် သွားကြည့်ကြမယ်လို့ပြောပြီး ဘုရားကို ငါတို့လူအုပ်
နောက်တစ်ခေါက် ထပ်သွားတယ် ။ ငါလည်း
မခံချင်စိတ်ကြောင့် ကြောက်ကြောက်နဲ့ ပြန်လိုက်လာလိုက်တယ် ။ ဟိုလည်းရောက်ရော
ညောင်ပင်မှာ ငါ့အင်္ကျီစကို မတွေ့ရဘူး ။
ဘယ်မှာ တွေ့ရတယ်ထင်လဲ မိုးပွင့် ။”
“ ဘယ်သိမလဲဟ ။ ပြောပါဦး…စိတ်ဝင်စားလာပြီ
။”
“ သြော်…ငါ နင့်ကိုပြောဖို့
တစ်ခုကျန်ခဲ့တယ် ။ ဘုရားကြီးက ရှေးဟောင်းဘုရားဆိုတော့ တချို့နေရာတွေမှာ ပျက်စီးနေတာတွေကို
မပြုပြင်ရသေးဘူး ။ ဘုရားမုဒ်ဝထောင့်တစ်နေရာမှာ ကျောက်ဆစ်ရုပ်တစ်ခု ရှိတယ် ။
ပုံက တော်တော်ပျက်နေပြီ ။ ဒါပေမဲ့ ငါ့စိတ်
ထင် ဘီလူးမ,ရုပ်လို့ ထင်တာပဲ ။ မျက်နှာက အစွယ်တစ်ဖက် ကျန်နေသေးတော့ တော်တော်ကြောက်စရာကောင်းတဲ့ပုံစံကြီးဟ
။
ညောင်ပင်နဲ့ အဲဒီဘီလူးမရုပ်နဲ့က အဝေးကြီးရယ် ။ နောက်ပြီး ဘီလူးမရုပ်ကို သံဇကာနဲ့
ကာပြီး သော့ခတ်ထားတာနော် ။ အေး…ငါ့
အင်္ကျီစက အဲဒီဘီလူးမရုပ်ရဲ့လက်ထဲမှာ ရှိနေတာဟေ့ ။ အဲဒါလည်းမြင်ရော ငါတို့အားလုံး
မတိုင်ပင်ဘဲ ထွက်ပြေးကြတော့တာပဲ ။
အမလေး…ဒီအကြောင်း ပြန်စဉ်းစားရင်
ခုထက်ထိ ကြက်သီးထတုန်း…။
ငါ့အဖေကို ပြောပြမိတော့ အဖေက ပြောတယ် ။ အေး…
သားတို့က ဘုရားမှာ ဆဲရေးတိုင်းထွာမိတယ် မဟုတ်လား ။ ဒါကို ဘုရားကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေက
သဘောမကျလို့ ခုလို
ထင်ထင်ရှားရှားပြလိုက်တာနေမှာပေါ့တဲ့ ။ ဟုတ်မဟုတ်တော့ ငါလည်း မသိဘူး ။”
“ အေးဟ…ကြောက်စရာကြီးနော်…နင့်အဖေပြောတာလည်း ဖြစ်နိုင်တယ် ။ အကောင်းဆုံးကတော့ မြတ်စွာဘုရား
ဟောကြားထားတဲ့
အတိုင်း မင်္ဂလာတရားတော်နဲ့အညီ နေထိုင်နိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့ဟာ ။”
ကျော်ကျော်မိုး၏စကားကို မိုးပွင့်က သံဝေဂလေသံနှင့်
အဆုံးသတ်ပေးလိုက်၏ ။ သူတို့၏ဂမ္ဘီရပုံပြင်စကားဝိုင်းလေး ပြီးဆုံးသွားသည် နှင့် နောက်တွင်
အလိုက်တသိအသံတိတ်ပေးနေရသူများက ဂစ်တာသံတဒေါင်ဒေါင်တဒင်ဒင်ကို စတင်တီးခတ်တော့သည် ။ လူငယ်တို့
ချည်း သွားသောခရီးစဉ်ဖြစ်သည်မို့ ပျော်ရွှင်မှုများက မိုးမမြင်လေမမြင်ပါပဲ ။
][][][][][][][][][][][
“ ခူး…ခရူး….ခူး…ခရူး…”
အသက်ရှူသံပြင်းပြင်းကိုကြားလိုက်ရသဖြင့်
မိုးပွင့် အိပ်နေရာမှ လန့်နိုးသလိုဖြစ်သွားသည် ။ လုံးလုံးလျားလျား ဝုန်းခနဲထထိုင်လိုက်တာ
တော့ မဟုတ် ။ အသိစိတ်ဝင်နေပြီဖြစ်သော်လည်း မျက်လုံးတို့ကိုမူ ဖွင့်၍မရသေးချေ ။ အတွေးထဲ၌
အိပ်မက်မက်နေသကဲ့သို့ မှုန်ဝါးဝါး ရီဝေဝေဖြစ်နေသည် ။ တစ်ညနေလုံး ကားစီးလာရသည့်ဒဏ်ကြောင့်
တစ်ကိုယ်လုံးလည်း ညောင်းညာကိုက်ခဲနေသလို မျက်စိတို့လည်း ကျိန်းစပ်နေ၏ ။
“ ခူး……ခရူး……ခူး…..ခရူး….”
အသက်ရှူသံလိုလို ဟောက်သံလိုလို ရင်ခေါင်းသံစူးရှရှက
မိုးပွင့်၏နားစည်အတွင်းသို့ ပဲ့တင်ရိုက်ခတ်လာသဖြင့် မိုးပွင့် အိပ်စက်ရခက်ခဲ သွားသည်
။ ပြန်အိပ်ရန် မလွယ်ကူတော့…။
အသံက အခန်းတွင်းရှိသူငယ်ချင်းများထဲမှ တစ်စုံတစ်ယောက်ထံက ထွက်ပေါ်လာခြင်းဖြစ် မည် ။
အအိပ်ဆတ်သူမိုးပွင့်အတွက် ထိုအသံက သည်းခံရခက်စေ၏ ။
‘ဟူး…ဘယ်သူများ ဟောက်နေတာပါလိမ့်
။’
မိုးပွင့် တွေးရကျပ်သွားသည် ။ အခန်းထဲတွင်
စုစည်းအိပ်စက်နေသူများကို ပြန်စဉ်းစားကြည့်သည် ။ ဤအခန်းထဲတွင် ရတီ၊သစ္စာ၊မြတ် မွန်စု၊အေးသီရိနှင့်
မိုးပွင့်တို့မိန်းကလေးတစ်ဖွဲ့သာ ရှိသည် မဟုတ်လား ။ ဤသို့ဆိုလျှင် မည်သူကများ ဟောက်တတ်ပါသလဲ…မည်သူ ကများ အိပ်ပျော်နေစဉ်တွင် အသက်ပြင်းပြင်း ရှူတတ်သလဲ…မိုးပွင့် မစဉ်းစားတတ်တော့ ။ တွေးရင်း,တွေးရင်းဖြင့် အတွေးတို့က
အဝေး ဆီသို့ လွင့်မြောသွားသည် ။ ဝေးဝေးလံလံဆီသို့ လွင့်မြောသွားခြင်းတော့မဟုတ် ။ ကျိုက်ထီးရိုးတောင်ခြေသို့
ရောက်ရှိလာခဲ့ပုံကို မိုးပွင့် ပြန်တွေးလိုက်မိခြင်းဖြစ်သည် ။
မိုးပွင့်တို့အဖွဲ့ ကင်ပွန်းစခန်းသို့ ရောက်သည့်အချိန်က
ညကိုးနာရီခွဲခန့်တွင်ဖြစ်၏ ။ မိုးပွင့်အပါအဝင် သူငယ်ချင်းလေးယောက် ခန့်က ကျိုက်ထီးရိုးသို့
ရောက်ဖူးသူချည်းဖြစ်၍ မိမိတို့ တည်းခိုခဲ့ကြသည့်တည်းခိုခန်းများကို အလုအယက်ပြောကြသည်
။ အချိန်က ည ကိုးနာရီကျော်ပြီဖြစ်သဖြင့် ပတ်ဝန်းကျင်သည် မှောင်မိုက်နေပြီ ။ သွားသည့်အချိန်ကလည်း
လူရှင်းသည့်အချိန်ဖြစ်၍ ဈေးတန်းရှိဈေး ဆိုင်အချို့ပင် ပိတ်သိမ်းစပြုနေပြီ ။ လိမ္မော်သီးစိပ်ကဲ့သို့သောလခြမ်းလေးသည်
ကောင်းကင်ယံတွင် မလင်းတလင်းသာနေ၏ ။
“ ဈေးတော့ တော်တော်သက်သာတယ် ။ နည်းနည်းတော့ အထဲဝင်ရမယ် ။ အဲ… ဒါပေမဲ့ ငါတို့က လမ်းလျှောက်တက်မယ့်လူတွေဆို
တော့ တောလမ်းနဲ့နီးတာ ကောင်းပါတယ် ။ ဘယ်လိုလဲ…အဲဒီဆိုင် သွားမလား…”
နောက်ဆုံးတွင် ဟိန်းဝင်း၏အပြောကို အားလုံး
စိတ်ဝင်စားသွားကြသည် ။ အဓိကစိတ်ဝင်စားသွားကြသည်မှာ ဈေးနှုန်းကိုဖြစ်သည် ။ ဈေးနှုန်းတော်တော်သက်သာသည်ဆိုမှတော့
တည်းချင်ကြပြီပေါ့ ။ အားလုံး ဟိန်းဝင်း ခေါ်သွားရာနောက်သို့ လိုက်ခဲ့ကြသည် ။ ဟိန်း ဝင်းကလည်း
လွန်ခဲ့သည့်သုံးနှစ်ခန့်က တည်းခဲ့သူဖြစ်တာကြောင့် ထိုဈေးသက်သာသောရေချိုးဆိုင်ကို မေ့တေ့တေ့ဖြစ်နေ၏
။ အတော် ရှာယူပြီးမှ နောက်ဆုံးတွင် သူ ပြောသောဆိုင်ကို ရှာတွေ့ခဲ့သည် ။
“ ဟုတ်တယ်…ဒီဆိုင်ပဲ
။ ငါ ဒီတံတားလေးကို မှတ်မိနေတယ် ။ ဒီလိုဝါးလုံးလေးတွေ ပျဉ်ပြားတွေနဲ့ လုပ်ထားတဲ့တံတားလေး…”
ဟိန်းဝင်းက တံတားပေါ်သို့ ဦးစွာပြေးတက်သွားကာ
ဝမ်းသာအားရဆိုသည် ။ ကျန်သူအားလုံး သူ့ကို ဝိုင်းထုချင်စိတ်ပေါက်သွားကြ၏ ။ သူ့အပြောကိုလည်း
ကြည့်ဦး…ယုံချင်စရာ တစ်စက်မျှမရှိ ။ ဝါးလုံးနှင့်ပျဉ်ပြား ရောစပ်ကာ
တည်ဆောက်ထားသောတံတားမျိုးကို ဤ ကင်ပွန်းစခန်းရှိ ချောင်းကိုကျော်ပြီး ဆောက်လုပ်ထားသော
ရေချိုးဆိုင်အားလုံးလိုလိုတွင် အသုံးပြုကြသည် ။ ဆိုင်တိုင်းတွင် ရှိနေနိုင် သောတံတားကိုမှ
သူက မှတ်မိနေသတဲ့ ။ သို့သော်လည်း သူငယ်ချင်းအားလုံး မောဟိုက်ပင်ပန်းနေကြပြီမို့ ဟိန်းဝင်းကို
အပြစ်တင်မနေ တော့ဘဲ ဆိုင်ထဲသို့ ဝင်လာကြသည် ။ ဆိုင်ကလေးက သပ်သပ်ရပ်ရပ်ဖြစ်၏ ။
“ သြော်…လာကြ…လာကြ…ကလေးတို့
ထိုင်ကြဦး ။ နားကြဦး…ညစာစားမယ်ဆိုလည်း
ပြောနော် ။ ဟင်းတွေ ရှိသေးတယ် ။”
ဆိုင်ရှင်က ဧည့်ဝတ်ကျေပွန်စွာ ဆီးကြိုသည်
။ အပြောမဆိုးလှသည့်ဆိုင်ရှင်ကြောင့် အားလုံး စိတ်ချမ်းသာသွားရသည် ။ များသောအား ဖြင့်
ကင်ပွန်းစခန်းမှရေချိုးဆိုင်တည်းခိုခန်းအားလုံးလိုလို ဆက်ဆံရေးကျဲကြသည် ။ အားလုံးသာ
အခုလိုမျိုး ချိုချိုသာသာကြိုဆိုမည် ဆိုလျှင် လာလည်သောဧည့်သည်များအဖို့ ပို၍ပျော်စရာကောင်းပေလိမ့်မည်
။
“ နင်တို့ စားကြဦးမလား ။ ငါတော့ ပင်ပန်းလို့ အိပ်ချင်တာပဲ သိတယ် ။”
ဖြိုးပြည့်က အိပ်ချင်မူးတူးအသံနှင့် ဟစ်အော်မေးလိုက်၏
။ အားလုံး၏ပုံစံကလည်း စားချင်ကြပုံမရ…။
လမ်းတွင်လည်း စားခဲ့သောက်ခဲ့ ကြ၍ တည်းခိုခန်းရောက်သည်နှင့် တန်းအိပ်ချင်နေကြသည့်ပုံ
။
“ ဟေ့အေး…မစားချင်တော့ဘူး
။ အားလုံး အိပ်ချင်နေကြပြီ ။ အခန်းနှစ်ခန်းသာ ယူလိုက်တော့ ။”
ရတီက အားလုံး၏ကိုယ်စား အလိုက်တသိဖြေကာ
အခန်းငှားသည်။ မိန်းကလေးတစ်ခန်း ယောက်ျားလေးတစ်ခန်းအိပ်ရန် နဂိုကတည်း က စဉ်းစားထားပြီးသားဖြစ်၏
။ ဆိုင်ပိုင်ရှင်က အခန်းနှစ်ခန်းသော့ကို ပေးသည် ။ အခန်းမှာ ဟိုတယ်များ အဆင့်မြင့်တည်းခိုဆောင်များ
ကဲ့သို့ ကုတင်အကောင်းစား မွေ့ရာအကောင်းစား မဟုတ် ။ ကြမ်းခင်းတွင် မွေ့ရာခပ်ပါးပါးကို
ခင်းထားရုံ သာမန်ကာလျံကာမျှသာဖြစ် ၏ ။ သို့သော် တစ်ညတာ အိပ်စက်ရန်အတွက် အဆင်ပြေပါသည်
။
အခန်းတွင်းသို့ရောက်သည်နှင့် သူငယ်ချင်းအားလုံး
ဘေးဘီ မကြည့်နိုင် ။ တန်းထိုးအိပ်ကြသည် ။ အဓိဋ္ဌာန်ပုတီးစိပ်နေသူ-မိုးပွင့် တစ်ယောက်သာ
ကျိုက်ထီးရိုးဆံတော်ရှင်မြတ်အား ရည်စူးအာရုံပြုဖူးမျှော်ပြီး ပုတီးပြီးအောင်စိပ်သည်
။ ထို့နောက် ၃၁ဘုံကိုပင် မေတ္တာ မပို့/အမျှမဝေနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့ရာ ယခုကဲ့သို့
ညသန်းခေါင်ယံကြီး လန့်နိုးလာခဲ့ရခြင်းဖြစ်ပါ၏ ။
][][
“ ခူး……ခရူး……ခူး…..ခရူး….”
ဟောက်သံလား…အသက်ရှူသံလား…ချွဲကပ်သံလား…ခွဲခြားရန်ခက်ခဲသောထိုအသံက အခန်းထဲတွင် အချိန်မှန်ထွက်ပေါ်နေဆဲဖြစ်
သည် ။ ရတီ ဟောက်နေတာများလား…။
မိုးပွင့် အိပ်ချင်မူးတူးဖြင့် နံဘေးသို့ လက်ကိုဆန့်တန်းကာ စမ်းလိုက်သည် ။ မိုးပွင့်နံဘေးတွင်
အိပ်နေသောရတီ ဟောက်တာ ဟုတ်မဟုတ် သိနိုင်ရန်ဖြစ်သည် ။ သို့သော် လက်တစ်ဆုံးအထိ မည်သူ့ကိုမျှ
မစမ်းမိ…။ အခန်းမှာ ငါး ယောက်သား တိုးဝှေ့အိပ်နိုင်ရုံအခန်းကျဉ်းလေး
။ ယခုကဲ့သို့ မည်သူ့ကိုမှ မစမ်းမိခြင်းမှာ ထူးဆန်းနေပြီဖြစ်တာကြောင့် မှိတ်ထားသော အိပ်ချင်မူးတူးမျက်လုံးတို့ကို
ဖွင့်ကြည့်လိုက်၏ ။
“ ဟင်…”
အခန်းမှာ မှောင်မည်းနေသည် ။ ပတ်ဝန်းကျင်သို့
မမြင်ရလောက်အောင်ပင် မှောင်မည်းနေခြင်းဖြစ်၏ ။ မိုးပွင့် အတတ်နိုင်ဆုံး ပတ်ဝန်း ကျင်သို့
ပြူးပြဲကြည့်မိသည် ။ လေးမိနစ်ငါးမိနစ်ခန့်အကြာတွင် အမှောင်ထဲ၌ မျက်စိကျင့်သားရသွားသဖြင့်
ပတ်ဝန်းကျင်သို့ မသဲမကွဲ တွေ့မြင်လာရသည် ။ လူကတော့ အိပ်ချင်နေဆဲ…ခေါင်းထဲတွင် ညည်းစီစီဖြစ်နေ၏ ။
“ ဟာ…ဘယ်ရောက်ကုန်ကြတာတုံး
။”
ညက ခြင်ကိုက်မည်စိုး၍ မိုးပွင့်ကိုယ်တိုင်
ထ,ထောင်ထားသောနှစ်ယောက်အိပ်နိုင်လွန်ခြင်ထောင်ထဲတွင် မိုးပွင့်တစ်ယောက်တည်း ဖြစ် နေသည်
။ မိုးပွင့်နံဘေးတွင် အိပ်သောရတီကိုရော ၊ ရတီ့ဘေးမှသစ္စာကိုရော မတွေ့ရ ။ အသေအချာဇွတ်စိုက်ကြည့်သည့်အခါမှ
ခြင် ထောင် အပြင်တွင် မိုးပွင့်ကို ကျောပေးအိပ်နေသူတစ်ယောက်ရှိကြောင်း သိလိုက်ရသည်
။ ဟောက်သံကျယ်ကြီးမှာ ထိုသူထံမှ ထွက် ပေါ်နေခြင်း ဖြစ်မည် ။
‘ ဘယ်သူပါလိမ့်…’
မှောင်မိုက်နေသဖြင့် ခြင်ထောင်အပြင်မှလူကို
သဲသဲကွဲကွဲမမြင်ရ…။
ဆံပင်ပုံစံကို မှန်းဆကြည့်ကာ မြတ်မွန်စု သို့မဟုတ် အေးသီရိတစ် ယောက်ယောက်ဖြစ်လိမ့်မည်ဟု
တွေးမိသည် ။ ခြင်ထောင်ထဲ ဝင်အိပ်လေဟုခေါ်ရန်စဉ်းစားမိသော်လည်း ဤမျှလောက် အဝေးမှ တောင်
ဟောက်သံကို ကျယ်လောင်စွာ ကြားနေရလျှင် အနီးကပ်သာဆို ပို၍ဆိုးလိမ့်မည်ဟုတွေးမိကာ နှုတ်ဆိတ်နေလိုက်၏
။ ကျန်သူ များလည်း သူ့ဟောက်သံကို မခံနိုင်သဖြင့် အပြင်ထွက်အိပ်နေကြသလား မသိ…။
တောင်တောင်အီအီများကို ကြာကြာမတွေးအား ။ ယခု မအိပ်၍ ခေါင်းမကြည်လျှင် မနက်ကျ
ဒုက္ခရောက်လိမ့်မည်ဟုကိုယ့်ကိုယ်ကို သတိပေးကာ အိပ်ပျော်အောင် ကြိုးစားအိပ်ကြည့်သည် ။
မျက်လုံးမှိတ်လိုက်တိုင်း ဟောက်သံ ခူး…ခရူး……ခူး…..ခရူး….ဟူသောအသံ ကြီးက သာ၍ကျယ်လောင်လာသည် ။ ထူးဆန်းနေသည်မှာ တစ်ချက်တစ်ချက်
တစ်ယောက်တည်း ဟောက်နေသည်နှင့် မတူဘဲ သုံး လေးယောက် အသက်ရှူကျပ်နေသကဲ့သို့ သုံးလေးသံဖြစ်နေသည်
။ စိတ်ထဲတွင် ထိုအချက်ကို ထူးဆန်းသည်ဟုခံစားမိသော်လည်း အိပ်ချင်နေသည့်စိတ်က များသောကြောင့်
အိပ်ပျော်အောင် ကြိုးစားအိပ်လိုက်တော့၏ ။
][][][][][][][][][][][
မနက်ခင်းနှင်းပွင့်များနှင့်အတူ မိုးပွင့်တစ်ယောက် လတ်ဆတ်စွာ နိုးထလာခဲ့သည်
။ ညက အိပ်ရေးအနည်းငယ် ပျက်သဖြင့် ငါးနာရီ လေးဆယ်ခန့်မှ အိပ်ရာက ထနိုင်သည် ။ အိပ်ရာမှနိုးသည့်အခါ
ညကအတိုင်းပင် မိုးပွင့်၏အနီးအနားတွင် မည်သူမျှ မရှိ ။ ခြင်ထောင် အပြင်တွင်လည်း မည်သူမျှ
မရှိ ။ အားလုံး အိပ်ရာထသွားကြပုံရ၏ ။ သို့ကြောင့် ခြင်ထောင် သေချာသိမ်းပြီး ဆံပင်နှင့်အဝတ်အစားများ
ကို သပ်သပ်ရပ်ရပ်ပြုပြင်ကာ အခန်းအပြင်သို့ ထွက်ခဲ့လိုက်သည် ။
“ ဟယ်တော်…ဘယ်နှယ့်ဖြစ်ကြသလဲ
။ အခန်းငှားပြီးတော့ ဘာဖြစ်လို့ အပြင်ထွက် အိပ်နေကြတာလဲ ။”
မိုးပွင့် မျှော်လင့်ထားသည်မှာ အခန်းအပြင်
ကွပ်ပျစ်များပေါ်၌ သူငယ်ချင်းအားလုံး ဖီးလိမ်းပြင်ဆင်ကာ တောင်ပေါ်တက်ရန် စီစဉ်နေကြ လောက်ပြီဟု
ယူဆထားသော်လည်း တကယ့်တကယ်တမ်းကျ အားလုံး ထိုကွပ်ပျစ်များတွင် စောင်ခြုံလျက် အတုံးအရုံးကွေးနေကြ
တုန်း ။ မိန်းကလေးတွေတန်မဲ့…လူရှင်းလို့
တော်သေးရဲ့ဟု မိုးပွင့် တွေးမိရင်း တဆက်တည်းမှာပဲ လှမ်းအော်နှိုးလိုက်သည် ။ မိုးပွင့်၏
စကားသံကြားမှ တချို့တဝက် လန့်နိုးလာကြသည် ။ သူတို့အား တအံ့တသြငေးကြည့်နေသောမိုးပွင့်ကို
သူတို့ကလည်း တအံ့တသြပြန် ငေးကြည့်နေကြ၏ ။ ထိုသို့ အများနှင့်တစ်ယောက် ကြောင်တောင်ငေးဖြစ်နေရသည့်အခြေအနေကို
ဝင်ထိန်းလိုက်သူက အေးသီရိ…။
“ ကဲ…ကဲ…ပြင်ကြဆင်ကြတော့ ။ သွားကြရအောင် ။ ဟိုအကောင်တွေရဲ့အခန်းကို
ငါ သွားထုလိုက်မယ် ။ သူတို့ မနိုးကြသေးဘူး
ထင်တယ် ။”
“ အေး…အေး…ဟုတ်တယ်…မြန်မြန်သွားကြတာပေါ့
။”
မြတ်မွန်စုကလည်း အေးသီရိ့စကားအတိုင်း
ကွပ်ပျစ်ပေါ်မှ သုတ်သုတ်ထကာ ဗေဇင်တွင် မျက်နှာသစ် သွားတိုက်သည် ။ ရတီနှင့်သစ္စာ လည်း
ခြုံထားသောစောင်များကိုခေါက်ကာ နှစ်ယောက်သား တိုင်တိုင်ပင်ပင်နှင့် အခန်းထဲသို့ ရွံ့တွန့်တွန့်ဝင်ကာ
ပစ္စည်းများကို အလျင် အမြန်ကောက်သိမ်းကြသည် ။ သူတို့ ဘာဖြစ်နေသလဲဆိုတာ မိုးပွင့်လည်း
နားမလည်နိုင် ။
အားလုံး ပြင်ဆင်အပြီး ထိုတည်းခိုဆောင်မှ ထွက်လာသည့်အချိန်မှာ
မနက်ခုနစ်နာရီဆယ့်ငါးမိနစ်ခန့် ရှိလေပြီ ။ ထိုအချိန်အထိ ဖြစ်ရပ်မှန်ကို မိုးပွင့် မသိသေး…။
“ ဟဲ့…မိပွင့် ဒါနဲ့ ငါ
သိချင်တာ နင် တစ်ညလုံး အခန်းထဲမှာ ရှိနေတာပေါ့ ဟုတ်လား ။”
တောင်တက်လမ်းတွင် ရတီက ထိုမေးခွန်းကို
အထူးအဆန်းလုပ်ကာ လာမေးသည် ။ ရတီ့အမေးကြောင့် မိုးပွင့် ကြောင်သွားပြီးမှ …
“ အေးလေ…အခန်းငှားထားပြီး
အခန်းထဲမှာ အိပ်မှပေါ့ဟ ။ နင်တို့က ဘာဖြစ်လို့ အခန်းအပြင်ရောက်နေကြတာလဲ ။”
“ ငါတို့ကို ခြေထောက်လာဆွဲ…”
သစ္စာက ကြားဝင်ဖြေလိုက်သည်ကို ရတီက ပါးစပ်အတင်းဝင်ပိတ်သည်
။ သူတို့နှစ်ယောက်၏အမူအရာကြောင့် မိုးပွင့် ပိုသိချင်သွားမိ သည် ။
“ ခြေထောက် ဘာဖြစ်လို့လဲ ။ ပြောလေဟာ…”
“ နေပါဦး ။ ပြီးရင် အစအဆုံး သေချာပြောပြပါ့မယ် ။ ဖြိုးပြည့်တို့လည်း သိချင်ကြမှာပဲ
။ ဒါပေမဲ့ လောလောဆယ် နင့်ကို အရင်မေးဦး
မယ် ။ ညက နင် ထူးထူးခြားခြား ဘာမှမဖြစ်ဘူးလား
။ ငါတို့ အခန်းထဲမှာ မရှိတော့တာကို နင် မသိဘူးလား ။”
“ ဘယ်လိုလုပ် သိမှာလဲ ။ ငါလည်း အရမ်းအိပ်ချင်နေတာကို ။ သြော်…ဒါနဲ့ ငါ့သယ်ရင်းထဲမှာ အဟောက်သန်တဲ့သူတစ်ယောက် ရှိ
တာကို ညက သတိထားလိုက်မိတယ် ။ ဟောက်တာမှ အသေပဲ ။ ငါတောင် လန့်နိုးလာသေးတယ် ။
အဲဒီတော့မှ နင်တို့ မရှိမှန်း
ငါ သိလိုက်ရတာ ။ နင်တို့ကို စောစောစီးစီးထသွားတယ်ထင်တာပေါ့ ။ ခုတော့…ဘယ့်နှယ့်…အပြင်ထွက်အိပ်ရတယ်လို့
။”
မိုးပွင့်က ညက သူ တွေ့ကြုံခဲ့သမျှကို
အတိုချုံ့ပြောပြရင်း တစ်ဆက်တည်းပင် သူငယ်ချင်းများကို အပြစ်တင်လိုက်သည် ။ သူ့အတွေး
ကလည်း မမှား ။ ပိုက်ဆံပေးငှားထားပြီးမှ ထိုအခန်းထဲတွင် မအိပ်ဘဲ အပြင်ထွက်အိပ်နေသောသူငယ်ချင်းများအပေါ်
သူ နားလည်၍ မရ ။ ဟိုတစ်ယောက် မည်မျှဟောက်ပါစေ…မိန်းကလေးတွေချည်းမို့
လုံခြုံမှုရှိစေရန် အခန်းထဲတွင်သာ အိပ်သင့်သည် ။ မိုးပွင့်၏ စကားကြောင့် ကျန်သူငယ်ချင်းကောင်မလေးများအားလုံး
တအံ့တသြဖြစ်သွားပြီးမှ ပြုံးယောင်သမ်းသွားကြသည် ။ ဟန်မဆောင်တတ် သူသစ္စာက တဟားဟားထရယ်၏
။
“ ဟဲ့…ဘာဖြစ်တာလဲ ။ ငါ ပြောတာ
ဘာမှားလို့လဲ ။ နင်တို့ကလဲဟာ…မလျှိုကြနဲ့
။ ဘာတွေဖြစ်နေကြတာလဲ … ပြော…”
“ မိန်းမ…ညည်း
ညက သရဲခြောက်ခံခဲ့ရတာဟဲ့ ။ သိပြီလား…”
ဘယ်ကတည်းက ပြောချင်နေမှန်းမသိတဲ့မြတ်မွန်စုက
ဒက်ခနဲဝင်ဖြေလိုက်ရာ မိုးပွင့်၏မျက်လုံး ကော်ဖီပန်းကန်လုံးလောက် ပြူးသွား သည် ။ ပြူးပြီပေါ့…သူ့အဖြေက ကြောက်စရာကောင်းနေသည်ကိုး ။
“ နင်…နင်နော် မဟုတ်တာတွေ
မပြောနဲ့ ။ ငါက ကြောက်တတ်တယ် ။ နောက်ပြီး…တောထဲတောင်ထဲမှာ
မပြောကောင်းဘူးဟ ။”
“ သြော်…ငါက မမှန်တာပြောတာမှ
မဟုတ်တာ ။ တကယ်ပြောနေတာ ။ ညက သရဲခြောက်လို့ ငါတို့အားလုံး အခန်းအပြင် ရောက်
သွားကြတာ ။”
“ ဘယ်…ဘယ်လို ။ သေချာပြောကြစမ်းပါဦးဟယ်
။ ငါ လန့်လိုက်တာ ။”
“ အမလေး…အခုမှ လန့်နေ ။ ညကတော့
သရဲခြောက်တဲ့အခန်းထဲမှာ တစ်ယောက်တည်း အိပ်နေပြီးတော့များ ။”
အေးသီရိက မထိတထိစ,နေသေးသည် ။ မိုးပွင့်မှာတော့
ယခုထက်ထိ ဇာတ်ရည်မလည်သေး…။
ထိုအခိုက် ယောက်ျားလေးသူငယ်ချင်း များပါ မိုးပွင့်တို့အနား ရောက်လာကြသည် ။ သူတို့လည်း
ရတီ့စကားကို စိတ်ဝင်စားသွားကြပုံရသည် ။
“ ကဲပါ…ညက ငါတို့ ထိုင်ပြောနေတဲ့အဖြစ်အပျက်တွေကို
သူ့ကို ပြန်ပြောပြလိုက်မယ် ။ မိုးပွင့်ရေ…နင်တော့
ကုန်ကြမ်းအကြီးကြီးရပြီ
သာမှတ်တော့ ။ ဒီလို...”
ရတီက ဒီလိုဟုစ,ကာ လည်ချောင်းရှင်းနေသေးသည်
။ မိုးပွင့်အပါအဝင် သူငယ်ချင်းယောက်ျားလေးများကလည်း စိတ်ဝင်တစားနားစွင့် နေကြ၏ ။
“ ဒီလို…ညက ငါတို့ အိပ်ပျော်သွားပြီးမကြာ
အစွန်ဆုံးမှာအိပ်တဲ့အေးသီရိရဲ့ခြေထောက်ကို လူတစ်ယောက် လာဆွဲတယ် ။ လက်ကြီး
က အေးစက်နေတာပဲတဲ့ ။ အေးသီရိလည်း လန့်နိုးလာတာပေါ့ ။ ဆက်တိုက်ဆိုသလိုပဲ…မြတ်မွန်စုလည်း ထထိုင်လာတယ် ။ အေး
သီရိက ဘာဖြစ်လို့ နိုးလာတာလဲမေးကြည့်တော့ သူလည်း အေးသီရိလိုပဲ ခြေထောက်ကို လက်အေးကြီး
လာကိုင်လို့တဲ့ဟာ ။”
“ အမငှီး…ဟုတ်ပါ့
ဟုတ်ပါ့…ရေခဲရိုက်ထားတဲ့လက်ကြီးများလား မသိပါဘူးအေ ။”
ရတီ၏စကားကို မြတ်မွန်စုက ဝင်ထောက်ခံသည်
။ ရတီက ဇာတ်လမ်းကို ဆက်ပြော၏ ။
“ နောက်တစ်ယောက်က သစ္စာ။ သစ္စာကိုကျတော့ သာဆိုးသေး…နှာဘူးတစ္ဆေက ခြေသလုံးကို လာကိုင်တာတဲ့ ။ သစ္စာက ဘောင်း
ဘီတိုလေး ဝတ်ထားတာကိုးဟ ။ သစ္စာ လန့်နိုးတော့ သစ္စာဘေးမှာ ဟိုနှစ်ယောက် မရှိတော့ဘူး
။ သူတို့လည်း အခန်းထဲမှာ မနေရဲ
လို့ ကွပ်ပျစ်မှာ ထွက်ထိုင်နေကြတယ် ။ သစ္စာလည်း ပြေးတော့တာပေါ့ ။ နောက်အလှည့်ကျတာက
ငါ ။ ငါ့ကိုတော့ အသက်ရှူသံ
ကြီး…စောစောက နင် ပြောသလိုပဲ ။ အသက်ရှူကျပ်နေတဲ့အသံမျိုးကြီးကြားလို့
ငါ လန့်နိုးလာတာ ။ ငါလည်း သစ္စာ ဟောက်နေ
တာများလားဆိုပြီး ဘေးကိုလည်း စမ်းလိုက်ရော…လားလား…အေးစက်နေတာချည်းကို စမ်းမိတယ် ။ လူတော့လူပဲဟ…ဒါပေမဲ့
အေးစက်နေတာပဲ ။ ငါလည်း လန့်သွားတာပေါ့ ။ ဟာ…သစ္စာတော့
အအေးပတ်ပြီထင်တယ်လို့တွေးမိပြီး ဘေးကို အသည်းအသန်
ပြူးပြဲကြည့်တော့…အမလေးလေး…ငါ့ညာဘက်ခြမ်းမှာ ဘယ်သူမှလည်း မရှိဘူး ။ ဘယ်ဘက်ခြမ်းမှာ
နင် ရှိနေလို့သာပေါ့…မဟုတ်
ရင် ငါ သွေးပျက်သွားနိုင်တယ် ။ အဲဒီမှာပဲ ငါလည်း လန့်ပြီး အခန်းထဲက ထွက်ပြေးတော့တာပဲဟေ့
။”
ရတီက ထိုနေရာတွင် ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်
။ မိုးပွင့်ခမျာ ထိုအခါမှ ဇာတ်ရေလည်ကာ ထိတ်လန့်သွားရ၏ ။
“ အမေ့…ဒါဆို အ…အခန်းထဲမှာ ငါ…ငါတစ်ယောက်တည်းပေါ့
ဟုတ်လား ။”
“ အေးပေါ့ဟ ။ ဒါနဲ့…မိုးပွင့်…နင့်ကိုရော ဘယ်လိုခြောက်သေးလဲ ။”
သစ္စာက စိတ်ဝင်တစားမေးသည် ။ မိုးပွင့်က
ထိတ်လန့်တုန်လှုပ်နေသည့်စိတ်ကို သက်ပြင်းငွေ့ငွေ့ချရင်း ထိန်းချုပ်လိုက်ကာ…
“ ငါကတော့ သရဲခြောက်မှန်းတောင် မသိပါဘူးဟယ် ။ အသက်ရှူသံကြီးကြားလို့ လန့်နိုးလာတယ်
။ နောက်တော့ ငါ့ဘေးမှာ ဘယ်
သူမှမရှိမှန်း သိလိုက်ရတယ် ။ အဲ…ဒါပေမဲ့
ခြင်ထောင်အပြင်မှာ လူတစ်ယောက် ရှိနေတယ်ဟ ။ ဆံပင် မတိုမရှည်နဲ့ အမျိုးသမီးတစ်
ယောက်ပဲ ။ ငါက အေးသီရိမှတ်နေတာ ။ နောက်တော့ ပြန်အိပ်ပျော်သွားရော…”
မိုးပွင့်၏အပြောကြောင့် အားလုံး ကြက်သီးတဖြန်းဖြန်းထသွားကြသည်
။ တောကြီးတောင်ကြီးထဲတွင် သရဲအကြောင်း ပြောရသည့်အရ သာက တစ်မျိုးတစ်မည်ထူးခြားနေသည်
။ ပို၍လည်း ကြောက်စရာကောင်း၏ ။ နောက်ဆုံးမှ လိုက်လာသူများဖြစ်သော ဖြိုးပြည့်၊အောင်
ပိုင်နှင့်ဟိန်းဝင်းတို့က နောက်ဘက်သို့ အထိတ်တလန့်နှင့် လှည့်ကြည့်လိုက်ကြသေးသည် ။
“ အမလေးလေး…တော်သေးတာပေါ့
။ နင် ထများကြည့်လိုက်မိရင်တော့ မတွေးဝံ့စရာပဲ ။”
ရတီ့စကားကြောင့် မိုးပွင့် ရင်ခုန်သံ
ဆူညံသွားရ၏ ။ အကယ်၍ မိုးပွင့်သာ ထိုသူကို အေးသီရိအမှတ်နှင့် သွားကိုင်နှိုးလိုက်မိလျှင်
ဘာ တွေများ ဆက်လက်ဖြစ်ပွားသွားမလဲဆိုတာ မမှန်းဆတတ်အောင်ပါပဲ ။
မိုးပွင့် ရုတ်တရက် တွေးမိလိုက်သည်က ရတနာသုံးပါး၏ဂုဏ်ကျေးဇူးကိုပါ ။ ညအိပ်ခါနီးတွင်
ဆံတော်ရှင်မြတ်အား ရည်မှန်းလျက် ဘုရားရှိခိုး ပုတီးစိပ်ခဲ့သည့်အကျိုးကြောင့် ကျန်လူများကဲ့သို့
အကြမ်းပတမ်းခြောက်လှန့်ခြင်း မခံရသည့်အပြင် ထိုပရလောကသားဟာ မိမိအနားသို့ ကပ်ခွင့်မရ၍သာ
ခြင်ထောင်အပြင်ဘက်တွင် ကိုယ်ထင်ပြခဲ့ခြင်းဖြစ်လိမ့်မည် ။ မသေမီက ဤအခန်းကို စိတ်စွဲလန်းခဲ့လေ
သလား…အသက်ရှူမဝသည့်ရောဂါဖြင့် သေဆုံးခဲ့ရလေသလား…မိုးပွင့် မစဉ်းစားတတ်ပါပေ ။ သို့ပေမဲ့ ဤအဖြစ်အပျက်ကြောင့်
မိုးပွင့် ဘာသာတရားကို ပို၍ယုံကြည်အားကိုးသွားမိ၏ ။ အတွေးထဲတွင် မိုးပွင့် မြောလွင့်နေမိစဉ်
ဟိန်းဝင်းက…
“ ကဲပါ…ဒီအကြောင်းတွေ မပြောကြပါနဲ့တော့
။ ငါ ကြောက်လွန်းလို့ပါ ။”
ဟုဝင်ပြောသည် ။ အားလုံးက ဟိန်းဝင်းကို
ဝိုင်းထုကြသည် ။
“ အကောင်စုတ်…အဲဒီသရဲခြောက်တဲ့ဆိုင်ကို
နင် ခေါ်သွားတာလေ ။ ဘာအခုမှကြောက်နေတာလဲ ။ သရဲမက နင်တို့ကိုတော့
မခြောက်ဘူး ။”
“ ဟုတ်ပါ့…သရဲကတောင်
ပြန်ကြောက်ရတဲ့ရုပ်တွေမို့လို့နေမှာပေါ့ ။”
“ သရဲမက ငါတို့ကို ပြန်ကြောက်ရတာ ရုပ်ကို မဟုတ်ဘူးဟေ့ ။ ဟိုဒင်းကို…ငါ့ဆီမှာ အမြဲတမ်းပါတဲ့ ဟိုဒင်း…”
“ ဘယ်ဒင်းတုံး သားကြီး…ပြောလိုက်စမ်းပါ
။”
“ အဆောင်ကို ပြောတာလေ ။ ဘဘုန်းကြီးပေးထားတဲ့ အဆောင်ကို ပြောတာဟ ။ နင်တို့က ဘာဖြစ်လို့
မျက်စိမျက်နှာပျက်နေကြ
ရတာလဲ ။ ဒါနဲ့…နင်တို့က
အခြောက်ခံဖူးသွားပြီပေါ့ ဟုတ်လား ။”
“ သေနာ…နင် ဘာစကားပြောတာလဲ
။”
“ သြော်…ငါက သရဲခြောက်တာ ခံဖူးသွားပြီပေါ့လို့
မေးတာလေ ။ ငါက ရိုးရိုးပြောတာပါ ။ ကိုယ် လိုရာဆွဲမတွေးစမ်းပါနဲ့ ။”
“ ကြည့်စမ်း…ဘုရားသွားမယ့်သူတဲ့
။ ပါးစပ်ကထွက်လာရင် ဒီအလုံးတွေချည်းပဲ ။”
သစ္စာနှင့်မြတ်မွန်စုတို့က ဟိန်းဝင်းကို
အသေကောလျက်ရှိသလို ဟိန်းဝင်းနှင့်အောင်ပိုင်တို့ကလည်း အမျိုးမျိုးပြန်ပြောနေသဖြင့်
အား လုံး တဝါးဝါးရယ်နေရသည် ။ ကြင်ဦးစချစ်သူနှစ်ဦးဖြစ်သည့် ရတီနှင့်ကျော်ကျော်မိုးတို့နှစ်ဦးကတော့
ထိုစကားလုံးရင့်ရင့်များကို နားမခံ သာဝံ့၍လား မသိ ။ ရှေ့မှ သွားနှင့်ကြပြီ ။ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်ကို
ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် တောင်အထပ်ထပ်ကို ကျော်ဖြတ်ကြရပေဦးမည် ။
မိုးပွင့်လည်း သူတို့နှင့် စီးမြောရယ်မောနေရာမှ
သဘောတရားတစ်ခုကို တွေးမြင်ဆင်ခြင်မိသည် ။ ထိုသဘောတရားမှာ လောက ၏အမှန်တရား ၊ လောက၏သစ္စာတရားတစ်ခု
၊ ရိုးရှင်းသည့် သဘာဝတရားတစ်ခုဖြစ်ပြီး သတ္တဝါတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ ရမည့်
ဖြစ်ရပ်မှန်ဇာတ်သိမ်းတစ်ခု ။ ကားတိုက်မှုကို တွေ့မြင်ရသည့်အခါတိုင်း ၊ အသုဘကား မြင်တွေ့မိသည့်အခါတိုင်း
၊ သို့မဟုတ် စိတ်နှလုံး တည်ငြိမ်နေသည့်ရံဖန်ရံခါများတွင် ထိုသဘောတရားကို မိုးပွင့်
နှလုံးသွင်းဆင်ခြင်မိသည် ။ ဘာသာရေးအခေါ်အဝေါ်အရ မရဏနုဿတိပွားများခြင်းဟုသိထားသော်လည်း
အမြဲတမ်းတော့ နှလုံးမသွင်းမိ ။ အကြောင်းတိုက်ဆိုင်သည့်အခါများ၌သာ နှလုံးသွင်း ဆင်ခြင်မိသည်
။ မိမိတို့အားလုံး တစ်နေ့ကျ သေကြရဦးမည် ။ သေခါနီးတွင် တွယ်တာစွဲလန်းမိသဖြင့် မကျွတ်မလွတ်ဖြစ်နေရသော
သတ္တဝါများကို မိုးပွင့် ကြားဖူးတွေ့ဖူးခဲ့ပြီ ။ ထိုသူတို့ဘဝမှာ ကရုဏာသက်ဖွယ် စိတ်မကောင်းဖြစ်ဖွယ်ရာပင်တည်း
။ မိမိသည်လည်း တစ်နေ့ကျ သေရဦးမည် ။ သေခါနီးတွင် ထိုသူတို့ကဲ့သို့ စွဲလန်းတွယ်တာနေမိမည်ကို
စိုးရွံ့မိသည် ။ အပ္ပမာဒေန သမ္မာဒေထဆိုသော မြတ်စွာဘုရားသခင် ဟောကြားတော်မူခဲ့သည့်အတိုင်း
မမေ့မလျော့ မပေါ့ဆသောသတိတရားကို လက်ကိုင်ထားနိုင်မှသာ ချမ်းသာရာ ရပေလိမ့်မည် မဟုတ်ပါလား…
.
စေတနာရှေ့ထားလျက်...
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။