Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

တွေ့ပြန်ပြီဟဲ့…တစ္ဆေနဲ့ကျွန်တော် ......



တွေ့ပြန်ပြီဟဲ့…တစ္ဆေနဲ့ကျွန်တော် 

 

( ၂၀၁၆_မတ်လထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရသော-ဝတ္ထုတိုဖြစ်ပါသည်)
ရေးသူ - ဂါဦးနွန်းကို



w w w w w w

- မေးပြန်တော့လည်း ပြောရတော့မှာပေါ့ ။ ကြာတော့ကြာခဲ့ပါပြီ ။ လွန်ခဲ့တဲ့အနှစ်(၃၀)ကျော်ကဆိုတော့ သမီးလေးတောင် မမွေးသေးဘူး ။ ဖေဖေကလည်း လူငယ်အရွယ်ပဲရှိသေးတော့ ဌာနက ဘာတာဝန်ပေးပေး ဖျတ်ဖျတ်လတ်လတ်တက်တက် ကြွကြွနဲ့ ဘယ်ဒေသကိုမဆို သွားလိုက်တာပဲ ။ ဒီလိုမျိုး နယ်အစုံကို သွားခဲ့ပြီး အမျိုးမျိုးသောအတွေ့အကြုံတွေကို ကြုံဆုံခဲ့ရ လို့လည်း ထူးထူးဆန်းဆန်းမှန်သမျှ အခုချိန်မှာ သမီးလေးကို ပြောပြနိုင်တာပေါ့ ။
- ကဲ…ဒီတစ်ခေါက်လည်း ဟိုအရင်က လယ်တဲမှာအခြောက်ခံခဲ့ရတဲ့(ရနံ့ထူးပေးသူ)ဇာတ်လမ်းလိုပဲ ။ နည်းနည်းဆင်သလိုရှိ ပေမဲ့ ဒီတစ်ခေါက်က ပိုပြီးကြောက်ဖို့ကောင်းတယ် ။ ဘာဖြစ်လို့လဲဆိုတော့ တစ္ဆေအခြောက်ကြမ်းတယ်ဆိုတဲ့အဆောင်က ရေကန်ကျယ်ကြီးဘေးမှာ ။ နောက်ပြီး လူသူလေးပါးနဲ့ အလှမ်းဝေးတဲ့နေရာလည်းဖြစ်ပြန်တော့ ဖေဖေ့အဖြစ်က တော်ရုံလူ သာဆို သွေးပျက်ချင်စရာကိစ္စ ။
- ဘာရယ်…ဖေဖေကရော မကြောက်ဘူးလားလို့ သမီးက မေးချင်နေတာကိုး ။ မကြောက်ပါဘူး သမီးရယ် ။ မကြောက်တဲ့ အပြင် ဖေဖေက အဲဒီတစ္ဆေနဲ့ စကားတောင် ပြောလိုက်သေးရဲ့ ။ ဟော…သမီး ဖေဖေ့ကို အထင်ကြီးသွားပြီဟုတ် ။ မထူး တော့ပါဘူးလေ ။ သမီးငယ်လေးကို ဖေဖေ အမှန်အတိုင်း ပြောပြလိုက်ပါတော့မယ် ။ ထုံးစံအတိုင်းပေါ့ကွယ် ။ တကယ်တော့ သရဲဘယ်လောက်ခြောက်ခြောက် သမီးရဲ့ဖေဖေကြီးက သရဲခြောက်နေမှန်း လုံးဝမသိခဲ့ပါဘူး သမီးရယ် ။ ဟင်း…ဟင်း… သရဲခြောက်နေမှန်းသာ သိခဲ့ရင် ဖေဖေလည်း လူတစ်ယောက်ပဲ ။ မကြောက်ရှိပါ့မလား ။ ကဲ…ဒီဇာတ်လမ်းကို ဖေဖေက အစအဆုံးသေချာပြောပြမယ် ။ သမီးလေးက စာစီရေးပေတော့…။

w w w w w w
      
        ကျွန်တော်သည် ပျားလုပ်ငန်းဌာန၌ ဦးစီးအရာရှိအဖြစ် အရည်အသွေးပြည့်မီစေရန်အတွက် ဖောင်ကြီးသင်တန်းများ တက်ရောက်ခဲ့ရသည် ။ ထိုသို့ ဖောင်ကြီးသင်တန်းများ တက်ရောက်ခဲ့ပြီးသကာလ (…)မြို့နယ်သို့ သွားရောက်ကာ ဆရာ အဖြစ်နှင့် သင်တန်းသားများကို ပြန်လည်သင်ကြားပို့ချရန် အကြောင်းဖန်လာခဲ့၏ ။ ထိုစဉ်က ကျွန်တော့်အသက်မှာ (၃၀) မပြည့်တပြည့်မျှရယ်…။
       အထက်လူကြီးက (…)မြို့နယ် စိုက်ပျိုးရေးခြံတွင် ဆရာ နည်းပါးနေသဖြင့် သင်တန်းသားများကို လုပ်ငန်းနှင့်ပတ်သက် သည်များ သွားရောက်သင်ကြားပို့ချပေးရန် တာဝန်ပေးခဲ့သည် ။ တတ်နိုင်လျှင် နေ့ညမရွှေ့ဆိုင်းဘဲ အားချင်းသွားရန် ပြောဆို ခဲ့သောကြောင့် ကျွန်တော်လည်း တာဝန်ပေးသောထိုနေ့၌ပင် ရန်ကုန်မှနေ (…)မြို့နယ်သို့ ဆင်းလာခဲ့လိုက်သည် ။
      ကျွန်တော်သည် အရာရှိတစ်ယောက်ဖြစ်ရန်အတွက် သင်တန်းများစွာ တက်ရောက်သင်ကြားခဲ့သော်လည်း ဤစိုက်ပျိုး ရေးခြံတွင်တော့ မတက်ရောက်ဖူးခဲ့ချေ ။ ဤဒေသသို့ ဆရာအဖြစ်နှင့် ရောက်ရှိလာခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သဖြင့် မြင်မြင်သမျှ သစ်ဆန်းနေ၏ ။ အထူးသဖြင့် စိုက်ပျိုးရေးခြံဝန်းတွင်းသို့ ၀င်လာသည်နှင့် ကျွန်တော့်ကို အံ့အားသင့်သွားစေ သည်က ကြီးမားကျယ်ပြန့်သောရေကန်ကြီးနှစ်ကန်ပင်ဖြစ်သည် ။
      ဝင်ပေါက်နှင့်တခေါ်လောက်အကွာတွင် တည်ရှိနေပြီး ကန်နှစ်ကန်မှာ တဆက်တည်းအနေအထားဖြစ်သည် ။ ကန်ရေ သည် ရေမှော်ရေညှိများကြောင့် ကြည်လင်ခြင်းမရှိသဖြင့် ကန်၏အတိမ်အနက်ကို မသိနိုင်သော်လည်း ကန်မျက်နှာပြင်ပေါ်မှ ဖြူနီပြာဝါကြာပန်းများကြောင့် ကန်၏အလှသည် တင့်တယ်ဝင့်ထည်လို့နေသည် ။ ကန်ပတ်ပတ်လည်မှာလည်း သစ်ပင်ပန်း ပင်တို့ ဝေဝေစည်လို့ ။ စိမ်းစိုညို့မှိုင်းသောတောအုပ်နှင့် လှပသာယာသောကန်တို့သည် ပနံသင့်နေလေ၏ ။
        ကန်နှစ်ကန်မှာ ဘေးချင်းယှဉ်လျက် သပ်သပ်စီ တည်ရှိနေပေမဲ့ ကန်နှစ်ကန်၏ကြားတွင် ကျဉ်းမြောင်းသောရေမြောင်း လေးတစ်ခုက ဆက်သွယ်လျက်ရှိတာကြောင့် ထဆင်ထူး(ထ)ပုံဏ္ဍာန် ထိစပ်လျက်ရှိသည် ။ ကျွန်တော်လည်း ခြံဝန်းအတွင်း မှ လှပတင့်ဆန်းသောထိုရေကန်နှစ်ကန်ကို အကဲခတ်လေ့လာရင်း ကန်နံဘေးရှိလမ်းသွယ်လေးအတိုင်း သင်တန်းအုပ်ဆရာ ကြီးအိမ်သို့ လျှောက်လာခဲ့သည် ။
       ဆရာကြီး၏အိမ်က ရေကန်များ၏တစ်ဖက် ကွက်လပ်ကျယ်တွင် ခန့်ညားကြီးမားစွာ တည်ရှိနေ၍ ရှည်ရှည်ဝေးဝေးမရှာ ရဘဲ လွယ်လင့်တကူတွေ့ရှိခဲ့သည်ကြောင့် ဆရာကြီး၏အိမ်ဆီသို့ ကျွန်တော် တည့်တည့်မတ်မတ် လျှောက်လာခဲ့သည် ။
   “ ဟာ…ကိုခင်မောင် ရောက်လာပြီကိုး ။ စောလိုက်တာဗျာ ။ ချက်ချင်းကြီးပါလား ။ ကျွန်တော်က မနက်ဖြန်ခါလောက်မှ
      ရောက်လာမယ်ထင်နေတာ ။”
   “ ဟုတ်ကဲ့ ဆရာကြီး ။ ဗိုလ်မှူးက တာဝန်ပေးတာနဲ့ ကျွန်တော် ချက်ချင်းထွက်လာလိုက်တာ ။”
   “ ကောင်းပါတယ်ဗျာ ။ ကျွန်တော်လည်း ဒီမှာ ဆရာ မလောက်ငှလို့ စိတ်ရှုပ်နေရတာ ။ ကဲ…ကိုခင်မောင့်အတွက် နေရာ
      ပြင်ဆင်ထားတယ် ။ ဟော…ကွက်တိပဲ ။ လာ…ကိုမျိုးအောင်ရေ ။ ဒီမှာ ဆရာသစ် ရောက်နေပြီဗျ ။”
   “ သြော်…ဟုတ်ကဲ့ ဆရာကြီး ။”
   “ ဒါက ကိုခင်မောင်ရေ…ကိုမျိုးအောင်တဲ့ ။ ကိုမျိုးအောင်…ဒါ သင်တန်းအတွက် ဆရာသစ်လေ ။ ကိုခင်မောင်လို့ ခေါ်
     တယ် ။ လိုအပ်တာရှိ ကူညီလိုက်ပါဦးဗျာ ။”
သင်တန်းအုပ်ကျောင်းဆရာကြီးက ထင်ထားတာထက်ပင် ပို၍ဖော်ရွေသေးသည် ။ ကျွန်တော့်ကို ဖက်လှဲတကင်းကြိုဆိုပြီး သင်တန်းမှ ကျောင်းဆရာတစ်ဦးဖြစ်သူ-ကိုမျိုးအောင်နှင့် မိတ်ဆက်ပေးသည် ။ အသားညိုညို လူပုံကိုင်းကိုင်း ကျွဲကောမျက် မှန်ကြီးနှင့် ကိုမျိုးအောင်က အညာသားပီပီ ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေပင် ။
   “ ကဲ…ကိုခင်မောင် ခရီးပန်းလာရောပေါ့ ။ အဆောင်ပြန်ပြီး နားလိုက်ဦး ။ နောက်ပြီး ဒီနေ့ညနေစာကို ဒီမှာလာစားဗျာ ။”
   “ ဟုတ်ကဲ့ ဆရာကြီး ။ ကျေးဇူးတင်ပါတယ် ။ ဒါဆို…ကျွန်တော့်ကို ခွင့်ပြုပါဦး ။”
   “ ကောင်းပါပြီဗျာ ။ ကိုမျိုးအောင်နဲ့သာ လိုက်သွားလိုက်ပါ ။ နေရာထိုင်ခင်းကို ကိုမျိုးအောင်ကပဲ စီစဉ်ပေးပါလိမ့်မယ် ။”
ကျောင်းအုပ်ဆရာကြီး၏စကားအတိုင်း ကျွန်တော်လည်း ဆရာမျိုးအောင်၏နောက်သို့ လိုက်ပါလာခဲ့သည် ။
     ဆရာကြီးအိမ်မှ အတော်လှမ်းလှမ်းသို့ လျှောက်လာပြီးနောက် ကန်ကြီး၏နံဘေးတွင် မေးတင်လျက်ဆောက်လုပ်ထား သော ခြေတံရှည်အဆောင်တစ်လုံးဆီသို့ ရောက်ရှိခဲ့သည် ။ အဆောင်က သစ်သားဆောင်ကြီးဖြစ်ပြီး ရေနံချေးမည်းမည်းကို နက်ပြောင်နေအောင် သုတ်လိမ်းထားသည် ။ ခြေတံက အတော်ရှည်၏ ။ ခန့်မှန်းခြေအားဖြင့် (၈)ပေထက်မနည်း မြင့်လိမ့် မည် ။ အောက်ဘက်တွင် တစ်စုံတစ်ရာ ကာရံထားခြင်းမရှိ ။ ဆရာကိုမျိုးအောင်၏ဦးဆောင်မှုဖြင့် သေးသွယ်သောလှေကား လမ်းအတိုင်း အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည် ။
   “ ဆရာ…ဆရာက ဒီအခန်းမှာ အိပ်ရမှာပါ ။”
   “ ဟုတ်ကဲ့ပါဗျာ ။ ကျေးဇူးတင်ပါတယ် ဆရာမျိုးအောင် ။ ဒါနဲ့ ဆရာကရော ဘယ်အခန်းကလဲ ။”
   “ ကျွန်တော်က ဆရာနဲ့ကပ်လျက် ဟိုဘက်ခန်းကပါ ။”
   “ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ ။ ရှေ့လျှောက်လည်း ကူညီပေးပါဦး ။”
   “ စိတ်ချပါ ကိုခင်မောင်ရယ် ။ အချင်းချင်း ရိုင်းပင်းရမှာပေါ့ ။ ကဲ…ဟိုဘက်မှာ ရေချိုးခန်းနဲ့အိမ်သာ ရှိတယ် ။ လန်းသွား
     အောင် ရေမိုးချိုးလိုက်ဦး ။ ပြီးရင် ကျွန်တော်နဲ့ မြို့ထဲ လိုက်ခဲ့ပါလား ။”
   “ သြော်…ခင်ဗျားက မြို့ထဲ သွားမလို့လား ။ မလိုက်တော့ပါဘူးဗျာ ။ ကျွန်တော်က စောစောကတင် မြို့ထဲက ဒီကို ရောက်
     လာတာဆိုတော့ ခရီးပန်းနေပါပြီ ။ ဒါနဲ့ ကျန်တဲ့ဆရာတွေရော မတွေ့မိပါလား ။ ဒီအဆောင်မှာ ဆရာ ဘယ်နှယောက်
     လောက် ရှိလဲ ။”
   “ ပုံမှန်ဆို ဆရာက (၇)ယောက်ရှိတယ် ။ အဲ…အခုတော့ တစ်ယောက်မှမရှိဘူး ။ သင်တန်းက သဘက်ခါမနက် ဖွင့်မှာ
     လေ ။ အခုလို သင်တန်းပိတ်ရက်လေးမှာ မြို့တက်သူက တက် ၊ အိမ်ပြန်သူက ပြန်ပေါ့ဗျာ ။ သေချာတာကတော့ ဒီည
     တစ်ယောက်မှ ပြန်လာကြဦးမှာ မဟုတ်ဘူး ။ ဖွင့်ရက် နီးပြီလေဗျာ ။ အတိုးချပြီး တစ်နေရာရာမှာ ကဲတဲ့သူက ကဲ ၊
     အိမ်မှာ မိသားစုနဲ့ နေတဲ့သူက နေပေါ့ ။ ကျွန်တော်တောင် နယ်ကလူမို့လို့သာ ။ ကဲ…ခဏနားဦး ။ ကျွန်တော် သွားဖို့
      ပြင်လိုက်ဦးမယ် ။ ဝယ်စရာလေး ရှိလို့လေ ။ ဒါနဲ့…ခင်ဗျား တကယ်မလိုက်တော့ဘူးလား ။ လိုက်ခဲ့ပါလားဗျာ ။
      အဆောင်မှာ ခင်ဗျား တစ်ယောက်တည်းဗျ ။”
ကိုမျိုးအောင်က စကားကို ခပ်ဆဆပြောရင်း ကျွန်တော့်ကိုလည်း လိုက်စေလိုဟန်ဖြင့် မျက်နှာခပ်ညှိုးညှိုးနှင့် လှမ်းကြည့်နေ လေသည် ။ ဟုတ်မှာပါ…လိုက်စေချင်မည်ပေါ့ ။ စိုက်ပျိုးရေးခြံက မြို့နှင့် အတော်အလှမ်းဝေးသည့်အပြင် လိုင်းကားစီး၍ လည်း မရ ။ အတော့ကို ဂွကျသည့်နေရာ ။ ကားလမ်းမသို့ရောက်ရန် (၂)မိုင်ခန့် လျှောက်ရသည်မို့ တစ်ယောက်တည်း သွား ဖို့ရန်အတွက်တော့ ပျင်းရိဖွယ်ရာပင်ဖြစ်၏ ။
      ကိုမျိုးအောင်၏သဘောကို နားလည်နိုင်ပေမဲ့ ကျွန်တော့်မှာလည်း ခရီးအတော်ပန်းလာပြီဖြစ်၍ အားနာနာနှင့်ပင် ငြင်း လိုက်ရသည် ။
   “ အေးဗျာ ။ ပင်ပန်းလာတော့ နားချင်နေပြီ ။ မလိုက်တော့ပါဘူးဗျာ ။”
   “ အင်းပါ ။ မလိုက်ချင်လည်း မလိုက်ပါနဲ့တော့ ။ ကျွန်တော်လည်း ခဏပါပဲ ။ တော်နေကြာ ပြန်လာမှာပါ ။ သွားလိုက်ဦး
      မယ် ။”
ကိုမျိုးအောင်က ကျွန်တော်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည် ။
    ထိုအခါမှ ကျွန်တော်လည်း မောမောနှင့် အိပ်ရာပေါ်ကို လှဲချလိုက်၏ ။ လူက အတော်နှုံးချိပင်ပန်းနေပြီ ။ ဤနေရာတွင် အဆောင်၏တည်ဆောက်ပုံစံကို အနည်းငယ်ဖော်ပြရန်လိုပေလိမ့်မည် ။ အဆောင်က အထက်တွင်ဆိုခဲ့သည့်အတိုင်း ခြေတံ ရှည်သစ်သားဆောင်ဖြစ်ပြီး လှေကားအတိုင်းတက်လာလျှင် စင်္ကြန်လမ်းတစ်ခုကို တွေ့မြင်နိုင်၏ ။ ထိုစင်္ကြန်လမ်း၏တစ်ဖက် တစ်ချပ်တွင် အခန်းငယ်လေးများကို တစ်ယောက်နေနိုင်ရုံမျှ ဖွဲ့စည်းဆောက်လုပ်ထားသည်။ အခန်းဟုဆိုပေမဲ့ အကန့်တစ်ခု ဟုဆိုလျှင် ပိုမှန်မည် ။ အဘယ့်ကြောင့်ဆိုသော် အခန်းတိုင်း,အခန်းတိုင်းတွင် တံခါး မရှိချေ ။ တော်ရိရော်ရိ လိုက်ကာမျှသာ ကာရံထား၏ ။ စင်္ကြန်လမ်းတလျှောက် အခန်းငယ်လေးများက (၉)ခန်း/(၁၀)ခန်းနီးပါး ရှိသည် ။ အခန်းတစ်ခန်းတွင် တစ် ယောက်အိပ်ကုတင်တစ်လုံး၊စားပွဲတစ်လုံးနှင့် ဘီဒိုလေးတစ်လုံး ပါရှိသည် ။ စင်္ကြန်လမ်းအဆုံးမှာတော့ အများသုံးအိမ်သာနှင့် ရေချိုးခန်းများရှိ၏ ။
       လှဲချလိုက်စဉ်က ခဏမျှသာ ။ သို့သော်…မည်သို့မည်ပုံ အိပ်ပျော်သွားသည် မသိ…။ ကျွန်တော် နိုးလာတော့ မိုးပင် ချုပ် စပြုနေပြီ ။ ကျွန်တော်လည်း အိပ်ရာက လူးလဲထပြီး ရေချိုးခန်းထဲသို့ဝင်ကာ ရေအမြန်ချိုးရသည် ။ အချိန်က ညနေ(၆)နာရီ ထိုးလုခါနီးပြီ ။ ညနေစာလာစားရန် ဆရာကြီးက ခေါ်ထားတာကြောင့် ကျွန်တော် တက်သုတ်ရိုက်နေရခြင်းဖြစ်သည် ။ ကိုမျိုး အောင်၏အခန်းသို့ ချောင်းကြည့်လိုက်တော့ ကိုမျိုးအောင်ကို မတွေ့ရဘဲ ကုတင်ပေါ်တွင် ပြန့်ကျဲလျက်ရှိသည့် စောစောက ဝတ်ဆင်ထားခဲ့သော-အဝတ်အစားဟောင်းများကိုသာ တွေ့ရ၏ ။ ကိုမျိုးအောင် ပြန်ရောက်သေးပုံမပေါ် ။ ရေမိုးချိုးပြီးနောက် အဝတ်အစားကို အဆင်ပြေပြေ ဝတ်စားဆင်ယင်ပြီး ဆရာကြီး၏အိမ်သို့ ထွက်လာခဲ့လိုက်သည် ။
   “ လာ…ကိုခင်မောင် ညနေစာစားဖို့ ကျွန်တော် ခင်ဗျားကို စောင့်နေတာဗျာ့ ။ ဒါနဲ့ ဆရာမျိုးအောင်ကော မပါလာဘူးလား ။
     ကျွန်တော်က သူ့ကိုလည်း တစ်ခါတည်း လိုက်ခဲ့မယ်ထင်နေတာ ။”
   “ မပါဘူးခင်ဗျာ့ ။ ကိုမျိုးအောင် မြို့ကို ခဏတက်သွားတယ် ။”
   “ ဟင်…သူ မြို့တက်သွားတယ်ဆိုတော့ အဆောင်မှာ ကိုခင်မောင်တစ်ယောက်တည်းပေါ့ ။ ဖြစ်ရဲ့လား ။ မနေရဲရင် ဒီ
      မှာပဲ နေပေါ့ဗျာ ။ ကိုမျိုးအောင် ပြန်လာတော့ ခင်ဗျားကို လာရှာမှာပေါ့ ။”
   “ အာ…မဟုတ်တာ ဆရာကြီးရယ် ။ ကလေးတွေမှ မဟုတ်တော့တာ ။ နေရဲပါတယ်ဗျာ ။ ကျွန်တော် မကြောက်တတ်ပါ
     ဘူး ။ တော်နေကြာရင် ကိုမျိုးအောင် ပြန်လာတော့မှာပါ ။ ညကျ ပြန်လာမယ်လို့ ပြောသွားပါတယ် ။”
   “ အေးဗျာ ။ ခင်ဗျားအတွက် နေရာစိမ်းဒေသစိမ်းဆိုတော့ ကျွန်တော်က ရုတ်တရက် အသားမကျသေးမှာ စိုးလို့ပါ ။
      ဘာသဘောမှ မဟုတ်ပါဘူး ။ ဒီလိုဆိုလည်း ပြီးတာပါပဲ ။ ကဲ…လာ လာ…ကိုခင်မောင် ကြိုက် မကြိုက်တော့
      မသိဘူး ။ ကျွန်တော့်မိန်းမကတော့ ဒေသစာလေးတွေ ချက်ထားတယ် ။ လာဗျာ ။”
ဗိုလ်မှူးပြောလိုက်သည့်အတိုင်းပါပဲ ။ ကျောင်းအုပ်ဆရာကြီးက အတော်ဖော်ရွေပြီး ခင်မင်ပွင့်လင်းသူကြီး ။ ထမင်းဝိုင်းတွင် ထိုင်လိုက်သည်နှင့် ဘယ်ဟင်းက ဘယ်လို ၊ ဘယ်အသုတ်က ဘယ်နှယ် ရှင်းပြပြောဆိုပြီး အားမနာတမ်းစားရန်ပြောကာ သူ ကိုယ်တိုင်လည်း မြိန်ရေရှက်ရေစားရင်း ဟိုအကြောင်းသည်အကြောင်းတွေ ပြောဆိုဖြစ်ကြသည် ။
      အထူးသဖြင့် ဆရာကြီးက သူနှင့် ဝေးကွာနေပြီဖြစ်သော ဌာနကအကြောင်းတွေကို မေးမြန်းသလို ကျွန်တော့်ကိုလည်း သင်တန်းသားတွေထံသင်ကြားပို့ချရန် လိုအပ်သည်များကို ညွှန်ကြားပြောပြသည် ။ ဆရာကြီးနှင့် စကားပြောရသည်မှာ ဗဟု သုတရသလို ဆရာကြီး၏ဇနီး ချက်ပြုတ်ကြော်လှော်ထားသောဟင်းလျာတွေကလည်း အရသာကောင်းမွန်လှ၍ ထမင်းမြိန်ခဲ့ သည် ။ ည(၇)နာရီထိုးခန့်၌ ဆရာကြီးကို နှုတ်ဆက်ကာ ကျွန်တော် အဆောင်သို့ တစ်ကိုယ်တည်းပြန်လာခဲ့တော့သည် ။
      အလင်းရောင်ရှိစဉ်က သာယာလှပခဲ့သောပတ်ဝန်းကျင်သည် မှောင်ရိပ်ကျသည့်အခါကျ ထိတ်လန့်ချောက်ချားဖွယ်ရာ ကောင်းလွန်းနေပြီ ။ ခြေတံရှည်သစ်သားဆောင်ကြီးသည် မှောင်မိုက်စပတ်ဝန်းကျင်တွင် ထီးထီးကြီးတည်ရှိနေပုံမှာ တစ္ဆေ သရဲမည်းမည်းကြီး ငုတ်တုတ်ထိုင်နေသကဲ့သို့ အထင်မှားချင်စရာ ။ အဆောင်သို့ လှမ်းငေးကြည့်လိုက်သည့်အခါ ဆရာကိုမျိုး အောင် ပြန်ရောက်သေးပုံမပေါ်သဖြင့် ကျွန်တော် ဝမ်းသာသွားသည် ။
     အမှန်တော့ ကိုမျိုးအောင်ကို ပြန်မရောက်သေးစေချင် ။ ကိုမျိုးအောင်ကို ကြည့်ရသည်မှာ စပ်စပ်စုစုရှိပြီး စကားများမည့် ပုံစံ ။ အကယ်၍ ယခုအချိန်တွင် ကိုမျိုးအောင် ရှိနေလျှင် ကျွန်တော် အေးအေးချမ်းချမ်း အိပ်စက်အနားယူရလိမ့်မည် မဟုတ် ဘဲ သူနှင့် စကားလက်ဆုံကျနေရမည်သာ ။ သို့ဖြစ်၍ ကိုမျိုးအောင် ပြန်မရောက်သေးသည်ကပင် ကျွန်တော့်အတွက် ခပ်ကောင်းကောင်းဖြစ်နေသည် ။ နောက်ပြီး ကျွန်တော်ကလည်း တော်တန်ရုံ မကြောက်တတ်သဖြင့် လူမရှိသောအဆောင် ပေါ်မှာလည်း တစ်ယောက်တည်း နေဝံ့သည်ပဲကိုး ။
      အဆောင်သို့ ရောက်သည်နှင့် အဆောင်တံခါးမကြီးကို ကျွန်တော် သော့ခတ်ထားလိုက်၏ ။  အိမ်သာဝင် သွားတိုက်ပြီး တစ်ခါတည်း အိပ်ရာထဲသို့ တန်းဝင်တော့သည် ။ တစ်နေကုန် ပင်ပန်းလာ၍ အိပ်ချင်လှပြီ ။ main  door(တံခါးမကြီး)ကို သော့ခတ်ပြီးပြီဖြစ်၍ သူခိုးရန်ဘာရန်ကို စိတ်ပူစရာ မလိုပေ ။ ကျောင်းဆရာတိုင်းတွင် ထိုတံခါးသော့တစ်ချောင်းစီရှိကြောင်း ကိုမျိုးအောင် ပြောပြထား၍ အခြားဆရာများ လာလျှင်လည်း တံခါးထဖွင့်ပေးစရာ မလို ။ သို့ကြောင့် အိပ်ရေးပျက်တော့မည် မဟုတ် ။ ကျွန်တော့်ဝသီအတိုင်း ခေါင်းအုံးပေါ်သို့ ခေါင်းချလိုက်ပြီးမကြာ ခဏအတွင်း အိပ်မောကျသွားခဲ့လေ၏ ။

w w w w w w

   “ ရှပ်…ရှပ်…ရှပ်…ရှပ်…”
တစ်နေကုန် အချိန်ကြာကြာကားစီးလာခဲ့ရ၍ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော်လည်း ညသန်းခေါင်ယံအချိန်တွင် ရုတ်တရက် ဗြန်းခနဲဆို ကျွန်တော် လန့်နိုးသွားသည် ။ အိပ်မက်ဆိုး မက်ခြင်းမရှိ…ဆီးသွားချင်ခြင်းမရှိဘဲ ရုတ်တရက်လန့်နိုးလာခဲ့ခြင်းဖြစ် ၏ ။ လန့်နိုးနိုးချင်း ကျွန်တော့်စိတ်ထဲ နေအိမ်တွင်ပဲ ရှိနေသလိုလို ထင်မြင်မိသော်လည်း နံဘေးဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက် တော့မှ ကျွန်တော် သင်တန်းဆောင်သို့ ရောက်ရှိနေသည်ဖြစ်ကြောင်း သတိရသွားသည် ။ ထိုအခိုက် တရှပ်ရှပ်ခြေသံသဲ့သဲ့ ကို ကြားလိုက်ရသည် ။ တရှပ်ရှပ်တဖတ်ဖတ်နှင့် အဆောင်အောက်(ခြေတံရှည်အိမ်အောက်)တွင် တစ်ယောက်ယောက် လမ်းသလားနေသည့်အသံ…။
   “ ကိုမျိုးအောင် ပြန်ရောက်လာတာများလား ။”
ခြေသံကို နားစွင့်ရင်း ထိုသို့တွေးလိုက်မိကာ ထကြည့်ရန် စဉ်းစားမိသော်လည်း နေရာစိမ်းဒေသစိမ်းဖြစ်တာကြောင့် ထ မကြည့်ဝံ့ ။ တော်ကြာ ကိုမျိုးအောင် မဟုတ်ပါဘဲ သူခိုး ဓါးပြတွေ ဖြစ်နေမှဖြင့်…။ ထိုအတွေးနှင့် ကျွန်တော် ခဏကြာ နားစွင့် ကြည့်လိုက်သည့်အခါ ခြေသံက ရုတ်ချည်းပျောက်သွားသည် ။
   “ အင်း…သူခိုး ဖြစ်ဖို့များတယ် ။”
ပြောရလျှင် ထိုစဉ်က ကျွန်တော်တို့သင်တန်းကျောင်းနှင့်ကပ်လျက်တွင် တောအုပ်ကြီးရှိနေသည်ကြောင့် သူခိုး ဓါးပြတွေ လာ ရောက်ချည်းကပ်စားကျက်ဖြန့်နိုင်သည် ။ သို့ကြောင့်လည်း ကျွန်တော် အခြေအနေကို စောင့်ကြည့်အကဲခတ်နေရခြင်း ဖြစ် ၏ ။ ခြေသံပျောက်သွားမှပဲ စိတ်လက်ချမ်းသာသွားရသည် ။ ခရီးကလည်း ပန်းလာသူမို့ ခြေသံပျောက်ကွယ်သွားသည်နှင့် ကျွန်တော် စိတ်ချလက်ချအိပ်မောကျသွားပြန်သည် ။
   “ ကျွီ…ရှပ်…ရှပ်…ရှပ်…ဝေါ…ဝရော…”
တံခါးဖွင့်သံနှင့်အတူ အိမ်သာတွင်းသို့ လူတစ်ယောက်ဝင်သွားသောအသံကြောင့် ကျွန်တော် ရုတ်တရက်လန့်နိုးလာရပြန် သည် ။ ခဏအကြာတွင်း ရေပိုက်ခေါင်းဖွင့်သံများကိုပါ ကြားရသဖြင့် သည်တစ်ခါတော့ ကိုမျိုးအောင်ပင်ဖြစ်မည်ဟု အတပ် တွေးလိုက်မိသည် ။ ဟုတ်လည်း ဟုတ်တာပဲ ။ ဘယ်သူခိုးကတော့ ခိုးဝင်သည့်အိမ်၌ ရေအိမ်တက်နေမလဲ ။ ထထွက်နှုတ် ဆက်ရန် စိတ်ကူးမိသော်လည်း ညနက်နေပြီဖြစ်သည်ကတစ်ကြောင်း ၊ ကျွန်တော်ကိုယ်တိုင်ကလည်း ထထွက်သွားလျှင် အိပ်ရေးပျက်ရမည်ကို စိုးရိမ်မိသည်ကတစ်ကြောင်းကြောင့် ကိုမျိုးအောင်ကို ထွက်နှုတ်ဆက်မည့်အကြံအစည်ကို ဖျက်သိမ်း ကာ အိပ်ရာထက်တွင် ဆက်ကွေးနေရင်း နောက်တစ်ကြော့အိပ်ပျော်ခဲ့ရပြန်သည် ။ ညသည် ကုန်နိုင်ခဲလှပြီကော ။
   “ ရှပ်…ရှပ်…ရှပ်…ရှပ်…ဖလပ်…ဖပ်…”
အိပ်၍မပျော့်တပျော်အခြေအနေတွင် ကိုမျိုးအောင်၏လမ်းသလားမှုကြောင့် အိပ်ချင်စိတ်ပျောက်လုမတတ်ဖြစ်သွားရသေး သည် ။ ညအချိန်မတော်ကြီးမှလည်း ပြန်လာသေးရဲ့ ၊ သူ့ဘာသာသူ အိပ်မပျော်တာကိုပဲ ငြိမ်ငြိမ်သက်သက်နေမည် မရှိ ။ ခရီးပန်းစွာရောက်လာရသည့် ကျွန်တော့်ကိုပင် အားမနာ…စင်္ကြန်လမ်းတွင် လမ်းသလားနေလေသည် ။ သက်တူရွယ်တူဖြစ် တာကြောင့် ထွက်၍တားရန် စိတ်ကူးမိသော်လည်း ဘာပဲပြောပြော သူက ဆရာလုပ်သက်တွင် မိမိထက် ဝါကြီးသည် မဟုတ် လား ။ သို့ဖြစ်၍ လိုက်ကာအပြင်ဘက်တွင် ရိပ်ခနဲ ရိပ်ခနဲဖြတ်သွားသော သူ့အရိပ်ကို ဥပေက္ခာပြုကာ စောင်ကြီးကို ခေါင်းမြီး ခြုံလျက် ထိုတစ်ညတာကို အမြန်ကုန်ဆုံးသွားစေရန် အိပ်ပျော်အောင် အိပ်ပစ်လိုက်သည် ။

w w w w w w
 
    ပြတင်းပေါက်ကနေ နေရောင်ခြည်ထင်းထင်းကြီး ဝင်လာချိန်ကျမှ ကျွန်တော် အိပ်ရာထက်က လန်းလန်းဆန်းဆန်းနိုးထ လာခဲ့သည် ။ မိုးစင်စင်လင်းချေပြီ ။ နာရီကိုကြည့်လိုက်တော့ နံနက်(၆)နာရီခွဲပြီမို့ ကျွန်တော် အိပ်ရာမှ ထလာကာ အိမ်သာ ဝင်လိုက်သည် ။ မျက်နှာသစ် သွားတိုက်ပြီး breakfastတစ်ခုခုစားဖို့အတွက် တိုင်ပင်ရန် ကိုမျိုးအောင်၏အခန်းသို့ ဝင်လာ လိုက်၏ ။
   “ ကိုမျိုးအောင်ရေ…နိုးပြီလားဗျ ။ ဟင်…”
အခန်းထဲ၌ ကိုမျိုးအောင် မရှိ ။ ညက အိပ်မပျော်၍ ကိုမျိုးအောင် စောစီးစွာ လမ်းလျှောက်ထွက်သွားပုံရသည် ။ သို့သော်…ပုံ သဏ္ဍာန်က ထိုသို့ဟုတ်ပုံမရ ။ ပိုပြီးထူးဆန်းနေသည်က ကိုမျိုးအောင်တစ်ယောက် ညက တစ်ရေးမျှမအိပ်သွားဘိသကဲ့သို့ အိပ်ရာခင်းမှာ မူလအတိုင်း ဆန့်ကော့ပြန့်တင်းနေ၏ ။ နောက်ပြီး ကိုမျိုးအောင်၏အိပ်ရာထက်တွင် ယမန်နေ့ညနေက ချွတ် ထားခဲ့သည့်အတိုင်း အင်္ကျီနှင့်ပုဆိုးများ ပုံလျက်အနေအထားအတိုင်း ရှိသေးသည် ။
- ဘယ်လိုပါလိမ့်…
ညက ကိုမျိုးအောင် တစ်ညလုံးများ လမ်းလျှောက်နေသလား ။ သို့ပေမဲ့ ကိုမျိုးအောင်အကြောင်းကို ကျွန်တော် ကြာကြာ မတွေးဖြစ်ပါ ။ ကိုမျိုးအောင်နှင့်ကျွန်တော်မှာ သိကျွမ်းကြတာမကြာသေး၍ သူ့အကြောင်းကို ကျွန်တော် ကောင်းကောင်း မသိနိုင်သောကြောင့် ဒါ သူ့အကျင့် ဖြစ်မှာပေါ့လေဟု ခပ်လျော့လျော့သာ တွေးလိုက်သည် ။
     ကျွန်တော် အိမ်အောက်သို့ဆင်းရန် တံခါးဆီသို့ ရောက်လာတော့လည်း တံခါးက ကျွန်တော် မနေ့က ခတ်ခဲ့သည့်အတိုင်း ခြေရာလက်ရာ မပျက် ။ ဘာဂျာတံခါးထိပ်တွင် ချိတ်ထားသော-ကျွန်တော့်ထီးကောက်ပင် နေရာမရွေ့ ။ အမှန်ဆို ဘာဂျာ တံခါးကို ဖွင့်လိုက်လျှင် ထိုထီးမှာ နေရာရွေ့သွားရမည်သာ ။ ကျွန်တော့စိတ်ထဲ တစ်မျိုးကြီးတော့ ခံစားလာရသည် ။ ဘာကို သံသယဖြစ်လို့ဖြစ်ရမည်မှန်းလည်း မသိ ။ သို့ကြောင့် ဇဝေဇဝါအတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်၏ ။
     နံနက်စာတစ်လုတ်အတွက် (၃)မိုင်ခရီးကို တစ်ယောက်တည်း လမ်းမလျှောက်လိုသဖြင့် ကျွန်တော် အိမ်အောက်ထပ် တွင် ခဏထိုင်ကာ ငိုင်နေမိစဉ် ကန်နံဘေး လမ်းကလေးအတိုင်း ခပ်အေးအေးလျှောက်လာသော-ကိုမျိုးအောင်ကို တွေ့ လိုက်ရ၏ ။ ဗိုက်ကလည်း တကျုတ်ကျုတ်ဆာနေပြီမို့ ကိုမျိုးအောင်ကို တွေ့လိုက်ရသည့်အတွက် ဝမ်းသာလိုက်သည်ဖြစ် ခြင်း ။
   “ ဟာ…ကိုမျိုးအောင် ခင်ဗျား ပြန်လာပြီလား ။”
ကျွန်တော်က ထိုသို့အော်နှုတ်ဆက်လိုက်တော့ ကိုမျိုးအောင်က ရယ်ကျဲကျဲနှင့်…
   “ ဘယ်လိုလဲ ကိုယ့်လူ ။ ညက တော်တော်မှ အဆင်ပြေရဲ့လား ။”
ဟု ပြောင်တောင်တောင်အမူအရာနှင့် မေးသည် ။ သူ့မျက်နှာအနေအထားအပေါ် ကျွန်တော် နားမလည်နိုင်ပါ ။ ဒီကိစ္စက ရယ်စရာလည်း မဟုတ်ဘဲနဲ့ ။ ဘာသဘောပါလိမ့်ဟု ကျွန်တော် တွေးလိုက်မိပေမဲ့ ယဉ်ကျေးမှုအရ ကျွန်တော် ပြန်ဖြေလိုက် သည် ။
   “ ပြေပါတယ်ဗျာ ။ နည်းနည်းအိုက်ရုံလောက်ပါ ။”
ကျွန်တော့်အဖြေစကားကြောင့် ကိုမျိုးအောင် အံ့သြသွားပုံရသည် ။ ရယ်ကျဲကျဲသူ့မျက်နှာမှာ အံ့သြမှုအရိပ်အယောင်များ လျံ တက်လာ၏ ။
   “ အမယ်ဗျာ အံ့သြစရာ ။ ကျွန်တော်ဖြင့် အိုက်လား မအိုက်လား မသိပေါင်ဗျာ ။ ဒါနဲ့ တကယ်ပဲ ခင်ဗျား ဘာမှ မကြုံဘူး
     လား ။”
ကိုမျိုးအောင်က ကျွန်တော့်မျက်နှာကို တအံ့တသြကြည့်ကာ ထိုသို့မေးလေသည် ။ သူ့အမေးကြောင့် ကျွန်တော့်မှာ ဘာကို ဖြေလို့ဖြေရမှန်း မသိ ။ သို့ပေမဲ့ ကိုမျိုးအောင် ဘာကိုဆိုလိုနေသည်ကိုတော့ ခပ်ရေးရေးသဘောပေါက်မိ၏ ။
   “ ကိုမျိုးအောင်က ဘာကိုဆိုလိုချင်တာလဲ ။ ကြုံတယ်ဆိုတာ ဟို…တစ္ဆေသရဲကို ပြောချင်တာလား ။”
   “ ဟုတ်တယ်လေဗျာ ။ ခင်ဗျား တစ်ညလုံး ဒီအဆောင်ကြီးထဲမှာ တစ်ယောက်တည်း နေနေတာ ။ ဟို…နည်းနည်းပါးပါး
     တောင် အခြောက်မခံရဘူးလား ။”
ကိုမျိုးအောင်၏စကားဆုံးတော့ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထသွားလိုက်ပုံများ ခေါင်းတောင် ပုတ်လောက် ကြီးသွားသည်ဟုဆိုလျှင် စာဖတ်သူ ယုံချင်မှယုံလိမ့်မည် ။
     မြတ်စွာဘုရား…တစ်ညလုံး တစ်ယောက်တည်း ရှိနေတာဆိုပါလား ။ မယုံကြည်နိုင်လွန်း၍ ကိုမျိုးအောင်၏မျက်နှာကို အသေအချာအကဲခတ်လိုက်တော့လည်း မနက်စောစောစီးစီး ကလိမ်စေ့ငြမ်းစင်နေပုံ မပေါ် ။ အမှန်ပင် တအံ့တသြဖြစ်နေ သည့်ဟန်…။ ကျွန်တော်လည်း မသင်္ကာ၍ တီးခေါက်ကြည့်လိုက်သေးသည် ။
   “ နေပါဦး ။ ကျွန်တော် တစ်ယောက်တည်း ရှိနေတဲ့အချိန် ခင်ဗျားက ဘယ်ရောက်နေသလဲ ပြောပါဦး ။”
   “ ဟီး…ခင်ဗျား ကျွန်တော့်ကို အပြစ်တော့ မတင်ပါနဲ့ဗျာ ။ ကျွန်တော်လည်း တစ်ယောက်တည်း မနေဝံ့တာနဲ့ ဟိုဘက်က
      သင်တန်းသားဆောင်မှာ အသစ်ရောက်လာတဲ့သင်တန်းသားတွေနဲ့ သွားအိပ်နေတာ နှစ်ရက်သုံးရက်ရှိပြီဗျာ့ ။ ခင်ဗျား
      ရောက်လာတော့ ခင်ဗျားကို တစ်ယောက်တည်း မထားခဲ့ချင်လို့ ကျွန်တော် ခေါ်သားပဲ ။ ခင်ဗျားက လိုက်မှမလိုက်ပဲ
      ကိုး ။”
   “ ဟင်…ဘာတစ်ယောက်တည်း မနေဝံ့ဘူးလဲဗျ ။ ကျွန်တော် ရောက်လာပြီပဲ ။ နှစ်ယောက် နေရမယ့်ဟာကို ခင်ဗျားက
     ကြောက်နေသေး ။”
   “ အာ…ခင်ဗျားနှယ် အကြောက်အလန့်မရှိ ပြောတတ်လိုက်တာ ။ နှစ်ယောက် မဆိုထားနဲ့ ။ (၃)/(၄)ယောက်တောင်
     မနေဝံ့ဘူး ။ သရဲက အခြောက်ကြမ်းတယ်ဗျ ။”
    “ ဟင်…ဟုတ်လို့လား ။ ခင်ဗျားကိုယ်တိုင် အခြောက်အလှန့် ခံဖူးလို့လား ။ သူများ ပြောတာ ကြားဖူးတာလား ။”
    “ အမလေးဗျာ…သူများပြော မဟုတ်ဘူး ။ ကိုယ်တွေ့ ကိုယ်တွေ့…ဒီလိုအချိန် ဆရာတွေ အိမ်ပြန်ကြပြီဆို ဒီအဆောင်
       မှာ ကျွန်တော့်လို နယ်ကဆရာ (၃)/(၄)ယောက်ပဲ ကျန်ခဲ့တယ် ။ အဲဒီအချိန်ရောက်ရင် သရဲက ခြောက်တော့တာပဲ ။
       ပထမ ခြေသံပေးတယ် ။ နောက်တော့ အရိပ်အယောင်ပါ ပြတာ ။ အခြောက်ကြမ်းတဲ့နေ့တွေများဆို ခြေထောက်တွေ
       ဘာတွေတောင် လာဆွဲတာဗျာ့ ။ ဒါနဲ့ ကျွန်တော်တို့လည်း လူနည်းရင် မနေဝံ့ကြတော့ဘူး ။ ဟိုပြေးဒီပြေးလုပ်ကြတော့
       တာပဲ ။”
   “ ဟုတ်လား ။ ခြေထောက် လာဆွဲရင်တော့ ကျွန်တော်ဆိုလည်း သွေးပျက်မိမှာပဲ ။”
   “ ဒါ…ဒါနဲ ခင်ဗျားရော ညက ဘာမှအခြောက်မခံရဘူးလား ။”
   “ ခြေသံတော့ ပေးပါရဲ့ ။ ဒါပေမဲ့ ကျွန်တော်က ကိုမျိုးအောင် ထင်လို့ ထတောင် မကြည့်မိဘူး ။ တော်သေးတယ်ပဲ ဆိုရ
      မယ် ။ ထကြည့်ရင်တော့ ငါးပါးမှောက်မှာ ။ ခင်ဗျားဗျာ တော်တော်ဆိုးတာပဲ ။ ဒီလိုဆိုရင်လည်း အကျိုးအကြောင်းလေး
      ပြောတာ မဟုတ်ဘူး ။”
   “ တောင်းပန်ပါတယ်ဗျာ ။ ကျွန်တော်က အမှန်အတိုင်းပြောရင် ကိုခင်မောင် မယုံမှာစိုးလို့ ။ နောက်ပြီး ဆရာကြီးအိမ် သွား
      မှာလို့လည်း သိထားတော့ ဆရာကြီးကတော့ အကျိုးအကြောင်း ပြောပြမှာပါလေလို့ တွေးပြီး တစ်ယောက်တည်း ထား
      ခဲ့လိုက်တာပါ ။ တောင်းပန်ပါတယ် ။”
   “ ဘာပဲပြောပြော ခင်ဗျားရဲ့ ညကျ ပြန်လာခဲ့မယ်ဆိုတဲ့စကားလေးက ကယ်သွားတာပဲ ။ ကဲ…ကျွန်တော်တို့ မနက်စာ
      ဘာသွားစားကြမလဲ ။ မိတ်ဆွေဖြစ်တဲ့အနေနဲ့ ကျွန်တော်က တကာခံပါ့မယ်ဗျာ ။”
   “ မဟုတ်တာပဲ ကိုခင်မောင်ရယ် ။ ကျွန်တော်က အိမ်ရှင်ဖြစ်နေတာဆိုတော့ ကျွန်တော် ကျွေးမှာပေါ့ ။ ကဲ…အခုမှ မြို့ကို
     တကယ် သွားကြတာပေါ့ ။”
ကိုမျိုးအောင်၏ဦးဆောင်မှုဖြင့် ကျွန်တော်တို့နှစ်ယောက် မြို့ကို လမ်းလျှောက်ထွက်လာခဲ့ကြသည် ။ တစ်လမ်းလုံး သူ့အ ကြောင်း ပြော ၊ ကိုယ့်အကြောင်းပြောနှင့် ရင်းနှီးသွားကြမှ ကိုမျိုးအောင်က ရိုးသားပွင့်လင်း ဟန်ဆောင်ကင်းသော အညာ သားတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည် ။
      မွန်းလွဲနောက်ပိုင်းတွင် အဆောင်မှထွက်ခွာသွားကြသောသင်တန်းဆရာများသည် သင်တန်းဖွင့်ချိန်မတိုင်ခင် တဖွဲဖွဲ ရောက်ရှိလာကြသည် ။ ဆရာသစ်ဟူ၍ ကျွန်တော်တစ်ယောက်သာ ရှိသဖြင့် ဆရာဟောင်းများက ကျွန်တော့်ကို ပျူငှာစွာကြို ဆိုကြသည် ။ နောက်ပြီး ကိုမျိုးအောင်၏သတင်းလွှင့်မှုကြောင့် ကျွန်တော့်မှာ ခဏအတွင်းပင် Heroလုံးလုံး ဖြစ်သွားရ၏ ။ တစ္ဆေအခြောက်ကြမ်းသည့်အဆောင်တွင် တစ်ယောက်တည်း နေဝံ့သူဟူ၍…။
     အနေကြာမှ ကျောင်းဆရာကြီး၏ပွင့်ပွင့်လင်းလင်းပြောပြချက်အရ ယခင်က ထိုအဆောင်တွင်နေထိုင်သောကျောင်းဆရာ တစ်ဦးသည် စိတ်ကျရောဂါဖြစ်ကာ စိတ်ဖောက်ပြန်ပြီး အဆောင်ရှေ့ကန်အတွင်းသို့ ခုန်ချလျက် အဆုံးစီရင်သွားခဲ့ကြောင်း သိရ၏ ။ ထိုဆရာသည်ပင် မကျွတ်မလွတ်ဖြစ်ကာ အဆောင်တွင် နေထိုင်လျက် ဆရာများအား ချောက်လှန့်နေပုံ ရသည် ။ သေခါနီးက နေထိုင်ခဲ့သော-အဆောင်ကို စွဲလန်းသွားပုံရသည် ။
     သေဆုံးခါနီးဖြစ်တည်တတ်သော-စွဲလန်းစိတ်သည် ကြောက်မက် ဖွယ်ကောင်းကြောင်း ၊ မကောင်းသော အပယ်လေးဘုံ သို့ ဆွဲချနိုင်ကြောင်း ၊ ဝိပဿနာအလုပ်(တရားထိုင်ခြင်းအလုပ်)ကို အားထုတ်ခြင်းဖြင့် စိတ်ကို တည်ငြိမ်အောင် ကြိုးစားမှ သာ သေဆုံးခါနီးအချိန်၌ စွဲလန်းတွယ်တာစိတ် ကင်းဝေးကာ ကောင်းမြတ်ရာသို့ ဘဝကူးပြောင်းနိုင်မည်ဖြစ်ကြောင်းတို့ကို ထိုအဖြစ်အပျက်လေးကြောင့် ကျွန်တော် အသက်ငယ်ငယ်နှင့်ပင် ဆင်ခြင်နှလုံးသွင်းတတ်ခဲ့၏ ။ မွေးဖွားခြင်းနှင့်သေဆုံးခြင်း တို့သည် ဖွားဘက်ညီနောင်ပမာ တပူးတွဲတွဲတည်ရှိနေကြသည်ပဲ မဟုတ်ပါလား ။
        ကျွန်တော်သည် သင်တန်းဆရာအဖြစ် တစ်နှစ်တာ ပြုလုပ်ခဲ့ရသည့်ကာလတစ်လျှောက်တွင် နောက်တစ်ကြိမ် ထပ်မံ ခြောက်လှန့်ခြင်း မကြုံရတော့ပေ ။ အဘယ့်ကြောင့်ဆိုသော် (၃)လပြီးတစ်ခါ သင်တန်းပိတ်သည့်နေ့ရက်များသို့ရောက်တိုင်း အဆောင်တွင် ဆရာနည်းလာသည်နှင့် ကျွန်တော်နှင့်ကိုမျိုးအောင်တို့နှစ်ယောက် ဆရာကြီးနေအိမ်တွင် တစ်လှည့် ၊ သင် တန်းသားသစ်များနှင့်တစ်လှည့် သွားရောက်အိပ်စက်နေခဲ့၍ဖြစ်၏ ။
      တစ်ခုသောနှစ်(ကျွန်တော် သင်တန်းဆရာအဖြစ်မှ တာဝန်ကုန်ဆုံးမည့်နှစ်)တွင် ဆရာကြီးက ကထိန်ပွဲကို ကျွန်တော်တို့ သင်တန်း၌ ပြောင်းရွှေ့ပြုလုပ်ခဲ့၏ ။ ဘုန်းတော်ကြီးများပင့်ဆောင်ကာ အဆောင်၌ အလှူပွဲကို ကျင်းပခဲ့သည် ။ ထိုပွဲ၌ အမျှ ပေးဝေပြီးသည့်နောက် ကျွန်တော်တို့အဆောင်တွင် တစ္ဆေမခြောက်တော့ပေ ။ ဆရာများလည်း တစ္ဆေခြောက်လှန့်ခြင်းရန်မှ ကင်းဝေးသွားခဲ့ကြသည် ။ ကိုရွှေတစ္ဆေ … ကျွတ်လွတ်ချိန် တန်သွားပြီထင်ပါသည် ။


                                                                               စေတနာရှေ့ထားလျက်...

                                                                                        ဂါဦးနွန်းကို


www.facebook.com/writer.GONK pageမှာ ဝင်ရောက်လေ့လာနိုင်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။