( ၂၀၁၆ ဒီဇင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတို )
ယခုဇာတ်လမ်းကို
ရေးရန် အတော်အားမွေးယူခဲ့ရသည် ။ ပြန်တွေးရုံဖြင့် စာရေးသူကိုယ်တိုင် ကြက်သီးဖြန်းဖြန်းထမိ၍
မရေးဝံ့ရေးဝံ့ဖြစ်နေခဲ့ရာ ဇာတ်ကြောင်းပြောပြသူက မရေးသေးဘူးလားဟု ခဏခဏမေးနေသောကြောင့်
မရေးမဖြစ် ရေးတော့မည် ဟု စိတ်ပိုင်းဖြတ်ပြီး သတ္တိမွေး၍ ညနက်သန်းခေါင်ချိန်တွင် တစ်ယောက်တည်း
ထိုင်ရေးရင်း သွေးပျက်ခဲ့ရသောညချမ်းကာလတချို့ ကို ပိုင်စိုးစေခဲ့သည့် မှတ်မှတ်ရရဝတ္ထုတစ်ပုဒ်ဖြစ်ပါ၏
။ ဇာတ်ကြောင်းပြောသူက အခြားသူသာဆို လျစ်လျူရှုထား၍ ရသေးသည် ။ ရေးရေး-မရေးရေး မကြာခဏလာမေးလောက်စရာမရှိ
။ နောက်ပြီး တစိမ်းတစ်ရံကသာ ဤအကြောင်း လာပြောပြပါက ထိုင်းရုပ်ရှင် အား မှီငြမ်းထား၍လည်းကောင်း
၊ အင်ဒိုနီးရှားကားအား ခိုးချထား၍လည်းကောင်း လာပြောခြင်းသာဖြစ်မည်ဟု သံသယဝင်ကာ ရေးဖြစ်လောက်မည်
မထင်ပါ ။ စာရေးသူကလည်း ကော်ပီကို မုန်းတီးပြီး ကိုယ်ပိုင်ဖန်တီးမှုစစ်စစ်ကိုသာ ရူးသွပ်စွာ
စွဲလမ်းတတ်သူ တစ်ယောက်ဖြစ်သောကြောင့်ပင် ။
သို့သော်…ယခုမူ ဇာတ်ကြောင်းပြောသူသည်
စာရေးသူ၏ဖခင်ဖြစ်ပြီး ကိုယ်တွေ့ကြုံခဲ့သူမှာ စာရေးသူ၏အဘွားဖြစ်ကာ ဖြစ်ပွားခဲ့သောဌာနေကလည်း
စာရေးသူ သိကျွမ်းရင်းနှီးသောနေရာဖြစ်တာကြောင့် “ဖြစ်ရပ်မှန်” သေချာလွန်းသဖြင့် ရေးသားဖြစ်ခဲ့
ပါသည် ။ သဘာဝကို တစ်ထွာတစ်မိုက်မက ကျော်လွန်နေသောကြောင့် ယုံကြည်ရန် ခက်ခဲလွန်းပေမည်သာ
။ သို့သော် ဤဇာတ်လမ်းသည် လွန်ခဲ့သောနှစ်(၆၀)ခန့်က ဇင်းကျိုက်ရွာ(ယခု ဇင်းကျိုက်မြို့)လေးတွင်
အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါ ကြောင်း …… ။
မိုးရေစက်တို့က ခပ်ဖွဲဖွဲကျဆင်းနေသည်
။ ကောင်းကင်ယံတွင် တိမ်ညိုတိမ်ခဲတို့ အုံ့ဆိုင်းမည်းနက်နေကာ ကြယ်ရောင် လရောင်ပင် မှိန်ပြပြ
မမြင်ရ ။ သည်ကြားထဲ မိုးကလည်း တဖွဲဖွဲရွာချနေသောကြောင့် ပတ်ဝန်းကျင်တစ်ခွင်လုံး မှောင်နှင့်မည်းမည်း
။ ဤသို့ အလိုလိုနေရင်းပင် သွေးပျက်ချင်စရာကောင်းသော ညနက်ကြောကာလကြီးမှာ မမြစိန်တို့လူတစ်စု
သွားနေရသည့်နေရာက ရွာအပြင်ဘက်ရှိ ဝေးကွာလှသည့် သိင်္ချိုင်းဆီသို့ဖြစ်၏ ။
အသုဘပို့ဖြစ်၍ လူစုလူဝေးနှင့်ဆိုလျှင်တော့
နေသာဦးမည်ပေါ့ ။ ယခုမူ လူစုဟုခေါ်နိုင်ရုံမျှ ။ အတိအကျရေတွက်ပြရသော် စုစုပေါင်းမှ အလောင်းအပါအဝင်
လူ(၇)ယောက်သာ ရှိသည် ။ သေသူ မအုံးမေ ၊ သေသူ၏ခင်ပွန်း-ကိုမင်းကြိုင် ၊ ကိုမင်းကြိုင်၏
ယောက်ဖ-ဦးမင်းဥာဏ်ထွန်း ၊ တွင်းတူးပေးမည့်-ကိုတွက်နှင့် အီစွပ် ၊ မမြစိန်နှင့် ကိုစိန်ပုပါမှ
လူ(၇)ယောက် ကွက်တိ ။ ထိုအထဲ၌ သက်ရှိထင်ရှားမိန်းမသားဟူ၍ ဒေါင်းတိမောင်းတိ-မမြစိန်တစ်ယောက်သာ
ပါရှိ၏ ။ မည်မျှပင် သတ္တိခဲဖြစ်ပါစေ…လူခြေတိတ်သည့် နေရာသို့ ရောက်လာသည်နှင့်အမျှ သွေးလန့်ချင်စရာ
ကောင်းလာတော့သည် ။
သေသူ-မအုံးမေက ကိုယ်ဝန်ဆောင်ဘဝတွင်
ဖျိုးဖျိုးဖျတ်ဖျတ် ဆိုးဆိုးဆတ်ဆတ် ရုတ်တရက် ဆုံးပါးသွားခဲ့ခြင်းဖြစ်၏ ။ မမြစိန်တို့ရွာ၌
အယူအဆတစ်ခု ရှိသည် ။ ကိုယ်ဝန်ဆောင် သို့မဟုတ် မီးနေသည် ရုတ်တရက် ကွယ်လျှင် ရွာထဲမှာ
သုံးရက်ထားခွင့် မရှိဘဲ ချက်ချင်းမြှုပ်နှံစေသည် ။ သုသာန်သို့ ချက်ချင်းပို့ရသည် ။
နောက်ပြီး ကျေးရွာများ၌ ကလေးအမေအလောင်းဆိုလျှင် လွန်စွာ ကြောက်ရွံ့ကြသည် ။ အသုဘပို့လိုက်ရန်လည်း
လွန်စွာလေးကန်ကြသည် ။ အဘယ့်ကြောင့်ဆိုသော် ကလေးအမေဆိုသည်မှာ ကလေးငယ်အပေါ်တွင် အလွန်အစွဲအလမ်းကြီးတတ်သဖြင့်
မကျွတ်လွတ်နိုင်ဟု ယုံကြည်ကြသောကြောင့်ဖြစ်၏ ။
သို့ကြောင့်ပင် ဖြစ်မည်
။ မအုံးမေ သေဆုံးချိန်က ညနေ(၆)နာရီခွဲခန့်တွင်ဖြစ်ရာ အသုဘပို့ရန် ပြင်ရင်းဆင်ရင်း(၇)နာရီ
ထိုးသွားခဲ့သည် ။ သိင်္ချိုင်းသို့ သွားမည်ဟုဆိုတော့ အသုဘလိုက်ပို့မည့်သူ မရှိ ။ အခေါ်ခံရမည်စိုး၍လား
မသိ ၊ တံခါးများပင် ပိတ် ထားကြပြီ ။ နောက်ဆုံး သေသူ၏ခင်ပွန်း ၊ သေသူ၏ယောင်းမ-မမြစိန်
၊ မမြစိန်ကို ပိုးပန်းနေသူ-ကိုစိန်ပုနှင့်တကွ လူကြီးဖြစ်သော- မမြစိန်၏အဖေ-ဦးမင်းဥာဏ်ထွန်းအပါအဝင်
တွင်းတူမည့်သူနှစ်ဦးကို လိုက်ရှာခေါ်ကာ အလောင်းကို ထမ်း၍ နေအိမ်မှ ထွက်ခွာခဲ့ ကြသည်
။ ကိုစိန်ပုခမျာ လိုက်ချင်ပုံ မရပါ ။ မမြစိန်က အဖော်ရရန်အတွက် အတင်းအကြပ်သွားခေါ်လာသဖြင့်
မျက်နှာရလို၍ လိုက် လာခဲ့ဟန်တူ၏ ။
မမြစိန်၏ရင်ထဲ မချိတင်ကဲ…ယူကြုံးမရ
။ မအုံးမေတစ်ယောက် ဘယ့်နှယ့်လုပ် သေရပါလိမ့် ။ မြွေဆိပ်တက်တာ-တဲ့ ။ ညနေကပဲ အတူတူ ဟင်းရွက်ခြွေနေကြသေးတာ
။ သူ မြွေကိုက်ခံရတာကို ငါ သိရမှာပေါ့ ။ ခုတော့ မြွေကိုက်ဒဏ်ရာလည်း မတွေ့ ရဘဲ မြွေဆိပ်တက်သတဲ့
။ ဆေးဆရာများ ကုသရန်ပင် အချိန်မမီ ၊ နှိပ်ရင်းပြုရင်း ဆုံးလေသည် ။ သေသူ-မအုံးမေက မမြစိန်၏
ယောင်းမ တော်စပ်သော်လည်း အစ်မတစ်ယောက်လိုဖြစ်နေပြီ ။ အိမ်က ဘေးချင်းကပ်မို့ တိုးတိုးဖော်ဆိုလည်း
မမှား ။ အပျိုပေါက် အရွယ်မမြစိန်က အိမ်ထောင်သည်-မအုံးမေကို အမိပမာ အစစအရာရာတိုင်ပင်နေကျ
။ ယခုတော့ ကောက်ခါငင်ခါ ဆုံးပါးသွားခဲ့ပြီ ။
သေသူ-မအုံးမေက မမြစိန်ထက်
(၁၅)နှစ်ခန့်ကြီးသည် ။ ယခုမှ မမြစိန်က (၁၇)နှစ်မျှရှိသေးသော်လည်း မအုံးမေကတော့ (၃၅)နှစ်နား
ရောက်လုပြီ ။ နောက်ပြီး - မအုံးမေက ကိုမင်းကြိုင်၏ပထမဇနီး မဟုတ် ။ နှစ်ယောက်လုံး မုဆိုးဖို/မုဆိုးမတို့
ဖြစ်ကြပြီး ကိုမင်းကြိုင် တစ်နယ်တစ်ကျေးသို့အသွား ချစ်ကျွမ်းဝင်ကာ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်
။ လက်ထပ်ပြီးနောက် ကိုမင်းကြိုင်၏ဇာတိ ဇင်းကျိုက်ရွာလေးသို့ မအုံးမေ လိုက်လာသည် ။ အမှန်တော့
မအုံးမေက ဘားအံဇာတိ ။ အရင်အိမ်ထောင်နှင့် ကလေးနှစ်ယောက် ကျန်သော်လည်း အဘိုးအဘွားများနှင့်သာ
ထားခဲ့ကာ ဇင်းကျိုက်မှာပဲ အမြဲနေတော့၏ ။
အသက်ကြီးမှ ယူသောသူတို့နှစ်ယောက်
ကလေးရလာတော့ ဝမ်းသာအယ်လဲဖြစ်ကာ မိမိအား တစ်ယောက်တစ်လှည့် လာပြောကြသည်များကို မမြစိန်
မှတ်မိနေဆဲ ။ အသုဘပို့ သွားနေခိုက်မှာပဲ ပြန်တွေးမြင်ယောင်နေဆဲ ။ အစ်ကိုကြီး-ကိုမင်းကြိုင်က
အစ်ကိုတစ်ဝမ်းကွဲဖြစ်သော်လည်း ငယ်စဉ်ကတည်းက နှစ်အိမ့်တစ်အိမ်နေထိုင်လာခဲ့ကြသူများဖြစ်၍
မောင်နှမအရင်းလိုဖြစ်နေလေ ရာ မအုံးမေကလည်း မမြစိန်အဖို့ အစ်မအရင်းလို ဖြစ်လာသည် ။ ကိုမင်းကြိုင်က
လယ်ထဲတွင် အလုပ်လုပ်နေရသူဖြစ်၍ မပေါ့မပါး ကိုယ်ဝန်သည်-အစ်မဖြစ်သူအား စောင့်ရှောက်ကူညီရန်
မမြစိန်ကို လာမှာသလို မအုံးမေကလည်း ရင်သွေးလေး မွေးလာလျှင် အလွန်ပျော်စရာကောင်းမည်ဖြစ်ကြောင်းကို
မမြစိန်အား ရင်ဖွင့်သည် ။ အသက်ကြီးမှ အိမ်ယာအသစ်တည်ပြီး ဆယ်ကျော်သက် များပမာ လွန်စွာချစ်ခင်နေကြသော
အစ်ကိုအစ်မလင်မယားကိုကြည့်ရင်း မမြစိန်မှာလည်း ကိုယ်စားပီတိတို့ဖြင့် ကြည်နူးနေခဲ့ရ၏
။ (၈)လနီးပါး ပျော်ရွှင်ခဲ့ရသော နေ့ရက်များပါပေ ။
ကိုယ်ဝန် ရင့်သထက်
ရင့်လာသည့်အခါ မအုံးမေအား အလုပ် သိပ်မလုပ်ရန် မှာရသလို အလေးအပင်များ မမ,မိအောင် ဂရုစိုက်နေရသည်
။ မအုံးမေက အလွန်အလုပ်လုပ်သူ ။ ဘယ်အချိန်ကြည့်ကြည့် တကုပ်ကုပ်လုပ်နေတတ်သည် ။ သို့ဖြစ်၍
သတိ ပေးရသည် ။ ကိုယ်တိုင်လည်း သတိထားကာ စောင့်ရှောက်ရသည် ။ ဤသို့ဖြင့် ဖွားလုဖွားခါနီး
အချိန်နားသို့ ကပ်လာပြီ ။ လွန်ခဲ့ သောတစ်ပတ်ခန့်က ဘားအံတွင် ပြန်မွေးမည်ဟုဆို၍ ခရီးထွက်လျှင်
ကလေးထိခိုက်မည်စိုးသောကြောင့် ကိုမင်းကြိုင် တားမြစ်နေ သံကို အိမ်ချင်းကပ်လျက်မှနေ
မမြစိန် ကြားလိုက်ရသေးသည် ။ မအုံးမေက တတွင်တွင်တောင်းဆိုလို့…။ ကိုမင်းကြိုင်ကလည်း
အတန်တန်တားမြစ်လို့ ။ နောက်ဆုံး - ဇနီးသည်ကို အလွန်ချစ်မြတ်နိုးသူမို့ အလိုလိုက်အကြိုက်ဆောင်ကာ
သူကိုယ်တိုင် လိုက်ပို့ ပေးပါ့မည်ဟု ဝန်ခံကတိပေးနေသံအထိ မမြစိန် ကြားလိုက်ရ၏ ။
-
အစ်မကလည်း … ခက်တာပါပဲ ။ ဘားအံကို ဒီအခြေအနေကျမှ ပြန်ရင် လမ်းမှာ မွေးချင်ဖွားချင်မှ
ခက်ဦးမယ် ။
မမြစိန် ကြိုတွေးရင်း ပူမိပေမယ့် သူတို့လင်မယားချင်း
သင့်တင့်လို့ ဆုံးဖြတ်တဲ့ကိစ္စ ငါ ဝင်မပါတာပဲ ကောင်းပါတယ်လေ-ဟု တွေး ကာ မသိချင်ယောင်ပဲ
ဆောင်နေခဲ့သည် ။ ယခုတော့…ဇာတိပြန်ကာ ဖွားမြင်ရန် ဆန္ဒရှိသော မအုံးမေတစ်ယောက် ကလေးပင်
မမွေးရသေးဘဲ ရုတ်တရက် ကောက်ခါငင်ခါ ဆုံးပါးသွားခဲ့ပါပြီ ။
ªª
“ ဝေါ…ဝရူး…”
လေပွေတစ်ချက်က ကရူးကနှမ်းပြေးဝင်လာ၍ လက်ထဲကထီး
လွင့်ထွက်တော့မလိုဖြစ်သွား၍ မမြစိန် အသည်းသန် ဆုပ်ကိုင်ထား လိုက်ရသည် ။ ဘယ့်နှယ့်ဖြစ်ပါလိမ့်
။ လေကလည်း ကြမ်းလိုက်ပါဘိ ။
အသုဘပို့လိုက်လာခိုက်
တောင်မြောက်တွေးရင်း လေးလေးကန်ကန်လျှောက်လာရာမှ ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်မိတော့ ရွာအပြင်
ဘုန်းကြီးကျောင်းနားသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည် ။ ဘုန်းကြီးကျောင်းကို
လွန်၍ ညောင်ညိုပင်နှစ်ပင်ကို ကျော်ပါက သိင်္ချိုင်းသို့ ရောက်ပြီ ။ မှုန်တိမှုန်မှေးမျှ
မြင်နေရသောသိင်္ချိုင်းသို့ လှမ်းမျှော်ကြည့်ရင်း မမြစိန် လျှောက်တွေးမိသည် ။
ဘာပဲပြောပြော တော်သေးသည်ဟုဆိုရမည်
။ မမြစိန်တို့ရွာ၌ သရဲခြောက်သည်ဟု သတင်းကြီးသောနေရာ မရှိ ။ သိင်္ချိုင်း နားရှိသစ်ပင်များ၌
လူတွေကို ဒုက္ခပေးတတ်သော ၊ စားစရာများကို လိုက်လံဆွဲယူတတ်သော တစ္ဆေသရဲအကြမ်းစားများ
နေထိုင် တတ်ကြောင်း စာအုပ်များတွင် မကြာခဏ ထည့်သွင်းရေးသားလေ့ရှိသော်လည်း မမြစိန်တို့ရွာမှာတော့
ထိုသတင်းမျိုး မကြားမိပါ ။ မမြစိန်၏တစ်သက်လည်း တစ္ဆေသရဲများကို မတွေ့ခဲ့ရဖူး။ ထို့အတူ
ညောင်ညိုနှစ်ပင်သည်လည်း နေ့နေ့ညည အေးချမ်းတိတ်ဆိတ် စွာ တစ်ခါတစ်ရံ ပြင်းပြင်းထန်ထန်
လေတိုက်မှပဲ သွေးလန့်ဖွယ်ရာ ခါယမ်းယိမ်းထိုးတတ်သည်ကလွဲ၍ တစ်စုံတစ်ရာ ချောက်ချား စရာ
မရှိခဲ့ ။
ပတ်ဝန်းကျင်သို့ အကြည့်ဝေ့ပြီးသည့်နောက်
မလှမ်းမကမ်းသို့ မျှော်ကြည့်မိတော့ (မမြစိန်၏ဖခင်)-ဦးမင်းဥာဏ်ထွန်း၏ စိုရွှဲရွှဲကျောပြင်ကြီးကို
ဦးစွာမြင်ရသည် ။ မမြစိန်မှလွဲ၍ ကျန်လူအားလုံး ထီးမပါ ၊ ခမောက်ကိုယ်စီသာ ဆောင်းထားကြသည်
။ ဖခင် ၏နောက်မှာတော့ အစ်ကိုကြီး-ကိုမင်းကြိုင်က လည်ပင်းကြောတို့ ထောင်ထစွာဖြင့် လိုက်ပါလာသည်
။ အံကြိတ်ထားဟန်တူလေ သည် ။ ချစ်ခင်မြတ်နိုးရသောဇနီးသည် ဆုံးပါးသွားမှတော့ အစ်ကိုကြီး
ခံစားရပေမှာပေါ့ ။ မမြစိန် အစ်ကိုကြီးကို သနားမိသည် ။ ပထမဇနီးသည်ကိုလည်း ကြာကြာမပေါင်းလိုက်ရဘဲ
ဆုံးရှုံးခဲ့သလို ယခုလည်း ထားသွားပြန်ပြီ ။ အစ်ကိုကြီး ဘယ်လောက်ဝမ်းနည်း ပူဆွေးနေလေမလဲ
။ သမုဒ္ဒယကြောင့် ဒုက္ခဖြစ်-ဆိုတာ တယ်မှန်ပါလားဟု မမြစိန် ဆင်ခြင်မိလိုက်စဉ်…
“ မမြစိန်
… ကြောက်နေသလား ။ ကျုပ်လက်ကို ကိုင်ဆွဲထားပါလား ။”
နံဘေးတွင် ပိုးပန်းရန်အကြံနှင့် လိုက်ပါလာသော
ကိုစိန်ပုက ဆိုသည် ။ ကိုစိန်ပုအသံကြောင့် မမြစိန် အတွေးပြတ်သွားကာ ကိုစိန်ပု ကို လှည့်ကြည့်သည်
။ အရပ်ပုပု အသားညိုညို ကိုယ်လုံးတုတ်ခိုင်ခိုင်နှင့် ဂင်တိုတိုပုံစံရှိသည့် ကိုစိန်ပု၏အသွင်သဏ္ဌာန်က
မမြစိန် ကို နှစ်သက်စေခြင်း မရှိပါ ။
“ ကျွန်မ မကြောက်တတ်ပါဘူး ။ ကိုစိန်ပုကို အရေးအကြောင်းကြုံရင် အားကိုးရအောင်သာ
ခေါ်ခဲ့တာပါ ။”
“ စိတ်ချပါ မမြစိန် ။ အန္တရာယ်ကြုံလာရင် ကိုစိန်ပု အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါ့မယ်
။”
ကိုစိန်ပုက လောကွတ်ချော်လျက် လက်နှစ်ဖက်ကို
ဘေးသို့ ကားကာ မာန်တဝင့်ဝင့်ဖြင့် ဟန်ရေးပြသည် ။ မိန်းမပျိုလေးများ အားကိုးချင်မလားဟု
ကြိုးစားပမ်းစား ဗလပြလျက်ရှိသော်ငြား မမြစိန်က သူ့ကို မကြည့်တော့ဘဲ ရှေ့သို့သာ ငေးကြည့်နေမိသည်
။ ယခု မမြစိန် ငေးနေမိသည်က ဖျာနှင့်ပတ်ထားသော မအုံးမေ၏အလောင်းကို … ။
ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်သည့်အထဲ
ကိုယ်ဝန်ဆောင်မို့ ချက်ချင်း မြေမြုပ်ရမည်ဖြစ်လေရာ အခေါင်းကို လှလှပပ ပြင်ဆင်ရန် အချိန်မရ
။ ထပ်စောင့်နေလျှင် ညနက်သွားမည်စိုး၍ အလျဉ်းသင့်သလို စီစဉ်လိုက်ရသောကြောင့် အလောင်းကို
ဖျာနှင့် ပတ်ကာ အသုဘချရသည့်အပေါ်တွင် မမြစိန် စိတ်မကောင်းဖြစ်ရသည် ။ သေသူကိုလည်း အားနာမိသည်
။ လှလှပပ သစ်သား အခေါင်းလေးဖြင့် မြေမြှုပ်သင့်မှန်း သိပေမယ့် အခေါင်းက မှာယူရဦးမည်
။ သစ်သားများကို ရွေရရိုက်ရဦးမည် ။ အချိန်ကြာမည်ဖြစ် ၍ စောင့်ရန် မဖြစ်နိုင်တော့ ။
သေသူကလည်း သေပြီပဲမို့ ဖျာပတ်၍ ဝါးလုံးရှည်ဖြင့် တွင်းတူးမည့်သူနှစ်ဦးအား ထမ်းစေသည်
။ (မှတ်ချက်-လွန်ခဲ့သောနှစ်(၆၀)ခန့်ကဖြစ်၍ ယခုခေတ်လို နာရေးကူညီမှုအသင်းများလည်း မရှိသေးချေ)
အလောင်းကို ငေးရင်း မမြစိန်၏စိတ်မျက်စိထဲ၌ မအုံးမေ ကွယ်လွန်ခါဆဲဆဲ ဖြစ်ပွားခဲ့သောဖြစ်ရပ်များအား
ပြန်ပြောင်းမြင်ယောင်မိပြန်၏ ။
ညနေက အိမ်အောက်ကွပ်ပျစ်ပေါ်တွင်
မအုံးမေ ဟင်းရွက်ခြွေနေသည်ကိုမြင်တော့ မမြစိန် ခြံကူးလာကာ သူမနှင့်အတူ ဟင်းရွက်သင်ရင်း
ကိုစိန်ပု နောက်ပိုးလိုက်နေသည့်အကြောင်းကို ရင်ဖွင့်ပြောပြမိသည် ။ မမြစိန်က ကိုစိန်ပုကို
မကြိုက်ပါ ။ သို့သော်…ငယ်သူငယ်ချင်းဖြစ်နေ၍ အလိုက်အထိုက် ဆက်ဆံနေရသည် ။ ကိုစိန်ပုကမူ
အလိုက်ကန်းဆိုး မသိချေ ။ မမြစိန်ကို မြင် သည်နှင့် ရေထမ်း/ရေဆွဲလွန်းသဖြင့် အယ်ထွက်နေသည့်
လက်မောင်းကြွက်သားကြီးများရှိသည့်လက်နှစ်ဖက်ကို ဘေးသို့ ချဲကား ကာ ဟန်ရေးပြတော့သည်
။ မျက်စိနောက်လိုက်ပါဘိ ။
“ ညီမက ဘယ်သူ့ကို သဘောကျလို့လဲ ။”
မအုံးမေက သည်အရွယ်ကို လွန်လာခဲ့သူပီပီ
မြင်သည် ။ ပွင့်ပွင့်လင်းလင်းမေးတော့ မမြစိန်က ရှက်စနိုးအမူအရာဖြင့်…
“ ဟိုဘက်ရွာက ကိုအောင်ဖေကိုတော့ နည်းနည်းမေတ္တာရှိသလိုပဲ အစ်မကြီးရယ် ။ ဒါပေမယ့်
သူက လူပျော့ပါ ။ ကျွန်မကို
စကားလာပြောရင်လည်း အေးအေး,အေးအေးနဲ့ ။ ရင်ဖွင့်ပုံကလည်း
ခပ်ရိုးရိုးပါပဲ ။”
“ သြော်…ကိုအောင်ဖေလား ။ တော်ပါတယ် ညီမရဲ့ ။ ဘာသာတရားလည်း အလွန်ကိုင်းရှိုင်းဆို
။ ကောင်းသားပဲကွယ် ။”
မမြစိန်လည်း မဝံ့မရဲဖြစ်နေရာမှ မအုံးမေ၏စကားကြောင့်
ဆုံးဖြတ်ရဲသလိုလိုဖြစ်သွားသည် ။ ထို့နောက် ရောက်တတ်ရာရာတို့ ပြောဖြစ်ကြသည် ။
ထိုအထဲတွင် ကလေးက
မွေးခါနီးပြီဖြစ်၍ ဘားအံသို့ ရှေ့တစ်ပတ်ထဲ သွားမည်ဖြစ်ကြောင်းလည်း ပါသည် ။ မအုံးမေက
ဘာကြောင့် သွားချင်နေမှန်း မသိ ။ ဇွတ်တရွတ် သွားမည်ချည်း ဆိုနေ၏ ။ မမြစိန်က မသွားစေချင်သဖြင့်
ဒီမှာပဲ မွေးပါလားဟု ပြောပေမယ့် မအုံးမေ၏ဆန္ဒက ဟိုမှာ မွေးလိုကြောင်း သိရ၍ နောက်ဆုံး
မတားတော့ဘဲ ဂရုစိုက်ရန် မှာရင်း လမ်းခွဲဖြစ်ခဲ့သည် ။ အိမ်ပေါ်အထိ တွဲပို့ခဲ့သည် ။ အောက်သို့
ခဏခဏမဆင်းရန်ပင် မှာခဲ့သေးသည် ။ သို့သော်…ကွမ်းတစ်ညက်ခန့်သာ ကြာလိမ့်မည် ။ မအုံးမေ၏ညည်းတွားသံကို
ခပ်သဲ့သဲ့ကြားမိ၍ မမြစိန် အပြေးသွားခဲ့လိုက်၏ ။
“ အမလေး…”
တွေ့မြင်လိုက်ရသည့်မြင်ကွင်းက စိုးရိမ်စရာ
။ မအုံးမေက ကြမ်းပြင်တွင် လူးလူးလိမ့်လိမ့် ။ ဘာဖြစ်တာပါလိမ့် ။ ချော်လဲကျတာ များလား
။ မမြစိန်မှာ ဘာလုပ်၍ ဘာကိုင်ရမည် မသိ ။ ထူပူလျက် ကြောင်တက်ငေးငိုင်နေ၏ ။ သတိရမှ မအုံးမေကို
အိပ်ရာပေါ် တွဲပို့ ၊ အစ်ကိုကြီး-ကိုမင်းကြိုင်ကို သွားခေါ်ခိုင်းရသည် ။
အစ်မ-မအုံးမေ
လူးလိမ့်နေပြီ ။ အသက်ရှူကျပ်တယ် - အသက်ရှူကျပ်တယ်ဟုလည်း ပြောသည် ။ မမြစိန်တို့မိန်းမသား
တစ်သိုက်မှာလည်း ဘာလုပ်၍လုပ်ရမည် မသိ ။ ခဏမျှကြာတော့ ကိုမင်းကြိုင် ရောက်လာ၏ ။ ဇနီးသည်ကို
စိုးရိမ်တကြီး ကြည့်ရင်း သောကရောက်နေသော်ငြား သူကိုယ်တိုင်လည်း ဘာလုပ်သင့်မှန်းသိပုံမရ။
မမြစိန်တို့ကလည်း ဘာဖြစ်မှန်းမသိ၍ တတ်သလောက် မှတ်သလောက် နှိပ်နယ်ပေးရင်း စောင့်ကြည့်နေရသည်
။ နာရီပိုင်းမျှသာ ကြာလိမ့်မည် ။ မမြစိန်တို့ နှိပ်နယ်ပြုစုနေရင်း၌ပင် အသက်ရှူကျပ်သောအမူအရာများဖြင့်
ရုန်းကန်မေးထိုးကာ ဆုံးပါးသွားတော့သည် ။
မအုံးမေ
ဆုံးအပြီးမှာပဲ ဆေးဆရာ ရောက်လာသည် ။ (မမြစိန်၏ဖခင်)ဦးမင်းဥာဏ်ထွန်း ခေါ်လာခြင်းဖြစ်သည်
။ ဆေးဆရာက ဟိုဟိုသည်သည် စမ်းသပ်ကြည့်ကာ … မြွေဆိပ်တက်တာဟု ဆိုသည် ။ မမြစိန်တို့မှာလည်း
တအံ့တသြဖြစ်ရပြီပေါ့ ။ တစ်နေကုန်တစ်နေခန်း သူနှင့်ချည်း နေနေတာ ၊ ဘာမြွေမှကိုက်တာ မတွေ့
။ နောက်ပြီး သေသူ၏ခန္ဓာကိုယ်တွင် မြွေကိုက်ဒဏ်ရာ မရှိ ။ ဘယ်လိုဖြစ်တာပါလိမ့် …
“ ဒါပေမယ့် မြွေဆိပ်တက်လို့ အသက်ရှူကျပ်ပြီး
ဆုံးသွားတာပဲကွယ့် ။”
ဆေးဆရာ၏စကားက ယုံမှားသံသယဖြစ်ဖွယ်ရာတော့
မဟုတ်ပါ ။ သို့သော် ဆန်းကြယ်လွန်းနေပေသည် ။ ကိုယ်ဝန်သည်ကို ဘယ်မြွေက ကိုက်သလဲ ။ တိုက်မြွေများလား
။ မအုံးမေမှာ ရန်ညှိုးရန်စများ ရှိသလား ။ ရှိမည်မထင်ပါ ။ သူမက အလွန်တရာမှ ဆက်ဆံရေးကောင်းမွန်သူ
။ နောက်ပြီး ဒဏ်ရာလည်း ရှာမရ ။ စဉ်းစားရခက်ပါဘိ ။ ဆေးဆရာက ဆုံးသွားပြီဟု ဆိုမှတော့
မြေချဖို့ ပြင်ရပြီပေါ့ ။ ထိုကိစ္စများကို လူကြီးဖြစ်သူ ဖခင်-ဦးမင်းဥာဏ်ထွန်းက စီမံနေ၍
မမြစိန်လည်း မိန်းမဖော်တချို့နှင့် ထိုင်ကာ ငိုယိုနေ တော့သည် ။
ကလေးအမေ အသက်ရှူကျပ်ကာ
ဆုံးပါးသွားသည့်အခိုက် ဝမ်းဗိုက်ထဲ၌ တွန်းထိုးရုန်းကန်နေသော ရင်သွေးငယ်၏ အသက်ရှင်နေသေးသည့်အနေအထားကို
စက္ကန့်အတော်ကြာ တွေ့မြင်နေခဲ့ရသည် ။ အမေ သေသော်လည်း ကလေးက ချက်ချင်း မသေသေးပေ ။ တစ်စုံတစ်ယောက်
ကယ်တင်လိုကယ်တင်ငြား ကြိုးစားလှုပ်ရှားနေခြင်းအား ကိုယ်ဝန်သည်ကို ဝိုင်းနှိပ်နေသူ-မမြစိန်တို့
အားလုံးနည်းပါး တွေ့မြင်လိုက်ရသည် ။ (ယနေ့ခေတ်လိုဆိုလျှင်တော့ ဗိုက်ခွဲထုတ်ပါက ကလေး
အသက်ရှင်နိုင်မည်ထင် ပါသည်) ပါးလွှာသော ဝမ်းဗိုက်အရေပြားဖြစ်ပေသိ ထိုကလေးငယ်က ဘယ်ဖောက်ထွက်နိုင်ပါ့မလဲ
။ ရုန်းရင်းကန်ရင်း အမေ ဆုံးပြီး မကြာ ဗိုက်ထဲက-ကလေးလည်း ဆုံးရှာသည် ။
“ တစ်ယောက်ယောက်သာ ခွဲထုတ်နိုင်ရင်
ငါ့တူလေး အသက်ရှင်မှာ ။”
စိတ်ထဲက ရေရွတ်ညည်းတွားရင်း မမြစိန် ရှိုက်ကြီးတငင်ငိုပေါ့
။ မည်သို့ပင် မှတ်ချက်ပြုနေပါစေ…မအုံးမေနှင့် ရင်သွေးငယ်တို့ ဆုံးပါးသွားခဲ့ပြီဖြစ်သည်။
ကိုယ်ဝန်သည်ဖြစ်နေ၍ ညတွင်းချင်းမြေချရမည် ။ ဤသို့ဖြင့် ညတွင်းချင်းချမည့်အသုဘကို လိုက်ပို့မည့်သူ
မရှိ၍ သတ္တိခဲ-မမြစိန်က မိန်းမသားတန်မဲ့ လိုက်ပါလာခဲ့၍ သွေးပျက်ချောက်ချားဖွယ်ရာများကို
များမကြာခင် မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရပေတော့သည် ။
ªª
သေသောသူကို
သုသာန်သို့ ခေါ်ဆောင်လာချိန်တွင် ဝသာန်မိုးက အညှိုးတကြီးရွာချနေလိုက်ပုံများ အဆက်ပြတ်သည်
မရှိ ။ မြေပြင်သည် စိုစွတ်နေသဖြင့် နင်းလိုက်သည့်အခါတိုင်း စွက်ကယ်စွက်ကယ်အော်ကာ ဗွက်ထသွားသည်
။ မိုးရေနှင့်ဗွက်တို့ ကြောင့် ထမိန်ဒူးဆစ်နားအထိ ရွဲရွဲစိုနေသဖြင့် မမြစိန်မှာ ညကျရင်
ဖျားတော့မှာပဲဟု တွေးလျက် စိတ်ပျက်လက်ပျက်ရှိနေသည် ။ ကြောက်တတ်သူ မဟုတ်သဖြင့် မှောင်မိုက်မိုက်ဝန်းကျင်သို့
ဝေ့ဝဲကြည့်ရှုမိပေသိ ချောက်ချားခြင်း မဖြစ်မိပါ ။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့်
ပြောစရာစကားလည်း မရှိသဖြင့် မမြစိန် ရောက်တတ်ရာရာ လျှောက်တွေးနေမိဆဲ ။
ရှေးခေတ်ရှေးအခါက
ဖုတ်သွင်းမသာ-ဆိုတာ ရှိခဲ့ကြောင်း ကြားဖူးသည် ။ သေသူကို နတ်ဆရာ/မှော်ဆရာက ပညာဖြင့်
ဖုတ်ဝင်စေကာ ၊ ခေါင်ရမ်းပန်းကို ပန်စေကာ သင်္ချိုင်းသို့ ကိုယ်တိုင် သွားစေ၏ ။ မသာ၏ပါးစပ်တွင်
ငွေတစ်မတ်ထည့်ပေးလိုက် သည် ။ ထိုတစ်မတ်က သုဘရာဇာအတွက် တွင်းတူးခဟု ဆိုကြသည် ။ ဤသို့ဆိုလျှင်
ဖုတ်ဝင်ခြင်းဆိုတာ လုပ်ယူ၍ရသည့်သဘော လား ။ ထိုပညာရပ်တွေက အမှန်တကယ်ပဲ တည်ရှိနေသလား
… ။ မမြစိန်၏အတွေးများက ရောက်တတ်ရာရာ ကစဥ့်ကလျား … ။
ရောက်ရာပေါက်ရာ တွေးတောရင်း
ရှေ့သို့ မျှော်ကြည့်မိတော့ ညောင်ညိုနှစ်ပင်ကို လွန်ခဲ့ပြီမို့ သိင်္ချိုင်းဝသို့ ရောက်ခဲ့ချေပြီ
။ သိင်္ချိုင်းသည် လူသေတို့နေရာအရပ်ပီပီ တိတ်ဆိတ်ခြောက်ကပ်ကာ
သွေးလန့်ဖွယ်ရာ ကောင်းနေတော့သည် ။
“ ဟင် … ”
ဟိုဟိုသည်သည်တွေးရင်း သိင်္ချိုင်းကို လှမ်းကြည့်နေစဉ်
တွေ့မြင်လိုက်ရသည့်တစ်စုံတစ်ရာက မမြစိန်ကို အံ့သြသွားစေသည် ။ တဆက်တည်းမှာပဲ လန့်ဖျပ်သွေးပျက်သွားစေသည်
။ အလောင်းကို ဝါးလုံးလျှိုထမ်းကာ လူလေးယောက် လမ်းလျှောက်သွားနေ သော မမြစိန်၏ရှေ့မြင်ကွင်းသည်
ခဏအတွင်းမှာပဲ ရုတ်ချည်း ပြောင်းလဲသွားသည် ။
-
အလောင်းထဲက ဝုန်းခနဲ ခုန်ချလာသူတစ်ယောက်…။ အလိုလေး … မိန်းမတစ်ယောက်ပါလား … ။
အလောင်းအတွင်းမှ တစ်စုံတစ်ယောက် ခုန်ချပြေးထွက်သွားသောမြင်ကွင်းကြောင့်
ပါးစပ်က ဝူးဝူးဝါးဝါးထအော်ရင်း နံဘေးမှ ကိုစိန်ပု၏လက်မောင်းကို လှမ်းဆွဲမိသည် ။ ကိုစိန်ပုလည်း
မြင်လိုက်သည့်ပုံ ။ အသားတို့ တဆတ်ဆတ်တုန်လို့ ။ ယောက်ျားတန်မဲ့ သွေးပျက်ချောက်ချားနေလိုက်ပုံများ
… ။
“ ဘာ…ဘာကြီးတုံးတော် ။ ရှင်…ရှင်ရော မြင်လိုက်လား
။”
မမြစိန်က ကတုန်ကယင်အသံနှင့် မေးသည် ။
ကိုစိန်ပုခမျာ အဖြေ မရှိ ။ ကြောင်တောင်ကြီး ရပ်နေ၏ ။
ရှေ့က မသာပို့သွားနေသူအားလုံးလည်း
နေရာမှာ ရပ်ကာ ကြောင်တက်မင်သက်နေကြပြီ ။ တစ်လမ်းလုံး မအုံးမေ - မအုံးမေ - ဟု တ,ကာ အံကြိတ်ငိုနေသော
အစ်ကိုကြီးသည်လည်း အသံတိတ်သွားသည် ။ အလောင်းထမ်းလာသူနှစ်ယောက်ကမူ ဆိုဖွယ်ရာမရှိ ။ ချက်ချင်းပင်
ထမ်းထားသောအလောင်းကို ပစ်ချကာ လာလမ်းအတိုင်း ပြေးချင်နေပုံရသည် ။ ဖခင်ကြီး(ဦးမင်းဥာဏ်
ထွန်း)တစ်ယောက်သာ အနည်းငယ်တည်ငြိမ်နေ၏ ။
ခဏကြာမှ
စောစောကအဖြစ်အပျက်ကို မမြစိန်၏အသိဥာဏ်က မဝံ့မရဲပြန်တွေးဝံ့ခဲ့သည် ။ သိင်္ချိုင်းဝကို
လှမ်းကြည့်ကာ မမြစိန် ရှေ့ဆက်လျှောက်လာစဉ် ရုတ်တရက်ဆိုသလို ထမ်းစင်ထဲက တစ်စုံတစ်ယောက်
လှိမ့်ဆင်းခုန်ချလာသည်ကို ရိပ်ခနဲတွေ့ လိုက်ရ၏ ။ မျက်စိမှားခြင်းများလား ၊ ထင်ယောင်ထင်မှားဖြစ်ခြင်းများလား
။ မဟုတ်ပါ ။ မအုံးမေ၏အလောင်း ထည့်ထားသော ဖျာလိပ်ထဲက လူတစ်ယောက် ခုန်ထွက်လာသည့်သဏ္ဌာန်
။ မှုန်ဝါးဝါး မဟုတ်ဘဲ ထင်ထင်ရှားရှားကြီး ။
လှုပ်ရှားမှုက မြန်လွန်းလှသဖြင့်
ရိပ်ခနဲသာမြင်လိုက်ရပေမယ့် အင်္ကျီအဖြူဝတ်ထားသော မိန်းမတစ်ယောက်၏ရုပ်ပုံမှန်း မမြစိန်
သိလိုက်သည် ။ သိလျှင်သိချင်း သွေးပျက်ကာ ကိုစိန်ပု၏လက်မောင်းကို လှမ်းဆွဲရင်း ထိုမိန်းမကိုမူ
မျက်ခြေမပြတ် လှမ်းကြည့်နေဆဲ ။ အလောင်းထဲမှ ခုန်ထွက်လာသော-အမျိုးသမီးက လေကဲ့သို့ လျင်မြန်နှုန်းဖြင့်
သိင်္ချိုင်းထဲသို့ ပြေးဝင်သွားသည် ကို မမြစိန်သာမက ကိုမင်းကြိုင် ၊ ဦးမင်းဥာဏ်ထွန်းတို့အပါအဝင်
အသုဘပို့သူအားလုံး တွေ့မြင်လိုက်ရပါသည် ။
“ ဦးကြီး - အဲ…အဲဒါ မအုံးမေ…မအုံးမေ မဟုတ်လား ။”
“ အေး…။ မအုံးမေတော့ ကလေးစွဲစိတ်နဲ့ မကျွတ်ဘဲ ပြိတ္တာဘဝ ရောက်နေတယ်ထင်ရဲ့ ။”
အစ်ကိုကြီးက အသံတုန်တုန်ယင်ယင်နှင့် မေးသည်
။ ဖခင်က ဦးခေါင်းကို လေးလေးပင်ပင်ညိတ်ပြရင်း ဟုတ်ကြောင်းဖြေတော့ စောစောက တစ်ချိန်လုံး
တ,ငိုနေသူ-အစ်ကိုကြီးတစ်ယောက် သိင်္ချိုင်းထဲ မဝင်ဝံ့လောက်အောင် လန့်နေလေသည် ။ အမှန်ပြောရ
လျှင် မမြစိန်ကိုယ်တိုင်လည်း မဝင်ရဲတော့ ။ အလောင်းထဲကနေ ရုတ်တရက် ဝုန်းခနဲခုန်ချကာ
သိင်္ချိုင်းထဲပြေးဝင်သွားသော မအုံးမေ ၏ပုံရိပ်ကြီးက ပြန်တွေးရုံမျှဖြင့် သွေးပျက်ချောက်ချားချင်စရာ
။ ကျန်လူအားလုံးလည်း အနည်းနှင့်အများတော့ လန့်နေကြသည် ။
နောက်ဆုံးတွင်
ကိစ္စပြီးအောင်လုပ်မှဖြစ်မည်မို့ တွင်းတူးမည့်သူနှစ်ယောက်လည်း ခါးကြားမှာ ပါလာသည့်အရက်ကို
ရဲဆေးတင်သည့်အနေဖြင့် သောက်ချလိုက်သလို မမြစိန်တို့မှာလည်း ဘုရားစာကို တဖွဖွရွတ်ပွားလျက်
သိင်္ချိုင်းထဲသို့ ဝင်လာခဲ့ကြ သည် ။ လူစိတ်သည် အံ့သြစရာကောင်းလိုက်လေစွ ။ အစကတော့ မအုံးမေကို
သနားလှသဖြင့် အခြားသူများ တားနေသည့်ကြား က မမြစိန်တစ်ယောက် အသုဘပို့လိုက်လာခဲ့ခြင်းဖြစ်သော်လည်း
ယခုများမူ အလောင်းထဲမှ ခုန်ထွက်လာပုံကို တွေ့လိုက်ရသည့် ခဏ မအုံးမေ၏ရုပ်အလောင်းကိုပင်
ရဲရဲမကြည့်ဝံ့လောက်အောင် ကြောက်လန့်နေမိပြီ ။
ကိုယ့်ကိုယ်ကို မကြောက်တတ်ဟု
ယူဆခဲ့မိပေမယ့် ယခုကျ သရဲခြောက်ခြင်းကို နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရ၍ထင် - ပတ်ဝန်းကျင်သို့ပင်
မကြည့်ရဲလောက်အောင် သွေးလန့်နေသည် ။ တစ်နေရာရာကများ တစ်စုံတစ်ယောက် ပြေးထွက်လာလေ မလား
၊ ဗြူးဗြူးဗြဲဗြဲ ခြောက်လှန့်လိုက်မလား တွေးတောရင်း ကြောက်စိတ်တို့ကြောင့် ကြက်သီးတို့ကလည်း
တဖြန်းဖြန်း…။ သို့သော်…မအုံးမေ၏ပုံရိပ်ကို သုသာန်ထဲ၌ နောက်ထပ် တွေ့မြင်ရခြင်း မရှိတော့ပါ
။
ရွာဓလေ့အရ ကိုယ်ဝန်သည်နှင့်ကလေးကို
အတူတွဲ၍ မမြုပ်ကောင်းဟု သိထားသဖြင့် ဗိုက်ကို ခွဲကာ ကလေးကို ထုတ်ကြ ရသည် ။ ကလေးက မျှော်မှန်းထားသည့်အတိုင်း
ယောက်ျားလေးဖြစ်နေ၍ မမြစိန်မှာလည်း ကြောက်ရသည့်အထဲ ငိုရပြန်သည် ။ စောစောက အလောင်းထဲမှ
ခုန်ထွက်လာသည့်-မအုံးမေ၏ပုံရိပ်ကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့မိသည်မှန်ပေမယ့် ယခုများကျ
ညနေကဖြစ်ရပ်ကို သတိရကာ သနားမိပြန်သည် ။ ဖြစ်ရလေခြင်း … ။ လူ့ဘဝထဲသို့ ရောက်လုရောက်ခင်ကျမှ
ဆုံးပါးသွားရလေ ခြင်း … ။
ကိုယ်ဝန်သည်နှင့်ကလေးကို
အတူတွဲ၍ မမြုပ်ခြင်းမှာ ပယောဂဆရာများကို ကြောက်ရသောကြောင့်ဟု သိရသည် ။ ဆိုခဲ့ သည့်အတိုင်း
ကိုယ်ဝန်ဆောင်သည်တို့ ၊ မီးနေသည်တို့ဆိုတာ သားဇောသမီးဇောကြောင့် အစွဲအလမ်းကြီးကြသည်
။ သို့ကြောင့် ထိုအချက်ကို သိသော အောက်လမ်းဆရာများက ကိုယ်ဝန်သည်ကို မြုပ်နှံပြီဆို
ချောင်းမြောင်းနေကြသည် ။ အလောင်းကို ဖော်ကာ ဆံပင်ချည်ကို ယူပြီး အစီအမံပြု၍ လိုသလို
ခိုင်းစားတတ်သည်ဟု ကြားဖူးသောကြောင့် မအုံးမေ၏ရုပ်အလောင်းကိုလည်း ဆံပင် များ လောင်မြိုက်သည်အထိ
သေချာမီးရှို့ပြီးမှ မြေမြုပ်လိုက်ရတော့၏ ။
အပြန်တွင်
မမြစိန်မှာ သင်္ကာမကင်း ရှိနေမိဆဲ ။ စောစောက အလောင်းထဲမှ ခုန်ချထွက်ပြေးသွားသောပုံရိပ်ကို
တွေ့မြင် လိုက်ရတာ အမှန်ရော ဟုတ်ရဲ့လား ။ သို့သော်…မျက်စိမှားသည်ဟု ယူဆရအောင်ကလည်း
တစ်ယောက်တည်း တွေ့မြင်ခဲ့ခြင်း မဟုတ် ။ သွားပို့သူအားလုံး တွေ့မြင်ခဲ့ခြင်းဖြစ်၍ သေချာပါ၏
။ မျက်စိမှားခြင်း မဟုတ်ပါပေ ။ ဤသို့ဆိုလျှင် အဲဒါ မအုံးမေ၏ ဝိညာဉ်ပေလား ။ ဒါဆို သိင်္ချိုင်းထဲမှာ
ဗိုက်ခွဲ၍ ကလေးတခြား ၊ အမေတခြား မီးရှို့မြုပ်နှံနေစဉ်က ဘာကြောင့်များ ကိုယ်ထင်မပြခဲ့
ပါလိမ့် ။ ဘာကြောင့်များ မခြောက်လှန့်ခဲ့ပါလိမ့်…။ စဉ်းစားလေ စဉ်းစားလေ … အဖြေက ပေါ်မလာလေ
။ သို့ပေသိ များမကြာမီတွင် မမြစိန် စဉ်းစားနေသောအဖြေကို ရှင်းရှင်းလင်းလင်း သိလိုက်ရတော့၏
။
မမြစိန်တို့ ရွာသို့ပြန်ရောက်တော့
ည(၈)နာရီကျော်ခဲ့ပြီ ။ တစ်ရွာလုံး လူခြေတိတ်ကာ ဆိတ်ငြိမ်နေပြီ ။ တစ်ချိန်လုံး ရင်တုန်
ပန်းတုန်ဖြစ်ကာ ချောက်ချားနေခဲ့သော-မမြစိန်လည်း ရွာထဲရောက်မှပဲ ‘ဟင်း’ချနိုင်တော့သည်
။ ကြောက်လည်း ကြောက် ၊ ငိုလည်း ငိုခဲ့ရ၍ လူလည်း ပင်ပန်းနုံးချိနေပြီဖြစ်တာကြောင့် လူကြီးများက
အသုဘအိမ်သို့ ဆက်သွားကြသော်လည်း မမြစိန်က မလိုက်တော့ ဘဲ အိမ်သို့သာ ပြန်ခဲ့လိုက်သည်
။ အိမ်ပေါ်ရောက်တော့ အမေနှင့်ယောင်းမများကို အတန်ငယ်မျှ နှုတ်ဆက်ပြီး လမ်း၌ တွေ့ကြုံခဲ့ရ
သည်များကိုလည်း မပြောနိုင်တော့ဘဲ အိပ်ခန်းထဲဝင်ကာ အိပ်စက်လိုက်တော့သည် ။
ªªªªªª
မမြစိန်တို့ရွာမှနေအိမ်များက
ကြီးကျယ်ခိုင်ခန့်သော ခြေတံရှည်သစ်သားအိမ်ကြီးများသာ ဖြစ်ကြသည် ။ ခြံအပြည့်နီးနီး ဆောက်လုပ်ထားခြင်းဖြစ်ရာ
တစ်အိမ်နှင့်တစ်အိမ် နီးကပ်သည်ဟု ဆိုနိုင်ပေ၏ ။ တစ်ဖက်အိမ်က စကားကျယ်ကျယ်ပြောလိုက်ပါက
ကျန်တစ်အိမ်မှ အတိုင်းသားကြားနိုင်သောအနေအထားရှိသည် ။ သို့ကြောင့်ပင် လုံးလုံးလျားလျား
အိပ်ပျော်ခြင်းအဖြစ်သို့ ရောက် နေပြီဖြစ်သော မမြစိန်ကို သန်းခေါင်ချိန်၌ တစ်စုံတစ်ယောက်၏အသံက
လှုပ်ခတ်နှိုးနိုင်ခဲ့သည် ။
သန်းခေါင်ယံလောက်အချိန်သို့အရောက်
- သားချော့တေးသံလိုလိုကို အနားကပ်ကြားလိုက်ရသဖြင့် မမြစိန် လန့်နိုးလာခဲ့ ၏ ။ ဘယ်အိမ်ကများပါလိမ့်…။
ညနက်သန်းခေါင်ချိန်ကြီး သားချော့တေးကို အော်ညည်းနေလိုက်ပုံများ ပတ်ဝန်းကျင်ကို အားမနာ
တတ်လိုက်တာ ။ စိတ်ထဲတွင် အပြစ်တင်ရင်း အသံလာရာကို နားစိုက်ထောင်လိုက်တော့မှ မမြစိန်
ဆံပင်တို့ ထောင်ထကာ ခေါင်း နားပန်း ကြီးသွားရပြီ ။ စိတ်ထင်တာများလား ။ အသံလာရာက နံဘေးအိမ်မှ
ဖြစ်နေသည် ။
- အို…စိတ်ထင်တာပဲဖြစ်မှာပါ … …
ကိုယ့်ကိုယ်ကို ထိုသို့ နှစ်သိမ့်ကြည့်ပေမယ့်
မရ ။ နားရွက်နှင့်ဦးနှောက်က စိတ်၏လှည့်စားမှုကို လက်မခံ ။ မျက်စိနှင့် သက်သေထူ ရန်
ကြိုးစားချေသည် ။
ခေါင်းရင်းဘက်၌ ခပ်ဟဟပွင့်လျက်ရှိသော
ပြတင်းပေါက်နားသို့ မမြစိန် တိုးကပ်သွားလိုက်သည် ။ စိတ်ထဲ၌ အသုဘအိမ် သို့ လာစောင့်သူတစ်ယောက်ယောက်
သီချင်းညည်းနေတာပဲဖြစ်ပါစေဟု ဆုတောင်းနေမိသည် ။ သို့သော် ဖြစ်နိုင်ပါ့မလား ။ သီချင်း
က သားချော့တေး ။ အသံက မိန်းမသံ ။ ဘယ်အမျိုးသမီးကများ အသုဘအိမ်မှာ ကလေးလာချော့နေပ့ါမလဲ
။ ဒါ…ဒါဆို…
“ ဟင်…အမလေး…”
ပါးစပ်က ထိုသို့ အော်မိမတတ်ဖြစ်သွား၍
လက်နှင့်ဖိပိတ်ကာ မြင်ကွင်းကိုသာ စိုက်ကြည့်နေမိသည် ။ လရောင်မှိန်ပြပြအောက်မှာ ဝိုးတဝါးတွေ့မြင်နေရသောမြင်ကွင်း
။ မသဲကွဲပေသိ သေချာမှုတော့ ရှိ၏ ။ ကလေးတစ်ယောက်ကို ထွေးပွေ့ကာ သီချင်းညည်းနေ သော မိန်းမတစ်ယောက်…။
အို … မဖြစ်နိုင်လိုက်တာ ။ သူမက သေဆုံးသူ-မအုံးမေ … ။
သွေးမပါသည့်
ဖြူဖွေးဖွေးအသားအရည်က လရောင်အောက်မှာ ထင်ရှားနေစေသည် ။ ပြတင်းပေါက်နှင့် တည့်တည့် လောက်မှာ
မအုံးမေက တစောင်းအနေအထားဖြင့် ရပ်နေခြင်းဖြစ်၍ ကလေးကိုတော့ မတွေ့ရပါ ။ ကြည့်နေစဉ်မှာပဲ
မအုံးမေက တစ်ဖက်သို့ ဆက်လျှောက်သွားသဖြင့် မြင်ကွင်းမှ ပျောက်သွားတော့၏ ။
-
ဟုတ်ပါ့မလား ၊ အစ်ကိုကြီးရဲ့သမီးတစ်ယောက်ယောက်များလား …
သေသူ-မအုံးမေအား တွေ့မြင်လိုက်ရခြင်းအပေါ်
လက်မခံနိုင်လွန်းသဖြင့် မမြစိန် ကိုယ့်ကိုယ်ကို လိမ်ကြည့်မိသေးသည် ။ သို့သော် မအုံးမေ
ဆုံးပြီဟု သတင်းကြားကတည်းက (ပထမအိမ်ထောင်နှင့်ရခဲ့သည့်)အစ်ကိုကြီး၏သမီးများဖြစ်သော
မလှကြိုင်နှင့် မမြကြိုင် တို့နှစ်ယောက်လုံး လယ်ထဲက တက်မလာတော့ပါ ။ မအုံးမေ သေရင် ကလေးကို
စွဲပြီး သရဲဖြစ်နေမှာ-ဟု တရားသေတွက်ကာ စပါးတွေ ကြည့်ရဦးမှာမို့ မိုးရာသီကုန်မှပဲ လာတော့မယ်ဟုပင်
မှာလိုက်သေးကြောင်း သိထားပြီးသား ။ နောက်ပြီး ထိုအိမ်အိုလေးမှာ သမီးတွေ လာမနေ ၊ မအုံးမေနှင့်ကိုမင်းကြိုင်တို့နှစ်ယောက်တည်း
နေထိုင်ခြင်းဖြစ်သည် မဟုတ်ပါလား ။
ခဏကြာမှ
သတိဝင်လာကာ အိပ်ရာပေါ် ပြေးတက်မိသည် ။ စောစောက မအုံးမေ မိမိဘက်သို့ ဗြုန်းခနဲလှည့်ကြည့်ပြီး
မခြောက်လှန့်လိုက်သည်ကိုပဲ ကျေးဇူးတင်နေမိသည် ။ ထိုသို့သာဆို ဘယ်လောက်များ သွေးလန့်စရာကောင်းလိုက်မလဲ
။ ကြောက် ကြောက်ဖြင့် ခေါင်းမြီးခြုံကာ ဇွတ်မှိတ်ပြန်အိပ်ပေမယ့် မအုံးမေ၏ပုံရိပ်ကိုမူ
မြင်ယောင်နေမိဆဲ ၊ သားချော့တေးသံကိုလည်း ကြားယောင်နေမိဆဲ ။
ထိုအသံကို မိမိတစ်ယောက်တည်း
ကြားနေရခြင်းလား ၊ ဒါမှမဟုတ် တစ်ရွာလုံး ကြားနေရတာများလား ။ တောင်တွေး မြောက်တွေးဖြင့်
ပြန်အိပ်၍မရတော့ ။ မအုံးမေတစ်ယောက် သားဇောကပ်၍ မကျွတ်မလွတ်ဖြစ်နေတာ သေချာချေပြီ ။ ယခုမှပဲ
အလောင်းထဲမှ ခုန်ချပြေးထွက်သွားသော မအုံးမေ၏ဝိညာဉ်ကို သိင်္ချိုင်းတွင် မတွေ့မြင်ရခြင်းအပေါ်
သဘောပေါက်တော့သည် ။ မအုံးမေက ခန္ဓာကိုယ်ကို မစွဲဘဲ အိမ်ကို စိတ်စွဲနေသည့်ပုံ ။ အိမ်သို့
ပြန်ရောက်နေဟန်တူသည် ။ သူ့အိမ်သူ့ယာဟုပဲ မှတ်ယုံကာ ဆက်လက်နေထိုင်နေဦးမလား မပြောတတ်
။
သို့ကြောင့်ပင် အသုဘအိမ်ရှေ့တွင်
လူတစ်ယောက်မျှ မရှိကြခြင်းဖြစ်မည် ။ အားလုံး - မအုံးမေကို ရိုးတိုးရိပ်တိတ်မျှ တွေ့မြင်လိုက်ရ၍
ထွက်ပြေးကုန်ကြခြင်းသာဖြစ်မည် ။ အစ်ကိုကြီးတစ်ယောက်ရော ဘယ့်နှယ့်နေပါလိမ့် ။ ပြိတ္တာဘဝသို့
ရောက်နေ သောဇနီးသည်နှင့် ဆက်လက်ပေါင်းဖက်နေလေသလား ။ ဒါမှမဟုတ် အခု ဘယ်များရောက်နေမလဲ
။ ထိုကိစ္စအားလုံး မနက်မှပဲ ဖခင်ဖြစ်သူအား တိုင်ပင်မေးမြန်းရမည်ဟု တွေးဆရင်း မမြစိန်
ကြောက်စိတ်ကို ဇွတ်မှိတ်ဖျောက်ကာ အိပ်ပျော်အောင် အိပ်လိုက်ရ တော့သည် ။
ညက တော်တော်နှင့်
အိပ်မပျော်သဖြင့် မနက်ကျ ထုံးစံအတိုင်း ထနေကျ (၄)နာရီတွင် မနိုးနိုင်ဘဲ (၆)နာရီခွဲမှ
အိပ်ရာက ထသည် ။ အရုဏ်ဆွမ်း မလောင်းမိ၍များ အမေ ဆူလေမလားဟု နိုးနိုးချင်း သတိရမိ၍ ကသောကမြောပြေးထွက်လာတော့
ဧည့်ခန်းတွင် လူစုံတပ်စုံ ။ အလို … သူကြီး(ရွာလူကြီး)ပင် ရောက်နေ၏ ။ ဘာများ ဖြစ်ကြသလဲ
မသိ ။ တံခါးထောင့်မှ ချောင်းကြည့် မိစဉ် ခပ်လှမ်းလှမ်းတွင် တဝါးဝါးသမ်းနေသော အစ်ကိုကြီးအပါအဝင်
ရွာမှကာလသား(၆)ယောက်ခန့်ကို မြင်လိုက်ရသည် ။ ထိုအထဲတွင် ကိုစိန်ပုလည်း ပါ၏ ။
“ ကဲ…ဘယ်လိုလုပ်ကြမလဲ သူကြီး ။”
“ ကျုပ်အယူအဆကတော့ ဒါ ဘာသာရေးနဲ့ပဲ ဖြေရှင်းရလိမ့်မယ်လို့ ထင်တယ် ။ ဆရာတော်ကို
အကျိုးအကြောင်း သွား
လျှောက်တင်တာ အကောင်းဆုံးပဲ ။”
အဖေ(ဦးမင်းဥာဏ်ထွန်း)နှင့် သူကြီးတို့
အပြန်အလှန်ပြောဆိုနေသည့်စကားများအရ မမြစိန် နားလည်လိုက်ရ၏ ။ သူတို့ ပြောနေ တာ အစ်မ(မအုံးမေ)အကြောင်းသာဖြစ်မည်
။ မအုံးမေတစ်ယောက် အိမ်နှင့်ကလေးကို စွဲကာ မခွာဘဲရှိနေ၍ အစွဲချွတ်ရန် ကြံ စည်နေကြခြင်းပဲဖြစ်မည်
။
ဘုန်းကြီးပင့်ပြီး
အမျှဝေလိုက်လျှင် မအုံးမေ ကျွတ်လွတ်သွားမှာလား ။ အစွဲအလမ်းကြီးမားလွန်းသော ကိုယ်ဝန်သည်ပီပီ
မအုံးမေ အမျှမယူဘဲနေလျှင် ဘာဆက်လုပ်မလဲ ။ မိမိအရွယ် ဥာဏ်ကလေး တစ်ထွာတစ်မိုက်နဲ့ ဘာသိနိုင်မှာတဲ့လဲ
။ လူကြီးတွေ ကောင်းတာ စီမံမှာပေါ့-ဟု တွေးကာ မမြစိန် နောက်ဖေးမီးဖိုချောင်သို့ ထွက်လာခဲ့ပြီ
။ မျက်နှာသစ်နေစဉ်အခိုက် တစ်ဖက်အိမ်ဆီသို့ ယောင်၍ပင် လှမ်းမကြည့်ဝံ့ပါ ။
နေ့လယ်ခင်း
စားသောက်ပြီးချိန်ကျမှ မနေ့ညကအဖြစ်အပျက်များကို မကွမ်းအိမ်က လာပြောပြသဖြင့် မမြစိန်
ဇာတ်ရည် လည်စွာ သိရတော့သည် ။
“ မြစိန်ရေ…ညည်း ညက အသုဘပို့လိုက်သွားတယ်ဆို ။”
“ အေးလေ ။ မအုံးမေက ငါ့အစ်မပဲဥစ္စာ ။ ငါ လိုက်ရမှာပေါ့ ။”
“ ညည်းနှယ်အေ သတ္တိကောင်းရန်ကော ။ မအုံးမေက ကိုယ်ဝန်သည်ဘဝနဲ့ အစိမ်းသေသေရတာဆို
။ ဒါမျိုးက ခြောက်ရင်
သွေးပျက်အောင် ခြောက်တာတဲ့အေ့ ။ ပြောစမ်းပါဦး
။ သွားအပို့မှာ ဘာတွေကြုံခဲ့သေးလဲ ။”
မကွမ်းအိမ်က သူ့အတွေ့အကြုံကို မပြောခင်
မမြစိန်၏အတွေ့အကြုံကို မေးသည် ။ မမြစိန်ကလည်း ကြုံတွေ့သမျှကို ခပ်ရိုးရိုးပဲ ပြောပြလိုက်သည်
။
“ ကျွန်မလည်း လိုက်သွားတုန်းကတော့ ခပ်ရဲရဲပါပဲ ။ ဒါပေမယ့် သိင်္ချိုင်းထဲ ဝင်ခါနီး
ဘယ်လိုဖြစ်သလဲ မသိ ။ မျက်စိပဲ မှောက်
တာလား ။ သရဲပဲ ခြောက်တာလား မဆိုတတ်ပေါင် ။
အလောင်းထဲကနေ မိန်းမတစ်ယောက် ခုန်ထွက်လာပါရောလား ။
ကျွန်မအပါအဝင် အားလုံး ကြောင်ကြည့်နေတုန်း
အဲဒီမိန်းမ သိင်္ချိုင်းဘက်ကို ပြေးထွက်သွားလိုက်တာ မြန်မှမြန်ပဲ ။”
“ အမလေး…မြတ်စွာဘုရား…”
မမြစိန် စကားဆုံးတော့ မကွမ်းအိမ်ခမျာ
ရင်ဘတ်ကို ဖိကာ ဘုရားတ,သည်
။ နောက်…တဆတ်ဆတ်တုန်ရီသောလက်တို့ဖြင့် မမြစိန်၏ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး ကျီးကန်းတစ်ကောင်လို
အရပ်လေးမျက်နှာကို ဝေ့ဝဲကြည့်လိုက်သည် ။ အထူးသဖြင့် တစ်ဖက် အိမ်ဆီသို့ မဝံ့မရဲလှမ်းကြည့်ပြီး…
“ ညည်းတို့အဖြစ်က မနေ့ညကထက်တောင် ပိုကြောက်စရာကောင်းပါလား ။ ဒါနဲ့များအေ…မြစိန်
ညည်း တယ်သတ္တိကောင်း
ပါလား ။”
“ ဘယ်လို…ဘယ်လို…မနေ့ညကထက် ပိုကြောက်စရာကောင်းတယ် ဟုတ်လား ။ မနေ့ညက ဘာတွေကြုံခဲ့ကြလို့လဲ
။”
“ ပြောချင်ပါဘူးအေ ။ ပြန်တွေးရုံနဲ့တင် ရင်တုန်လွန်းလို့ပါ ။”
“ အို…အစ်မကလည်း စကားစ,ထားပြီးမှ မပြောဘဲမနေပါနဲ့ ။ ဘာတွေဖြစ်ကြလို့လဲ ။”
မမြစိန်က တစ်ရေးနိုးတွင် မအုံးမေကို ဝိုးတဝါးမြင်ခဲ့ရသော်ငြား
မသိချင်ယောင်ဆောင်ကာ ဇွတ်အတင်းမေးသည် ။ မကွမ်းအိမ်က လည်း မိန်းမပီပီ သတင်းထူးရှိလျှင်
ပြောချင်ချင်မို့…
“ ဘာဖြစ်ရမှာလဲ ။ မအုံးမေ … အိမ်ကို ပြန်ရောက်နေလို့ ။”
“ ဘာရယ်…ဘယ်လိုပြန်ရောက်နေတာလဲ ။”
“ ဘယ်လိုပြန်ရောက်ရမှာလဲ ။ လူက သေပြီဆိုတော့ ပြန်ရောက်လာတာ သရဲပေါ့ဟဲ့ ။ နောက်ပြီး
တစ်ယောက်တည်းလည်း
မဟုတ်ဘူး ။ ကလေးလည်း ပါသေးတယ် ။”
“ အယ်…ဟုတ်လို့လား အစ်မရယ် ။”
“ ရော်…ဟုတ်ပါတယ်ဆို ။ ငါတစ်ယောက်တည်း မြင်တာလည်း မဟုတ်ဘူး ။ အသုဘအိမ် လာစောင့်တဲ့
ငါ့အစ်ကို-မောင်တု
နဲ့ သူ့သူငယ်ချင်းတွေလည်း မြင်တယ် ။”
“ ဘယ်လိုမြင်ကြတာလဲ ။ ပြောပြပါဦး ။”
မမြစိန်က အတင်းမေးရင်း စကားထောက်ပေးတော့မှ
မကွမ်းအိမ်လည်း မဝံ့မရဲဖြင့် စကားဆက်သည် ။ တစ်ဖက်အိမ်ကိုမူ မော်၍ပင် လှမ်းမကြည့်တော့
။ ခေါင်းကို ငုံ့၍ တစ်စုံတစ်ယောက် ခိုးနားထောင်နေမည်ကို စိုးကြောက်သည့်အလား မမြစိန်နားသို့
ကပ်ကာ တိုးတိုးပြောပြသည် ။
“ မနေ့ညက အသုဘအိမ်စောင့်ဖို့ ငါ့အစ်ကိုနဲ့သူ့သူငယ်ချင်းတွေ ဖဲဝိုင်းထောင်တယ်လေ
။ ငါရယ် ၊ မကြင်နုရယ် ၊ ဒေါ်ရီအေး
ရယ်က လက်ဖက်သုပ်တို့ဘာတို့ ပြင်ပေးဖို့ ခဏလိုက်သွားတာပေါ့
။ ငါတို့လည်း ဟိုတွေးဒီတွေးနဲ့ လိုက်သာလိုက်ရတယ်
ခပ်လန့်လန့်ရယ် ။ တော်သေးတာက နင်တို့တွေ အလောင်းကို
မြေချပြီးပြီမို့ အကြောက်သည်းစရာအကြောင်းတော့ မရှိ
တော့ဘူးပေါ့ ။ ဒါပေမယ့် ဖြစ်ပုံဆန်းချက်ကတော့
အိမ်ပေါ်တောင် တက်ခွင့်မရဘူးအေ ။ အစ်ကိုတို့တွေ အိမ်ရှေ့ကွပ်ပျစ်
မှာ ဖဲဝေနေချိန် ငါရယ် ဒေါ်ရီအေးရယ် လှေကားပေါ်
တက်သွားရုံရှိသေး…အမလေးအေ…ပြန်ပြောရမှာ ကြက်သီးဖြန်းဖြန်း
ထပါရဲ့ ။”
မကွမ်းအိမ်က ထိုနေရာတွင် စကားကို ရပ်ကာ
ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်နေပြန်သည် ။
နေကျဲကျဲတောက်ပူနေချိန်
နေ့လယ်ခင်းကြီးမှာတောင် မကွမ်းအိမ်က အကြောက်သည်းနေရှာသည် ။ ကြောက်လျှင်လည်း ကြောက်ချင်စရာပဲကိုး
။ သူ ပြောပြနေသည့်အိမ်က ခပ်လှမ်းလှမ်းမှာတင် ။ နောက်ပြီး မမြစိန်တို့အိမ်တွင်လည်း လူများများစားစား
မရှိ ။ မမြစိန်နှင့်မကွမ်းအိမ်နှစ်ယောက်တည်း အိမ်စောင့်ကျန်ရစ်ခြင်းဖြစ်၏ ။ အမေက ထုံးစံအတိုင်း
ဥပုသ်စောင့်ရန် ကျောင်းသို့ သွားပြီ ။ အဖေတို့က သူကြီးတို့လူစုနှင့်အတူ ကိစ္စတစ်ခု ပြုမူရန်
တစ်နေရာသို့ ထွက်သွားကြလေပြီ ။
“ ပြောမယ့်သာ ပြောပါ အစ်မရယ် ။ ဘာများတွေ့သတုံး ။”
“ ဘာတွေ့ရမှာတုံးအေ ။ မအုံးမေရဲ့ဝိညာဉ်ပေါ့ ။ ငါကတော့ သရဲလို့သာပြောချင်ပါတယ်
။ ဝိညာဉ်ဆို မှုန်ဝါးဝါးပဲဖြစ်မှာပေါ့ ။
ခုက ထင်ထင်ရှားရှားကြီး ။ မအုံးမေက လှေကားဘေး
ရေအိုးစင်ရှေ့က စင်္ကြန်လမ်းမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေ
တာအေ့ ။”
“ အမလေး…အစ်မရယ် ဟုတ်ပါ့မလား ။”
“ သြော်…ဟုတ်ပါ့ဆိုနေ ။ ငါပဲ တွေ့တာ မဟုတ်ဘူး ။ နှစ်ယောက်လုံး တွေ့တာ ။ မြင်တာနဲ့
နှစ်ယောက်သား ဝရုန်းသုန်းကား
ပြေးဆင်းလာတော့တာပဲ ။ အစ်ကိုတို့တွေလည်း မြင်ကြတယ်
။ ဘာပြောကောင်းမလဲ ။ သတ္တိခဲတွေချည်းပဲ ။ အကုန်ပြေး
ထွက်ကုန်ရော ။”
“ ဟင်…ဒါဆို အသုဘအိမ်မှာ အစ်ကိုကြီးတစ်ယောက်ပဲ ကျန်ရစ်ခဲ့တာပေါ့ ဟုတ်လား ။”
မမြစိန်က အစ်ကိုကြီး-ကိုမင်းကြိုင်အတွက်
စိတ်မကောင်းဖြစ်ကာ မေးလိုက်မိသည် ။ သူ့ခမျာ ဇနီးသည်နှင့်ကလေး ဆုံးပါးသည်မှ မကြာသေး
၊ တစ္ဆေခြောက်ခံနေရပြန်၍ ဘယ်လောက်များ စိတ်ညစ်ရှာလိုက်မလဲ ။ သို့သော် အထင်နှင့်အမှန်က
တခြားစီပါပဲ ။
“ နင့်အစ်ကိုကြီးလည်း မကျန်ခဲ့ဘူး ။
သူလည်း နင်တို့အိမ်ပေါ် တက်ပြေးတော့တာပဲ ။”
မကွမ်းအိမ်၏စကားကြောင့် မမြစိန်မှာလည်း
ငိုရခက် ရယ်ရခက် ။ တစ်ချိန်က ချစ်လှပါချည်ရဲ့ဆိုပေမယ့် တစ္ဆေဘဝသို့ ရောက်နေ သော-ဇနီးသည်ကိုတော့
ကြောက်တတ်သူ-အစ်ကိုကြီးက ဆက်လက်ပေါင်းဖက်ရန် ဆန္ဒရှိပုံမရပါ ။
မကွမ်းအိမ် ပြောပြမှပဲ
မနေ့ည-သန်းခေါင်ယံက ကြုံတွေ့ခဲ့ရသည့် သားချော့တေးသံ ၊ အသုဘအိမ်၌ လူတစ်ယောက်မှ မရှိကြပုံနှင့်
မနက်ခင်းက သူကြီးနှင့်အဖေတို့ တိုင်ပင်ဆွေးနွေးနေသော အကြောင်းအရာအားလုံးနှင့်ပတ်သက်ပြီး
မမြစိန် ဇာတ်ရည် လည်သွားခဲ့သည် ။ မအုံးမေကို ကျွတ်လွတ်စေရန် ကြိုးပမ်းနေကြဟန်တူပါ၏
။ မွေးခါနီးဖွားခါနီး သားသမီးကို စိတ်စွဲလမ်းနေသော မအုံးမေကရော ကျွတ်လွတ်ပါ့မလား ။
မကျွတ်လွတ်လိုသော ဝိညာဉ်တစ္ဆေကို ကျွတ်လွတ်အောင် ပြုနိုင်ပါ့မလား ။ ကံအကြောင်း တရားများကို
မိမိ မမြင်နိုင်သဖြင့် ဆက်တွေးလျှင် ရူးရုံသာရှိတော့မည်ဟု သဘောပေါက်ကာ ညနေ စောင့်ကြည့်ရန်သာ
ဆုံးဖြတ် လိုက်တော့သည် ။
ªªªªªª
ကျောင်းထိုင်ဆရာတော်ကို
အကျိုးအကြောင်း လျှောက်ထားပြီး သွားပင့်ရန် ရည်ရွယ်ထားပေသိ တစ်ဖက်ရွာသို့ ကြွသွားပြီ
ဟု သိရ၍ သူကြီးတို့ခမျာ ခေါင်းမီးတောက်ရှာတော့၏ ။ ခေတ်အခြေအနေအရ တစ်နေရာနှင့်တစ်နေရာ
လွယ်လင့်တကူ သွားလာ ရန် မဖြစ်နိုင်သဖြင့် အခြားရွာကသံဃာတော်သို့ သွားပင့်၍လည်း အဆင်ပြေမည်
မထင် ။ ဘာလုပ်ကြမလဲ…။ ခေါင်းချင်းရိုက် ဆွေးနွေးကြသည့်အခါ နောက်ဆုံးမှာ ကိုမင်းကြိုင်၏ခွင့်ပြုချက်ဖြင့်
မအုံးမေ နေထိုင်၍မရတော့အောင် အိမ်ကို မီးရှို့ပစ်လိုက်ပါဟု အဖြေထွက်လာသည် ။
“ အယ်…ဒီလိုတော့ မကောင်းဘူးထင်ပါတယ် မောင်မင်းကြိုင်ရယ်
။ ကျောင်းမှာ ကိုရင်လေးတွေ အရှိသားပဲ ။ သူတို့ကိုပင့်ပြီး
အမျှဝေတာပဲဖြစ်ဖြစ် လုပ်ကြည့်ဦးစို့ ။”
ရွာလူကြီးတစ်ဦးက တားမြစ်သည် ။ သရဲခြောက်သဖြင့်
အိမ်တစ်လုံးကို မီးရှို့ပစ်ခြင်းသည် လုပ်သင့်သောကိစ္စမဟုတ်ကြောင်း ထပ်လောင်းပြောသည်
။ သို့သော် … ကိုမင်းကြိုင်က ခေါင်းတခါခါ ။ မျက်ရည်တွေလည်း ပိုးခနဲပေါက်ခနဲကျလာသည်
။
ယခုဖြစ်စဉ်အတွက် သောက,ဗျာပါဒတွေ
အဖိစီးဆုံးပုဂ္ဂိုလ်မှာ ကိုမင်းကြိုင်ပင် မဟုတ်ပါလား ။ ဇနီးနှင့်ကလေး ဆုံးပါးသွား ၍မှ
မကြာသေး…မကျွတ်လွတ်ဘဲ တွယ်ကပ်နေကြောင်း သိမြင်ရသည့်ယောက်ျားတစ်ယောက်အဖို့ ဘယ်လောက်နာကျင်ကြေကွဲ
လိုက်မလဲ ။
“ မအုံးမေအကြောင်းကို ကျုပ်အသိဆုံးပါ ။ သူက
သိပ်အစွဲအလမ်းကြီးတာ ။ အကယ်လို့ ကလေး မရှိရင်တောင် ကျုပ်ကို
တွယ်တာတဲ့စိတ် ၊ အိမ်ကို ခင်မင်တဲ့စိတ်နဲ့
သူ ကျွတ်လွတ်ဖို့ မလွယ်ဘူး ။ ခေါင်းမာတဲ့သူ့ကို ကိုရင်လေးတွေ အမျှဝေရုံနဲ့
သွားလောက်မယ်မထင်ဘူး ။ ကျုပ် ပြောသလိုသာ လုပ်ပါဗျာ
။ အဲဒီအိမ်က ပျက်လည်း ပျက်နေပါပြီ ။ ကလေးမွေးပြီးရင်
အသစ်ပြင်ဆောက်ဖို့ ကျုပ်တို့ စိတ်ကူးထားခဲ့တာ
။ အခုတော့…အခုတော့…မအုံးမေလည်း မရှိတော့တဲ့အတူတူ အဲဒီအိမ်
ကိုပါ မီးရှို့ပစ်လိုက်တာ ကျုပ်အဖို့ အကောင်းဆုံးမို့လို့ပါ
။”
ကိုမင်းကြိုင်က အံ့တကြိတ်ကြိတ် လက်သီးတဆုပ်ဆုပ်ဖြင့်
စိတ်ကို ထိန်းချုပ်၍ တောင်းဆိုနေပုံကိုကြည့်ပြီး လူကြီးတွေ သနားသွား ဟန်တူပါသည် ။ နောက်ပြီး
ဒါဟာပဲ ဖြေရှင်းနည်း ဖြစ်လိမ့်မယ်ဟု သူတို့ သဘောပေါက်သွားကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏
။ ညကျ အိမ်ကို မီးရှို့ရန် ဆုံးဖြတ်လိုက်ကြသည် ။
တော်သေးသည်ဟုဆိုရမည်
။ ကိုမင်းကြိုင်တို့အိမ်က (ရွာထဲက အခြားအိမ်များလို)အိမ်ကြီးအိမ်မာ မဟုတ်ပါ ။ နှစ်ယောက်
သား လက်ထပ်ပြီးမကြာ ယာယီနေထိုင်ဖို့ရာ မည်ကာမတ်တ ဆောက်လုပ်ထားသောအိမ်မျှသာဖြစ်၍ မီးရှို့လည်း
နှမြောလောက် စရာမဟုတ်သလို ပတ်ဝန်းကျင်သို့ မီးကူးလောက်သည်အထိလည်း တောက်လောင်မည် မဟုတ်ပေ
။ သို့ကြောင့်လည်း မအုံးမေ နေထိုင်၍ မရအောင်လို့ နေအိမ်ကို မီးရှို့ဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပေလိမ့်မည်
။
ကံဆိုးသည်ဟုဆိုရမလား...ညရောက်တော့
မိုးက စွေနေသည် ။ သန်းခေါင်ချိန် ကပ်လာသည့်နှင့်အမျှ မမြစိန်တို့အားလုံး ချောက်ချားလာကြ၏
။ ယမန်နေ့ညက ကြားရသော သားချော့တေးသံ နားဆင်ရဦးမှာလား … ။ သူကြီးနှင့်တကွ ရွာလူကြီးအားလုံး
မမြစိန်တို့အိမ်မှာပဲ စတည်းချကြသည် ။ အိမ်ချင်းက ကပ်လျက်မို့ မိုးတိတ်ပါက ကိစ္စစရမည်ဟု
ကာလသားတချို့ကို နှိုးဆော်သူက နှိုးဆော်လို့ ။ အများစုကမူ အရက်မော့နေသူချည်း ။ အစွဲအလမ်းကြီးလွန်းသဖြင့်
သေဆုံးသွားသည့်တိုင် နေအိမ်မှာ တွယ်ကပ်နေ သော-မအုံးမေကို မကြောက်ရွံ့သူ ဘယ်ရှိပါ့မလဲ
… မမြစိန် အတွေးပေါက်မိသည် ။
အမလေးလေး…မြတ်စွာဘုရား…အဟုတ်ပါပဲလား…။
သန်းခေါင်ချိန် ရောက်သည်နှင့် မအုံးမေ မကြာခဏ ညည်းဆိုလေ့ ရှိသော သီချင်းသံကို မမြစိန်အပါအဝင်
အိမ်နီးချင်းအားလုံး နားဆင်ရပေတော့၏ ။ အရက်ပြင်းမော့ထားသူတချို့မှလွဲ၍ အားလုံး ကြောက်ဒူးတုန်လျှင်
တုန် ၊ မဟုတ်လျှင် နှလုံးတုန်ရင်ခုန်ပြီး မမြစိန်နှင့် အဖော်လာနေပေးသူ-မကွမ်းအိမ်ဆို
စောင်ကြီး ခေါင်းမြီးခြုံ ပြီး မမြစိန်ကို အတင်းလာဖက်ထား၍ အသက်ရှူများပင် ကျပ်ရသည်အထိ
။ သူကြီးတို့ပင် အနည်းငယ်မျက်နှာပျက်နေကြပြီ ။
“ တခြားကသီချင်းသံ လေသင့်လာတာနေမှာပါကွယ် ။ မင်းတို့မှာလည်း တယ်ကြောက်တတ်သကိုး
။”
ဟူ၍ လူကြီးတချို့က ဟန်လုပ်ကာဆိုသည် ။
“ ဘယ်က ဟုတ်လိမ့်မတုံး ဘကြီးရ ။ အဲဒါ မအုံးမေအသံမှ မအုံးမေအသံစစ်စစ် ။ ဟိုမယ်
မမြင်ဘူးလား ။ လှုပ်တုတ်,
လှုပ်တုတ်နဲ့ ကလေးချော့သိပ်သယောင် လှုပ်ရှားနေတဲ့အရိပ်က
မအုံးမေရဲ့ဝိညာဉ်ပေါ့ဗျ ။”
အရေးထဲ ကြောက်လည်းကြောက်သေး ၊ စပ်လည်းဆော့သေးသူ-ကိုစိန်ပု၏စကားကြောင့်
မမြစိန်တို့မိန်းမတစ်သိုက် အမလေး-အဘလေး အော်မိမတတ် ထိတ်လန့်ကုန်ကြရသည် ။ ဟုတ်လည်းဟုတ်၏
။ မှောင်မှောင်မည်းမည်း မိုးသည်းထဲမှာပဲ ဝေဝေဝါးတား လှမ်းမြင်နေရသော ကိုမင်းကြိုင်တို့အိမ်ပေါ်မှ
လှုပ်ရှားနေသည့်ပုံရိပ်က မအုံးမေသာဖြစ်လိမ့်မည် ။
မိုးလည်း
တိတ် ၊ သီချင်းသံလည်း တိတ်ပြီ ။ အရုဏ်ဦးအလင်းတောင် ထွန်းဝင်းစပြုနေပြီကိုး ။ ကာလသားတစ်သိုက်က
မူးပေနေသော်ငြား ဝါရင့်သမားများပီပီ ယိုင်ထိုးယိမ်းနဲ့ခြင်း မရှိ ။ မီးတုတ်ကိုယ်စီ
ကိုင်ဆွဲကာ တစ်ဖက်ခြံထဲ ဝင်သွားကြသည် ။ မူးနေကြ၍ထင် ကြောက်ရကောင်းမှန်း သိပုံမရ ။ ကိုမင်းကြိုင်တို့လင်မယား
နေထိုင်ခဲ့သော (၁၀)ပေပတ်လည်ခန့်ရှိမည့် ဝါးကပ်ကာ ဓနိမိုး ပျဉ်ကြမ်းခင်း-အိမ်ငယ်ယဲ့ယဲ့လေးခမျာ
မီးတောက်များ၏ဝါးမြိုမှု ခံရတော့မည်ကို သိနေသည့်အလား ညှိုးငယ်နေရှာသည် ။ ကိုမင်းကြိုင်က
အိမ်ကလေးကို ငေးကာ မျက်ရည်တွေ တွင်တွင်စီးလို့ ။ မမြစိန်လည်း ဘာထူးတုံး ။ မကွမ်းအိမ်ကို
ဖက်ကာ ငိုမိပြီ ။
ခဏအကြာမှာ တဖျစ်ဖျစ်မြည်သံများနှင့်အတူ
မီးတောက်ကြီးက အိမ်ကလေးကို ဝါးမြိုသွားခဲ့သည် ။ ခြံကျယ်ကြီးထဲက အိမ်ငယ်လေးဖြစ်၍ နံဘေးအိမ်တွေအတွက်
မစိုးရိမ်ရသောကြောင့်လည်း မီးရှို့ဖြစ်ခဲ့ခြင်းဖြစ်သည် ။ သို့သော် စိတ်ချရအောင် ကာလသားတချို့က
ရေပုံးများဖြင့် အသင့်စောင့်နေကြရသည် ။ မိနစ်အနည်းငယ်ကြာသည့်အခါမှာတော့ …
“ အား …”
ခနဲ အော်သံနက်ကြီးကို ကြားလိုက်ရသလိုလို
… ။ ထိုအော်သံကိုတော့ လူတိုင်း မကြား ။ မမြစိန် ၊ ကိုမင်းကြိုင်နှင့် (မအုံးမေ အလွန်
ခင်မင်သူ) ဒေါ်အေးမြတို့သာ ထင်ယောင်ထင်မှားပုံစံဖြင့် ကြားလိုက်ရခြင်းဖြစ်သည် ။ မသေချာ
မရေရာလှ ။ အားလုံးအဖို့ သို့လော…သို့လော…ပဟေဠိဖြစ်စရာပါပဲ ။
မည်သို့ဖြစ်စေ
… မမြစိန်ကတော့ မအုံးမေ၏အော်သံဟု စွဲမြဲစွာ ယုံကြည်မိ၏ ။ မအုံးမေခမျာ ဝိညာဉ်ဘဝ ရောက်ခါမှ
မီးလောင်တိုက်သွင်းခံလိုက်ရသလိုများ ဖြစ်သွားခဲ့လား ။ သူမကို ရက်ရက်စက်စက် မီးရှို့သတ်သလိုများ
ဖြစ်သွားပြီလား ။ အို … တစ္ဆေသရဲက ဒြပ်မဲ့ပဲဥစ္စာ - မီးစွဲမယ်မထင်ပါဘူးလေ … စသဖြင့်
ဖြေသိမ့်တွေးရင်း စိတ်လျှော့လိုက်ရတော့သည် ။
အိမ်ကလေးကို မီးရှို့ပြီးနောက်ပိုင်းမှာ
မအုံးမေ၏ဝိညာဉ်ကိုလည်းကောင်း ၊ ထိုဝိညာဉ်၏သားချော့တေး ဆိုညည်းသံကို လည်းကောင်း မတွေ့မြင်
မကြားသိရတော့ပါ ။ ကိုမင်းကြိုင်တစ်ယောက်ခမျာမူ လူ့ဘဝအပေါ် ကြောက်ရွံ့စိတ်နာသွားဟန် တူ၏
။ မအုံးမေအတွက် ရက်လည်ဆွမ်းသွပ်ပြီးမကြာ သာသနာ့ဘောင်သို့ အပြီးတိုင် ဝင်သွားလေသည်မှာ
သက်တော်ကုန်သည်အထိပင် ။
အချိန်တွေ တရွေ့ရွေ့ပြောင်းခဲ့သည်မှာ
မမြစိန်တောင် ဘွားမြစိန်အရွယ် ရောက်ခဲ့ပြီ ။ သားသမီးတွေ အသက်ကြီးရုံတင် မက မြေးတွေပင်
အိမ်ထောင်ကျသူက ကျလို့ ။ သို့တိုင် ထိုအဖြစ်အပျက်တွေကို မမြစိန် မမေ့နိုင်သေးပါ ။ ပြန်တွေးလိုက်တိုင်း
စိတ် သန္ဓာန်ထဲမှာ ထင်ထင်ရှားရှားရုပ်လုံးပေါ်နေဆဲ…။ အထူးသဖြင့် အသုဘပို့သွားရင်း သင်္ချိုင်းထဲဝင်ခါနီး
အလောင်းကောင်ထဲက ခုန်ချ ပြေးထွက်သွားသော မိန်းမတစ်ယောက်၏ပုံသဏ္ဍာန်…။ နောက်ပြီး ညသန်းခေါင်ယံ
ကြားလိုက်ရသည့် နားစည်အိမ်ထဲသို့ ခပ်ညည်း ညည်း လွင့်ဝဲဝင်လာသည့် တအိုးအိုး-တအေးအေး
သားချော့တေးသံ…။ ထိုစဉ်အခါက သွေးပျက်ခဲ့ရသည်မှန်ပေမဲ့ ယခုအခါမှာ တော့ အသက်အရွယ်အရ ဆင်ခြင်နှလုံးသွင်းတတ်ခဲ့ပြီ
။ စွဲလမ်းတွယ်တာစိတ်သည် ဘဝကူးမကောင်းအောင် ဆွဲချနိုင်သဖြင့် ကြောက်မက်ဖွယ်ရာပင်တည်း
။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONK တွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။