ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၁၀)
အလှမပျက် ထိန်းသိမ်းအပ်သောအရာ
( ၂၀၁၆ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အတွေးအမြင်ကဏ္ဍတွင် ဖော်ပြခြင်းခံရသောဆောင်းပါးဖြစ်ပါသည် )
ဂါဦးနွန်းကို .............. သုံးသပ်ရေးဖွဲ့သည် ။
--------------------------------------------------------------------------------------------------------
Rio…လို့
ဆိုလိုက်ရင် ဘရာဇီးနိုင်ငံရဲ့ကျော်ကြားတဲ့မြို့တစ်မြို့ကို မြင်မိပါသလား … ၊ ဒါမှမဟုတ်
…
ချစ်စဖွယ် ကာတွန်းဇာတ်ကောင်လေးများဖြစ်တဲ့
Bluနဲ့Jewelတို့ကြက်တူရွေးလေးနှစ်ကောင်ကို မြင်မိပါသလား……။
ဟုတ်ပါတယ် ။ ကျွန်မ ပြောပြချင်လွန်းလို့
ရေးဖြစ်ခဲ့တာကတော့ ကြည့်ရှုသူတိုင်းရဲ့ရင်ထဲကို ကရုဏာစိတ်တွေ ၊ သဘာဝတရား အပေါ် တန်ဖိုးထားမြတ်နိုးချင်စိတ်တွေ
လှိုက်ဆူဝေစေတဲ့ ၊ ထူးထူးခြားခြားဗျူဟာတစ်မျိုးနဲ့ ဆွဲညှို့ထားတဲ့(Rio-2)ကာတွန်းရုပ်ရှင်ပဲ ဖြစ်ပါတယ် ။
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
‘Blu’ဟာ ငယ်စဉ်ကတည်းက ‘Linda’ဆိုတဲ့မိန်းကလေးနဲ့အတူ ကြီးပြင်းလာခဲ့တဲ့
ကြက်တူရွေးဖိုလေးပါ ။ လူတွေနဲ့ ကြီးပြင်း ခဲ့ရလို့ ငှက်သဘာဝကို လုံးဝနားမလည်ရှာတဲ့-သူ့ခမျာ
‘Jewel’ဆိုတဲ့ကြက်တူရွေးမလေးနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာ
ချစ်သူအလိုကျ အမူအကျင့်တွေကို ပြုပြင်ခဲ့ရတယ် ။ Jewelကတော့ အရိုင်းလေးရယ်…။ မှောင်ခိုသမားတွေရဲ့လက်ချက်နဲ့
မြို့ကို ရောက်လာခဲ့သူ ပေါ့ ။ Bluနဲ့Jewelတို့ဟာ အကျင့်စရိုက်ချင်းမတူပေမဲ့ ပေါင်းဖက်ခဲ့ကြပြီး
မိသားစုဘဝလေးကို တည်ထောင်လို့ မြို့မှာပဲ ပျော်ပျော်ရွှင် ရွှင်နေကြတုန်းအခိုက် အမေဇုံတောထဲမှာ
ရှားပါးမျိုးစိတ်ဝင် (bluနဲ့မျိုးတူ)ကြက်တူရွေး(ကြက်တော)တွေ ရှိနေကြောင်း ကြားသိ လိုက်ရတယ် ။
ဒီသတင်းကိုကြားကြားချင်း
ပျော်ရွှင်သွားခဲ့သူက ငှက်မလေးJewelပါ ။ မြို့မှာမပျော်တဲ့-သူမက အမေဇုံတောဆီသွားပြီး
မျိုးတူတွေနဲ့ အတူနေဖို့ ဆုံးဖြတ်ခဲ့တယ် ။ Lindaကို သွားရှာကြမယ်-ဆိုပြီး ပရိယာယ်သုံးလို့ ခေါ်ငင်ခဲ့တဲ့အတွက် Bluအပါအဝင်
သူတို့မိသားစုအားလုံး အမေဇုံတောအုပ်ဆီ ပျံသန်းထွက်ခွာလာခဲ့ကြပါတယ် ။
ခရီးလမ်းတလျှောက်ကတော့
ဟာသဆန်တဲ့ပြကွက်တွေနဲ့အတူ မြူးကြွကြွသီချင်းလေးကိုပါ နားဆင်ရမှာပါ ။ ခေတ်မီစက် ပစ္စည်းတွေအားကိုးနဲ့
လူသားတစ်ယောက်ပမာ ပြုမူနေထိုင်တတ်တဲ့-Bluနဲ့ ငှက်သဘာဝ အရိုင်းဆန်ဆန်နေထိုင်ချင်တဲ့-Jewelတို့
နှစ်ဦးရဲ့ပဋိပက္ခအသွင်ကိုလည်း ရယ်ရွှင်ဖွယ်တွေ့မြင်ရမှာပါ ။
အထူးသတိပြုမိတာကတော့
Rio(1)ရော၊ (2)ရောမှာ သီချင်းဖန်တီးမှုပိုင်း တော်တော်လေး လက်ရာမြောက်ပါတယ် ။ ဘရာဇီးနိုင်ငံရဲ့ရိုးရာပွဲတွေ
၊ ရိုးရာအကတွေ ၊ ဓလေ့စရိုက်တွေကို နောက်ခံသီချင်းအမျိုးမျိုးနဲ့ ဖော်ကျူးတင်ဆက်ထားပုံက
အားကျ ချင်စရာ ။ ရီယိုမြို့ရဲ့အလှအပတွေကို ဒီကာတွန်းကားတွေကတဆင့် တွေ့မြင်ရပုံကလည်း
သွားရောက်လည်ပတ်ချင်စိတ် ပေါက်မိ အောင်ပါပဲ ။ ဒီအချက်တွေက Rioကာတွန်းရုပ်ရှင်ရဲ့ဖန်တီးမှုပိုင်းအပေါ်
အတုယူသင့်တဲ့ထူးခြားချက်တွေလို့ ဆိုနိုင်ပါလိမ့်မယ် ။
အမေဇုံတောကို ရောက်တဲ့အခါ
မျှော်လင့်မထားတဲ့ အံ့သြဖွယ်အခြေအနေတွေနဲ့ တွေ့ကြုံလိုက်ရပါပြီ ။ တောအုပ်ထဲမှာ လျှို့ဝှက်စွာနေထိုင်တတ်တဲ့
ကြက်တူရွေး(ကြက်တော)တွေရဲ့အကြီးအကဲက Jewelရဲ့ဖခင် ဖြစ်နေလို့ပါပဲ ။ မှောင်ခိုငှက်ဖမ်းသမား
တွေရဲ့လက်ချက်ကြောင့် ကွဲကွာသွားခဲ့ရတဲ့-သားအဖနှစ်ဦး ပြန်လည်တွေ့ဆုံခန်းက သိပ်ကြည်နူးစရာကောင်းနေပေမဲ့
Bluခမျာ တော့ ဒီအရပ်ဒီဒေသမှာ ဘယ်လိုမှ အဆင်မပြေရှာပါဘူး ။ ပင့်ကူတွေ ၊ ရွံ့တွေ ၊ မနက်စောစော
အိပ်ရာထရခြင်းတွေက သူနဲ့ အံမဝင်/ခွင်မကျဘူးလေ ။
ရှားပါးငှက်မျိုးစိတ်ကို
ရှာဖွေတွေ့ရှိခဲ့လို့ ကျေနပ်နေကြတဲ့ Lindaတို့ဇနီးမောင်နှံခမျာလည်း ကံဆိုးရှာတာပါပဲ
။ အမေဇုံ တောအုပ်ကို အမှီပြုပြီး သစ်ခိုးထုတ်နေသူ-လူတစ်စုက ဒီတောအုပ်ကို အမျိုးသားဥယျာဉ်(ဘေးမဲ့တော)အဖြစ်
ကြေညာလိုက်မှာကို ဘယ်နှစ်သက်ပါ့မလဲ ။ အဲဒီအခြေအနေထိ မရောက်ရှိအောင် ရှားပါးငှက်မျိုးစိတ်တွေ
ရှာဖွေတွေ့ရှိထားကြောင်း ထောက်ခံမယ့် သူတို့နှစ်ယောက်ကို အပျောက်ရှင်းဖို့ ကြိုးပမ်းခဲ့ကြတယ်
။
Lindaတို့နှစ်ဦး
ဒုက္ခတွေ့နေချိန်…သိပ်မဝေးတဲ့တောအုပ်ရဲ့တစ်ဖက်မှာလည်း Bluခမျာ သောကပွေနေရပါပြီ ။ မိတ်ဆွေ
တွေအပါအဝင် မိသားစုဝင်အားလုံး တောထဲမှာ ပျော်မွေ့နေကြပေမဲ့ သူကတော့ ယောက္ခမနဲ့လည်း မတည့်
၊ ဇနီးသည်ကလည်း မျက်နှာသာမပေးတဲ့အတွက် လုပ်မိလုပ်ရာလုပ်ရင်း ပြဿနာအကြီးကြီး တက်သွားခဲ့တယ်
။ Bluကြောင့် ဖြစ်ပွားခဲ့တဲ့ ကြက်တူရွေး မျိုးစိတ်နှစ်ခုကြား ယှဉ်ပြိုင်ရမယ့်တိုက်ပွဲမှာ
သူ့ရဲ့နမော်နမဲ့နိုင်မှုကြောင့်ပဲ သူတို့မျိုးစိတ် ရှုံးနိမ့်ခဲ့တဲ့အတွက် အားလုံးရဲ့စွန့်ပစ်မှုနဲ့
အတူ Jewelနဲ့ပါ စကားများခဲ့ရပါရော ။
မြို့အရပ်မှာ လူတွေနဲ့အတူ
ကြီးပြင်းလာခဲ့တဲ့-ကြက်တူရွေးလေးBluဟာ မြို့မှာပဲ နေထိုင်ချင်စိတ်ရဲ့ဖိစီးနှိပ်စက်မှုကြောင့်
ဝိရောဓိတွေဖြစ်ပြီး လုပ်သမျှ မှားယွင်းနေခဲ့တာပါ ။ ဒီတစ်ခါတော့ ပြတ်ပြတ်သားသားဆုံးဖြတ်ရပါတော့မယ်
။ (ဇနီးဖြစ်သူ)Jewelနဲ့ အတူ အမေဇုံတောထဲမှာပဲ အသားကျအောင် ကြိုးစားနေထိုင်မလား ၊ ဒါမှမဟုတ်
မိသားစုကို စွန့်ပစ်ပြီး (လူမိတ်ဆွေ)Lindaတို့စုံတွဲ ကို လိုက်ရှာပြီး မြို့ကို ပြန်မလား
…… Blu ဘာဆက်လုပ်မလဲ ……
Bluက Jewelကို ထားရစ်ပြီး
GPSစက် လမ်းညွှန်တဲ့အတိုင်း Lindaတို့ရွက်ဖျင်တဲရှိရာဆီကို ထွက်ခွာလာခဲ့ပြီ ။ တောအုပ်
ကို စွန့်ခွာလို့ မြို့ကို အပြီးပြန်တော့မှာလား ။ မိသားစုကို စွန့်လွှတ်ခဲ့ပြီလား …
ကြည့်ရှုသူတွေ စိတ်ပူချင်စရာပေါ့ ။ မဟုတ်ပါဘူး ။ အမှန်တကယ်တော့ ငယ်စဉ်ကတည်းက ကျွေးမွေးစောင့်ရှောက်လာသူ-Lindaကို
နှုတ်ဆက်ပြီး မိသားစုနဲ့အတူ တောထဲမှာပဲ နေထိုင်ဖို့ Blu ဆုံးဖြတ်ခဲ့တာပါ ။ ဒါပေမဲ့
လမ်းညွှန်ရာလည်းရောက်ရော ငှက်မျိုးစိတ်လေ့လာနေသူ-Lindaတို့ဇနီးမောင်နှံကို မတွေ့ ရဘဲ
မြေထိုး,မြေကော်,သစ်ဆွဲ,စက်ယတ္တရားကြီးတွေကိုပဲ တွေ့လိုက်ရတဲ့အခါ …… ။ ဘာတွေဖြစ်ကုန်ပြီလဲ
… ။
အခြေအနေတွေက Blu မျှော်မှန်းထားသလို
မရိုးစင်းခဲ့ပါဘူး ။ GPSစက်အားကိုးဖြင့် Tulioနဲ့Lindaကို သွားရှာတဲ့အခိုက် တွေ့လိုက်ရတာက
ကြောက်မက်ဖွယ်ရာ,ကမ္ဘာဖျက်လက်နက်ကြီးတွေကြောင့် မျက်စိရှေ့တင် တဝုန်းဝုန်းလဲကျကုန်တဲ့
သစ်ပင်ကြီး တွေ…။ သစ်ပင်ပေါ်မှာ နေထိုင်တဲ့ တောတွင်းတိရစ္ဆာန်တွေခမျာ ကမ္ဘာပျက်သလို ကြောက်ရွံ့ပြေးလွှားလို့…။
တချို့တွေကျ မပြေး နိုင်ရှာတော့ သိုက်မြုံလေးရဲ့အပြင်ဘက်ကိုငေးကြည့်ရင်း တဆတ်ဆတ်တုန်ရီနေကြ…၊
စိမ်းညို့နေခဲ့တဲ့တောအုပ်ကြီးခမျာ
မိနစ်ပိုင်းအတွင်းမှာပဲ ကွက်တိကွက်ကြားအရိတ်ခံလိုက်ရတဲ့ဦးခေါင်းတစ်ခုလို ဟိုနေရာ ဒီနေရာမှာ
ရုပ်ပျက်ဆင်းပျက်ပြောင်ရှင်းသွားခဲ့ရပြီ ။ တကယ့်ကို ရင်နာစရာမြင်ကွင်း ။ မြေပြင်မှာတော့
သစ်ပင်ကြီးတွေ အတုံးအရုံး လဲကျသေဆုံးကုန်ပေါ့ ။ ဒါကို မြင်တွေ့သွားတဲ့Bluက လူသားတွေနဲ့အတူ
ကြီးပြင်းလာသူပီပီ တောရိုင်းတိရစ္ဆာန်တွေလို ကြောက်ရွံ့ ထွက်ပြေးဖို့ မစဉ်းစားဘဲ စည်းလုံးမှုအားနဲ့
တွန်းလှန်ရမယ်ဆိုတာကို သဘောပေါက်သွားတဲ့အတွက် … ၊
ကြိုးချည်ခံထားရတဲ့Lindaတို့နှစ်ယောက်ကို
ရှာဖွေတွေ့ရှိလို့ ကြိုးဖြည်ပေးခဲ့ပြီးနောက် Bluက ရည်ရွယ်ထားတဲ့အတိုင်း ကြက်တူရွေးအုပ်ကို
ထွက်မပြေးစေဘဲ တိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့တာကြောင့် ဒိုင်းနမိုက်ဖောက်ခွဲလို့ တစ်တောလုံး
တုံးလုံးလှဲပစ်ဖို့ ကြံစည်နေတဲ့သစ်ခိုးသမားတွေအားလုံး သွေးပျက်ထိတ်လန့်သွားခဲ့ရပါတယ်
။ မြေထိုးမြေကော်/သစ်ဆွဲသစ်မ,စက်ယတ္တရားတွေကို စီးနင်းမောင်းနှင်လာသူအားလုံး စက်တွေရပ်ပြီး
ကြောင်ငေးကြည့်မိတဲ့အထိ အပြာရောင်ငှက်အုပ်ကြီးရဲ့အရှိန်က ဖိန့်ဖိန့်တုန်သွားစေ ခဲ့ပြီလေ
။
တစ်ဖက်က ကမ္ဘာမြေကို
ဖျက်ဆီးနေသူတွေ … တစ်ဖက်က မိခင်မြေကို ကာကွယ်မယ့်သူတွေ… ။ တစ်ဖက်က လူ ၊ တစ် ဖက်က ငှက်
… ။ လူတွေနဲ့ငှက်တွေရဲ့တိုက်ပွဲမှာ ဘယ်သူတွေက အနိုင်ရမလဲ ။ အဓမ္မကို ဓမ္မက အောင်နိုင်ပါ့မလား…။
ကြည့်ရှုသူ ပရိသတ်အဖို့ ရင်တဒိတ်ဒိတ်ဖြစ်စေမှာ အသေအချာ ။ စည်လုံးမှုဟာ ခွန်အားတစ်ရပ်ဆိုတာကို
ဒီကာတွန်းရုပ်ရှင်လေးက မြင်သာ သွားစေခဲ့ပါတယ် ။ ကြက်တူရွေးအပြာတွေသာမက ကြက်တူရွေးအနီတွေ
၊ အခြားသောတောတွင်းတိရစ္ဆာန်တွေကပါ ဒီတိုက်ပွဲမှာ ပါဝင်လာခဲ့တဲ့အခါ သစ်ခုတ်သမားအားလုံး
ကြောက်လန့်တကြား ထွက်ပြေးကုန်ရတဲ့အထိ … ။
တိုက်ပွဲမှာ ငှက်တွေဘက်က
ရပ်တည်ပေးပြီး သစ်တောကို ကာကွယ်ခဲ့တဲ့-Lindaတို့ရဲ့ကူညီမှုကို တွေ့မြင်ခဲ့ရတာကြောင့်
လူသားအားလုံး ရက်စက်သူတွေပဲ(အဖျက်သမားတွေပဲ)လို့ ယူဆနေတဲ့တောတွင်းကြက်တူရွေးတွေလည်း
သူတို့အယူအဆကို ပြောင်းလဲလိုက်ရပါတယ် ။ သဘာဝအလှတရားတွေကို ရက်ရက်စက်စက်ဖျက်ဆီးနေသူတွေ
ရှိသလို အလှမပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ဖို့ ကြိုးပမ်းနေသူတွေလည်း ရှိကြောင်းကို
သူတို့မျက်မြင် တွေ့ရှိခဲ့ရပြီ မဟုတ်ပါလား ။
ဇာတ်လမ်းအဆုံးသတ်ခါနီးမှာ
Bluအပေါ် ရန်ငြိုးဖွဲ့လို့ ချောင်းမြောင်းနေခဲ့သူ-Nigel(အမည်ရှိငှက်ကြီး)က ကလဲ့စားချေဖို့
ကြိုးစားခဲ့ပါသေးတယ် ။ သစ်ခုတ်သမားအားလုံး ထွက်ပြေးသွားကြပေမဲ့ (လူဆိုး)ခေါင်းဆောင်က
စနက်တံကို မီးရှို့ခဲ့တဲ့အတွက် Bluက ဒိုင်းနမိုက်တွေကို (မပေါက်ကွဲခင်) ပါးစပ်မှာကိုက်ချီလို့
လေထဲကို သယ်ဆောင်သွားခဲ့ချိန်မှာ Nigelက လိုက်လံနှောင့်ယှက်ခဲ့ တာကြောင့် ပေါက်ကွဲမှုအောက်မှာ
သူတို့နှစ်ဦးလုံး အသက်သေမလိုဖြစ်ခဲ့ရတယ် ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ Bluက မိသားစု
၊ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ အမေဇုံတောထဲမှာ ပျော်ရွှင်စွာနေထိုင်သွားနိုင်ခဲ့ပြီး
Nigelကတော့ ရီယိုမြို့ဆီကို မျိုးစိတ်သစ်တစ်ခု အနေနဲ့ အစမ်းသပ်ခံဖို့အတွက် အော်ဟစ်လျက်
လိုက်ပါသွားရပုံဖြင့် ရယ်မောဖွယ်ရာအဆုံးသတ်ထားပါတယ် ။
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
အခုနောက်ပိုင်းမှာ
“ပြောပြချင်သည့်နိုင်ငံတကာရုပ်ရှင်”ခေါင်းစဉ်အောက်ကို
ကာတွန်းဇာတ်ကားတွေ ထည့်သွင်းလာတာနဲ့ ပတ်သက်လို့ နည်းနည်းများ ကလေးဆန်နေမလားလို့ ကျွန်မ
စဉ်းစားခဲ့မိပါသေးတယ် ။ ဒါပေမဲ့ ရွေးချယ်ဖြစ်ခဲ့တဲ့ဇာတ်လမ်းတွေက လူကြီးလူငယ်မရွေး နှစ်သက်စွဲလမ်းခဲ့တဲ့ကာတွန်းရုပ်ရှင်တွေ
ဖြစ်နေတာရယ် ၊ သေချာကြည့်ရင် စဉ်းစားစရာ/ဆင်ခြင်စရာအချက် တွေကို တွေ့မြင်နေရတာရယ်ကြောင့်
ရေးသားဖြစ်ခဲ့တာပါ ။
အထူးသဖြင့် ဒီ(Rio)ကာတွန်းကို
ကြည့်တိုင်း အားကျနှစ်သက်စိတ်တွေက တလိပ်လိပ်လျံတက်လာစမြဲ ။ ကြည့်ပါဦး … ချစ်စရာကောင်းအောင်
ဖန်တီးတတ်လိုက်တာများ ။ ကြက်တူရွေးလေးတွေကလည်း ချစ်စရာ ၊ ရီယိုမြို့ရဲ့အလှအပတွေကို
ပုံဖော် တင်ပြထားပုံကလည်း နှစ်သက်စရာ ၊ အမေဇုံတောရဲ့မြတ်နိုးဖွယ်ရာအနေအထားကိုလည်း သိမ်သိမ်မွေ့မွေ့ဖော်ကျူးထားသေး
။ ဒီကြားထဲ အခြားသောငှက်တွေနဲ့ ရိုးရာယဉ်ကျေးမှုအကအလှတွေ / ပွဲလမ်းသဘင်တွေကို လှစ်ဟဖော်ပြသွားပုံကလည်း
စာပေ ရုပ်ရှင်အနုပညာဖန်တီးသူတွေအဖို့ အတုယူထိုက်အောင်ပါပဲ ။
Rio-ကာတွန်းရုပ်ရှင်က
(1)/(2) ထွက်ရှိထားတာပါ ။ (1)မှာ Bluနဲ့Jewelတို့ရဲ့ချစ်ဇာတ်လမ်းကိုပဲ အသားပေးတင်ဆက်
ထားပါတယ် ။ ရီယိုမြို့ရဲ့အလှအပရှုခင်းတွေ ၊ ပွဲလမ်းသဘင်တွေ ၊ နောက်ပြီး ရှားပါးငှက်တွေကို
ခိုးထုတ်ရောင်းစားနေတဲ့အဖွဲ့ အကြောင်း … ဒါတွေကို ဖော်ပြသွားတယ် ။
Rio(2)မှာတော့ ပိုပြီး ပညာသားပါလာတယ်လို့
ဆိုရပါလိမ့်မယ် ။
-
ရှားပါးငှက်မျိုးစိတ်တွေကို ထိန်းသိမ်းသင့်ကြောင်း ၊
-
ဒီလိုထိန်းသိမ်းနိုင်ဖို့အတွက် သစ်တောတွေကို စောင့်ရှောက်ဖို့လည်း အရေးတကြီးလိုအပ်ကြောင်း…
တို့ကို ဖော်ပြသွားရုံသာမက သစ်ပင်တွေအပေါ်
ချစ်ခင်တန်ဖိုးထားချင်လာအောင် ငှက်လေးတွေရဲ့ကရုဏာသက်ဖွယ်ရာ ဘဝတွေ ကို ထုတ်နှုတ်တင်ပြလို့
အနုပညာဆန်စွာဖြင့် စိတ်နှလုံးကို ထိရှအောင် ပြုစားပြီး ပညာပေးထားတာကို တွေ့ရပါတယ် ။
သစ်ပင် တောတောင်တွေ ရှိမှ ကျေးငှက်နဲ့တကွ သားရဲတိရစ္ဆာန်တွေ ပျော်ရွှင်စွာ ရှင်သန်နိုင်မယ်ဆိုတဲ့အချက်ကို
ကလေးငယ်တွေရဲ့ ရင်ထဲ ရိုက်နှိပ်ထည့်သွင်းပေးလိုက်သလို……။
ဘာဖြစ်လို့လဲဆို ဒီRio(2)ကို
ကျွန်မရဲ့တူမလေးနဲ့အတူ ကြည့်ဖြစ်ခဲ့တာပါ ။ သစ်ပင်တွေ ပြိုလဲပြီး ငှက်ကလေးတွေ ဘဝ ပျက်နေတာမြင်တော့
တူမလေးခမျာ မျက်နှာညှိုးညှိုးနဲ့ …
“ ငှက်ကလေးတွေ သနားပါတယ်
။ ဟိုလူကြီးတွေ ရက်စက်လိုက်တာ ။ သစ်ပင်တွေကို ဘာဖြစ်လို့ ခုတ်ပစ်ရတာလဲ ။
အဲဒီလိုခုတ်ပစ်ရင် ဟိုငှက်လေးတွေ ဘယ်မှာ သွားနေကြမလဲ
။” –
တဲ့လေ ။
(၆)နှစ်(၇)နှစ်အရွယ်
ကလေးငယ်လေးတွေသာ ကျေးငှက်တွေအပေါ် သနားစိတ်နဲ့ သစ်တောသစ်ပင်တွေကို ချစ်ခင်ကြမယ် ဆိုရင်
ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ အနာဂတ်မှာ ကမ္ဘာမြေဟာ တောင်ကတုံးတွေကင်းပြီး စိမ်းလန်းဝေဆာနေလိမ့်မယ်
- ဒီအခါ ဆိုင်းပုဒ်မျှသာမကဘဲ သစ်တောသစ်ပင်တွေအပေါ် အမှန်တကယ် ချစ်ခင်သူတွေ ပေါများလာမယ်
- ဒါ့ကြောင့် ကလေးတွေ ရင်ထဲက ဒီလိုတန်ဖိုးထားတတ်တဲ့စိတ်ကို ရှင်သန်ကြီးထွားအောင် ပျိုးထောင်ပေးသင့်တယ်
–
……ဆိုတဲ့အယူအဆတွေကို တို့ထိမိစေတဲ့အတွက်
(ကျွန်မနည်းတူ) ခံစားမိစေဖို့ မျှော်လင့်ရင်း ဒီကာတွန်းရုပ်ရှင်အကြောင်း လက်ဆင့်ကမ်းမျှဝေခဲ့ခြင်းဖြစ်ပါတယ်
။ ‘အလှမပျက် ထိန်းသိမ်းအပ်သောအရာ’ဆိုတာ ကမ္ဘာမြေပေါ်က သစ်ပင်သစ်တောတွေပါ ။ “သစ်တစ်ပင်ကောင်း
- ငှက်တစ်သောင်း နားနိုင်” မဟုတ်ပါလားရှင် … ။ ။
@
ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ …
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။