Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အမြင်မတော်တဲ့ ယနေ့ခေတ် နပုန်သကပဏ္ဍုက်ဋီကာ

( ၂၀၁၆ နိုဝင်ဘာလ(၈)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )

ဂါဦးနွန်းကို ................ ရေးသားသည် ။

-----------------------------------------------------------------------------------------------

 

ပွင့်လင်းလာတဲ့ဒီနေ့ခေတ်မှာ ဖို-မ-သဘာဝနဲ့ပတ်သက်တဲ့ အသိပညာပေးဆောင်းပါးတွေကို ဆရာဝန်စာရေးဆရာတွေက တော်တော်များများ ရေးသားလာကြပါပြီ ။ ကျွန်မကတော့ ဆရာဝန်မဟုတ်လို့ ဆရာဝန်တစ်ယောက်လိုလည်း မတွေးတတ်ပါဘူး ။ ဒါပေမဲ့ တာဝန်သိကလောင်ရှင်တစ်ယောက်အနေနဲ့ အမြင်မတော်တာတွေ တွေ့တဲ့အခါ အားမနာတမ်း ရေးရပါတော့မယ် ။
တည့်တည့်ပြောရရင် ကျွန်မတို့ငယ်ငယ်က နပုံသကပဏ္ဍုပ်’လို့ သိခဲ့ကြတဲ့ ၊ ယနေ့ခေတ် (မိန်းမလျာ ၊ အခြောက် ၊ ဂေး ၊ ဂန်ဒူး ၊ အပုန်း စသဖြင့်) အမျိုးမျိုးခေါ်ဝေါ်နေကြတဲ့‘လိင်လွဲ’တွေနဲ့ပတ်သက်ပြီး အမြင်မတော်တာတွေကို အပြုသဘောနဲ့ ရေးချသွား မှာပါ ။ Gay , Girlish , Lesbian , Bisexual , Transgender…အစရှိသမျှအားလုံးကို သိမ်းကျုံးပြီး ဒီစာထဲမှာ လိင်လွဲလို့ပဲ သုံးနှုန်း ပါရစေ ။ ‘လိင်လွဲ’ဆိုတာ ဖြစ်လိုတဲ့-စိတ်ဆန္ဒနဲ့ ကံပေး-ဖို-မ-သဘာဝလိင် လွဲမှားနေတာကို ဆိုလိုချင်တာပါ ။ အစကတော့ ဒီစာမျိုး ရေးသင့်/မရေးသင့် ချင့်ချိန်နေခဲ့တယ် ။ ဒါပေမဲ့ တစ်နေ့တခြား ဆိုးရွားလာတဲ့အခြေအနေတွေကြောင့် မရေးမဖြစ် ရေးလိုက်ရပါပြီ ။
            ဘယ်ကစရေးရင် ကောင်းမလဲ ။ စိတ်ပိုင်းဆိုင်ရာအကြောင်းကနေ သိမ်သိမ်မွေ့မွေ့စတင်ရမလား ၊ ဒါမှမဟုတ် မမြင်ဝံ့ မကြားဝံ့စရာ တစ်နေ့တခြား ထွန်းကားလာတဲ့ ဖျက်-ဖောက်-ချုပ်-အကြောင်းကိုပဲ ပိဿလေး ဘေးပစ် ပြောလိုက်ရမလား ။ ဒါပေမဲ့ ရိုးသားစွာ ဝန်ခံပါရစေ ။ ကျွန်မဟာ ‘လိင်လွဲ’တွေကို ရွံရှာမုန်းတီးနေသူ လုံးဝမဟုတ်ပါဘူး ။ သို့သော် … စကားရည်လုပွဲတွေ ၊ အင်တာဗျူးတွေမှာ လူ့အခွင့်အရေး-ဆိုတဲ့စကားကို တွင်တွင်သုံးပြီး သူတို့ကို အစစ်တွေနဲ့တန်းတူ သဘောထားဖို့ (ဥပမာ-မိန်းမဘဝ ပြောင်းလဲထားသူကို ယောက်ျားတွေက မိန်းကလေးတစ်ယောက်လို အပြည့်အဝသဘောထားပေးရမယ်ဆိုတာမျိုး) ၊ နောက်ပြီး… လူ့အဖွဲ့အစည်းထဲမှာ ခေါင်းဆောင်နေရာတွေပေးဖို့ ပြောဆိုလာတဲ့ကိစ္စကိုတော့ ဘယ်လိုမှ သဘောမကျနိုင်ပါဘူး ။

နေရာရဖို့အတွက် မျိုးတူအဖွဲ့ လိုအပ်ပါတယ်
သူတို့ကို နေရာပေးလာအောင် လူ့အဖွဲ့အစည်းကြီးကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့-လိင်လွဲတွေကို ကျွန်မ ချီးလည်း ချီးကျူး ချင်တယ် ။ သနားလည်း သနားတယ် ။ ချီးကျူးချင်တာက သူတို့ရဲ့ပြင်းထန်တဲ့စိတ်ဓာတ်ကိုပါ ။ သနားတာကတော့ သူတို့ရဲ့ လွဲမှား တဲ့ခံယူချက်ကြောင့်ပါ ။ လူ့အဖွဲ့အစည်းကိုတောင် ပြောင်းလဲဖို့အတွက် ယုံကြည်နိုင်သေးတာပဲ ။ ကိုယ့်စိတ်ကိုယ်ပြောင်းလဲဖို့ ဘာကြောင့်များ မယုံကြည်ကြပါလိမ့် ။ ဆန္ဒကို သိက္ခာနဲ့ ထိန်းသိမ်းနိုင်ကောင်းပါရဲ့ ။ ဒီလိုလွဲမှားတဲ့လုပ်ဆောင်မှုတွေက မှားယွင်း တဲ့အနာဂတ်ဆီကိုပဲ ဦးတည်နေတာ မတွေးမိကြဘူးလား ။
အရင်ဆုံး မိဘတွေရဲ့ရင်ထဲကိုပဲ ခဏဝင်ကြည့်ပါဦး ။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို သဘာဝအတိုင်း ရှင်သန်စေချင် ကြတာချည်းပဲ ။ ဒါကိုမှ ဆန့်ကျင်ဘက်ဖြစ်ချင်တယ် ။ ခွဲစိတ်ပြောင်းလဲမယ်ဆိုတော့ သူတို့ ဘယ်လိုခံစားရမလဲ ။ အထူးသဖြင့် ကိုးလလွယ်/ဆယ်လဖွား မိခင်များအတွက် တကယ်ကို ရင်ကွဲချင်စရာ ။ ဒါပေမဲ့ မိဘဆိုတာ သားသမီးရဲ့စိတ်ချမ်းသာမှုကို ဦးစား ပေးစမြဲဆိုတော့ ဒီကိစ္စ အဆင်ပြေသွားပြီထားဦး ။ လူ့အဖွဲ့အစည်းက နေရာပေးဖို့အတွက် မျိုးတူအဖွဲ့ရှိဖို့ လိုပါတယ် ။ အဖွဲ့ဆိုတာ လူတွေမပြောနဲ့ ၊ တိရစ္ဆာန်တွေမှာတောင် အရေးပါတဲ့အရာ ။ ကိစ္စတစ်ခုခုဖြစ်လာရင် ကိုယ့်အဖွဲ့ဘက် ကိုယ်ရပ်ကြတာ သဘာဝပါ ။ အမျိုးသမီးထုနဲ့ သက်ဆိုင်ရင် မိန်းမတွေက (လင်သားကိုတောင် ပစ်ပြီး) မျိုးတူချင်း ရပ်တည်ကြတာတွေ ရှိတယ် ။ (ယောက်ျားတွေ လည်း ဒီအတိုင်းပဲပေါ့) ဒီတော့ လူ့အဖွဲ့အစည်းက နေရာပေးဖို့အတွက် လိင်လွဲတွေမှာ အဖွဲ့ရှိရပါမယ် ။ ကဲ ... ဒါဖြင့် ကြီးမားတဲ့-မျိုးတူအဖွဲ့တစ်ခုဖြစ်လာအောင် တည်ထောင်ဖို့များ စိတ်ကူးရှိပါသလား ။ ဒါမှမဟုတ် လိင်လွဲအဖွဲ့ မလိုပါဘူး ။ ခွဲစိတ်ပြောင်းလဲပြီး တူရာအဖွဲ့ထဲ ဝင်မှာပေါ့လို့ စောဒကတက်ချင်ပါသလား ။
ဗုဒ္ဓဘာသာမှာ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာတာလို့ ယုံကြည်ကြပါတယ် ။ ကျွန်မတို့ဟာ ကိုယ်ပြုထားတဲ့အတိတ်ကံ ကြောင့် မိန်းမ ဖြစ်ကြတယ် ၊ ယောက်ျား ဖြစ်ကြတယ် ။ ရုပ်ချောတယ် ၊ ရုပ်ဆိုးတယ် ။ ကိုယ်ပိုင်ဆိုင်တဲ့အရာတွေနဲ့ အံဝင်ခွင်ကျ ဖြစ်တာ ရှိသလို အံချော်နေတာတွေလည်း ရှိတာပေါ့ ။ ဒီနေ့ခေတ်မှာတော့ ဆန်းကြယ်တဲ့သိပ္ပံပညာရဲ့ကျေးဇူးနဲ့ ခွဲစိတ်ပြုပြင်နိုင်ပြီ ။ ရုပ်ချောအောင်လုပ်လို့ ရတယ် ။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေ ပြုပြင်လို့ရတယ် ။ ဒါပေမဲ့ မေးစရာရှိတာက အဲဒီလိုပြုပြင်လိုက်တာနဲ့ပဲ တကယ့်ကိုယ်ပိုင် ဖြစ်သွားရောလား ။ ဒီအချက်ကို သေချာစဉ်းစားကြည့်ဖို့ လိုပါလိမ့်မယ် ။
ခွဲစိတ်ပြုပြင်လိုက်တာနဲ့ပဲ တကယ့်ကိုယ်ပိုင်လို့ မသတ်မှတ်နိုင်ပါဘူး ။ အားမနာတမ်းပြောရရင် အတုဟာ အတုပါပဲ ။ အစစ်မဟုတ်ပါဘူး ။ ဒါကို ပြောင်းလဲလိုက်သူတွေက နားလည်လက်ခံနိုင်ရပါမယ် ။ သဘောကတော့ အဲဒီက ရရှိမယ့်-စိတ်ပိုင်း/ရုပ် ပိုင်းဆိုင်ရာ ကောင်းကျိုး/ဆိုးကျိုးမှန်သမျှကို ကျေနပ်နိုင်ရမယ်ပေါ့ ။ ဒါကိုမှ လက်မခံနိုင်လို့ ‘လူ့အခွင့်အရေး’အော်ပြီး တန်းညှိဖို့ ကြိုးစားကြမယ်ဆိုရင်တော့ အဓိပ္ပာယ်ကောက်လွဲနေပြီလို့ ပြောလိုက်ချင်ရဲ့ ။ လူ့အခွင့်အရေးဆိုတာ လုပ်ချင်ရာလုပ်နေတဲ့လူနည်းစု ကို ဦးစားပေးရမယ်ဆိုတဲ့အဓိပ္ပာယ် မဟုတ်ပါဘူး ။

လိင်လွဲ ဘာ့ကြောင့်ဖြစ်သလဲ
ယောက်ျားလေးတစ်ယောက်အဖြစ် မွေးလာတယ် ၊ ဒါပေမဲ့ သူဟာ မိန်းကလေးဖြစ်ချင်တယ် ။ ဘာ့ကြောင့်ဖြစ်ချင်တာလဲ ။ လူပေါက်စေ့ရဲ့အတ္ထုပ္ပတ္တိကို မသိရှိနိုင်ပေမဲ့ အများစုကတော့ ပတ်ဝန်းကျင်ကြောင့်လို့ အဖြေထွက်လာပါတယ် ။ တချို့မိဘတွေက သားကို မိန်းကလေးလိုထားတယ် ၊ အဝတ်အစား/ကစားစရာတွေကအစ အပေါင်းအသင်းတွေအဆုံး မိန်းကလေးတစ်ယောက်လို ကြီးပြင်းလာရတဲ့အခါ မိန်းမဘဝကို နှစ်သက်သွားတယ် ။ တချို့ကျ ဖခင်တို့၊ အစ်ကိုတို့ မရှိဘူး ။ မိန်းမတွေနဲ့ချည်း ကြီးပြင်းလာရတဲ့ အတွက် သူ့မှာ အတုခိုးစရာ ယောက်ျားသား မရှိတော့ မိခင် ၊ အစ်မတွေကို အတုယူပြီး မိန်းမဖြစ်ချင်သွားတာမျိုး ။
တချို့ကတော့ ငယ်ဘဝမှာ မိန်းမဘဝကို စွဲလမ်းစရာ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေကြောင့် မိန်းမစိတ်ဝင်သွားတာမျိုး ။
တချို့ကျတော့ ယောက်ျားတွေကို နာကျည်းစရာအကြောင်းတွေကြောင့် မိန်းမစိတ်ဝင်သွားတာမျိုး ။ (မိန်းကလေးဆိုရင်လည်း ဒီအတိုင်းပါပဲ) ဆေးပညာမှာတော့ မျိုးရိုးဗီဇကြောင့် ၊ ဟော်မုန်းကြောင့်လို့ ဆိုကြရဲ့ ။ ဘာသာရေးအမြင်မှာတော့ အတိတ်ဘဝက သူတပါးအိမ်ရာကို စော်ကားလွန်ကျူးခဲ့လို့ ဝဋ်ကြွေးပါလာတာလို့ နာကြားဖူးပါတယ် ။ ရိုးရိုးရှင်းရှင်းတွေးကြည့်မယ်ဆိုရင် အဲဒီလူရဲ့ ဗီဇ၊ အသိဥာဏ်နဲ့ ပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှု-ဆိုတာတွေ ကွဲပြားသွားလို့ပါ ။ လိုရင်းကတော့ လက်ရှိဘဝကို အလိုမကျနိုင်တဲ့ စိတ်ကြောင့်ပဲ မဟုတ်လား ။

အရာရာ စိတ်က ဦးဆောင်နေတယ်
ကျွန်မတို့ရဲ့ရုပ်ကို ကျွန်မတို့ရဲ့စိတ်တွေက ခြယ်လှယ်နေတာပါ ။ ကောင်းတဲ့စိတ်တွေ၊ မကောင်းတဲ့စိတ်တွေ၊ ငုပ်လျှိုးနေတဲ့ စိတ်တွေ၊ ထိန်းမနိုင်သိမ်းမရစိတ်တွေ၊ ပေါ်လိုက်ပျောက်လိုက်စိတ်တွေ ။ ဒီစိတ်တွေကြောင့်ပဲ သဘာဝကျတာတွေ ၊ သဘာဝမကျ တာတွေ ဖြစ်တည်လာရတာလို့ ကျွန်မ ယုံကြည်ထားတယ် ။ အခုနောက်ပိုင်းမှာ ယောက်ျားစစ်စစ်အချင်းချင်း လက်ထပ်တဲ့အထိ နှစ်သက်ကြတာရှိသလို မိန်းမစစ်စစ်ချင်းလည်း ၁၅၀၀အချစ်နဲ့ တွယ်တာနေကြတာတွေ ရှိလာပြီ ။ ကျွန်မတို့ ငယ်ငယ်က မကြားဖူး ၊ မတွေးဖူးတဲ့ကိစ္စတွေ ။ အရင်ကဆို ကိုယ့်အိမ်ထောင်ဖက်က ဆန့်ကျင်ဘက်လိင်နဲ့ တွဲသွားတွဲလာများနေရင် မသင်္ကာဖြစ်တတ်ကြ တာ လင်မယားတို့ရဲ့ဓမ္မတာ ။ ခုခေတ်မှာတော့ မျိုးတူချင်း အတွဲများရင်တောင် သံသယဝင်ရမလိုဖြစ်နေပြီ ။ အိမ်ထောင်သည်တွေ ကြား အယုံအကြည်ကင်းမဲ့မှုတွေ ပိုများလာစေမှာ အသေအချာပေါ့ ။
ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ ။ မျိုးရိုးဗီဇတို့ ၊ ဟော်မုန်းတို့ကို လွှဲချကြတာဟာ မှန်သင့်သလောက်တော့ မှန်ပါလိမ့်မယ် ။ ဒါပေမဲ့ ဒါတွေကြောင့်ချည်း ဟုတ်ပါ့မလား ။ ကျွန်မ ဖတ်ဖူးတဲ့စာတစ်ပုဒ်မှာတော့ လူတစ်ယောက်ရဲ့သိစိတ် ၊ မသိစိတ်တွေကြားမှာ ဒွိဆန္ဒများစွာ ရှိနေသတဲ့ ။ လူတွေက အဲဒီစိတ်နှစ်ခွတွေကို အသိဥာဏ်/ဆင်ခြင်တုံတရားဆိုတာတွေနဲ့ ထိန်းချုပ်ထားကြရတာ-တဲ့ ။ ဒါဆို…ဆန်းကြယ်တဲ့အတွေးတွေ ၊ ဖောက်ပြန်လာတဲ့စိတ်တွေကြောင့်များ မျိုးတူချင်း ဆွဲငင်လာတာလား ။ အဆိုးရွားဆုံးကတော့ အဲဒီလိုစိတ်ခံစားမှုတွေ ဖြစ်ပေါ်လာအောင် ဒီနေ့ခေတ် ပတ်ဝန်းကျင်က တွန်းအားပေးနေတဲ့အချက်ပါပဲ ။

အစွန်းရောက်တဲ့ပတ်ဝန်းကျင် ထပ်မဖြစ်ပါစေနဲ့
            ဗုဒ္ဓဘုရားရှင်က မဇ္ဈိမ-ပရိပရာ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးဖို့ ဟောကြားတော်မူခဲ့ပါတယ် ။ ကျွန်မ နားလည်တာ ကတော့ အစွန်းရောက်မှုဟာ မကောင်းဘူးပေါ့ ။ ဒီလိုအစွန်းရောက်မှုတွေကြောင့်ပဲ တစ်ယောက်နဲ့တစ်ယောက်ကြား ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား ပြဿနာတွေ ဖြစ်ပွားနေကြတာလေ ။ ဒါပေမဲ့ လူအများစုက ပူလောင်ပြင်းထန်မှ ပျက်စီးစေတဲ့အစွန်းရောက်မှု-လို့ ထင် နေကြတယ် ။ အမှန်က အေးစက်တဲ့အရာကလည်း ဒုက္ခပေးနိုင်တဲ့အစွန်းရောက်မှုတစ်မျိုးပါပဲ ။ အရာဝတ္ထုတွေဟာ မီးလောင်မှ ပျက်စီးတာ မဟုတ်ပါဘူး ။ ရေကြီးရင်လည်း ပျက်စီးတာပဲလေ ။
            လူတွေဟာ တစ်ချိန်က ပူပူလောင်လောင်အစွန်းရောက်ခဲ့ကြတယ် ။ လိင်လွဲတွေကို မုန်းတီးကြတယ် ။ စော်ကားပြောဆို ကြတယ် ။ နှိပ်စက်ညှင်းပန်းတဲ့အထိ ပြုလုပ်ခဲ့ကြတာတွေ ရှိမယ် ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ သူတို့ကို လူ့အဖွဲ့အစည်းက ကြင်နာ လာပြီ ။ ဖေးမတွဲခေါ်နေပြီ ။ ဒီအထိက မွန်မြတ်တဲ့ကိစ္စပါ ။ ဒါပေမဲ့ ဒီလိုအလယ်အလတ်လမ်းစဉ်ကနေ တဖြည်းဖြည်း ဘောင်ကျော် လာတယ် ။ အစက ကြင်နာဖေးမ,တယ် ။ နောက်တော့…ပစားပေးမှုတွေ ဖြစ်လာတယ် ။ မီဒီယာတွေမှာ ချပြကြတယ် ။ ချပြပုံက လည်း လိင်လွဲဖြစ်တာပဲ ကောင်းနေသလိုလို ၊ လိင်လွဲမဖြစ်အောင် စောင့်ရှောက်ပြုပြင်ဖို့ ကြိုးစားခဲ့တဲ့မိဘတွေမှာပဲ အပြစ်ရှိသလိုလို ပုံစံမျိုးတွေ ။ ရုပ်ရှင်တွေမှာလည်း လိင်လွဲမပါရင် ဇာတ်ကား မဟုတ်တော့သလို ၊ လိင်လွဲအဖြစ် သရုပ်မဆောင်ဖူးရင် မင်းသား မဟုတ်တော့သလို အနေအထားမျိုးတွေ ။ ခေတ်ကို သရုပ်ဖော်တာမှန်ပေမဲ့ ကြည့်ရှုသူ,ကလေးလူငယ်တွေရဲ့စိတ်ကို အတုယူမှား လောက်အောင် လုပ်ဆောင်ဖို့တော့ မသင့်ပါဘူး ။
လိင်လွဲတွေကို ကြင်နာဖေးမ,ရမှာ မှန်ပါတယ် ။ ဒါပေမဲ့ သဒ္ဓါလွန်ပြီး တဏှာမကျွံဖို့တော့ အရေးကြီးတယ် ။ ဒီနောက်ပိုင်း ပိုပြီးကြည့်ရဆိုးတာက လိင်လွဲဘဝဟာ အားကျစရာလိုလို၊ လိင်ပြောင်းတာ/လိင်တူချင်းချစ်တာဟာ နှစ်သက်စရာလိုလို လုပ်ဆောင် လာတဲ့ကိစ္စတွေပါ ။ ဒီလိုပြောဆိုလုပ်ဆောင်နေတဲ့အထဲမှာ ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေ ၊ ထင်ရှားတဲ့လူမှုအဖွဲ့အစည်းတွေတောင် ပါဝင်နေတယ် ။ သူတို့ရည်ရွယ်ချက်ကတော့ လူ-လူချင်း အမုန်းမပွားဖို့ ၊ လူကို လူလို ဆက်ဆံဖို့ပါ-တဲ့ ။ ဟုတ်ကဲ့…ကျွန်မ အကြံပြု ချင်တာက ကရုဏာနဲ့ပေါ်ပြူလာကို ခွဲခြားတတ်ပါစေ ။ အမှန်နဲ့အမှားဟာ အလွှာပါးပါးလေးပဲ ခြားတာပါ ။ အနှိမ်ခံရသူတွေအပေါ် ကရုဏာထားတာ ကောင်းပေမဲ့ အများအထင်ကြီးဖို့အတွက် ၊ ငါတို့ဟာ လူ-လူချင်း တန်ဖိုးထားပါတယ်-ဆိုတာကို သိသိသာသာ ပြသဖို့အတွက် ဆင်ခြင်တုံတရားမဲ့စရာမလိုပါဘူး ။
တစ်ချိန်က ပူလောင်တဲ့အစွန်းရောက်မှုကြောင့် နစ်နာဆုံးရှုံးခဲ့ရပြီးပြီ ။ အခု သမိုင်းဟောင်းကိုပဲ ဖော်မြူလာအသစ်နဲ့ သွားကြဦးမလို့လား ။ ဒီအေးစက်တဲ့အစွန်းရောက်မှုတွေကြောင့် အနာဂတ်မှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိလာနိုင်ပါတယ် ။
- လိင်လွဲတွေကို မြှောက်စားထောက်ခံနေတာတွေ တွေ့မြင်ပြီး အားကျအတုယူမိသွားမယ့်-လူငယ်လေးတွေရဲ့အနာဂတ်ကို ဘယ်သူ တာဝန်ယူမှာလဲ ။
- လိင်လွဲတွေကရော ကိုယ် ကြုံတွေ့ခဲ့တဲ့အဆင်မပြေမှုတွေကို မျိုးဆက်သစ်လူငယ်တွေဆီ လက်ဆင့်ကမ်းချင်တာ သေချာလို့လား ။
- အစ်မတွေနဲ့ ကြီးပြင်းခဲ့လို့ နည်းနည်းနွဲ့နေတဲ့-ကောင်လေး - ဒီကောင်လေးကို ယောက်ျားစိတ်ဝင်အောင် ပြုပြင်ပေးဖို့ မစဉ်းစားဘဲ လူ-လူချင်းပဲဥစ္စာဆိုတဲ့အတွေးနဲ့ ဘဝပြောင်းခိုင်းကြတော့မလား ။
ကျွန်မမှာ လိင်လွဲတွေကို ထိုးနှက်ဖို့စိတ်ကူး လုံးဝမရှိပါဘူး ။ လူ-လူချင်း စာနာပါတယ် ။ ဝဋ်ကြွေးပါလာတဲ့အတွက် ကရုဏာလည်း သက်ပါတယ် ။ ဒါပေမဲ့ မှားယွင်းမှုတွေဆီ ဦးတည်နေတာကို ထိုင်မကြည့်နိုင်တော့လို့ မျက်နှာပူပူနဲ့ပဲ အကြံပြုရတာပါ ။
လက်ရှိမှာ လူသားချင်း စာနာထောက်ထားသူတွေ/အသင်းအဖွဲ့တွေ လုပ်ဆောင်သင့်တာက လိင်လွဲတွေကို သင့်တော်တဲ့ ကူညီဖေးမ,မှုတွေ ပြုလုပ်ဖို့၊ ဘောင်ကျော်တဲ့ အလွန်အမင်း ပ,စားပေးမှုတွေကို ဆင်ခြင်ဖို့၊ နောက်ပြီး လူငယ်တွေ လိင်လွဲစိတ်မဝင် အောင် ဘယ်လို စောင့်ရှောက်သင့်သလဲဆိုတာကို ပညာပေးဖို့၊ လိင်လွဲစိတ်ပါလာတဲ့-ကလေးငယ်တွေကို ဆေးပညာ/စိတ်ပညာနဲ့ ဘယ်လို ပြုပြင်ထိန်းသိမ်းသင့်သလဲဆိုတာ အစီအစဉ်ဆွဲဖို့ပါ ။
ထောက်ခံအားပေးသူတွေကတော့ ဆိုကြရဲ့ ။ လိင်လွဲဖြစ်တာ ရောဂါမဟုတ်ဘူး-တဲ့ ။ ဟုတ်ပါတယ် ။ လိင်လွဲဖြစ်နေတာ ရောဂါ မဟုတ်ပါဘူး ။ လိင်လွဲဖြစ်အောင် တိုက်တွန်းနိုင်နေတဲ့ ဒီနေ့ခေတ်ပတ်ဝန်းကျင်ကသာ ကူးစက်ရောဂါပါ ။ ဒီရောဂါ အတွန့်ရှည် လာတာနဲ့အမျှ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်မှာ လက်ရှိကြုံတွေ့နေရတဲ့ လူဦးရေလျော့ကျခြင်း ၊ တစ်ကိုယ်တည်း နေထိုင်သူအရေ အတွက် ပေါများခြင်း-ဆိုတဲ့အခက်အခဲတွေထက် ပိုဆိုးတဲ့ကိစ္စတွေ ဖြစ်ပွားလာနိုင်ပါတယ် ။ အဲဒါ့ကြောင့် ရောဂါကင်းစင်တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ကျွန်မတို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်ပါကြောင်း အကြံပြုတိုက်တွန်းရင်း …


                                                                                             
                                                                                         စေတနာရှေ့ထားလျက်…
                                                                                                            ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။