(၂၀၁၁ ဒီဇင်ဘာလထုတ် သည်းထိတ်ရင်ဖိုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်ပါသည်)
“ ဗျာ…တ…တကယ် ! အမလေး…ကျွန်တော်ဖြင့်
ကြားတာနဲ့တောင် ကြက်သီးထတယ် ဆရာရယ် ။ ဆရာ တကယ်ပဲ
နည်းနည်းမှ မကြောက်ဘူးလား ။”
“ ဟိတ်ကောင် ကျော်ဦး … ဆရာက မင်းလို ငကြောက်မှ မဟုတ်တာ ။ ဆရာက ကြောက်သွေးကို
မပါတာ…ဟုတ်တယ်
မဟုတ်လား ဆရာ ။”
“ ဟိတ်ကောင်တွေ မင်းတို့ကလည်း ၊ ဘာမဟုတ်တာလေးကို တစ်ယောက်တစ်လှည့် ဝိုင်းမြှောက်မနေကြနဲ့တော့
။
မင်းတို့ကို ငါ ဒေါသထွက်နေတာနော် ။
တိတ်တိတ်နေကြ…ကဲ…ဘယ်မလဲ ငါ ထွက်မျှော်နေရတဲ့ ထန်းရည်အိုး ။
ချတော့…သောက်ကြစို့ ။”
ကျွန်တော်
ထန်းရည်အိုးထဲက ထန်းရည်ကို ခွက်ထဲ လောင်းထည့်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်ရင်း
တစ်ခွက်ပြီး တစ်ခွက် ဆင့်သောက်ပစ်လိုက်တယ် ။
မသောက်လို့လည်း
မဖြစ်ဘူးလေ…ဒီလိုမျိုးမှ မသောက်ရင် ကျွန်တော့်ရင်ထဲက ကတုန်ကယင်ဖြစ်နေတာတွေက တော်တော်နဲ့
ပျောက်တော့မှာ မဟုတ်ဘူး ။
တပည့်တွေရှေ့မှာမို့
ဆရာဆိုတဲ့ဂုဏ်သိက္ခာအရ ခပ်တည်တည်နေရင်း ဘာမဟုတ်တဲ့ကိစ္စလေးပါကွာ…ဘာညာ ဆိုပြီး ဖြီးဖြန်းနေရပေမဲ့ ကျွန်တော် ဘယ်လောက် ကြောက်လန့်တုန်လှုပ်နေရသလဲဆိုတာ
ကျွန်တော့်ဘာသာကျွန်တော် အသိဆုံး ။
ဟော…ဒီမှာကြည့်
၊ ကျွန်တော့လက်နှစ်ဖက်လုံး ကြောက်စိတ်ကြောင့် ခုထက်ထိ အေးစက်ထုံကျင်နေတုန်း…။ မကြောက်ခံနိုင်ရိုးလား…
အမလေး…ပြန်တွေးတာနဲ့
ကြက်သီးထတယ်-ဆိုတဲ့အကြောင်းသာ တပည့်တွေများ သိသွားခဲ့ရင် ဟား…ဟား.. တို့ဆရာတော့ သနားပါတယ်ကွာ-ဆိုပြီး
ဟားတိုက်ရယ်ကြမှာမြင်ယောင်သေး ။
အင်း…ကျွန်တော်
ကြုံခဲ့ပုံကလည်း တော်ရုံလူဆို သွေးပျက်သွားနိုင်မယ့်အဖြစ်မျိုး ။ ဘယ်သူဘယ်ဝါ မသိခဲ့သော ကြောင့်သာ တော်သေးတော့တယ်
။ ဖြစ်ပုံက ဒီလိုဗျာ့ ။
BBBBB
လမိုက်ညမဟုတ်သော်ငြား မိုးရည်စက်တို့ကို ပျို့အန်ချတော့မည့်-တိမ်ညိုတိမ်မည်းတိမ်စိုင်ခဲတွေက
ကောင်းကင်ယံ တစ်ခွင်လုံး ပြည့်နှက်အုပ်စိုးလို့ ။
လေပြည်တစ်ချက် ဝှေ့ဝိုက်တိုက်ခတ်လိုက်ချိန်
ကြွေလွင့်ကျဆင်းလာသော သစ်ရွက်ခြောက်တွေကလည်း မြေပြင် တလင်းတွင် အလူးလူးအလိမ့်လိမ့်
။ မိုးရွာသွန်းမည်ကို တင်ကြိုမှန်းဆကာ ပျော်ရွှင်နေကြသော ကိုရွှေချောဖားတစ်သိုက် ကလည်း
တေးသံသာသာတို့ဖြင့် တအုမ်အုမ်တအွမ်အွမ်…။
မိုးကား သည်းသည်းမည်းမည်း ရွာသွန်းဖြိုးရန်
ဟန်ပြင်နေခိုက် ကျွန်တော် မအောင့်အီးနိုင်တော့၍ ဆရာတော်ဘုရား တားသည့်ကြားကပင် ရွာထိပ်ဆီသို့
စက်ဘီးတစ်စီးဖြင့် နင်းထွက်လာခဲ့သည် ။ စိတ်ထဲကလည်း ရွာထဲသို့ ထန်းရည်သွား ဝယ်သော တပည့်တစ်သိုက်ကို
ဆူပူကျိန်ဆဲနေမိ၏ ။
ဘုန်းကြီးကျောင်းမှ ကားလမ်းမသို့ ရောက်ရန်
လယ်ကွင်းလယ်ကန်သင်းတွေကို ဖြတ်ကျော်ကာ မိုင်ဝက်ခန့် ခရီးနှင် ရသည် ။
မြင်မြင်သမျှ သစ်ပင်ချုံနွယ်တို့၏ ယိမ်းနွဲ့လှုပ်ရမ်းနေပုံက
တစ်ကိုယ်တည်း စက်ဘီးစီးလာသူ-ကျွန်တော့်အဖို့ ထိတ်လန့်ချောက်ချားဖွယ်ရာ ဖြစ်လို့နေပေမဲ့
ကျွန်တော့်အာရုံထဲမှာ ဒေါသနှင့်လောဘတရားတွေ ပြည့်နှက်နေသည်မို့ ကြောက်လန့်ဖို့ သတိမရ
။
ညနေလေးနာရီခွဲကတည်းက ထွက်သွားလိုက်ကြတာ ယခုချိန်ထိ
ပြန်မရောက်ကြသေးသော ကျွန်တော့်တပည့် သုံးယောက်ကို ဒေါသထွက်ရင်း ထန်းရည်သောက်ရဖို့အတွက်
လောဘတက်နေမိသည် ။
အချိန်က ခြောက်နာရီခွဲကျော်ကျော်လောက်သာ ရှိသေးသော်လည်း
တိမ်ညိုတိမ်မည်းများကြောင့် ပတ်ဝန်းကျင် တစ်ခွင်လုံး မှောင်နှင့်မည်းမည်း ။
ဘုန်းကြီးကျောင်း၏ တောင်ဘက်ခြမ်းကို မကြည့်ပါဘူးဟုစိတ်ပိုင်းဖြတ်ထားပြီးမှ
ထိန်းမရတဲ့မျက်လုံးများက ရောက်ရှိ သွားသည့်အခါ မြင်တွေ့လိုက်ရတဲ့ အုတ်ဂူဖြူဖြူဖွေးဖွေး
ထိုးထိုးထောင်ထောင်တွေက ကျွန်တော့်စိတ်ကို လှုပ်ရှားသွားစေ တာကြောင့် စက်ဘီးကို မြန်နိုင်သမျှ
မြန်စေရန် ကသုတ်ကရက် နင်းပစ်လိုက်သည် ။
ရွာရှိသဖြင့် ဘုန်းကြီးကျောင်းရှိသလို ဘုန်းကြီးကျောင်းဘေးတွင်
သိင်္ချိုင်းရှိသည်မှာလည်း အမှန်တော့ မဆန်းကြယ် ပါ ။ သို့သော် ကြောက်လန့်တတ်သည့် လူ့သဘာဝအရ
အုတ်ဂူဖြူဖြူဖွေးဖွေးတွေဖြင့် ပြည့်နှက်နေသော သိင်္ချိုင်းမြေကို မြင်တွေ့လိုက်ရသည့်အခိုက်
ကျွန်တော် ချောက်ချားတုန်လှုပ်စွာနှင့် စက်ဘီးကို ကမန်းကတန်းနင်းသွားလိုက်ရာ မိုင်ဝက်
ဆိုသောအကွာအဝေးကို ခဏလေး ရောက်ရှိသွားခဲ့ပြီ ။
ဘုန်းကြီးကျောင်းနှင့်အရှေ့ပေါက်တောရွာသည် လမ်းမကြီး၏
တစ်ဖက်တစ်ချက်တွင် တည်ရှိသည် ။
အရှေ့ပေါက်တောရွာသည် ပြည်-ပေါက်ခေါင်း-ကားလမ်းမဘေး
၊ ပေါင်းတလယ်မြို့မှ ခုနစ်မိုင်အကွာတွင် တည်ရှိပြီး စည်ပင်သာယာသော ရွာတစ်ရွာ ဖြစ်သည်
။ ရွာလေးသည် ဆိတ်ငြိမ်အေးချမ်းသလို သာသာယာယာဖြင့် ကြည်နူးပျော်ရွှင် ဖွယ်လည်း ကောင်းလှ၏
။
ကျွန်တော်တို့ ဆရာတပည့်တစ်သိုက် ပေါင်းတလယ်မြို့သို့
အလုပ်ကိစ္စဖြင့် လာကြရင်း တပည့်တစ်ယောက်ဖြစ်သူ ကျော်စိုး၏သူ့ရွာလေးကို အလည်ဝင်ရောက်ကြပါဦးဟူသော
ဖိတ်ခေါ်မှုကြောင့် အရှေ့ပေါက်တောရွာလေးသို့ ကျွန်တော် တို့တွေ ရောက်ရှိခဲ့ရခြင်းဖြစ်သည်
။
အလည်ခေါ်ခဲ့စဉ်ကပင် တပည့်ကျော်စိုးက မက်လုံးတစ်ခု
ပေးခဲ့သည် ။ သူတို့ရွာ၏ထန်းရည်က ချိုစူးစူး ပြင်းရှရှ အရသာနှင့် အလွန်သောက်လို့ ကောင်းသည်…တဲ့
။
ရွာလေးက ကားလမ်းမနံဘေးတွင် မေးတင်လျက်တည်ရှိသော်လည်း
ကျွန်တော်တို့က ရွာတွင် မတည်းခို…။ ရွာနှင့် ကားလမ်းမခြားလျက် တည်ရှိပြီး အတွင်းသို့
မိုင်ဝက်ခန့် ဝင်ရောက်ရသည့် ဘုန်းတော်ကြီးကျောင်းတွင် သွားရောက် တည်းခိုကြသည် ။ အကြောင်းက
ဤရွာ၌ ကျော်စိုး၏ဆွေမျိုးရင်းခြာဆိုလို့ ထိုဘုန်းကြီးကျောင်းမှ ကပ္ပိယဦးသာမောင် တစ်ယောက်သာ
ရှိတော့တာကြောင့် ။
သြော်…ကျွန်တော့်ကိုကျွန်တော်လည်း မိတ်ဆက်ရဦးမည်
။ ကျွန်တော့်နာမည်က ကိုခင်မောင်…။ သို့ပေမဲ့ လုပ်ဖော် ကိုင်ဖက်အားလုံးက ကျွန်တော့်ကို
ကိုမှုန်ကြီးဟု ခေါ်ကြသည် ။
ကိုမှုန်ကြီးဟု ခေါ်ရလောက်အောင်လည်း ကျွန်တော့်မျက်လုံးများက
မှုန်ဝါးလှသည်ချည်းမဟုတ်...(မှုန်တော့ မှုန်ပါ သည်) ခပ်ထူထူပါဝါမျက်မှန်တစ်လက်ကို အမြဲမပြတ်
တပ်ထားရရုံလောက်သာ…။ သို့ပေမဲ့ ကျွန်တော့်မျက်နှာထားက မှုန်ကုတ်ကုတ် ရှူတည်တည်ဖြစ်နေသောကြောင့် ကိုမှုန်ကြီးဟု
ချစ်စနိုးခေါ်ဝေါ်ကြခြင်း ဖြစ်မည် ။
ကျွန်တော်က မျက်နှာထားတင်းတင်း နေတတ်သော်လည်း
တပည့်များကိုတော့ ကိုယ့်ညီငယ်များလို သဘောထား ကာ ပွင့်ပွင့်လင်းလင်းပြောဆိုလုပ်ကိုင်ခွင့်ပြုထားသည်
။
သို့ပေမဲ့ ယခုလို ပြန်လာသင့်ချိန်ထိ ပြန်မလာကြသေးဘဲ
အထက်လူကြီး ကျွန်တော့်အပေါ်မှာ မလေးမစားပြုမူသည် ကိုတော့ ကျွန်တော် နည်းနည်းမှ ခွင့်မလွှတ်နိုင်…။
ပြန်လာမှ ကောင်းကောင်းကြီး ဆူပူကြိမ်းမောင်းပစ်မည်ဟု ကျွန်တော့် ရင်ထဲ၌ တေးထားလိုက်သည်
။
ကားလမ်းမနံဘေးသို့ရောက်တော့ ကျွန်တော် နင်းလက်စ-စက်ဘီးကို
ရပ်ကာ ဖြည်းဖြည်းချင်း တွန်းလာလိုက် သည် ။ လမ်းမတစ်ဖက်ခြမ်းသို့ ကူးကာ ရွာထဲသို့ လိုက်သွားရကောင်းမလား…မဖြစ်ချေ
။ ဟိုကောင်တွေ ဘယ်သွားလို့ ဘယ်လာမှန်း ကျွန်တော် မသိ…။
ထွက်လာခါစက ဒေါသစိတ်ဖြင့် ထွက်လာမိပေမဲ့
တကယ့်တကယ်တမ်းတော့ ဘယ်သွားလို့ဘယ်လာရမှန်းလည်း ကျွန်တော် မသိပေ ။ ဤရွာသို့ ရောက်သည်မှာလည်း
နှစ်ရက်သာရှိသေး၍ ကျွန်တော်ရောက်ဖူးတာဆိုလို့ သူကြီးအိမ်နှင့် ဆေးဆရာ-ကိုမြယာအိမ်တို့သာ
ရှိသည် ။
ညအချိန်မတော်ကြီး တပည့်သုံးယောက်က ထန်းရည်သောက်သွားကြရင်း
ပြန်မရောက်ကြသေးသည်ကို လူကြီးအိမ် များသို့ သွားမေးမြန်းရန် မသင့်တော်ကြောင်း ကျွန်တော်
နားလည်သည် ။
ထို့ကြောင့် တစ်နေရာရာတွင် မိုးခိုရင်း ရွာထိပ်မှ
တပည့်သုံးယောက် ထွက်လာမည့်အချိန်ကို စောင့်ကြည့်တာ အကောင်းဆုံး-ဟု တွေးမိကာ ဘေးပတ်ဝန်းကျင်ကို
ဝေ့ဝဲကြည့်လိုက်တော့ ကားလမ်းမနံဘေး လမ်းကွေ့လေးအနီးက သစ်ပင်ကြီးတစ်ပင်အောက်ရှိ ဇရပ်တစ်ဆောင်ကို
ကျွန်တော် သတိပြုလိုက်မိ၏ ။
“ ဟာ…ဟိုမှာ ဇရပ်လေးပဲ ။”
ကျွန်တော် တစ်ကိုယ်တည်း တီးတိုးရေရွတ်ပြောဆိုရင်း
ထိုဇရပ်ရှိရာဆီသို့ စက်ဘီးကို တွန်းသွားလိုက်သည် ။
မိုးကား
ချိန်သားကိုက်စွာပင် ကျွန်တော် ဇရပ်အနားသို့ရောက်သည်နှင့် ဗြုန်းစားကြီး ရွာချလိုက်သည်မှာ
ဝုန်းဝုန်း ဒိုင်းဒိုင်း ။ ကျွန်တော် ဇရပ်အမိုးအောက်သို့ ဝင်ခိုရင်း ဇရပ်ဝန်းကျင်ကို
သာမန်ကာလျံကာ ဝေ့ဝဲကြည့်လိုက်တော့ ဇရပ်ပုံ သဏ္ဍာန်က သွပ်ပြားအမိုး ပျဉ်ပြားအခင်းကို ဒူးဆစ်လောက်မြင့်သော
သစ်သားခြေထောက်လေးချောင်းနှင့် ထောက်မ ထားသည့် မနိမ့်လွန်းမမြင့်လွန်းသော-ဇရပ်တစ်ခု
။ ရှေ့မျက်နှာစာကိုတော့ သစ်သားချောင်းငယ်များဖြင့် ကာရံထား၏ ။
သာမန် မြင်နေတွေ့နေကျ ဇရပ်ပုံစံမျိုးပါပဲ ။
ကျွန်တော် စက်ဘီးကို ရပ်ကာ ဒေါက်မထောက်ဘဲ ထိုသစ်သားချောင်း များကို ခြေထောက်တစ်ဖက်ဖြင့်
ကန်ထောက်ထိန်းရင်း စက်ဘီးထိုင်ခုံတွင် ဆက်ထိုင်နေသည် ။ ရွာထိပ်ဆီသို့ လှမ်းကြည့် လိုက်တော့
အမှောင်ထုကြီးသာ တွေ့ရ၏ ။
“ ဟူး…ဒီကောင်တွေ ဘယ်သွား ကလေရိုက်နေကြသလဲ မသိဘူး ။ တွေ့မယ်…လာရင်တော့လား…ကောင်းကောင်းကို
ကြိမ်းပစ်လိုက်မယ် ။”
ဒေါသစိတ်ဖြင့် ခပ်ကျယ်ကျယ်ကျုံးဝါးလိုက်ရင်း
ရွာထိပ်ဆီသို့ မျှော်ကြည့်နေသော ကျွန်တော့်အကြည့်တွေကို ဇရပ်ပေါ်သို့ လွှဲပြောင်းရှုကြည့်လိုက်စဉ်…
“ ဟင်…”
ဟုတ်မှဟုတ်ပါ့မလားဟူသောအတွေးနှင့် မျက်လုံးနှစ်ဖက်ကို
လက်ဖြင့် ခပ်နာနာပွတ်သပ်ပြီး ပြန်ကြည့်လိုက်တော့လည်း မြင်ကွင်းက ပြောင်းလဲမသွား…။
မျက်မှန်ပါမလာ၍ ဝါးတားတားဖြစ်နေပေမဲ့ အမြင်အာရုံကတော့
ဦးနှောက်ကို မှားယွင်းစွာ သတင်းပို့လိမ့်မည် မဟုတ် ပါ ။ သို့ပေမဲ့…ဝါးတားတားအကြည့်တွေကို
အတန်ငယ်ထင်ရှားသွားစေရန် မျက်လုံးနှစ်ဖက်ကို ဖျစ်ညှစ်မှိတ်ပစ်လိုက်ပြီး မျက်ခုံးကြောတွေကိုလည်း
ဆွဲဆန့်ဖြေလျော့လိုက်သည် ။ ထို့နောက် မျက်တောင်နှစ်ဖက်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဇရပ်ပေါ်သို့
ပြန်ကြည့်လိုက်တော့…
“ သြော်…အဟုတ်ပဲကိုး ။”
ဇရပ်ပေါ်မှာ လူတစ်ယောက်…။
ဇရပ်ပေါ်တွင် လူတစ်ယောက် လဲလျောင်းနေ၏ ။ ဝတ်ထားသောလုံချည်က
အကွက်ကျဲကျဲဖြစ်သဖြင့် ယောက်ျား တစ်ယောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည် ။ မျက်နှာကိုတော့
ဝါးတားတားသာ မြင်ရသည် ။
-
ရွာထဲက ရွာသားတစ်ယောက်ယောက်များ ဖြစ်လေမလား…
ကျွန်တော်တစ်ကိုယ်တည်းလည်း ပျင်းရိငြီးငွေ့မိတာကြောင့်
ထိုအမျိုးသားနှင့် ရောက်တတ်ရာရာပြောဆိုရန်ဟူသော အတွေးဖြင့်…
“ မိုးကလည်း သည်းလိုက်တာဗျာ ။ ဒီပုံနဲ့ဆို တော်တော်နဲ့ တိတ်မှာမဟုတ်ဘူး ထင်တယ်နော်
။ ဒီက အစ်ကိုကရော
ဒီရွာကပဲလား ။”
ဘယ်အရွယ်ရှိမှန်း ခန့်မှန်းမသိ၍ အစ်ကိုဟုသာ
နာမ်စားသုံးလိုက်၏ ။
စကားပြောရင်း လက်အမူအရာပါသွား၍ စက်ဘီးပင် အနည်းငယ်
ယိမ်းယိုင်သွားသေးသည် ။ ကျွန်တော် စက်ဘီးကို ပြန်လည်ထိန်းမတ်ရင်း ထိုသူကိုကြည့်လိုက်တော့
ထိုသူက တုတ်တုတ်မျှ မလှုပ်…။ အင်းမလုပ်အဲမလုပ်…။
-
ငါ့ကို မြို့က လူစိမ်းမို့ ကြည့်မရလို့ အဖက်မလုပ်တာများလား…ဒါမှမဟုတ် အရက်မူးပြီး အိပ်ပျော်နေတာလား
မသိ ။
ရုတ်တရက် အရက်ဟူသောအတွေးကြောင့် ကျွန်တော့်တပည့်သုံးကောင်ကို
သတိရသွားမိပြန်သည် ။ ဒီကောင်တွေရော ဘယ်မှာများ မူးပေလှဲအိပ်နေကြသလဲ မပြောတတ် ။
မိုးကား ရွာရင်းရွာရင်း လေကြမ်းတွေပါ တိုက်ခတ်လာရာ
ဟိုဟိုသည်သည်မှသစ်ရွက်တွေက ဖျစ်ဖျစ်ဖျစ်ဖျစ် ဖရပ် ဖရပ်-စတဲ့အသံမျိုးစုံနဲ့ ကြွေလွင့်ကျဆင်းကုန်တော့သည်
။
ကျွန်တော် ရောက်ရှိနေသည့်နေရာက ကုန်းမြင့်လေးဖြစ်၍
ကားလမ်းနံဘေး၌ ရွာသားများ၏ ကောင်းမှုပေလား ၊ ရေတိုက်စားမှုကြောင့် အလိုအလောက် ဖြစ်တည်နေခြင်းလား
မသိသော မြောင်းတစ်ခုရှိပြီး ထိုမြောင်းတစ်လျှောက် ရေတွေ တဝေါဝေါ စီးဆင်းသွားသည်ကို
အတိုင်းသား မြင်တွေ့နေရ၏ ။
ပတ်ဝန်းကျင်က မှောင်မှောင်မည်းမည်း ၊ မိုးတွေကလည်း
အုန်းအုန်းသည်းသည်းတွင် ကျွန်တော် တစ်ကိုယ်တည်း သာ ဖြစ်နေခဲ့ပါလျှင် အားငယ်တုန်လှုပ်မိမည်မှာ
အမှန် ။
ယခုတော့ တစ်ယောက်တည်း မဟုတ်၍ တော်ပါသေးသည်
။ ကျွန်တော့်ကို အဖက်မတန်သော ရွာသား-ကိုငမူး တစ်ယောက်လည်း ဇရပ်ပေါ်တွင် လှဲအိပ်နေသည်
မဟုတ်ပါလား ။
BBBBB
အလင်းစက်တစ်စု…
ပိုးစုန်းကြူးလေးများကဲ့သို့ လင်းလက်စုဝေးကာ
ရွာထဲမှ ထွက်လာသည်ကို ကျွန်တော် မြင်တွေ့လိုက်ရ၍ တပည့်တွေများ ဖြစ်နေမလားဟု တွေးကာ
ပြူးပြဲကြည့်နေမိသည် ။ အလင်းစက်လေးတစ်စုက တဖြည်းဖြည်း နီးကပ်လာပါမှ ရွာထဲမှ ကာလသားတစ်သိုက်ဖြစ်ကြောင်း
ကျွန်တော် သိရှိလိုက်ရ၏ ။ သူတို့လက်ထဲမှ လက်နှိပ်ဓာတ်မီးတွေက ပတ်ဝန်းကျင် မှောင်မှောင်မည်းမည်းတွင်
တဝင်းဝင်းတလက်လက် ။
လမ်းမတစ်ဖက် ရွာထိပ်ဆီသို့ ထိုလူစု ရောက်လာမှ
ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်တွေ့ရတော့သည် ။ ဟင်… သူတို့တွေ ထမ်းလာတာ ဘာကြီးပါလိမ့်…။
သေတ္တာရှည်ရှည်ကြီးတစ်လုံးကို လူနှစ်ယောက်က ရှေ့နောက်ထမ်းလို့ ။ ကျန် လူသုံးယောက်က လက်နှိပ်ဓာတ်မီး
ထိုးပြကာ တက်ညီလက်ညီဖြင့် လျှောက်လာကြသည် ။
ဟော…တအံ့တသြငေးကြည့်နေစဉ်မှာပင် ထိုလူတစ်စု
ကျွန်တော့်အနားသို့ ရောက်ရှိလာသောကြောင့် သစ်သား ချောင်းများကို ကန်ထောက်ထားသော ကျွန်တော့်ခြေထောက်တစ်ဖက်ကို
မြေပြင်ပေါ်သို့ လျှောဆင်းချလိုက်တော့သည် ။
“ ဟင်…ဆ…ဆရာ
။ ဆရာတစ်ယောက်တည်း ဒီမှာ ဘာလုပ်နေတာလဲ ။”
ကျွန်တော်နှင့် လက်တစ်ကမ်းအကွာသို့ သူတို့လူစု ရောက်လာသည့်တိုင် ပတ်ဝန်းကျင်က မှောင်မည်းနေသည်မို့
ကျွန်တော့်မှာ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေး ။ အသံကို ကြားပါမှ ကျွန်တော့တပည့်ကျော်စိုးမှန်း
ကျက်မိလိုက်သည် ။
“ ဟိတ်ကောင် ကျော်စိုး မင်းတို့ ဘယ်တွေသဝေထိုးနေကြတာလဲ…ဟင်…။ ငါ့ကို ဆရာတစ်ယောက်လို့ရော
သတ်မှတ်
ကြသေးရဲ့လား ။ ဘယ့်နှယ့်ကွာ ။ လေးနာရီကတည်းက
ထွက်သွားလိုက်ကြတာ ။ ဟိုကောင်တွေရော ဘယ်မှာတုံး ။
ဒါကရော ဘာတွေလဲ ။”
ကျွန်တော်လည်း မျိုသိပ်ထားတဲ့ဒေါသတွေရဲ့
ပွိုင့်ရာခိုင်နှုန်းလောက်ကို ပွင့်အန်ထုတ်ပြီး ကျော်စိုးကို ဆူဆဲပစ်လိုက်တော့ ကျော်စိုးခမျာ
ကျွန်တော့်ကို ကြောက်လို့ ခပ်ကုပ်ကုပ်လေး ငြိမ်နေရှာသည် ။ ဘေးမှ ရွာသားလေးဦးကလည်း
ကျွန်တော် တို့ ဆရာတပည့်နှစ်ယောက်ကို ကြည့်ကာ ပြူးပြူးကြောင်ကြောင် ။ ကျွန်တော့်စကားဆုံးမှ
ကျော်စိုးက လေသံခပ်တိုးတိုး ဖြင့်…
“ ဟိုကောင်တွေ ဆရာ့အတွက် ထန်းရည်သွားဝယ်နေတာ နောက်မှာ ပါလာပါတယ် ။ ဒါ…ဒါက အခေါင်းကြီးပါ
။”
ကျော်စိုးရဲ့ပထမအဖြေကတော့ စိတ်ကျေနပ်စရာကောင်းပေမဲ့
ဒုတိယအဖြေကြောင့် ကျွန်တော် မျက်လုံးပြူးသွားမိသည် ။
“ ဟေ…အခေါင်း ဟုတ်လား ။ ဘာလုပ်ဖို့လဲဟ ။”
“ ဟာ…ဆရာကလည်း အခေါင်းဆိုမှတော့ လူသေထည့်ဖို့ပေါ့ ။ ဘယ်သူက အိမ်မှာ ဝင်အိပ်ဖို့ဆိုပြီး
ဝယ်လာမှာလဲ ။”
ကျော်စိုးက ဘုတောပြောလာတော့ ကျွန်တော်
သူ့ကို တစ်ချက်ပြူးကြည့်ပစ်လိုက်သည် ။ မင်း ငါ့ကို မလေးမစား ပြောစရာ လားဟူသောအကြည့်မျိုးမှန်း
ကျော်စိုး သဘောပေါက်သဖြင့် ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းကို ငုံ့ထားလိုက်သည် ။
“ အခေါင်းက လူသေထည့်ဖို့ ဝယ်ရမှန်း ငါ သိတာပေါ့ ။ ဒီလူသေထည့်တဲ့အခေါင်းကြီးကို
မင်းက ငါ့ဆီ ယူလာတယ်
ဆိုတော့ ဘာလဲ…။ မင်းက ငါ့ကို မလေးမစား လုပ်တဲ့သဘောပေါ့
ဟုတ်လား ။ ကျော်စိုး မင်းက ငါ့ကို မင်းရဲ့ရွာကို
ခေါ်လာပြီး ကောင်းကောင်းကြီး စော်ကားနေတာပေါ့လေ
။”
“ အာ…မဟုတ်ရပါဘူး ဆရာရယ် ။ ဒုက္ခပါပဲ…ဒါက ဆရာ့ဆီကို ယူလာတာ မဟုတ်ဘူး ။ ဒီဇရပ်ကို
သယ်လာတာ ။
ဒါနဲ့ ဆရာကရော တစ်ယောက်တည်း ဒီဇရပ်မှာ ဘာလုပ်နေတာလဲ
။”
ကျွန်တော်ကတော့ ကျော်စိုး ဘယ်လိုပြောပြော
မယုံသေး ။ ဘယ့်နှယ့်…အခေါင်းကြီးကို လမ်းမဘေးက ဇရပ်ပေါ်ကို သယ် လာပြီး သူတို့က ဘာလုပ်ကြမလို့တုံး
။
ထပ်ပြီး ဆူဆဲနေလျှင်လည်း ရွာသားတွေရှေ့ ကျွန်တော့်အလွန်ပဲ
ဖြစ်နေမည်စိုးသောကြောင့် ကျွန်တော်လည်း ဒေါသစိတ်ကို အောင့်အီးမျိုချထားရင်း…
“ မင်းတို့ကို စောင့်နေတာပေါ့ ။ ဘာဖြစ်လို့လဲ ။ ဒီဇရပ်မှာ တစ်ယောက်တည်း မနေရဘူးလား
။ ကွင်းပိုင်တောင်ပိုင်တွေ
ကိုင်တတ်လို့လား ။”
ကျွန်တော့်ရဲ့ခပ်ရွဲ့ရွဲ့စကားအဆုံးမှာတော့…
“ မင်းဆရာကတော့ အာဂပဲဟေ့ ။ မြို့စကားနဲ့ ပြောရရင် မိုက်တယ်ပေါ့ကွာ ။”
ကျွန်တော့်အမေးကို ကျော်စိုးက မဖြေရသေးခင်
ရွာသား(၄)ယောက်ထဲက အသက်ကြီးကြီးတစ်ယောက်က ဝင်အော်ပြော လိုက်၍ ကျွန်တော် နားရှုပ်သွားမိသည်
။
“ ဘာဖြစ်လို့လဲ အဘရဲ့ ။”
“ ဘာဖြစ်ရမတုံး…ဒီကောင်(၃)ကောင်ကို အဘက ပြောတယ် ။ ရွာထဲက သုဘရာဇာဆီမှာ အခေါင်းသွားဝယ်မလို့ ၊
ဒီမှာ ခဏနေရစ်ခဲ့ကြပါ-ဆိုတာ
သုံးယောက်လုံး မနေရစ်ရဲဘူးတဲ့လေ ။ ဆရာတို့များကျတော့ တစ်ယောက်တည်း ။”
“ အို့ … အဘကလည်း မျိုးလှိုင်ရဲ့မျက်နှာကိုလည်း ကြည့်ဦးလေ ။ လည်ပင်းကြီးက ရှည်
၊ လျှာကြီးကလည်း
တစ်တောင်လောက် ထွက်နေတာ ။ ဒီမျက်ခွက်ကြီးကြည့်ပြီး
ဘယ်လိုလုပ် နေရစ်ရဲမှာလဲ ။ အခေါင်းထဲ မြန်မြန်
ထည့်မှပါ အဘရယ် ။ ကျွန်တော်ဖြင့် မြင်တိုင်း
ကြောက်လွန်းလို့ ။”
အဘစကားဆုံးလို့ ကျွန်တော် မေးခွန်းထုတ်မည်
မကြံရသေး ၊ ရွာသားတစ်ဦးက ဝင်ပြောလိုက်တာကြောင့် ပိုလို့ပင် ခေါင်း ရှုပ်သွားမိသည်
။
“ အဘ မျိုးလှိုင်ဆိုတာ ဘယ်သူလဲ ။ ကျွန်တော်က
ဧည့်သည်ဆိုတော့ ရွာသားတွေနာမည်ကို သိပ်မသိဘူး ။”
“ မျိုးလှိုင်ဆိုတာ ဇရပ်ပေါ်က လူသေရဲ့နာမည်လေ ။ ညနေကတင် သေသွားတာ ။ သေတာကလည်း
ဒီနားတင် ။
ဟော…ဟိုက သစ်ပင် တွေ့လား ။ အဲဒီသစ်ပင်ကိုင်းမှာ
ဆွဲကြိုးချပြီး သတ်သေသွားတာ ။ သူ့ချစ်သူမိန်းကလေး
အိမ်ထောင်ပြုသွားလို့တဲ့ကွယ် ။ လူတွေများ ကိုယ့်အသက်တစ်ချောင်းကို
နှမြောရကောင်းမှန်း မသိကြဘူး ။”
ဘယ်…ဘယ်လို ။ အဲ့ဒါ လူသေ လူသေအလောင်းကြီး
ဟုတ်လား ။ ကျွန်တော် အော်မေးလိုက်ချင်ပေမဲ့ အသံက ထွက် မလာ… ။ ကြားလိုက်ရသည့်စကားကြောင့်
ကျွန်တော့်နှလုံးခုန်သံတွေ ဝုန်းခနဲ ဆောင့်တက်သွားခဲ့ပြီ ။
မိုးသည်းသည်းတွင် ကျန်လူငါးယောက်လုံး မိုးရေကြောင့်
စိုရွှဲနေရခြင်းဖြစ်သော်လည်း ကျွန်တော်ကတော့ ချွေးတို့ ဖြင့် ရွှဲနစ်နေလေသည် ။ မယုံနိုင်သေး၍
ဇရပ်ပေါ်သို့ ကျွန်တော် ဖျတ်ခနဲလှမ်းကြည့်လိုက်တော့ ပုဆိုးကွက်ကျဲနှင့် လူတစ် ယောက်
လှဲလျောင်းငြိမ်သက်လို့…။
မှုန်ဝါးဝါး ကျွန်တော့်အမြင်အာရုံများကို
အတတ်နိုင်ဆုံး အားအင်စိုက်ထုတ်ကာ ထိုလူ၏မျက်နှာကို အသည်းအသန် စူးစိုက်ကြည့်ပစ်လိုက်သည့်အခါ
အမလေး…ဟုတ်ပါ့ဗျာ ။ မျက်လုံးကြီးနှစ်ဖက်က ပြူးကျယ်စူထွက်ကာ ပါးစပ်အတွင်းမှ လျှာကလည်း
အပြင်သို့ တွဲကျလို့ ။
ကြောက်စရာ ထိုမျက်နှာကြီးကြောင့် ကျွန်တော်
အနည်းငယ် ဣနြေ္ဒပျက်သွားပေမဲ့ မှောင်ကြီးမည်းကြီးထဲမှာမို့ ကျော်စိုးအပါအဝင် ရွာသားတစ်ဦးတစ်ယောက်မျှ
သတိမပြုမိလိုက်ကြ ။
မျက်နှာကို ကျော်စိုးဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး
ကြောက်စိတ်ကို ဖြေဖျောက်ရန် ဒူးတစ်ဖက်ကို နန့်ကာ ဟန်မပျက်နေရင်း…
“ သြော်…ဒီသူငယ်လေးနှယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သတ်သေသွားတာကိုး ။ ခုနကတည်းက ကျွန်တော်
ထင်တော့
ထင်သား ။ မျက်လုံးကပြူး လျှာကထွက်နေဆိုတော့
ဆွဲကြိုးချသေတာလား လည်ပင်းညှစ်ခံရတာလားလို့ ။
အဖန်ငါးရာငါးကမ္ဘာ မကြောက်ရှာဘူး ထင်ပါရဲ့။”
ကျွန်တော့်ရဲ့ဟန်-ကိုယ့်ဖို့စကားလုံးတွေကို
နားထောင်ရင်း ရွာသားကြီးကတော့ ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေ၏ ။ ရွာသားတစ်ယောက်ကတော့
ယောင်ယမ်းကာ မျိုးလှိုင်ဆိုသောလူသေ၏မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်မိပြီးမှ အလျင်အမြန်အကြည့်လွှဲလိုက်ပြီး
ကြက်သီးထသွားဟန်ဖြင့် တွန့်ခနဲ ဖြစ်သွားသည် ။
“ ဆရာ့နှယ် သတ္တိကောင်းလိုက်တာ ။ ကျွန်တော်တို့များ
နှစ်ယောက်တောင် မစောင့်ရဲဘူး ။ နောက်ပြီး သူက
ဒီညနေတင် ဒီနားမှာ သတ်သေသွားတာဆိုတော့ သူ့ဝိညာဉ်က
ဒီအနီးတစ်ဝှိုက်မှာ လျှောက်သွားနေမလား
မပြောတတ်ဘူး ။ ကျွန်တော်ဆို ဘယ်နေရာကြည့်လိုက်ကြည့်လိုက်
ဒီလျှာထွက်နေတဲ့မျက်နှာကြီးကိုပဲ
မြင်ယောင်ပြီး ကြောက်နေတာ ။”
ရွာသားတစ်ဦးက ကျွန်တော့်ကို လေးစားအားကျတဲ့အကြည့်တွေနဲ့
ကြည့်ရင်း သူ့ခံစားချက်ကို ရင်ဖွင့်ပြောပြ၏ ။ ထိုစဉ်…
“ ဟာ…ဟိုမှာ ဆရာ ။”
ကျွန်တော် လှမ်းကြည့်လိုက်တော့ မြေအိုးလေး
နှစ်အိုးကို လက်ကဆွဲရင်း ကားလမ်းဖြတ်ကူးလာသော ကျွန်တော့်တပည့် နှစ်ယောက် ။
“ ဆရာ ကျွန်တော်တို့ ကြောက်လို့ ရဲဆေးနည်းနည်း
တင်လာခဲ့တယ် ။ ဒါက ဆရာဖို့ ။”
တပည့်ဖြိုးကိုက လက်ထဲမှ မြေအိုးကို မြှောက်ပြရင်း
ဆိုလိုက်သည် ။
“ ကဲ…ကျော်စိုး မင်းလည်း ဆရာနဲ့ ပြန်လိုက်သွားတော့
။ မင်းတို့ နက်ဖြန် ပြန်ရမှာ မဟုတ်လား ။”
“ ဟုတ်ကဲ့ ဘကြီးအိုးဝေ ။ ဒါဆိုလည်း ကျွန်တော်
ပြန်လိုက်ဦးမယ် ။ ဒီမှာဆိုလည်း မျိုးလှိုင်ကို မြင်ရရင် ကျွန်တော်
စိတ်မချမ်းသာဘူး
။ သူနဲ့ကျွန်တော်က သူငယ်ချင်းတွေ မဟုတ်လား ။”
ကျော်စိုးက အမှန်ပင် စိတ်မချမ်းသာ၍လား
၊ ဒါမှမဟုတ် ကြောက်၍လား မပြောတတ် ။ ဟိုအဘ နှစ်ခါမနှင်ရဘဲ ချက်ချင်း ပြန်လိုက်သွားဖို့
သဘောတူလိုက်၏ ။
“ အဘ ကျွန်တော်တို့ သွားပြီနော် ။”
“အေး အေး ။”
ကျွန်တော်တို့ အဘအိုးဝေကို နှုတ်ဆက်ထွက်ခွာလာစဉ်
ရွာသားနှစ်ယောက်က အခေါင်းကြီးကို ထမ်းကာ ဇရပ်ပေါ်သို့ တက်သွားလေသည် ။
သူတို့ မျိုးလှိုင်ဆိုသောအလောင်းကောင်ကြီးကို
အခေါင်းထဲသို့ ထည့်တော့မည်လား…။ ဤရွာ၌ မသာအလှပြင်သူ ရှိကော ရှိပါ့မလား…ရှိမည် မထင်
။ ထိုသို့ဆိုလျှင် မနက်ဖြန် မသာပို့သွားသော လူတစ်သိုက် ဆွေမျိုးတစ်စုအတွက် ကျွန်တော်
ရတက်မအေး ဖြစ်မိပါသည် ။
မှောင်မှောင်မည်းမည်း၌ပင် ဤမျှ ထိတ်လန့်ခြောက်ခြားစရာကောင်းသော-အလောင်းကောင်ကြီးကို
လင်းလင်း ချင်းချင်းတွင် မြင်တွေ့ရသူအဖို့ မည်မျှ စိတ်ညစ်ညူးဖွယ် ကောင်းလိုက်မည်နည်း
။
ကျော်စိုးကတော့ ဟိုရီဝေဝေနှစ်ယောက်ကို ကျွန်တော့်ရဲ့ရဲစွမ်းသတ္တိရှိခဲ့ပုံအကြောင်း
အစအဆုံး ဇာတ်စုံခင်းလျက် ရှိ၏ ။ ထိုသူနှစ်ယောက်ကလည်း ဟယ်…ဟုတ်လား - ဟင်…တစ်ယောက်တည်း - အမလေး…ကြောက်စရာကြီး-စသော အာမေဍိတ်စကားလုံးများကို
သုံးကာ ကျွန်တော့်ကို မြှောက်ပင့်ချီးကျူးလျက် ရှိသည် ။
ကျွန်တော့်အတွေးထဲတွင်တော့ မငြိမ်မသက် ။ စက်ဘီးကို
တပည့်တစ်ဦးက တွန်းလာသောကြောင့် လက်ဗလာ လမ်းလျှောက်လာရပေမဲ့ ပေါ့ပေါ့ပါးပါး မရှိ ။
ထိုကြောက်စရာ လျှာတန်းလန်းမျက်နှာကြီးကို ပြန်လည်မြင်ယောင်ကာ ထိုဇရပ်သို့ ပထမဆုံး တစ်ကိုယ်တည်း
ရောက်ရှိသွားချိန်ကို ပြန်လည်တွေးတောရင်း ကြက်သီးတဖြန်းဖြန်းထနေမိသည် ။
အကယ်၍ ထိုစဉ်က ဇရပ်ပေါ်မှလူကို လူသေမှန်းသာ
သိသွားခဲ့လျှင် ကျွန်တော် ကြောက်လန့်တကြားဖြင့် ဘုန်းကြီး ကျောင်းသို့ အော်ဟစ်ပြန်ပြေးလာမိမှာ
အသေအချာ ။ တပည့်တွေ၏အရိုအသေတန်ခြင်း ၊ လှောင်ပြောင်ရယ်မောခြင်း ထိုမှတစ်ဆင့် ရွာသူကြီးဆီသို့
ပျံ့လွင့်ကာ မြို့သား-ကိုလူကြောက်ဟု ပြောစမှတ်တွင်မည် မလွဲ ။
လူတွေ၏အကျင့်က ထိုအတိုင်းပဲလေ ။ ကိုယ်ကြောက်စဉ်က
အပြစ် မမြင်တတ်သော်လည်း သူများ ကြောက်လန့် လျှင် လှောင်ပြောင်ရယ်မောချင်ကြစမြဲပဲ မဟုတ်ပါလား
။
ယခုတော့ ဘယ်သူဘယ်ဝါ မသိခဲ့သောကြောင့်သာ လူသေအလောင်းကောင်ကြီးကို
အဖော်ပြုရင်း ထိုမိုးသည်းညကို ကျွန်တော်တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ဖြတ်သန်းခဲ့ဖူးသည့်အကြောင်း
ကျွန်တော် အိမ်ပြန်ရောက်သည့်အခါ စာရေးဝါသနာ ပါသော သမီးငယ်လေးကို ရယ်စရာဟာသတစ်ပုဒ်ပမာ
ပြောပြရပေဦးတော့မည် ။
စေတနာရှေ့ထားလျက်…