Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၇) မေတ္တာမျက်စိ ကိုယ်စီ ရှိလျှင်




ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၇)

မေတ္တာမျက်စိ ကိုယ်စီ ရှိလျှင်


(၂၀၁၆ခုနှစ် မေလ(၂၈)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အတွေးအမြင်ကဏ္ဍတွင် ဖော်ပြခြင်းခံရသောဆောင်းပါးဖြစ်ပါသည်)

 

ဂါဦးနွန်းကို ............. သုံးသပ်ရေးသားသည် ။


------------------------------------------------------------------------------------------------------------

 
“ ဒီကလေးရဲ့မိဘတွေကိုရှာဖို့ အိန္ဒိယကနေ ပါကစ္စတန်ကို လာခဲ့တယ် ဟုတ်လား ။ ( ဟုတ်ပါတယ် ။ ဘာဖြစ်လို့လဲ )
            ခင်ဗျားလိုလူမျိုး ဒီနှစ်နိုင်ငံကြားထဲမှာ နောက်ထပ်ရှိသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ ။”

ÿ ÿ ÿ ÿ ÿ ÿ ÿ ÿ ÿ

ဇာတ်လမ်းရဲ့ရည်ရွယ်ချက်က အရောင်တွေ မခွဲဘဲ မေတ္တာမျက်စိဖြင့် ရှုကြည့်ကြဖို့ တိုက်တွန်းထားတဲ့ပုံစံဖြစ်လို့ မြတ်နိုးစရာ အမှန် ကောင်းနေတာကြောင့် ပြောပြချင်တဲ့ရုပ်ရှင်ခေါင်းစဉ်အောက်ကို ထည့်ဖြစ်ခဲ့ပါတယ် ။ ဇာတ်ကားနာမည်ကတော့ “BAJRANGI BHAIJAAN”ပါ ။
            ပါကစ္စတန်နိုင်ငံရဲ့ဇနပုဒ်ရွာတစ်ရွာက (၆)နှစ်အရွယ်ကလေးမလေး‘ရှာဟီဒါ’ခမျာ စကားမပြောနိုင်ရှာပါဘူး ။ မတော်တဆ မှုတစ်ခုကြောင့် ကြောက်လန့်ပြီး အသံပျောက်ကွယ်သွားခဲ့တာပါ ။ စကားမပြောနိုင်တဲ့-သူမရဲ့ဖြစ်အင်ကို မိဘတွေက မကြည့်ရက် နိုင်လို့ ပျောက်လိုပျောက်ငြား အားကိုးရှာမိတဲ့အခါ အိန္ဒိယနိုင်ငံ ဒေလီမြို့ကို သွားဖို့ ဖြစ်လာခဲ့ပါတယ် ။
            ပါကစ္စတန်ကနေ အိန္ဒိယကို သွားဖို့ဆိုတာ လွယ်ကူတဲ့အနေအထားတော့ မဟုတ်ပါဘူး ။ နှစ်နိုင်ငံကြား အယူဝါဒပဋိပက္ခ တွေ ဖြစ်ပွားခဲ့လို့ ပြည်သူတွေဟာ တစ်နိုင်ငံကနေတစ်နိုင်ငံကို သွားမယ်ဆိုရင် စစ်ဆေးမှုအဆင့်ဆင့်ကို ဖြတ်သန်းသွားရမှာပါ ။ ဒါပေမဲ့ ရှာဟီဒါနဲ့သူမရဲ့မိခင်က အိန္ဒိယနိုင်ငံ ဒေလီမြို့ကို ရောက်အောင်သွားခဲ့ကြပါတယ် ။ စစ်ဆေးရေးဂိတ်မှာ သေနတ်ကိုင်ပြီး စောင့်နေတဲ့-စစ်သားကြီးကို ကလေးမလေး-ရှာဟီဒါက ပြုံးပြနှုတ်ဆက်လိုက်တယ် ။ အပြုံးသည် လွန်စွာတန်ဖိုးရှိ၏-အကုန်အကျ မများပေသိ တချို့အပြုံးသည် တစ်ဖက်လူကို တစ်သက်မမေ့စေနိုင်-ဆိုတဲ့စကားအတိုင်းပါလား ။ ခက်ထန်တဲ့စစ်သားကြီးရဲ့မျက်နှာ ဟာ ကြေးမုံပြင်လို အလင်းပြန်သွားခဲ့တယ် ။ စစ်ဆေးမှုပြီးချိန် ဂိတ်ဝကနေ ထွက်ခွာသွားတဲ့-ကလေးမလေးကို တန်ပြန်ပြုံးပြ နှုတ်ဆက်လို့ … ။ ဇာတ်ကားရဲ့အစမှာပဲ တစ်ဦးမေတ္တာ တစ်ဦးမှာ-ဆိုတဲ့သဘောကို ကြည်နူးဖွယ်တွေ့မြင်ရစေပါတယ် ။
            ခရီးစဉ်တစ်ခုလုံး ချောမွေ့ခဲ့ပေမဲ့ ခရီးကအပြန် ရထားပေါ်မှာ မိခင်ဖြစ်သူ အိပ်ငိုက်သွားခဲ့တယ် ။ နှစ်နိုင်ငံကြားမှာ သံလမ်း ပြုပြင်နေလို့ ရထား ခဏရပ်နားခိုက်ပေါ့ ။ ကလေးမလေးက ရထားလမ်းဘေးမှာ သိုးကလေးတစ်ကောင် လဲနေလို့ ကူညီဖို့ ဆင်း သွားခဲ့တာပါ ။ သူမ ဆင်းပြီးမကြာ ရထားထွက်သွားပါလေရော ။ အော်လည်းမအော်နိုင်၊ ပြေးလိုက်ဖို့လည်း မတတ်နိုင်ရှာတဲ့-(၆)နှစ် အရွယ်ကလေးမလေးခမျာ တစ်ဖက်နိုင်ငံမှာ ကျန်ရစ်ခဲ့ပါတယ် ။ သူမ ကြောက်နေရှာမှာပေါ့ ။ သူမ ဘာဆက်လုပ်မလဲ ။ ရထားက လည်း တဂျုန်းဂျုန်းထွက်ခွာသွားပြီ ။ ကတုန်ကယင်ရပ်စောင့်နေတုန်း လာရောက်ရပ်တန့်တဲ့ရထားနောက်တစ်စင်းကိုတွေ့တော့ သူမ တက်လာလိုက်တယ် ။ ရှာဟီဒါ ထင်နေတာက ဒီရထားဟာ အမိနိုင်ငံကို ရောက်စေလိမ့်မယ်လို့ပေါ့ ။ ဒါပေမဲ့ တကယ်တမ်းမှာ တော့ ရထားက အိန္ဒိယနိုင်ငံထဲကို ပြန်လည်ထွက်ခွာမယ့်ရထားဖြစ်နေပါတယ် ။ နှစ်နိုင်ငံနယ်စပ်ကနေ ဒေလီမြို့ကို သူမ ပြန်လည် ရောက်ရှိသွားခဲ့ပါတယ် ။
             ‘ပါဝန်’က ဘာသာတရားကိုင်းရှိုင်းပြီး ရိုးသားနုံအတဲ့လူငယ်တစ်ယောက်ပါ ။ ဒါပေမဲ့ သူတပါးအပေါ် စာနာကူညီတတ်တဲ့ အတွက် ချစ်သူရဲ့တန်ဖိုးထားရွေးချယ်မှုကို ခံခဲ့ရပါတယ် ။ ချစ်ရသူနဲ့ အိမ်ယာ ထူထောင်ဖို့ ပိုက်ဆံရှာနေတုန်းအခိုက်မှာ ရှာဟီဒါနဲ့ ဆုံတွေ့ခဲ့တာပါ ။ ကိုယ်တိုင်တောင် ယောက္ခမလောင်းအိမ်မှာ ကပ်နေရတဲ့အခြေအနေဖြစ်တာကြောင့် ပါဝန်ဟာ သူမကို ဘုရား ကျောင်းတစ်ခုမှာ ချန်ထားခဲ့ဖို့ ကြံစည်မိပါသေးတယ် ။ လမ်းပျောက်နေတဲ့-ကလေးမလေးကို ပါဝန်က လက်လွတ်စပယ်ပစ်ထားခဲ့ မှာလား ။ မလုပ်နိုင်ခဲ့ပါဘူး ။ နောက်ဆုံးမှာတော့ ကလေးမလေးကို မဖြစ်ဖြစ်အောင် ကူညီဖို့ ဆုံးဖြတ်ခဲ့လိုက်တယ် ။
            အစပိုင်းမှာတော့ ပျော်စရာတွေချည်းပဲပေါ့ ။ ပါဝန်ရဲ့ချစ်သူမိသားစုက ဘာသာတရားကိုင်းရှိုင်းပြီး ရိုးရာကို လေးစားမြတ်နိုး သူတွေပါ ။ သူတပါးအပေါ် ကူညီတတ်တဲ့ ပါဝန်ရဲ့စိတ်ထားကိုလည်း တန်ဖိုးထားတဲ့အတွက် ကလေးမလေးကိုလည်း စောင့်ရှောက် ကူညီခဲ့ကြပါတယ် ။ စကားမပြောတတ်တော့ ဘယ်ကလဲ ၊ မိဘတွေ ဘယ်သူလဲဆိုတာလည်း မေးမရခဲ့ပါဘူး ။ အိမ်မှာပဲ သားသမီး လိုမျိုး နေထိုင်စေပါတယ် ။ ပါဝန်ရဲ့ချစ်သူကလည်း စိတ်တူကိုယ်တူပါပဲ ။ ကလေးမလေးကို စောင့်ရှောက်ပါတယ် ။ ဒါပေမဲ့ တဖြည်း ဖြည်းနဲ့ အတူနေလာရင်း ကွဲပြားခြားနားမှုတွေကို သတိပြုမိလာတဲ့အခါ ဓလေ့စရိုက်ချင်း ၊ အယူအဆချင်း မတူညီမှုတွေကြောင့် နောက်ဆုံးမှာ ရှာဟီဒါကို ပါကစ္စတန်ကမှန်း သူတို့ သိရှိသွားခဲ့ကြပါရော ။
            သိရင်သိချင်း ယမ်းပုံမီးကျ ပေါက်ကွဲသွားခဲ့တာက ပါဝန်ရဲ့ယောက္ခမလောင်းကြီးပါ ။ သမီးဖြစ်သူနဲ့ အချေအတင် စကား များကြတဲ့အထိပါပဲ ။ သမီးဖြစ်သူ-ရစီကာက ကလေးမလေးအပေါ် အရောင်တွေနဲ့ မမြင်ဖို့ ၊ သူမဟာ မိဘနဲ့ကွဲပြီး အိမ်နဲ့ဝေးနေရတဲ့ (၆)နှစ်အရွယ် သနားစဖွယ်ကလေးမလေးသာဖြစ်ကြောင်း ရှင်းပြနားချခဲ့ပေမဲ့ ဖခင်ဖြစ်သူက လက်မခံခဲ့ပါဘူး ။ နိုင်ငံမတူ၊ ဘာသာ မတူတဲ့ ရှာဟီဒါကို အိမ်မှာ မထားနိုင်တော့တဲ့အတွက် မနက်ဖြန်ပဲ ပါကစ္စတန်သံရုံးကို သွားပို့ဖို့ ပြောဆိုခဲ့ပါတယ် ။
            ပါကစ္စတန်နိုင်ငံအထိ ပါဝန် သွားဖို့ အကြောင်းဖြစ်လာခဲ့ပုံက အဆင့်ဆင့်ပါပဲ ။ ပထမတုန်းက သံရုံးကို သွားပြီး ကလေးမ လေးကို ပို့ပါသေးတယ် ။ ဒါပေမဲ့ နှစ်နိုင်ငံကြား ဆူပူအုံကြွမှုတွေ ဖြစ်ပွားနေတဲ့အခိုက်အတန့်ဖြစ်လို့ ဘာမှတ်တမ်းမှမပါတဲ့-ကလေးမ လေးကို သံရုံးကလည်း ပို့မပေးနိုင်တဲ့အတွက် အောက်လမ်းကသွားဖို့ ကြံစည်ကြပြန်ပါတယ် ။ အောက်လမ်းက သွားဖို့ကိစ္စကလည်း လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး ။ ပါဝန်တို့ချစ်သူနှစ်ဦး စုဆောင်းထားတဲ့ငွေကြေးတွေကို ခရီးစရိတ်အဖြစ် ပုံအောပေးလိုက်ရပါ တယ် ။
ဒီနေရာမှာ သွေးပျက်ဖွယ်ရာလှည့်ကွက်တစ်ကွက်ကိုလည်း (ဇာတ်လမ်းကို ပိုကြွလာစေဖို့အတွက်) ထည့်သွင်းထားပါသေး တယ် ။ တစ်ဖက်မှာလည်း ပါဝန်တို့စုံတွဲလို မေတ္တာတရားကြီးမားသူတွေ ၊ အတ္တအရောင်တွေ မပါဘဲ စွန့်လွှတ်ကူညီတတ်သူတွေ ရှိ နေသလို ကျန်တစ်ဖက်မှာလည်း ဘယ်သူသေသေ ငတေမာပြီးရော-လူစားတွေ ၊ သားသမီးချင်းနှမချင်း မစာနာမထောက်ထားသူ တွေ ရှိနေတယ်ဆိုတဲ့အချက်ကို ဒီဇာတ်လမ်းမှာ ခပ်ရိုးရိုးတင်ဆက်ပြသသွားပါတယ် ။ ပါဝန်က တာဝန်ခံရဲ့လက်ထဲ ကလေးမလေး နဲ့ပိုက်ဆံတွေကို ယုံယုံကြည်ကြည်အပ်ပြီး ဟိုရောက်လို့ သူမရဲ့မိဘတွေကို ရှာတွေ့ရင် ဖုန်းဆက်ပါရန် အတန်တန်မှာလိုက်ပါသေး တယ် ။ အပြောကောင်းတဲ့တာဝန်ခံရဲ့စကားကို ပါဝန်က ယုံကြည်နေခဲ့တာကိုး ။ ကံကောင်းချင်တော့ အကြောင်းတစ်ခုကြောင့် ပါဝန် ပြန်လှည့်လာခဲ့တယ် ။ အဲဒီအခါကျမှ ဒိဋ္ဌသိမြင်လိုက်ရတာက တာဝန်ခံဟာ လူလိမ်ဖြစ်နေတယ်ဆိုတဲ့အချက်ပါ ။ ငွေတွေကို လိမ်လည်ယူရုံတင်မကဘဲ ကလေးမလေးကိုလည်း မကောင်းတဲ့နေရာမျိုးမှာ ရောင်းစားဖို့အထိ ကြံစည်ပြီးနေပါပြီ ။
ဘယ်သူ့ကိုမှ မယုံရပါလားလို့ သဘောပေါက်သွားတာကြောင့် ပါဝန်ဟာ ကလေးမလေးရဲ့မိဘတွေကို ကိုယ်တိုင် သွားရှာ ပေးမယ်လို့ ဘုရားမှာ ကတိပြုပြီးတဲ့နောက် ပါကစ္စတန်နိုင်ငံကို ဗီဇာမပါဘာမပါနဲ့ နှစ်ယောက်သား စွန့်စွန့်စားစားထွက်လာခဲ့ကြပါ ရော ။ ပါဝန်ရဲ့ရိုးသားဖြူစင်မှုက ကြားရသူတိုင်းအဖို့ အရူးလို့ သမုတ်တဲ့အထိ ဆန်းကြယ်နေခဲ့ပါတယ် ။ လူတိုင်းနီးပါးက မုသားမပါ လင်္ကာမချောလို့ ပြောတတ်ကြတယ်မဟုတ်ပါလား ။ ဘုရားစကားကို အသက်ထက်ပိုပြီး နားထောင်လိုက်နာသူ ဘယ်နှယောက်များ ရှိနိုင်ပါ့မလဲ ။ သို့သော် ပါဝန်ကတော့ ဘုရားက လိမ်ညာခိုးဝှက်တာကိုမကြိုက်တဲ့အတွက် ခွင့်ပြုချက်ရတဲ့အထိ အရိုက်အနှက်ခံခဲ့ပါ တယ် ။ နောက်ဆုံးမှာတော့ နယ်ခြားစောင့်တပ်တွေကတောင် လက်လျှော့ပြီး ခွင့်ပြုချက်ပေးလိုက်ရတဲ့အထိပါပဲ ။
သူတို့ကို သူလျှိုထင်ပြီး ရဲတွေက ဖမ်းခေါ်သွားပေမဲ့ လွတ်မြောက်ခဲ့တယ် ။ အစပိုင်းမှာ သတင်းယူမယ်အကြံနဲ့ လိုက် ချောင်းနေခဲ့တဲ့-သတင်းထောက်က နောက်တော့ ပါဝန်ရဲ့စိတ်ရင်းကို နားလည်သွားခဲ့ပြီး အစစအရာရာကူညီပေးခဲ့ပါတယ် ။ လိုင်း ကားပေါ်ကလူတွေ ၊ ဘုရားကျောင်းကလူတွေ ၊ လမ်းမှာ တွေ့ဆုံသမျှလူတိုင်းက ပါဝန်ရဲ့စိတ်စေတနာအပေါ်မှာ အံ့သြဘနန်းဖြစ် ကြရပါတယ် ။ သူတပါးအပေါ် ထူးထူးခြားခြား မေတ္တာထားနိုင်တဲ့ ပါဝန်ရဲ့စိတ်ထားက အတ္တအရောင်တွေကြားမှာ နားလည်ရခက်စွာ ကွဲထွက်နေတာပဲကိုး ။ ဒီလိုဖြူစင်သန့်ရှင်းတဲ့မေတ္တာမျက်စိပိုင်ရှင်တွေလည်း ရှိနေသေးပါလားဆိုတဲ့အသိက ပတ်ဝန်းကျင်ကလူတွေ အထိ ရိုက်ခတ်သွားခဲ့တယ် ။ ကလေးမလေးရဲ့အိမ်ကို ပြန်ရှာတွေ့ဖို့အတွက် နီးစပ်ရာလူတိုင်းက ဝိုင်းဝန်းကူညီခဲ့ကြတယ် ။
            နောက်ဆုံးမှာ ကလေးမလေး‘ရှာဟီဒါ’ကို အိမ်ပြန်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ‘ပါဝန်’ခမျာတော့ သူလျှိုအဖြစ်နဲ့ အဖမ်းခံခဲ့ရရှာတယ် ။ အချုပ်ခန်းထဲမှာ အမျိုးမျိုးနှိပ်စက်ညှင်းဆဲမှုတွေ ခံနေရတဲ့အတွက် သတင်းထောက်ဖြစ်သူက လမ်းတလျှောက် ရိုက်ကူးထားခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အင်တာနက်မှာ လွှင့်တင်လို့ ပါဝန်ဟာ သူလျှို မဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ သတင်းထောက်ရဲ့ဖြန့်လွှင့်မှုကြောင့် ပါဝန်ရဲ့မေတ္တာဇာတ်လမ်းက အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့တယ် ။ ဆွံ့အနေတဲ့-ကလေးမလေး တစ်ယောက်ကို အန္တရာယ်တွေကြားကနေ အိမ်လိုက်ရှာပေးခဲ့တဲ့ မေတ္တာရှင်တစ်ယောက်ရဲ့အကြောင်းက လူအများရဲ့ရင်ကို လှုပ် ရှားသွားစေခဲ့တာပေါ့ ။
ပါဝန်ကို သူလျှို မဟုတ်မှန်း သိရှိသွားခဲ့တဲ့နောက် အထက်က ဖိအားပေးတိုင်း မလုပ်ဘဲ အမှန်တရားဘက်က ရပ်တည်ခဲ့ တဲ့ ရဲမှူးကြီးရဲ့ဥာဏ်သွားကလည်း အတုယူစရာလို့ ဆိုရမှာပါ ။ သူလျှိုဖြစ်ကြောင်း ဇွတ်အတင်း ဝန်ခံခိုင်းဖို့ အထက်လူကြီးတချို့က ဖိအားပေးခဲ့ပေမဲ့ မတရားတာကို မလုပ်ခဲ့ပါဘူး ။ မီဒီယာသမားတွေရဲ့အကူအညီရဲ့လူထုရဲ့အားကို အသုံးပြုလို့ ပါဝန် လွတ်မြောက် အောင် ဆောင်ရွက်ပေးခဲ့တယ် ။ နယ်စပ်နှစ်ခုကြားက ပိတ်နေတဲ့တံခါးကို လူထုရဲ့အင်အားနဲ့ ဖွင့်လှစ်နိုင်ခဲ့တယ် ။ ပါဝန်ရဲ့မေတ္တာ မျက်စိကို လေးစားအားကျကြသူတိုင်းက သူ လွတ်မြောက်ဖို့အရေး ဝိုင်းဝန်းကူညီပေးခဲ့ကြတယ် ။ နယ်စပ်မှာ အသင့်စောင့်နေတဲ့ သေနတ်ကျည်ဆန်တွေရဲ့ရန်ကိုတောင်မှ မမှုဘဲနဲ့ပေါ့ ။ ဇာတ်သိမ်းမှာတော့ အကြောက်တရားကြောင့် ဆွံ့အသွားခဲ့တဲ့ကလေးမ လေးဟာ ကျေးဇူးရှင်-ပါဝန်ကို လှမ်းအော်နှုတ်ဆက်ချင်တဲ့စိတ်ကြောင့် အသံထွက်အော်ခေါ်နိုင်ခဲ့ပုံနဲ့ ချစ်စဖွယ်အဆုံးသတ်ထားပါ တယ် ။

ÿ ÿ ÿ ÿ ÿ ÿ ÿ ÿ ÿ

ဘုရားစကားကို အသက်ထက် ပိုနားထောင်သူတစ်ယောက်က ဘာသာခြားကလေးမလေးတစ်ယောက်ကို အခက်အခဲ တွေကြားကနေ အိမ်ပြန်ပို့ပေးတဲ့အကြောင်း ရိုက်ကူးထားတဲ့-ဒီဇာတ်ကားဟာ ကြည့်မြင်ရသူအဖို့ ထူးခြားတဲ့အတွေးအမြင်တချို့ကို ရရှိစေလိမ့်မယ်လို့ ထင်ပါတယ် ။ အစပိုင်းမှာ ဘာသာရေးတွေကို စောင်းပေးထားသလို ထင်ရပါတယ် ။ အလယ်မှာ ဘာသာရေး နှစ်ခုကို အားပြိုင်မှုအနည်းငယ် ဖြည့်စွက်ထားပြီး မျှတအောင် တင်ဆက်ထားတဲ့အတွက် ဘက်လိုက်မှုကင်းတယ်လို့ ဆိုရပါလိမ့် မယ် ။
အဆုံးသတ်မှာတော့ …

(၁)_မေတ္တာတရားသာ ပဓာန ၊ 

(၂)_ယုံကြည်မှုတွေအတွက် တစ်ဖက်ကိုတစ်ဖက် ပုတ်ခတ်စော်ကားပြီး လောကကို အတ္တတွေနဲ့ အကြမ်းဖက်ဖို့ မလိုပါဘူး ။
      ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့်နည်းလမ်းက မလှမ်းမကမ်းမှာ ရှိနေပါတယ် ။ ( ကျွန်မ တို့ သတိပြုမိဖို့ပဲ လိုတာပါ )

(၃)_ဘယ်လိုပဲ ကွဲပြားခြားနားသူဖြစ်ပါစေ သူ့ရင်ထဲမှာရှိတဲ့ ဖြူစင်မြင့်မြတ်တဲ့စိတ်ထား ၊ လောကအပေါ် မျှမျှတတရှုကြည့်နိုင်တဲ့
     မေတ္တာမျက်စိတို့ကသာ အဓိကကျတယ် -
ဆိုတဲ့အချက်တွေကို အဆင့်ဆင့်လှစ်ဟပြသသွားနိုင်တာကြောင့် ဒီရုပ်ရှင်ကို လူအများ နှစ်သက်သဘောကျကြတာလည်း ဆန်းမယ် မထင်ပါဘူး ။
ဘုရားရှင်တိုင်းဟာ မကောင်းမှု ရှောင် ၊ ကောင်းမှု ဆောင် ၊ စိတ်ကို ဖြူအောင်ထားဖို့ ဆုံးမထားကြတာချည်းပါပဲ ။ ကျွန်မ တို့ပုထုဇဉ်တွေကသာ လောဘ ဒေါသ မောဟတွေရဲ့လွှမ်းမိုးခြယ်လှယ်မှုတွေကြောင့် ကိုယ် လိုရာဆွဲပြီး ကမ္ဘာမြေကို အတ္တတွေနဲ့ အရောင်ဆိုးဖို့ ကြိုးစားနေကြတာပါ ။ ညိုညစ်ခြင်းအတ္တရောင်တွေက ဖြူစင်ခြင်းကို ဖုံးလွှမ်းနေလို့လည်း ကျွန်မတို့လူမှုဘဝတွေမှာ ပြဿနာမဟုတ်တာတွေအတွက်နဲ့ တစ်ဦးကိုတစ်ဦး ရန်လိုသတ်ဖြတ်နေကြတာ မဟုတ်လား ။
ကျွန်မတို့ဟာ ကျွန်မတို့ယုံကြည်ရာကို ဆုပ်ကိုင်ခွင့် ရှိတယ် ။ ဒါပေမယ့် ကျွန်မတို့ရဲ့ယုံကြည်ချက်အတွက် ပတ်ဝန်းကျင်ကို အကြမ်းဖက်ဖို့ မလိုပါဘူး ။ မေတ္တာတရားသာလျှင် အရာရာကို အောင်နိုင်မယ်ဆိုတာကို ကျွန်မတို့ ယုံကြည်နေဖို့ပဲ လိုပါတယ် ။ ယခု အခါမှာ ကမ္ဘာကြီးဟာ တစ်စထက်တစ်စ ပူလောင်လို့လာပါပြီ ။ နေရာဒေသတိုင်းမှာ ပဋိပက္ခနဲ့စစ်လက္ခဏာများ ဖြစ်ပွားဖို့ရာ တာစူ နေကြပါတယ် ။ နောက်ပြီး ဖောက်ပြန်နေတဲ့ရာသီဥတုနဲ့အတူ သဘာဝဘေးအန္တရာယ်တွေ … ။ အဓိကကတော့ ကျွန်မတို့အားလုံး တစ်ယောက်အပေါ်တစ်ယောက် မေတ္တာတရား ခေါင်းပါးနေကြတဲ့အတွက်လို့ သုံးသပ်ရပါလိမ့်မယ် ။ မေတ္တာပယ်တော့ တစ်ဦးနဲ့ တစ်ဦး သံသယ/အတ္တမျက်စိတွေနဲ့ စိုက်ကြည့်ရင်း ရန်လိုမှုတွေ ဖြစ်တည်လာကြတာပေါ့ ။ မေတ္တာမရှိတဲ့လောကကို သဘာဝတရား ကလည်း တန်ပြန်ဒဏ်ခတ်မှာပါပဲ ။
ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး အဓိကတွေးချင်စရာကတော့ ခပ်နုံနုံသာမညလူရိုးတစ်ယောက်ကတောင် မေတ္တာမျက်စိ တည်ရှိတဲ့အခါ ပတ်ဝန်းကျင်ကို မေတ္တာဓာတ်တွေ ပြန့်ပွားစေနိုင်တယ်ဆိုတဲ့အချက်ပါပဲ ။ လူတိုင်း အလိုရှိတဲ့ငြိမ်းချမ်းရေးကို လူတိုင်း ကိုယ်တိုင်ပဲ မေတ္တာတရားနဲ့ တည်ဆောက်ယူနိုင်ပါတယ် ။ တစ်ဦးကိုတစ်ဦး အရောင်တွေ ၊ အာဃာတတွေ ၊ အသင်းအဖွဲ့တွေအဖြစ် နဲ့ မရှုမြင်ဘဲ မေတ္တာမျက်စိနဲ့ ကိုယ်စီ ကြည့်ကြမယ်ဆိုရင် လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာပေါ်က ပူလောင်ဆူပွက်မှုအားလုံးကို အတန် အသင့်ဖြန်ဖြေပြီးသားဖြစ်သွားမှာပါ ။ တစ်ဦးကိုတစ်ဦး အရောင်တွေဖယ်ပြီး မေတ္တာမျက်စိနဲ့ ကြည့်မြင်လို့ ကမ္ဘာလောက ငြိမ်းချမ်း သာယာစေဖို့ ဆန္ဒပြုရင်း …

@      ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ …



                                                                                                                                                                                                                                                                      
                                                      စေတနာရှေ့ထားလျက်… 
                                                                                                                                
                                                            ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။