Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အသက်ဝင်နေသော အရိပ်များ…



အသက်ဝင်နေသော အရိပ်များ…


 ( ၂၀၁၃ စက်တင်ဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )


ရေးသူ  -  ဂါဦးနွန်းကို



-------------------------------------------------------------------------------------------

          
  တစ်စက်ပြီးတစ်စက်စီးကျနေသောမျက်ရည်စက်များကို ဇင်ငြိမ်းဝေ လက်ခုံဖြင့် သုတ်လိုက်ရင်း သက်ပြင်းရှည်ကြီးတစ်ခုကို ရှိုက်သွင်းချလိုက်သည် ။ ရင်ထဲမှ မွန်းသိပ်ပြည့်ကျပ်နေသောဝေဒနာများက အနည်းငယ်မျှလျော့ကျမသွား ။ ငိုရလွန်း၍ မို့ အစ်နီမြန်းနေသောမျက်လုံးအစုံကို လက်နှစ်ဖက်နှင့် ခပ်ကြမ်းကြမ်းပွတ်သပ်ပစ်လိုက်ကာ စိတ်မာစမ်း…စိတ်ခိုင်စမ်းဟု ကိုယ့် ကိုယ်ကို အားပေးနေမိသည် ။ မည်မျှပင် အားပေးခိုင်းစေနေပါစေ…ဇင်ငြိမ်းဝေ၏နှလုံးသားက ထိုအမိန့်သံတွေကို အပြင်း အထန်ငြင်းဆန်ရုန်းကန်နေသဖြင့် မျက်ဝန်းတွင် မျက်ရည်စတွေ ပြည့်လျံလာပြန်သည် ။ မငိုနဲ့…မငိုရဘူးဟု တားမြစ်နေသော် လည်း မျက်ရည်တွေက ပါးပေါ်ကို စီးကျလာပြန်သည် ။ ဝမ်းနည်းစိတ် တမ်းတစိတ်တွေကြောင့် မျက်ဝန်းတွေက တသိမ့်သိမ့် ငိုရှိုက်နေမိပေမဲ့ နာကျည်းစိတ် ခံပြင်းစိတ်တွေကြောင့် နှုတ်ခမ်းတွေကတော့ တဆတ်ဆတ်တုန်ရီနေ၏ ။
   “ မောင့်ကို သတိရလိုက်တာ ။”
ထိုအတွေးနှင့်အတူ နှလုံးအိမ်တစ်ခုလုံး စူးအောင့်နာကျင်သွားရပေမဲ့ တစ်ဖက်ကလည်း…
   “ အို…သူ မရှိလည်း ငါ နေနိုင်တယ် ။ ”
ဟူသောအတွေးက ခေါင်းထဲသို့ ဝင်လာပြန်၍ နာကျင်နေတဲ့နှလုံးသားကို ဥပေက္ခာပြုကာ စိတ်ကို တင်းထားလိုက်သည် ။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝဆိုတာ ကံဆုံစား ကံကုန်သွားပါပဲ ။ ငါနဲ့သူရဲ့ဆုံဆည်းကံက ဒီလောက်ပဲပါလို့နေမှာပါလေဟု ကိုယ့် ကိုယ်ကို နှစ်သိမ့်ရသည် ။
      ဇွန်းနှင့် ထမင်းတစ်လုပ်ကို ခပ်ယူကာ ပါးစပ်တွင်းသို့ စိတ်မပါလက်မပါသွင်းလိုက်သည် ။ လျှာပေါ်သို့ရောက်သွားသော ထမင်းလုတ်သည် အေးစက်စက်နှင့် အရသာကင်းမဲ့နေသလို ခံစားရ၏ ။ ထမင်းလုတ်ကို ကြိတ်ကာဝါးမျိုရင်း မောင့်ကို သတိ ရသွားပြန်သည် ။ မောင်က ထမင်းဟင်းချက်ရာ၌ အလွန်လက်ရာကောင်းသူတစ်ယောက်…။ ဤဆိုင်ထမင်း ဆိုင်ဟင်းများမှာ မောင့်လက်ရာကို နည်းနည်းမျှပင် မမီ ။ လွန်ခဲ့သောတနင်္ဂနွေရုံးပိတ်ရက်က မောင် ချက်ကျွေးသော မာလာငါးဟင်းကို ပြန် တမ်းတမိသည် ။ မွှေးပျံသော စပါးလင်နံ့နှင့်အတူ စားကောင်းရုံတုံးတစ်ထားသော အရသာရှိလှသည့်ငါးတုံးလေးများ ၊ မောင် ချက်သောမာလာငါးဟင်းတွင် ဇင်ငြိမ်းဝေအကြိုက်ဆုံးက စိမ်းစိုနုညံ့လှသည့် ကန်စွန်းရိုးလေးတွေ ၊ ထိုကန်စွန်းရိုးလေးများမှာ ကြော်စားလျှင် သိပ်မကြိုက်လှသော်လည်း မောင် ချက်သောမာလာငါးဟင်းထဲ၌တော့ ကန်စွန်းရိုး၏ချိုတိုတိုအရသာသာမက ငါးဟင်း၏ စပ်တပ်တပ်အရသာ မွှေးပျံသင်းထုံတဲ့အငွေ့အသက်တွေပါ ရောယှက်ပေါင်းစုံနေသဖြင့် စားလို့အလွန်ကောင်းလှ သည် ။
   “ ဟူး…အတိတ်ကို အတိတ်မှာ ထားခဲ့တာပဲ ကောင်းပါတယ် ။”
အတွေးတွေကို ခေါင်းထဲက ခါထုတ်ပစ်လိုက်ပြီး အေးစက်စက်နှင့် အရသာကင်းမဲ့လှတဲ့ထမင်းနှင့်ဆိတ်သားဟင်းကိုသာ အာ ဟာရဖြစ်စေရန်အတွက် ကြိတ်မှိတ်မျိုချလိုက်တော့သည် ။
     စားသောက်ပြီးသွားပြီဖြစ်၍ တစ်ခုခုအချိုပွဲတည်းရန် အံဆွဲကို ဆွဲဖွင့်ကြည့်လိုက်တော့ ဇင်ငြိမ်းဝေ၏ဖေဖေ သိမ်းဆည်း ထားခဲ့သော ဝိုင်အရက်ပုလင်းများတွေ့လိုက်ရသဖြင့် ဇင်ငြိမ်းဝေ ဆွဲထုတ်ယူလိုက်သည် ။ အမှန်တော့ ဇင်ငြိမ်းဝေသည် အ ရက်မသောက်တတ်ပါ ။ သို့သော်လည်း တစ်အိမ်လုံးတွင် တစ်ယောက်တည်းဖြစ်နေသည်က တစ်ကြောင်း ၊ စိတ်အလွန်ညစ် နေသည်က တစ်ကြောင်းကြောင့် ရုပ်ရှင်ကားတွေထဲကမင်းသမီးတွေလို အရက်ကို တမြေ့မြေ့သောက်ရင်း အလွမ်းဝေဒနာကို ဖြေသိမ့်ကြည့်ရကောင်းမယ်ဟူသောအတွေးနှင့် အရက်ပုလင်းကို ဆွဲထုတ်လိုက်ခြင်းဖြစ်သည် ။ ရေခဲသေတ္တာတွင်း၌လည်း အသင့်စားကြက်အူချောင်းများရှိသဖြင့် ဝိုင်တစ်ခွက်နှင့် ကြက်အူချောင်းတစ်ပန်းကန်ကိုသယ်ကာ အိမ်ရှေ့ကော်ရစ်တာဆီသို့ ထွက်လာခဲ့လိုက်သည် ။
     အိမ်ရှေ့ကော်ရစ်တာတွင် ဖေဖေ့လက်ထက်က ထိုင်ခဲ့သော ပက်လက်ကုလားထိုင်တစ်လုံး ရှိ၏ ။ ထိုပက်လက်ကုလား ထိုင်တွင်ပင် ဇင်ငြိမ်းဝေ ထိုင်လိုက်ပြီး ဝိုင်ကို ဇိမ်ခံသောက်ရင်း ခြံဝန်းထဲက ပန်းပင်တွေကို ငေးကြည့်နေမိသည် ။ ပန်းပင် လေးတွေကို ငေးကြည့်ရင်း အနည်းငယ်စိတ်သက်သာသလို ရှိသွားသဖြင့် ပန်းပင်တွေကိုသာ တခုတ်တရငေးကြည့်နေမိ၏ ။ ဇင်ငြိမ်းဝေ၏အိမ်က ရပ်ကွက်ထိပ်တွင် တစ်လုံးတည်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်၏အနှောင့်အယှက်ကင်းကာ ဆိတ်ငြိမ် တိတ်ဆိတ်နေ၏ ။ သို့ကြောင့်လည်း ဇင်ငြိမ်းဝေသည် ညနေခင်းဆည်းဆာ၏အလှကို ပြည့်ဝစွာခံစားခွင့်ရ၏ ။ ထိုစဉ် ဇင်ငြိမ်း ဝေ၏မြင်ကွင်းထဲသို့ ဝဝဖြိုးဖြိုးနှင့်ချစ်စရာခွေးပေါက်လေးတစ်ကောင် ဝင်လာသည် ။ ခွေးလေးသည် ဖြူဆွတ်ဆွတ်အရောင်ရှိ ပြီး ချစ်စဖွယ်ကောင်းသော်လည်း တစ်ကောင်တည်းဖြစ်နေ၍ ကြောက်ရွံ့စိုးထိတ်နေပုံပေါက်သည် ။
       တအီအီနှင့်အော်ကာ မျက်လုံးတွေကလည်း ဟိုဟိုသည်သည်ငေးမော့ကြည့်ရင်း တစ်စုံတစ်ရာကို ရှာဖွေနေ၏ ။ ညနေ စောင်းလေညင်းတစ်ချက်က ခပ်ပြင်းပြင်းတိုက်ခတ်လိုက်စဉ် သူ့ကိုယ်လေး တဆတ်ဆတ်တုန်သွားသည်ကို ဇင်ငြိမ်းဝေ ကရုဏာသက်စွာ တွေ့မြင်လိုက်ရသည် ။ ဇင်ငြိမ်းဝေ လှမ်းကြည့်နေစဉ်မှာပဲ ခွေးကြီးနှစ်ကောင်က ခွေးပေါက်လေးအနားသို့ ရောက်လာကာ ထိပ်ပုတ်ခေါင်းပုတ်နှင့် နှိပ်စက်ကျီစားကြ၏ ။ ခွေးကလေးခမျာ ကြောက်လွန်းလို့ အမြီးလေးကုတ်ကာ တုန်ရီ နေရှာသည် ။ ခွေးကြီးတစ်ကောင်က ထိုမျှနှင့် အားမရသေးဘဲ လည်ဂုတ်ကို ခဲလိုက်ရာ ခွေးကလေးမှာ နာကျင်လွန်း၍ တဂိန် ဂိန်အော်ညည်းရသဖြင့် ဇင်ငြိမ်းဝေလည်း မနေသာတော့ဘဲ ခြံထောင့်ရှိရေပိုက်ကို ဆွဲကာ ရေနှင့် လှမ်းပက်လိုက်သည် ။ ထို အခါမှ ခွေးကြီးနှစ်ကောင် အထိတ်တလန့်နှင့် ထွက်ပြေးသွားတော့သည် ။
   “ ကျွတ်…ကျွတ်…မကြောက်ပါနဲ့ ကလေးရယ် ။ လာ…မေမေ့ဆီကို လာ ။”
ရေစိုရွှဲလျက် တုန်ယင်နေရှာတဲ့ခွေးငယ်လေးကို ဇင်ငြိမ်းဝေ ထွေးပွေ့ပိုက်ရင်း တစ်စုံတစ်ယောက်ကို သတိရကာ ရင်ခွင်တစ် ခုလုံး ဆတ်ဆတ်ခါအောင် နာကျင်သွားရသည် ။ မျက်ရည်တွေက တမဟုတ်ချင်း မျက်လုံးအိမ်ထဲတွင် ပြည့်လျံသွားကာ ပါး ပြင်ထက်သို့ တလိမ့်လိမ့်စီးကျလာ၏ ။
   “ အို…ငိုနေလို့ မဖြစ်သေးပါဘူး ။ ခွေးလေးကို ရေသုတ်ပေးပြီး အစာကျွေးဦးမှ ။”
H H H H H H H H H H H H H H H H
           တစ်နေ့လုံး စိတ်ပင်ပန်းလူပင်ပန်းသဖြင့် ဇင်ငြိမ်းဝေ ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်သည် ။ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲနေသလို မျက်ခွံတွေကလည်း သယ်မ,ချင်စိတ် မရှိလောက်အောင် လေးလံပူစပ်နေ၏ ။
   “ စိတ်ထောင်းကိုယ်ကျေဆိုတာ ဒါမျိုး ထင်ပါရဲ့ ။”
ဟု ခပ်ချဉ်ချဉ်တွေးလိုက်မိသည် ။ ပင်ပန်းလွန်းလို့ ဇင်ငြိမ်းဝေ မှေးခနဲဖြစ်သွားသည့်အခိုက်…
   “ ဝုန်း…”
ကျယ်လောင်လှသည့်အသံတစ်သံကြောင့် အိပ်ရာပေါ်မှ ဆတ်ခနဲထထိုင်လိုက်မိသည် ။ ပစ္စည်းတစ်ခုခု ပြုတ်ကျသွားသည့် အသံမျိုး…။ ဘာများဖြစ်ပါလိမ့်ဟူသောအတွေးနှင့် အိပ်ခန်းအပြင်ဘက်ဆီသို့ နားစွင့်ကြည့်လိုက်၏ ။
   “ တောက်…”
ကျယ်လောင်လှသည့်တောက်ခေါက်သံ…။ ဇင်ငြိမ်းဝေ၏မျက်လုံး ပြူးကျယ်သွားကာ အိပ်ရာပေါ်မှ ညင်သာစွာ ထလာလိုက် ပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်သည် ။ အခန်းပြင်သည် မိနစ်ပိုင်းအတွင်း လုံးဝပြောင်းလဲခြားနားသွားပြီ…။
      နဂိုက ဇင်ငြိမ်းဝေကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ထားသော ဘိုဆန်ဆန်အညိုရင့်ရောင်နံရံကပ်ပိုစတာများနေရာတွင် စိမ်း နုရောင်နံရံကပ်စက္ကူများ ။ ထိုစိမ်းနုရောင်စက္ကူများ၏အပေါ်တွင်တော့ ချိတ်ဆွဲထားသောဓါတ်ပုံများ၊ လှေကားလက်ရမ်းဘေး တွင် မိန်းမတစ်ယောက် ကိုယ်ဟန်ပြနေတဲ့ပန်းချီကားတစ်ချပ် ။ ပွတ်လုံးတိုင်လှေကားများကို ငေးကြည့်ရင်း ဇင်ငြိမ်းဝေ အံ့ အားသင့်ရုံမက ဒီမြင်ကွင်းမျိုးကို ငါ မြင်ဖူးသလိုပါပဲဟူသောအသိက အာရုံတွင် လာကပ်ငြိပြီး မူးနောက်နောက်ဖြစ်သွား၏ ။ ထိုစဉ် ကျယ်လောင်လောင်အော်ဟစ်သံများကို အောက်ထပ်က ကြားရသဖြင့် သတိကြီးစွာထားကာ အောက်ထပ်သို့ ဆင်း လာလိုက်သည် ။
   “ မင်းက ဘာသိလို့လဲ ။ ဘာသောက်သုံးကျလို့ ငါ့အလုပ်တွေကို ဝင်ပါနေရတာလဲ ။”
   “ ကျွန်မက ရှင့်အလုပ်တွေကို ဝင်ပါနေတာ မဟုတ်ဘူး ။ မိသားစုကို ဂရုမစိုက်တဲ့ရှင့်ကို အသိတရားလေး ဝင်မလားလို့
     ပြောကြည့်မိတာ ။”
   “ ငါက ဒီမိသားစုကို ဂရုမစိုက်ဘဲ မယားငယ်ထားနေလို့လား ။”
   “ အမလေးရှင်…။ ရှင် ပိုက်ဆံရှာနိုင်လို့ မယားငယ်ထားရင်တောင် ကျွန်မက ဝမ်းသာနေဦးမယ် ။ ခုတော့ ပိုက်ဆံမရတဲ့
     အလုပ်ကို လုပ်နေရုံတင် မကဘူး ။ ကောင်မတွေနဲ့လည်း ပရောပရိလုပ်လို့ ။”
   “ မင်း ငါ့အနုပညာကို မစော်ကားနဲ့ ။ ဒါ လုပ်ငန်းသဘောကွ ။”
   “ ဘာအနုပညာလဲ ။ ဘာလုပ်ငန်းလဲ ။ ဟိုဟာမတွေက ပြီးရင် ပိုက်ဆံလေးနှစ်ပဲတစ်ပြားပေးပြီး ရှင့်ရှေ့မှာ ကော့ကန်ပြနေ
     ကြတာကို ရှင်က သာယာနေတာ မဟုတ်လား ။”
   “ မင်း…မင်း အရမ်းလွန်နေပြီနော် ။ တယ်…ငါ လုပ်လိုက်ရ ။”
   “ အောင်မာ…လုပ်ရဲလုပ်ကြည့်ပါလား ။ ကျွန်မက ငြိမ်ခံနေမယ်များမှတ်နေလား ။ ရှင့်လို အသုံးမကျတဲ့လူကို ယူခဲ့မိတာကို
     က ကျွန်မ မှားတာပါ ။ ခုတော့ ကြည့်ဦး ။ ရှင်က ကျွန်မ့လုပ်စာကို ထိုင်စားနေတယ် ။”
     “ တောက်…”
အမျိုးသားက လဲပြိုနေသောစားပွဲကို ခြေထောက်နှင့်ကန်ကာ အမျိုးသမီးကို စူးစူးရဲရဲစိုက်ကြည့်ပြီးနောက် အိမ်အပေါ်ထပ်သို့ ဝုန်းဒိုင်းကျဲတက်သွားသည် ။ အမျိုးသမီးက အိမ်အောက်ထပ်တွင် အံ့ကြိတ်ငိုလျက်ကျန်ရစ်ခဲ့၏ ။ ခပ်လှမ်းလှမ်းအခန်းထောင့် တစ်နေရာတွင်တော့ အားငယ်ဖျော့တော့သောမျက်ဝန်းတွေနှင့် ကြောက်ရွံ့စိုးထိတ်နေရှာတဲ့ကလေးမလေးတစ်ယောက် ။ ဘာတွေလဲ…။ ဒါက ဘာတွေဖြစ်ကုန်တာလဲ ။
    “ မေမေတို့ရယ်…ရန်မဖြစ်ကြပါနဲ့တော့နော် ။”
ကလေးမလေးက တိုးတိုးလေးရွတ်ဆိုလိုက်သည် ။ အသံက တိုးညင်လှသဖြင့် ကလေးမ၏အနားသို့ ရောက်နေသော ဇင် ငြိမ်းဝေပင် သဲ့သဲ့သာကြားရသည် ။ ကလေးမလေးကို ဇင်ငြိမ်းဝေ သနားကြင်နာစွာ ငေးကြည့်နေမိ၏ ။
      နောက်တစ်နေ့ကူးသွားသော်လည်း အကြောင်းအရာတွေက အပ်ကြောင်းထပ်လျက်…။ အမျိုးသားနှင့်အမျိုးသမီး နံနက် စာထမင်းဝိုင်းတွင် ရန်အကြီးအကျယ်ဖြစ်ကြသည် ။ အမျိုးသားက မစားရသေးတဲ့ထမင်းပန်းကန်ကြီးကို ကြမ်းပြင်ပေါ်သို့ ပစ် ခွဲပစ်လိုက်သည် ။ အမျိုးသမီးက အော်ဟစ်ကာ အမျိုးသားကိုတစ်လှည့် ကွဲကြေနေသော ကြမ်းပြင်ကပန်းကန်ကိုတစ်လှည့် လက်ညှိုးငေါက်ငေါက်ထိုးပြီး…
   “ ဒီပစ္စည်းတွေက ကျွန်မ ရှာထားတဲ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ဈေးကြီးပစ္စည်းတွေ ။ ရှင် မဝယ်ရတိုင်း ခွဲမနေနဲ့ ။”
   “ မင်း ငွေဂုဏ် သိပ်မောက်မနေနဲ့ ။ မင်း တစ်နေ့ နောင်တရစေရမယ် ။”
   “ ရှင်က ဘာဖြစ်ချင်လို့လဲ ။ အိမ်ပေါ်က ဆင်းချင်ဆင်းသွား ။”
အမျိုးသမီး၏စကား မဆုံးခင်ပင် အမျိုးသား ထမင်းဝိုင်းက ထသွားသည် ။ ကလေးမလေးကတော့ မိဘနှစ်ပါးကို မကြည့်ဘဲ ကြမ်းပြင်ကထမင်းလုံးလေးတွေကိုသာ မျက်လုံးအဝိုင်းသားနှင့် ငေးကြည့်နေသည် ။
       ဇင်ငြိမ်းဝေ၏ခေါင်းထဲ မူးနောက်ရှုပ်ထွေးနေဆဲ ။ ဒီမိသားစုဆီကို ငါ ဘယ်လိုလုပ်ပြီး ရောက်လာပါလိမ့်ဟူသော မေး ခွန်းကိုသာ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိသည် ။ နောက်ပြီး ဤအဖြစ်အပျက်တွေနှင့်လည်း ရင်းနှီးကျွမ်းဝင်နေသ လို…။
   “ သမီး…ကျောင်းသွားတော့လေ ။ ဘာလာကြည့်နေတာလဲ ။ သွား…အခု ။”
အော်ဟစ်သံတွေကြောင့် ဇင်ငြိမ်းဝေ ဧည့်ခန်းဆီသို့ လှမ်းကြည့်လိုက်မိတော့ မိခင်ဖြစ်သူကိုငေးကြည့်ရင်း တစ်ခုခုကိုမျှော် လင့်နေရှာတဲ့ ကျောပိုးအိတ်နှင့်ကလေးမလေး ။ ချက်ချင်းပင် ဇင်ငြိမ်းဝေ၏ရင်ထဲက စာနာလိုက်မိသည် ။ ကျောင်းသွားခါနီး မိခင်ဖြစ်သူက ထမင်းဘူးလေးကိုကိုင်ကာ ခြံဝသို့လိုက်ပို့ပြီး နဖူးပြင်ကို နမ်းရှုံ့လျက်…
   “ သမီး ကျောင်းကိုကောင်းကောင်းသွားနော် ။ မတည့်တာတွေလည်း ဝယ်မစားနဲ့ ။ မေမေ ထည့်ပေးလိုက်တဲ့ထမင်းဟင်း
     တွေကို ကုန်အောင်စား ။ နေပူထဲလည်း မထွက်နဲ့ဦး ။ စာလည်း သေချာလိုက်ရေးနော် ။”
ဟူသော တယုတယမှာတမ်းခြွေစကားများကို တမ်းတနေမည်မှန်း ဇင်ငြိမ်းဝေ နားလည်လိုက်မိသည် ။ ခေါင်းငိုက်စိုက်နှင့် တ ရွေ့ရွေ့ထွက်ခွာသွားသော ကလေးမလေး၏ကျောပြင်ကို ငေးကြည့်ရင်း ဇင်ငြိမ်းဝေ ရင်နာလွန်းလို့ မငိုမိစေရန် အောက်နှုတ် ခမ်းတွေကို သွားနှင့် ဖိကိုက်ထားလိုက်ရ၏ ။
        ညနေရောက်ခဲ့ပြီ…။ အိမ်ထဲသို့ ကလေးမလေး ဝမ်းသာအားရပြေးဝင်လာပြီး…
   “ မေမေ ရီပို့ကတ်ထွက်ပြီ ။ ကြည့်ပါဦး…။”
ကလေးမလေးက မိခင်လက်ထဲသို့ အမှတ်စာရင်းစာရွက်ကို ထိုးပေးရင်း ခုန်ဆွခုန်ဆွဖြစ်နေ၏ ။ သူကလေး၏ပုံစံကိုကြည့်ရုံမျှ နှင့် ကျောင်း၌ အဆင့်တစ်ရလာပုံပဲဟု ဇင်ငြိမ်းဝေ ရိပ်မိလိုက်သည် ။ ကလေးတိုင်း ကျောင်း၌ ထူးချွန်လျှင် မိဘတွေ၏ ချီး ကျူးစကားကို ခံယူချင်ကြစမြဲ ။ ဤကဲ့သို့ အမြဲစိတ်အားငယ်နေရသောကလေးမလေးအတွက် ထိုချီးကျူးစကားသည် ပို၍ လိုအပ်ပေလိမ့်မည် ။ ပို၍လည်း တောင်းတပေလိမ့်မည် ။ သို့သော်လည်း…
   “ အေးပါ…အေးပါ သမီးရယ် ။ မေမေ အလုပ်ရှုပ်နေတယ် ။ စာရင်းတွေက ဒီနေ့ပြီးအောင် တွက်ရမှာ ။ သွား…သွား …”
ထိုအမျိုးသမီး၏စကားကြောင့် ဇင်ငြိမ်းဝေ အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားရသလို ဒေါသထွက်လွန်း၍လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည် ။ ဘုရား…ဘုရား…လုပ်ရက်လိုက်ကြတာ ။ တစ်ချက်ကလေးကြည့်ပြီး တော်လိုက်တဲ့ငါ့သမီးလေးလို့ ချီးကျူးလိုက်ရင် ဘယ်လောက်အလုပ်ပျက်သွားမှာမို့လို့လဲဟု ရင်ထဲ၌ အော်ဟစ်ပေါက်ကွဲနေမိ ၏ ။ ကလေးမလေးကတော့ သူ့ကိုယ်ပိုင်အမူအရာအတိုင်း အားဖျော့တဲ့မျက်ဝန်းတွေနှင့် ခေါင်းငိုက်စိုက်ကျကာ မိခင်၏အနား ကနေ တရွေ့ရွေ့ထွက်ခွာသွားသည် ။
   “ ကလေး မင်း အားမငယ်နဲ့ ။ မင်းက သိပ်တော်တဲ့ကလေးမလေးပါ ။”
ကလေးမလေး ဇင်ငြိမ်းဝေ၏နဘေးသို့ ရောက်ရှိလာသည့်အခိုက် ရင်ထဲမှသနားကြင်နာသည့်စကားများက အပြင်သို့ ပွင့်အန် ထွက်လာသည် ။ အမြဲလိုလိုငုံ့နေတတ်တဲ့ကလေးမလေးရဲ့ခေါင်းက ဖြည်းဖြည်းချင်းမော့လာကာ ဇင်ငြိမ်းဝေကို မော့ကြည့် လိုက်ပြီး အားမာန်တင်းဟန်ဖြင့် ဖျော့တော့တော့အပြုံးတစ်ပွင့်ကို ပြုံးလိုက်၏ ။
   “ အို…ဘုရားရေ…ဘုရား…ဘုရား…”
ညနေစောင်းတော့ အမျိုးသား ပြန်လာပြီး စကားတစ်ခွန်းမျှ မဆိုဘဲ သူ့ကင်းဘတ်စတွေ စုတ်တံတွေ ဆေးဘူးတွေကို တစ်ခု ချင်းလိုက်ကောက်ကာ ငှားလာတဲ့လိုက်ထရပ်ပေါ်သို့ တင်သည် ။ အမျိုးသမီးက တရွရွလှုပ်နေတဲ့နှုတ်ခမ်းတွေကို အံကြိတ် ထိန်းလျက် အမျိုးသားလုပ်သမျှကိုသာ ငေးကြည့်နေသည် ။ ကလေးမလေးကတော့ ဖခင်ပြန်လာပြီဟူသောအသိနှင့် အိပ် ခန်းတွင်းမှ ပြေးထွက်လာပြီး…
   “ ဖေဖေ ပြန်လာပြီ ။ ဖေဖေ ဒီနေ့ ရီပို့ကတ်ထွက်တယ် သိလား ။”
ကလေးပီပီ အခြေအနေကို နားမလည်ဘဲ သူပြောလိုရာကိုသာပြောပြီး ရီပို့ကတ်လေးကို ထုတ်ပြသည် ။ ဖခင်ဖြစ်သူက သမီး ငယ်ပြသော ရီပို့ကတ်ကို မကြည့်ဘဲ…
   “ သမီးလေး မေမေနဲ့ ပျော်အောင်နေနော် ။ ဖေဖေ သွားတော့မယ် ။”
   “ ဟင်…ဖေဖေ ဘယ်ကို သွားမလို့လဲဟင် ။”
   “ နောက်တော့ သိရမှာပေါ့ သမီးလေးရယ် ။ ကဲ…ဖေဖေ သွားတော့မယ်နော် ။”
ဖခင်ဖြစ်သူက ကလေးမလေး၏ပုခုံးနှစ်ဖက်ကို အားပါးတရဖျစ်ညှစ်လိုက်ပြီး အိမ်ထဲမှ ပြေးထွက်သွားသည် ။ ကလေးမလေး ခမျာ အံ့သြဝမ်းနည်းတဲ့မျက်ဝန်းအစုံနှင့် ဖခင်ကို ငေးကြည့်ရင်း လက်ထဲမှရီပို့ကတ်လေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထား လိုက်တော့သည် ။
H H H H H H H H H H H H H H H H
         လက်ခုံဆီမှစိုစိစိအထိအတွေ့ကြောင့် ဇင်ငြိမ်းဝေ လန့်နိုးလာ၏ ။ ကုတင်ဘေးသို့ ငုံ့ကြည့်လိုက်မိတော့ မနေ့ညနေက ဖြူလုံးဟုအမည်မှည့်ကာ အိမ်ပေါ်ခေါ်တင်မွေးထားသော ခွေးပေါက်လေး…။ ပြတင်းပေါက်မှဖြာကျနေတဲ့အလင်းရောင်ကို သတိပြုမိ၍ အိပ်ရာမှလူးလဲထလိုက်ပြီး ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်မိတော့ မိုးလင်းနေပါပကော ။
        ဇင်ငြိမ်းဝေ သွားတိုက်နေရင်း အိပ်မက်ကို ပြန်တွေးသည် ။ အိပ်မက်က မေ့လျော့နေပြီဖြစ်သောမိမိ၏ငယ်ဘဝကို ပြန် လည်မြင်မက်သောအိပ်မက် ။ မိဘနှစ်ပါး၏အဆင်မပြေမှုများကြောင့် ရင်နာစရာတွေနှင့်ကြီးပြီးလာရသည့် ကလေးမလေး တစ်ယောက်၏ဘဝ ။ တစ်ယောက်နှင့်တစ်ယောက်၏ နားမလည်မှုတွေကို ညှိုနှိုင်းမယူကြဘဲ မာနတွေကို ရှေ့တန်းတင်ကာ ပြိုကွဲခဲ့ရသည့် ဇင်ငြိမ်းဝေ၏ငယ်ဘဝက သီရိဂေဟာလေး ။ မာနတွေနှင့် လမ်းခွဲခဲ့ကြသော်လည်း တစ်ယောက်နှင့်တစ် ယောက် တကယ်ချစ်ကြတာကြောင့် ဖေဖေ့စိတ်နှင့်ပင် မေမေ နှလုံးရောဂါဖြစ်ကာ လူ့ဘဝကို စောစီးစွာ စွန့်ခွာသွားရသလို ဖေဖေလည်း မေမေ့ကြောင့် အရက်သမားလုံးလုံးဖြစ်ပြီး နောက်ဆုံး အသည်းပျက်စီးကာ သေဆုံးရပြန်သည် ။ မိဘနှစ်ပါး ကွဲ ကွာစဉ်က ဇင်ငြိမ်းဝေ၏အသက်မှာ ရှစ်နှစ်သာ ရှိသေးသည် ။ အရွယ်နှင့်မမျှသောစိတ်ဆင်းရဲမှုတွေကို ကြိတ်မှိတ်မျိုသိပ် ကာ ခံစားခဲ့ရသည် ။ ထိုသို့သောဝေဒနာမျိုးကို မိမိ၏မာနကြောင့် တစ်စုံတစ်ယောက်ကို ထပ်ပြီးခံစားစေရဦးမှာလား…။
   “ အို…မဖြစ်ဘူး ။ မဖြစ်ဘူး ။”
မျက်နှာပင် မသုတ်နိုင်တော့ဘဲ ဇင်ငြိမ်းဝေ အိမ်ထဲမှပြေးထွက်လာလိုက်သည် ။
     ကားကို ခပ်မြန်မြန်မောင်းနှင်လာခဲ့၍ အိမ်ကို ဘယ်လိုကဘယ်လို ရောက်သွားသည်ပင် မသိလိုက်…။ အိမ်ထဲသို့ ပြေးဝင် သွားလိုက်ပြီး…
   “ မောင်…မောင်ရေ…အို…မောင်ရယ် ။”
ဆိုဖာပေါ်တွင် ဇင်ငြိမ်းဝေ၏ဓါတ်ပုံကိုပိုက်လျက် ခွေခွေလေးအိပ်ပျော်နေရှာသောမောင့်ကို တွေ့လိုက်ရသဖြင့် ဇင်ငြိမ်းဝေ၏ အသည်းစိုင်တွေ နာကျင်သွားရသည် ။ ဘာမဟုတ်တာလေးတစ်ခုအတွက် မောင်နှင့်ရန်ဖြစ်ကာ အိမ်ပေါ်မှ ရူးရူးမိုက်မိုက် ဆင်းသွားမိသော မိမိကိုယ်ကို အပြစ်တင်မဆုံး…။
   “ မောင်…”
မောင့်လက်ကလေးတစ်ဖက်ကို ဖွဖွဆုပ်ကိုင်ရင်း ခပ်တိုးတိုးခေါ်လိုက်မိတော့ မောင့်မျက်ခွံတွေ လှုပ်ရှားလာပြီး မျက်လုံးပွင့် လာသည် ။
   “ ဟင်…ဇင်…ဇင်လေး ပြန်လာတယ် ။ ဝမ်းသာလိုက်တာ ။ မောင် ဝမ်းသာလိုက်တာ ဇင်ရယ် ။ မောင် တောင်းပန်ပါတယ်
     နော် ။ မောင် အရမ်းမှားသွားတယ် ။ ဇင်လေးကို မောင် ရင့်ရင့်သီးသီးမပြောလိုက်သင့်ဘူး ။”
   “ မဟုတ်ပါဘူး မောင်ရယ် ။ ဇင် မှားတာပါ ။ ဇင်ကိုက မိုက်တာ ။ နောင်ဆို ဇင် မောင့်အနားကနေ ဘယ်ကိုမှထွက်မသွား
     တော့ဘူး ။ သမီးလေးရဲ့အနားကရောပေါ့ ။ သမီးလေးရောဟင် ။ ညက သမီးလေး ငိုသေးလား ။ ဇင့်ကို ရှာသေးလား
      ဟင် ။”
   “ သမီးလေးက လိမ္မာပါတယ် ဇင်ရယ် ။ ဇင့်ကို ရှာနေပေမဲ့ မောင် ချော့သိပ်လိုက်တော့ အိပ်ပျော်သွားတာပါပဲ ။ မငိုနဲ့တော့
     နော် ။ တိတ်…”
မောင်က ဇင်ငြိမ်းဝေ၏ပါးပြင်မှမျက်ရည်စက်များကို သူ့လက်ချောင်းတွေနှင့် ပွတ်သုတ်ပေးသည် ။ ဇင်ငြိမ်းဝေက မောင့်လက် ချောင်းတွေကို ဆုပ်ကိုင်ကာ ပါးပြင်နှင့်ဖိကပ်ရင်း…
   “ ဒီလက်ချောင်းနုနုတွေနဲ့ရေးတဲ့စာပေတွေကို ဇင် မြတ်နိုးတန်ဖိုးထားပါတော့မယ် မောင် ။ အနုပညာဆိုတာလည်း အလုပ်
     ပါပဲ မောင်ရယ် ။ လောကမှာ အရာရာတိုင်းကို ငွေကြေးနဲ့ တိုင်းတာလို့မရဘူးဆိုတာ ဇင် နားလည်သွားပါပြီ ။”
   “ ဝမ်းသာလိုက်တာ ဇင်ရယ် ။ မောင် အောင်မြင်အောင် ကြိုးစားမှာပါ ။”
ဇင်ငြိမ်းဝေ၏စကားများအဆုံးမှာတော့ မောင် ဝမ်းသာလွန်း၍ မျက်ရည်များပင် ရစ်ဝဲသွားသည် ။ မောင်တစ်ယောက် သူ့ အလုပ်အပေါ် မည်မျှလေးစားမြတ်နိုးသလဲဆိုတာ ဇင်ငြိမ်းဝေ ယခင်ကတည်းက မသိမဟုတ် သိသည် ။ သို့သော်လည်း မိမိ ကိုယ်မိမိ မိန်းမတန်မဲ့ ငွေရှာနိုင်သည်ဟူ၍ မာနဂုဏ်မောက်ခဲ့မိသဖြင့် အဆင်မပြေဖြစ်ခဲ့ရ၏ ။ ယခုတော့ မောင့်အပေါ်မှာ နား လည်သွားပါပြီ ။ ပါရမီဖြည့်ဘက်ပီပီ မောင် မြတ်နိုးသည့်အရာကို မိမိပါ မြတ်နိုးတော့မည်ဟု ဆုံးဖြတ်လိုက်သည် ။ ချစ်သူ နှစ် ဦး တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိစွာနှင့် တင်းတင်းကြပ်ကြပ်ထွေးပွေ့လိုက်ကြ၏ ။
    “ အယ်…မေဂျီး ပြန်ရာပီ ။ ဟေး…”
အိပ်ခန်းထဲမှထွက်လာသောသမီးငယ်လေးက ဇင်ငြိမ်းဝေကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားကာ သူမထံသို့ ခုန်ပေါက်ပြေး ဝင်လာသည် ။ ဇင်ငြိမ်းဝေလည်း မောင့်ရင်ခွင်မှထွက်ခွာကာ သမီးလေးကို ထွေးပိုက်လိုက်ပြီး ပါးပြင်ကို အားပါးတရနမ်းရှိုက် လိုက်သည် ။ ပျော်ရွှင်မှုကြောင့် ရွှန်းစိုတောက်ပနေသော သမီးလေး၏မျက်လုံးဝိုင်းလေးများကို ဘယ်တော့မှ မညှိုးဖျော့စေ လိုပါ ။ သမီးလေး၏ ရွှေရောင်နေ့ရက်များ လှပသာယာစေရန် မိဘဖြစ်သူကျွန်မတို့တွင် တာဝန်ရှိသည် မဟုတ်ပါလား…။


                                                                                                         စေတနာရှေ့ထားလျက်…
                                                                                                                  ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။