အစွဲချွတ်စံအိမ်
( ၂၀၁၆ အောက်တိုဘာလထုတ် တစ္ဆေမျက်လုံးမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတို ဖြစ်သည် )
ဂါဦးနွန်းကို ........ စိတ်ကူးကွန့်မြူးသည် ။
---------------------------------------------------------------------------------------------------------------------
ခရီးဆောင်အိတ်ကို ထိုင်ခုံဘေးမှာ ချလိုက်ပြီးသည့်နောက် ခန့်စည်ဖြိုး
လျော့ရဲရဲပြုံးလိုက်သည် ။ ထိုအပြုံးက ကျွန်မကို လှောင် ရယ်လိုက်သည့်သဘောမှန်း ရုတ်ချည်းဆိုသလို
နားလည်လိုက်၏ ။ ဟုတ်သည် ။ ထိုအပြုံးက လှောင်ပြုံးတစ်ပွင့်ပဲ ။ စောစောက ကျွန်မ နားချတားမြစ်နေသည့်အကြောင်းအရာမှန်သမျှကို
ကန့်လန့်တိုက်ကာ ရယ်မြိုက်လိုက်သည့်သဘော ။
“ ကိုကို…မယုံမရှိနဲ့နော် ။ ဒီအိမ်ကြီးမှာ…”
ကျွန်မက ပြောပြီးသားအကြောင်းအရာကို နောက်တဖန်
ပြောဆိုရန် စကားစလိုက်သည့်အခါတွင် သူ့မျက်နှာ ချက်ချင်းတည်သွား ပြီး…
“ မိမိုး…တော်တော့ကွာ ။ အဲဒီအကြောင်းတွေ ထပ်မပြောနဲ့တော့ ။ ကိုကို့ဆုံးဖြတ်ချက်ကို
မပြင်နိုင်ဘူး ။”
ခန့်စည်ဖြိုး၏ကြည်လင်ပြတ်သားသောအသံက ဧည့်ခန်းတစ်ခုလုံး
ပဲ့တင်ထပ်သွားသည် ။ သွေးပျက်နေသောကျွန်မစိတ်ကြောင့်ပဲ လား မဆိုတတ်၊ ထိုအသံ၏နောက်မှာ
ညည်းတွားသံတစ်သံ ကပ်ပါလာသလို ခံစားလိုက်ရတာကြောင့် ကြက်သီးမွေးညင်းထသွား ကာ ခန္ဓာကိုယ်ကိုကျုံ့လိုက်ရင်း
ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်မိသည် ။ ဧည့်ခန်းတစ်ခုလုံး ညို့မှိုင်းမှိုင်းပုံသဏ္ဍာန်ပေါက်နေသည်
။ ဒါတောင်မှ နေ့ခင်းကြောင်တောင် ။ ညချမ်းအချိန်သာဆို ဘယ့်နှယ့်များ နေမလဲ ။ ကျွန်မ
ဆက်၍ပင် မတွေးဝံ့တော့ ။
“ ဟုတ်ပါပြီ ။ ကိုကို မကြောက်ပေမဲ့ မိမိုးက
ဘယ်လိုလုပ်ရမှာလဲ ။”
“ ဘာကြောက်စရာလိုတုံး ။ နင်နဲ့ငါ တစ်ခန်းထဲ တည်းမှာပဲဥစ္စာ ။ ဘာဖြစ်မှာလဲ ။”
“ အဲဒါကတော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ မိမိုးက ဒီအိမ်ကြီးမှာကို မနေရဲတာ ကိုကိုရယ်
။ မတည်းပါနဲ့နော် …နော်လို့ ။”
“ မရဘူး ။ လာချွဲမနေနဲ့ အငယ်မ ။ နင့်ကို ဘယ်သူ လိုက်ခိုင်းလို့လဲ ။ နင့်ဘာသာနင်
လိုက်လာပြီးတော့ ။ နင် တည်းချင်ချင်/
မတည်းချင်ချင် ငါကတော့ ဒီမှာပဲ တည်းမှာ ။ ငါ့အကြောင်းနဲ့ငါ ရှိလို့ ဒီမှာ တည်းကို
တည်းရမယ် ။”
ခပ်တည်တည်မျက်နှာထားနှင့် တစ်ချက်လွှတ်အမိန့်ချလိုက်သော
ခန့်စည်ဖြိုး၏စကားကြောင့် ကျွန်မ ပင့်သက်ရှိုက်ရုံမှတပါး ဘာ တတ်နိုင်ပါ့မလဲ ။ နောက်ပြီး-စောစောကပြောသွားသော
ငါ့အကြောင်းနဲ့ငါ-ဆိုသောစကား၏အဓိပ္ပာယ်ကို
ကျွန်မ သိနှင့်ပြီးသား ။ ထိုကိစ္စက ပေါ့သေးသေး မဟုတ်သလို ကျွန်မ သွေးပျက်ခြောက်ချားနေသောအကြောင်းအရာနှင့်လည်း
တိုက်ရိုက်ဆက်စပ်နေ သည် ။
မနက်ကနေ ယခုထက်တိုင် နေလင်းဦးအပေါ်
ကျွန်မ စိတ်တိုနေဆဲ ။ ခန့်စည်ဖြိုး၏သူငယ်ချင်း- ဒုတိယနှစ်ကျောင်းသား လေး-နေလင်းဦးက
ကျွန်မအပေါ် မေတ္တာသက်ဝင်နေသူ ။ သို့သော်…ညီမ-လိုချင်ရင်
ယောက်ဖကို ဖား-ဆိုရိုးစကားကို ကန့်လန့် ထော်လော်ပြုကာ နေလင်းဦးက ခန့်စည်ဖြိုးကို
ရန်စကားဆိုခဲ့သည် ။
BBB
“ မင်း…ဗဟန်းမြို့နယ်(…)လမ်းထဲက သီဟရတနာတည်းခိုရိပ်သာစံအိမ်ကြီးကို သိတယ်မဟုတ်လား
။ အဲဒီအိမ်က တကယ်
သရဲခြောက်တာတဲ့ကွ ။ ငါ့သူငယ်ချင်း Supernatural huntersအဖွဲ့က အဲဒီအိမ်ကြီးကို
သွားလေ့လာပြီးပြီ ။ သူတို့တောင်
တော်တော်အခြောက်ခံလိုက်ရတယ်ပြောတာပဲ
။ အဲ…မင်း သိမှာပါ ။ မင်းနဲ့တောင် နည်းနည်းရင်းနှီးပါတယ် ။ မိုးမြင့်သော်
ဆိုတဲ့-မိန်းမလျာကောင်လေ ။ မင်း သိမှာ သေချာပါတယ်ကွာ ဟဲဟဲ ။ အဲဒီကောင်ဆို အခု
မိန်းမလုံးလုံးဖြစ်သွားပြီတဲ့ ။
သရဲက ဘယ်လိုခြောက်လွှတ်လိုက်သလဲတော့ မသိဘူး ။ မိန်းမစိတ်ကို လုံးလုံးပြောင်းသွားတာ
ဟိတ်ကောင်ရေ ။ အခုဆို
ငါတို့ကိုတောင် အရင်လို ပုခုံးဖက်-ပေါင်ပုတ်-မပေါင်းတော့ဘူး ။ ဗိုင်းကောင်းကျောက်ဖိဖြစ်သွားပြီဟေ့
။ အဲဒါ မင်းရော
စိတ်မဝင်စားဘူးလား…သွားမတည်းချင်ဘူးလား ။”
ထိုစကားများကို နေလင်းဦးက ရယ်ကျဲကျဲဆိုခဲ့ခြင်းပါ
။ ပုံစံက သူ့စတိုင်အတိုင်း မထီမဲ့မြင်-မျက်ခုံးနှစ်ဖက်ကို ဟန်ပါပါကျုံ့ထားလို့။ နှုတ်ခမ်းထောင့်မှာလည်း
မဲ့ပြုံးလေးတစ်စက်က ဖိတ်တစ်ဝက်စင်တစ်ဝက်နှင့် ။
သူ့စကားတွေကို နားဆင်ရင်း ခန့်စည်ဖြိုး အူကြောင်ကြောင်ဖြစ်သွားခဲ့သည်
။ တစ္ဆေသရဲများအကြောင်း သူ စိတ်မဝင်စား တာကို
နေလင်းဦး အသိဆုံးပါ ။ ဒါနဲ့များ ဘာလို့ လာမေးတာပါလိမ့် ။ ပုံစံကလည်း ပြီတီတီ ကျွတ်ဆတ်ဆတ်နဲ့
။ နေလင်းဦး၏ပုံစံ နှင့်စကားများအပေါ် ခန့်စည်ဖြိုး နားမလည်နိုင်ဖြစ်သွားကာ ဘုဆတ်ဆတ်ပြန်မေးလိုက်သည်
။
“ ဘာဖြစ်လို့ ငါက သွားတည်းရမှာလဲ ။ မင့်သူငယ်ချင်း Supernatural huntersတွေ
အရူးထတိုင်း ငါက ဘာလို့ လိုက်လုပ်
ရမှာလဲ ။ ငါမှ တစ္ဆေသရဲတွေကို အယုံအကြည် မရှိတာ ။”
“ အမယ်…အပိုတွေ မပြောစမ်းပါနဲ့ ။ မင်း ကြောက်လို့မဟုတ်လား ။ မယုံဘူး…မယုံဘူးနဲ့…စိတ်ထဲက
လန့်နေပြီးတော့များ ။
မသိရင် ခက်မယ် ။ ငကြောက်ကောင်…”
“ ဟိတ်ကောင်…မင်း ရန်စကား မဆိုနဲ့နော် ။ ငါ လုံးဝမကြောက်တတ်ဘူး ။”
“ မင်း မကြောက်ဘူးဆိုရင် အဲဒီမှာ တစ်ည သွားတည်းပြလေ ။ အဲဒါဆိုရင် ငါ ယုံမယ်
။”
“ အေးကွာ ။ တွေ့ကြသေးတာပေါ့ ။ ငါ သွားတည်းပြမယ် ။ မှတ်ထားနော် နေလင်း ။ ပြီးရင်သာ
ငါ့နှမကို ရဖို့ အောင်သွယ်
ခိုင်းမယ် မကြံနဲ့ ။ ငါ့ကို ဘလိုင်းကြီးစိန်ခေါ်တဲ့မင်းကို ငါ လုံးဝမကျေနပ်ဘူး
မှတ်ထား ။”
“ အေးပါကွာ ။ မင်းသာ သရဲခြောက်ခံရတုန်း ဓာတ်ပုံလှလှတွဲရိုက်လာခဲ့ …ဟ…ဟ…။”
ပြောပြောဆိုဆိုနှင့် နေလင်းဦးက ခန့်စည်ဖြိုး၏ပုခုံးကို
ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည် ။ သို့သော်…ထိုအပြုအမူကို မနှစ်သက် သူ-ခန့်စည်ဖြိုးက
နေလင်းဦး၏လက်ကို ဆတ်ခနဲပုတ်ထုတ်လိုက်ပြီး ဆန့်ကျင်ဘက်အရပ်ဆီသို့ ထွက်ခွာသွားတော့၏
။ အဲသည့် နောက် ခန့်စည်ဖြိုးတစ်ယောက် တစ္ဆေခြောက်သည့်တည်းခိုအိမ်ကြီးတွင် သွားရောက်တည်းမည့်သတင်းက
ဘော်ဒါတွေကြား ပျံ့နှံ့သင်းသွားခဲ့ပြီ ။
အစပိုင်းက မေတ္တာယိုင်မလိုဖြစ်နေခဲ့သော-ကျွန်မမှာလည်း
နေလင်းဦးအပေါ် စိတ်ဆိုးရအခက် ၊ ကျိန်ဆဲရအခက် ။ ဘာစိတ် ကူးနဲ့များ ကိုကို့ကို ရန်စကားဆိုခဲ့ပါလိမ့် ။ အလိုလိုကမှ စိတ်ဆတ်ဒေါသထွက်လွယ်သူ-ခန့်စည်ဖြိုးက
ပေါင်းရသင်းရခက်လှသည့် အထဲ ယခုလို စိန်ခေါ်ခဲ့မှတော့ ရှေ့ဆက် ဘယ့်နှယ့်လုပ်အဆင်ပြေပါတော့မလဲ
။ ချစ်သူနှင့်အစ်ကိုကြားမှာ ကျွန်မ စိတ်သောက များခဲ့ရသည် ။ သို့တိုင် ပြဿနာက ထိုမျှဖြင့်
မပြီးသေး ။
“ သမီးရယ်…ညည်း လိုက်သွားပါကွယ် ။ သမီးက အငယ်ဆိုပေမဲ့ အကျိုးသင့်အကြောင်းသင့်
တွေးတတ်တယ် ။ ခန့်ခန့်က
ဘာမှနားလည်တာ မဟုတ်ဘူး ။ အခုလည်း
ဘာမဟုတ်တဲ့ကိစ္စလေးအပေါ် အတေးအမှတ်ထားပြီး မိုက်မိုက်ကန်းကန်း
သွားဦးမယ် ။ ကိုယ်က ဘာဆိုတာကို သဘောမပေါက်ဘူး တကယ်ပဲ စိတ်ညစ်ပါတယ် ။ အမေ စိတ်ပူတယ်
သမီးရယ် ။
သမီး လိုက်သွားလိုက်နော် ။ သိတဲ့အတိုင်းပဲ သမီးရဲ့အစ်ကိုက နော်မယ်(normal)လည်း
ဟုတ်တာမဟုတ်ဘူးလေ ။”
ခန့်စည်ဖြိုး တစ္ဆေခြောက်သည့်စံအိမ်ကြီး၌
တစ်ည သွားရောက်တည်းခိုမည့်အကြောင်းကို မေမေ သိသွားသည့်အခါ ထိတ်လန့် တုန်လှုပ်သွားရှာသည်
။
သားသမီးအပေါ် စိုးရိမ်ရသည်မှာ မိဘများ၏ငြင်းပယ်မရသော
ဒုက္ခတစ်မျိုးပင် ။ ချော့တစ်လှည့်ခြောက်တစ်ခါ တောင်းပန်ပါ သော်ငြား ခန့်စည်ဖြိုးက မိခင်၏စကားကို
လိုက်နာခြင်း မရှိဘဲ ပယ်ရှားခဲ့တာကြောင့် နောက်ဆုံးမှာ အစ်ကိုဖြစ်သူကို လိုက်လံ စောင့်ရှောက်ပါရန်
မေမေက ကျွန်မကို တောင်းဆိုခဲ့သည် ။ ကျွန်မ ဘယ်လိုလုပ်ငြင်းရက်မှာလဲ ။ ကျွန်မကိုယ်တိုင်လည်း
သောက ဖက်နေရသည်ပဲဥစ္စာ ။ ခန့်စည်ဖြိုးဆိုသော-ကျွန်မအစ်ကိုက တကယ့်ကို ပြောမနိုင်ဆိုမရ
လူမိုက်ကန်းလေး ။ နောက်ပြီး သူက သာမန်လူတစ်ယောက်လို သဘာဝကျသောအသိဥာဏ်မျိုးလည်း ရှိသူတစ်ယောက်
မဟုတ် ။
BBB
နေလင်းဦး၏ သွေးထိုးမြောက်ပေးမှုကြောင့် သရဲခြောက်သည့်စံအိမ်ကြီးဆီသို့
ခန့်စည်ဖြိုး ထွက်လာခဲ့သည့်အတွက် သူ့ကို စောင့်ရှောက်ရန် ကျွန်မ လိုက်ပါလာခဲ့ရသည် ။
စံအိမ်ကြီးက သတင်းကြီးသည်နှင့် လိုက်ဖက်ညီလောက်အောင် ခြောက်ချားဖွယ် ကောင်းနေသည် ။
အင်္ဂလိပ်မင်းလက်ထက်က ဆောက်လုပ်ထားသော-စံအိမ်အိုကြီးတစ်လုံးဖြစ်သည်နှင့်အညီ ဟောင်းအိုနွမ်းလျ
မှုတို့က သက္ကရာဇ်တို့ကို အလံထူပြနေသည် ။ နှစ်တစ်ရာကျော်ကောင်းကျော်လောက်ပြီ ။ ဘယ်လောက်ကြာပြီလဲဆိုတာတော့
ကျွန်မလည်း မခန့်မှန်းတတ် ။ ကျွန်မက ရှေးဟောင်းပစ္စည်းတစ်ခုကို သုတေသနပြုရန် ရောက်လာသူမှ
မဟုတ်ဘဲ ။ မဖြစ်မနေ အခြေအနေမို့သာ ရောက်လာခဲ့တာပါ ။ မဟုတ်ပါက ဤသို့သောစံအိမ်မျိုးကို
စိတ်ကူးနှင့်တောင် ကျွန်မ ရောက်ဖြစ်မည်မထင် ။
ခန့်စည်ဖြိုးက ဧည့်ခန်းထဲရှိ ထိုင်ခုံတစ်လုံးတွင်
ထိုင်ကာ ခရီးဆောင်အိတ်ကို ပစ်ချပြီး အေးအေးလူလူ ထိုင်နေသည့်တိုင် ကျွန်မကတော့ တတ်နိုင်သလောက်
နားချကြည့်နေမိဆဲ ။ အခန်း မယူရသေးသရွေ့ လှည့်ပြန်၍ရသေးသည်ပဲလေ ။ သို့သော်… အရာမထင်ခဲ့
။ ဤတည်းခိုခန်းမှာ မတည်းရန် အမျိုးမျိုးတောင်းပန်နေပေမဲ့ ခေါင်းမာလွန်းသော‘သူ’က ကျွန်မစကားကို
လက်မခံခဲ့ ပါ ။ နားညည်းလာသည့်အခါ ကျွန်မကို အော်ငေါက်ထုတ်သဖြင့် နောက်ဆုံး ကျွန်မကပဲ
အလျှော့ပေးကာ သူ့နောက်သို့ လိုက်ခဲ့ရ သည် ။ ရှေ့အနာဂတ်က မည်သို့ကြမ္မာဖန်လာလေမလဲ ကျွန်မလည်း
မဝံ့မရဲမှန်းဆကြည့်နေမိဆဲ…။
အခန်းယူတော့ အခန်းနံပါတ်က (၁၃) ။
နံပါတ်(၁၃)က အနောက်တိုင်းအယူမှာဆို
နိမိတ်မကောင်းဟု ကြားဖူးသဖြင့် ကျွန်မမှာလည်း မဆီမဆိုင် ပို၍ကြောက်လန့် သွားခဲ့သေး၏
။ သူကတော့ ကျွန်မ ကြောက်နေတာမြင်တိုင်း ရယ်ချည်းသာနေသည် ။ ကျွန်မက သူ့အတွက် ဂျိုကာတစ်ကောင်
လိုဖြစ်နေပြီ ။ သို့ကြောင့် သူ ကြောက်ရမည့်အလှည့်ကို မြန်မြန်ရောက်ပါစေဟူ၍သာ ကျွန်မ
တွင်တွင်ဆုတောင်းမိတော့သည် ။
ဆုတောင်းပြည့်မပြည့် မသိသေးပေမဲ့ လကတော့ ကွယ်နေခဲ့ပြီ ။ ယနေ့ညကို လမိုက်ညဖြစ်လိမ့်မည်ဟု
ကျွန်မ လုံးဝမျှော်လင့် မထားခဲ့ ။ ကြယ်စင်မှုန်မွှားတို့က နက်ပြာရောင်ကောင်းကင်ထက်မှာ
နတ်သမီးနှင်တံပမာ တလက်လက်ဖြာနေသည့်တိုင် ကျွန်မ ကြောက်စိတ် မပြယ်လွင့်နိုင် ။ ထိုစကြ်ာဝဠာအလှက
ကျွန်မသောကကို မဖယ်ရှားနိုင်ပါ ။ ကျွန်မ ခြောက်ချားသွေးပျက်နေရပါပြီ ။ တစ်ချက်တစ်ချက်
လေပြင်းတွေက ပြတင်းပေါက်ကနေ ငယ်သံပါအောင်အော်ကာ ပြေးဝင်လာတတ်ရာ ထိုအသံကပင် ကျွန်မ စိတ်ကို
တိုး၍တိုး၍ခြောက်ချားစေသည် ။
အခန်းကြီးက တိတ်ဆိတ်လွန်းလှသည် ။ တည်းခိုဆောင်တစ်ခုလုံးလည်း လူသူလေးပါး ဆိတ်သုဉ်းနေသည့်အလား
အသေ ကောင်တစ်ကောင်လို ငြိမ်သက်နေသည် ။ တကယ်လည်း လူရှိပုံမရ ။ ရန်ကုန်မြို့ထဲမှာ ဤကဲ့သို့
တစ္ဆေခြောက်သည်ဟုသတင်း ကြီးနေသော-တည်းခိုခန်းကို ဘယ်သူက တကူးတကလာတည်းပါ့မလဲ ။ ခန့်စည်ဖြိုးလို
လူမိုက်ကလွဲလို့ပေါ့ ။
အံ့သြပါရဲ့- ကျွန်မပါးစပ်က ထုတ်ဖော်ရေရွတ်မိမတတ် ။ ခန့်စည်ဖြိုးက တကယ်ပဲ သတ္တိကောင်းလွန်းသူပါလား
။ တံခါးပေါက်
ဘေးကကုတင်မှာ အသာအယာကျောမှီကာ စာအုပ်တစ်အုပ်ကို
ခပ်အေးအေးဖတ်နေသည် ။ သူက စာဖတ်အလွန်သန်သူ ။ စက် ပစ္စည်းတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ
- လူ့အသိဥာဏ်ကို စာအုပ်စာပေကသာ ထိန်းကြောင်းပြုပြင်နိုင်မှန်း သူ သိ၏ ။ ခက်တာက သူ ဖတ်သည်မှာ
သူရဲကောင်းပုံပြင်တွေ ။ လူတစ်ယောက်ကို သတ္တိဗျတ္တိရှိစေရန် ရေးသားဂုဏ်တင်ထားသော ဂန္ထဝင်
ဟီးရိုးဇာတ်လိုက်ကြီးများအကြောင်း ။
ထိုအရာများကိုဖတ်ကာ ခန့်စည်ဖြိုးကလည်း ထိုပုဂ္ဂိုလ်ကြီးများလို သတ္တိရှိချင်နေသည်
။ ကိုယ်နှင့် သင့်မှန်း/မသင့်မှန်း မသိ ၊ သတ္တိပြချင်နေသည် ။ ဒါဟာ စာအုပ်ကောင်းများကို
ဖတ်လျက်သားနှင့် အယူလွဲကာ အစိမ်းသမား ဖြစ်သွားရခြင်းပင် ။ စာအုပ်က မည်မျှပင် လမ်းပြပါစေ-မယူတတ်သူအဖို့
တလွဲတွေးမည်ဖြစ်သလို သဘာဝကျကျ မတွေးဆတတ်သူ-ခန့်စည်ဖြိုးကလည်း စာအုပ် များကိုကိုးကားကာ
တစ်မျိုးတွေးထားသည် ။ အရွယ်ရောက်လာကတည်းက စာအုပ်ထဲကဟီးရိုးဇာတ်ကောင်များလို သတ္တိရှိသော
ယောက်ျားကောင်းတစ်ယောက်ဖြစ်လိုစိတ်တို့က ခန့်စည်ဖြိုး၏ရင်၌ ပြင်းပြခက်ထန်နေလေ၏ ။
“ ဟိတ်ကောင်မလေး…ငါ့ကို ဘာလို့ ငေးကြည့်နေတာလဲ ။ အိပ်တော့လေ ။”
ခန့်စည်ဖြိုး၏မျက်နှာကိုငေးကာ အတွေးနယ်လွန်နေခိုက်
ထိုအသံ ထွက်ကျလာသဖြင့် ကျွန်မ မဲ့လိုက်မိသည် ။ တဆက်တည်းမှာ ပဲ နှုတ်ခမ်းကို တစ်တောင်လောက်စူပစ်လိုက်သည်
။
“ ဘယ်လိုလုပ်အိပ်ရဲမှာတုံး ကိုကိုရဲ့ ။ မိမိုး ကြောက်တာပေါ့ ။”
“ အေး…နင်ကသာ ကြောက်နေ ။ ငါ မျှော်တဲ့သရဲက ခုထိ အရိပ်အယောင်တောင် မတွေ့ရသေးဘူး
။ ငါ ထင်ပါတယ် ။
ဟိုအကောင် သပ်သပ်လျှောက်ပြောတာ ။ နင့်ကို စာလိုက်ပေးရင် ငါ လက်သီးနဲ့ထိုးမယ်ကြိမ်းထားလို့
သပ်သပ်ရန်စတာ ။
ငါ သိသားပဲ ။”
ခန့်စည်ဖြိုးက နှုတ်စောင့်ခြင်းမရှိ၊
ပိုးစိုးပက်စက်ပြောထည့်လိုက်သဖြင့် ကျွန်မမှာ ကြက်သီးများပင် တဖြန်းဖြန်းထသွားရပြီ
။ ဘယ့် နှယ့်…ငါ မျှော်တဲ့သရဲက ခုထိ မတွေ့ရသေးဘူး-ဆိုပဲ
။ ပြောရဲလိုက်ပုံများ ။ သို့ပေမဲ့ သူ့ကို နှုတ်လှန်မထိုးဝံ့သဖြင့် ကျွန်မလည်း ကြောက်ကြောက်နှင့်ပဲ
စောင်ခြုံထဲဝင်နေလိုက်သည် ။
ခန့်စည်ဖြိုး၏ကုတင်က တံခါးပေါက်နားမှာဖြစ်ပြီး
ကျွန်မကုတင်က သူ့နံဘေးမှာဖြစ်နေ၍ ဘာပဲပြောပြော တော်သေးသည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရသည်
။ သရဲက နေရာတိုင်းကို ဖောက်ထွင်းဝင်လာနိုင်မှန်း သိပေမဲ့ လူ့စိတ်၏သဘာဝအတိုင်း တံခါးနား
နေပါက တစ္ဆေခြောက်ခံရဖို့ ပိုသေချာသည်ဟု ယုံကြည်နေမိဆဲ ။ သရဲက ဘယ်လိုပုံသဏ္ဍာန်များ ရှိမလဲ
။ ကြောက်စရာတော့ ကောင်းမှာအမှန်ပဲ-စသဖြင့် ရောက်တတ်ရာရာတွေးကာ ခြောက်ချားနေမိသော်ငြား
တဖြည်းဖြည်းနှင့် ညနက်လာသည် ။ တွေး ရင်းတွေးရင်း ပျင်းရိလာကာ နောက်ဆုံးမှာ မကြောက်လန့်နိုင်တော့ဘဲ
လုံးလုံးအိပ်ပျော်ခြင်းအဖြစ်သို့ ရောက်ရှိသွားခဲ့တော့သည် ။
“ ဂျစ်…ဂျစ်…ဂျစ်…ဂျစ်…”
တံခါးကို တဂျစ်ဂျစ်အသံမြည်အောင် မည်သူများ
ပြုလုပ်နေပါလိမ့်…။
အစပိုင်းမှာ တိုးဖွဖွထွက်ပေါ်လာသောထိုအသံက တဖြည်းဖြည်းနှင့် ကျယ်လောင်လာသည် ။
စိတ်ပန်းလူပန်းနှင့်မို့ နှစ်နှစ်ခြိုက် ခြိုက်အိပ်မောကျနေသော-ကျွန်မပင် ဖျတ်ခနဲလန့်နိုးလာကာ
အသံလာရာဆီသို့ လှမ်းကြည့်လိုက်တော့…
“ အမလေး…”
ပါးစပ်က ထိုသို့အော်မိမတတ် သွေးပျက်သွားခဲ့ရသလို
ရင်ထဲမှာလည်း ဒိန်းခနဲ ။ တွေ့မြင်လိုက်ရတာ တံခါးရွက်ကို ရှည်လျား လျား-လက်သည်းများနှင့်
ကုတ်ခြစ်နေသူတစ်ယောက် ။ အဲဒါ ဘယ်သူလဲ ။ မျက်နှာနှင့်ကိုယ်တစ်ပိုင်းကိုသာ ထင်ထင်ရှားရှား
တွေ့နေရပြီး အောက်ပိုင်းကမူ ကွယ်ပျောက်နေသည် ။ တွေ့မြင်နေရသည့်မျက်နှာကြီးကလည်း ညိုညိုမည်းမည်းနှင့်
ကျက်သရေ ကင်းမဲ့လိုက်ပါဘိ ။
- ဒါ…မိမိုး ကြောက်လန့်နေမိတဲ့ တစ္ဆေသရဲဆိုတာများလား…။
ကြောက်ကြောက်နှင့် ကြောင်ကြည့်နေရင်း
စိတ်ထဲကသမ္ဗုဒ္ဓေဂါထာကို အမြီးအမောက်မတည့်ရွတ်ဆိုလိုက်မိရာ ကြောက်မက်ဖွယ် မျက်ဝန်းတစ်စုံနှင့်
အကြည့်ချင်းဆုံလိုက်ရသည် ။ မြတ်စွာဘုရား…သူ့မျက်ဝန်းတွေက ရဲရဲနီလို့ ။ ဒါဆို…ဒါ…တစေ
ၦ..တေစ ၦေပါ့ ။
ကျွန်မက ကြောက်အားလန့်အားနှင့် ဘုရားစာရွတ်မိစဉ်
ကျောခိုင်းကာ တဂျစ်ဂျစ်အသံပြုနေသော-ထိုသူက ကျွန်မဘက်ကို ဗြုန်းခနဲ လှည့်ကြည့်သည် ။ ခဏပါပဲ ။ ကျွန်မကို မကျေမချမ်းစိုက်ကြည့်ပြီး
ဖျတ်ခနဲပျောက်ကွယ်သွား၏ ။ ကျွန်မမှာလည်း သွေး ပျက်ခြောက်ချားလွန်းသဖြင့် အားခနဲကျုံးအော်လိုက်ချင်ပေမဲ့
အသံက မထွက် ။ ထမင်းလုံးတစ္ဆေ အခြောက်ခံရသလို အသံက လည်ချောင်းဝမှာ တစ်ဆို့ပျောက်ကွယ်နေသည်
။
-
ဒါ…ဘာသဘောလဲ ။ တစ္ဆေသရဲက ဘုရားစာကို ကြောက်လို့ ထွက်ပြေးပျောက်ကွယ်သွားတာလား…
ဟိုဟိုသည်သည်တွေးရင်း ကျွန်မရင်ထဲ မောဟိုက်လာသဖြင့်
မျက်ဝန်းများ မှေးစက်ကာ ပြန်လည်အိပ်ပျော်သွားခဲ့သည် ။ စော စောကအဖြစ်အပျက်ခမျာ အိပ်မက်တစ်ပုဒ်ပမာ
လွင့်ကျပျောက်ဆုံးသွား၏ ။ သို့သော်…အိပ်မက်မက်ခဲ့တာမဟုတ်မှန်း ကျွန်မ အလိုလိုသိနေသည်
။
BBB
“ အား…”
ညသန်းခေါင်ယံကို ခြောက်ချားဖွယ်အော်သံနက်ကြီးက
ဖုံးလွှမ်းသွားခဲ့သည် ။ ထိုအော်သံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ကျွန်မလည်း အိပ်ပျော်နေရာမှ
လန့်နိုးကာ ဝုန်းခနဲထထိုင်မိသည် ။ ဘာသံလဲ ။
ဘယ်ကလဲ ။ သေချာတာတော့ ဒါ ကိုကို့အသံ ။ ထိုသို့ တွေးမိသည်နှင့် နံဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ
ကုတင်ပေါ်၌ တစ်ယောက်တည်းလုံးထွေးရုန်းကန်နေသော-ခန့်စည် ဖြိုးကို တွေ့လိုက်ရ၏ ။
“ မမိုက်ရိုင်းနဲ့…သွား…ကဲဟာ…တဏှာရူးကြီး…သွား…”
ပါးစပ်ကလည်း အော်ဟစ်ပြောဆိုလို့ ။ ဘယ်သူနဲ့များ
သတ်ပုတ်နေပါလိမ့် ။ ကျွန်မအမြင်မှာတော့ တစ်ယောက်တည်း ရုန်းကန်နေ တာပါ ။ သို့သော် တစ်စုံတစ်ယောက်နှင့်
လုံးထွေးသတ်ပုတ်နေရသည့်အလား အင်တိုက်အားတိုက် ။ အရှက်သိက္ခာကို ကာကွယ် ရန် ကြိုးပမ်းနေသော-မိန်းမပျိုလေးတစ်ယောက်ကဲ့သို့
တွန်းထိုးနေရင်းမှာပဲ ခန့်စည်ဖြိုးခမျာ ကျွန်မဘက်သို့ အားကိုးတကြီးလှည့် ကြည့်သည် ။
တအံ့တသြလှမ်းကြည့်နေမိသူ-ကျွန်မနှင့် အကြည့်ချင်း ဆုံသွားခဲ့သည် ။
ကျွန်မအသက် (၂၀)ရှိပါပြီ ။ ခန့်စည်ဖြိုးက ကျွန်မထက် (၅)ခန့်ကြီးသည် ။ အရွယ်ရောက်လာပြီးနောက်
မောင်နှမပမာ ကြီး ပြင်းလာခဲ့ရသော-သက်တမ်းတလျှောက်လုံး သူ့ထံ၌ ထိုကဲ့သို့အကြည့်မျိုးကို
ကျွန်မ မတွေ့ဖူးခဲ့ ။ ကျားကျားလျားလျားရှိချင်လွန်း ခဲ့သော-သူက မည်သူ့ကိုမျှ အားကိုးလိုခြင်း
မရှိခဲ့ ။ ယခုမူ ခန့်စည်ဖြိုး လှမ်းကြည့်လိုက်သော-အကြည့်က သူ့အရှက် ၊ သူ့သိက္ခာ အတွက်
ကူညီပါရန် တောင်းခံနေသည့်အကြည့်မျိုး…။
ဘာတွေဖြစ်နေသလဲ ကျွန်မ မသိပေမဲ့ တစ်ခုခုလုပ်ဖို့ တွေးလိုက်မိ၍ ရုန်းကန်တွန်းထိုးနေသော-ခန့်စည်ဖြိုးဆီသို့
ကျွန်မ ပြေး ဝင်သွားလိုက်သည် ။ သူ့ပုခုံးနှစ်ဖက်ကို ဆွဲကိုင်ကာ လဲနေရာမှ ဆွဲထူလိုက်သည်
။ အံ့သြစရာပါပဲ ။ ကုတင်ပေါ် လဲနေသော-သူ့ ခန္ဓာကိုယ်က သာမန်ထက် အဆမတန်လေးလံနေသည် ။ တစ်စုံတစ်ယောက်က
အပေါ်ကဖိထားသကဲ့သို့ အတော်လေး ဝိတ်များ နေသည် ။ ကျွန်မလည်း အားကုန်သုံးကာ ဆွဲထူလိုက်သည့်အခါကျ
သူ ကြွလာသည် ။ ဘီလူးစီးသလို ထမရပြုမရ ရုန်းကန်တွန်း ထိုးနေရာမှ သူ နိုးထခွင့်ရခဲ့ပြီ
။
ကျွန်မ ဆွဲထူ၍ ရလျှင်ရချင်း ၊ ကုတင်ပေါ်မှ သူ ထလျှင်ထချင်း ကျွန်မကို အတင်းပွေ့ဖက်ကာ
သူ ငိုပါတော့သည် ။ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ကျွန်မ နားမလည်နိုင်သေး ။ မေးလည်း မမေးဝံ့၍
သူ့ကို အသာဖက်ကာ ကျောကုန်းကို ပွတ်သပ်ပေးမိသည် ။ သူ ကလည်း ဘာမျှမဖြေ ။ ငိုချည်းသာနေသည်
။ အန္တရာယ်မှ လွတ်မြောက်လာရသူတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေသည် ။ ဘယ်အရာက သူ့ကို
ခြောက်ချားစေခဲ့တာလဲ ။ အခန်းထဲမှာ မကောင်းဆိုးရွားအငွေ့အသက်တွေ လွှမ်းပတ်နေသကဲ့သို့
ခံစားမိ ပေမဲ့ ဟုတ်ချင်မှဟုတ်မည် ။ ဒါဟာလည်း ကျွန်မ၏စိတ်ထင်ယောင်ထင်မှားဖြစ်မှုတစ်မျိုးလည်း
ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ ။
BBB
တစ္ဆေခြောက်သည့်စံအိမ်မှ ကျွန်မတို့ပြန်လာပြီးနောက်
ခန့်စည်ဖြိုး အချိုးပြောင်းသွားခဲ့သည် ။ ဂန္ထဝင်သူရဲကောင်းကြီးများကို အားကျကာ သဘာဝလွန်အယူအဆများ
ထွေးပိုက်ထားခဲ့သော-ခန့်စည်ဖြိုးဘဝကနေ မူလဘူတကျွန်မအစ်မ-ခန့်စည်ဖြိုးဘဝကို ကူးပြောင်းလာခဲ့သည်
။ မည်သည့်အကြောင်းအရာကများ သူ့ကို ဘဝပြောင်းစေခဲ့သလဲ ။ ဒါကိုပဲ ကျွန်မ သိချင်မိ၏ ။
“ အဲဒီတည်းခိုခန်းမှာ လူတစ်ယောက် သေခဲ့ဖူးတယ် ။
သေသူက အရက်သမားကြီးတဲ့ ။ သူက မူးရုံတင်မကဘူး ။ ဘူးလည်းဘူး
တဲ့လူကြီး ။ အဲဒီလူကြီး သေပြီးကတည်းက အဲဒီတည်းခိုခန်းမှာ
သရဲခြောက်တော့တာပဲ ။ ခြောက်ပုံကလည်း သူများနဲ့မတူဘူး
တဲ့ ။ ယောက်ျားလျာ/မိန်းမလျာတွေကို ပိုပြီးကြမ်းကြမ်းခြောက်သတဲ့
။ ဘယ်လိုခြောက်သလဲဆိုတာတော့ ကြုံဖူးသူပဲ သိလိမ့်
မယ် ။”
နေလင်းဦး ပြောပြသဖြင့် ထိုတည်းခိုခန်းတွင်
စတည်းချကာ ခြောက်လှန့်နေသောတစ္ဆေ၏ရာဇဝင်ကို အကျဉ်းချုံ့သိခဲ့ရ၏ ။ ထို ကိစ္စများဖြစ်ပွားပြီး
နှစ်လခန့်အကြာမှာ နေလင်းဦးနှင့်ကျွန်မ ချစ်သူတွေဖြစ်ခဲ့ကြသလို ခန့်စည်ဖြိုးဟာလည်း
သူမ၏မိတ်ဆွေထဲက ရည်ရည်မွန်မွန်တစ်ယောက်နှင့် တစ်နှစ်အလွန်မှာ အိမ်ထောင်ပြုသွားခဲ့သည်
။
မီးသဂြို င်္လ်စက်ထဲက ထွက်လာသကဲ့သို့
ညိုညစ်မည်းတူးနေသူတစ်ယောက် တံခါးရွက်ကို လက်သည်းနှင့်ခြစ်ကာ တဂျစ်ဂျစ် အသံပြုနေပုံကို
ရံဖန်ရံခါ ကျွန်မ ပြန်လည်မြင်ယောင်မိသည် ။ ထိုဖြစ်ရပ်က အိပ်မက်မက်ခဲ့တာလား ။ ဒါမှမဟုတ်
စံအိမ်မှာ နေထိုင်နေသည့် တစ္ဆေက ကိုယ်ထင်ပြခြောက်လှန့်ခဲ့ခြင်းလား ။ ဘုရားစာရွတ်ဆိုခဲ့မိသည့်-ကျွန်မကို
ထိုတစ္ဆေက ကြောက်ရွံ့နေ လေသလား ။
-
အဲဒီတစ္ဆေက ဘယ်သူတွေကို ဘယ်လိုခြောက်လှန့်နေသလဲ
။ ကိုယ့်ကိုယ်ကို ယောက်ျားတစ်ယောက်လို ပြုမူနေထိုင်နေသူ-
ခန့်စည်ဖြိုးကိုရော စိတ်ပြောင်းလောက်တဲ့အထိ ကြောက်လန့်သွားအောင်
ဘယ်လိုများ ခြောက်လှန့်လိုက်သလဲ…။
ဒါတွေကတော့ ယခုထက်တိုင် ကျွန်မ ဖြေရှင်း၍မရနိုင်သည့်
ပဟေဠိပုစ္ဆာတစ်ပုဒ်ပါပဲ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။