( ၂၀၁၆-နိုဝင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတို )
ခရီးဆောင်အိတ်တစ်လုံး
၊ စာတစ်စောင်နှင့်အတူ ကျွန်တော် ဆရာအတတ်သင်ကောလိပ်သို့ ရောက်ရှိခဲ့ချိန်ကဖြစ်သည် ။
အသက်က (၁၈)မပြည့်တပြည့်အရွယ် ။ လူငယ်လူဖျတ်ဖြစ်၍ အလွန်ဖင်ပေါ့သွက်လက်သည့်ကာလ ။ အချိန်အားဖြင့်
(၁၉၇၀)ခုနှစ် တဝိုက်၊ ထိုစဉ်က ကျွန်တော် ဆယ်တန်းစာမေးပွဲကို ဖြေဆိုပြီးခိုက် အားလပ်နေသဖြင့်
ဆရာအတတ်သင်ကောလိပ်(TTC)သို့ တက် ရောက်ဖြစ်ခဲ့လေ၏ ။
ညိုရင့်ခန့်ညားလှသောနှစ်ထပ်ကျောင်းဆောင်ကြီးက
ညည့်အမှောင်ထုထဲမှာ မှုန်ကုပ်ကုပ်ညွှတ်ကိုင်းကိုင်း တည်ရှိနေဟန် ကို ပတ်ဝန်းကျင်သို့
ငေးကြည့်နေမိသော-ကျွန်တော်က သတိထားမိပေမယ့် ကြောက်လန့်စိတ်တစ်စုံတစ်ရာ မခံစားမိပါ ။
ဒါ ဒီဒေသ ရဲ့အပြင်အဆင်နေမှာပေါ့ ။ ပတ်ဝန်းကျင်ကလည်း သစ်ပင်သစ်တောတွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းပဲကိုး
။ ရှေးဟောင်းကျောင်းဆောင် ကြီးဆိုတော့ ခမ်းနားတဲ့အရှိန်နဲ့ ဖိန့်စေတာပေါ့လေ ။ ဤသို့သာ
သာမန်ကာလျှံကာမျှ အတွေးပေါက်ခဲ့သည် ။
မှောင်မှောင်မည်းမည်း
ရိုးခနဲရိပ်ခနဲ မြင်ရုံတွေ့ရုံမျှဖြင့် ကြောက်လန့်အားငယ်တတ်သည့်အထဲမှာ ကျွန်တော် မပါဝင်တာကို
တစ်ခါတစ်ရံ သိပ်ကျေးဇူးတင်မိပါသည် ။ သို့ကြောင့်လည်း ဘာပဲကြုံကြုံဘာပဲတွေ့တွေ့ ပရလောကသားပေလောဟူသောအတွေး
မျိုးမရှိသဖြင့် သရဲခြောက်လည်း ခြောက်မှန်း မသိတာကြောင့် ကြောက်စိတ်ကင်းခဲ့ရသော-ဖြစ်ရပ်ပေါင်းကလည်း
တစ်ခါနှစ်ခါမက တော့ ။ ယခု ဤကျောင်းဆောင်ကြီးမှာရော သရဲရှိလေမလား ။ ဘော်ဒါ(ကျောင်းသား)တော်တော်များများက
ထိုသို့တွေးကာ သွေး လန့်နေစေကာမူ ကျွန်တော်ကမူ ခပ်အေးအေးပါပဲ ။ မကြောက်တတ်၍မဟုတ် ၊
ကြောက်စရာတွေ လျှောက်မတွေးတတ်၍သာ ။
ဆယ်တန်းဖြေပြီး အားလပ်နေချိန်တွင်
အစ်မဖြစ်သူက “နင် ဆရာအတတ်သင်စာမေးပွဲ ဝင်ဖြေပါလား”ဟု တိုက်တွန်း၍ လည်းကောင်း ၊ ကျွန်တော်ကိုယ်တိုင်လည်း
အလုပ်မရှိလျှင် မနေတတ်သဖြင့်လည်းကောင်း ဆရာအတတ်သင်ကောလိပ်တက်ဖို့ ခေါ်ချိန်တွင် စာမေးပွဲဝင်ဖြေလိုက်ရာ
အောင်မြင်ခဲ့၍ ကောလိပ်တက်ခွင့်ရခဲ့ပါသည် ။ ဤသို့ဖြင့် ဆရာအတတ်သင်ကောလိပ် တည်ရာ နှစ်ထပ်အဆောက်အအုံကြီးဆီသို့
ရောက်ရှိလာခဲ့ရ၏ ။ အဆောင်ကြီးက ရှည်လျားခန့်ညားလိုက်ပါဘိ ။ အပေါ်ထပ်သည် သင်တန်းကျောင်းသားဆရာများ
စုပေါင်းနေထိုင်ရာဘုံဗိမ္မာန်ဖြစ်လာကာ အောက်ထပ်ကမူ စာသင်ခန်းများအဖြစ် တည်ရှိနေသည် ။
အပေါ်ထပ်အခန်းတွင်
တစ်ခန်းလျှင် ကျောင်းသား(၁၀)ယောက်ခန့် စုပေါင်းနေထိုင်ရသည် ။ ကုတင်(၁၀)လုံးမှာ ကျောင်း
သား(၁၀)ယောက်က သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ် သက်သောင့်သက်သာဖြစ်၍ ကျွန်တော့်မှာ ပျော်ပွဲစားထွက်လာရသည့်ပမာ
ပျော်ရွှင်သာယာနေတော့သည် ။ အဲသည်မှာပဲ ကျွန်တော်နှင့် ပုလဲပနံသင့်ကာ လေဖောင်ဖွဲ့ဖြစ်သူတွေက
ကိုစိုးနိုင်၊ မင်းဥာဏ်သိန်း၊ ကျော်ကျော်နှင့် ဦးကျင်ရှိန်တို့(၄)ယောက် ။ ကိုစိုးနိုင်နှင့်ဦးကျင်ရှိန်တို့က
အလယ်တန်းပြအတွက် လာတက်သော ကျောင်းသားများ ဖြစ်ပြီး ကျွန်တော်အပါအဝင် ကျန်နှစ်ယောက်ကမူ
မူလတန်းပြများဖြစ်၍ ဤကျောင်းဆောင်ကြီး၌ ပထမဆုံးအကြိမ် လာတက်သော ကျောင်းသားသစ်တွေဆိုလျှင်လည်း
မမှား ။ အလယ်တန်းပြများက မူလတန်းတုန်းကလည်း တစ်ခါ လာတက်ခဲ့ဖူးသောကြောင့် ကျောင်းသားဟောင်းဟု
ဆိုနိုင်ပေမည် ။
“ ဒီကျောင်းကြီးက ကုပ်ကိုင်းကိုင်းနဲ့ ကြောက်စရာကြီးနော် ။ နောက်ပြီး … ဝရံတာက
လှမ်းကြည့်လိုက်ရင် သံလွင်မြစ်ကို မြင်
နေရတာကလည်း တစ်မျိုးပဲဗျ ။”
(၅)ယောက်သား ခင်မင်ပြီးလို့မှ မကြာသေး
၊ ကျော်ကျော်က ဇာတိပြလာပြီ ။ သူ့အပြောစကားကို နားထောင်ရုံဖြင့် ဘယ်ဘူတာကို ဦးတည်နေသလဲ
ကျွန်တော် သိသည် ။ အားလုံးထဲတွင် အသည်းအငယ်ဆုံးက ကျော်ကျော်ဖြစ်သလို ပုလင်းအထောင်ဆုံးကလည်း
ကျော်ကျော်ပဲ ဖြစ်လေသည် ။ သူ့ကျေးဇူးဖြင့် ကျွန်တော်တို့တစ်သိုက်လည်း အရက်ခိုးသောက်တတ်ခဲ့၏
။
ဆယ်တန်းအောင်မြင်ပါက
မော်လမြိုင်တက္ကသိုလ်တက်ရန် စိတ်အကြံရှိသူ-ကျွန်တော့်အဖို့ ဆရာအတတ်သင်ကောလိပ် တက်ခြင်းဟာ
တက္ကသိုလ်အစမ်းတက်ကြည့်ရသလို ခံစားမိစေပါသည် ။ နေ့ဘက်တွင် စည်းစနစ်တကျ စာသင်ကြားရပုံက
အထက် တန်းကျောင်းသားဘဝကို အမှတ်ရမိစေသော်ငြား ညဘက်ရောက်တိုင်း အခန်းထဲမှာ စကားဖောင်ဖွဲ့ကာ
အရက်ခိုးသောက်ရပုံမှာ တက္ကသိုလ်ကျောင်းသားဘဝပမာ ပျော်စရာကောင်းလှပါသည် ။ အားလုံးထဲ၌
ကျွန်တော်က အသက်အငယ်ဆုံးလည်းဖြစ်၍ လူကြီး တွေက ကျွန်တော့်ကိုဆို ဂရုတစိုက်ရှိကြသည်
။ အမြင်မတော်လျှင်လည်း ရွှတ်နောက်နောက်ဆူဆဲတတ်ကြသည် ။
မှုန်တေတေကျောင်းအိုကြီးနှင့်
ဗြူးတူးဗြဲတဲကျွန်တော်တို့အဖွဲ့မှာ အတော်လေးလိုက်ဖက်ညီတာပဲဟု ခံစားမိနေခိုက်မှာပင်
ကျော်ကျော်၏မေးခွန်းတစ်ခုက ကျွန်တော့်အတွေးကို နင်းချေသွားခဲ့ပြီ ။ ထိုကိစ္စက ကျွန်တော့်ရင်ကို
ဖြန်းခနဲတုန်ယင်သွားခဲ့စေ သည် ။ ကျော်ကျော်-ကျော်ကျော်ဟု ခေါ်ဝေါ်နေသော်ငြား သူက ကျွန်တော့်ထက်
နှစ်နှစ်ခန့် ကြီးပါသည် ။ ကျော်ကျော်က ကြောက် တတ်သလောက် အလွန်စပ်စုတတ်သူဖြစ်ရာ သူ့ကြောင့်ပဲ
ကျွန်တော်တို့အားလုံးလည်း အသည်းငယ်စရာကိစ္စတစ်ခုကို ကြားသိခွင့် ရခဲ့ပါပေါ့ ။
“ ကိုစိုးနိုင် - ခင်ဗျားတို့က အရင်ကလည်း ဒီကျောင်းမှာပဲ
တက်ခဲ့တာဆိုတော့ ဒီကျောင်းကြီးအကြောင်းကို သိကြမှာပေါ့ဗျ …
ဟုတ်လား ။”
ကျော်ကျော်က ထိုသို့မေးတော့ ကိုစိုးနိုင်က
ခေါင်းညိတ်သည် ။ မေးရိုးရှည်ရှည် နှာခေါင်းချွန်ချွန်နှင့် သူ့ကို ကျွန်တော်တို့က ကွယ်ရာ
မှာ ကိုငှက်ကြီးဟု နောက်ပြောင်ခေါ်လေ့ရှိသည် ။ ကိုစိုးနိုင် ခေါ် ကိုငှက်ကြီးက ထိုခဏမှာတော့
ငှက်နာကြီးဖြစ်နေရှာပြီ ။ ညက အပျော်လွန်သွား၍ အိပ်ရာနိုးနိုးချင်း ခေါင်းမကြည်မလင်ဖြစ်ကာ
ကုတင်ပေါ်မှာ ငိုင်တိုင်တိုင်ကြီး ထိုင်နေပါသည် ။ ကျွန်တော်တို့က ပိတ်ရက်များတွင်သာ
သောက်လေ့ရှိသဖြင့် စာသင်ကြားမှုကို အနှောင့်အယှက်ဖြစ်သည်ဟူ၍တော့ မရှိခဲ့ပါ ။
“ ဒါဖြင့်ရင် ဒီကျောင်းကြီးမှာ တစ္ဆေရှိလားဗျာ ။”
မနက်ခင်း မင်္ဂလာသတင်းစကားများကိုသာ ကြားချင်ကြသည်မှာ
လူတို့သဘာဝ ၊ သို့သော်…ကျော်ကျော်ကမူ ထိုသို့ ဟုတ်ပုံမရ ။ မနက်စောစောစီးစီးကြီး မေးချလိုက်ပုံက
ဒီကျောင်းကြီးမှာ တစ္ဆေရှိသလား-တဲ့ ။ မသိရင် ကိုစိုးနိုင်တို့ကပဲ သရဲကို ဂုတ်က ဆွဲခေါ်ပြ
ရတော့မလို ။ ဆိုခဲ့သည့်အတိုင်း ကျွန်တော်က မကြောက်တတ်သူ မဟုတ် ၊ ကြောက်စရာများကို မတွေးတတ်သူဖြစ်သောကြောင့်
ကြောက်စရာဇာတ်လမ်း ကြားလျှင်တော့ လူသားပီပီ ထိတ်လန့်တတ်ပါသည် ။ သို့ကြောင့် ကြောက်စရာများ
မကြားရအောင် တခြား ထွက်သွားမည် ဟန်ပြင်ရုံရှိသေး …
“ ဟိတ်ကောင်-ခင်မောင် ဘယ်သွားမလို့လဲ ။ ဒီမှာ ကောင်းခန်း ပြောတော့မှာကွ ။ ကိစ္စရှိ
နောက်မှသွားဟေ့ ။”
ဦးကျင်ရှိန်က လှမ်းအော်လိုက်သည် ။ ဦးကျင်ရှိန်က
အသားဖြူဖြူ ၊ အသက်(၃၀)ကျော်အရွယ်လောက်ရှိပြီး အင်မတန် ရိုးအသူ ဖြစ် ရာ အမူအရာများကိုကြည့်ပြီး
ဘာအဓိပ္ပာယ်ရှိသလဲဆိုတာကို ခန့်မှန်းတတ်ပုံမရပါ ။ ယခုလည်း သရဲအကြောင်းပြောလျှင် မကြားချင်
သဖြင့် ထွက်သွားရန်ဟန်ပြင်သည်ကို ဇွတ်အတင်းလှမ်းခေါ်နေ၍ ကျွန်တော်လည်း အရှက်မကွဲအောင်
အသာလေး ပြန်ထိုင်နေ လိုက်ရတော့သည် ။ သည်မှာပဲ ထင်သည့်အတိုင်း ပုံပြင်ဆန်ဆန်ဇာတ်လမ်းတစ်ပုဒ်ကို
ရင်ထိတ်ဖွယ် နာကြားလိုက်ရပါသည် ။
“ အေးကွ ။ ပြောရရင်တော့ စိတ်မကောင်းစရာအဖြစ်အပျက်ကြီးပေါ့ကွာ ။ လွန်ခဲ့တဲ့(၅)နှစ်က
ငါတို့တွေ မူလတန်းပြ လာတက်
ကြတုန်းကဆိုပါတော့ ။ ဒီကျောင်းမှာ လူသေမှုတစ်ခုဖြစ်ခဲ့တယ်
။ အဲ … ကိုယ့်ကိုယ်ကို သတ်သေမှုလို့ ပြောရမှာပေါ့ ။”
“ ဘယ်လို ! ကိုယ့်ကိုယ်ကို သတ်သေမှု ဟုတ်လား ။”
စကားနည်းသူ-မင်းဥာဏ်သိန်းက ကိုစိုးနိုင်
ပြောစကားကို စိတ်ဝင်စားလာ၍တူသည် ။ ပါးစပ်ကပင် သံယောင်လိုက်ကာ ရေရွတ် လိုက်သေး၏ ။ ကိုစိုးနိုင်လည်း
သူ့စကားအပေါ် လူအများ စိတ်ဝင်စားနေမှန်း သတိပြုမိသည့်အခါ လည်ချောင်းကို တစ်ချက်မျှ ရှင်း
လိုက်ပြီး မတိုးမကျယ်လေသံဖြင့် ဇာတ်လမ်းကို ဆက်လေသည် ။
“ ဟုတ်တယ်ကွ ။ အိမ်သာထဲမှာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာ ။ အဲဒီတုန်းကဆို
ကျောင်းအုပ်ကြီးရော ၊
ကျောင်းသားတွေပါ အလုပ်ရှုပ်ကုန်ကြတာပေါ့ ။
ဆရာဝန်တွေ ၊ ရဲတွေလည်း ခြေချင်းကို လိမ်ရော ။ သူတို့က အသတ်ခံရပြီးမှ
ကိုယ့်ကိုယ်ကို သတ်သေသလိုမျိုး ပြင်ဆင်ထားတာဖြစ်မှာစိုးလို့
လာစစ်ဆေးကြတာ-တဲ့လေ ။ ဒါပေမယ့် ငါတို့တွေကတော့
သိတာပေါ့ကွာ ။ ငါတို့ကျောင်းသားချင်း ဘာပြဿနာမှ
ရှိကြတာ မဟုတ်ဘူးလေ ။ အဲဒီကျောင်းသားက စာလည်းရေးထားခဲ့
တယ် ။ သိကြတဲ့အတိုင်းပေါ့ ။ အချစ်ကြောင့်တဲ့ဟေ့
။ သူ့ချစ်သူနဲ့ အဆင်မပြေလို့ စိတ်ညစ်ပြီး သတ်သေသွားတာတဲ့ကွာ ။
နောက်ပြီး ငွေရေးကြေးရေးပြဿနာတွေလည်း ပါတာပေါ့လေ
။ အင်း…လူဘဝဆိုတာ ရခဲလှပါတယ် ။ အမှန်ဆိုရင် ဒေါသ
အလျှောက် မဆုံးဖြတ်သင့်ဘူး ။ အထူးသဖြင့် တစ်စုံတစ်ယောက်ကို
သတ်ဖို့ ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သတ်သေဖို့ကိစ္စမျိုး
ကို ဒေါသထွက်နေချိန်မှာ ဆုံးဖြတ်လိုက်တာဟာ
ဘယ်တော့မှ ပြန်ပြင်မရတဲ့မဟာအမှားကြီးကို ကျူးလွန်မိတာမှန်း သေပြီးမှ
ပဲ အဲဒီလူ သိမှာပေါ့ ။ ဒါကြောင့်ထင်ပါရဲ့ကွာ
… ဟင်း …”
ကိုစိုးနိုင်က စကားကို လေးဖင့်ဖင့်ဆိုရင်း
ဟင်းခနဲ သက်ပြင်းရှိုက်ကာ ရုတ်ချည်းရပ်ပစ်လိုက်သည် ။ လူတစ်ယောက် ခလုတ်တိုက် ပစ်လဲသွားသကဲ့သို့
စကားကို ဗြုန်းစားကြီး ရပ်ပစ်လိုက်ခြင်းဖြစ်သည် ။ ကျွန်တော်တို့က သူ တစ်စုံတစ်ရာ ထပ်ပြောဦးမလားဟူ၍
ဆန့်တငင်ငင်စောင့်မျှော်နေပေသိ သူကတော့ အပြင်ဘက်သို့ ငေးနေ၏ ။ သူ့အကြည့်ထဲမှာ သံလွင်မြစ်က
ကညာပျိုတစ်ပါးလို ခန့်ညားလှပနေလေသလား မပြောတတ်ပါ ။
“ ဒါပဲလား ကိုစိုးနိုင်ရဲ့ ။ ကျော်ကျော်က သရဲရှိလားလို့ မေးလိုက်တာ အဖြေက မရှိဘူး-ရှိတယ်-ဖြစ်ရမှာပေါ့
။ အခုက ဘယ်လို
ကြီးတုံး ။”
မင်းဥာဏ်သိန်းက အားမလိုအားမရဝင်ပြောသည်
။ ကျွန်တော်ကတော့ စကားရပ်သွားတာကိုပဲ ဝမ်းသာသလိုလို ။
ဟုတ်တာပဲလေ ။ လူတစ်ယောက်
သတ်သေသွားသည်ဆိုသောနေရာမှာ ရပ်ထားလျှင် ကြောက်စရာတွေ လျှောက်မတွေး တတ်သူ-ကျွန်တော့်အဖို့မှာ
ချောက်ချားစရာမယ်မယ်ရရ မရှိပါ ။ သို့ပေမယ့် ကျော်ကျော်ကမူ သူ့ရှူးသူပတ်ကာ ကျောမလုံသလိုဖြစ်
နေရှာသည် ။ မေးမိပြီးခါမှ သွေးလန့်နေဟန်တူသည် ။ သတ်သေသွားတဲ့-အဲဒီလူက မသေခင် ဒီအခန်းမှာ
နေခဲ့ဖူးမှာပဲ-ဟုတွေးကာ ကြောက်လန့်နေသလား မပြောတတ်ပါ ။ မင်းဥာဏ်သိန်းကမူ မကြောက်တတ်သူဖြစ်၍ထင်သည်
- ဇာတ်လမ်းအဆုံးသတ်ကိုသာ မေးမြန်းနေ၏ ။
“ ငါ့ကို မေးမနေနဲ့ ။ ငါနဲ့အဲဒီကောင်က သူငယ်ချင်းတွေ ။ ဒီတော့ ပြန်ပြောတဲ့အခါတိုင်း
ငါ စိတ်မကောင်းဘူး ။ နောက်ပြီး …
အဲဒီအကြောင်းကို ဆက်ပြောရမယ်ဆိုရင် ငါ ပိုပြီးစိတ်မကောင်းဖြစ်ရတယ်
။ တို့တွေက ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လား ။
တစ္ဆေသရဲပြိတ္တာဘဝမှာ ရောက်နေတဲ့မိတ်ဆွေတစ်ယောက်အတွက်
ငါ ဝမ်းနည်းမိတာက ဖြစ်သင့်တယ်မဟုတ်ဘူးလား ။”
ကိုစိုးနိုင်က ဆူဆောင့်ဆောင့်ဆိုသည် ။
သူ့စကားကြောင့် ကျွန်တော် မျက်လုံးကလယ်ကလယ်ဖြစ်သွားသလို ကျော်ကျော်လည်း ပါးစပ်အဝိုင်းသားဖြစ်သွား၏
။ ကိုစိုးနိုင် ဘာကိုဆိုလိုပါလိမ့် - ဒါဆို သေသူက တစ္ဆေဖြစ်နေတယ်ဆိုတဲ့သဘောလား ။ ပဟေဠိဆန်
ဆန်ထိုစကားအပေါ် ကျွန်တော် ဇဝေဇဝါဖြစ်နေခိုက် ဦးကျင်ရှိန်က စကားဆက်၏ ။
“ သူ မပြောလည်း ငါ ပြောမယ် ။ ငါကတော့ ဒီအကြောင်းပြောရတာ တက်ကြွတယ် ။ သေသူလည်း
သေပြီဆိုတော့ ဝမ်းနည်း
နေလည်း ဘာထူးမှာတုံး ။ လူဆိုတာ သူ့ကံနဲ့သူ
၊ သူ ပြုတဲ့ကံ - သူထံပြန်တဲ့ကိစ္စလေ ။ ဒါပေမယ့် မြင်ရသူအဖို့မှာတော့
ဝဋ်ဒုက္ခဆိုးတစ်ခုလိုပဲကွ ။ မင်းတို့ ကြိုးဆွဲချသေတဲ့မသာကို
အနီးကပ်မြင်ဖူးကြလား ။”
အရေးထဲ ဦးကျင်ရှိန်က ပဟေဠိဆင့်ဝှက်နေ၍
ကျွန်တော်တို့အားလုံး မမြင်ဖူးကြောင်း ခေါင်းခါငြင်းလိုက်တော့မှ သူက တဟဲဟဲရယ် မောရင်း
ဇာတ်ကြောင်းကို ဆက်ပြောသည် ။
“ အေး…ငါကတော့ မြင်ဖူးသွားပြီ ။ သိပ်ကြောက်စရာကောင်းတာကွ ။ အဲဒီကောင်ရဲ့အလောင်းကို
တွေ့တုန်းက ငါလည်း ပါ
တယ်လေ ။ အမလေးလေး … သွေးပျက်လိုက်တာကွာ ။
လည်ပင်းကြီးက နဂိုကမှ ရှည်ရတဲ့အထဲ ကြိုးနဲ့ဆွဲချမှတော့
သစ်ကုလားအုပ်ကြီးလိုဖြစ်နေတာပေါ့ ။ နောက်ပြီး
- လျှာကလည်း အပြင်ကို တွဲလဲကြီးကျလို့ … မကြည့်ရဲစရာကြီးပါကွာ ။
ဒါတင် ဘယ်ကဦးမလဲ ။ မျက်လုံးကြီးကလည်း ပြူးအစ်စူထွက်နေရော
။ ငါ တွေးမိတာတော့ သတ်သေရင်တောင် အိပ်ဆေး
သောက်သေတာကမှ တော်ဦးမယ်ဟေ့ ။ ခု ကြိုးဆွဲချသေတာကြီးက
သေခါနီးလည်း ခံရခက်မှာပဲ ။ အလောင်းကို တွေ့တဲ့
သူအတွက်လည်း မြင်ရခက်တာပဲကွ ။”
“ ကဲ…ဟုတ်ပါပြီ ဦးကျင်ရယ် ။ သရဲ ရှိ-မရှိပဲ ပြောလိုက်ပါတော့ ။ ခင်ဗျား ဇာချဲ့နေတာနဲ့
မျက်လုံးထဲ မြင်ယောင်ကုန်ပြီ ။”
ကျော်ကျော်က လျှာရှည်မိသည့်အတွက် စိတ်နာနေဟန်ဖြင့်
ဦးကျင်ရှိန်ကို ဝင်တောင်းပန်လိုက်သည် ။ ထိုအခါမှ ဦးကျင်ရှိန်က သူ့ဝသီအတိုင်း ဘာကိုမျှ
နားလည်ခြင်းမရှိ ၊ အရိပ်အကဲလည်း မသိဘဲ တဟဲဟဲရယ်မောရင်း …
“ အေးပါကွာ ။ ငါက မင်းတို့ မြင်သာထင်သာအောင် ကိုယ်တွေ့ကြုံဖူးတဲ့အကြောင်းလေး
ပြန်ပြောင်းပြောပြတာပါ ။ အတိုချုံ့
ရရင်တော့ ဒီကျောင်းရဲ့အိမ်သာထဲမှာ အဲဒီသရဲ
ရှိတယ် ။ ဒါပဲ ကဲ …”
အဆုံးသတ်မည့်သတ်တော့လည်း ဦးကျင်ရှိန်၏စကားက
တိုတိုပြတ်ပြတ် ။ အိမ်သာထဲမှာ သရဲရှိတယ် ဒါပဲ - တဲ့ ။ ဆယ်ခွန်းမျှသော ထိုစကားက ကျွန်တော့်ကို
ကြက်သီးတဖြန်းဖြန်း ထသွားစေပြီ ။ တစ္ဆေသရဲအခြောက်မခံလိုသဖြင့်
သိင်္ချိုင်းမြေပင် မသွားသည့် ကျွန်တော် - ယခုတော့ ကျောင်းဝန်းထဲမှာ လာဆုံရတော့မည်လား
။ အို - အဲဒီအိမ်သာ ငါ သွားမတက်ရင် ပြီးတာပဲဥစ္စာ-ဟု စိတ် ပြတ်ပြတ်တွေးကာ ထိုကိစ္စကို
မေ့ပစ်လိုက်သည် ။ ကိုစိုးနိုင်ကတော့ သေလွန်သူအတန်းဖော်အတွက် စိတ်မကောင်းဖြစ်နေဟန်တူ
၏ ။ တံခါးအပြင်ဘက်သို့ ငေးရင်း အတွေးနယ်လွန်နေဆဲ … ။
အပေါ်ထပ်သည်
ကျောင်းသားများ နေထိုင်ရာအဆောင်ဖြစ်ပြီး အောက်ထပ်ကမူ စာသင်ဆောင်ဖြစ်ကြောင်း ကျွန်တော်
ပြောခဲ့ပြီးပြီ ။ အိမ်သာထဲ၌ ကျောင်းသားတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖူးကြောင်း၊ ထိုကျောင်းသား၏ဝိညာဉ်သည်
မကျွတ် လွတ်သေးကြောင်း၊ တစ်ခါတစ်ရံ (လူပြတ်သည့်အချိန်၌) သွေးပျက်အောင် ခြောက်လှန့်တတ်ကြောင်း
ကြားသိထားပြီးကတည်းက ကျွန်တော်လည်း ထိုအိမ်သာသို့ တစ်ယောက်တည်း မသွားတော့သလို အကယ်၍
တစ်ယောက်တည်း သွားဖို့လိုလျှင်လည်း အပေါ် ထပ်အစွန်ဆုံးက လူသေဖူးသောအိမ်သာသို့ မသွားဘဲ
အခြားအိမ်သာများသို့သာ သွားဖြစ်ခဲ့သည် ။ ထိုသို့ အထူးတလည် သတိ ထား၍ ရှောင်နေပါသော်လည်း
သတိလစ်သွားသည့်အခိုက်အတန့်တစ်ခုမှာတော့ …
ထိုနေ့ကို
ကျွန်တော် ကောင်းကောင်းမှတ်မိနေဆဲ ။ ထိုနေ့က ကျောင်းတက်၍ သုံးလပြည့်မြောက်ခါနီးနေ့တစ်နေ့ဖြစ်၏
။ ကိုစိုးနိုင်၊ကျော်ကျော်၊မင်းဥာဏ်သိန်းနှင့် ဦးကျင်ရှိန်တို့အား အစ်ကိုတွေတမျှ ခင်မင်ရင်းနှီးနေပြီဖြစ်သည့်အချိန်
။ နေ့အတူ-ညအတူ တွေ့မြင်နေရသူတွေဆိုတော့ ကြာလာသည့်အခါ ညီအစ်ကိုလိုဖြစ်သွားကြသည်မှာ မဆန်းပါ
။ သူတို့ကလည်း အသက်ငယ်ငယ် ကောင်လေးအရွယ်-ကျွန်တော့်ကို လိုအပ်တာရှိလျှင်လည်း ညီငယ်လေးလို
လမ်းပြပေးတတ်သလို ကျွေးစရာမွေးစရာရှိလျှင်လည်း ဘယ်တော့မှ မချန်ရစ်ခဲ့ ။ အကူအညီပေးရန်လည်း
မတုံ့နှေးတတ် ။ အကယ်၍ ထိုနေ့က သူတို့သာ အချိန်ရလျှင် မသွားရန် တားမြစ်မည်သာ ။
“ ဟိတ်ကောင်-ခင်မောင် - ဘယ်သွားတာတုံး ။”
ဟု လှမ်းအော်မေးမြန်းပြီး မသွားရန် တားမည်သာ
။ သို့သော် သူတို့အတွက် အခွင့်မသာခဲ့ ။ ကျွန်တော်ကလည်း လျှင်လိုက်တာမှ လှစ်ခနဲပဲကိုး
။
ထိုနေ့က
မဖြစ်စဖူး ကျွန်တော် ဗိုက်အကြီးအကျယ်ရစ်လာသည် ။ ညက အစားများသွား၍လား ၊ အစားမှားသွား၍လား
မပြောတတ်ပေ ။ ဗိုက်ထဲက ထူးထူးကဲကဲနာလာသဖြင့် စာသင်ချိန်ကြီးမှာပဲ ဆရာနှင့်ကျောင်းသားများအား
အားမနာနိုင်တော့ ၊ အိမ်သာသို့ အတင်းထပြေးသွားရတော့သည် ။ ကျွန်တော် သွားနေသည်က စာသင်ခန်းနှင့်အနီးဆုံးနေရာ
၊ အပေါ်ထပ်အစွန်ဆုံးက ခြောက်ခန်းတွဲအိမ်သာဆီသို့ … ။
ကော်ရစ်တာတလျှောက်လုံး
လူသူ ကင်းရှင်းနေသည် ။ အတန်းချိန်ဖြစ်၍ မည်သူမျှ လမ်းမှာ မရှိပါ ။ ဆရာအတတ်သင် ကျောင်းသားစုစုပေါင်း(၃၀၀)ခန့်ရှိသော်လည်း
ယခုချိန်မှာတော့ လမ်းပေါ်မှာ ပြေးလွှားလေပန်းနေသူဟူ၍ မတွေ့ရ ။ အားလုံးက စည်းစနစ်တကျဖြင့်
စာသင်နေကြရသည် ။ ကျွန်တော်သာ ဗိုက်နာလွန်းသဖြင့် ဘာကိုမျှ စဉ်းစားမနေနိုင်တော့ဘဲ အိမ်သာသို့
ထပြေးထွက်လာရခြင်းပဲမဟုတ်လား ။
အိမ်သာသို့ရောက်တော့
ဘာဘာညာညာ ကျွန်တော် မတွေးအားပါ ။ ဗိုက်က အလွန်အမင်းနာနေပါပြီ ။ ရုတ်တရက် တစ်စုံ တစ်ခုကို
သတိရသွားသည် ။ “သေစမ်း”ဟု နှုတ်က ခပ်ကျယ်ကျယ်ရေရွတ်လိုက်မိသည်အထိ ။ ကျွန်တော် သတိရမိသည်မှာ
မနေ့ ညတုန်းက အပျင်းပြေ သွားစားမိသည့်-သရက်သီးမဆလာ ။ သရက်သီးစိမ်းကို ပါးပါးလှီးပြီး
ဆား ၊ ငရုတ်သီးမှုန့် ၊ ငံပြာရည်တို့နှင့် တို့စားသောအိပ်ချဉ်ပြေစာကို ကျွန်တော် အားရပါးရယူစားမိခဲ့သည်
။ သို့ကြောင့်ပင် ယခု ဗိုက်နာနေခြင်းဖြစ်မည် ။ အခန့်မသင့်ပါက အထက်လှန်အောက်လျောပင်
ဖြစ်နိုင်သည့်အနေအထားပါ ။ ထိုအစာနှင့် ကျွန်တော်က တည့်တာမဟုတ် ။
“ ဟာ…ဒုက္ခပါပဲ ။ ဘယ်လိုဖြစ်ရတာလဲကွာ ။ ကံဆိုးလှချည်လား ။”
သရက်သီး စားမိ၍ ဝမ်းပျက်ပြီဟုတွေးကာ စိတ်ညစ်ရသည့်အထဲ
အိမ်သာထဲရောက်တော့ တံခါးအားလုံး ပိတ်နေသည်ကို တွေ့ လိုက်ရသဖြင့် ကျွန်တော် တော်တော်စိတ်ညစ်သွားသည်
။ ခြောက်ခန်းတွဲအိမ်သာအားလုံး တံခါးအသီးသီးပိတ်လို့ ။ ကျွန်တော် လည်း ဣနြေ္ဒမဆည်နိုင်တော့ဘဲ
လွတ်လိုလွတ်ငြား တံခါးတွေကို လိုက်ဖွင့်ကြည့်သည် ။ သို့သော် - တံခါးတွေအားလုံး အထဲက
ပိတ်ထား၏ ။ အိမ်သာတိုင်း လူရှိနေသည့်သဘော ။
ဗိုက်က
လက်ကုန်ရစ်နာနေပြီ ။ ဆက်ထိန်းရန် မလွယ်ကူတော့ ။ အိမ်သာက တွန်းဖွင့်ကြည့်ရန် နှစ်လုံးသာ
ကျန်တော့ သည် ။ တကယ်လို့ အဲဒီနှစ်လုံးမှာသာ လူရှိနေရင် … ။ အတွေးမျှဖြင့် ဇောချွေးပျံကာ
ငါးလုံးမြောက်အိမ်သာကို တွန်းဖွင့်လိုက်စဉ် …
“ ကျွီ …”
ထိုမြည်သံနှင့်အတူ ခြောက်လုံးမြောက်အိမ်သာတံခါးပွင့်သွားသံကိုကြားလိုက်ရပြီး
တဆက်တည်းမှာပဲ -
“ ဟေ့လူ - ဒီအိမ်သာ လွတ်တယ် ။”
ဟူသောစကားသံကိုပါ ကြားလိုက်ရသဖြင့် ငါးလုံးမြောက်ကို
ဖွင့်မရ၍ စိတ်ညစ်နေရာမှ ခြောက်လုံးမြောက်ဆီသို့ ပြေးသွားမိတော့ ၏ ။ အကယ်၍ ဤအိမ်သာ,သာ
မလွတ်ပါလျှင် ကျွန်တော် ပုဆိုးမနိုင်ဘာမနိုင်ဖြစ်မည့်ကိန်းပါ ။ ခြောက်လုံးမြောက်အိမ်သာ
လွတ် သွား၍သာ တော်တော့သည် ။ ထွက်လာသူကို ကျေးဇူးတင်ရပေမည် ။ သို့သော် - မည်သူမည်ဝါမှန်း
ကျွန်တော် မသိလိုက်ပေ ။ ကိုယ့်ဇောနှင့်ကိုယ်ဖြစ်နေချိန်ပဲလေ ။
ထိုနေ့က
ကံဆိုးမှုလွန်ပြီးနောက် ကံကောင်းခဲ့ပါသည် ။ ဗိုက်က သဘာဝကျကျနာခြင်းမျှသာဖြစ်၍ ဆေးခန်းသို့
မပြေးခဲ့ရ ပါ ။ စာသင်ချိန် ထပြေးသွားရသဖြင့် သင်ခန်းစာအနည်းငယ် လွတ်သည်မှလွဲ၍ ဒုက္ခကြီးကြီးကျယ်ကျယ်တွေ့ခဲ့ရခြင်းလည်း
မရှိ ။ နေ့လယ်ခင်း ထမင်းစားချိန်ရောက်တော့
သူငယ်ချင်းဆီက စာကူးယူနေစဉ် ကိုစိုးနိုင်နှင့်ဦးကျင်ရှိန်တို့လည်း ရောက်လာကြသည် ။
သူတို့နှင့် တွဲနေသော အခြားအခန်းမှသူငယ်ချင်းတစ်စုလည်း ပါလာကြ၏ ။ (သူတို့က အလယ်တန်းပြစာများ
သင်ကြားနေရခြင်းဖြစ် ၍ ကျွန်တော်တို့(၃)ယောက်နှင့် အခန်းချင်း မတူပါ)
“ ခင်မောင်ရေ - မနက်က ကော်ရစ်တာမှာ ပြေးပြေးလွှားလွှားနဲ့ ဘာလုပ်နေတာလဲ ။ စာသင်ချိန်ကြီးမှာ
…”
ကိုစိုးနိုင်က ကျောင်းဆရာပါးဝစွာဖြင့်
မျက်စိကလည်း လျငပါဘိ ။ သူတို့အခန်းထောင့်က ရိပ်ခနဲဖြတ်ပြေးသွားသောကျွန်တော့်ကို မြင်ဖြစ်အောင်
မြင်လိုက်သေးသည် ။ ကျွန်တော်က အဖြစ်မှန် ပြောပြရမည်ကို ရှက်ရွံ့မိသော်လည်း မပြောလျှင်
ပိုအဆူခံရမည်စိုး သဖြင့်
“ ဗိုက်နာလို့ အိမ်သာပြေးတာပါဗျာ ။”
ရှက်စနိုးဖြေလိုက်သည် ။ အဆူမခံရအောင်
အရှက်ကွဲခံလိုက်ခါမှ ဦးကျင်ရှိန်က …
“ ဟ…ဒီကောင် - မနက်စောစောကတော့ မသွားဘူး ။ ဆရာတွေကို အားနာစရာကြီး ။”
ဟု ဆူသည် ။ ကျွန်တော်လည်း ပြုံးဖြီးဖြီးမျက်နှာဖြင့်
စာဆက်ကူးနေလိုက်သည် ။ ကိုစိုးနိုင်တို့အုပ်စုလည်း နေ့လယ်စာစားရင်း ရောက်တတ်ရာရာပြောနေကြသည်
။ တစ်ချက်,တစ်ချက်လည်း ကျွန်တော့်ကို “ခင်မောင်နော် - တခြားလူတွေကို အကျင့်မဖျက်နဲ့
။ စာသင်ချိန်မှာ အတတ်နိုင်ဆုံး အပြင်မထွက်နဲ့ ဟုတ်ပြီလား”ဟု ကရုဏာဒေါသောပြောနေပါသည်
။
ထိုခဏမှာ ကျွန်တော့်စိတ်ထဲ
ရင်ဖွင့်လိုသည့်ကိစ္စကို ပြောပြရန် စိတ်ကူးပေါ်လာသည် ။ ဟုတ်သည်ပဲလေ ။ ခြောက်ခန်းတွဲ အိမ်သာအားလုံး
လူပြည့်နေသည့်ကိစ္စကို ကျွန်တော် ပြောပြလိုက်ချင်သည် ။ စာသင်ချိန်မှာ ကျွန်တော်တစ်ယောက်တည်း
အပြင် သွားတာ မဟုတ်ဘူးဆိုသောအချက်ကို ဆူပူတတ်သော-ကိုစိုးနိုင်တို့/ဦးကျင်ရှိန်တို့သိအောင်
ပြောပြချင်မိ၍ …
“ ဒါနဲ့လေ - အစ်ကိုတို့ရ အိမ်သာကို စာသင်ချိန်ကြီး ပြေးတာ ကျွန်တော်တစ်ယောက်တည်း
မဟုတ်ဘူးဗျ ။ အပေါ်ထပ်အစွန်က
ခြောက်ခန်းတွဲအိမ်သာအားလုံး လူပြည့်နေရောပဲ
။ ကျွန်တော့်မှာ ကံကောင်းလို့ ထွက်မကျတယ် ။ ခြောက်လုံးမြောက်အိမ်သာ
ကလူ ထွက်လာပေလို့သာပေါ့ ။”
ဟု အပြစ်လွတ်အောင် ပြောမိသည် ။
စာကူးရင်း ရုတ်တရက်
ခေါင်းမော့ပြီး ရယ်ကျဲကျဲပြောလိုက်သော-ကျွန်တော့်စကားအဆုံးသတ်၌ ကိုစိုးနိုင်အပါအဝင်
အတန်းကြီးကျောင်းသားတစ်သိုက် မျက်လုံးအဝိုင်းသားဖြစ်သွားကြသည် ။ ကျောင်းသားနှစ်ယောက်ဆိုလျှင်
ကျွန်တော့်မျက်နှာကို ကြည့်လိုက် ၊ သူတို့အချင်းချင်း လှည့်ကြည့်လိုက်ဖြစ်ကာ ထိတ်လန့်အံ့သြသောအမူအရာကို
အထင်အရှား ပြသလျက်ရှိသည် ။ ငါ ဘာများ စကားမှားသွားလို့ပါလိမ့် ။ သေချာပါတယ် - အိမ်သာတံခါးတွေကို
တွန်းဖွင့်ကြည့်ခဲ့သားပဲ ။ တံခါးတွေအားလုံး အတွင်းက ပိတ်ထားတာပါ ။ ထိုသို့ ကိုယ့်ကိုယ်ကို
ထောက်ခံနေမိစဉ် ဦးကျင်ရှိန်က -
“ ခင်မောင် - မင်း တစ်ခုခုလွဲနေပြီနော် ။”
ဟု ပြောသည် ။ ကျွန်တော့်စိတ်ထဲ တင်းခနဲပဲ
။ ဟုတ်တာပဲကိုး ။ မသိလျှင် ကျွန်တော်ကပဲ လိမ်နေညာနေသလိုမျိုး … ။
“ ဒီမှာ ဦးကျင်ရှိန် - ကျွန်တော်တို့သိတာ သုံးလပြည့်တော့မယ် ။ ခင်ဗျားတို့
မြင်မှာပါ ။ ကျွန်တော်က လူဖြောင့်စိတ်တိုဆိုတာ ။
ကျွန်တော် မလိမ်တတ်ဘူးဗျ ။”
ထိုသို့ ဂျစ်တစ်တစ်အော်လိုက်တော့မှ ဦးကျင်ရှိန်
ရွံ့သွားသည် ။ ကျွန်တော့်ကိုသာ မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေသည် ။ ကိုစိုးနိုင်ကတော့
ခေါင်းတညိတ်ညိတ်အမူအရာဖြင့် တစ်စုံတစ်ခုကို တွေးဆနေရာမှ -
“ မင်း သွားခဲ့တာ အပေါ်ထပ်အစွန်ဆုံးခြောက်ခန်းတွဲအိမ်သာနော် ဟုတ်လား ။”
“ အင်းလေ ။ ဟုတ်ပါတယ်ဆို - ကိုစိုးနိုင်ကလည်း ။”
“ ခြောက်ခန်းလုံး လူတွေ ပြည့်နေတယ်ပေါ့ ဟုတ်လား ။”
“ အင်း - ဟုတ်တယ် ။”
“ တံခါးတွေက ပိတ်နေတာလား ၊ စေ့ထားရုံလား ။”
“ ပိတ်ထားတာဗျ ။ သေချာတယ် ။ ကျွန်တော်လည်း ဗိုက်နာလွန်းလို့ အားမနာနိုင်ဘဲ လိုက်တွန်းဖွင့်ကြည့်ခဲ့တာ
။ တစ်လုံးမှ
ဖွင့်မရဖြစ်နေတုန်း ခြောက်ခန်းမြောက်အိမ်သာက
ပွင့်လာပြီး ဟေ့လူ - ဒီအိမ်သာ လွတ်တယ်လို့ ပြောသွားတာ ။”
“ ဘာရယ် - ခြောက်ခန်းမြောက်အိမ်သာက လူတစ်ယောက် ထွက်လာတယ်ပေါ့ ဒီသဘောလား ခင်မောင်
။”
ကိုစိုးနိုင်က အမှုစစ်စစ်သလို တစ်လုံးချင်း
လိုက်ထောက်မေးနေ၍ ကျွန်တော်ပင် မနေတတ်မထိုင်တတ်သလို ဖြစ်လာသည် ။ စိတ် ထဲမှာ ယားကျိကျိဖြစ်လာကာ
ခေါင်းနပန်းကြီးသလိုလို ကြက်သီးတဖြန်းဖြန်းထချင်သလိုလို … ။ ခြောက်ခန်းမြောက်အိမ်သာက
လူ တစ်ယောက် ထွက်လာတာ ဆန်းတာကျလို့ ။ ဘာဖြစ်လို့များ ဒီလောက်ဝိုင်းမေးနေရတာပါလိမ့်
… ။
“ ဟုတ်တယ်ဗျို့ ။ လူတစ်ယောက် ထွက်လာရုံတင်မကဘူး ။ စကားပါ ပြောသွားသေးတာ ။ ကျွန်တော်လည်း
အရေးကြီးနေချိန်
ဆိုတော့ ဘာမှတောင် ပြန်မပြောလိုက်နိုင်ဘူး
။ တစ်ခါတည်း ခြောက်ခန်းမြောက်အိမ်သာထဲ ပြေးဝင်သွားတော့တာပဲ ။”
“ ဘာရယ် - ခြောက်ခန်းမြောက်အိမ်သာထဲ ပြေးဝင်သွားတယ် ဟုတ်လား ။”
ဦးကျင်ရှိန်၏နံဘေးမှတစ်ယောက်က ထအော်သည်
။ ကျွန်တော်က ဟုတ်ကြောင်း ဖြေမည်ကြံရုံရှိသေး ကိုစိုးနိုင်က -
“ နေဦး - နေဦး - မင်း တွေ့လိုက်တဲ့လူရဲ့ပုံစံက ဘယ်လိုလဲ ။”
ဟု ကတုန်ကယင်မေးသည် ။ သူက အသံသာမက ခန္ဓာကိုယ်ပါ
အနည်းငယ်တုန်ရီနေသည် ။ ကိုစိုးနိုင်၏အမူအရာကြောင့် ကျွန်တော်ပင် ရင်တုန်သည်ထက် ရင်တုန်လာမိပြီ
။ ကျွန်တော် တွေ့ကြုံခဲ့တာ ဘာတွေများ ဖြစ်နေလို့ပါလိမ့် … ။
“ ကျွန်တော် သေချာတော့ မော့မကြည့်လိုက်မိဘူး ။ ဒါပေမယ့် ဖျတ်ခနဲတွေ့လိုက်ရတာတော့
အင်္ကျီအညိုကွက်နဲ့ အသား
လတ်လတ်ပဲ ။ မျက်နှာကို မော့မကြည့်မိတော့ ဘယ်လိုပုံစံရှိသလဲ
မသိလိုက်ရဘူး ။ လက်ပျဉ်ခပ်ကုန်းကုန်းလို့ပြောရမယ်
ထင်တယ် ။”
ကျွန်တော်က ပြန်တွေးရင်း ဆိုလိုက်တော့
သူတို့အားလုံးထံမှ ဟင်ခနဲဟာခနဲ အာမေဋိတ်သံများကို တပြိုင်နက်ဆိုသလို ကြား လိုက်ရသည်
။ နံဘေးမှ ကျော်ကျော်နှင့်မင်းဥာဏ်သိန်းတို့ပါ ရောယောင်ကာ လန့်ဖျပ်ကုန်ကြသည် ။ ဘာတွေဖြစ်နေကြသလဲဆို
တာကို ကျွန်တော် နားမလည်နိုင်တော့ပြီ ။
“ အစ်ကိုတို့ ဘာတွေဖြစ်နေကြတာလဲဗျာ ။ ကျွန်တော် နားလည်အောင် ရှင်းပြကြပါဦး
။”
“ တကယ်တော့ - မနက်တုန်းက အပြင်ထွက်တဲ့ကျောင်းသား တစ်ယောက်မှ မရှိခဲ့ဘူး ခင်မောင်
။”
ဦးကျင်ရှိန်က မဝံ့တဝံ့ပြောသည် ။ ကျွန်တော်
လက်ခံမည်မဟုတ်ကြောင်း ကြိုသိနေပုံရသည် ။
“ ဟာဗျာ လုပ်ပြန်ပြီ ။ အပြင်ထွက်တဲ့လူ မရှိဘဲ အိမ်သာတံခါးတွေက သူ့အလိုလို ပိတ်နေပါ့မလားဗျ
။ ဦးကျင်ရှိန်တို့အခန်းက
မထွက်ရင်တောင် ကျန်တဲ့အခန်း(၃)ခန်းက ထွက်တဲ့လူ
ရှိချင်ရှိမှာပေါ့ ။”
“ မဟုတ်ဘူး ခင်မောင်ရ ။ ကိုယ် သိသလောက်တော့ စာသင်ချိန် အပြင်ထွက်တဲ့ကျောင်းသား
အင်မတန်ရှားလို့လည်း အခု
ကိုယ်တို့ မင်းကို ဆူနေတာပဲပေါ့ ။ နောက်ပြီး
တကယ်လို့ အိမ်သာသွားကြဦးတော့ - စာသင်ချိန်မှာ အဖွဲ့လိုက် သွားခွင့်
မရှိတဲ့အတွက် အဲဒီအိမ်သာကို သွားကြမှာမဟုတ်ဘူး
။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိမ်သာက ဟိုကျောင်းသား သတ်သေ
သွားတဲ့အိမ်သာဖြစ်နေလို့ပဲ ။”
ထိုသို့ ကိုစိုးနိုင် ပြောလိုက်တော့မှ
ကျွန်တော့်စိတ်ထဲ ဗြုန်းခနဲ သတိရသွားသည် ။ ဟုတ်သားပဲ ။ သရဲခြောက်တဲ့အိမ်သာ - ဝှောင်
ဝှောင်ရှေး - ဝေးဝေးရှောင်ဖို့ ကျွန်တော် တေးထားတဲ့အိမ်သာလေ ။ ထိုအခါမှပဲ ကိုစိုးနိုင်နှင့်
ဦးကျော်ရှိန်တို့ ပြောဖူးသော ဟရခိရိ (သတ်သေတဲ့)ဇာတ်လမ်းကို သတိရသွားကာ ကျွန်တော် ကြက်သီးဖုကြီးများ
တဖြန်းဖြန်းထသွားရပြီ ။
ထိုအခိုက် နံဘေးကနှစ်ယောက်ကလည်း
ကျွန်တော်ကို ဝိုင်းထုထောင်းကြသည် ။ သဘောကတော့ သရဲခြောက်သည် ဟူသောအိမ်သာကိုမှ တစ်ယောက်တည်း
သွားရသလားဟူသောအဓိပ္ပာယ် ။
“ ဟာဗျာ - ဒီကိစ္စကို ကျွန်တော် လုံးလုံးမေ့သွားတယ် ။ တော်ပါသေးရဲ့ ။ အိမ်သာထဲရောက်မှ
သတိရမိရင် တော်တော်ချောက်
ချားသွားမှာပဲ ။ ဟီး…မေ့နေလို့တော်သေးရဲ့ ။”
“ တော်သေးရဲ့ လုပ်မနေနဲ့လေ ခင်မောင် ။ ဟိုက မင်းကို အကောင်အထည်လိုက် ခြောက်မလွှတ်လိုက်တာပဲ
ကံကောင်း ။”
“ အေးနော် … မင်း ပြောတာ ဟုတ်တယ် ကျော်ကျော် ။ ဘာမှမတွေ့ခဲ့တာ တော်သေးတာပေါ့ကွာ
။”
ကြောက်တတ်သူ-ကျော်ကျော်က ကျွန်တော့်နေရာမှာ
ဝင်ခံစားပေးရင်း သွေးပျက်နေရှာသည် ။ ကျွန်တော်လည်း သူ့စကားကြားမှ သွေးပျက်သွားမိသည်
။ ဟုတ်တာပဲဥစ္စာ ။ အိမ်သာထဲမှာ ဗြူးဗြူးဗြဲဗြဲခြောက်လှန့်လိုက်လျှင် မခက်လား ။
ကျွန်တော်နှင့်ကျော်ကျော်
အတိုင်အဖောက်ညီညီ ပြောဆိုနေစဉ်အထိ ကိုစိုးနိုင်တို့လူစု၏မျက်နှာက မှုန်တေတေတည်ရှိ နေဆဲ
။ သူတို့ ဘာဖြစ်နေပါလိမ့် … ။ မျက်နှာတွေက ပြောရခက် ၊ မပြောရခက် အမူအရာတွေနှင့် ။ ကျွန်တော်လည်း
မအောင့်အီး နိုင်တော့သဖြင့် ထုတ်မေးလိုက်တော့သည် ။
“ ကိုစိုးနိုင်တို့ ဘာဖြစ်နေကြတာလဲ ။ မျက်နှာတွေလည်း မကောင်းကြဘူး ။”
“ ဘာဖြစ်ရမှာတုံး ။ မင်းကို အံ့သြလို့ ။ မင်းက သရဲခြောက်မရတဲ့ကောင်ပဲဖြစ်ရမယ်
။”
ဦးကျင်ရှိန်က တုတ်ထိုး-အိုးပေါက်-ဝင်ပြောသည်
။ သူ့စကားက မသိလျှင် ကျွန်တော် သရဲခြောက်မခံရသည့်အတွက်ပဲ စိတ်တိုနေ သည့်လေသံမျိုး ။
သို့သော် သူ့အကြောင်းကို သိနေသောကျွန်တော်က သူ့စကား၏ဆိုလိုရင်းသည် ထိုအဓိပ္ပာယ် မဟုတ်မှန်း
ခန့်မှန်း မိသဖြင့် -
“ ဦးကျင်ရှိန်ရယ် ဘာကိုပြောချင်တာလဲဗျာ ။ ရှင်းရှင်းပြောပြပါဗျ ။”
ဟု တောင်းပန်ယူတော့မှ ဦးကျင်ရှိန်၏မျက်နှာ
မချိပြုံးပြုံးသွားသည် ။
“ ကဲ … ပြောမယ် ငါ့ကောင်ရေ ။ မင်းနေရာမှာ တခြားလူသာဆိုရင် သေချာပေါက်သွေးပျက်သွားမှာပဲ
။ အင်း … မင်းကတော့
တကယ့်အံ့ဖွယ်လူသားပဲဟေ့ ။ အဲဒီအိမ်သာမှာ တစေ
္ဆခြောက်တယ်ဆိုတာကို သိထားရဲ့သားနဲ့ မေ့နေသတဲ့ ။ နောက်ပြီး…
သရဲက အကောင်အထည်လိုက် ခြောက်လွှတ်လိုက်ရဲ့သားနဲ့
လုံးလုံး မသိဘူးဆိုတော့ အင်း … သေချာတယ် မင်းက တစ္ဆေ
ခြောက်မရတဲ့လူ ။”
“ ဗျာ …”
ဦးကျင်ရှိန်၏စကားကြောင့် ကျွန်တော် မျက်စိလည်သွားရပြီ
။ တဆက်တည်းမှာပဲ အိမ်သာထဲ၌ ရိပ်ခနဲမြင်လိုက်ရသော အင်္ကျီ အကွက်နှင့်လူကို ပြန်မြင်ယောင်လိုက်မိသည်
။
“ ဒါ…ဒါဆို … ဟို…အင်္ကျီအကွက်နဲ့လူက …”
“ အေး ။ ဟုတ်တယ်ဟေ့ ။ ဒါတင် မကသေးဘူး ။ အဲဒီခြောက်လုံးမြောက်အိမ်သာက ဟိုကျောင်းသား
ကြိုးဆွဲချသေခဲ့တဲ့
အိမ်သာပေါ့ ။ ဝင်မရအောင် ခြောက်လွန်းလို့ သော့ခတ်ထားရတဲ့အိမ်သာလည်း
ဟုတ်တယ်လေ ။”
“ ခင်ဗျာ … ”
ကိုစိုးနိုင်၏စကားအဆုံးမှာတော့ ကျွန်တော့်မှာ
ပြောစရာစကားတစ်လုံးတလေမျှပင် ရှာမရတော့ပါ ။
ထိုအဖြစ်အပျက်နှင့်
တွေ့ကြုံခဲ့ရပြီးနောက် ခြောက်ခန်းတွဲအိမ်သာသည် ပို၍သတင်းကြီးသွားသလို ကျွန်တော်သည်
လည်း အလိုလိုနေရင်း ဟီးရိုးကြီးဖြစ်ခဲ့ရပြန်ပြီ ။ တစ္ဆေခြောက်သော်လည်း မကြောက်ဘဲ သွားလည်ရဲခဲ့သူ-တဲ့
။ ဘယ်စာရေးဆရာ များ ဘွဲ့ထူးခေါင်းစည်း မှည့်ခေါ်ပေးခဲ့သလဲ မသိ ။ ကျွန်တော်ကမူ သူတို့
ထင်သကဲ့သို့ သတ္တိကောင်းလွန်းသဖြင့် မိုက်သွေးကြွယ် ကာ သွားလည်ခဲ့ခြင်း မဟုတ်ပါ ။ တစေ
္ဆခြောက်ကြောင်း လုံးလုံးမေ့နေသဖြင့် ကိုယ့်ဇောနှင့်ကိုယ် ရောက်သွားခြင်းသာ ။ နောက်ပြီး
တစ္ဆေ သရဲက အကောင်အထည်ပြ ခြောက်လှန့်ခဲ့သော်ငြား လုံးဝမရိပ်မိဘဲ ဖွင့်ပေးသည့်အိမ်သာထဲဝင်၍
ကိုယ့်အလုပ်ကိုယ်လုပ်ခဲ့ ရုံမျှ ။
ဤသို့ဖြင့် ကျီစယ်မိသူ-တစေ
္ဆပင် စိတ်အပျက်ကြီး ပျက်လောက်သည်အထိ တစ္ဆေခြောက်ခြင်းကို မသိခဲ့သည့် ကျွန်တော် တစ်ယောက်
ပေါင်မြို့နယ် -(TTC)မှာ သုံးလကျော်ကျော် ပညာသင်ယူနေစဉ်သက်တမ်းတလျှောက်လုံး ထိုအိမ်သာသို့
နောက်တစ် ခေါက် သွားရောက်ရန် စိတ်ကူးမရှိခဲ့ပေ ။ မည်သို့ဖြစ်စေ - ထိုအဖြစ်အပျက်သည်
ကျွန်တော့်မှတ်တမ်းထဲ၌ အံ့သြဖွယ်ဖြစ်ရပ်တစ်ခု အဖြစ်နှင့် ရှင်သန်တည်ရှိနေဆဲပင် ဖြစ်ပါတော့သည်
။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို