(၂၀၁၅ သြဂုတ်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည် )
လူတို့သည် ကိလေသာတဏှာတည်းဟူသော လိုချင်ခြင်း
၊ ရချင်ခြင်း ၊ နေချင်ခြင်း ၊ စားချင်ခြင်း ၊ ချစ်ချင်ခြင်း ၊ ပေါင်း ချင်ခြင်းအစရှိသည့်‘ချင်’ကိုက်မှုများကြောင့် လူ့ဘဝအပေါ်၌ စွဲလန်းခင်မင်စိတ်များ
၊ တွယ်တာတပ်မက်စိတ်များ ၊ တစ်ဦး အပေါ်တစ်ဦး သံယောဇဉ်နှောင်ဖွဲ့ချည်မှုများ ဖြစ်တည်လျက်ရှိကြလေရာ
သေလွန်သွားသည့်အခါ ထိုစွဲလန်းတွယ်တာ စိတ်တို့ကြောင့် ပြိတ္တာဘဝ တစ်နည်းဆိုရသော် တစေ
္ဆသရဲဘဝသို့ရောက်ရှိကြရပြီး ထိုတမလွန်ဘဝတပါးသို့ ရောက်ရှိ သွားသည့်တိုင် အတိတ်လူ့ဘဝကို
ဖက်တွယ်ပတ်သက်နေသည့်အကြောင်းကို ဤဝတ္ထုတွင် သံဝေဂရဖွယ် တွေ့မြင်ကြရ မည်ဖြစ်သလို ဥပဒ်ဒဏ်ကြောင့်
ဥပဒ်ရောက်တတ်သည့်သဘောကိုလည်း ဤဝတ္ထုကို ဖတ်ရှုရင်း ဆင်ခြင်နိုင်မည်သာဖြစ် သည် ။
ဤဝတ္ထုသည် တစ်ချိန်သောတရံက မြန်မာနိုင်ငံ၏ဒေသတစ်ခုတွင်
အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဤဝတ္ထုပါဇာတ် ကောင်များ၏မျိုးဆက်များသည်ပင် ယနေ့ထက်တိုင်
ကျန်ရစ်ရှင်သန်နေကြဆဲဖြစ်၏ ။ အံ့သြဖွယ် ၊ ထိတ်လန့်ဖွယ် ၊ ကရု ဏာသက်ဖွယ် ၊ သံဝေဂရဖွယ်များကို
စိတ်ဝင်တစားဖတ်ရှုရင်း စာရှုသူ၏ရင်ထဲ၌ လေးနက်ခိုင်မြဲပြီး အနှစ်သာရရှိမည့် အတွေးတစ်စုကို
တွေးတောဆင်ခြင်မိမည်ဆိုလျှင် စာရေးသူ ရှာဖွေလေ့လာကာ ရေးသားရကျိုးနပ်ပါပြီ ။
a a a a a a a a a a
“ ဟင်…ကိုဘသော်…ရှင်…ရှင် ဘာလာလုပ်တာလဲ ။”
ကုတင်ခြေရင်းတွင်
ငူငူငိုင်ငိုင်ကြီးရပ်ကာ မိမိကို တွေတွေကြီးစိုက်ကြည့်နေသော ညှိုးရော်ရော်အသွင်ရှိသည့်ကိုဘသော်
၏မျက်နှာကို တွေ့မြင်လိုက်ရ၍ မငွေကျင် လန့်ဖြန့်ယောင်ယမ်းကာ ထိုသို့မေးမြန်းလိုက်သည်
။ မလန့်ဖြန့်ဘဲ ရှိပါ့မလား ။ မငွေကျင်၏နဘေး၌ သူမ၏ကာမပိုင်ယောက်ျားဖြစ်သူဦးအောင်မောင်းက
တခေါခေါနှင့် စက်တော်ခေါ် အိပ်ပျော်လျက်ရှိ နေသည်ကိုး ။ နောက်ပြီး ကိုဘသော်ဆိုတာကလည်း
တခြားသူမှ မဟုတ်ဘဲလေ ။
“ ကျင်ကျင့်ကို သတိရလို့ပါ ။”
ကိုဘသော်က
မငွေကျင်၏မျက်နှာကို လွမ်းတသသဖြင့်ငေးကြည့်ရင်း တောင်းပန်တိုးလျှိုးသလိုမျိုး မဝံ့မရဲနှင့်ဖြေသည်
။ ကိုဘသော်၏မျက်နှာက ပါးချောင်နားချောင်တွေကျနေ၍ ကျန်းမာရေး ချို့တဲ့နေပုံရသည် ။ မျက်ဝန်းအရောင်တို့ကလည်း
မှေးမှိန်ဖြူဖျော့လို့…။ ကိုဘသော်က သနားချင်စဖွယ်မျက်နှာငယ်လေးနှင့် မိမိကို အားကိုးတကြီးစိုက်ကြည့်နေ၍
မငွေကျင် ကရုဏာသက်သွားမိသည် ။ သို့သော်လည်း…
-
အို…သူနဲ့ငါက ဘာဆိုင်တော့တာကျလို့ ။ ငါ့လင် တွေ့သွားမှ အထင်လွဲစရာဖြစ်နေပါဦးမယ် ။
ဟုဆင်ခြင်မိကာ
ကြင်ကြင်နာနာငေးကြည့်နေမိသောမျက်ဝန်းများကို ရုတ်သိမ်းလိုက်ပြီး ကိုဘသော်၏မျက်နှာကို
မငွေ ကျင်- တည်တည်တင်းတင်းစိုက်ကြည့်လိုက်သည် ။
“ ဒီမယ်…ကိုဘသော်…ရှင်ကပဲ သစ္စာဖောက်ပြီးတော့ ကျွန်မအနားကနေ
အရင်ထွက်ပြေးသွားခဲ့တာလေ ။ ဘာအခုမှ
သတိရနေရတာလဲ ။ မလိုချင်ဘူး ။ ရှင်…အခုချက်ချင်း
ကျွန်မရဲ့အခန်းထဲက ထွက်သွားပါ ။ ကျွန်မမှာလည်း အခုဆို
လင်ယောက်ျားရှိနေပြီ ။ သူ နိုးလာရင် ရှင်နဲ့ကျွန်မကို
အထင်လွဲသွားလိမ့်မယ် ။”
မငွေကျင်၏စကားက
ပြတ်သားသည် ။ အဓိပ္ပါယ်ရှင်းလင်းသည် ။ နာကျည်းမှုနှင့်ခွင့်မလွှတ်နိုင်ခြင်းတို့ကို အရိပ်အမြွတ်
လှစ်ပြလိုက်သည် ။ မငွေကျင်၏ယတိပြတ်စကားကြောင့် ကိုဘသော်၏မျက်နှာ ညှိုးသထက်ညှိုးသွားပြီး…
“ ကိုယ် သဘောပေါက်ပါတယ် ကျင်ကျင်ရယ် ။ အခု….အဲဒီပြစ်ဒဏ်ကိုလည်း
ကိုယ် ခံစားနေရပါပြီ ။ ကျင်ကျင့်ကို
သစ္စာမဲ့ခဲ့မိတဲ့အတွက် ကိုယ် တစ်ရက်မှစိတ်မချမ်းသာခဲ့ရပါဘူး
။ ကောင်းပါပြီ ။ ကျင်က နှင်နေတော့လည်း သွားရ
တော့မှာပေါ့ ။ ကျင်ကျင်လေး ပျော်ရွှင်ပါစေလို့
ကိုဘသော် ဆုတောင်းပေးပါတယ် ။”
ထိုသို့
တုန်တုန်ရီရီဆိုကာ စကားဆုံးသည်နှင့်တပြိုင်နက် နောက်သို့ တရွေ့ရွေ့ဆုတ်သွားလေသည် ။
တရွေ့ရွေ့ဆုတ်ခွာ သွားသောကိုဘသော်ကို ငေးကြည့်ရင်း မငွေကျင်၏ရင်ထဲမှာလည်း မိုးပြိုသလောက်နီးနီး
ခံစားနေရ၏ ။
ပြောရလျှင် ကိုဘသော်ဆိုတာကလည်း တစ်ချိန်က မငွေကျင်၏
မိုးကောင်းကင်ကြီးဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား ။ သဘာဝကောင်းကင်တောင်မှ ရာသီဥတု ဖောက်ပြန်သေးတာပဲ
။ မငွေကျင်၏လူကောင်းကင်ကြီးဟာလည်း တစ်ကြိမ် တစ်ခါမှာ ဖောက်ပြန်တိမ်းမှားခဲ့သောကြောင့်
တစ်သက်တာလုံး မငွေကျင်နှင့် အဝေးကြီးဝေးခဲ့ရသည် ။ ထိုစဉ်က မုန်းတီး နာကျင်ခဲ့ရသလောက်
ယခု ပြန်တွေ့တော့ ရန်တွေ့ဖို့နေနေသာသာ စကားနာနာပင် မပြောမိ ။ အမှန်ဆို…
“ ရှင့်လိုလူယုတ်မာကို ကျွန်မ ဒီတစ်သက် မကျေဘူး
။”
“ သြော်…သစ္စာမဲ့သူကြီး ရှင်က ကျွန်မဆီကို မျက်နှာလာပြဝံ့သေးတယ်ပေါ့
ဟုတ်လား ။”
“ ထားခဲ့တဲ့ကတိတွေကို ရှင် မှတ်ကောမှတ်မိသေးရဲ့လား
။”
စသဖြင့်
အမျိုးမျိုး သွေးထိုးကျိန်ဆဲ မာန်မဲအော်ငေါက်ပစ်လိုက်ချင်ပေမဲ့ စကားလုံးများက ထွက်မလာ
။ သူ့မျက်နှာကို မြင် လိုက်သည်နှင့် ရင်ထဲကအမုန်းများ ၊ အာဃာတများ ပြေလျော့သွားခဲ့ရသည်
။ သူ့အပေါ်မှာ ယခုချိန်ထိ မငွေကျင် ချစ်ခင် မြတ်နိုးနေဆဲပါ ။ အိမ်ထောင်သာ မကျသေးပါက
ယခုလည်း သူ လိုရာကြိုးဆွဲခံသည့် ရုပ်သေးရုပ်ကလေးတစ်ရုပ် ဖြစ်နေ ဦးမည်သာ ။
ကိုဘသော်က တရွေ့ရွေ့ဆုတ်ခွာသွားရင်း အိပ်ခန်းတံခါးဝနားသို့
ရောက်ရှိသွားသည့်အခါ မငွေကျင်၏မျက်နှာကို လည်ပြန်လှည့်ကာ စေ့စေ့ကြည့်ပြီး…
“ ကိုယ် သစ္စာမဲ့ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် ကျင်ကျင်ရယ်
။”
ဟု
အားလျော့တိုးတိမ်သောအသံငယ်လေးဖြင့် ဖွရရွရေရွတ်လိုက်ပြီး ဖျတ်ခနဲပျောက်ကွယ်သွားတော့သည်
။
“ ဟယ်…”
a a a a a
အံ့သြထိတ်လန့်စိတ်တို့နှင့်အတူ မငွေကျင် အိပ်ရာမှ
လန့်နိုးလာခဲ့သည် ။ တစ်ကိုယ်လုံးလည်း ချွေးတို့ဖြင့် ရွှဲနစ်စိုထိုင်း နေပြီ ။ အိပ်ရာမှ
လန့်နိုးနိုးချင်း အခန်းတံခါးဝဆီသို့ အလောတကြီးလှမ်းကြည့်လိုက်မိသေးသည် ။ သို့သော်
သော့ပိတ် ထားသောအခန်းတံခါးမှလွဲ၍ တစ်စုံတစ်ရာ မတွေ့ရှိ ။ အိပ်မက်ထဲမှ‘သူ’သည် အိပ်မက်ထဲကအတိုင်း
ပျောက်ကွယ်သွား လေသလား မသိ ။ စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်သို့ ဝေ့ဝဲလိုက်ရှာကြည့်မိတော့
မိမိနဘေးတွင် တုံးလုံးပက်လက်အိပ် မောကျလျက်ရှိသော ခင်ပွန်းသည်ဦးအောင်မောင်းကလွဲ၍ အခန်းထဲတွင်
အခြားလူမရှိ ။
“ ဟူး…”
သက်ပြင်းမျှင်မျှင်ကို
မှုတ်ထုတ်လိုက်ရင်း သည်တစ်ညတာ အိပ်ပျက်ခဲ့ပြန်ပြီ ။ မငွေကျင် အိပ်ချင်စိတ်လည်း မရှိတော့
သဖြင့် ခေါင်းအုံးကို ရင်ဝယ်ပိုက်ရင်း အတိတ်ဆီသို့ ခြေရာခံလိုက်မိ၏ ။
ထိုသို့အတိတ်ကို ပြန်တွေးရခြင်းမှာ အတိတ်မှချစ်ရုပ်လွှာလေးများကို
တကြော့ပြန်ငေးကြည့်ပြီး စိတ်ကြည်နူးသာယာ လို၍ မဟုတ်ပါ ။ မိမိတွင် ကာမပိုင်အမျိုးသားရှိနေပြီဖြစ်သောကြောင့်
အတိတ်တွင် မည်မျှချစ်မြတ်နိုးရသူတစ်ယောက် ရှိခဲ့ပါစေ…ယခုချိန်၌ စိတ်ဖောက်ပြားရန် မသင့်လျော်မှန်းသိ၍
ထိုအတိတ်ကို မငွေကျင် မေ့ထားခဲ့သည်မှာ အချိန်ကြာ ညောင်းခဲ့ပြီ ။ ယခုတော့ မတွေးမဖြစ်မို့
ပြန်တွေးကာ အဖြေတစ်စုံတစ်ရာ တွေ့လိုတွေ့ငြား ကြိုးစားကြည့်မိခြင်းဖြစ်၏ ။
အိပ်မက်ထဲကကိုဘသော်ဆိုသူမှာ တခြားမဟုတ် ။ မိမိ၏တစ်ဦးတည်းသော
အချစ်မြတ်နိုးရဆုံးသောချစ်သူ…ငယ် ချစ်ဦးဖြစ်သည် ။ နောက်ပြီး အယုံကြည်ရဆုံး/အားအကိုးရဆုံးသော
ငယ်သူငယ်ချင်းဆိုလျှင်လည်း မမှား ။ ငယ်ငယ်လေး ကတည်းက အိမ်ချင်းကပ်လျက် ကြီးပြင်းလာခဲ့ကြသူများဖြစ်၍
ဘုစုခရုကတည်းက တစ်ယောက်နှင့်တစ်ယောက် မောင် လိုနှမလို ချစ်ခင်တွယ်တာခဲ့ကြရာမှ အရွယ်ရောက်လာသည့်အခါ
သွေးသားရင်းချာမောင်နှမများ မဟုတ်ကြသဖြင့် တစ် ယောက်ကိုတစ်ယောက် အချစ်သုံးဆတိုးကာ ၁၅၀၀မက
ချစ်ခဲ့ကြသည့် သူငယ်ချင်းချစ်သူတွေ…။
မောင်ဘသော်နှင့်မငွေကျင်တို့က ရမည်းသင်းမြို့နယ်
သိမ်ကုန်းရွာတွင် နေထိုင်ကြသူများဖြစ်ကြသည် ။ အိမ်နီးချင်း လည်း ဖြစ် ၊ တစ်ကျောင်းတည်းသားချင်းလည်းဖြစ်သော
မောင်ဘသော်နှင့်မငွေကျင်တို့က တစ်ဦးကိုတစ်ဦး အလွန်ချစ် ခင်သောသူငယ်ချင်းနှစ်ဦးဖြစ်သည်
။ ဘယ်သွားသွား ဘယ်လာလာ သွားအတူ/လာအတူ ။
သူတို့နှစ်ဦးကို ရွာမှလူကြီးများကပင် ကလေးလင်မယားဟု
စ,ကြနောက်ကြသည် ။ တချို့ကလည်း အမြွှာမောင်နှမ ဟေ့ဟု ချစ်စနိုးခေါ်ကြပြောကြသည် ။ နှစ်ဖက်သောမိဘများကပင်
သူတို့နှစ်ယောက်အား ကြီးလာလျှင် ပေးစားကြမည် ဟူ၍ အပြောင်အပျက်လိုလို ၊ အတည်လိုလို ကျီစယ်ကြသေးသည်
။ သူတို့နှစ်ဦးကလည်း သူတပါး စချင်ပြောင်ချင်စရာ ကောင်းလောက်အောင် တစ်ဦးကိုတစ်ဦး
အဖြစ်သည်း၊ အချစ်သည်းကြ၏ ။ ထိုသို့ ဘဝကို ပျော်ရွှင်ရိုးသားစွာ ဖြတ်သန်း နေကြသော လူမမယ်ကလေးငယ်နှစ်ယောက်၏ကြားကိုမှ
ကံကြမ္မာနတ်ဆိုးက လောကဓံမိုးကြိုးနှင့် ပစ်ခွင်းခွဲခဲ့လေ၏ ။
“ အီး…ဟီးဟီး…”
မိမိ၏အိမ်ဆီသို့
မျက်ရည်လည်ရွဲဖြင့် ပြေးဝင်လာသောသူငယ်ချင်းမောင်ဘသော်၏အပြုအမူကြောင့် မငွေကျင်လေး စိုး
ထိတ်သွားရသည် ။ အိမ်ရှေ့လှေကားထစ်ဆီသို့ ပြေးလာလိုက်ပြီး သူငယ်ချင်းမောင်ဘသော်ကို ဆီးကြိုကာ…
“ ဟေ့…ဘသော်…နင် ဘာဖြစ်လာတာလဲ ။”
ဟု
စိုးရိမ်တကြီး မေးလိုက်သည် ။ မောင်ဘသော်က တော်တော်နှင့် မဖြေနိုင်သေးဘဲ အင့်ခနဲ,အင့်ခနဲ
ရှိုက်ငင်နေသည် ။
“ ငါ့အမေ…ငါ့အမေ သေသွားပြီကွ ။”
မောင်ဘသော်က
စီးကျနေသောမျက်ရည်တို့ကို မသုတ်ဘဲ မငွေကျင်၏မျက်နှာကို ဝမ်းပမ်းတနည်းစိုက်ကြည့်ရင်း
ဖြေ လေ၏ ။ မောင်ဘသော်၏အဖြေကြောင့် မငွေကျင်၏မျက်လုံး ပြူးကျယ်သွားရသလို လက်နှစ်ဖက်ကလည်း
ရင်ဘတ်ကို စုံဖိရင်း…
“ အမလေး…ဒေါ်ဒေါ် သေပြီ ဟုတ်လား ။ ဟုတ်ရဲ့လား…ဘသော်ရာ
။ မနေ့ကတင် ဒေါ်ဒေါ် အကောင်းကြီးရယ်ပါ ။
ဒီနေ့ မနက်ကျမှ ဘယ်လိုဖြစ်ရတာလဲ ဘသော်ရယ် ။”
ဟု
မယုံမရဲအမူအရာလေးနှင့် မေးမြန်းနေသေးတော့၏ ။
“ အင့်…ငါလည်း မသိဘူး ။ လူကြီးတွေပြောတာတော့ လေသင်တုန်းဖြတ်တာဆိုလားပဲ
။ ကျန်းမာရေးမှူးကြီး လာစစ်
သွားပြီ ။ သေသွားတာ သုံးနာရီလောက်ရှိပြီတဲ့ ။”
“ အို…ဖြစ်ရလေ ဘသော်ရယ် ။ ငါဖြင့် နင့်အစား ဝမ်းနည်းလိုက်တာဟယ်
။ နင့်မှာ နဂိုကတည်းက အဖေရှိတာလည်း
မဟုတ်ဘူး ။ အခု…ဒေါ်ဒေါ်ပါ မရှိတော့ရင် နင် ဘယ်လိုလုပ်မလဲဟင်
။ ဒေါ်ဒေါ်ကပဲ ဈေးရောင်းကျွေးနေတာ မဟုတ်
လား ။”
“ မသိပါဘူး ကျင်ကျင်ရယ် ။ ငါတော့ ဝမ်းနည်းတာပဲသိတယ်
အီးဟီး…ဟီး…သေပြီးဆိုတော့ အမေနဲ့ငါ အပြီးခွဲရတော့
မှာပေါ့နော် ဟင့်…အင့်…”
“ မငိုပါနဲ့ ဘသော်ရယ် ။ ဒေါ်ဒေါ် မရှိတော့လည်း ငါ
ရှိသားပဲ ။ ငါလည်း ငါ့ဖေဖေ့ဆီကရတဲ့မုန့်ဖိုးတွေကို စုပြီး နင့်ကို
ကူညီမှာပေါ့ ။ ဘာမှအားမငယ်နဲ့နော် သူငယ်ချင်း
။ မငိုနဲ့ဟာ…နော်…”
ဆယ်နှစ်အရွယ်သာသာရှိသောကလေးနှစ်ယောက်က
တစ်ဦးကိုတစ်ဦး နှစ်သိမ့်အားပေးနေသောမြင်ကွင်းလေးမှာ မြင်ရ သူအပေါင်း၏ရင်ကို ထိရှနာကျင်သွားစေမည်မှာ
အသေအချာ ။ သို့သော် စိတ်မကောင်းဖြစ်ရုံ ၊ ဝမ်းနည်းပေးရုံကလွဲပြီး ထိုထက်ပို၍တော့ ဘာမျှမတတ်နိုင်ကြ
။ ငွေရှာရခက်သည့်သကာလဝယ် ကလေးတစ်ယောက်၏စရိတ်က မနည်းလှ သဖြင့် မည်သူကမျှ မောင်ဘသော်လေးကို
တာဝန်မယူနိုင်ကြ ။ နောက်ဆုံး၌ ဒယိုးဒယိုင်အိမ်ကလေးကို အပေါင်ဆိုင်တွင် အပ်ကာ ထိုမှရသောပိုက်ဆံအနည်းငယ်ဖြင့်
မောင်ဘသော်၏အစ်မဝမ်းကွဲလင်မယားဆီ၌ မောင်ဘသော် စတည်းချနေရ သည် ။ အစ်မဝမ်းကွဲလင်မယားကလည်း
ချမ်းချမ်းသာသာမဆိုထားနှင့်…စားစရိတ်နေစရိတ်တောင် လုံလောက်ကြသူများ မဟုတ်၍ မောင်ဖြစ်သူမောင်ဘသော်၏တာဝန်ကို
မထမ်းနိုင်ဘဲ ဝန်ပိနေသည့်အခိုက်အတန့် မောင်ဘသော်ဆီသို့ ငွေ တောင်ကြီးက သူ့အလိုလိုရွေ့လာခဲ့သည်
။
“ အန်တီတို့လင်မယားက ကျောင်းအုပ်ဆရာမကြီးဒေါ်ရင်နွဲ့ရဲ့အစ်မဝမ်းကွဲတွေပါ
။ သူက ပြောတယ် ။ သူ့ကျောင်းက
ကျောင်းသားလေးတစ်ယောက် မိဘမဲ့ဘဝနဲ့ ဒုက္ခများနေလို့
အဲဒါ ဖြစ်နိုင်ရင် မမတို့ မွေးစားလိုက်ပါလားတဲ့ ။ အန်တီ
တို့နှစ်ယောက်ကလည်း ဒီအသက်ဒီအရွယ်ရောက်တဲ့အထိ
သားသမီးမွေခံ မရှိသေးလို့ ကလေးမွေးစားဖို့ တွေးနေတဲ့
အချိန်ဆိုတော့ အခုလို လာကြည့်တာပါကွယ် ။ မောင်ဘသော်လေးကို
မြင်လည်းမြင်လိုက်ရော အန်တီ့ယောက်ျားက
သူ ငယ်ငယ်တုန်းကအတိုင်းပဲဆိုပြီး သိပ်သဘောကျသွားတယ်
။ ဟုတ်ပါ့…မျက်လုံးမျက်ဖန်ကအစ သူနဲ့ တထေရာ
တည်းပဲ ။ သူ့မိတ်ဆွေတွေသာတွေ့ရင် မွေးစားသားဆိုတာတောင်
ယုံမှာမဟုတ်ဘူး ။ ဟောဒီက…မောင်ဘသော်ရဲ့
အစ်မတွေသာ လက်ခံမယ်ဆိုရင် အန်တီတို့ မောင်ဘသော်ကို
အမွေစားအမွေခံအနေနဲ့ စာချုပ်စာတမ်းနဲ့ကို မွေးစား
မှာပါ ။”
စသဖြင့်
မောင်ဘသော်ကို မွေးစားလို၍ ကိုယ်ပိုင်ကားကြီးစီးလာသောလင်မယားက မောင်ဘသော်၏အစ်မဝမ်းကွဲကို
ခွင့် ပန်လေရာ သူမကလည်း နဂိုကတည်းက ဤကလေးတာဝန်ကိုမယူနိုင်သူဖြစ်၍ ဝမ်းသာအားရ လက်ခံလိုက်ကြသည်
။ မောင်လေးအတွက်လည်း ဘဝလမ်းဖြောင့်ဖြူးနိုင်မည်ဖြစ်သလို သူ့အတွက်လည်း လက်ရှိ၌ပင် အပေါင်အိမ်လေးကို
ရွေး ပေးကာ လက်ထဲသို့လည်း ရာဂဏန်းပေးအပ်ခဲ့ရုံမက နောင်လည်း တစ်လတစ်ရာမက ထောက်ပံ့ပါဦးမည်ဟုဆို၍
ပျော် မဆုံး တပြုံးပြုံးဖြင့် ။
မပျော်နိုင်သူက မောင်ဘသော် ။ ကိုယ်ပိုင်ကားကြီးစီးကာ
သူဌေး၏အမွေခံသား ဖြစ်ရတော့မည်ဆိုပေမဲ့ မောင်ဘသော် မပျော် ။ သူဌေးလင်မယားနှင့်အတူ မြို့ကို
လိုက်သွားရတော့မည် ။ ရွာကို ခွဲသွားရတော့မည် ။ အထူးသဖြင့် သူငယ်ချင်း ဖြစ်သူမငွေကျင်နှင့်
ခွဲခွာသွားရတော့မည် ။
“ နင်ကလည်းဟယ်…နောင်လည်း လာလည်လို့ရတာပဲကို ။ ဘာဝမ်းနည်းစရာရှိလဲ
။”
“ နင် ဘာသိလို့လဲ ။ လာလည်တယ်ဆိုပေမဲ့ ကားအဆင့်ဆင့်နဲ့လာရမှာဆိုတော့
ကဒီးကဒီးလာလို့ ဖြစ်မလားဟ ။ တစ်
နှစ်နေမှ တစ်ခါလောက်ရောက်မှာ ။ နင်နဲ့ အခုလို
နေ့တိုင်းဘယ်တွေ့ရတော့မလဲ ။”
“ ဒါကတော့လည်း ဘသော်ရယ်…ကံတရားပေါ့ ။ ဒါပေမဲ့ ငါကတော့
နင့်အတွက် ဝမ်းသာတယ် ။ နို့မို့ဆို နင်လည်း
ပညာတတ်ကြီးဖြစ်မှာ မဟုတ်တော့ဘူး ။ ယောက်ျားလေးဆိုတာ
ပညာတတ်မှ လူရာဝင်တာဟဲ့ ။ ဟိုမှာ…နင် စာ
ကြိုးစားနော် ။ နောက်ပြီး သူငယ်ချင်းတွေ အများကြီးရတာနဲ့
ငါ့ကိုလည်း မေ့မသွားနဲ့ဦး ကြားလား ။”
“ အမလေး…စိုးရိမ်တတ်ရန်ကော မမလေးရယ် ။ နင့်ကို
ငါက ဘယ်မေ့ပါ့မလဲ ။ နင်က ငါအချစ်ဆုံးသူငယ်ချင်း ။”
“ ဟေးဟေး…ဒါမျိုးလေးတွေနဲ့ နင် ငါကို လိမ်စားနေတာ
မဟုတ်လား ။”
“ နင်ကလည်း…ငါက ရင်ထဲရှိတဲ့အတိုင်း ပြောတာကို ။”
“ နောက်တာပါဟယ်
။ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်သလဲဆိုတာ တစ်ရွာလုံးက
တောင် သိတယ် ။ နင်ကလည်း ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲ
။ ငါတို့ ဘယ်တော့မှ မမေ့ကြေးနော် ။ ကတိ…”
“ ကတိ…”
အတွေးထဲတွင် မြောလွင့်နေမိစဉ် မိမိ၏ပုခုံးကို
တစ်စုံတစ်ယောက်က ဆုပ်ကိုင်လိုက်တာကြောင့် မငွေကျင် သတိ ဝင်လာကာ နဘေးသို့ စောင်းငဲ့ကြည့်လိုက်တော့
ခင်ပွန်းသည်ဦးအောင်မောင်းက မငွေကျင်၏မျက်နှာကို အပြုံးဖြင့် ငေး ကြည့်နေသည် ။
“ အကျင်…အိပ်မပျော်ဘူးလား ။”
သူက
စိုးရိမ်မကင်းသည့်လေသံလေးဖြင့် မေးလိုက်သည် ။ လက်ကလည်း မိမိ၏နဖူးပြင်ဆီသို့ ရွေ့လျားလာကာ
နဖူးပြင် ကို သူ့ လက်ဖဝါးနှင့် ခပ်ဖွဖွစမ်းသပ်လိုက်သေး…။ မငွေကျင်၏ရင်ထဲ ဖိန်းခနဲရှိန်းခနဲ…။
ပေါင်းလာခဲ့သည်မှာ ဆယ်နှစ်နီး ပါးရှိပြီမို့ ညားခါစလင်မယားကဲ့သို့ ရှက်ရွံ့နေသဖြင့်
ခင်ပွန်းဖြစ်သူ၏အထိအတွေ့ကြောင့် ထိုသို့ဖိန်းဖိန်းရှိန်းရှိန်းဖြစ်သွားရ ခြင်းမဟုတ်
။ စောစောကတွေးနေမိသော မငွေကျင်၏စိတ်ထဲမှ ရောက်တတ်ရာရာအတွေးစများအပေါ်၌ ရှက်ရွံ့သွားမိ
သောကြောင့်သာ ထိုသို့ ခံစားလိုက်ရခြင်းဖြစ်သည် ။
“ ကိုယ် မပူပါဘူး ကိုကိုရယ် ။ နည်းနည်းခေါင်းမူးနေလို့ပါ
။”
“ ဒါဆိုလည်း ဆန်ပြုတ်လေး သောက်ပြီး ငန်းဆေးလေးတစ်ခွက်လောက်
သောက်လိုက်ပါလား ။ ချွေးထွက်သွားတာ
ပေါ့ ။”
“ ရပါတယ်…ကိုကိုရယ် ။ ကျင် ခဏမှိန်းနေလိုက်ရင်
သက်သာသွားမှာပါ ။”
မငွေကျင်က
အမှန်တကယ်ခေါင်းမူးနေခြင်းမဟုတ်၍ ဆေးသောက်ရန် ဆန္ဒမရှိ ။ သို့သော် ဇနီးသည်အပေါ် အလွန်ဂရု
စိုက်တတ်သောဦးအောင်မောင်းက…
“ ဘယ်ဖြစ်မလဲ အကျင်ရယ် ။ နေ…နေ ။ ကိုကို သွားပြုတ်ပေးမယ်
။ အကျင်…လှဲနေလိုက်ဦး ။”
ဟူ၍
စေတနာပိုသောကြောင့် မငွေကျင် အနေခက်သွား၏ ။
“ အို…မဟုတ်တာတော် ။ မလုပ်ပါနဲ့ ။ ကျင် ငရဲကြီးပါ့မယ်
။”
“ အမယ်…ဘာငရဲကြီးရမှာလဲ ။ ကိုကို နေမကောင်းတုန်းကလည်း
အကျင်ပဲ ပြုစုပေးခဲ့တာ ။ အကျင် နေမကောင်းရင်
လည်း ကိုကိုက ပြုစုရမှာပေါ့ ။ လှဲ…လှဲ…ကိုကို
သွားပြုတ်လိုက်ဦးမယ် ။”
“ ဟင့်အင်း…မလုပ်ပါနဲ့ ကိုကိုရယ် ။ ကိုကိုလည်း
လုပ်ဖူးတာမဟုတ်ဘဲ…”
“ အောင်မာ…ဘာလို့မလုပ်ဖူးရမှာလဲ ။ အောင်မောင်းတို့က
လူပျိုသိုးကြီးပါကွ ။ အကျင်နဲ့မညားခင်တုန်းက တစ်ကိုယ်
တည်းနေလာခဲ့တာပဲ ။ ထမင်းဟင်း အကုန်ချက်တတ်တယ်မှတ်
။ မတားနဲ့တော့ အကျင် ။”
စိတ်မြန်လက်မြန်ရှိလှသည့်ဦးအောင်မောင်းက
မငွေကျင် တားနေသည့်ကြားမှ အိပ်ရာမှထကာ မီးဖိုချောင်သို့ ဇွတ်ထွက် သွားသည် ။ မငွေကျင်လည်း
ဦးအောင်မောင်း၏ကျောပြင်ကို ငေးကြည့်ရင်း အပြုံးတစ်ဝက် အငိုတစ်ဝက်…။
ဦးအောင်မောင်းက မငွေကျင်ထက် ဆယ်နှစ်ခန့်အသက်ပိုပြီး
မငွေကျင်အပေါ်လည်း သမီးလိုတစ်မျိုး ၊ ဇနီးလိုတစ် မျိုး အချစ်ထပ်ကိန်းတိုးနေသူကြီးဖြစ်၏
။ ဤကဲ့သို့ မိမိအပေါ် အချစ်ကြီးချစ်သူ ရှိလျက်သားနှင့် ငယ်ရည်းစားကို အိပ်မက် မြင်မက်နေမိသည့်အပေါ်
မငွေကျင် မလုံမလဲဖြစ်မိသည် ။ ကိုယ့်လိပ်ပြာ ကိုယ်ရှက်မိသည် ။ အမှန်ဆို ကိုဘသော်နှင့်
ကွဲ ကွာကွေကွင်းသွားခဲ့သည်မှာ ယခုဆိုလျှင် (၁၀)နှစ်ခန့် ရှိခဲ့ပြီ ။
-
ဘာကြောင့်များ အခုကျမှ သူ့အကြောင်းကို အိပ်မက်အလီလီ မြင်မက်နေရပါလိမ့်…။
အိပ်မက်က
တစ်ခေါက်တစ်ခါတည်းဆို ကြောက်စရာမလို ၊ လန့်စရာမလို ။ ယခုက သည်နေ့မနက် မက်သည့်အိပ်မက်နှင့်
ပါဆို ငါးခေါက်ထပ်မနည်း ရှိတော့မည် ။
မက်လိုက်သည့်အခါတိုင်းလည်း ကိုဘသော်က မိမိကုတင်ခြေရင်းတွင်ရပ်ကာ
မိမိကို တောင်းပန်ခယနေသည် ၊ မိမိနှင့် အတူ လာရောက်နေထိုင်လိုသည့်အကြောင်း ခွင့်တောင်းနေသည်ချည်း
။ ပြန်တွေးလိုက်တိုင်း ရှက်ဖွယ်အတိ ။ ငယ်ရည်း စားဟောင်းကို သတိရတမ်းတပြီး အိပ်မက်မြင်မက်မိနေသည့်
အိမ်ရှင်မတစ်ဦးလောက် အရှက်သိက္ခာကင်းမဲ့သူမှာ အဘယ်မှာ ရှိလိမ့်ဦးမလဲဟုတွေးမိကာ မငွေကျင်-
ကိုယ့်မျက်နှာကိုယ် ဓါးနှင့်ပင် လှီးပစ်ချင်မိ၏ ။
“ အို…မဖြစ်သေးပါဘူး ။ ဒီနေ့ကစပြီး တရားသေချာထိုင်
၊ ပြီးရင် အဲဒီလူကို အိပ်မက်မမက်တော့ဘူးလို့ သေချာ စိတ်
ပိုင်းဖြတ်ရမယ် ။ ကိုယ့်စိတ်ကိုယ် ဆုံးမရမယ်။
အတိတ်ကအကြောင်းအရာတွေကိုလည်း အာရုံထဲကနေ တစ်ခါတည်း
အပြီးအပိုင်ဖျောက်ဖျက်ပစ်ရမယ် ။”
စိတ်ကိုတင်းကြပ်ရန်
ပိုင်းဖြတ်လိုက်ပြီး သက်ပြင်းငွေ့ငွေ့ကို ပင့်သက်ရှူရင်း စိတ်မပေါ့မပါးနှင့် မွေ့ရာပေါ်သို့
လှဲချလိုက်မိ စဉ် တစ်စုံတစ်ခုကို ဖျတ်ခနဲသတိရသွားသည် ။ ကိုဘသော်နှင့်ပတ်သက်သမျှကို
လက်စတုံးပစ်ရမည်ဆိုလျှင် ဤဆံပင် ရှည်များကိုပင် ညှပ်ပစ်သင့်ပေသည် ။ အဘယ့်ကြောင့်ဆိုသော်
အပျိုအရွယ်တုန်းက ဆံရှည်များကို ချစ်ရသူကိုဘသော် အတွက် ရည်စူးကြံရွယ်ကာ လုံးဝမညှပ်ပစ်ဘဲ
အရှည်ထားခဲ့ခြင်းမဟုတ်ပါလား ။
a a a a a a a a a a
ကိုဘသော်ထံမှ ဆယ်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်သည်
။ စာတိုက်တွင် အလုပ်လျှောက်ထား၏ ။ ‘စာတိုက်ဗိုလ်’ အလုပ်ကိုရလျှင် နှစ်ဦးအတူ ဘဝသစ်ထူကြမည်…စသော
သာယာကြည်နူးဖွယ်စကားသံလေးများကိုကြားရ၍ မငွေကျင် အတိုင်းမသိ ဝမ်းသာသွားမိသည် ။ ကိုယ့်ချစ်သူဆီက
လက်ထပ်ရန် တိုင်ပင်သောစကားလောက် ကြည်နူးဝမ်းသာစရာ ကောင်းသည့်စကား အဘယ်မှာ ရှိပါ့မလဲ
။
“ ကျင်ကျင်ဖြင့် ပြောမပြတတ်အောင်ပါပဲ ကိုဘသော်ရယ်
။ ကျင်ကျင့်မှာ ကိုဘသော်နဲ့ပတ်သက်ပြီး အမြဲတမ်း စိုးရိမ်ပူ
ပန်နေခဲ့ရတာ ။”
“ ဘာကိုများလဲ ကျင်ကျင်ရယ် ။”
“ သြော်…အခုဆို ကိုဘသော်က ပညာတတ်လည်းဖြစ်ပြီ ။
နောက်ပြီး အလုပ်အကိုင်လည်း ရတော့မယ်ဆိုတော့ ကျင်
ကျင် မပူပန်ဘဲရှိပါ့မလား ။ ကိုဘသော်က အခုဆို
အရွယ်ရောက်နေတဲ့ မြို့သားကြီးလုံးလုံးဖြစ်နေပြီလေ ။ ဒီတော့
တောသူမလေးမိငွေကျင်ကို မျက်နှာလွှဲ ခဲပစ်ထားပစ်ခဲ့လိုက်ရင်
မခက်ဘူးလား ။”
မငွေကျင်၏စကားကြောင့်
ကိုဘသော်၏မျက်နှာ ညှိုးသွားသည် ။ ချစ်သူ၏ပူပန်သောကရောက်နေသည့်စိတ်ကို သတိ မပြုမိခဲ့၍
စိတ်မကောင်းဖြစ်သွားဟန်တူသည် ။ ခဏ ငိုင်ကျသွား၏ ။ မငွေကျင်ကလည်း မိမိ အချစ်စမ်းလွန်ကာ
မိမိ၏ ချစ်သူ ဝမ်းနည်းသွားရပြီဟုသဘောပေါက်လိုက်မိ၍ စကားမဆိုသေးဘဲ ကိုဘသော်၏မျက်နှာကိုသာ
အကဲခတ်ရင်း ငြိမ် နေလိုက်သည် ။
“ ဟင်…ကိုဘသော်…ဒါ ဘယ်တုံး ။”
ကိုဘသော်က
ငိုင်နေရာမှ ငေါက်ခနဲထရပ်လိုက်၍ မငွေကျင်က မေးလိုက်သည် ။ ကိုဘသော်က ပြန်မဖြေဘဲ မငွေကျင်၏ လက်ကိုဆွဲကာ တစ်နေရာသို့ ခေါ်ဆောင်သွားသည် ။ ကိုဘသော်နှင့်မငွေကျင်တို့က
မငွေကျင်၏အိမ်အောက်တွင် ချိန်း တွေ့နေကြခြင်းဖြစ်သည် ။ ခြေတံရှည်အိမ်များဖြစ်၍ အိမ်အောက်တွင်
ကွပ်ပျစ်တစ်လုံးချထားရာ သူတို့ချစ်သူနှစ်ဦးက ထိုကွပ်ပျစ်ပေါ်၌ စကားတွတ်ထိုးနေကြခြင်းဖြစ်၏
။
မငွေကျင်၏မိဘများက ကိုဘသော်နှင့်မငွေကျင်ကို ငယ်စဉ်ကတည်းက
သဘောတူထားကြသူများဖြစ်ရာ သူတို့နှစ်ဦး တွေ့ဆုံနေကြခြင်းအပေါ် ကန့်ကွက်ခြင်းမရှိဘဲ ကြည်ကြည်ဖြူဖြူ
လက်ခံထားကြသည် ။ ယခု ကိုဘသော်က မငွေကျင်၏ လက်ကိုဆွဲကာ အိမ်ပေါ်သို့ တက်သွားခြင်းဖြစ်သည်
။ မငွေကျင် စိတ်ပူသွား၏ ။ မိမိ၏စကားကြောင့် ကိုဘသော် စိတ်ဆိုး သွားတာများလား ။ ဘာများ
လုပ်တော့မလဲ ။ စည်းကျော်ရန် ကြိုးစားလာခဲ့သော် မိမိ လွန်ဆန်နိုင်ပါ့မလား…စသဖြင့် တွေးတောကာ
ရင်ဖိုသွားမိ၏ ။
ကိုဘသော် ဆွဲခေါ်သွားသည့်နေရာက ဘုရားကျောင်းဆောင်ရှေ့သို့
ဖြစ်သည် ။ ကျောင်းဆောင်ရှေ့သို့ရောက်သည့် အခါ ကိုဘသော်က ဆောင့်ကြောင့်ထိုင်(ယောက်ျားထိုင်,ထိုင်)ကာ
လက်အုပ်ချီလိုက်ပြီး မငွေကျင်ကိုလည်း ဘုရားရှိခိုး ရန် ထိုင်ဟုဆိုကာ …
“ အရှင်မြတ်စွာဘုရားရှင်…တပည့်တော်တို့နှစ်ဦးသည်
တစ်ဦးကိုတစ်ဦး အသက်ပေးမတတ် ချစ်မြတ်နိုးသော ချစ်သူ
နှစ်ဦးဖြစ်ပါသည် ။ ထိုသို့ ချစ်မြတ်နိုးလျက်သားနှင့်
တစ်ဦးအပေါ်ကျန်တစ်ဦးကများ စတင်သစ္စာဖောက်ပြားမိသည်ရှိ
သော်…ထိုသူသည် ကုန်းလမ်းသွား ကုန်းဘေး ၊ ရေလမ်းသွား
ရေဘေး ၊ လေလမ်းသွား လေဘေးသင့်၍ အသေဆိုး
သေရပါစေသား ။”
ဟု
သစ္စာပြုစေသည် ။ ကိုဘသော်၏ကျိန်စာစကားကြောင့် မငွေကျင် ကြက်သီးဖြန်းဖြန်းထကာ ထိုသို့
မကျိန်ဆိုကောင်း ကြောင်း ပြောဆိုသည့်အခါ ကိုဘသော်က…
“ ကျင်ကျင်က ဒါမှ စိတ်အေးချမ်းနိုင်မှာပေါ့ ။ မဟုတ်ရင်…ကိုဘသော်အတွက်
ကျင်ကျင် စိုးရိမ်နေရတယ်မဟုတ်လား ။
နောက်ပြီး ကျိန်ဆိုတာ မဟုတ်ဘူးလေ ။ ဒါက သစ္စာပြုတာ
။ သစ္စာစကားကို ဖောက်ဖျက်မှ ကျိန်စာသင့်မှာ ။ ဒီတော့
ကိုဘသော်တို့ သစ္စာပြုပြီး သစ္စာရေသောက်ကြမယ် ။
ကျင်ကျင် သောက်ဝံ့ရဲလား ။”
ဟုဆိုသည်
။ ကိုဘသော်၏စကားက မငွေကျင်၏သိက္ခာကို ပုတ်ခတ်လိုက်သလိုဖြစ်နေ၍ မငွေကျင်၏နှုတ်ခမ်းလှလှတို့
မဲ့ရွဲ့သွားခဲ့ရပြီး မျက်စောင်းလေးကိုလည်း စွေခနဲထိုးလိုက်ကာ…
“ အောင်မာ…သူကတောင် ပြုရဲသေးတာပဲ ။ ကျင်က ဘာလို့မပြုရဲရမှာလဲ
။ ဆယ်ကမ္ဘာကြေးတောင် ပြိုင်လောင်းလိုက်
ချင်သေး ။ သောက်မယ်…သောက်မယ် ။”
ဟူ၍
ရူးရူးမိုက်မိုက် အသက်နှင့်လောင်းကြေးထပ်ကာ သစ္စာပြုကျိန်ဆိုခဲ့ပြီး သစ္စာရေသောက်ခဲ့ကြသည်
။ ထိုနောက်တွင် တော့ ချစ်သူနှစ်ဦးမှာ မိမိတို့ ပြုခဲ့ကြသည့်သစ္စာစကားအပေါ်တွင် ပီတိစိတ်ဝင်ကာ
တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မဝရှုမဆုံး တပြုံးပြုံးဖြစ်နေလေတော့သည် ။
လောက၌ ကျေးဇူးရှိမှသာ ကျေးဇူးကန်းနိုင်ပေသည်
။ ဝဋ်ကြွေးရှိမှ ဝဋ်လည်ခွင့်ကြုံသည် ။ ထိုနည်းတူ သစ္စာဆို၊ သစ္စာထားပြီးမှသာ သစ္စာဖောက်ခြင်းအမှုကို
ပြုလုပ်နိုင်ပေ၏ ။ ကိုဘသော်သည်လည်း သစ္စာပြုပြီးမကြာ သစ္စာဖောက် ပြန်ခဲ့ပြီ ။ နှစ်ယောက်သား
ဘုရားရှေ့တော်မှောက်တွင် သစ္စာစကား ပြုထားပြီးနောက် ထုံးစံအတိုင်း ကိုဘသော်တစ် ယောက်
ရွာမှပြန်သွားခဲ့သည် ။
ရွာမှပြန်သွားပြီးရှစ်လခန့်အကြာတွင် ကိုဘသော်
အိမ်ထောင်ပြုသွားပြီဟူသောသတင်းသည် သိမ်ကုန်းရွာလေးတဝိုက် တွင် ဟိုးလေးတကျော်ကျော်ဖြစ်လျက်ရှိကာ
ကြားရသူအပေါင်းမှာ အံ့သြဘနန်းနှင့် စိတ်မကောင်းဖြစ်ကြကာ မငွေကျင် အတွက်လည်း စုပ်တသပ်သပ်
။ မငွေကျင်ခမျာမှာတော့ သတင်းကြားသည့်နေ့၌ မျက်ရည်လည်ရွဲဖြစ်ကာ လူကွယ်ရာ တွင် ကြိတ်ငိုလိုက်၊
အပေါင်းအသင်းများက လာအားပေးကြသည့်အခါ၌လည်း အပူရုပ်ကိုဟန်လုပ်ကာ ပြုံးပြနှုတ်ဆက် လိုက်နှင့်
တစ်ယောက်တည်း ကမ္ဘာပျက်နေလေသည် ။
အမှန်တော့ ကိုဘသော် အိမ်ထောင်ပြုရတော့မည့်အကြောင်းကို မငွေကျင် ယခုမှ သိရသည်မဟုတ် ။ ကြိုတင်သိရှိ ထားပြီးသား
။ အတိအကျဖော်ဆိုရလျှင် ထိုသို့ ကျောင်းဆရာမဒေါ်ရွှေစင်နှင့် လက်ထပ်လိုက်ရန်ကိုပင် မငွေကျင်နှင့်
လာ ရောက်တိုင်ပင်ခဲ့သေးသည် ။ မငွေကျင်သာ နှစ်ယောက်အတူ ဘဝတစ်ခုထူထောင်ရန် လက်ခံခဲ့ပါလျှင်
ယခုလို အဖြစ်မျိုး ကို ကြုံရစရာအကြောင်းမရှိ ။ ထိုလုပ်ရပ်၌ မငွေကျင်၏ဆုံးဖြတ်ချက်မှာ
နောင်တရစရာမှန်းသိပေမဲ့ မငွေကျင် နောက် မဆုတ်ဖြစ်ခဲ့ ။ သူ့နောင်ရေးအတွက် ငဲ့ကွက်ခြင်းဖြစ်သလို
မိဘများ၏မျက်နှာကိုလည်း အိုးမဲမသုတ်ရက်၍ ယခုကဲ့သို့ အသည်းကို စတေးခဲ့လိုက်ခြင်းသာဖြစ်၏
။
ကိုဘသော်၏မိခင်က ကိုဘသော် အသက်(၁၀)နှစ်ဝန်းကျင်က
ဆုံးပါးသွားခဲ့ခြင်းဖြစ်ရာ မိဘမဲ့ကလေးငယ်ကိုဘ သော်ကို ဒေါက်တာသက်နိုင်တို့မိသားစုက
ခေါ်ယူမွေးစားခဲ့ကြသည် ။ သားအရင်းပမာ သဘောထားကာ အမွေစားအမွေ ခံသားအဖြစ် စာချုပ်စာတမ်းနှင့်
ပြုလုပ်ပြီး ပညာတတ်တစ်ယောက် ဖြစ်သည်အထိ ကျောင်းထားပေးခဲ့သည် ။ ဆယ်တန်း အောင်ပြီးသည့်အခါတွင်လည်း
ကိုဘသော်၏ဆန္ဒအတိုင်း စာတိုက်ဗိုလ်အလုပ်ကို ဝင်ရောက်လုပ်ကိုင်စေခဲ့သည် ။ ဤမျှ လောက်
ကျေးဇူးကြီးမားသောမွေးစားမိဘနှစ်ပါးအပေါ် ကိုဘသော် ပျက်ရယ်မပြုသင့် ၊ ကျေးဇူးမကန်းသင့်ဟု
မငွေကျင် ယူဆမိသောကြောင့်လည်းဖြစ်၏ ။
ကိုဘသော်
ပညာစုံသည့်အချိန်၌ ကိုဘသော်၏မွေးစားဖခင်ဒေါက်တာသက်နိုင်က သူ၏တစ်ဦးတည်းသောညီမဖြစ်သူ
အပျိုကြီးဒေါ်ရွှေစင်နှင့် နေရာချထားပေးရန် စီစဉ်ခဲ့သည် ။ ကိုဘသော်က မိမိထက် အသက်တစ်ဆခန့်ကြီးသော
ကျောင်း ဆရာမဒေါ်ရွှေစင်ကို လက်မထပ်လို ။ နောက်ပြီး သူ့တွင်လည်း အသက်မကချစ်မြတ်နိုးရသူ,မငွေကျင်လည်း
ရှိနေပြီဖြစ်၍ မိမိ၌ ရည်ငံနေသောချစ်သူရှိသည်ဟု မွေးစားဖခင်ကို ဖွင့်ပြောပြခဲ့ပေမဲ့
ဒေါက်တာသက်နိုင်တို့က တောအုံချုံကြားမှ မငွေ ကျင်ကို ချွေးမအဖြစ် လက်မခံလိုသဖြင့် သူတို့အကြံအစည်အတိုင်း
ဇွတ်စီမံလေသည်။ ကိုဘသော်ခမျာ ဆောက်တည်ရာ မရဖြစ်ကာ ရွာသို့ပြန်ပြေးလာပြီး ချစ်သူလေးထံ
ရင်ဖွင့်လေ၏ ။
“ မဟုတ်တာပဲ ကိုဘသော်ရယ်…။ မိဘတွေကို နားဝင်အောင်
ပြောကြည့်ပေါ့ ။”
“ ဘာမဟုတ်ရမှာလဲ ကျင်ကျင်ရ ။ သူတို့က ကိုဘသော်ကို
အမေအရွယ်ကြီးနဲ့ ပေးစားမလို့လုပ်နေကြတာလေ ။”
“ ဒါတော့ ဒါပေါ့ ကိုဘသော်ရယ် ။ ဒါပေမဲ့ သူတို့တတွေက
ကိုဘသော်ရဲ့ကျေးဇူးရှင်တွေလေ ။ ခုလို မပြောမဆိုထွက်
လာတော့ သူတို့ စိတ်ပူနေမှာပေါ့ ။ ဒါဟာ ကျေးဇူးကန်းရာရောက်တယ်
ကိုဘသော်ရဲ့ ။ သူတို့ကျေးဇူးတွေက ကိုဘ
သော်အပေါ်မှာ နည်းတာမဟုတ်ဘူး ။ ကျင်တော့ သဘောမကျဘူး
ကိုဘသော် ။”
“ ဘယ်လိုဆိုလိုတာလဲ ကျင်ကျင် ။ ကိုဘသော်ကို ကျင်ကျင်
လက်မထပ်ချင်ဘူးလား ။”
“ ကျင်ကျင့်ဘဝမှာ ကိုဘသော်သာ အချစ်ရဲ့သင်္ကေတပါ ။
ဒါပေမဲ့ အချစ်အတွက်နဲ့ အရာအားလုံးကို ဖျက်ဆီးဖြိုခွင်း
ပစ်မယ့်အထဲမှာ ကျင်ကျင် မပါဘူး ။ အထူးသဖြင့်
ဘဝမှာ သက်တမ်းသိပ်မရှိတော့ဘဲ မျှော်လင့်ချက်နဲ့ အသက်ဆက်
နေရတဲ့ ကိုဘသော်ရဲ့မွေးစားမိဘတွေကို မျက်ရည်မကျစေချင်ဘူး
။ နောင်တမရစေချင်ဘူး ။ နောက်ပြီး ကျင့်မိဘ
တွေရဲ့မျက်နှာကိုလည်း အိုးမဲမသုတ်ချင်ဘူး ။”
“ သူတို့ကို နောင်တမရစေချင်ရင် ကိုယ်တို့နှစ်ဦး
တစ်သက်လုံး နောင်တရနေရမှာပေါ့ကွာ ။”
“ ကျင်ကတော့ ကိုဘသော်ကို ကျေးဇူးသိတတ်သူတစ်ယောက်ပဲဖြစ်စေချင်တယ်
။”
“ ဒါဆို အဲဒီမိန်းမကြီးကိုပဲ ကိုဘသော်က ယူရမယ်ပေါ့
ဟုတ်လား ကျင်ကျင် ။”
“ အဲဒီလိုသဘောလည်း မဟုတ်သေးဘူးလေ ကိုဘသော်ရယ် ။
ကျင်ကျင် ဆိုလိုတာက ရှဥ့်လည်းလျှောက်သာ ၊
ပျားလည်းစွဲသာပေါ့ ။”
“ ကျင်ကျင်က ပြောတော့လွယ်တယ် ။ ကိုဘသော်က ကိုယ်တိုင်
ကြုံတွေ့နေရတဲ့သူ ။ အဲဒီလိုသာ လုပ်လို့ရရင်
ကိုဘသော် ကျင်ကျင့်ဆီကိုတောင် ပြေးလာမတိုင်ပင်ဘူး
။ ကဲ…ဘယ်လိုလဲ ကျင် ။ ကိုဘသော်နဲ့ ခိုးရာလိုက်မှာ
လား ။ ကိုဘသော်ကတော့ ကျင်ကျင်နဲ့သာဆို အဝတ်တစ်ထည်
ကိုယ်တစ်ခုနဲ့ ဘဝအတူ ထူထောင်ဝံ့တယ် ။”
“ ဟင့်အင်း…ကျင်ကတော့ အဲဒီလို မမိုက်ချင်ဘူး ။
မိဘတွေရဲ့မျက်နှာကို ထောက်ရဦးမယ် ။ ကိုဘသော်နဲ့ တင့်
တင့်တယ်တယ်ပဲ လက်ထပ်ချင်တယ် ။ စဉ်းစားပါဦး
ကိုဘသော်ရယ် ။”
မငွေကျင်၏စကားတို့က
ဓါးသွားပမာ စူးရှထက်မြက်နေပြီး အဓိပ္ပါယ်တို့ကလည်း ရှင်းလင်းပြတ်သားလွန်း၍ ကိုဘသော်
မျက်ရည်တသွင်သွင်ဖြင့် နောက်လှည့်ပြန်သွားခဲ့သည် ။ ကျေးဇူးကန်းသူတစ်ယောက်ကို မိမိ လက်မခံနိုင်ဟူသောဆိုလိုမှု
မျိုးဖြစ်နေ၍ ကိုဘသော် ရှေ့မဆက်ဝံ့တော့ဘဲ တပ်ဆုတ်ပြန်သွားလေ၏ ။ သိပ်မကြာပါ…ကိုဘသော်
လက်ထပ်သွားပြီ ဟူသောသတင်းကို ကြားသိရသည် ။
တကယ်တော့ ကိုဘသော်တစ်ယောက် ထိုမျှလောက် ပြုလုပ်လိမ့်မည်ဟုမထင်သဖြင့်
ယခုကဲ့သို့ မငွေကျင် တွေဝေ ခဲ့မိခြင်းဖြစ်သည် ။ အမှန်တကယ် လက်ထပ်သွားပြီဟုကြားသိလိုက်ရသည့်အခါ
ထိုစဉ်က လက်မခံခဲ့မိသည့်အတွက် နောင်တရ၍မဆုံး ။ မိမိသာ ဟိုဟိုသည်သည်မတွေးဘဲ ကိုဘသော်
တောင်းဆိုသည့်အတိုင်း လက်ခံလိုက်မည်ဆိုလျှင် ယခုလောက်ဆို မိမိတို့နှစ်ယောက် ဘဝတစ်ခုကို
ထူထောင်နေရလောက်ပြီဟုတွေးကာ မငွေကျင် ကြိတ်ငိုခဲ့ရသည် ။ နောင်တပင်လယ်ဝေခဲ့ရသည် ။ ထိုနောင်တတရားများကို
တစ်ယောက်တည်း အလူးအလိမ့်ခံစားရင်း နှစ်နှစ်ခန့်ကြာသည့် အခါကျမှ ပတ်ဝန်းကျင်၏ပံ့ပိုးတိုက်တွန်းမှုအရ
မငွေကျင် အိမ်ထောင်ကျခဲ့သည် ။ မငွေကျင်၏အိမ်ထောင်ဖက်က ရွာထဲမှ ကုန်စုံဆိုင်ပိုင်ရှင်
ဦးအောင်မောင်း ။
ကိုဘသော်ရော မငွေကျင်ပါ အိမ်ထောင်ကျသွားပြီးသည့်နောက်ဝယ်
နှစ်ဦးသား မတွေ့ဖြစ်ကြတော့ ။ ကိုဘသော် ကလည်း ဝေဒနာဟောင်းကို ပြန်ဖော်တွေ့မည်ကို စိုးရိမ်၍လား
မပြောတတ် ။ ရွာသို့ တစ်ခေါက်တလေပင် ပြန်လာခြင်း မရှိသလို မငွေကျင်ကလည်း ကိုဘသော် နေထိုင်ရာပျော်ဖွယ်မြို့ဆီသို့ တစ်နှစ်နေ၍
တစ်ခေါက်မရောက်ဖြစ် ။ နောက်ပြီး သူရောကိုယ်ပါ အိမ်ထောင်ကိုယ်စီ ကျနေပြီမို့ ယခင်ကကဲ့သို့
ကလေးကလားအတွေးများကို စိတ်သန္ဓာန်ထဲ အဝင်မခံ တော့ဘဲ မသိလိုက်မသိဖာသာနေခဲ့လိုက်သည်မှာ
အလတ်မ မွေးပြီးချိန်အထိ ။
“ ကိုဘသော်တို့များ…ကိုယ့်အမေအရွယ် အဘွားကြီးကို
ယူတာလည်း မပြောနဲ့အေ ။ အခု…မြို့လယ်ခေါင်မှာ တိုက်
ကြီးက ဟီးနေရောပဲ ။ စီးစရာ ကားလည်းရှိ ၊ ဖြုန်းစရာ
ပိုက်ဆံလည်းရှိတော့ လူ့ဘဝကြီးက နေပျော်စရာပေါ့လေ ။
ဒါပေမဲ့ သွေးဆုံးတော့မယ့်အရွယ်ကြီးကို ယူထားမိတော့
သားသမီး ဘယ်ရနိုင်ပါ့မလဲ ။ အခု…ကလေးတစ်ယောက်
ကို ခေါ်မွေးစားထားတာ ညည်းသမီးအကြီးမနဲ့ ရွယ်တူလောက်ရှိနေပြီ
။”
စသဖြင့်
ကိုဘသော်နှင့် ပတ်သက်သည့်သတင်းများကို ပျော်ဖွယ်မြို့ရောက်သောရွာသူတချို့က လာရောက်သတင်းပေးပို့
သည့်တိုင် မငွေကျင် ဂရုမစိုက်နိုင် ။ မိမိမှာလည်း မိမိကိစ္စနှင့်မိမိဖြစ်နေပြီမို့ ငယ်ချစ်ဟောင်းအကြောင်း
စိတ်မကူးအား ၊ မတွေးတောအားပေ ။
အတိတ်ဆီသို့
ပြန်တွေးကြည့်ရင်း မငွေကျင်- ကုတင်ပေါ်တွင် လှဲအိပ်နေမိရာမှ ရုတ်ချည်းဆိုသလို ပြန်ကုန်းထလိုက်
ပြီး အိပ်မက်အကြောင်းဆီ စိတ်ရောက်သွားပြန်သည် ။ မငွေကျင်နှင့်ကိုဘသော်တို့၏အချစ်ဇာတ်လမ်းသည်
ဇာတ်သိမ်း မလှစွာ ပြီးဆုံးသွားခဲ့ပြီးနောက်၌ တစ်ယောက်အကြောင်းတစ်ယောက် သတင်းကြားသိကြပေမဲ့
အဆက်အသွယ်မပြုဖြစ် ကြတော့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ ။ ဘာကြောင့်များ ယခုကျမှ ကိုဘသော်အကြောင်း
အိပ်မက်မြင်မက်ရပါလိမ့်…။ မငွေကျင် တွေးယူ၍မရ ။ နောက်ပြီး အိပ်မက်ကလည်း တစ်ကြိမ်တစ်ခါတည်း
မက်သည်မဟုတ် ။ ဤတစ်ကြိမ်နှင့်ဆို ငါးခေါက်ရှိနေပြီ ။ မက်လိုက်သည့်အခါတိုင်း ကိုဘသော်က
မိမိကုတင်ခြေရင်းတွင် ညှိုးညှိုးငယ်ငယ်နှင့်ရပ်ကာ အတူနေ ရန် ခွင့်တောင်းနေသည်ချည်း
။
“ အင်း…ထူးတော့ထူးနေပါပြီ ။ သူ ပျောက်သွားတဲ့အခါကျ
အိပ်မက်က ငါ လန့်နိုးလာတာပဲ ။ နောက်ပြီး… လန့်နိုးလာ
တဲ့အခါတိုင်းလည်း ငါ့မှာ မထစဖူး ကြက်သီးတွေ တဖြန်းဖြန်းထနေရော
။ ဒါဟာ တိုက်ဆိုင်တာပဲလား ။ ဒါမှမဟုတ်
ငါကပဲ သတိရနေမိတာလား ။”
မငွေကျင်
သို့လောသို့လောတွေးရင်း အဖြေမပေါ်လာခဲ့ပါ ။ သို့ကြောင့် ထိုအိပ်မက်များနှင့်အတိတ်ကအကြောင်းတို့ကို
မေ့ ဖျောက်ထားလိုက်ပြီး ဘုရားတွင် တရားထိုင် ၊ ပုတီးစိပ်ကာ အိပ်မက်ဆိုးများမှ ကင်းဝေးစေရေးအတွက်
ဆုမွန်ခြွေခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့ညမှ စ,ကာ ကိုဘသော်နှင့်ပတ်သက်သည့်အိပ်မက်များ
မြင်မက်ခြင်းမရှိတော့ဘဲ စိတ်အေး ချမ်းကြည်လင်စွာ အိပ်မက်အနားယူနိုင်ခဲ့တော့သည် ။
တစ်လနီးပါးခန့် ကြာသွားခဲ့သည် ။ အိပ်မက်များလည်း
မြင်မက်ခြင်းမရှိတော့သဖြင့် မငွေကျင် ကောင်းကောင်းမွန် မွန်အိပ်စက်ခွင့်ရနေသလို ခင်ပွန်းသည်နှင့်သမီးများအပေါ်တွင်လည်း
စိတ်ကျေနပ်ပျော်ရွှင်စွာ ချက်ပြုတ်ကျွေးမွေးပြုစု လျက်ရှိသောကာလဝယ် တစ်နေ့သောနံနက်၌
ခင်ပွန်းသည်ဦးအောင်မောင်းက သတင်းတစ်ခုကို သယ်ဆောင်လာခဲ့ သည် ။ ဦးအောင်မောင်း ယူဆောင်လာသောသတင်းက
မငွေကျင်၏နှလုံးအိမ်ကို ဆွဲခါလှုပ်ရမ်းပစ်လိုက်လေသည် ။
မြို့ထဲမှ ပြန်လာသောဦးအောင်မောင်း၏မျက်နှာက
မှုန်မှိုင်းညိုရီနေသည် ။ မျက်ခုံးကြောများကို တွန့်ခေါက်ထား ကာ စကားကို ပြောရကောင်းနိုး
၊ မပြောရကောင်းနိုးအမူအရာမျိုးဖြင့် ရွံ့ဆုတ်တွေဝေနေဟန်ရှိ၍ ရေခပ်လာပေးသော မငွေကျင်လည်း
ခင်ပွန်းသည်၏မျက်နှာအနေအထားကိုကြည့်ကာ စိုးရိမ်စိတ်ဝင်သွားခဲ့ရသည် ။
-
အလုပ်အကိုင်တွေများ အဆင်မပြေဘူးလား ။ ကုန်ပစ္စည်းတွေ ဈေးခုန်တက်သွားပြန်ပြီလား ။ အရှုံးပေါ်ကုန်ပြီလား
။
စသည်ဖြင့်
ထိုထိုအီအီတွေးတောရင်း ခင်ပွန်းသည်ကို မေးမြန်းမိသည် ။
“ ကိုကို…မျက်နှာလည်း မကောင်းပါလား ။ ဘာဖြစ်လာတာလဲ
။”
“ ဟို…ပြောရကောင်းမလား ၊ မပြောရကောင်းမလား…မသိတော့ပါဘူးကွာ
။”
“ ပြောစမ်းပါ ကိုကိုရယ် ။ ရင်ထိတ်လိုက်တာ ။ ဘာလဲ…ဈေးတွေ
မြောက်နေတာ တွက်ခြေမကိုက်ဖြစ်နေပြီလား ။”
“ အာ…မဟုတ်ပါဘူး
အကျင်ရယ် ။ စီးပွားရေးကိစ္စ မဟုတ်ပါဘူး ။ ကိုယ် ပြောမှာ လူမှုရေးကိစ္စ ။ နာရေးသတင်းဆိုပါ
တော့ကွယ် ။”
နာရေးသတင်းဟု
ကြားသိလိုက်ရသဖြင့် မငွေကျင်၏စိတ်တို့ ပို၍လှုပ်ရှားသွားရသည် ။ ဦးအောင်မောင်းက ပျော်ဖွယ်မြို့
မှ ပြန်လာခြင်းဖြစ်၍ ထိုမြို့၏နာရေးသတင်းဆိုလို့ ကိုဘသော်တို့မိသားစုသတင်းသာဖြစ်လိမ့်မည်ဟု
မငွေကျင် တွေးမိ လိုက်သောကြောင့်ဖြစ်သည် ။ သို့ပေမဲ့ စိတ်ကို ချုပ်ထိန်းထားကာ …
“ ဘာများလဲ ကိုကိုရယ် ။ ဘယ်သူ ဘာဖြစ်လို့လဲ ။”
ဟု
အေးအေးဆေးဆေးမေးလိုက်သည် ။ ဦးအောင်မောင်းကလည်း တစ်ရွာတည်းသားချင်းတွေပဲ ။ ကိုဘသော်နှင့်မငွေ
ကျင်တို့ မည်မျှချစ်ခင်ခဲ့ကြသလဲဆိုတာ မသိဘယ်ရှိပါ့မလဲ ။ သို့ကြောင့်လည်း ယခုကဲ့သို့
နှုတ်တွန့်နေရခြင်းသာ ။ ဦး အောင်မောင်းက မပြောမဖြစ်ကိစ္စတစ်ခုလည်း ဖြစ်နေ၍ ပြောတော့မည်ဟု
စိတ်ကို ပိုင်းဖြတ်လိုက်ပြီး သက်ပြင်းတစ်ချက် ကို ဟင်းခနဲချလိုက်ရင်း…
“ ပြောရမယ်ဆိုရင်တော့ မောင်ဘသော်တို့ကိစ္စပဲ ။ မောင်ဘသော်
ဆုံးသွားပြီ အကျင် ။”
“ ဘုရားမြတ်စွာ…တကယ်…တကယ်ပဲလား ကိုကိုရယ် ။ သူ…သူ…ဆုံးသွားပြီလား
။”
စိတ်ကို
ထိန်းချုပ်ထားလျက်သားနှင့် မျက်ရည်တို့က သူ့အလိုလို တသွင်သွင်စီးကျလာခဲ့သည် ။ တဆတ်ဆတ်တုန်ယင်
နေသောနှုတ်ခမ်းအစုံဖြင့် ထိုမေးခွန်းကို မဝံ့မရဲဆိုရင်း မငွေကျင် ငိုချလိုက်ပြီ ။ နားလည်မှုရှိလှသောခင်ပွန်းသည်က
မငွေ ကျင်ကို ပွေ့ဖက်ထားကာ နှစ်သိမ့်သည် ။
“ အကျင် စိတ်မကောင်းဖြစ်မယ်ဆိုတာသိလို့ ကိုကို
မပြောချင်တာ ။ ဒါပေမဲ့ မသိတာထက်စာရင် သိသွားတာပိုကောင်း
မယ်ထင်လို့ ကိုကို ပြောပြတာပါ ။ သူ…သူ…ရေနစ်ပြီး
ဆုံးသွားတာတဲ့ ။ သူ့မွေးစားသားလေးကို ဆင်းကယ်ရင်း သား
အဖနှစ်ယောက်လုံး ဆုံးသွားတာလို့ ပြောတယ် ။ သြော်…တကယ်တော့
ဆုံးတာကြာပါပြီ ကျင်ရယ် ။ မြို့ကို သူ့အစ်မ
ဝမ်းကွဲ ပြောင်းသွားပြီးကတည်းက ရွာနဲ့ အဆက်အသွယ်ပြတ်နေတာဆိုတော့
သူ ဆုံးတာကို ရွာကလူတွေ မသိသေး
တာထင်ပါရဲ့ ။ တကယ်တော့ ဆုံးသွားတာတစ်လကျော်ပြီ
။ ငိုချလိုက်…အကျင် ။ အကျင် ရင်ထဲကဝေဒနာတွေ ပွင့်
အန်လျော့ပါးသွားတဲ့အထိ ငိုချပစ်လိုက် ။”
“ ဟင့်…ဟင့်…ဖြစ်ရလေ ကိုဘသော်ရယ် ။ ရှင် ဒီလို
ပိုးစိုးပက်စက်သေရလိမ့်မယ်လို့ ကျင်ကျင် မထင်ခဲ့ဘူး ။ သူရော
ကိုယ်ပါ အိမ်ထောင်ရက်သားကျပြီး မိသားစုနဲ့ ပျော်ရွှင်နေရလို့
ကျင်ကျင် ဝမ်းသာနေတာ ။ ဟင့်…ဟင့်…အခုတော့…
အခုတော့…ဖြစ်မှဖြစ်ရလေ ကိုဘသော်ရယ် ။”
ဦးအောင်မောင်း
နှစ်သိမ့်သည့်အတိုင်း မငွေကျင်တစ်ယောက် မျက်ရည်တို့ကုန်ခမ်းသွားလုမတတ် ငိုကြွေးပစ်လိုက်သည်။
စိတ်ထဲ၌ နောင်တရခြင်းနှင့် ယူကြုံးမရဖြစ်ခြင်းတို့ လုံးထွေးရောပြွမ်းကာ ခေါင်းတို့
မူးနောက်နေသည် ။ မဆီမဆိုင် ကိုဘ သော် သေရတာ မိမိကြောင့်ဟု သွားတွေးနေမိသေးသည် ။
ကိုဘသော်သာ သစ္စာမဖောက်ခဲ့လျှင် ယခုလို သေလိမ့်မည်
မဟုတ် ။ ကိုဘသော် သစ္စာဖောက်ဖြစ်သွားသည်မှာလည်း မိမိက ခိုးရာမလိုက်ခဲ့မိ၍ဖြစ်သည်ဟုတွေးကာ
မငွေကျင် ဝမ်းနည်း၍ မဆုံး ။ သို့သော်လည်း အသက်တွေပင် သုံးဆယ် ကျော်နေပြီမို့ ကံ,ကံ၏အကျိုးကို
သဘောပေါက်လက်ခံကာ ကိုဘသော်တစ်ယောက် သေချိန်တန်လို့ သေရတာပါလေဟု တွေးချင့်ကာ စိတ်ကို
ဖြေလိုက်ရသည် ။ နောက်ပြီး မိမိအပေါ်တွင် အစစအရာရာ နားလည်ပေးသော ၊ ချစ်သူဟောင်း အတွက်
ငိုကြွေးနေသည်ကိုပင် နှစ်သိမ့်အားပေးခဲ့သော ခင်ပွန်းသည်ဦးအောင်မောင်းကိုလည်း အားနာစိတ်ဝင်လာမိ
သောကြောင့်ဖြစ်သည် ။
a a a a a
ထိုည၌ မငွေကျင် တော်တော်နှင့် အိပ်မပျော် ။
စိတ်တို့က အမျိုးမျိုးအဖုံဖုံတွေးတောကြံစည်လျက် အတိတ်သို့ ပြေး ဝင်သွားလိုက် ၊ ပစ္စုပ္ပန်တွင်
တည်နေလိုက် ၊ အနာဂတ်သို့ ကူးလူးသွားလိုက်နှင့် ယောက်ယက်ခတ်နေသည် ။ နောက်ပြီး သေဆုံးသွားလေပြီဖြစ်သော
ကိုဘသော်၏အကြောင်းကို တွေးကာ အသည်းနှလုံးတို့ နာကျင်နေဆဲ…ဝမ်းနည်းကြေကွဲနေ ဆဲ ။
-
ဟင်…ဒါဆို ဟိုနေ့တွေတုန်းက မက်ခဲ့တဲ့အိပ်မက်တွေ…ဟုတ်တာပဲ ။ အဲဒီအိပ်မက်တွေက ကိုဘသော်
ဆုံးသွားပြီးတဲ့
နောက်မှ ငါ မက်ခဲ့တာပဲ ။ ဟုတ်တာပေါ့ ။ ဒါ…ဒါဆို…ကိုဘသော်များ
။ အို…
မငွေကျင်
တွေဝေငိုင်စင်းသွားရပြီ ။ အိမ်ထောင်ရက်သား ကျသွားပြီးချိန်အထိ မိမိအပေါ် ချစ်စိတ်မပြယ်သေးသော
ကိုဘ သော်တစ်ယောက် သေလွန်ပြီးသည့်နောက် မိမိဆီသို့ လာရောက်ကာ အိပ်မက်ပေးခဲ့ခြင်းပဲလား
။ ဘယ်လိုဘဝမျိုးနှင့်များ မိမိထံ လာရောက်နေထိုင်ရန် စိတ်ကူးထားသလဲ…အစရှိသဖြင့် တွေးတောကြံဆရင်း
မငွေကျင် မျက်ရည်ရစ်ဝဲခဲ့ရပြန် သည် ။
တမလွန်ဘဝသို့ ရောက်သွားသည့်တိုင် မိမိနှင့် အတူနေထိုင်လို၍
ငါးကြိမ်တိုင်တိုင် အိပ်မက်ပေးကာ လာရောက်နေ ထိုင်ပါရစေဟုခွင့်ပန်နေသည့်ကြားမှပင် မိမိက
သဘောမပေါက်/နားမလည်ဘဲ ခါးခါးသီးသီး ငြင်းဆန်လွှတ်ခဲ့သည် ။ မျက် နှာညှိုးငယ်ငယ်ဖြင့်
နောက်ဆုတ်ထွက်ခွာသွားသော အိပ်မက်ထဲမှသူ့ပုံရိပ်ကို ပြန်လည်မြင်ယောင်ကြည့်ရင်း မငွေကျင်
ဖြေမဆည်နိုင်ဖြစ်ကာ မျက်ရည်တို့မှာလည်း တလိမ့်လိမ့် ။ စောစောကသာသိလျှင် လက်ခံထားလိုက်မှာပေါ့
။ အိပ်မက် အကြောင်းတွေးရင်း ငိုယိုနေခဲ့သောမငွေကျင်လည်း တစ်နေတာလုံး စိတ်ရောကိုယ်ပါ
ပင်ပန်းလာခဲ့သောအရှိန်ကြောင့် များမကြာမီတွင် မျက်ဝန်းတို့ မှေးပိတ်ကာ အိပ်စက်ခြင်းသို့
ခရီးဆိုက်သွားခဲ့သည် ။
သည်တစ်ကြိမ်အိပ်မက်ကတော့ မငွေကျင်အတွက် အထူးဆန်းဆုံးဖြစ်သည်
။ အိပ်မက်ထဲ၌ မငွေကျင်သည် လှလှပပ ဝတ်စားထားကာ
အလှူပွဲတစ်ခုသို့ တက်ရောက်နေခြင်းဖြစ်သည် ။ အနီးအနားမှအသိမိတ်ဆွေများက မငွေကျင်ကို
အမျိုး မျိုးခေါ်ယူနှုတ်ဆက်လျက်ရှိစဉ် တစ်ယောက်သောအမျိုးသမီးကြီးတစ်ဦးက မငွေကျင်၏လက်ကို
ဖျတ်ခနဲလှမ်းဆုပ်ကိုင် ကာ…
“ သမီးငွေကျင် အမေ့ကို မှတ်မိလား ။”
ဟုဆိုသည်
။ အမျိုးသမီးကြီး၏အမေးကြောင့် မငွေကျင် တွေဝေသွားကာ သူမ၏မျက်နှာကို သေသေချာချာစိုက်ကြည့်
လိုက်၏ ။
အမျိုးသမီးကြီးသည် အသက်(၅၀)ကျော်အရွယ်ခန့်ရှိပြီး
ပိန်ပိန်သေးသေး ကျစ်ကျစ်လစ်လစ်ဖြစ်သော်လည်း သူမ၏ လက်ချောင်းတို့မှ သန်မာတုတ်ခိုင်လှ၍
အဆုပ်ကိုင်ခံထားရသောမငွေကျင်၏လက်တစ်ဖက်ပင် နာကျင်လာသဖြင့် ဆတ် ခနဲရုန်းလိုက်ရင်း…
“ အမေက ဘယ်သူလဲ ။”
ဟုမေးလိုက်သည်
။
“ သြော်…ညည်းက ငါ့ မမှတ်မိဘဲကိုး ။ ငါက ဒေါ်လုံးတင်လေ
။ မောင်ဘသော်ရဲ့အမေလေကွယ် ။”
“ ဟင်…ဒေါ်ဒေါ် ။ ဟုတ်ပါရဲ့ ။ ကျွန်မ မေ့နေတာ ။ ဒေါ်ဒေါ့်ကို
မတွေ့တာဖြင့် ကြာပြီပဲ ။”
ထိုအခါမှ
ထိုအမျိုးသမီးကြီးမှာ ကိုဘသော်၏မိခင်မှန်း သတိရသွားသည် ။ သို့သော် အိပ်မက်ထဲ၌ ထိုသူမှာ
သေလူဆို တာကို လုံးဝသတိမရချေ ။ စိတ်ထဲတွင် ဒေါ်လုံးတင်ကို မတွေ့တာကြာပြီဟူ၍သာ တွေးနေမိသည်
။
“ အေးပါအေ ။ ငါကတော့ ငါ့သားကို စိတ်ပူနေရတာနဲ့
သွားချင်ရာ မသွားနိုင်သေးဘူး ။ ကဲ…ညည်းလက်ထဲကို ငါ့သား
အပ်ခဲ့မယ် ။ ညည်း လက်ခံမှာလား ။”
ဒေါ်လုံးတင်၏အမေးကြောင့်
မငွေကျင် တွေဝေသွားပေမဲ့ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်မိ၏ ။ ထိုအခါတွင် ဘယ်
အချိန်ကတည်းက ရောက်နေမှန်းမသိသောကိုဘသော်က မငွေကျင်၏လက်ကို လှမ်းဆွဲလိုက်သည် ။
“ ဟင်…ကိုဘသော်…ရှင် ဘယ်တုန်းက ရောက်နေတာလဲ ။”
“ သိပ်မကြာသေးပါဘူး ။ ကျင်ကျင်နဲ့အတူ ကိုဘသော်
လာနေမယ်နော် ။”
“ လာနေပါ ကိုဘသော်ရယ် ။”
ထိုသို့
ကိုဘသော်၏မျက်နှာကို လှည့်ကြည့်ကာ လာနေပါဟု လက်ခံလိုက်သည့်အခိုက်တွင် မငွေကျင် အိပ်မက်မှ
လန့်နိုး လာခဲ့တော့သည် ။
a a a a a a a a a a
ယခုဆိုလျှင် ကိုဘသော်တစ်ဖြစ်လဲ ဦးငွေမောင်းမှာ
အသက်(၄၀)ခန့်ရှိနေပြီ ။ ယခင်ဘဝနှင့် ရုပ်ရည် ၊ အရပ် အမောင်း ၊ အသွင်အပြင်လက္ခဏာတို့
တူညီခြင်းမရှိသော်လည်း အတိတ်ဘဝကိုမူ ကောင်းမွန်မှတ်မိနေဆဲဖြစ်သည် ။ ဦး ငွေမောင်း၏ပြောပြချက်အရ
ကိုဘသော်ဘဝကအကြောင်းအရာတချို့ကို သိရှိခွင့်ရခဲ့သည် ။
“ ဦးလေးရဲ့ဇနီးကို ဦးလေး မချစ်ဘူး ။ အဲ…ဒီဘဝကအကြောင်းကို
ပြောနေတာမဟုတ်မှန်း သိကြမှာပါနော် ။ ဟိုဘဝ
တုန်းက ဦးလေးက ငယ်ငယ်ချောချော ။ ဒါပေမဲ့ ဦးလေးနဲ့အိမ်ထောင်ကျတဲ့အမျိုးသမီးကြီးကတော့
အသက်(၅၀)
ကျော်အရွယ် ဝဝတုတ်တုတ် ။ မိဘတွေကို မလွန်ဆန်နိုင်လို့
၊ ချစ်သူကလည်း ခိုးရာလိုက်ဖို့ လက်မခံလို့ အဲဒီမိန်းမ
ကိုပဲ ယူလိုက်ရတယ်ဆိုပါတော့ကွယ် ။ ဒါပေမဲ့ ချစ်ဦးသူကို
ဘယ်မေ့နိုင်ပါ့မလဲ ။ နောက်တော့ သူလည်း အိမ်ထောင်
ကျသွားပြီကြားတယ် ။ သူရောကိုယ်ရော အိမ်ထောင်သည်တွေဖြစ်နေပြီဆိုတော့
ကြိုးစားမေ့ရတာပေါ့ကွယ် ။ ဒီမှာပဲ
တစ်နေ့…ဦးလေးတို့မိသားစု ခရီးထွက်ကြရင်း ရေစီးသန်တဲ့ချောင်းထဲကို
ဦးလေးရဲ့မွေးစားသား ကျသွားတယ် ။ သူ
က ဘာရှိဦးမှာလဲ ။ (၇)နှစ်/(၈)နှစ်အရွယ်…။ မွေးစားသားဆိုပေမဲ့
ငယ်ငယ်လေးကတည်းက မွေးစားလာတာဆိုတော့
သားအရင်းနဲ့ ဘယ်ခြားပါ့မလဲ ။ သူ နစ်နေတာမြင်တော့
ဦးလေး ဆင်းကယ်တာပေါ့ ။ ဒီမှာပဲ…နှစ်ယောက်လုံး ရေစီး
နဲ့ မြောပါသွားတော့တာပဲ
။ အင်း…အခုထက်ထိ ဦးလေး မမေ့သေးဘူး ။ အဲဒီအဖြစ်အပျက်က ဦးလေးရဲ့အသိစိတ်ထဲ
မှာ စွဲထင်နေတုန်းပဲ ။ ရေစီးက မတရားသန်နေတော့
ဦးလေးမှာ မြှုပ်ချည်ပေါ်ချည်နဲ့…ဒီကြားထဲမှာ ဦးလေးရဲ့သားကို
လိုက်ရှာနေမိသေးတယ် ။ ရှာတွေ့သလား ၊ မတွေ့ဘူးလားဆိုတာတော့
ကောင်းကောင်းမမှတ်မိဘူး ။ ဒါပေမဲ့ ရေထဲ
မှာ မရှူနိုင်မကူးနိုင်နဲ့ သေအံ့မူးမူးဖြစ်နေတဲ့အချိန်မှာ
ဦးလေး ဘာကို တွေးလိုက်မိလဲ သိလား ။”
“ ပြောပါဦး ဦးလေးရယ် ။”
“ ဦးလေး တွေးလိုက်မိတာက ဒါ…ငါ သစ္စာစကားကို ဖောက်ဖျက်မိလို့
။ အခု အသေဆိုးနဲ့ သေရတော့မယ်လို့ တွေးမိ
ရင်း ဦးလေးရဲ့ငယ်ချစ်ဦးမငွေကျင်ရဲ့မျက်နှာကို
မြင်ယောင်လိုက်မိတယ် ။ နောက်တော့ ဒီဘဝကို ရောက်လာတယ်
ဆိုပါတော့ ။”
ဦးငွေမောင်းက
စကားကို အဆုံးသတ်လိုက်ပြီး လက်ထဲတွင်ကိုင်ထားသောမတ်ခွက်ထဲမှ ရေနွေးအနည်းငယ်ကို ဖြည်း
ဖြည်းချင်း မော့သောက်လိုက်သည် ။ အသက်(၄၀)ကျော်ဆိုပေမဲ့ ကျန်းမာရေးချူချာပုံရသောဦးငွေမောင်း၏ပုံသဏ္ဍာန်က
ဖြူဖျော့ဖျော့ ပိန်သွယ်သွယ် ။
“ ဒါဆို…ဦးလေးက ကြားကာလကို မမှတ်မိဘူးပေါ့ ။ သမီး
ဆိုလိုတာက ဦးလေး ဆုံးသွားပြီးနှစ်လနီးပါးလောက်ကျမှ
အဘွားဒေါ်ငွေကျင်က ကိုယ်ဝန်ရလာတာလို့ပြောတယ် ။
နောက်ပြီး အိပ်မက်ထဲမှာ ဦးလေးက သူနဲ့လာနေဖို့ ခွင့်ပန်
တယ် ။ ခွင့်ပန်လို့မရတဲ့အခါမှာ ဦးလေးရဲ့အတိတ်ဘဝက
မိခင်အရင်းဖြစ်တဲ့ ဘွားဒေါ်လုံးတင်က ဦးလေးကို အဘွား
ဒေါ်ငွေကျင်ရဲ့လက်ထဲ အပ်လိုက်တယ်တဲ့ ။ အဲဒီဘဝကအဖြစ်အပျက်တွေကို
ဦးလေး မမှတ်မိဘူးပေါ့ ။”
“ အေးကွယ့် ။ သမီး အခုမေးသလိုမျိုး ဦးလေးရဲ့အမေလည်း
ဦးလေးကို မေးဖူးတယ် ။ ခက်တာက ဦးလေး ဘာမှ
မမှတ်မိဘူး ။ အိပ်မက်ပေးခဲ့တာရော ၊ နောက်ပြီး
ဦးလေးရဲ့အတိတ်ဘဝကအမေနဲ့ တမလွန်မှာ တွေ့ဆုံတာကိုရော
ပေါ့ ။ ဦးလေး မှတ်မိနေတာက လူ့ဘဝရဲ့အတိတ်ကိုပဲ
။”
“ တကယ်ကို ဆန်းကြယ်တဲ့ဖြစ်အင်ပါပဲ ဦးလေးရယ် ။
အနောက်နိုင်ငံတွေမှာတော့ လူဝင်စားဆိုတဲ့သဘောကို လက်
မခံချင်ကြပေမဲ့ သမီးတို့လိုဗုဒ္ဓဘာသာနိုင်ငံတွေကတော့
အကြွင်းမဲ့ယုံကြည်လက်ခံထားကြပြီးသားပါ ။”
“ ဟုတ်တယ် သမီး ။ ဗုဒ္ဓရှင်တော်မြတ်ကိုယ်တော်တိုင်က
အတိတ်ဘဝကို ပြန်ပြောင်းမှတ်မိသူများကို ဇာတိဿရ
ဥာဏ်ရရှိသူတွေလို့ ဟောကြားတော်မူခဲ့တယ် ။ ဒါပေမဲ့
လူဆိုတာက အမျိုးမျိုးမဟုတ်လား ။ လက်ခံတဲ့သူရှိသလို
လက်မခံတဲ့သူလည်း ရှိမှာပဲလေ ။ လူအမျိုးမျိုး
စိတ်အထွေထွေပေါ့ ။”
ဦးငွေမောင်းက
သူ၏ကိုယ်တွေ့ဇာတ်လမ်းကို ထိုနေရာ၌ လက်စသတ်လိုက်ကာ လက်ထဲမှမတ်ခွက်ကို စားပွဲပေါ်သို့
လှမ်းတင်ရင်း စာရေးသူ၏ဖခင်ကြီးနှင့်အတူ ရောက်တတ်ရာရာတို့ကို ပြောဆိုနှီးနှောလျက်ရှိစဉ်
စာရေးသူကတော့ ဦးငွေ မောင်း ပြောပြသွားသည့်အဖြစ်အပျက်များကို စ,လယ်,ဆုံး ပြန်လည်တွေးတော၍
တမလွန်ဘဝ၏ဖြစ်စဉ်များအပေါ် စိတ် ပါဝင်စားလျက်ရှိသည် ။
-
တမလွန်ဘဝသို့ ရောက်ရှိသွားခဲ့သောကိုဘသော်သည် သေခါနီးအစွဲဟုခေါ်နိုင်မည့် သေဆုံးခါနီးက
သတိရတမ်းတ
လိုက်မိသောငယ်ချစ်ဦးဆီသို့ ပြန်လည်ရောက်ရှိလာကာ
အတူနေထိုင်ခွင့်ရရှိရန်အတွက် အိပ်မက်ပေးတောင်းဆိုခြင်း ၊
-
ထိုတမလွန်ဘဝတွင် လွန်ခဲ့သော(၁၅)နှစ်ခန့်က သေဆုံးသွားခဲ့ပြီဖြစ်သော ကိုဘသော်၏မိခင်ကြီးဒေါ်လုံးတင်နှင့်
ပြန်
လည်တွေ့ဆုံခြင်း ၊
အစရှိသည့်ဖြစ်ရပ်ဆန်းများကို
(ယခုလက်ရှိဘဝဖြစ်သော)ဦးငွေမောင်းဘဝ၌ ပြန်ပြောင်းအမှတ်ရခြင်းမရှိဘဲ ကိုဘသော် ဟူသောအတိတ်လူ့ဘဝကိုသာ
ပြန်လည်မှတ်မိနေခြင်းသည် လူဝင်စားများ၌ တွေ့မြင်ရလေ့ရှိသောဖြစ်အင်တစ်ခုဖြစ်၏ ။
လူဝင်စားအတော်များများသည် မိခင်ဖြစ်သူကို အိပ်မက်ပေးကာ
ရောက်ရှိလာကြသူများဖြစ်သော်လည်း ထိုအိပ်မက် ပေးသောဘဝကိုမူ မှတ်မိသူ နည်းပါးလှသည် ။
တစ်နည်းဆိုရသော် ဝိညာဉ်တစ္ဆေဖြစ်နေသောအခိုက်အတန့်ကိုမူ မှတ်မိ ခြင်းမရှိကြဘဲ ထိုဘဝကိုကျော်လွန်ကာ
အတိတ်လူ့ဘဝကိုသာ မှတ်မိကြသည်ချည်း ။ သို့သော် …
-
သေဆုံးသွားသူများက အိပ်မက်ပေးကာ ဝင်စားလာကြခြင်း ၊
-
လူဝင်စားဖြစ်သော သားငယ်/သမီးငယ်များသည် အတိတ်ဘဝက မည်သူမည်ဝါဖြစ်ကြောင်းကို အိပ်မက်များမှတဆင့်
မိဘများက သိရှိနိုင်ခြင်း…
အထက်ပါအချင်းအရာများကို
ထောက်ရှုခြင်းအားဖြင့် တမလွန်ဘဝ သို့မဟုတ် ပရလောကသည် အမှန်တကယ်တည်ရှိ နေခြင်းဖြစ်ကြောင်းကိုမူ
သက်သေထူနိုင်ပေပြီ ။ ထိုကဲ့သို့ နက်နဲရှုပ်ထွေးပြီး သိပ္ပံပညာဖြင့်ပင် အဖြေရှာရန် မလွယ်ကူလှ
သော လူဝင်စားတို့၏အကြောင်းကိစ္စများကို ဆက်စပ်တွေးတောရင်း စာရေးသူကိုယ်တိုင်လည်း ဥာဏ်မမီတော့သဖြင့်
ပြတင်းပေါက်အပြင်ဘက်ရှိ ရှုခင်းလှလှတို့ကို ငေးကြည့်ရင်း သက်ပြင်းမျှင်မျှင်ရှိုက်လိုက်မိပါတော့သည်
။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။