Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ဂုဏ်သိက္ခာအတွက် လူသတ်ခြင်း


 ( ၂၀၁၇ ဇွန်လထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
 
  ‘မြတ်သူထိုက်’ ဖေစ်ဘုတ်ကို ပိတ်လိုက်သည် ။ ပလူပျံနေသောနိုတီဖစ်ကေးရှင်း(notification)များ ၊ အနီရောင် သင်္ကေတပြနေ သောမက်စေ့ရှ်ဘောက်(message box)များ ၊ ဘယ်သူဘယ်ဝါမှန်းမသိနိုင်သောfriend cofirmများကို လျစ်လျူရှုထားလိုက်သည် ။ အလုပ်အလွန်များသော-မြတ်သူထိုက်အဖို့ ထိုအရာများကို ကြည့်ရှုရန် အချိန်မပေးနိုင်သေးပေ ။ ယခု facebookပေါ်သို့ တက်လာခဲ့ ရခြင်းအကြောင်းရင်းက အချက်အလက်များ ရှာဖွေရန်အတွက်သပ်သပ် ။ မိမိအလိုရှိရာများကို ရှာဖွေ၍ပြီးခဲ့ပြီမို့ ဖေစ်ဘုတ်ကို ပိတ် လိုက်ပြီ ။ လုပ်လက်စအလုပ်ကို ဆက်လုပ်ရဦးမည် ။

   “ အင်း…ဒီနေ့တော့ အလုပ်ရှုပ်မှာသေချာတယ် ။ ဒါပေမဲ့လည်း…ဝါသနာအတွက်ပဲလေ ။ လုပ်ရမှာပေါ့ ။”
ဒေါင်းလုပ်(down load)ဆွဲထားသောစာမျက်နှာများကို ဖွင့်ကြည့်ရင်း မြတ်သူထိုက် ထိုသို့ ခပ်တိုးတိုးရေရွတ်လိုက်၏ ။
      ကိုယ့်ကိုယ်ကို စကားဆိုလိုက်ခြင်းဖြစ်သည် ။ အလုပ်များသည့်အခါတိုင်း ၊ စိတ်ညစ်ညူးသည့်အခါတိုင်း ထိုကဲ့သို့ တစ်ကိုယ် တည်း စကားပြောလေ့ရှိသည် ။ ဒါဟာ မြတ်သူထိုက်အတွက် စိတ်ထွက်ပေါက်ရစေသည့်အပြုအမူတစ်ခုဆိုလည်း မမှား ။ မွန်းကျပ် မှု၊ စိတ်ဖိစီးမှုများကို လျော့ပါးသွားစေသည် ။ စိတ်ခွန်အား တိုးမြှင့်နည်းတစ်ခုဟုဆိုရမည် ။ စိတ်သက်သာစေရန် တိုးဖွဖွညည်းဆို ရင်း ကွန်ပျူတာကို အသည်းအသန်ကြည့်နေသည် ။ ဒေါင်းလုပ်ဆွဲထားသော-စာများကို ဖတ်ရှုနေခြင်းဖြစ်သည် ။
      မြတ်သူထိုက်က ဂျပန်လူမျိုးတို့၏ယဉ်ကျေးမှုကို လေ့လာနေခြင်းပါ ။ တချို့သောရာဇဝင်ဇာတ်လမ်းများ ၊ ထုံးတမ်းစဉ်လာများ နှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှနေ စာအုပ်ဝယ်ယူရန် မဖြစ်နိုင်သဖြင့် ယခုလို အွန်လိုင်းမှရှာဖွေကာ ဖတ်ရှုနေရခြင်းဖြစ်သည် ။ တိုင်း တပါး၏ယဉ်ကျေးမှုအကြောင်းအရာများကို ဖတ်ရှုရသည်မှာ စိတ်ဝင်စားစရာပင် ။ အချက်အလက်တိုင်းက မြတ်သူထိုက်၏စိတ် နှလုံးကို သိမ်းယူဆွဲဆောင်လျက်ရှိသည် ။ ထိုအခိုက်…
   “ ရွှပ်…ရွှပ်…ရွှပ်…”
ဟူသောမြည်သံက ဧည့်ခန်းဆီမှ တိုးလျလျ ထွက်ပေါ်လာသည် ။ လူသေကောင်လို ငြိမ်သက်နေသောပတ်ဝန်းကျင်ကို ထိုအသံက ကယက်ထလှိုက်ဆူသွားစေခဲ့ပြီ ။ အစပိုင်းတွင် လေချွန်သံကဲ့သို့ တိုးဖွဖွဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ကျယ်လောင်လာ၍ စာ ဖတ်နေရင်းမှ မြတ်သူထိုက် ခေါင်းထောင်သွားသည် ။ အသံလာရာကို နားစွင့်လိုက်သည် ။
   “ ဘာသံပါလိမ့်…”
စာရွက်လှန်သံလိုလို၊ ကီးကြောင်နေသော စန္နယားသံလိုလို ။ နားစွင့်ကြည့်လိုက်တော့ အသံက အခြားမှ မဟုတ်ဘဲ ဧည့်ခန်းဆီက ထွက်ပေါ်နေခြင်းဆိုတာ အသေအချာ ။
V
      မြတ်သူထိုက်က ပေ(၆၀)ပတ်လည်ခန့်-ကျယ်ဝန်းသည့်ခြံတစ်ခြံထဲရှိ တိုက်အိမ်တစ်လုံး၌ တစ်ယောက်တည်းနေထိုင်သူဖြစ် သည် ။ နေအိမ်တွင် မြတ်သူထိုက်မှလွဲ၍ သက်ရှိဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြီးပင် မရှိသဖြင့် အသံ ထွက်ပေါ်စရာတခြား အကြောင်း မရှိနိုင်ပါ ။ သို့ကြောင့်လည်း စိတ်ထဲ စနိုးစနောင့်ဖြစ်သွားမိသည် ။
- အိမ်ထဲမှာ ငါတစ်ယောက်တည်းလေ ။ ဘယ်ကအသံထွက်နေတာလဲ ။ သူခိုးဓားပြဆိုလည်း အသံထွက်စရာအကြောင်းမှမရှိဘဲ ။
  ဘာသံလဲကွာ ။
တွေးနေခိုက်မှာပင် အသံက တိုး၍တိုး၍ကျယ်လာသည် ။ တရွှပ်ရွှပ်တချွမ်ချွမ်အသံပေါင်းစုံမြည်လာသည် ။ မဟုတ်တော့ ။ ဘယ်က အသံတွေလဲ ။ အိမ်နီးချင်းတွေဆီက ပျံ့လွင့်လာသလား ။ မပြောတတ်တော့ပါ ။ သို့သော်...ပေယျလကံတော့ သဘောမထားနိုင် ။ ဘယ်ကလာသည့်အသံလဲဆိုတာကို သိရမှဖြစ်မည် ။ သို့ကြောင့်…စာကြည့်စားပွဲကနေ ကမန်းကတန်းထကာ စာဖတ်ခန်း၏တစ် ဖက်ရှိ-ဧည့်ခန်းဆီသို့ ပြေးသွားလိုက်၏ ။ အခန်းချင်းကပ်လျက်ဖြစ်သဖြင့် စက္ကန့်ပိုင်းမျှသာကြာသည် ။
   “ ဟင်…”
ဧည့်ခန်းသို့ရောက်သည့်အခါ ဘာမျှမရှိ ၊ ဘာကိုမျှ မတွေ့ရ ။
      တိုက်တိုက်ဆိုင်ဆိုင် မြတ်သူထိုက် ဧည့်ခန်းဆီသို့ရောက်သည်နှင့် အသံကလည်း ရုတ်ချည်း တိတ်ဆိတ်သွား၏ ။ စက္ကန့်ပိုင်းမျှ ကာလအတွင်း စောစောက ဆူပွက်လျက်ရှိသော တရွှပ်ရွှပ်တချွမ်ချွမ်အသံတို့သည် ရုတ်တရက် ဆန်းကြယ်စွာပျောက်ကွယ်သွားကြ ပြီ ။
- ဘယ်လိုလဲဟ ။ စောစောက သေချာကြားနေရတာပါ ။ တရွှပ်ရွှပ်နဲ့ မြည်နေတဲ့အသံ ။ ဘာသံများ ဖြစ်မလဲ…အဲဒီအသံက ဘယ်က
  ထွက်လာတာလဲ ။ အခု…ဘယ်ပျောက်သွားတာလဲ …
ထိုအတွေးများဖြင့် ဧည့်ခန်းအလယ်သို့ ဆက်လျှောက်လာလိုက်သည် ။ စိတ်ထဲမှာတော့ နားမလည်နိုင်ခြင်းများစွာဖြင့် မေးခွန်းသံ တို့ ဆူညံနေပြီ ။ ဘယ်ရောက်သွားသလဲ…တရွှပ်ရွှပ်တချွမ်ချွမ်အသံတွေ…။
       ပတ်ဝန်းကျင်သည် ပကတိတိတ်ဆိတ်နေသည် ။ ပြတင်းပေါက်နှင့်တံခါးများအားလုံးကို ပိတ်ထားသဖြင့် လေတိုးသံကိုလည်း ကြားရစရာအကြောင်း မရှိပါချေ ။ တခြားက ပျံ့လွင့်လာသံဟု ယူဆရအောင်ကလည်း ခြံတွေက ကျဉ်းကျဉ်းမြောင်းမြောင်းမဟုတ် ။ တစ်ခြံနှင့်တစ်ခြံက ခပ်လှမ်းလှမ်းရယ် ။ ဒါဆို…စောစောက ဘာသံများလဲ ။ စဉ်းစားရကျပ်စွာဖြင့် မြတ်သူထိုက် နံရံဆီသို့ ငေးကြည့် လိုက်မိ၏ ။
        နံရံပေါ်၌ လှပခမ်းနားစွာနေရာယူထားသည်က မည်းပြောင်ဝင်းလက်နေသော ဓားရှည်တစ်ချောင်း ။ ဘယ်နှခါကြည့်ကြည့် မရိုးနိုင်သည့်အလှတရား ။ တင့်တယ်လှစွာသော ရှေးဟောင်းဓား ။ သို့ပေမဲ့…ဘာကြောင့်လဲမပြောတတ် ။ ထိုဓားရှည်ကို စိုက်ကြည့် မိသည့်အခိုက် မြတ်သူထိုက်၏ရင်ထဲ လှပ်ခနဲခံစားလိုက်ရကာ ကြက်သီးများပင် ဖြိုးဖြိုးဖြန်းဖြန်းထသွားသည် ။ ဓားရှည်က မိမိကို ပြုံးတုံ့တုံ့သရော်တော်တော်စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသောကြောင့်…။
- မဟုတ်သေးပါဘူး ။ ငါတော့ အိပ်ရေးပျက်တာများနေပြီထင်ပါရဲ့…
နေအိမ်သို့ မနက်ကမှ ရောက်ရှိလာခဲ့သော ထိုဓားရှည်အပေါ် ကြောက်ရွံ့စိတ်ဝင်မိသည့် ကိုယ့်ကိုယ်ကို နားမလည်နိုင်ဖြစ်မိသည် ။ တော်ရုံဖြင့် ကြောက်တတ်သူမဟုတ်သော-မိမိက ဘာလို့များ ဤသက်မဲ့ဓားကို ကြောက်ရွံ့နေရမှာလဲ ။ အသက်မပါသောဓား တစ် ချောင်းက ဘာမှ အန္တရာယ်မပေးနိုင်ဟု ကိုယ့်ကိုယ်ကို သတိပေးရင်း စိတ်ပြေရာပြေကြောင်း နှစ်သိမ့်လိုက်သည် ။
       ဟုတ်လည်းဟုတ်တာပါပဲလေ ။ မြတ်သူထိုက်က ညနက်မှ အိပ်စက်သူပဲကိုး ။ တစ်ခါတစ်ရံ သန်းခေါင်သန်းလွဲအထိ အိပ်ချင်မှ အိပ်သည် ။ မိုးလင်းပေါက် စာဖတ်ချင်ဖတ်နေတတ်သူ ။ သည်တော့ ဘယ်အရာကြောင့်မှမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် အိပ်ရေး ပျက်လွန်း၍ ရင်တုန်နေခြင်းဖြစ်ပါလိမ့်မည် ။ စောစောကအသံနှင့်ပတ်သက်ပြီး ဘာကိုမျှထူးထူးခြားခြားမတွေ့ရသဖြင့် နားကြားမှား သည်ဟုယူဆကာ မြတ်သူထိုက် စာဖတ်ခန်းထဲသို့ ပြန်လာလိုက်သည် ။ ညနေတောင် စောင်းတော့မည် ။ အလုပ်မပြီးမည်စိုးသဖြင့် ဖတ်လက်စစာကို ဆက်ဖတ်နေလိုက်တော့၏ ။
V
          မြတ်သူထိုက်က Future Lifeဂျာနယ်တွင် သတင်းဆောင်းပါးရေးသူတစ်ဦးဖြစ်သည် ။ အသက်အားဖြင့် (၂၈)နှစ်ဝန်းကျင် ခန့်သာရှိသေးပေမဲ့ အလုပ်ကို ကျားကုတ်ကျားခဲကြိုးစားသူဖြစ်၍လည်း ငယ်ငယ်ရွယ်ရွယ်နှင့် လူသိများအောင်မြင်လျက်ရှိသော စာ ရေးဆရာတစ်ဦးလည်းဖြစ်၏။ နောက်ပြီး…ဂျာနယ်တိုက်၏ဖူးဖူးမှုတ်အလိုလိုက်ခြင်းကိုလည်း ခံယူနေရသူ ။ အသားဖြူဖြူ အရပ်ရှည် ရှည် သွယ်လျလျကိုယ်ဟန်ရှိသော-မြတ်သူထိုက်က နာမည်နှင့်လိုက်အောင် မြင့်မြတ်သူသာလျှင် ထိုက်တန်မည်ထင်…ယခုအရွယ် သို့ ရောက်သည့်တိုင် ချစ်သူရည်းစား မရှိသေးချေ ။
           ဘဲဥပုံသဏ္ဍာန် သွယ်ဝန်းသောမျက်နှာကျပေါ်၌ ထူထဲထဲမျက်ခုံး ၊ ဝိုင်းစက်စက်မျက်လုံး ၊ ကော့ညွှတ်ညွှတ်မျက်တောင် ၊ မမြင့်မနိမ့်နှာတံနှင့် ပါးလှပ်လှပ်နှုတ်ခမ်းလေးများက ပန်းချီဆွဲထားသလို လှပချောမောလျက် ပြေပြစ်တင့်တယ်သော-မြတ်သူထိုက် ကို ချစ်ကြိုက်ချင်သူများမှာ တပုံတပင်ကြီးရှိသည်မှန်သော်လည်း သူမကိုယ်တိုင်က ထိုကိစ္စကို စဉ်းစားရန် အချိန်မပေးဘဲ အလုပ် အကြောင်းသာ တစ်ချိန်လုံးတွေး ၊ တစ်ချိန်လုံး ပြောနေတတ်သူ ။ သူမ ဝါသနာပါသော အကြောင်းအရာများကို လေ့လာမှတ်သား နေရမည်ဆိုပါက တကယ့်ကို ထမင်းမေ့၊ ဟင်းမေ့ ။
       မြတ်သူထိုက်က နိုင်ငံတကာမှအဖြစ်အပျက်များအပေါ် လေ့လာစူးစမ်းရခြင်းကို ဝါသနာထုံသည် ။ သို့ကြောင့် ပြည်တွင်းပြည်ပ သတင်းစာများ၊ဂျာနယ်များကို မပြတ်ဖတ်ရှုကာ ဘယ်နိုင်ငံမှာ ဘာဖြစ်နေသလဲ၊ ဘယ်နိုင်ငံမှာ ဘာတွေတီထွင်ဖွံ့ဖြိုးနေပြီလဲ-အစရှိ သည်တို့ကို စောင့်ကြည့်လေ့လာသလို တစ်ဖက်မှာလည်း နိုင်ငံအသီးသီးက ရှေးယဉ်ကျေးမှုအစဉ်အလာများကို ရှာဖွေမှတ်သား ကာ ထိုသို့ စုဆောင်းရရှိသောအကြောင်းအရာများနှင့်ပတ်သက်ပြီး ဆောင်းပါးများ ရေးသားသည် ။ ကျမ်းများ ပြုစုသည် ။
      ယခု…မြတ်သူထိုက် အလုပ်ရှုပ်နေရခြင်းအကြောင်းရင်းက နိုင်ငံရပ်ခြားမှ ယဉ်ကျေးမှုတစ်ရပ်ကြောင့်ဟုဆိုနိုင်သလို ငယ်သူ ငယ်ချင်း မင်းမော်ဖြိုးကြောင့်ဟုဆိုလည်း မမှား ။ နေအိမ်သို့ ထိုသူငယ်ချင်း အလည်ရောက်လာ၍ ယခုကဲ့သို့ ဆောင်းပါးရေးရန် အကြောင်းပေါ်ခဲ့ရခြင်းမဟုတ်ပါလား ။ ကိစ္စက ဤသို့ဤပုံ ။

vvvvvvvv
      မင်းမော်ဖြိုးနှင့်မြတ်သူထိုက်တို့က ငါးတန်းနှစ်ကတည်းက ခင်မင်လာခဲ့သောသူငယ်ချင်းနှစ်ယောက် ။ အထက်တန်းကျောင်း အပြီးမှာ တစ်ယောက်နှင့်တစ်ယောက် မကြာခဏ တွေ့ဆုံခြင်းမရှိတော့ပေမဲ့ ဆရာကန်တော့ပွဲရောက်လျှင်တော့ သူငယ်ချင်းတွေ ဆုံဖြစ်ကြသည် ။ ငယ်ကအကြောင်းများ ပြန်ပြောဖြစ်ကြသည် ။
     တက္ကသိုလ်ပြီးဆုံးသွားသည့်အခါ မြတ်သူထိုက်က စာအုပ်စာတမ်းအမျိုးမျိုးကို လေ့လာဖတ်ရှုကာ ဗဟုသုတရဖွယ်ရာဆောင်းပါး များ ရေးသားသည့် စာရေးဆရာတစ်ယောက်၏ဘဝကို ရွေးချယ်ခဲ့သည် ။ မင်းမော်ဖြိုးကတော့ ရေကြောင်းတက္ကသိုလ်မှ ဘွဲ့ရရှိပြီး နောက် နိုင်ငံခြားသင်္ဘောတစ်စီးတွင် လိုက်ပါသွားခဲ့သည် ။ ထိုစဉ်ကတည်းက သူငယ်ချင်းနှစ်ယောက် အပြင်မှာ မဆုံဖြစ်ကြတော့ ။ မတွေ့ဖြစ်ကြသည်မှာ လေးနှစ်ကျော်ခဲ့ပြီဖြစ်သည် ။ လေးနှစ်ကျော်မျှ ပျောက်ကွယ်သွားခဲ့သော-မင်းမော်ဖြိုးတစ်ယောက် လွန်ခဲ့ သော(၁၀)နာရီခန့်က မြတ်သူထိုက်ထံသို့ ရောက်ရှိလာခဲ့သည် ။
     မြန်မာပြည်သို့ ခဏရောက်နေခြင်းဖြစ်သည်ဟုဆိုကာ ပစ္စည်းတစ်ခုကို မြတ်သူထိုက်အား ပေးလေသည် ။ အဝတ်ဖြင့် သေချာ ထုပ်ပိုးထားသောအရာဖြစ်၏ ။ ဘာမှန်းညာမှန်းမသိ၍ မင်းမော်ဖြိုး ပေးသည့်ပစ္စည်းကို မြတ်သူထိုက်က မယူသေးဘဲ…
   “ ဟဲ့…မင်းမင်း…အဲဒါက ဘာလဲ ။”
ဟု အရင်မေးလိုက်သည် ။
       ငယ်ကျင့်အတိုင်း စကားကို ခပ်မာမာပြောတတ်သော-မြတ်သူထိုက်၏ပုံစံကြောင့် မင်းမော်ဖြိုး ပြုံးစိစိဖြစ်သွားသည် ။ မမြင်တာ ကြာ၍ပဲလား ၊ သို့မဟုတ် ပင်လယ်ပြင်မှာ အနေများ၍ ဦးနှောက်ပဲ ချောင်လာ၍လား မပြောတတ် ။ မြတ်သူထိုက်ကို ပိုလှလာသည် ဟု မင်းမော်ဖြိုး ခံစားမိ၏ ။ အသားတို့ ပိုဖြူလာကာ ခန္ဓာကိုယ် ဖွံ့ထွားလာသော-မြတ်သူထိုက်ကို ယခင်က လှသည်ဟုပင် မထင်ခဲ့ မိသော်လည်း ယခုများကျ မြင်မြင်ချင်းပဲ ရင်ခုန်သလိုလို ဘာလိုလို ။ သို့ပေသိ ငယ်သူငယ်ချင်းများဖြစ်နေ၍ ထုတ်ဖော်မချီးကျူးဝံ့ ၊ ထိုကိစ္စနှင့်ပတ်သက်ပြီး စကားပင် မဟဝံ့ ။ ပြောမိပါက ဟားတိုက်ရယ်မည် ၊ အလှောင်ခံထိမည်မဟုတ်လား ။ သို့ဖြစ်၍ လာရင်းကိစ္စ ကိုပဲ စကားစ,လိုက်သည် ။
   “ နင့်အတွက် လက်ဆောင်ယူလာတာလေ ။”
   “ အေးပါ ။ ဟုတ်ပါပြီ ။ ဘာပစ္စည်းလဲဆိုတာ အရင်ပြောပါဦး ။”
   “ ခန့်မှန်းကြည့်ပေါ့ ။”
မင်းမော်ဖြိုးက ကလေးတုန်းကလိုပဲ ဂျစ်တွန်းတွန်းနေ၍ မြတ်သူထိုက် အာရုံနောက်သွားသည် ။ ဘာဘာညာညာဆိုတာကို တစ်ခါ တည်း ပြောမပြဘဲ ပဟေဠိဝှက်နေသေး ။ ပြုံးစိစိလုပ်နေသည့်မင်းမော်ဖြိုးကို မြတ်သူထိုက် မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး အဝတ် နက်ပတ်ထားသောထိုအရာကို သေသေချာချာစိုက်ကြည့်နေမိ၏ ။
     ပစ္စည်းက အလျားရှည်ပြီး အနံကျဉ်းသည် ။ အလျားနှစ်တောင်နီးပါးရှည်သော်ငြား အနံကမူ တစ်ထွာပင် မပြည့်ချင် ။ ရှည် မြောမြောအရာတစ်ခုဖြစ်သည် ။
   “ သြော်…စာရေးဆရာမကြီးရယ် အသည်းအသန်တွေးကြည့်မယ့်အစား ကိုင်ကြည့်လိုက်ပါလား ။ ရော့ ။ သေချာကိုင်ပြီး ခန့်မှန်း
      ကြည့် ။”
မင်းမော်ဖြိုးက အသက်သာ ကြီးလာသည် ။ လူကမူ ငယ်ကအတိုင်း ဆိုးဆိုးဆတ်ဆတ် ။ သူ့လက်ထဲက ထိုအရာကို မြတ်သူထိုက် ၏လက်ထဲသို့ အတင်းထည့်ပေးလိုက်သည် ။ မြတ်သူထိုက်လည်း မယူချင့်ယူချင်နှင့် လက်ခံလိုက်ရသည် ။ လက်ထဲသို့ ရောက်လာ သည့်အခါမှ ထိုအရာဟာ ‘ဘာ’ဆိုတာကို မြတ်သူထိုက် ခန့်မှန်း၍ရသွားသည် ။ သို့သော်…ဟုတ်မှဟုတ်ပါ့မလားဟု သံသယဝင်ကာ မျက်ခုံးကျုံ့လိုက်မိ၏ ။
   “ ဟဲ့…နေ…နေဦး ။ မင်းမင်း…နင့်လက်ဆောင်က ဓားတော့ မဟုတ်ပါဘူးနော် ။”
   “ အမယ်…တော်လှချည်လား ။ နင် ခန့်မှန်းမိလိမ့်မယ်လို့ ငါ လုံးဝမမျှော်လင့်ထားဘူး ။ အရမ်းလေးစားသွားပြီကွာ ။ ငါ့သယ်ရင်း
     လေးက ဒါ့ကြောင့် နာမည်ကျော်စာရေးဆရာမကြီးဖြစ်နေတာကိုး ။”
   “ တော်စမ်းပါ ။ အပိုတွေ ။ ငါက ဒီဓားကြီးကို ဘာလုပ်ရမှာတုံး ။ မိန်းကလေးသူငယ်ချင်းအတွက် လက်ဆောင်ဝယ်လာတာ
      ဓား ဝယ်လာရလား ။ laptopလေး ဝယ်လာရင်တောင် ကျေးဇူးတင်ဦးမယ် ။”
   “ ဟင်…မသိဘဲ စွတ်အပြစ်တင်နေပြန်ပြီ ။ ဒီဓားက နယ်နယ်ရရဓားမဟုတ်ဘူး ။ ရှေးဟောင်းဓား ။ သိန်းချီပြီး ပေးဝယ်လာရတာ
     နော် ။ နေဦး…ငါ အရင်ထုတ်ပြမယ် ။ ဓားကိုမြင်ရင် နင် ခိုက်သွားမှာသေချာတယ် ။”
မင်းမော်ဖြိုးက ပြောပြောဆိုဆိုနှင့် မြတ်သူထိုက်၏လက်ထဲကပစ္စည်းကို ဆွဲယူကာ အပေါ်မှာ လိပ်ပတ်ထားသောအဝတ်နက်ကို ခွာ လိုက်သည် ။ ဘယ်လိုဓားရှည်မျိုးမို့များ ဒီလောက်အမွှမ်းတင်နေရပါလိမ့်ဟူသောအတွေးဖြင့် မြတ်သူထိုက်ကိုယ်တိုင်လည်း အဝတ် နက်အောက်မှဓားကို စိတ်ဝင်စားလျက်ရှိသည် ။
   “ ဟယ်…”
အဝတ်နက်ကို ဖယ်ရှားလိုက်သည့်အခိုက် မြတ်သူထိုက်၏နှုတ်ခမ်းပါးမှ မရည်ရွယ်ပါဘဲ ခပ်တိုးတိုးထွက်ကျသွားသောစကား ။ ထို သို့ အာမေဋိတ်သံပြုမိလောက်အောင်လည်း အဝတ်နက်အောက်မှအရာက စွဲဆောင်အားပြင်းနေသည်ပဲကိုး ။
         အပေါ်မှအဝတ်နက်ကို ဖယ်လှပ်လိုက်သည့်အခါ အနက်ရောင်မည်းပြောင်နေသောဓားအိမ်တစ်ခုကို တွေ့မြင်လိုက်ရသည် ။ အနက်ရောင်ဟု လွယ်လွယ်ဆိုလိုက်ရပေမဲ့ အမှန်တကယ်ကျ နက်ပြာရောင်တောက်တောက်လို၊ စိမ်းနက်နက်အရောင်လို ဘယ်လို အရောင်ဟု ခွဲခြားရန်မလွယ်ကူသည့် အဆင်းသဏ္ဍာန်ရှိသောဓားအိမ်တစ်ခုကို မြတ်သူထိုက် တွေ့လိုက်ရ၏ ။ မြင်မြင်ချင်းပဲ နှစ် ခြိုက်သွားကြောင်း ဝန်ခံရမည် ။ မင်းမော်ဖြိုးက အပေါ်မှအဝတ်နက်များကို လုံးလုံးဖယ်ရှားလိုက်ပြီဖြစ်၍ ဓားအိမ်၏ပုံစံကို ရှင်းလင်း စွာတွေ့မြင်လိုက်ရပါပြီ ။
V
- တော်တော်လှတာပဲ …
မြတ်သူထိုက်၏စိတ်ထဲမှ တိုးဖွဖွဆိုညည်းလိုက်မိသည် ။ သို့သော်…ပါးစပ်ကတော့ ထုတ်မပြော ။ ထုတ်ပြောလျှင် လက်ဆောင်ပေး သူ-မင်းမော်ဖြိုးတစ်ယောက် သွေးနားထင် ဆောင့်နေဦးမည်ပဲလေ ။
        ရုပ်ရှင်ဇာတ်ကားများထဲ၌ တွေ့မြင်ဖူးခဲ့သော ဓားအိမ်ပုံဖြစ်သော်လည်း ဤဓားအိမ်က တစ်မျိုးတစ်ဖုံ ထူးခြားနေသလိုပင် ။ အရောင်အားဖြင့်လည်းကောင်း၊ ပုံသဏ္ဍာန်အားဖြင့်လည်းကောင်း လုံးလုံးလျားလျားကြီး ကွာခြားခြင်းမရှိသော်လည်း ရှုမြင်ရသည့် ခံစားမှုမှာတော့ အနည်းငယ်ကွဲပြားသည် ။ အလျား(၃၅)လက်မခန့်၊ အနံ(၂)လက်မခွဲခန့်ရှိနိုင်မည်ဖြစ်သော ထိုဓားအိမ်သည် ပြောင် လက်ချောမွေ့လျက်ရှိပြီး ပတ်ပတ်လည်တွင် ပုံဖော်ထားသော-ဘာဆေးရေးပန်းချီမျှ မရှိ ။
   “ ဘယ်လိုလဲ ။ ကြွေသွားပြီမဟုတ်လား ။ သဘောကျတယ်ဟုတ် ။”
   “ အင်းပါ ။ ငါ့အတွက် အသုံးမဝင်ပေမဲ့ နင်က လက်ဆောင်ပေးနေတော့လည်း သဘောကျရတော့မှာပေါ့ ။”
စိတ်ထဲက နှစ်ခြိုက်နေပြီဖြစ်သော်လည်း မင်းမော်ဖြိုး ဆောင့်ကြွားကြွားဖြစ်မည်စိုး၍ ခပ်ကြောကြောပြောလိုက်၏ ။ သို့ပေသိ သူငယ် ချင်းအရင်းအချာကြီးတွေဖြစ်၍ တစ်ယောက်စိတ်ကို တစ်ယောက်က သိနေသည် ။ မင်းမော်ဖြိုးက မြတ်သူထိုက်ကို မျက်လုံးပြူးကြီး ဖြင့် စိုက်ကြည့်လိုက်ပြီး…
   “ အမလေး…စိတ်ထဲကဖြင့် လိုချင်လို့သေမလိုဖြစ်နေတာကိုများ ။ မသိဘူးထင်နေလား ။ စေတနာပျက်အောင် မလုပ်နဲ့နော် ။”
   “ အေးပါဟယ် ။ သိရင်လည်း ပြီးတာပဲကို ။ ကျေးဇူးတင်တာ တော်တော်ခံချင်နေတယ် ။ ကျေးဇူးတင်တယ်…ကျေးဇူးတင်တယ် ။
      ရပြီလား ။ ကဲ… ပေးတော့…ငါ ကိုင်ကြည့်ချင်လှပြီ ။”
   “ ဟွန်း…စောစောကဖြင့် ဘာလဲညာလဲနဲ့ ။ ခုကျ…ဖြစ်ပျက်နေလိုက်တာ ။ ရော့ ”
မင်းမော်ဖြိုးက မြတ်သူထိုက်ထံသို့ ဓားရှည်ကို ကမ်းပေးလိုက်သည် ။
    ဓားရှည်ကို လက်ခံယူလိုက်သည့်အခိုက် မြတ်သူထိုက်၏စိတ်ထဲ တစ်မျိုးကြီးခံစားလိုက်ရသည် ။ ထိုခံစားချက်ကို ဘယ်သော အခါမျှ မေ့ဖျောက်နိုင်လိမ့်မည်မထင် ။ နှစ်သက်ခြင်း ၊ မြတ်နိုးခြင်း-စသောခံစားမှုတို့နှင့်အတူ ချောက်ချားခြင်း ၊ စိုးရွံ့ထိတ်လန့်ခြင်း-စသည့်ဝေဒနာများကိုပါ ရောထွေးစွာ ခံစားလိုက်ရခြင်းဖြစ်၏ ။ ဒါကလည်း ဆန်းတော့မဆန်း ၊ မြတ်သူထိုက်က အနုပညာသမားပီပီ စိတ်နုနယ်သည်ပဲကိုး ။ သည်တော့ လိုချင်သည့်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်လိုက်ရသည့်ခဏ စိတ်လှုပ်ရှားသွားခြင်းပဲဖြစ်ပါလိမ့်မည် ။ ထိုကဲ့သို့သာ ယူဆလိုက်သည် ။
      ဓားကို ဆုပ်ကိုင်လိုက်သည့်အခိုက် ရုတ်တရက် ခံစားလိုက်ရသော-စိတ်လှုပ်ရှားမှုကို လျစ်လျူရှုကာ မင်းမော်ဖြိုး လက်ဆောင် ပေးသော-ဓားရှည်ကိုသာ အားပါးတရစိုက်ကြည့်နေမိ၏ ။ မိန်းကလေးတန်မဲ့ လက်နက်ခဲယမ်းများအပေါ် ထူးထူးခြားခြားနှစ်သက် တတ်သူ-မြတ်သူထိုက်က လက်ဆောင်ရပစ္စည်းကို ငေးစိုက်ကြည့်နေစဉ် မင်းမော်ဖြိုးကမူ ပြုံးဖြီးဖြီးမျက်နှာကြီးနှင့် ပီတိဖြစ်နေ၏ ။       မင်းမော်ဖြိုးက တည်တည်ခန့်ခန့်နေလျှင် ကြည့်ကောင်းပြီး ခန့်ညားသောရုပ်ရှည်ပိုင်ရှင်မျိုးဖြစ်ပေမဲ့ ငယ်သူငယ်ချင်းများရှေ့ရောက် တိုင်း အကျင့်ပါနေသောမျက်နှာက အပိုးသတ်မရ ။ အမြဲတမ်း သည်လိုပဲ ပြုံးစိစိ စပ်ဖြီးဖြီး ။
    သို့မို့ထင်…မြတ်သူထိုက်၏စိတ်ထဲ သူ့ကိုဆို မျက်နှာရူး-ငပေါဟုသာ အမြဲမြင်သည် ။ ဤသည်မှာလည်း ငယ်သူငယ်ချင်းအများစု တွင် ဖြစ်ပေါ်တတ်သည့်သဘောထားပင် မဟုတ်ပါလား ။
   “ ဒါနဲ့ နေပါဦး ။ ဒီဓားကို ဘယ်ကဝယ်လာတာလဲ ။”
   “ ဘယ်ကဖြစ်ရမှာလဲ ။ ဂျပန်က ဝယ်လာတာပေါ့ ။ နင်ကလဲ ညံ့ပါ့ ။ ဓားကိုမြင်ကတည်းက ဂျပန်ကဝယ်လာမှန်း သိသင့်တယ် ။
     ဒီလောက် နင်ဂျာဇာတ်ကားတွေထဲမှာ ပါတတ်တဲ့-ဓားမျိုးကိုများ နင်က မသိဘူးလား ။”
   “ ဟဲ့…ရုတ်တရက်တော့ ငါလည်း ဘယ်သိပါ့မလဲ ။ တရုတ်ကားထဲမှာလည်း ဒီလိုဓားမျိုးတွေ ပါနေတာပဲဥစ္စာ ။ နောက်ပြီး ငါက
     နင့်လို အားနေတာမဟုတ်ဘူး ။ စာတွေဖတ်နေရတယ် ။ နိုင်ငံပေါင်းစုံက ထွက်သမျှရုပ်ရှင်တွေ ထိုင်မကြည့်အားဘူး ။”
   “ ဟင်…ရုပ်ရှင်ကြည့်ရင်လည်း ဗဟုသုတ ရတာပဲဥစ္စာ ။”
   “ မတူဘူးဟ ။ ရတဲ့အရာချင်း ၊ အနှစ်သာရချင်းက လုံးဝမတူဘူး ။ ရုပ်ရှင်က မက်စေရှ်ကို တည့်(ဒဲ့)ပေးတာများတယ် ။ တစ်ခါ
     တလေမှ အတွေး(thinkingပိုင်း)ကို ပေးတာ ။ စာကျတော့ အတွေးက အဓိက ။ ဒါ့ကြောင့် စာဖတ်မှ အတွေးအခေါ် ရင့်သန်
     တာ ။ ထားပါတော့ ။ နင့်လိုကလေးတွေက ပြောလည်း နားလည်တာမှမဟုတ်တာ ။ လေကုန်တယ်…မောတယ် ။”
   “ သြော်…မှတ်တောင်ထားရဦးမယ် ။”
    “ ဟုတ်တယ်…သေချာမှတ်ထား ။ ချရေးထား ။”
နှစ်ယောက်လုံးက သက်လတ်ပိုင်းသို့ပင် ချည်းကပ်လုပြီဖြစ်သော၊ လုပ်ငန်းခွင်အသီးသီး၌ အောင်မြင်လျက်ရှိသည့် ပညာရှင်များဖြစ် စေကာမူ ယခုအချိန်မှာတော့ ပီဘိကလေးများလို တစ်ယောက်ကိုတစ်ယောက် စလိုက်နောက်လိုက်နှင့် လွတ်လပ်ပေါ့ပါးစွာ ပြော ဆိုနေကြသည် ။
       လုပ်ဖော်ကိုင်ဖက်များ ၊ စာချစ်သူ-ပရိသတ်များရှေ့၌ အမြဲတမ်းတည်တည်တံ့တံ့နေထိုင်တတ်သော စာရေးဆရာမလေး-မြတ် သူထိုက်ဆိုတာက လက်ရှိအခိုက်အတန့်မှာတော့ ပျောက်ဆုံးလျက်ရှိပြီ ။ ထိုနည်းတူ သင်္ဘောအရာရှိလေး-မင်းမော်ဖြိုးဆိုတာက လည်း ငယ်သူငယ်ချင်းများရှေ့သို့ ရောက်လျှင်တော့ ကျောင်းတုန်းကအတိုင်း မျက်နှာရူးပါပဲ ။
      ငယ်သူငယ်ချင်းများပီပီ မင်းမော်ဖြိုးက မြတ်သူထိုက်၏အကြောင်းကို တော်တော်များများသိသည် ။ မြတ်သူထိုက်က မိန်းမ မဆန်ဘဲ ငယ်စဉ်ကတည်းက ဓား ၊ လှံ ၊ သေနတ်များကို စိတ်ဝင်စားတတ်သူမှန်းသိ၍ ဂျပန်နိုင်ငံသို့ ရောက်သည့်အခါ မျက်စိကျရာ ဓားရှည်တစ်လက်ကို လက်ဆောင်ဝယ်လာခဲ့မိခြင်းဖြစ်သည် ။ အပြန်အလှန်အနေဖြင့် မြတ်သူထိုက်ကလည်း မင်းမော်ဖြိုးအတွက် စာအုပ်များကို လက်ဆောင်ပြန်ပေးလေ၏ ။
   “ ဟဲ့…ချောင်ထိုးမထားနဲ့နော် ။ ကုန်အောင်ဖတ် ။ ငါ viberကနေ လှမ်းcheckမှာနော် ။”
   “ အမလေးလေး…လက်ဆောင်ပေးတာကလည်း ကြိမ်လုံးသံကြီးနဲ့ပါလားကွ ။ အင်းပါလေ ။ စာဂျပိုးကိုမှ သူငယ်ချင်းတော်မိခဲ့
     တာကိုး ။ ဒီလောက်တော့ ရှိမှာပေါ့ ။ ဒါနဲ့…နင့်ကို သတိပေးရဦးမယ် ။”
   “ ဘာကိုလဲ ။”
   “ နင် စာအုပ်တွေချည်း ဖတ်မနေနဲ့ ။ တော်ကြာ ဒုက္ခရောက်နေဦးမယ် ။”
   “ ဘာရယ်…မကြားဖူးပေါင် ။ စာအုပ်တွေဖတ်လို့ ဒုက္ခရောက်ရတယ်ဆိုတာမျိုး ။”
   “ သြော်…တကယ်ပါဆိုနေ ။ နင် နေ့နေ့ညည စာအုပ်တွေ ဖတ်နေတာမဟုတ်လား ။ နောက်ပြီး ဘယ်သွားသွားဘယ်လာလာ
      စာအုပ်ပဲ ဖတ်နေတယ်ဟုတ် ။”
   “ အင်းလေ ။ ဘာလဲ … မျက်စိထိခိုက်မယ်လို့ပြောချင်တာလား ။ မပူနဲ့ ။ ငါက လေ့ကျင့်ခန်းလည်းလုပ်တယ် ။ မျက်စိအားတိုး
      ဆေးလည်း သောက်တယ် ။”
   “ မဟုတ်ဘူး ။ ငါ ပြောတဲ့ဒုက္ခရောက်မယ်ဆိုတဲ့အကြောင်းက ဒီလိုလေ ။ နင်က ဘယ်သွားသွားဘာလုပ်လုပ် စာအုပ်ကိုချည်း
      စိတ်ရောက်နေတော့ ဘယ်စွံမလဲ ။ အဲဒီလိုနဲ့ အသက်ကြီးသွားရင် အိုမင်းမစွမ်းဖြစ်မှ နင် ဒုက္ခရောက်နေဦးမယ်လို့ပြောတာ
      ဟဲဟဲ ။”
   “ ကောင်စုတ်…မဟုတ်တာတော့ ပြောပြီ ။ သူများမပြောပါနဲ့ ။ နင်ကရော ဘယ်လောက်စွံနေလို့တုံး ။”
   “ အမယ်…ဘာလို့မစွံရမှာလဲ ။ ငါက စတားပါနော် ။ ကောင်မလေးတွေက ငါ့ကို ဝိုင်းကြူနေကြတာ ။”
   “ တော်စမ်းပါ ။ လက်ဆုပ်လက်ကိုင်တော့ ပြစရာမရှိဘူးမဟုတ်လား ။ အတူတူနဲ့အနူနူကိုများ ။”
   “ အေးနော် ။ ဒါဖြင့်လည်း မထူးပါဘူး ။ နင်နဲ့ငါပဲ ယူလိုက်ကြတာပေါ့ ။ မကောင်းဘူးလား ။”
   “ အောင်မာ…ကောင်စုတ်နော် ။ မဟုတ်တာတွေ မပြောနဲ့ ။”
   “ စတာပါဟာ ။ ဟီးဟီး…”
မင်းမော်ဖြိုးက ပြောမိပြီးမှ သူ့စကားသူ မလုံမလဲဖြစ်ကာ အရှက်ပြေပြောရင်း  ထရယ်သည် ။ မြတ်သူထိုက်ကလည်း သူငယ်ချင်း၏ အရွှတ်အနောက်စကားများကြောင့် မျက်နှာပူသလိုဖြစ်သွားမိ၍ မင်းမော်ဖြိုးနှင့်အတူ လိုက်ရယ်နေမိသည် ။ နောက်တော့…အလုပ် အကြောင်း ၊ ဆရာကန်တော့ပွဲတုန်းကအကြောင်းများကို စပ်မိစပ်ရာပြောကြရင်း စောစောကစကားများကို မေ့ဖျောက်လိုက်တော့ ၏ ။
        မင်းမော်ဖြိုး ပြန်သွားပြီးနောက် သူ လက်ဆောင်ပေးသောဓားရှည်ကို ဧည့်ခန်းနံရံပေါ်တွင် ကျကျနနချိတ်ဆွဲထားလိုက်သည် ။ အဖြူရောင်ကို မြတ်နိုးသော-မြတ်သူထိုက်က ဧည့်ခန်းတစ်ခုလုံးကို အဖြူရောင်လွှမ်းစေလို၍ လိုက်ကာစမှအစ ကော်ဇောအဆုံး အဖြူရောင်ချည်း အလှဆင်ထားခဲ့ရာ ထိုအဖြူရောင်ဧည့်ခန်းလေးသည် နံရံပေါ်မှ အနက်ရောင်ဓားကြောင့် တစ်မျိုးတစ်ဖုံ တင့်ဆန်း သွားသည် ။
- Black & Whiteပေါ့ ။ အမြင်လေး ဆန်းသွားပြီ ။
သူငယ်ချင်း၏ကျေးဇူးဖြင့် ရှုခင်းပြောင်းသွားသောဧည့်ခန်းလေးကို တစိမ့်စိမ့်ကြည့်ကာ မြတ်သူထိုက် ကျေနပ်သွားသည် ။ ထိုမြင် ကွင်းကိုစိုက်ကြည့်ရင်း မြတ်သူထိုက်၏စိတ်ထဲ ဆောင်းပါးတစ်ပုဒ်ရေးသားရန် အကြံဖြစ်ပေါ်လာသည် ။ ရေးသားမည့်ဆောင်းပါးက “ဂျပန်ဓား ရာဇဝင်” ။
V
        မင်းမော်ဖြိုးက ဂျပန်ဓားရှည်တစ်ချောင်း လက်ဆောင်ပေးသဖြင့် ထိုဆောင်းပါးရေးရန် စိတ်အကြံဖြစ်ပေါ်ခဲ့ခြင်းဖြစ်၍ ယခု အလုပ်ရှုပ်နေရခြင်းက မင်းမော်ဖြိုးကြောင့်ဟုဆိုလျှင်လည်း မမှား ။ ဈာန်ဝင်လာသည်နှင့် အချိန်ရွှေ့ဆိုင်းခြင်းမရှိဘဲ ကြိုးစားပမ်းစား လုပ်ဆောင်တတ်သော မြတ်သူထိုက်၏ဇွဲနပဲအတိုင်း အွန်လိုင်းပေါ်သို့တက်ကာ ဂျပန်လူမျိုးတို့နှင့်ပတ်သက်သည့် ရာဇဝင်များကို ရှာဖွေလေ့လာသည် ။
       ဖေစ်ဘုတ်(facebook)နှင့်ဂူဂဲလ်(google)တို့၌ လိုအပ်သည်များကို ရှာဖွေကာ ဂျပန်ဓားရှည်များ၏သမိုင်းကြောင်းများကို စု ဆောင်းသည် ။ လိုအပ်သောအချက်အလက်များကို ဒေါင်းလုပ်(down load)ဆွဲပြီးနောက် ထိုအကြောင်းအရာများကို သေသေချာ ချာဖတ်ရှုရင်း ဆောင်းပါးရေးသားရန်အတွက် ဗဟုသုတရှာမှီးနေလေ၏ ။ ဟိုမှသည်မှ အတွေးအခေါ်အယူအဆများကို ချိန်ထိုးညှိ နှိုင်းသည် ။ ခေါင်းရှုပ်စရာမှန်ပေမဲ့ ဒါဟာ ဝါသနာပါရာအလုပ်ဖြစ်၍ မြတ်သူထိုက်အတွက်တော့ ပင်ပန်းစရာမဟုတ်ပါ ။ စိတ်ဝင်စား ဖွယ်ရာ ဗဟုသုတများစွာကို သိရှိလိုက်ရသဖြင့် အကျိုးထူးလှသည် ။ စာကြည့်စားပွဲပေါ် ခေါင်းစိုက်ရင်း အချိန်တို့ မည်သို့ကုန်ဆုံး သွားသလဲပင်မသိလိုက် ။

vvvvvvvv
   “ ရွှစ်…ရွှစ်…ရွှပ်…”
တရွှစ်ရွှစ်တရွှပ်ရွှပ်မြည်သံများက ဧည့်ခန်းဆီမှ ပျံ့လွင့်လာသဖြင့် မြတ်သူထိုက် လန့်နိုးသွားသည် ။ ဘာသံတွေလဲဟုတွေးမိပေမဲ့ လူက အိပ်ချင်မူးတူးဖြစ်နေ၍ အိပ်မက်လိုလို အမှန်လိုလို ။ နံဘေးမှနာရီကိုကြည့်မိတော့ ည(၂)နာရီ(၄၄)မိနစ် ။ ညနက်သည်အထိ စာများကို ဖတ်ရှုနေမိရင်း စားပွဲပေါ်မှာပဲ အိပ်ပျော်သွားခဲ့ရာ ယခုမှသာ ထူးထူးဆန်းဆန်းထိုအသံကြောင့် လန့်နိုးလာခဲ့ခြင်းဖြစ်၏ ။
- ဟင်…ဒါ ညနေက ကြားလိုက်မိတဲ့အသံပဲ ။ တရွှစ်ရွှစ်တရွှပ်ရွှပ်နဲ့ ။ ဘာသံပါလိမ့်…
ထိုအတွေးဖြင့် မြတ်သူထိုက်၏အာရုံတို့ လှုပ်ခတ်ကုန်သည် ။ အိပ်ချင်စိတ်တို့ပြယ်ကာ ဝင်စားမှုများ ရုန်းကြွလာသည် ။
       သန်းခေါင်ယံချိန်ကြီး ဖြစ်နေသော်လည်း မြတ်သူထိုက်၏အဇ္ဈတ္တထဲမှာ ကြောက်ရွံ့မှု မရှိ ။ နောက်ပြီး နဂိုကတည်းက ကြောက်သွေးနည်းသူပဲကိုး ။ သတင်းသမား ၊ စပ်စုပိုးကောင်ပီပီ ဘာအထူးအဆန်းများဖြစ်မလဲဟုသာ တွေးရင်း ဝင်စားနေမိသည် ။ သူခိုးဓားပြဟူ၍တော့ မထင်မိ ။ မြတ်သူထိုက်၏နေအိမ်က တစိမ်းဝင်ရန် မလွယ်ကူသလို တံခါးများကလည်း အဆင့်ဆင့်မို့ သူခိုး ဓားပြ မဖြစ်နိုင်ပါ ။ ဒါဆို အဲဒါ ဘာသံလဲ ။
       သိချင်စိတ်တို့ဖြင့် ဧည့်ခန်းဆီသို့ ဖြည်းညင်းစွာ တိုးကပ်သွားလိုက်သည် ။ ညနေစောင်းတုန်းကလို အလျင်စလိုမသွား ၊ ခြေသံ ကြားအောင် မသွား ။ ထိုသို့သွားပါက အသံပျောက်ကွယ်သွားမည်စိုး၍ ကိုယ့်အိမ်ထဲမှာဆိုပေမဲ့ သူခိုးတစ်ယောက်လိုမျိုး ခြေဖော့ နင်းပြီး ဧည့်ခန်းဆီသို့ တိုးကပ်သွားလိုက်သည် ။ ထိုတရွှစ်ရွှစ်အသံမှလွဲပြီး တစ်အိမ်လုံး သုသာန်တစပြင်ကဲ့သို့ ငြိမ်ဝပ်နေပုံက သာမန်လူအဖို့ သွေးပျက်ချင်စရာ ၊ တွေးကြောက်ချင်စရာ ။ သို့သော်…ကြောက်စိတ်ကင်းသူ-မြတ်သူထိုက်အတွက်တော့ ဘာကိုမျှ တွေးတောစိုးရွံ့ခြင်း မဖြစ်မိပါ ။
   “ ရွှစ်…ရွှစ်…ရွှစ်…”
အသံနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ။ စာဖတ်ခန်း၏အပြင် ဧည့်ခန်း၏အဝင်ဝသို့ မြတ်သူထိုက် ရောက်ရှိနေပြီပဲလေ ။ စိတ်လှုပ် ရှားစွာဖြင့် ဧည့်ခန်းဆီသို့ ဝင်ရောက်ရန် ခြေလှမ်းလိုက်စဉ် …
   “ ဟာ…”
ရုတ်တရက် မှောင်အတိကျသွားသည် ။ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမည်းမှောင်သွားသည် ။ ဘာကိုမျှ မမြင်ရတော့ ။ မျက်လုံးတို့ မှိတ်လိုက်သလိုမျိုး ၊ မျက်စိတို့ ကန်းသွားသလို မှောင်မည်းနက်ရှိုင်းသွားခြင်းဖြစ်သည် ။
- ကျွတ်…သေစမ်း ။ မီးကလည်း အချိန်ကောင်းအခါကောင်းဆို ပျက်ပြီ ။ အမြဲပဲ…မပြောလိုက်ချင်ဘူး …
စိတ်ထဲက ထိုသို့ ခပ်တိုးတိုးအပြစ်ဆိုရင်း မြတ်သူထိုက် ဘာဆက်လုပ်ရမည်မသိ ၊ တွေဝေသွားရပြီ ။ တရွှစ်ရွှစ်အသံကမူ မီးပျက် သွားသည့်တိုင် ပျောက်ကွယ်သွားခြင်းမရှိသေးပါ ။ ဒါဟာ မြတ်သူထိုက်၏စိတ်ကို တွန်းအားပေးသကဲ့သို့ရှိသည် ။ သိချင်စိတ်တို့က ခန္ဓာကိုယ်အနှံ့ ပြန့်ပွားကာ မရိုးမရွဖြစ်လာစေသည် ။
      မီးပျက်သွားသဖြင့် အိမ်နောက်ဘက်ကိုသွားကာ မီးစက်နှိုးရမည်ဖြစ်သော်လည်း ထိုအလုပ်ကို အရင်မလုပ်သေးဘဲ ဧည့်ခန်း ဆီသို့ တိတ်တဆိတ်သွားရန်ကိုပဲ မြတ်သူထိုက် ရွေးချယ်လိုက်သည် ။ ထိုတရွှစ်ရွှစ်အသံက ဘာသံလဲဆိုတာ မြတ်သူထိုက် သိရမှ ဖြစ်မည် ။ ယခင်နေ့များက မကြားခဲ့ဖူး ၊ ယနေ့ညနေကမှ စတင်ကြားယောင်ရသည့် ထိုတရွှစ်ရွှစ်အသံက မင်းမော်ဖြိုး ပေးသည့် ဓား နှင့်များ ဆက်စပ်နေလေမလား ။ မဆီမဆိုင် လျှောက်တွေးမိသေးသည် ။ အတွေးစတို့ကို ဖြတ်တောက်ကာ ခပ်လှမ်းလှမ်းစားပွဲပေါ် ၌ အမြဲဆောင်ထားလေ့ရှိသော-ဓာတ်မီးကို စမ်းတဝါးဝါးဖြင့် လှမ်းယူလိုက်သည် ။ သို့သော် အသုံးမပြုသေး ။
       မီးပျက်နေပေမဲ့ မှန်ချပ်များကာရံထားသော ဧည့်ခန်းပြတင်းပေါက်များစွာမှနေ အလင်းရောင်များ ဝင်ရောက်နေမည်မှာအသေ အချာ ။ လသာသည့်ညတစ်ညပဲကိုး ။ သို့ဖြစ်၍ ထိုတရွှစ်ရွှစ်အသံ၏လက်သည်တရားခံကို မြတ်သူထိုက် တွေ့မြင်ရနိုင်သည် ။ မီး စက်သွားနှိုးလိုက်ပါက ထိုအသံ ပိုင်ရှင်ကို ထွက်ပြေးအောင် သတိပေးလိုက်သလိုဖြစ်သွားလိမ့်မည် ။ အသိုက်လာဆောက်သော ငှက်တစ်ကောင်ကောင်လည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။ သို့လောသို့လောအတွေးများကြောင့် ခေါင်းရှုပ်မခံလိုသော-မြတ်သူထိုက် အဖို့ ထိုအသံ၏လားရာကို သိရမှဖြစ်မည် ။ သို့ကြောင့် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ခြေလှမ်းများကို ဧည့်ခန်းထဲသို့ ဦးတည်ပစ် လိုက်၏ ။
V
   “ ဟာ…”
တွေ့မြင်လိုက်ရသည့်မြင်ကွင်းက လုံးဝမျှော်လင့်မထားသောမြင်ကွင်းဖြစ်နေ၍ မြတ်သူထိုက်၏နှုတ်ဖျားမှ အာမေဋိတ်သံက ပလုံး ပထွေးထွက်ကျသွားခဲ့သည် ။ ချက်ချင်းဆိုသလို ပါးစပ်ကို လက်ဖြင့်ပိတ်ရင်း မြင်ကွင်းကို မမှိတ်မသုန်စိုက်ကြည့်နေမိသည် ။ မြင် သာမြင်နေရပေမဲ့ ယုံနိုင်စရာမရှိ ။ မိမိ၏အိမ်ထဲမှာ တစိမ်းတစ်ယောက် ။ နောက်ပြီး…တမူခြားနားသည့် သူ့ပုံစံ ။ သူစိမ်းက သူခိုး ဓားပြ ဟုတ်ပုံလည်း မရ ။
    တွေ့မြင်နေရသည်က ဧည့်ခန်းထဲမှာ လူတစ်ယောက် ။ သို့သော်…တွေ့နေမြင်နေကျ လူနှင့်တော့ မတူ ။ ဆိုလိုသည်မှာ ထိုလူ၏ ပုံသဏ္ဍာန်သည် ထူးခြားနေသည် ။ အသားအရောင်က ဖြူစွတ်နေပြီး အဝတ်အစားကလည်း ညဝတ်အင်္ကျီလိုပုံစံမျိုး ။ ဆံပင်ကို လည်း ဆံထုံးထုံးထားသေးတော့ မိန်းမတစ်ယောက်ဟု ယူဆချင်စရာရှိသော်ငြား အမှန်တကယ်က အမျိုးသားတစ်ယောက် ။ အသေအချာကြည့်မှ ရှေးခေတ်အခါက ဂျပန်လူမျိုးတစ်ယောက်၏အပြင်အဆင်နှင့် တူနေကြောင်း သတိပြုမိသည် ။ အသက်အား ဖြင့် (၅၀)ကျော်(၆၀)ဝန်းကျင်ခန့်ရှိမည့် ယောက်ျားကြီးတစ်ယောက် ။ ထိုသူက မြတ်သူထိုက်၏ဧည့်ခန်းထဲမှာ ဓားရေးပြနေခြင်းဖြစ် လေ၏ ။
- ဒီ…ဒီလူကြီးက ဘယ်ကရောက်လာတာလဲ ။
အစ၌ တစိမ်းတရံကို တွေ့လိုက်ရ၍ တုန်လှုပ်သွားမိသည်မှန်သော်လည်း မြတ်သူထိုက်က ခေသူတစ်ယောက် မဟုတ်သဖြင့် လူလူ ချင်းကို ကြောက်တတ်လှချည် မဟုတ် ။ ဂျူဒိုသင်ဖူး၍ တစ်ယောက်ချင်းဆို ချဝံ့ပါသည် ။ သို့သော်…သူ့လက်ထဲမှာက ဓားကြီးနှင့် ။ မည်သို့ လုပ်ရပါမလဲ ။ နောက်ပြီး သူက ဘယ်သူလဲ ။ ဘယ်လိုဘယ်ပုံဖြင့် အိမ်ထဲ ရောက်နေသလဲ ။ ဒါကိုလည်း မြတ်သူထိုက် သိ ချင်မိသေး ။
    မိမိအိမ်ထဲသို့ ရောက်ရှိနေခြင်းဖြစ်သောကြောင့် တစိမ်းကို အိမ်အပ်ပြီး အခြားသို့ ထွက်ပြေးသွားရလောက်အောင်လည်း မြတ်သူ ထိုက် သွေးမနည်းချင်ပါ ။ လူစိမ်းကို စိုက်ကြည့်ရင်း ထိုသို့ အတွေးဝင်္ကဘာလည်နေစဉ် တစ်စုံတစ်ခုကို သတိပြုလိုက်မိ၏ ။
- ဟင်…နေပါဦး ။ အဲ…အဲဒါ မင်းမင်း ပေးတဲ့ဓား မဟုတ်လား ။ ဒါဆို…ဒါဆို…ဒီလူကြီးက…
ဓားရေးပြနေသော ထိုလူကြီးကို စိုက်ကြည့်ရင်း မြတ်သူထိုက် တစ်စုံတစ်ရာကို တွေးလိုက်မိသည် ။ ထိုသို့ တွေးမိမှပဲ လုံးလုံးလျား လျား သွေးပျက်သွားရပြီ ။ အတွေးနှင့်အတူ ကြောက်ရွံ့စိတ်တွေက မြတ်သူထိုက်၏နှလုံးအိမ်ထဲ ခုန်ပေါက်ပြေးဝင်လာသည် ။ ဒီရေ အလား တရှိန်တိုးပြေးဆောင့်တက်လာခြင်းဖြစ်၏ ။
       တစ်အိမ်လုံးရှိတံခါးများကို သေချာစွာပိတ်ခတ်ထားသည့်ကြားမှ ဧည့်ခန်းထဲသို့ ထူးဆန်းစွာရောက်ရှိနေသော ထိုပုဂ္ဂိုလ်သည် သက်ရှိလူသားတစ်ယောက်တော့ မဖြစ်နိုင်ပေ ။ ထိုအချက်ကို စောစောကတည်းက တွေးမိပေမဲ့ သံသယစိတ်များဖြင့် မရေမရာဖြစ် နေသေးသည် ။ သို့သော် ယခုများမှ ပို၍သေချာသွားပြီ ။ သူ့လက်ထဲ၌ နံရံပေါ်ကဓားနှင့် တထေရာတည်းတူသည့် ဓားတစ်လက် ရှိနေလေရာ ဤအတိုင်းဆိုလျှင်…။
        တစ္ဆေသရဲကို အယုံအကြည်ရှိလှသူ မဟုတ်သော်လည်း မျက်စိရှေ့၌ အထင်ကရတွေ့မြင်နေရပြီမို့ ထိုထက်သေချာသည့် သက်သေကို ရှာဖွေရန် မလိုတော့ပြီ ။ ကိုယ့်ကိုယ်ကို မကြောက်တတ်သူဟု ရဲရဲဝံ့ဝံ့လက်ခံထားခဲ့မိပေမဲ့ အမှန်တကယ် နဖူးတွေ့ဒူး တွေ့ကြုံဆုံလာရသည့်အခါကျ ချောက်ချားတုန်လှုပ်စိတ်တို့က ထိန်းချုပ်မရ ။ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့ကာ တစ်နေရာသို့ ထွက် ပြေးသွားချင်စိတ်ပင် ပေါက်သည် ။ အံ့သြခြင်း တုန်လှုပ်ခြင်းတို့က မြတ်သူထိုက်၏တစ်ကိုယ်လုံးကို တုန်ခါသွားစေပြီ ။ ဧည့်ခန်းတစ် ခုလုံးလည်း တရွှစ်ရွှစ်တရွှပ်ရွှပ်အသံများဖြင့် သောသောညံနေဆဲ ။
        မီးပျက်နေသည်မှာ ဆယ့်ငါးမိနစ်ခန့်သာကြာသည် ။ သို့သော်…ထိုအခိုက်အတန့်သည် မြတ်သူထိုက်အဖို့ တစ်သက်မမေ့နိုင် သော ကမ္ဘာရှည်ကြီးတစ်ခုပမာ ။ လျှပ်စစ်မီး ဖျတ်ခနဲပြန်လာသည်နှင့်တပြိုင်နက် ဓားရေးပြနေသောထိုပုံရိပ်သည်လည်း ဖြည်းဖြည်း ချင်း မှေးမှိန်ပျောက်ကွယ်သွားခဲ့သည် ။ ထိုအခါမှပဲ တစ်ကိုယ်လုံး ဇောချွေးတို့နစ်ကာ တုန်ယင်နေသော မြတ်သူထိုက်တစ်ယောက် လည်း တံခါးချောင်မှ ကတုန်ကယင်မတ်တတ်ထရပ်နိုင်တော့၏ ။ စိတ်ထဲကမူ တစ္ဆေဝင်ခိုအောင်းနေသော-ဓားရှည်ကို လက် ဆောင်အဖြစ် လာရောက်ပေးအပ်သူ-မင်းမော်ဖြိုးကို နုတ်နုတ်စင်းပစ်ချင်နေပြီ ။

vvvvvvvv
   “ နင် ငါ့ကို လုပ်ကြံတာပေါ့လေ ဟုတ်လား မင်းမင်း ။”
ဖြစ်ကြောင်းကုန်စင်ကို ပြောပြအပြီး မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ရင်း အော်လိုက်သည့် မြတ်သူထိုက်၏စကားသံ ။ ပန်းခြံထဲရှိ အခြားစုံတွဲများပင် သူတို့နှစ်ယောက်ကို လှည့်ကြည့်ကြသည် ။ ဘာများဖြစ်သလဲပေါ့ ။
      မျက်နှာကြီးနီမြန်းလျက် ဒေါသချောင်းချောင်းထွက်နေသော မြတ်သူထိုက်၏အမူအရာကြောင့် မင်းမော်ဖြိုးမှာ ရယ်ရခက် ၊ ငိုရ ခက် ။ မနေ့ညက တစ္ဆေအချောက်ခံရသည်ဟုဆိုကာ လက်ဆောင်ဝယ်ပေးမိသောဓားကို ပြဿနာရှာနေသော သူငယ်ချင်းမ၏ စကားများကြောင့် မင်းမော်ဖြိုး၏အာရုံတို့ ရှုပ်ထွေးသွားရပါပြီ ။
   “ ဟာ…ပေါက်တတ်ကရတွေ ။ ဘယ်လိုလုပ် သရဲရှိမှာတုံး ထိုက်ထိုက်ရယ်…။ သရဲပူးနေတဲ့ဓားရယ်လို့ တစ်ခါမှ မကြားဖူးဘူး ။
     နောက်ပြီး သရဲက ဘယ့်နှယ့်လုပ်ပြီး Overseaအထိ လာချောက်နိုင်မှာလဲ ။ သူ့မှာ ဗီဇာပါပါ့မလား ။ နင် စာတွေဖတ်ပြီး ကြောင်
     သွားတာပဲဖြစ်လိမ့်မယ် ။ ဒါမှမဟုတ် ဆောင်းပါးအတွက် ရာဇဝင်ဇာတ်ကြောင်းတွေ ရှာဖတ်ရင်း စိတ်ကူးအယဉ်လွန်သွားတာ
      ပဲ ဖြစ်မယ် ။”
   “ အောင်မာ…နင်ကပဲ င့ါကို ပြန်လွှဲချချင်သေးတယ် ။ ဒီမှာ…ငါ့မျက်စိနဲ့ သေချာမြင်ခဲ့တာ ။ ပထမတစ်ခေါက်က အသံပဲကြားလို့
      ထားလိုက်တော့ ။ နောက်တစ်ခေါက်က အကောင်အထည်ကြီးကို မြင်ရတာ ။ ဂျပန်ကြီးတစ်ယောက် ဓားရေးလေ့ကျင့်နေတာ
      များ ထင်ထင်ရှားရှားကြီး ။”
မင်းမော်ဖြိုး၏ သံသယအမေးကြောင့် မြတ်သူထိုက် ဒေါသပိုထွက်သွားသည် ။ သေသေချာချာမြင်တွေ့ခဲ့ရကြောင်းကို ရှူးရှူးရှဲရှဲပြန် ပြော၏ ။
   “ ဟင်…စောစောကပြောတော့ မီးပျက်နေတာဆို ။”
   “ အေးလေ ။ ဟုတ်တယ်လေ ။ ဒါပေမဲ့ ပြတင်းပေါက်ကဝင်လာတဲ့အလင်းရောင်အောက်မှာ သူ့ကို ငါ ထင်ထင်ရှားရှားကို မြင်နေ
      ရတာ ။”
   “ အဟ…အဲဒီမှာကတည်းက လွဲပြီ ။ လရောင်မှုန်တိမှုန်ဝါးနဲ့ ဘယ်လိုလုပ်ထင်ရှားမှာလဲ ။ လိုက်ကာရဲ့အရိပ်တွေကို တစ္ဆေလို့
      ထင်ယောင်ထင်မှားဖြစ်တာပဲနေမှာပေါ့ ။ ငါ အကြံပေးချင်တာကတော့ နင် အိပ်ရေးဝအောင်အိပ်လိုက် ။ အင်း…နောက်ပြီး…
      မိန်းကလေးတန်မဲ့ တစ်အိမ်လုံးမှာ တစ်ယောက်တည်းနေတာ မကောင်းပါဘူးဟာ ။ ညီအစ်မတစ်ယောက်ယောက်ဖြစ်ဖြစ်
      မိန်းမဖော်တစ်ယောက်ယောက်ဖြစ်ဖြစ် ခေါ်အိပ်ပါလား ။ တစ်ယောက်တည်းနေတော့ ဒီလိုပဲ ကြောက်စရာတွေ တွေးမိမှာ
      ပေါ့ ။”
   “ ဘာ…!  မင်းမင်း နင်…နင် အရမ်းလွန်နေပြီနော် ။ ငါ့ဘာသာငါ နေတုန်းက ဘာတစ္ဆေမှ မချောက်ဘူး ။ ဘာမှလည်း တွေး
     မကြောက်ဘူး ။ ခုဟာက နင့်ကြောင့် ။”
   “ သြော်…သိပြီ ။ ငါရောက်လာတော့ ငါ့ကို အားကိုးချင်တဲ့စိတ်နဲ့ တစ္ဆေကြောက်တတ်သွားတာပေါ့ ဟုတ်လား ဟီး…”
   “ တော်စမ်း ။ အပိုတွေ မပြောနဲ့ ။ နင့်ဓားကြီး နင် ပြန်ယူသွား ။ နင့်ကို မတရားစိတ်ဆိုးတယ် ။”
မြတ်သူထိုက်၏ပုံစံက အတော့်ကို ဒေါသထွက်နေဟန်ရှိ၍ မင်းမော်ဖြိုး မနောက်ဝံ့တော့ ။ တော်ကြာ အခြေအနေ ပိုဆိုးသွားနိုင် သည် ။ သို့ကြောင့် ပြေရာပြေကြောင်းပြောရန် သူမ ပြောသွားသောအကြောင်းအရာကို ပြန်တွေးသုံးသပ်ကြည့်သည် ။
       ဂ်ပန္တေစ ၦ…တဲ့ ။ နည်းနည်းမှ ယုတ္တိမရှိသည့်ဖြစ်ရပ် ။ နောက်ပြီး တစ္ဆေက ပြူးတူးပြဲတဲမချောက်ဘဲ ဓားရေး လေ့ကျင့်နေ သတဲ့ ။ အော်ရယ်ချင်စိတ်တောင်ပေါက်သွားသည် ။ သို့ပေမဲ့ မရယ်ရဲ ။ တော်ကြာ ပိုပြီးစိတ်ဆိုးသွားဦးမည် ။ မြတ်သူထိုက် ကျေနပ် သွားအောင် လက်ဆောင်ပေးလိုက်သည့်ဓားကို ပြန်ယူလိုက်ရကောင်းမလားဟု တွေးမိသည် ။ သို့ပေမဲ့ အဲသည့်လိုလည်း မလုပ်ချင် ပါ ။ သူမကို လက်ဆောင်ပေးချင်၍ နယ်မြေရပ်ခြားရှေးဟောင်းပစ္စည်းဆိုင်ကနေ တကူးတကဝယ်ယူလာခဲ့ခြင်းမဟုတ်လား ။
   “ ဒီမယ်…မင်းမင်း နင် ငါ့စကားကို မယုံဘူးလား ။”
သူငယ်ချင်းကို ဘယ်လိုချွေးသိပ်ရကောင်းမလဲဟု မင်းမော်ဖြိုး အကြံထုတ်လျက်ရှိစဉ် မြတ်သူထိုက်က စိတ်မြန်လက်မြန်ဖြင့် မေး လိုက်သည် ။ မြတ်သူထိုက်၏အမေးကို မင်းမော်ဖြိုး ဘယ်လိုဖြေရမှန်းမသိ၍ ပြူးကြောင်ကြောင်ပြန်ကြည့်နေမိ၏ ။
   “ အမှန်အတိုင်း ဖြေလိုက်စမ်းပါ ။ ပြော…နင် ငါ့စကားကို မယုံဘူးဟုတ် ။ တစ္ဆေချောက်တယ်ဆိုတာကို နင် မယုံဘူးမဟုတ်လား
     မင်းမင်း ။”
မြတ်သူထိုက်က တမေးတည်းမေးနေပြီ ။ အမှန်အတိုင်းမဖြေလျှင်လည်း စိတ်ဆိုးဦးမည် ။ အမှန်အတိုင်းဖြေလျှင်လည်း ဒေါသထွက် ဦးမည် ။ သို့သော်…မဖြေလျှင် အခြေအနေပိုဆိုးမည်စိုး၍ မင်းမော်ဖြိုးလည်း မတင်မကျဖြေလိုက်ရသည် ။
   “ ဟို…နင်ကလဲဟာ ။ စိတ်မဆိုးပါနဲ့ ။ ငါက မယုံတာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ဟာ…နင်ပဲ စဉ်းစားကြည့်လေ ။ နင်သာ ငါ့နေရာ
     ဆိုရင်ကော ဘယ်လိုတွေးမလဲ ။ ဟို…ယုတ္တိမှ မရှိဘူးလို့တော့ တွေးမိမှာပဲမဟုတ်လား ။”
စိုးစိုးရွံ့ရွံ့ဖြေရင်း မြတ်သူထိုက်၏မျက်နှာကို သောကပွေစွာ စိုက်ကြည့်နေမိသည် ။ မိမိ၏စကားကြောင့် မြတ်သူထိုက် ဒေါသပုံထ တော့မလားဟုတွေးကာ မင်းမော်ဖြိုး စိုးရိမ်နေမိပေမဲ့ မြတ်သူထိုက်ကတော့ ဒေါသထွက်ခြင်းမရှိတော့ဘဲ တစ်စုံတစ်ရာကို လေးနက် စွာ စဉ်းစားနေသည် ။
   “ ဟုတ်ပါတယ် ။ နင် ပြောတာ မှန်တယ် ။ ငါသာဆိုလည်း အဲဒီလိုပဲ တွေးမိမှာ ။ ငါလည်း အရင်က တစ္ဆေသရဲဆိုတာကို အယုံ
     အကြည် မရှိခဲ့ဘူး ။ ကိုယ်တိုင်ကြုံမှပဲ ယုံတော့တယ် ။ ဒီတော့…ပြောမယုံ ကြုံဖူးမှသိဆိုတဲ့စကားအတိုင်း နင်ကိုယ်တိုင် ကြုံဖူး
     ရင် သိသွားလိမ့်မယ် ။”
   “ ဘာလဲ ။ နင်က ငါ့လက်ဆောင်ကို ပြန်ယူသွားဖို့ပြောချင်နေတာလား ။ အဲဒီလိုကျပြန်တော့လည်း ငါ စိတ်မကောင်းဘူးဟာ ။
      ငါက နင့်အတွက် ရည်စူးပြီး သေချာရှာဝယ်လာရတာဟ ။ ခုလို ပြန်ယူသွားရမယ်ဆိုတော့ ငါ အရမ်းဝမ်းနည်း…”
   “ တော်ပါတော့ ။ နင်ဟာလေ မိန်းမကြီးကျနေတာပဲ ။ အရမ်းအရစ်ရှည်တယ် ။ ဒီလိုလုပ် ။ ဒီနေ့ည နင် ငါ့အိမ်မှာ လာအိပ် ။”
   “ ဘာ…! မသင့်တော်ပါဘူးဟာ ။ ငါက ကမ္ဘာပတ်နေတဲ့ကောင်ဆိုပေမဲ့ မြန်မာ့ထုံးတမ်းအစဉ်အလာတွေကို မြတ်နိုးတဲ့သူဟ ။
     လက်မထပ်ချင်မှာ ပတ်သက်တာမျိုးက မကောင်းပါဘူးကွာ ။ အဲဒီလို အဆင့်ကျော်တာကို ငါ မကြိုက်ဘူး ။”
   “ ဟဲ့…နင် ဘာတွေပြောနေတာလဲ ။ ငါ ပြောချင်တဲ့သဘောက ဒီနေ့ည နင် ငါ့အိမ်ကိုလာပြီး အဲဒီတစ္ဆေ ချောက်/မချောက် လာ
     ကြည့်ဖို့ပြောတာ ။ နောက်ပြီး နင်နဲ့ငါ နှစ်ယောက်တည်း မဟုတ်ပါဘူး ။ အိမ်နီးချင်းအဒေါ်ကြီးကိုလည်း ငါ ခေါ်ထားပါ့မယ် ။”
   “ သြော်…အဲဒီလိုလား ။ မသိပါဘူးဟယ် ။ ဟီး…ငါက ငါ လိုရာဆွဲတွေးပစ်လိုက်တာ ။”
   “ ဟွန်း…ကောင်စုတ် …”
မင်းမော်ဖြိုး၏ရွှတ်နောက်စကားကြောင့် မြတ်သူထိုက်က မျက်စောင်းနင့်နင့်ထိုးလိုက်သည် ။
    မြတ်သူထိုက်က ဘယ်လောက်ပဲဆူဆဲဆူဆဲ…မင်းမော်ဖြိုးကမူ ထုံးစံအတိုင်း မျက်နှာကြီးစပ်ဖြီးဖြီး ။ နှစ်ယောက်အတူ ရှိနေရမည့် ညကို လှမ်းမျှော်တွေးမိရင်း အပျော်တို့ ပြည့်လျံတက်လာကာ မင်းမော်ဖြိုး၏ရင်တွေ တဒိန်းဒိန်း ။ ဘင်ခရာတီးဝိုင်းပမာ ခုန်မြန်နေရ ပါပေါ့ ။ ည မြန်မြန်ရောက်ပါစေဟုသာ ဆုမွန်ခြွေမိတော့၏ ။

vvvvvvvv
          ညရောက်ခဲ့ပြီ ။ အမှောင်သည် သူ့ပင်ကိုယ်အရောင်ကို တောက်ပသည်ထက်တောက်ပအောင် အနက်ရောင်သုတ်လိမ်းရင်း ည၏သဘာဝကို လှသထက်လှအောင် ဆေးရောင်ခြယ်နေသည် ။ မည်မျှပင် အရောင်တင်ပါစေ…အမှောင်သည် လျှပ်စစ်မီးရောင် ၏အလင်းကိုတော့ အံမတုနိုင် ။ မြတ်သူထိုက်၏နေအိမ်လေးသည် ညကာလအောက်တွင် အလင်းရောင်တို့ ထွန်းတောက်လျက် သား ။ မီးမပျက်သရွေ့ ခေါင်းမော့နေနိုင်မည့်အနေအထားပင် ။
         အိမ်ထဲ၌ ရင်ခုန်သံတို့ ညံလျက်ရှိသည် ။ မြတ်သူထိုက်က ယနေ့ည တစ္ဆေကို အထူးတလည်စောင့်ကြည့်ရမည်ဖြစ်၍ စိတ် လှုပ်ရှားကာ ရင်ခုန်လျက်ရှိသလို မင်းမော်ဖြိုးကလည်း မိန်းကလေးတစ်ယောက်နှင့်အတူ ညနက်ချိန်ကြီး အတူရှိနေရသည့်အတွက် သွေးဆူလျက် ရင်အခုန်မြန်နေလေပြီ ။ ဆယ်တန်းတုန်းကတော့ ဤသူငယ်ချင်းမနှင့် ည(၂)နာရီအထိ စာအတူကျက်ခဲ့ဖူးသော် လည်း ထိုအချိန်က သူငယ်ချင်းဆိုသောအသိကလွဲ၍ ဘာကိုမျှမတွေးခဲ့ဖူး ။ ယခုတော့…အတွေးတွေက မတူညီတော့ ။ သူမကို လှပသောမိန်းမပျိုလေးအဖြစ် မြင်တတ်နေပြီ ။ ခံစားတတ်နေပြီ ။ ယခုမှပဲ တိတိကျကျသိတော့သည် ။ မြတ်သူထိုက်ကို မင်းမော်ဖြိုး ချစ်မိနေပြီ ။
          အချိန်တို့က ကုန်ခဲလှသည် ။ သူတို့နှစ်ယောက်တည်း ရှိနေလျှင် မသင့်တော်သဖြင့် အိမ်နီးချင်းအဒေါ်ကြီးကို အဖော်ခေါ် ထားရပေမဲ့ ထိုအဒေါ်ကြီးက တစ္ဆေဖမ်းပွဲမှာ မပါဝင် ။ ထိုကိစ္စကို မသိစေချင်သောကြောင့် သူမကို အပေါ်ထပ်အိပ်ခန်းတွင် စောစီး စွာ အိပ်ရာဝင်စေခဲ့သည် ။ မြတ်သူထိုက်နှင့်မင်းမော်ဖြိုးကတော့ အောက်ထပ်စာဖတ်ခန်းထဲမှာ တိတ်ဆိတ်စွာနေရင်း ဧည့်ခန်းဆီသို့ နားစွင့်နေမိသည် ။
   “ ဒါ…နင် စာရေးတဲ့အခန်းပေါ့ ဟုတ်လား ။”
   “ အင်း…ဟုတ်တယ် ။ စာဖတ်ခန်းလို့ပြောရင် ပိုမှန်ပါတယ်ဟာ ။”
   “ ဟိုအရုပ်တွေက ဘယ်ကောင်လေး ပေးတာတုံး ။ ဟင်…ပြောပါဦး ။”
   “ အမလေး…ဘယ်ကောင်လေးမှ ပေးတာမဟုတ်ပါဘူးဟယ် ။ မရိုးမသားပေးရင်လည်း ငါက ယူမှာမဟုတ်ပါဘူး ။ အဲဒါတွေက
      ငါ့ကို ချစ်တဲ့ ၊ ငါ့စာအုပ်တွေကို အားပေးတဲ့ နယ်ကအစ်မကြီးတစ်သိုက်က လက်ဆောင်ပို့ပေးတာ ။”
   “ သြော်…အဲဒီလိုလား ။ တော်သေးတာပေါ့ ။”
   “ ဘာကို တော်သေးရတာတုံး ။ နင့်စကားကလဲ…”
မင်းမော်ဖြိုးက လာရင်းကိစ္စကို အာရုံထဲ ထည့်မထား ၊ သူငယ်ချင်းဖြစ်သူ-မြတ်သူထိုက်အပေါ် စိတ်ဝင်စားနေကြောင်းကို ဝန်ခံရန် သာ စဉ်းစားနေသည် ။ တစ္ဆေဖမ်းပွဲနှင့်ပတ်သက်ပြီး နဂိုကတည်းက အယုံအကြည်မရှိ ။ မနေ့ညက တစ္ဆေအချောက်ခံခဲ့ရသည် ဟူသော မြတ်သူထိုက်၏စကားကို စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းဟုသာ သဘောထားခဲ့သည် ။ ယခုလည်း သူမ စိတ်ကျေနပ် အောင် လာရောက်ခဲ့ခြင်းဖြစ်သည် ။ နောက်ပြီး…ဤကဲ့သို့ အခွင့်အရေးမျိုးကို လက်လွတ်ခံရလောက်အောင် မင်းမော်ဖြိုး မတုံးအ, သေးပါ ။
       မြတ်သူထိုက်က အနက်ရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားသည် ။ ရှပ်အင်္ကျီအနက်နှင့်ဘောင်းဘီတိုအနက်ကို ရိုးစင်းစွာတွဲဝတ် ထားခြင်းဖြစ်၏ ။ ပါးနှစ်ဖက်တွင် ပါးကွက်လေးများလည်း ကွက်ထားသေးသည် ။ တကယ့်ကို ချစ်စရာ ။ သူမကို ငေးကြည့်ရင်း မင်း မော်ဖြိုး၏ရင်ထဲ မရိုးမရွဖြစ်လာသည် ။ ကလိကလိဖြစ်လာသည် ။ လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်ဖျစ်ညစ်ကာ ပါးနှစ်ဖက်ကို နမ်း ကြူပစ်လိုက်ချင်သည် ။ သို့သော် ထိုသို့ အတင့်ရဲ၍မဖြစ်မှန်း သိသည် ။ ငယ်သူငယ်ချင်း၏လက်သံကို မင်းမော်ဖြိုး အသိဆုံးပဲ မဟုတ်လား ။ ထို့ကြောင့် ချစ်မိနေသည့်အကြောင်း ရင်ဖွင့်ရန်ပင် မဝံ့မရဲ ။
   “ ဟိုလေ…ငါ နင့်ကို ပြောစရာရှိတယ် ။ နင် စိတ်မဆိုးပါနဲ့နော် ။”
   “ အာ…အရေးထဲမှ ။ ဒီလူနဲ့ဒီလူ မေးနေစရာလား ။ ပြော…တိုးတိုးပြော ။ တော်ကြာ ဟိုက ငါတို့အသံကိုကြားလို့ မလာဘဲနေဦး
      မယ် ။”
မြတ်သူထိုက်က ဧည့်ခန်းကိုသာ အာရုံစိုက်နေသည် ။ မနေ့ညကလို တစ္ဆေ ရောက်မလာမည်ကို စိုးရိမ်စိတ်ဝင်နေမိခြင်းဖြစ်သည် ။ ရောက်မလာလျှင် မိမိပြောထားသမျှ အလကားဖြစ်သွားမှာပဲဟုတွေးကာ မြတ်သူထိုက် စိတ်ပူနေမိသည် ။ တစ္ဆေ မြန်မြန်ရောက် လာပါစေ ၊ မင်းမော်ဖြိုး သွေးပျက်လောက်အောင် ချောက်လှန့်သွားပါစေဟု စိတ်ထဲ၌ ကြိတ်ဆုတောင်းနေမိ၏ ။
   “ ဟီး…မထူးပါဘူး ။ ဝေ့ဝိုက်နေလည်း ဒီစကားပဲ ။ တည့်တည့်ပြောလည်း ဒီစကားပဲ ။ ဒီတော့…ငါ တည့်တည့်ပဲပြောလိုက်တော့
     မယ်ဟာ ။ အချင်းချင်းတွေပဲ ရှက်မနေတော့ပါဘူး ။ ငါလေ…ဟီး…ငါလေ…”
မင်းမော်ဖြိုးက အခွင့်အရေးကို အသုံးချသည့်အနေဖြင့် မြတ်သူထိုက်ကို ရင်ဖွင့်ရန် ကြိုးစားလိုက်သည် ။ ပြောမည်ဟုဆုံးဖြတ်လိုက် ပေမဲ့ လက်မခံဘဲ အဆဲခံရမည်ကိုကြောက်သည့်စိတ်ကြောင့် စကားက ရှေ့မရောက်နိုင် ။ အ,ထစ်အ,ထစ်ဖြစ်နေသည့်အခိုက်…
   “ ရွှစ်…ရွှစ်…”
တရွှစ်ရွှစ်မြည်သံက တိုးမျှင်စွာထွက်ပေါ်လာလေ၏ ။
V
   “ ရှူး…တိုးတိုး … ဟော… ကြားလား မင်းမင်း ။”
မြတ်သူထိုက်က တိုးဖွဖွလေသံဖြင့် မေးသည် ။ မင်းမော်ဖြိုးလည်း ပြောရင်းစကားကို ရပ်ကာ အသာနားစွင့်လိုက်တော့ ဟုတ်ပါ့ ။ တရွှစ်ရွှစ်အသံက ဧည့်ခန်းဆီမှ ပျံ့လွင့်လာသည် ။ စောစောက မကြားရဘဲ ရုတ်တရက်ထွက်ပေါ်လာသောအသံ ။ ပထမတွင် တိုး တိုးမျှင်မျှင်ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ကျယ်လောင်လာ၏ ။ ဓားရေးပြနေသောအသံမျိုးဖြစ်နိုင်သည် ။ ဒါ ဘာသံများဖြစ်မလဲ …မင်းမော်ဖြိုး စိတ်ဝင်စားသွားပြီ ။
        အသံကို နားစွင့်နေမိစဉ် မြတ်သူထိုက်က လျှပ်တပြက် လှုပ်ရှားလိုက်သည် ။ ထိုင်နေရာမှ ဖြည်းညင်းစွာမတ်တတ်ထရပ်ကာ တံခါးဆီသို့ လက်ညှိုးထိုးပြပြီး ပါးစပ်နားသို့ လက်ညှိုးကပ်ကာ မျက်ရိပ်ပြသည် ။ သဘောမှာ တံခါးဆီသို့ တိတ်တဆိတ်သွားရန်ဖြစ် ၏ ။ မင်းမော်ဖြိုးလည်း သူမ ပြောသည့်အတိုင်း ခြေသံမကြားအောင် လျှောက်လာလိုက်သည် ။ စာဖတ်ခန်းနှင့်ဧည့်ခန်းက ကပ် လျက်ဖြစ်၍ စက္ကန့်ပိုင်းအတွင်းမှာပဲ ဧည့်ခန်းဆီသို့ သူတို့နှစ်ယောက်လုံး ရောက်ရှိသွားခဲ့သည် ။
   “ ဟာ…”
ဧည့်ခန်းသို့အရောက် တွေ့မြင်လိုက်ရသည့်မြင်ကွင်းက အံ့အားသင့်စရာကောင်းလွန်းသောကြောင့် မင်းမော်ဖြိုး၏ပါးစပ်မှ တအံ့ တသြရေရွတ်သံ ထွက်သွားသည် ။ မြတ်သူထိုက်က မင်းမော်ဖြိုး၏ပါးစပ်ကို လက်တစ်ဖက်နှင့်လှမ်းပိတ်ကာ တိတ်တိတ်နေရန် အမူ အရာပြသည် ။ မြတ်သူထိုက် သတိပေးလိုက်မှ မင်းမော်ဖြိုးလည်း ပစ္စုပ္ပန်ကို သတိရကာ တံခါးချောင်တွင် သူမနည်းတူ ထိုင်ချရင်း မြင်ကွင်းကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိ၏ ။
       ဂျပန်အဘိုးကြီးမှ ဂျပန်အဘိုးကြီးအစစ် ။ ဝတ်စားထားပုံက ဆာမူရိုင်းဇာတ်ကားများထဲက အဝတ်အစားမျိုးဖြစ်ပြီး ရုပ်ရှင်ဇာတ် လမ်းထဲကလိုပဲ ဓားရေးပြနေခြင်းဖြစ်သည် ။ ဘယ်လိုချည်းပါလိမ့်…။ မြတ်သူထိုက်က မိမိကို ကျီစယ်နောက်ပြောင်ရန်အတွက် သရုပ်ဆောင်တစ်ယောက်ကိုများ အခကြေး ပေးခေါ်ထားလေသလား ။ ထိုသို့စဉ်းစားမိပေမဲ့ မဖြစ်နိုင်မှန်းသိနေ၍ ခေါင်းကိုခါလိုက်မိ သည် ။
- ဒါဆို…သူက ဘယ်သူလဲ ။ ဘာလဲ ။
သေချာတာက ထိုဂျပန်အဘိုးအို၏လက်ထဲမှဓားကတော့ မိမိ လက်ဆောင်ပေးခဲ့သော ဓား ဖြစ်နေသည်မှာအမှန် ။ နားလည်ရခက် ပါဘိ ။ ဓားရှည်က နံရံမှာ ချိတ်လျက်အနေအထားရှိပါလျက်နှင့် ဘယ်လိုဖြစ်ပြီး အဘိုးအို၏ လက်ထဲမှာ နောက်တစ်ချောင်း ရှိနေရ တာလဲ ။ ထိုကိစ္စကို မင်းမော်ဖြိုး တွေးမရ ။
        ဝင်္ကဘာကဲ့သို့ ရှုပ်ထွေးပွေလီသောအချင်းအရာတို့ကို မင်းမော်ဖြိုး စဉ်းစားခန်းဖွင့်လျက်ရှိသည့်အခိုက် မထင်မှတ်သည့်အဖြစ် အပျက်များက ဆက်တိုက်ဆိုသလို ဖြစ်ပွားသွားခဲ့သည် ။ လူလား ၊ မြတ်သူထိုက် ပြောသကဲ့သို့ပဲ တစ္ဆေလားဆိုတာကို မင်းမော်ဖြိုး ခွဲခြားမရသဖြင့် ထိုဂျပန်အဘိုးအိုကို မလွတ်တမ်းစောင့်ကြည့်နေစဉ်တွင် အဘိုးအိုက သူတစ်ဦးတည်း စိတ်လွတ်ကိုယ်လွတ် ဓား ရေးပြနေရာမှ သူတို့နှစ်ယောက်ရှိရာဘက်သို့ ဖျတ်ခနဲလှည့်ကြည့်လိုက်သည် ။
- အမလေးလေး … ကြက်သီးထချင်စရာ ။
ပါးစပ်က ယောင်ယမ်းပြီး အော်မိမတတ်ဖြစ်သွားသည် ။ သိန်းငှက်တစ်ကောင်၏မျက်လုံးများလို တောက်ပပြီး သွေးအေးရက်စက် သည့် ထိုအကြည့်တစ်စုံကြောင့် မင်းမော်ဖြိုး ထိတ်လန့်သွားမိသည် ။ မိန်းကလေးဖြစ်သူ-မြတ်သူထိုက်သာဆို မပြောနှင့်တော့ ။ ကုန်းပတ်ပေါ် ပစ်တင်ခံရသည့်ငါးလို ပါးစပ်ဟစိဟစိဖြစ်ကာ တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်နေလေပြီ ။
        အဘိုးအိုသည် သူတို့ရှိရာဘက်သို့ တစ်ချက်လှည့်ကြည့်ပြီး ဘာမျှမပြောဆိုဘဲ လက်ထဲမှဓားကို မြှောက်လိုက်သည် ။
- ငါတို့ကို လာခုတ်တော့မှာလား မသိ…
ထိုအတွေးနှင့်အတူ စိုးရိမ်သွားမိပေမဲ့ နှစ်ယောက်လုံး ထွက်မပြေးမိ ။ နေရာမှာပဲ ဆက်ထိုင်ကာ ကျောက်ရုပ်လို ငြိမ်သက်နေသည် ။ မင်းမော်ဖြိုးခမျာ လှုပ်လည်းမလှုပ်ဝံ့၊ မျက်တောင်လည်း မခတ်ဝံ့၍ အဘိုးအိုကိုသာ စိုက်ကြည့်နေမိပြီ ။ ထိုအခိုက် လေထဲမှဓား သည် အောက်သို့ အရှိန်ဖြင့် ပြေးဆင်းလာကာ အသားစိုင်များကို ထိုးခွဲလိုက်သည်ကို တွေ့မြင်လိုက်ရ၏ ။ ဓားရှည်သည် အဘိုးအို ၏ဝမ်းဗိုက်ထဲသို့ စူးနစ်စွာစိုက်ဝင်သွားပါပေါ့ ။
   “ အမလေး…”
မြတ်သူထိုက်ထံမှ ဆူလှိုက်စွာထွက်ပေါ်လာသည့် ဟစ်အော်သံ ။ မင်းမော်ဖြိုးကိုယ်တိုင်လည်း တုတ်တုတ်မျှမလှုပ်ရဲသေး ။
       အဘိုးအိုက သူတို့ကို သည်းထိတ်ရင်ဖိုဇာတ်ကား ပြသနေသည်ဟု သဘောမှတ်ထင်ထားသလား မပြောတတ် ။ သူ့ဗိုက်သူ ဓားနှင့်ထိုးခွဲပြရုံဖြင့် အားမရသေး ။ ဓားကို ပြန်ဆွဲထုတ်လိုက်၏ ။ သွေးတို့က အပြင်သို့ ပန်းခနဲဖြာထွက်လာရာ ကြမ်းခင်းဖြူဖြူတစ်ခု လုံး သွေးတို့ဖြင့် ချင်းချင်းနီသွား၏ ။ အဘိုးအိုက သူတို့နှစ်ယောက်၏စိတ်အား မည်သို့သောအညှိုးဖြင့် ညှင်းပန်းနှိပ်စက်ရန် ဆုံးဖြတ် ထားသလဲ မသိ ။ သွေးတို့ တဗွက်ဗွက်စီးကျနေသောဒဏ်ရာကြီးကို လျစ်လျူရှုကာ ဗိုက်အကွဲကြီးထဲမှ ထွက်ကျလာသောအူတို့ကို အပြင်သို့ ဖြည်းညင်းစွာဆွဲထုတ်လိုက်လေသည် ။
   “ အား…”
ထိုမြင်ကွင်းများကို ရှုမြင်လိုက်ရသည့်တစ်ခဏ မြတ်သူထိုက်ခမျာ သွေးပျက်ချောက်ချားမှုတို့ အထွတ်အထိပ်သို့ ရောက်ရှိသွား၍ ထင်…အားခနဲတစ်ချက်အော်ကာ ခွေလဲပြိုကျသွားသည် ။ အသက်ဝိညာဉ်ကို ဆွဲယူပယ်နှုတ်ခံလိုက်ရသလို လုံးဝဥဿုံ ယိုင်လဲပြို ကျသွားသော-မြတ်သူထိုက်၏ခန္ဓာကိုယ်ကို မင်းမော်ဖြိုး လှမ်းပွေ့ထားလိုက်သည် ။ ထိုခဏမှာပဲ ဂျပန်အဘိုးအို၏ပုံရိပ်သည် လုံးလုံး လျားလျားကွယ်ပျောက်သွားခဲ့လေပြီ ။
       ဒါတွေအားလုံး တစ္ဆေချောက်ခြင်းမျှသာ ။ အဘိုးအို ပျောက်ကွယ်သွားပြီးနောက် အရာအားလုံး မူလအတိုင်း ပကတိပြန်လည် တည်ငြိမ်သွား၏ ။ ကြမ်းခင်းပြင်ပင် သွေးစွန်းခြင်းမရှိ ။ စောစောကအတိုင်း စွတ်စွတ်ဖြူလို့ ။
      အံ့သြစရာ၊သွေးပျက်စရာ၊စိုးရိမ်ပူပန်စရာတို့ကို တပြိုင်နက်ဆိုသလို ခံစားလိုက်ရ၍ မင်းမော်ဖြိုးခမျာ စိတ်နှင့်ကိုယ် မကပ်သလို ဖြစ်နေသည် ။ လက်ထဲမှ မြတ်သူထိုက်ကို လှုပ်ခေါ်နှိုးရန်လည်း သတိမရ ။ ငေးငိုင်ငိုင်ဖြစ်နေသည် ။ ထိုစဉ် အောက်ထပ်က အော် သံဟစ်သံများကြောင့် အပေါ်ထပ်၌ အိပ်စက်နေသူ-အဒေါ်ကြီးလည်း ဘာတွေများဖြစ်နေသလဲဟူသောအတွေးဖြင့် အောက်ထပ်သို့ ပြေးဆင်းလာသည် ။ မင်းမော်ဖြိုး၏လက်ထဲတွင် သတိလစ်လဲကျနေသော-မြတ်သူထိုက်ကို တွေ့မြင်လိုက်ရသည့်အခါ အဒေါ်ကြီး မှာ မည်ကဲ့သို့ နားလည်သဘောပေါက်သွားသည်မသိ ၊ ချောက်ချားစွာ ဟစ်အော်လိုက်လေတော့၏ ။

vvvvvvvv

(တစ်လခန့်ကြာပြီးနောက်)             

       အရာရာအားလုံး ပြီးဆုံးသွားခဲ့ပါပြီ ။ ဓားရှည်ထဲ၌ တွယ်ကပ်နေသောဝိညာဉ်နှင့် ပတ်သက်သည့်ဇာတ်ကြောင်းများကိုလည်း မင်းမော်ဖြိုး သိရှိနားလည်လိုက်ရပြီ ။ ဤသို့ အရာအားလုံးကို သဘောပေါက်နားလည်နိုင်ရန်အတွက် ပေးဆပ်လိုက်ရသည့်အရင်း အနှီးကလည်း နည်းနည်းနှောနှောမဟုတ် ။ ထိုအကြောင်းကိုတွေးမိတိုင်း မင်းမော်ဖြိုး၏ရင်ထဲ ဆို့နစ်ကြေကွဲစွာ ခံစားနေရဆဲ ။ နောင်တရသလိုလို နာကျင်ဝမ်းနည်းသလိုလို နှမြောတသစွာ စိတ်ထိခိုက်ရသည် ။
- ပြန်တွေးနေလို့ကော ဘာထူးမှာမို့လဲ …
ကိုယ့်ကိုယ်ကို ထိုသို့ဖြေသိမ့်ရင်း သက်ပြင်းရှည်ကြီးကို ရှိုက်လိုက်သည် ။ လက်ထဲမှ ကိုင်ဆွဲထားသောဂျာနယ်ကို ဖွင့်ဖတ်လိုက်၏ ။
          “ဂုဏ်သိက္ခာအတွက် လူသတ်ခြင်း”
ဆောင်းပါး၏ခေါင်းစဉ်က ကြက်သီးမွေးညင်းထချင်စရာ ။ ပေးပဲပေးတတ်ပါပေ့ ။ ဆောင်းပါးရှင်၏ညှို့ချက်လှည့်ကွက်ကြားမှာ စာ ဖတ်သူ ဘယ်နှယောက်များ မြောပါသွားပြီလဲ ။
     အမှန်တော့ (hara-kiri)ဆိုတာ ဂုဏ်သိက္ခာကို စောင့်ထိန်းသည့်အနေဖြင့် ဓားနှင့်ဝမ်းဗိုက်ကိုခွဲ၍ ကိုယ့်ကိုယ်ကို သတ်သေသော ဂျပန်လူမျိုးတို့၏ထုံးစံတစ်ရပ်ဟု အင်္ဂလိပ်-မြန်မာအဘိဓာန်ထဲ၌ အဓိပ္ပာယ်ဖွင့်ဆိုထားသည် ။ ဆောင်းပါးရှင်က hara-kiriအကြောင်း ရေးသားထားတာမှန်ပေမဲ့ ခေါင်းစဉ်ကိုတော့ လူစိတ်ဝင်စားအောင် ပြစ်မှုဆန်ဆန် ပေးထားသည် ။
- ဂုဏ်သိက္ခာအတွက် ဘယ်သူ့ကိုများ သတ်လိုက်ပါလိမ့် ၊ ဘယ်လိုအကြောင်းကြောင့်များ ဂုဏ်သိက္ခာအတွက် လူသတ်ရပါလိမ့်…
ထိုသို့တွေးကာ စာဖတ်သူ ရှုချင်လာအောင်၊ စိတ်ဝင်စားလာအောင် ဆွဲဆောင်ထားသောခေါင်းစဉ်ဖြစ်မှန်း မင်းမော်ဖြိုး သိနေသည် ။ မင်းမော်ဖြိုးကတော့ စာဖတ်ဝါသနာမပါသူပီပီ ဆောင်းပါးကို သာမန်ကာလျံကာမျှဖတ်လိုက်သည် ။ ပြီးမှ…တစ်စုံတစ်ခုကို သတိရ ကာ အသေးစိတ်ပြန်ဖတ်လေ၏ ။
        ဆောင်းပါးအဆုံးသတ်၌ မင်းမော်ဖြိုး ပြုံးလိုက်မိသည် ။ စိတ်ထဲတွင် ဆောင်းပါးရှင်ကလေးကို ချီးမွမ်းစကားတွေ ဆိုနေမိ သည် ။ တကယ်ဆို ဤစာရေးဆရာမလေးက ဆောင်းပါးမရေးဘဲ ဝတ္ထုရေးသင့်သည် ။ ပိုက်ဆံအကုန်အကျခံကာ စုံစမ်းထားရ သော မင်းမော်ဖြိုးတို့၏အဖြစ်အပျက်ကို စီကာပတ်ကုံးဖွဲ့နွဲ့ကာ လျှို့ဝှက်သည်းဖိုဝတ္ထုတစ်ပုဒ်အဖြစ် အသက်သွင်းလိုက်သင့်သည် ။ ပြောရလျှင် မင်းမော်ဖြိုးတို့ ကိုယ်တွေ့ကြုံခဲ့ရသည့်ဖြစ်အင်ကလည်း ထိုကဲ့သို့ ဖွဲ့နွဲ့စာစီရလောက်အောင် ဇာတ်လမ်းဆန်ခဲ့သည်ပဲ မဟုတ်ပါလား ။
V
         မင်းမော်ဖြိုး၏စိတ်အစဉ်သည် အတိတ်သို့ ပြန်လည်သွားခဲ့ပြီ ။ မြတ်သူထိုက် သတိလစ်လဲကျသွားသည့်ညသို့ ရုတ်တရက် ပြန်တွေးလိုက်မိသည် ။ အဒေါ်ကြီးက အထင်လွဲပြီး အော်ဟစ်လိုက်ရာ မင်းမော်ဖြိုးခမျာ ဘယ်ပြေးရမှန်းမသိ ဖြစ်ခဲ့ရသည် ။ ဖြေရှင်း ပြရအောင်ကလည်း သက်သေခံတစ္ဆေက ပျောက်ကွယ်သွားချေပြီ ။ ဘယ်သူ့ကို သက်သေထားရပါ့မလဲ ။ ထိုခဏမှာပဲ ကံကောင်း ထောက်မစွာဖြင့် မြတ်သူထိုက် ပြန်သတိရလာသည် ။ မိမိ  အရိုက်ခံမည်ကို ကြောက်ရွံ့သည့်စိတ် ၊ ချစ်ရသူလေး သတိလစ်သွား၍ စိုးရိမ်ပူပန်စိတ်တို့ ဖြစ်ပေါ်ကာ ချောက်ချားနေခဲ့ရသော-မင်းမော်ဖြိုးလည်း ထိုအခါမှပင် စိတ်သက်သာရာရတော့၏ ။
         ဂျပန်ဓားရှည်နှင့်ပတ်သက်ပြီး ဘာတွေဖြစ်ပျက်နေသလဲ သိရစေဖို့အတွက် မြတ်သူထိုက်၏စုံစမ်းခိုင်းချက်အရ မင်းမော်ဖြိုး သည် ခြစ်ချုပ်စုဆောင်းထားသောပိုက်ဆံများထဲမှ အတော်များများကို ထုတ်ယူကာ ဂျပန်သို့ သွားခဲ့သည် ။ ဓား ဝယ်ယူလာခဲ့သော ဆိုင်သို့ပြန်ကာ ထိုဓားနှင့်ပတ်သက်သည့်အကြောင်းအရာများကို မေးမြန်းခဲ့သည် ။ ထိုအခါမှပဲ အဖြစ်အပျက်အလုံးစုံကို သိခဲ့ရ၏ ။
    ဒီဓားက လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ဂျပန်သူဌေးကြီးတစ်ယောက် ကိုင်သွားတဲ့ဓားပဲ ။ သူက သိပ်ချမ်းသာတယ် ။ အမျိုးမာန
     လည်း သိပ်ကြီးတယ် ။ တစ်နေ့ သူဌေးကြီးရဲ့သမီး ဘာဖြစ်သလဲ မသိပါဘူး ။ အဘိုးကြီးတို့မိသားစု အကြီးအကျယ်စကားများ
     ကြတယ်တဲ့ ။ အိမ်စေတွေရဲ့တဆင့်စကားအရဆိုရင် အဘိုးကြီးရဲ့သမီးမှာ ကိုယ်လေးလက်ဝန် ရှိနေလို့ဆိုပဲ ။ အဲဒီမှာပဲ အဘိုး
     ကြီးလည်း အခန်းထဲဝင်သွားပြီး သူ ကိုင်တဲ့ဓားနဲ့ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ် ။ သဘောကတော့ သူဟာ သူ့သမီးကို
     မထိန်းသိမ်းနိုင်ခဲ့ဘူး ။ သူ့မှာ အပြစ်ရှိတယ် ။ ဒီတော့ သူ့ဂုဏ်သိက္ခာအတွက် သူ့ကိုယ်သူ သတ်လိုက်တဲ့သဘောဆိုပါတော့ ။
    ဒါကလည်း မဆန်းပါဘူး ။ ရှေးတုန်းကဆို ဟရခိရိ(hara-kiri)က ယဉ်ကျေးမှုတစ်ခုပဲ ။ ဂျပန်မှာရှိတဲ့ ဓားတော်တော်များများဟာ
   သခင်ဖြစ်သူရဲ့ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုနဲ့ ကင်းလွတ်တာ အရှားသားရယ် ။ ဒါနဲ့ ခင်ဗျားက  ဘာဖြစ်လို့ အထူးတဆန်းလာမေး
   နေရတာလဲ ။”
ဆိုင်ပိုင်ရှင်-ဂျပန်အမျိုးသား၏အမေးစကားကို မင်းမော်ဖြိုး ဘာမှပြန်မဖြေဖြစ်ခဲ့ပါ ။ ကြက်သီးမွေးညင်းထစွာဖြင့် ဓားကို ပြန်ပေးခဲ့ ကာ ဆိုင်မှ ခပ်သုတ်သုတ်ထွက်ခွာလာခဲ့လိုက်သည် ။ ဂျပန်အမျိုးသားကမူ မင်းမော်ဖြိုးကို အူကြောင်ကြောင်ကောင်ဟုတွေးကာ တအံ့တသြငေးကြည့်နေမည်မှာအသေအချာ ။ သို့ပေမဲ့ ဂရုမစိုက်အား ။ ညရောက်သည့်အခါတိုင်း ဓားရေးပြကာ ၄င်း၏အူတွေကို ဆွဲထုတ်ပြမည့်ရှိုးပွဲ ၊ ယင်းရှိုးပွဲကို အခမဲ့ကြည့်ရမည့်လက်မှတ်နှင့်တူသည့်-ထိုဓားရှည်အား မင်းမော်ဖြိုး အလိုမရှိတော့ ။ တစ်ည ကြည့်ရရုံမျှဖြင့် ကျေနပ်သွားပါပြီ ။ သွေးလန့်သွားပါပြီ ။
      မည်သို့ပင်ဖြစ်စေ…ဓား၏ရာဇဝင်ကို သိရှိလိုက်ရပြီမို့ ပေးဆပ်ရသောအရင်းအနှီးများကို တန်သည်ဟုပဲ ဆိုရလိမ့်မည် ။ ကုန်ခဲ့ သောပိုက်ဆံများကို နှမြောတသဖြစ်ပေမဲ့ ချစ်ရသူလေးအတွက်ဖြစ်နေ၍ မျက်စိစုံမှိတ်ကာ စွန့်လွှတ်လိုက်ရသည် ။ များမကြာမီတွင် ချစ်ရသူ-ထိုက်ထိုက်နှင့် ဆုံဆည်းရတော့မည် ။ ယနေ့ပဲ ဆုံတွေ့ရန်အတွက် ချိန်းဆိုထားပြီးဖြစ်၏ ။ နှစ်ယောက်အတူ တွေ့ဆုံမှပဲ ထိုဂျပန်ဓားအကြောင်းကို နောက်တစ်ခေါက်ပြန်ပြောင်းပြောပြီး ဝတ္ထုရေးခိုင်းရမည်ဟုတွေးတောရင်း မင်းမော်ဖြိုး၏ခြေလှမ်းတို့ သွက်လက်သွားခဲ့ပါတော့သည် ။





                                                                                                                     စေတနာရှေ့ထားလျက်…                                                                                                                              
                                                                                                ဂါဦးနွန်းကို

 www.facebook.com/writer.GONK pageကို အလည်လာဖို့ မမေ့ပါနဲ့နော် !!!