Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ရုက္ခစိုးကိုတောင် လန့်ဖျပ်စေတဲ့ မျက်လုံးဝင်းဝင်းကောင်





ရုက္ခစိုးကိုတောင် လန့်ဖျပ်စေတဲ့ မျက်လုံးဝင်းဝင်းကောင်


( ၂၀၁၅ ဇွန်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )


ရေးသူ  -  ဂါဦးနွန်းကို


------------------------------------------------------------------------------------------------------
    

  ယခုရက်ပိုင်း စာရေးသူ၏အစ်မထံမှ ဖြစ်ရပ်မှန်ဇာတ်လမ်းများကို အစဉ်မပြတ်ကြားသိနေရသည် ။ ဇာတ်လမ်းများက ဆန်းပြားသည်လည်း ရှိသလို တချို့တလေမှာလည်း ဖန်တရာတေနေသောအကြောင်းအရာများဖြစ်နေ၍ ရေးသင့်သည် ကို ရေးသားပြီး မရေးသင့်သည်ကိုလည်း ပယ်ချခဲ့ရသည် ။ သို့သော်…အကြောင်းကိစ္စအားလုံးမှာမူ လျှို့ဝှက်နက်နဲပြီး လူ တစ်ထောင်လျှင် တစ်ယောက်ကြုံတွေ့ရန် မလွယ်ကူနိုင်သော ဂမ္ဘီရဆန်ဆန် သိပ်သည်းနက်ရှိုင်းသည့်ဖြစ်ရပ်ဆန်းများ သာဖြစ်၏ ။
      စာရေးသူ၏အစ်မက အပေါင်းအသင်းဝင်ဆန့်သူဖြစ်ပြီး အေးအေးဆေးဆေးနှင့် ပြုံးပြုံးရယ်ရယ်နေထိုင်တတ်သော ကြောင့် ရွယ်တူသာမက လူကြီးများကပါ ချစ်ခင်ကြသည် ။ သူမတွင် ဂမ္ဘီရမဂ္ဂဇင်းများ၌ စာရေးသားနေသောညီမငယ် တစ်ယောက် ရှိသည်ဟု ကြားသိကြသည့်အခါတွင် အထူးစိတ်ဝင်စားကာ ကုန်ကြမ်းပေးကြသူအများစုက အတွေ့အကြုံ ရင့်ကျက်ပြီး နေရာစုံသို့ သွားလာနေထိုင်ဖူးသော လူကြီးဝါကြီးများပင် ။
     လူငယ်အများစုက အတွေ့အကြုံမရင့်စုံကြသေး၍ ဤကဲ့သို့ ခက်ခဲသိပ်သည်းသော တစ်ဖက်နယ်ပယ်သားများနှင့် ပတ်သက်ဆက်နွယ်သည့်အကြောင်းကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကြုံကြိုက်ရန် မလွယ်ကူနိုင်သော်လည်း လူ ကြီးများတွင်ကား လုပ်ငန်းတာဝန်အရသော်လည်းကောင်း ၊ စီးပွားရေးလုပ်ဆောင်ရန်အတွက်သော်လည်းကောင်း ၊ လူမှု ရေးဝတ္တရားများကြောင့်သော်လည်းကောင်း နေရာစုံဒေသစုံသို့ သွားရောက်ကာ လူပေါင်းစုံနှင့်တွေ့ကြုံဖူးကြသည်သာ များသဖြင့် ဤသို့သောဖြစ်ရပ်ဆန်းများကို တစ်ကွေ့မဟုတ် တစ်ကွေ့၌ တွေ့ဆုံကြုံကြိုက်ကြသည်ပဲဖြစ်ရာ ပြောစရာ အကြောင်းအရာတို့ ပြည့်နှက်နေသည်မှာ အဆန်းမဟုတ်ပါချေ ။ ဆန်းပြားထွေလီနေသည်က သူတို့ ကြုံဆုံရင်ဆိုင်ခဲ့ရ သော ဖြစ်ရပ်မှန်အကြောင်းအရာများသာ ဖြစ်ပါတော့၏ ။
JJJJJJJJJJ
   “ ဒီလိုကွ ။ ငါတို့…ရေနံရှာဖွေဖို့အတွက် ချောက်မြို့နယ်ဘက်ကို သွားခဲ့တုန်းကပေါ့ ။ နင်တို့တွေ…ချောက်မြို့နယ်ကို
       ရောက်ဖူးတယ်မဟုတ်လား ။”
ဦးလွင်မင်းက ထူထဲသောမျက်မှန်ကြီးကို ကျော်လွန်ကာ အားလုံး၏မျက်နှာများကို ဝေ့ဝဲလှမ်းကြည့်ရင်း မေးလိုက်သည် ။
   “ ဟုတ်ကဲ့ ဆရာ ။ သမီးတို့ Hons:တန်းတုန်းက fieldဆင်းခဲ့ရပါတယ် ။”
တပည့်မလေးတစ်ယောက်က ဝင်ဖြေလေသည် ။
      လက်နှစ်ဖက်က စားပွဲပေါ်သို့ ယှက်လျက်တင်ထားပြီး ခြေထောက်များကိုမူ ချဲလျက်အနေအထားဖြင့် သက်တောင့် သက်သာထိုင်နေသည် ။ အသက်(၇၀)နားနီးပြီဖြစ်သော်လည်း နားလေးခြင်း ၊ ခါးကိုင်းခြင်း ၊ အသားအရည် ပျော့တွဲခြင်း တို့ မရှိသေးပေ ။ လုပ်ငန်းခွင်တွင် ပျော်ဝင်နေပြီး အစဉ်သွက်လက်တက်ကြွနေသောဦးလွင်မင်းက ကုမ္ပဏီတွင်လည်း အရေးပါလှသော အကြံပေးပုဂ္ဂိုလ်တစ်ဦး ။
    ဦးလွင်မင်း လက်တင်ထားသောစားပွဲရှေ့တွင်ကား ဦးလွင်မင်း ပြောမည့်စကားကို စိတ်ဝင်တစားနားဆင်လျက်ရှိသော ကုမ္ပဏီတူ တပည့်ငါးဦး ။ အားလုံး၏မျက်နှာများ၌ စိတ်ဝင်စားမှုအရိပ်အယောင်များ ထင်ဟပ်လျက်ရှိပြီး အထူးသဖြင့် မိမိ ကို ဦးတည်ပြောကြားခြင်းခံနေရသော မစုမွန်ကမူ တည်ငြိမ်လေးနက်သောမျက်ဝန်းများဖြင့် ဆရာဖြစ်သူပြောပြမည့်ဇာတ် ကြောင်းကို သေသေချာချာမှတ်သားနားဆင်လျက်ရှိ၏ ။
   “ အေး…ချောက်မြို့နယ်အကြောင်း နင်တို့လည်း နည်းနည်းပါးပါး သိမှာပေါ့ ။ ပူတယ် မဟုတ်လား ။ ထားပါတော့ကွာ ။
      ငါတို့က မြို့နယ်ထဲမှာ မဟုတ်ဘူး ။ ဟိုး…ရွာစွန်ရွာဖျားတစ်ခုဆီကို သွားရတာ ။ လုပ်ငန်းကိစ္စနဲ့ပဲပေါ့ ။ သွားတာက
      ငါရယ် ၊ ငါ့တပည့်(၆)ယောက်ရယ် စုစုပေါင်း(၇)ယောက်တိတိ ။ အင်း…ရွာနာမည်တောင် မေ့တေ့တေ့ဖြစ်နေပြီ ။
      နာမည်က ခပ်ဆန်းဆန်းရယ်…သြော်…ဆွေမိတ်ရွာတဲ့ ။ ရွာက နည်းနည်းခေါင်ကျတယ် ။ လယ်သမားယာသမား
      တွေရဲ့ရွာဆိုတော့ ချမ်းချမ်းသာသာ ရှားပါတယ်ကွာ ။ အားလုံးက မရှိမရှားနဲ့ ဆင်းရဲသားပဲ များတယ် ။ ဒါပေမဲ့ သိပ်
      သဘောဖြူကြတယ် ။ စိတ်ကောင်းလည်း ရှိ ၊ ရိုးလည်းရိုးသားကြတယ် ။ စေတနာလည်း သိပ်ကောင်း ။ အဲ…ငါပြော
      တာတွေ ဘေးချော်ကုန်ပြီ ။ ထားတော့ ။ အဲဒီရွာကို ငါတို့အုပ်စုက ည(၈)နာရီခွဲလောက်ကြီးမှာ ရောက်သွားကြတာ ။
      အဲဒီအချိန်မှာ အသက်ဝင်လှုပ်ရှားနေတာဆိုလို့ ညနက်ချိန်မှာ အော်မြည်တတ်တဲ့ ပုဇဉ်းရင်ကွဲတွေပဲ ရှိတော့တယ် ။
      လျှပ်စစ်မီး မရှိတဲ့ရွာငယ်လေးကတော့ ညအမှောင်ထဲမှာ မှေးအိပ်နေတာကြာပေါ့ ။ ငါလည်း ရွာကို သဲသဲကွဲကွဲလှမ်း
      မြင်ရလောက်တဲ့နေရာမှာ မောင်းလာတဲ့ကားကို ရပ်လိုက်ပြီး ရှေ့ခရီးစဉ်အတွက် planချပေးရတာပေါ့ ။ အဲဒီတုန်းက
      ငါ့အရွယ်က (၅၀)ကျော်ပဲ ရှိသေးတယ် ။ ဒီထက်ပိုပြီး သွက်သွက်လက်လက် မြန်မြန်ဆန်ဆန်ပေါ့ကွာ ။”
အဲသည့်နေရာရောက်တော့ နားဆင်နေသူ တပည့်မသုံးယောက်နှင့်တပည့်နှစ်ယောက်က မသိမသာပြုံးသွားကြပြီး နှုတ် သွက်လျှာသွက်သောတပည့်တစ်ဦးက…
   “ ဆရာက မသွက်မလက်တဲ့အချိန် ဘယ်တုန်းကများ ရှိလို့လဲဗျ ။”
ဟု ရယ်ရွှန်းပက်ရွှန်းသဘောဖြင့် ကျီစယ်ပြော,ပြောလိုက်သည် ။ ဦးလွင်မင်းလည်း ထိုစကားကြောင့် ပြုံးရယ်သွားပြီး…
   “ အဟေးဟေး…မင်းတို့ကတော့ လုပ်ပြီ ။ သြော်…မင်းတို့က လူဖြစ် နောက်ကျလို့ပါကွာ ။ မင်းတို့ရှေ့က ငါ့တပည့်တွေ
     မေးကြည့် ။ ငါ  အခု စိတ်မြန်တယ်ဆိုတာ ငယ်ငယ်ကနဲ့စာရင် တစ်ဝက်တောင် မရှိသေးဘူး ။ ဒါတောင် ငါ ခိုင်းရင်
     မင်းတို့က ကြောက်လန့်နေကြပြီ ။ လူဆိုတာ တက်တက်ကြွကြွနဲ့ အမြဲသွက်လက်နေမှ တိုးတက်တာကွ ။ ကဲ…
     ပြောတဲ့အကြောင်းတောင် ဘယ်ရောက်ကုန်ပလဲ မသိ ။ သြော်…မြန်မြန်ဆန်ဆန် အေးအေး…အဲဒီအရွယ်တုန်းက
     အသက်လည်း ငယ်တော့ တွေးတာခေါ်တာတွေက ပိုပြီး ရဲဝံ့တာပေါ့ကွာ ။ ဆွေမိတ်-ရွာလေးကို သေချာလှမ်းမြင်နေ
     ရတဲ့နေရာလည်း ရောက်ရော ငါက ကားရပ်လိုက်တယ် ။ ငါ ရပ်လိုက်တဲ့နေရာက ရွာပြင်မှာရှိတဲ့ ညောင်ပင်ကြီးတစ်
     ပင်အောက်မှာ ။ ကားရပ်ပြီးတဲ့နောက် တပည့်တွေကို ဆင်းခိုင်းပြီး အဲဒီနေရာမှာပဲ campတဲထိုးတယ် ။ စခန်းချတယ်
     ဆိုပါတော့ ။”
   “ ဟင်…ဆရာကလည်း ရွာပဲ ရောက်တော့မယ် ။ ဘာဖြစ်လို့ ရွာပြင်က ညောင်ပင်ကြီးအောက်မှာ စခန်းချတာလဲ ။”
သိလိုစိတ်ပြင်းပြသူ တပည့်မလေးတစ်ဦးက အလျှင်အမြန်ထမေးသည် ။ ဦးလွင်မင်းက ပြုံးသွားပြီး ခေါင်းကို ဆတ်ခနဲ တစ်ချက်ညိတ်လိုက်ကာ…
   “ ပြောမှာပါ မိသိမ့်ရယ် ။ စောစောက ဆရာ ဆိုခဲ့သားပဲ ။ ရွာက အမှောင်ထဲမှာ အိပ်မောကျနေပြီလို့လေ ။ အေး…ရိုးရိုး
     ပြောရရင် တစ်ရွာလုံး အိပ်ပျော်နေကြပြီ ။ သူတို့က မနက်ဆို (၃)နာရီ/(၄)နာရီလောက် ထကြရတာ ။ ပင်ပင်ပန်းပန်း
     အလုပ်တွေ လုပ်ကြရတာ ။ ဆရာတို့က ကိုယ့်အကျိုးစီးပွားအတွက် ရွာကို ရောက်လာတာ ။ ဘာလုပ်ဖို့ သူများကို
     သွားနှောင့်ယှက်မှာလဲ ။ ဒီတော့ ရွာအနားက ရွာပြင်တစ်နေရာမှာပဲ စခန်းချလိုက်တာပေါ့ ။ မနက်မှပဲ ရွာထဲဝင်ပြီး လူ
     ကြီးဖြစ်ဖြစ် သူကြီးဖြစ်ဖြစ် အကြောင်းကြားပြီး လုပ်ငန်းကိစ္စကို စ,လုပ်ကြမယ်လို့ တွေးထားတာပေါ့ကွာ ။ စခန်းချတဲ့
     ပုံစံကိုတော့ မင်းတို့ သိပြီးသားမို့ မပြောပြတော့ဘူး ။”
ဦးလွင်မင်း၏စကားကို အားလုံးက ခေါင်းညိတ်ထောက်ခံလိုက်ကြသည် ။ သဘောမှာ စခန်းချသည့်ပုံစံကို သိကြသည်ဟူ သောအဓိပ္ပါယ် ။ သွားကတည်းက ကားပေါ်တွင် သယ်ဆောင်ယူသွားသော ရွက်ဖျင်တဲများ ၊ စောင် ခြင်ထောင် ခေါင်းအုံး များဖြင့် နေရာတစ်ခုတွင် ခဏအထိုင်ချခြင်းဟူသောသဘောကို လုပ်ငန်းတာဝန်ဖြင့် လေ့လာရေးခရီး မကြာခဏထွက်နေ ရသောသူတို့အားလုံး သိရှိထားပြီးသားဖြစ်သည် ။ ဦးလွင်မင်းက စကားဆက်လေ၏ ။
   “ ငါက အသက်(၅၀)ကျော်အရွယ်ဆိုတော့ ငယ်တော့တဲ့အရွယ်လည်း မဟုတ်တော့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေနဲ့
     ပတ်သက်ပြီး အတော်အတန်လည်း အတွေ့အကြုံရှိနေပြီမို့ ညောင်ပင်ကြီးကိုလည်း မြင်ရော ငါ တစ်ခု တွေးလိုက်မိ
     တယ် ။ ညောင်ပင်ကြီးက သိပ်တော့အကြီးကြီး မဟုတ်ဘူး ။ ယောက်ျားကြီးတစ်ဖက်စာလောက် ရှိမယ် ။ ဗောဓိ
     ညောင်ပင်လိုပုံစံမျိုး ။ အောက်ခြေမှာ အကိုင်းအခတ် အဆွယ်အပွားရှင်းလင်းနေပြီး အရွက်ဖားဖားနဲ့ အုပ်အုပ်စိုင်းစိုင်း
     ရှိတယ် ။ ရွာဘက်မှာရှိတဲ့ အပင်ရဲ့တစ်ဖက်ခြမ်းမှာ နတ်ကွန်းငယ်တစ်ခုကို တွေ့ရတယ် ။ ရွာသားတွေက ကိုးကွယ်
     ပသကြပုံပဲ ။ ရေချမ်းတစ်ခွက်နဲ့ ပန်းထိမ်ငိုပန်းလိုပန်းတစ်မျိုးတင်ထားတဲ့ ပန်းအိုးတစ်လုံး တွေ့ရတယ် ။ ငါတို့က
     ညောင်ပင်အောက်မှာ စခန်းချရတာဆိုတော့ သူ့အရိပ်ကို ခိုနေရတာဖြစ်တဲ့အတွက် အမှားအယွင်းမရှိရအောင် ငါက…
     အရှင်ရုက္ခစိုးနတ်မင်းကြီး…ကျွန်တော်တို့က လခစားဝန်ထမ်းတွေပါ ။ လုပ်ငန်းတာဝန်နဲ့ ဤဒေသကို ရောက်ရှိလာခဲ့
     သူတွေ ဖြစ်ပါတယ် ။ အရှင့်ရဲ့အရိပ်အာဝါသအောက်မှာ ခံလှုံခွင့်ပြုပါ ။ အမှားအယွင်းရှိခဲ့ရင်လည်း သည်းခံခွင့်လွှတ်
      ပေးပါလို့ တောင်းဆိုရတာပေါ့ ။”
ဦးလွင်မင်း၏စကားဆုံးတော့ မျက်မှန်တပ်ထားသောတပည့်တစ်ဦးက ပြုံးစိစိအမူအရာဖြင့် ခေါင်းငုံ့သွားသည်ကို တွေ့ရ ၍…
   “ ဘာလဲ မောင်ကျော် ။ မင်းက ငါ့စကားကို လှောင်သလားကွ ။”
ဟု လှမ်းဟောက်လိုက်၏ ။ ထိုအခါတွင် ဆရာကို ကြောက်ရသူမောင်ကျော်က ပြာပြာသလဲအမူအရာဖြင့်…
   “ အာ…မဟုတ်ပါဘူး ဆရာရ ။ ဆရာ ပြောတာကို သဘောကျလို့ ပြုံးမိတာပါ ။”
   “ အမယ်…မင်းက ငါ ခုလို ရုက္ခစိုးကို တိုင်တည်ဆိုပြောနေတာကို မယုံလို့ ပြုံးစိစိဖြစ်သွားတာ မဟုတ်လား ။ မင်းတို့
     အဲဒါ ခက်တာ ။ ကိုယ် မကြုံဖူးတာနဲ့ မဖြစ်နိုင်တာလို့ မတွေးရဘူးကွ ။ ငါတို့က မင်းတို့နဲ့စာရင် အသက်အရွယ်ရော
     အတွေ့အကြုံပါ အများကြီး သာတဲ့လူတွေ ။ ဒါမျိုးတွေကို အများကြီးကြုံခဲ့ဖူးပြီးပြီ ။ ဒီလိုကိစ္စတွေဆိုတာ လောကမှာ
     တကယ်ရှိနိုင်လို့ တကယ်ရှိနေလို့လည်း ငါက ခုလို ရုက္ခစိုးကို တောင်းဆိုပြောကြားရတာပဲ ။”
   “ ဟုတ်ကဲ့ပါ ဆရာ ။”
   “ အေးပါကွာ…ထားတော့ ။ ငါက အဲဒီလို ရုက္ခစိုးကို တိုင်တည်ပြောပြီး စိတ်ထဲမှာ စိတ်မချသေးလို့ ဟိုအကောင်တွေ
     မဟုတ်တာ မလုပ်မိအောင် အပင်ရဲ့အောက်ခြေပတ်လည်မှာ တတောင်သာသာအမြင့်ရှိတဲ့ဝါးချောင်းလေးတွေနဲ့
     ဝိုင်းကာခိုင်းထားလိုက်တယ် ။ ငါ့တပည့်တွေကတော့ နားမလည်ပါဘူး ။ ငါ ခိုင်းတဲ့အတိုင်း လုပ်ပေးကြတာပါပဲ ။ ပြီး
     တော့…ငါက သူတို့ကို ဟိတ်ကောင်တွေ…မင်းတို့ အပေါ့အလေး စွန့်မယ် ၊ ထမင်းကျန်ဟင်းကျန်တွေကို ပစ်မယ်
     ဆိုရင် ဒီဝါးချောင်းကာထားတဲ့အနားမှာ လာမပစ်မိမစွန့်မိစေနဲ့ ။ ဒါနဲ့ ခပ်ဝေးဝေးကို သွားပစ်လို့ မှာထားရတာပေါ့ ။
     နောက်တော့ ငါတို့ အိပ်ကြတယ် ။ အချိန်က (၁၁)နာရီဝန်းကျင်လောက်ရှိပြီ ။ ခဏအကြာလောက်လို့ ထင်တယ် ။
     မှေးခနဲအိပ်ပျော်သွားတုန်း အသံတွေ တဝုန်းဝုန်းကြားရတယ် ။ လူတစ်အုပ်ကြီး လမ်းလျှောက်လာသလိုမျိုးပေါ့ ။
     တရှပ်ရှပ်တအုန်းအုန်းနဲ့ ။ အိပ်ပျော်မလိုဖြစ်နေရာကနေ လန့်နိုးလာပြီး ရွက်ဖျင်တဲထဲကထွက်လာတော့ လက တော်
     တော်သာနေတယ် ။ အသံလာရာဆီကို လှမ်းကြည့်လိုက်တော့ လရောင်အောက်မှာ တွေ့လိုက်ရတာက ရွာပြင်လမ်း
     မှာ ဖုန်တထောင်းထောင်းနဲ့ကွာ ။ လူတစ်အုပ်ကြီး ပြေးလာတာ ။ လက်ထဲမှာလည်း တုတ်တွေဓါးတွေနဲ့ ။ ငါလည်း
     တော်တော်လန့်သွားပြီး တပည့်တွေကို အော်နှိုးရတာပေါ့ ။”
   “ ကျတ်…ကျတ်တွေလားဟင်…”
ထူးရတီဆိုသောမျက်မှန်အကြည်လေးတပ်ထားသည့် တပည့်မလေးတစ်ဦးက ကြောက်ကြောက်လန့်လန့်ပုံစံဖြင့် မေးလေ သည် ။ သူမ၏အတွေးကလည်း ဖြစ်နိုင်ချေရှိနေ၍ မစုမွန်ပင် စိတ်ထဲက ထောက်ခံမိသည် ။ အချိန်က (၁၁)နာရီဝန်းကျင် ခန့်ရှိပြီဖြစ်ပြီး တစ်ရွာလုံးလည်း မှောင်မည်းလျက်ရှိပြီဟု ဆရာဦးလွင်မင်းက ပြောကြားထားခဲ့ရာ ယခုကဲ့သို့ တုတ်ဓါးဆွဲ၍ ပြေးထွက်လာကြခြင်းမှာ ရိုးမှရိုးပါ့မလား ။ ဆွေမိတ်ဟူသောရွာကလေးမှာ လူစင်စစ်တို့ နေထိုင်ကျက်စားသော ရွာလေးမှ ဟုတ်ရဲ့လား ။ ထူးရတီ၏အမေးစကားကိုကြားသည့်အခါ ဦးလွင်မင်းက ဟက်ဟက်ပက်ပက်ထရယ်ပြီး…
   “ အဟတ်ဟတ်…မဟုတ်ပါဘူး သမီးရယ် ။ ဆွေမိတ်ရွာက သူကြီးနဲ့ကာလသားတွေပါ ။”
   “ ဟင်…ဒါဆို သူတို့က ဘာဖြစ်လို့ တုတ်တွေဓါးတွေနဲ့ ပြေးထွက်လာရတာလဲ ။ ပုဏ္ဏကတိုက်တာလား ။”
   “ ဟဲ့…ထူးရတီ…နင့်ဦးနှောက်ထဲမှာ ဒီကိစ္စတွေပဲ တွေးတတ်သလား ။ သူခိုးဝင်လို့ လိုက်ကြတာရော မဖြစ်နိုင်ဘူး
     လား ။”
ထူးရတီ၏အမေးကို ဦးလွင်မင်းက မပြောခင်တွင် နားကြားပြင်းကပ်လာဟန်ရှိသောမောင်ကျော်က ထူးရတီကို လှမ်းအော် ငေါက်လိုက်သည် ။ အချင်းချင်းဖြစ်နေ၍ ထူးရတီကလည်း မခံချင် ။ ပုံမှန်ဆိုလျှင် တစ်ယောက်တစ်ခွန်း ပြန်ပြောနေကျ ဖြစ်သော်လည်း ယခုမူ ဆရာသမား၏ရှေ့တွင်ဖြစ်၍ ထူးရတီက မောင်ကျော့်စကားကို ခွန်းတုံ့မပြန်တော့ဘဲ မျက်စောင်း သာ လှမ်းထိုးလိုက်သည် ။
   “ မဟုတ်ဘူး မောင်ကျော်ရ ။ သူခိုးဝင်လို့လည်း မဟုတ်ဘူး ။ ဓါးပြတိုက်လို့ လိုက်ကြတာလည်း မဟုတ်ဘူး ။ သူတို့က
     ဆရာတို့ဆီကို ပြေးလာကြတာကွ ။”
   “ ဟမ်…”
   “ အမလေး…ကြောက်စရာပါလား ဆရာရဲ့ ။”
   “ ဆရာတို့ကို သူတို့က ဓါးပြလို့ ထင်နေလို့လား ။”
ခန့်ညီက ဆရာဖြစ်သူဦးလွင်မင်း၏စကားကို နားဆင်ရင်း တွေးတွေးဆဆဖြင့် မေးလိုက်ရာ ဦးလွင်မင်းက ခေါင်းညိတ် လိုက်ပြီး…
   “ ဟုတ်တယ် ။ အဲဒီသဘောမျိုးပဲ ။ ရွာပြင်မှာ တစိမ်းတွေ စခန်းချနေတယ်လို့သိရတော့ စိုးရိမ်သွားကြတယ်နဲ့ တူပါရဲ့
     ကွယ် ။ ဆရာလည်း လုပ်ငန်းကိစ္စနဲ့ ရောက်လာတဲ့လူကောင်းတွေဖြစ်ကြောင်းရှင်းပြလိုက်တော့မှ သူတို့လည်း တော်
     တော်အားနာသွားကြတယ် ။ ဆရာတို့ကို ဒီမှာ မနေဘဲ ရွာထဲလိုက်ခဲ့ဖို့လည်း ခေါ်တယ် ။ နောက်ပြီး…ကာလသား
     တချို့ကလည်း ညောင်ပင်ကြီးပတ်လည်မှာရှိတဲ့ ဝါးချောင်းတွေကို ဝိုင်းနှုတ်ပေးကြတယ် ။”
   “ ဟင်…သူတို့က ဘာဖြစ်လို့ ဆရာတို့စိုက်ထားတဲ့ဝါးချောင်းတွေကို နှုတ်ပစ်နေရတာလဲ ။”
   “ အေး…အဓိကကတော့ အဲဒါပြောချင်တာ ။ ဆရာတို့ ရောက်နေမှန်း သူတို့ ဘယ်လိုလုပ်သိတယ်ထင်လဲ ။”
   “ ဆရာတို့ဆီက မီးရောင်တွေဘာတွေ လှမ်းမြင်လို့နေမှာပေါ့ ။”
အားလုံးထဲတွင် စပ်အစုဆုံးမိသိမ့်မော်က ဆရာ မေးသမျှကို ဒိုင်ခံကာ ထင်ကြေးပေးလျက်ရှိသည် ။ နောက်ပြီး သူမကိုယ် တိုင်ကလည်း အမေးအမြန်းသန်သည်ပဲကိုး ။
   “ မဟုတ်ဘူးကွယ့် ။ သူတို့ရွာမှာ ကင်းစောင့်တွေဘာတွေ မရှိဘူး ။ အားလုံးက အိပ်အိပ်နေနေပဲ ။ စံပြရွာတွေလို စည်း
     စနစ် သိပ်မရှိကြဘူး ။ နောက်ပြီး ရွာကလည်း သူဌေးရွာမဟုတ်တော့ တော်တန်ရုံ ဘယ်ဓါးပြ၊ဘယ်သူခိုးမှ မလာဘူး
     လေ ။ ဆရာတို့ရောက်တဲ့အချိန်မှာ တစ်ရွာလုံး အိပ်နေကြပြီ ။ နောက်တစ်ချက်က ဆရာတို့ စခန်းချတဲ့နေရာက ရွာ
     က လှမ်းမြင်ဖို့မလွယ်ဘူး ။ နည်းနည်းချောက်ထဲရောက်နေတယ် ။”
   “ ဟာ…ဒါဆို သူတို့က ဘယ်လိုလုပ်သိတာလဲ ။”
   “ သူတို့ရွာက အသက်အကြီးဆုံးအဘွားကြီးကို ရုက္ခစိုးက အိပ်မက်ပေးလို့တဲ့ ။ အဲဒီအကြောင်းကို ဆရာက သိချင်စိတ်
     နဲ့ အဘွားအိုကို တိုက်ရိုက်သွားမေးတော့ အဘွားအိုကလည်း သူ မက်ခဲ့တဲ့အတိုင်း သေသေချာချာပြောပြခဲ့တယ် ။
     တော်တော်လည်း စိတ်ဝင်စားဖို့ ကောင်းသလို အံ့သြစရာလည်း ကောင်းတယ် ။ ဒီလိုကွယ့်…ညည့်ကြက်နှစ်ခါတွန်
     ချိန်လောက်အရောက်မှာ (၁၂နာရီလောက်မှာ) အဲဒီအိပ်မက်ကို မက်ခဲ့တာ ။ အိပ်မက်ထဲမှာ ရွှေဝါရောင်အဆင်းရှိတဲ့
     အချွန်အတက်တွေပါတဲ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ရုပ်ရည်သားသားနားနားနဲ့လူတစ်ယောက်က အဘွား…အဘွား…
     ရွာသားတွေကို ပြောပေးပါဦး ။ ကျုပ်ဗိမာန်ကို လာပြီး ခြံခတ်ထားတဲ့တစိမ်းတွေ ရောက်နေတယ်လို့ ။ အခု…သူတို့
     တတွေ ညောင်ပင်ကြီးအောက်မှာ စခန်းလာချနေကြတယ် ။ ဘာမှန်းညာမှန်း မသိ…သွားကြည့်ကြည့်လိုက်ဦး ။
     နောက်ပြီး ကျုပ်ဗိမာန်ဘေးက ခြံစည်းရိုးကိုလည်း ဖြုတ်သိမ်းပေးစမ်းပါ ။ ဒီမှာ…သွားရလာရအဆင်မပြေလှဘူးတဲ့ ။
     အဘွားအိုရဲ့အိပ်မက်ကိုလည်း ကြားရော ငါလည်း ပြုံးမိတော့တာပဲ ။”
   “ ဟားဟား…ဟိဟိ…”
   “ ခစ်ခစ်…ခစ်ခစ်…”
   “ ရုက္ခစိုးကလည်း ဒီဝါးချောင်းလေးတွေတောင် မကျော်နိုင်ဘူးလား ဟားဟား…”
   “ ဟဲ့…မလှောင်ကြနဲ့လေ ။ နင်တို့ကို နတ်ကိုင်လိမ့်မယ် ။”
ဆရာဦးလွင်မင်း၏ဇာတ်လမ်းအဆုံးတွင် တပည့်(၄)ယောက်သား တဝေါဝေါထရယ်ကြသည် ။ ထူးရတီတစ်ယောက်သာ ဟိုလူ့လိုက်အော် သည်လူ့လိုက်တားနှင့် မအားနိုင်ရှိတော့၏ ။ ဦးလွင်မင်းက တပည့်များကို အပြစ်မဆိုပါ ။ သူကိုယ်တိုင် ပင် ထိုစဉ်က အတွင်းကြိတ်ရယ်မိခဲ့သည်မဟုတ်လား ။ တပည့်များက မိမိကို မလေးစား၍ လှောင်ပြောင်သောသဘော မဟုတ်ဘဲ ရုက္ခစိုးဖြစ်ပြီး တတောင်သာသာရှိသည့်ဝါးချောင်းလေးများကြောင့် သွားလာရခက်နေသည်ဟု ကြားသိရ၍ အံ့ လည်းအံ့သြ ၊ စိတ်လည်းစိတ်ပျက်ကာ သဘောကျသွားကြသဖြင့် ယခုလည်း ရယ်မောနေကြခြင်းဖြစ်မှန်း ဦးလွင်မင်း သိ နားလည်၏ ။ နောက်ပြီး တချို့အကြောင်းအရာများက သူတို့လို လူငယ်အသိမျှဖြင့် မှန်းဆတွေးမြင်ရန် မဖြစ်နိုင်ဘူးလေ ။ သည်တော့ ဦးလွင်မင်း ရှင်းပြရဦးမည် ။ အားလုံး ရယ်၍ဝမှ ဦးလွင်မင်းက စကားဆက်သည် ။
   “ အေး…အေး…ငါ့တုန်းက ပြုံးရုံပြုံးတာ ။ မင်းတို့ကျမှပဲ မပြုံးဘဲ ဝါးလုံးကွဲဆိုတာမျိုး ဖြစ်နေပြီ ။”
   “ မနေနိုင်တော့လို့ပါ ဆရာရယ် ။ ဘယ့်နှယ့်…ရုက္ခစိုးက တန်ခိုးဣိတ္ထိပတ်ရှိတယ်ဆို ။ ဒီဝါးချောင်းလေးတောင် မကျော်
     နိုင်ဘူးလား ။”
   “ ငါလည်း အဲဒါပဲ မင်းတို့ကို ရှင်းပြချင်နေတာ ။ မင်းတို့က ခုလိုကြားလိုက်တော့ ရုက္ခစိုးဆိုတာ အလကားပဲ ။ မူလတန်း
      ကျောင်းသား ခွကျော်နိုင်တဲ့အရာကိုတောင် သူက မဖယ်ရှားမကျော်လွှားနိုင်ဘဲကိုး ။ ဘယ်လိုလုပ် လူတွေကို ဒုက္ခ
      ပေးနိုင်မှာလဲ ၊ ဘယ်လိုလုပ် တန်ခိုးရှိမှာလဲလို့ မင်းတို့ တွေးသွားမိတယ် မဟုတ်လား ။”
အားလုံးက စကားတစ်ခွန်းမျှမဆိုကြဘဲ တည်ငြိမ်လေးနက်သောမျက်ဝန်းများဖြင့် ဦးလွင်မင်းကို စိုက်ကြည့်နေကြသည် ။
   “ တကယ်တော့ အဲဒီလို  မဟုတ်ဘူး ။ ငါလည်း အခုအရွယ်မှပဲ သေချာတွေးမိလာတာ ။ တကယ်တမ်းကျ ဘီလူးစည်း
     လူ့စည်းဆိုတာမျိုးပေါ့ ။ သူ့မှာ တန်ခိုးအစွမ်းတော့ ရှိတာအမှန်ပဲ ။ ဒါပေမဲ့ ငါက သူ့ကို တောင်းပန်ပြီး စည်းတားထား
     တာဖြစ်တဲ့အတွက် အဲဒီစည်းက သူ့အတွက် အနှောင့်အယှက်ဖြစ်သွားစေတယ် ။ အဟန့်အတားသဘောမျိုး သက်
     ရောက်သွားတယ်ပေါ့ ။ အကယ်လို့ သူသာ မကျေနပ်ရင် ၊ နောက်ပြီး ငါကိုယ်တိုင်လည်း ကံနိမ့်နေရင် လူတွေခေါ်ကြ
     တဲ့“နတ်ကိုင်တယ်”ဆိုတာမျိုးလည်း ဖြစ်လာနိုင်တာပေါ့ ။ ဒီတော့ မယုံမရှိကြနဲ့ မောင်တို့ ။ ဒါ ငါ့ကိုယ်တွေ့ပဲ ။ အဲ…
     ဒီဖြစ်ရပ်ထက် ပိုရယ်ရတဲ့ဖြစ်ရပ်တစ်ခုလည်း ရှိသေးတယ် ။ မင်းတို့အရွယ်တွေအတွက်တော့ ရယ်စရာဖြစ်ချင်ဖြစ်မှာ
     ပေါ့ကွာ ။ ဒါပေမဲ့ ငါတို့အရွယ်ကျတော့ သံဝေဂယူချင်စရာပေါ့ ။”
   “ ပြောပြပါဦး ဆရာ ။ စိတ်ဝင်စားစရာ ကောင်းလို့ပါ ။”
ယခုချိန်ထိ စကားတစ်ခွန်းမျှမဆိုသေးသောမစုမွန်က စကားထောက်ပေးလိုက်၍ နံဘေးမှမောင်ကျော်က…
   “ သူ့ညီမအတွက် ကုန်ကြမ်းရှာနေပြီဟေ့ ။”
ဟု ခပ်တိုးတိုးနောက်လိုက်သည် ။ ဆရာက စကားဆက်ပြန်သည် ။
   “ အဲဒီအကြောင်းကတော့ … ခုလောက် ရှည်ရှည်ဝေးဝေးမပြောတော့ဘူး ။ အချိန်လည်း သိပ်မရတော့ဘူးလေ ။ ဒီလို…
     အဲဒါက ယောနယ်ဘက်ကို သွားတုန်းကထင်တယ် ။ သိပ်တော့မမှတ်မိတော့ဘူး ။ ဒါပေမဲ့ အဲဒီဒေသက တော်တော်
     ခေါင်တာကွ ။ ခေါင်တာမှ ကားတောင် မမြင်ဖူးကြဘူး ။ ငါတို့က ဒိုင်နာကားကြီးနဲ့သွားကြတာ ။ ငါရယ် တပည့်(၇)
     ယောက်လောက်ရယ်နဲ့ ။ ထုံးစံအတိုင်း ကုမ္ပဏီက လွှတ်တဲ့ကိစ္စပဲ ဆိုပါတော့ကွာ ။ ခုနကဖြစ်ရပ်နဲ့ သိပ်မကွာဘူး ။
     နှစ်နှစ်/သုံးနှစ်ပဲ ခြားဦးမယ် ။ ရွာသားတွေက တော်တော်ရိုးကြတာ ။ ကလေးတွေဆို ကားကြီးကို ပတ်ပြီး ဝိုင်းကြည့်
     နေကြပါတယ် ။ သူတို့မှ မမြင်ဖူးဘဲကိုး ။ မြို့နဲ့လည်း အလှမ်းဝေးပြီး ကားလမ်းလည်း မပေါက်တော့ ရွာကို ကား
     မလာဖူးဘူးတဲ့ ။ မြို့ရောက်ဖူးသူလောက်ပဲ ကားကို မြင်ဖူးကြတာတဲ့လေ ။ ထားတော့…ပြောချင်တာက ရွာသားတွေ
     အကြောင်း မဟုတ်ဘူး ။ ငါတို့က ရွာမှာတည်းပြီး ရွာနဲ့ငါးမိုင်လောက်ကွာတဲ့ကွင်းတွေဘက်မှာ အလုပ်ကိစ္စနဲ့ နေ့တိုင်း
     သွားရတာ ။ မနက်ဆို (၅)နာရီလောက် ထွက်ပြီး ညဆို(၁၀)နာရီလောက်မှ ရွာကို ပြန်ရောက်ကြတယ် ။ တစ်နေကုန်
     လုပ်ငန်းထဲမှာချည်းပဲ ။ အဲ…သုံးရက်လောက်လည်းနေရော ရွာကအဘိုးကြီးတစ်ယောက်ကို ရွာထိပ်ကညောင်ပင်မှာ
     နေတဲ့ရုက္ခစိုးက အိပ်မက်ပေးပါရောလား ။ ဟားဟား…သူ့အိပ်မက်က ဘာတဲ့…
     - ဟို…မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးနှစ်လုံးနဲ့အကောင်ကြီးကို ငါ ကိုင်လိုက်ရမလား…တဲ့ ။
     ကြည့်ရတာ ရုက္ခစိုးကိုယ်တိုင်လည်း ကားဆိုတဲ့အရာကို မြင်ဖူးပုံမရဘူးကွ ။ အကယ်လို့ သူသာ ကားကိုမြင်ဖူးတယ်
     ဆိုရင်…
     ငါ့ဗိမာန်ဘေးက ဖြတ်ဖြတ်မောင်းနေတဲ့ကားပေါ်က လူတွေကို ပြောလိုက်စမ်းပါ ။ နားညည်းတယ် ။ သည်းမခံနိုင်ရင်
     ငါ ကိုင်ရလိမ့်မယ်လို့ အိပ်မက်ပေးမှာပေါ့ ။ ခုတော့…အဲဒီလို မဟုတ်ဘူး ။ အဘိုးကြီး အိပ်မက်မက်ပုံက ဒီလို ။ အိပ်
     မက်ထဲမှာ ရုပ်တော့မမြင်ရဘူး ။ အသံပဲကြားရတယ် ။ ရုက္ခစိုးက ပြောတယ် ။ ငါ့ဗိမာန်ဘေးမှာ ခုရက်ပိုင်း မည်းမည်း
     အကောင်ကြီးတစ်ကောင် ဖြတ်ဖြတ်ပြေးနေတယ် ။ အသံကလည်း တဝူးဝူးနဲ့အကျယ်ကြီးပဲ ။ ငါဖြင့် သူ ဖြတ်ပြေးတိုင်း
     လန့်လန့်သွားရတယ် ။ မျက်လုံးကြီးတွေကလည်း မီးဝင်းဝင်းတောက်နေတာပဲ ။ ငါတော့ တော်တော်စိတ်အနှောင့်
     အယှက်ဖြစ်နေပြီ ။ သည်းမခံနိုင်တော့ဘူးဟေ့ ။ ရွာသားတွေကို ပြောလိုက်စမ်းပါ ။ ငါ … အဲဒီ မီးဝင်းဝင်းတောက်နေ
     တဲ့မျက်လုံးနှစ်လုံးနဲ့အကောင်ကြီးကို ကိုင်လိုက်ရမလား…တဲ့ ။ အဘိုးကြီးရဲ့အိပ်မက်လည်း ကြားရော ငါတို့လည်း
     မရယ်ဘဲ မနေနိုင်အောင်ပဲ ။ ဘယ့်နှယ့်…ရုက္ခစိုးက ကားကိုခေါ်ပုံက မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးနှစ်လုံး
     နဲ့အကောင်ကြီး…တဲ့ ။”
ဦးလွင်မင်း စကားခဏရပ်တော့ နားဆင်နေသောတပည့်ငါးဦးက ခပ်တိုးတိုးရယ်ပွဲဖွဲ့ကြသည် ။ ဦးလွင်မင်းကိုယ်တိုင် လည်း ပြုံးလျက်ရှိသည် ။
   “ အဲဒါနဲ့ ငါကပဲ ဦးစီးပြီး ညောင်ပင်ကြီးက ရုက္ခစိုးကို သွားတောင်းပန်ရတယ် ။ အရှင်ရုက္ခစိုးမင်းကြီးခင်ဗျား…သည်းခံ
     တော်မူပါ ။ ဒါက အကောင်ကြီး မဟုတ်ပါဘူး ။ ကားလို့ ခေါ်ပါတယ် ။ စီးတော်ယာဉ်ပါ ။ ဒါကြီးနဲ့ပဲ ဟိုဟိုဒီဒီကို ခရီး
     ပေါက်အောင် သွားလာနေရလို့ မကိုင်လိုက်ပါနဲ့ခင်ဗျာ့ ။ အမွှေးနံ့သာတွေနဲ့ ပသပါတယ် ။ အမျှအတန်းလည်း ပေး
     ဝေပါတယ် အရှင်ရုက္ခစိုးနတ်မင်းကြီးခင်ဗျား …ဆိုပြီး အမွှေးတိုင်တွေနဲ့ သွားတောင်းပန်လိုက်ရတယ် ။ အဲဒီနောက်
     ပိုင်းတော့ အိပ်မက်ပေးတယ်လည်း မကြားတော့သလို လုပ်ငန်းကိစ္စလည်း အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ပြီးစီး
     သွားလို့ ရန်ကုန်ကို စောစောပြန်လာခဲ့ရတယ်ဆိုပါတော့ကွာ ။ အင်း…ဒါကို ကြည့်ခြင်းအားဖြင့် ရုက္ခစိုးဆိုတာဟာ
     လည်း နတ်သာဖြစ်ပေမဲ့ အဆင်ပြေလှပုံမရဘူး ။ ဒါ့ကြောင့် နောင်ဘဝတွေအတွက် ဆုတောင်းတတ်တဲ့လူတွေကို   
     နတ်ဖြစ်ပါစေလို့ သာမန်ကာလျံကာဆုမတောင်းဘဲ တန်ခိုးကြီးမားတဲ့နတ်ဖြစ်ပါစေ ၊ အဆင့်မြင့်နတ်ဖြစ်ပါစေလို့
     ဆုတောင်းကြဖို့တောင် တိုက်တွန်းရမလိုပဲကွာ ။ နောက်ပြီး မင်းတို့လူငယ်တွေနဲ့ပတ်သက်ပြီး ပြောချင်တာကတော့
     ရုက္ခစိုးတို့ ဘမ္မစိုးတို့ဆိုတာ တကယ်ရှိတယ်ကွ ။ မရိုမသေ မလုပ်အပ်ဘူး ။ ရှေ့လျှောက် မင်းတို့တွေက ငါတို့တာဝန်
     တွေကို အမွေဆက်ခံရတော့မှာ ။ ငါတို့တုန်းကလိုပဲ နေရာစုံဒေသစုံကို လျှောက်သွားရတဲ့အခါ ဒီလိုပြဿနာမျိုးတွေ
     ကို တစ်ကွေ့မဟုတ်တစ်ကွေ့ ကြုံလာရနိုင်လို့ ဒီအကြောင်းတွေကို သိနားလည်ထားရအောင် ပြောပြတာ ။ ကဲ…
     ကော်ဖီသောက်ချိန်လည်း ကုန်ပြီ ။ လုပ်စရာရှိတာ လုပ်ကြတော့ ။”
ဆရာဦးလွင်မင်းက ကော်ဖီခွက်လေးကို စားပွဲပေါ်သို့ ချကာ ထွက်ခွာသွားသည် ။ အားလုံးလည်း စောစောကအကြောင်း အရာများကို စမြုံ့ပြန်ဆွေးနွေးလိုပေမဲ့ ဆရာကိုယ်တိုင် ထွက်သွားပြီဖြစ်၍ ဆက်မနေသင့်တော့သဖြင့် ကိုယ်စီကိုယ်ငှ လုပ်ငန်းဌာနအသီးသီးသို့ ထွက်ခွာသွားကြလေပြီ ။
        ရုံးတိုင်း,ရုံးတိုင်းတွင် ဤကဲ့သို့ ကော်ဖီသောက်ချိန်လေး ထားရှိနိုင်ပါက ယခုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ဗဟုသုတ အကြောင်းအရာများ ဆွေးနွေးပြောဆိုရင်း တစ်ဦးနှင့်တစ်ဦး ပို၍ခင်မင်ရင်းနှီးနိုင်မည်ဖြစ်၍ ဌာနတိုင်း ၊ ဒေသတိုင်း၌ ကော်ဖီချိန်(၁၅)မိနစ်ခန့်ဖြစ်ဖြစ် သတ်သတ်မှတ်မှတ်ထားရှိသင့်ပေသည် ။
       ယခုလို ITခေတ်ကြီး၌ ကွန်ပျူတာနှင့်မျက်နှာ ၊ ဟန်းဖုန်းနှင့်မျက်နှာ မခွာဖြစ်ကြသည်သာများ၍ နှလုံးသားအာဟာရ အတွက် လူကြီးသူမများ၏ပြောစကားများ ၊ ရှေးဟောင်းနှောင်းဖြစ်ကိစ္စများကို နားထောင်ဆွေးနွေးရန် ၊ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် စကားပြောတိုင်ပင်ရန် ရုံးတိုင်း ၊ ဌာနတိုင်း၌ နေရာဒေသနှင့်အချိန်သတ်မှတ်ပေးထားနိုင်ပါက သာ၍ ကောင်းပေလိမ့်မည်ဟု မစုမွန် တွေးတောရင်း တရွေ့ရွေ့ထွက်ခွာသွားသော ယုံကြည်မှု ၊ သွက်လက်တက်ကြွမှုတို့ဖြင့် ပြည့်နှက်နေဆဲဖြစ်သည့် လက်ပြင်ကုန်းစပြုနေပြီဖြစ်သော ဆံဖြူအဘိုးအိုတစ်ဦး၏ကျောပြင်ကို လေးစားအားကျစွာ ငေး ကြည့်နေမိပါတော့သည် ။


                                                                                                        
                                                                                                  စေတနာရှေ့ထားလျက်…
                                                                                                            ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။




- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။