Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)
ပုပ္ပါးတောင်ကလပ်က အဘ ပေးလိုက်တဲ့အိပ်မက်များ
ပုပ္ပါးတောင်ကလပ်က အဘ ပေးလိုက်တဲ့အိပ်မက်များ
( ၂၀၁၃ မေလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ ... ဂါဦးနွန်းကို
----------------------------------------------------------------------------------------------------------
      စရေးရေးချင်းက ဤ၀တ္ထုနာမည်ကို ၀က်သားကြိုက်လို့ မက်တဲ့အိပ်မက်ဟု ပေးလျှင်ကောင်းမလား တွေးမိပေမဲ့ ကျွန်မ ရဲ့ အစ်မဖြစ်သူက…
   “ ဟယ်…နင်ကလည်း ။ မကောင်းပါဘူးဟာ ။ တစ်မျိုးကြီးပဲ ။”
…ဟု ကန့်ကွက်သလို ဇာတ်လမ်းကလည်း အဘဘိုးမင်းခေါင်နှင့် သက်ဆိုင်သော ဇာတ်လမ်းဖြစ်တာကြောင့် ပုပ္ပါးတောင် ကလပ်မှအဘ ပေးလိုက်တဲ့အိပ်မက်များဟုသာ ကင်မွန်းတပ်လိုက်ရပါသည် ။
     ကျွန်မ ယခင်ကလည်း ဘိုးတော်တွေ အဘတွေအကြောင်း ရေးခဲ့ဖူး၏ ။ နတ်အကြောင်း နဂါးအကြောင်းလည်း ရေးသား ဖူးသည် ။ ဂမ္ဘီရဆန်ဆန် နက်နဲလျှို့ဝှက်သော ကိုင်တွယ်သက်သေပြရန်ခက်ခဲသော ကိစ္စရပ်များကို ကြားသိဖတ်ရှုရေးသား ဖူးခဲ့ပေမဲ့ သွေးထဲတွင်ပါနေသော သံသယစိတ်က ဘယ်လိုအရာကိုမှ လွယ်လွယ်ယုံကြည်လို့ မရ…။
     အရာရာကို သံသယမျက်လုံးနှင့် ကြည့်တတ် ၊ သံသယအတွေးနှင့် တွေးတတ်လွန်းသောကြောင့် တစ်ခါတစ်ရံ သူတပါး ၏ယုံကြည်မှုများကို ထိပါးပြောဆိုမိ၍ ရန်တွေ့ခံရပေါင်းလည်း မနည်း ။ သို့သော်လည်း အမှတ်မရှိစွာနဲ့ ပြောဆဲတွေးဆဲ ယခင် အတိုင်းပဲ ။
     လွန်ခဲ့သော ရှစ်နှစ်ကိုးနှစ် ကျွန်မအသက်ဆယ့်နှစ်နှစ်လောက်က ကျွန်မမောင်ငယ်ရောဂါသည်လေး ဆုံးပါးသွားခဲ့သည် ။
မွေးဖွားသည့်အထဲတွင် ဤတစ်ယောက်သာ ယောက်ျားလေးပါ၍ အဖေတို့အမေတို့၏အသည်းကျော်လေး ။ ကျွန်မတို့တတွေ ၏အချစ်ဆုံးမောင်လေးက ကျွန်မတို့အားလုံးကို ထားရစ်ခဲ့ကာ ဤဘ၀မှ ထာဝရထွက်ခွာသွားလေပြီ ။ ထိုအကြောင်းများကို ပြန်တွေးလိုက်လျှင်ပင် ယခုထက်ထိ ငိုချင်နေတုန်း…။ ဆယ်နှစ်ကျော်လူမမယ်အရွယ်လေး၌ ခံစားခဲ့ရသော စိတ်သောကများ ဖြစ်၍ ကျွန်မရင်ထဲတွင် လာစိုက်ဝင်ခဲ့သော ဆူးကြီးတစ်ချောင်းလို အချိန်ကြာမြင့်သွားပြီဖြစ်ပေမဲ့ အမာရွတ်ကတော့ သေရာ ပါထင်ကျန်နေဆဲ ။
     မောင်လေး မဆုံးမီက အတော့်ကို ချူချာခဲ့သည် ။ တီဘီရောဂါ ၊ နောက်တော့ ဦးနှောက်အမှေးရောင်ရောဂါနဲ့ အမြဲလိုလို သတိလစ်နေတတ်တဲ့မောင်လေးအတွက် ဖေဖေ ၊ မေမေတို့ခမျာ အချိန်မီဆေးတိုက်နိုင်ရန် ရှာလိုက်ဖွေလိုက်ရောင်းလိုက် ပေါင်လိုက်ကြရတာ မောင်လေးဆုံးသွားတော့ ကျွန်မတို့မိသားစု ရှိသမျှအားလုံး တက်တက်ပြောင်လျက် ဖြူကာပြာကာကျ လို့…။ မောင်လေး ဆုံးပြီး နှစ်ဝက်လောက်ကြာတော့ သေသောသူ ကြာလို့ မေ့မရနိုင်ပေမဲ့ မေ့ပျောက်ဟန်နှင့် စိတ်အားတင်း ပြီး ကျန်ရစ်နေသေးတဲ့ကျွန်မတို့ညီအမသုံးယောက်အတွက် ဖေဖေ ပိုက်ဆံကို ကြိုးစားရှာဖွေရတော့သည် ။ ထိုအချိန်တွင် ပင် အဘနှင့်ကျွန်မ ဖေဖေ စတင်တွေ့ဆုံကာ အဖေက အဘအပေါ်မှာ အားကိုးယုံကြည်သွားခဲ့ခြင်း ဖြစ်ပါသည် ။
      ကျွန်မသည် ဖေဖေနှင့် ရုပ်ရည်ချင်းဆင်ပေမဲ့ စိတ်ဓာတ်ပိုင်းတွင်တော့ မေမေနှင့် တူတာများသည် ။ မေမေက အတွင်း အပြင် သုံးဆယ့်ခုနစ်မင်း၊ အဘ၊ မယ်တော်…အစရှိသည်မှန်သမျှ မယုံရေးချ မယုံ ။ လူ့ဘ၀တွင် ကိုယ်လုပ်မှ ကိုယ်ဖြစ်သည် ။ ရတနာသုံးပါးမှတပါး အားကိုးစရာ မရှိ…ဟု တွင်တွင်ကြီး ယုံကြည်သူ ။ ကျွန်မကလည်း ထိုနည်းတူပင်…။ သို့ကြောင့်လည်း ဖေဖေနှင့်မေမေတို့သည် ထိုနေရာတွင်တော့ စိတ်သဘောထားချင်း မကြာခဏ ကွဲလွဲကြသည် ။
      ဖေဖေကတော့ ရတနာသုံးပါးကိုလည်း အားကိုးယုံကြည်သလို အခြားအရာများကိုလည်း ပံ့ပိုးပေးမှုတစ်ခုလို အားထား တတ်၏ ။ အိမ်တွင် အဘဘိုးမင်းခေါင်ကို အားကိုးယုံကြည်သောကြောင့် ဘုရားစင်ရှေ့တွင် စင်းတစ်စင်နှင့် အဘရုပ်ထုပုံတူ ကို ထုလုပ်ထားရှိပြီး ရေနွေးကြမ်း ကပ်ခြင်း ၊ စီးကရက် ကပ်ခြင်းအလုပ်များကို ဖေဖေက ၀တ္တရားမပျက် နေ့စဉ်လုပ်ကိုင် တတ်သည် ။
       ဤသို့ဆိုတော့ ဖေဖေက အဘကိုသာ ကိုးကွယ်ပြီး ဘုရားတရားကျ မကိုင်းရှိုင်းတဲ့သူဟု ထင်မှတ်မည်စိုးသောကြောင့် ဖေဖေ့၏တစ်နေ့တာ ဘာသာရေးနှင့်ပတ်သက်သည့်လုပ်ငန်းအကျဉ်းချုပ်ကိုဖော်ပြရလျှင် ဖေဖေသည် မနက်မိုးလင်း အိပ်ရာ မှ ထသည်နှင့် မျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်မှုလုပ်ပြီးနောက် အိမ်၌ ပူဇော်သည့် ကြေးဆင်းတုကိုယ်တော်မြတ် ကို မျက်နှာတော် သစ်ပေးခြင်း ၊ အမွေးနံ့သာဖြင့် ပက်ဖြန်းပေးခြင်း ၊ ဘုရားပန်းအိုး ရေလဲခြင်း ၊ သောက်တော်ရေ လဲလှယ် ကပ်ခြင်း ၊ ဆွမ်းကပ်ခြင်းအမှုများကို ပြုလုပ်ပြီး ထိခြင်းငါးပါးနှင့် ရှိခိုးပူဇော်ကန်တော့ဖူးမြော်ပြီးမှသာ အဘပုံတော်ကို အမွေး နံ့သာ ပက်ဖြန်းခြင်း ၊ ပန်းအိုး ရေလဲလှယ်ခြင်း ၊ ရေနွေးကြမ်း လဲလှယ်ကပ်ခြင်း ၊ စီးကရက်ကပ်ခြင်း ၊ ကွမ်းယာကပ်ခြင်းအမှု များကို ပြုလုပ်သူ ဖြစ်ပါသည် ။
     ထိုသို့ ဘာသာတရား ကိုင်းရှိုင်းခြင်း ၊ အိမ်ရှိ ဆင်းတုတော်အား မြတ်စွာဘုရားသက်တော်ထင်ရှားကဲ့သို့ သဘောထား ကာ အလေးအမြတ်ထားခြင်းတို့ကြောင့် ကျွန်မတို့မိသားစု ယခင်က အကြွေးပတ်လည်ဝိုင်းနှင့် ဖြူကာပြာကာကျနေရာမှ မယုံ နိုင်စရာကောင်းလောက်အောင် စီးပွားရေးတွေ တိုးတက်လာခဲ့သည် ။ အဖေကတော့ အဘလည်း မ, ၊ ဘာသာတရား ကိုင်း ရှိုင်းသောကြောင့် ကံတရားကလည်း ကိုယ့်ဘက်ပါလာလို့ဟု တွေးကာ အဘ့အပေါ်လည်း ပို၍တိုး၍ ယုံကြည်ကိုးစားနေလေ သည် ။
       အဘကို ကိုးကွယ်ဆည်းကပ်သူအများ သိထားကြသည့်အထိ အဘက ၀က်သားနှင့်အမဲသားစားတာကို မကြိုက်…ဟူ သောကြောင့် ကျွန်မတို့တစ်မိသားစုလုံးကို အဖေက ၀က်သား/အမဲသား မစားခိုင်းပါ ။ အမဲသား မစားရသည့်အတွက် အရေး မကြီးလှသော်လည်း ၀က်သားမစားဘဲနဲ့တော့ ကျွန်မ မနေနိုင် ။ အသီးမှာ သရက် ၊ အရွက်မှာ လက်ဖက် ၊ အသားမှာ ၀က်… ဆိုသည့်အတိုင်း ကျွန်မ အနှစ်သက်ဆုံးအသားမှာ ၀က်သားဖြစ်သလို မေမေကလည်း ကျွန်မ နည်းတူပင် ။ ထို့ကြောင့် ဖေ ဖေ့စကားကို လက်တစ်လုံးခြားလှည့်ကာ ကိုယ်လိုရာဆွဲတွေးကြသည် ။
   “ အဘ ကိုးကွယ်တဲ့အိမ်မှာ ၀က်သား မစားရဘူးဆိုတော့ အိမ်မှာတော့ မစားဘူး ။ အပြင်မှာ စားမယ် ။”
သို့နှင့် ကျွန်မတို့သားအမိ အိမ်တွင် ၀က်သားတင်ခြင်း ၀က်သားချက်ခြင်း မရှိပေမဲ့ မြို့ထဲအမေ့ညီမတွေဆီသွားတိုင်း ထိုဝက် သားကို စားခဲ့ကြသည် ။ ကျွန်မတို့သားအမိကို အဘက ခပ်ဆိုးဆိုးသမီးများအဖြစ် သတ်မှတ်ထားလေမလား မပြောတတ် ။ ထိုစဉ်က သဘောမကျခြင်းတည်းဟူ၍ အရိပ်အယောင်ပင် မပြခဲ့ ။ သို့ပေမဲ့ အဘ့စကားကို ဖေဖေ့လိုပင် ယုံကြည်ကိုးစား တတ်သည့် ကျွန်မအစ်မလတ်ကတော့ ၀က်သားနှင့်ပတ်သက်၍ အိပ်မက်မက်ခဲ့ဖူးသည် ။
         ထိုအိပ်မက်က သိပ်မကြာသေး…လွန်ခဲ့သောသုံးနှစ်ကျော်လောက်က ဖြစ်သည် ။ ထိုနေ့က မှတ်မှတ်ရရ ကျွန်မတို့ညီ အစ်မနှစ်ယောက်တည်း ကြေးအိုးသွားသောက်ကြခြင်း ဖြစ်၏ ။ ထုံးစံအတိုင်း ကျွန်မက ကြေးအိုးဆိုလျှင် ‘၀က်’နှင့်မှ ကြိုက် သည် ။ ၀က်အူချိုလေးများကို အချဉ်ရည်နှင့် တို့စားရသည့်အရသာမှာ လူ့ပြည်မှ နတ်သုဒ္ဓါအလား တင်စားရလောက်အောင် ကို ကျွန်မ နှစ်သက်သည့်အရာ ။ ခက်နေသည်က အရင်နေ့တွေတုန်းက မေမေနှင့်ကျွန်မသာ မြို့ထဲက အဒေါ်အိမ်လာရင်း ကြေးအိုးသောက်နေကျဖြစ်တာကြောင့် ကြေးအိုးပွဲကြီးကို ၀က်သားနှင့် မှာလို့ရသော်လည်း ယခုက အစ်မလတ်နှင့်ဖြစ်နေ၍ ဘယ်လိုစားရမလဲ မသိတော့ ။ ကြေးအိုးပွဲကြီးတစ်ပွဲလုံးလည်း ကျွန်မ မကုန်…။ သို့ကြောင့် ကျွန်မရဲ့တိုက်တွန်းမှုကြောင့် ရော ၊ သူ့ရဲ့နှမြောတသဖြစ်စိတ်ကြောင့်ပါ ၀က်သားမစားသော်လည်း ကြာဆံနှင့်အရည်များကို ကူသောက်ပေးမည်ဟူ၍ သဘောတူလိုက်ရတော့သည် ။
        နောက်တစ်နေ့ညတွင်ပင် အစ်မလတ် အိပ်မက်မက်ပါတော့သည် ။ အိပ်မက်ထဲတွင် အဘက ဘုရားခန်းရှေ့ ဖျာချပ်
ပေါ်တွင် မိန့်မိန့်ကြီးထိုင်ကာ အစ်မလတ်ကို စိုက်ကြည့်နေတာကြောင့် အစ်မလတ်ခမျာလည်း ကြောက်ကြောက်လန့်လန့် နှင့်…
   “ အ…အဘ…အဘ ဘယ်က ကြွလာတာလဲ ။”
ဟူ၍ မေးမိတော့…
   “ အိမ်း…အဘ ဒီကိုပဲ ကြွလာတာ ။ သမီးကြီး နေ့လည်က သွားတစ်ချောင်းကျွတ်သွားတယ် မဟုတ်လား ။”
ဟု မေးလေရာ အစ်မလတ်ခမျာ တအံ့တသြဖြစ်သွားရသည် ။ ဟုတ်လည်း ဟုတ်၏ ။ နေ့လည်က ဘာကြောင့်မှန်းမသိ သွား တစ်ချောင်း ကျွတ်သွားရသည် ။
   “ ဟုတ်…ဟုတ်ပါတယ် အဘ ။”
   “ အေး…၀က်သား မစားနဲ့ သမီးကြီးရယ် ။ အဘ မကြိုက်ဘူး ။”
ဟုဆိုကာ အဘပျောက်သွားသည် ။ အစ်မလတ်လည်း အိပ်မက်က လန့်နိုးလာလို့ ဘုရားစင်ရှေ့ပြေးကြည့်မိတော့ ဖျာချပ် သည် တစ်စုံတစ်ယောက် ထိုင်သွားသကဲ့သို့ ပူနွေးနေသည်ဟု ဆို၏ ။ ကျွန်မကတော့ စောစောက အဖေ ဘုရားရှိခိုးသွားလို့ နေမှာပေါ့ဟု ဘုကလန့်တိုက်ကာ ပြောခဲ့သေးသည် ။ ထိုစဉ်ကတည်းက အစ်မလတ် ၀က်သားကို အနားပင် အသီမခံတော့ ။
             နောက်ထပ် အဘနှင့်ပတ်သက်တဲ့ အိပ်မက်မက်ဖူးသူတစ်ယောက်ကတော့ အဘကို မယုံကြည်ပါဘူးဟူသော ကျွန်မမေမေဖြစ်သည် ။ မေမေက ဖေဖေ အဘကို အိမ်၌ ပုံတော်ထုလုပ်ကိုးကွယ်ထားပြီးနောက် ၀က်သားကို အိမ်တွင် မစား ပေမဲ့ အပြင်မှာတော့ စားဆဲ ။ မှတ်မှတ်ရရ ထိုသို့ အဘကို အိမ်တွင် ပင့်ယူကိုးစားပြီးလို့ ခုနစ်နှစ်လောက်အကြာ ၊ မေမေ အသက်ငါးဆယ့်ငါးပြည့်သည့်နေ့တွင် ထိုအိပ်မက်ကို မြင်မက်ခဲ့ခြင်းဖြစ်သည် ။
     အိပ်မက်ထဲတွင် အဘသည် ပထမအိပ်မက်ထဲကလိုပဲ ဘုရားခန်းထဲတွင် မိန့်မိန့်ကြီး ထိုင်နေလေသည် ။ မေမေက အိပ် မက်ထဲတွင် ၀က်သားဟင်းနှင့် ပန်းကန်ကိုယူကာ ဘုရားခန်းထဲသို့ ၀င်သွားမိတော့ အဘက အမေ့ကို အဖေတစ်ယောက်က သမီးတစ်ယောက်ကို ဒေါသထွက်လို့ ကြည့်သကဲ့သို့ ခပ်စူးစူးစိုက်ကြည့်ကာ ခေါင်းခါပြသည်ဟု ဆို၏ ။ အမေကလည်း အိပ် မက်ထဲတွင်ပင်…
   “ ဟုတ်ကဲ့ပါ အဘရယ် ။ ကျွန်မ အိမ်မှာတော့ မစားပါဘူး ။”
ဟူ၍ ပြန်ဖြေလိုက်သတဲ့ ။ ထိုအိပ်မက်ကို မေမေက ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးသာ ပြန်ပြောပြခြင်းဖြစ်သည် ။ ယခုပြန် တွေးကြည့်တော့ ထိုအိပ်မက်၏သက်တမ်းပင် နှစ်နှစ်လောက် ရှိခဲ့ပြီ ။ မေမေကတော့ ယခုချိန်ထိ အိမ်အပြင်၌ ၀က်သား စားဆဲ …။
          ယမန်နှစ်က ဖေဖေ ရာထူးအတွက် နယ်မြို့တစ်မြို့သို့ အလုပ်ပြောင်းရွှေ့သွားရသည် ။ ဖေဖေ ပြောင်းရတော့ မေမေ လည်း ပါရပြီပေါ့ ။ ကျွန်မတို့ညီအစ်မတွေကတော့ ကျောင်းကိစ္စ အလုပ်ကိစ္စတွေကြောင့် ရန်ကုန်မြို့ကြီးမှ ခွာမရ၍ ညီအစ်မ တတွေ စုစုရုံးရုံးနှင့် နေရစ်ခဲ့ရသည် ။ သားအမိတွေ ဝေးနေရတော့ သတိရကြ စိတ်ပူကြနှင့် တစ်ခါတစ်ရံ အတိတ်ဘ၀တွေ က ငှက်ကလေးတွေ ခွေးကလေးတွေ…တိရစ္ဆာန်လေးတွေရဲ့မိသားစုကို ခွဲခွာခဲ့ဖူး၍များ ယခုကဲ့သို့ တကွဲတပြားနေ,နေရခြင်း လားဟူ၍တွေးကာ ၀မ်းနည်းရသည်။ ဖေဖေ နယ်သို့ရောက်နေ၍ အိမ်တွင် မရှိပေမဲ့ ကျွန်မက ဖေဖေ့တာဝန်ကိုယူကာ မနက် တိုင်း ဘုရားပန်း ၊ သောက်တော်ရေ လဲ ၊ ဆွမ်းကပ်အလုပ်များကို လုပ်ရသလို အဘကိုလည်း စီးကရက် ကွမ်းယာ မကပ်ဖြစ် ပေမဲ့ ရေနွေးကြမ်းကိုတော့ နေ့စဉ်ကပ်ဖြစ်သည် ။ ထိုသို့နေလာရင်း မနေ့က ကျွန်မ ၀က်သားနှင့် ပတ်သက်သော ၊ တစ်နည်း အားဖြင့် အဘပေးသောအိပ်မက်ဟုထင်ရသော အိပ်မက်တစ်ခုကို ကျွန်မ မက်ပါသည် ။
      အိပ်မက်က မိုးသောက်ခါနီးတွင် မက်သောအိပ်မက်ဖြစ်မည် ။ အိပ်မက်ထဲတွင် အိမ်သို့ လူတစ်ယောက် ရောက်လာ သည် ။ ဆံပင်တိုတို တိုက်ပုံအင်္ကျီ ဖျင်ပုဆိုးကြမ်းကြီးနှင့်လွယ်အိတ်တစ်လုံး လွယ်ထားသော လူတစ်ယောက် တက်လာ၍ ကျွန်မ နေရာထိုင်ခင်းပေးပြီး လူကြီးတွေ မရှိသေးတာကြောင့် ခဏစောင့်ဖို့ ပြောမိသည် ။ ထိုအခါမှ ထိုလူကြီးက…
   “ လူကြီးတွေ မရှိလည်း အဘ သမီးကိုပဲ ပြောခဲ့မယ် ။ သမီးတို့ ခုတလော စီးပွားရေး အဆင်မပြေတာ သမီးရဲ့အမေ
တကယ့်ကို ထင်ထင်ရှားရှားပြတ်ပြတ်သားသားစကားသံ ။ ကျွန်မ မျက်လုံးအ၀ိုင်းသားနှင့် ငေးကြည့်နေမိစဉ် အိပ်မက်က လန့်နိုးလာခဲ့သည် ။ အဘ ကျွန်မကို အိပ်မက်ပေးခြင်းလား…အိပ်မက်ဟူသည်မှာ တစ်ခုခုကို စွဲလန်း၍မက်ခြင်း ၊ နတ်က ပေး ၍ မက်ခြင်း ၊ သွေးလေစိတ် ချောက်ချား၍ မက်ခြင်း…ဟူ၍ သုံးမျိုးတော့ ကျွန်မ ကြားဖူးသည် ။ စွဲလန်း၍ မက်ရအောင်က လည်း ကျွန်မ စွဲလန်းဖို့နေနေသာသာ သတိပင် မရ ။ သွေးလေစိတ် ချောက်ချားပြီး မက်ရအောင်ကလည်း ကျွန်မ မယုံကြည် သည့်အကြောင်းအရာတစ်ခုကို ကျွန်မ မှတ်မှတ်ထင်ထင် မြင်မက်လိမ့်မည် မဟုတ် ။ ထိုအိပ်မက်သည် ကျွန်မအတွက် အမှန် ပင် ထူးဆန်းနေမိသည် ။
       မနက် မေမေ့ဆီက ဖုန်းလာတော့ ကျွန်မ အိပ်မက်အကြောင်းကို ရင်ဖွင့်ပြောပြမိ၏ ။ အိပ်မက်လည်း ဆုံးရော မေမေ့ဆီ က အမလေး…တော်သေးတာပေါ့ဟူသော စကားသံကိုကြားလိုက်ရ၍ မေးကြည့်မိတော့…
   “ အမေလေ နင့်အဖေ မရှိတုန်းက ၀က်သား ဘယ်လိုစားချင်နေမှန်းကို မသိတာ ။ ဈေးမှာ သွားမေးတော့ တစ်ဆယ်သား
     ၆၀၀ဖြစ်နေလို့ ဈေးကြီးတာနဲ့ မ၀ယ်ဖြစ်ခဲ့တာ ။ ထူးဆန်းလိုက်တာ သမီးရယ် ။ အမေလည်း တစ်ခါမဟုတ်နှစ်ခါဆိုတော့
     ယုံရတော့မလိုပဲ ။”
   “ ဟုတ်တယ်နော် အမေ ။ သမီးလည်း အမေ့ကို ဒီနေ့မနက် ဒီအကြောင်းပြောပြရင်း ၀က်သား မစားတော့ဖို့ တိုက်တွန်း
     တော့မလို့ ။ သမီးလည်း ဖြည်းဖြည်းချင်း ဖြတ်တော့မယ် ။ သေချာစဉ်းစားကြည့်တော့ ၀က်သားစားတာ အဆီတက်တယ်
     အဖေရော မရှိတဲ့အချိန် အမေ ၀က်သားစားပြီး သွေးတိုးပါပြီတဲ့ ။ ဆေးခန်းပို့မယ့်သူ ဂရုစိုက်မယ့်သူမှ မရှိတာ ။ ဒါ့ကြောင့်
   “ အေးပါ သမီးရယ် ။ အမေ ဘုရားမှာ အဓိဋ္ဌာန်ပြုပြီး ဖြတ်လိုက်တော့မယ် ။”
မေမေ့ဆီမှ ၀က်သား မစားတော့ပါဟူသောကတိစကားကို ကြားလိုက်ရသဖြင့် ကျွန်မလည်း စိတ်ချမ်းသာသွားမိသည် ။ မေ မေနှင့် ဖုန်းဆက်ပြီးနောက် ကျွန်မ ဘုရားပန်းလဲ သောက်တော်ရေ ၊ ဆွမ်းတော်ကပ် ၊ အဘအတွက် ရေနွေးကြမ်းကပ်အပြီး ဘုရားရှိခိုးကာ ငါးပါးသီလ ခံယူ ဆောက်တည်သည် ။ ပြီးနောက် ကျွန်မ တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသော အလုပ်တစ်ခုကို ကြိုးစားလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။
   “ အဘ သမီး ညက အဘကို စိတ်စွဲလို့ မဟုတ်ပါဘဲ အိပ်မက် မြင်မက်ပါတယ် ။ အဘ ပေးတဲ့အိပ်မက်လို့ ယူဆမိသလို
     မေမေ့ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်စေချင်တာကြောင့် ၀က်သားကို ရာသက်ပန် မစားဖို့ ရှောင်ဖို့ တိုက်တွန်းလိုက်
     ပါပြီ ။ အဘ အိပ်မက်ပေးတာသာဆိုရင် သမီးတို့ ဒီ့ထက်မက ကြီးပွားတိုးတက်ကာ သာသနာ့အကျိုးကို ငွေအားလူအား
     နဲ့ ဆထက်ထမ်းပိုး လုပ်ဆောင်နိုင်ရအောင် ကူညီစောင့်ရှောက်ပေးစေလိုပါတယ် ။”
ကျွန်မ မပြောတတ်ပြောတတ်နှင့် မြေးတစ်ယောက်က အဘတစ်ယောက်ကို တိုင်တည်ရေရွတ်သလိုမျိုး ဆုတောင်းလိုက်မိ သည် ။ ကျွန်မ ခံယူမိသည်က အဓိကမှာ အိပ်မက်ကို ယုံကြည်ရန် မယုံကြည်ရန်ထက် ကျွန်မတို့မိသားစု ၀က်သားရှောင်ကာ အသီးအရွက်များများစားပြီး အဆီကင်းရှင်း ရောဂါကင်းလျက် ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည်နေနိုင်ဖို့သာ… ။
                                                                                          စေတနာရှေ့ထားလျက်…
                                                                     ဂါဦးနွန်းကို
   https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။ 
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။