Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အေးစိမ့်နေသောအိမ် (the cold house)




အေးစိမ့်နေသောအိမ် (the cold house)




 ( ၂၀၁၅ စက်တင်ဘာလ - အောက်တိုဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် နှစ်လဆက်တိုက် ဖော်ပြခံရသော ဝတ္ထုလတ်တစ်ပုဒ်ဖြစ်သည် )


ရေးသူ  -  ဂါဦးနွန်းကို


------------------------------------------------------------------------------------------




   “ ဟင်…”
ရိပ်ခနဲမြင်လိုက်ရသည့်အရာတစ်ခုကြောင့် သီရိနွယ်- လုပ်လက်စအလုပ်ကိုရပ်ပြီး အခန်းပြင်သို့ထွက်ကာ အပေါ်သို့မော့ကြည့်လိုက်မိ သည်။ အပေါက်ဝတွင် စာထိုင်ဖတ်နေစဉ် ရိပ်ခနဲမြင်လိုက်ရခြင်းဖြစ်ရာ ဘာမှန်းညာမှန်း သဲသဲကွဲကွဲမသိရသေးပေ ။ အပေါ်ထပ်သို့ မော့ ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည်က လှေကားထစ်အကွေ့နားတွင် အရိပ်တစ်ခု ။ ထိုင်နေသူတစ်ယောက်၏အရိပ်ဖျော့ဖျော့တစ် ခု ။ အရိပ်ရှင်က လှေကားထစ်တွင် ခြေဆင်းထိုင်နေပုံရသည် ။
     လှေကားတည်နေပုံက အောက်ထပ်မှတက်သွားလျှင် အပေါ်ထပ်ရောက်ခါနီး(၅)ထစ်လောက်အလို၌် ဘယ်ဘက်သို့ကွေ့သွားသော ကြောင့် အောက်ထပ်မှမော့ကြည့်ပါက ကွေ့နေသောဘယ်ဘက်ခြမ်းကို ပွတ်လုံးတိုင်များက ကာရံနေသဖြင့် ထိုင်နေသူကို ရှင်းရှင်း လင်းလင်း မမြင်နိုင်ချေ ။ သို့ကြောင့် ဘယ်သူလဲဆိုတာ တိတိပပမသိနိုင် ။ သီရိနွယ်- အရိပ်ရှင်ကိုမော့ငေးကြည့်ရင်း ဦးနှောက်စားသွား မိသည် ။ နောက်ပြီး နည်းနည်းလည်း တွေးရခက်သွားသည် ။
- ဘယ်လိုပါလိမ့်…။
အပေါ်ဆုံးထပ်တွင် မည်သည့်အိမ်ငှားမျှ မရောက်ရှိသေးဟု သီရိနွယ်- ကြားသိထားသောကြောင့် ထိုအရိပ်ပိုင်ရှင်နှင့်ပတ်သက်ပြီး စဉ်း စားရကျပ်နေခြင်းဖြစ်သည် ။ သီရိနွယ်သည် ငူငိုင်ငိုင်ပုံစံရှိနေသောထိုအရိပ်ဟာ မည်သူမည်ဝါဖြစ်သလဲဆိုတာ သိချင်နေမိ၏ ။ သို့ ကြောင့် ဖန်ဂေါ်လီလုံးလေးလို ကြည်လင်ဝိုင်းစက်နေသောသူမ၏မျက်လုံးပြူးလေးများဖြင့် ထိုအရိပ်ကိုလှမ်းကြည့်ရင်း မျက်နှာမြင်ရလို မြင်ရငှား လက်ရမ်းပွတ်တိုင်လုံးများ၏သစ်သားပေါက်များကြားသို့ ကျားသစ်တစ်ကောင်လို ငုံ့လျှိုးချောင်းကြည့်သည်။ သို့သော်လည်း အပေါ်ထပ်က အနည်းငယ်မှောင်နေ၍ ကြိုးစားရကျိုးမနပ် ။ အရိပ်ရှင်၏မျက်နှာကို မမြင်ရ ။ အရိပ်ကတော့ ထိုနေရာတွင်ပဲ မလှုပ် မယှက်ရှိနေဆဲ…။

H H H H H

     သီရိနွယ်က အသက်(၃၁)နှစ်အရွယ်မိန်းမပျိုလေးတစ်ဦး ။ မိဘများက ပိုက်ဆံရှိလူတန်းစားဖြစ်သဖြင့် စားပေါက်ချောင်မည့်အလုပ် များကို ပင်ပင်ပန်းပန်းရှာဖွေလုပ်ကိုင်စရာ မလို၍ သူမ ဝါသနာပါသောစာရေးခြင်းအမှုကို အားသွန်ခွန်စိုက်ပြုနေသူ ။ တစ်နည်းအားဖြင့် တက်သစ်စစာရေးဆရာမလေး “အိနြေ္ဒမိုးခ”…။ “အိနြေ္ဒမိုးခ”ဟူသောကလောင်ဖြင့် လုံးချင်းဝတ္ထု ၃/၄အုပ် ထုတ်ပြီးပြီဖြစ်သော သီရိနွယ် သည် ဝတ္ထုများကို နေအိမ်တွင် ရေးသားလေ့မရှိဘဲ သူမ၏ဇာတ်ကောင်/ဇာတ်လမ်းနှင့် လိုက်ဖက်ညီမည့်ဒေသများသို့ သွားရောက်လေ့ လာကာ အခြေချရေးသားတတ်သူဖြစ်ရာ ယခုတစ်ခေါက်တွင်လည်း ဇာတ်အိမ်၏အခြေအနေအရ မိတ္ထီလာမြို့သို့ သွားကာ အိမ်တစ်လုံး တွင် ငှားရမ်းနေထိုင်ပြီး ဝတ္ထုကို အခြေတည်ရေးသားနေခြင်းဖြစ်သည် ။ အမှန်တော့ သူမ- မိတ္ထီလာမြို့သို့ ရောက်ရှိနေသည်မှာ (၂)ရက် သာ ရှိသေးသည် ။
    ယခင်က မိတ္ထီလာသို့ သူမ မရောက်ဖူးသဖြင့် မိတ္ထီလာမြို့၏ရာဇဝင်နှင့်သမိုင်းကြောင်းများကို သူမ ကြားဖူးနားဝပင် မရှိ ။
   “ မိတ္ထီလာကန်ဝယ်…ဖားကောက်ခဲ့ပါ့မယ်…
     ဗျိုင်း ရှေ့က ပျံကာ,ပျံကာရယ်…”
ဟူသောသားချော့တေးကို နားဆင်ခဲ့ရစဉ်က မိတ္ထီလာဟူသည်မှာ ကန်တစ်ကန်၏အမည်ဖြစ်ပေလိမ့်မည်ဟု သာမန်ကာလျံကာတွေးခဲ့ဖူး ၏ ။ အရွယ်အတန်ငယ်ရောက်မှ တိတိပပသိလိုက်ရသည်က မိတ္ထီလာဟူသည်မှာ မြို့တစ်မြို့၏အမည်နာမဖြစ်ပြီး မိတ္ထီလာမြို့တွင်ရှိ သောကန်ကြီးဖြစ်၍ မိတ္ထီလာကန်ဟုခေါ်တွင်ခြင်းသာ…။
     မိတ္ထီလာသို့ ညနေ(၆)နာရီခန့်ကရောက်ရှိခဲ့၍ ရောက်ရောက်ချင်းညက ဟိုတယ်တွင်တည်းခိုခဲ့ပြီး မနက်မိုးသောက်သည့်အခါ သီရိ နွယ်- တည်းခိုနေထိုင်ရန်အတွက် အိမ်ခန်းရှာရတော့သည် ။ ဝတ္ထုရေးပြီးသည်အထိ ဟိုတယ်တွင်သာ တည်းခိုနေပါက စားရေးသောက် ရေး/သွားလာရေး ပို၍အဆင်ပြေမည်ဖြစ်သော်လည်း သီရိနွယ်က မိန်းကလေးဖြစ်နေ၍ မသင့်တော်ချေ ။ ဟိုတယ်ဆိုသောနေရာက လူ ပေါင်းစုံ စရိုက်ပေါင်းစုံဖြစ်ပြီး အမှောင်လောကသားနှင့်ညည့်ငှက်များလည်း ညအချိန်တွင် ကျက်စားနိုင်သောကြောင့် သီရိနွယ်လို ငယ် ငယ်ရွယ်ရွယ် ချောချောလှလှမိန်းကလေးတစ်ယောက်အတွက် လုံခြုံမှု နည်းပါးသောနေရာ ။ သိက္ခာရှိသူများ စုငှားနေထိုင်မည့်အိမ် တစ်အိမ်တွင် အခန်းတစ်ခန်း ငှား၍နေလျှင် ပိုသင့်တော်မည်ဖြစ်တာကြောင့် အိမ်ခန်းရှာခဲ့ရာ သီရိနွယ် မျှော်မှန်းထားသည်နှင့် ထပ်တူ ကျသောအိမ်တစ်အိမ်ကို ကန်ကြီးနှင့်မနီးမဝေး၌ တွေ့ရှိခဲ့ရ၏ ။
          အိမ်ကြီးက ရှေးဟောင်းဘိုတဲကြီးတစ်လုံးဖြစ်ပေမဲ့ ပြန်လည်ပြုပြင်ဆောက်လုပ်ထားသောကြောင့် ခမ်းနားခြင်းနှင့်သစ်လွင်ခြင်း တို့ဖြင့် တင့်တယ်နေလေသည် ။ ကန်ကြီးနှင့်မနီးမဝေးတွင်ဖြစ်၍ သန့်ရှင်းလတ်ဆတ်သောလေနုအေးတို့ကို ရှူရှိုက်ခံစားနိုင်ပြီး ခြံဝန်းက လည်း ကျယ်ကျယ်ဝန်းဝန်းနှင့်မို့ ဆိတ်ငြိမ်အေးချမ်းလှသည် ။ နောက်ပြီး သီရိနွယ် မျှော်လင့်ထားသည့်အတိုင်း အိမ်ရှင်တွေကလည်း အသက်(၂၅)နှစ်အရွယ် ညားခါစလင်မယားနှစ်ဦး ။ လင်မယားနှစ်ဦး၏ပုံစံက အသားညိုညို ကိုယ်လုံးသွယ်သွယ်များဖြစ်ကြပြီး မျက်နှာ ပေါက်ကလည်း နှစ်ယောက်သား မောင်နှမအလား ထင်မှတ်မှားရမတတ် ရုပ်ချင်းဆင်လှသည် ။ သြော်…သို့ကြောင့်လည်း အသွင်တူမှ အိမ်သူ , ရုပ်ရည်နှင့်အကျင့်စရိုက်တူမှ လင်မယားဖြစ်နိုင်သည်ဟု ပြောစမှတ်ပြုခဲ့ကြသည်ကိုး ။
       သီရိနွယ်က ဘိုတဲကြီး၏ပထမဆုံးအိမ်ငှားဖြစ်လေ၏ ။ သီရိနွယ်ကို ဘိုတဲရှင်လင်မယားနှစ်ဦးဖြစ်သော မောင်ဘုန်းပြည့်နှင့်မရင်နု တို့က ဖော်ဖော်ရွေရွေကြိုဆိုကာ အိမ်ကြီး၏ဒုတိယထပ်တွင် နေရာချပေးခဲ့သည် ။ အိမ်ကြီးမှာ ယခင်က မရင်နု၏မိဘများပိုင်ဆိုင်သော ဘိုးဘွားပိုင်အိမ်ကြီးဖြစ်ကြောင်း ၊ မိဘများက မရင်နု အိမ်ထောင်ကျသည့်အခါ မင်္ဂလာဦးလက်ဆောင်အနေဖြင့် အမွေပေးခဲ့ကြောင်း ၊ ဘိုးဘွားပိုင်အိမ်ဖြစ်တာကြောင့် မရောင်းရက်၍ အိမ်ကြီးကို ပြုပြင်ကာ အိမ်ငှားတင်ရန် စိတ်ကူးမိကြောင်း ၊ မကြာမီကပဲ အိမ်ကြီးကို ပြု ပြင်ပြီးခဲ့ရာ သီရိနွယ်မှာ ပထမဆုံးအိမ်ငှားဖြစ်ကြောင်းတို့ကို မရင်နုက ရွှန်းဝေစွာပြောပြလေသည် ။ စကားပြောကောင်းပြီး သဘောရိုး စင်းသော မရင်နုတို့လင်မယားနှင့်သီရိနွယ်မှာ အချိန်တိုအတွင်းတွင် မောင်နှမရင်းပမာ ခင်မင်သွားခဲ့ကြသည် ။ သို့နှင့် သီရိနွယ်တစ် ယောက် ဘိုတဲကြီးပေါ်သို့ ရောက်ခဲ့၏ ။

H H H H H

       ပထမဆုံးညတွင်ပင် ထူးခြားမှုတစ်ခုကို သီရိနွယ် ကြုံတွေ့ခဲ့ရသည် ။ အိမ်ကြီးမှာ ညဦးပိုင်းရောက်လာသည်နှင့် အေးစိမ့်ကာ ချမ်း စီးစီးကြီးဖြစ်လာသောကြောင့် သီရိနွယ်လည်း အနွေးထည်ထုတ်ဝတ်ပြီး လုပ်နေကျအတိုင်း ညည့်သန်းခေါင်အထိ စာထိုင်ရေးတော့၏ ။ vampireအလား ညည့်အခါ ကျက်စားလှုပ်ရှားပြီး မနက်နေမြင့်မှ အိပ်ရာထတတ်သည်မှာ သီရိနွယ်၏ နိစ္စဒူဝဖြစ်စဉ်တစ်ခုပင် ။ ယခု လည်း ထုံးစံအတိုင်း ညည့်(၁)နာရီထိုးခါနီးတွင် ရေးနေသောဇာတ်လမ်း၏နိဒါန်း အဆုံးသတ်သွားခဲ့ပြီမို့ အပိုင်း(၁)စရန် အားခဲလိုက်စဉ် အပေါ်ထပ်မှာ တရှပ်ရှပ်ခြေသံကြောင့် သီရိနွယ် ခေါင်းထောင်သွားခဲ့ရ၏ ။
   “ ရှပ်…ရှပ်……ရှပ်…ရှပ်…”
- ခြေသံ…ခြေသံ…။ ဘယ်က အသံပါလိမ့်…။
ရေးလက်စစာကိုရပ်ကာ အသံကို နားစွင့်လိုက်တော့ အသံက အပေါ်ထပ်မှ သေချာစွာထွက်ပေါ်နေခြင်းဖြစ်ရာ သီရိနွယ် စိတ်ဝင်စား သွားသည်။ အဘယ့်ကြောင့်ဆိုသော် အိမ်ရှင်လင်မယားပြောကြားစဉ်က အပေါ်ထပ်နှင့်မိမိအခန်း၏တစ်ဖက် အိမ်ကြီး၏ဘယ်ဘက်ခြမ်း တွင် လူငှား မရောက်ရှိသေးဟူ၍ဖြစ်သည် ။ ဘိုတဲကြီးတွင် အထပ်သုံးထပ်ရှိပြီး တစ်ထပ်လျှင် အခန်းနှစ်ခန်းစီပါရှိရာ သီရိနွယ်က ဒုတိ ယထပ် ညာဘက်ခြမ်းတွင် နေထိုင်သူဖြစ်သည် ။ အိမ်ရှင်လင်မယားက အောက်ထပ်တွင် နေထိုင်ခြင်းဖြစ်ရာ ဤသို့ဆိုလျှင် အပေါ်ထပ် မှခြေသံရှင်သည် မည်သူများ ဖြစ်နေလေမလဲ…သီရိနွယ် စိတ်ဝင်စားသွားခဲ့ပြီ ။
       သီရိနွယ်သည် စာရေးဆရာပီပီ စပ်စုအားသန်သည်မို့ အခန်းထဲမှ တိတ်တဆိတ်ထွက်ကာ အပေါက်ဝမှနေ လှေကားဆီသို့ မော့ ကြည့်လိုက်မိရာ တွေ့မြင်လိုက်ရသည်က လှေကားထစ်တွင် ခြေဆင်းထိုင်နေသောလူတစ်ယောက်၏အရိပ်…။ သူခိုးသာဆိုလျှင် ထိုသို့ အေးအေးလူလူ ထိုင်နေဝံ့မည်မထင်၍ အပေါ်ထပ်မှလူဟာ သူခိုးမဖြစ်နိုင်ဟု ယူဆမိသဖြင့် အနည်းငယ် စိတ်သက်သာရာရသွားခဲ့၏ ။ သို့ပေမဲ့ ပဟေဋ္ဌိအတွေးကတော့ ခေါင်းထဲတွင် ပြေးလွှားနေဆဲ…ထိုလူက ဘယ်သူလဲ ။
   “ ဟာ…”
ကံကောင်းထောက်မ,စွာပဲ သီရိနွယ်တစ်ယောက် အလုပ်အကိုင်ပျက်လောက်သည်အထိ ကြာကြာစဉ်းစားခန်း မဝင်လိုက်ရ ။ ငါးမိနစ် ခန့်ကြာသည့်အခါ လှေကားထစ်တွင် ခြေချထိုင်နေသောအရိပ်သည် ကြည့်နေရင်းမှာပဲ မြင်ကွင်းထဲမှ ဖျတ်ခနဲပျောက်ကာ တရှပ်ရှပ် လျှောက်ထွက်သွားသောခြေသံကိုသာ ကြားရတော့၏ ။ ထိုင်နေရာမှ ထရပ်ခြင်း ၊ ထရပ်ရာမှ လျှောက်ထွက်သွားခြင်းတို့ကိုသာ ဆက် တိုက် တွေ့ရပါက အပေါ်ထပ်တွင် တစ်ယောက်ယောက် ရောက်နေပြီထင်ရဲ့ဟု သီရိနွယ်- တွေးမိစရာ ရှိပေမဲ့ ယခုမှာ ကြည့်နေရာမှ ဖျတ်ခနဲပျောက်ကာ တစ်ဖက်သို့ တရွေ့ရွေ့လျှောက်သွားသောအသံကိုသာ ကြားနေရခြင်းဖြစ်တာကြောင့် သီရိနွယ်ခမျာ “အား”ခနဲ အော်မိမတတ် ထိတ်လန့်သွားခဲ့ပြီး အိမ်ခန်းထဲသို့ ပြေးဝင်ကာ ဘုရားစာရွတ်ရင်း မိုးလင်းခဲ့ရတော့၏ ။

H H H H H H H H H H H H H

       ဘုန်းပြည့်နှင့်ရင်နုတို့သည် တက္ကသိုလ်တွင် တွေ့ဆုံကာ ချစ်သူများဖြစ်ခဲ့ကြပြီး ဘွဲ့ရသည့်အခါ လက်ထပ်ခဲ့ကြသည် ။ ကျောင်းပြီး ပြီးချင်း လက်ထပ်လိုက်ကြခြင်းဖြစ်ရာ နှစ်ဦးလုံးတွင် အလုပ်အကိုင် မည်မည်ရရ မရှိ ။ နိုင်ငံ၏အခြေအနေကြောင့် ရရှိထားသည့်ဘွဲ့မှာ လည်း နံရံတွင်ချိတ်ထားသည့်ဘွဲ့ဓါတ်ပုံလောက်ပင် အသုံးမဝင်သောကြောင့် ဘုန်းပြည့်ခမျာ ဘယ်နေရာမှ တိုးမရ ။ နောက်ဆုံး ရင်နု ၏အမေက ကြည့်မနေနိုင်တော့၍ ဘိုးဘွားပိုင်အိမ်ကြီးတစ်လုံးကို အမွေပေးကာ အိမ်ငှားစားရန် အကြံပြု၏ ။ အိမ်ကြီးမှာ အတော့်ကို အို ဟောင်းနေပြီဖြစ်သော်လည်း နေရာဒေသက အချက်အချာကျသလို ခြံကျယ်ဝန်းကျယ်ကြီးလည်း ဖြစ်သည်မို့ ပြန်လည်ပြုပြင်လိုက်ပါက အားလုံးအိုကေသွားလိမ့်မည်ဟုတွေးကာ ဘုန်းပြည့်တို့ ကြိုးစားကြသည်။ လက်သမား/ပန်းရံသမားအချို့ကိုငှားကာ အိမ်ကြီးကို အသစ် လို ခမ်းနားနေအောင် ပြုပြင်လိုက်သည် ။ ဆေးကျကျနနသုတ်လိမ်းပြီးသည့်နောက် အိမ်ကြီးမှာ ရှယ်ဖြစ်သွားခဲ့သည် ။
       ရင်နု၏မိဘများက သူဌေးများဖြစ်ကြ၍ ကိုယ်ပိုင်အိမ်၂လုံး/၃လုံးရှိရာ ဤဘိုးဘွားပိုင်အိမ်ကြီးကို လူငှားမတင် ၊ ခြံစောင့်မခေါ်ဘဲ သည်အတိုင်း ပစ်ထားခဲ့ခြင်းဖြစ်သည် ။ သို့ကြောင့်လည်း အိမ်ကြီးမှာ ထိန်းသိမ်းမည့်သူ မရှိ၍ ယခုလို ယိုယွင်းနေရခြင်းဖြစ်ရာ ရင်နုတို့ လင်မယား ကြိုးစားပမ်းစားပြုပြင်မွမ်းမံလိုက်သည့်အခါ ယခင်ထက်မက ခမ်းနားသွားသည် ။ အရောင်ကို ဘိုဆန်ဆန်ချော့ကလက်နှစ် ရောင် သုတ်ထားရုံမက အိမ်ရှေ့တွင်လည်း ဒန်းနှင့်ထိုင်ခုံငယ်လေးများ ချထားသောကြောင့် အိမ်ကြီးမှာ နေချင့်စရာဖြစ်နေသည် ။
      အိမ်ကြီးသို့ အပြီးပြောင်းလာသည့်ည၌ပင် ရင်နုတစ်ယောက် ထူးထူးဆန်းဆန်းများ ကြုံရတော့၏ ။ ငယ်စဉ်ကတည်းက မိဘနှစ်ပါး ၏အနီးတွင် ကပ်ချွဲကာ ကလေးမလေးလိုနေလာခဲ့ရသောရင်နုသည် အိမ်ထောင်ကျသည့်အခါတွင် မနေတတ်မထိုင်တတ်ဖြစ်ခဲ့ရသည်။ အိမ်ထောင့်တာဝန်ကို မနိုင်နင်းသောကြောင့် မဟုတ် ။ ရင်နုက မိခင်၏ပဲ့ပြင်ဆုံးမတတ်မှုကြောင့် ထမင်း/ဟင်း အချက်အပြုတ် တတ် ကျွမ်းရုံမက အိမ်သန့်ရှင်းရေးမှအစ အဝတ်အစားလျှော်ဖွတ်သည်အဆုံး ဗိုင်းကောင်းကျောက်ဖိ မိန်းမပီသသူဖြစ်၏ ။ သူ မနေတတ် မထိုင်တတ်ဖြစ်ရသည်မှာ ဘုန်းပြည့်ကြောင့်…။
      ဘုန်းပြည့်သည် တစ်ကောင်ကြွက်ဖြစ်ပြီး ဘကြီးဖြစ်သူနှင့်အတူ ကြီးပြင်းလာခဲ့သူ…။ ရုပ်ရည်အသင့်အတင့်ရှိပြီး ငွေကြေးချို့တဲ့သူ ဖြစ်ရာ သူငယ်ချင်းရင်နုက ဘုန်းပြည့်၏ဘဝကို ကရုဏာသက်ရာမှ ချစ်သူတွေ ဖြစ်ခဲ့ကြခြင်းဖြစ်သည် ။ လက်ထပ်ပြီးသည့်နောက် ဘုန်း ပြည့်တစ်ယောက် ရရှိသည့်ဘွဲ့နှင့် ကိုက်ညီမည့်လုပ်ငန်းများကို ကြိုးစားရှာဖွေပါသော်လည်း အဆင်ကမပြေ ။ နောက်ဆုံး အဆင်ပြေရာ လုပ်မဟဲ့ဟုတွေးကာ toll gate - night dutyတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည် ။ ည(၅)နာရီထိုးပြီဆိုလျှင် တာဝန်ယူထားရာဂိတ်ဆီသို့ ဘုန်းပြည့် သွားရပြီ ။ ဤတွင် အိမ်ကြီး၌ ရင်နုတစ်ယောက်တည်း ကျန်ရစ်ခဲ့ရ၏ ။ တစ်ယောက်တည်းနေရမှတော့ ရင်နု မနေတတ် မထိုင်တတ်ဖြစ်ပြီပေါ့ ။ ပစ္စည်းများများစားစား မရှိ၍ သူခိုးသူဝှက်ရန်ကို မကြောက်ရသော်လည်း အရွယ်ငယ်သေးသည်မို့ မသမာသူများ ၏ရန်ကိုတော့ စိုးရိမ်စိတ်ဝင်မိသည် ။ နောက်ပြီး တစ္ဆေသရဲလည်း ကြောက်သေးသကိုး ။
      ဘိုတဲအိမ်သစ်ကြီးသို့ ပြောင်းရွှေ့လာသည့်အခါ ရင်နု ကြိတ်ပျော်ခဲ့ရသည် ။ ဘိုတဲကြီးသည် ယခင်ငှားနေခဲ့သောအိမ်များနှင့် မတူ၊ ကြီးမားခန့်ထည်လှသလို အိမ်ငှားများလည်း တင်ထားမည်ဖြစ်သောကြောင့် ယခင်ကကဲ့သို့ တစ်ကိုယ်တည်း အထီးမကျန်တော့ပေ ။ အိမ်သစ်သို့ ရောက်သည့်နေ့တွင် ပစ္စည်းများကို စိတ်တိုင်းကျနေရာချပြီးမှ ရင်နု နားရ၏ ။ မောမောပန်းပန်းနှင့် ဧည့်ခန်းဆိုဖာပေါ်တွင် ပစ်လှဲထိုင်ချလိုက်ပြီး နာရီကို မော့ကြည့်မိသည် ။ ညနေ(၆)နာရီထိုးတော့မည် ။ ဘုန်းပြည့်က အလုပ်သွားပြီဖြစ်သဖြင့် ကျယ်ဝန်းလှ သောဘိုတဲကြီးတွင် ရင်နုတစ်ယောက်တည်းရယ်…။ ရောက်ရောက်ချင်းလည်းဖြစ်နေ၍ ဘယ်ရယ်မဟုတ် စိတ်အားငယ်သလိုလို…။
   “ ချွတ်…ခ…လွတ်…”
အပြင်ဘက်ဆီက ခြေသံလိုလိုကြားလိုက်ရသဖြင့် ရင်နု စိတ်လှုပ်ရှားသွားရသည် ။ ဘာပါလိမ့်…။ ထိုင်ရကောင်းနိုး ထရကောင်းနိုးနှင့် ချီ တုံချတုံဖြစ်ပြီးမှ ထမကြည့်လို့ မဖြစ်သေးပါဘူး…။ တော်ကြာ သူခိုးသူဝှက်ဖြစ်နေမှ ခက်မယ်ဟုတွေးမိကာ ထိုင်နေရာက ထလာလိုက် သည်။ အိမ်ကြီးသည် တိမ်ကောစပြုနေပြီဖြစ်သောရောင်နီသဲ့သဲ့အောက်တွင် အသေကောင်လို ငြိမ်သက်တိတ်ဆိတ်နေသည်မှာ ကျော ချမ်းချင်စရာ…။
   “ သြော်…ဒီကောင်လေးတွေပဲ ။”
တံခါးမကြီးနားကို သာသာကလေးတိုးကပ်သွားပြီး တံခါးကိုလှစ်ခနဲဖွင့်ကာ ချောင်းကြည့်လိုက်တော့ မျှော်လင့်ထားသည့်အရာများ မဟုတ်သဖြင့် ပြုံးလိုက်မိ၏ ။ ခြေသံထွက်ပေါ်စေခဲ့သူက “ငညိုနဲ့ငကျား”…။ သူတို့နှစ်ကောင်က ရောက်ကတည်းက ညနေစောင်းချိန်ထိ အိမ်ပေါ်သို့ လုံးလုံးမတက်ကြသေး…။ နေရာစိမ်းဒေသစိမ်းကို စူးစမ်းလေ့လာရေး လုပ်နေကြလေသလား မပြောတတ် ။ ခွေးနှစ်ကောင် သည် အိမ်ရှေ့ဒန်းဘေးကသစ်ပင်အောက်တွင် ဟိုဟိုသည်သည်လမ်းသလားလျက်ရှိ၏ ။
- အလို…မျက်လုံးတွေကလည်း အိမ်ကြီးဘက်ကို စူးစူးရွားရွားလှမ်းကြည့်နေပါလား ။ ဘာဖြစ်လို့လဲ မသိ ။
   “ ငညို…ငကျား…သားကြီးတို့တတွေ အိမ်ပေါ်တက်ကြတော့လေ ။ အမေ တံခါးပိတ်တော့မှာနော် ။”
ရင်နုက ခါတိုင်းခေါ်နေကျအတိုင်း ချော့ချောက်ခေါ်လိုက်သည် ။ ပုံမှန်ဆို ထိုသို့ခေါ်လိုက်လျှင် အမြီးရှည်ရှည်ကို ဘယ်ညာယမ်းကာ အိမ်ပေါ်သို့ ပြေးတက်လာကြစမြဲ…။ ယခုများတော့ ရင်နု၏အသံကိုပင် အဖက်မတန် အရေးမလုပ်…။ အမြီးကုတ်လျက် ထိုနားတဝိုက် တွင်သာ လမ်းသလားရင်း အီနေကြ၏ ။ ပုံစံတွေက တစ်စုံတစ်ရာကို စိုးရိမ်ကြောင့်ကျနေကြသည့်ဟန် ။ သူတို့နှစ်ကောင်၏အမူအရာ ကို ကြည့်ပြီး ရင်နု၏စိတ်ထဲ တစ်မျိုးကြီးဖြစ်လာမိပြီ ။
- ငညိုတို့ ဘာကိုကြောက်ရွံ့နေကြပါလိမ့်…။
နေမင်းကြီး တရွေ့ရွေ့ငုပ်ဝင်ပျောက်ကွယ်သွားချိန်တွင် အမှောင်ထုက တစတစကြီးစိုးမင်းမူလာသည် ။ ယခုမှ ပြောင်းရွှေ့လာရ၍ ပတ်ဝန်းကျင်အသစ်နှင့် မရင်းနှီးသေးသလို သူ့အရပ်သူ့ဇာတ်ကြောင်းလည်း မသိရှိသေးတာကြောင့် စောစောစီးစီး ခြံတံခါး အိမ်တံခါး ပိတ်ကာ အိပ်မည်ဟုတွေးမိသည် ။ အချိန်ကလည်း မှောင်ရိပ်ပျိုးသွားခဲ့ပြီမို့ အိမ်တံခါးကို လော့ချသင့်ပြီ ။ သို့ပေမဲ့ လော့ချ၍ မရသေး ။ ငညိုနှင့်ငကျားက အိမ်နားသို့ မကပ်သဖြင့် ဇွတ်အတင်းအိမ်ထဲဆွဲသွင်းရသည် ။ ဒါတောင် နှစ်ကောင်သား အိမ်ထဲမဝင်ဘဲ တံခါးနား ကပ်ကာ အီနေကြသည် ။ ရင်နုလည်း မတတ်နိုင်တော့ ။ အိမ်တံခါးကို သော့ပိတ်ကာ အိပ်ခန်းထဲသို့ ဝင်ခဲ့၏ ။
   “ အီ…အီ…အွတ်…အူး…”
အသံမှ အမျိုးမျိုး…။ ပုံမှန်ဆိုလျှင် ဧည့်စိမ်းလာမှ တရှိန်ထိုးဟောင်တတ်သောခွေးနှစ်ကောင် ။ အခြားအချိန်များတွင် အလွန်အနေအေး ပြီး ဘာကျွေးကျွေး စားတတ်သောခွေးနှစ်ကောင် ။ သခင်အပေါ် အလွန်မင်ပြီး အိပ်ခန်းထဲဝင်အိပ်တတ်သောခွေးနှစ်ကောင်သည် ထိုနေ့ ညကျမှ အိပ်မရအောင် တစ်ချိန်လုံးအီနေသည် ။ အီရုံသာမက အသံအမျိုးမျိုးပြုကာ တစ်ချက်တစ်ချက် ဆွဲဆွဲငင်ငင်အူ၏ ။ စဉ်းစားသာ ကြည့်လှည့်ပါ…။ အားကိုးအားထားပြုစရာယောက်ျားသားမပြောနှင့်…အခန်းဖော်ပင် မရှိစဉ် အဖော်ဖြစ်သောခွေးနှစ်ကောင်က ဆွဲငင်အူ မြည်နေလေတော့ ရင်နုတစ်ယောက်လည်း နေစရာပင် မရှိတော့ ။ စောင်ကြီး ခေါင်းမြီးခြုံကာ ဇွတ်ပေအိပ်နေမိသည် ။ ထိုစဉ်…
   “ ဂျစ်…ဂျစ်……ဂျစ်…ဂျစ်…”
လော့ချထားသောအိပ်ခန်းတံခါးကို သာသာဖွဖွလာခြစ်သောအသံ…။ ပထမတွင် စိတ်ထင်တာများလားဟုတွေးကာ ငြိမ်ငြိမ်ကလေး နား ထောင်ကြည့်တော့ အသံက အခန်းအပြင်မှ ထွက်ပေါ်နေခြင်းဖြစ်ရာ ရင်နုမှာ ချောက်ချားသထက်ချောက်ချားသွားခဲ့ရပြီ ။
- ဘယ်သူလဲ…အခန်းအပြင်မှာ ဘယ်သူလဲ ။ ဘာကြောင့် အခန်းတံခါးကို လက်သည်းနဲ့ လာခြစ်နေရတာလဲ ။
ထိုအတွေးနှင့်အတူ စိတ်၏မြန်လှသောအရှိန်အတိုင်း လှစ်ခနဲပြေးထွက်သွားကာ အမျိုးမျိုးလျှောက်တွေးမိသည် ။
    ဤအိမ်ကြီးသည် ဘိုးဘွားပိုင် အိမ်ကြီးဖြစ်၍ နှစ်ပရိစ္စေဝကြာမြင့်လောက်ပြီဖြစ်ရာ မမြင်ရသောပုဂ္ဂိုလ်များ ခိုအောင်းနေထိုင်နိုင်သည် မဟုတ်ပါလား ။ မမြင်ရသောဝိညာဉ်တို့သည် နှစ်ပေါင်းများစွာ လူသူကင်းမဲ့သောအိမ်ကြီးတွင် ချောက်လှန့်စရာမရှိ ပျင်းပျင်းရိရိနေထိုင် လာခဲ့ရာမှ ရင်နုတို့ကို တွေ့လိုက်ရသည့်အခါ ဝမ်းသာအားရချောက်လှန့်ကြလေသလား မသိ ။ မျက်လုံးထဲ၌လည်း ပုံသဏ္ဍာန်အမျိုးမျိုး သောတစ္ဆေသရဲတို့ကို မြင်ယောင်မိကာ အိမ်အပြင်သို့ ထွက်ပြေးသွားချင်စိတ်ပင် ပေါက်လာသည် ။ သို့သော်လည်း ထိုသို့လုပ်၍ မဖြစ်…။ အသက်အရွယ်က ငယ်ငယ်ဖူးဖူး ဆယ်ကျော်သက်အနုအရွလေးမဟုတ်တော့သလို အိမ်ထောင်သည်လည်းဖြစ်နေပြီဖြစ်သော ကြောင့် ထိုသို့သော ဆင်ခြင်တုံမဲ့သည့်စိတ်ကူးမျိုးကို အသိစိတ်က ခွင့်မပြုနိုင် ။
   “ ထွက်ပြေးလို့ ဘယ်ဖြစ်မလဲ ရင်နုရယ် ။ အိမ်ထဲကပစ္စည်းတွေကို သူများ လာမ,သွားမှာပေါ့ ။ နောက်ပြီး ဒီနေရာကို ငါက ဒ်ီနေ့မှ
     ရောက်တာ ။ ဘယ်သွားလို့ဘယ်လာရမှန်း သိတာလည်း မဟုတ်ဘူး ။”
ချောက်ချားနေသည့်စိတ်ကိုထိန်းကာ ကြိုးစားပြီး အိပ်ကြည့်သော်လည်း အိပ်၍မပျော် ။ တဂျစ်ဂျစ်အသံက အိပ်ချင်သည့်စိတ်ကို မောင်း ထုတ်ပစ်လိုက်ပြီ ။ ရင်နုလည်း ပေါက်တဲ့နဖူး မထူးတော့ဘူးဟူသောအတွေးဖြင့် အိပ်နေရာက ဝုန်းခနဲထထိုင်ကာ ဆုံးဖြတ်ချက်တစ်ခု ကို ပိုင်ပိုင်ချလိုက်သည် ။ ထိုတဂျစ်ဂျစ်အသံကိုကြားပြီး ကြောက်နေမည့်အစား ရင်ဆိုင်တွေ့ပစ်လိုက်တော့မည် ။ ဘာပဲပြောပြော ကြား နေရတာထက် တွေ့လိုက်ရတာက ပိုအဆင်ပြေသည် ။ ကြောက်စရာဆိုလျှင်လည်း မြင်မြင်ထင်ထင်ကြောက်ရတာ တော်သေးသည်မို့ အိပ်ရာမှ လူးလဲထကာ အခန်းတံခါးကို ဆွဲဖွင့်ပစ်လိုက်၏ ။

H H H H H

   “ ကျွီ…”
   “ ဂျစ်…ဂျစ်…ဂျစ်…ဂျစ်…”
   “ ဟောတော်…”
အသံက ရင်နု ထင်ထားသကဲ့သို့ တံခါးကို လက်သည်းနှင့် လာခြစ်နေသောအသံ မဟုတ် ။ ဧည့်ခန်းတစ်နေရာမှ ထွက်ပေါ်နေသော အသံဖြစ်သည် ။ ဤသို့ဆိုလျှင် တစ္ဆေသရဲ၏အသံမဟုတ်…။ ကြွက် သို့မဟုတ် ရှည့်လိုအကောင်ငယ်တစ်ကောင်ကောင် တစ်ခုခုလုပ် နေသောအသံဖြစ်လိမ့်မည် ။ တစ္ဆေသရဲမဟုတ်ကြောင်း ဂဃနဏသိလိုက်ရသဖြင့် စောစောကကိုယ့်အဖြစ်ကိုယ် ရယ်ချင်သွားမိသည်။ သြော်…တွေးလိုက်မိတာမှ အမျိုးမျိုး…။ အိပ်ချင်စိတ်ပျောက်ကာ စိတ်ရွှင်သွားတာကြောင့် အိပ်ခန်းထဲသို့ ပြန်မဝင်တော့ဘဲ ဧည့်ခန်းသို့ လျှောက်လာခဲ့၏ ။ အချိန်က (၈)နာရီတောင် မထိုးသေး…။ တီဗွီကြည့်လျှင် ကိုရီးယားကားမီသေးသည် ။
   “ အီ…အီ…အီ…”
တံခါးကို ခေါင်းနှင့်တိုးဝှေ့ကာ တအီတည်းအီနေသောငညိုနှင့်ငကျားက ရင်နု ထွက်လာသည်ကိုမြင်တော့ အားကိုးတကြီးလှမ်းကြည့်ကြ သည် ။ ခွေးနှစ်ကောင်၏မျက်လုံးထဲတွင် ရင်နု ခံစားတွေ့မြင်လိုက်ရသည်က အကြောက်တရားများ…။ ငညိုနှင့်ငကျားတို့ သိပ်ကြောက် နေကြပုံရသည် ။ နေရာစိမ်းဒေသစိမ်းသို့ရောက်လျှင် ခွေးတွေ ထိုကဲ့သို့ ကြောက်လန့်နေတတ်ကြပါသလား…။ ရင်နုလည်း မတွေးတတ် တော့ချေ ။ သူတို့နှစ်ကောင်ကို ပေလေယကံသဘောထားကာ တီဗွီရှေ့ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး တီဗွီဖွင့်လိုက်သည် ။ ထင်သည့် အတိုင်း ကိုရီးယားဇာတ်လမ်းတွဲ လာနေဆဲ…။
   “ အီဟီ…အီဟီ…အီအီ…”
(၁၅)မိနစ်ခန့်အကြာတွင် ခွေးနှစ်ကောင်၏အီသံ သိသိသာသာစိပ်လာသည် ။ တစ်ချက်တစ်ချက်လည်း ဆွဲဆွဲငင်ထ,ထအူသဖြင့် ရင်နု မှာ…
   “ ဟဲ့…သားတို့  မအူရဘူးလေ ။ တိတ်…တိတ်စမ်း…”
   “ ခွေးစုတ်တွေ…တိတ်တိတ်နေကြတော့ ။ နင်တို့ကို အဖော်ရအောင်လို့ မွေးမိပါတယ် ။ ငါကို အသည်းငယ်အောင် ချောက်နေကြပါ
      လား ။”
ဟူ၍ ချော့တစ်လှည့် ၊ ဆူတစ်ခါမာန်မဲပြောဆိုနေရသည် ။ သို့သော်လည်း ခွေးတွေက သူတို့လုပ်နေသောအလုပ်ကို ရပ်တန့်မသွားကြ ဘဲ တအီအီအသံပြုနေမြဲ ။ မျက်လုံးတို့ကလည်း ရင်နုနားတဝိုက်ကို ပြူးပြူးပြဲပြဲစိုက်ကြည့်နေလို့…။ ကြာတော့ ရင်နု အလိုလိုနေရင်း စိတ်အားငယ်လာမိသည် ။ စိတ်ချောက်ချားလာသည် ။ နောက်ပြီး အိမ်ကြီးကလည်း သိသိသာသာအေးစိမ့်နေ၏ ။
- အတော့်ကို အေးစိမ့်နေတဲ့အိမ်ကြီးပဲ ။
ထိုသို့ကောက်ချက်ချရင်း ဝတ်ထားသည့်အနွေးထည်ကို ရင်ဘတ်ကြယ်သီးတပ်လိုက်ပြီး တီဗွီကိုအသံကျယ်ကာ ဇာတ်လမ်းကိုသာ စိတ် ဝင်တစားကြည့်နေလိုက်သည် ။ မိုးလင်းစေချင်လှပြီ…။
   “ ဟင်း…ဟင်း……”
ပြောလျှင် ကိုယ့်ဘာသာကိုယ် စိတ်ချောက်ချားနေ၍ ကြားမိကြားရာကြားခြင်းဟုသာ ထင်ကြလိမ့်မည် ။ ရင်နုတစ်ယောက် ဇာတ်လမ်း ကို စိတ်ဝင်တစားကြည့်နေမိစဉ် နဘေးနားမှ အသံရှူသံကြီးကိုကြားလိုက်ရ၍ တုန်လှုပ်သွားခဲ့ရသည် ။ အသံရှူသံမှ ရိုးရိုးအသံရှူသံမျိုး တောင် မဟုတ်…။ ရင်ကျပ်ချွဲကျပ်နေသဖြင့် အားညစ်ပြီး ရှူသွင်းရှူထုတ်နေရသောအသံရှူသံမျိုး…။ အသံက ရင်နုနဘေးမှ ကြားနေရ ခြင်းဖြစ်တာကြောင့် ပို၍သွေးပျက်သွားခဲ့ရသည် ။ လှည့်မကြည့်ရဲ…လှည့်ကြည့်လိုက်လို့ မမြင်သင့်တာတွေ မြင်ရမှဖြင့်…။
   “ သမ်…သမ္ဗုဒ္ဓေ…အား…ဘုရား…ဘုရား…”
ဘုရားစာကိုပင် အမြီးအမောက်တည့်အောင် မဆိုနိုင်တော့ဘဲ ထိုနေရာမှ အိပ်ခန်းထဲသို့ ရင်နု အသည်းအသန်ပြေးထွက်သွားကာ စော စောကလို ခေါင်းမြီးခြုံပြီး အိပ်ပျော်အောင်အိပ်လိုက်တော့သည် ။

H H H H H H H H H H H H H

   ရင်နု၏ပြောစကားကြောင့် ဘုန်းပြည့် ခွီးခနဲရယ်ချလိုက်မိ၏ ။ ဘာတဲ့…တစ္ဆေအသက်ရှူသံဆိုပဲ ။ ညက ရင်နုတစ်ယောက် နေရာသစ် ဒေသသစ်တွင် အသားမကျဖြစ်ကာ အိပ်မက်ထူးထူးဆန်းဆန်းများ မြင်မက်ခဲ့ပုံရသည် ။ မိန်းကလေးလည်းဖြစ် ၊ ညဘက် တစ်ယောက် တည်းလည်း နေရတော့ သူ့ခမျာ ချောက်ချားရှာမှာပေါ့လေဟုတွေးကာ ဘုန်းပြည့် ကရုဏာသက်မိပေမဲ့ မရယ်ဘဲမနေနိုင် ။
   “ ကိုကို…နု စိတ်တိုလာပြီနော် ။ ဘာဖြစ်လို့ ရယ်နေရတာလဲ ။ နု ပြောတာကို မယုံဘူးလား ။”
   “ ဟားဟား…ဟို…မရယ်ဘဲမနေနိုင်လို့ပါ နုရယ် ။ စိတ်မတိုပါနဲ့ကွာ ။ ဟား…ဟ…ဘာ…တေစ ၦခြ်ဲက်ပ္သံၾကီး ဟုတ္လား ဟားဟား ။”
   “ ကြည့်စမ်း…ကြည့်စမ်း…လူကို လှောင်နေလိုက်တာများ မပြောလိုက်ချင်ဘူး ။ တစ်ယောက်တည်း သရဲခြောက်ခံရတာကိုတော့
      မသနားဘူး ။ ကိုယ်ချင်းမစာတတ်တဲ့လူကြီးကိုမှ ယူခဲ့မိတယ် အမေရဲ့ ။ သမီးအဖြစ်ကို မြင်လှည့်ပါဦး အီးဟီးဟီး…”
   “ သြော်…ဒုက္ခပါပဲ ။ နုကလည်း…ကလေးလေးကျနေတာပဲ ။ ဒီလောက်လေးနဲ့ ငိုရလား ။ ကိုယ်က နုကို ရိုက်နှက်နေတာမှ မဟုတ်
      တာကွာ ။”
   “ လူကို ရိုက်တာနှက်တာကမှ တော်ပါသေးတယ် ။ အခုဟာက စိတ်ကို ရိုက်နှက်နေတာ ။ နု ရင်ထဲ အရမ်းဝမ်းနည်းတယ် ။ ကိုကိုက
     နုကို မချစ်တော့ဘူး ။ ယူထားတာ တစ်နှစ်မပြည့်သေးဘူး ။ နုကို ပစ်ချင်နေပြီ ။”
   “ အာ…မဟုတ်ရပါဘူး နုရယ် ။ ကိုကိုက နုကို မချစ်လို့မဟုတ်ပါဘူး ။ နုကို ချစ်လို့နောက်နေတာပါ ။ ငိုနဲ့တော့နော် ။ တိတ်…။ ကဲ…
      နု အစကနေ ပြန်ပြော ။ ကိုကို သေချာနားထောင်ပေးမယ် ဟုတ်ပြီလား ။”
   “ တကယ်နော် ။ ဒါဆို မငိုတော့ဘူး ။ သေချာနားထောင်…။ ဒီလို ကိုကိုရဲ့ ။ ညဘက်လည်း ရောက်ရော နုလေ အလိုလိုနေရင်း စိတ်
     ထဲ ကြောက်လန့်လာတယ် ။ အိမ်ကြီးမှာ မမြင်ရတဲ့တစ်စုံတစ်ယောက် ရှိနေသလိုပဲ ။ နောက်ပြီး ထူးဆန်းတာတစ်ခုက အပြင်မှာ
     ဘယ်လောက်နေပူပူ အိမ်ထဲမှာ အေးစိမ့်နေတယ် ။ ညဘက်ဆို ပိုအေးလာတတ်တယ် ။ ကိုကို သတိထားမိလား ။”
ရင်နု စိတ်ဆိုးသွားမည်စိုး၍သာ ဘုန်းပြည့် ကြိတ်မှိတ်မြိုသိပ်ထားရသည် ။ စိတ်ထဲရှိသည့်အတိုင်း ပြောရမည်ဆိုလျှင်…
   “ ဒီလောက် သစ်ပင်ပန်းပင်တွေပေါပြီး အရိပ်အာဝါသကောင်းမှတော့ အေးပြီပေါ့ နုရယ် ။ ဘာရယ်…ညဘက်ကျ ပိုအေးလာတယ်…
     ဟုတ်လား ။ ဒီမှာ…နု…မင်းလည်း ခေတ်ပညာတတ် စာလည်းဖတ်တဲ့လူပဲ ။ ဒီလောက်တော့ သိသင့်ပါတယ် ။ နေ့ပူလို့ ညချမ်း
     တပေါင်းလသရမ်းတဲ့ ။ တပေါင်းလမှာ ညဘက်ပိုအေးလာတာ ဆန်းသလား နုရာ ။ မင်းကိုက စိတ်အားငယ်ပြီး လျှောက်တွေးနေ
     တာပါကွာ ။”
ဟူ၍ တစ်ခွန်းမကျန်ပြန်ဖြေလိုက်ချင်မိသည် ။ သို့ပေမဲ့ မရွှေချော ကောက်သွားမည် ၊ ငိုကြီးချက်မ,လုပ်မည်ကိုကြောက်၍ ဆိတ်ဆိတ် နေ,နေရ၏ ။
   “ ကိုကို…မေးနေတယ်လေ ။ ဘာတွေတွေးနေတာလဲ ။”
   “ ဟင်…ဘာ…ဘာမေးနေတာလဲ ။”
   “ ဟွန်း…ညဘက်ပိုအေးတာကို သတိထားမိလားလို့ ။”
   “ သြော်…အင်း ဟုတ်တယ် ။ ပိုအေးသလိုပဲ ။”
   “ သလိုပဲ မဟုတ်ဘူး ။ တကယ်ကို အေးနေတာ ။ ဟင်…နေပါဦး ။ ကိုကိုက ညဘက်ပိုအေးတာ ဘယ်လိုလုပ်သိမှာလဲ ။ ကိုကိုက
     မနေ့ညက အလုပ်သွားနေရတာပဲ ။ ဟွန်း…လူလိမ်ကြီး သိလည်းသိဘဲနဲ့ လျှောက်ပြော ။”
   “ ဟီး…ချစ်ချစ် စိတ်ချမ်းသာအောင် လိမ်မိတာပါကွယ် ။”
   “ ထားပါတော့…။ အဲဒါ နုရဲ့အခန်းတံခါးကို တစ်ယောက်ယောက်လာခြစ်သလို အသံကြားလို့ ကြောက်ကြောက်နဲ့ အပြင်ထွက်ကြည့်
     တော့ အသံက တခြားကလာတာဖြစ်နေတယ် ။ နုလည်း ကြွက်ကလေး/ရှည့်ကလေးတွေ ဆော့တဲ့အသံပဲနေမယ်လို့တွေးမိပြီး သိပ်
     မလန့်တော့ဘူး ။ ဒါနဲ့ အိပ်မပျော်တဲ့အတူ ရုပ်ရှင်ပဲသွားကြည့်တော့မယ်လို့တွေးပြီး ဧည့်ခန်းကိုထွက်လာတော့ အမယ်…ငညိုတို့နှစ်
     ကောင်က နုကို အားကိုးတကြီးမော့ကြည့်နေကြတယ် ။ စဉ်းစားကြည့်…ကိုကို ။ နုက သူတို့ကို အားကိုးရမှာလေ ။ အခုတော့ ဟုတ်
     ပေါင် ။ သူတို့က နုကို အားကိုးနေတဲ့ပုံတွေ ။ စိတ်ထဲလည်း လန့်သွားတာပဲ ။ အဲ…အခုမှ သတိရတယ် ။ နု အိမ်ရှေ့ရောက်တော့
     စောစောကကြားနေရတဲ့ တဂျစ်ဂျစ်အသံလည်း ချက်ချင်းပျောက်သွားရော ။ ဒါ ရိုးရိုးတိုက်ဆိုင်မှုမဖြစ်နိုင်ဘူး ကိုကို ။ နောက်တော့
     ဇာတ်လမ်းတွဲကြည့်နေရင်း နုရဲ့ဘေးနားကနေ အသံရှူသံပြင်းပြင်းကြီး ကြားလိုက်ရတယ် ။ အို…နု နားကြားမှားတာ မဟုတ်ဘူး ။
     ပြတ်ပြတ်သားသားကြီးကို ကြားလိုက်ရတာ ။ အသံက ပန်းနာရင်ကျပ်သည်လို အားစိုက်ပြီး ရှူနေရတဲ့အသံရှူသံကြီး ကိုကိုရယ် ။
     နုလည်း ဘေးဘီတောင် လျှောက်မရှာရဲတော့ဘူး ။ တစ်ခါတည်း အိပ်ခန်းထဲပြေးဝင်ပြီး စောင်ခေါင်းမြီးခြုံနေမိတော့တာပဲ ။ သေချာ
      တယ် ကိုကို ။ ဒီအိမ်မှာ နုတို့မမြင်ရတဲ့သူတစ်စုံတစ်ယောက်တော့ ရှိနေပြီ ။ ဘယ်လိုလုပ်ကြမလဲဟင် ။”
ရင်နုက မိမိ၏မျက်နှာကို မျှော်လင့်တကြီးစိုက်ကြည့်ပြီး မေးလိုက်ခြင်းဖြစ်ရာ ဘုန်းပြည့်လည်း စိတ်ညစ်သွားရသည် ။ ရင်နု စိတ်ကျေနပ် အောင် ဘယ်လိုပြန်ဖြေရပါ့မလဲ…။ ဘုန်းပြည့် မတွေးတတ် ။
   “ ဟို…ကိုကို စဉ်းစားလိုက်ပါ့မယ် ။ နု ဘာမှစိတ်မပူနဲ့တော့နော် ။ ဒီနေ့ပဲ ကိုကို တစ်ခုခုလုပ်လိုက်မယ် ။ ကဲ...ကိုကို ဗိုက်ဆာပြီ ။ နု
     ဘာချက်ထားလဲ ။”
   “ ရှယ်ချက်ထားပါတယ် ။ သရဲကြောက်ပေမဲ့ ကိုယ့်ယောက်ျား ပြန်လာရင် ဗိုက်ဆာနေမှာစိုးလို့ ကြောက်ကြောက်နဲ့ ထချက်ထားရ
     တာရှင့် ။ ငါးခေါင်းဟင်းချဉ် ၊ ငါးရံ့အူဆီပြန် ၊ နောက်ပြီး ကန်စွန်းရွက်ကြော်နဲ့ငါးပိရည်တို့စရာ ။”
   “ ဟာ…ရှယ်ပဲ နုရယ် ။ နေပါဦး ။ ငါးခေါင်းဟင်းချို မဟုတ်ဘဲ ဘာဖြစ်လို့ ငါးခေါင်းဟင်းချဉ်ဖြစ်နေရတာလဲ နု ။”
   “ ဟင်းဟင်း…ဒီလိုလေ ။ ငါးကြင်းခေါင်းနှစ်ခေါင်းကို ရေလုံပြုတ် ၊ ကြက်သွန်ဖြူနီထောင်းထည့် ၊ ဆားသင့်သလောက်ထည့်ပြီး မွှေး
     လာ/ပွက်လာတော့ မန်ကျည်းရည်ထည့်လိုက် ၊ နံနံပင်ခပ်လိုက်တယ်လေ ။”
   “ ရော်…နာမည်ကိုမေးတာ ဘာဖြစ်လို့ ဟင်းချက်နည်းတွေ လာပြောနေရတာလဲ ။”
   “ သြော်…ပြောမှာပေါ့ ကိုကိုကလည်း ။ အဖြေက ပါနေပြီကို ။ မန်ကျည်းရည်ထည့်လိုက်တော့ ချဉ်မသွားဘူးလား ။ ဒီတော့ ဟင်းချို
     ဘယ်ဟုတ်တော့မလဲ ။ ဟင်းချဉ်ပေါ့ ။ ချဉ်စပ်ဟင်းသောက်ချင်ရင် ငရုတ်သီးတောင့်လေးတွေပါ ထည့် ခစ်ခစ်…”
   “ ဟား…ဟား…ဟုတ်ပါပြီဗျာ ။ လာ…သွားစားကြစို့ ။”
ထိုစဉ်က ရင်နု၏ပြောစကားများကို ဘုန်းပြည့်- လုံးဝအယုံအကြည် မရှိခဲ့ ။ မှတ်ပုံတင်တွင် ဗုဒ္ဓဘာသာဟုရေးမှတ်ထားသည်ကလွဲပြီး ဘာသာတရား ကိုင်းရှိုင်းခြင်းမရှိသောဘုန်းပြည့်အတွက် ဘယ်အရာကိုမှ လက်ခံယုံကြည်စရာ မရှိ ။ အထူးသဖြင့် တစ္ဆေသရဲ…။ လူ သေလျှင် အားလုံးပြီးပြီ ၊ နောင်ဘဝဆိုတာ နတ္ထိဟုအစွဲရှိသောဘုန်းပြည့်သည် ထိုတစ္ဆေသရဲဆိုသောအရာများကို မယုံကြည်ပေ ။
    လူတစ်ဦးတစ်ယောက် သေဆုံးသွားပြီးနောက် တစ်စုံတစ်ရာကိုစွဲလန်းနေပါက မကျွတ်မလွတ်ဘဝနှင့် တစ္ဆေဖြစ်နေတတ်သည်တဲ့ ။ ပုံပြင်နှင့်ဝတ္ထုတချို့၌ တွင်တွင်ကြီး ရေးတတ်သုံးတတ်သောဝေါဟာရတချို့…စာကြောင်းတစ်ကြောင်း။ ဘုန်းပြည့် မယုံပါ ။ မယုံ၍လည်း ဤအိမ်တွင် အိမ်သစ်တက်ပွဲ၊ ဘုရားနေကဇာတင်ပွဲများ မပြုလုပ်ဘဲ သည်အတိုင်း တက်နေခဲ့ခြင်းဖြစ်သည် ။ သည်အိမ်တွင်မှ မဟုတ် ။ ယခင် ငှားနေခဲ့သောအိမ်များတွင်လည်း သည်အတိုင်းပါပဲ ။ သို့သော် မကြာမီတွင် ဘုန်းပြည့်- မယုံကြည်ချင်၍မရလောက်အောင် မျက် ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီ…။
     အလုပ်မှပြန်ရောက်ကတည်းက ဇနီးသည်ရင်နု၏ပူပူဆူဆူစကားသံလေးများကို ဆည်းလည်းသံအမှတ်နှင့် နားဆင်ခဲ့ရပြီး နေ့လယ် (၁၀)နာရီခွဲခန့်၌ နေ့လယ်စာစားသောက်ခဲ့ရာ လက်ရာမြောက်သောရင်နု၏ဟင်းလျာများကြောင့် ထမင်းမြိန်ခဲ့ရသည် ။ ဆိုးနွဲ့တတ်ပေမဲ့ မိန်းမပီသသောဇနီးသည်လေးပါပေ ။ ခေတ်ကာလသမီးပျိုများသည် ယနေ့ခေတ်ယနေ့အခါတွင် အမျိုးသားတို့နှင့် ရင်ဘောင်တန်းမည် ဟုဆိုကာ ထမင်းဟင်း ချက်ပြုတ်ခြင်းကို စိတ်မဝင်စားကြတော့ချေ ။ မိန်းမ/ယောက်ျား ခွဲခြားသောဝါဒ မရှိပေမဲ့ သမီးတစ်ယောက် သို့ မဟုတ် မိခင်တစ်ယောက်အနေဖြင့် ထမင်းဟင်းချက်ပြုတ်တတ်ရန် လိုအပ်သည်ဟု ဘုန်းပြည့်တော့ ယူဆသည် ။ သို့မှသာ မိဘကို သိ တတ်သောသမီးကောင်း ၊ သားသမီးအပေါ် သြဇာညောင်းသောမိခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပါလား ။
    အတွေးနယ်ချဲ့လျက် အိမ်ရှေ့ပက်လက်ကုလားထိုင်ထက်တွင် ဇိမ်ရစ်နေသည့်အခိုက် ဘုန်းပြည့်၏တစ်သက်တာတွင် မယုံကြည်နိုင် ဖွယ်ရာအဖြစ်အပျက်တစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံဆုံလိုက်ရသည် ။ ဘုန်းပြည့်တို့အိမ်ပုံစံက သုံးထပ်တိုက်အိမ်ဖြစ်ပြီး ရိုးရိုးရှင်းရှင်း ဖြစ်သည် ။ ဆင်ဝင်တွေ ဝရံတာတွေ မရှိ ။ အခန်းတိုင်းတွင် ပြတင်းပေါက်နှစ်ပေါက်စီ ရှိပြီး တောသူဌေးအိမ်ပုံစံမျိုးဖြစ်၏ ။ ဘုန်းပြည့်က အိမ်ရှေ့ တံခါးမကြီးနားတွင် ထိုင်နေခြင်းဖြစ်ရာ ဖွင့်ထားသောတံခါးနှင့်တန်းနေပြီး ခြံအပြင်ဘက်ကို လှမ်းမြင်နေရသည် ။
   “ ဟင်…ဘယ်သူပါလိမ့်…။”
ခြံထဲမှမြင်ကွင်းကို လှမ်းငေးကြည့်နေမိစဉ် အိမ်မျက်နှာစာတွင်စိုက်ပျိုးထားသော ခရေပင်ကြီးအောက်၌ ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရ၍ ဘုန်းပြည့် အံ့အားသင့်သွားသည် ။ မျက်စိမှားတာလား…စိတ်ထင်တာများလားဟုသံသယဝင်မိသဖြင့် ထိုင်နေရာမှ ထ ရပ်ကာ တံခါးနားသို့ လျှောက်သွားလိုက်ပြီး ထိုကလေးမကို သေသေချာချာလှမ်းကြည့်မိသည် ။ အမှန်ပါ…။ ကောင်မလေးက နေရာမှ မရွေ့ဘဲ အိမ်ကြီးဘက်သို့ မျက်နှာမူကာ စိုက်ကြည့်နေသည် ။ အတိအကျဆိုရသော် ကောင်မလေးက ဘုန်းပြည့်ကို မကျေမချမ်းစိုက် ကြည့်နေခြင်းဖြစ်သည် ။
   “ ဘာလဲဟ…ခြံထဲကို ဘယ်လိုလုပ်ဝင်လာတာလဲ ။”
ဘုန်းပြည့်တို့ခြံဝန်းက သမန်ကာလျံကာခတ်ထားခြင်းမျိုး မဟုတ်ဘဲ အုတ်တံတိုင်းခတ်ကာ သံဗန်းသံတံခါးကြီးနှင့် ပိတ်ထားခြင်းဖြစ်ရာ သော့ခတ်ထားသောခြံတံခါးကြီးကို ထိုကလေးမ မည်သည့်နည်းနှင့်မျှ မဖွင့်နိုင် ။ ထိုသို့ဆိုလျှင် သည်ကောင်မလေး ခြံထဲကို ဘယ်လို လုပ်ပြီး ရောက်နေတာလဲ ။
       ကလေးမလေးက ရှိလှမှ (၈)နှစ်/(၉)နှစ်ရယ်…။ ရှည်ရှည်ကောက်ကောက်ဆံပင်နက်နက်လေးများကို နှစ်ဖက်ခွဲစည်းထားပြီး ဂါဝန် ပန်းရောင်ဖျော့ဖျော့ကို ဝတ်ဆင်ထားသည် ။ ပန်းရောင်ဖျော့ဖျော့ဟုဆိုပေမဲ့ အရောင်က အတော့်ကို မှေးမှိန်နေပြီ ။ ရုပ်ရည်ကလေးက ချစ်စဖွယ်ကောင်းသော်လည်း ပေရေညစ်ထေးနေသောအဝတ်အစား ၊ ဖိနပ်များနှင့် မျက်နှာပြင်မှ ကြေး(နှပ်ချေး)အရေးအကြောင်းများ ကြောင့် ရွံ့စရာရုပ်လေး ပေါက်နေသည် ။ ကောင်မလေးက ဘုန်းပြည့်ကို စူးစူးဝါးဝါးစိုက်ကြည့်နေဆဲ…။
   “ ဟိုက်…”
ဆိုခဲ့သည့်အတိုင်း ဘုန်းပြည့်၏တစ်သက်တာတွင် တစ်ခါမျှ မကြုံခဲ့ဖူးသောအရာကို တွေ့ကြုံလိုက်ရသည် ။ ထိုင်ခုံမှထလာပြီး တံခါး ဘောင်ကိုကိုင်ကာ ကလေးမလေးကို လှမ်းကြည့်နေစဉ် မျက်စိရှေ့၌ပင် ကလေးမလေး ဖျတ်ခနဲပျောက်ကွယ်သွားသည် ။ ရုပ်ရှင်ဇာတ် လမ်းထဲကလို animationဖန်တီးချက်များနှင့် တသွေမတိမ်းတူစွာ ကြည့်နေရင်း ဖျတ်ခနဲပျောက်သွားခြင်းဖြစ်၏ ။ ကြောက်ရွံ့စိတ် မဖြစ် ပေါ်မိသော်လည်း ဖြစ်ပျက်သွားသည့်အခြေအနေအပေါ် ဘုန်းပြည့် ဥာဏ်မမီတော့ ။
- မျက်စိရှေ့တင် ကလေးမလေး ပျောက်သွားတာ ဘာကြောင့်များပါလိမ့် ။
- သူက ဘယ်သူလဲ ။ ဘာလဲ…။
- ဘာဖြစ်လို့ ငါ့ကို စိုက်ကြည့်နေရတာလဲ ။ ဘာတွေကို မကျေမနပ်ဖြစ်နေတာလဲ ။
စသည့်ပဟေဋ္ဌိပေါင်းသောင်းခြောက်ထောင်ကလည်း ခေါင်းထဲသို့ သူ့အလိုလို တိုးဝှေ့ဝင်လာသည် ။ မပြောတတ်တော့ ။ အဲဒီကလေးမ လေးဟာ ဇနီးသည်ရင်နုပြောတဲ့အသက်ရှူသံပြင်းပြင်းကြီးရဲ့ပိုင်ရှင်များလားဟု မရေမရာတွေးရင်း သက်မတစ်ချက်ကို မအီမသာရှိုက် လိုက်မိသည် ။

H H H H H

   နောက်နေ့များတွင် ရင်နု၏ပြောစကားများ အမှန်ဖြစ်ကြောင်းကို ဘုန်းပြည့်- တဖြည်းဖြည်းနှင့် သိလာခဲ့သည် ။ ဘုန်းပြည့် သိလောက် အောင်လည်း အေးစိမ့်နေသောအိမ်ကြီးတွင် နေထိုင်နေသောဝိညာဉ်များက နေ့ခင်းကြောင်တောင်မရှောင် ချောက်လှန့်နေကြသည် ။ အသံပလံနှင့်အရိပ်အယောင်များကို မကြာခဏ မြင်နေကြားနေရ၏ ။ ထိုအခါမှ ဘုန်းပြည့် ကြံရခက်ပြီ ။ ဤအိမ်ကြီးတွင် နေထိုင်မည် ဟုတွေးကာ ရှိသမျှဝင်ငွေအားလုံးကို အိမ်ကြီးတွင် ပုံအောခဲ့ပြီးရုံမက ပွဲစားများကိုလည်း အိမ်ငှားမည်ဖြစ်ကြောင်း ဆက်သွယ်ထားပြီးခဲ့ ပြီမို့ ယခုချိန်မှ ပြောင်းရွှေ့ရန် မဖြစ်နိုင်တော့ ။ နေ့အချိန်တွင်ပင် ဤမျှလောက်အသံပလံ တချွတ်ချွတ်တချပ်ချပ်ကြားနေရလျှင် ညအခါ ၌ မည်မျှချောက်လှန့်လိမ့်မလဲ ။ တွေးရုံမျှနှင့်ပင် ဇနီးသည်အတွက် စိုးရိမ်မိပေမဲ့ ဘုန်းပြည့် ဘာတတ်နိုင်မှာတုံး ။ ကိစ္စအားလုံးက လက် လွန်သွားခဲ့ပြီလေ ။
      ချောက်လှန့်မှုသည် သုံး/လေးရက်ကြာပြီးနောက် ရင်နုအတွက် အဆန်းမဟုတ်တော့ပေ ။ ညဘက်၌ ခွေးနှစ်ကောင် တအီအီလုပ် ကာ အပြင်ဘက်တွင် တဂျစ်ဂျစ်မြည်သံများ ကြားနေရသော်လည်း ရင်နု ထွက်မကြည့်တော့ ။ ကြောက်လည်းကြောက်မနေတော့ဘဲ အိပ်ပျော်အောင်အိပ်ပစ်လိုက်သည် ။ တယ်သတ္တိကောင်းတဲ့ မရင်နုပါလားဟူ၍ မထင်လိုက်ပါနှင့် ။ တေစ ၦသရဲကို မေၾကာက္ဘဲရွိပါ့ မလား ။ သို့ပေမဲ့လည်း ကိုယ့်အိမ်ဖြစ်နေပြီမို့ ပေတေကာ နေ,နေရသည် ။ တစ်ခါတစ်ရံလည်း…
   “ ဟဲ့…နင်တို့တွေနော်…ဒါ ငါ့အိမ်ဖြစ်နေပြီ ။ ငါ့အိမ်မှာနေရင် ကောင်းကောင်းနေ ။ ငါတို့ကို မနှောင့်ယှက်နဲ့ ။”
စသဖြင့် စိတ်ထဲရှိရာ ပြောဆိုပစ်လိုက်သည့်အခါမျိုးလည်း ရှိ၏ ။ တိုက်ဆိုင်သည်ဟုဆိုရမလား မသိ ။ ထိုသို့ပြောလိုက်သည့်နေ့မှစ၍ တစ်ပတ်ခန့်မှာ ချောက်လှန့်ခြင်း အသံပြုခြင်းများ မရှိတော့ဘဲ သာမန်အိမ်ကဲ့သို့ ပကတိတိတ်ဆိတ်နေတတ်သည် ။ သို့ကြောင့် နောက် ပိုင်းကျ ရင်နုလည်း နည်းနည်းစိတ်ပေါက်သည်နှင့် ထိုသို့ဟောက်လိုက်၏ ။
-  တစ္ဆေသရဲတွေကို ဟောက်စားလုပ်နေတဲ့ မရင်နုပေါ့ ။
တစ်လနီးပါးကြာသည့်အခါ မမြင်အပ်သည့်ပုဂ္ဂိုလ်တို့က ရင်နု၏စကားကို နားမထောင်ကြတော့ ။ အိမ်ကြီးမှာ တစ်နေ့တစ်ခြား ပို၍အေး စိမ့်လာသောကြောင့် တစ်ယောက်တည်း ဆောက်တည်ရာမရဖြစ်နေမိစဉ် အိမ်ငှားတစ်ယောက် ရောက်လာခဲ့၍ ရင်နု တော်တော်ဝမ်း သာသွားရသည် ။ မိန်းမဖော်တစ်ယောက် ရပြီကိုး ။ သူမနာမည်က သီရိနွယ်…။ စာရေးဆရာမ“အိနြေ္ဒမိုးခ”ဖြစ်ပြီး ဤအိမ်ကြီးတွင် အေး အေးလူလူစာလာရေးခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပြသဖြင့် ရင်နုကလည်း ဇာတ်လမ်းကောင်းကောင်း ရေးနိုင်မှာသေချာ ကြောင်း အာမခံမိ၏ ။ အိနြေ္ဒမိုးခ၏ဝတ္ထုများကို ရင်နု ဖတ်ဖူးသည် ။ သူမက horror,comedy,adventure typeမျိုးတွေ အရေးများ သောစာရေးဆရာမဖြစ်၍ ဤအိမ်ကြီးနှင့် အတော့်ကို သင့်တော်လိမ့်မည် မဟုတ်ပါလား ။
       အိမ်ငှားရောက်လာပြီးမကြာ မမြင်ရသူတို့၏အသံပြုချက်များကို ရင်နု- ကြိုကြားကြိုကြားသာကြားရတော့သည် ။ ရင်နု သိသည် ။ မမြင်ရသူတို့က အပေါ်ထပ်တွင် စတည်းချနေကြပုံရသည် ။ အဘယ့်ကြောင့်ဆိုသော် အိမ်ငှားပြီး နောက်တစ်နေ့တွင် မသီရိနွယ်က…
   “ ညီမ…ဟို…ဘယ်လိုမှတော့ မအောက်မေ့နဲ့နော် ။ အပေါ်ထပ်မှာ အိမ်ငှားရောက်နေပြီလား ။”
ဟု လာမေးသောကြောင့် ရင်နု မျက်လုံးပြူးသွားရသည် ။ မသီရိနွယ်၏ပုံစံကိုကြည့်ရသည်မှာ စပ်စပ်စုစုမျိုးမဟုတ် ။ မသိမဖြစ်သော ကိစ္စဖြစ်နေ၍သာ အားနာနာဖြင့် မေးမြန်းနေရပုံပေါ်သည် ။
   “ ဟင့်အင်း…အိမ်ငှား မရောက်သေးပါဘူး ။ ဘာဖြစ်လို့များလဲ ဆရာမ ။ အပေါ်ထပ်က ရေတွေဘာတွေယိုလို့လား ။ ရေပိုက်ခေါင်း
     ပျက်နေလို့နဲ့တူတယ် ။ ကိုဘုန်းပြည့်လာမှ တက်ကြည့်ခိုင်းလိုက်ပါ့မယ် ။ လိုအပ်တာရှိ ပြောနော် ။”
   “ သြော်…ဘာရယ် မဟုတ်ပါဘူး ။ သိချင်လို့မေးကြည့်တာပါ ။ ညက လူရိပ်လိုလိုတွေ့လိုက်လို့ ။ သိတဲ့အတိုင်းပဲ ။ စာရေးရင်း ဈာန်
     ဝင်ပြီး မြင်ချင်ရာမြင်တာထင်ပါရဲ့ ။ တက်ကြည့်မနေပါနဲ့ ။ အလုပ်ရှုပ်ခံလို့…။ နေပါစေ ။ အားလုံးအဆင်ပြေပါတယ် ။”
ပညာရှိပီပီ အဖြစ်မှန်ကို သိုသိပ်လျက် နောက်ဆုတ်ထွက်သွားသောမသီရိနွယ်၏အမူအရာကြောင့် အတွေ့အကြုံရင့်သူရင်နုလည်း ချက်ဆို နားခွက်က မီးတောက်သွားပြီ ။ သေချာပါသည် ။ အိမ်အပေါ်ဆုံးထပ်တွင် မမြင်ရသူတို့ နေထိုင်နေကြပြီ ။ ဤပုံအတိုင်းဆိုလျှင် ထိုမမြင်ရသူတို့နှင့်အတူ တစ်အိမ်တည်း နေထိုင်သင့်ရဲ့လား ။ မိမိတို့က ကိုယ်ပိုင်အိမ်မို့ ပြောင်းရွှေ့ရန်မဖြစ်သဖြင့် ကြိတ်မှိတ်နေ,နေရ ခြင်းဖြစ်သော်လည်း တစိမ်းတရံအိမ်ငှားများကို ခေါ်ပြီး ဒုက္ခပေးခြင်းသည် သင့်တော်ပါ့မလား ။ ရင်နု တွေဝေစွာ စဉ်းစားလိုက်မိပေမဲ့ အတ္တ၏ လှုံ့ဆော်မှုကြောင့်…
   “ အို…ငါတစ်ယောက်တည်း နေတာထက်စာရင် အိမ်ငှားခေါ်တင်ထားတာ ငါ့အတွက် စိတ်သက်သာတာပေါ့ ။ သူတို့တတွေဆီက
     လည်း ပိုက်ဆံလျှော့ယူထားတာပဲလေ ။ ငါ မမှားပါဘူး ။”
ဟူ၍သာ ဆုံးဖြတ်လိုက်မိသည် ။ ရင်နု၏ဆုံးဖြတ်ချက်ကို ပို၍ခိုင်မာသွားစေခဲ့သည်မှာ နောက်ထပ်အိမ်ငှားတစ်ယောက် ရောက်လာချိန် တွင်ဖြစ်သည် ။ နောက်အိမ်ငှား၏နာမည်က လဲ့လဲ့ရွှေ ။ သူမက အသက်(၃၃)နှစ်အရွယ် အပျိုကြီးတစ်ဦး ။ အလုပ်နှင့်နီး၍ ရင်နုတို့အိမ် တွင် ငှားနေခြင်းဖြစ်သည် ။ သူမက အပေါ်ထပ်ဘယ်ဘက်ခြမ်းအခန်းကို (၃)နှစ်စာ ငှားရမ်းလိုက်ရာ ရင်နုလည်း လောဘဇောတက် လျက် ရသည့်ငွေကိုပိုက်ပြီး …
   “ ရတဲ့ငွေ ပြန်ပေးပြီး သရဲရှိလို့ တခြားပြောင်းနေပါလို့ပြောရင် ငါ့လောက်မိုက်တဲ့လူ ဒီလောကမှာ ရှိမှာမဟုတ်ဘူး ။”
ဟုတွေးကာ ဘယ်လိုပဲဖြစ်ပါစေ…အိမ်ငှားများကို သည်အတိုင်းထားတော့မည်ဟု ဆုံးဖြတ်လိုက်မိသည် ။

H H H H H H H H H H H H H


      လဲ့လဲ့ရွှေက ကေပေါ့ခရေစီ(kpop crazy)…။ မကြီးမငယ်နဲ့ ကောင်လေးတွေကို ကြိုက်နေတယ်လို့ပဲဆိုဆို…Shinwa TVXQ Super –Junior Infinite EXOအကုန်လုံးကို သဘောကျသည် ။ အချိန်အားလပ်သည်နှင့် သူတို့လေးတွေ ဘာတွေလုပ်နေကြလဲ…ဘာတွေဖြစ် နေကြသလဲ သိချင်စိတ်ဖြင့် အင်တာနက်တွင် တင်သမျှသူတို့သတင်းစုံ ဖတ်သည် ။ ထွက်သမျှအခွေဝယ်ပြီး စားစား အိပ်အိပ် နားဆင် တတ်သည်မှာ လဲ့လဲ့ရွှေ၏အကျင့် ။ ရှင်းရှင်းပြောရလျှင် တစ်ကိုယ်တည်း အပျိုကြီးဖြစ်ရတာလည်း သူတို့လေးတွေကြောင့်…။
    လဲ့လဲ့ရွှေက နတ်မောက်ဇာတိသူ ။ အသားညိုညို အရပ်မြင့်မြင့် ကိုယ်ဟန်ကျော့ရှင်းပြီး မြန်မာဆန်ဆန်လှသူဖြစ်ရာ အသက်ငယ်စဉ် ကဆို ချစ်သူခင်သူများ ဝိုင်းဝိုင်းလည်ခဲ့သည် ။ ပထမဆုံးချစ်သူက လဲ့လဲ့ရွှေ၏အသက် အစိတ်ကျာ်ခါမှ ဖူးစာလာဆုံသော ရွှေဘိုသား…သူ့ကိုယ်သူ အလောင်းမင်းတရားမျိုးနွယ်ဘွားဆိုပြီး မာန်ချီကာ နှုတ်ခမ်းမွေးစစထားသည့် ကိုထွန်းလွင် ။ နှစ်ဦးသား၏ ချစ်သူသက်တမ်း(၃)လသာ ခံခဲ့သည် ။ ကိုရီးယား မကြိုက်ရဟု တားမြစ်သဖြင့် ရန်ဖြစ်ကာ ထားပစ်ခဲ့သည် ။ နောက်ပိုင်းတွင် ရည်းစား (၃)ဦးခန့် ထားခဲ့ဖူးပေမဲ့ ချစ်သူဘဝ သက်ဆိုးမရှည်ကြ ။ Kpopနှင့်သူတို့ ဘယ်သူ့ရွေးမလဲဟု ရွေးခိုင်းသဖြင့် လဲ့လဲ့ရွှေက ထားရစ်ခဲ့ သည် ။ သို့နှင့် အပျိုကြီးတစ်ကိုယ်တည်းဘဝကို လဲ့လဲ့ရွှေကိုယ်တိုင် ပြတ်ပြတ်သားသားရွေးချယ်ဖြစ်ခဲ့၏ ။ လဲ့လဲ့ရွှေတို့က တစ်ကိုယ် တည်း နေရလည်း ပျော်ပျော်ပါပဲလေ ။
     အသက်(၃၀)အထိ နတ်မောက်တွင် နေထိုင်လာခဲ့ပြီး လုပ်ငန်းအရ အသက်(၃၀)ကျော်တွင် မန္တလေးသို့ ပြောင်းရွှေ့ခဲ့ရသည် ။ မန္တ လေးတွင် ခဏတာနေထိုင်ခဲ့ပြီးနောက် ယခုလို မိတ္ထီလာသို့ ရောက်ခဲ့ရပြန်သည် ။ လဲ့လဲ့ရွှေ၏အလုပ်က အလယ်တန်းကျောင်းဆရာမ ။ ကျောင်းတွင် တည်တည်တံ့တံ့နေရသလောက် အိမ်တွင် သီချင်းများဖွင့်ကာ ခုန်ပေါက်ပျော်နေတတ်သောလဲ့လဲ့ရွှေတစ်ယောက် ဤအိမ် ကြီးသို့ ပြောင်းရွှေ့လာပြီးသည့်နောက် ယခင်ကလို မပျော်နိုင်တော့ပေ ။ အိမ်ကြီးတွင် လဲ့လဲ့ရွှေကို နှောင့်ယှက်နေသောသူ ရှိသည် ။

H H H H H

   “ ဂလွမ်…”
   “ ဟဲ့…ပလုတ်တုတ်…”
ကျောင်းမှပြန်ရောက်၍ ရေမိုးချိုးနေရုံရှိသေး…အပေါ်ထပ်မှ ဂလုံဂလွမ်အသံများကို ကြားရသဖြင့် လဲ့လဲ့ရွှေ လန့်အော်မိလေသည် ။ ဤ နေရာတွင် အိမ်ငှားတို့၏အခန်းအနေအထားကို အနည်းငယ်ဖော်ပြရသော် အခန်းငှားနေခြင်းဖြစ်ပေမဲ့ ထိုအခန်း၏အကျယ်မှာ မြို့မှ တိုက်ခန်းများကဲ့သို့ ကုတင် ဘီဒိုနှင့်စားပွဲတစ်လုံးစီ ထားနိုင်လောက်အောင် ကျယ်ဝန်းပြီး ရေချိုးခန်းနှင့်အိမ်သာလည်း တွဲလျက်ပါ၏ ။ အခန်းမှထွက်လိုက်လျှင် အပေါ်ထပ်သို့တက်သောလှေကားရင်းနှင့် ကပ်လို့နေပြီး မျက်နှာချင်းဆိုင်တွင်မူ မသီရိနွယ် ငှားရမ်းနေထိုင်နေ သောအခန်းရှိသည် ။
    လဲ့လဲ့ရွှေလည်း လန့်ဖြန့်အော်ရင်း ရေချိုးခန်းထဲမှ ခပ်မြန်မြန်ပြေးထွက်လာမိရာ အပေါ်ထပ်လှေကားမှ တစ်စုံတစ်ယောက် ဆင်းလာ သံကို ကြားလိုက်ရသည် ။
   “ ဘယ်…ဘယ်သူလဲ ။ ညီမ…ညီမ သီရိလားဟင် ။”
အခန်းအပြင်တွင် တစ်စုံတစ်ယောက် ရပ်နေသည်ဟု ခံစားမိတာကြောင့် လဲ့လဲ့ရွှေခမျာ အဝတ်အစားမြန်မြန်လဲကာ ပါးစပ်ကလည်း  အော်ဟစ်မေးမြန်းနေမိသော်လည်း ဖြေဆိုသံကိုမူ မကြားရ ။ အခန်းအပြင်တွင် တစ်စုံတစ်ယောက်ရှိနေတာတော့ သေချာသည်။ အချိန် က ညနေ(၅)နာရီခွဲခန့်ရှိပြီဖြစ်ရာ အပြင်လောကတွင် ညနေဆည်းဆာရောင်နီများ သမ်းရိပ်နေလေပြီ ။
     တုန်လှုပ်ချောက်ချားစွာဖြင့် အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ အခန်းပြင်တွင် မည်သူမျှမရှိ ။ မျက်နှာချင်းဆိုင်အခန်းကလည်း သော့ ပိတ်ထား၏။ ထိုအခန်းရှင်သီရိနွယ်က ညနေ(၅)ခွဲချိန်တိုင်း ခြံထဲ၌ လမ်းလျှောက်ထွက်နေကျ ။ ယခုချိန်တွင် သူမ မရှိကြောင်း လဲ့လဲ့ရွှေ သိသည် ။
   “ အို…ရင်နုတို့နေမှာပေါ့ ။ အပေါ်ထပ်မှာ တစ်ခုခုတက်ယူတာနေမှာပါ ။ ဒီလိုပဲဖြစ်ပါလိမ့်မယ် ။”
မိမိစိတ်ကို သက်သာရာရစေရန် လဲ့လဲ့ရွှေ- ဖြေတွေးနေမိပေမဲ့ ဆဋ္ဌမအာရုံ၏နှိုးဆော်မှုကြောင့် ကြက်သီးတို့က တဖြန်းဖြန်းထနေပြီမို့ အခန်းထဲတွင် မနေဝံ့တော့၍ ခြံထဲသို့ ပြေးဆင်းလာခဲ့သည် ။
         ဤအိမ်ကြီးတွင် မမြင်အပ်သူများရှိကြောင်း ပထမဆုံးရောက်လာသည့်ညကတည်းက လဲ့လဲ့ရွှေ သိလိုက်ရ၏ ။ အိမ်ထဲသို့ဝင်လာ လိုက်စဉ် စိမ့်ခနဲအေးမြမှုက လဲ့လဲ့ရွှေကို ရေခဲရေနှင့်ပက်ဖြန်းလိုက်သလို ခံစားမိစေသည် ။ သို့သော် ပျော်ပျော်နေတတ်ပြီး အကြောက် အလန့်နည်းသူပီပီ အခြားအရာများကို မစဉ်းစားမိ…သြော်…သစ်ပင်ရိပ်ပေါလို့ အေးအေးမြမြရှိတာထင်ရဲ့ဟု ပေါ့ပေါ့သာတွေးခဲ့သည် ။ အကယ်၍သာ ထိုနေ့ညက ထူးထူးဆန်းဆန်းအဖြစ်အပျက်တစ်ခုကို မတွေ့ကြုံခဲ့ရပါမူ လဲ့လဲ့ရွှေ၏အဘိဓာန်၌ “fear”ဆိုသောစကား လုံး- ပေါ်ပေါက်လာလိမ့်မည် မဟုတ် ။
        အိမ်ရှင်လင်မယားက လဲ့လဲ့ရွှေထက် အသက်ငယ်သူများဖြစ်သဖြင့် ဆက်ဆံရတာ အဆင်ပြေလှသည် ။ နောက်ပြီး နှစ်ဦးလုံးက ဖော်ဖော်ရွေရွေရှိသူများဖြစ်၍ ခဏအတွင်း မောင်နှမရင်းလို ခင်မင်သွားခဲ့ကြတာကြောင့် အိမ်ငှားခကို (၃)နှစ်စာ ကြိုပေးပြီး အပြတ်ငှား လိုက်မိသည် ။ နေရာက ဒုတိယထပ် ဘယ်ဘက်ခြမ်း…။ ညာဘက်ခြမ်းတွင်လည်း မိန်းကလေးတစ်ယောက်ဖြစ်နေ၍ ပိုအဆင်ပြေသွား သည် ။ အပျိုကြီးမို့ အရက်မူးသမား ၊ လူပျိုလူလွတ်များနှင့် တစ်အိမ်တည်း မနေထိုင်လိုသူလဲ့လဲ့ရွှေအတွက် တိုင်းထားသည့်ပက္ကလာ မိုး ရွာသည်နှင့်အခန့်သင့်ဆိုသလို အားလုံးကွက်တိ ။ တစ်ဖက်ခန်းတွင်နေသောသီရိနွယ်ဆိုသည့်မိန်းကလေးကလည်း အေးအေးဆေး ဆေး သီးသီးသန့်သန့်နေထိုင်တတ်သူဖြစ်တာကြောင့် ဤအိမ်တွင် ငှားရမ်းနေရခြင်းအပေါ် လဲ့လဲ့ရွှေ သိပ်သဘောကျခဲ့သည် ။
     ရောက်သည့်နေ့ညတွင် ထုံးစံအတိုင်း ကိုရီးယားအဆိုတော်များ၏life styleခွေကို ကြည့်ကာ လဲ့လဲ့ရွှေ- တဟားဟားအူမြူးနေသည့် အခိုက်…
   “ ဒေါက်…ဒေါက်…”
ဟူသောတံခါးခေါက်သံကြောင့် ထိုင်ရာမှ ထလာလိုက်သည် ။ ကြည့်ရတာ တစ်ဖက်ခန်းကသီရိနွယ်တစ်ယောက် ပျင်းပျင်းနှင့် လာလည် သလား မသိ ။
   “ လာလေ ညီမ ။ အစ်မလည်း တစ်ယောက်တည်းပျင်းနေတာ ။ ဟင်…”
တံခါးသော့ကိုဖွင့်ရင်း လောကွက်ချောနေမိရာ တံခါးပွင့်သွားသည့်အခါ အခန်းအပြင်တွင် မည်သူ့ကိုမျှ မတွေ့ရ၍ လဲ့လဲ့ရွှေ အံ့သြသွားရ ပြီ ။ ဒေါက်ဒေါက်ဆိုသောအသံနှင့် လဲ့လဲ့ရွှေ တံခါးထဖွင့်သည့်အချိန်မှာ စက္ကန့်ပိုင်းမျှပင်မခြား…။ ဟိုကောင်မလေး လာနောက်သွားတာ များလား…။ သီရိနွယ်၏ပုံစံက လူကြီးဆန်ပြီး ရင့်ကျက်တည်ငြိမ်ပုံပေါက်သဖြင့် လာစ,နောက်တာဖြစ်နိုင်ပါ့မလားဟုတွေးမိပေမဲ့ ကိုယ့် စိတ်နှင့်နှိုင်း မရိုင်းဆိုသည့်အတိုင်း…
   “ သြော်…ငါတောင်မှ ကျောင်းဆရာမ လုပ်ပြီး ကိုရီးယားအဆိုတော်ရူးသေးတာပဲ ။ သူလည်း ကလေးဆန်ချင်ဆန်မှာပေါ့ ဟင်းဟင်း”
ဟူ၍ ပေါ့ပေါ့တွေးပြီး တံခါးပြန်ပိတ်ကာ တီဗွီဆက်ကြည့်နေမိသည် ။
    တီဗွီကြည့်သည်ဟုအလွယ်ခေါ်ပေမဲ့ အမှန်တော့ လဲ့လဲ့ရွှေက လက်ပ်တော့(laptop)နှင့် အခွေကြည့်နေခြင်းဖြစ်၏ ။ လက်ပ်တော့ကို စားပွဲပေါ်တင်ကာ လဲ့လဲ့ရွှေက ကုတင်ပေါ်မှာထိုင်ပြီး အားရပါးရတဟားဟားရယ်နေသည့်အခိုက် မိမိနဘေး၌ တစ်စုံတစ်ယောက် ဝင် ထိုင်လိုက်သလို ညိမ့်ခနဲခံစားလိုက်ရ၍ လဲ့လဲ့ရွှေ လန့်သွားသည် ။ နဘေးကို ဖျတ်ခနဲလှည့်ကြည့်လိုက်တော့ ဘာဆိုဘာမျှမရှိ…။ အိမ် သစ်သို့ ပြောင်းလာခါစညမို့ စိတ်ချောက်ချားခြင်း ဖြစ်ပါလိမ့်မည်ဟုတွေးကာ ပျော်ပျော်ပဲ ဆက်ကြည့်နေလိုက်၏ ။
   “ ဟင်း…ဟူး…ခူး…ခရူး…”
   “ ဟာ…ဘာတုံးဟ ။”
သီချင်းနားထောင်နေလျက်သားနှင့် ကြားလိုက်ရသည့်အသံများကြောင့် လဲ့လဲ့ရွှေ နားလည်ရခက်သွားသည် ။
- ဘာတွေလဲ…ဘာသံတွေ ကြားနေတာလဲ…။
အသံက လူတစ်ယောက် အသက်ရှူကျပ်နေသည့်အသံမျိုး…။ နောက်ပြီး အခန်းထဲမှထွက်ပေါ်လာသောအသံဖြစ်နေ၍ တွေးရကျပ်စွာ ဖြင့် အခန်းဝန်းကျင်ကို ဝေ့ဝဲလျှောက်ကြည့်ရင်း ထိုအသံစုကို နားစိုက်ထောင်လိုက်သည့်အခါ ဘာအသံမှ ထပ်မကြားရတော့ပေ ။
- စိတ်ထင်တာဖြစ်မှာပေါ့ ။ အိပ်သင့်ပြီထင်တယ် ။ ငါ ပင်ပန်းနေလို့ဖြစ်မယ် ။
ထိုသို့အတွေးနှင့် လက်ပ်တော့ကို ပိတ်လိုက်စဉ် အခြေအနေက ပို၍ဆိုးသွားခဲ့သည် ။
   “ ဟူး…ဟူး…ဟင်း…ဟင်း…”
လူတစ်ယောက် ချွဲကျပ်နေသဖြင့် ခက်ခက်ခဲခဲရှူရှိုက်နေရသည့်အသက်ရှူသံကြီး…။ အသံက ဝေးဝေးလံလံမှ ကြားနေရခြင်းမဟုတ်ဘဲ နဘေးနားကကပ်လျက်ကြားနေရခြင်းဖြစ်တာကြောင့် လဲ့လဲ့ရွှေ ခေါင်းနပန်းကြီးသွားသည် ။ ခန္ဓာကိုယ်အနှံ့၌ ကြက်သီးများကလည်း တဖြန်းဖြန်း…။
- ငါ့အခန်းထဲမှာ ငါ မမြင်ရတဲ့သူ ရောက်နေတာဖြစ်ရမယ် ။ ဒုက္ခပါပဲ ။
အတွေးနှင့်ပင် သွေးပျက်ချင်စရာ ။ သို့ပေမဲ့ အတွေးမျှမဟုတ်ဘဲ အမှန်စင်စစ် တွေ့ကြုံနေရသောလဲ့လဲ့ရွှေအဖို့ ပထမ၌ သွေးပျက် ချောက်ချားကာ ဆောက်တည်ရာမဲ့ဖြစ်သွားမိပေမဲ့ ချက်ချင်း စိတ်ကို ထိန်းလိုက်နိုင်သည် ။ ကြောက်နေ၍ မဖြစ် ။ အိမ်ငှားခကိုလည်း (၃)နှစ်စာ အပြတ်ပေးပြီးသွားပြီ ။
      ကြည့်ရတာ ဤအိမ်တွင် မမြင်အပ်သူတစ်စုံတစ်ဦး ရှိနေပုံရသည် ။ နောက်ပြီး ထိုတစ်စုံတစ်ဦးက အသစ်ရောက်ရှိလာသူအိမ်ငှား လေးလဲ့လဲ့ရွှေကို မိတ်ဆက်ရန် ကြိုးစားနေပုံရ၏ ။
   “ ကျွန်မကို မနှောင့်ယှက်ပါနဲ့ ။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ ။”
လဲ့လဲ့ရွှေက တောင်းတောင်းပန်ပန်ပြောဆိုရင်း နဘေးသို့ ရဲရဲဝံ့ဝံ့လှည့်ကြည့်လိုက်သည် ။
      နဂိုကတည်းက ကြောက်သွေးနည်းသူမို့သာ တော်ပေတော့၏ ။ အကြောက်အလန့်ကြီးသူသာဆိုလျှင် သွေးပျက်ရူးသွပ်ချင်စရာ မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရာ မကြောက်တတ်သူလဲ့လဲ့ရွှေပင် ဘုရားအကြိမ်ကြိမ်တ,မိလေပြီ ။ နဘေးသို့ လဲ့လဲ့ရွှေ လှည့်ကြည့် လိုက်သည့်အခါ တွေ့မြင်လိုက်ရသည်က ရေမြှုပ်မွေ့ရာပေါ်မှ တစ်စုံတစ်ယောက်ထ,သွားသလို အရာကြီးကျန်ခဲ့ရုံမက ဖြူညိုညိုမီးခိုး လုံးကြီးသည် တံခါးနားသို့ တရွေ့ရွေ့ထွက်ခွာသွားပြီး တံခါးရှေ့သို့ရောက်သည့်အခါ ဖျတ်ခနဲပျောက်ကွယ်သွားတော့သည် ။ သေချာပါ သည် ။ ထိုအရာမှာ လဲ့လဲ့ရွှေကို သူ ရှိနေကြောင်း အသိပေးရန် ကြိုးစားခဲ့သောမမြင်အပ်သူဝိညာဉ်သည်တစ်ဦးပင် ဖြစ်ပါလိမ့်မည် ။

   H H H H H H H H H H H H H

      အိမ်ငှားများက အိမ်မကပ်ကြတော့ ။ သီရိနွယ်က တစ်ချိန်လုံး ကန်ကြီးအနားကစားသောက်ဆိုင်တွင် စာသွားရေးတတ်သလို လဲ့ လဲ့ရွှေကလည်း ကျူရှင်များ လိုက်သင်နေသည်ဟုဆိုကာ ည(၈)နာရီခန့်မှပြန်လာသည် ။ သူတို့ပုံစံကိုကြည့်ရသည်မှာ မတတ်သာ၍ ၊ အားနာ၍သာ ဤအိမ်တွင် ဆက်နေနေရပုံရပြီး ဖြစ်နိုင်လျှင် ချက်ချင်းပင် ပြောင်းပြေးချင်နေပုံရသည် ။ မြန်မာလူမျိုးတို့၏အားနာငဲ့ညှာ တတ်သည့်စိတ်ကလေးအပေါ် ခုတုံးလုပ်ပြီး အနိုင်မကျင့်သင့်တော့ ။ ယနေ့ညနေတွင် အိမ်ငှားနှစ်ဦးကို အဖြစ်မှန်အတိုင်း ဖွင့်ပြောပြ ကာ စပေါ်ငွေနှင့်ပိုသည့်ပိုက်ဆံအားလုံး ပြန်ပေးလိုက်တော့မည် ။ မိမိအိမ်၏ပြဿနာကို မိမိတို့ဘာသာပဲ အတတ်နိုင်ဆုံး ရင်ဆိုင်ဖြေ ရှင်းတော့မည်ဟု ရင်နု ဆုံးဖြတ်ချက်ချလိုက်သည် ။
      ထိုအတွေးဖြင့် ညနေ(၇)နာရီခွဲတွင် အိမ်ငှားနှစ်ဦးဖြစ်သော မလဲ့လဲ့ရွှေနှင့်မသီရိနွယ်တို့ကိုခေါ်ကာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့၏ ။
   “ အစ်မတို့အပေါ် အနိုင်ကျင့်သလိုဖြစ်ခဲ့ရင် ကျွန်မ တောင်းပန်ပါတယ် ။ ကျွန်မကလည်း ပိုက်ဆံထက် ဒီအိမ်ကြီးမှာ တစ်ယောက်
     တည်း မနေဝံ့လို့ မိန်းမဖော်လေး လိုချင်နေတဲ့အချိန် ၊ အစ်မတို့ကလည်း အိမ်လာငှားတာနဲ့ ကွက်တိဖြစ်သွားလို့ အဖြစ်မှန်ကို ထိန်
     ချန်ပြီး ငှားလိုက်မိတာပါ ။ အခု ကြည့်ရတာ အစ်မတို့တတွေလည်း တစ္ဆေအချောက်အလှန့်ခံနေရလို့ အိမ်ကိုတောင် ရဲရဲပြန်မလာ
     ဝံ့ကြတာထင်ရဲ့ ။”
ရင်နု၏ပွင့်ပွင့်လင်းလင်းအပြောကြောင့် လဲ့လဲ့ရွှေနှင့်သီရိနွယ်တို့လည်း အံ့အားသင့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားကြရသည် ။ အစ က မိမိကိုသာ ချောက်လှန့်နေခြင်းများလားဟု အထင်ရောက်ခဲ့ကြသောအိမ်ငှားနှစ်ဦးလည်း ထိုအခါမှပဲ တစ်အိမ်လုံး တစ္ဆေအချောက်ခံ နေရသောအဖြစ်ကို သဘောပေါက်သွားသည် ။ သို့သော် နှစ်ဦးလုံးက မရင်နုကို အပြစ်မမြင်…။ ကိုယ်ချင်းပင် စာနေကြသေး…။
   “ ညီမကို အစ်မ စိတ်မဆိုးပါဘူးကွယ် ။ အစ်မသာ ညီမနေရာမှာဆို အမှန်အတိုင်းတောင် ဖွင့်ပြောမှာ မဟုတ်ဘူး ။ ညီမက အင်မတန်
      ရိုးသားတဲ့သူပဲ ။”
   “ မလဲ့ ပြောသလိုပါပဲ ။ ကျွန်မလည်း မရင်နုကို စိတ်မခုပါဘူး ။ အခုလိုဖွင့်ပြောလိုက်တော့လည်း ပိုပြီးတော့ အဆင်ပြေသွားတာပေါ့ ။
     ဒီအိမ်မှာ နှောင့်ယှက်နေတဲ့တစ္ဆေကို ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားလဲ…မရင်နု ။”
   “ ကျွန်မကို အခုလို နားလည်ပေးကြတဲ့အတွက် ကျွန်မ အရမ်းဝမ်းသာတာပဲ ။ နောက်ပြီး ကိုယ့်ကိုယ်ကို ရှက်စိတ်ဝင်မိတယ် ။ အစ်မ
     တို့လိုသူတော်ကောင်းတွေကိုမှ ကျွန်မက လိမ်ညာခဲ့မိတယ် ။”
   “ စိတ်မကောင်းဖြစ်မနေပါနဲ့ မရင်နုရယ် ။ ဒါဟာ လူ့သဘာဝပါပဲ ။ အခု လုပ်ရမယ့်ကိစ္စကိုသာ စိတ်ထဲထား ။ ကျွန်မတို့ ဘုန်းကြီးပင့်
      ရင် ကောင်းမယ်ထင်တယ် ။ မကျွတ်လွတ်သူတွေကို အမျှအတန်းပေးဝေရမှာပေါ့ ။”
   “ မသီရိ ပြောတဲ့အကြံကို ကျွန်မလည်း သဘောကျပါတယ် ။ ဖြစ်လည်းဖြစ်သင့်တယ် ။ ဒါပေမဲ့ ခက်နေတာက ကျွန်မရဲ့အမျိုးသား ။
     သူက ဒိဋ္ဌိကြီးလေ ။ ဘာကိုမှ အယုံအကြည်မရှိတဲ့လူကြီး ။ သူ လက်မခံရင် ကျွန်မလည်း မလုပ်ရဲဘူး ။”
   “ တိုက်တွန်းကြည့်ပေါ့ ညီမရယ် ။ သီရိ ပြောသလို ဘုန်းကြီးပင့်ပြီး အမျှအတန်းပေးဝေလိုက်တာ အကောင်းဆုံးပဲ ။”
    “ အင်းပါ…။ အားလုံး ပြဿနာတက်နေမယ့်အဖြစ်မျိုးက လွန်မြောက်နိုင်ဖို့ ကျွန်မ ကြိုးစားပြောကြည့်ပါ့မယ် ။ လက်မခံရင်တော့
      ကျွန်မတို့ နောက်တစ်မျိုး စဉ်းစားကြသေးတာပေါ့ ။”
အမှန်အတိုင်း ဖွင့်ပြောလိုက်ရသည့်အတွက် ရင်နု၏စိတ်ထဲ ပေါ့သွားခဲ့သည် ။ အဖြစ်မှန်ကို ဖွင့်ပြောပြလိုက်သည့်အခါ အိမ်ငှားများက မိမိကို အပြစ်မြင်မည် ၊ စပေါ်ငွေယူပြီး ဆင်းသွားကြလိမ့်မည်ဟု မျှော်လင့်ထားမိပေမဲ့ တကယ်တမ်းကျ မိမိကိုပင် နှစ်သိမ့်ကူညီရုံမက အကြံဥာဏ်ပင် ပေးနေကြသေးရာ ရင်နုမှာ အံ့သြဝမ်းသာဖြစ်နေရသည် ။
      မိမိထက် အသက်ကြီး ဗဟုသုတကြီးသူများဖြစ်၍ တစ္ဆေသရဲ များကို အမျှအတန်းပေးဝေပါက ကျွတ်လွတ်သွားလိမ့်မည်၊ ဘုန်း တော်ကြီးပင့်ကာ အမျှအတန်းပေးဝေသင့်ကြောင်း အကြံပြုလေရာ ရင်နုကိုယ်တိုင်လည်း ထိုအကြံကို အကောင်အထည်ဖော်လိုသည် ။ ဗုဒ္ဓဘာသာဝင်ပီပီ မကျွတ်လွတ်သောပုဂ္ဂိုလ်များကို အမျှအတန်းပေးဝေရမည်ဟူသောအသိရှိသဖြင့် အိမ်တက်ပြုကာ မမြင်အပ်သူများ ကို အမျှပေးဝေလိုသော်လည်း ခက်နေသည်က ရင်နု့ယောက်ျားကိုဘုန်းပြည့် ။ သူက ဘယ်အရာကိုမှ အယုံအကြည်မရှိ…။ တစ္ဆေသရဲ ချောက်လှန့်နေသည်ကိုပင် ယုံလှသူမဟုတ် ။ ခက်နေတာက သူ့ကျမှ တစ္ဆေ ကလည်း ကြောက်လောက် လန့်လောက် သွေးပျက်သွား လောက်အောင် မချောက် ။
   “ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ…စစ်မရောက်ခင် မြားကုန်လို့ မဖြစ်သေးပါဘူး ။ သူ လက်ခံလာအောင် ပြောကြည့်ဦးမှပါ ။”
ဟု ရင်နု တွေးထားလိုက်သည် ။

H H H H H

      ထိုနေ့ကို ရင်နု မှတ်မှတ်ရရရှိနေဆဲ…။ ရင်နုတို့ ဤအိမ်ကြီးသို့ရောက်ရှိသည့်ကာလ တစ်လတင်းတင်းပြည့်သည့်နေ့…။ ထိုနေ့တွင် အိမ်ငှားများကို အမှန်အတိုင်းပြောပြလိုက်ရာ အိမ်ငှားများက ဘုန်းတော်ကြီးပင့်ပြီး အမျှအတန်းပေးဝေသင့်ကြောင်း အကြံပြုသဖြင့် ခင် ပွန်းသည်ကို ထိုသို့လုပ်ရန် တိုက်တွန်းပြောဆိုကြည့်ခဲ့သည် ။ ထင်ထားသည့်အတိုင်းပါပဲ…။ ရင်နုက မည်မျှပင် တိုက်တွန်းပါစေ…ချော့ တလှည့် ချောက်တချီ ပြောဆိုပါစေ…ဘုန်းပြည့်က တုတ်တုတ်မျှမလှုပ် ။ အင်းမလုပ်အဲမလုပ် တုံဏှာဘာဝေ ။
   “ ကိုကို…နု ပြောတာကို နားထောင်နေရဲ့လား ။ ပြောပါဦး…။ နု့အကြံ ကောင်းရဲ့လား ။”
   “ အေးပါ…နုရယ် ။ ကိုကို ကြည့်စီစဉ်ပါ့မယ် ။”
   “ တော်တော့ ကိုကို ။ ဟိုတလောကလည်း ကြည့်စီစဉ်ပါ့မယ်လို့ပြောပြီး အခုထိ ဘာမှလုပ်ပေးတာလည်း မဟုတ်ဘဲနဲ့ ။ နုတော့
      မလဲ့လဲ့တို့ပြောတဲ့အတိုင်း လုပ်ဖို့စဉ်းစားထားတယ် ကိုကို ။ ဒီတစ်ခါတော့ ကိုကို မငြင်းနဲ့တော့ကွာ ။”
   “ နေပါဦး နုရယ် ။ နုတို့ကသာ သရဲချောက်တယ် သရဲတွေ့တယ်ပြောနေတာ ။ ကိုကိုဖြင့် ဘာဆိုဘာမှ မတွေ့ဘူး ။ အိမ်ကြီး အေး
      နေတာက အရိပ်အမိုးကောင်းလို့ပေါ့ ။ အေးစိမ့်နေတာနဲ့ပဲ တစ္ဆေချောက်တာ ဖြစ်ရရောလား ။ နုတို့မိန်းမသားတွေကိုက အကဲပို
      တာ ။ အကြောက်လွန်နေကြတာပါကွာ ။ ဒီအိမ်မှာ သရဲမရှိပါဘူး ။”
ဘုန်းပြည့်က ရင်နု့အလိုကို မလိုက်ချင်၍ ဇွတ်မှိတ်ငြင်းတော့၏ ။
      ဘုန်းပြည့်၏စိတ်ထဲ၌လည်း ယခုချိန်ထိ ဤအိမ်ကြီး၌ တစ္ဆေသရဲရှိနေသည်ဆိုသောအချက်အပေါ် လုံးလုံးမယုံကြည်သေး…။ လွန် ခဲ့သည့်တစ်လခန့်က ခရေပင်ကြီးနားတွင် ကလေးမလေးတစ်ယောက် ဖျတ်ခနဲပျောက်သွားခြင်းကို တွေ့မြင်ခဲ့ရသည်ဆိုပေမဲ့ ထိုအချက် တစ်ချက်မျှဖြင့် တစ္ဆေရှိသည်ဟု လက်မခံနိုင် ။ နောက်ပြီး တစ္ဆေရှိစေဦးတော့…ထိုတစ္ဆေက မိမိကို ထိနိုင်ကိုင်နိုင်အန္တရာယ်ပြုနိုင်မှာ တဲ့လား ။ ဘာမျှမလုပ်နိုင်သည့်တစ္ဆေကို ကြောက်ရွံ့ပြီး ဘုန်းကြီးမပင့်နိုင်…အမျှမဝေချင် ။ ခေါင်းမာပြီး သံသယများသည်က ဘုန်းပြည့် ၏ဗီဇ မဟုတ်ပါလား ။
   “ ကိုကို့ကို သိပ်စိတ်ကုန်တာပဲ ။ ကိုကိုကသာ အချောက်မခံရတာ ။ နုတို့မှာဖြင့် နေ့နေ့ညည ကြောက်လန့်နေရတာကို ကိုကို သိရဲ့
     လား ။ နု စိတ်ဆင်းရဲနေတာကို ကိုကို ကြည့်နေနိုင်တယ်ပေါ့ ။”
   “ ခက်တာပဲ နုရယ် ။ ကိုကိုမှ မယုံဘဲနဲ့ဟာ ။ ကဲ…ဒီတစ္ဆေ ကိုကို့ကိုသာ ကြောက်အောင် ချောက်ကြည့် ။ ကိုကို ဘုန်းကြီးပင့်ပြီး အမျှ
      ဝေပေးမယ် ဟုတ်ပြီလား ။ ဒီကိစ္စ တော်တော့ နု ။ ကိုကို နားတော့မယ် ။ တစ်ပတ်နေလို့မှ ဒီတစ်ညလေးပဲ ကိုကို နားရတာ ။ ကို
      ကို့ကို စိတ်ရှုပ်အောင် မလုပ်နဲ့ကွာ ။”
ဘုန်းပြည့်က စကားကို လက်ကုန်ပြော(အဆုံးထိပြော)ပြီး အိပ်ခန်းဆီသို့ လှည့်ထွက်သွားသည် ။ ဟုတ်လည်းဟုတ်၏ ။ သူ့အလုပ်က တစ်ပတ်လုံး ညဆိုင်းဆင်းရပြီး စနေနေ့တစ်ရက်သာ အလုပ်နားရခြင်းဖြစ်သည် ။
      နဂိုကတည်းက မိမိစကား အောင်မည်မဟုတ်မှန်း ရင်နု ကြိုတွက်ထားမိပေမဲ့ တကယ်တမ်းကျ စိတ်မခိုင်…။ မျက်ရည်ဝေလျက် ခင် ပွန်းသည်အပေါ် ဒေါသထွက်ရပြီ ။ စိတ်ထဲက သရဲရယ်…သူ့ကို မှတ်လောက်အောင် ချောက်လိုက်စမ်းပါတော်ဟု အမြင်ကပ်ကပ်နှင့် တိုးတိုးတိတ်တိတ်ကျိန်စာတိုက်နေမိ၏ ။ ဘုန်းပြည့်ကတော့ ရှားပါးလှသည့်တစ်ညတာအိပ်စက်ခွင့်ကို တစ်ကိုယ်တည်း ကုန်ဆုံးရမည် စိုး၍ ညနက်ခါမှ ဇနီးသည်ကို ထွက်ချော့ရမည်ဟုတွေးကာ မှေးခနဲအိပ်ပျော်သွားတော့သည် ။
   “ ကိုကို…ကိုကို…ထဦး ။ ထပါဦး…”
   “ ဟင်…ဟမ်…ဘာလဲ ။ ဘာလဲ…နု…”
   “ ဘာဖြစ်သွားလဲ မသိပါဘူး ကိုကိုရယ် ။ ဘေးအိမ်တွေမှာ မီးလာပါရဲ့ ။ နုတို့တစ်အိမ်တည်း ကွက်ပြီး မီးပျက်သွားလို့ ။ အဲဒါ main
     Switchတစ်ခုခုဖြစ်သလားမသိ ။ သွားကြည့်ပေးပါဦး ။”
တစ်နေကုန်ပင်ပန်းလာသောကြောင့်ဖြစ်မည်…။ မှေးခနဲအိပ်ပျော်သွားလိုက်တာ ဇနီးသည်ရင်နု အတင်းလာနှိုးမှပဲ နိုးတော့၏ ။ ရင်နုက နဂိုကမှ အသည်းကငယ်ငယ်ရယ်…။ ယခု တစ်အိမ်တည်း မီးကွက်ပျက်နေလေတော့ ကြောက်သွေးကြွယ်ကာ အသံတွေပင် တုန်ယင် ချင်နေပြီ ။ ဇနီးသည်၏ပုံစံကိုကြည့်ကာ ဘုန်းပြည့်မှာ အိပ်ချင်စိတ်ပင် ပျောက်ပြယ်သွားရသည် ။
   “ လိုင်းချင်းမတူလို့ဖြစ်မှာပေါ့ နုရယ် ။ ခဏစောင့်ကြည့်ပါဦးလား ။ နောက်ပြီး မိုးလည်းချုပ်နေပြီပဲ ။ အိပ်စို့လေ ။”
   “ နုအတွက်က အရေးမကြီးပါဘူး ။ အပေါ်ထပ်ကအပျိုကြီးနှစ်ယောက်အတွက်ပဲ စိုးရိမ်လို့ပါ ။ သူတို့ခမျာ ကြောက်ရတဲ့အထဲ မီးက
      လည်းပျက်နေတော့ သနားပါတယ် ။ သွားကြည့်ကြည့်လိုက်ပါ ကိုကိုရယ် ။”
ရင်နုက ဇွတ်အတင်းသွားကြည့်ခိုင်းနေ၍ ဘုန်းပြည့်လည်း မငြင်းသာတော့ဘဲ အိပ်ရာမှထကာ လက်နှိပ်ဓါတ်မီးတစ်လုံးဖြင့် မြေအောက် ခန်းသို့ ဆင်းလာခဲ့သည် ။

H H H H H

       အိမ်ကြီးက ဘိုတဲကြီးဆိုသည့်အတိုင်း အင်္ဂလိပ်လူမျိုးများ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပုံရသည် ။ မြန်မာလူမျိုးများ ထားလေ့မရှိသော မြေအောက်ခန်းကို ဤအိမ်ကြီးတွင် တွေ့မြင်ရသည် ။ အိမ်ကြီးကို မွမ်းမံပြင်ဆင်ခဲ့စဉ်က မြေအောက်ခန်းကိုတော့ ပြုပြင်ခြယ်သခွင့်မရ ။ စုဆောင်းထားသည့်ငွေက နည်းပါးနေသဖြင့် အိမ်အပြင်နှင့်အခန်းများကိုသာ ပြင်ဆင်နိုင်ခဲ့ပြီး မြေအောက်ခန်းကိုမူ သည်အတိုင်းထား လိုက်ရသည် ။ နောက်ပြီး လူမနေသည့်ဤမြေအောက်ခန်းအတွက် အပိုငွေ မကုန်လို၍လည်း ယခုလို ဖြစ်သလိုထားထားခြင်းဖြစ်ရာ အရေးကြုံလာသည့်အခါမှ နောင်တရရလေ၏ ။
       မြေအောက်ခန်းသည် ပိုးအိမ်ချည်မျှင်တို့ဖြင့် ပေရှုပ်ပွနေသည် ။ အနံ့အသက်ကလည်း အောက်သိုးသိုးနှင့်…။ ပြင်ဆင်ထားခြင်း လည်း မရှိသောကြောင့် ကြမ်းခင်းတို့မှာ ဟောင်းနွမ်းဆွေးမြေ့နေလေရာ ခြေချလိုက်သည့်အခါတိုင်း တကျွီကျွီ…။ အတော့်ကို ဆိုးရွား သည့်အခန်းဟု ဘုန်းပြည့် ကောက်ချက်ချမိရင်း ရှေ့သို့ တစ်လှမ်းချင်းတိုးလာခဲ့သည် ။ ဤအိမ်ကို ဆောက်လုပ်ခဲ့သည့်သူများကလည်း ပေါက်ပေါက်ရှာရှာ … လျှပ်စစ်မိန်းခလုတ်ကို မြေအောက်ခန်းတွင်မှ ထားရက်လေခြင်း…။ မိန်းခလုတ်က လှေကားအောက် ချောင်ထဲ၌ တပ်ဆင်ထားခြင်းဖြစ်ရာ ထိုနေရာသို့ရောက်ရှိရန် ပိုးမျှင်နှင့်စက္ကူပုံးအစုတ်အဟောင်းများကို ကျော်လွှားခဲ့ရသည် ။ လျှပ်စစ်မီးနှင့်ပတ် သက်လျှင် ဘုန်းပြည့်လည်း နားလည်လှသည် မဟုတ်သဖြင့် ရမ်းသန်းမှန်းဆကာ ပြင်ကြည့်ရမည်သာ…။ ပြင်မရလျှင်လည်း မနက်ကျ ပြင်တတ်သည့်သူကို ဖုန်းဆက်ခေါ်ရုံပေါ့…။
   “ ဟင်…”
မည်သို့ဖြစ်သည် မသိ…။ မိန်းခလုတ်နားသို့ ရောက်လုရောက်ခင်တွင် မိမိနဘေး၌ တစ်စုံတစ်ယောက် လာရပ်လိုက်သောခံစားမှုမျိုးကို ဘုန်းပြည့် ခံစားလိုက်ရသည် ။ ကြောက်စိတ်ကြောင့်များ ထင်ယောင်ထင်မှားဖြစ်ခြင်းလား…။ တစ္ဆေသရဲနှင့်ပတ်သက်သောပုံပြင်ဇာတ် လမ်းအများစုသည် ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်မို့ ယခုလည်း မိမိ၏ကြောက်စိတ်ကပဲ ထိုသို့သောခံစားမှုမျိုးကို ထင်ယောင်မြင်ယောင်လာအောင် ဖန်တီးလိုက်ခြင်းလား…။ မဟုတ်ပါ…။ မိမိသည် မကြောက်တတ်သည့်အပြင် မြေအောက်ခန်းသို့ ဆင်းလာစဉ်ကလည်း အလုပ်ကိစ္စ ပြီးမြောက်ဖို့ကလွဲပြီး အခြားဘာမျှ မတွေးတောမိ ။ တစ္ဆေသရဲအကြောင်းဆို ဝေလာဝေး…။ မိန်းခ လုတ်နားရောက်မှ ရုတ်တရက် ဗြုန်းခနဲ စိတ်ချောက်ချားလာရခြင်းဖြစ်သည် ။
- အာ…ဘာမှမဟုတ်ပါဘူးလေ ။ စိတ်ထင်လို့ဖြစ်မှာပါ…။
ကိုယ့်ကိုယ်ကို အားပေးရင်း လုပ်စရာအလုပ်ကိုသာ ခေါင်းထဲတွေးကာ ရှေ့ဆက်တိုးလာခဲ့စဉ် ချောက်ချားစရာဖြစ်ရပ်က တစ်ဆင့်ထက် တိုးခဲ့လေပြီ ။
   “ ဟဲ့… xxx !! … ငါခွီးတဲ့မပဲ ။ ဘာကြီးလဲဟ ။”
ဘုန်းပြည့်၏နှုတ်က အယုတ္တအနတ္တစကားလုံးတချို့ ယောင်ယမ်းထွက်ကုန်ကာ အနောက်ဘက်သို့ ကမန်းကတန်းလှည့်ကြည့်မိသည် ။ လက်နှိပ်ဓါတ်မီး အလင်းရောင်မကျစဉ်၌ ပတ်ဝန်းကျင်တစ်ခွင်လုံး မှောင်နှင့်မည်းမည်း ။ ဘုန်းပြည့်က ကြောက်တတ်သူ မဟုတ် ။ ဘာ မှန်းမသိဖြစ်နေသည်က သာ၍ခံရခက်နေသဖြင့် အခန်းတဝိုက်ကို လက်နှိပ်ဓါတ်မီးဖြင့် လိုက်ထိုးကြည့်သော်လည်း ဘာဆိုဘာမျှမတွေ့။ - ဒါဆိုရင် စောစောက ဘာကြီးလဲ ။
စောစောက မိမိ၏ကျောပြင်ကို လာရောက်ပွတ်သပ်သောအရာက ဘာကြီးများ ဖြစ်လေမလဲ ။ အေးစက်စက်လက်လေးတစ်ဖက်ဟူ၍ တော့ ဘုန်းပြည့် ခံစားသိရှိလိုက်မိ၏ ။ စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းမဟုတ်မှန်း မိမိဘာသာမိမိ အသိဆုံး…။ ခံစားလိုက်ရသည့်အထိ အတွေ့က မိနစ်ပိုင်းမျှသာဆိုပေမဲ့ ဘုန်းပြည့် တစ်သက်မမေ့နိုင်…။ သေးကွေးပြီး ပျော့စိစိ အေးစက်စက်လက်ကလေးတစ်ဖက်…။
      ဘုန်းပြည့် ယုံကြည်ရတော့မည် ။ ဤအိမ်ကြီးတွင် တစ္ဆေသရဲများ အမှန်တကယ် ရှိနေလေပြီ ။ နောက်ပြီး နည်းနည်းလည်း စိုးရိမ် သွားမိသည် ။ ထိုသူတို့က ဖာသိဖာသာမနေကြရုံမက မိမိကိုပါ လာရောက်ထိတွေ့ကျီစယ်နေကြလေရာ ရှေ့လျှောက် သည်အတိုင်း ထားလျှင် ပိုဆိုးမလာဟု မည်သူမျှ အာမ,မခံနိုင်ပေ ။ သို့ကြောင့် တစ်ခုခုလုပ်မှဖြစ်တော့မည်ဟု ဘုန်းပြည့် ဆုံးဖြတ်လိုက်မိသည် ။

HHHHHHHHHHHHH

    “ ဒီအိမ်ကြီးက ဟိုးအရင်ကတည်းက ရှိနေခဲ့တဲ့အိမ်အိုကြီးပေါ့ ။ အဘိုး သိသလောက်ပြောရရင် အင်္ဂလိပ်လက်ထက်လောက်ကထင်
      ရဲ့ ။ ဒီအိမ်ကြီးက တီဘီအဆုပ်ရောဂါသည်တွေအတွက် ဆေးရုံကြီးဖြစ်ခဲ့တယ် ။ ဒီအိမ်ကြီးက ကန်ကြီးနဲ့လည်း နီးတယ်မဟုတ်
      လား ။ ဒီတော့ လေကောင်းလေသန့်လည်းရ ၊ ရေအတွက်လည်း မပူရလို့ ဒီအိမ်ကို ဆေးရုံအဖြစ် သတ်မှတ်ခဲ့ကြတာထင်ပါတယ်
      ကွယ် ။ ဒီမှာပဲ ရောဂါသည်တွေကို နေထိုင်စေပြီး ရောဂါကုသပေးခဲ့တယ် ။ ဒါပေမဲ့ ရှေးတုန်းက အခုခေတ်လို ဆေးဝါးကောင်းတွေ
      မပေါ်ပေါက်သေးတော့ ရောဂါပျောက်ကင်းသူက နည်းနည်း၊ သေတဲ့သူက များများပဲ ။ ငါ့မြေးတို့ကတော့ တွေးမှာပဲ ။ တီဘီရောဂါ
      ဆိုတာ သေလောက်တဲ့ရောဂါမှ မဟုတ်တာ ။ အခုခေတ်မှာဆို ဆေးတွေတောင် ဝယ်သောက်စရာမလိုဘဲ အလကားရနေပြီဥစ္စာ
      လို့ တွေးကောင်းတွေးမိလိမ့်မယ် ။ ငါ့မြေးတို့  မသိလို့ပေါ့ ။ အဘိုးတို့လက်ထက်ကတော့ တီဘီအဆုပ်ယောင်ရောဂါဆိုတာ ……
      ကြောက်စရာအကောင်းဆုံး…ကုရာနတ္ထိ ဆေးမရှိတဲ့ရောဂါကြီးကွယ့် ။ အင်္ဂလိပ်လက်ထက်ဖြစ်တာကြောင့် ဆေးရုံမှာ သေဆုံးသွား
      တဲ့ရောဂါသည်တွေအတွက် အမျှအတန်းပေးဝေခြင်း မရှိခဲ့ဘူး ။ ဒီတော့ ခမျာတွေမှာလည်း သေခါနီးစွဲမိစွဲရာစွဲလန်းပြီး ဆေးရုံကြီး
      ဖြစ်တဲ့ဒီအိမ်မှာပဲ တဝဲလည်လည်ဖြစ်နေကြတယ်ထင်ပါ့ ။ ကောင်းတယ်ကွယ်…အခုလို ဘုန်းကြီးပင့်ပြီး အလှူအတန်းပြု အမျှပေး
      ဝေလိုက်တဲ့အတွက် မကျွတ်လွတ်သေးတဲ့ပုဂ္ဂိုလ်တွေ ကျွတ်လွတ်သွားကြတော့မှာ ။ ကောင်းတယ်ကွာ…။ အဘိုး ဝမ်းသာတယ်
      ငါ့မြေးတွေ ။ ကျေးဇူးလည်းတင်တယ် ။”
ဘိုးဘသောင်းက စကားဆုံးသွားသည့်အခါ ခပ်လှမ်းလှမ်းမှ မိတ္ထီလာကန်တော်ကြီးကို ငေးမောရှုကြည့်နေရာမှ ဘုန်းပြည့်တို့ဇနီးမောင်နှံ ဘက်သို့ မျက်နှာလှည့်လိုက်သည် ။ ဘိုးဘသောင်း၏မျက်ဝန်းများ၌ မျက်ရည်စတို့ ရစ်ဝေသီလို့…။

H H H H H

      ပတ်ဝန်းကျင်မှအိမ်နီးချင်းမိတ်ဆွေများကို ဖိတ်ကြားကာ အိမ်သစ်တက်ပွဲပြုလုပ်သည့်နေ့တွင် ဘုန်းပြည့်တို့အလုပ်မန်နေဂျာဦးရွှေ မောင်၏ဦးလေးဘိုးဘသောင်း ရောက်လာခဲ့သည် ။ ဦးရွှေမောင်နှင့်ဘုန်းပြည့်က မန်နေဂျာနှင့်တပည့်ဖြစ်ပေမဲ့ အကိုနှင့်ညီလို ရင်းနှီးနေ သူများဖြစ်ရာ ဦးရွှေမောင်ထံမှတဆင့် ဘိုးဘသောင်းအကြောင်းကို ဘုန်းပြည့် အတော်အသင့်ကြားဖူးခဲ့သည် ။ ဘိုးဘသောင်း၏အမည် ရင်းက ဦးဘသောင်းမြိုင်ဖြစ်ပြီး ငယ်စဉ်က ဆင်းရဲသောမိသားစုမှ ပေါက်ဖွားလာရသူဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန်ကာ ကြီးပြင်းကြွယ်ဝလာ သူတစ်ယောက် ။ ယခုအချိန်တွင် အသက်(၉၀)ကျော်နေပြီဖြစ်သော်လည်း ငယ်စဉ်ကကဲ့သို့ပင် စိတ်သွားတိုင်း ကိုယ်ပါနေဆဲ ။ ယခု လည်း ဦးရွှေမောင်က မိတ္ထီလာကန်နားက တီဘီဆေးရုံဟောင်းအိမ်ကြီးမှာ အလှူလုပ်မည်ဟုကြားသိရ၍ ဦးရွှေမောင်နှင့်အတူ လိုက်ပါ လာခဲ့ပြီး အတိတ်ဖြစ်ရပ်များကို အိမ်ရှင်လင်မယား သိရှိနိုင်စေရန် ပြန်ပြောပြနေခြင်းဖြစ်၏ ။
   “ သြော်…ဒါ့ကြောင့် အသက်ရှူကျပ်နေတဲ့အသံကြီးကို ကြား,ကြားနေရတာကိုး ။ ဖြစ်ရလေရှင် ။ ကြားရတာ စိတ်မကောင်းလိုက်တာ
     နော် ။”
ရင်နုက ပြောလည်းပြော ၊ ရစ်ဝဲနေသောမျက်ရည်များကိုလည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မငိုမိအောင် ချုပ်ထိန်းနေသည့်  အခိုက် ဘုန်းပြည့်ကတော့ ထိုတစ္ဆေသရဲလေးများ၏ဇာတ်ကြောင်းထက် ဘိုးဘသောင်း၏အမူအရာကိုသာ စိတ်ဝင်စားနေလေသည် ။
- ဒီအကြောင်းလေး ပြောတာနဲ့များ ဘာဖြစ်လို့ ဒီအဘိုးကြီး မျက်ရည်ဝဲပြီး ငိုမလိုဖြစ်နေရပါလိမ့် ။ ရင်နုကတော့ မိန်းမသားမို့ မျက်ရည်ဝဲ
  တာ ထားပါတော့ ။ သူက ယောက်ျားရင့်မာကြီး ။ နောက်ပြီး အဘိုးကြီးအရွယ် ။ ဒါနဲ့များ အသည်းနုငယ်နေရသေး…။ နောက်ပြီး ကျေး
  ဇူးတင်တယ်တဲ့ ။ သူနဲ့ ဘာဆိုင်လို့တုံး ။
စသဖြင့် အတွင်းစိတ်၌ ကြိတ်ဝေဖန်နေ၏ ။
     အသက်အရွယ်ကြောင့် အကဲခတ်ပညာကို တတ်ကျွမ်းနေပြီဖြစ်သောဘိုးဘသောင်းက ဘုန်းပြည့်၏မျက်နှာကို တစ်ချက်ကြည့်ပြီး ဘုန်းပြည့်၏ရင်ထဲက စကားလုံးများကို ကြားနာသဘောပေါက်သွားပုံရသည် ။
   “ ငါ့မြေးက အဘိုးပြောလိုက်တဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို နားမလည်ဖြစ်နေတာ မဟုတ်လား ။”
   “ ဟို…ဟုတ်ပါတယ် အဘိုး ။ အဘိုးက ဘာဖြစ်လို့ ကျေးဇူးတင်ရတာလဲ ။”
   “ သေဆုံးပြီး မကျွတ်မလွတ်ဖြစ်နေတဲ့အထဲမှာ အဘိုးရဲ့ညီမလေးလည်း ပါတယ်လေ ။ စောစောက ငါ့မြေး ရွှေမောင့်ကိုပြောနေတုန်း
     က အဘိုးကြားလိုက်တယ် ။ ဂါဝန်ပန်းရောင်လေးနဲ့ကလေးမလေးဆိုတာလေ ။ အဲဒါ  အဘိုးရဲ့ညီမလေးပေါ့ ။”
   “ ဗျာ…ဟုတ်…ဟုတ်လို့လား အဘိုးရယ် ။”
   “ ဟုတ်ပါကောလားကွာ ။ အချိန်တွေသာ ကြာချင်ကြာသွားလိမ့်မယ် ။ အဘိုးတော့ အဘိုးရဲ့ညီမလေးကို ဘယ်တော့မှမမေ့ဘူး ။ သူ
      ဆုံးသွားတုန်းက ဂါဝန်ပန်းရောင်လေးနဲ့ပေါ့ ။ သူ့ရဲ့နောက်ဆုံးအချိန်ကို အဘိုး ကြည့်ခွင့် မရခဲ့ဘူး ။ ရောဂါအကူးခံရမှာစိုးလို့ အနား
      ကိုတောင် လာခွင့်မပေးကြဘူးလေ ။ သူ့ခမျာ အထီးကျန်တဲ့ဘဝနဲ့ တစ်ယောက်တည်း သေဆုံးခဲ့ရတာ ။ တကယ်တော့ အားလုံး
      ဟာ အဘိုးရဲ့အပြစ်တွေပါ ။ အဘိုးနဲ့သူက ၁၀နှစ်လောက် ကွာတယ် ။ အကယ်လို့ အဘိုးသာ သူ့ကို ဂရုတစိုက်စောင့်ရှောက်ခဲ့ရင်
      ဒီရောဂါဆိုးကြီးကို သူ ခံစားရမှာ မဟုတ်ဘူး ။ ဒါပေမဲ့…အဘိုးကတော့…အဘိုးကတော့ တစ်ဦးတည်းသောညီမလေးကို ပြစ်ပယ်
      ထားခဲ့မိတယ် ။ ဒါ့ကြောင့်လည်း နေထိုင်မကောင်းဖြစ်ပြီး ဒီရောဂါဆိုးကြီးရဲ့နှိပ်စက်မှုအောက်မှာ သူ လည်စင်းပေးခဲ့ရတာ ။ ဒါကို
      တော့ ဒီတစ်သက် အဘိုး မေ့နိုင်မယ်မထင်ပါဘူးကွယ် ။ ဒီအတိတ်ဆိုးကြီးက အဘိုးကို အမြဲတမ်းချောက်လှန့်နေခဲ့တာ ။ မင်းတို့
      တစ္ဆေအချောက်ခံရတာထက် ဆယ်ဆမကဆိုးပေါ့။ ညီမလေး ကျွတ်လွတ်ပါ့မလားဆိုတဲ့အတွေးကြောင့် အဘိုး တစ်ရက်မှမပျော်
      နိုင်ခဲ့ဘူး ။ အခုတော့ အဘိုး စိတ်ချမ်းသာသွားရပြီ ။ ဒါ့ကြောင့်မို့ မင်းတို့ကို အဘိုး ကျေးဇူးတင်နေတာ ။ အခုလောက်ဆို အဘိုးရဲ့
      ညီမလေး မြင့်မြတ်ရာဘုံဘဝတစ်ခုခုကို ရောက်ရှိသွားလောက်ရောပေါ့ ။ အဘိုး သေပျော်ပါပြီ…သေပျော်ပါပြီကွယ် ။”
   “ ဖြစ်ရလေ အဘိုးရယ်…”
ထိုရေရွတ်သံတိုးတိုးက ဘုန်းပြည့်နှင့်ရင်နုတို့ထံမှ တပြိုင်နက်တည်းထွက်ပေါ်လာခဲ့သည့် ကရုဏာစကား…။
     အသက်(၉၀)ကျော်အဘိုးကြီးတစ်ယောက်၏ရင်ထဲကခံစားချက်များကို လိုက်မခံစားတတ်ပေမဲ့ ကိုယ်ချင်းတော့စာကြည့်နိုင်သည် ။ နှစ်ပေါင်းများစွာ ဖိစီးလာခဲ့သည့် အကိုတစ်ယောက်၏တာဝန်မကျေသောစိတ်…။ ထိုခံစားမှုမျိုးကို ဘုန်းပြည့်ရော ရင်နုပါ မတွေ့ကြုံလို ပါ ။ သို့ကြောင့် နှစ်ဦးသား ဆုံးဖြတ်ချက်တစ်ခုကို လျင်စွာဆုံးဖြတ်လိုက်ကာ တစ်ဦးမျက်နှာကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည် ။ တစ် ချိန်တည်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သောကြောင့် လှည့်ကြည့်လိုက်သည့်အခါတွင် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဆုံသွားခဲ့သည် ။ သို့ ကြောင့် နှစ်ယောက်လုံး၏နှုတ်ခမ်း၌ အပြုံးချိုချိုတို့ လင်းလက်သွားခဲ့၏ ။ သူတို့ဆုံးဖြတ်လိုက်သည်က…
- ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်နေထိုင်သွားတော့မည်ဟူ၍…။


                                                                                                              စေတနာရှေ့ထားလျက်…
                                                                                              
                                                                     ဂါဦးနွန်းကို


www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။     



- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။