ရာမည၏ ထန်းတောအလှ
စက်စဲကမ်းခြေ၏အလှ
မြန်မာနိုင်ငံရှိ ထင်ရှားသောပင်လယ်ကမ်းခြေများအနက်
စက်စဲကမ်းခြေကို ရွေးချယ်ညွှန်းဖွဲ့ရမည်ဆိုလျှင် “စက်စဲ”သည် မြန်မာစကားပုံတစ်ခုဖြစ်သည့်
“ဘုရားလည်းဖူး ၊ လိပ်ဥလည်းတူး”ဆိုသလို ကျိုက္ခမီရေလယ်ဘုရားလည်း ဖူးရင်း ပင်လယ်ရေလည်း
ပျော်ပျော်ပါးပါးချိုးရင်း ခရီးစဉ်တစ်ခုတည်းမှာပဲ ဆန္ဒနှစ်ခုပြည့်ဝစေနိုင်သဖြင့် မရောက်မဖြစ်
သွားသင့်သောကမ်းခြေတစ်ခုပင်ဖြစ်ပါ သည် ။ နောက်ပြီး သူ့၌ အခြားကမ်းခြေများနှင့်မတူသည့်
ထူးခြားချက်အချို့လည်း ရှိ၏ ။
ရေအိုးရွက်လာသည့်မိန်းမလှလေးများပမာ
လယ်ကွင်းများဘက်သို့ ယိမ်းနွဲ့လျက်ရှိသော-ထန်းပင်တန်းများ စီတန်းတည်ရှိ နေသည့်-လမ်းမကြီးကိုမြင်လျှင်
ဒါဟာ မွန်ပြည်နယ်၏ကမ္ဘာကျော်အလှတစ်ပါးဟု ဆိုရမည်သာ ။ ဟုတ်ပါသည် ။ စက်စဲသို့ သွားရာ လမ်းတွင်လည်း
ထိုအလှကို တွေ့မြင်ရပါသည် ။ ဖြတ်သန်းသွားသည့်အခိုက် ကားလမ်းမဘေးတစ်ဖက်တစ်ချပ်ရှိ စီစီညီညီ
ထန်းပင် များကို တွေ့ရမည်ဖြစ်သလို ကျိုက္ခမီမြို့ကိုလွန်၍ စက်စဲကမ်းခြေဘက်သို့ ရောက်လာသည့်အခါမှာတော့
ရာဘာတောများကိုလည်း မျက်စိအေးဖွယ် ရှုစားရပေမည် ။ လမ်းက တပြေးညီမဟုတ်ဘဲ ကုန်းတက်ကုန်းဆင်းသဖွယ်
တချို့နေရာများ၌ နိမ့်ချည် မြင့်ချည် ။ ကျိုက္ခမီမှသွားလျှင် သိပ်ကြာသည်ဟု မခံစားရခင်မှာပင်
စက်စဲကမ်းခြေသို့ ရောက်ပါပြီ ။
စက်စဲကမ်းခြေ
ပင်လယ်က ပြာ၏ ။ သောင်က ကျယ်ပြန့်၍ ညီညာပြေပြစ်၏
။ အလွန်အမင်းသဲနစ်ခြင်း မရှိသဖြင့် ရေချိုးဆင်းသူများအဖို့ ပင်ပန်းနွမ်းနယ်မှုကို မခံစားရ
။ တောင်တန်းများ ဝိုင်းရံထားသဖြင့် လှပခြင်းအရသာကလည်း မသေးပေ ။ နောက်ပြီး … စိမ်းစိုလှပရုံ
သာမက အရိပ်အာဝါသလည်းရသော ပင်လယ်ကဗွီးပင်ကြီးများကလည်း ရှုမငြီးဖွယ် ။ ဤကမ်းခြေ၏ထူးခြားချက်မှာ
ထိုပင်လယ် ကဗွီးပင်များပင်ဖြစ်သည် ။ မျက်စိတဆုံး စိမ်းညို့လှပနေသော ပင်လယ်ကဗွီးတောကြီးက
စက်စဲ၏အလှကို ပံ့ပိုးပေးနေသည်ဟု ဆိုလျှင် မမှားနိုင် ။
စက်စဲသည်
မူလက တံငါသည်များ လုပ်ငန်းခွင်ဝင်ရာကမ်းခြေသာဖြစ်ပြီး ဒေသခံများ သွားလာရေကစားရာမှ အစပြုကာ
(၁၉၉၀)ပြည့်နှစ်နောက်ပိုင်းမှာ လူသိများလာခဲ့သည် ။ လူသိများလာသည်နှင့်အမျှ ကမ်းခြေပွဲတော်များ
ကျင်းပခဲ့ရာ ပထမအကြိမ် ကမ်းခြေပွဲတော်ကို မြန်မာ့ခရီးသွားနှစ်အထိမ်းအမှတ်အဖြစ် ၁၉၉၆ခုနှစ်၌
ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ကမ်းခြေပွဲတော်ကို ၂၀၀၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည် ။ အစည်ကားဆုံးမှာ
၂၀၁၄ခုနှစ် ကျင်းပသောပွဲတော်ဖြစ်ကြောင်း ဖတ်ရှုမှတ်သားဖူး၏ ။
သဲဖြူဖြူပေါ်က လှပသော ပင်လယ်ကဗွီးပင်များနှင့်အတူ
စက်စဲကမ်းခြေသည် အလျား(၂)မိုင်ရှည်လျားပြီး
ရေလှိုင်းများကလည်း အစဉ်အမြဲပြေးလာလျက်ရှိ၍ တစ်နှစ်တာပတ်လုံး ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်
။ သီတင်းကျွတ်လမှစပြီး ကဆုန်လအထိ အစည်ကားဆုံးဖြစ်၏ ။ လည်ပတ်စရာနေရာ အဖြစ် အနီးအနား၌
ဥာဏ်တော်အတောင်(၄၀)ပြည့် ကျိုက်စောဆံတော်ရှင်စေတီ (ခေါ်) စက်စဲရေလယ်ဘုရားကို ရေကျချိန်တွင်
သွားရောက်ဖူးမျှော်နိုင်သလို ဈေးတန်းတွင်လည်း ပင်လယ်ထွက်-ခရု/ကမာ/ဂုံး/ပုစွန်/ငါးခြောက်မျိုးစုံကို
လေ့လာဝယ်ယူနိုင်သည် ။
အိမ်ပြန်လက်ဆောင် ဝယ်သွားကြရအောင်
ဆင်ပုန်းဂူဘုရားသို့ဆက်ရလျှင်…လက်ဦးပထမ
ရာဘာတောကိုမျက်နှာမူထားသော ဆင်ပုန်းကျောင်းတိုက်ကို တွေ့ရမည် ဖြစ်သည် ။ ကျောင်းဝင်းအတွင်းသို့
ဝင်ရောက်လာပြီးနောက် ကျောင်းနောက်ရှိ မတ်စောက်သောလှေကားထစ်များကို ဖြတ်ကျော် လာချိန်တွင်
စိတ်နှလုံးအေးဖွယ် တွေ့မြင်ရမည်က စေတီငယ်တစ်ဆူနှင့် ရပ်တော်မူဘုရား ။ ထိုရင်ပြင်တော်ဘေးရှိ
မြင့်မားသော ကျောက်ဆောင်အတိုင်း ဆင်းလာသည့်အခါ ဖြူလွလွသဲသောင်ပြင်ကို ထိတွေ့မိချိန်မှာတော့
ဆင်ပုန်းဂူနှင့် ဆင်ပုန်းဂူဘုရားကို ဖူးတွေ့နိုင်ပါပြီ ။
သို့သော် ဆင်ပုန်းဂူထဲသို့
ဝင်မရပါ ။ အဝမှာပဲ ကြည့်ရှုလေ့လာခဲ့ရ၏ ။ (ယခင်ခေတ်က) ကျောက်စရစ်နှင့် သဲအမြောက် အမြားထုတ်ယူမှုကြောင့်
ကျိုက္ခမီကမ်းခြေတလျှောက် ပေ(၁၃၀၀)ကျော်
ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့သောကြောင့်လည်းကောင်း ၊ လှိုင်းဒဏ်/လေဒဏ်/
မိုးဒဏ်များကို ကြံ့ကြံ့ခံရသောကြောင့်လည်းကောင်း ဆင်ပုန်းဂူသည် ယခုလို
နိမ့်ဆင်းပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရ သိခဲ့ရသည် ။
စေတီငယ်၏ရင်ပြင်တော်ဘေးရှိ ကျောက်ဆောင်
ဆင်ပုန်းဂူ
ဆင်ပုန်းဂူဘုရားသည်
ကျိုက္ခမီမြို့၏တောင်ဘက် ၊ ကျိုက္ခမီရေလယ်ဘုရားကြီး၏အရှေ့တောင်ဘက်တွင် တည်ရှိသည် ။ ရှုမျှော်ခင်းမှာ
နတ်တို့ဖန်ဆင်းသကဲ့သို့ ညို့မှိုင်းမှိုင်းသစ်ပင်ကြီးများက အုပ်ဆိုင်းလျက်ရှိသလို အပြာရောင်ခြယ်ကောင်းကင်နှင့်
ပင်လယ်ကို နောက်ခံထား၍ ပင်လယ်ထဲသို့ထိုးထွက်နေသောကျောက်ဆောင်ထက်၌ စံပယ်နေသောရွှေဝါရောင်စေတီ၏တင့်တယ်
မှုအဖုံဖုံက ဆေးရောင်စုံပန်းချီကားတစ်ချပ်သဖွယ် ကြည့်မြင်သူအဖို့ တဒင်္ဂတော့ မင်သက်ငေးမောသွားမိမည်မှာ
အမှန် ။ ခပ်လှမ်း လှမ်း၌ တွေ့မြင်နေရသည်က ဆေးဖိုကျွန်းမီးပြတိုက် ဖြစ်၏ ။
ဆင်ပုန်းဂူဘုရား၏အလှနည်းတူ
သမိုင်းရာဇဝင်ကလည်း အတန်ငယ်ပဉ္စလက်ဆန်သည် ။ ဗုဒ္ဓဘုရားသခင် သဗ္ဗညုတ ဥာဏ်ရှင် မဖြစ်ခင်
ပါရမီဖြည့်စဉ် အလောင်းတော်ဘဝက ဆဒ္ဒန်ဆင်မင်းအဖြစ်ဖြင့် ကျက်စားစံပျော်ရာဒေသတစ်ခုဖြစ်ခဲ့ကြောင်း
၊ တစ်ခေတ်တစ်ချိန်ကလည်း ဈာန်ရသူတော်စင်၊ ဝိဇ္ဇာ၊ ဇော်ဂျီများ နေထိုင်သည့် သမိုင်းဝင်ဂူဖြစ်ခဲ့ကြောင်း
၊ ယခုခေတ်တိုင်အောင် ဥစ္စာစောင့်သိုက်နန်းများ ရှိနေသေးကြောင်း စိတ်ဝင်စားဖွယ် မှတ်သားခဲ့ရပါသည်
။
မီးပြတိုက်အလှနှင့် ဆင်ပုန်းဂူဘုရား
လှလိုက်တဲ့ ရွှေဟင်္သာ 😉
ကျိုက္ခမီရေလယ်ဘုရားအနီးရှိ တည်းခိုခန်းသို့
ပြန်ရောက်ချိန်၌ ညနေစောင်းတော့မည် ။ view pointက တည်းခိုခန်းများ အနားမှာပဲ ဖြစ်သည်
။ ညနေခင်းနေမင်းအောက်မှာ view point၏အလှသည် တစ်မျိုးတစ်ပါဒဆန်းပြားနေ၏ ။ အုန်းပင်များအောက်
က ရောင်စုံခုံတန်းများ ။ view pointဆိုသည့်အတိုင်း လှပမှုမျိုးစုံကို ရှုမြင်ခံစားနိုင်အောင်
ကမ်းပါးတွင် ခိုင်ခိုင်ခန့်ခန့်တည်ဆောက် ထားသော နေရာတစ်ခုဖြစ်ပြီး ထိုအနီးတွင် စားသောက်ဆိုင်တန်းရှိ၍
အလိုရှိရာကို သုံးဆောင်ရင်း ရှုစားနိုင်မည်သာ ။ အထူးသဖြင့် ကမ်းခြေနှင့် အလိုက်ဖက်ဆုံးက
အုန်းရေပင် မဟုတ်ပါလား ။
ညနေစောင်းနေခြည်အောက်တွင်
ကမ်းခြေသည် ရွှေညိုရောင်လင်းနေသည် ။ ပင်လယ်သည် ကမ်းစပ်တွင် ဖြူ၍ နက်ရှိုင်း လာသည်နှင့်အမျှ
ပြာ၍ပြာ၍သွားသည် ။ ကျိုက္ခမီကမ်းခြေတကြောရှိ ကျောက်ဆောင်ကျောက်တန်းများ၏အလှ ၊ ငါးဖမ်းလှေများ၏
အလှကို အုန်းရေသောက်ရင်း ကြည့်ရှုနိုင်သည် ။ သဘာဝအလှတရားကိုသာမက လူ့ဘဝဇာတ်ခုံကိုလည်း
လေ့လာဆင်ခြင်နိုင်၍ ဗဟုသုတရော အသိအမြင်ပါ ရရှိနိုင်သည်ဟုဆိုလျှင် ပိုမည်မထင်ပါ ။
View
Point
တစ်နေ့တာ ကုန်ဆုံးသွားခဲ့ပါပြီ
။ ကျိုက္ခမီရေလယ်ဘုရားကို ညချမ်းကာလ သွားရောက်ဦးတိုက်ပူဇော်ပြီးသည့်နောက် ဈေးတန်းသို့
ရောက်သည် ။ ပင်လယ်ထွက်စားစရာအခြောက်အခြမ်းအစိုအစုံ ရှိသည် ။ ထိုနေရာ၌ စိတ်ဝင်စားစရာကောင်းသည့်
အရာကတော့ ယိုစုံလှည်းကလေးများပင် ။ ကျိုက္ခမီဒေသမှာပဲ နီးနီးနားနား လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားပုံရသော
သရက်ယို ၊ မရမ်းယို ၊ ခရမ်းချဉ်သီးယို ၊ ယိုမျိုးစုံလင်…။ ထူးထူးခြားခြား ဂုံညင်းဒိုးယိုဆိုတာလည်း
ရှိသည် ။ ကျန်းမာရေးအတွက် ကောင်းသည် ဆို၏ ။ အခြားမသိပေမဲ့ စားလို့ကောင်းတာတော့ အမှန်ပင်
။
ယိုစုံလှည်းလေး
ငှက်ကလေးတွေ အိပ်တန်းတက်
၊ တလောကလုံး ငြိမ်သက်နေပေမဲ့ ပင်လယ်ပြင်ကတော့ တစ်ချက်ချက် လှိုင်းသံများဖြင့် ညည်းတွားနေဆဲ
။ ကျိုက္ခမီကုန်းတော်ပေါ်ရှိ လျှပ်စစ်မီးတိုင်များအောက်က ရွှေရောင်ဝင်းဝါဝါစေတီတော်နှင့်
ညို့စိမ်းစိမ်းသစ်ပင် များ ။ ယင်းမြင်ကွင်း၏နောက်ခံ မှောင်မိုက်မိုက်ပင်လယ်ပြင်ထဲက
လရောင် မပီ ဝိုးတဝါး ။ ကျိုက္ခမီညအလှသည် ဘဝတစ်သက်စာ အတွက် ထာဝရကမ္ဗည်းတင်ထိုက်ပါပေ၏ ။
ကျိုက္ခမီညအလှ
စေတနာရှေ့ထားလျက် ... 😎
ဂါဦးနွန်းကို (GarOoNoonKo)
Please visit facebook page >> www.facebook.com/writer.GONK 👏👏👏