ပျော်ရွှင်သောနှစ်သစ် ဖြစ်ပါစေ
( ၂၀၁၆ ဇန်နဝါရီ(၇)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဖော်ပြခံရသော ဆောင်းပါးဖြစ်သည် )
ဂါဦးနွန်းကို .................. ရေးသားသည် ။
-----------------------------------------------------------------------------------------------------------------
အခုအခါ
နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ရောက်ခဲ့ပြီ ။ (၂၀၁၆)နှစ်သစ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့
လူပေါင်းများစွာ က ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး ကြိုလင့်ခဲ့ကြတာကို အွန်လိုင်းကရော၊
ရုပ်သံလိုင်းများကပါ တွေ့မြင်ကြလိမ့်မယ်လို့ ထင်ပါတယ် ။
နှစ်ဟောင်းကုန်ပြီး
နှစ်သစ်ကူးပြောင်းချိန်မှာ ကျွန်မလည်း နှစ်သစ်ကို စိတ်သစ်/လူသစ်/အားအင်သစ်တွေနဲ့ စတင်ဖို့
စိတ်ကူးမိပါတယ် ။ တပြိုင်နက်တည်းမှာပဲ နှစ်ဟောင်းမှာ ကျင့်သုံးခဲ့တဲ့-ကောင်းမွေဆိုးမွေတွေထဲက
ပြုပြင်သင့်တာကို ပြုပြင် ၊ ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းဖို့ ကိုယ့်ကိုယ်ကို သုံးသပ်ရင်း
အရေးကြီးတာတွေကို တွေးခဲ့မိပါတယ် ။
ကျွန်မအတွက်
အရေးကြီးတဲ့အချက်တွေဖြစ်နေလို့ (ကိုယ့်ကိုယ်ကို) သတိပေးဖို့ တွေးမိတာတွေကို စာအုပ်ထဲမှာ
ရေးမှတ်ထားခဲ့တယ် ။ အစကတော့ ဖတ်ချင်စဖွယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးသားထားတာ မဟုတ်လို့ ရင်းနှီးတဲ့-မိတ်ဆွေတွေလောက်ပဲ
မျှဝေ ခဲ့ပေမဲ့ သူတို့က လက်ရှိခေတ်အခြေအနေအရ ဖော်ပြသင့်ကြောင်း တိုက်တွန်းကြတာကြောင့်
စာဖတ်သူတွေထံ အခုလိုမျိုး လက်ဆင့်ကမ်းတင်ပြဖြစ်ခဲ့ပါတယ် ။
ကျွန်မ
တွေးမိတာက ခက်ခက်ခဲခဲကြီးတွေ မဟုတ်ပါဘူး ။ တကယ့်ကို ရိုးရိုးရှင်းရှင်းရယ် ။ အကျဉ်းချုံ့ပြောရရင်
အချက် (၅)ချက်တည်းပါ ။
(၁) အတွေးမှန်ရမယ် ။
(၂) အကောင်းမြင်ရမယ် ။
(၄) ချစ်တတ်ရမယ် ။
(၅) အမှားပြင်ရမယ် ။
(၁)
အတွေးမှန်ရမယ်
ဒီအချက်ရဲ့အခရာကတော့ အတွေးမှားရင် ခံစားရမယ့်-ဆိုးပြစ်တွေအကြောင်း
သိနားလည်ဖို့ပါပဲ ။ ကျွန်မဆိုရင် အတွေး မှားခဲ့လို့ ၊ အယူအဆမှားခဲ့လို့ ဘဝသက်တမ်း(၄)နှစ်ကျော်ကို အဓိပ္ပါယ်မဲ့လေလွင့်ခဲ့ဖူးတယ် ။ အတွေးတစ်ချက်မှားလို့
ဘဝပျက် သွားခဲ့သူတွေထက်စာရင် ကိုယ်က ဘာမှမဟုတ်ပါဘူးလို့ ဖြေတွေးလိုက်ရပေမဲ့ ဘယ်တော့မှ
ပြန်မရနိုင်တဲ့-အချိန်ကာလနဲ့ နှမြော စရာကောင်းတဲ့-အောင်မြင်မှုတချို့ကိုတော့ ရင်းလိုက်ရပြီးပြီလေ
။
ဒီတော့ အတွေးမမှားအောင် ကျွန်မတို့ သေချာစဉ်းစားဆုံးဖြတ်တတ်ဖို့
လိုပါတယ် ။ ဖျတ်ခနဲပေါ်လာတဲ့-သွေးဆူမှုတွေ ကြောင့် ဆုံးဖြတ်လိုက်တဲ့-အတွေးတွေက အမှားကင်းတာ
နည်းပါတယ် ။ ဒါ့ကြောင့် ဘယ်ကိစ္စမဆို အတွေးမှန်မှန်နဲ့ စဉ်းစား ချင့်ချိန်ဖို့ အရေးကြီးပါတယ်
။ အတွေးမှန်ဖို့အတွက် အတွေးအခေါ်ရင့်သန်ဖို့ လိုအပ်တာကြောင့် များများတွေးပေးရမယ့်ကိစ္စတွေ
အပေါ် စိတ်ဝင်စားတတ်အောင် လေ့ကျင့်ထားသင့်ပါတယ် ။
ခက်ခဲလွန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး ။ စာအုပ်တစ်အုပ်
၊ သတင်းစာတစ်စောင် ၊ ရုပ်ရှင်ကားတစ်ကား နောက်ဆုံး သီချင်းတစ်ပုဒ်ကတောင် ကျွန်မတို့ရဲ့အတွေးအခေါ်တွေကို
ရင့်သန်ဖွံ့ဖြိုးလာအောင် ကူညီပေးနိုင်ပါတယ် ။ အဓိကကတော့ ဘယ်ကိစ္စကိုမဆို အလျင်စလိုမဆုံးဖြတ်ဘဲ
လေးလေးနက်နက်နဲ့ ကွက်ကျော်မြင်အောင် တွေးတတ်ဖို့ပါပဲ ။ အတွေးအခေါ်ကောင်း တွေ ၊ အတွေးမှန်တွေ
ရှိနေသူကို ဘယ်သူကမှ “ကစား”လို့မရပါဘူး ။
နောက်ပြီး
အတွေးမမှားအောင် စိတ်တည်ငြိမ်ရပါမယ် ။ စိတ်တည်ငြိမ်ဖို့အတွက်
စိတ်လေ့ကျင့်ခန်း လုပ်သင့်တယ် တစ်နည်းဆိုရရင် တရားထိုင်သင့်တယ်လို့
မြင်ပါတယ် ။ ကျွန်မကိုယ်တိုင်လည်း မကြာခဏ တရားထိုင်နိုင်အောင် ကြိုးစားနေပြီမို့ စိတ်တည်ငြိမ်လိုသူ
၊ အတွေးမမှားလိုသူတို့ကိုလည်း စိတ်ကို အနားပေးတဲ့အနေနဲ့ တရားထိုင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ။
(၂)
အမှန်မြင်ရမယ်
ဒုတိယအချက်က
အမှန်မြင်တတ်ဖို့ပါ ။ အမှန်မြင်တယ်ဆိုတာကို အကောင်းမြင်တယ်လို့လည်း ပြောနိုင်ပါတယ်
။ ဒါပေမဲ့ မျက်စိမှိတ်(တဇွတ်ထိုး)အကောင်းမြင်ခြင်းမျိုး မဟုတ်ပါဘူး ။ ကျွန်မ မကြိုက်တဲ့-ဆုံးမစာတစ်ခု
ရှိပါတယ် ။ “ဖန်ခွက်ထဲကရေ တစ်ဝက်” ပုံပြင်ပါ ။
“ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိတယ် ။ ဒါကို အဆိုးမြင်ဝါဒသမားက ဟင်…ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပဲ ရှိတယ်-လို့မြင်သတဲ့
။
အကောင်းမြင်ဝါဒသမားကတော့ ဖန်ခွက်ထဲမှာ
ရေတစ်ဝက်တောင် ရှိတယ်-လို့မြင်သတဲ့ ။”
ကျွန်မအယူအဆကတော့ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိတယ်လို့ပဲ
မြင်သင့်ပါတယ် ။ ဆိုချင်တာက အမှန်ကို အမှန်အတိုင်းပဲ ပြတ်ပြတ်သားသားမြင်သင့်တယ် ။ တစ်ခါတရံ…မျက်စိမှိတ်အကောင်းမြင်လွန်းသူတွေကြောင့်
လူဆိုးလူမိုက်တွေ ကောင်းစားနေ ကြတာပါ ။
အဲဒါကြောင့်
ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိတာနဲ့ပတ်သက်လို့ စိတ်တိုစိတ်ပျက်စရာ မလိုသလို ဝမ်းသာပျော်မြူးနေစရာ
လည်း မလိုပါဘူး ။ ရေတစ်ဝက်ရှိတာကို ကျေကျေနပ်နပ်နဲ့ လက်ခံပြီး နောက်ထပ် ရေတစ်ဝက် ထပ်ဖြည့်နိုင်အောင်
ကျွန်မတို့ ကြိုးစားရမှာပါ ။
(၃) ဘာသာတရားကိုင်းရှိုင်းရမယ်
အခုခေတ်မှာ
ယဉ်ကျေးမှုတွေ ရောထွေးလာသလို ဘာသာတရားကိုင်းရှိုင်းမှုတွေလည်း လျော့နည်းလာပါတယ် ။ လိုင်းကားပေါ်မှာ
ဘုန်းကြီးနဲ့အမျိုးသမီးတွေ တွန်းတိုးနေကြတာမြင်ရရင် ကျွန်မ စိတ်မချမ်းသာပါဘူး ။ ဒါပေမဲ့
ခေတ်ကိုက ဒီလိုတိုးတက်မှ ဖြစ်တာကိုး ။
ဘာသာတရား
ကိုင်းရှိုင်းခြင်းဟာ လူတစ်ယောက်ကို ယုံကြည်မှု တိုးစေပါတယ် ။ အမှန်ကို ပိုမြတ်နိုးစေပါတယ်
။ မကောင်းမှု ပြုရမှာကို ကြောက်ရွံ့စေပါတယ် ။ ဘာသာတရားတိုင်းလိုလိုကို လေ့လာကြည့်မယ်ဆိုရင်
ကောင်းတာ ကြံစည်ဖို့ ၊ ကောင်းမှု ပြုလုပ်ဖို့ပဲ ဟောကြားထားကြတာပါ ။ မိမိရဲ့ဘာသာတရားကို
အတ္တမပါဘဲ ကိုင်းရှိုင်းယုံကြည်သင့်ပါတယ် ။ လုပ်သင့် တာ မလုပ်ဘဲ ရသင့်တာထက် ပိုကဲတဲ့-အလိုဆန္ဒတွေ
မလျော့နည်းကြသရွေ့ ကျွန်မတို့အားလုံး လိုလားတဲ့ငြိမ်းချမ်းရေးက ထုံးစံ အတိုင်း ထွက်ပြေးနေဦးမှာပါပဲ
။
ဒါကြောင့်
ရင်ထဲမှာ ဘုရားရှိဖို့ အရေးကြီးပါတယ် ။ ဘာသာဝင်တိုင်းရဲ့ရင်ထဲမှာ ဘုရားရှိစေချင်ပါတယ်
။ လူတိုင်းသာ ကိုယ့်ကိုးကွယ်ရာ ကိုယ်ချစ် ၊ ကိုယ့်ဘာသာအပေါ် ကိုယ်ယုံကြည်ပြီး ထဲထဲဝင်ဝင်လေ့လာထားကြမယ်ဆိုရင်
ဘာသာပျောက်မှာ လည်း ကြောက်စရာမလိုတော့ပါဘူး ။ ဘယ်သူ့ကိုမှလည်း ရန်ပြုနေစရာမလိုပါဘူး
။
(၄) ချစ်တတ်ရမယ်
စတုတ္ထအချက်ကတော့
ချစ်တတ်ဖို့ပါ ။ ဒီအချက်ကို တွေ့လိုက်တဲ့ခဏ ကျွန်မသူငယ်ချင်းတွေက အစအဆုံးမဖတ်ကြ သေးဘဲ
ကျွန်မကို ကျီစယ်ကြလေရဲ့ ။ အပျိုကြီးလုပ်မယ်လည်း
ကြွေးကြော်သေး ၊ အခုတော့ ချစ်တတ်ဖို့ တရားဟောနေပါလား-တဲ့ ။ ခက်တာပဲ ။ အချစ်ဆိုတာနဲ့
အများစုက (၁၅၀၀)မေတ္တာကိုသာ ပြေးမြင်တတ်ကြတယ် ။ ကျွန်မ ဆိုလိုတဲ့-ချစ်တတ်ရမယ်-က (၁၅၀၀)ချစ်ခြင်းကို ပြောချင်တာမဟုတ်ပါဘူး
။ နိုင်ငံကို ချစ်တတ်ဖို့ ၊ လူမျိုးကို ချစ်တတ်ဖို့ ၊ ဘာသာသာသနာကို ချစ်တတ်ဖို့ ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို
ချစ်တတ်ဖို့ ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်ဖို့ ၊ တိရစ္ဆာန်လေးတွေကို ချစ်တတ်ဖို့ ၊ အရာရာ
အပေါ် (အတတ်နိုင်ဆုံး) မေတ္တာထားတတ်ဖို့ပါ ။
လူတော်တော်များများက
ကွက်ပြီးချစ်တတ်ကြတာ များပါတယ် ။ တခြားမပြောပါနဲ့...ကျွန်မဆိုရင် ခွေးကိုပဲ
ချစ်တတ်ပြီး ကြောင်တွေကို သိပ်မချစ်တတ်ပါဘူး ။ အပင်ဆိုရင်လည်း
သရက်ပင်/ပိန္နဲပင်လိုမျိုး အပင်ကြီးတွေကို အရိပ်ကျလို့ ခုတ်ပစ်ချင်ပေမဲ့ အပင်ငယ်လေးတွေကိုကျ
တယုတယစိုက်ပျိုးချင်ပြန်ရော ။ ကြည့်ပါဦး ။ ကျွန်မဟာ ကျွန်မကိုယ်တိုင်တောင် မသိလိုက်ဘဲ
“မမျှတ သူကြီး” ဖြစ်နေပါပေါ့လား ။ ကျွန်မတို့အားလုံး ကိုယ်စီကိုယ်ငှ စဉ်းစားကြည့်ကြမယ်ဆိုရင်
တစ်နေရာမဟုတ်တစ်နေရာမှာ မျက်နှာ လိုက်ပြီး အတ္တဆန်ဆန်ချစ်နေကြတာကို တွေ့ရပါလိမ့်မယ်
။
တကယ်တော့
အရာအားလုံးကို ချစ်တတ်တာ အကောင်းဆုံးပါ ။ လူသားတိုင်းလူသားတိုင်းသာ တယူသန်မှုတွေကို
ဆုပ်ကိုင်မထားဘဲ အရာရာအပေါ် မေတ္တာထားနိုင်မယ်ဆိုရင် ကမ္ဘာမြေဟာ အခုထက်ပိုပြီး သာယာလှပနေမှာ
သေချာပါတယ် ။ အဲဒီလိုသာယာအောင်လည်း ကျွန်မတို့လူသားတွေရဲ့မှန်ကန်တဲ့မေတ္တာတရားနဲ့ပဲ
တည်ဆောက်နိုင်မှာပါ ။
ဒါပေမဲ့
ချစ်တာနဲ့တာဝန်ရှိတာ အဓိပ္ပာယ်ချင်း မတူပါဘူး ။ ဒီနေ့ခေတ် အများဆုံးတွေ့မြင်နေရတဲ့ အမုန်းတရား မပြန့်ပွား အောင်-ဆိုတဲ့-ဝေါဟာရအောက်မှာ
ချစ်တာနဲ့ တာဝန်ရှိတာကို ရောထွေးနေကြပါတယ် ။ ကျွန်မရဲ့ခံယူချက်ကို သာဓကနဲ့ ရှင်းပြရ
ရင် တလောကလုံးမှာရှိတဲ့-မိခင်အားလုံးကို ကျွန်မ လေးစားစိတ်နဲ့ ချစ်နိုင်ပါတယ် ။ တကယ်လည်း
လေးလေးစားစားချစ်ပါတယ် ။
သို့သော်…အားလုံးရဲ့တာဝန်ကိုတော့
လက်ခံဖို့ မဖြစ်နိုင်ပါဘူး ။ ဒီတော့ ကျွန်မရဲ့မိခင်အပေါ်မှာ သားသမီးတာဝန် ကျေ အောင်
ကျွန်မ ကြိုးစားနေတယ် ။ ဒီတာဝန်ကျေပွန်အောင် ကြိုးပမ်းရင်း တခြားသောဒုက္ခရောက်နေတဲ့မိခင်တွေအတွက်
တတ်နိုင် သလောက် ကူညီဖေးမသွားမယ် ။ စွမ်းနိုင်သလောက် အားပေးတွဲခေါ်သွားမယ် ။
ဒီလိုပါပဲ
။ ဘယ်နိုင်ငံသား၊ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို အားလုံးအပေါ်မှာ မေတ္တာတရားနဲ့ ချစ်ခင်စွာ
ဆက်ဆံပြီး ကိုယ့်တာဝန်ကိုတော့ ကိုယ် ကျေပွန်သင့်ပါတယ် ။
(၅) အမှားပြင်ရမယ်
ဒီအချက်နဲ့ပတ်သက်လို့
ဆရာတော်ကြီးတစ်ပါး ဟောကြားခဲ့တဲ့-တရားတော်မြတ်ထဲက စကားတချို့ကို သွားသတိရမိ တယ် ။
-
မလုပ်ခင်စဉ်းစား
၊ မှား/မမှား
- လုပ်တုန်းစဉ်းစား ၊ မှား/မမှား
- လုပ်ပြီးစဉ်းစား ၊ မှား/မမှား…တဲ့ ။
အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် သေသေချာချာစဉ်းစားပြီး
လုပ်ကိုင်သင့်သလို ကိုယ် လုပ်နေတဲ့အလုပ်ဟာလည်း အမှားမဟုတ်ဖို့ ၊ အမှန်ဖြစ်ဖို့
အရေးကြီးပါတယ် ။ ကျွန်မကိုယ်တိုင်လည်း လုပ်ခဲ့တဲ့အလုပ်တွေ(အလုပ်တိုင်းလိုလို)ကို
မှား/မမှား တစ်နှစ်လုံးစာ စဉ်းစားကြည့်ပြီးပါပြီ
။ အမှန်တွေ ရှိခဲ့သလို အမှားတွေလည်း ရှိခဲ့တယ် ။
ကိုယ့်အတွက် မှားနေတယ် ဒါမှမဟုတ် အများအတွက်
မှားနေတယ်ဆိုရင် နောင်နှစ်တွေမှာ ဒီလိုအမှားမျိုးတွေ ထပ်မကျူးလွန်မိအောင် ပြင်ဆင်ရမယ်
။ ပြင်နိုင်အောင်လည်း ကြိုးစားရမယ်ပေါ့
။ ဒါဟာ လူတိုင်း လုပ်သင့်တဲ့အလုပ်လို့ ထင် တယ် ။ လူတိုင်းကိုလည်း ဆန်းစစ်ဖို့ တိုက်တွန်းချင်တယ်
။
ဟုတ်တာပေါ့ ။ ပုထုဇဉ်မှန်သမျှ အမှားတော့ ဘယ်ကင်းဦးပါ့မလဲ
။ မကင်းနိုင်တဲ့အရာ ဖြစ်နေတာကြောင့်မို့ မှားတာတွေ ရှိနေရင်လည်း အားလုံးအတူတူပြင်ကြပါစို့-လို့
တိုက်တွန်းရင်း…
@ ကမ္ဘာမြေ သာယာငြိမ်းချမ်းပါစေ……
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။