Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ဝိပါတ်ကြမ္မာငင်၍ တိရစ္ဆာန်အူဖြင့် အသက်ရှင်နေရသူ



ဝိပါတ်ကြမ္မာငင်၍ တိရစ္ဆာန်အူဖြင့် အသက်ရှင်နေရသူ


( ၂၀၁၆ အောက်တိုဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )

 

ရေးသူ - ဂါဦးနွန်းကို

 

----------------------------------------------------------------------------------------- 



    “ ဟင်…ဆရာတော်က ဘယ်လိုပါလိမ့်…။”
ညနေစောင်းနေဝင်ဆည်းဆာ၏အလှကို လှည့်ပတ်ခံစားကြည့်ရှုရင်း သာယာကြည်နူးနေမိစဉ် ဆွမ်းစားဆောင်ထဲ၌ တွေ့ မြင်လိုက်ရသောမြင်ကွင်းကြောင့် ကိုခင်မောင်၏စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်သွားခဲ့ရသည် ။ စောစောက ကြည်လင်ပျော် ရွှင်နေသောစိတ်ခံစားမှုမှန်သမျှ တစ်ခဏအတွင်း ပျောက်ရှသွားခဲ့ရပြီ ။ ပြင်ဦးလွင်မြို့၏ဆည်းဆာနတ်သမီးက သွေး ဆောင်ဖျားယောင်းထားသဖြင့် မိနစ်အတော်ကြာ သာယာနေခဲ့မိသောနှလုံးအိမ်သည်လည်း ယခုများကျ နားလည်ရခက် သည့်ပဟေဠိပုဒ်စာများဖြင့် ပြည့်နှက်မွန်းကျပ်သွားခဲ့ရပြီ ။
   “ သံဃာတော်ဆိုတာ ညနေဆွမ်း ဘုန်းပေးလို့မှ မရဘဲ ။ ယောဂီတောင် စားခွင့်မရှိဘူးဆိုမှတော့ သံဃာတော်တွေက
     သာပြီးဆိုးမှာပေါ့ ။ ဆရာတော်တန်မဲ့ ဘာဖြစ်လို့များ ဝိကာလဘောဇနာဆိုတဲ့သီလကို မစောင့်ထိန်းတာပါလိမ့် ။ ”
ထိုသို့သောအတွေးနှင့်အတူ ဆွမ်းစားဆောင်ထဲ၌ ညနေဆွမ်းဘုန်းပေးနေသော ကျောင်းထိုင်ဆရာတော်ကို ကိုခင်မောင် အတန်ကြာငေးကြည့်နေမိလေသည် ။
      ကိုခင်မောင်သည် ဤအရပ်ဤဒေသတွင် နေထိုင်ကြီးပြင်းခဲ့သူမဟုတ်သလို ဤအရပ်ဤဒေသ၌ ရာသက်ပန်နေထိုင် မည့်သူလည်းမဟုတ် ။ ကိုခင်မောင်က ပျားလုပ်ငန်းဌာနမှ အစိုးရဝန်ထမ်းတစ်ဦး ။ ပြင်ဦးလွင်တွင် တာဝန်ကျသဖြင့် ခဏ တဖြုတ် လာရောက်အခြေချနေထိုင်ရခြင်းသာ ။ ခဏတဖြုတ်ဆိုပေသိ တစ်ရက်/နှစ်ရက်တော့ မက ။ ပျားပုံးတွေ နေရာ မရွှေ့မချင်း ဤဘုန်းကြီးကျောင်းတွင် သုံး/လေးလမျှ နေထိုင်ရပေဦးမည် ။ အစိုးရဝန်ထမ်းပီပီ တာဝန်ကျရာဒေသမှာ ပျော်၏/ မပျော်၏-မတွေးအား ၊ မည်သို့ပင်ဖြစ်ပါစေ…အဆင်ပြေအောင် နေထိုင်ရမည်ပင် ။ ခရီးတွေ လျှောက်ထွက်နေရ သည့်အခါတိုင်း တီတီတာတာပြောဆိုတတ်နေပြီဖြစ်သော သမီးငယ်နှင့်ဇနီးသည်ကိုလည်းကောင်း၊ အေးချမ်းဆိတ်ငြိမ်လှ သည့်သီရိအိမ်ဂေဟာလေးကိုလည်းကောင်း သတိရတမ်းတမိပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ ။ ပျော်ရာမှာ မနေရ ၊ တော်ရာ မှာ နေမှ အဆင်ပြေမည့်ဘဝပဲကိုး ။
       ပျားပုံးများက မနက်ဖြန်မနက်မှ ပြင်ဦးလွင်မြို့သို့ ရောက်ရှိလာကြမည်ဖြစ်ပေမဲ့ ကိုခင်မောင်ကတော့ စောင့်ရှောက် ရန် တာဝန်ရှိသူမို့ သူတို့တတွေ မရောက်ခင်ကတည်းက ဦးစွာရောက်ရှိနေနှင့်ပြီ ။ မြန်မာပြည်တနှံ့တလျားလုံးသို့ အလုပ် တာဝန်ဖြင့် ပြဲပြဲစင်အောင် သွားလာနေရသောကိုခင်မောင်အဖို့ ဘယ်အရပ်ရောက်ရောက် တည်းရန်ခိုရန်က ခဲယဉ်းမှုမရှိ တော့ ။ ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် ဘယ်ဒေသ၌မဆို အနည်းဆုံး ဘုန်းကြီးကျောင်းတစ်ကျောင်းတော့ ရှိစမြဲပဲလေ ။ သည်တော့ ရောက်သည့်အရပ်တိုင်း ဘုန်းကြီးကျောင်းမှာပဲ တည်းခိုနေထိုင်ဖြစ်ခဲ့၏ ။ ယောက်ျားဆိုတော့ လည်း ကရိကထက နည်းပါးသည် မဟုတ်လား ။
      ပြင်ဦးလွင်သို့ ရောက်သည့်အခါ ပျားဌာနနှင့်လည်းနီး ၊ မြို့နှင့်လည်း အလှမ်းမဝေးသည့် ရေချမ်းအိုးကျေးရွာအနီးရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ကိုခင်မောင် ဝင်ရောက်တည်းခိုဖြစ်ခဲ့သည် ။ ကျောင်းတိုက်ကြီးမှာ လွန်စွာမှ ကြီး မားခန့်ထည်သလို ကျောင်းထိုင်ဆရာတော်ကလည်း သက်တော်(၆၀)ကျော်အရွယ်၊ ညိုလတ်သောအသားနှင့်ခန့်ညား သောရုပ်လက္ခဏာရှိပြီး အလွန်သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှသည် ။ စာသင်တိုက်မဟုတ်သဖြင့် တစ်ကျောင်းလုံးမှ ကျောင်းထိုင်ဆရာတော် ၊ ဦးပဉ္ဇင်းတစ်ပါး ၊ ကိုယ်ရင်နှစ်ပါးနှင့်ကပ္ပိယကြီးတို့သာရှိ၍ ကိုခင်မောင်အတွက် အနေအထိုင် ကျဉ်းကျပ်စရာ မရှိ ။ လွတ်လွတ်လပ်လပ်ရှိပါ၏ ။
      ပထမဆုံး ရောက်ရှိသည့်နေ့၌ပင် ဆရာတော်၏ထူးခြားချက်ကို ကိုခင်မောင် သတိပြုမိလိုက်သည် ။ ထိုအချက်က ကိုခင်မောင်၏စိတ်ကို ညစ်ညူးရှုပ်ထွေးသွားစေသည် ။ သံဃာတော်တစ်ပါးက ဝိနည်းနှင့်မညီ သီတင်းသုံးနေသည်ကို တွေ့ရသော ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ အဘယ်မှာ စိတ်ပျော်ရွှင်နိုင်ပါတော့မလဲ ။ ဆရာတော်တန်မဲ့ ညနေစာ ဆွမ်း ဘုန်းပေးနေပါလားဟူသောအတွေးက ဆရာတော်အပေါ်တွင်ထားရှိသော ကိုခင်မောင့်၏စိတ်ကို အကြည်ညို ယုတ်လျော့ သွားစေခဲ့၏ ။

   “ ငါ့တူကြီး … လုပ်ငန်းကိုင်ငန်း အဆင်ပြေရဲ့လား ။”
   “ အဆင်ပြေပါတယ်ခင်ဗျာ့ ဦးဝေလ ။”
   “ အေးကွယ် ။ လိုတာရှိ ပြောနော် ။ ဆရာတော်က ငါ့တူကြီးကို လိုလေသေးမရှိအောင် ဂရုစိုက်ဖို့ မှာထားတယ်ကွဲ့ ။
      ဆရာတော်က သူတပါးအပေါ်မှာ စေတနာသိပ်ကောင်းတဲ့သူပေါ့ ။”
   “ သြော်…ဟုတ်ကဲ့ ။”
ရောက်ခါစနှင့်မတူဘဲ ကိုခင်မောင်၏ပြောပုံဆိုပုံများ သွက်လက်ခြင်းကင်း၍ ဖင့်နွဲ့နေသည်ကို ကပ္ပိယကြီးက သတိပြုမိ သွားဟန်ဖြင့် ကိုခင်မောင့်၏မျက်နှာကို အသေအချာစိုက်ကြည့်လိုက်ပြီး တစ်စုံတစ်ရာကို သဘောပေါက်သွားကာ ခေါင်း တညိတ်ညိတ်နှင့် သက်ပြင်းရှိုက်လိုက်သည် ။
   “ အင်း…မောင်ရင်က ဆရာတော် ညနေဆွမ်းဘုန်းပေးတဲ့ကိစ္စကို ဘဝင်မကျဖြစ်နေပုံရတယ် ။”
   “ ဗျာ…ဟို…ဟို…မဟုတ်…”
ကပ္ပိယကြီး၏စကားက ကိုခင်မောင့်ရင်ထဲ ထိုးထွင်း၍မြင်နေသည့်အလား တထပ်တည်းကျနေသောကြောင့် ကိုခင်မောင် အနေကျပ်သွားရသည် ။ ငြင်းဆိုမည့်စကားကို အထစ်ထစ်အငေါ့ငေါ့ပြောလိုက်တော့ ကပ္ပိယကြီးက လက်ကာပြ၏ ။
   “ အားမနာပါနဲ့ ငါ့တူ ။ ဆရာတော်က အဲဒီကိစ္စကို ရိပ်မိပြီးသားပါ ။ အင်းလေ…ဆရာတော်ကတော့ ငါ့တူ စိတ်အနှောင့်
     အယှက်ဖြစ်မှာစိုးလို့ ဒီအကြောင်း စကားမစ,ဖို့ မှာထားပါသေးတယ် ။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ ။ အတိတ်ကို
     ဇာတ်ကြောင်းပြန်ရင်း တန်ဖိုးကြီးလှတဲ့လက်ရှိအချိန်ကို အကုန်ဆုံးမခံပါနဲ့…တဲ့ ။ ဒါပေမဲ့…”
စကားကို ထိုနေရာတွင် ခဏရပ်ကာ ကပ္ပိယကြီးက ကိုခင်မောင့်၏မျက်နှာကို လေးနက်စွာစိုက်ကြည့်လိုက်လေသည် ။ မည်းပြောင်စူးရှသောကပ္ပိယကြီး၏အကြည့်များက မိမိ၏ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်တွေ့နေလေသလားဟုပင် ကိုခင် မောင် တွေးတောလိုက်မိ၏ ။ ခဏကြာမှ ကပ္ပိယကြီးက စကားကိုဆက်သည် ။
   “ ဒါပေမဲ့…ငါ့တူကြီး ရှင်းရှင်းလင်းလင်းသိသင့်တယ်ထင်လို့ ။ နောက်ပြီး ယူတတ်ရင် တရားရနိုင်/တရားကျနိုင်မယ့်
     ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုဖြစ်နေလို့ ငါ့တူကြီးကို ဦ်းလေးက ပြောပြဖို့ စဉ်းစားမိတာပါ ။”
   “ ဘာများလဲ ဦးဝေလခင်ဗျာ့ ။”
   “ ဝိပတ်ကြမ္မာငင်လို့ တိရစ္ဆာန်ရဲ့အူနဲ့ အသက်ဆက်နေရတဲ့လူတစ်ယောက်အကြောင်းပေါ့ကွယ် ။”
   “ ဗျာ…ဘယ်လို ။ တိရစ္ဆာန်ရဲ့အူနဲ့ အသက်ဆက်နေတဲ့လူ ဟုတ်လား ။”
   “ အေး…ဟုတ်တယ် ။”
   “ ဘယ်သူ့ကို ဆိုလိုတာပါလိမ့် ဦးဝေလရယ် ။”
   “ ဆရာတော့်ကို ပြောတာပေါ့ ငါ့တူ ။”
   “ ဗျာ…ဒါဆို…ဒါဆို ဆရာတော်ရဲ့အူက…”
   “ တိရစ္ဆာန်တစ်ကောင်ရဲ့အူပဲ ။ အမဲအူလား ၊ ဆိတ်အူလားဆိုတာတော့ ဦးလေးလည်း ခွဲခြားမသိဘူး ။ ဒါပေမဲ့ သေချာ
     တာက ကြမ္မာငင်တုန်းက အသက်သေမလိုဖြစ်ခဲ့ရပြီး ကံကောင်းလို့မသေဘဲ တိရစ္ဆာန်ရဲ့အူနဲ့အစားထိုး အသက်ဆက်
     နေရတဲ့ဆရာတော့်အကြောင်းကွယ့် ။”
   “ ဟာ…ဘယ်လိုဖြစ်ရတာလဲဗျာ ။”
   “ အင်း…ဒီအကြောင်းကို ပြောချင်လို့လည်း ငါ့တူဆီကို ဦးလေး ရောက်လာတာပဲ ။ ပြောပြပါ့မယ် ။ ဒီလိုပါ…မောင်ခင်
     မောင် ။”

   မြန်မာနိုင်ငံ၏အထက် ရှမ်းပြည်မြောက်ပိုင်းဒေသ ။ ကာလက မြန်မာ့လွတ်လပ်ရေးရခါစ…။ နေထိုင်ရာဇာတိဒေသ၌ စီး ပွားရေးအဆင်မပြေသဖြင့် လူငယ်လေး-မောင်ပုညသည် ဝင်ငွေကောင်းမည့်စီးပွားရေးတစ်ခုခုကိုလုပ်ဆောင်ရန် ရှမ်းပြည် နယ်မြောက်ပိုင်းသို့ တစ်ယောက်တည်း ထွက်လာခဲ့သည် ။ အရွယ်က ဘာရှိဦးမှာလဲ ။ လူပျိုပေါက်(၁၇)နှစ်အရွယ်…ဝင် ငွေ ကောင်းကောင်းရရှိရန်အတွက် အလုပ်လုပ်ဖို့ မြူးကြွသွက်လက်နေသည့်အချိန်ပေါ့ ။
        မောင်ပုညက ကံကောင်းသည့်ဇီးကွက်ငယ်လေး ။ ရောက်သည့်နေ့၌ပင် ပွဲရုံကြီးတစ်ရုံတွင် စာရေးတန်းခန့်ခြင်းခံရ ၏ ။ စကားပြောညက်ညောပြီး သွက်လက်ချက်ချာသောကိုပုညကလေးကို လူတော်တော်များများက ချစ်ခင်နှစ်သက်ကြ သည် ။ အလုပ်ဝင်ပြီး ရက်ပိုင်းအတွင်းမှာပဲ အလုပ်သမားများ ၊ လာရောက်ဝယ်ယူသူသောဖောက်သည်များနှင့် သိကျွမ်း ရင်းနှီးသွားခဲ့ပြီ ။
      ကမ္ဘောဇဌာနီရှမ်းပြည်ဒေသလေးသည် အလွန်အေးစိမ့်သာယာသော ဂေဟာစက်ဝန်းလေးဖြစ်သည်နှင့်အညီ အသီး အနှံများလည်း ပေါများလှသည် ။ ရှမ်းအစားအစာများကို နှစ်ခြိုက်ခုံမင်စွာ စားသုံးတတ်သောမောင်ပုညဟာ မိုးလင်းကနေ မိုးချုပ် အပြင်စာများကိုသာ ဝယ်ယူစားသောက်လေ့ရှိသည် ။ အများဆုံးစားတတ်သည်က ဈေးထိပ်မှရှမ်းခေါက်ဆွဲ ၊ တို့ ဟူးနွေးနှင့်ဆန်စီးကဲ့သို့ ရှမ်းအစားအစာများ ။ နေထိုင်ရသည်ကလည်း ပွဲရုံနံဘေးရှိ-အလုပ်သမားတန်းလျားလေးတွင်ဖြစ် သဖြင့် ဈေးနှင့်လည်း သိပ်မဝေးကွာလှ ။ တစ်ယောက်တည်းသမားလည်းဖြစ်၊ ချက်ရပြုတ်ရမှာလည်း ပျင်းတော့ အပြင်စာ များကိုသာ ဝယ်ယူစားသောက်နေရသည်ပေါ့ ။ သို့သော်…များမကြာမီ၌ မောင်ပုညတစ်ယောက် စိုင်ကော်၍ ချုံပေါ်ကျခဲ့ သည် ။ အူစိုစရာဟင်းလျာများက တန်ခိုးရှင်က ဖန်ဆင်းပေးသည့်အလား မောင်ပုည၏ရှေ့တော်မှောက်သို့ ရောက်ရှိလာ ခဲ့လေပြီ ။
   “ ကိုပုည…ဒီမှာ…ထမင်းချိုင့်လာပို့တာ ။”
   “ ဟာ…အားနာစရာကြီးဗျာ ။ မလုပ်ပါနဲ့ ။”
   “ အားနာစရာမလိုပါဘူး ။ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းရမှာပေါ့ ။ နန်း…ကြည့်နေတာ ကိုပုညက ထမင်းဟင်း ချက်
     စားပုံမပေါ်ဘူး ။ အပြင်စာချည်းပဲ စားနေသလားလို့ ။”
   “ အဟဲ…ဟုတ်တယ်ခင်ဗျာ့ ။ လူကလည်းလူငယ် ၊ နေတာကလည်းတစ်ယောက်တည်းဆိုတော့ ချက်ပြုတ်မစားဖြစ်ပါ
     ဘူး ။ ရှမ်းခေါက်ဆွဲတို့ တို့ဟူးနွေးတို့နဲ့ ပြီးသွားတာပါပဲ ။”
   “ အို…ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ ။ ကြာလာရင် ကျန်းမာရေး ထိခိုက်နိုင်တာပေါ့ ။ မဖြစ်ပါဘူး ။ နန်းကပဲ နေ့တိုင်း
      ထမင်းချိုင့်ပို့ပေးမယ်နော် ကိုပုည ။”
   “ အာ…မလုပ်ပါနဲ့ဗျာ ။ ကျွန်တော် အဆင်ပြေပါတယ် ။ နန်းသာ အလုပ်များနေပါမယ် ။ မပို့ပါနဲ့ ။”
   “ မရဘူးနော် ။ တို့က ကိုပုညကို ခင်တယ်ဆိုတာ သိတယ်မဟုတ်လား ။ လာပို့မှာပဲ ။ မငြင်းရဘူး ။”
   “ မလုပ်ပါနဲ့ နန်းရယ် ။ နန်းက အလုပ်ရှင်လည်းအလုပ်ရှင် ။ နောက်ပြီး ခင်မင်ရင်းနှီးလို့ ထမင်းချိုင့်ပို့ပေးတာမှန်းသိ
     ပေမဲ့ ဘေးလူတွေက တမျိုးတမည်ထင်ကုန်မှာစိုးလို့ပါ ။ နန်းရဲ့ဂုဏ်သိက္ခာအတွက် အားနာလို့ပါဗျာ ။ ကျွန်တော့်
     အတွက် ဒုက္ခမရှာပါနဲ့ ။”
   “ ဟင်…ကိုပုညကလည်း လူတွေကို ဂရုစိုက်နေတာလား ။ နန်းကတော့ အရေးမစိုက်ပေါင် ။ အရေးကြီးတာက ကိုယ်
     လုပ်ချင်တာကိုလုပ်ရဖို့ပဲ ။ ဒါပဲ နန်း တွေးတယ် ။ ဘာလဲ…။ ကိုပုညက နန်းကို မခင်ဘူးလား ။”
   “ မဟုတ်…မဟုတ်ရပါဘူး ။ ခင်ပါတယ် ။ နန်းက မိတ်ဆွေကောင်းတစ်ယောက်ပါ ။ ဒါပေမဲ့ ကိုပုညလိုလူနဲ့ ရင်းရင်းနှီးနှီး
     နေရင် တခြားအလုပ်သမားတွေက နန်းကို ကဲ့ရဲ့မှာစိုးလို့ ။”
   “ အို…နန်း ဂရုမစိုက်တတ်ပါဘူးလို့ ပြောပြီးသားကို ။ တော်တော့ ။ ရော့…ကိုပုည လျှာလည်သွားလိမ့်မယ် ။ ဟင်း
     သုံးခွက်လုံးကို ကုန်အောင်စားပစ်ရမယ်နော် ။”
   “ ကျေးဇူးတင်ပါတယ် နန်းရယ် ။”
ထမင်းချိုင့်ကို မောင်ပုည လက်ခံထားလိုက်တော့မှ နန်းရတနာဆိုသောလှပျိုဖြူလေးလည်း စိတ်ကျေနပ်ချမ်းမြေ့ကာ ထွက်ခွာသွား၏ ။ ထမင်းချိုင့်ဖွင့်ကြည့်တော့ သူမ ပြောသွားသည့်အတိုင်း ဟင်းများက မနည်းမနော ။ မောင်ပုညတော့ သည်နေ့ည ဗိုက်-ခွေးနမ်းတော့မည် ။
NN
        အသားညိုညို ကိုယ်လုံးကိုယ်ဖန်ကျစ်ကျစ်နှင့် ကြည့်ပျော်ရှုပျော်ရုပ်ရည်မျှသာရှိသော မောင်ပုညဟာ အချစ်ရေးနှင့် ပတ်သက်လာလျှင်တော့ မဆွတ်ခင်ကတည်းက ညွှတ်ချင်နေသောမိန်းကလေးများနှင့် မကြာခဏ ကြုံကြိုက်ခဲ့ရသည် ချည်း ။ မြင်းက မလှုပ်ဘဲ ခုံက လှုပ်နေတာသာများသည် ။ မောင်ပုညက ရုပ်ရည်ချောမောခန့်ညားလွန်းသောသူတစ် ယောက် မဟုတ်သော်ငြားလည်း ရိုးသားကြိုးစားခြင်း ၊ ဖော်ရွေပြုံးချိုနေခြင်း ၊ စကားပြောညက်ညောခြင်းတို့ကြောင့် မိန်းမ သားအများစု၏စိတ်ဝင်စားမှုကို ခံခဲ့ရသည် ။ မောင်ပုညက ခပ်ခွာခွာနေသည့်တိုင် လိပ်ပြာလေးနောက် တကောက် ကောက်လိုက်နေသောပန်းပွင့်ငယ်များပမာ မောင်ပုညရှိရာဆီသို့ မိန်းမပျိုလေးများက ရောက်လာတတ်ကြပြီး မောင်ပုည ကို လက်ဆောင်အမျိုးမျိုး ပေးကမ်းကြသည် ။ စကားလုံးအမျိုးမျိုးဖြင့် ချည်းကပ်ကာ လမ်းကြောင်းပေးကြသည်။ အကယ် ၍ မောင်ပုညသာ စကားစ,လိုက်ပါက အဆင်ပြေသွားမည်မှာ မလွဲသေချာ ။
          ထိုဣိတ္ထိယထဲတွင် နန်းရတနာဟာလည်း အပါအဝင်ပါပဲ ။ နန်းရတနာက မောင်ပုည ဝင်ရောက်အလုပ်လုပ်ကိုင် နေသော ပွင့်သစ်စပွဲရုံကြီး၏ပိုင်ရှင်-ဦးစောထွဋ်ရတနာ၏တစ်ဦးတည်းသောသမီးဖြစ်သည် ။ အသက်(၂၀)ဝန်းကျင်ခန့် သာ ရှိဦးမည်ဖြစ်သောနန်းရတနာသည် အရည်အချင်းရှိပြီး သွက်လက်ချက်ချာသော မိန်းမပျိုလေး ။ ပွင့်သစ်စပွဲရုံကြီး၏ လုပ်ငန်းများအားလုံးကို သူကပဲ ဦးစီးလုပ်ကိုင်နေပြီဖြစ်၍ မန်နေဂျာဆိုလျှင်လည်း မမှား ။ ထိုသို့ အရည်အချင်း ဂျောင်း ဂျောင်းပြေးအောင်တော်သော နန်းရတနာလေးက မောင်ပုညလိုအညာတရစာရေးလေးကိုမှ အားလုံးထဲတွင် အခွင့်အရေး ပေးကာ ဆက်ဆံလာခဲ့သည် ။ နားနေချိန်တိုင်း မောင်ပုည နေထိုင်ရာတန်းလျားသို့ လာကာ အလာဘသလာဘစကား များကို ရယ်မောပျော်ရွှင်စွာ ပြောဆိုနေတတ်သည် ။ ပွဲရုံပိုင်ရှင်၏သမီးဖြစ်နေ၍ မောင်ပုညမှာ နှင်လည်းမနှင်ရဲဘဲ သူမ၏ စိတ်ကြိုက် အလိုက်အထိုက်ဆက်ဆံနေရပေမဲ့ စိတ်ရင်းထဲ၌တော့ နန်းရတနာနှင့် မပတ်သက်လိုခဲ့ ။
        သည်လိုဆိုတော့ နန်းရတနာက ရုပ်ဆိုးအကျည်းတန်လှသဖြင့် နောက်ပိုးဘဝ ရောက်နေရတာပဲဖြစ်မည်ဟု မတွေး ထင်လိုက်ပါနှင့် ။ အသားအရောင်မှာ နှင်းပွင့်လို ဖြူစွတ်နေပြီး ပါးကလေးများကလည်း စတော်ဘယ်ရီသီးလေးပမာ နီရဲ တွတ်နေကာ ရယ်လိုက်တိုင်း မှေးပိတ်သွားသောမျက်လုံးအစ်အစ်ကလေးများဖြင့် အလွန်ချစ်စဖွယ်ကောင်းသူလေး ။ ဆံ နွယ်နက်နက်လေးများကို အမြဲလိုလို ကျစ်ဆံမြီးကျစ်ထားတတ်သော နန်းရတနာ၏အလှတရားသည် စော်ဘွားမင်းသမီး တစ်ယောက်အလား တင့်တယ်ခန့်ညားကာ ကျက်သရေရှိနေလေသည် ။ ဤမျှချော ဤမျှလှပြီး အရည်အချင်းနှင့်ဥစ္စာဓန ပါ ပြီးပြည့်စုံသောမိန်းကလေးမျိုးကို အဘယ်မှာများ ရှာဖွေတွေ့နိုင်ပါ့မလဲ ။ အထူးသဖြင့် မောင်ပုညလို သာမန်ရုပ်ရည်နှင့် ဆင်းရဲသားတစ်ယောက်အဖို့ စိတ်ကူးယဉ်၍ပင် မဖြစ်နိုင်သောအနေအထား။ အကယ်၍ မောင်ပုညသာ လက်သွက်ခြေ သွက်ဆိုလျှင် ယခုလောက်ဆို ချစ်သူများပင် ဖြစ်နေလောက်ပြီ ။
   “ ဒီမယ်…ကိုပုည ဒီလိုမျိုး တစ်သက်လုံးနေတော့မှာလား ။”
   “ ဖေဖေတို့ကတောင် မေးနေကြပြီ ။ မောင်ပုညနဲ့သမီးနဲ့က ရိုးရိုးမိတ်ဆွေမှ ဟုတ်ရဲ့လားတဲ့ ဟင်းဟင်း ။”
   “ ကိုလူပျိုရေ…ငေးငိုင်နေရင် ဘေးထိုင်သွားရမှာနော် ။”
စသည်ဖြင့် နေ့စဉ် စေတနာဗလပွနှင့်ထမင်းချိုင့်လာပို့ပေးနေသောနန်းရတနာကပင် စိတ်မရှည်တော့၍ထင်…မိန်းကလေး တန်မဲ့ စကားစ,လာတတ်ပြီ ။ နန်းရတနာကို မောင်ပုည အားနာသည် ။ အမြဲတမ်းလည်း ထမင်းချိုင့် လာမပို့ပေးရန် ပြော ဆိုတောင်းပန်သည် ။ သို့ပေမဲ့ ခေါင်းမာပြီး ရည်မှန်းချက်ရောက်အောင် တစိုက်မတ်မတ်ကြိုးစားတတ်သောနန်းရတနာက မောင်ပုည၏စကားကို ရယ်ပွဲသာဖွဲ့ပစ်လိုက်သည် ။ ထမင်းချိုင့်ပို့မြဲ…ရေလာမြောင်းပေးဆဲပင် ။
       မောင်ပုညသာ လောကီရေးရာ လူ့ဘုံဘဝထဲမှာ ပျော်ဝင်မွေ့လျော်နေသူတစ်ယောက်သာဆိုလျှင် နန်းရတနာလို မိန်းကလေးမျိုးကို ချစ်မြတ်နိုးသွားမိမည်မှာ အသေအချာ ။ ဤမျှချောမောလှပပြီး ဂုဏ်ဓနရှိသည့်မိန်းမပျိုလေးကို ဘယ် ကာလသားကများ လက်လွတ်ခံပါ့မလဲ ။ သို့ပေမဲ့ မောင်ပုည၏အတွေးကတော့ အများနှင့်မတူ ။ မောင်ပုညသည် အိမ် ထောင်ရက်သားပြုရန် စိတ်ကူးမရှိသူတစ်ဦးဖြစ်သည် ။ မွေးမိခင်ကျွေးဖခင်တို့၏ကျေးဇူးတရားကို ပြန်လည်တုံ့ဆပ်ရင်း ဘဝကို တစ်ကိုယ်တည်းဖြတ်သန်းရန်သာ စဉ်းစားထားသူဖြစ်၏ ။ သို့ကြောင့် အတတ်နိုင်ဆုံး မိန်းမများနှင့် ခပ်ကင်းကင်း နေထိုင်ခဲ့သည် ။ သို့သော်…ဘဝကံဖန်လာပုံက သူက မပတ်သက်သော်လည်း ဟိုက မနေကြပြန် ။ ယခုလည်း နှစ်လလုံး လုံး တစ်ဖက်သတ်စိတ်ကူးဖြင့် ထမင်းချိုင့်လာပို့ပေးနေခဲ့သူက နန်းရတနာ ။ မောင်ပုညက မပို့ပေးရန် အတန်တန်တား မြစ်သည့်တိုင် ဇွတ်တရွတ်ပို့ပေးနေခဲ့ပြီး မျှော်လင့်သလိုဖြစ်မလာတော့ ပြဿနာရှာလေပြီ ။
   “ ဒီမယ်…ကိုပုည…ရှင် တော်တော်အလိုက်မသိတဲ့လူပဲ ။”
   “ ခင်ဗျာ … ဘာကိစ္စများဖြစ်လို့လဲ နန်း ။ ကျွန်တော် လုပ်ထားတဲ့စာရင်းတွေများ မှားနေလို့လား ။”
   “ အလုပ်ကိစ္စကို ပြောနေတာမဟုတ်ဘူး ။ ရှင်နဲ့ကျွန်မရဲ့ကိစ္စကို ပြောနေတာ ။”
   “ ဗျာ…”
   “ ဘာမှမသိချင်ယောင်ဆောင်မနေနဲ့ ။ စားတုန်းက စားခဲ့ပြီး အခုမှ ရူးသလိုပေါသလိုမလုပ်ချင်စမ်းပါနဲ့ ။”
   “ နန်းက ဘာကိုဆိုလိုချင်တာလဲဆိုတာ ကျွန်တော် တကယ်မသိလို့ပါ ။”
   “ ရှင့်ကို ကျွန်မ နှစ်လလုံးလုံး ထမင်းချိုင့်ပို့ပေးခဲ့တယ်လေ ။ အဲဒီအတွက် ရှင် ကျွန်မကို ဘာပြန်ပေးခဲ့လဲ ။”
   “ ဟို…နန်းက ဘာလိုချင်လို့လဲ ။ ထမင်းလခလား ။ ဟို…ကျွန်တော့်မှာ ပိုက်ဆံ …”
   “ တော်စမ်းပါ ။ ရူးချင်ယောင်ဆောင်နေပြန်ပြီ ။ ရှင့်အပေါ်မှာ ကျွန်မ ဘယ်လိုသဘောထားလဲဆိုတာ ရှင် မသိစရာ
     မရှိပါဘူး ။ အခုတော့ အားလုံးက ကျွန်မကို မေးငေါ့နေကြပြီ ။ အဲဒီအတွက် ရှင့်မှာ တာဝန်ရှိတယ် ။”
   “ ဒါ…ဒါဆိုရင်လည်း ကျွန်တော် အလုပ်ထွက်ပါ့မယ် ။ ကျွန်တော် လွန်ခဲ့တာတွေရှိရင်လည်း တောင်းပန်ပါတယ် နန်း
     ရယ် ။ ကျွန်တော်က ဘယ်လိုမှ မရည်ရွယ်ခဲ့ပါဘူး ။”
ကိုပုည လှည့်ထွက်လာခဲ့သည်။ ဒေါသတကြီး ပြောဆိုနေသောနန်းရတနာလည်း မျှော်လင့်သလိုဖြစ်မလာ၍ ပါးစပ်အဝိုင်း သားဖြင့် ကျန်ရစ်ခဲ့လေ၏ ။
    သို့သော်…မောင်ပုည အလုပ်မထွက်လိုက်ရ ။ နန်းရတနာ၏ဖခင် ပွဲရုံပိုင်ရှင်ကြီးကိုယ်တိုင် မောင်ပုညကို အလုပ်ပြန်ခန့် လိုက်ခြင်းဖြစ်သည် ။ ပွဲရုံပိုင်ရှင်ကြီး-ဦးစောထွဋ်ရတနာက မောင်ပုည၏ရိုးသားကြိုးစားမှုနှင့်လုပ်ရည်ကိုင်ရည်တို့အပေါ် တွင် သဘောကျနှစ်ခြိုက်နေပုံရသည် ။ နောက်ပြီး ဘာခိုင်းခိုင်း ဖင်ပေါ့ပေါ့ဖြင့် စေတနာပါပါလုပ်ဆောင်တတ်သော မောင် ပုည၏စိတ်ရင်းကိုလည်း သိနားလည်နေသောကြောင့် အလုပ်ထွက်ခွင့်မပြုဘဲ လစာပင် တိုးပေးခဲ့၏ ။ လုပ်ငန်းခွင် ပြန် ရောက်သည့်အခါ နန်းရတနာနှင့် မကြာခဏ ပြန်လည်တွေ့ဆုံနေရပေမဲ့ မောင်ပုညအဖို့တော့ အမှားမရှိသူပီပီ နေရထိုင်ရ မခက်ခဲ့ပါ ။ ဖော်ရွေပျူငှာတတ်သူမို့ အလုပ်ကိစ္စအကြောင်း ပြောရသည့်အခါတွင်လည်း အရင်ကလိုပဲ ပြုံးပြုံးချိုချိုဖြင့်သာ ဆက်ဆံခဲ့သည် ။ မောင်ပုည၏ဆက်ဆံရေးက ပြောင်းလဲမှုမရှိသော်လည်း နန်းရတနာဘက်ကတော့ ဆန့်ကျင်ဘက်ဖြစ် သွားခဲ့ပြီ ။ မောင်ပုညအပေါ်တွင် မောက်မောက်မာမာဆက်ဆံရုံမက ပြဿနာလည်း အမြဲရှာသည် ။ မဆီမဆိုင်သော စကားလုံးများဖြင့်လည်း စကားနာထိုးလေ့ရှိ၏ ။ သို့သော်လည်း မောင်ပုည သည်းခံနေလိုက်သည် ။ အလုပ်ရှင်နှင့်အလုပ် သမားပဲလေ ။ ဒီလောက်တော့ ရှိမှာပေါ့ဟူ၍သာ သဘောထားခဲ့သည် ။
     လပိုင်းခန့်အကြာတွင် နန်းရတနာ အချိုးတစ်မျိုး ပြောင်းသွား၏ ။ မောင်ပုညအပေါ်တွင် အရင်ကလို ရင်းရင်းနှီးနှီးပြန် လည်ဆက်ဆံလာသည် ။ သူတပါးအပေါ် သံသယဝင်လေ့မရှိသောမောင်ပုညကတော့ နန်းရတနာတစ်ယောက် စိတ်ပြေ သွားခဲ့၍ဖြစ်မည် သို့မဟုတ် သူမ၏ဖခင်က အလုပ်ရှင်တစ်ယောက်အနေဖြင့် အလုပ်သမားများအပေါ် ပုဂ္ဂိုလ်ရေးနှင့်ဆိုင် သည့်အာဃာတများကို ရှေ့တန်းတင်ကာ ရောနှောမဆက်ဆံသင့်ကြောင်းကို ပြောဆိုဆုံးမလိုက်၍ဖြစ်မည်ဟု သာမန်မျှ သာတွေးခဲ့သည် ။ များမကြာမီ၌ နန်းရတနာ၏အကြံအစည်မှာ သာမန်မဟုတ်ကြောင်းကို မောင်ပုည ကွင်းကွင်းကွက် ကွက်သိမြင်လိုက်ရပါပြီ ။ ထိုသို့ သိမြင်ရလောက်အောင်လည်း ထိမှန်ချက်က ပြင်းလှသည်ပဲကိုး ။
NN
   “ အား…သေပါပြီ ။ ဗိုက်ထဲက…ဗိုက်ထဲက အောင့်လိုက်နာလိုက်တာ ။”
အော်ဟစ်ညည်းညူနေသောမောင်ပုည၏အသံကြောင့် အခန်းချင်းကပ်လျက်နေ အလုပ်သမားများက မောင်ပုညဆီသို့ ပြေးလာကြည့်ကြသည် ။ မောင်ပုညမှာ ချွေးသီးချွေးပေါက်များကျကာ အိပ်ရာထက်မှာ လူးကာလိမ့်ကာဖြင့် အော်ဟစ် ညည်းတွားနေလေ၏။ မောင်ပုည…ဘာဖြစ်နေတာလဲ ။ ဘာဖြစ်သွားတာလဲဆိုတာကို လုပ်ဖော်ကိုင်ဖက်များလည်း မသိ ။
   “ မောင်ပုည…မင်း ဘာဖြစ်လို့လဲ ။ ဗိုက်နာလို့လား ။”
   “ အား…ဦးလေးမြ…ကယ်…ကယ်ပါဦး ။ ကျွန်တော့်…ကျွန်တော့်ဗိုက်ထဲမှာ အရမ်း..အရမ်းနာ…နေလို့ ။”
   “ ဟာ…ဒါဆို  အစာအိမ်နာတာလား မသိ ။ မဖြစ်ဘူးကွ ။ ဆေးရုံပို့မှပဲ ။”
ဦးလေးမြဆိုသောအသက်(၆၀)ကျော်အရွယ်အဘိုးအိုက စဉ်းစားချင့်ချိန်ကာ မောင်ပုညကို ဆေးရုံပို့လိုက်၍သာ တော် တော့သည် ။ မောင်ပုညတစ်ယောက် ဆေးရုံသို့သာ အချိန်မီမရောက်ခဲ့လျှင် အပိုင်းပိုင်းပြတ်တောက်နေသောအူများနှင့် အတူ အသက်နှင့်ခန္ဓာ ခွဲခွာရတော့မည်သာ ။
    မောင်ပုညကို စမ်းသပ်ကြည့်ရှုသည့်အခါတွင် ဆေးရုံရှိဆရာဝန်ကြီးများပင် အံ့အားသင့်သွားရ၏ ။ မောင်ပုည ဝမ်းထဲရှိ အူများမှာ အပိုင်းပိုင်းပြတ်တောက်နေလေပြီ ။ ထိုအချိန်က ယနေ့ခေတ်ကဲ့သို့ ခေတ်မီစက်ပစ္စည်းများလည်း ပေါများခြင်း မရှိသေး၍ ခွဲစိတ်ကုသရန် မလွယ်ကူလှသလို အသက်ရှင်ရန်အခွင့်အရေးမှာလည်း နည်းပါးလွန်းလှသည် ။ သို့သော်…နိုင် ငံရပ်ခြားမှ ရောက်ရှိနေသော ရုရှားဆရာဝန်ကြီးမက်ဒရစ်က တတ်ကျွမ်းသည့်ဆေးပညာဖြင့် လူနာကို အကောင်းဆုံးဖြစ် အောင် ကုသပေးခဲ့သည် ။ အပိုင်းပိုင်းပြတ်တောက်နေသောအူများကို ခွဲစိတ်ဖယ်ရှားပြီး တိရစ္ဆာန်တစ်ကောင်၏အူဖြင့် အစားထိုးပေးခဲ့သည်ဟုဆို၏ ။ ထိုရုရှားဆရာဝန်ကြီးမက်ဒရစ်၏စကားအရဆိုလျှင် ထိုစဉ်က တိရစ္ဆာန်အူဖြင့် အစားထိုး ခွဲစိတ်မှုကို ပြုလုပ်ပြီး အသက်ရှင်သန်သူမှာ မောင်သုညသာလျှင် ပထမဆုံးလူနာဖြစ်ကြောင်း သိရှိခဲ့ရ၏ ။
       ဆေးရုံတွင် ဝေဒနာသက်သာပျောက်ကင်းချိန်အထိ တက်ရောက်ကုသခဲ့ပြီးနောက် မွေးရပ်ဇာတိသို့ မောင်သုည တစ်ခါတည်း ပြန်လာခဲ့တော့သည် ။ မောင်သုည လောကီလူ့ဘောင်ဝယ် ဆက်လက်နေထိုင်လိုစိတ် မရှိတော့ပေ ။ လူတို့ သည် ကြောက်မက်ဖွယ်ကောင်းလှပါဘိ ။
-  သူ့အလိုကို အခါခါဖြည့်လည်း မဖြည့်တစ်ခါ ရှိလာပါမူ ကြီးစွာရန်သူ မှတ်ထင်ယူ၏ …
ဆိုသည့်အတိုင်း လူတို့သည် မိမိနှင့် စိတ်သဘောထားချင်း အသေးအဖွဲမျှ မတိုက်ဆိုင်လျှင်တောင် ရန်သူကြီးမှတ်ကာ သူ တပါး ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်တတ်ကြသည်ကို မောင်ပုညတစ်ယောက် ကိုယ်တိုင်တွေ့ကြုံရင်ဆိုင်ဖူးခဲ့ပါပြီ။ မောင်ပုညသည် လူတကာအပေါ်တွင် စိတ်သဘောထားကောင်းကောင်းထားကာ မောင်လိုနှမလိုဆွေမျိုးလိုသာ သဘော ထားဆက်ဆံခဲ့သည် ။ သူတထူး နစ်နာပါစေဟူသောစိတ်အကြံမျိုး မထားဘဲ တစ်ဖက်လူ စိတ်ချမ်းသာအောင် အကောင်း ဆုံးကြိုးစားနေထိုင်ခဲ့သည် ။ သို့သော်…
       နန်းရတနာသည် သူမဘာသာသူမ တစ်ဖက်သတ်ချစ်စိတ်ဝင်ကာ မောင်ပုည၏အနီးသို့ ချည်းကပ်လာခဲ့သူ ။ မောင် ပုညက အခါခါငြင်းဆိုသည့်တိုင် ပေကပ်နေကာ သူ့စေတနာနှင့်သူ ပဏ္ဏာဆက်ခဲ့သူ ။ ရည်ရွယ်သည့်အတိုင်း ဖြစ်မလာဘဲ မောင်ပုညက ချစ်စကားလည်းမဆို၊ မောင်နှမလိုသာ ဆက်လက်ခင်မင်နေသည့်အခါဝယ် နန်းရတနာတစ်ယောက် ဒေါသ ပုံထကာ ပေါက်ကွဲတော့သည် ။ မောင်ပုညကို အမျိုးမျိုးယိုးစွပ်တော့သည် ။ သည်မျှနှင့် နန်းရတနာက မကျေနပ်နိုင်သေး ဘဲ မောင်ပုည၏ဘဝတစ်ခုလုံး ပျက်စီးပြိုကွဲသွားအောင် အဆိုးယုတ်ဆုံးနည်းဖြင့် နောက်ဆုံးအကြိမ်၌ ကြံစည်ခဲ့သည် ။
     ထိုနေ့မနက်က မောင်ပုညဆီသို့ နန်းရတနာ ရောက်လာသည် ။ လက်ထဲမှာလည်း စတီးချိုင့်တစ်ချိုင့်နှင့် ။ နန်းရတနာ က သူမ မှားခဲ့သမျှကို ခွင့်လွှတ်ပေးပါရန် လာရောက်တောင်းဆိုခြင်းဖြစ်သည် ။ မောင်ပုညအပေါ်တွင်လည်း အကိုတစ် ယောက်လိုသာ သဘောထားပါတော့မည်ဟုဆို၏ ။ မောင်ပုညအဖို့ ဝမ်းသာပျော်ရွှင်စရာပေါ့ ။ အလုပ်ရှင်လည်းဖြစ် ၊ မိတ် ဆွေလည်းဖြစ်သည့်နန်းရတနာနှင့် ခင်ခင်မင်မင်ရိုးရိုးသားသားနေထိုင်ရတော့မည် ။ နှစ်ယောက်သား ပြန်လည်သင့်မြတ် သွားပြီမို့ နောင်ကို မျက်နှာပူစရာ/စိတ်ညစ်စရာလည်း မရှိတော့သဖြင့် အလုပ်ကို ပို၍ကြိုးစားလုပ်ရတော့မည်ဟုတွေးကာ ပြုံးရွှင်သွားခဲ့ရသည် ။ နန်းရတနာ လာပို့သောနန်းကြီးသုပ်ကို သူမ၏ရှေ့တွင်ပင် စိတ်ကျေနပ်အောင် စားပြလိုက်သည် ။ စားပြီးသည်မြင်မှ သူမ ပြန်သွား၏ ။ နန်းကြီးသုပ်မှာ အရသာတမူထူးပြီး စား၍ကောင်းလှသည် ။
     နာရီဝက်ခန့်ပင် မကြာ…။ မောင်ပုည၏ဝမ်းထဲမှ ရစ်ကာရစ်ကာ နာကျင်လာသည် ။ အစပိုင်းက သာမန်မျှအစာမကြေ ရုံမှတ်သဖြင့် ကြိတ်မှိတ်သည်းခံနေပေမဲ့ တဖြည်းဖြည်းနှင့် ဝေဒနာက ပို,ပိုဆိုးလာသည် ။ ဗိုက်ထဲကို တစ်စုံတစ်ယောက် က ဓါးနှင့် ထိုးမွှေနေသကဲ့သို့ အသည်းခိုက်လောက်အောင် နာကျင်ခံစားလာရသည် ။ အူတွေကလီစာတွေကို ဆွဲထုတ်ခံ နေရသလို နာကျင်လွန်းသဖြင့် မောင်ပုညမှာ လူးကာလိမ့်ကာ အော်ဟစ်နေရ၏ ။
     သို့ဖြင့် မောင်ပုည၏အော်သံကို အခန်းချင်းကပ်လျက်မှအလုပ်သမားများက ကြားသိသွားခဲ့၍ ဆေးရုံသို့ အချိန်မီပို့ ဆောင်လိုက်သောကြောင့်လည်းကောင်း ၊ ဆေးရုံတွင်လည်း ကျွမ်းကျင်သောဆရာဝန်ကြီးများ ရောက်ရှိနေသောအချိန် ဖြစ်၍လည်းကောင်း ၊ မောင်ပုညကိုယ်တိုင်ကလည်း သေကံမရောက် သက်မပျောက်နိုင်သေးသောကြောင့်လည်းကောင်း ယခုကဲ့သို့ ပြန်လည်ကျန်းမာလာရခြင်းဖြစ်သည် ။
     မည်သို့ပင်ဖြစ်ပါစေ…မောင်ပုညကတော့ လူ့လောကကို စိတ်နာစိတ်ကုန်သွားခဲ့ပါပြီ ။ တရားရိပ်ခိုကာ ဘုရား၏တရား တော်များကို ကျင့်ကြံအားထုတ်ရင်း မြတ်ဗုဒ္ဓ၏သားတော်အဖြစ်နှင့် ရာသက်ပန်နေထိုင်သွားတော့မည်ဟု မောင်ပုည ဆုံး ဖြတ်ခဲ့လိုက်ပါပြီ ။
NNNNNNN
   “ သြော်…ဆရာတော်ရဲ့အဖြစ်က ကံကောင်းလို့ အသက်ရှင်ခဲ့ရတာပါလား ။”
   “ ဟုတ်ပါတယ် မောင်ခင်မောင် ။ နောက်ပြီး ငါ့တူ စိတ်ရှင်းအောင် ပြောပြရရင် ဆရာတော်က မကြာသေးမီကမှ
      အစာအိမ်ကို ထပ်ပြီးခွဲစိတ်ခဲ့ရသေးလို့ ဆရာဝန်တွေရဲ့ညွှန်ကြားချက်အရရော ၊ သံဃာတော်ကြီးတွေရဲ့ခွင့်ပြုချက်
      အရပါ ညနေဆွမ်းဘုန်းပေးနေရတာပါ ။ ဒါ့ကြောင့် ဒီအတွက်နဲ့တော့ ဆရာတော်ရဲ့အပေါ်မှာ အကြည်ညိုမပျက်
      ပါနဲ့ကွယ် ။”
   “ မဖြစ်ပါဘူး ဦးဝေလရယ် ။ အစောက စိတ်ခုမိတဲ့အတွက်တောင် စိတ်မကောင်းဖြစ်မိပါတယ် ။ ဒါနဲ့…ကျွန်တော်
     မရှင်းတာတစ်ခုရှိလို့ မေးလို့ရမလား ဦးဝေလ ။”
   “ ဘာများလဲ ငါ့တူ ။”
   “ ဟို… နန်းရတနာဆိုတဲ့အမျိုးသမီးက ကိုပုညကို ပိုးသတ်ဆေးခတ်ပြီး လုပ်ကြံလိုက်တာလား ။ ဒါမှမဟုတ်…ဟို…
     ပညာရပ်နဲ့ ဒုက္ခပေးတာလား ။”
   “ အင်း…ဒါကတော့လည်း တွေးစရာပဲ ။ ဘယ်အရာနဲ့ လုပ်သလဲဆိုတာကိုတော့ လုပ်တဲ့သူက အသိဆုံးဖြစ်ပါလိမ့်
     မယ် ။ ကဲ…ဦးလေးလည်း လုပ်စရာလေးတွေ ရှိလို့ ခွင့်ပြုဦးကွယ် ။ သြော်…လိုတာရှိရင် အားမနာနဲ့နော် မောင်ခင်
     မောင် ။”
   “ ဟုတ်ကဲ့ခင်ဗျ ။ စိတ်ချပါ ။ ကျေးဇူးတင်ပါတယ် ။”
ဦးဝေလဆိုသောကပ္ပိယကြီးက သူ ပြောကြားလိုသည်များကို ရှင်းလင်းပြတ်သားစွာ ဖြေရှင်းပြောပြခဲ့ရ၍ ကျေနပ်ဝမ်းသာ ဟန်ဖြင့် ကိုခင်မောင်၏အနားမှ တရွေ့ရွေ့ထွက်ခွာသွားတော့သည် ။ သူရိန်နေမင်းက ဂျူတီချိန်ပြီးဆုံးသွားပြီမို့ မြေပြင်သို့ ဖြည်းဖြည်းချင်း နိမ့်ဆင်းလာနေပြီ ။
     လှပတင့်တယ်သောပြင်ဦးလွင်မြို့ကလေး၏ညနေခင်းအဆင်းကို ငေးရှုကြည့်နေသောကိုခင်မောင်၏ရင်ထဲမှာတော့ စောစောက ဦးဝေလ ပြောပြသွားသည့်-အကြောင်းအရာများကို ခြုံငုံတွေးတောရင်း လူတို့၏ဆန်းကြယ်ကောက်ကွေးလှ သည့်စိတ်သဘောတရားများအပေါ်၌ အံ့သြမဆုံးဖြစ်နေမိသည် ။ ဘာမဟုတ်သည့်ကိစ္စကလေးအပေါ် မကျေနပ်သဖြင့် သူတပါး၏အသက်ဝိညာဉ် ပျက်ပြားသွားစေလောက်အောင် လုပ်ကြံရက်သူတို့၏အတွင်းစိတ်နှင့်ပတ်သက်၍ ကိုခင်မောင် နားမလည်နိုင်သေး ။ မည်သို့ပင်ဖြစ်ပါစေ…ပြုသူအသစ် ဖြစ်သူအဟောင်းပင် မဟုတ်ပါတကား ။ ။



                                                                  စေတနာရှေ့ထားလျက်…
                                                                                                      
                                                               ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။ 


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။