Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

မာယာကြွယ်ဝ ပရလောက




မာယာကြွယ်ဝ ပရလောက




( ၂၀၁၃_ဒီဇင်ဘာလထုတ် ၊ ၂၀၁၄_ဇန်နဝါရီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် နှစ်လဆက်တိုက် ဖော်ပြခံရသော ဝတ္ထုရှည်တစ်ပုဒ် ဖြစ်သည် )


ရေးသူ   -   ဂါဦးနွန်းကို



------------------------------------------------------------------------------------------------------------------



        ပြောပြရမှာပေါ့ဗျာ ။ ခင်ဗျားနဲ့ကျုပ်နဲ့က တစိမ်းတွေမှ မဟုတ်တာ ။ ဒီအကြောင်းတွေကို ကျုပ် ပြောချင်လွန်းလို့လည်း ကျုပ် ခင်ဗျား ဆီကို ရောက်လာတယ်ဆိုပါတော့ ။ နေပါစေ…နေပါစေ ။ ကျုပ်အတွက် ဘာမှ မှာမနေနဲ့ ။ ဘာမှလည်း စားချင်စိတ် မရှိပါဘူး ။ အင်း…ဒီ အကြောင်းတွေကို ပြန်တွေးမိတော့မှ ကျုပ် ဘိုတဲကြီးပေါ်က ပြေးဆင်းလာခဲ့တဲ့အဖြစ်ကို မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်း ပြန်မြင် ယောင်နေမိတယ် ။ တဆက်တည်းဆက်တွေးမိတာက ကျုပ် အဲဒီတစ်ညနေလုံး ဘာမှမစားနိုင်ဘဲ အရက်ချည်းစွတ်သောက်နေခဲ့မိတာ ဗျာ့ ။ ဟားဟား…ခင်ဗျား ဇာတ်လမ်းအမြည်းလေး ကြားရုံနဲ့တင် သဘောကျသွားပြီ မဟုတ်လား ။ ကိုယ်တွေ့ကြုံခဲ့တဲ့အဖြစ်မို့ ညွှန်းတာ မဟုတ်ဘူးနော် ။ ကျုပ်နေရာမှာ ခင်ဗျားသာဆိုရင် သွေးပျက်ချောက်ချားပြီး မလုပ်သင့်တာတွေကိုတောင် သတိလက်လွတ်လုပ်မိမလား မပြောတတ်ဘူး ။
       ခင်ဗျားလည်း သိသားနဲ့…ကျုပ်က သတ္တိခေတဲ့ကောင်မှမဟုတ်တာ ။ အထက်ကျောင်းတုန်းကဆို အရက်စမ်းသောက်တဲ့နေ့က သရဲ ခြောက်တဲ့အိမ်ကြီးမှာ ကျုပ်တစ်ယောက်တည်း သွားအိပ်ခဲ့တာ ခင်ဗျားလည်း အသိပဲ မဟုတ်လား ။ ဒီလိုကောင်မျိုးက ဒီလိုပုံစံမျိုး ထွက် ပြေးရပါတယ်ဆိုမှတော့ တော်ရုံတန်ရုံအဖြစ်အပျက်မျိုး မဟုတ်လို့ပေါ့ ။ အင်း…ခင်ဗျားလည်း ဒီအကြောင်းတွေနဲ့ စာအတော်ရေးနေတဲ့လူ တစ်ယောက်ဆိုတော့ ကျုပ်ပြောပြမယ့်ဇာတ်လမ်းကို ဖန်တရာတေနေတဲ့ လန်ကြုပ်ဇာတ်လမ်းမျိုးပဲ ဖြစ်လိမ့်မယ်လို့ တွေးကောင်းတွေးနေ လိမ့်မယ် ။ တကယ့်ဖြစ်ရပ်မှန်True Storyတွေက လုပ်ကြံပြောလို့ဖြစ်လာတာတွေနဲ့ နည်းနည်းလောက်ဆင်ရင်တောင်မှ ခံစားရမှု ဖီလင် ချင်းတော့ သိသိသာသာကွာတယ်ဗျာ့ ။ ကဲပါလေ စကားတန်ဆာတွေ ဆင်မနေတော့ဘဲ ကျုပ် ခင်ဗျားကို အစအဆုံးပြောပြပါတော့မယ် ။
{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{
       တဒုန်းဒုန်းပြေးတက်လာသောခြေသံများကြောင့် ကျော်ထက် ဖျာပေါ်တွင် ကျောဆန့်နေရာမှ တံခါးဝဆီသို့ ခေါင်းထောင်ကြည့်လိုက် သည် ။ အခန်းထဲသို့ ဝရုန်းသုန်းကားပြေးဝင်လာကြသူများက ငအောင်တို့တစ်သိုက်အပါအဝင် ကျောင်းသားနောက်တစ်သုတ် ။ ထိုအုပ်စု က အခန်းတွင်းသို့ရောက်သည်နှင့် ဟိုဟိုသည်သည်သို့ ကျီးကန်းတောင်းမှောက် ဝေ့ဝဲကြည့်လိုက်ကြပြီး ကျော်ထက်တို့ပထမအသုတ် ကျောင်းသားများကို မျက်စောင်းကြီးကိုယ်စီထိုးကာ ကျန်ရှိနေသောနေရာလွတ်များတွင် အထုပ်တွေကို နေရာချ၍ အသီးသီးဝင်ထိုင်ကြ သည် ။ သူတို့ မျက်စောင်းထိုး ၊ လက်သီးထောင်ပြချင်မည်ဆိုလျှင်လည်း လုပ်ပြချင်စရာပါပဲ ။ အပေါ်ထပ်ကို အရင်တက်ခွင့်ရသော ကျော် ထက်တို့ပထမအသုတ်ကျောင်းသားများက ဟောခန်းထဲမှ လေဝင်လေထွက်ဖြောင့်ပြီး ကြမ်းခင်းပြေပြစ်သည့်နေရာကောင်းများကို ဦးဦး ဖျားဖျားပိုင်စိုးထားကြပြီ မဟုတ်လား ။ နောက်မှတက်ခွင့်ရသော-ဒုတိယအသုတ်ခမျာမှာတော့ ကြမ်းပေါက်ရှိသည့်နေရာများ ၊ နင်းလိုက် တိုင်း  အသံမြည်သည့်ပျဉ်ချပ်များနား၌သာ နေရာရကြရှာသည် ။ မဖြစ်မနေမို့ ဝင်ထိုင်လိုက်ရသော်လည်း ဤသို့အဆင်မပြေသည့်နေရာ မျိုးတွင် မည်သူကများ နေချင်ပါ့မလဲ ။
   ကျော်ထက်တို့သူငယ်ချင်းတစ်စုကတော့ ကောင်းပေ့လန်းပေ့ဆိုသည့်ပြတင်းပေါက်တည့်တည့်တွင် တန်းစီလျက် နေရာယူထားကြ၏ ။ ပြတင်းပေါက်နှင့်တည့်တည့်တွင် ကျော်ထက် ၊ သူ့နံဘေးတွင် ခိုင်တိုး ၊ ဂျွန်ဒို ၊ ငွေနိုင် ၊ စိုးပိုင် ၊ ဆန်းမင်းတို့တတွေက ဆက်ကာဆက်ကာ နေရာယူထားကြသည် ။ သူတို့အဖွဲ့က ဟောခန်းထဲသို့ ပထမဦးဆုံး ရောက်လာကြသည်မို့လည်း ထိုသို့နေရာကောင်းကို ရရှိထားကြခြင်း ဖြစ်သည် ။
      ခေါင်းထောင်ကြည့်နေရာမှ ကျောင်းသားများ သူ့နေရာနှင့်သူ အဆင်ပြေသလို နေရာချသွားကြသည်ကို တွေ့မြင်ရသဖြင့် ကျော် ထက် ဖျာပေါ်သို့ ခေါင်းပြန်ချလိုက်သည် ။ ယခုမှသာ နေသာထိုင်သာရှိ၍ သက်ပြင်းငွေ့ငွေ့ကို ခိုးချလိုက်မိ၏ ။
- ကိုယ့်အဖြစ်ကိုယ် နားမလည်နိုင်သေး ။ စောစောက တကယ်ဖြစ်ခဲ့တာမှ ဟုတ်ရဲ့လား…
ဟု ကိုယ့်ကိုယ်ကို သံသယဝင်နေမိသဖြင့် သေချာစေရန် ပြန်စဉ်းစားကြည့်သည် ။ ပြန်စဉ်းစားရုံနှင့်ပင် စောစောကအတိုင်း ခံစားလာရ၍ ခန္ဓာကိုယ်အနှံ့မှမွေးညင်းများ ထောင်ထသွားရသည် ။ ဟုတ်ပါပြီ…ထိုခံစားမှုသည် ကျော်ထက်၏အသည်းနှလုံးအိမ်တွင် အမှန်တကယ် တွေ့ထိခံစားမိခဲ့သည်မှာ သေချာပါပြီ ။ သို့ပေမဲ့ ဘာကြောင့် ထိုသို့ ခံစားရသလဲဆိုတာကို အကြောင်းပြချက် ရေရေရာရာရှာမတွေ့သဖြင့် ကျော်ထက် ခရီးစဉ်အစအဆုံးကို ပြန်တွေးလိုက်မိ၏ ။
{{{
      ဘူမိဗေဒ တက်ရောက်သင်ကြားနေသော ကျော်ထက်တို့ကျောင်းသူကျောင်းသားတစ်ရာကျော်သည် တာဝန်ရှိဆရာ/ဆရာမများနှင့် အတူ ကချင်ပြည်နယ် မြစ်ကြီးနားဒေသသို့ (fieldဆင်း)လေ့လာရေးခရီးထွက်ခဲ့ကြသည် ။ နှစ်စဉ်နှစ်တိုင်း ကျောင်းသား ကျောင်းသူပေါင်း များစွာနှင့် လေ့လာရေးခရီးထွက်နေကျဖြစ်၍ ကျော်ထက်တို့လူစုကတော့ ထုံးစံအတိုင်း လူငယ်ဘာဝ နောက်ကြပြောင်ကြ၊ ပျော်ကြပါးကြ နှင့် ကျောင်းသားဘဝ၏အရသာကို အစွမ်းကုန်ခံစားနေကြချိန် ။ ဘူမိဗေဒမေဂျာ၏အကောင်းမွန်ဆုံးအားသာချက်အတိုင်း ကျောင်းသား ကျောင်းသူအားလုံး စည်းစည်းရုံးရုံး မခိုမကပ်ရှိကြသဖြင့် ခရီးလမ်းနှောင့်နှေးကြန့်ကြာမှုနည်းပြီး သွားရလာရအဆင်ပြေလှသည် ။ သို့နှင့် မြစ်ကြီးနားသို့ ရောက်လာခဲ့၏ ။ မြစ်ကြီးနားသို့ရောက်တော့ တည်းခိုဖို့နေရာကို ရှာဖွေကြရာ အဆင်သင့်စွာပင် ကျယ်ဝန်းကြီးမားလှသည့် စာသင်ကျောင်းတစ်ကျောင်းရှိနေ၍ ထိုကျောင်းတွင် သွားရောက်တည်းခိုရန် ဆုံးဖြတ်ခဲ့ကြသည် ။
      စာသင်ကျောင်းကြီးမှ တာဝန်ရှိဆရာဆရာမများက ကျော်ထက်တို့တက္ကသိုလ်ကျောင်းသားကျောင်းသူများကို ဝမ်းသာအယ်လဲကြိုဆို လက်ခံကြသည် ။ အများစုမှာ ကချင်လူမျိုးများဖြစ်ကြသဖြင့် စကားနည်းနည်း အပြုံးချိုချိုမျက်နှာများကို တွေ့မြင်ရ၏ ။ သူတို့ကို ဖော်ရွေ စွာ ကြိုဆိုဧည့်ခံကြ၍ ကျော်ထက်တို့လူစုတွေ ပျော်တပြုံးပြုံး တအုန်းအုန်းပေါ့ ။ ကျောင်းပိတ်နေချိန်ဖြစ်တာကြောင့် ဆိတ်ငြိမ်အေးချမ်းစွာ တည်းခိုနိုင်သည်မို့ ကျော်ထက်တို့တက္ကသိုလ်ကျောင်းသားအုပ်စုအတွက် ပိုလို့ပင် အဆင်ပြေသွားသည် ။ ကျော်ထက်တို့ကျောင်းသား အားလုံး အပေါ်ထပ်က ဟောခန်းကြီးလေးခန်းတွင် သင့်လျော်သလိုနေထိုင်ပါရစေဟု ကျော်ထက်တို့ဆရာတွေက ကျောင်းအုပ်ဆရာမ ကြီးထံ ခွင့်တောင်းသည် ။ သဘောကောင်းလှသောဆရာမကြီးက အပြုံးမျက်နှာနှင့် ခွင့်ပြုခဲ့၏ ။ ကျော်ထက်တို့ အပေါ်ထပ်သို့ မတက်ရ သေးခင်မှာ ကျောင်းအုပ်ဆရာမကြီး အသေအချာမှာသွားသည်က…
   “ ကလေးတို့တွေ အပြင်တွေ ဟိုဟိုဒီဒီလျှောက်သွားရင် တစ်ယောက်တည်း မသွားနဲ့နော် ။ အဖွဲ့လိုက် သွားကြ ။”
ဟူ၍ဖြစ်သည် ။ ထိုစကားသည် ယခုကာလ၌ တအံ့တသြဖြစ်ဖွယ်ရာရှိပေမဲ့ လွန်ခဲ့သောဆယ့်ငါးနှစ်ခန့်ကဖြစ်သော ထိုအချိန်ကတော့ မအေးချမ်းသေးသည့် ကချင်ပြည်နယ်၌ အသေအချာလိုက်နာသင့်သောစကားတစ်ခွန်းဖြစ်တာကြောင့် ထိုသို့အလေးအနက်ထားကာ မှာ ကြားခဲ့ခြင်းဖြစ်သည် ။ ကျော်ထက်တို့ကျောင်းသားအားလုံးလည်း ဟုတ်ကဲ့ဟူသောစကားသံကို မညီမညာဖြေကြားခဲ့ကြ၏ ။
         စာသင်ကျောင်းကြီးမှာ အမှန်တော့ ဘိုတဲအိမ်ကြီးတစ်လုံးသာ ဖြစ်သည် ။ အင်္ဂလိပ်မင်းလက်ထက်ကတည်းက ဆောက်လုပ်ထား ခဲ့သော ဘိုတဲကြီးလော … နှစ်ပေါင်းများစွာ ကြာမြင့်နေပြီလော…ကျော်ထက်တို့ မတွေးအား ။ ဘယ်အဖွဲ့ အပေါ်တက်ဟူသော ဆရာကြီး ထံမှထွက်ပေါ်လာမည့် ခွင့်ပြုချက်စကားသံကိုသာ နားတစွင့်စွင့်ဖြစ်နေကြသည် ။ ကျော်ထက်တို့မျှော်လင့်ထားသည့်အတိုင်း ဆရာကြီးက ကျော်ထက်တို့အဖွဲ့အပါအဝင် ကျောင်းသား၃၅ယောက်ခန့်ကို ပထမအသုတ်အနေဖြင့် ဘိုတဲကြီး၏အပေါ်ထပ်သို့ အရင်တက်ခွင့်ပြုလိုက် သည်နှင့် ကျော်ထက်တို့ဦးစွာ ချီတက်သွားကြသည် ။
   ‘ ဟင်…ဘာဖြစ်တာပါလိမ့်…’
မည်သို့ဖြစ်သည် မသိ…။ အေးခနဲ…စိမ့်ခနဲ…။ အခြားသူတွေကို စောင်းငဲ့အကဲခတ်ရင်း ကျော်ထက် ဟန်မပျက်ဆက်လျှောက်လာခဲ့ပေမဲ့ ခံစားစိတ်က လျော့နည်းမသွားသည့်အပြင် ပို၍ပင် ဆိုးရွားလာသလို…။ ကျော်ထက်တစ်ယောက် ဆင်ဝင်အောက်သို့ ရောက်သည့်အခါ တစ်စုံတစ်ယောက်က ရေခဲရေနှင့် ဆီးပက်လိုက်သလို အေးခနဲစိမ့်ခနဲခံစားလိုက်ရ၍ဖြစ်၏ ။ ကြက်သီးမွေးညင်းတွေ ထောင်ထကာ ဆံပင် တွေပင် နာနတ်ပင်လို ထောင်ချင်သွားသည် ။
   ‘ ငါ…အအေးများ မိနေတာလား…။’
ကျော်ထက် ထိုသို့တွေးလိုက်မိရင်း ကြောင်လိမ်လှေကားကြီးဆီသို့ ဆက်လျှောက်လာသည် ။ အခြေအနေက ပို၍ပို၍ဆိုးရွားလာ၏ ။ ကျော်ထက်ကို တစ်ယောက်ယောက်က အုပ်မိုးထားသလိုမျိုး ချုပ်ကိုင်ထားသလိုမျိုး မွန်းကျပ်လာကာ ဇောချွေးတွေပင် ပြန်လာသည် ။ ဂုတ်ပိုးပေါ်သို့ တစ်ယောက်ယောက်ကပဲ တက်ထိုင်နေသလိုလို…လေးလံလာသည် ။
   ‘ ဟုတ်ပါပြီ…ငါ အအေးမိနေပါပြီ…’
ထိုသို့တွေးကာ ကျော်ထက် ဟန်မပျက်ထိန်းရင်း ဆက်လျှောက်လာခဲ့သည် ။ အပေါ်ထပ်ရောက်လို့ နေရာချပြီးမှ ဆေးသောက်ရမယ်ဟု ကိုယ့်ကိုယ်ကို သတိပေးလိုက်သည် ။
      ကျော်ထက်ဘဝတွင် ပထမဦးဆုံး ခံစားလိုက်ရသော တအံ့တသြခံစားမှုဖြစ်တာကြောင့် ဘယ်လိုမှ မေ့မရ…။ စောစောက အေးလိုက် မွန်းကျပ်လိုက်ဖြစ်နေသော်လည်း အခန်းထဲသို့ ဝင်လာလိုက်သည်နှင့်တပြိုင်နက် ဝါဂွမ်းစလေးကို လေမှုတ်ထုတ်လိုက်သလိုမျိုး စောစော က ခံစားနေရသမျှ ရုတ်ချည်းပျောက်ကင်းသွားသည် ။ နားလည်ရခက်ပါဘိ…။ သို့ကြောင့်လည်း လှဲလျောင်းနားနေနေရင်း ထိုအဖြစ် အပျက်ကို ပြန်လည်တွေးတောနေမိခြင်းဖြစ်၏ ။
   “ ငါးကြော်…ငြိမ်လှချည်လား ။ ဒီနားမှာ ကြောင်လည်း မရှိဘဲနဲ့ မင်းက ဘာတွေအမြီးကုပ်နေတာလဲ ။”
ကျော်ထက် အတွေးနှင့်ငြိမ်နေတော့ နံဘေးမှခိုင်တိုးက စကားစ၏ ။ စ,လိုက်သည့်စကားကလည်း အပြောင်အပျက်ရယ်…။ ကျော်ထက် က စကားမပြန်ခင် နှစ်ယောက်ကျော်မှ စိုးပိုင်က လှမ်းအော်နောက်သည် ။
   “ မင်းက ဘာတွေခိုးတိုင်မရလို့လဲ ခိုးတိုင်ရ ။ နာမည်နဲ့လူနဲ့လည်း လိုက်ပါ့ ။ ငါးကြော်က သူ့ကောင်မလေးကြောင့် ဆွေးနေတာကွ ။ ငါး
      စိမ်းမြင်လို့ ငါးကင်ပစ်သွားတဲ့တစ်ယောက်လေ ။”
   “ ဟင်…မင်းစကားက မှားနေတယ်ကွ စောပေါက်ရ ။ ငါးစိမ်းမြင်လို့ ငါးကင်ပစ်သွားတာ မဟုတ်ဘူး ။ ငါးကြော်ပစ်သွားတာ ။”
ငွေနိုင်က ကြားဝင်ကာ ဆရာလုပ်တော့ စိုးပိုင်က ငြိမ်မခံဘဲ ပြန်နှက်သည် ။
   “ အမယ်…မင်း ဘာသိလို့လဲ ငွေနဲ ။ ငါးစိမ်းမြင် ငါးကင်ပစ်ဆိုတာ စကားပုံကွ ။ သူကြိုက်နေတဲ့ကောင်မလေးသူဇာက သူ့ကို ပစ်ပြီး သူ့
     ထက်သာတဲ့အကောင်နောက် ပါသွားလို့ တင်စားပြီး ပြောတာ ။ မင်းဟာလေ ငွေနည်းရုံတင်မကဘူး ။ ဗဟုသုတလည်း နည်းပါ့ ။”
   “ အာ…တော်ကြပါတော့ကွာ ။ ငါ ပင်ပန်းလို့ ငြိမ်နေတာပါ ။”
ထိုသို့ နာမည်ပြောင်တွေကို ခေါ်ကာ အားမနာပါးမနာပြောနေကြတာကို နားပူလာ၍ ကျော်ထက် အကြောင်းပြချက်တစ်ခုကို ခပ်ကျယ် ကျယ်အော်ပြောလိုက်မှပဲ အားလုံး အသံတိတ်သွားသည် ။ ဒါတောင် ဂျွန်ဒိုက ငြိမ်မနေသေးဘဲ သူ့တိုင်းရင်းသားသံဝဲဝဲနှင့် …
   “ အဲ့ဒါပြောတာပေါ့ ။ မင်းသာ ဆက်မိုက်လို အဝတ်အစားနည်းနည်းပဲ သယ်လာရင် ခုလောက် ပင်ပန်းမှာ မဟုတ်ဘူး ။ ဆက်မိုက်ဆို
     တစ်နေ့လုံးနေမှ အဝတ်တစ်ထည်တောင် လဲစရာ မရှိဘူး ခီးခီး…။”
   “ တော်ပြီ … ချောက်တွန်းနဲ့ စကားပြိုင်မပြောဘူး ။ မောတယ် ။”
မောတယ်ဟူသောဆန်းမင်းက စကားတစ်ခွန်းကို အနိုင်နှင့်ပိုင်းပြောပြီးမှ တစ်ဖက်သို့လှည့်သွားသဖြင့် ဂျွန်ဒိုလည်း အောက်သက်သက်နှင့် ကျန်ရစ်ခဲ့၏ ။
       ပြောရရင် ကျော်ထက်တို့အဖွဲ့က တကယ့်ကိုပျော်စရာ…။ တစ်ယောက်နှင့်တစ်ယောက် ဘာရယ်မဟုတ် စကားနိုင်လုကြ အပျော် တမ်းလောင်းကြစားကြနှင့်…။ သို့ပေမဲ့ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြခင်ကြသော သူငယ်ချင်းများဖြစ်ကြသည်က အသေ အချာ ။ ပေါင်းလာကြတာလည်း သုံးနှစ်ကျော်ပြီမို့ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းသိအစင်းသိဖြစ်နေသောကြောင့် စိတ်ဆိုး မုန်းတီးခြင်းလည်း မရှိ ။ ပကတိကလေးများကဲ့သို့ ပျော်ရွှင်စရာကောင်းသော ကျောင်းသားဘဝနေ့ရက်များဖြစ်နေတော့၏ ။
{{{{{{{{{{{{{{{{{
      သူရိန်နေမင်းက သူ၏တစ်နေ့တာပြေးလွှားမှုကို အဆုံးသတ်ရင်း ကမ္ဘာတစ်ဖက်ခြမ်းသို့ ထွက်ခွာသွားချိန်တွင် ဘူမိဗေဒကျောင်းသား
များ စိတ်ပါဝင်စားလျက်ရှိသော ကျောက်တောင်ပေါ်မှကျောက်သားတချို့ နေပူရှိန်သင့်ကာ ပူခြစ်လျက် ကျန်ရစ်ခဲ့ကြစဉ် ကျော်ထက်တို့ လူတစ်စုကတော့ အိပ်စက်ရန်ပြင်ဆင်နေကြပြီ ။ ဤနေရာ၌ သူတို့အုပ်စု နေထိုင်ရသောနေရာကို အနည်းငယ်ရှင်းပြရသော်…ဘိုတဲကြီး၏ အပေါ်ထပ်တွင် ဟောခန်းကျယ်ကြီး(၄)ခန်းရှိပြီး လှေကားမှတက်တက်ချင်း တွေ့မြင်ရမည့်-ဟောခန်းကျယ်ကြီးမှာ အနည်းငယ်ယိုယွင်း နေသဖြင့် ထိုအခန်းကို ကျော်လွန်ပြီးနောက် တွေ့မြင်ရမည့်-ဒုတိယမြောက်အခန်းတွင် ဘူမိဗေဒကျောင်းသားတစ်စု နေရာယူထားကြ၏ ။ ထိုအခန်းနှင့်မျက်စောင်းထိုး၌လည်း အခန်း(၂)ခန်းရှိရာ ထိုဟောခန်းကျယ်ကြီးတို့အနက် တစ်ခန်းတွင် ဆရာမနှင့်ကျောင်းသူများက တစ်ဖွဲ့ နေထိုင်ပြီး ရှားရှားပါးပါးလိုက်ပါလာသောဆရာနှစ်ယောက်ကတော့ ကျန်ရစ်သောအခန်းတစ်ခန်းတွင် သီးသန့်နေကြ၏ ။
      အောင်ဖြိုး ခေါ် ငအောင်တို့အဖွဲ့က ကျော်ထက်တို့အဖွဲ့နှင့် ခြေချင်းဆိုင်လျက် အိပ်စက်ကြရသည် ။ ယင်းအဖွဲ့က ကျော်ထက်တို့နှင့် ရန်ဖက် ။ ငအောင်က ဗလတောင့်တောင့်နှင့် နေရာတကာ ဆရာကြီးလုပ်တတ်သဖြင့် ကျော်ထက်တို့က သိပ်ကြည့်လို့မရ ။ ငအောင်က လည်း ဤတစ်ခေါက် ကျော်ထက်တို့အဖွဲ့ကို သိပ်အမြင်မကြည်…။ နေရာတကာ ပေါတောတောနိုင်ပြီး စကားများလွန်းသော-သူတို့လို ငပေါအဖွဲ့က ယခုလို နေရာကောင်းကောင်းတွေကို ပိုင်စိုးထားသဖြင့် ထိုသို့ အမြင်မကြည်ဖြစ်နေခြင်းဖြစ်၏ ။ ဤသို့ တဇောင်းစေးနှင့် မျက်ချေး-အဖွဲ့နှစ်ဖွဲ့ကျခါမှ တိုက်တိုက်ဆိုင်ဆိုင် ခြေချင်းဆိုင်အိပ်နေကြရသည် ။
{{{
      ကျော်ထက်က ပြတင်းပေါက်ဘက်တွင် လရောင်လေး မျက်နှာပေါ်ဆမ်း ၊ လေညှင်း တသမ်းသမ်းနှင့် ဇိမ်ရှိရှိအိပ်စက်နေရချိန်၌ မိမိမှာတော့ လမ်းလျှောက်လျှင် တကျွီကျွီမြည်နေသောပျဉ်ချပ်ကြီးပေါ်တွင် အိပ်စက်ရရုံသာမက ခေါင်းရင်းတွင်လည်း ပျဉ်ပေါက်ကြီးနှင့်… ဟုတွေးကာ အောင်ဖြိုး မချင့်မရဲဖြစ်နေရ၏ ။ အောင်ဖြိုးက နောက်ဆုံးမှ ဝင်လာမိသဖြင့် မည်သူမျှ မနေလိုသောဤနေရာကို ယူလိုက်ရ ခြင်းဖြစ်သည် ။ မနေချင်ကြသည်မှာလည်း မဆန်း ။ ခေါင်းရင်းတွင် ပျဉ်ပေါက်ကြီးရှိပြီး ထိုပျဉ်ပေါက်ကြီးမှနေ တစ်ဖက်ခြမ်းရှိ အခန်းလွတ် ဟောခန်းကြီးကို ဒိုးယိုပေါက်လှမ်းမြင်နေရ၍ အသည်းငယ်ကြောက်ရွံ့ကြတာကြောင့် ဤနေရာကို ကွက်လပ်ချန်ထားခဲ့ကြခြင်း မဟုတ်ပါ လား ။
   “ အမလေး…ကျွတ်…”
   “ ကျွီ..ဂျွတ်…ဂလွတ်…”
နံဘေးမှ ခေါင်းကိုက်သဖြင့် ညည်းညူသည့်အသံ ၊ အပြင်မှပြန်လာသူများ၏ ခြေရင်းလျှောက်လမ်း(ဟိုဘက်ခြမ်းနံရံသို့ ခေါင်းပြု၍အိပ်သူ နှင့် သည်ဘက်ခြမ်းနံရံသို့ ခေါင်းပြု၍အိပ်သူတို့နှစ်ယောက်တို့၏ ခြေထောက်ချင်းဆိုင်ထားသည့်ကြားမှ လျှောက်လမ်း)ပေါ်သို့ ဖိနင်းလိုက် သည့်အသံများကြောင့် အောင်ဖြိုး တော်တော်နှင့် အိပ်မရ…။ အတန်ကြာ၍ အသံများ တိတ်ဆိတ်ငြိမ်သက်သွားတော့မှ အောင်ဖြိုး အိပ် ပျော်မလို မှေးခနဲဖြစ်သွားသည် ။
  “ ဟင်…”
မျက်လုံးကို စုံမှိတ်ထားသော်လည်း အသိအာရုံတွေက လုံးဝအိပ်မောကျသေးသည်မဟုတ်၍ မျက်နှာပေါ်မှ ဖြတ်သန်းသွားသောအရိပ် တစ်ခုကို ချက်ချင်းသတိထားလိုက်မိသည် ။ အိပ်ချင်မူးတူးအသိနှင့် မှုန်ဝါးဝါးတွေ့မြင်လိုက်မိသည်က ဖြူဖျော့ဖျော့လက်တစ်ဖက်လိုလို..။ အောင်ဖြိုး၏အာရုံများ လန်းဆန်းနိုးကြားသွားကာ နံဘေးကတစ်ယောက်ကို ဖျတ်ခနဲလှည့်ကြည့်ပစ်လိုက်သည် ။ အောင်ဖြိုး၏အတွေးက တော့ နဘေးကကောင် နောက်ပြောင်ခြင်းဖြစ်မည်ဟူ၍…။ သို့ပေမဲ့ လက်တွေ့အမြင်၌ တခူးခူးတခေါခေါအိပ်မောကျနေသော-မျက်နှာ တစ်ခုကို တွေ့မြင်လိုက်ရသဖြင့် အောင်ဖြိုး နားမလည်နိုင်အောင်ဖြစ်သွားမိသည် ။
   ‘ အင်း…ဒီအကောင် ငါ အိပ်ချင်မူးတူးဖြစ်နေတာကို အခွင့်ကောင်းယူပြီး လာနောက်တာဖြစ်ရမယ် ။ ပြီးလည်းပြီးရော သူမှန်းမသိအောင်
     ပြန်အိပ်ချင်ယောင်ဆောင်နေတာပဲဖြစ်မှာပေါ့ ။’
ကိုယ့်အတွေးနှင့်ကိုယ် အောင်ဖြိုး စိတ်ကျေနပ်သွားကာ ဖျာပေါ်သို့ ပြန်လှဲချလိုက်သည် ။ ထိုသူငယ်ချင်း နောက်ပြောင်၍ မရအောင် အောက်သို့ နည်းနည်းလျှောအိပ်လိုက်၏ ။
   “ တောက်…”
ရိပ်ခနဲဖြတ်သွားပြန်ပြီ ဒီလက်…။ လျှပ်စစ်မီးအလင်းရောင် မရှိသော်လည်း တစ်ဖက်ပြတင်းပေါက်များစွာမှ ဝင်ရောက်လာသောလရောင် ကြောင့် အခန်းတွင်းသို့ ရှင်းလင်းစွာတွေ့မြင်နေနိုင်သည်မို့ မျက်နှာပေါ်မှ လက်တစ်ဖက် ဖြတ်သန်းသွားသည်ကို ရိပ်ခနဲခံစားမိလိုက်သည် နှင့် အောင်ဖြိုး မျက်စိနှစ်လုံးကို ဖျတ်ခနဲဖွင့်ကာ အသေအချာမော့ကြည့်လိုက်သော်လည်း မတွေ့လိုက်ရ…။ ဘယ်လိုပါလိမ့်…။ လျင်မြန် လွန်းလိုက်သည့်လက်…။ နံဘေးကကောင်ကတော့ သူ့ကို သံသယဝင်မည်စိုး၍ထင်၏ ။ တခေါခေါပင် ဟောက်သံပြုနေသေးသည် ။
       အောင်ဖြိုး စိတ်တိုတိုနှင့် အောက်သို့ မတရားလျှောချပစ်လိုက်ရာ ခြင်ထောင်အပြင်ကိုပင် ခြေထောက်ထွက်နေပြီ ။ (ခြင်ထောင်တစ် လုံးလျှင် ကျောင်းသား(၅)ယောက်ခန့် စု၍အိပ်ကြသည်) ကျောင်းအိုကြီးပေါ်တွင်ဖြစ်၍ ညစာငတ်နေသောခြင်တစ်စုက အောင်ဖြိုး၏ခြေ ထောက်အစုံကို ဝိုင်းအုံခဲနေကြသော်လည်း အောင်ဖြိုး ဂရုမစိုက်တော့ ။ နံဘေးကကောင်ကိုသာ ထရိုက်ချင်နေပြီ ။ သို့သော် သက်သေ က မရှိ ။ ဘယ့်နှယ့်…သူ့ဘာသာသူ ခေါင်းကိုက်ရင် ဆေးသောက်ပြီး မှိန်းနေပေါ့ ။ သူများတကာ အိပ်မရအောင် လုပ်နေရလား ။ လက် ဆုပ်လက်ကိုင်မိလို့ကတော့ အသေပဲ…ဟု တွေးကာ မျက်စိကို ဖွဖွမှိတ်ရင်း ဆင်ကြံကြံနေလိုက်၏ ။
   “ ဟာ…”
အောင်ဖြိုး၏တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထကာ ခြေဖျားလက်ဖျားတွေ အေးစက်သွားရသည် ။ အံ့သြထိတ်လန့်စိတ်နှင့် လှဲနေရာမှ ဝုန်းခနဲထထိုင်လိုက်မိ၏ ။
- ငါ…ငါ…အိပ်မက်မက်နေတာလား ။
ကြောက်စိတ်ကို ပြေပျောက်စေရန် ကြိုးစားဖြေသိမ့်ကြည့်သော်လည်း မရ ။ အာရုံထဲတွင် ထင်ရှားစွာမြင်လိုက်ရသဖြင့် အိပ်မက်မဟုတ် မှန်း သိနေသည် ။ အောင်ဖြိုး မျက်လုံးဖွဖွမှိတ်ကာ သူခိုးဖမ်းနေစဉ် ခေါင်းရင်းရှိပျဉ်ပေါက်ကြီးထဲမှ လက်မည်းမည်းတစ်ဖက်သည် ရုတ် တရက်ထွက်လာပြီး ထိုအပေါက်နှင့် တစ်ထောင်လောက်ဝေးသည့် အောင်ဖြိုး၏မျက်နှာပေါ်မှ ရိပ်ခနဲဖြတ်သန်းသွားသည်ကို ဆဋ္ဌမအာရုံ (စိတ်အာရုံ)ထဲ၌ ထင်ထင်ရှားရှားကြီးတွေ့မြင်လိုက်ရသဖြင့် အောင်ဖြိုး ထိတ်လန့်သွားမိလေပြီ ။ ထထိုင်နေမိသော်လည်း နောက်ကျော တွင် ပျဉ်ပေါက်ကြီးရှိနေ၍ အောင်ဖြိုး ကျောမလုံတော့ ။ တော်နေကြာ လက်ကြီး ထပ်ထွက်လာပြီး မိမိကို ကုတ်ခြစ်လျှင် မခက်လား…။ ကြောက်လန့်နေပြီဖြစ်သော်လည်း နံဘေးကသူငယ်ချင်းတွေကို မနှိုးချင်…။ တစ္ဆေကိုများ ကြောက်စရာလား…ငကြောက်…စသည်ဖြင့် ဝိုင်းလှောင်ပြောင်မည်ကို စိုးရိမ်တာကြောင့် အတတ်နိုင်ဆုံးစိတ်ကိုထိန်းကာ စိတ်ပြောင်းသွားစေရန် အခန်းတွင်းသို့ ဟိုဟိုသည်သည် လျှောက်ကြည့်လိုက်သည် ။
   “ ဟင်…လူတစ်ယောက်…”
အကြောက်ပြေစေရန် အခန်းတွင်းသို့ ဝေ့ဝဲကြည့်လိုက်မိသည်မှာ အောင်ဖြိုး၏မဟာအမှားကြီးဖြစ်၏ ။ ဟောခန်းကျယ်ကြီး၏ထောင့် ၊  မှောင်ရိပ်ကျနေသောလျှောက်လမ်းပေါ်တွင် လူတစ်ယောက် ရပ်နေသည် ။ မည်သူပါလိမ့်…ဘယ်သူ နိုးနေတာလဲ … အောင်ဖြိုး၏ရင်ထဲ တွင် မေးခွန်းတွေကို အထပ်ထပ်မေးရင်း ထိုသူကို ငေးကြည့်နေမိသည် ။ ထိုသူကလည်း အောင်ဖြိုး ငေးကြည့်နေတာကို သိလို့ထင်၏ ။ လရောင်အောက်သို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည် ။
   “ အမလေး…သရဲ…သရဲ…အား…”
ဆယ့်နှစ်နာရီကျော်ကျော်ညည့်နက်သန်းခေါင်ယံတွင် အောင်ဖြိုး၏ ကြောက်လန့်တကြားဟစ်အော်သံကြီးက ကျောင်းသူကျောင်းသား ဆရာသမားအားလုံးကို လန့်နိုးသွားစေခဲ့ပါတော့သည် ။
{{{{{{{{{{{{{{{{{
   “ ညက ငအောင် သရဲခြောက်ခံရတာတဲ့ကွ ။”
   “ အလကားပါ ငါးကြော်ရာ ။ ပေါက်တီးပေါက်ရှာ…သရဲ ရှိမလားကွ ။ ဒီအကောင် သက်သက်လူလည်ကျတာပဲနေမှာ ။ သူ့နေရာက
     ကောင်းမှမကောင်းတာ ။ ဒီတော့ နေရာကောင်းရအောင် မူယာမာယာသုံးလိုက်တာပေါ့ ။ ဟော…အခုတော့ သူ့စိတ်ကြိုက် ဆရာတွေ
     နဲ့ တစ်ခန်းတည်း သွားနေရပြီ မဟုတ်လား ။”
စိုးပိုင်၏စကားကို ကျော်ထက် လက်မခံ ။ အောင်ဖြိုးက ဆရာကြီးစတိုင်နှင့် မလိုင်ပြည့်(အိုင်တင်ကောင်း)တတ်သော်လည်း အခန်းပြောင်း ရဖို့အတွက် ထိုသို့ ညနက်သန်းခေါင် ထအော်ဟစ်ပြီး အရှက်အကွဲခံကာ ကြိုးစားလိမ့်မည် မဟုတ် ။ သို့ပေမဲ့ ကျန်သူငယ်ချင်းအားလုံးက အောင်ဖြိုးကို အမြင်ကတ်သည့်စိတ်နှင့် သူ့စကားကို မယုံမကြည်ဖြစ်နေတာကြောင့် ကျော်ထက်လည်း စကားမဆက်တော့ ။ သို့ပေမဲ့ သရဲ…သရဲ…အား…ခနဲအော်ကာ သတိလစ်မလိုဖြစ်သွား၍ ပရိတ်ရေတိုက် ၊ နှာနှပ်ယူခဲ့ရသော အောင်ဖြိုး၏အဖြစ်ကို ပြန်တွေးရင်း ကျော် ထက် ချောက်ချားသွားမိတာကိုတော့ ငြင်းမရ ။ ဒါပေမဲ့ လူငယ်ပီပီ စိတ်ညစ်မခံဘဲ ခေါင်းထဲက ထုတ်ပစ်လိုက်သည် ။
   “ ကောင်မလေးတွေတော့ ကြောက်နေကြမလား မသိဘူး ။ ငါတို့ သွားအားပေးရအောင် ဟီဟီ…”
အားလုံးထဲတွင် ဖွန်အကြောင်ဆုံးဖြစ်သူ-ငွေနိုင်က စပ်ဖြီးဖြီးမျက်နှာကြီးကို ဆီသုတ်ပြီးပြောလိုက်တာကြောင့် ဆန်းမင်းက ကြည့်မရဖြစ် သွားပုံ ရသည် ။
   “ ဒီလောက် ကောင်မလေးတွေကို သနားနေရင်လည်း ညကအဒေါ်ကြီးကို မင်းအိမ် ခေါ်ထားလိုက်ပေါ့ ။ ဒါမှ သူ ဒီမှာ မရှိတော့ရင်
     ကောင်မလေးတွေလည်း မကြောက်ရတော့ဘူးပေါ့ ။”
   “ သေလိုက်ပါလား မင်းကြီးဒေါ် ။ မင်းဘာသာ ခေါ်ထားလိုက် ။ ဘယ့်နှယ့်ကွာ…ငအောင်တို့များ…အမူအရာသာ ကောင်းတယ် ။ အိုင်
     ဒီယာတော့ မလန်းလိုက်တာ ။ ချောက်မယ့်ချောက် တစ္ဆေမချောချောလေးက သူ့ကို ဗလက္ကာရပြုမယ်လုပ်လို့ အော်လိုက်မိတာပါ
     လို့ မပြောဘူး ။ တောက်…ရုပ်ဆိုးဆိုးအဒေါ်ကြီးတစ်ယောက် အခန်းထဲမှာ လမ်းလျှောက်နေလို့…တဲ့ ။ ရုပ်ဆိုးတာနဲ့ပဲ သရဲဖြစ်ရော
     လား ။ ဒါဆို ခိုးတိုင်ကိုလည်း တစ္ဆေလို့ ပြောရတော့မှာလား ။”
ငွေနိုင်က ဆန်းမင်းနှင့် စကားနိုင်လုရင်း ခိုင်တိုးကိုပါ လှမ်းနောက်လိုက်၏ ။ ငွေနိုင်၏စကားကြောင့် ခိုင်တိုးတစ်ယောက် ရှူးရှူးရှဲရှဲဖြစ် သွားပြီး…
   “ အောင်မာ…မင်းက ငါ့ကို သရဲရုပ်ပေါက်နေတယ်လို့ ပြောတာပေါ့ ဟုတ်လား ။ အေး…ငါက ရုပ်ဆိုးပေမဲ့ ငွေမနည်းဘူးကွ ။ မင်းသာ
     ရှိသမျှငွေတွေအကုန်လုံး လောင်းလိုက်စားလိုက်နဲ့ ပြောင်နေတဲ့အကောင်…”
   “ အာ…မင်းတို့ကလည်း တော်ကြပါတော့ ။ ဒီကိစ္စက နောက်စရာ မဟုတ်ဘူးကွ ။ ညက မင်းတို့မှ ငအောင့်ကို ထမကြည့်ကြတာ ။ ငါ
     က သွားကူညီလိုက်တော့ သူ့ပုံစံကို သေချာမြင်ခဲ့ရတယ်ကွ ။ သူ့ပုံစံက ဟန်လုပ်နေတာ မဟုတ်ဘူး ။ တကယ်ကို ကြောက်ရွံ့ထိတ်
     လန့်နေတဲ့ပုံ ။ သတိပြန်လည်လာတော့ သူ့သူငယ်ချင်းကို ဖက်ပြီး ငိုတောင်ငိုသေးတယ် ။ ငါ့အထင်တော့ သရဲတကယ်ချောက်တာ
     ထင်တယ် ။”
ဂျွန်ဒို၏စကားကြောင့် ကျော်ထက် အားတက်သွားမိသည် ။ ဟုတ်မည်…ညက အောင်ဖြိုး၏အော်သံကြောင့် ဂျွန်ဒို အောင်ဖြိုးဆီသို့ ပြေး ဝင်သွားကာ ဝိုင်းကူညီပေးခဲ့သေးသည် ။ အနီးကပ်တွေ့မြင်လာသူမို့ ဟန်လုပ်နေတာ မဟုတ်မှန်း သတိထားမိလိမ့်မည် ။ နောက်ပြီး ဂျွန် ဒိုက ကယားလူမျိုးဖြစ်၍ တိုင်းရင်းသားပီပီ ရိုးသားပွင့်လင်းသူ…။ အားလုံးထဲတွင် အကူအညီပေးတတ်ဆုံးသူ…။ ဂျွန်ဒို၏စကားကြောင့် အားလုံး လှောင်ပြောင်ရယ်မောနေရာမှ တွေဝေသွားကြသည် ။
   “ အေးကွာ…သရဲက တကယ်ချောက်နေတယ်ဆိုမှတော့ ငါတို့ သတိဝီရိယနဲ့ အိပ်ကြတာပေါ့ ။ အရေးအကြီးဆုံးက ငါတို့ ညဘက်အိပ်
     ရင် ဘောင်းဘီဝတ် အိပ်ရမယ် ။ ဘာဖြစ်လို့လဲဆိုတော့…”
အားလုံးထဲတွင် ဆရာအလုပ်ဆုံးခိုင်တိုးက ပါမောက္ခဆရာကြီး၏လေသံဖြင့် ခပ်လေးလေးပြောရင်း စကားကိုရပ်ကာ အားလုံး၏မျက်နှာ တွေကို အသေအချာလိုက်ကြည့်လိုက်သည် ။ ကျန်လူအားလုံး သူ့စကားအပေါ်တွင် စိတ်ပါဝင်စားမှု ရှိနေပြီဟု ယုံကြည်ရမှသာ စကားကို ဆက်၏ ။
   “ အင်း…ဘာဖြစ်လို့လဲဆိုတော့ အကယ်လို့ ငါတို့သာ ပုဆိုးဝတ်ထားပြီး အအိပ်ကြမ်းလို့ ပုဆိုးကျွတ်သွားရင် သရဲက သူ့ကို ဖင်လှန်ဆဲပါ
     တယ်ဆိုပြီး မျိုးကန်းအောင်လုပ်သွားရင် မခက်ဘူးလား ဟီးဟီးဟီးဟီး…”
   “ ခွေးကောင်…ငါက အကောင်းမှတ်လို့ နားထောင်နေတာ ။”
   “ ချီးကားတိုက်လို့ သေမယ့်ကောင်…”
ခိုင်တိုး၏စကားအဆုံးမှာတော့ တဝေါဝေါရယ်သံများနှင့်အတူ အားလုံး၏ထောပနာပြုချီးကျူးသံများဖြင့် ကြွက်ကြွက်ညံသွားလေ၏ ။
{{{{{{{{{{{{{{{{{
      ကျော်ထက်တို့သွားသည့်အချိန်က ဆောင်းအကုန် နွေအကူးကာလဖြစ်၍ ရာသီဥတုက မပူမအေး၊ နေလို့ကောင်းရုံမျှလေးဖြစ်သည် ။ ကျော်ထက် တွေးထင်ထားသည်က ကချင်ပြည်နယ်၌ အလွန်အမင်းချမ်းစိမ့်လိမ့်မည်ဟု တွက်ထားခဲ့မိသော်လည်း အမှန်တကယ်ရောက် တော့ ထင်သလောက် မအေးတာကို သိလိုက်ရသည် ။ သို့ပေမဲ့ ရန်ကုန်နှင့်တော့ ဘယ်တူပါ့မလဲ ။ အတော်အတန်တော့ ချမ်းအေးတာ ပေါ့ ။ သို့ကြောင့် မနေ့က အိမ်မှရှိုးထုတ်ရန်သယ်လာသော ဂျာကင်အင်္ကျီကြီးကို အလေးခံပြီး ထုတ်ဝတ်ခဲ့သည် ။ ကောင်မလေးများနှင့် လေ့လာရေးဆင်းရ၍ ပဲပေးခွင့် ကြုံသော်လည်း ဂျာကင်အင်္ကျီက လေးကလည်း လေး၊ အိုက်ကလည်း အိုက်လာသည်ကြောင့် ပဲမပေးရ ဘဲ အသည်းဆေး သောက်ရမလိုပင် ဖြစ်သွားခဲ့သည် ။
      လေ့လာရေးမှပြန်ရောက်သည့်အခါ စိတ်ညစ်ညစ်နှင့် ဆရာများအလစ်၌ ကျော်ထက်တို့အဖွဲ့ အရက်ခိုးသောက်ကြ၏ ။ အလွန်အကျွံ သောက်တာမျိုး မဟုတ်ဘဲ အာစွတ်ရုံ စိတ်ရွှင်ရုံမျှ သောက်ကြခြင်းဖြစ်သည် ။
   “ ဟိတ်ကောင်…ဗိုက်နာတယ်ကွာ ။ ငါ အိမ်သာ သွားချင်တယ် ။ မင်းတို့ လိုက်ခဲ့ကြဦး ။”
   “ အာ…ခိုးတိုင် … မင်း ကလေးလားကွ ။ အိမ်သာသွားချင်တာပဲ မင်းဘာသာမင်း သွားပေါ့ ။”
   “ ငါ ကလေးမဟုတ်တော့တာ ငါ သိတာပေါ့ စောပေါက်ရ ။ ငါက မင်းတို့ကို ခေါ်ချင်လို့ ခေါ်တာမဟုတ်ဘူး ။ ကျောင်းအုပ်ဆရာမကြီးရဲ့
     စကားကို နားထောင်တဲ့အနေနဲ့ ခေါ်တာ ။ ဆရာမကြီးက အဖွဲ့လိုက်သွားဖို့ မှာထားတယ်လေ ။ မင်းတို့မလိုက်ရင် ငါ တိုင်ပြောမှာ
     နော် ။”
   “ ကဲပါကွာ…လာကြစမ်းပါ ။ လိုက်သွားရအောင် ။ ငါလည်း ရှူးရှူးပေါက်ချင်နေတာ ။”
နောက်ဆုံး ဂျွန်ဒို၏တိုက်တွန်းစကားဖြင့် တစ်ဖွဲ့လုံး အိမ်သာသို့ သွားကြသည် ။
     ဤနေ့က ဘိုတဲကြီးတွင် ကျော်ထက်တို့ တည်းခိုနေသည့် သုံးရက်မြောက်နေ့ ။ ရောက်ရှိသည်မှာ သုံးရက်ပြည့်မြောက်နေပြီဖြစ်သော် လည်း အိမ်သာသို့ တစ်ရက်မျှ မသွားဖြစ်…။ အိမ်သာက ဘိုတဲကြီးနှင့်ခပ်လှမ်းလှမ်း(အတော်ဝေးဝေး)တွင် ဆောက်လုပ်ထားတာကြောင့် အားလုံးက ဆီးသွားချင်လျှင် အနီးအနားမှာ ကြည့်ကြပ်ရှင်းလိုက်ကြတာများသည် ။ ယခုလို နေ့ဘက် မြင်မြင်ထင်ထင်သွားမှပဲ အိမ်သာ ငါးလုံး၏အနောက်တွင် ချုံတောကြီးရှိနေသည်ကို သတိပြုမိ၏ ။ ထိုအချိန်က သောင်းကျန်းသူများ ထောင်လွှားနေသောကာလဖြစ်၍ ကျော်ထက် စိတ်လှုပ်ရှားသွားရသည် ။ ထိုချုံတောထဲတွင် သောင်းကျန်းသူတွေများ ပုန်းခိုနေလေမလား…။
     သောင်းကျန်းသူတွေက ဗမာစကား မတတ်ကြဟု ကြားဖူးသဖြင့် အကယ်၍ မိမိတို့ကိုသာ ဖမ်းဆီးမိလျှင် တက္ကသိုလ်ကျောင်းသား လောဘာလော ခွဲခြားနားလည်နိုင်မည်မဟုတ်၍ အသတ်ခံရမှာ ကျိန်းသေသလောက်ရှိသည်ဟုတွေးမိကာ ကျော်ထက် ဇောချွေးများ ထွက်လာ၏ ။
   “ ဟာ…ဟိုမှာ…ဟိုမှာ…”
ထိုအခိုက် နောက်ကျောဆီမှ ဆန်းမင်း၏အော်သံကြောင့် ကျော်ထက် ဆတ်ခနဲတုန်သွားသည် ။ စိတ်လှုပ်ရှားစွာနှင့် သူ ညွှန်ပြရာဆီသို့ အထိတ်တလန့်လှမ်းကြည့်လိုက်မိ၏ ။
   “ မင်းဘိုးအေ…ငါက သူပုန်များလားလို့ လန့်သွားတာပဲ ။ အိမ်သာတစ်လုံး တွေ့တာ ဒီလောက်အော်စရာလား ။”
ဆန်းမင်း လက်ညှိုးထိုးပြသောနေရာတွင် အိမ်သာတစ်လုံးကို တွေ့လိုက်ရသဖြင့် ကျော်ထက် စိတ်ပေါက်ပေါက်နှင့် အော်လိုက်မိ၏ ။ ခိုင် တိုးကတော့ ဆန်းမင်းစကားကို အလေးအနက်ထားမနေတော့ဘဲ အိမ်သာတစ်လုံးထဲသို့ အပြေးဝင်သွားသည် ။ ဂျွန်ဒိုကလည်း ထိုနည်း အတိုင်း…။ အပြင်တွင် အဖော်လိုက်လာသူ(၄)ယောက်သာ ငိုင်တိုင်တိုင်ကျန်ရစ်ခဲ့ရသည် ။ ထိုစဉ် ဆန်းမင်းက သူ တွေ့ထားသော အိမ် သာအနားသို့သွားကာ ကိုစပ်စု လုပ်တော့သည် ။
   “ ဟ…အိမ်သာက တံခါးသော့ခတ်ထားတာပဲ ။ ဘာလဲကွ…ဒါက ကျောင်းသားတွေကို ခွဲခြားခွဲခြား လုပ်တဲ့သဘောလား ။”
   “ ဆရာမကြီးရဲ့အိမ်သာဖြစ်လို့ နေမှာပေါ့ ။ ကျောင်းတွေမှာ ဒီလိုပဲ ဆရာဆရာမတွေကို သီးသန့်ထားတတ်တယ်လေ ။”
ဆန်းမင်း၏စကားကို စိုးပိုင်က ဝင်ဖြန်ဖြေသည် ။ သို့ပေမဲ့ အရက်ဝင်လျှင် နည်းနည်းပြဿနာရှာတတ်သူ ၊ နာမည်ပြောင်နှင့်လိုက်အောင် ဆက်မိုက်တတ်သည့်-ကိုဆန်းမင်းက…
   “ မဖြစ်နိုင်ဘူး ။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ။ ငါ စုံစမ်းထောက်လှမ်းလာခဲ့တဲ့သက်တမ်းတလျှောက်မှာ ဒီလိုကိစ္စမျိုးတွေက ရိုးအီနေ
     အောင် ကြုံဖူးတယ် ။ ဒီအိမ်သာဟာ ဘယ်လိုနည်းနဲ့မှ ဆရာမကြီးတက်တဲ့အိမ်သာ မဖြစ်နိုင်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအိမ်သာ
     က ဟိုဘက်က အိမ်သာငါးလုံးနဲ့ ဘာမှလည်း မကွာဘူး ။ ဆရာမကြီးရဲ့အိမ်သာဆိုရင် ပိုပြီး သန့်ရှင်းသပ်ရပ်နေရမှာပေါ့ ။ နောက်
     ပြီး ဆရာမကြီးရဲ့အိမ်က ကျောင်းနဲ့ကပ်နေတာပဲကို ။ ဘာဖြစ်လို့ သူက တစ်လံလောက်ဝေးတဲ့ ဒီအိမ်သာကို လာတက်မှာလဲ ။”
ရော်…ဒီကောင် ရစ်နေပြီဟု အားလုံး သိလိုက်ပေမဲ့ သူနှင့်ဆန့်ကျင်၍ သိပ်မပြောရဲကြ ။ တော်ကြာ သူ စိတ်တိုပြီး အော်ဟယ်ဟစ်ဟယ် လုပ်ပါက ကျော်ထက်တို့အဖွဲ့ အရက်သောက်တာကို ဆရာများ သိသွားကြလိမ့်မည် ။ သို့ကြောင့်လည်း စိုးပိုင်ကပဲ နှစ်သိမ့်ရပြန်သည် ။
   “ ဆန်းမင်းကလဲကွာ…လာပါ ။ အိမ်သာက ရွံစရာကောင်းလို့ ပိတ်ထားတာ နေမှာပေါ့ ။”
   “ အဲဒီမှာက အိမ်သာ ငါးလုံး ။ မင်းတို့က ငါးယောက် …ကွက်တိပဲ ။ ငါ့အတွက် အိမ်သာ မရှိဘူး ။ ဒီတော့ ဒီဘက်မှာ သီးသန့်ရှိနေတဲ့
     ဒီအိမ်သာကို ငါ အရင်တွေ့တာ ။ ဒါ ငါ့အိမ်သာ ။ ငါ့အိမ်သာကို ငါ့ဘာသာငါ လုပ်ချင်ရာလုပ်မယ် ။ လာမရှည်နဲ့ ။”
   “ ငါ့အိမ်သာကို မင်း ယူလိုက်ပါကွာ ။ ငါ မတက်ပါဘူး ။”
ကျော်ထက်ကပါ လေပြည်ဝင်ထိုးကြည့်သည် ။
   “ တိတ်…ငါးကြော်…မင်း မရှည်နဲ့ ။ ဒီမှာ တွေ့လား အုတ်ခဲ ။ ဒီအုတ်ခဲက Keyပဲ ။ ဒီသော့နဲ့ ငါ ဖွင့်ပြမယ် ။ ကဲ…”
ဆန်းမင်းက မူးမူးရူးရူးနှင့် အိမ်သာတွင် ခတ်ထားသောသော့ခလောက်ကို အနီးရှိအုတ်ခဲတစ်လုံးနှင့် ထုဖွင့်တော့သည် ။ ကျန်လူအားလုံး က သူတားနိုး ကိုယ်တားနိုးနှင့် ကြောင်ကြည့်နေမိကြ၏ ။ သုံးချက်လောက် ရိုက်လိုက်သည့်အခါ သော့ခလောက် ပြုတ်ကျသွားသည် ။
  “ ဟား…ဟား…မှန်းစမ်း ။ အိမ်သာထဲမှာ ဘာရှိလို့ သော့ခတ်ထားရတာလဲ ။”
ဆန်းမင်းက အောင်နိုင်သူလေသံနှင့် ခပ်မိန့်မိန့်ကြီးရေရွတ်လိုက်ကာ တံခါးကို ဖြည်းဖြည်းလေးဆွဲဖွင့်လိုက်သည် ။
  “ အိမ်သာထဲမှာ ဘာရှိရမှာလဲ ဒီအကောင်စုတ် ။ ငါ ပြောလိုက်ရ မကောင်းရှိတော့မယ် ။”
ဆန်းမင်း၏အမူအရာကြောင့် ငွေနိုင်က ကျော်ထက် အနားသို့ကပ်ကာ ခပ်ရွဲ့ရွဲ့ပြောလိုက်သည် ။ ဆန်းမင်းကတော့ ကြားပုံ မရ ။ မူးမူးနှင့် ထင်တိုင်းကျဲတတ်သည့်သူ့စရိုက်ကို အားလုံးက သိနေကြသဖြင့် ဘာမျှဝင်မပြောတော့ ။ ဆရာမကြီးဆူလျှင်လည်း တောင်းပန်လိုက် တော့မည်ဟူ၍သာ တွေးထားလိုက်ကြသည် ။ အိမ်သာတံခါး တစ်ဝက်လောက်ပွင့်သောအခါ ဆန်းမင်းက အထဲသို့ ခေါင်းပြူကြည့်လိုက် ၏ ။
   “ အမလေး…သရဲ ……သရဲမ…”
သူက အော်လည်းအော်…နောက်သို့လည်း ခုန်ဆုတ်လိုက်သဖြင့် အားလုံးလည်း စိတ်ဝင်တစားနှင့် ဆန်းမင်းအနားသို့ ပြေးဝင်သွားကြကာ အိမ်သာတွင်းသို့ ချောင်းကြည့်လိုက်ကြသည် ။
{{{
   “ ဟားဟား…ဟားဟား…ဘာမှမဟုတ်ဘူး ။ မင်းတို့ကို နောက်တာ ။”
အထဲတွင် ဘာမျှမတွေ့ရ ။ အထိတ်တလန့်နှင့် ပြူးပြဲကြည့်လိုက်ကြသော-ကျော်ထက်တို့သုံးယောက်၏အမူအရာများကို သဘောကျကာ ဆန်းမင်းက အူလှိုက်သည်းလှိုက်ရယ်သည် ။ ထိုစဉ် ဆီးသွားချင်သည်ဟုဆိုကာ အိမ်သာထဲဝင်သွားသော-ဂျွန်ဒိုတစ်ယောက် အိမ်သာ တံခါးကို ဝုန်းခနဲဖွင့်ကာ ဘောင်းဘီဇစ်တပ်နေလျက်သားနှင့် အပြင်သို့ ပြေးထွက်လာ၏ ။
   “ ဘယ်…ဘယ်မှာလဲ သရဲ ။”
အသံကြီးက တုန်တုန်ရီရီ ။ သူ့ပုံစံကိုကြည့်လိုက်ရုံနှင့် သွေးပျက်ထိတ်လန့်နေမှန်း သိသာနေ၍ ဆန်းမင်းက သူ့ပြက်လုံးအပေါ် သဘော ကျစွာဖြင့် တဟားဟားရယ်ပြန်သည် ။ ဂျွန်ဒို၏အမေးကို စိုးပိုင်ကပဲ စိတ်တိုလက်တိုလှမ်းဖြေလိုက်သည် ။
   “ ဘာမှ သရဲမရှိဘူး ။ ဒီကောင် ဆန်းမင်းပေါ့ ။ မူးမူးနဲ့ အရူးထနေတာ ။ အခုတော့ ဆရာမကြီးရဲ့အိမ်သာက သော့ခလောက် ပျက်သွား
     ပြီ ။ ဆရာ သိရင် ဆူတော့မှာပဲ ။ အမှုက နှစ်မှုတောင်…ဟူး…”
   “ တောက်…ဆန်းမင်း…မင်း လွန်တယ်ကွာ ။ ငါ့မှာ အိမ်သာတက်မယ်ကြံတုန်းရှိသေး…မင်းအော်သံကြီးကြောင့် ပြေးထွက်လာမိတာ ။”
ဂျွန်ဒိုအပါအဝင်အားလုံးက ဝိုင်းဆဲကြပေမဲ့ ဆန်းမင်းကတော့ တဟဲဟဲရယ်နေတာပါပဲ ။ တစ်ခုချစ်ဖို့ကောင်းသည်မှာ ဆန်းမင်းက သူ စပြီး နောက်ပြီးလျှင် သူ့ကို ဘယ်လောက်ပြောပြော အပြုံးမပျက် အရယ်မပျက်ပေ ။ သူတို့အားလုံးထဲတွင် ဝင်မဆဲသူက ငွေနိုင်…။ ငွေနိုင်က အိမ်သာတွင်းသို့ ချောင်းကြည့်လိုက်စဉ် အိမ်သာထောင့်တစ်နေရာမှ သွေးအိုင်လိုအနီကွက်ကြီးကို တွေ့မြင်လိုက်ကတည်းက စိတ်ထဲ၌ မသိုးမသန့်ခံစားမိလိုက်၍ဖြစ်၏ ။ သို့ပေမဲ့ သူကိုယ်တိုင်က တစ္ဆေသရဲဆိုတာကို လုံးဝမယုံကြည်သူဖြစ်တာကြောင့် ထိုခံစားချက်ကို သူ့ ဘာသာသူပဲ မေ့ဖျောက်ပစ်လိုက်တော့သည် ။
  {{{{{{{{{{{{{{{{{
        မိုးက စုန်းစုန်းချုပ်နေပြီဖြစ်သော်လည်း ကျော်ထက်တို့အဖွဲ့ မအိပ်ကြသေး…။ ဂစ်တာလေး တဒေါင်ဒေါင်တဒင်ဒင်တီးခတ်ရင်း တစ် ဖက်ခန်းက ကောင်မလေးတွေ နားစွင့်နေလေမလားဆိုသောစိတ်ကူးယဉ်မှုလေးနှင့် ကြည်နူးနေကြချိန်…။ ထိုကြည်နူးချမ်းမြေ့မှုလေးကို ဖျက်ဆီးလိုက်သည်က ကျော်ထက်၏အစာအိမ်…။ တဂွီဂွီတဂွမ်ဂွမ်နှင့် အပြင်က တီးခတ်နေသည့်ဂစ်တာထက်ပင် သံစုံတီးဝိုင်းဆန်သေး ၏ ။ နေ့လယ်က အရက်ခိုးသောက်ကြရုံမက ညနေကလည်း အစားသောင်းကျန်းမိခဲ့သည် မဟုတ်လား ။
      ကျော်ထက် အစာအိမ်ကို ပေလေယကံသဘောထားကာ ဂစ်တာကို သည်းကြီးမည်းကြီးတီးခတ်နေလိုက်သည် ။ လက သာသာ ၊ လေပြည်က ညှင်းညှင်း ၊ ပန်းရနံ့က သင်းသင်းဖြင့် အစွမ်းကုန်ကြည်နူးစရာကောင်းသောညကလေးကို ကျော်ထက် အိမ်သာတက်ရင်း မကုန်ဆုံးချင် ။ မတက်ဘူးကွာဟုမာန်တင်းထားလိုက်ပြီး ပျော်ပျော်ကြီး သီချင်းအော်ဆိုလိုက်သည် ။
   “ နင် ထားခဲ့အတိုင်း ငါနေ…ချစ်သူ သိပါစေ…အ……ကျွတ်…”
   “ အ…အား…မရ…မရတော့ဘူးကွ ။”
   “ ဟင်…မင်းရော အိမ်သာတက်ချင်နေတာလား ချောက်တွန်း ။”
   “ ဟေ…အေး ။ ငါ တက်ချင်နေတာကွ ။”
တိုက်ဆိုင်စွာပင် ကျော်ထက်သာမက ဂျွန်ဒို ဆန်းမင်း စိုးပိုင် ငွေနိုင်တို့ပါ အိမ်သာတက်ချင်နေကြ၏ ။ ဗိုက်နာ၍ ရှုံ့ရှုံ့မဲ့မဲ့ဖြစ်နေကြသော တစ်ယောက့်မျက်နှာကို တစ်ယောက်ကြည့်ရင်း ပြုံးလိုက်မိကြသည် ။ ခိုင်တိုးမှလွဲ၍ အားလုံး ဗိုက်နာနေကြသဖြင့် ဂစ်တာကို ပစ်ချခဲ့ပြီး အိမ်သာသို့ မသွားမဖြစ် သွားကြရတော့၏ ။ ည၏ဆံကေသာလမင်းသည် သာချင်တိုင်းသာ ၊ ထိန်ချင်တိုင်း ထိန်လင်းလျက် တင့်တယ်နေ ပါဘိနှယ်…။
        အစပိုင်းတွင် ဆိုခဲ့သည့်အတိုင်း ကြောင်လှေကားမှဆင်းလာသည်နှင့် ကျော်ထက် ချွေးစေးတွေ စီးကျလာသလို ဆင်ဝင်အောက် ရောက်သည်နှင့် အေးခနဲစိမ့်ခနဲခံစားမိသည်မှာ တစ်ကြိမ်တစ်ခါတည်း မဟုတ်ပါဘဲ ထိုနေရာများမှ ဖြတ်သွားသည့်အခါတိုင်း ခံစားနေရ ခြင်းဖြစ်၏ ။ ကျော်ထက်သည် အသည်းငယ်တတ်သူ မဟုတ်…ကုန်ကုန်ပြောရရင် တစ္ဆေသရဲကို အယုံအကြည်ရှိလှသူ မဟုတ် ။ ထိုသို့ ခပ်ရဲရဲလူတစ်ယောက်ဖြစ်လျက်သားနှင့် ထိုနေရာများကို ဖြတ်သွားတိုင်း ထိုကဲ့သို့ခံစားနေရသည်မှာ တစ်ခုခုတော့ ထူးဆန်းနေသည် ။
   ‘ ဤဘိုတဲကြီးပေါ်မှာ အမှန်တကယ်ပဲ တစ္ဆေသရဲတွေ ကိန်းအောင်းပုန်းခိုနေသလား ။’
ကျော်ထက် မယုံမရဲတွေးလိုက်မိ၏ ။ မဖြစ်နိုင်ပါဘူး ။ သရဲဆိုတာ တကယ်မှမရှိတာ ။ စိတ်ရဲ့ချောက်လှန့်မှုပဲဟု ကိုယ့်ကိုယ်ကို ပြန်သတိ ပေးမိပြန်သည် ။ သို့ပေမဲ့ ဆင်ဝင်အောက်သို့ ရောက်သည်နှင့် အေးခနဲစိမ့်ခနဲ…နဂိုကတည်းက ချမ်းစီးစီးဆိုပေမဲ့ သာမန်ခံစားမှုမျိုးဆို လျှင် စကားလုပ်ပြောနေမည်မဟုတ်သော်လည်း ယခု ခံစားလိုက်ရသည့်အေးစိမ့်မှုက တကယ့်ကို သံသယဝင်ချင်စရာ ။ ဟိုတွေးသည် တွေးနှင့် ဆင်ဝင်အောက်မှ ထွက်လာသည့်အခါ သာမန်အတိုင်း ပြန်ဖြစ်သွားသည့်အတွက် ကျော်ထက်လည်း ထိုအကြောင်းကို ဆက် မတွေးအားတော့ ။ ဗိုက်က အတော်နာနေပြီ မဟုတ်လား ။
{{{
       လရောင်အောက်တွင် လမ်းသွယ်ကလေးကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပေမဲ့ မြွေပါးကင်းပါးကြောက်၍ လက်နှိပ်ဓါတ်မီးကို ဖွင့် ကာ တစ်ဖွဲ့ကြီး တန်းစီလျှောက်လာကြသည် ။ ခိုင်တိုးက…
   “ မှောင်မည်းမည်းနဲ့ ကြောက်စရာကြီးကွာ…”
ဟု ပြောမိတော့ စိုးပိုင်က…
  “ သရဲက မင်းရုပ်ကို ပြန်ကြောက်လိမ့်မယ် ။”
ဟု ခပ်တိုးတိုးနောက်သည် ။ အသံတော့ သိပ်မကျယ်ရဲကြ…။ သောင်းကျန်းသူများကို ကြောက်ရွံ့မိသောကြောင့်ဖြစ်၏ ။ ဗိုက်အရမ်းနာ နေပြီဖြစ်သူ-ကျော်ထက်ကတော့ ခြေလေးနေသောသူတို့တတွေကို နောက်ချန်ရစ်ကာ ရှေ့မှ တက်သုတ်ရိုက်လျှောက်သွားမိသည် ။ လက ထိန်ထိန်သာနေ၏ ။
       ဘိုတဲနှင့်အိမ်သာ အတော်ကွာဝေးမှုသည် ပုံမှန်အခြေအနေတွင် နစ်နာမှုမရှိသော်လည်း ဗိုက်အလွန်နာနေသူတစ်ယောက်အတွက် တော့ တမင်ဒုက္ခများအောင် ချောက်ချထားသလိုပင်…။ ကျော်ထက်က အပြေးတပိုင်းလျှောက်သွားနေ၍ အိမ်သာနှင့် အတော်နီးလာပြီ ။ ထိုစဉ် …
   “ ကျွီ……ဂျိန်း… ကျွီ……ဂျိန်း… ကျွီ……ဂျိန်း…”
မြင်လိုက်ရသည့်မြင်ကွင်းက ရှေ့ဆုံးမှ ခပ်သွက်သွက်လျှောက်လာသူကျော်ထက်ကို သွေးပျက်သွားစေခဲ့၏ ။ အေးမြသောရာသီဥတုတွင် ကျော်ထက်တစ်ကိုယ်လုံး ချွေးပြန်သွားခဲ့ရသည် ။ လေက ငြိမ်နေပါ၏ ။ မည်မျှငြိမ်သက်နေသလဲဆိုလျှင် သစ်ရွက်ကလေးတွေပင် တစ် ချက်မလှုပ်ခတ်…သစ်ကိုင်းလေးများပင် အနည်းငယ်မယိမ်းနွဲ့ ။ ထိုသို့လေငြိမ်နေသောအခြေအနေတွင် ကျော်ထက်တွေ့မြင်လိုက်ရ သည်က ကျွီခနဲဂျိန်းခနဲဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသော-အိမ်သာတံခါး…။ တစ်စုံတစ်ဦးက ဖွင့်လိုက်ပိတ်လိုက်လုပ်နေသကဲ့သို့ပင် ။ ထိုသို့ ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည့်အိမ်သာကလည်း နေ့လယ်ခင်းကမှ ဆန်းမင်းတစ်ယောက် မူးမူးရူးရူးနှင့် သော့ခလောက် ထုဖြုတ်လိုက် သည့်အိမ်သာ ။ ကျန်အိမ်သာအားလုံး တုတ်တုတ်မျှမလှုပ်သော်လည်း ထိုအိမ်သာတံခါးကတော့ မှန်မှန်ကြီး ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေ ၏ ။
   ‘ ဒါ…ဒါ သရဲချောက်နေများတာလား ။’
ဤသို့တွေးရင်း ကျော်ထက် မိနစ်ဝက်(စက္ကန့်ပိုင်း)မျှ ကြောင်ငေးနေမိသည် ။
      ထိုသို့ ကြောင်ကြည့်နေမိသည်ကလည်း တစ်ဖက်က ကြောက်လန့်သွေးပျက်မိသလောက် တစ်ဖက်ကလည်း တစ်စုံတစ်ဦး၏ နောက် ပြောင်မှုများ ဖြစ်နေလေမလားဟူသော သံသယစိတ်နှင့် ထိုသို့စောင့်ကြည့်နေမိခြင်းဖြစ်သည် ။ သို့သော်…ငေးကြည့်နေခိုက်မှာပဲ တံခါးက အဖွင့်အပိတ် ပို၍စိတ်လာကာ တဝုန်းဝုန်းတဒုန်းဒုန်းဖြစ်လာသည် ။ အနီးအနားတွင်လည်း မသင်္ကာစရာဟူ၍ လူတစ်ဦးတစ် ယောက်ပင် မတွေ့မြင်ရ…။ လက်ထဲမှလက်နှိပ်ဓါတ်မီးကလည်း အလိုက်ကန်းဆိုးမသိစွာ အလင်းဖြာကျနေသဖြင့် အိမ်သာထဲသို့ တွေ့ မြင်နေရ၏ ။ အိမ်သာထဲတွင်လည်း မည်သူမျှ မရှိ…။ ချောက်ချားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွား၍ နောက်ကသူငယ်ချင်းတွေကို အားကိုးတကြီးလှည့်ကြည့်လိုက်မိရာ……
   “ မြတ်စွာဘုရား…! အမေရေ…ကယ်ပါ ။”
ပါးစပ်က ဘာအော်လိုက်မိမှန်းပင် သတိမရတော့ ။ သတ္တိခဲကိုယ်တော်ချောတစ်သိုက်က ဘယ်အချိန်ကတည်းက ပြေးထွက်သွားကြသလဲ မသိ ။ နောက်တွင် တစ်ယောက်မျှ မရှိတော့ပေ ။ ကျော်ထက်လည်း နောက်ကျခြေထောက် သစ္စာဖောက်ဟုနှလုံးသွင်းက ထိုနေရာမှနေ ဘိုတဲကြီးဆီသို့ တက်သုတ်ရိုက်ပြေးချလာလိုက်ပုံများ အမောဆို့လုမတတ် ၊ အသက်ထွက်လုခမန်း ။ ထိုညက ကြောက်လန့်ချောက်ချား နေသဖြင့် ကောင်းကောင်းပင် အိပ်မရခဲ့ ။ နောက်ဆုံး လူငယ်ပီပီမေ့လျော့နေခဲ့မိသည့်-ဘုရားတရားကို စိတ်ဒုန်းဒုန်းချ အားကိုးလိုက်မှသာ အနည်းငယ်စိတ်သက်သာရာ ရသွား၍ အိပ်မောကျခဲ့ရတော့သည် ။ ကြုံမှကြုံရပါပေ့…။
{{{{{{{{{{{{{{{{{
   “ မကျေနပ်ဘူးကွာ…လုံးဝ မကျေနပ်ဘူး ။ ဒီသရဲစုတ်က ငါ့ကို ခြောက်စရာလားကွ ။ မကြောက်ဘူး…ဘူး…။”
တစ်နေကုန်မွန်းကျပ်နေခဲ့သမျှ အရက်ကလေး နည်းနည်းဝင်သွားတော့မှ ကျော်ထက် အာကျယ်နိုင်၏ ။ မနေ့ညက ကောင်းကောင်းအိပ် မပျော်သဖြင့် နောက်တစ်နေ့ လေ့လာရေးဆင်းရချိန်ကျ ခေါင်းက မကြည်…ညည်းစီစီဖြစ်ရသည့်အထဲ သွေးအေးသွားချိန်ဖြစ်၍ ယမန်နေ့ ညကအဖြစ်အပျက်ကို ပြန်တွေးတောကာ ဒေါသက ထွက်မိသည် ။ ဘယ့်နှယ့်…ယောက်ျားကြီးခြောက်ယောက်လုံးက ဒီတံခါးလေး ဖွင့် လိုက်ပိတ်လိုက်နှင့် ချောက်လှန့်သည့်သရဲကို ကြောက်လန့်တုန်လှုပ်စရာလား ။ အကယ်၍ ကျန်သူငယ်ချင်းများသာ ထွက်မပြေးဘူးဆို လျှင် ကျော်ထက် ထိုသရဲကို ကောင်းကောင်းကြီးဆုံးမဖြစ်လိမ့်မည်ဟု ကြီးကြီးကျယ်ကျယ်တွေးနေမိသည် ။
   “ အေး…အဲ့ဒါအားလုံး မင်းတို့တတွေ မကောင်းလို့…။ မင်းတို့ ထွက်ပြေးလို့ ငါ အဲဒီသရဲရှေ့မှာ အရှက်ကွဲခဲ့တာ ။”
   “ အောင်မာ…မင်းဘာသာ သတ္တိကြောင်ပြီး ငါတို့နောက် ပြေးလိုက်လာတာကိုများ…အေ့…။ အတူတူနဲ့အနူနူကို လာပြီး တမူးရှူချင်
     သေးတယ် ။ မရဘူး မောင်…။”
ကျော်ထက်က မူးမူးနှင့် မနေ့ကကိစ္စကို အပြစ်တင်တော့ ငွေနိုင်က မဟုတ်မခံပြန်အော်သည် ။ ငွေနိုင်၏စကားကြောင့် ကျော်ထက် ဒေါသ ထွက်သွား၏ ။ ဒီကောင်တွေ ငါ့ သတ္တိကို အထင်သေးရန်ကောဟူသောအကြည့်နှင့် အားလုံးကို ခပ်စူးစူးစိုက်ကြည့်ပစ်လိုက်၏ ။ သို့ပေမဲ့ အရက်မူးနေသဖြင့် သူ့အကြည့်တွေက ရီဝေဝေရယ်…
   “ ဘာလဲ ။ မင်း ပြောပုံက ငါကပဲ မင်းတို့လို သတ္တိကြောင်ပြီး ထွက်ပြေးသလိုလို ။ မဟုတ်ဘူးကွ ။ နောက်မှာ မင်းတို့ရှိတယ်ထင်ပြီး
     လှည့်အကြည့် တစ်ယောက်မှမတွေ့တော့လို့ ရုတ်တရက် လန့်သွားတာ ။ သတ္တိကတော့ မင်းတို့နဲ့ လားလားမှနှိုင်းမရ..အု…နှိုင်းမရ
     ဘူး ။ သရဲတစ္ဆေ လုံးဝမကြောက်ဘူးဟေ့ ။ အမယ်…လှောင်ရယ်ရယ်မနေနဲ့ ။ မင်း မယုံရင် ငါ…အခု အဆောင်ပြန်ပြရမလား …။”
သွေးကြွနေချိန်ဖြစ်၍ ကျော်ထက်၏သန္ဓာန်တွင် ကြောက်စိတ် မြူမှုန်မျှပင် မရှိ ။ ခုနေ သရဲမကိုသာ တွေ့ကြည့် ။ နားရင်းပင် ပိတ်အုပ်ပစ် လိုက်ဦးမည် ။ ကျော်ထက်၏ခပ်ကြွားကြွားခပ်နှိမ်နှိမ်စကားများကြောင့် ငွေနိုင်၏မျက်လုံးတွေ အရောင်တောက်သွားသည် ။ ရီဝေဝေဖြစ် နေသောအာရုံများထဲသို့ အရက်တစ်ခွက် ထပ်မံလောင်းထည့်လိုက်ပြီး…
   “ အဟ…မနေ့ကတော့ ငါးကြော်ခုန် ခုန်ပြေးပြီးတော့များ ။ မင်း ဒီလောက် သတ္တိရှိကြောင်း ပြချင်နေရင် သွား…အခု အဆောင်ပြန်ပြီး ငါ့
     ဖျာပေါ်မှာတင်ထားခဲ့တဲ့ ရေဘူးလေး သွားယူခဲ့…။ မင်း ပြန်ယူရဲရင် ဒီဝိုင်းကို ငါ ရှင်းမယ်ကွာ ။”
   “ စိမ်လိုက် ။ ဘာသရဲမှ မကြောက်ဘူး ။ အခုပဲ ပြန်ယူမယ် ။ စောင့်နေ ။”
စကားဆုံးသည်နှင့် ကျော်ထက် ထိုင်ခုံမှ ဝုန်းခနဲထရပ်လိုက်၏ ။ အရက်အရှိန်ကြောင့် လူက နည်းနည်းယိုင်နေသည် ။ သို့သော်လည်း လုံးဝ မထူနိုင်လောက်အောင် မူးဝေနေတာမျိုး မဟုတ်သဖြင့် အဆောင်ပြန်ရာလမ်းဘက်သို့ ခြေဦးလှည့်လိုက်သည် ။
   “ မင်းတို့ကလည်းကွာ ။ မလောင်းကြစမ်းပါနဲ့ ။ ပျော်ပျော်ရွှင်ရွှင် သောက်ကြစမ်းပါ ။ နက်ဖြန်ပဲ ပြန်ရတော့မှာကို ။”
ကျော်ထက်၏အင်္ကျီစကို လှမ်းဆွဲရင်း ဆန်းမင်းက တားသေးသည် ။ သို့ပေမဲ့ ကျော်ထက်က ဆန်းမင်း၏စကားကို အလေးမထားဘဲ ဆတ်ခနဲရုန်းထွက်ကာ လမ်းလေးအတိုင်း ဘိုတဲကြီးဆီသို့ ချီတက်လာခဲ့၏ ။
       စိတ်ထဲတွင် ငွေနိုင်၏ခနဲ့တဲ့တဲ့စကားများ ၊ စိုးပိုင်နှင့်ခိုင်တိုးတို့၏ခပ်လှောင်လှောင်ရယ်သံများကို ကြားယောင်နေသောကြောင့် ခန္ဓာ ကိုယ်ကသွေးတို့ ဆူပွက်သွားလုတော့မတတ် ဒေါသထွက်လာမိသည် ။ တွေ့မည်…။ ရေဘူးသာမက သရဲမကိုပါ ဂုတ်ကဆွဲခေါ်ပြလိုက်ရ မကောင်းရှိတော့မည်ဟု ဒေါသစိတ်နှင့်တွေးရင်း ခြေလှမ်းနှုန်းကို မြှင့်ပစ်လိုက်သည် ။ ဆရာတွေက ညမနက်စေရန်မှာထားသောကြောင့် မိုးစုန်းစုန်းမချုပ်ခင် အရက်ဆိုင်သို့ ပြန်ရောက်မှဖြစ်မည် ။
{{{
    ထိုနေ့က စတုတ္ထမြောက်နေ့…။ လေ့လာရေးဆင်းပြီး အဆောင်သို့ပြန်ရောက်သည့်အခါ ဆရာကြီးက နောက်ဆုံးနေ့ဖြစ်၍ ကျောင်းသူ ကျောင်းသားအားလုံးကို ဟိုနားဒီနားကို လွတ်လွတ်လပ်လပ်လျှောက်ကြည့်ကြဟု ခွင့်ပြုလိုက်သည်နှင့် ကျော်ထက်တို့အုပ်စု အရက်ဆိုင် သို့ ပြေးကြသည် ။ ထိုဒေသတွင် ဆတ်သေအရက် ကောင်းသည်…ဟုနာမည်ကြီးသောကြောင့် ဆတ်သေအရက်ကို အလုအယက်မှာကြ သလို စီပလက်စ်ရမ်ပေါ်ခါစဖြစ်၍ စီပလက်စ်ရမ်လည်း မှာကြသည် ။ အမြည်းကတော့ ဒေသထွက် ဆတ်သားခြောက် ၊ ချေသားခြောက် ကြော်များ…။ ကျော်ထက်တို့လို အရက်ကြိုက်သူတွေအတွက် ဇရက်မင်းစည်းစိမ် ခံစားရတော့မည့်အချိန်…။ သို့ပေမဲ့ ကျော်ထက် မပျော် ရွှင်… စိတ်မချမ်းသာ ။
      မျက်နှာက သုန်မှုန်နေပြီး အရက်လာချသည်နှင့် နှစ်ခွက်လောက်ကို ဆင့်သောက်ပစ်လိုက်သည် ။ သို့နောက် မနေ့ညကကိစ္စအပေါ် မကျေနပ်ချက်များကို ဖွင့်ချလိုက်သဖြင့် ငွေနိုင်က အမြင်ကပ်ကာ ထိုသို့ ဘိုတဲသို့ တစ်ယောက်တည်းပြန်ပြီး အခန်းထဲက ရေဘူးယူလာ ခဲ့ရန် လောင်းကြေးစားကြေး ထပ်လိုက်ခြင်းဖြစ်၏ ။ ယခုတော့ တစ္ဆေအခြောက်ကြမ်းသည်ဟု နာမည်ကြီးနေရုံသာမက ကိုယ်တွေ့ကြုံခဲ့ ဖူးသော ဘိုတဲကြီးဆီသို့ ကျော်ထက်တစ်ကိုယ်တည်း စွန့်စွန့်စားစား ရူးရူးမိုက်မိုက် ထွက်လာခဲ့ပြီ ။
{{{
   ကျော်ထက်တို့ အရက်သွားသောက်သည့်ဆိုင်က ရွာထဲတွင်ဖြစ်သည် ။ ကျော်ထက်တို့တည်းခိုနေသောဘိုတဲကြီးက ရွာအပြင် ခပ်လှမ်း လှမ်းတွင် တည်ရှိနေခြင်းဖြစ်၍ ဘိုတဲသို့ရောက်ရန် ဆယ့်ငါးမိနစ်လောက် လျှောက်ရသည် ။ ညနေစောင်းနေပြီဖြစ်သောကြောင့် နေက တဖြည်းဖြည်းနှင့် တောင်တန်းများနောက်သို့ နိမ့်ဆင်းစပြုနေပြီ ။ ပတ်ဝန်းကျင်တွင် နေရောင်ခြည်သမ်းရုံမျှ မှုန်ပြပြအလင်းရောင်သာ ရှိတော့သဖြင့် ကျော်ထက် အနည်းငယ်တော့ ရင်ထိတ်သလိုရှိမိပေမဲ့ ကိုယ့်ကိုယ်ကို အားပေးကာ ကျောင်းဝန်းထဲသို့ ကွေ့ဝင်လာလိုက် သည် ။
   “ ဟူး…”
အခါခါကြုံတွေ့နေကျဖြစ်၍ စိတ်ထင်ခြင်းဟုယူဆမရနိုင်သော ၊ ဆင်ဝင်အောက်သို့ရောက်သည်နှင့် ခံစားရသော အေးခနဲအငွေ့အသက် က ယနေ့ညနေကျမှ ပို၍ချမ်းစိမ့်နေသယောင်…။ ဝန်ခံရလျှင် ကျော်ထက် တုန်လှုပ်သွားမိတာတော့ အမှန်…။ တစ်နေကုန် လေ့လာရေး ဆင်းပြီးနောက် ဘိုတဲသို့ပြန်ရောက်သည့်အခါ ဆရာကြီးက…
    “ ကဲ…နက်ဖန်ဆို ငါတို့တွေအားလုံး ပြန်ကြရတော့မှာ ။ မပြန်ခင် ဟိုနားဒီနား လျှောက်လည်ချင်ကြမှာပေါ့ ။ အခု လွတ်လွတ်လပ်လပ်
      လျှောက်လည်ကြတော့ ။ ဆရာ ခွင့်ပြုတယ် ။ အဲ…ဒါပေမဲ့ အဖွဲ့လိုက်သွားကြနော် ။ ဟိုချောင်ဒီချောင်တွေထဲလည်း လျှောက်မသွား
      ကြနဲ့ဦး ။ ဟိုနားမှာမြင်ခဲ့ရတဲ့ဘုရားကို ဖူးချင်တဲ့လူတွေက ဆရာတို့အဖွဲ့နဲ့ လိုက်ခဲ့ကြ ။”
ဟူ၍ ခွင့်ပြုချက်ပေးလိုက်သည်နှင့်တပြိုင်နက် အော်ဟစ်ပြေးထွက်သွားကြသော ငအောင်တို့အုပ်စု ၊ သန်းမောင်တို့အုပ်စုတွေကို အရက် ဆိုင်၌ ပြန်ဆုံခဲ့ရသလို မိန်းကလေးလေးငါးယောက်ကိုလည်း ဈေးနားတွင် တွေ့ခဲ့ရသည် ။ ကျန်သူအားလုံးမှာလည်း ဆရာ ၊ ဆရာမအဖွဲ့ နှင့်အတူ ရွာဘေးတွင် တည်ရှိသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းရှိ စေတီတော်ကို သွားရောက်ဖူးမြော်နေကြမည်သာ ။
       ဤသို့ဆိုလျှင် ယခုချိန်၌ ဘိုတဲကြီးတစ်ခုလုံး လူသူကင်းမဲ့နေမည်မှာ အသေအချာပင် ။ ဟိုလျှောက်တွေးသည်လျှောက်တွေးနှင့် ကျော်ထက် လှေကားရင်းဆီသို့ရောက်လာ၏ ။ အလင်းရောက်ပျောက်ကွယ်စပြုနေပြီဖြစ်သောကြောင့် လျှပ်စစ်မီးမရှိသော ဘိုတဲကြီးတစ် ခုလုံး မှောင်မည်းနေသဖြင့် ကျော်ထက် ဆက်မတက်ရဲတော့ ။
   “ မဖြစ်ဘူး ။ ဒီအတိုင်း ပြန်သွားရင် ဟိုအကောင်တွေ အထင်သေးလိမ့်မယ် ။ ငါ့ကို ဝိုင်းလှောင်ကြမှာ သေချာတယ် ။ မဖြစ်ဘူး ။ အပေါ်
      ထပ်ကို တက်မှဖြစ်မယ် ။ ဘာမှကြောက်စရာ မလိုဘူး ။”
ကျော်ထက် ကိုယ့်ကိုယ်ကို အားပေး၊ ကိုယ့်ဘာသာကိုယ် အားမွေးရင်း လှေကားလက်ရမ်းကိုကိုင်ကာ ဖြည်းဖြည်းချင်း အသံမမြည်အောင် တက်လာခဲ့သည် ။ တစ်ဆောင်လုံး တိတ်ဆိတ်နေခြင်းကြောင့် ကျော်ထက်၏ခြေနင်းသံသဲ့သဲ့ကပင် အတော်ကျယ်လောင်နေသလို ခံစား ရကာ စိတ်ချောက်ချားမွန်းကျပ်လာသည် ။ လှေကားက ကြောင်လိမ်လှေကားဖြစ်၍ တစ်ကွေ့ပြီးတစ်ကွေ့ ဖြည်းဖြည်းညင်ညင်တက်လာ ခဲ့ရာ ရောက်ခါနီးနှစ်ကွေ့အလိုလောက်တွင် အပေါ်သို့ မဝံ့မရဲမော့ကြည့်လိုက်တော့…
   “ ဟင်…”
မြင်လိုက်ရသည့်အရာက ကျော်ထက်ကို အားတက်သွားစေသည် ။ စိတ်ထဲ၌ ဝမ်းသာလိုက်သည်ဖြစ်ခြင်း…။ ဘိုတဲကြီးတစ်ခုလုံးတွင် မိမိ တစ်ယောက်တည်း မဟုတ်ပါလားဟူသောအသိက ကျော်ထက်ကို အားဆေးထိုးပေးလိုက်သလို ချက်ချင်း အားအင်တွေပြည့်သွားသည် ။ လှေကားကို ဖြည်းဖြည်းချင်း နင်းမနေတော့ဘဲ ခပ်သုတ်သုတ်ပြေးတက်လာလိုက်၏ ။ အပေါ်ထပ်သို့ လှမ်းကြည့်လိုက်စဉ် ကျော်ထက် မြင်တွေ့လိုက်ရသည်က ဖယောင်းတိုင်အလင်းရောင် ။ ဆရာခန်းနှင့်ဆရာမခန်း-နှစ်ခန်းလုံးတွင်ထွန်းညှိထားသော ဖယောင်းတိုင်အလင်း ရောင်ကြောင့် ကျော်ထက် အားတက်သွားခဲ့ရခြင်းဖြစ်၏ ။
         ကျော်ထက် ဘေးဘီကို ဝေ့ဝဲမကြည့်ဘဲ အခန်းထဲသို့သာ တည့်တည့်မတ်မတ်ဝင်လာလိုက်ပြီး ငွေနိုင်၏ဖျာပေါ်တွင် ထောင်လျက် သားတည်ရှိနေသောရေဘူးလေးကို ဆတ်ခနဲလှမ်းယူလိုက်သည် ။ ရေဘူး လာယူခြင်းအမှုတော့ အထမြောက်သွားပြီ ။ နဖူးမှစီးကျလာ သော ချွေးစေးများကို လက်ခုံနှင့် ခပ်မြန်မြန်သုတ်နေစဉ် ကျောခိုင်းထားသောတံခါးပေါက်တွင် တစ်စုံတစ်ယောက်ရပ်ကာ မိမိအား စိုက် ကြည့်နေသလို ခံစားလာရသောကြောင့် ကျော်ထက် စိတ်လှုပ်ရှားသွားသည် ။
- နောက်သို့ ဆတ်ခနဲလှည့်ကြည့်လိုက်ရကောင်းမလား ။
ထိုသို့လှည့်ကြည့်လိုက်မှ အောင်ဖြိုးကို ချောက်လှန့်ခဲ့သော လက်မည်းကြီးပိုင်ရှင်ဖြစ်နေလျှင် မိမိ၏စိတ်လှုပ်ရှားမှုတို့ အထွတ်အထိပ်သို့ ဆောင့်တက်ကာ မလုပ်သင့်တာတွေကို လုပ်မိသွားနိုင်သည် ။ သို့ကြောင့် လှည့်မကြည့်သေးဘဲ စိတ်တည်ငြိမ်မှုရလိုရငြား မျက်နှာချင်း ဆိုင်တွင် တွေ့မြင့်နေရသော ပြတင်းပေါက်၏အပြင်ဘက်သို့ ငေးကြည့်လိုက်မိသည် ။ လိမ္မော်နုရောင် ညနေဆည်းဆာတိမ်တိုက်နံဘေးမှ အိပ်တန်းပြန်ငှက်ကလေးများ ဖြတ်သန်းပျံပြေးသွားကြသည်ကို ငေးကြည့်ရင်း ကျော်ထက် စိတ်တည်ငြိမ်မှုရအောင် ကြိုးစားလိုက်သည် ။ နောက်ပြီး အရေးအကြောင်းကြုံလျှင် အကူအညီတောင်းရန် တစ်ဖက်ခန်းများတွင် ဆရာဆရာမများ ရှိသေးသည်ကို သတိရသွားကာ ကျော်ထက် အားတက်သွားသည် ။ အနောက်သို့ ရဲရဲဝံ့ဝံ့လှည့်ကြည့်ပစ်လိုက်၏ ။
   “ ဟင်…ဘယ်သူမှ မရှိပါဘူး ။”
နောက်ဘက်တွင် မည်သူမျှ မရှိ…။ စောစောက တစ်စုံတစ်ယောက် ရပ်ကြည့်နေသည်ဟု အာရုံထဲတွင် နက်နက်ရှိုင်းရှိုင်းခံစားခဲ့ရသော် လည်း ယခု မည်သူတစ်ဦးတစ်ယောက်မျှ မရှိ၍ စိတ်၏ချောက်လှန့်မှုပါဟု ကိုယ့်ကိုယ်ကို အဖြေပေးကာ အခန်းအပြင်သို့ ခပ်သွက်သွက် ပြေးထွက်လာလိုက်သည် ။
   “ ဟာ…! ဘယ်…ဘယ်ရောက်သွားကြလဲ ။”
အခန်းပြင်သို့ရောက်မှ စောစောကဖယောင်းတိုင်မီးရောင်ကို မတွေ့မိသဖြင့် ကျော်ထက် ထိတ်လန့်သွားသည် ။
       အာရုံထဲသို့ သံသယအငွေ့အသက်များ တိုးဝင်လာ၏ ။ ဒီအချိန်ကြီး ဆရာဆရာမတွေ အိပ်ကြဦးမှာ မဟုတ်ဟု သုံးသပ်မိသလို အောက်သို့ ဆင်းသွားပါကလည်း ခြေသံတော့ ကြားရမှာအသေအချာ ။ သို့ကြောင့် ဖယောင်းတိုင်မီး တပြိုင်တည်း ငြိမ်းသွားရခြင်း၏ အကြောင်းရင်းကို သိချင်မိ၍ ခပ်လှမ်းလှမ်းရှိဆရာဆရာမအခန်းဆီသို့ လှမ်းကြည့်လိုက်မိရာ ကျော်ထက်တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားရုံသာမက ဆံပင်တွေပင် ထောင်သွားမိသည် ။ ဆရာ ၊ ဆရာမနှစ်ခန်းလုံးတွင် သော့တန်းလန်းနှင့် ။ ကျော်ထက် အခန်းထဲသို့ ဝင်သွားသော အချိန်ခဏအတွင်း ထိုနှစ်ခန်းထဲမှ ဖယောင်းတိုင်မီးထွန်းသူနှစ်ဦးလုံး မီးမှုတ်ကာ ပြေးဆင်းသွားစရာအကြောင်းမရှိ ။ နောက်ပြီး ပြေးဆင်းသွားဦးတော့…ခြေသံဖြစ်စေ…သော့ခတ်သံဖြစ်စေ…အသံတစ်ခုခုတော့ သဲ့သဲ့ကြားရမည် မဟုတ်လား ။ ယခုများ တော့ ဖယောင်းတိုင်မီးက ရုတ်ချည်းပျောက်ကွယ်သွားခဲ့သဖြင့် ကျော်ထက် သွေးပျက်သွားရသည် ။
    “ ဘိုတဲပေါ်မှာ ငါတစ်ယောက်တည်းပါလား ။ ငါ့ကိုတော့ တစ္ဆေတွေ အကြီးအကျယ်ချောက်နေကြတာပဲ ။”
ထိုအတွေးစိတ်က ကျော်ထက်ကို ဆင်ခြင်ဥာဏ် မဲ့သွားစေသည် ။ ကျော်ထက်ခမျာ ထိုနေရာတွင်လည်း မနေရဲတော့…ဆက်လျှောက်ဖို့ ကလည်း လှေကားသို့ရောက်ရန်အတွက် ပျဉ်ပေါက်ကြီးရှိရာအခန်းပျက်ကြီးကို ဖြတ်သွားရဦးမည် ။ ကျော်ထက် ဆက်သွားဖို့ ခွန်အား မရှိ လောက်အောင်ကို တစ်ကိုယ်လုံး တုန်ရီလာပြီး တစ်စုံတစ်ယောက်က လည်ပင်းညှစ်နေသလိုမျိုး အသက်ရှူ၍မရလောက်အောင်ပင် မွန်း ကျပ်လာသည် ။
     အမှန်တော့ တစ္ဆေဆိုသောအရာက မိမိကို အသက်ထွက်အောင် လည်ပင်းညှစ်ခြင်း၊ ဓါးနှင့်ထိုးခြင်းများ ပြုလုပ်နိုင်လိမ့်မည် မထင်ပါ ။ သူတို့ တတ်နိုင်သည်က မိမိ ချောက်ချားတုန်လှုပ်သွားအောင် ကြောက်မက်ဖွယ်အဆင်း/အသံ/အပြုအမူများနှင့် ချောက်လှန့်ရုံ ချောက် လှန့်နိုင်မည်သာ ။ ထိုချောက်လှန့်မှုအပေါ်တွင် လူတွေက အလွန်အကျူးကြောက်လန့်ကြပြီး အသိစိတ်ကင်းလွတ်ကာ မပြုသင့်တာတွေ ကို ပြုမိကြ၍ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြခြင်းသာဖြစ်သည် ။ ယခုလည်း ကျော်ထက်၏စိတ်ထဲ တစ်စုံတစ်ယောက်က သူ့ကို လည်ပင်း ညှစ်နေသဖြင့် အသက်ရှုကျပ်လာရခြင်းဖြစ်သည်ဟုတွေးကာ သတိလစ်မလိုဖြစ်နေရာမှ အသိစိတ်ပြန်ဝင်သွား၏ ။
   “ သရဲက ငါ့ကို ဘာမှမလုပ်နိုင်ဘူး ။ ငါ့ဘာသာငါ ကြောက်လန့်ပြီး အသက်ရှူကျပ်နေတာ ။”
ထိုအတွေးကြောင့် လှေကားထိပ်ဆီသို့ ခပ်သွက်သွက်ပြေးသွားလိုက်သည် ။ လှေကားထိပ်သို့ရောက်တော့ ဆိုခဲ့သည့်အတိုင်း လှေကား အနီးတွင် အခန်းပျက်ကြီးရှိနေတာကြောင့် ကျော်ထက် အခန်းပျက်ကြီးထဲသို့ လှည့်ကြည့်ချင်သလိုဖြစ်လာပြန်သည် ။
   ‘ အခန်းပျက်ကြီးထဲမှာ ငအောင့်ကိုချောက်တဲ့ လက်မည်းကြီးပိုင်ရှင် ရှိနေမှာပဲ ။ နောက်ပြီး လမ်းလျှောက်ထွက်တဲ့ ရုပ်ဆိုးဆိုးအဒေါ်
    ကြီး…အမလေး … ကြောက်စရာကောင်းလိုက်တာ ။ တွေးတာနဲ့တင် ဒီလောက်ကြောက်စရာကောင်းနေတဲ့အခန်းထဲကို ငါ ဘာလို့
    လှည့်ကြည့်မှာလဲ ။ ငါ လှည့်မကြည့်ဘူး ။’
စိတ်ကပဲ ချောက်ချားနေတာလား ။ သို့မဟုတ် မိမိ၏စိတ်ကို မမြင်ရသူတစ်ယောက်ယောက်ကပဲ လွှမ်းမိုးချုပ်ကိုင်နေသလား မပြောတတ်။ အခန်းထဲသို့ အလွန်အမင်းလှည့်ကြည့်ချင်နေမိ၏ ။ လှည့်ကြည့်မိလျှင် ဘယ်လိုဆိုးဆိုးရွားရွားပုံသဏ္ဍာန်တွေက ဆီးကြိုနေမလဲဆိုတာကို ကျော်ထက် မတွေးရဲ ။ နားထဲတွင်လည်း အခန်းပျက်ကြီးထဲက ခေါ်သံလိုလို ညည်းသံလိုလိုမျိုးတွေကို ကြားနေရသဖြင့် ကျော်ထက် ဆောက်တည်ရာမရ ဖြစ်လာပြန်သည် ။
   “ မထူးတော့ဘူး ။ ငါ လှေကားပေါ်နေ ခုန်ချလိုက်တော့မယ် ။”
ထိုအခန်းရှေ့ လှေကားထိပ်တွင်ရပ်ရင်း ကျော်ထက် ထိုမျှလောက်အထိ တွေးပစ်လိုက်မိသည် ။ အကယ်၍ ထိုအတွေးအတိုင်း ကျော် ထက်သာ ခုန်ချလိုက်လျှင် အလွန်မြင့်မားသော ဘိုတဲကြီး၏အပေါ်ထပ်မှ ခုန်ချခြင်းဖြစ်တာကြောင့် အရိုးတခြားအသားတခြား ဖြစ်သွား မည်မှာ အသေအချာ ။
       လှေကားထိပ်တွင်ရပ်ရင်း ခုန်ချမလိုလုပ်ပြီးကာမှ ကျော်ထက် သတိဝင်လာ၏ ။ တဆတ်ဆတ်တုန်ရီနေသောမိမိကိုယ်မိမိ သတိပြု မိကာ စိတ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံးထိန်းချုပ်လိုက်ပြီး နေရာတွင် တည်တည်ငြိမ်ငြိမ်ရပ်လိုက်ကာ သယ်လာသောရေဘူးလေး ကို ဘောင်းဘီရှော့ပန်အိတ်ထဲသို့ ထိုးထည့်လိုက်သည် ။ ထိုရေဘူး မပါ၍မဖြစ်…။ ထိုရေဘူးပါမှသာ မိမိ ဤဘိုတဲကြီးဆီသို့ တစ်ယောက် တည်း ခက်ခက်ခဲခဲရောက်ခဲ့ရသည့်အဖြစ်ကို သူငယ်ချင်းတွေ ယုံကြည်ကြလိမ့်မည် ။ ထို့နောက် ဘာကိုမျှ တွေးတောမနေတော့ဘဲ လှေ ကားမှနေ တရကြမ်းပြေးဆင်းသွားလိုက်သည် ။ ဘာကိုမှလည်း မမြင်တော့…။ အသိစိတ်ထဲတွင် ထိုဘိုတဲမှ ဝေးရာနေရာဆီသို့ ပြေးသွား ဖို့ကိုသာ တွေးထားလိုက်သည် ။
{{{
   “ ဒုန်း…!”
   “ အမလေး…”
နာနာကျင်ကျင်ရေရွတ်ရင်း ကျော်ထက် ပစ်လဲကျသွားသည် ။ မျက်လုံးတွေ ပြာဝေသွားပြီး ရင်ဘတ်လည်း နာသွားသည် ။ လဲကျနေရာမှ လူးလဲထရင်း နံဘေးဝန်းကျင်သို့ကြည့်လိုက်မိတော့ ကျော်ထက် ကွင်းပြင်ထဲသို့ ရောက်နေပြီ ။ နောက်ကျောဆီသို့ လှည့်ကြည့်မိမှ ဘိုတဲ ကြီးက အတော်ဝေးဝေးမှာ ကျန်ရစ်ခဲ့ပြီကို တွေ့မြင်လိုက်ရသဖြင့် ကျော်ထက် စိတ်နှလုံးဒုန်းဒုန်းချနိုင်ကာ မိမိ ဝင်တိုက်မိသည့်အရာကို လှည့်ကြည့်လိုက်တော့ ကွင်းထဲတွင် မြက်စားရန်လွှတ်ထားသော နွားဖြူကြီးတစ်ကောင်ဖြစ်နေ၏ ။
      သူငယ်ချင်းတွေကိုသာ ဒီအကြောင်းပြောပြလျှင် မင်းက နွားကိုတောင် ဝင်တိုက်တဲ့အကောင်ဟူ၍ ဝိုင်းသရော်ကြဦးမည် ။ နွားနှင့် ဝင်တိုက်မိကာ အရှိန်လွန်ပြီး ဗွက်အိုင်ထဲသို့ လဲကျသွားခဲ့ခြင်းဖြစ်၍ တစ်ကိုယ်လုံးလည်း ပေရေနံစော်ကုန်ပြီဖြစ်ပေမဲ့ ဘိုတဲသို့ပြန်ကာ ရေ မချိုးရဲတာကြောင့် အရက်ဆိုင်ကိုသာ သုတ်ခြေတင်ခဲ့သည် ။ ဘာပဲပြောပြော မိမိကို အနိုင်ယူလိုသူ-ငွေနိုင်တစ်ယောက် ငွေမနိုင်ဘဲ ငွေ နည်းတော့မည့်အရေးကို စဉ်းစားမိ၍ စောစောက အချောက်အလှန့်ခံခဲ့ရသမျှ တန်ပါတယ်လေဟုတွေးကာ ကျော်ထက် စိတ်သက်သာရာ ရသွား၏ ။
{{{{{{{{{{{{{{{{{
   “ အဲ့ဒါပဲ ဘော်ဒါတို့ရေ ။”
ထိုသို့အနားလုံးကာ ကျော်ထက်က ဇာတ်ကြောင်းပြောမှုကို အဆုံးသတ်လိုက်၏ ။ ကျော်ထက်၏ဇာတ်လမ်း ပြီးဆုံးသွားချိန်အထိ ခိုင်တိုး၊ ဂျွန်ဒို၊ ငွေနိုင်၊ စိုးပိုင်နှင့် ဆန်းမင်းတို့(၅)ယောက်လုံး အံ့သြလို့ မဆုံးနိုင်သေး ။ ကျော်ထက်၏ တစ္ဆေအချောက်ခံခဲ့ရသောစွန့်စားခန်းကြီး က အမေရိကန်က ရိုက်ကူးထားသည့် ပုလဲဆိပ်ကမ်းဇာတ်ကားအလား သူတို့ကို ဖမ်းစားနိုင်ပုံရ၏ ။ ကျော်ထက်က ယခုချိန်ထိ ကြောက် စိတ် အတော်အတန်ကျန်သေးသည်မို့ အရက်ကိုသာ ဆင့်ကာဆင့်ကာ သောက်နေသည် ။ ဆန်းမင်းကိုတော့ မူးလျှင် ပြဿနာရှာမည် စိုး၍ အရက်သိပ်မတိုက်တာကြောင့် အရက်တစ်ခွက်ပြီးတစ်ခွက် ဆင့်ကာသောက်နေသူ-ကျော်ထက်ကို ဆန်းမင်းက အားကျသလိုမျိုး ငေးကြည့်ရင်း…
   “ တော်သေးတာပေါ့ကွာ ။ မင်းသာ ခုန်ချလိုက်ရင် ခုလောက်ဆို မင်းလည်း သူတို့တွေနဲ့ ဘဝတူနေလောက်ပြီ ။”
   “ အာ…! နိမိတ်မရှိ နမာမရှိ ဖွဟဲ့ … သေစရာလားကွ ။ ငါက မင်းတို့လို သတ္တိငမွဲ မဟုတ်ဘူး ။”
   “ အမလေး…! ဟုတ်ပါတယ် ကိုသတ္တိရယ် ။”
ဆန်းမင်းနှင့်ကျော်ထက်တို့ စကားနိုင်လုနေကြစဉ် တစ်ချိန်လုံးနားစွင့်နေပုံရသော နံဘေးဝိုင်းမှ ရွာခံဦးလေးကြီးတစ်ယောက်က ကျော် ထက်တို့ဝိုင်းဆီသို့ လျှောက်လာပြီး…
   “ ငါ့တူတို့ ပြောနေတာ ဘိုတဲကြီးကတစ္ဆေတွေအကြောင်း မဟုတ်လား ။”
ဟု မေး၏ ။
   “ ခင်ဗျာ…! သြော်…ဟုတ်…ဟုတ်ကဲ့ ။”
   “ အမှန်တော့ သူတို့တွေက သနားစရာပါကွယ် ။ သေဆုံးသွားတာတောင် လွတ်လပ်ခွင့် မရကြသေးတဲ့သူတွေပေါ့ ။”
   “ ဟုတ်လား ။ ဦးလေးက ဒီရွာကလား ။ ကျွန်တော်တို့တွေက ရန်ကုန်ကနေ လေ့လာရေးဆင်းလာတဲ့ ကျောင်းသားတွေပါ ။ ဘိုတဲကြီး
     မှာ တည်းကြပါတယ် ။ အခုလည်း ဘိုတဲကြီးကို တစ်ယောက်တည်းပြန်ရင်း သရဲအချောက်ခံခဲ့ရလို့ သူငယ်ချင်းတွေကို ပြန်ပြောပြနေ
     တာပါ ။ ဘိုတဲကြီးက ဘာဖြစ်လို့ သရဲခြောက်ရတာလဲ ။ ဦးလေး သိသလောက် ပြောပြပါလား ။”
   “ ဦးလေးနာမည်က ဦးဥာဏ်မိုးပါ ။ မြစ်ကြီးနားကဆေးရုံမှာတာဝန်ကျရာက ဒီရွာကရွာသူနဲ့ အိမ်ထောင်ကျပြီး ဒီရွာသားဖြစ်လာတယ်
      ဆိုပါတော့ကွာ ။ ဦးလေး သိသလောက်ပြောပြရရင် အရင်တုန်းက အဲဒီဘိုတဲကြီးမှာ ကျောင်းမဖွင့်သေးဘူး ။ ဒီလိုပဲ အဆောက်အအုံ
      ဟောင်းတစ်ခုအနေနဲ့ ပစ်ထားတာပေါ့ ။ အဲဒီအချိန်တုန်းက ခေတ်ကာလကလည်း အခုထက်ပိုပြီး အခြေအနေဆိုးတယ် ။ သောင်း
      ကျန်းသူတွေက ခဏနေ ရွာထဲကို တစ်ဖွဲ့ဝင်လာပြီး ဆက်ကြေးကောက်လိုက် ၊ နောက်တစ်ဖွဲ့က လာပြီး ရွာကို ခြိမ်းခြောက်လိုက်နဲ့
      အားလုံးက ကျီးလန့်စာစားဖြစ်နေကြရတဲ့အချိန်ပေါ့ ။
      - ဒီအဖြစ်အပျက်တွေ ဖြစ်နေတုန်းက ဒီရွာမှာ ဦးလေး မရှိသေးပါဘူး ။ ဦးလေးရဲ့ယောက္ခမ ပြောပြလို့ သိရတာ ။ တစ်နေ့…ညဘက်
     ကြီး ရွာထဲကို သောင်းကျန်းသူတွေတစ်ဖွဲ့ကြီး ဝင်လာပြီး ဆက်ကြေးတော်တော်များများ လာတောင်းတယ် ။ မပေးနိုင်တော့ ရွာကို
     မီးရှို့တယ် ။ အော်ကြဟစ်ကြပြေးကြလွှားကြနဲ့ ကမ္ဘာပျက်နေသလားပဲတဲ့ ။ ပြေးလွှားနေတဲ့လူတွေကိုလည်း ဓါးနဲ့ လိုက်ခုတ်သေး
     တယ်တဲ့ကွယ် ။ တော်တော်လူစိတ်မရှိကြတဲ့ဟာတွေပေါ့ ။ နောက်တော့ ပစ်ဟယ်ခတ်ဟယ်ဖြစ်ကြတယ်ဆိုလားပဲ ။ ဘာတွေနဲ့
     ဘယ်လို ပစ်ကြခတ်ကြလဲတော့ မသိပါဘူး ။ မိုးလင်းတော့ လူတွေအများကြီး သေကြတယ် ။ သေတာမှ ရုပ်ပျက်ဆင်းပျက်သေတဲ့
     လူတွေ ၊ မီးကျွမ်းပြီး သေတဲ့လူတွေ ၊ လက်ပြတ်ခြေပြတ်နဲ့ သေတဲ့လူတွေ…အို…အစုံပါပဲ ။ အဲ…တချို့တွေကတော့ မသေမရှင်တွေ
     ဖြစ်မှာပေါ့ ။ အဲ့ဒါတွေအားလုံးကို ဘိုတဲကြီးရဲ့ဟောခန်းတစ်ခန်းထဲမှာ စုပုံထားလိုက်ကြတယ် ။ နည်းနည်းအေးချမ်းတော့မှ မီးရှို့
     သဂြိုလ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လားတော့ မပြောတတ်ပါဘူး ။ ဒီတော့ အဲဒီထဲရောက်မှ သေဆုံးသွားတဲ့လူတွေက သေခါနီးမှာ
     အဲဒီအခန်းတွေကို စွဲလန်းပြီး မကျွတ်လွတ်တဲ့ပရလောကသားတွေ ဖြစ်နေကြတယ် ထင်ပါရဲ့ကွယ် ။”
   “ သြော်…သနားစရာကောင်းလိုက်တာ ။ စစ်က တော်တော်ကြောက်စရာကောင်းတာပဲနော် ။ အပြစ်မဲ့သူတွေ သေကျေကုန်ရတာ စစ်
     ကြောင့်ပေါ့ ။ သေသွားတဲ့လူတွေအတွက် ဆွမ်းကပ်ပြီး အမျှမဝေကြဘူးလား ။”
   “ ဒီလောက် မအေးမချမ်းဖြစ်နေတဲ့အချိန်မှာ ဘယ်သူက လုပ်ပေးနိုင်မှာလဲကွယ် ။ ဒါ့ကြောင့်လည်း သူတို့တွေ မကျွတ်လွတ်ကြသေး
      တာ နေမှာ ။ ကဲ…ဦးလေး ပြန်ဦးမှ ။ မင်းတို့လည်း အရွယ်ရောက်နေကြပြီပဲ ။ ဘုရားတရားကို ဖိဖိစီးစီးမလုပ်ဖြစ်ရင်တောင် ပေါ့ပေါ့
      လျော့လျော့ မနေကြနဲ့ ။”
   “ ဟုတ်ကဲ့ပါ ဦးလေး ။”
ဦးဥာဏ်မိုးဆိုသောဦးလေးကြီးက ကျော်ထက်တို့အဖွဲ့ကို နှုတ်ဆက်ပြီး ခပ်မှန်မှန်ထွက်ခွာသွားသည် ။ ကြည့်ရတာ ရာသီဥတု ချမ်းအေး သောကြောင့် အရက်ကို ဆေးဖြစ်ဝါးဖြစ်လောက်သာ လာသောက်ပုံရသည် ။ ယိုင်ထိုးမူးဝေနေခြင်းမျိုး မရှိ ။
    ဦးဥာဏ်မိုးပြောပြမှ ဘိုတဲကြီး၏ရာဇဝင်ကို သိရှိလိုက်ရ၍ ကျော်ထက်၏စိတ်ထဲ စိတ်မကောင်းဖြစ်သွားမိ၏ ။ သူပုန်တွေကို ကြောက်ရွံ့ ခဲ့ရသောကြောင့် တစ္ဆေဘဝတွင်ပင် ဖယောင်းတိုင်လေးထွန်းကာ မိမိ၏ကြောက်လန့်စိတ်ကို ဖြေဖျောက်နေလေသလား ။ စစ်ဘေးကို ကြောက်၍ အိမ်သာထဲတွင် ပုန်းနေရင်း သေဆုံးခဲ့ရသဖြင့် အိမ်သာတံခါးကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေရောလား ။ စစ်၏ဆိုးကျိုးကြောင့် ဘဝဆုံးသွားရရှာသူတို့၏ရင်ထဲကစကားသံများကို ကျော်ထက်တို့ကျောင်းသားတွေက အဓိပ္ပါယ်အကောက်လွဲကာ ကြောက်လန့်နေမိကြ ခြင်းဖြစ်မည် ။
     ကျော်ထက် ဆုံးဖြတ်လိုက်သည် ။ အဆောင်သို့ရောက်လျှင် ဆရာကြီးကို ဤအဖြစ်အပျက်များအား ပြောပြကာ မနက်ဖြန် မပြန်ခင် ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ပြီး ဤဘိုတဲကြီးရှိပရလောကသားများအား အမျှပေးဝေမည် ။ အတွေးနှင့်ပင် ကျော်ထက်၏ရင်ထဲ ကြည် နူးပီတိ ဖြာဝေသွားမိ၏ ။ စိတ်ချောက်ချားစရာ ၊ စိတ်လှုပ်ရှားစရာ၊စိတ်ကြည်နူးစရာ…ခံစားမှုရသအစုံကို တွေ့ကြုံခဲ့ရပါသော ဤလေ့လာ ရေးခရီးစဉ်လေးကို ကျော်ထက်၏ဘဝတစ်သက်တာတွင် ထာဝရအမှတ်ရနေတော့မည်သာ ဖြစ်ပါတော့၏ ။




                                                                                       စေတနာရှေ့ထားလျက်… 
                                                                                                                                
                                                                                               ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
 


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။