Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

နတ်ဘုရား မျက်နှာသာပေးထားသော လက်ပိုင်ရှင်များ


( ၂၀၁၆ သြဂုတ်လ(၂၃)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ဖော်ပြခံရသော ဆောင်းပါးဖြစ်သည် )

ရေးသူ  ----  ဂါဦးနွန်းကို

-----------------------------------------------------------------------------------------------------


ယမန်နေ့က တီဗွီအစီအစဉ်တစ်ခုမှာ ဘယ်သန်တွေနဲ့ ပတ်သက်တဲ့သုံးသပ်ချက်တွေကို ကြားသိလိုက်ရပါတယ် ။
     “ ဘယ်သန်တွေက ညာသန်တွေထက် အရှက်အကြောက်ပိုကြီးတယ် ။ ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချမှာကို ညာသန်တွေထက်
        ပိုပြီး စိုးရိမ်စိတ်ကြီးကြတယ် ။ ဒါပေမယ့် ဘယ်သန်တွေက ဦးဆောင်နိုင်စွမ်းအား ပိုကြီးမားတယ် ။ ဥပမာအနေနဲ့ ပြောရရင်
        အမေရိကန်သမ္မတတွေအနက်မှာ (၈)ယောက်က ဘယ်သန်တွေ-တဲ့ ။”
သတင်းတင်ဆက်သူလေးတွေ အတိုင်အဖောက်ညီညီ ပြောနေတဲ့စကားတွေကို နားဆင်ရင်း ကျွန်မစိတ်ထဲ ကျေနပ်သလိုလို ဝမ်းနည်းသလိုလို ။ အံ့သြစရာပါလား ။ ကမ္ဘာ့လူဦးရေအရ ဘယ်သန်နဲ့ညာသန် ရာခိုင်နှုန်း မယှဉ်သာလောက်အောင် ကွာခြားရဲ့ သားနဲ့ ဘာလို့များ လူရည်ချွန်ပမာဏမှာ ဘယ်သန်ဦးရေက ပိုများနေပါလိမ့် ။ အဲဒါကို တွေးမိပြီး ကျေနပ်သွားတယ် ။ ဝမ်းနည်းမိ တာကတော့ ငယ်စဉ်ကာလ ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘယ်ကျော်ဘဝကို ပြန်အမှတ်ရလိုက်လို့ပါ ။
            လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစတင်ပြီး ဘယ်သန်တွေအပေါ် လူအများစုရဲ့ရှုမြင်ပုံ ပြောင်းလဲလာတာကို ဘယ်ကျော်-ကျွန်မ သတိထားမိပါတယ် ။ အထူးသဖြင့် အမေရိကန်သမ္မတ-အိုဘားမား ပထမအကြိမ် လာလည်စဉ်ကစပြီး အနှိမ်ခံဘယ်သန်တို့ ဦးမော့ ခွင့်ရခဲ့တယ် ။
      “ သမ္မတအိုဘားမားက ဘယ်သန်-တဲ့ ။”
နောက်တော့ … အင်ဂျလီနာဂျိုလီ - သူလည်း ဘယ်သန်ပါပဲ ။
ဘယ်သန်တွေက လူညံ့ မဟုတ်ဘူး ။ ဘယ်သန်တွေဟာ လူ့အဖွဲ့အစည်းထဲက ခွဲထွက်နေတဲ့-လူ့ကန့်လန့်တွေ မဟုတ် ဘူး ။ ဘယ်သန်သူတွေက နည်းပါးတဲ့လူဦးရေနဲ့တောင် ကမ္ဘာမြေကို ဦးဆောင်ဦးရွက်ပြုနိုင်သူတွေ ။ တစ်နည်းဆိုရရင် လမ်းသစ် ဖောက်ဝံ့သူတွေ … ။ ဒီလိုတွေး ၊ ဒီလိုသိရမှပဲ ဘယ်သန်ဘဝကို ပီတိဖြစ်သွားတော့တယ် ။
            လွန်ခဲ့တဲ့နှစ်(၂၀)ကျော်လောက်ကပေါ့ ။ ဘယ်သန်တွေခမျာ တကယ့်ကို သနားစရာ ။ မျက်နှာလည်း အလွန်ငယ်ခဲ့ရပါ တယ် ။ စာစသင်စဉ်အရွယ် မူကြိုကလေးငယ်ကို -
     “ ဘယ်လက်နဲ့ ခဲတံ ကိုင်ရသလား ” –
ဆိုပြီး လက်ဆစ်ခေါက်လို့ ဇွတ်ပြင်ခိုင်းတဲ့-ဆရာမအချို့လည်း ရှိခဲ့ဖူးတယ် ။ ကောင်း၏-ဆိုး၏-အပြစ်တင်လိုတဲ့သဘော မဟုတ်ပါ ဘူး ။ အများနဲ့မတူတဲ့ဘဝမှာ ဒုက္ခတွေ့ခဲ့ရတာကို ပြောချင်တာပါ ။ တချို့ကလည်း -
     “ တစ်တန်းလုံးမှာ ကိုယ်တစ်ယောက်တည်း ဘယ်ကျော်ကြီးဖြစ်နေတာလေ ။ သူများနဲ့ မတူတော့ သမီးကို သူငယ်ချင်းတွေက
        ဝိုင်းကြဉ်မှာပေါ့ ။ အများနဲ့ တူသွားအောင် ညာလက်လေးနဲ့ ပြောင်းရေးလိုက်နော် ။” –
တဲ့ ။ ကြိုးစားကြည့်ပေမဲ့ အဆင်မပြေတဲ့အခါ ဆရာမတွေ ငြိုငြင်ကြတော့ ဘယ်ကျော်လည်း ငိုချင်တာပေါ့ ။ ဒါပေမဲ့ ဘယ်တတ်နိုင် မလဲ ။ ပြင်လို့မှ မရဘဲလေ ။ ကလေးဘဝမှာ ဘယ်ကျော်ဖြစ်ရတာ အမှန်တကယ် စိတ်ညစ်စိတ်ရှုပ်စရာ…။
            ကျွန်မ ဘယ်သန်သူပါ ။ ဒါ့ကြောင့်လည်း ဘယ်သန်တွေကို လက်မခံတဲ့ခေတ်တလျှောက်လုံး ကလေးအရွယ်နဲ့မမျှတဲ့ စိတ် ဒုက္ခတွေကို ရရှိခဲ့ဖူးပါတယ် ။ အခု ပြန်တွေးကြည့်တော့ ကုန်ကြမ်းတွေပေါ့ ။ ကျောင်းသားဘဝက စာတော်တဲ့-ကလေး ဖြစ်ခဲ့ပေမဲ့ အတန်းသစ်တက်တဲ့အခါတိုင်း ချီးကျူးစကားထက် -
     “ ဟယ်…ဘယ်သန်ကြီးပါလား ။ သူငယ်တန်းဆရာမက ပြင်မပေးလိုက်ဘူးလား ။ အခု…အတန်းထဲမှာ ဘယ်လိုလုပ်ထိုင်မလဲ ။”
ဆိုတဲ့စကားကိုပဲ အများဆုံး ကြားခဲ့ရတယ် ။ လူအများကြားထဲ အပြောခံရလို့ ရှက်ကလည်း ရှက် ၊ ကြောက်ကလည်း ကြောက် ။ အဲဒါကြောင့် အတန်းသစ်တက်ခါနီးတိုင်း စာမေးပွဲအတွက်တင် မကဘူး ။ အဲဒီအသံကြီး ကြားရမယ့်အရေးပါ ကြိုတွေးပြီး ပူပန်နေ ခဲ့ဖူးရဲ့ ။
            အမှန်မှာ ဘယ်သန်ဖြစ်ခြင်းဟာ အားငယ်စရာမှ မဟုတ်ဘဲ ။ ဘယ်သန်ဖြစ်နေတာဟာ ချို့ယွင်းချက်လည်း မဟုတ်သလို မှားယွင်းမှုလည်း မဟုတ်ပါဘူး ။ အခုခေတ်မှာဆို ဝမ်းသာစရာတောင် ဖြစ်နေပါပြီ ။ ဘယ်သန်ဆိုရင် ထူးချွန်ဖို့ ၊ ဦးဆောင်သူဖြစ်ဖို့ ရာခိုင်နှုန်းပိုများတဲ့သဘောမျိုး ဖြစ်နေလို့ပါ ။ ဒါပေမဲ့ အမြင်ကျဉ်းတဲ့တစ်ခေတ်တစ်ခါက ဘယ်သန်တဲ့-ကလေးဆိုရင် ဇွတ်အတင်း ပြင်ခိုင်းတယ် ။ နောက်ပြီး…(ကျွန်မလို) ဘယ်လိုမှ ပြင်မရတဲ့ကလေးတချို့ခမျာ ပတ်ဝန်းကျင်ကို ဒုက္ခပေးနေသူတွေပမာ အလိုလို နေရင်း အားငယ်ခဲ့ရတယ် ။
ဘာအပြစ်မှလည်း မလုပ်မိဘဲ ။ မွေးရာပါ ဘယ်လက်သန်နေတာလေးတစ်ခုအတွက်နဲ့ …
     “နင်က ဘယ်သန်” –
ဆိုပြီး ကျောက်သင်ပုန်းကို မြင်မြင်-မမြင်မြင် ထောင့်ဆုံးနံရံနားမှာပဲ ထိုင်ခိုင်းလေ့ရှိခဲ့တယ် ။ အမှန်ဆို ကလေးအချင်းချင်း ရိုင်းပင်း ကူညီတတ်အောင် ၊ အသွင်မတူလည်း အဆင်ပြေပြေ နေထိုင်တတ်အောင် သင်ကြားပေးရမှာပေါ့ ။ ဘယ်သန်-ကျွန်မကတော့ အတန်းအတော်ကြီးမှပဲ ‘ဘယ်သန်ဖြစ်လို့ အနှိမ်ခံရတဲ့ဒုက္ခ’ကနေ ကင်းဝေးတော့တယ် ။
            အများနဲ့မတူဘဲ တမူထူးနေတဲ့-ဘယ်သန်တွေကို “ဘယ်ကျော်-ဖင်နှိုက်”လို့ ရွယ်တူချင်းလည်း ကျီစယ်နောက်ပြောင်တတ် တယ် ။ ဆရာ/ဆရာမတချို့ကလည်း အတန်းဖော်ကလေးချင်း မသင့်တင့်မှာစိုးလို့ထင်ရဲ့..ဘယ်သန်ဆိုရင် မနှစ်မြို့ချင်ကြဘူး ။ (ဘယ်လက်နဲ့ညာလက်က ဆန့်ကျင်ဘက်ဆိုတော့ ခုံရှည်မှာ အတူထိုင်ပြီး စာရေးတဲ့အခါ တံတောင်ချင်း တိုက်မိကြပါတယ်) မိဘ တွေကလည်း ကိုယ့်သားသမီး - သူများနဲ့ မတူမှာကို စိတ်ပူပန်လို့ ဇွတ်အတင်းပြင်ခိုင်းပြန်တယ် ။ (ကျွန်မရဲ့မိဘတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိအားမပေးခဲ့ကြပါဘူး)
            ယခုအချိန်မှာတော့ ဘယ်သန်တို့ မော်ကြွားနိုင်ပါပြီ ။ ပညာရေးနယ်ပယ်မှာလည်း ဆရာ/ဆရာမတို့ အမြင်ကျယ်နေကြပြီမို့ ဒီနေ့ခေတ် ကလေးတွေအဖို့ ဘယ်သန်ဖြစ်နေလို့လည်း ချုပ်ချယ်ခံရတော့မယ် မထင်ပါဘူး ။ ထူးခြားမှုတိုင်းဟာ ဆိုးရွားမှုကိုချည်း ဦးတည်နေတဲ့အဓိပ္ပာယ် မဟုတ်မှန်း ယနေ့ခေတ် မိဘဆရာတို့ သိမြင်နားလည်နေပြီလို့ ယုံကြည်ပါတယ် ။ မကြာသေးမီက ဖေစ်ဘုတ်မှာ ခေတ်စားခဲ့တဲ့-သတင်းတစ်ပုဒ်ကို သွားသတိရမိတယ် ။ ရာဘာဖိနပ်တွေမှာ ပန်းကနုတ်ရုပ်ပုံတွေ ရေးခြယ်ပြီး အလှ ဆင်နေတဲ့ လူငယ်တစ်ယောက်အကြောင်းပါ ။ ပြောချင်တာက တက်လာတဲ့ဓာတ်ပုံတွေမှာ အဲဒီလူငယ် စုတ်တံကိုင်ထားတဲ့လက်က ဘယ်လက်ဖြစ်နေပါတယ် ။
အွန်လိုင်းကနေ ရှာဖွေတွေ့ရှိထားသလောက် ဖောက်သည်ချပြရရင် ဘယ်သန်အကျော်အမော်တွေက မရေမတွက်နိုင် အောင် တကယ့်ကို မနည်းမနောပါပဲ ။ အမေရိကန်သမ္မတ-Barack Obama ၊ အင်္ဂလန်နိုင်ငံ နန်းသွေးနန်းလျာ(မင်းသား)-William ၊  ဟောလီးဝုဒ်မင်းသမီး-Angelina Jolie ၊ ကမ္ဘာကျော်အဆိုတော်များဖြစ်တဲ့-Lady Gaga ၊ Eminem ၊  Justin Bieber ၊ ကမ္ဘာကျော် မင်းသားများဖြစ်ကြတဲ့ Bruce Willis ၊ Morgan Freeman ၊ Mark Wahlberg ၊ Keanu Reeves ၊ Tom Cruise ၊ ရုပ်သံသတင်း တင်ဆက်သူ စွယ်စုံရပညာရှင်-Oprah Winfrey ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်-Bill Gatesအပါအဝင် နိုင်ငံ့ခေါင်းဆောင်များ ၊ အနုပညာရှင် ၊ အတတ်ပညာရှင်များစွာကို ဘယ်သန်တွေအဖြစ်နဲ့ တွေ့မြင်ခဲ့ရပြီးနောက် …
ဘယ်သန်ဖြစ်လို့ အများနဲ့ မတူသည့်အတွက် သိမ်ငယ်ဝမ်းနည်းစရာ မဟုတ်ဘူး ။ နှိမ့်ချဆက်ဆံမှုတွေကိုလည်း ဂရုစိုက် စရာမလိုဘူး ။ ဘယ်သန်ဖြစ်ရတာဟာ အောင်မြင်ရေးလမ်းစပေါ် ရောက်ဖို့ သဘာဝတရားက မီးရောင်ပြပြထွန်းညှိပေးထားခြင်းသာ ဖြစ်ကြောင်း ……
August(13)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ International Lefthanders Dayကို ဂုဏ်ပြုရင်း ဘယ်လက်အားသန်သူတိုင်း အတွက် အမှတ်တရ ရေးသားလိုက်ရပါတယ် ။


                                                                                                စေတနာရှေ့ထားလျက်…
                                                                                   ဂါဦးနွန်းကို


https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။