စတစ်ကော်လံဖြူနှင့် အိပ်မက်ထဲကလူ…
( ၂၀၁၄ ဇူလိုင်လထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ဂါဦးနွန်းကို …… …… ရေးသည် ။
-----------------------------------------------------------------------------------------------------------
“ ဟင်…မွှေးလိုက်တာ ။”
မှေးစက်ထားသောမျက်ဝန်းများကို
ဖြည်းဖြည်းချင်းဖွင့်လိုက်ရင်း နှုတ်ဖျားကလည်း တိုးဖွဖွရေရွတ်လိုက်မိသည် ။ သေသေချာချာ
ရှူရှိုက် ကြည့်လေ သင်းပျံ့မွှေးကြိုင်သောပန်းရနံ့ကို ခံစားရရှိလေပင် ။ စိတ်ထင်တာများလားဟု
ကိုယ့်ကိုယ်ကိုပြန်မေးရင်း အနံ့ခံအာရုံကို အစွမ်း ကုန် ဖွင့်ထုတ်သုံးပစ်လိုက်တော့ နှာခေါင်းတွင်းသို့
ပန်းပေါင်းစုံရနံ့က တလှိုင်လှိုင်ဝင်ရောက်လာသည် ။ စိတ်ထင်ခြင်း လုံးဝမဟုတ် ။ ပန်း ပေါင်းစုံမွှေးရနံ့က
ဤအခန်းငယ်လေးထဲတွင် အမှန်တကယ် ပျံ့နှံ့သင်းကြိုင်နေခြင်းပါပေ ။
“ ဘယ်ကရောက်လာတဲ့ မွှေးရနံ့ပါလိမ့် …”
ဇဝေဇဝါအတွေးမျိုးစုံကို
ဦးနှောက်ထဲတွင် တွေးတောနေမိစဉ် ရုတ်တရက် မိမိခန္ဓာကိုယ်အနှံ့မှ ကြက်သီးမွေးညင်းလေးများ
တဖြန်းဖြန်းထ သွားသည် ။
ဘာကြောင့်များလဲ…ဘယ်လိုအရာကြောင့် ကြက်သီးတွေ တဖြန်းဖြန်းထလာရတာလဲ
။
လက်တလော
ဖြစ်ပျက်နေသောအဖြစ်အပျက်အပေါ် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေစဉ် မသိစိတ်က လူတစ်ဦးတစ်ယောက်
ရောက်ရှိလာ မည်ကို စောင့်မျှော်နေသည့်အလား စိတ်နှလုံးတို့ တလှပ်လှပ်ခုန်ငင်လှုပ်ရှားလာသည်
။
ဘယ်သူ ရောက်လာမှာမို့ပါလိမ့်…ငါ ဘာတွေဖြစ်နေတာပါလိမ့်နော်…။
အမှန်ဆို
ပြည့်ဖြိုးခေတ် မည်သူ့ကိုမျှ စောင့်မျှော်စရာ မလို ။ မည်သူမျှလည်း ရောက်ရှိလာစရာ အကြောင်းမရှိ
။ ဤအိမ်ကြီးတွင် ပြည့်ဖြိုး ခေတ်နှင့်ခင်ပွန်းသည်ကြွယ်ပိုင်မှူးတို့လင်မယားနှစ်ဦးတည်း
နေထိုင်ခြင်းဖြစ်ပြီး ခင်ပွန်းသည်က အလုပ်ကိစ္စဖြင့် တစ်နယ်တစ်ကျေးသို့ ခရီး ထွက်နေသည်
မဟုတ်ပါလား ။
“ ချွတ်…ခလွတ်…”
“ ဟင်…”
တစ်ကိုယ်တည်း
ဟိုဟိုသည်သည်တွေးတောနေစဉ် ခြံဝန်းအတွင်းမှသစ်ရွက်ခြောက်ကြွေတို့အပေါ် နင်းလျှောက်လာသည့်ခြေသံကို
ကြား လိုက်ရ၍ ပြည့်ဖြိုးခေတ် ထိတ်လန့်သွားရသည် ။ တစ်အိမ်လုံးတွင်မှ မိန်းမသားတစ်ယောက်တည်းရယ်
။ သူခိုးဓါးပြသာဆိုလျှင် ဒုက္ခများ ချေတော့မည် ။ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိနှိပ်ထားရင်း
အသံမထွက်ရဲဘဲ တိတ်တိတ်ကလေး ငြိမ်နေမိသည် ။ တစ်ဆက်တည်းမှာ ပင် အိမ်တံခါးအားလုံးကို အသေအချာပိတ်ထားပြီးရဲ့လားဟု
စဉ်းစားလိုက်မိ၏ ။ အိမ်၌ မိမိတစ်ယောက်တည်းရှိသောကြောင့် အိမ်တံခါး များကို အစောကြီးကတည်းက
ကြိုတင်ပိတ်ဆို့ထားမိ၍သာ တော်ပေတော့သည် ။
“ ချွတ်…ချွပ်…ကျွတ်…”
ပြည့်ဖြိုးခေတ်
လန့်စိတ်နှင့် ယောင်ယမ်းကာ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိ၏ ။ သစ်ရွက်ခြောက်နင်းလျှောက်သံက
တစ်စတစ်စ ထင် ရှားကျယ်လောင်လာရုံသာမက မိမိအခန်းဘေးအပြင်ဘက်မှ ကြားလိုက်ရခြင်းဖြစ်သည်မို့
စိတ်လှုပ်ရှားသွားရသည် ။ ဘုရား…ဘုရား… သူခိုးပဲ ဖြစ်ရမယ်ဟူသည့်အတွေးကြောင့် ပြန်မအိပ်ရဲတော့
။ အယောင်ယောင်အမှားမှားနှင့် နာရီကို မော့ကြည့်မိတော့ ဆယ်နာရီငါးမိနစ် ခန့် ရှိပြီ
။
“ အို…ဒီအတိုင်း ငုတ်တုတ်ထိုင်ပြီး မိုးလင်းတဲ့အထိတော့
မနေနိုင်ပေါင် ။ ဘာကြီးပဲဖြစ်နေနေ ချောင်းကြည့်လိုက်တာ အကောင်းဆုံးပဲ ။”
ထိုသို့
တွေးလိုက်မိရင်း သူခိုးဓါးပြပဲဖြစ်ဖြစ် ၊ တစ္ဆေသရဲပဲဖြစ်ဖြစ် သည်အတိုင်း ထိုင်ကြောက်နေမည့်အစား
ထချောင်းကြည့်လိုက်တာ အကောင်းဆုံးဟု ပြည့်ဖြိုးခေတ် ဆုံးဖြတ်လိုက်ပြီး အိပ်ရာပေါ်တွင်
ခြေချထိုင်နေရာမှ ပြတင်းပေါက်နားသို့ ထထွက်လာလိုက်သည် ။ လိုက် ကာစဆီသို့ လက်လှမ်းလိုက်ပြီးမှ
ဖြစ်ပါ့မလားဟူသောအတွေးနှင့် တွန့်ဆုတ်နေသေး၏ ။
“ ဟင်…ဘာမှမရှိဘူးပဲ ။”
လိုက်ကာစကို
အသာမ,ပြီး အပြင်သို့ ချောင်းကြည့်လိုက်သည့်အခါ ဝါကျင်ကျင်လရောင်အောက်တွင် သူခိုးဓါးပြ
မပြောနှင့် ။ သက်ရှိဟုဆို ရန် ခွေးတစ်ကောင်ကြောင်တမြီးပင် မတွေ့ ။
ဘယ်လိုပါလိမ့်…စောစောက
သစ်ရွက်ခြောက်နင်းလျှောက်သံကို သေသေချာချာကြားလိုက်ရတာမဟုတ်လား ။
ဘာကြောင့်များပါလိမ့်ဟု
ပြည့်ဖြိုးခေတ် ထိုင်တွေးနေမိခိုက် အနံ့တစ်ခုက နှာခေါင်းတွင်းသို့ စူးစူးရှရှတိုးဝှေ့ဝင်လာသည်
။ ထိုအနံ့ကတော့ အိပ်ရာမှ လန့်နိုးလာစဉ်က ရှူရှိုက်လိုက်ရသည့် ပန်းပေါင်းစုံရနံ့ ။ အခန်းတွင်း၌
ငါးမိနစ်ခန့် ပျံ့နှံ့နေပြီးနောက် ချက်ချင်းပင် ပြန်လည်ပျောက် ကွယ်သွား၏ ။
ÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀ
ပြည့်ဖြိုးခေတ်နှင့်ကြွယ်ပိုင်မှူးတို့လင်မယားက
ငယ်ချစ်တွေဟု ဆိုရလျှင် မမှား ။ အထက်တန်းကျောင်းသားဘဝကတည်းက တစ် ယောက်နှင့်တစ်ယောက်
သူငယ်ချင်းထက်ပိုသောချစ်ခြင်းတို့ သံယောဇဉ်တို့နှင့် နှောင်ရစ်ဖွဲ့ချည်လာခဲ့ရာ တက္ကသိုလ်ဘွဲ့ရပြီးသည့်အခါ
လက်ထပ်ခဲ့ကြသည် ။ ဘွဲ့ရပြီးပြီးချင်း လက်ထပ်လိုက်ကြခြင်းဖြစ်၍ အချစ်ကလွဲပြီး နှစ်ယောက်လုံးတွင်
ပိုင်ဆိုင်မှု များများစားစားမရှိလှ သလို မိဘများကလည်း ချမ်းချမ်းသာသာကြီးတွေ မဟုတ်ကြတာကြောင့်
တိုက်တစ်လုံး ကားတစ်စီးမပြောနှင့်…အိမ်ငယ်လေးပင် လက်မဖွဲ့ နိုင် ။ သည်တော့ လင်မယားနှစ်ယောက်
ဘဝပင်လယ်ပြင်ကို လှော်တက်လှေငယ်လေးနှင့် ဖြတ်သန်းရတော့မှာပေါ့ ။
ပထမဆုံး
နှစ်ယောက်အတူနေထိုင်ရန်အတွက် ဈေးသက်သာအဆင်ပြေမည့် အိမ်ငယ်လေးတစ်လုံးကို ရှာငှားရသည်
။ မြို့လယ်ခေါင် တွင် အိမ်ငှားခတွေ ခေါက်ခိုက်နေသဖြင့် မြို့အစွန်ဘက် ချောင်ကျကျတစ်နေရာရှိ
မြေစိုက်တဲသာသာသစ်သားအိမ်ငယ်လေးကို သက်သာ သောဈေးနှုန်းဖြင့် ငှားရမ်းလိုက်ကြသည် ။ ကြွယ်ပိုင်မှူးကတော့ နှစ်ဦးသား၏ဝမ်းစာအတွက် ကားကုမ္ပဏီတစ်ခုတွင်
ကုန်တင်ကားမောင်း ဒရိုင်ဘာအလုပ်ကို အဆင်သင့်သလို ဝင်လုပ်လိုက်ရသည် ။ လုပ်ကိုင်ကျွေးစရာဇနီးသည်
ရှိနေပြီမို့ ဟိုအလုပ်က ပင်ပန်းတယ် ၊ ဒီအလုပ်
က အညောင်းမိတယ်ဟူ၍ ကြေးများမရတော့ ။ မိမိဘွဲ့နှင့် မသက်ဆိုင်သော်လည်း ခဏတာ အဆင်ပြေဖို့ရန်မှာ
ဒရိုင်ဘာ ဝင်လုပ်မှသာ ဖြစ်တော့မည်ကြောင့် နောက်ထပ် အလုပ်ကောင်းတစ်ခုကို ရှာမရမချင်း
ဒရိုင်ဘာလုပ်ရန် ဆုံးဖြတ်ထားသည် ။ အစက ပြည့်ဖြိုးခေတ် ခွင့် မပြုချင် ။ ဒရိုင်ဘာအလုပ်ဆိုတာ
အန္တရာယ်အများသား မဟုတ်လား ။ သို့ပေမဲ့ ကြွယ်ပိုင်မှူးက အကျိုးသင့်အကြောင်းသင့်ရှင်းပြသော
ကြောင့် နောက်ဆုံးမှာတော့ ခဏတာလုပ်ကိုင်ခွင့်ပြုခဲ့ရ၏ ။
ကြွယ်ပိုင်မှူး၏အလုပ်က ကုန်တင်ကားဒရိုင်ဘာဆိုသည့်အတိုင်း
တစ်လတွင် ဆယ်ရက်ဆယ့်ငါးရက်ခန့် နယ်သွားနေရတာ များ သည် ။ သို့ကြောင့်လည်း ကြွယ်ပိုင်မှူး
မရှိသည့်အချိန်တွင် ပြည့်ဖြိုးခေတ်ခမျာ ချိုးချိုးချွတ်ချွတ်အသံကြားတိုင်း ထိတ်လန့်နေခဲ့ရသည်
။ သြော်…သူမခမျာလည်း ထိတ်လန့်ရှာမှာပေါ့ ။ တစ်အိမ်လုံးတွင်မှ မိန်းကလေးတစ်ယောက်တည်း
မဟုတ်လား ။ ယောင်းမငယ်လေး၏အိမ် က မျက်စောင်းထိုးလမ်းထဲတွင် ရှိသဖြင့် ခေါ်အိပ်၍ရသော်လည်း
ကိုယ့်အတွက်နှင့် သူတပါးကို အလုပ်မပိုစေလို ။ ကြောက်စိတ်ကို မြိုသိပ် ရင်း ခြောက်ကပ်ကပ်ညတာများကို
ပြည့်ဖြိုးခေတ် တစ်ကိုယ်တည်း ကြိုးစားကုန်လွန်စေခဲ့ရသည် ။
ခင်ပွန်းသည် ခရီးထွက်သွားသည်မှာ ကိုးရက်ရှိခဲ့ပြီဟု
ပြည့်ဖြိုးခေတ် အတိအကျမှတ်မိနေသည် ။ ခင်ပွန်းသည်ကို လွမ်းလွန်း၍ နေ့ ရက်တို့ကို လက်ချိုးရေနေသည်ဟု
မှတ်ထင်ကြလျှင်တော့ မှားပေလိမ့်မည် ။ ပြည့်ဖြိုးခေတ်၏စိတ်က ဘဝဆန်သည် ။ အနုအရွ အဖွဲ့အနွဲ့
ကဗျာဆန်ဆန်များကို သိပ်မတွေး ။ အိမ်ထောင်ပြုလိုက်ပြီဆိုကတည်းက ကြုံတွေ့လာရမည့်အခက်အခဲပေါင်းစုံကို
ကြိုတင်တွေးဆထားပြီး သား ။ သို့ကြောင့် ခင်ပွန်းသည် ခရီးထွက်သည့်အခါတွင်လည်း အိမ်၌
ဘုရားတရားလုပ်ရင်း မိမိ တတ်နိုင်သည့်ဘက်က စီးပွားရှာသည့် အနေနှင့် အိမ်ဆိုင်လေးဖွင့်ထားသည်
။ ဝယ်စရာရှိတာ ဝယ်၊ ရောင်းစရာရှိတာ ရောင်းသည် ။ သို့အတွက် ခင်ပွန်းသည် ဘယ်နေ့သွားပြီး
ဘယ်နေ့ပြန်ရောက်မလဲဟု ထိုင်မျှော်မနေတတ် ။ မွန်စကားပုံတောင် အရှိသားပဲ…“ဒီရေစောင့်
အတက်နှေး၊ထမင်းစောင့် အကျက်နှေး”… တဲ့ ။ ထို့ကြောင့် အိမ်ထောင်သက်တစ်နှစ်အတွင်း ခင်ပွန်းသည်
ခရီးထွက်ရသည်မှာ အခါခါအလီလီဖြစ်သော်လည်း ဘယ်တစ်ခေါက်က တော့ဖြင့် ဘယ်လောက်ကြာသည် ၊ ဘယ်တစ်ခေါက်ကတော့ဖြင့်
ဘယ်နှရက်ဟူ၍ ပြည့်ဖြိုးခေတ် မှတ်မထားခဲ့ဖူး ။ ဤသို့ဆိုလျှင် ယခု တစ်ခေါက် ဘာကြောင့်များ
အတိအကျမှတ်မိနေရသလဲဆိုတာ မေးစရာဖြစ်နေလေပြီ ။
ပန်းပေါင်းစုံရနံ့ကို ခင်ပွန်းသည် ခရီးထွက်သွားသည့်ညက
စ၍ရခဲ့ခြင်းဖြစ်၏ ။ မှတ်မှတ်ရရ ထိုနေ့ညက လပြည့်ညဖြစ်သည် ။ ယခင်လ ပြည့်ညတို့၌ ခင်ပွန်းသည်
ရှိနေသည်ကြောင့် လင်မယားနှစ်ယောက် ခြံထဲဆင်းထိုင်ပြီး ည၏အလှကို ခံစားကြည့်ရှုကြစမြဲ
။ လရောင်ဆမ်း ထားသောကမ္ဘာမြေသည် ပဒုမ္မာကြာပန်းတစ်ပွင့်ကဲ့သို့ ဖူးဝင့်တင့်တယ်နေပြီး
ညှင်းသွဲ့သွဲ့လေပြည်ကြား ရောယှက်ပါလာတတ်သော ည မွှေးပန်းရနံ့တို့ကြောင့်လည်း ည၏အလှသည်
ပိုလို့ပင် ဝင့်ထည်နေသေးသည် ။ ထိုသို့ ည၏အလှ ည၏သဘာဝတို့ကို ရှုစားရင်း ကြင်စဦး မောင်နှံနှစ်ဖော်
ချစ်တေးသီကျူးခဲ့ကြသည်များကို ခင်ပွန်းသည် ခရီးထွက်နေသည့်အခါ၌ ဖိုးလမင်းကို ငေးကြည့်ရင်း
ပြည့်ဖြိုးခေတ် သတိရ နေမိတာတော့ အမှန် ။ သို့သော် ငေးမျှော်တွေးဆွေးနေရုံဖြင့် ဘဝအတွက်
ထမင်းထုပ်ကို မည်သူကမျှ ဆက်သမည်မဟုတ်မှန်း ပြည့်ဖြိုး ခေတ် သိနှင့်ပြီးသားမို့ မနက်ဖြန်
ဈေးဆိုင်အတွက် ရောင်းကုန်ပစ္စည်းများအကြောင်း တွေးချင့်ရင်း ညအိပ်ရာဝင်ခဲ့သည် ။
မှေးခနဲအိပ်ပျော်သွားခဲ့သည့်အခိုက် ထိုပန်းပေါင်းစုံရနံ့ကို
ရရှိလိုက်ရခြင်းဖြစ်သည် ။ နှာခေါင်းဝအတွင်းသို့ ဖြည်းဖြည်းညင်ညင်တိုးဝှေ့ ဝင်လာသော
ထိုပန်းရနံ့က စံပယ် ခရေ ဇီဇဝါ နှင်းဆီစသည်ဖြင့် ခွဲခြား၍မရသဖြင့် ပန်းပေါင်းစုံရနံ့ဟု
ကင်ပွန်းတပ်လိုက်မိ၏ ။ စစချင်း ပန်း ရနံ့က သင်းသင်းလေးမွှေးပျံ့လာပြီး တဖြည်းဖြည်းစူးရှပြင်းထန်လာကာ
တစ်ခန်းလုံးကို ပန်းဖုံးသွားသည့်အလား အသက်ရှူရကျပ်လောက် အောင်ပင် မွှေးကြိုင်လာသည် ။
ထို့နောက် ချက်ချင်း အနံ့ပျောက်သွား၏ ။ ထိုသို့အနံ့ပျောက်သွားသည်နှင့်တပြိုင်နက် အခန်းအပြင်ဘက်
ခြံဝန်းထဲမှ သစ်ရွက်ခြောက်နင်းလျှောက်သံသဲ့သဲ့ကို ကြားရသည် ။ အသံက ပြည့်ဖြိုးခေတ်၏အခန်းနားသို့
တစ်စုံတစ်ယောက် တိုးကပ်လာ သလိုမျိုး တဖြည်းဖြည်းချင်း နီးကပ်လာသည် ။ ထို့နောက် စောစောကပန်းရနံ့ကဲ့သို့
သူလည်းပဲ ချက်ချင်းပျောက်သွား၏ ။ ထိုအခါ ပန်းရနံ့ က ရုတ်ချည်းပြန်ပေါ်လာပြီး ငါးမိနစ်ကျော်ကျော်မျှ
သင်းပျံ့သွားပြီးနောက် ရနံ့ပျောက်သွား၏ ။ သုံးလေးငါးရက်ခန့် ဆက်တိုက်ကြုံလာရ သည့်အခါ
ပြည့်ဖြိုးခေတ် ထိုပန်းရနံ့ ရရှိမည့်အချိန်ကိုပင် မှတ်မိနေခဲ့ပြီ ။ ညဆယ်နာရီဒေါင်ခနဲထိုးသည့်အချိန်…။
ပြည့်ဖြိုးခေတ်၏ဘဝတွင် ထူးဆန်းမှု သဘာဝလွန်ဖြစ်ရပ်ဆန်းများကို
တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံဖူးခဲ့ပါ ။ ငယ်စဉ်ကတည်းက ရိုးရိုး အေးအေးနေထိုင်ခဲ့ပြီး
ချစ်သူကိုပင် သူငယ်ချင်းဖြစ်သူထဲမှ ရွေးချယ်ယူခဲ့သောပြည့်ဖြိုးခေတ်၏ဘဝ၌ အံ့ဖွယ်သရဲအဖြစ်အပျက်များ
တွေ့ ကြုံရန်မှာ စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ ။ သို့သော် အဖြစ်မှန်မှာ စိတ်ကူးယဉ်ခြင်းထက်
ပို၍ဆန်းကြယ်တတ်သည် မဟုတ်ပါလား ။
ဆယ်ရက်မြောက်သောနေ့တွင် ပြည့်ဖြိုးခေတ် ပုံမှန်အတိုင်း
အိပ်ရာဝင်ခဲ့သည် ။ ပန်းရနံ့ စတင်ရရှိစဉ်က ထိတ်လန့်ကြောက်ရွံ့ခဲ့မိသော် လည်း သုံးလေးရက်ကြာသည့်အခါ
ရိုးအီသွားတာကြောင့် ကြောက်ရွံ့ခြင်းလည်း မရှိ ၊ ထိတ်လန့်ခြင်းလည်း မဖြစ်တော့ဘဲ ပုံမှန်အတိုင်း
အိပ်ရာဝင်စရာရှိဝင် ၊ ရနံ့ရသည့်အခါလည်း ဂရုစိုက်မနေဘဲ အိပ်စရာရှိ အိပ်ပစ်လိုက်၍ ထိုကိစ္စနှင့်ပတ်သက်ပြီး
ပြည့်ဖြိုးခေတ်အတွက် တစ် စုံတစ်ရာ မထူးခြားတော့သည်မှာ ကိုးရက်မြောက်နေ့အထိဖြစ်၏။ သို့သော်
ဆယ်ရက်မြောက်ညတွင် တစ်မျိုးတစ်ဖုံ သစ်ဆန်းလာပြန်သည်။ မသိစိတ်တွင် တွေးထင်နေခဲ့သည့်အတိုင်း
လူတစ်ယောက် ပြည့်ဖြိုးခေတ်ဆီသို့ ရောက်လာသည် ။
ÀÀÀ
“ အို…”
ပြည့်ဖြိုးခေတ်၏နှုတ်မှ
ထိုသို့ရေရွတ်လိုက်မိပြီး မျက်ဝန်းအစုံဟာလည်း အံ့သြလွန်းသည့်အရှိန်ကြောင့် ပြူးကျယ်ဝိုင်းစက်သွားရ၏
။ သို့ ပေမဲ့ ရုန်းကန်အော်ဟစ်ခြင်း တွန်းတိုးကန်ကြောက်ခြင်း မပြုမိ ။ အံ့သြလွန်းသောကြောင့်
မင်သက်မိနေခြင်းလည်း ဖြစ်နိုင်သည် ။ သူက ပြည့်ဖြိုးခေတ်၏ညာလက်ကို တင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်
။ သူ့လက်တွင် ညှို့အားတစ်ခု ပါနေ၍လား မပြောတတ် ။ ပြည့်ဖြိုးခေတ် မရုန်းကန်ရုံသာမက သူ
ခေါ်ရာနောက်သို့ ခြေလှမ်းတို့က လိုက်ပါနေမိသည် ။ သူဆိုသည်မှာ စတစ်ကော်လံဖြူနှင့် ကိုညိုချော…
။
ကိုညိုချောဆိုသည့်အတိုင်း အသားအရည်မှာ ကြေးနီရောင်ထနေသော်လည်း
ရုပ်ရည်မှာမူ ကုလားမင်းသားတစ်ဦးနှင့်ပင် ခပ်ဆင်ဆင် တူနေပြီး ဝတ်ဆင်ထားသည့်အဖြူရောင်အဝတ်အစားနှင့်လည်း
လိုက်ဖက်ညီနေသေး၏ ။ အသားညိုပေမဲ့ အဖြူဝတ်စုံနှင့် ကြည့်ရဆိုးခြင်း မရှိဘဲ မဟူရာကို
ရွှေဖြူ(ပလက်တီနမ်)ကွပ်ထားသကဲ့သို့ လိုက်ဖက်တင့်တယ်နေသည် ။ ကိုညိုချောက ပြည့်ဖြိုးခေတ်၏လက်တစ်ဖက်ကို
ဆွဲကာ တစ်နေရာသို့ ဦးတည်သွားနေသည် ။ သူ ဘယ်ကိုသွားနေတာလဲ…ဘယ်နေရာကို ရောက်နေတာလဲ…ပြည့်ဖြိုးခေတ်
မသိ ။ ကျီး ကြည့်ကြောင်တောင်နှင့် သူ့နောက်သို့ ပါလာမိ၏ ။
အလို…လှလိုက်တဲ့ပန်းခင်းကြီးပါလား…။
မြက်ခင်းပြင်ကိုဖြတ်လျက်
နှစ်ယောက်သား ပြေးလာခဲ့ရာ တောင်ကုန်းတစ်ခုပေါ်သို့ရောက်သည့်အခါ ကြီးမားကျယ်ပြန့်လှသော
ပန်းခင်းပြင် ကြီးကို တွေ့လိုက်ရသဖြင့် ပြည့်ဖြိုးခေတ် မင်သက်အံ့သြရပြန်သည် ။
ဘာပန်းတွေမှန်း ပြည့်ဖြိုးခေတ် မသိပါ ။ လူတွေ အလွယ်ခေါ်သော
ကုလားပန်းဟူသည့် လိမ္မော်ရောင် အနီရောင်အဆင်းရှိ ဖုဖုလုံးလုံး ပန်းကလေးများကိုလည်း တွေ့ခဲ့ရ၏
။ သူက ပြည့်ဖြိုးခေတ်၏လက်ကိုဆွဲကာ ပန်းခင်းကြီးထဲသို့ ပြေးဆင်းဖြတ်လျှောက်သွားသည် ။
ဟိုငေး သည်ငေးဖြင့် ပြည့်ဖြိုးခေတ်လည်း သူ့နောက်သို့ ပါမှန်းမသိ ပါလာမိတော့၏ ။
ပန်းခင်းကြီးကို ဖြတ်ကျော်လာသည့်အခါ ခမ်းနားထည်ဝါလှသောအဆောက်အအုံကြီးတစ်ခုကို
တွေ့မြင်ရပြန်သည် ။ အဆောင်အအုံ မှာ အတန်ငယ်ရှေးကျသောလက်ရာရှိပြီး လိမ္မော်နုရောင်တောက်တောက်ကို
ဆေးသုတ်လိမ်းထား၏ ။ သူက အဆောက်အအုံရှေ့သို့ ရောက်သည့်အခါ ရပ်လျက် ပြည့်ဖြိုးခေတ်၏မျက်နှာကို
အပြုံးနှင့် လှည့်ကြည့်လိုက်သည် ။ သူ့အပြုံးက ရှက်ပြုံး အပျော်ပြုံးလေးဖြစ်နေ သောကြောင့်
ပြည့်ဖြိုးခေတ် နေရခက်သွားသည် ။
ဘယ်လိုလူပါလိမ့်…ဘယ်လိုလာကြည့်နေပါလိမ့်…
သူ့အကြည့်များမှာ
ရွှန်းရွှန်းစားစား သံယောဇဉ် အကြင်နာရိပ်သမ်းငွေ့နေသောအကြည့်များ ။ ပြည့်ဖြိုးခေတ် ခေါင်းငုံ့ပြီး
ရှက်ကြောက်နေ၍ မဖြစ်ချေတော့ ။ သူ့မျက်နှာကို ခပ်တင်းတင်းတန်ပြန်စိုက်ကြည့်လိုက်ပြီး…
“ ရှင် ဘာဖြစ်လို့ ကျွန်မကို စိုက်ကြည့်နေတာလဲ
။ ကျွန်မကို ဘယ်နေရာခေါ်လာတာလဲ ။”
ဟူ၍
အသံမာမာနှင့် မေးချလိုက်သည် ။ ပြည့်ဖြိုးခေတ်က မာမာထန်ထန်မေးလိုက်ခြင်းဖြစ်သော်လည်း
သူကတော့ အပြုံးမပျက်…အပျော် လျော့သွားပုံ မရ ။ ကြည်သာအေးဆေးသောအသံဖြင့် …
“ ချစ်လို့ကြည့်တာပေါ့ကွယ် ။ ဒီနေ့ ကိုယ်တို့မင်္ဂလာဆောင်မယ့်နေ့လေ
။”
ဟုဆိုလိုက်သည်
။ သူ့အကြည့် သူ့အပြုံးတို့ကို ကြည့်ရုံမျှဖြင့် ထိုစကားမှာ အပြောင်အပျက် ကျီစယ်ပြောသောစကား
မဟုတ်မှန်း ပြည့်ဖြိုး ခေတ် ရိပ်မိသည်ကြောင့် ခပ်တင်းတင်းစိုက်ကြည့်နေရာမှ မျက်လုံးတို့
ပြူးကျယ်သွားရ၏ ။ ပါးစပ်မှာလည်း အဟောင်းသား…။
ဘုရား…ဘုရား…ငါနဲ့လက်ထပ်မလို့ဆိုပါလား ။
ကြောင်ငေးနေမိစဉ်
သူက ပြည့်ဖြိုးခေတ်၏လက်ကိုဆွဲကာ အဆောက်အအုံတွင်းသို့ ခေါ်ဆောင်သွားသည် ။ အဆောက်အအုံထဲ၌လည်း
ကုလားမင်္ဂလာဆောင်အတိုင်း အဆောင်အယောင်အခမ်းအနားများကို တွေ့ရသဖြင့် ပြည့်ဖြိုးခေတ် လန့်ထိတ်သွားရသည်
။ မဖြစ်ချေ…။ မိမိတွင် ခင်ပွန်းသည်ကြွယ်ပိုင်မှူး ရှိနေပြီ…ခင်ပွန်းရှိလျက်သားနှင့်
တပါးယောက်ျားအား လက်ခံထား၍ မဖြစ် ။ မြန်မြန်ရှင်းပြမှဟုတွေးကာ သူ့လက်အတွင်းမှ ဇွတ်အတင်းရုန်းရင်း…
“ အို…ယူလို့ မဖြစ်ဘူး ။ ရှင် ကျွန်မကို လက်ထပ်လို့မရဘူး
။ ကျွန်မမှာ ယောက်ျားရှိတယ်ရှင့် ။”
“ အချစ်ကလည်းကွယ်…ပွဲတောင် စီမံပြီးသွားပြီ ။ ငြင်းမနေပါနဲ့တော့
။”
“ အာ…ရှင် ဘယ်လိုလူလဲ ။ သူများမယားကို ဒီလို ဇွတ်အတင်းလက်ထပ်ချင်လို့
ရမလား ။”
“ မင်းက ကိုယ့်ရဲ့ချစ်ဦးသူပါ ။ သူများမယားက နောက်မှဖြစ်တာပါကွာ
။”
“ အို… ရှင် ဘာတွေပြောနေတာလဲ ။ ကျွန်မ ရှင့်ကို
မသိဘူး ။ အခုလွှတ်…ကျွန်မလက်ကို လွှတ်…”
“ ကိုယ့်ကိုတောင် မမှတ်မိတော့ဘူးလား အချစ်ရယ်…”
သူက
ထိုသို့တိုးဖျော့ဖျော့လျော့ရဲရဲရေရွတ်လိုက်ကာ ပြည့်ဖြိုးခေတ်၏လက်ကို လွှတ်လိုက်သည် ။
ပြည့်ဖြိုးခေတ်လည်း သူ့လက်မှလွတ် သည်နှင့် နောက်သို့ ကြောက်အားလန့်အားဆုတ်လိုက်မိစဉ်
ပက်လက်လန်ကျသွား၍ အထိတ်တလန့်နှင့် ကျုံးအော်လိုက်မိတော့၏ ။
“ အမလေး…”
ÀÀÀ
ကျုံးအော်လျက် အိပ်ရာမှငေါက်ခနဲထထိုင်လိုက်သည့်အခါမှ
အိပ်မက်မက်နေမှန်း သိလိုက်ရသည် ။ ဇဝေဇဝါအသိကို ထွေးပိုက်ရင်း ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်မိ၏
။ အနီးအနားတွင် မည်သူမျှ မရှိ ။ ခမ်းနားထည်ဝါသောအဆောက်အအုံကြီးလည်း မရှိ ။ ပန်းခင်းကြီးလည်း
မရှိချေ ။ ကျဉ်းမြောင်းသောတဲသာသာသစ်သားအိမ်လေးထဲတွင် ပြည့်ဖြိုးခေတ်တစ်ယောက်တည်း…။
အိပ်မက်ကိုပြန်တွေးရင်း ကတုန်ကယင်ဖြင့် ရင်တုန်နေဆဲ…။
ရေအိုးစင်မှ ရေတစ်ခွက်ကို အလောတကြီးခပ်ယူသောက်ရင်း စဉ်းစား ခန်းဝင်မိသည် ။ စတစ်ကော်လံဖြူနှင့်
အိပ်မက်ထဲကလူအကြောင်း…။ ထိုအသားညိုညိုနှင့်ကိုလူချောကို ပြည့်ဖြိုးခေတ် တစ်ကြိမ်တစ်ခါမျှ
မမြင်ဖူး ။ အိန္ဒိယဇာတ်ကားများမှ မင်းသားတစ်ယောက်များလားဟု တွေးဆကြည့်သော်လည်း ကိုညိုချောနှင့်တထေရာတည်းတူသူဟူ၍
မတွေ့ခဲ့ဖူး ။ နောက်ပြီး ပြည့်ဖြိုးခေတ်ကိုယ်တိုင်ကလည်း ကိုရီးယားကားသာ စွဲလန်းချင်စွဲလန်းလိမ့်မည်…။
ကုလားကား(အိန္ဒိယကား)ကို တော့ တော်ရုံတန်ရုံမကြည့်ဖြစ် ။ ဤသို့ဆိုလျှင် ကိုညိုချောသည်
မိမိ၏အိပ်မက်အတွင်းသို့ မည်သည့်နည်းဖြင့် ရောက်ရှိလာပါလိမ့်…။ ပန်း ခင်းပြင်ကြီးကို
ပြန်လည်မြင်ယောင်မိရာ အာရုံထဲတွင် ချက်ခနဲနားခွက်မီးတောက်သွားသည်က ညစဉ်ညတိုင်း ရှူရှိုက်မိနေသော
ပန်းပေါင်း စုံရနံ့…။ ထိုရနံ့ကို ထိုပန်းခင်းကြီးထဲတွင် ရရှိခဲ့သည် ။ အိပ်မက်မှာ အပြင်လောကနှင့်
ဆက်စပ်မှုရှိနေသဖြင့် ထူးဆန်းအံ့ဖွယ်ဖြစ်နေလေပြီ ။ အဖြေရှာမရသော အိပ်မက်ဝင်္ကပါထဲတွင်
တဝဲလည်လည်ဖြစ်နေရာမှ နာရီကို မော့ကြည့်မိသည့်အခါ ဆယ်နာရီဆယ့်ငါးမိနစ်ခန့်ရှိခဲ့ပြီ
။
ÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀ
“ အဲဒါပါပဲ ညီမရယ် ။ အစ်မလည်း ပထမတစ်ခေါက်မက်တုန်းကတော့
ဒီလိုပဲ မေ့မေ့ပျောက်ပျောက်သဘောထားလိုက်ပေမဲ့ နောက်နေ့
တွေလည်း ဆက်တိုက်ဆိုသလိုမက်နေတော့ ကိုယ့်လိပ်ပြာကို
ကိုယ်ရှက်လာတယ် ။ ဘယ့်နှယ်…ယောက်ျားခရီးသွားတုန်းမို့ အစ်မရဲ့
စိတ်တွေများ ဖောက်ပြန်နေတာများလား ။ တခြားယောက်ျားအပေါ်
အစ်မရဲ့စိတ်တွေ တိမ်းညွတ်နေမိတာများလားလို့တွေးမိပြီး စိတ်
ဆင်းရဲလာမိလို့ ခုလို ညီမကို ရင်ဖွင့်ရတာပါကွယ်
။ နောက်ပြီး နောက်တစ်ခုရှိတာက ညီမက ဒီလိုဂမ္ဘီရဆန်ဆန်အကြောင်းအရာတွေ
နဲ့ပတ်သက်ပြီး နားလည်သိကျွမ်းတဲ့သူဆိုတော့ ဒီအိပ်မက်နဲ့ပတ်သက်ပြီး
အဖြေရှာနိုင်မလားလို့ပါ ။ အစ်မကို ကူညီပါဦး ညီမရယ် ။”
ပြည့်ဖြိုးခေတ်က
ညှိုးနွမ်းနွမ်းမျက်နှာလေးနှင့်ဆိုရင်း မောသွားဟန်ဖြင့် သက်ပြင်းငွေ့ငွေ့ချလိုက်၏။
ဇာတ်ကြောင်းပြန်နေသောသူမ မပြော နှင့်…နားဆင်သူ ဆုလာဘ်ထူးကိုယ်တိုင်ပင် စိတ်နောက်ကျိရှုပ်ထွေးသွားမိသည်
။ သုံးလေးငါးရက် ဆက်တိုက်ဆိုသလို မြင်မက်နေရသူ အဖို့ မည်မျှစိတ်ညစ်လိုက်မလဲ…ဆုလာဘ်ထူး
ကိုယ်ချင်းစာမိသည် ။ နောက်ပြီး အိပ်မက်ကလည်း အတော်အတန်ဆန်းကြယ်သောအိပ် မက် ။
“ နေပါဦး အစ်မရဲ့ ။ အဲဒီကိုညိုချောကို အစ်မက အပြင်မှာ
မြင်တွေ့ဖူးလို့လား ။ အဲဒီလိုရုပ်မျိုး အပြင်ကအသိထဲမှာ ရှိလား ။”
“ မရှိပါဘူးကွယ် ။ အမျိုးထဲမှာရော အသိထဲမှာရော
တစ်ယောက်မှ မရှိဘူး ။”
“ ဖြစ်နိုင်ချေရှိတာက အစ်မကို သဘောကျနေတဲ့သူတစ်ယောက်ယောက်
ရုတ်တရက်သေသွားပြီး အစ်မကို စွဲလန်းနေတာမျိုး ဖြစ်နိုင်
တယ် ။ စဉ်းစားပါဦး…အဲဒီလိုရုပ်မျိုး အစ်မ အနီးဝန်းကျင်မှာ
တစ်ယောက်မှ မရှိဘူးလား ။”
“ အင်း…မရှိဘူး ညီမရဲ့ ။ ကုလားနဲ့တူတာဆိုလို့ အမျိုးထဲမှာရော
အသိထဲမှာရော တစ်ယောက်မှမရှိဘူး ။ အစ်မတစ်ယောက်ပဲ အသား
ညိုတာ ။ အားလုံး ဖြူဖြူတွေချည်းပဲ ။ အစ်မကို သဘောကျတဲ့သူဆိုတာလည်း
ညီမရဲ့အစ်ကိုတစ်ယောက်ပဲ ရှိတာပါကွယ် ဟင်းဟင်း ။”
ပြည့်ဖြိုးခေတ်က
သူ့စကားအပေါ်သူသဘောကျပြီး တိုးညင်ညင်ရယ်လိုက်သည် ။ ဆုလာဘ်ထူးလည်း ရောယောင်ကာ ပြုံးလိုက်မိသည်
။ မိမိအစ်ကိုအပေါ် ယောင်းမဖြစ်သူပြည့်ဖြိုးခေတ် မည်မျှသစ္စာရှိပြီး ချစ်မြတ်နိုးသလဲဆိုတာ
မိမိ အသိဆုံး ။ ပြည့်ဖြိုးခေတ်၏စိတ်က ဘယ် နည်းနှင့်မျှ ဖောက်ပြန်မည် မဟုတ် ။ ဤအိပ်မက်များ၏လက်သည်တရားခံမှာ
စတစ်ကော်လံဖြူနှင့် အိပ်မက်ထဲကလူသာဖြစ်မည်ဟု ဆု လာဘ်ထူး တွေးမိသည် ။ သို့ကြောင့်…
“ နေဦး…။ အစ်မတို့ ဒီအိမ်ကို ပြောင်းလာတာ ဘယ်နှလရှိပြီလဲ
။”
“ တစ်လနီးပါး ရှိပြီ ညီမလေး ။”
“ အစ်မတို့လင်မယား အရင်က မင်္ဂလာဒုံဘက်မှာ နေခဲ့တာနော်
။ အဲဒီတုန်းကရော ဒီအိပ်မက်မျိုးတွေ မက်ဖူးလား ။”
“ ဟင့်အင်း မမက်ဖူးဘူး ညီမ ။ ဟုတ်သား…ညီမမေးမှပဲ
အစ်မ သတိထားမိတယ် ။ ဟုတ်တယ်…။ ဒီအိမ်ရောက်လို့ ညီမရဲ့အစ်ကို ခရီး
ထွက်မှပဲ ဒီအိပ်မက်တွေကို စ,မက်တာ ညီမရေ ။”
“ ဒါဆိုရင်တော့ ဟုတ်ပြီ ။ အစ်မ ဘာမှကိုယ့်ကိုယ်ကို
အပြစ်မြင်မနေနဲ့တော့ ။ ဒီကိစ္စတွေမှာ အစ်မရဲ့စိတ်ပယောဂ မပါဘူး ။ ဒီအိမ်မှာ
မူလကတည်းကရှိနေတဲ့တစ်စုံတစ်ယောက်က နှောင့်ယှက်နေတာပဲဖြစ်ရမယ်
။”
ဆုလာဘ်ထူးက
ထိုသို့ပြောလိုက်မှ ပြည့်ဖြိုးခေတ် စိတ်သက်သာရာရသွားဟန်ဖြင့် မျက်နှာတွင် ပြုံးယောင်သမ်းသွားသည်
။ အိပ်မက်မက် ရုံမျှဖြင့် လင်ယောက်ျားအပေါ် အားနာတတ်သောပြည့်ဖြိုးခေတ်၏စိတ်ဓါတ်ကို ဆုလာဘ်ထူး
လေးစားမိသည် ။ သို့ဖြစ်၍ ယောင်းမဖြစ်သူ စိတ်ချမ်းသာစေရန် အမြန်ဆုံးကူညီဖြေရှင်းပေးရမည်ဟုတွေးလျက်
ဆုလာဘ်ထူး တစ်စုံတစ်ခုကိုပြုလုပ်ရန် ဆုံးဖြတ်လိုက်၏ ။
“ ကဲ…စိတ်ချလက်ချနဲ့ လုပ်စရာရှိတာသာလုပ်တော့ အစ်မ
။ ညီမ အိမ်ကို လျှောက်ကြည့်လိုက်ဦးမယ် ။ အဆင်ပြေသွားမှာပါ ။”
“ ကျေးဇူးတင်လိုက်တာ ညီမရယ် ။ ဒါဆို အစ်မ ဆိုင်ထွက်ဖို့ပြင်လိုက်ဦးမယ်နော်
။”
ပြည့်ဖြိုးခေတ်က
အပြုံးမျက်နှာနှင့်ဆိုရင်း ဆုလာဘ်ထူးအနားမှ ထထွက်သွားသည် ။ ဆုလာဘ်ထူးလည်း ဆိုခဲ့သည့်အတိုင်း
အိမ်နှင့်ခြံဝန်း ပတ်ပတ်လည်ကို စူးစမ်းကြည့်ရှုရတော့၏ ။
ဤနေရာတွင် ဆုလာဘ်ထူးဆိုသောကြွယ်ပိုင်မှူး၏ညီမအကြောင်းကို
အနည်းငယ်ဖော်ပြရန်လိုပေသည် ။ လူတစ်ဦးတစ်ယောက် အကြောင်းကို ရေးသားရာတွင် ထိုသူ၏ထူးခြားချက်ကိုလည်း
အမွမ်းတင်ချီးမြောက်ပေးရန် လိုအပ်ပေလိမ့်မည် ။ ဆုလာဘ်ထူးမှာ ထိုစဉ်က အသက်အစိတ်ခန့်ရှိပြီး
သာမန်အရောင်းစာရေးတစ်ဦးသာဖြစ်သည် ။ သို့သော် ဆုလာဘ်ထူး၌ ထူးခြားသောစွမ်းရည်တစ်မျိုးကို
ပိုင်ဆိုင် ထားသည် ။ နာမည်နှင့်လိုက်ဖက်ညီစွာ ဘုရားသခင်က ချီးမြောက်ပေးသနားခံထားရသော
မွန်မြတ်သည့်ဆုလာဘ်အလား သူမ ပိုင်ဆိုင် ထားသောစွမ်းရည်မှာ မမြင်အပ်သောပုဂ္ဂိုလ်များသတ္တဝါများအား
ထင်ထင်ရှားရှားမြင်တွေ့နေနိုင်ခြင်းဖြစ်သည် ။ တစ္ဆေသရဲ ဖုတ်ဘီလူး နာ နာဘာဝတို့သာမက
ကျတ် စုန်း ဥစ္စာစောင့် ရုက္ခစိုးအစရှိသော လူသာမန်မျက်လုံးဖြင့် မမြင်တွေ့နိုင်သောသတ္တဝါအပေါင်းအား
သူမက စိတ် အာရုံ စူးနစ်လိုက်ရုံဖြင့် မြင်တွေ့နိုင်သည် ။ ထိုသူတို့နှင့် အဆက်အသွယ်ပြုနိုင်သည်
။ ဤသည်မှာ သူမ၏မွေးရာပါ,ပါရမီထူးတစ်ခုပင်…။
ဆုလာဘ်ထူးက ခြံဝင်းထဲသို့ရောက်သည်နှင့် မျက်ဝန်းတို့ကိုမှိတ်ကာ
ခြံနေရာအနှံ့သို့ အာရုံစူးစိုက်လျက် ကြည့်လိုက်သည့်အခါ … ဟော…တွေ့ရလေပါပြီ ။ အိမ်နဘေး
ခေါင်းရင်းဘက်ခြမ်းရှိ ပြည့်ဖြိုးခေတ်၏အခန်းနဘေးတွင် မားမားကြီးရပ်လျက် ခါးထောက်စိုက်ကြည့်
နေသူတစ်ယောက် ။ ထိုသူ၏ပုံပန်းသဏ္ဍာန်မှာ ပြည့်ဖြိုးခေတ် အိပ်မက်မြင်မက်သည့်အတိုင်း အသားညိုမှောင်မှောင်တွင်
အဖြူရောင်လည် ကုတုံးအင်္ကျီနှင့်အကွက်ကျဲကျဲပိုးပုဆိုးတစ်ထည်ကို ရှုချင်စဖွယ်ဝတ်ဆင်ထားသည်
။ ဆုလာဘ်ထူးသည် စိတ်အာရုံကို လွှင့်ထုတ်လိုက်ကာ ထိုသူ၏အနားသို့ လျှောက်သွားလိုက်သည်
။ ထိုသူကလည်း သူ့အား ကြည့်ရှုနေသူဆုလာဘ်ထူးအပေါ် အတော်အံ့အားသင့်နေဟန်ရှိ၏ ။ အဘယ်ကြောင့်ဆိုသော်
သူတို့သည် မမြင်အပ်သောပုဂ္ဂိုလ်များဖြစ်ပြီး သူတို့ မပြသလျှင် သာမန်လူတို့ မြင်တွေ့ခြင်းမရှိနိုင်သောကြောင့်ပင်
တည်း ။
“ ကျွန်မနာမည် ဆုလာဘ်ထူးပါရှင့် ။”
ဆုလာဘ်ထူးကပင်
ဦးစွာမိတ်ဆက်လိုက်သည် ။ ဆုလာဘ်ထူးထံမှ နှုတ်ခွန်းဆက်စကားထွက်ပေါ်လာသောကြောင့် ထိုသူပို၍အံ့သြသွားပုံ
ရသည် ။ ထူထဲထဲမျက်ခုံးနှစ်ဖက်ကို တွန့်ကျုံ့လိုက်ပြီး…
“ မင်းက ငါတို့လိုလူတွေကို မြင်တွေ့နိုင်တယ်ပေါ့
ဟုတ်လား ။”
ဟု
သြရှရှအသံနှင့်ဆိုသည် ။ အမှန်တော့ ဆုလာဘ်ထူးမှာ ထိုသူ့ကို အာရုံထဲတွင် တစ်နည်းဆိုရသော်
နာမ်ဖြင့် စိတ်ချင်းဆက်သွယ်ပြောဆို နေသောသဘောမျိုးသာ ဖြစ်၏ ။
“ ဟုတ်ပါတယ် ။ ကျွန်မရဲ့မွေးရာပါ,ပါရမီတစ်ခုပါ
။”
“ မင်းက မာယာနဲ့ ဘာတော်သလဲ ။”
“ မာယာဆိုတာက ဘယ်သူ့ကိုပြောတာပါလဲ ။”
“ မာယာဆိုတာ ဒီအိမ်မှာနေတဲ့မိန်းကလေးကိုပြောတာ…
ငါ့ရဲ့ဇနီးလောင်းလေးပေါ့ ။”
ထိုအခါမှ
မာယာဆိုသူမှာ မပြည့်ဖြိုးခေတ်အား ရည်ညွန်းပြောဆိုခြင်းဖြစ်ကြောင်း သိရှိလိုက်ရ၍ ဆုလာဘ်ထူး၏ရင်ထဲ
ပဟေဠိများ အုံကြွ သွား၏ ။ ဘာကြောင့်များ မာယာဟုခေါ်ရပါလိမ့်…။ အကယ်၍ ငယ်စဉ်က မပြည့်ဖြိုးခေတ်အား
စိတ်ဝင်စားခဲ့သူတစ်ဦး၏ဝိညာဉ်ဆိုလျှင် ထို သို့ နာမည်လွဲမှားခေါ်တွင်စရာ အကြောင်းမရှိ…။
နောက်ပြီး ဇနီးလောင်းဟူ၍လည်း ဆိုလိုက်သေး၏ ။
“ မာယာ…ဟုတ်လား ။ မဟုတ်သေးဘူး ။ ဒီအိမ်မှာနေတဲ့အစ်မရဲ့နာမည်က
ပြည့်ဖြိုးခေတ်ပါ ။ သူနဲ့ကျွန်မက သမီးယောင်းမ တော်ပါ
တယ် ။ ဒီကအစ်ကို လူမှားနေတာနဲ့တူရဲ့ ။”
“ မမှားဘူး ။ သူက မာယာမှမာယာအစစ် ။ ငါ ဘယ်တော့မှ
မေ့မှာမဟုတ်ဘူး ။ သူနဲ့ငါ ဝေးကွာခဲ့တာကြာပြီဆိုပေမဲ့ ငါ့ရင်ထဲမှာ သူရဲ့ပုံ
ရိပ်က အမြဲတမ်းထင်ကျန်စွဲရစ်နေတာပဲ ။ မှားစရာအကြောင်း
မရှိဘူး ။ သူသာ ငါ့ကို မမှတ်မိတာ ။ ရက်စက်လိုက်လေခြင်း…”
သူက
ထိုစကားများကို ဒေါသတကြီးဆိုလိုက်သည် ။ ဆုလာဘ်ထူးလည်း သူ့စကားများအပေါ် အဖြေရှာရင်း
တွေဝေသွားမိသည် ။
ဘာတွေလဲ…။ ဝေးကွာခဲ့တာကြာပြီလည်းဆိုသေး…ဇနီးလောင်းလို့လည်း
ပြောသေး ။ နောက်ပြီး သူ့ကိုမမှတ်မိတဲ့အတွက် ဝမ်းနည်းကြေ
ကွဲနေတဲ့ပုံပဲ ။ မပြည့်ဖြိုးခေတ်နဲ့ဒီလူ ဘယ်လိုများ
ပတ်သက်နေခဲ့လဲ…။
အတွေးထဲတွင်
နစ်မြောကာ အဖြေတစ်ခုကို ဖွေရှာနေမိစဉ် ထိုသူမှာ အခိုးအငွေ့အဖြစ်သို့ပြောင်းကာ တွင်းပေါက်တစ်ခုအတွင်းသို့
ဝင် ရောက်သွားသည် ။ ဆုလာဘ်ထူးလည်း ထိုအခါမှာ သတိဝင်လာပြီး ခဏနေပါဦးဟုအော်ဟစ်ဟန့်တားသော်လည်း
ထိုသူမှာ တွင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပြီ ။ ရုတ်ချည်းပြောင်းလဲသွားသောအခြေအနေအပေါ်
စုံစမ်းရန်အတွက် တွင်းဝနားသို့သွားကာ တွင်း၏ပုံစံကို အသေအချာကြည့်မိ၏ ။
မြေပြင်ပေါ်သို့ ကျစ်စာလေးများ လက်မဝက်ခန့်ဝိုင်းတက်လျက်ရှိပြီး
အချင်းတစ်လက်မနီးပါးရှိသော တွင်းပေါက်နှစ်ပေါက်ကို တွေ့ လိုက်ရသည် ။ တစ်ပေါက်နှင့်တစ်ပေါက်
တစ်ထွာခန့်သာခြား၏ ။ တွင်းပေါက်ကို သေချာကြည့်ပြီးမှ ထိုသူမှာ မည်သို့သောသတ္တဝါဖြစ်မှန်း
ဆုလာဘ်ထူး သဘောပေါက်သွားသည် ။ နောက်ပြီး မပြည့်ဖြိုးအတွက်လည်း အနည်းငယ်စိတ်ပူသွားမိ၏
။ မည်သို့ပင်ဖြစ်စေ…အကြောင်း ရင်းမှန်ကို မပြည့်ဖြိုးခေတ်အား ပွင့်ပွင့်လင်းလင်းပြောပြကာ
ဖြစ်နိုင်ချေတစ်ခုခုကို ညှိနှိုင်းရပေတော့မည်…။
ÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀ
“ ဘယ်လို…ဘယ်လို…အစ်မက သိုက်ကလာတာ ဟုတ်လား ။ ဟုတ်လို့လား
ဆုလာဘ်ရယ် ။ အစ်မဖြင့် တစ်ခါမှ မတွေးဖူးပါဘူး ။ အစ်မ
အမေလည်း အစ်မကို သိုက်ကလာတာလို့ တစ်ခါမှမပြောဖူးဘူး
။ ညီမပြောလို့သာ အစ်မ ယုံရမှာ ။”
ပြည့်ဖြိုးခေတ်ခမျာ
ကိုယ့်ရင်ဘတ်ကိုယ်ဖိရင်း ဆုလာဘ်ထူး၏စကားအပေါ် မယုံမရဲဖြစ်နေမိ၏ ။ မိမိအား သိုက်မှလာသည်ဟုပြောသူမှာ
ဆု လာဘ်ထူးဖြစ်နေ၍သာ ယုံကြည်ရန် ကြိုးစားနေမိခြင်းဖြစ်သည် ။ ထိုစကားကို အခြားသူတစ်ယောက်ကသာ
ဆိုလာခဲ့လျှင် ဟားတိုက်ရယ် မောကာ လှောင်ပြောင်ပစ်လိုက်မည်သာ…။ ကိုယ့်ကိုယ်ကိုယ် သိုက်မှလာသူဟူ၍
ပြည့်ဖြိုးခေတ် တစ်ခါမျှစိတ်ကူးပင် မယဉ်ခဲ့ဖူးပါချေ ။
“ ဟုတ်တယ် အစ်မ ။ အစ်မ ယုံချင်မှယုံပါ ။ ညီမကတော့
ညီမ မြင်ခဲ့သမျှကို ပြောပြရမှာပဲ ။ အရင်ဆုံး အစ်မအိမ်ခေါင်းရင်း အစ်မအခန်း
ဘေးမှာ လူတစ်ယောက် ရှိနေတယ် ။ သူက အစ်မ ပြောပြတဲ့အိပ်မက်ထဲက
ကိုညိုချောပဲ ။ ရုပ်က ကုလားဆင်ချောချောပြီး အသံက
လည်း သြတယ် ။ သူက အစ်မကို မာယာလို့ခေါ်ပြီး ဇနီးလောင်းလို့ပြောတယ်
။ အစကတော့ ဒီဘဝမှာ အစ်မကို တိတ်တခိုးကြိတ်ခိုက်
နေတဲ့သူတစ်ယောက် သေသွားပြီး စွဲလန်းနေတာဖြစ်မယ်လို့
ညီမ တွေးထားမိတာ ။ တကယ်တမ်းကျတော့ သူပြောပြမှ သူဟာ အစ်မ
ရဲ့အတိတ်ဘဝက ခင်ပွန်းလောင်းမှန်း သိလိုက်ရတယ်
။ ဘဝတွေခြားသွားတော့ အစ်မကတော့ သူ့ကို မေ့သွားပြီပေါ့ ။ ဒါပေမဲ့ သူက
တော့ အစ်မကို မမေ့နိုင်ဖြစ်နေပုံရတယ် ။ နောက်တော့
သူ တွင်းထဲကို ဝင်သွားတယ် ။”
“ ဘယ်လို…တွင်းထဲကို ဝင်သွားတယ် ဟုတ်လား ။ ထူးဆန်းလိုက်တာ
။ အရင်ကတည်းက ညီမမှာ ထူးခြားတဲ့ပါရမီရှိမှန်း အစ်မ သိနှင့်ပြီး
သားမို့သာ တော်တော့တယ် ။ မဟုတ်ရင် ညီမ ပြောပြတာတွေကို
အစ်မ ယုံနိုင်မှာတောင် မဟုတ်ဘူး ။”
ပြည့်ဖြိုးခေတ်က
မျက်လုံးမျက်ဆံပြူးနှင့်ဆိုလိုက်သဖြင့် ဆုလာဘ်ထူး ပြုံးလိုက်မိ၏ ။ ဟုတ်သည်…အစ်ကိုဖြစ်သူကြွယ်ပိုင်မှူးနှင့်
ချစ်သူ မဖြစ်ခင် သူငယ်ချင်းဘဝကတည်းက ပြည့်ဖြိုးခေတ်နှင့်ဆုလာဘ်ထူးတို့ သိကျွမ်းခင်မင်ခဲ့ကြသည်
။ တစ,တစ်ရင်းနှီးလာသည့်အခါမှ ဆု လာဘ်ထူးတွင် ထူးခြားသောပါရမီတစ်ခုရှိမှန်း ပြည့်ဖြိုးခေတ်
သိရှိလာသည် ။ နောက်ပြီး ဆုလာဘ်ထူး ဖြေရှင်းပေးလိုက်၍ အဆင်ပြေသွား သောလူများစွာကိုလည်း
ပြည့်ဖြိုးခေတ် တွေ့မြင်ခဲ့ဖူး၏ ။ သို့ကြောင့်လည်း ဆုလာဘ်ထူး၏ပါရမီအပေါ် ပြည့်ဖြိုးခေတ်
ယုံကြည်လက်ခံနေ ခြင်းဖြစ်သည် ။
“ တွင်းထဲကို လူကိုယ်တိုင်ကြီး ဝင်သွားတာမဟုတ်ဘူး
အစ်မရဲ့ ။ အငွေ့အဖြစ်ပြောင်းပြီး ဝင်သွားတာ ။ သူ ဝင်သွားတဲ့တွင်းကို သေချာ
ကြည့်မိမှ သိုက်တွင်းမှန်း သိလိုက်ရတယ် ။ ဒီအိမ်ရဲ့အောက်မှာ
သူတို့သိုက် ရှိတယ် အစ်မရဲ့ ။”
“ ဟေ…ဟုတ်လား ။ အစ်မ မသိလို့ပေါ့ ညီမရယ် ။ ဒါ…ဒါဆို
အစ်မ အိမ်ပြောင်းလိုက်ရမလား ။”
“ အာ…မပြောင်းနဲ့ မပြောင်းနဲ့ ။ သူ ပိုစိတ်ဆိုးသွားလိမ့်မယ်
။ သူက အခု အစ်မကို ပြန်မြင်နေရလို့ ပျော်နေပုံပဲ ။”
“ ဒါ…ဒါပေမဲ့ အစ်မကို ပြန်ခေါ်ရင် ဘယ်လိုလုပ်မလဲ
။ ဟို…ကြားဖူးတာတော့ သိုက်ကြိုးဖြတ်လို့ရတယ်ဆို ။ သိုက်ကြိုးဖြတ်လိုက်ရင်
ကောင်းမလား ။”
“ ဟင့်အင်း…အဲဒါလည်း မကောင်းဘူး ။ သိုက်ကြိုးဖြတ်တယ်ဆိုတာ
သိုက်နဲ့လုံးဝ အဆက်ဖြတ်လိုက်တာ ။ ဒီလိုလုပ်ရင် သူတို့တွေ
အရမ်းဝမ်းနည်းကြလိမ့်မယ် ။ နောက်ပြီး စောပြီးသိသွားရင်လည်း
ဝိညာဉ်နှုတ်တာတို့ဘာတို့ လုပ်တတ်တယ်အစ်မရဲ့ ။ အသက်
အန္တရာယ်ရှိနိုင်တယ် ။ ဒီအကြောင်းတွေ ကျွန်မ
သိပါတယ် အစ်မရယ် ။ အစ်မ မပူပါနဲ့ ။ ကျွန်မ အဆင်ပြေအောင်လုပ်ပေးမယ် ။
အစ်မသာ ကျွန်မ မှာတဲ့အတိုင်း သေချာလုပ် …”
“ အေးပါ ညီမရယ် ။ နင့်ပဲ အားကိုးပါတယ် ။ နင့်အစ်ကိုကလည်း
နောက်တစ်ပတ်လောက်နေမှ ပြန်လာမယ်ပြောတယ် ။ ငါလည်း သူ့ကို
ပြောမပြချင်ဘူး ။ သူ အလုပ်ပျက်နေလိမ့်မယ် ။”
ပြည့်ဖြိုးခေတ်က
ဆုလာဘ်ထူး၏မျက်နှာကို အားကိုးတကြီးကြည့်ရင်း ခပ်တိုးတိုးညည်းမိသည် ။ စောစောက အတန်ငယ်စိတ်ပူလျက်ရှိ
သော်လည်း ယခုအခါတွင်တော့ ဆုလာဘ်ထူးကိုသာ ပုံယုံလိုက်ပြီမို့ သူ မှာသည့်အတိုင်း သေချာလုပ်ဆောင်မည်ဟူ၍သာ
တွေးထားလိုက် ၏ ။
ဟိုအကြောင်းသည်အကြောင်းပြောရင်း ဟိုဟိုသည်သည်လုပ်ရင်းဖြင့်
တစ်နေကုန်သွားခဲ့ချေပြီ ။ ဆုလာဘ်ထူးက ယနေ့ည လာအိပ် ပေးမည်ဟုဆို၍ စိတ်အတော်အတန်သက်သာသွားရသည်
။ မဟုတ်လျှင် အိပ်မက်များ၏နှိပ်စက်ကျီစားမှုကြောင့် ပြည့်ဖြိုးခေတ် သွေးပျက် ထိတ်လန့်နေခဲ့သည်မှာ
ရက်အတော်ကြာခဲ့ပြီ မဟုတ်ပါလား ။
အိပ်ခါနီးတွင် ဆုလာဘ်ထူး မှာကြားသည့်အတိုင်း
မြတ်စွာဘုရားသခင်အား ဆီမီး အမွှေးတိုင်ကပ်လှူပူဇော်ကာ သေချာရှိခိုးသည် ။ မေတ္တာသုတ် ခန္ဓသုတ်များ
ရွတ်ဖတ်သရဇ္ဈယ်ပြီး ၃၁ဘုံကျင်လည်ကုန်သောသတ္တဝါအပေါင်းအား မေတ္တာပို့သသည် ။ အမျှအတန်းပေးဝေ
သည် ။ ထို့နောက် အိပ်မက်ပေးနေသောပုဂ္ဂိုလ်အား မေတ္တာပို့သသည် ။ နာရီဝက်ခန့်မေတ္တာပို့သပြီးသည့်အခါ
စိတ်နှလုံး အေးချမ်းတည်ငြိမ် သွားစဉ် ပြည့်ဖြိုးခေတ် ငိုက်ခနဲဖြစ်သွားပြီး ညစဉ်မြင်မက်နေကျအိပ်မက်ကို
အဖြစ်မှန်လိုလို အိပ်မက်လိုလို ဝေဝေဝါးဝါးမြင်တွေ့လာရ၏ ။
ထိုအမြင်အာရုံထဲတွင် ကိုညိုချောသည် ပြည့်ဖြိုးခေတ်၏လက်ကိုဆွဲကာ
တစ်နေရာသို့ ခေါ်ဆောင်သွားသည် ။ သို့သော် ပြည့်ဖြိုးခေတ် သည် ယခင်ညများစွာကကဲ့သို့ အပြင်လောကနှင့်အဆက်အသွယ်ပြတ်ကာ
အိပ်မက်ထဲတွင် ထိတ်လန့်တုန်လှုပ်နေခြင်းမရှိဘဲ ဆုလာဘ် ထူး မှာထားသည့်စကားများကိုသာ
အမှတ်ရလျက်ရှိသည်ကြောင့် ရုန်းကန်တွန်းထိုးမနေတော့ဘဲ သူ ခေါ်ဆောင်ရာနောက်သို့ အသာတ ကြည်
လိုက်လာခဲ့သည် ။
ထုံးစံအတိုင်း အဆောက်အအုံအတွင်းသို့ရောက်သော်
ကိုညိုချောက…
“ အချစ် ကိုယ်တို့ လက်ထပ်ကြစို့ ။”
ဟုဆိုသည်
။ ထိုစကားကိုကြားသည့်အခါ ယခင်နေ့ညများက ပြည့်ဖြိုးခေတ် ထိတ်လန့်သွားခဲ့ရသည် ။ အိပ်မက်မက်နေသည်ဟု
မသိရှိဘဲ အမှန်တကယ်ကြုံတွေ့နေရသည်ဟုထင်မှတ်ကာ အသည်းအသန်ရုန်းကန်ရင်း အိပ်မက်မှ လန့်နိုးနေကျဖြစ်၏
။ သို့ပေမဲ့ ယနေ့ညတွင် တော့ ထိုသို့မဟုတ်…။ အိပ်မက်ကို အိပ်မက်မှန်း သိနေသည် ။ နောက်ပြီး
ဆုလာဘ်ထူး မှာလိုက်သည့်အတိုင်း အိပ်မက်ပုဒ်စာကို အဖြေညှိ ရန်ပင် စိတ်ကို ပြင်ဆင်ထားပြီးသားဖြစ်၏
။
“ မာယာလည်း လက်ထပ်ချင်ပါတယ် အစ်ကို ။”
“ ဝမ်းသာလိုက်တာ အချစ်ရယ် ။ ဒါနဲ့များ အရင်ညတွေက
ဘာလို့ ရုန်းကန်နေရတာလဲ ။ ကိုယ့်ကို ဘာကြောင့်မမှတ်မိချင်ယောင်ဆောင်
နေရတာလဲကွယ် ။”
“ သြော်…ဘဝတွေ ခြားသွားတော့ မေ့နေခဲ့လို့ပါ အစ်ကို
။ အခုတော့ မာယာ ရေးတေးတေးအမှတ်ရလာပါပြီ ။ ဖြစ်နိုင်မယ်ဆိုရင် မာယာ
လေ ဒီဘဝက ခွာပြီး အစ်ကိုရဲ့နောက်ကိုတောင် လိုက်လာချင်တာပါ
။ ဒါ…ဒါပေမဲ့…”
“ ဒါပေမဲ့ ဘာဖြစ်လဲ ။ အချစ်သာ ဆန္ဒရှိရင် ကိုယ်
ခေါ်မှာပေါ့ ။ အချစ် စိတ်ချမ်းသာဖို့က ကိုယ့်အတွက် အရေးကြီးဆုံးပါ ။”
“ ဒါပေမဲ့ မာယာ မလိုက်နိုင်သေးသလို လက်ထပ်ဖို့လည်း
မဖြစ်နိုင်သေးဘူး အစ်ကို ။ ဒီဘဝမှာ မာယာက သူတစ်ပါးရဲ့ဇနီးမယားဖြစ်နေ
ပြီ ။ မာယာကိုသာ လက်ထပ်ရင် ကာမေသုမိစ္ဆာစာရကံကို အစ်ကို ကျူးလွန်ရာကျမှာပေါ့
။ နောက်ပြီး မာယာ ဒီဘဝမှာ ကောင်းမှုကု
သိုလ်တွေ အများကြီးပြုချင်သေးတယ် ။ အစ်ကိုကို
ရည်စူးပြီး ဘုရားတည်ကျောင်းဆောက်မယ် ။ ဒါမှ နောင်ဘဝတွေကျ ခုလို အဖြစ်
မျိုးတွေ မာယာတို့ မကြုံရမှာပေါ့ ။ ဘုရားမှာ
နောင်ဘဝဆက်တိုင်း အစ်ကိုနဲ့ပေါင်းဖက်ရပါစေလို့ မာယာ ဆုတောင်းနေမှာပါ ။”
ဆုလာဘ်ထူးက
ကိုညိုချော စိတ်ကျေနပ်စေမည့်စကားများဖြင့် နှစ်သိမ့်လိုက်ရန် မှာလိုက်ခြင်းဖြစ်သည်
။ စကားစစဉ်က ပြည့်ဖြိုးခေတ် ဘာ ပြော၍ပြောရမှန်း မသိဖြစ်ကာ နှုတ်တွန့်နေမိသော်လည်း တဖြည်းဖြည်းနှင့်
စကားလုံးတို့မှာ စဉ်းစားစရာပင် မလိုဘဲ ရင်ထဲကပွင့်အန်ထွက် ကျလာသဖြင့် ကိုယ့်ကိုယ်ကိုပင်
အံ့သြမိသည်အထိ…။ မိမိနှင့်ကိုညိုချောမှာ ယခင်ဘဝတစ်ခုခုက အလွန်ချစ်သောချစ်သူနှစ်ဦး
အမှန်ပင် ဖြစ်ခဲ့ဟန်တူ၏ ။
ပြည့်ဖြိုးခေတ်၏စကားဆုံးသည့်အခါ ကိုညိုချော
ငြိမ်ကျသွားသည် ။ တောက်ပသောမျက်ဝန်းအစုံသည်လည်း တဖြည်းဖြည်း ညှိုး ရော်လာကာ မျက်ရည်တို့ဝိုင်းလာသည်
။
“ အချစ်ရယ်…အတိတ်ဘဝက မပေါင်းဖက်ခဲ့ရလို့ ဒီဘဝ ပေါင်းဖက်ဖို့အတွက်
ကိုယ် ကြံရွယ်မိတာပါ ။ ဒါပေမဲ့ ဖြစ်မှမဖြစ်နိုင်ဘဲလေ ။ ရပါ
တယ် ။ အချစ် စိတ်ချမ်းသာမယ်ဆိုရင် အစ်ကို စွန့်လွှတ်ရမှာပေါ့
။ ကဲ…သွားပေတော့ မာယာလေးရေ…”
ကိုညိုချောသည်
ပြည့်ဖြိုးခေတ်၏မျက်နှာကို ကြာမြင့်စွာစိုက်ကြည့်နေရာမှ တင်းကျပ်စွာဆုပ်ကိုင်ထားသောပြည့်ဖြိုးခေတ်၏လက်ကို
ဆတ် ခနဲလွှတ်လိုက်ကာ နောက်သို့ တရွေ့ရွေ့ တိုးဆုတ်ပျောက်ကွယ်သွား၏ ။ ကိုညိုချော ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက်
ပြည့်ဖြိုးခေတ် လည်း အိပ်မက်မှ လန့်နိုးလာခဲ့သည် ။ လန့်နိုးလာမှ သိလိုက်ရသည်က ပြည့်ဖြိုးခေတ်
အိပ်ပျော်နေသည်မှာ ကုတင်ပေါ်တွင် မဟုတ်ဘဲ ဘုရားစင်ရှေ့တွင် တရားထိုင်လျက် ငုတ်တုတ်ကြီး…။
ÀÀÀ
ဆုလာဘ်ထူး အကြံပေးသည့်အတိုင်း လုပ်ဆောင်ခဲ့သဖြင့်
ထိုညနောက်ပိုင်းတွင် ကိုညိုချောနှင့် ပတ်သက်သည့်အိပ်မက်များကို ထပ်မံ မမြင်မက်တော့သလို
မွှေးပျံ့သင်းသောပန်းပေါင်းရနံ့ကိုလည်း နောက်ထပ်မရရှိတော့ချေ ။ တစ်ပတ်ခန့်ကြာသည့်အခါ
ခင်ပွန်းသည်လည်း ပြန်ရောက်လာခဲ့သည် ။ အရာရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားချိန်တွင်
ပြည့်ဖြိုးခေတ် အိပ်မက်မက်ပြန်၏ ။ ဤတစ်ကြိမ်တွင် ပန်းခင်း ကျယ်ကြီး ခန်းမဆောင်ကြီးစသည့်
ကြည်နူးစရာများ မပါရှိတော့…။ အိပ်မက်ထဲတွင် ပကတိခြောက်ကပ်တိတ်ဆိတ်လျက်ရှိ၏ ။
“ ဟင်…ရှင်…အဲ…အစ်ကို …အစ်ကို ဘယ်လိုလုပ်ပြီး ကျွန်မကုတင်ဘေးကို
ရောက်နေရတာလဲ ။”
“ အစ်ကို အချစ်ကို လာနှုတ်ဆက်တာ ။ အစ်ကိုရဲ့လုပ်ရပ်တွေကြောင့်
အစ်ကို,ကို အထက်ကဆရာကြီးတွေ စိတ်ဆိုးသွားကြတယ် ။
ဒါ့ကြောင့် အစ်ကို,ကို သိုက်နေရာပြောင်းပြီး
တာဝန်ချလိုက်လို့ အစ်ကို သွားရတော့မယ် ။ အဲ့ဒါ အချစ်ကို လာနှုတ်ဆက်တာ ။ ဆရာ
ကြီးတွေကလည်း ဘဝချင်းခြားနေပြီဖြစ်တဲ့အချစ်ကို
မနှောင့်ယှက်စေချင်ကြဘူးလေ ။ အစ်ကို တောင်းပန်ပါတယ်ကွယ် ။ အချစ်ကို
အစ်ကို နှောင့်ယှက်ခဲ့တာ မဟုတ်ပါဘူး ။ ချစ်စိတ်
မပြယ်နိုင်သေးလို့ ကြံမိကြံရာလုပ်မိတာပါ ။”
“ အစ်ကို့ကို မာယာ နားလည်ပါတယ် ။ မာယာကြောင့် အစ်ကို
အခုလို နေရာပြောင်းရတဲ့အတွက် မာယာ စိတ်မကောင်းဘူး ။”
“ စိတ်မကောင်းမဖြစ်ပါနဲ့ ။ အစ်ကို သွားတော့မယ်
။ သြော်...တနင်္လာနေ့ကျရင် အိမ်ရှေ့ကို ထီသည်တစ်သည် လာလိမ့်မယ် ။ ထီသည်
လာရင် (က-၅၆၃၃၄၆)ဆိုတဲ့နံပါတ်ကို ထိုးဖြစ်အောင်ထိုးလိုက်
အချစ် ။ အချစ် ထီဆုကြီးပေါက်လိမ့်မယ် ။ အချစ် ရည်စူးတဲ့အတိုင်း
ကောင်းမှုကုသိုလ်တွေ ပြုနိုင်ပါစေလို့ အစ်ကို
ဆုတောင်းပေးပါတယ် ။”
ကိုညိုချောက
ပြောလိုသမျှကို ပြည့်ဖြိုးခေတ် မျက်ဝန်းအဝိုင်းသားနှင့် ကြောင်ငေးကြည့်နေမိခိုက် အိပ်မက်မှလန့်နိုးလာခဲ့သည်
။ လန့်နိုးနိုး ချင်း နဘေးတွင် ကိုညိုချော ရှိနေသေးသကဲ့သို့ ခံစားမိသဖြင့် အသည်းတုန်အူတုန်နှင့်
ဖျတ်ခနဲလှည့်ကြည့်လိုက်ရာ ကုတင်ဘေးတွင် မည် သူမျှ မရှိပေ ။ ထိုအခါမှ စိတ်နှလုံး ဒုန်းဒုန်းချရင်း
အိပ်မက်ကို ပြန်စဉ်းစားမိသည် ။ ချက်ချင်း ခေါင်းအတွင်းသို့ ဝင်ရောက်လာသည်က ထီနံ ပါတ်…။
(က-၅၆၃၃၄၆)…တနင်္လာနေ့တွင် ထီသည် လာပါက ထိုးဖြစ်အောင်ထိုးရမည် ။ ပေါက်မပေါက်ကတော့ ကံဇာတ်ဆရာ၏ပဉ္စလက်
သာ မဟုတ်ပါလား ။
ÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀÀ
“ အစ်မ ထီထိုးဖြစ်ခဲ့လား ။”
ကျွန်မက
သိလိုစိတ်စောကာ မပြည့်ဖြိုးခေတ် စကားရပ်လိုက်သည့်အခိုက် မေးကြည့်မိသည် ။ မပြည့်ဖြိုးခေတ်က
ပြုံးတုံ့တုံ့မျက်နှာလေးနှင့်
“ ထိုးဖြစ်တယ် ညီမ ။ ပေါက်လည်းပေါက်တယ် ။ သိန်း၁၅၀၀တော့
မဟုတ်ဘူးပေါ့ ။ ဒါပေမဲ့ သိန်း၃၀ဆိုတာလည်း အစ်မတို့လိုဘဝတွေ
အတွက်တော့ မနည်းဘူး ညီမရဲ့ ။ အဲဒီငွေကို ရင်းနှီးပြီး
ကြိုးစားလာခဲ့လို့လည်း အခုလို အချိန်တိုအတွင်း ကိုယ်ပိုင်အိမ်လေးနဲ့ နေနိုင်
စားနိုင်နေတာပေါ့ ။ ကိုညိုချောရဲ့ကူညီဖေးမမှုကြောင့်ပေါ့ကွယ်
။ အစ်မယောက်ျားကတော့ ရယ်စရာပြောတတ်ရဲ့ ။ ဘာတဲ့…သူ့အရင်
ဘဝကရည်းစားကမှ ငါထက် ရှာကျွေးနိုင်သေးတယ်တဲ့
။”
စကားဆုံးတော့
မပြည့်ဖြိုးခေတ် ရယ်သည် ။ သူမ၏စကားအပေါ် သူမ သဘောကျနေဟန်တူ၏ ။ ကျွန်မလည်း ရောယောင်ကာ
ပြုံးလိုက် ရင်း...
“ အဲ့ဒီနောက်ပိုင်း ကိုညိုချောဆိုတဲ့လူကို အစ်မ
အိပ်မက်မက်သေးလား ။ ကိုညိုချောက အစ်မကို ဆက်သွယ်သေးလား ။”
“ သိန်းဆုပေါက်ပြီး မကြာဘူး ။ အစ်မတို့ အဲဒီအိမ်လေးက
ပြောင်းပြီး ဒီကိုရောက်လာတာပဲ ။ ဒီမှာပဲ အစ်မတို့ ခြံမြေလေးဝယ်ပြီး စီးပွား
ရေးလုပ်ဖြစ်တယ် ။ ထီနံပါတ်ပေးတဲ့အိပ်မက် မြင်မက်ပြီးတဲ့နောက်
ကိုညိုချောကို အစ်မ အိပ်မက်မမက်တော့တာ လွန်ခဲ့တဲ့သုံးလ
အထိပဲ ။ အင်း…အတိအကျပြောရရင် သူ့ကို အိပ်မက်မမက်တာ
ငါးနှစ်ကျော်ခဲ့ပြီ ။”
“ ဟင်…ဒါဆို အစ်မ ကိုညိုချောကို အိပ်မက်ထပ်မက်သေးတယ်ပေါ့
။”
“ ဟုတ်တယ် ညီမ ။ နောက်ပြီး အခု အစ်မပြောပြတဲ့အဖြစ်အပျက်မှာ
နမူနာယူစရာ သံဝေဂရစရာလေးတွေ ပါလို့လည်း အခုလို ညီမကို
အသေးစိတ် ပြောပြနေမိတာ ။ သံသရာဟာ သိပ်ကြောက်စရာကောင်းတယ်
ညီမ ။ သံသရာလည်နေသမျှကာလပတ်လုံး လူတွေဟာ
တစ်ယောက်နဲ့တစ်ယောက် အမျိုးမျိုးတော်စပ်နေကြရမှာပဲ
။ အဲဒါကြောင့် ဘယ်တော့မှ ဆုတောင်းမမှားစေနဲ့ ။”
“ အစ်မ ပြောတာနဲ့ ညီမ အရမ်းစိတ်ဝင်စားလာပြီ ။ သေချာပြောပါဦး
အစ်မရယ် ။”
“ ပြောပြမယ် ညီမ ။ လွန်ခဲ့တဲ့သုံးလလောက်က အစ်မ
ကိုညိုချောကို အိပ်မက်မက်တယ် ။ ကိုညိုချောက မျက်နှာဝင်းပပနဲ့ အစ်မဆီ
ရောက်လာပြီး မာယာရေ…အစ်ကိုတော့ မာယာနဲ့ နေခွင့်ရတော့မယ်
။ အစ်ကိုကို ဆရာကြီးတွေက ခွင့်ပြုလိုက်ကြပြီ ။ အစ်ကို မာယာ
ရဲ့အိမ်မှာ နေချင်တယ်လို့ လာပြောတယ် ။ အစ်မလည်း
အတော်စဉ်းစားရကျပ်သွားတယ် ။ လင်ယောက်ျားရှိလျက်သားနဲ့ အတိတ်ဘဝ
ဟောင်းကတော်စပ်ခဲ့တဲ့ခင်ပွန်းလောင်းကို အိမ်ခေါ်ထားဖို့ဆိုတာ
မဖြစ်သင့်ဘူးလေ ။ ဒီတော့…မာယာ ဘယ်လိုလုပ်ခေါ်ထားလို့ ရပါ့
မလဲ ။ မာယာ့အမျိုးသားက ဆူမှာပေါ့လို့ပြန်ပြောတော့
သူက … သူ မဆူအောင် ခေါ်ထားလို့ရပါတယ် ။ အစ်ကို ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်
မာယာ့အနားမှာ နေပါရစေလို့ဆိုရင်း တဖြည်းဖြည်းသေးပြီး
ကလေးလေးဖြစ်သွားတဲ့အချိန်မှာပဲ အစ်မ အိပ်မက်က လန့်နိုးလာခဲ့တယ် ။
အခု အစ်မဆီမှာ ကိုယ်ဝန်သုံးလရှိနေပြီ ။”
“ ဟင်…ဒါ…ဒါဆို ကိုညိုချောက …”
“ ဟုတ်တယ် ညီမ ။ ဒါ့ကြောင့်လည်း ဆုတောင်းမမှားစေနဲ့လို့
အစ်မ ပြောတာ ။ လူတွေက ဆုတောင်းတတ်ကြတယ် ။ အထူးသဖြင့်
အရမ်းချစ်ကြတဲ့ချစ်သူတွေ ။ ဘဝဆက်တိုင်း ပေါင်းရပါစေလို့
ဘုရားမှာ ဆုတောင်းတတ်ကြတယ် ။ အကယ်လို့ အခုလိုမျိုး နောင်ဘဝ
မှာ သားအမိ သားအဖ ဆွေမျိုးတော်စပ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ
။ ကိုယ်မှ သံသရာကို မမြင်နိုင်တာ ။ တော်သေးတာပေါ့ ။ နောင်
ဘဝ ပေါင်းရပါစေလို့ အစ်မ ဆုမတောင်းရသေးလို့သာပေါ့
။ ကဲ…အဖြစ်အပျက်အစုံကတော့ ဒါပဲ ညီမရေ ။”
မပြည့်ဖြိုးခေတ်က
အပြုံးချိုချိုဖြင့်ပင် စကားကို အဆုံးသတ်လိုက်ကာ လက်ကျန်အအေးကို တစ်ငုံငုံ့သောက်လိုက်ပြီး
နှုတ်ဆက်ထွက်ခွာ သွားသည် ။
သူမမှာ ကျွန်မ၏အိမ်နီးနားချင်းဖြစ်သည် ။ ကိုညိုချောတစ်ဖြစ်လဲ
မပြည့်ဖြိုးခေတ်၏ရင်သွေးလေး မွေးဖွားလာသည့်အခါ အတိတ်ဘဝကို မှတ်မိနေလေမလား…။ ကိုညိုချောကို
စိတ်စွဲလန်းပြီးများ မပြည့်ဖြိုးခေတ် အိပ်မက်မြင်မက်ခဲ့ခြင်းလား…။ မပြည့်ဖြိုးခေတ်၏
ယောင်းမဖြစ်သူ ဆုလာဘ်ထူးကရော မည်သို့သောအကြောင်းအရာများကို ခံစားသိရှိဦးမလဲ…စသဖြင့်
ကိုယ်ဝန်ဆောင်မပြည့်ဖြိုးခေတ်၏ကျောပြင်ကို ငေး ကြည့်ရင်း စာရေးသူကျွန်မ အတွေးပင်လယ်ဝေသွားမိပါတော့သည်
။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။