Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

သဘာဝအလှတရားများဖြင့် တင့်တယ်နေသောဒေသ သို့မဟုတ် ကျိုက္ခမီ


👉 ၂၁/၁၀/၂၀၁၇ထုတ် စံတော်ချိန်သတင်းစာတွင် ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည် 💥💥💥




 ဒီရေတောနှင့် ကျိုက္ခမီရေလယ်ကျောင်းတော်ကြီး


ကမ်းပါးယံထက်တွင် ပါက်ရောက်နေသော-ညောင်ပင်ကြီးကို မော့ကြည့်နေရာမှ ညာဘက်ဆီသို့ အကြည့်ဖြန့်ကျက်မိတာ့ ပင်လယ်ပြင်ကျယ်က ခံ့ခံ့ထည်ထည်ကြိုလင့်နေသည့်အလား မျက်စိတဆုံး ။ ရပ်ကြည့်နေခိုက်မှာပဲ တရွေ့ရွေ့သွားလာနေသော သင်္ဘောငယ်နှင့်သမ္ဗန်/လှေများကို တစ်စီးစနှစ်စီးစတွေ့မြင်ရသည် ။ နီညိုရောင်ဂဝံမြေကြောင့် ကမ်းခြေ၏မြင်ကွင်းသည် တမူထူးခြား လျက်ရှိသလို စိမ်းဖန့်ဖန့်အဆင်းရှိသော-ဒီရေတောများကလည်း သဘာဝအလှကို လှစ်ဟပြသနေသည့်အလား မျက်စိပသာဒဖြစ်ဖွယ်ရာပင် ။ ခပ်လှမ်းလှမ်းမှာတော့ နေရောင်အောက်၌ ရွှေဝါရောင်တဖိတ်ဖိတ်တောက်လျက်ရှိသော ရေလယ်တွင် စံပယ်နေသည့် ဘုရားကျောင်းတော်ကြီး ။



 ကမ်းပါးနှင့် ညောင်ပင်

 အလှတရားမှာ မြောပါသွားကြသူများ 😉


ကမ်းခြေသို့ ဆင်းခဲ့သည့်-လှေကားထစ်များအတိုင်း ပြန်တက်လာသည့်အခါ ပတ်ဝန်းကျင်၌ ပထမဆုံးသတိပြုမိသည်က လွတ်လပ်ရေးကျောက်တိုင်ပါ ။ ကျောက်တိုင်၏သုံးပုံတစ်ပုံခန့်အမြင့်တွင် မြန်မာနိုင်ငံ၏လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ရုပ်ပုံကို တွေ့ရသည် ။ အဖြူရောင်ခြယ်ထားသောစည်းရိုးနှင့်ကျောက်တိုင်က အပြာရောင်ပင်လယ်ပြင်နောက်ခံ၌ သက်ဝင်ကြွတက်လျက်ရှိရာ အစိမ်းရောင်သစ်ပင်များကလည်း ၄င်းမြင်ကွင်းကို ပံ့ပိုးပေးနေသယောင် ။



ကျောက်တိုင် ၊ ပင်လယ်နှင့် သစ်ပင်များ


လှပခံ့ညားစွာ တည်ရှိနေသော လွတ်လပ်ရေးကျောက်တိုင်

 လွတ်လပ်ရေးကျောက်တိုင်ဘေးက မြေနီလမ်းကလေး



ကျောက်တိုင်နံဘေးရှိ နိမ့်ရာမှနေ ပြေပြေလေး မြင့်တက်သွားသည့်မြေနီလမ်းအတိုင်း ခြေလှမ်းစိပ်စိပ်လျှောက်လာလိုက် တော့ မုဒ်ဦးဝပေါ်တွင် အမြီးချင်းဆိုင်ထားသောနဂါးနှစ်ကောင်ရုပ်ထုကို ဦးစွာပထမ တွေ့မြင်လိုက်ရပါ၏ ။
ကျွန်မ ရောက်ရှိနေသည့်နေရာက ကျိုက္ခမီရေလယ်ဘုရားဖြစ်သည် ။ 
မွန်ပြည်နယ်ထဲက တစ်ခုအပါအဝင် ဖြစ်သောကျိုက္ခမီ မြို့သည် မော်လမြိုင်မြို့၏တောင်ဘက်(၅၅)မိုင် ၊ သံဖြူဇရပ်မြို့၏အနောက်မြောက်ဘက်(၁၅)မိုင်အကွာတွင် တည်ရှိသည် ။ ကျိုက္ခမီ မြို့၏အကျယ်အဝန်းမှာ တောင်နှင့်မြောက် အလျား(၄)မိုင်ခန့် ၊ အရှေ့နှင့်အနောက်(၂)မိုင်(၁)ဖာလုံခန့် ၊ စတုရန်းမိုင်ပေါင်း(၈.၃၆)မိုင် ခန့် ၊ မြေဧရိယာအားဖြင့် (၅၃၅၀)ဧကရှိကြောင်း လေ့လာမှတ်သားဖူး၏ ။ 
ရာသီဥတုပုံစံက ပင်လယ်ကမ်းခြေဒေသဖြစ်သည်နှင့်အညီ အပူအအေးမျှတပြီး ရှုခင်းကလည်း လှ ၊ လေကောင်းလေသန့်ကလည်း ရသဖြင့် ကိုလိုနီခေတ်ကဆိုလျှင် နိုင်ငံခြားသားများ အခြေချ နေထိုင်ခဲ့သော နယ်ပိုင်မြို့ပိုင်များ ရုံးစိုက်ရာ မြို့ဟောင်းတစ်မြို့လည်း ဖြစ်ခဲ့ဖူးကြောင်း ၊ ယခုထက်တိုင်  နှစ်တစ်ရာခန့်သက်တမ်း ရှိသော ကိုလိုနီအဆောက်အဦးများက ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်နေဆဲဖြစ်ကြောင်း သိရသည် ။


 
 ကျိုက္ခမီရေလယ်ဘုရား၏ ရေကျချိန်တွေ့မြင်ရသောမြင်ကွင်း


 
 ရေတက်လာချိန် ညနေခင်း မြင်ကွင်း



တရုတ် ဂျပန် ကိုရီးယား ဗီယက်နမ် ကမ္ဘောဒီးယား ထိုင်းနှင့် အာရှတိုက်အတွင်းရှိ အခြားနေရာဒေသများမှ စေတီပုထိုး ဘုရားဆင်းတုတော်များကဲ့သို့ပင် ကျိုက္ခမီရေလယ်ဘုရားသည်လည်း ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်နေသောနေရာတစ်ခုအဖြစ် ထင်ရှားလျက်ရှိရာ ရှေးဟောင်းဘုရားကျောင်းများ၏ဗိသုကာလက်ရာများကို စိတ်ပါဝင်စားသူများအနေဖြင့်သာမက သဘာဝအတိုင်း တည်ရှိနေသောအလှတရားများကို ကြည့်ရှုခံစားလိုသူများအတွက်ပါ ကျိုက္ခမီဟာ သွားရောက်လည်ပတ်သင့်သည့် ဘူမိနက်သန် တစ်ခုဟုဆိုလျှင်လည်း မမှားနိုင်ပါ ။

 
 ကျိုက္ခမီရေလယ်ကျောင်းတော်ကနေ လှမ်းမြင်ဖူးတွေ့နိုင်သည့် ကုန်းတော်ပေါ်ရှိ စေတီတစ်ဆူ



သက္ကရာဇ်(၂၃၇)ခုနှစ်၌ သီဟိုကျွန်းရှင်-သီရိဓမ္မာသောကမင်းသည် ဗုဒ္ဓသာသနာအတွန့်ရှည်ပြန့်ပွားစေရေးအတွက် ရုပ်ပွား တော်လေးဆူကို ပင်လယ်ပြင်တွင် အဓိဋ္ဌာန်ပြုမျှောစေခဲ့ရာ တစ်ဆူမှာ ကျိုက္ခမီမြို့သို့ ဆိုက်ရောက်ခဲ့ကြောင်း အထောက်အထားများမှ တဆင့် သိရှိမှတ်သားဖူးသည်နှင့်အညီ ကျိုက္ခမီရေလယ်ဘုရားသည် ဆန်းကြယ်ရှည်လျားသောသမိုင်းဂုဏ်အင်ကို ပိုင်ဆိုင်ထားသည် ဟု ဆိုရပေလိမ့်မည် ။ 

မုဒ်ဦးဝကို ကျော်ဖြတ် ၊ လျှောက်လမ်းအတိုင်း ဆက်ခဲ့သည့်အခါ ရှည်လျားသောစောင်းတန်းကြီးကို ခံ့ညားစွာတွေ့မြင်ရပါ သည် ။ ယင်းစောင်းတန်းကြီးသည် ကုန်းဘောင်နှင့် ရေလယ်ဘုရားကျောင်းအကြား ဆက်သွယ်ထားသောအရာပင်ဖြစ်၏ ။ အုတ်လှေ ကားဆောင်မှာ ပေ(၁၀၀) ရှည်လျားပြီး ကမ်းခြေမှနေ ဘုရားကြီးအရောက် (၇၁၈)ပေ ရှိကြောင်း သိရသည် ။ ရေလယ်မှာ ဆန်းဆန်း ကြယ်ကြယ်သီတင်းသုံးစံပယ်နေသော ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် ရေလယ်ဘုရားကြီး၏အသွင်အပြင်တော်မှာ မည်သို့ ရှိလေမည်နည်း ။ ထိုအဖြေကို မသိရခင်တွင် စောင်းတန်းတလျှောက် တွေ့မြင်ရမည်ဖြစ်သော ဇရပ်ကြီးနှင့် သိမ်တော်ကြီးမှာ လည်း အံ့ချီးဖွယ်ရာပါပဲ ။

 
 စောင်းတန်းကြီးနှင့် ဇရပ်ကြီးများ



ကုန်းတော်မှ ဘုရားကျောင်းတော်သို့သွားရာ စောင်းတန်းကြီး၏လက်ဝဲဘက်တွင် ဇရပ်ကြီး(၄)ဆောင်နှင့် လက်ယာဘက် တွင် ဇရပ်ကြီး(၂)ဆောင်ရှိသည် ။ သစ်သားဖြင့်ဆောက်လုပ်ထားသော ခြေတံရှည်ဇရပ်ကြီးများဖြစ်ရာ လှိုင်းဒဏ် လေဒဏ် မိုးဒဏ်တို့ ကို အပြင်းအထန်ကြံ့ကြံ့ခံနေရသဖြင့် မကြာခဏပြုပြင်ထိန်းသိမ်းနေရပေလိမ့်မည် ။ သိမ်တော်ကြီးကမူ အုတ်တိုက်အဆောက်အအုံ ဖြစ်၏ ။ စောင်းတန်းကြီး၏လက်ယာဘက်တွင် တည်ရှိပြီး သင်္ဘောသဏ္ဍာန်တည်ဆောက်ထား၍ ရေတက်လာချိန် ဝင်ရောက်လေ့လာ ပါက ခုတ်မောင်းနေသောသင်္ဘောကြီးတစ်စီးပေါ် ရောက်ရှိနေသကဲ့သို့ ခံစားရပေမည် ။ ဟုတ်ပါသည် ။ ထိုကဲ့သို့ပင် ခံစားရပါသည် ။
ပင်လယ်ရေ တက်နေလေပြီ ။ ရွှေဝါရောင်တိုင်လုံးကြီးများ၏အဆုံး စောင်းတန်းရှည်၏အနားသတ်နေရာသို့ ရောက်သည့် အခါ စိတ်လှုပ်ရှားဖွယ်တွေ့မြင်လိုက်ရသည်က တလိပ်လိပ်,တက်လိုက်ဆင်းလိုက်လုပ်နေသော ဒီလှိုင်းရေများ ။ ဘုရားဖူးခရီးသည် အများစုသည် ရေတက်ချိန်အတွက် အထူးဆောက်လုပ်ထားသော လက်ယာဘက်ခြမ်းရှိ စောင်းတန်းအတိုင်း ဆက်သွားကြပေမဲ့ တချို့တလေကမူ ဒီလှိုင်းများကြားမှ ဖြတ်သန်းသွားကြသည်ကို တွေ့ရ၏ ။ အပြုံးမျက်နှာ အရယ်မျက်နှာများဖြင့် ။ စိတ်လှုပ်ရှားစွာ ဖြတ်သန်းခဲ့ရသည့်အတွက် သူတို့ ပျော်နေကြပုံရသည် ။



ဒီရေလှိုင်းကြား ဖြတ်သန်းသွားသူများ၏ အပြုံးမျက်နှာ



ဖူးတွေ့ရပါပြီ … ။ မူလရုပ်ပွားတော်မြတ်အား အတွင်း၌ ဌာပနာထားပြီး ကိုယ်စားတော်တစ်ဆူကို နဂါးရုံပုံစံဖြင့် တည်ထား လျက် ပတ်ပတ်လည်၌ ရုပ်ပွားတော်ကြီးငယ် အဆူ(၂၀)ကို ဝန်းရံထုလုပ်ထားသည် ။ ဓမ္မတရားတော်မြတ်၏ သိအပ်လေ့လာဖွယ်ရာ သစ္စာလေးပါး ၊ မဂ္ဂင်ရှစ်ပါး ၊ ဂုဏ်တော်ကိုးပါးတို့ကို ရည်စူး၍ (၂၁)ဆူတည်ထားပူဇော်ခြင်းဖြစ်ကြောင်း သိရ၏ ။ ခေတ်အဆက်ဆက် ယုံကြည်ခဲ့ကြသည့်စည်းကမ်းများအရ ကျိုက္ခမီရေလယ်ဘုရားကြီး၏ကန္ဓကုဋီတိုက်ပေါ်သို့ အမျိုးသမီးများတက်ခွင့် မရှိပါ ။ 



 အမျိုးသမီးများအတွက် တည်ဆောက်ထားသော ဘုရားရှိခိုးကျောင်းတော်မှနေ ဘုရား(၂၁)ဆူအား လှမ်းမြင်ဖူးတွေ့ရပုံ


အသက်ဝင်လှတဲ့ နဂါးရုပ်ထုကြီးနှင့်အတူ  


 အမျိုးသမီးများအတွက် ဘုရားရှိခိုးကျောင်းတော်



ပင်လယ်ပြင်က ပတ်လည်ဝိုင်းနေ၏ ။ ဘုရားကျောင်းတော်၏အောက်ထပ်၌ ခရီးသွားဧည့်သည်တို့ နားခိုအပန်းဖြေချင်စရာ ရင်ပြင်ကျယ်ကြီး ရှိသည် ။ ထိုရင်ပြင်ကျယ်တွင် ခရီးသည်အများစု ရည်စူးသောအလုပ်မှာ ငါးစာကျွေးခြင်းပင် ။ ဘုရားဖူးငါးများဟု ခရီးသွားဧည့်သည်တို့ ယုံကြည်လေ့ရှိသော ပင်လယ်ပြင်ထဲမှ ငါးကြီးများအား ပေါင်မုန့်/ဝေဖာ…အစရှိသောအစာတို့ကို ကျွေးမွေးခြင်း အလုပ်သည် ပျော်မွေ့ဖွယ်ကောင်းလှသည် ။ ကြည့်မြင်ရသူအဖို့ပင် ကြည်နူးစရာကောင်းနေသည် ။ 




 ငါးစာကျွေးသူများနှင့် ပျော်မြူးနေသောငါးများ



 ငါးစာကျွေးနေသော ကိုရင်လေး

ဒါနကုသိုလ်ဖြင့် ပျော်မွေ့နေသူတစ်ဦး

ငါးစာကျွေးသူများ


            ညနေစောင်း၍ ရေကျသွားချိန်မှာတော့ ဤတစ်နေ့တာအတွက် နောက်ဆုံးလေ့လာစရာအဖြစ် သွားရောက်ဖြစ်ခဲ့သည်က ရှင်ဥပဂုတ္တမထေရ်မြတ်ရုပ်ထု သီတင်းသုံးတော်မူရာ စံကျောင်းတော်သို့ ဖြစ်၏ ။ ယင်းက ပင်လယ်ပြင်အတွင်းရှိ ဂါရံကျောက်ဆောင် ပေါ်တွင် တည်ရှိနေသည် ။ လှမ်းကြည့်လျှင် မြင်နေရသော်ငြား ခရီးက မနီးလှ ။ သို့ပေမဲ့ ညနေဆည်းဆာ၏အလှက သွားရကျိုးနပ်ပါ ပေရဲ့ဟု ရေရွတ်မိလောက်အောင်ပင် ။ လိမ္မော်နီရောင်တိမ်စိုင်တောက်တောက်တွေက တိမ်မြုပ်ခါနီးနေမင်း၏သွေးစက်များအလား ကောင်းကင်ယံကို အုပ်မိုးထားကြသည် ။ နေမင်းက ပြာလဲ့လဲ့ပင်လယ်ပြင်ထဲ ခေါင်းနစ်စပြုနေပါပြီ ။ 
- တစ်နေ့တာ၏နှုတ်ဆက်ခြင်းဆည်းဆာချိန်က လူ့စိတ်ကို အလိုလိုလွမ်းမောဆွေးမြေ့စေသလား ……



ဆည်းဆာအလှ

ဆည်းဆာအောက်က စံကျောင်းတော်နှင့် ဘုရားဖူးခရီးသည်အချို့


တစ်ခုသော ရှင်ဥပဂုတ္တမထေရ်မြတ်ရုပ်ထု၏ မနက်ခင်းမြင်ကွင်း


ရေတက်ချိန် ... ပင်လယ်ရေတွေ တဖွေးဖွေး 

            ရှင်ဥပဂုတ္တမထေရ်မြတ်(ရုပ်ထု)သည် ပင်လယ်ပြင်ထက်ကစံကျောင်းပေါ်တွင် တစ်ပါးတည်း အေးဆေးစွာသီတင်းသုံးနေပါ သည် ။ ဖြူလွလွဘော်ငွေရောင်သဲသောင်ပြင်၏အလယ်တွင် ကြိုကြားကြိုကြားပေါ်ထွက်နေသော လှိုင်းလေဒဏ်ကို အံတုရင်ဆိုင်နေ ရသည့် နံဘေးပတ်လည်ကကျောက်တောင်ကျောက်တန်းများကို ဝေ့ဝဲကြည့်ရင်း ငေးမောနေရာမှ သတိရသွားသည့်အခါ နေလုံးကို မမြင်ရတော့ပါ ။ ကျန်ရစ်ခဲ့သည်က ဆည်းဆာခြယ်တိမ်စိုင်ခဲများသာ ။ သို့တိုင် ပတ်ဝန်းကျင်သည် လှပလင်းလက်နေဆဲ ။




ထွေးပွေ့ထားချင်စရာ ဆည်းဆာအလှ



            နေဝင်သွားခဲ့ပါပြီ ။ မနက်ဖြန် သွားရောက်လေ့လာရန် ရည်စူးထားသည့် ဆင်ပုန်းဂူဘုရား၊ စက်စဲကမ်းခြေနှင့် view pointတို့ အတွက် ခွန်အားမွေးရဦးမည်မို့ အနားယူအိပ်စက်ရန် တည်းခိုခန်းသို့ ပြန်လာခဲ့ပါတော့သည် ။




           
                                                                                                              စေတနာရှေ့ထားလျက်… 😎
                                                                                                                      ဂါဦးနွန်းကို 


Please visit facebook page >> www.facebook.com/writer.GONK  👏👏👏