Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ဂမုန်းကျိန်စာ



ဂမုန်းကျိန်စာ

 

( ၂၀၁၄ ဧပြီလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )

 

ဂါဦးနွန်းကို .... ရေးသည် ။

--------------------------------------------------------------------


      ဟုတ်ကဲ့…ကျွန်တော့်နာမည် သိန်းအောင်ပါ ။ မောင်ဘုန်းနဲ့ကျွန်တော်က သူငယ်ချင်းတွေပါ ။ အကြီးမြတို့အိမ်ကို မောင်ဘုန်းရောက် တာ သုံးလေးနှစ်ရှိပြီထင်တယ် ။ ရောက်လို့မှမကြာ ကျွန်တော်နဲ့သူက ဘဝချင်းကလည်း တူ ၊ ခြံချင်းကလည်း ကပ်လျက်ဆိုတော့ တစ် ယောက်နဲ့တစ်ယောက် မြင်ဖန်များပြီး ခင်သွားကြတာပါ ။ သူက လူရိုးလူကောင်းပါ ။ သဘောလည်း ကောင်းပါတယ် ။ အကြီးမြဆီက မုန့်ဖိုးရတိုင်း လက်ဖက်ရည်ဆိုင်ခေါ်သွားပြီး ကျွန်တော့်ကို လက်ဖက်ရည်တိုက် ၊ မုန့်ကျွေးပါတယ် ။ သူက ဘာပဲလုပ်လုပ် တောသားပီပီ ဖင်ပေါ့တော့ အကြီးမြက သဘောကျပြီး သူ့ကို မကြာမကြာ မုန့်ဖိုးပေးပါတယ် ။ သူကတော့ မုန့်ဖိုးရတာနဲ့ စုမယ်ဆောင်းမယ်တွေးပုံ မရပါ ဘူး ။ အားတာနဲ့ ကျွန်တော့်ကိုလှမ်းခေါ်ပြီး လက်ဖက်ရည်ဆိုင် ပြေးတော့တာပဲ ။ ဟုတ်တယ်…သူက လက်ဖက်ရည် ကြိုက်တယ် ။ ဒါ ပေမဲ့ ကျွန်တော့်အထင်ပြောရရင် သူက လက်ဖက်ရည်ထက် လက်ဖက်ရည်ဆိုင်က ဈေးကြီးကြီးနဲ့ဝယ်စားရတဲ့ ကိတ်မုန့်ပေါင်မုန့်တွေကို ပိုကြိုက်ပုံ ရတယ် ။ မုန့်ဖိုးများများစားစားရတဲ့နေ့ဆို ကျွန်တော်တို့စားရခဲတဲ့ ဘာတာကိတ်(better cake)ဆိုလား…အဲ့ဒါကို ဝယ်စားတတ် ပါတယ် ။ ခင်ဗျာ ! သြော်…ဆရာက သူ့မှာ ရည်းစားသနာ ရှိမရှိ သိချင်လို့လား ။ အာ…မရှိပေါင် ဆရာရယ် ။ သူက ရိုးရုံမကဘူး… အ,လည်းအ,တယ် ။ ချစ်တာတွေဘာတွေ သိပ်နားလည်ပုံ မရဘူး ။ ကျွန်တော့်မှာတောင် ကြိတ်ကြိုက်နေရတဲ့ကောင်မလေးတစ်ယောက် ရှိသေးတယ် ။ ရပ်ကွက်ထိပ် ကွမ်းယာဆိုင်က ဖြူပြာဆိုတဲ့တစ်ယောက်လေ ။ ဟုတ်… ဟုတ်ကဲ့…အမှုနဲ့မဆိုင်တာတွေ မပြောတော့ပါဘူး ဆရာ ။ မောင်ဘုန်းက ဘယ်အရာကိုမှ စွဲစွဲလန်းလန်းထားတတ်ပုံ မရဘူး ။ အဲ… သူ စွဲစွဲလန်းလန်းဖြစ်နေတာ တစ်ခုတော့ ရှိတယ် ။ အဲ့ဒါက နည်းနည်းတော့ အူကြောင်ကြောင်ဆန်မလားပဲ ။ အမှုနဲ့ ဆိုင်မဆိုင်တော့ ကျွန်တော်လည်း မပြောတတ်ပါဘူး ။ ဒါပေမဲ့ ကျွန် တော် သိသလောက် အကုန်ပြောပြရရင် မောင်ဘုန်းက အလှသစ်ပင်တွေကို မုန်းတယ် ဆရာ ။ သူက ဆင်းရဲတဲ့ဘဝမှာ ကြီးပြင်းလာခဲ့ရ တဲ့သူဆိုတော့ သူဌေးတွေရဲ့ ဇိမ်ခံပစ္စည်းတွေ ၊ အလုပ်မရှိအလုပ်ရှာကိစ္စတွေကို စိတ္တဇလိုကို မုန်းတီးနေတာ ။ ဒီအထဲမှာ အလှပန်းပင် တွေလည်း ပါတယ် ။ သူ့က စားမရသောက်မရတဲ့အပင်တွေကို မျက်စိပသာဒဖြစ်ဖို့အတွက် အပင်ပန်းခံပြီး စိုက်ပျိုးစရာ မလိုဘူးလို့ တွေး ထားပုံရတယ် ။ ကျွန်တော်နဲ့ဆုံတိုင်း သူ ပြောတတ်တာက ‘ ကြီးမြတို့များ သိပ်ခက် ။ အလုပ်မရှိ အလုပ်ရှာပြီး ဒီဂမုန်းတွေကိုပဲ တစ်နေ့ တစ်နေ့ ဂရုစိုက်နေတယ် ။ ငါတော့ အကုန်ခုတ်သတ်ပစ်ချင်တော့တာပဲ…’တဲ့ ။ သူ ပြောတာ ဂမုန်းပင်တွေကိုနော် ဆရာ ။ အကြီးမြကို တော့ ကျေးဇူးရှင်တစ်ယောက်မို့ အမေလိုအဘွားလို သိပ်ချစ်ရှာပါတယ် ။ နောက်ပြီး သူနဲ့ကလည်း ဆွေမကင်းမျိုးမကင်းရယ်ပါ ။ အယ်… ကျွန်တော့်စကားတွေက ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ …တောင်းပန်ပါတယ် ဆရာ ။ ဗျာ ! အာ…ဒါတော့ မဖြစ်နိုင်ဘူး ဆရာ ။ သူ့ကို လုပ်ကြံချင်တဲ့လူရှိလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး ။ သူက စကားတောင် ဟဟပြောတဲ့ကောင် မဟုတ်ဘူးခင်ဗျာ့ ။ ရန်လည်း တစ် ခါမှ မဖြစ်ဖူးဘူး ။ ဒီတော့ သူ့ကို မုန်းတဲ့လူကြည့်မရတဲ့လူ ရှိမယ်မထင်တာ အမှန်ပါ ။ ဟာ…ဟုတ်ပြီ ။ ကျွန်တော် တစ်ခုသတိရလိုက်ပြီ ။ လွန်ခဲ့တဲ့နှစ်ရက်သုံးရက်က သူ ကျွန်တော့်ကို စကားတစ်ခွန်းပြောဖူးရဲ့ ။ ဘာတဲ့… ‘ ငါတော့ ဂမုန်းကျိန်စာသင့်နေပြီလား မပြောတတ်ဘူး ။ ခုရက်ပိုင်း အိပ်မက်တွေ မကောင်းဘူး…’တဲ့ ။ သူ့စကားက ဘာအဓိပ္ပါယ်လဲဆိုတာ ကျွန်တော် မသိပေမဲ့ သူ့ပုံစံက တော်တော်ထိတ်လန့် နေပုံပဲ ။ သြော်…နောက်ပြီး သူ နောက်ဆုံးပြောသွားတဲ့စကားကလည်း ဂမုန်းကျိန်စာ…တဲ့ ။ ဘာကိုဆိုလိုမှန်း ကျွန်တော်တော့ နားမလည် နိုင်ပါဘူးဗျာ ။ ဟုတ်ကဲ့… ကျွန်တော်သိတာ ဒါအကုန်ပါပဲ ဆရာ ။
{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{{

ဇာတ်လမ်းအစ

  ပန်းပင်တွေကို ရေလောင်းရင်း ရေပိုက်တွင်းမှ တဖွားဖွားဖြာထွက်ကျဆင်းသွားသောရေစက်ရေပေါက်များကို ငေးကြည့်လျက် မောင် ဘုန်း လူတွေ၏အကြောင်း စဉ်းစားခန်း ဝင်နေမိသည် ။
   ‘သြော်…လူတွေ လူတွေ…ကောင်းတာလည်း သူတို့ပဲ ။ ဆိုးတာလည်း သူတို့ပဲ ။ ကမ္ဘာကြီးကို ထိန်းသိမ်းတာလည်း သူတို့ပဲ ။ ကမ္ဘာကြီး
   ကို ဖျက်ဆီးတာလည်း သူတို့ပါပဲလား ။ တစ်လုပ်စားဖူး သူ့ကျေးဇူး အထူးသိတတ်တဲ့လူတွေ ရှိသလို ၊ ဘယ်သူသေသေ ငတေမာပြီး
   ရောအတွေးနဲ့ ကျေးဇူးကန်းတဲ့လူတွေလည်း အများသား ။ တခြားမကြည့်နဲ့…ငါ့သူငယ်ချင်းအောင်တိုးကိုပဲကြည့်…။ မိဘတွေက ဖူးဖူး
   မှုတ် အလိုလိုက်ထားတာကို ကျေးဇူးမတင်တဲ့အပြင် သူ သုံးလို့ဖြုန်းလို့ စီးပွားပျက်သွားတာတောင် အားနာရကောင်းမှန်း မသိဘဲ ဆဲ
    ဆိုကြိမ်းမောင်းနေလိုက်တာများ ငရဲပြည်မှာ မြေယာအပိုင်ဝယ်ဖို့ အကြံအစည်ရှိသလား အောက်မေ့ရတယ် ။ အင်း…လူတွေ …လူ
    တွေ…။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့လေ ။ ဝေးဝေးမကြည့်ရဘူး ။ ငါ့ရွာကလူတွေ…သူတို့တွေများကျ စီးပွားဖြစ်ခရမ်းချဉ်သီး ဘူး
    သီးစိုက်ဖို့ ပိုက်ဆံမရှိလို့ ထမင်းငတ်နေတဲ့အချိန် ငါ့ကြီးကြီးမြကတော့ ပိုက်ဆံသုံးလေးသိန်းအကုန်ခံပြီး ဒီသုံးစားမရတဲ့ ဂမုန်းပေါင်းစုံ
    ကို တစ်ခြံလုံးအပြည့်စိုက်ထားရုံမကသေးဘူး ။ ငါကလည်း ရေလောင်းပေါင်းသင်ပေးရသေးတယ် ။ ဆန်းလည်းဆန်းကြပါပေ့…’
စသဖြင့် လူတွေနှင့်ပတ်သက်၍ ဟိုဟိုသည်သည်လျှောက်တွေးနေလေသည် ။ ပန်းပင်များကြားသို့ ရေများ အဆက်မပြတ်ကျဆင်းလျက် ရှိသလို မောင်ဘုန်း၏အတွေးစတွေကလည်း အမျှင်မပြတ်နိုင်…။ အမှန်တော့ မောင်ဘုန်းသည် အတွေးသန်သူတစ်ယောက်ဖြစ်၏ ။ ခန္ဓာ ကိုယ်က အလုပ်တစ်ခုခုကို လုပ်ဆောင်နေရလျှင် စိတ်ကလည်း တစ်ခုခုကို တွေးတောနေတတ်သည် ။ သို့သော်လည်း မောင်ဘုန်း၏ အတွေးအများစုက တိုးတက်ရေး အောင်မြင်ရေး ကြီးပွားချမ်းသာရေး ဘာသာသာသနာရေးအတွေးမျိုးတွေ မဟုတ် ။ သူ တွေးလိုက်လျှင် လူတွေ၏အကြောင်း…။ အထူးသဖြင့် ချမ်းသာသူတို့နှင့်ဆင်းရဲသူတို့၏ အခြေအနေကွာခြားပုံတွေ ၊ ကောင်းသူနှင့်ဆိုးသူတို့၏ စိတ်နေသ ဘောထား ကွဲပြားပုံတွေ ။ တစ်ခါတစ်ရံဆို အတွေးကြောထဲ လွင့်မြောပါသွားကာ အပြင်လောက၌ ဒေါသထွက် စိတ်တိုနေတတ်သည် ။ စိတ်သဘောထားဖြူစင်ရိုးသားပြီး ကိုယ်ကျင့်တရားကောင်းသောမောင်ဘုန်းတွင် အပြစ်ပြောစရာဆို၍ ထိုအချက်လေးတစ်ချက်ကိုသာ ယိုးမယ်ဖွဲ့ရမည်ထင်၏ ။ ထိုထက်ပို၍ သူ့အကြောင်းကို နီးနီးစပ်စပ်ရေးဖွဲ့ရသော် မောင်ဘုန်းက တောသားပီပီ စိတ်နေစိတ်ထား ကြမ်း ကြမ်းတမ်းတမ်းတော့ ရှိသည် ။ ရုပ်ရည်ကလည်း ပုပုဝဝ ဂင်တိုတိုနှင့် ကြည့်ပျော်ရှုပျော်ဆိုတာမျိုးထက် ရုပ်ဆိုးသည်ဟုပင် ဆိုရပေလိမ့် မည် ။ အသက်ကတော့ ဆယ့်ခြောက်နှစ်ကျော်ကျော်သာ ရှိသေး၏ ။
   “ မောင်ဘုန်းရေ…ဒီဘက်ခြမ်းကို သေချာလောင်းပါဦး ။ ဒီကဂမုန်းပင်တွေ နည်းနည်းညှိုးနေပြီ ။ ဂမုန်းက ရေကြိုက်တယ်ကွယ့် ။ ပိန်းနဲ့
     ဂမုန်းကို ရေများများလောင်းပြီး ဂရုစိုက်ပေးပါ ငါ့တူရယ် ။ ကစ်စမီနဲ့စံပန်ကိုကျ ရေအရမ်းလောင်းမနေနဲ့ ။”
   “ ဟုတ်ကဲ့…စိတ်ချပါ ကြီးကြီးမြ ။”
ခြံဝန်းထဲကပန်းပင်တွေကို လှည့်ပတ်ကြည့်ရှုနေသောကြီးကြီးမြက မောင်ဘုန်းကို မှာတမ်းခြွေလိုက်သည် ။ ကြီးကြီးမြက မောင်ဘုန်း၏ ကျေးဇူးရှင်ကြီးဒေါ်ကြီးဖြစ်တာကြောင့် မောင်ဘုန်း ချစ်ခင်လေးစားရသူဖြစ်၏ ။ မောင်ဘုန်းက တောသားဆိုတဲ့အတိုင်း ကိုယ့်ထက် အသက်ဝါကြီးရင့်သူအပေါ် ချစ်ကြောက်ရိုသေရကောင်းမှန်းသိ၍ လေးလေးစားစားပြန်ဖြေလိုက်သည် ။ သို့သော် ကြီးကြီးမြ ထိုသို့မှာ တိုင်း မောင်ဘုန်း အလိုလိုဒေါသထွက်မိ၏ ။ ထိုဒေါသက ကြီးကြီးမြပေါ်တော့ မဟုတ် ။ ထိုဂမုန်းပင်တွေအပေါ်သာ ဖြစ်သည် ။ ဘယ့် နှယ့်… သုံးမရစားမရတဲ့ ဒီမလှမပအပင်ငုတ်စတွေကို တသသပြုစုယုယနေရတာလောက် မောင်ဘုန်း စိတ်ကုန်ဒေါသထွက်မိတာမရှိ ။ ကြီးကြီးမြ၏ဝါသနာပေမို့ မောင်ဘုန်း အပြစ်တင်စကား တစ်ခွန်းတစ်လေပင် ထုတ်ဖော်မပြောဝံ့သော်လည်း စိတ်ထဲတွင်တော့ ထိုပန်းပင် တွေကို တစ်စစီဆွဲနှုတ်ခုတ်ထစ်ပစ်ချင်စိတ်တွေ ပေါက်မိသည်မှာ မကြာမကြာ ။ သို့ပေမဲ့ ထိုသို့လုပ်လျှင် မောင်ဘုန်း အိမ်ပေါ်က ခေါင်း နှင့်ဆင်းရမှာသေချာ၍ ထိုသို့မလုပ်ဝံ့ ။ ကြီးကြီးမြမှာခဲ့သည့်အတိုင်း ဂမုန်းပင်တွေကို ရေနိုင်နိုင်လောင်းရင်း အောက်သက်သက်ခံစားချက် ကို မြိုသိပ် ထားလိုက်ရ၏ ။
       ကြီးကြီးမြက ပန်းပင်စိုက်ပျိုးရခြင်းကို တမ်းတမ်းစွဲနှစ်ခြိုက်သူ ။ တစ်ကိုယ်တည်းအပျိုကြီးဖြစ်သည့်အပြင် အသက်ကလည်း ခြောက်
ဆယ်ကျော်ဖြစ်ပြီး ပင်စင်စားအလုပ်လက်မဲ့ ။ ငွေရေးကြေးရေးကလည်း တစ်သက်လုံး ရှာဖွေစုဆောင်းလာခဲ့သူမို့ ရန်ကုန်မြို့သူဌေးရပ် ကွက်တစ်ခုတွင် ခြံကျယ်ဝန်းကျယ် အယ်စတုံတိုက်ကြီးတစ်လုံးနှင့် အပူအပင်ကင်းကင်းနေနိုင်သည့်အခြေအနေ ။ ဒီတော့ သူ့ဝါသနာ အတိုင်း သစ်ပင်ပန်းမန်မျိုးစုံကို ခြံဝန်းထဲတွင် ဥယျာဉ်ငယ်လေးသဖွယ် လှလှပပကြွားကြွားရွရွစိုက်ပျိုးထား၏ ။ ခြံကား ပေတစ်ရာပတ် လည်ခန့်ရှိပြီး မြေဆီသြဇာကိုလည်း နိုင်နိုင်နင်းနင်းထည့်ထားတာကြောင့် သူ စိုက်ပျိုးထားတဲ့ပန်းဥယျာဉ်လေးဟာ အလွန်မျက်စိပသာဒ ဖြစ်စရာကောင်းလွန်းလှသည် ။ ပန်းပင်တွေကို မြေတွင် တစ်မျိုး ၊ စင်တွင် တစ်ဖုံ ၊ သစ်ပင်ကြီးများပေါ်တွင် တစ်နည်း ၊ အုတ်ခဲတောထဲ တွင် တစ်သွယ်… ရသမျှနည်းပေါင်းစုံနှင့် လှသထက်လှအောင် စိုက်ပျိုးထားပြီး ပင်စင်စားအပေါင်းအဖော်များကို ခေါ်ကာ သူ့အနုပညာကို ကြွားဝါတတ်၏ ။
       ပန်းပင်တွေကလည်း အတော်စုံလှသည် ။ ပိန်းပန်း ၊ စံပယ် ၊ နှင်းဆီ ၊ ကစ်စမီ ၊ လီလီ ၊ ဂမုန်း ၊ ကျောက်ခက် ၊ တရုတ်မီးပုံး ၊ စံပန် ၊ သဇင်…စသည်စသည် ပန်းအမည်အမျိုးမျိုးသာမက အရောင်ကလည်း ဖြူ နီ ပြာ ဝါ စိမ်း ပန်း ခရမ်း...။ တချို့ပန်းအရောင်ဆိုလျှင် ဘာ အရောင်လို့ ခေါ်ရမှန်းတောင် မသိ ။ ထိုပန်းမျိုးများစွာထဲတွင်မှ ကြီးကြီးမြ အနှစ်ခြိုက်ဆုံးက ဂမုန်းမျိုးဖြစ်၏ ။ ကြီးကြီးမြ၏ခြံထဲတွင် ဂမုန်း မျိုးပေါင်းစုံ ရှိသည် ။ မယ်တော်ကြီးဂမုန်း၊ ရှင်သီဝလိဂမုန်း၊ နဂါးဂမုန်း၊ ပတ္တမြားဂမုန်း၊ စီးပွားတက်ဂမုန်း၊ လဝန်းဂမုန်း၊ ဧည့်လာဂမုန်း၊  အင်းဂမုန်း၊ ဒေါင်းဂမုန်း၊ ကွင်းထိုးဂမုန်း၊ လသာဂမုန်း၊ မီးကွင်းဂမုန်း၊ ငှက်ပျောဂမုန်း၊ ရွှေလာ၊ငွေလာဂမုန်း…စသဖြင့် အမျိုးပေါင်းစုံလင်လှ ၏ ။ မိုးလင်းမိုးချုပ် ထိုဂမုန်းပေါင်းစုံကို ထွက်ထွက်ကြည့်ရတဲ့အလုပ်သည် ကြီးကြီးမြ၏ နစ္စဒူဝအလုပ်တစ်ခုလိုဖြစ်နေပြီ ။
    “ တော်တော့လေ မောင်ဘုန်းရယ် ။ ပန်းပင်တွေ ရေနစ်သေကုန်ဦးမယ် ။ သွား…သွား…ရေချိုးချေတော့ ။”
ဟိုတွေးသည်တွေးနှင့် ပန်းပင်ရေလောင်းနေလိုက်တာ အချိန်မည်မျှ ကုန်သွားသည် မသိ ။ ရပ်ကွက်တစ်ပတ် လမ်းလျှောက်ထွက်သွား သည့်ကြီးကြီးမြပင် ပြန်ရောက်လာပြီး မောင်ဘုန်းကို လှမ်းအော်ပြောလိုက်တော့မှ မောင်ဘုန်း အတွေးယဉ်ကြောထဲက လွတ်ထွက်လာ သည် ။
   “ ဟုတ်ကဲ့ ကြီးကြီးမြ ။”
ရေပိုက်ခေါင်းကိုပိတ် ရေပိုက်ကို ခွေလိပ်သိမ်းလိုက်ပြီးနောက် မောင်ဘုန်း နောက်ဖေးရေချိုးခန်းဆီသို့ ထွက်လာခဲ့၏ ။ ရေကို ခပ်သွက် သွက်လောင်းချိုးရင်း ဟိုဟိုဒီဒီတွေးမိပြန်သည် ။
      ကြီးကြီးမြက ဂမုန်းတွေကို ချစ်သလောက် မောင်ဘုန်းကတော့ ဂမုန်းတွေကို ရွံ့မုန်းသည် ။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် မောင်ဘုန်းက ဂမုန်းသာ မဟုတ်…ပန်းအလှပင်အားလုံးကို မုန်း၏ ။ မုန်းမှာပေါ့…သူတို့တွေကိုကြည့်ရတာ လူ့ဘော်ကြော့သူဌေးသားတွေကို ကြည့်မြင် နေရသလို မောင်ဘုန်း ခံစားမိသည် ။ အပေါ်ယံဘဝကို ပန်းပွင့်ပန်းခက်လေးများဖြင့် အလှဆင်ထားသော်လည်း တကယ့်တကယ်တမ်း ကျ အနှစ်သာရ မရှိ ။ သရက်ပင် ငှက်ပျောပင် မန်ကျည်းပင်တွေလို အသီးစားမရ အူတိုင်စားမရ အရွက်စားမရ…အရှင်းဆုံးပြောရလျှင် ဘာတစ်ခုမျှ သုံးမရ ။ သို့ကြောင့် မောင်ဘုန်း ပန်းအလှပင်တွေကို မုန်းသည် ။ ထိုအထဲကမှ မယ်တော်ကြီးဟူသောဂမုန်းကို မောင်ဘုန်း အမုန်းဆုံး ။
    မောင်ဘုန်းက တောသား ။ မောင်ဘုန်းတို့ရွာက ဟိုးဝေးလံခေါင်ဖျားတောအုပ်စပ်နားကရွာ ။ စီးပွားရေးအမြင် မရှိ ၊ လုပ်နည်းကိုင်နည်း တွေ မသိကြ၍ တစ်ရွာလုံး ဆင်းရဲတွင်းနစ်နေတဲ့ရွာငယ်လေး ။ အားလုံးက တောထဲဝင် မှိုချိုးမျှစ်ချိုး ကိုင်းထောင် ယုန်ဖမ်းလောက်သာ တတ်ပြီး လယ်ယာစိုက်ပျိုးခြင်းအမှုဖြင့် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ရွာသိမ်ငယ်လေး။ မြို့ကြီးပြကြီးများတွင် မော်တော်ကားစီးနေကြ သည့်အချိန် မောင်ဘုန်းတို့ရွာ၌ လှည်းပိုင်သူဟူ၍ တစ်ဦးစနှစ်ဦးစသာ ရှိ၏ ။ မောင်ဘုန်းတို့ကိုယ်တိုင်ကလည်း အတန်းပညာကို လေး တန်းအထိသာ တက်ခွင့်ရပြီး အသက်ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ငန်းခွင်ဝင်ခဲ့ရသည် ။ စာပေဖတ်ရှုခွင့်မရသဖြင့် ဗဟုသုတ အသိပညာ လည်း သိပ်မကြွယ်ဝခဲ့ ။ ကြီးကြီးမြတို့အိမ်ရောက်မှ ပန်းပင်တွေ၏အမည်နာမတွေကို သိခဲ့ရခြင်းဖြစ်၏ ။ ရောက်ခါစက ပန်းပင်တွေ၏ အမည်နှင့် ပန်းပင်တွေ၏ပုံသဏ္ဍာန်ကို ယှဉ်တွဲမမှတ်မိသေး ။ သုံးလေးလကြာပါမှ ခြံထဲကပန်းပင်ပေါင်းများစွာ၏အမည်နှင့်ပုံသဏ္ဍာန်ကို ယှဉ်တွဲမှတ်မိသွားခဲ့သည် ။ ထိုသို့ပုံသဏ္ဍာန်ကို သတိပြုမိသွား၍လည်း မယ်တော်ကြီးဂမုန်းကို မောင်ဘုန်း အမုန်းတီးဆုံးဖြစ်ခဲ့ရလေ၏ ။
         အရွက်ဖားဖား စိမ်းကားကားနှင့် ထိုဂမုန်းပင်၏ပုံသဏ္ဍာန်က ငွေဂုဏ်မောက်နေတဲ့သူဌေးမကြီးတစ်ယောက်လို ဝင့်ထည်ဦးမော့နေ သည် ။ မယ်တော်ကြီးဂမုန်းက သူဌေးအကြိုက် သူဌေးအိမ်တိုင်းစိုက်တတ်သည့်ဂမုန်းမျိုးဖြစ်တာကြောင့် ကြီးကြီးမြကလည်း မယ်တော် ကြီးဂမုန်းပင်တွေထဲကမှ အလှဆုံး အထွားဆုံး လည်တိုင်အရှည်ဆုံးအပင်ကြီးတစ်ပင်ကို ကျောက်စိမ်းအိုးကြီးနှင့်ထည့်စိုက်ကာ အိမ်ရှေ့ ဆင်ဝင်အောက်တွင် ခန့်ခန့်ကြီးချထားလျက်ရှိသည် ။ အဲ့သဟာကို မောင်ဘုန်း အမုန်းတကာ့အမုန်းဆုံး…။ အောက်ကကျောက်စိမ်းအိုး အားကိုးနှင့် မာန်တက်နေပုံပေါက်သည့်ထိုဂမုန်းပင်ကြီးကို မောင်ဘုန်း ဝုန်းခနဲဝုန်းခနဲအစတုံးပစ်လိုက်ချင်သည် ။ နောက်ပြီး သည်ဂမုန်း ပင်တွေက တစ်ပင်စနှစ်စ မဟုတ်ဘဲ ခြံထဲရှိမြေကွက်လပ်တိုင်းလိုလိုတွင် စိုက်ပျိုးထားလိုက်သည်မှာ အနှံ့အပြား ။
         ပင်စည်တွင် အရစ်အရစ်တွေပါ၍ မြွေတစ်ကောင်နှင့် တူရသည့်အထဲ ပုံစံကလည်း မြွေဟောက်တစ်ကောင် ပဗျင်းထောင်နေသလို မျိုး ။ အို…ထိုပန်းပင်နှင့်ပတ်သက်သမျှ အရာရာမုန်းဖို့ကောင်းနေ၏ ။ ထိုသို့မုန်းစရာကောင်းသောကြောင့်လည်း ကြီးကြီးမြ လစ်ရင်လစ် သလို မောင်ဘုန်း ထိုဂမုန်းပင်များကို အမှိုက်သရိုက်အညစ်အကြေးရည်တွေ သားငါးရည်တွေနှင့် ပက်ဖြန်းပစ်သည် ။ ကြီးကြီးမြက ဂမုန်း ပင်တွေကို သန့်သန့်ပြန့်ပြန့်ထားရန် ၊ ဂမုန်းပင်တွေက ဂမ္ဘီရဆန်တဲ့မျိုးနွယ်ပင်တွေဖြစ်၍ အသန့်အပြန့်ကြိုက်ကြောင်း ပြောပြမှာကြားထား ဖူး၍ ဂမုန်းပင်တွေဟာ အညစ်အကြေးရည်တွေ အမှိုက်သရိုက်ရည်တွေကို ရွံ့မုန်းကြောက်ရွံ့လိမ့်မည်ဟု မောင်ဘုန်း တွေးတောမိသော ကြောင့် ထိုသို့ပြုမူခြင်းဖြစ်သည် ။ ဂမုန်းပင်တွေကို ထိုသို့ညှင်းဆဲအနိုင်ကျင့်ရလျှင် မောင်ဘုန်း ပျော်ရွှင်ဝမ်းသာ၏ ။
   “ မောင်ဘုန်း…နင် မအိပ်သေးဘူးလား ။ ရေချိုးပြီး ထွက်လာတော့လည်း ငိုင်တိုင်တိုင် ။ ထမင်းစားတော့လည်း ငိုင်တိငိုင်တိုင် ။ အခု
     လည်း ဒီနားမှာ ဘာထိုင်ငိုင်နေတာလဲ ။ ဘာလဲ ။ ရွာမှာ ကောင်မလေး ကျန်ခဲ့လို့လား ။”
မောင်ဘုန်းတစ်ယောက် ထမင်းစားသောက်ပြီးနောက် ခြံရှေ့တွင်ထိုင်ကာ မိမိနှင့်ဂမုန်းတွေ၏အကြောင်းကို ဆက်လက်တွေးတောနေ သည့်အခိုက် ကြီးကြီးမြက လှမ်းမေးလိုက်ခြင်းဖြစ်သည် ။
   “ အာ…မဟုတ်ပါဘူး ကြီးကြီးမြရာ ။ ကျွန်တော်က ဟိုလျှောက်တွေးဒီလျှောက်တွေးရယ်ပါ ။”
   “ အေး…မိန်းမ ယူဖို့ မစဉ်းစားနဲ့ဦး ။ ကိုယ်က ငယ်သေးတယ် ။ ကြီးကြီးမြ ခိုင်းတာတွေကိုသာ ဂရုတစိုက်လုပ် ။ အိမ်ကို စောင့်ရှောက် ။
     တစ်ရွာလုံးမှာမှ နင်က လုပ်တတ်ကိုင်တတ်ပြီး စိတ်သဘောထားလည်းကောင်းလို့သာ ကြီးကြီးမြက ခေါ်လာခဲ့တာ ။ ကြီးကြီးမြလည်း
     အသက်ကြီးပါပြီကွယ် ။ ကြီးကြီးမြ မရှိတော့တဲ့နောက် ပစ္စည်းဥစ္စာတွေအကုန်လုံး ငါ့တူအတွက်ပါပဲ ။”
   “ မဟုတ်တာပဲ ကြီးကြီးမြရယ် ။ ကျွန်တော်က ကြီးကြီးမြရဲ့ပစ္စည်းတွေကို မလိုချင်ပါဘူး ။ အခုလို မြို့မှာ မျက်စိပွင့်နားပွင့် ခေါ်ထားတာ
     ကိုပဲ ကျေးဇူးတင်လှပါပြီ ။”
   “ ငါ့တူလေး ရိုးမှန်း သိပါတယ်ကွယ် ။ ရော့…မုန့်ဖိုး ။ မနက်ကျ နင့်သူငယ်ချင်းနဲ့ လက်ဖက်ရည် သွားသောက်ချေ ။ ကဲ…သွားအိပ်ချေ
     တော့ ။”
   “ ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ် ကြီးကြီးမြ ။”
ကြီးကြီးမြက သွားအိပ်တော့ဟုဆို၍ မောင်ဘုန်း ထိုင်နေရာလှေကားထစ်မှနေ ထလာလိုက်ပြီး မီးဖိုချောင်ဘေးမှ မိမိအိပ်ခန်းလေးဆီသို့ ဝင်လာခဲ့သည် ။ အိပ်ခန်းက အခန်းကျယ်ကြီးမဟုတ်သော်လည်း ရွာကအိမ်နှင့်နှိုင်းစာလျှင် နတ်ဘုံနတ်နန်းတမျှ ခမ်းနားနေသည် ။ အခန်းထဲတွင် တစ်ခန်းလုံးကို အလင်းဖြာထွန်းတောက်စေသောလေးပေမီးချောင်းတစ်ချောင်းရှိပြီး မောင်ဘုန်း အိပ်စက်ဖို့အတွက် ကုတင် ငယ်လေးတစ်လုံးနှင့် အဝတ်အစားများထည့်သိမ်းရန် ဘီဒိုတစ်လုံးရှိသည် ။ မောင်ဘုန်းတွင် အဝတ်အစားများများ မရှိသဖြင့် ဘီဒိုလေး ခမျာ ဟာလာဟင်းလင်းရယ် ။ ကုတင်ငယ်လေး၏ဘေးတွင်တော့ ပစ္စည်းပစ္စယများ တင်ထား၍ရသော စားပွဲငယ်လေးတစ်လုံးလည်း ရှိ သေးသည် ။ မောင်ဘုန်း ဤအခန်းတွင် နေထိုင်ရခြင်းကို အလွန်တရာနှစ်ခြိုက်သည် ။ ကြီးကြီးမြက အလုပ်မခိုင်းလှသော်လည်း မိမိ ကိုယ်တိုင်က အငြိမ်မနေတတ်၍ အလုပ်တွေရှာကြံလုပ်ရင်း တစ်နေကုန်ပင်ပန်းခဲ့ပြီမို့ ခေါင်းအုံးပေါ် ခေါင်းချလိုက်ပြီးမကြာ နှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်သွားခဲ့တော့သည် ။
{{{{{{{{{{{{{{{{{{{{{{

ဇာတ်လမ်းအလယ်

     ရုတ်တရက် ချိုးချိုးချွတ်ချွတ်အသံတွေကြောင့် မောင်ဘုန်း လန့်နိုးလာ၏ ။ ပတ်ဝန်းကျင်တစ်ခွင်လုံး မှောင်နှင့်မည်းမည်းမို့ မောင်ဘုန်း လက်နှိပ်ဓါတ်မီးကို လိုက်စမ်းလိုက်သည် ။ အိပ်ခါနီးက လက်နှိပ်ဓါတ်မီးကို ကုတင်ဘေးမှစားပွဲပေါ်တွင် သေချာတင်ထားခဲ့ခြင်းဖြစ်သည် ။ အသံတွေက တဖြည်းဖြည်းနီးကပ်လာသဖြင့် အလင်းရောင်မြန်မြန်ရစေရန် လက်နှိပ်ဓါတ်မီးကို အသည်းအသန်လိုက်စမ်းရာ ရှည်မြော မြောအရာတစ်ခု ကို ထိတွေ့မိ၏ ။
   ‘ ဟင်…ပျော့စိစိနဲ့ ဘာကြီးပါလိမ့် ။’
ထိမိလိုက်သည်နှင့် တွန့်ခနဲဖြစ်သွားသော ထိုပျော့အိအိအရာကြီးတစ်ခုကြောင့် မောင်ဘုန်း ရင်ထိတ်သွားရသည်။ လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်ပြီး ကုတင်ခြေရင်းသို့လည်း ဖင်တရွေ့ရွေ့တိုးလိုက်မိသည် ။ ကံကောင်းစွာပင် ထိုအချိန်၌ မီးပြန်လာလေ၏ ။
    ‘ အမလေး…’
ဟူ၍ မောင်ဘုန်းပါးစပ်က အော်လိုက်မိတော့မတတ်ဖြစ်သွားသည် ။ ယောက်ျားအရင့်အမာကြီးဖြစ်သောမောင်ဘုန်းကိုယ်တိုင်ပင် မြင် လိုက်ရတဲ့မြင်ကွင်းကြောင့် သွေးပျက်သွားရ၏ ။ များပြားလိုက်တဲ့ မြွေတွေမြွေတွေဆိုတာ တစ်ခန်းလုံးအပြည့် ။ စောစောက မောင်ဘုန်း ထိစမ်းမိသည်မှာ လက်ကောက်ဝတ်ခန်ရှိသော စိမ်းတုတ်တုတ်မြွေကြီးတစ်ကောင်ဖြစ်သည် ။ ဘယ်ကဘယ်လို မြွေတွေ ရောက်လာတာ လဲ ။ မောင်ဘုန်း ခပ်တွေတွေစဉ်းစားနေစဉ် အခန်းအလယ်၌ ဝိုးတဝါးအရိပ်တစ်ခုပေါ်လာ၍ အသေအချာကြည့်လိုက်မိရာ ပုံသဏ္ဍာန်က ဖြည်းဖြည်းချင်းထင်ရှားလာ၏ ။
ရုပ်ရည်ချောမောလှပသလောက် ခက်ထန်သောမျက်နှာအမူအရာနှင့် ဝင့်ဝင့်ထည်ထည်ရပ်နေတဲ့အမျိုးသမီးကြီးတစ်ဦး…။
ကျောက်စိမ်းရောင်ဝတ်စုံကို လွှမ်းခြုံပတ်လျက် မြွေများ၏အလယ်တွင် မားမားကြီးရပ်ကာ မောင်ဘုန်း၏မျက်နှာကို စားမတတ်ဝါးမတတ် စိမ်းစိမ်းကြီးစိုက်ကြည့်လျက်ရှိသည် ။ သူမ၏အကြည့်တွေကြောင့် မောင်ဘုန်း ကြက်သီးမွေးညင်းများ ထောင်ထသွားရ၏ ။ ခဏကြာ တော့ သူမ၏လက်တစ်ဖက်က လေထဲသို့မြောက်တက်လာပြီး မောင်ဘုန်းကို လက်ညှိုးညွှန်လိုက်ကာ ပါးစပ်ကလည်း တစ်စုံတစ်ရာကို ခပ်တိုးတိုးရေရွတ်လိုက်ရာ စောစောက တုတ်တုတ်မျှမလှုပ်ရှားသော မြွေစိမ်းကောင်အားလုံးသည် သူတို့၏ရှည်မြောမြောအတ္တဘောကြီး ကို တွန့်ကာလိမ်ကာ ရွေ့လျားရင်း မောင်ဘုန်းဆီသို့ ပြေးလာကြသဖြင့် မောင်ဘုန်းလည်း နေရာကနေ ထထွက်ပြေးရတော့သည် ။
   “ ဒုန်း…”
မြည်သံနှင့်အတူ နဖူးနေရာမှ ပူခနဲရှိန်းခနဲခံစားလိုက်ရပြီး မောင်ဘုန်း မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ အခန်းကြမ်းပြင်တွင် မြွေတွေ မရှိတော့ချေ ။ ပူရှိန်းနေတဲ့ချိုစောင်းကို လက်တစ်ဖက်နှင့်ပွတ်သပ်ရင်း စောစောကအဖြစ်အပျက်ကို သေချာပြန်စဉ်းစားကြည့်၏ ။ မောင် ဘုန်း အိပ်မက်မက်ခဲ့ခြင်းပဲလား ။ ပြန်တွေးလိုက်တော့ အာရုံထဲတွင် စောစောကပုံရိပ်တွေ ပြန်ပေါ်လာသည် ။ စိမ်းရှည်ရှည်ကိုယ်လုံးကြီး တွေကို တွန့်ကာလိမ်ကာ ပဗျင်းတထောင်ထောင်နှင့် မောင်ဘုန်း၏အနားသို့ ပြေးကပ်လာကြသော မြွေကြီးများ ။ ဂမုန်းပင်တွေနှင့်ပင် ဆင်တူနေသေးတော့သည် ။ ကြည့်ရတာ ညနေကအတွေးတွေကြောင့် ဂမုန်းပင်တွေကို စိတ်စွဲလျက် အိပ်မက်မြင်မက်ခြင်းပဲလား…။ အဖြေမှန်ကို သေချာမတွေးဖြစ်တော့ဘဲ မောင်ဘုန်း အိပ်ရာထက်သို့ ပြန်တက်လာကာ အိပ်ပျော်အောင်သာ ကြိုးစားလိုက်ရတော့သည် ။
{{{{{{{{{{{{{{{{{{{{{{
   “ အမလေး…မင်း အိပ်မက်ကြီးက ကြောက်စရာကြီးပါလားကွ ။”
မနက် လက်ဖက်ရည်ဆိုင်ထိုင်တော့ ညကအိပ်မက်အကြောင်း သိန်းအောင်ကို ပြောပြမိရာ သူတောင် ခုန်ဆွခုန်ဆွဖြစ်သွားရသည် ။ မောင်ဘုန်း၏အိပ်မက်ဆန်းက ကြားနာရသူကိုပင် ခံစားမှုတွေ ကူးစက်စေပါလား ။ မောင်ဘုန်းကိုယ်တိုင်ကတော့ ထိုအဖြစ်အပျက်ကို အိပ်မက်ဆိုတာထက် အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းဟူ၍တောင် ယူဆနေမိသေးသည် ။ အိပ်မက်ကဲ့သို့ မှုန်ဝါးဝါးဖြစ်ပျက်ခဲ့သော သတိပေး ချက်တစ်ခုဟု ထင်၏ ။ သို့ကြောင့်လည်း…
   “ငါတော့ ဂမုန်းကျိန်စာသင့်နေပြီလား မပြောတတ်ဘူး ။ ခုရက်ပိုင်း အိပ်မက်တွေ မကောင်းဘူး…မနေ့ကလည်း ဒီပုံစံမျိုး ခပ်ဆင်ဆင်
    မက်သေးတယ် ။”
ဟူ၍ ညည်းတွားမိတော့ သိန်းအောင်က …
   “ ဘာတုံးကွ ဂမုန်းကျိန်စာဆိုတာက ။”
ဟု စမူဆာတစ်ခုကို ပလုပ်ပလောင်းစားနေတဲ့ပါးစပ်နှင့် တအံ့တသြလှမ်းမေးလိုက်သည် ။
   “ ဂမုန်းကျိန်စာဆိုတာ ဂမုန်းကြောင့် ဒုက္ခရောက်တော့မှာကို ပြောတာကွ ။ မင်း နားလည်အောင်ပြောရရင် ဂမုန်းဆိုတာ ဂမ္ဘီရအပင် ။
     သူတို့မှာ အစောင့်အရှောက်တွေ ရှိတယ်…တဲ့ ။ ကြီးကြီးမြ ပြောပြဖူးတာပဲ ။ ပြောရရင် ငါလည်း မယုံပါဘူးကွာ ။ ဒီလိုသက်မဲ့အပင်
     ငုတ်စိလေးမှာ ဘယ်လိုလုပ်အစောင့်အရှောက်ရှိမှာလဲ ။ ဟုတ်တယ် မဟုတ်လား ။ ကုက္ကိုပင် ညောင်ပင်လိုမျိုးအပင်ကြီးတွေမှာ
     ရုက္ခစိုးရှိတယ်ဆိုတာကိုတောင် ငါ လက်ခံနိုင်သေးတယ် ။ အဲ့ဒီ့လို မယုံလို့ ကြီးကြီးမြ လစ်ရင်လစ်သလို ငါ ဂမုန်းပင်တွေကို နေ့တိုင်း
     နှိပ်စက်နေတာ ။”
   “ မင်းက အပင်ကို ဘယ်လိုနှိပ်စက်တာလဲ ။ အပင်က နာတတ်ကျင်တတ်တာကျလို့ ။”
   “ မနာတတ်မကျင်တတ်ပေမဲ့ ငါ စိတ်ချမ်းသာရင် ပြီးတာပဲပေါ့ကွာ ။ ဘယ်လိုနှိပ်စက်သလဲဆိုတော့ ဂမုန်းပင်အများစုက သန့်သန့်ပြန့်
     ပြန့်ထားတာ ကြိုက်ကြတယ်လေ ။ အဲ့ဒီ့တော့ ငါက ကြီးကြီးမြ မတွေ့နိုင်တဲ့အချိန်ဆို ကြက်သားဆေးတဲ့အရည်တွေနဲ့ ပက်လိုပက် ၊
     ငါးဆေးရည်းတွေနဲ့ ဖြန်းလိုဖြန်း … သူတို့မကြိုက်တာမှန်သမျှ တမင်တကာ လုပ်နေတာကွ ။”
   “ ဟေ…မင်းက ဘာလို့ အပင်တွေကို နှိပ်စက်နေရတာလဲ ။”
သိန်းအောင်က မျက်လုံးအဝိုင်းသားနှင့် မေးလိုက်မိသည် ။ ဘယ်လိုကောင်ပါလိမ့်…လူတွေနဲ့တည့်ပြီး အပင်နဲ့တော့ ရန်ဖြစ်နေတယ်ဟူ၍ စိတ်ထဲက တွေးလိုက်မိသေးသည် ။
   “ ကြည့်မရလို့ကွာ ။ ဘယ့်နှယ့်…ဘာတစ်ခုမှ အသုံးမကျဘဲ ခြံထဲမှာ ဇိမ်ခံနေတဲ့အပင်စုတ်တွေ ။”
ဗုဒ္ဓေါဟု သိန်းအောင်၏နှုတ်က ထွက်ကျလုမတတ်ဖြစ်သွားသည် ။ မောင်ဘုန်း၏မျက်နှာကိုကြည့်လိုက်တော့ ခပ်တည်တည်မို့ နောက် ပြောင်နေပုံလည်း မရ ။ သစ်ပင်တွေနှင့် ရန်ဖြစ်နေတဲ့သူ့ကို ဘယ်လို နားလည်ရပါ့မလဲ ။ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်ပြီးကာမှ စမူဆာ တစ်ခုကိုသာ ထိုးသွင်းလိုက်မိသည် ။ မပြောတော့…တော်ကြာ သူ မကြိုက်တဲ့စကား ပါသွား၍ နောက်နောင် မုန့်လိုက်ဝယ်မကျွေးလျှင် ငတ်နေရဦးမည်ကို စိုးရိမ်မိသောကြောင့်ဖြစ်၏ ။
{{{{{{{{{{{{{{{{{{{{{{
   “ မောင်ဘုန်း ပန်းပင်တွေ စိတ်ချမယ်နော် ။ ငါမှာလည်း သူငယ်ချင်းနာရေးဆိုတော့ မသွားလို့က မရ ။ အေးပါလေ ။ နင်က အစစအရာ
     ရာ မျက်နှာလွှဲရတဲ့လူဆိုတော့ စိတ်ချလိုက်ပါ့မယ် ။ ငါ့ဂမုန်းတွေကို သေချာဂရုစိုက်ဦးနော် ။”
   “ စိတ်ချသွားပါ ကြီးကြီးမြရယ် ။ ကျွန်တော် နေ့တိုင်းလုပ်နေကျအလုပ်တွေပဲ ။ ဘာမှပူစရာ မရှိပါဘူးဗျာ ။”
   “ အေးကွယ် ။ ငါ နင့်အတွက် ကိတ်မုန့်တွေ ဝယ်ထားခဲ့တယ် ။ အိမ်ကိုလည်း စောင့်ရှောက်…ကြားလား ။ လျှောက်လျှောက်သွားမနေ
     နဲ့ ။”
   “ ဟုတ်ကဲ့ပါ ကြီးကြီးမြ ။”
အတန်တန်မှာတမ်းခြွေပြီးမှ စလွန်းကားလေးပေါ်သို့ ကြီးကြီးမြ တက်သွား၏ ။ ကားပေါ်သို့ ကြီးကြီးမြ ရောက်သည်နှင့် ကားလေးက မောင်ဘုန်း၏ရှေ့မှ လှစ်ခနဲမောင်းထွက်ပျောက်ကွယ်သွားတော့သည် ။
       သူငယ်ချင်းတစ်ယောက်၏နာရေးကိစ္စဖြင့် ကြီးကြီးမြ မန္တလေးသို့ နှစ်ညအိပ်သုံးရက်တိတိ ခရီးထွက်သွားရခြင်းဖြစ်သည် ။ စောစော ကတည်းက တစ်အိမ်လုံးတွင် ကြီးကြီးမြ ၊ ဒေါ်အုန်းနှင့် မောင်ဘုန်းတို့သုံးယောက်သာ ရှိရသည့်အထဲ မနေ့ကတင် ဒေါ်အုန်းက ရွာခဏ ပြန်သွားသည် ။ ယနေ့ကျ ကြီးကြီးမြက မန္တလေးသို့ ဆင်းသွားရသည် ။ နာရေးဖြစ်သောကြောင့် ကြီးကြီးမြခမျာ မသွားလျှင် မကောင်း ။ နာရေးကလည်း ကျောင်းကတည်းက အတော်ခင်ခဲ့ရသည့် ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတစ်ယောက်၏နာရေးဖြစ်နေသည် ။ ကြီးကြီးမြ ၏ကားငယ်လေး မျက်စိအတွင်းကပျောက်ကွယ်သွားတော့မှ မောင်ဘုန်း ခြံတံခါးကို သော့ခတ်လိုက်သည် ။ ယခုတော့ တစ်ခြံလုံးတွင် မောင်ဘုန်းနှင့်ဂမုန်းတွေသာ ကျန်ရှိလေပြီ…။
   “ အေး…နင်တို့တော့ အသေပဲမှတ် ။ စိတ်ချပါ ။ နင်တို့ကို ရေအငတ်မထားပါဘူး ။ ဝဝလင်လင်ကြီး တိုက်မယ် ။”
ဂမုန်းပင်တွေဘက်လှည့်ကြည့်ပြီး မောင်ဘုန်း အော်ပြောလိုက်သည် ။ ထို့နောက် အိမ်ထဲသို့ ပြေးဝင်သွားသည် ။ ဆယ်မိနစ်ခန့်အကြာ တွင် မောင်ဘုန်း ဇလုံကြီးတစ်လုံးကိုကိုင်မ,ကာ ပြန်ပြေးထွက်လာသည် ။ ဂမုန်းပင်တွေဆီသို့ တည့်တည့်မတ်မတ်သွားပြီး ဇလုံကြီးထဲက ရေတွေကို အပင်တွေပေါ်သို့ လောင်းချလိုက်၏ ။
   “ အမလေး…နံချက်ကွာ ။ အဲ့ဒါ ပုစွန်ပုပ်ရည်တွေလေ ။ ကဲ…မှတ်ပါလား ။ မောက်မာချင်ဦး ။ ခုတော့ ဘယ်လိုလဲ ။ ဟွန်း…”
အရူးတစ်ယောက်လို ပန်းပင်တွေကို စကားပြောပြီး တဟားဟားရယ်နေသောမောင်ဘုန်း၏ပုံကိုသာ တစ်ယောက်ယောက်တွေ့မြင်သွား လျှင် သေချာပေါက် ဦးနှောက်ပျက်နေသူဟူ၍သာ ထင်မှတ်ပေလိမ့်မည် ။ သို့သော်လည်း မောင်ဘုန်းက ကျပ်မပြည့်သူတစ်ယောက်တော့ မဟုတ် ။ ဘဝ၏နာကျင်မှုများကြောင့် လောကကြီးပေါ်က တချို့အရာတွေကို မုန်းတီးသွားရသူတစ်ယောက် ။ ထိုအရာများထဲတွင် ဂမုန်း ပင်တွေက ထိပ်တန်းစာရင်းဝင်တွေ မဟုတ်ပါလား ။
          မောင်ဘုန်း ဂမုန်းပင်တွေကို အညစ်အကြေးရည်တွေနှင့် လောင်းပြန်သည် ။ အထူးသဖြင့် ကျောက်စိမ်းအိုးထဲက မယ်တော်ကြီး ဂမုန်းပင်ကို ပုစွန်ပုပ်ရည်တွေနှင့် နှစ်ခေါက်သုံးခေါက်လောင်းသည် ။ လောင်းနေရင်းနှင့် ပင်စည်ကြီးကို ကြည့်လိုက်မိရာ မြွေဟောက်တစ် ကောင် ပဗျင်းထထောင်ပြီး ပေါက်တော့ဟန်ပြင်နေသလိုမျိုး မောင်ဘုန်း၏စိတ်ထဲ၌ ခံစားလာရသဖြင့် နားသယ်စပ်များမှ ဆံပင်မွေးတွေ ပင် ထောင်တက်သွားရသည် ။ သို့ကြောင့် ခြံဝန်းတံခါးသော့ကို သေချာအောင်စစ်ဆေးပြီး အိမ်ထဲသို့ ပြေးဝင်လာလိုက်တော့၏ ။
{{{{{{{{{{{{{{{{{{{{{{
        မှောင်လိုက်မည်းလိုက်သည့်ည…။ ကောင်းကင်ယံတွင် ကြယ်မှုန်ကြယ်ပြလေးများကိုပင် မျှော်လင့်တောင့်တ၍မရ ။ အုပ်ဆိုင်းဆိုင်း မည်းညို့ညို့တိမ်လွှာတိမ်ခဲတွေက မဟာကောင်းကင်ပြင်ကို ကြီးစိုးအုပ်မိုးထား၏ ။ မိုးတွေလေတွေက တဝုန်းဝုန်းတဒုန်းဒုန်းရွာသွန်း တိုက်ခတ်နေကြသလို လျှပ်စီးပန်းခက်တွေကလည်း တပြိုးပြိုးတလက်လက် တဂျိန်းဂျိန်းတဂျက်ဂျက် ။ သည်လို မိုးရွာပုံမျိုးနှင့် ရွာက ခနော်ခနဲတဲအိမ်လေးတွေသာဆို ဝုန်းခနဲပြိုလဲကုန်မည်မှာ အသေအချာ…။ ဤတိုက်အိမ်ကျယ်ကြီးပေါ်တွင်မို့ တော်သေးတော့သည်ဟု မောင်ဘုန်း စိတ်သက်သာစွာတွေးလိုက်မိ၏ ။
        တစ်အိမ်လုံး၏တံခါးတွေကို ကျကျနနပိတ်ဆို့ထားပြီးပြီဖြစ်သဖြင့် မောင်ဘုန်း အိပ်ရာထက်တွင် စောင်ခြုံလျက် ကောင်းကောင်းကြီး ကွေးနေရသော်လည်း အိပ်၍မပျော် ။ အဘယ့်ကြောင့်ဆိုသော် မောင်ဘုန်း အိပ်ပျော်သွားမည်ကိုပင် ကြောက်ရွံ့လန့်ထိတ်နေမိသော ကြောင့်ဖြစ်သည် ။ အဘယ့်ကြောင့်နည်း ။ မောင်ဘုန်း အိပ်ပျော်သွားလျှင် အိပ်မက်မက်လိမ့်မည် ။ ထိုအိပ်မက်သည် မောင်ဘုန်း အလွန် အသည်းယားသော မြွေဟောက်မြွေပွေးမြွေရစ်ထွေးကောင်ကြီးတွေ မောင်ဘုန်း၏အနီးသို့ ပြေးဝင်လာသဖြင့် မောင်ဘုန်း ထွက်ပြေးရ သော မက်နေကျအိပ်မက်ဖြစ်နေမည်ကို စိုးရိမ်မိသောကြောင့်ဖြစ်၏ ။ ဟုတ်သည်…။ မောင်ဘုန်း ထိုအိပ်မက်လိုမျိုးကို နေ့စဉ်မြင်မက်ခဲ့ သည်မှာ ယမန်နေ့ညအပါအဝင်ဆို ဘယ်နှကြိမ်မြောက်ခဲ့ပြီလဲ မသိတော့ ။ နေ့စဉ် ပုံစံဆင်တူ အဓိပ္ပါယ်ဆင်တူ ။ သို့ကြောင့် မောင်ဘုန်း အိပ်ပျော်မည်ကိုပင် စိုးရွံ့လန့်ထိတ်နေရတော့သည် ။
   ‘ အို…အိပ်မက်လေးပဲဥစ္စာ ။ အိပ်မက်ထဲကမြွေတွေက ငါ့ကို ဘာလုပ်နိုင်မှာလဲ ။ တောက်…ဒါ…ဒါ ဟိုဂမုန်းစုတ်ရဲ့လက်ချက်ဖြစ်ရမယ် ။
     တွေ့ကြသေးတာပေါ့ ။ အခွင့်အရေးရလို့ကတော့ နင်တို့အကုန်လုံးကို ကိစ္စတုံးပစ်မယ် ။ မောင်ဘုန်းတဲ့ကွ…’
အိပ်မက်အကြောင်းတွေးနေရာမှ ခြံထဲကဂမုန်းပင်တွေကို မဆီမဆိုင် ဒေါသသွားပေါက်ကွဲမိ၏ ။ ဟုတ်လိမ့်မည်…ထိုဂမ္ဘီရဂမုန်းပင်တွေ၏ လက်ချက်သာဖြစ်မည် ။ နေ့စဉ်နေ့တိုင်း အညစ်အကြေးရည်တွေနှင့် ပက်ဖြန်းခံရသည့်အပေါ် မကျေမနပ်ဖြစ်ကာ သူတို့၏ဂမ္ဘီရအစွမ်းနှင့် မိမိကို လာရောက်နှောင့်ယှက်ခြင်းဖြစ်မည်ဟူ၍ မောင်ဘုန်း တွေးမိလေသည် ။ ထိုသို့ တောင်တောင်အီအီတွေးတောရင်း တစ်နေကုန်ပင် ပန်းထားသည့်ဒဏ်ဖြင့် မောင်ဘုန်း မှေးခနဲအိပ်ပျော်သွားတော့၏ ။
         မြင်မက်လေပြီ…အိပ်မက် ။ တဂျိုးဂျိုးတဂျွတ်ဂျွတ်မြည်သံတွေနှင့်အတူ ခြံဝန်းအတွင်းမှမြွေပေါင်းများစွာတို့သည် မောင်ဘုန်း၏အိပ် ခန်းတွင်းသို့ ပြတင်းပေါက်မှသော်လည်းကောင်း တံခါးမကြီးမှသော်လည်းကောင်း မျက်နှာကျက်အပေါက်ငယ်များမှသော်လည်းကောင်း တိုးဝှေ့ဝင်ရောက်လာကြသည် ။ အားလုံး ပဗျင်းတထောင်ထောင်နှင့် ကိုယ်ထည်စိမ်းစိမ်းကြီးတွေ ။ ဘယ်လိုမြွေ ဘယ်လိုအမျိုးအစားဆို တာကိုတော့ မောင်ဘုန်း ဝေဖန်ခွဲခြားဖို့ မစဉ်းစားအား ။ အသည်းတယားယားနှင့် အိပ်ရာထောင့်တစ်နေရာသို့တိုးရင်း အိပ်မက်မှ မြန်မြန် နိုးဖို့ရန်သာ တောင်းဆုခြွေနေမိသည် ။ အို…အိပ်မက်မှ အမြန်ဆုံးနိုးထပါတော့…။
   “ ရွှီး…”
ရွှီးခနဲမြည်သံကျယ်ကြီးနှင့်အတူ မောင်ဘုန်း၏ မှုန်ကုတ်ကုတ်အခန်းငယ်လေးအတွင်းသို့ ပဗျင်းတထောင်ထောင်နှင့် မြွေအကြီးကြီးတစ် ကောင် ဝင်ရောက်လာသည့်အခါ ကျန်မြွေအားလုံးက နဘေးသို့ တိုးရင်း လမ်းဖယ်ပေးကြသည် ။ ထိုမြွေကြီးက ယမန်နေ့များတွင် မိမိကို လက်ညှိုးညွှန်ကာ မြွေအပေါင်းအား တစ်စုံတစ်ရာရေရွတ်ခိုင်းစေလိုက်သော ခန့်ထည်ထည်အမျိုးသမီးကြီးမှန်း မောင်ဘုန်း သိလိုက်ပြီ ။ မောင်ဘုန်း တွေးလိုက်မိသည့်အတိုင်းပင် မြွေစိမ်းကြီးသည် မြွေအပေါင်း၏အလယ်သို့ရောက်သည့်အခါ တဖြည်းဖြည်းချင်းမြင့်တက်လာ ပြီး မိန်းမကြီးတစ်ဦး၏ပုံသဏ္ဍာန်သို့ ကူးပြောင်းသွား၏ ။ အမျိုးသမီးကြီးသည် ယမန်နေ့များအတိုင်း မောင်ဘုန်း၏မျက်နှာသို့ စားမြို မတတ် စိမ်းလက်လက်ကြီး ရှုစိုက်ကြည့်လိုက်ပြီး…
   “ ငမိုက်သားမောင်ဘုန်း သင်ဟာ အကျွန်ုပ်ကဲ့သို့ မြင့်မြတ်တော်ဝင်သောဂမုန်းမျိုးနွယ်အား နှုတ်ဖြင့် လှောင်ပြောင်သရော်စော်ကားရုံ
     သာမက အညစ်အကြေးရည်တို့နှင့် ပက်ဖြန်း၍လည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူဖြစ်တယ် ။ သည့်အတွက် သင့်မိုက်ပြစ်ကို
     သင် ပြန်လည်ခံစားရပါစေသား…။”
ဟူ၍ တိုးညှင်ညှင်ပြောဆိုလိုက်သည် ။ သူမ၏အသံသည် တိုးတိုးညှင်ညှင်ထွက်ပေါ်လာခြင်းဖြစ်သော်လည်း မောင်ဘုန်း၏စိတ်ထဲ၌တော့ အပြင်လောကတွင် ပစ်ခတ်လိုက်သည့်မိုးကြိုးသံအလား ကြောက်လန့်တုန်ဖျားသွားရသည် ။ မိမိထင်မြင်နေသည့်အတိုင်း ဂမုန်းပင်တွေ က မိမိအား ဂမုန်းကျိန်စာတိုက်လိုက်လေပြီ ။ တောင်းပန်လိုက်လျှင် ကောင်းမလားဟု တွေးလိုက်မိသော်လည်း ချက်ချင်းပင် ထိုအတွေး ကို ခေါင်းထဲက မောင်းထုတ်ပစ်လိုက်သည် ။
   ‘ ဒါ အိပ်မက်တစ်ပုဒ်ပဲလေ ။ ဒီမြွေအယုတ်ကောင်တွေက ငါ့ကို ဘာလုပ်နိုင်မှာလဲ ။ ’
 ထိုသို့ ဇွတ်တရွတ်ကြံတွေးလိုက်မိစဉ် မိမိအခန်းပတ်လည်ရှိ မြွေပေါင်းများစွာတို့သည် ယမန်နေ့ညအိပ်မက်များအတိုင်း မိမိ့အနားသို့ အသည်းယားစဖွယ် ပြေးဝင်လာကြတော့၏ ။
   “ အား……”
{{{{{{{{{{{{{{{{{{{{{{
       မောင်ဘုန်းတို့ခြံဘက်မှ တဒုတ်ဒုတ်တရွှပ်ရွှပ်နှင့် ဓါးခုတ်သံများကိုကြားရသဖြင့် သိန်းအောင် နားစွင့်လိုက်မိသည် ။ ကြည့်ရတာ မောင်ဘုန်းတစ်ယောက် မိမိကဲ့သို့ပင် ခြံထဲကသစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းနေရခြင်းဖြစ်မည် ။ အကြီးမြရဲ့ခြံက မိမိ့ဆရာ၏ခြံထက် ပို ၍ကျယ်ဝန်းကြီးမားသလို ခြံထဲ၌လည်း သီးပင်စားပင်ကြီးများနှင့် ပန်းအလှပင်တွေကလည်း မနည်းမနောဖြစ်၍ ညက မုန်တိုင်းဒဏ်ဖြင့် အပင်အတော်များများ လဲပြိုကျိုးကျလောက်သည် ။ ထိုအပြိုအလဲပန်းပင်သီးပင်များကို မောင်ဘုန်း တစ်နေကုန် ရှင်းနေရလောက်ပြီဟု သိန်းအောင် ကရုဏာသက်စွာတွေးတောလိုက်မိ၏ ။
        မိမိတို့ခြံထဲတွင်တော့ သီးပင်စားပင် သည်လောက်မရှိ ။ ပန်းအလှပင်ကလည်း တစ်ပင်နှစ်ပင်မျှရယ် ။ သို့ကြောင့်လည်း မုန်တိုင်း ကြောင့် လဲပြိုကျိုးသွားသည့် သရက်ပင်ပျိုတစ်ပင်နှစ်ပင်မှလွဲ၍ သိန်းအောင် ခုတ်ရှင်းစရာ အပင်များများစားစားမရှိလှ ။ ယခုခုတ်နေသော အပင်မှာ နောက်ဆုံးလက်ကျန်ပင်ဖြစ်တာကြောင့် ဤအပင် ခုတ်ပြီးလျှင် မောင်ဘုန်းအား သွားရောက်ကူညီဦးမည်ဟု သိန်းအောင် တွေး ထားလိုက်သည် ။
        သိန်းအောင် တွေးသကဲ့သို့ အမှန်ပင် မောင်ဘုန်းတစ်ယောက် သစ်ပင်တွေခုတ်နေရခြင်းဖြစ်သည် ။ သစ်ပင်ဟုဆို၍ မုန်တိုင်းဒဏ် ကြောင့် လဲပြိုကျိုးကျနေသော သရက်ပင် ပိန္နဲပင် မာလကာပင်…စသောအရင်းတုတ်တုတ်အရွက်အုပ်အုပ်အပင်ကြီးများဟု မယူဆလိုက် နှင့် ။ မောင်ဘုန်း ခုတ်လဲနေသည့်အပင်တွေက ဂမုန်းပင်တွေ…။ များပြားလှတဲ့ ဂမုန်းပင်တွေကို မောင်အုန်း တရွှပ်ရွှပ်ခုတ်ပစ်ရုံသာမက နုနုငယ်ငယ်အပင်လေးတွေကို မောင်ဘုန်းကိုယ်တိုင် လက်နှင့်စုံကိုင်ပြီး ချိုးဖဲ့ပစ်သည် ။ ခြေမွှပစ်သေးသည် ။ တစ်နည်းဆိုရလျှင် ညက ဝင်ရောက်တိုက်ခတ်လိုက်သောမုန်တိုင်းကို အကာအကွယ်ယူကာ တစ်ချိန်ကကြံစည်ခဲ့သည့် မောင်ဘုန်း၏စိတ်ကူးတွေကို လက်တွေ့ အကောင်အထည်ဖော်ပစ်လိုက်ခြင်း ဖြစ်သည် ။
   “ မှတ်ထား…မောင်ဘုန်းတဲ့ကွ ။ ဂမုန်းစုတ် ဂမုန်းနာတွေ ။ မောင်ဘုန်းကိုများ လာယှဉ်ချင်သေးတယ် ။ အသုံးမကျသုံးမရတဲ့ဂမုန်းတွေ
      ကများ ။ မင်းတို့က အိပ်မက်ထဲမှာပဲ ကြီးကျယ်လို့ရတာကွ ။ ငါက သက်ရှိလူသားစင်စစ် ။ အပြင်လောကမှာ ငါက အရှင်သခင်ပဲ ။
      မင်းတို့လို မလောက်လေးမလောက်စားတွေကို လုံးဝ မမှုဘူး ။ ငါ့ကို လာနှောင့်ယှက်လို့ကတော့ ဒီလို ဘဝဆုံးရမှာပဲ ။ ကဲကွာ…”
နှုတ်ကလည်း သူရူးတစ်ယောက်လို တတွတ်တွတ်အော်ရင်း ဓါးနှင့် ခုတ်သည့်အခါ ခုတ် ၊ လက်နှင့် နှုတ်သည့်အခါ နှုတ်ပြီး တစစီခြွေမွ ပစ်သည် ။ အထူးသဖြင့် သူ အမုန်းဆုံး ၊ သူ အရွံဆုံးဖြစ်တဲ့မယ်တော်ကြီးဂမုန်းပင်ငယ်တွေကို လက်နှင့် ဆွဲနှုတ်ရုံသာမက အစေးတွေ စီး ကျလာတဲ့အထိ ချိုးဖဲ့ပစ်၏ ။
   “ ကဲ…နင်က ခေါင်ချုပ် မဟုတ်လား ။ နင်က ဘုရင်မ မဟုတ်လား ။ နင်က ငါ့ကို ကျိန်စာတွေဘာတွေတောင် တိုက်လိုက်သေးတယ်
     ပေါ့ ။ မောင်ဘုန်းကို ဘာကောင်များ မှတ်နေတုံး ။ တစ်ရွာလုံးထက်မိုက်လို့ မြို့တက်လာရဲတဲ့ကောင်ကွ ။ အေး…နင့်ကိုလည်း တစစီ
     သုတ်သင်ပစ်မယ် ။”
ပြောပြောဆိုဆိုနှင့် ကျောက်စိမ်းအိုးထဲမှဂမုန်းပင်ကြီးကို ဓါးမနှင့် ခုတ်ချလိုက်သည် ။ ဓါးက ပန်းပင်အစေးတွေကပ်ကာ မထက်တော့သ ဖြင့် ပင်စည်က ဟက်ရုံသာဟက်သွားပြီး ဒုတ်ဒုတ်ထိလဲကျမသွား ။ မောင်ဘုန်း စိတ်မရှည်တော့ ။ ဓါးကို အဝေးသို့ လွှင့်ပစ်ကာ မိန်းမ လက်မောင်းခန့်သာရှိသောပင်စည်ကို လက်နှစ်ဖက်နှင့် အတင်းလိမ်ချိုးပစ်လိုက်သည် ။ ဂမုန်းပင်၏သွေးစက် ကြည်လဲ့လဲ့အရည်တွေက မောင်ဘုန်း၏လက်တွင် ပေရေသွားပြီး ရင်ဘတ်သို့ပင် စင်လာသည် ။ မောင်ဘုန်း မမှု…လက်ထဲသို့ ကျိုးပါလာသည့်ပင်စည်ကိုင်းကို နောက်တစ်ချက်ထပ်ချိုးပစ်လိုက်ပြီး အရွက်တွေကိုလည်း ဆွဲဆုတ်ပစ်ကာ ခြံထောင့်ရှိဂမုန်းသိင်္ချိုင်းဆီသို့ လှမ်းပစ်လိုက်၏ ။ ဂမုန်းသိင်္ချိုင်း ဆို ည်မှာ မောင်ဘုန်း ခုတ်လှဲခြွေမွထားသောဂမုန်းပင်များအား စုဝေးပစ်ပုံထားသောနေရာကို ပြောလိုခြင်းဖြစ်သည် ။
   “ အင်း…အားလုံးတော့ ကိစ္စတုံးသွားပြီ ။ ကြီးကြီးမြ လာကာမှ မုန်တိုင်းဝင်လို့ အပင်တွေ ကျိုးကုန်တာနဲ့ ခုတ်ပစ်လိုက်ရတယ်လို့ ပြောရ
     မယ် ။ အေးပါ…သရက်ပင်နဲ့ပိန္နဲပင်ကြီးတောင် လဲသွားသေးတာပဲ ။ ဒီဂမုန်းပင်တွေ လဲတာလောက်ကိုတော့ ကြီးကြီးမြ သံသယဝင်
     မယ် မထင်ပေါင် ။ ကောင်းတယ် ။ ဒါ ငါ့အတွက် ကံကောင်းခြင်းပဲ ။”
မောင်ဘုန်းတစ်ကိုယ်တည်း ရေရွတ်ပြောဆိုရင်း ဂမုန်းသိင်္ချိုင်းဆီသို့ စွေစောင်းစောင်းငေးကြည့်လိုက်သည် ။ လဲပြိုကြေမွပျက်စီးနေသော ဂမုန်းအသေပင်တွေကိုကြည့်ကာ တဟားဟားနှင့် မောင်ဘုန်း သဘောကျစွာရယ်မိသည် ။ ထိုအခါမှ တစ်မနက်ခင်းလုံး ဘာအစာမှမစား ရသေးတဲ့အစာအိမ်က တဂွီဂွီအသံပြုသဖြင့် အစာစားရန် သတိရသွားပြီး မောင်ဘုန်း မြက်ခုတ်ဓါးကိုကောက်ကာ အိမ်ထဲသို့ ပြန်ပြေးဝင် လာလိုက်၏ ။
       မောင်ဘုန်းတစ်ကိုယ်လုံး ချွေးတွေသံတွေ စိုရွှဲနေသလို တစ်ကိုယ်လုံးလည်း ဂမုန်းအစေးတွေ ဖုန်တွေသဲတွေ ပေရေနေသော်လည်း မောင်ဘုန်း ဆေးကြောဖို့ရေချိုးဖို့ မစဉ်းစား ။ မောင်ဘုန်းက တောတောင်အနီးတွင် ဆင်းဆင်းရဲရဲကြီးပြင်းလာရသူပီပီ ညစ်ညစ်ပတ်ပတ် နေတတ်သည် ။ အပြင်ကအလုပ်လုပ်ပြီး ဝင်လာလျှင်ဖြစ်စေ ၊ အစားစားခါနီးတွင်ဖြစ်စေ ၊ အိမ်သာမှထွက်လာလျှင်ဖြစ်စေ လက်ကို ပြောင်စင်အောင် ဆေးကြောရမည်ဟု ကြီးကြီးမြက အခါခါသင်ကြားသော်လည်း မောင်ဘုန်း မလိုက်နာ ။ အကျင့်ပါနေပြီကိုး ။ ယခုလည်း တစ်ကိုယ်လုံး ပေရေညစ်ပတ်နေသည်ကိုမမှုဘဲ မောင်ဘုန်း ထမင်းစားခန်းထဲသို့ ပြေးဝင်လာသည် ။ အိမ်၌ မည်သူမျှမရှိ၍ မောင်ဘုန်း ဘာကိုမျှ ဂရုစိုက်စရာ မလို ။ ရေခဲသေတ္တာကို ဟန်ပါပါဖွင့်လိုက်ပြီး အတွင်းက ကြီးကြီးမြ ဝယ်ထားရစ်ခဲ့သည့် မောင်ဘုန်းအကြိုက် ဘတ် တာကိတ်ကို အလျင်စလိုဆွဲထုတ်လိုက်သည် ။ ဘတ်တာကိတ်အခွံ(အပြင်မှပလပ်စတစ်အကာ)ကို ဓါးတွေကတ်ကျေးတွေနှင့် ဖောက် ရန် မတွေးမိ ။ ပါးစပ်ဖြင့်သာ ကိုက်ဆွဲဖောက်လိုက်သည် ။ အတွင်းမှကိတ်ကို နှိုက်ယူရန် လက်ကိုပြင်လိုက်ခါမှ မောင်ဘုန်း၏လက်တွင် အစေးတွေကပ်နေသည်ကို သတိပြုလိုက်မိ၏ ။
   “ တောက်…ဒီဂမုန်းတွေကတော့ အခုချိန်ထိ နှောင့်ယှက်နေတုံးပဲ…”
မောင်ဘုန်း ရေရွတ်လိုက်ရင်း လက်ကို ပုဆိုးနှင့် ခပ်သွက်သွက်သုတ်လိုက်ပြီး ကိတ်မုန့်ကို ဆွဲထုတ်လိုက်သည် ။ အားပါး…နုညံ့မွှေးပျံ လိုက်ပါဘိ ။ ပါးစပ်တွင်းသို့ နည်းနည်းချင်းဖဲ့ထည့်ပြီး ကိတ်မုန့်၏ချိုစိမ့်စိမ့်အရသာကို ဖြည်းဖြည်းချင်းခံစားကြည့်သည် ။ ကောင်းလှချည် ရဲ့…။ အချိန်အတော်ကြာသည့်အခါ မောင်ဘုန်း၏ပါးစပ်အတွင်းသို့ ကိတ်မုန့်တစ်ခုလုံး ဝင်သွားခဲ့လေပြီ ။
      စားသောက်ပြီးသည့်အခါ မောမောရှိသည်နှင့် မောင်ဘုန်း ထိုင်ခုံတွင် ဆက်ထိုင်နေရင်း ရောက်တတ်ရာရာတွေးတောမိပြန်သည် ။ မောင်ဘုန်း ဂမုန်းပင်တွေကို မျိုးဖြုတ်ပစ်လိုက်ပြီ ။ မောင်ဘုန်းလုပ်ရပ်သည် မောင်ဘုန်းအတွက် မှန်ကန်သည်ဟု တစ်ဖက်သတ်ယူဆနေ မိသော်လည်း တကယ့်တကယ်တမ်းကျ ဂမုန်းပင်တွေက မောင်ဘုန်းကို အလွတ်ပေးပါ့မလား ။ ဂမုန်းပင်တွေ၏ဝိညာဉ်က မောင်ဘုန်း၏ ထံပါးသို့ ရောက်ရှိလာကာ မောင်ဘုန်း၏အသက်ကို ခြွေလွင့်ယူဆောင်တော့မည်လား ။ ထိုအတွေးကို ချက်ချင်းပင် ခေါင်းထဲက ထုတ်ပစ် လိုက်သည် ။ အို…ဂမုန်းပင်ဆိုတာ အပင်ငယ်လေးတွေပါ ။ ဒီအပင်ငယ်လေးတွေက လူကို အန္တရာယ်ပြုနိုင်ပါ့မလား ။ ငါ အတွေးလွန်နေ တာပါလေဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရသည် ။ သို့သော် ညကမြင်မက်ခဲ့သည့်အိပ်မက်ထဲက အမျိုးသမီးကြီး၏စကားသံတွေက မောင် ဘုန်း၏နားထဲတွင် ပဲ့တင်ကြားယောင်နေ၏ ။
“ ငမိုက်သားမောင်ဘုန်း သင်ဟာ အကျွန်ုပ်ကဲ့သို့ မြင့်မြတ်တော်ဝင်သောဂမုန်းမျိုးနွယ်အား နှုတ်ဖြင့် လှောင်ပြောင်သရော်စော်ကားရုံ
     သာမက အညစ်အကြေးရည်တို့နှင့် ပက်ဖြန်း၍လည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူဖြစ်တယ် ။ သည့်အတွက် သင့်မိုက်ပြစ်ကို
     သင် ပြန်လည်ခံစားရပါစေသား… ။”
ပြန်လည်ကြားယောင်နေမိသောစကားသံကို နားထဲက လွင့်စင်သွားစေရန်အတွက် မောင်ဘုန်း ဦးခေါင်းကို သွက်သွက်ခါရမ်းပစ်လိုက် သည် ။ အသံတွေ ပျောက်ကွယ်သွားပါစေတော့ ။
   “ ငမိုက်သားမောင်ဘုန်း သင်ဟာ……”
မောင်ဘုန်း ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်သည် ။ အသံတွေက အပြင်မှာ အမှန်ပင် ကြားယောင်လာသလို ခံစားလာရ၏ ။ မောင်ဘုန်း တုန်တုန်ရီရီနှင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်မိသည် ။ မောင်ဘုန်း၏အနီးအနားတွင် ဘာတစ်ခုမျှ ထူးခြားတာ မရှိ ။ တစ်အိမ်လုံး အပ်ကျသံကြားလုမတတ် တိတ်ဆိတ်ငြိမ်သက်နေ၏ ။
   ‘ ဟာ…ငါ ဘာတွေဖြစ်နေတာလဲ ။ အပင်တွေလည်း သေကုန်ပြီပဲ ။ အခုအချိန်မှာ ဒီဂမုန်းစုတ်တွေကို ကြောက်ရွံ့နေစရာ မလိုတော့ဘူး
     လေ ။ အခုချိန် ငါ ကြောက်ရမှာက ကြီးကြီးမြကိုပဲ ။ ကြီးကြီးမြ ပြန်လာလို့ကတော့ သူ့အပင်တွေ သေကုန်တဲ့အတွက် ငါ့ကို အတော်
     စိတ်တိုမှာ သေချာတယ် ။ ဒါပေမဲ့ ရာသီဥတုက ငါ့ကို ကာကွယ်ပေးထားတော့ တော်သေးရဲ့ ။ မုန်တိုင်းတိုက်လို့ ဖြစ်ရတာဆိုတော့
     သူလည်း ငါ့ကို အပြစ်တင်သာမှာ မဟုတ်ပါဘူး ။’
မောင်ဘုန်း၏အာရုံထဲတွင် ခြံထဲသို့ခြေချချချင်း မျက်လုံးပြူးမျက်ဆံပြူးနှင့် ပန်းဥယျာဉ်ကို လှည့်ပတ်ကြည့်ရှုရင်း ယောက်ယက်ခတ်နေတဲ့ ကြီးကြီးမြ၏ပုံသဏ္ဍာန်ကို မြင်ယောင်ကြည့်ကာ စိတ်မကောင်းဖြစ်သွားမိသည် ။ မိမိကြောင့် ကြီးကြီးမြတစ်ယောက် စိတ်ထိခိုက်ကြေကွဲရ တော့မည် ။ သို့သော်…မတတ်နိုင် ။ ဂမုန်းပင်တွေက သူတို့ဘာသာသူတို့ ငြိမ်ငြိမ်မနေဘဲ မောင်ဘုန်းကို လာရောက်နှောင့်ယှက်သဖြင့် မောင်ဘုန်းက ထိုသို့သတ်ပစ်ခုတ်ထစ်လိုက်ရခြင်းဖြစ်သည် မဟုတ်လား ။
   ‘ ရွှီ…ရွှီ…’
ရုတ်တရက် နားထဲသို့ မြွေတွန်သံသဲ့သဲ့ကြားလိုက်ရသဖြင့် မောင်ဘုန်းခေါင်း ဆတ်ခနဲထောင်မတ်သွားကာ နားကို စွင့်လိုက်သည် ။ စိတ် ထင်ခြင်းပဲလား…တကယ်ကြားလိုက်ရတာလား…ကိုယ့်ဘာသာကိုယ် မသေချာ ။ သို့ကြောင့် ထပ်ကြားရဦးလေမလားဟူသောအတွေးနှင့် နားစွင့်ထားမိလိုက်ခြင်းဖြစ်သည် ။
   “ ရွှီ…ရွှီ…”
မြတ်စွာဘုရား…စိတ်ထင်ခြင်း မဟုတ်…မြွေတွန်သံက အမှန်ပင်ကြားရခြင်းဖြစ်၏ ။ ကြားရတာ ခပ်ဝေးဝေးကနေ တရွေ့ရွေ့လာနေသော မြွေတွန်သံ…။ မောင်ဘုန်း တုန်လှုပ်ချောက်ချားသွားသည် ။ သူတို့ လာနေကြပြီ ။ မောင်ဘုန်း၏အသံဇီဝိန်ကို ခြွေလွင့်ဖျက်ဆီးဖို့ သူတို့ လာကြပြီ ။ သူတို့ကို အသက်နှင့်ခန္ဓာ အိုးစားကွဲအောင် ပြုခဲ့မိတဲ့မောင်ဘုန်းကို သူတို့ လက်စားချေကြတော့မည် ။
     မောင်ဘုန်း၏အတွေး မဆုံးခင်ပင် အိမ်ပေါ်သို့ မြွေစိမ်းစိမ်းတွေ တရွေ့ရွေ့တက်လာကြသည် ။ တစ်ကောင်နှစ်ကောင် မဟုတ် …အုပ် လိုက်ချီပြီး စိမ်းရှည်ရှည်အတ္တဘောကြီးတွေကို တွန့်လိမ်ရွေ့လျားလျက် တရွေ့ရွေ့တိုးကပ်လာကြသည် ။
   “ သွား…မလာကြနဲ့ ။ သွားကြစမ်း…ငါ အကုန်သတ်ပစ်မှာနော် ။ သွားကြစမ်း…”
မောင်ဘုန်း ခပ်လှမ်းလှမ်းရှိ မြက်ခုတ်ဓါးကို ကောက်ယူလိုက်ပြီး ဓါးတရမ်းရမ်းနှင့်ခြိမ်းခြောက်မောင်းထုတ်သော်လည်း မြွေတွေက နောက် မဆုတ်ကြ ။ တရွေ့ရွေ့လာမြဲလာနေကြသည် ။ အနားသို့နီးကပ်လာသောမြွေတွေကို မောင်ဘုန်းက ဓါးနှင့် ခုတ်ပစ်လိုက်သော်လည်း ကျန်မြွေများက နောက်မတွန့်ကြ ။ တဖြည်းဖြည်းနှင့် မြွေတွေအားလုံး မောင်ဘုန်း၏အနားသို့ ရောက်ရှိလာကြပြီ ။ မောင်ဘုန်းမှာ ပြေး စရာမြေ မရှိတော့ ။ တစ်ခြံလုံး တစ်အိမ်လုံး မြွေစိမ်းကြီးများဖြင့် ပြည့်နှက်ဖုံးအုပ်သွားတော့သည် ။
   “ မလာကြနဲ့…ငါ့ကို မကိုက်နဲ့…သွား…သွား…”
မောင်ဘုန်း သွေးပျက်နေလေပြီ ။ မြွေတွေက မောင်ဘုန်း၏ပတ်ပတ်လည်တွင် ဝိုင်းရံကာဆီးလျက် အဆိပ်ပြင်းပြင်း ပဗျင်းတွေကို ထောင်ကာ မောင်ဘုန်းရဲ့အလစ်ကို စောင့်ကြည့်နေကြပြီ ။ မောင်ဘုန်း နေရာ၌ ဆက်နေ၍မဖြစ်တော့ချေ ။ ကြောက်အားလန့်အားနှင့် ခြံ နောက်ဖေးသို့ပြေးအထွက် မောင်ဘုန်း၏နောက်တွင် ပပျင်းတထောင်ထောင်နှင့် စောင့်နေသောမြွေတစ်ကောင်၏ကိုယ်ကို တက်နင်းမိရာ ထိုမြွေ၏ဦးခေါင်းက ရှေ့သို့ ဆတ်ခနဲငိုက်ကျလာပြီး မြွေ၏အစွယ်ဖွေးဖွေးတွေသည် မောင်အုန်း၏ခြွေသလုံးတစ်ဖက်ဆီသို့ မြားတစ်စင်း လို အရှိန်ပြင်းပြင်းစိုက်ဝင်သွားလေတော့၏ ။
   “ အား…”
       အဖြစ်အပျက်တွေက တစ်ခုချင်းပင် ဆက်တိုက်ဆက်တိုက်ဖြစ်ပွားခဲ့သည် ။ မောင်ဘုန်းက ဂမုန်းတွေကို အသားလွတ်မုန်းတီးနေ၍ ဂမုန်းပင်တွေ၏ပင်ခြေကို အညစ်အကြေးရည်တို့ဖြင့်လောင်းပက်ကာ နေ့စဉ်ရက်ဆက် ညှင်းပန်းခဲ့၏ ။ ဂမုန်းဟူသည် ဂမ္ဘီရမျိုးနွယ်ဝင် သစ်ပင် ။ ရွှေလာငွေလာဂမုန်းဆိုလျှင် ရွှေရည်ငွေရည်မှန်မှန်လောင်းပေးပါက တကယ်ပင် ရွှေငွေဝင်သည်ဟု ရှေးလူကြီးများ ပြောခဲ့ကြသ လို ဘီလူးဂမုန်း ၊ သူယောင်ဂမုန်းတို့ဟူသည် တောတောင်အတွင်း၌ သဘာဝအလျောက် ပေါက်ရောက်ရှင်သန်နေထိုင်ကျက်စားကြသော နေအိမ်၌ စိုက်ပျိုးရန်မသင့်သော ဆန်းဆန်းကြယ်ကြယ်ဂမုန်းပင်တွေဖြစ်သည်ဟု အထောက်အထားများဖြင့် ရေးသားခဲ့ကြသည် ။ ဂမ္ဘီရ ဟူသည် ဆန်းကြယ်ခြင်းဟူသောအဓိပ္ပါယ်သက်ရောက်သည့်အတိုင်း ဂမ္ဘီရနွယ်ဖွား ဂမုန်းပင်တိုင်းတွင် ဆန်းကြယ်မှုကိုယ်စီ ပိုင်ဆိုင်ကြ လေသည် ။ ဤသို့သော အပင်မျိုးနွယ်ကိုမှ မောင်ဘုန်းက မုန်းတီးရွံ့ရှာက မသင့်တော်တာတွေကို ပြုလုပ်သည့်အခါ မောင်ဘုန်းကို ဂမုန်း ပင်တွေက အမှန်တကယ်ဒဏ်ခတ်ခဲ့ခြင်းပဲလား ။ သို့မဟုတ် မောင်ဘုန်းဘာသာ ဂမုန်းအစေးဆိပ်သင့်ကာ သေခါနီးအသိစိတ်ကင်းလွတ် ပြီး ကယောင်ကတမ်းမြင်ယောင်ကြားယောင်ခဲ့ခြင်းပဲလား…။ ထိုအဖြစ်မှန်ကိုတော့ ကံဇာတ်ဆရာသာလျှင် သိပါပေလိမ့်မည် ။         
{{{{{{{{{{{{{{{{{{{{{{

ဇာတ်လမ်းအဆုံး

         သိန်းအောင် မောင်ဘုန်းတို့ခြံရှေ့သို့ ရောက်လာချိန်တွင် ခြံထဲ၌ သစ်ပင်ခုတ်သံကို မကြားရတော့ ။ ခြံကိုကျော်၍ကြည့်မိသည့်အခါ သရက်ပင်တစ်ပင် ပိန္နဲပင်တစ်ပင် လဲပြိုလျက်သားရှိသေးသည်ကိုတွေ့ရ၍ မောင်ဘုန်း သစ်ခုတ်တာ ပြီးဆုံးသေးပုံ မရ ။ မော၍ ခဏနား နေခြင်းသာဖြစ်မည်ဟု သိန်းအောင် တွေးလိုက်မိသည် ။
   “ မောင်ဘုန်းရေ…မောင်ဘုန်း…”
သိန်းအောင် လှမ်းခေါ်သော်လည်း ပြန်ထူးသံ မရှိ ။ ခြံတံခါးကလည်း အတွင်းကပိတ်ထားခြင်းဖြစ်တာကြောင့် မောင်ဘုန်း အိမ်ထဲ၌သာ ရှိ နေမည်မှာ သေချာနေ၍ ဆင့်ကာဆင့်ကာအော်ခေါ်သော်လည်း မထူးခြား ။ သိန်းအောင် အနည်းငယ် စိုးရိမ်သလိုဖြစ်သွားသည် ။ မောင် ဘုန်း ဘာဖြစ်နေပါလိမ့် ။ သစ်ပင်တွေဘာတွေ ပိပြီး သတိလစ်နေတာများလား ။ ဒါမှမဟုတ်…
        စိုးရိမ်ပူပန်စိတ်နှင့်အတူ မိမိအိမ်သို့ပြန်ပြေးကာ မိမိ့ဆရာကို ပြောပြသည် ။ ဆရာကလည်း မောင်ဘုန်းကို ခင်မင်နေသူဖြစ်တာမို့ ခြံ ရှေ့သို့သွားကာ လှမ်းအော်ခေါ်ကြည့်သေးသည် ။ မည်သို့မျှ ခေါ်မရတော့မှ ရပ်ကွက်လူကြီးကိုအကြောင်းကြားကာ ခြံထဲသို့ တံခါးဖျက်ပြီး ဝင်ခဲ့ကြသည် ။
   “ ဟာ…မောင်ဘုန်း …”
မြင်လိုက်ရသည့်မြင်ကွင်းက ရင်နင့်စရာ ။ စားပွဲဝိုင်းနဘေးတွင် ခွေလဲကျနေပြီး ပါးစပ်တွင် အမြှပ်တစီစီထွက်နေသောမောင်ဘုန်း ။ အသက်က ယဲ့ယဲ့သာ ကျန်တော့သည် ။
   “ မောင်ဘုန်း…မောင်ဘုန်း…မင်း ဘယ်လိုဖြစ်တာလဲကွာ ။”
သိန်းအောင်က မောင်ဘုန်းကို ပြေးပွေ့ကာ စိုးရိမ်တကြီးမေးလိုက်သည်။ မောင်ဘုန်း ဖြစ်ကြောင်းကုန်စင်ကို ကောင်းစွာရှင်းမပြနိုင်တော့ ။ အသက်ကို ပြင်းစွာရှူရှိုက်နေသည့်ကြားက စကားတစ်ခွန်းကိုသာ နောက်ဆုံးဆိုလိုက်ရသည် ။
   “ ဂမုန်း…ကျိန်…စာ…”
မောင်ဘုန်း ဇက်ကျိုးကျသွားသည် ။ သိန်းအောင် အော်ခေါ်သော်လည်း ပြန်မထူးနိုင်တော့ချေ ။ ရဲဝန်ထမ်းတွေကတော့ မောင်ဘုန်း သေ ဆုံးမှုအပေါ် လူသတ်မှုလော…လူသေမှုလောဟူ၍ ဒွိဟဖြစ်ကြမည်မှာ မလွဲ ။ သို့ပေမဲ့ ဆေးစစ်ချက်ထွက်လာလျှင်တော့ အဖြေမှန် ပေါ် သွားလိမ့်မည် ။ ဆေးစစ်ချက်၌ ဂမုန်းတစ်ပင်ပင်၏အစေးမှအဆိပ်ကို အလွန်အကျွံစားသုံးမိ၍…ဟု ရေးသားထားလိမ့်မည်ဖြစ်ရာ ထိုအခါ သူတို့အားလုံး ခြံထောင့်ကဂမုန်းသင်္ချိုင်းကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ရင်း သဘောပေါက်သွားကြလိမ့်မည် ။ သို့သော် မောင်ဘုန်းသေဆုံး မှုသည် အမှန်ပင် ဂမုန်းပင်၏အဆိပ်ကြောင့်လား ၊ ဂမ္ဘီရဆန်သောဂမုန်းပင်တွေကို နိုင့်ထက်စီးနင်းပြုလုပ်ခဲ့သည့်မောင်ဘုန်းအား ဂမုန်း ပင်တွေက ကလဲ့စားချေကာ တန်ပြန်သတ်ဖြတ်ခဲ့ခြင်းပဲလားဆိုတာကတော့ ဖြေရှင်းမရနိုင်သောပဟေဋ္ဌိပုဒ်စာတစ်ပုဒ်သာဖြစ်ပါလိမ့်မည် ။ မည်သို့ပင်ဖြစ်စေမူ…မောင်ဘုန်း၏သေဆုံးမှုသည် ဂမုန်းကျိန်စာသင့်ခဲ့ရခြင်းပင် မဟုတ်ပါလား…။
 ( သေစေလောက်သော အဆိပ်အတောက်ရှိသည့်အစေးပိုင်ရှင်ဂမုန်းပင်ဟူသည်မှာ မယ်တော်ကြီးဂမုန်းပင်ကိုဆိုလိုခြင်းဖြစ်လိမ့်မည်ဟု ယူဆမိပါ၏…
    စာရေးသူ )



                                                                                                       
                                                        
                                                        စေတနာရှေ့ထားလျက်                                                                                                               
                                                              ဂါဦးနွန်းကို



 www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။