Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

လာဘ်စားသူ၏လားရာ



လာဘ်စားသူ၏လားရာ

 

( ၂၀၁၆ မေလထုတ် ဓမ္မဒူတဘာသာရေးမဂ္ဂဇင်းတွင် ဖော်ပြခံရသော စာပန်းချီဖြစ်သည် )

 

ဂါဦးနွန်းကို ......... ရေးသားသီကုံးသည် ။

 

 ------------------------------------------------------------------------------------------------------------------




       ကျွန်ုပ်၏ပတ်ပတ်လည်၌ ဝိုင်းဝန်းခယနေသည်က နတ်သမီးလေးများ ။ အို…လှလိုက်ချောလိုက်ကြပါဘိနှယ် ။ ထိုနတ်မိမယ် လေးတွေက ကျွန်ုပ်၏ဝန်းကျင်မှာ ရာချီထောင်ချီမက ။ အရွယ်အားဖြင့် လူ့အသက်နှင့် တွက်ချင့်ရသော် နုနယ်ပျိုမျစ် ပန်းဖူးသစ် အသွင် (၁၆)-(၁၈)နှစ်ဝန်းကျင် ။
        ရုပ်ရည်အဆင်းရူပကာကလည်း ဘယ်ခေပါ့မတုံး ။ တစ်ပါးလျှင် အလှတစ်မျိုး ထူးထွေတင့်တယ်လွန်းသူတွေချည်း ။ သူတို့ လေးတွေက ကျွန်ုပ်နံဘေးမှာ ဝန်းကာဝိုင်းကာ ခစားသူက ခစား ၊ နတ်သုဒ္ဓါ ခွံ့သူက ခွံ့ ၊ အတီးအမှုတ်အခုန်အကတို့ဖြင့် ဖျော် ဖြေသူက ဖျော်ဖြေနှင့် ပျော်တော်ဆက်နေကြသည် ။
        ပုရိသ-ဖိုသတ္တဝါတိုင်း တပ်မက်ရစ်မူးတတ်သည့်-ဤအလှပကေးလေးများကို ပိုင်ဆိုင်ထားရသဖြင့် အမှန်တကယ်ဆို ကျွန်ုပ် ပျော်နေသင့်သည် ။ ဤမျှလောက် ထူးမြတ်သော-ကုသိုလ်ကံကို စိုးပိုင်ထားသူ-ကျွန်ုပ်အဖို့ ပျော်မဆုံးမော်မဆုံး တပြုံးပြုံးဖြစ်နေရ မည် ။ ကျွန်ုပ်၏မျက်နှာဟာ တိမ်ကင်းစင်သောလမင်းပမာ ကြည်လင်သာယာကာ သောက်ရှူးကြယ်လို ထွန်းတောက်နေရမည် ပေါ့ ။ သို့သော်…ကျွန်ုပ်၏မျက်နှာ၌ သောကအရိပ်တို့က တဖြည်းဖြည်း ပြည့်သိပ်ကျပ်လာသည် ။
     အာခံတွင်းထဲသို့ ချိုအီမွှေးအေးစွာ သက်ဆင်းလာသော နတ်သုဒ္ဓါသည်လည်းကောင်း ၊ သောတအာရုံကို ငြိမ့်ညောင်းညင်သာ စွာ လာရောက်ထိခတ်သော ဂီတသံစဉ်တို့သည်လည်းကောင်း ကျွန်ုပ်၏စိတ်နှလုံးကို ရွှင်ပြုံးကြည်လင်အောင် မစွမ်းဆောင်နိုင် တော့ချေ ။ ကျွန်ုပ်၏စိတ်သည် တစ်စထက်တစ်စ ချောက်ချားမှုတို့ လွှမ်းမိုးစပြုလာလေပြီ ။
       တုန်လှုပ်စိုးရွံ့နေသော-စေတသိဏ်ကို ဖြေလျှော့သည့်အနေဖြင့် ကျွန်ုပ်၏ပုခုံးတစ်ဖက်ပေါ်သို့ မျက်နှာကလေး မှေးတင်ထား သော နတ်မိမယ်အလှပကေး၏ ရှုမဝမျက်နှာလေးကို တရှိုက်မက်မက်စူးစိုက်ကာ ကြည့်နေလိုက်သည် ။ သူကလေးကို ကျွန်ုပ် အချစ်ဆုံး ။ သူမ ခြုံလွှမ်းထားသည့်-ငွေဖြူရောင်ဝတ်ရုံလွှာက သူမ၏ရွှေဝါရောင်အဆင်းနှင့် ပနံတင့်လွန်းလှသလို နီမြန်းမြန်းနှုတ် ခမ်းဖူးလေးတွေကလည်း တီတီတာတာစကားတို့ကို သီကျူးတတ်လွန်းသောကြောင့် ကျွန်ုပ်၏နှလုံးသားကို ပိုင်စိုးသွားနိုင်ခဲ့ခြင်း ပင် မဟုတ်ပါလား ။
      အချစ်ဆုံး၏အပြုံး ၊ အချစ်ဆုံး၏စကားလုံးများကြောင့် ကျွန်ုပ်၏စိတ်ဝယ် ချောက်ချားခြင်း ကင်းကာ ရွှင်လန်းမည်ကြံရုံရှိသေး အာရုဏ်ဦးအလင်းက အရှေ့ဘက်ကမ်း၌ မေးတင်လာခဲ့ချေပြီ ။
- အို…ဒုက္ခ…! အကုသိုလ်လှည်းဘီးကြီးက ဆိုက်ရောက်လာတော့မှာပါလား ။
လိမ္မော်သွေးကဲ့သို့ မှိန်ဖျော့ဖျော့ထွန်းလင်းလာသော-အာရုံဦးရောင်ခြည်ကို မြင်လိုက်ရသည့်အခိုက် ကျွန်ုပ် သွေးပျက်သွားခဲ့ရပြီ ။
      အသက်(၁၆)နှစ်အရွယ် ပျိုမျစ်နုနယ် လှသွေးကြွယ်လွန်းသော-ကျွန်ုပ်၏အချစ်ကလေးသည်လည်း ကျွန်ုပ်၏စိတ်နှလုံးကို မသိမ်းကျုံးမညှို့ယူနိုင်တော့ ။ အနီးအပါးမှ ထောင်သောင်းမကသော နတ်မိမယ်အပေါင်းတို့၏ အမျိုးမျိုးသော အပန်းတော်ပြေရန် ပျော်တော်ဆက်မှုတို့ဟာလည်း ကျွန်ုပ်၏စိတ်အား ကြည်လင်ပျော်ရွှင်အောင် မစွမ်းဆောင်နိုင်တော့ ။
    “ ရောင်နီသမ်းလုပြီ နှမငယ်တို့ ။”
တုန်တုန်ယင်ယင်အသံဖြင့် ပြောနေကျစကားသံက ကျွန်ုပ်၏နှုတ်ဖျားမှ ထွက်ကျလာခဲ့ပြီ ။ ထိုင်ရာမှ ဣနြေ္ဒပင် မဆည်နိုင်အောင် ဖျတ်ခနဲကုန်းထလိုက်ပြီး ထိုသို့ ဟစ်အော်လိုက်သည့်အခါ …
      တူရိယာအမျိုးမျိုးတို့ကို တီးခတ်ဖျော်ဖြေနေသော-နတ်သမီးငယ်များသည်လည်းကောင်း ၊ သီဆိုကခုန်နေသော-ကချေသည် နတ်မိမယ်တို့သည်လည်းကောင်း ၊ အနီးအနား၌ အခစားဝင်နေသော-နတ်လုံမငယ်တို့သည်လည်းကောင်း ကျွန်ုပ်၏စကားသံကို ကြားလိုက်သည်နှင့် တပြိုင်နက် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည် ။ လုပ်လက်စအလုပ်များကို ရပ်ကာ ကျွန်ုပ်အား လက်စုံမိုး၍ နှုတ်ဆက်လိုက်ကြပြီးနောက် အပါးတော်မှနေ ဝေးရာဆီသို့ အလုအယက်ပြေးထွက်သွားကြတော့သည် ။
       ယုတ်စွအဆုံး ကျွန်ုပ်၏အချစ်ဆုံးသော-အလှပကေးလေးသည်ပင် နေရစ်ခဲ့ခြင်း မရှိ ။ မေးတင်နေရာမှ ဝမ်းနည်းကြေကွဲဟန် ဖြင့် နှုတ်ဆက်ကာ  ထွက်ခွာသွားလေ၏ ။ အားလုံး…အားလုံး…အာရုံကျင်းပြီဟူသောစကားသံ ကြားသည်နှင့် ကျွန်ုပ်ကို ချန်ထား ရစ်ကာ ဝေးရာသို့ ပြေးခွာသွားကြချေပြီ ။ အတွေ့အကြုံ နုနယ်စဉ်ကဆိုလျှင်…
   “ ဟဲ့…ဟဲ့…ဘယ်သွားကြတာလဲ ။ မသွားကြနဲ့လေ ။ မပြေးကြပါနဲ့…”
ဟူ၍ လိုက်ခေါ်လိုက်ဆွဲမိခဲ့သေးသည် ။
       ယခုတော့…သိနှင့်ပြီ ။ သူတို့က ကျွန်ုပ်၏ဝဋ်ဆင်းရဲဒုက္ခကို သိနေကြသည်ပဲကိုး ။ ထိုဒုက္ခက သူတို့နှင့် မဆိုင် ၊ ကျွန်ုပ် တစ် ယောက်တည်း ပြုခဲ့သည့်ကံဖြစ်၍ ကျွန်ုပ်သာလျှင် တစ်ကိုယ်တည်း ခံရမည် မဟုတ်ပါလား ။ အကုသိုလ်ကံကြွေးကို တုံ့ပြန်ပေး ဆပ်ရမည်မှာ ဓမ္မတာပင် ။
      ရောင်နီကို မျှော်ကြည့်ရင်း ကျွန်ုပ်သည် ချောက်ချားနေသည့်စိတ်ကို ချုပ်ထိန်းလိုက်သည် ။ နေ့စဉ် ဝတ္တရားမပြတ် တန်ပြန် ပေးဆပ်နေရသည့်-ဤဒုက္ခကို ကျွန်ုပ် အသားကျနေပါပြီ ။ ယနေ့လည်း ရင်ဆိုင်တွေ့ဆုံရဦးမည်မို့ သတ္တိတို့ကို မွေးလိုက်သည် ။      ကျွန်ုပ်သည် ထွက်ခွာသွားသော-သူငယ်မများကို စိတ်တိုစိတ်ဆိုးရန် ဆန္ဒမရှိဘဲ ကျွန်ုပ် ပိုင်ဆိုင်သော-သရက်ဥယျာဉ်တောထဲသို့ ဖြည်းညင်းစွာ ဆင်းလာခဲ့၏ ။
      တခဏအတွင်းမှာပဲ အရာရာပြောင်းလဲသွားချေပြီ ။ ကျွန်ုပ်ဟာလည်း ကျွန်ုပ် မဟုတ်တော့ ။ ဖြူစင်တင့်တယ်သော-ကျွန်ုပ်၏ ရူပါရုံသည် တမဟုတ်ချင်း ယိုယွင်းကာ ခြားနားသွားခဲ့ပြီ ။ ကျွန်ုပ်၏နတ်အသွင်ကို သက်သေထူထားနိုင်သော  နာရဏီရွှေအဆင်း ရှိ-မကိုဋ်တော်သည်လည်းကောင်း ၊ ကြေးနီရောင်ကဲ့သို့ ထင်းထင်းကြီးတောက်ပနေသော ကျွန်ုပ်၏ရွှေချည်ရွှေပြားခတ်ဝတ်ရုံလွှာ ဝတ်ရုံချပ်တို့သည်လည်းကောင်း သူရိန်နေမင်း၏ အာရုဏ်ဦးစကြ်ာအလင်း ထိသည်နှင့်တပြိုင်နက် ပျောက်ချင်းမလှ ပျောက်ဆုံး သွားကြပြီ ။
      နတ်အသွင် ကွယ်ပျောက်သည့်အခါ ကျွန်ုပ်၏ခန္ဓာကိုယ်ကြီးဟာ အဆမတန် ကြီးထွားလာပြီး အတောင်ရှစ်ဆယ်ခန့်ပမာဏ ရှိသော အတ္တဘောကြီးဖြစ်သွား၏ ။ ရုတ်တရက် အဆမတန် ကြီးမားလာသော-ခန္ဓာကိုယ်ကြီးကို ကြည့်ရင်း အတိတ်ကပြုခဲ့သော အကုသိုလ်ကံအပေါ် ဆင်ခြင်ရင်း နောင်တရမိပြန်သည် ။
- အကယ်၍ ကျွန်ုပ်သာ မကောင်းမှုမှာ မပျော်မွေ့ခဲ့လျှင်…အကယ်၍ ကျွန်ုပ်သာ သူတထူးအား မတော်မတရား မပြုခဲ့လျှင်…
  အကယ်၍ ကျွန်ုပ်သာ တံစိုးလာဘ်တို့ကို မစားမြိုခဲ့လျှင်…အကယ်၍ ကျွန်ုပ်သာ ကောင်းမှု မြတ်နိုး၍ ကောင်းကျိုးတွေသာ
  ပြုခဲ့ပါလျှင်…
ဤကဲ့သို့ ညစံငရဲမှာ ကျွန်ုပ် ခံစားရမည် မဟုတ် ။ သို့သော်လည်း…နောင်တဟာ နောင်မှရသည့်တရား ။ ယခုတော့ ကိုယ် ပြုခဲ့ကံ ကိုယ့်ထံ ပြန်လာပြီမို့ ဝဋ်ရှိသရွေ့ ခံလှည့်ပေတော့…။
      ခန္ဓာကိုယ်က အဆများစွာ ကြီးမားလာရုံမျှဖြင့် မပြီးသေးပါ ။ ပူလိုက်တာ…လောင်လိုက်တာ…ဟု ကျွတ်ကျွတ်ညံလူးလိမ့်နေရ လောက်အောင် ငရဲမီးများက တစ်ကိုယ်လုံးကို တောက်လောင်နေသည် ။ ဆီပူပူဒယ်အိုးထဲသို့ ပစ်ထည့်ခြင်းခံရသော-ငါးအရှင် တစ်ကောင်ကဲ့သို့ ပူလွန်းနာလွန်းလှသဖြင့် ဖျတ်ဖျတ်ခါ လူးလွန့်ကာ မီးတောက်များကို ငြိမ်းသက်နေသော်ငြား တစ်ပွားတလေပင် ငြိမ်းအေးသွားခြင်း မရှိခဲ့ ။ အကုသိုလ်ကံတည်းဟူသော အကျိုးပေးကြောင့် ဖြစ်တည်နေသော-ငရဲမီးများဖြစ်၍ သူ့အချိန် မကုန် မချင်း တောက်လောင်ခြင်းကို ခံစားရမည်သာ ။
       အဆများစွာ တိုးပွားလာသော-အတ္တဘောကြီးတွင် မီးလျံများ တောက်လောင်နေရသော-ဒုက္ခကို ခံစားနေရ၍ အကုသိုလ်  အကြွေးက ကုန်ခမ်းပြီလားဟုမေးလျှင် မကုန်ခမ်းနိုင်သေးပါ ။ နဂိုမူလ သေးငယ်သွယ်လျသော-လက်ချောင်းကလေးများက နတ် အသွင်နှင့်အတူ ပျောက်ကွယ်သွားခဲ့ကာ ထိုနေရာ၌ အရုပ်ဆိုးအကျည်းတန်လှသည့်-လက်တစ်ချောင်းစီ ပေါက်နေလေပြီ ။ မြင်ရ ကြည့်ရတာ ဆိုးရွားလိုက်ပါဘိနှယ် ။
       လက်တစ်ဖက်တစ်ချပ်စီတွင် ပေါက်လျက်ရှိသည့် ထိုတစ်ချောင်းတည်းသောလက်၌ ပေါက်တူးနီးပါး ချွန်ထက်ကြီးမားလှ သော-လက်သည်းကြီးတစ်ချောင်းစီလည်း ပါရှိ၏ ။ ထိုလက်သည်းကြီးများက အခြားအတွက်မဟုတ် ။ ကိုယ့်ကျောကုန်းသား ကိုယ်ခွာ စားရန်အတွက် အကုသိုလ်ကံက တပ်ဆင်ပေးလိုက်သည့် ထူးထွေထွေလက်နက် ။
      မည်သူကများ ကိုယ့်အသားကိုယ် ခွာစားချင်ပါအံ့ ။ ကျွန်ုပ်ကိုယ်တိုင်လည်း ဘယ်ခွာစားချင်ပါ့မလဲ ။ တစ်ညတာလုံး ပျော်ကြ ပါးကြစားကြသောက်ကြနှင့် လိုလေသေးမရှိ အယုအယအပြုအစု ခံခဲ့ရသည့်-နတ်သားတစ်ပါးအဖို့ ကိုယ့်ကျောသားကိုယ် ခွာယူ စားဖို့ဆိုတာ စိတ်ကူးပင် မယဉ်ဝံ့ဖူးသည့်ဖြစ်ရပ် ။ ယခုများတော့ ဆန်းကြယ်လိုက်ပါဘိ ကံကြမ္မာရယ်… ။
      အတိတ်ကံအကုသိုလ်ကြွေးကို ကျေလည်အောင် ဆပ်ရမည်ဖြစ်သောကြောင့် ထိုပေါက်တူးလက်သည်းကြီးဖြင့် ကျောကုန်း ဆီသို့ ချိန်ရွယ်လိုက်၏ ။ နာကျင်မည်မှန်းသိနေ၍ လက်တို့ကမူ တဆတ်ဆတ်တုန်နေသည် ။ သို့သော်…မလုပ်မဖြစ် လုပ်ရမည့် ကိစ္စ ။ တစ်ရက်လည်းမဟုတ် ၊ နှစ်ရက်လည်းမဟုတ် ၊ နှစ်ပေါင်းများစွာ ပေးဆပ်ရမည့်-အကုသိုလ်ကံကြွေး ။
     အချိန်ဆွဲ၍ မရ ၊ အချိန်ဖြုန်း၍ မရ ၊ လုပ်မှ ဖြစ်မည့်ကိစ္စမို့ မျက်စိကို မှိတ် ၊ အံကို ကြိတ်ကာ ထိုပေါက်တူးလက်သည်းကြီးနှင့် ကိုယ့်ကျောသားကိုယ် ထိုးကော်လိုက်တော့သည် ။
   “ အား…”
ကျောကုန်းသားကို ထိုးခွာလိုက်စဉ် နာကျင်လွန်းလှသဖြင့် ဟစ်အော်လိုက်မိသော-ကျွန်ုပ်၏အသံက ဘဝဏ်သို့တိုင် ညံသွားခဲ့ပြီ ။ တစ်ချက်ဆိုတစ်ချက် အသွေးအသားတို့ ဆတ်ဆတ်တုန်အောင် နာကျင်သွားရသည် ။
       သေချာဆင်ခြင်ကြည့်လျှင် ဓားရှသည့်ဒဏ်ရာလေးတောင် ကြီးလျှင်ကြီးသလောက် အသည်းခိုက်အောင် နာကျင်ရသေးတာ ပဲ ။ အလွှာလိုက်အတုံးလိုက် ထိုးခွာတူးဆွခံရသည့်ဝေဒနာက အဘယ်မျှ ဆိုးရွားလိမ့်မည်နည်း ။ မည်သည့်အရာနှင့်မျှ နှိုင်းဆပြ၍ မရနိုင်လောက်အောင် နာကျင်လွန်းလှပါသည် ။ အဆိုးရွားဆုံးက ကိုယ့်ကိုယ်ကို တူးဆွကာ ကိုယ့်အသားကိုယ် ဝါးမြိုနေရသည့် ဒုက္ခ ။
      အလွှာလိုက် ကွာသွားသော-အသားစိုင်၏နေရာ၌ အနာဟောက်ပက်ကြီး ကျန်ရစ်ခဲ့ကာ သွေးသံတို့မှာလည်း တရွှဲရွှဲ ။ ထို အသားခဲကို ဝတ္တရားအရ ကြိတ်မြိုနေရသော-နှုတ်ခမ်းသားတို့မှာလည်း သွေးတရဲရဲသံတရဲရဲ ။ တစ်ကိုယ်လုံး ပူလောင်သည့်- ခန္ဓာ၏ဆင်းရဲခြင်း ၊ အသားအလွှာလိုက် အခွာခံနေရသဖြင့် နာကျင်သည့်-ခန္ဓာ၏ဆင်းရဲခြင်း ၊ ကိုယ့်အသားကိုယ် ပြန်လွှာစားနေရ ၍ ခံစားရသည့်-စိတ်၏ဆင်းရဲခြင်းတို့ ပေါင်းချုံလာသည့်အခါတွင် ကျွန်ုပ်၏ဘဝသည် သာယာစရာဟူ၍ အခိုက်အတန့်မျှပင် မရှိ တော့ပြီ ။ ခန္ဓာကိုယ်သာမက စိတ်နှလုံးဟာလည်း နေ့စဉ်နေ့တိုင်း နာကျင်ကြေကွဲနေခဲ့ရပါပြီ ။
      ဤဝဋ်ဆင်းရဲများသည်ကား သူတပါးအား မတရားသဖြင့် လာဘ်စားကာ ဒုက္ခရောက်အောင် ပြုလုပ်ခဲ့မိသည့်-မကောင်းမှု အကုသိုလ်ကံများ၏ အကျိုးဆက်ရလဒ်များပင် မဟုတ်ပါလား ။

{{{{{

      ဗာရာဏသီပြည်ကို ဗြဟ္မဒတ်မင်း အုပ်စိုးစဉ်က ကျွန်ုပ်ဟာ ထိုတိုင်းပြည်မှာ ပုရောဟိတ်ပုဏ္ဏားအနွယ်ဝင် တရားသူကြီးတစ်ဦး ဖြစ်ခဲ့သည် ။ ပြည့်ရှင်မင်းတရားကြီးသည် သဒ္ဒါတရား ထက်သန်သူဖြစ်၍ သူတော်ကောင်းများကို ကျေးဇူးပြုခြင်း ၊ မရှိဆင်းရဲသား တို့ကို ထောက်ပံ့ကျွေးမွေးခြင်း ၊ အနယ်နယ်အရပ်ရပ်မှ ခရီးသွားခရီးသည်များအား ပေးကမ်းလှူဒါန်းခြင်းများကို ပြုလုပ်လေ့ ရှိ သလို သီလ၊သမ္မာဓိနှင့် ပြည့်စုံသူပီပီ ဥပုသ်သီတင်းကိုလည်း ဝတ္တရားမပြတ် နေ့စဉ် ဆောက်တည်သူဖြစ်၏ ။
     စိတ်ကောင်းနှလုံးမွန် မွေးမြူထိန်းသိမ်းသော-မင်းကြီးဟာ သူတစ်ဦးတည်း ကောင်းမှုကို မြတ်နိုးစေခြင်း မဟုတ်ဘဲ တပါးသူ များကိုလည်း သီလဆောက်တည်ရန် ၊ ဒါနပြုရန် တိုက်တွန်းနှိုးဆော်လေ့ရှိသည် ။ မှူးကြီးမတ်ရာ သေနာပတိများကိုလည်း သီလ ယူ/မယူ မေးမြန်းစူးစမ်းတတ်သည် ။ သူတော်ကောင်း အုပ်ချုပ်သောတိုင်းပြည်ဖြစ်၍ မှူးမတ်ပြည်သူအပေါင်းတို့အနေဖြင့် စိတ် အေးချမ်းသာယာရပေမည်သာ ။
      သို့ပေမဲ့ ကျွန်ုပ်အဖို့တော့ အဆင်မပြေလှပေ ။ ကျွန်ုပ်က တရားသူကြီးရာထူးကို လက်ခံယူထားရသော်ငြား မတရားမှုကိုမှ ပြု လုပ်ချင်သူ ။ မတရားမှုကိုသာ နှစ်သက်သူ ။ အမျိုးမျိုးသောအမှုကိစ္စတို့ကို ဆောင်ရွက်လုပ်ကိုင်ရာ၌ မတရားသူကြီးပီပီ ငယ် သည့်အမှု-ကြီးအောင် ၊ ကြီးသည့်အမှု-ထောင်ဒဏ်ကြိုးမိန့်ကျအောင် စီရင်ဆုံးဖြတ်လေ့ရှိသည် ။ ထိုသို့ အမှုကိစ္စတို့ကို ကြီးလေး အောင် ပြုမူတတ်သောကြောင့် ပါးနပ်သော-အပြစ်သားများက ကျွန်ုပ်အတွက် သိတတ်လိမ္မာစွာ တံစိုးလက်ဆောင်များ ပူဇော်ပသ ကြသည် ။ ထိုကဲ့သို့ စေတနာဖြင့်ပေးသော ငွေကြေးနှင့်တန်ဖိုးကြီးပစ္စည်းများ၏မျက်နှာကြောင့် လူသတ်မှုအချို့ကိုလည်း ကွင်း လုံးကျွတ် လွတ်စေအောင် ဆောင်ရွက်ပေးခဲ့သည့်သာဓကများလည်း ကျွန်ုပ်၏သမိုင်း၌ ရှိခဲ့ဖူး၏ ။
      အမှန်တရားကို တန်ဖိုးထားရမည်ဟု ကြွေးကြော်နေသော-အူကြောင်ကြောင်မှူးမတ်အချို့က ကျွန်ုပ်အား စဉ်းလဲကောက် ကျစ်သောစိတ်ရှိသူ-ဟု ကဲ့ရဲ့ဝေဖန်ကြသည် ။ ကျွန်ုပ် စီမံသောအမှုကိစ္စများကို ပြစ်တင်ရှုံ့ချကြသည် ။ ကျွန်ုပ်ကမူ တုံဏှိဘာဝေ ခပ်ဆိတ်ဆိတ်သာနေ၍ လာဘ်စားမြဲစားဆဲ ၊ စေတနာကြေးသဒ္ဓါကြေးများကို လက်ခံမြဲလက်ခံဆဲ ။ မကောင်းမှုများကို နှစ်ခြိုက် စွာ ပြုမူနေဆဲ ။
      မည်သို့ပင်ဖြစ်စေ…တဆင့်စကား တဆင့်နားမှ သယ်ယူသွားကြသောကြောင့်ထင်…တစ်နေ့သ၌ ရှင်ဘုရင်က ညီလာခံတွင် ကျွန်ုပ်ကို “ ဥပုသ် ဆောက်/မဆောက် ” မေးမြန်းလာခဲ့သည် ။ ပြည့်ရှင်မင်း၏အမေးစကားကြောင့် ကျွန်ုပ်၏ခြေဖျားလက်ဖျားတို့ အေးစက်သွားသည်အထိ တုန်လှုပ်ချောက်ချားသွားခဲ့ရ၏ ။ ပြည့်ရှင်က မေးလေပြီ ။ ဥပုသ်ဆောက်တည်ပါ၏လော ပရောဟိတ် ကြီး-တဲ့ ။ စိတ်မပါ၍ မဆောက်တည်ဖြစ်ပါဘုရား-ဟု အမှန်အတိုင်း အဖြေရှိသော် ဘဝင်ကျမည် မထင် ။ လောက၌ မုသားပါမှသာ လင်္ကာချောပေမည်မို့ ကျွန်ုပ်လည်း …
   “ မှန်လှပါ မင်းကြီး ။ နေ့စဉ်မပြတ် ဆောက်တည်ပါသည်ဘုရား…”
ဟု ကျွမ်းကျွမ်းကျင်ကျင်လိမ်ညာခဲ့သည် ။
     ရှင်ဘုရင်သည် စိတ်နှလုံးမွန်မြတ်သလောက် ရိုးသားသူဖြစ်သည် ။ တစ်ဖက်သားအား သနားကြင်နာ၍ မေတ္တာရှေ့ထားသူဖြစ် သည် ။ သို့ကြောင့်ပင်…ကျွန်ုပ်၏စကားကို လိမ်ညာလှည့်ဖျားခြင်းဟုမယူဆဘဲ အမှန်တကယ်ဟု မှတ်ထင်ကာ…
   “ အိမ်း…ကောင်းလေစွ ။ နိစ္စဒူဝ သီလရှိအောင် ကျင့်ကြံပါ ပုရောဟိတ်ကြီး ။”
ဟူ၍ ဆိုဆုံးမသည် ။ ကျွန်ုပ်ကလည်း အထက်ကို ရိုကျိုးရမည်မှန်း ကောင်းစွာနားလည်သိတတ်သူပီပီ “ မှန်ပါ့ဘုရား ”ချည်း လျှောက်တင်ခဲ့၏ ။
       ပြဿနာက ထိုမျှဖြင့် အနားမသတ်နိုင်သေး ။ နန်းပြသာဒ်ဆောင်မှအဆင်း ပေရှည်ဝေးသော-မှူးမတ်ကလေးနှင့် ဆုံသည် ။ ထိုမှူးမတ်လေးက အတော်အတန်ပေါက်ရောက်ပြီး သမာသမတ်ကျသူလည်း ဖြစ်သည် ။ ထိုပုဂ္ဂိုလ်လေးက…
   “ ဆရာသခင်… အသင်ဟာ အကျင့်သီလ ပျက်ပြားသူမှန်း မှူးမတ်တိုင်း သိသည် ။ သင့်လျှောက်တင်ချက်ကို တစ်စုံတစ်
     ယောက်က ထောက်ပြခဲ့သော် သင် မင်းပြစ်မင်းဒဏ် သင့်လိမ့်မည် ။ သီလ မဆောက်တည်ပါဘဲ အဘယ်ကြောင့် သီလ
     ဆောက်တည်ပါသည်ဟု မုသားဆိုရပါသနည်း ။”
ဟု မေးမြန်းပြစ်တင်လေရာ ကျွန်ုပ်မှာလည်း ထိုပုဂ္ဂိုလ်လေး၏ပေါက်ရောက်မှုကို သိနားလည်သူမို့ ကျိုးနွံ့စွာ မျက်နှာချိုသွေးရပြန် သည် ။
   “ အပြစ်တင်မစောပါနှင့် အမတ်ငယ် ။ ကျွန်ုပ်ဟာ ယခုအခါမှာ သူတော်ကောင်းဖြစ်အောင် ကျင့်ကြံနေပါပြီ ။ ယနေ့ပင် သင်
     စောင့်ကြည့်ပါလော့ ။ ကျွန်ုပ် ဥပုသ်သီလဆောက်တည်ပါ့မည် ။”
ကျွန်ုပ်၏ အလျှောက်ကောင်းမှုကြောင့် အမတ်ငယ်မှာ စိတ်ပြေသွားသည် ။ သို့သော်…လူငယ်ပီပီ သံသယတော့ ကင်းသေးဟန် မတူ ။ ယနေ့တစ်နေ့လုံး ကျွန်ုပ်ကို စောင့်ကြည့်နေလိမ့်မည်မှန်း ပါးနပ်စွာ ရိပ်မိသည်မို့ ကျွန်ုပ်လည်း ဆိုခဲ့သည့်စကားအတိုင်း ထိုတစ်နေ့ကို ကြိတ်မှိတ်ကာ ဥပုသ်ဆောက်ဖြစ်ခဲ့၏ ။ ထိုဥပုသ်သည် တစ်သက်မှာ တစ်ခါပြုဖူးသော ဥပုသ်ဆောက်တည်မှု ကုသိုလ်ပင်တည်း ။

{{{{{

     ကျွန်ုပ်၏တစ်သက်တာပတ်လုံး မကောင်းမှု၌သာ မွေ့လျော်ပျော်ခဲ့သည် ။ ရရှိထားသောသြဇာအာဏာပေါ် မှီကာ သူတပါး အား ဒုက္ခပေးခြင်း ၊ မတော်မရားပြုခြင်း ၊ လာဘ်လာဘ မျှော်ယူခြင်းတို့ဖြင့်သာ ဘဝ၏အချိန်များကို ကုန်ဆုံးခဲ့သည် ။ တစ်နေ့မှာ တော့ မှတ်မှတ်ရရ စိတ်ကောင်းစိတ်မွန်တစ်ချက် ကျွန်ုပ်၏သန္ဓာန်မှာ လင်းလက်ခဲ့သည် ။ ပါရမီထိုက်သော သဒ္ဒါအားမျိုး မဟုတ် ပေသိ ကျွန်ုပ်ကဲ့သို့ မကောင်းမှုကိုသာ နှစ်သက်သူအဖို့တော့ ထူးခြားသည့်-စိတ်စေတနာဟုပင် ဆိုရပေမည် ။
     ထိုနေ့က ကျွန်ုပ်၏လက်ထဲမှာ သရက်သီးတစ်လုံး ပါလာသည် ။ ချိုအီမှည့်ရွှဲသော သရက်သီးကြီးတစ်လုံး ။ တရားရုံးတော်မှ ဆင်းအလာ ရေကန်အနီးတွင် တွေငေးငေးရပ်နေသော-မိန်းမချောလေးတစ်ဦးကိုမြင်သည် ။ သူမက ရုံးတော်သို့ အမှုကိစ္စဖြင့် ရောက်ရှိလာသော-လုံမပျိုလေးဖြစ်၏ ။
     မိန်းကလေးက ကျေးတောသူလေးဖြစ်ဟန်တူသည် ။ ရိုးရိုးယဉ်ယဉ် သိမ်သိမ်မွေ့မွေ့ကလေး ။ ကျွန်ုပ် လှမ်းငေးနေစဉ်မှာပဲ သူမက တစ်စုံတစ်ခုကို စိတ်ဆုံးဖြတ်လိုက်ပုံဖြင့် ရေကန်အနားသို့ ကပ်သည် ။ ရေတစ်ခွက်ဖြင့် ပလုတ်ကျင်းရန် ပြင်နေ၏ ။
   “ ဟဲ့…သူငယ်မ…သင် ဘာလုပ်နေတာလဲ ။”
   “ မှန်ပါရှင့်…ကျွန်တော်မျိုးမ မွန်းမလွဲခင် ခံတွင်းဆေးဖို့ ပြင်နေတာပါ ပရောဟိတ်ကြီးရှင့် ။”
   “ ဟေ…သင်က ဘာမှဖြင့် မစားရဘဲနဲ့ ဘာလုပ်ဖို့ ခံတွင်းဆေးမှာတုံး ။”
   “ မှန်ပါတယ် ပရောဟိတ်ကြီးရှင့် ။ ကျွန်တော်မျိုးမ နေ့ဆွမ်းပြန်စားဖို့ မမီတော့လို့ပါ ။ ဒါ့ကြောင့် ဥပုသ်မကျိုးရအောင် မစားဘဲ
     ခံတွင်းဆေးပြီး နေလိုက်တော့မလို့ပါရှင့် ။”
မိန်းမပျိုက ရိုရိုသေသေနှင့် ခပ်ရိုးရိုးပြန်ဖြေသည် ။ သူမ၏စကားကြောင့် ကျွန်ုပ်ပင် ကြက်သီးမွေးညင်းထကာ အံ့သြသွားခဲ့ရပြီ ။ အိမ်ပြန်ပြီး ထမင်းစား၍ မမီမည့်အတူတူ အငတ်ခံပြီး သီလစောင့်ထိန်းမည်-တဲ့ ။ အံ့သြဘနန်းပါတကား ။ အသက်ငယ်ရွယ်ပြီး တင့်တယ်သော-မိန်းမငယ်လေး၏သဒ္ဒါစိတ်အပေါ် ကြည်ညိုသလိုလိုဖြစ်မိ၍ ကျွန်ုပ်လည်း လက်ထဲက သရက်သီးကို ထိုလုံမထံ ပေးကမ်းလိုက်ပြီး…
   “ ကဲ…ကဲ…ရော့…ဘာမှမစားဘဲ မနေနဲ့ သူငယ်မ ။ ဒီသရက်သီးကို စားလိုက် ။”
ဟုဆိုခဲ့သည် ။
     လုံမငယ်က ကျွန်ုပ်၏ရက်ရောမှုအတွက် ကျေးဇူးအထွေထွေတင်ရှိကာ သာဓုခေါ်လေသည် ။ သူမ၏သာဓုခေါ်သံကို ကြား သည့်အခါ ကျွန်ုပ်မှာ မဖြစ်စဖူး ကြည်နူးပီတိ ဖြစ်ခဲ့မိပါ၏ ။ ထိုကောင်းမှုသည် ကျွန်ုပ်ဘဝတလျှောက် ရှားတောင့်ရှားပါးပြုခဲ့မိသော ဒုတိယမြောက် ကောင်းမှုဖြစ်သည် ။

{{{{{

        ထိုဘဝမှ သေလွန်သော် ကျွန်ုပ်ဟာ ဟိမဝန္တာတောအတွင်းရှိ ကောသီကီမြစ်အနီး၌ ယူဇနာသုံးဆယ်ပမာဏရှိသော သရက် ဥယျာဉ်ခြံကို အစိုးရသည့် ရွှေဗိမာန်ရှင်-ဝေမာနိက နတ်ပြိတ္တာဖြစ်ခဲ့သည် ။ ညအခါတွင် နတ်သားတို့ ခံစားအပ်သော ဆန်းကြယ် များပြားလှသည့်-နတ်စည်းစိမ်တို့ကို နတ်သမီးတစ်သောင်းခြောက်ထောင်နှင့်အတူ ရွှေဗိမာန်ပေါ်ဝယ် ပျော်ပျော်ကြီး စံစားရသော် ငြား ကျွန်ုပ်မှာမူ ပြည့်ပြည့်ဝဝ ပျော်မွေ့ရခြင်း မရှိခဲ့ ။ ဘယ့်နှယ့်လုပ် ပျော်နိုင်ပါ့မလဲ ။ အကုသိုလ်အတိတ်ကံက ကျွန်ုပ်၏နောက် မှာ လှည်းဘီးနောက်က-ဘီးရာပမာ ထပ်ကြပ်မကွာ လိုက်ပါလာသည်ပဲလေ ။
        မနက်မိုးသောက် အာရုံကျင်းသည်နှင့် ကျွန်ုပ် ပိုင်စိုးသော ရွှေဗိမာန်သည်လည်းကောင်း ၊ ကျွန်ုပ် အစိုးရသော-နတ်မိမယ် လေးများသည်လည်းကောင်း ၊ ကျွန်ုပ်၏ခန္ဓာကိုယ်မှ နတ်ဝတ်တန်ဆာဒွါဒရာများသည်လည်းကောင်း ဝေးလွင့်ကွယ်ပျောက်ကာ ရုတ်ချည်း ပြိတ္တာဘဝသို့ ရောက်ပြီး ပြုခဲ့ရသည့်အကုသိုလ်ကံကြွေးတို့ကို ပေးဆပ်ရသည် ။ ခန္ဓာကိုယ်အနှံ့ မီးလျံတို့ လောင်မြိုက် ၍ လူးလိမ့်နေရရုံသာမက ကိုယ့်အသားကိုယ် ခွာစားရသည့် ဆိုးရွားလှသောပြိတ္တာဘဝတွင် တစ်နေ့တာလုံး ဝဋ်ခံရသည် ။
       နေ့အလင်းပျောက်ပြီး ညရောက်သည့်အခါမှ ကျွန်ုပ်၏နတ်ခန္ဓာနှင့် နတ်မြောက်တန်ဆာတို့ တစ်ဖန်ပြန်ရောက်လာကာ ရွှေဗိ မာန်ပေါ်မှာ နတ်သမီးလေးများနှင့် တစ်ညတာကို ပျော်ပျော်ပါးပါး ဖြတ်သန်းရပြန်သည် ။ သို့သော်…တစ်ညတာလုံး စိတ်လွတ် ကိုယ်လွတ် မပျော်မွေ့နိုင်ပါ ။ မနက်မိုးသောက်လျှင် ငရဲရောက်ရမည့်ကိစ္စကို သတိရကာ ကျီးလန့်စာစားဖြစ်နေခဲ့ရသည်ချည်း ။
        ဘုရင်မင်းတရားကို မှီး၍ ရရှိခဲ့သော နေ့တစ်ဝက်သီလနှင့် သရက်သီးဒါနအကျိုးတို့ကြောင့် ညအခါ၌ နတ်စည်းစိမ်ကို ခံစား ရခြင်းဖြစ်သလို တံစိုးလက်ဆောင်တို့ကို ယူ၍ လာဘ်စားခဲ့သောအကုသိုလ်ကံကြောင့် ယခုကဲ့သို့ ပြိတ္တာဘဝဖြင့် ကိုယ့်အသား ကိုယ် ခွာယူစားမြိုနေရသော နေ့ငရဲကို ခံစားရခြင်းပင်ဖြစ်၏ ။
       နောင်တတရားဟူသည်မှာ နောင်မှသာ ဖြစ်ပေါ်လေ့ရှိစမြဲ ။ ကျွန်ုပ်သည်လည်း ပြုခဲ့မိသော-မကောင်းမှုတို့အတွက် ယခုအခါ ၌ နောင်တရနေပြီဖြစ်သော်လည်း အရာရာ အချိန်လွန်ခဲ့ပြီမို့ ကံရှိသရွေ့တော့ အရုဏ်လင်းတိုင်း ပြိတ္တာဘဝဖြင့် ကြီးမားလှသော-ဆင်းရဲဒုက္ခတို့ကို ခံယူရင်း ပေးဆပ်နေရဦးမည်သာ ။ လောက၌ အကုသိုလ်အကျိုးဆက်သည် ကြောက်မက်ဖွယ် ကောင်းလှပါဘိ တကား ။ ။
( ၅၅၀နိပါတ်တော် … ကိံဆန္ဒဇာတ် )
              

                                                                                                                    စေတနာရှေ့ထားလျက်…
                                                                                                                            ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။