Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

လိမ်လို၍ မဟုတ်ပါ…



လိမ်လို၍ မဟုတ်ပါ…


( ၂၀၁၂-၂၀၁၃ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်)


ရေးသူ  -  မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)


--------------------------------------------------------------------------------------------------------------------

       ‘ ငါနဲ့ တွေ့ရတော့မှာမို့ သူ ရင်တွေ ခုန်နေမလား ’…
ဖြူစင်ဟိန်း စိတ်ပူနေမိသည် ။ စားပွဲကို တတောက်တောက်ခေါက်ကာ လက်ဆော့ရင်း စိတ်ပူပန်မှုကို လျော့နည်းသွားစေရန် ကြိုးစားနေမိသော်လည်း ဖြူစင်ဟိန်းရဲ့စိတ်ပူပန်နေမှုတွေက နည်းနည်းမျှပင် မလျော့ ။ အမှန်တော့ သူဟာ သူတစ်ပါးရဲ့ အချစ်စိတ်ကို သူ့အတွက် ဖျော်ဖြေမှုသက်သက်အဖြစ် အသုံးချခဲ့မိခြင်း ဖြစ်သည် ။ မိမိလုပ်ရပ် မှားသွားမှန်းကို ဖြူစင်ဟိန်း ရုတ်ချည်း နောင်တရမိပေမဲ့ နောက်ဆုတ်ရန် သူ့အတွက် အချိန် မမီတော့ ။
   “ ဟုတ်တယ်…ယောက်ျားလေးတွေက မိန်းကလေးတွေထက်စာရင် ပိုပြီး အချစ်ကြီးကြတယ် ။ ဒုက္ခပါပဲ ။”
သူ အသံထွက်ကာပင် ညည်းတွားလိုက်မိသဖြင့် နဘေးကစုံတွဲခမျာ သူတို့ကို ပြောလေသလားဟူသောသဘောနှင့် မယုံ သင်္ကာလှည့်ကြည့်ရှာသည် ။ သို့ကြောင့် ဖြူစင်ဟိန်းလည်း သူ မပြောလိုက်သလိုပုံစံနှင့် အအေးကိုသာ ဇွတ်မဲသောက်နေ လိုက်တော့သည် ။
    လိမ်ချင်လို့ မဟုတ်ရပါဘူးကွာ…
   “ဟူး…”
ဒီတစ်ခါတော့ စိတ်ထဲကစကားလုံးတွေ အပြင်မထွက်စေရန် လေပူတစ်ချက်ကိုသာ ဟူးခနဲ မှုတ်ထုတ်လိုက်ရသည် ။ ခက် ချေပြီ…။ အခုမှ ထထွက်သွားပြီး တစ်မျိုးလှည့်ပတ်ပြောရင် ကောင်းမလား ။ ဒီလိုကျပြန်တော့လည်း သူ့ကိုသူ ယောက်ျား မပီသ…ဟု ဖြူစင်ဟိန်း ဝေဖန်မိသည် ။ ထပ်ပြီး မလှည့်စားသင့်တော့ ။ သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး တော့ရှိမှ ဖြစ်မှာပေါ့ ။ နောက်ပြီး ကျန်ရစ်ခဲ့သူအတွက်လည်း ငဲ့ရဦးမည် ။ အတွေးပေါင်းစုံကိုလည်း တွေးရင်း တပြိုင်နက်ဆို သလို မျက်စောင်းထိုးစားပွဲဆီက မိန်းကလေးကိုလည်း မျက်ခြေမပျက် စောင့်ကြည့်နေမိသည် ။ သူ စိတ်မရှည်လို့ ထထွက် သွားလျှင်လည်း တစ်ဒုက္ခ ။
        အပြန်ပြန်အလှန်လှန် လျှောက်တွေးရင်း နာရီကို ကြည့်လိုက်တော့ ဆယ်နာရီခွဲသွားပြီ ။ သူ ရောက်လာတော့မည် ။ ကဲကွာ…ဖြစ်ချင်ရာဖြစ် ငါလုပ်ခဲ့တဲ့အရှုပ်ထုပ်အတွက် ငါ ဒီနေရာမှာ ရှိနေမှ ဖြစ်မယ်…ဟူ၍ စိတ်နှလုံးကို ဒုန်းဒုန်းချပစ်လိုက်မှ သာ အနည်းငယ် နေသာထိုင်သာရှိသွား၏ ။ သို့နှင့် ပြဿနာရဲ့အစကို ပြန်တွေးမိတော့ ဖြူစင်ဟိန်း၏အာရုံတွင် အတိတ်မှ ပုံရိပ်တွေက တရေးရေးပေါ်လာတော့သည် ။

YYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYYY
        ဖြစ်ပျက်ခဲ့သမျှ ပြဿနာတွေအားလုံး ကျွန်တော်ကချည်း စ,ခဲ့တာ မဟုတ် ။ ဇာတ်ကြောင်းကို လှန်ရရင် သမရိုးကျ အွန်လိုင်း(online)အချစ်ဇာတ်လမ်းတစ်ခုသာ ။
        ကျွန်တော် အွန်လိုင်းသုံးတတ်တာ သိပ်မကြာလှသေးပါ ။ gmail account စဖွင့်တော့ အကောင့်နာမည်ကို ဖြူစင် (phyu sin)လို့ပဲ အတိုကောက်ပေးလိုက်မိရဲ့ ။ ဟုတ်တယ်လေ…ကျွန်တော့နာမည်က ဖြူစင်ဟိန်း မဟုတ်လား ။
       ဂျီတော့သုံးတတ်တာ တစ်လခွဲနှစ်လကျော်နဲ့တင် နည်းနည်း ကျွမ်းကျင်စ,ပြုလာပြီ ။ မိတ်ဆက်တတ်ပြီ ။ ကောင်မလေး တွေကို ကြူသလိုမျိုး နောက်သလိုရွှတ်သလို ပြောတတ်နေပြီ ။ ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ အတည်အတန့်ကြီးမဟုတ်ပါဘူး ။ ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့တယ် ။
       ကျွန်တော်ကိုယ်တိုင်ကလည်း အချစ်ရေးမှာ ခပ်ညံ့ညံ့ရယ်…ချစ်တယ် ကြိုက်တယ်ဆိုတာကို ရုပ်မမြင်ရဘဲ ပြောချင်ရာ ပြောနိုင်နေတဲ့ ဒီအွန်လိုင်းပေါ်မှာတောင် နည်းနည်းမှ မပြောရဲ ။ အပြင်မှာဆို ကောင်မလေးကို မြင်တာနဲ့ ထိတ်လန့်တုန်လှုပ် ပြီး ပါးစပ်အာစေးထည့်ထားသလို စကားတစ်လုံးတစ်လေမှ ထွက်မလာတာကြောင့်လည်း ခုလို အသက်(၂၀)အရွယ်ထိ ရည်းစား တစ်ယောက်မှ မရဘဲ တစ်ကိုယ်တည်း ဖြစ်နေရတာဆိုပါတော့ ။
       တစ်နေ့ ရှိုင်း(shine)ဆိုတဲ့ အကောင့်(account)တစ်ခုက လာမိတ်ဆက်တယ် ။ စစချင်း နှုတ်ဆက်ပုံကလည်း…
   “ ဟိုင်း…ဟိတ်ကောင်မလေး…” တဲ့…
ကျွန်တော်လည်း ချော်လဲရောထိုင်လုပ်ပစ်လိုက်ကာ…
   “ ဟုတ် မင်္ဂလာပါ အကို ။”
လို့ ခပ်နွဲ့နွဲ့ ပြန်နှုတ်ဆက်လိုက်တာပေါ့ ။ အဲဒီမှာ ဇာတ်လမ်းက စ,တော့တာပဲ ။
   “ ကိုယ့်နာမည်က ရှိုင်း ။ မင်းနာမည်ကရော…”
ဆိုတော့ ကျွန်တော်လည်း အမှန်အတိုင်းပဲ …
   “ ဖြူစင်လို့ ခေါ်ပါတယ် ။”
လို့ မိတ်ဆက်မိတော့ …
   “ ချစ်စရာလေးနော် ။ မင်းက နာမည်လေးနဲ့ လိုက်အောင် ဖြူဖြူစင်စင်လေး ဖြစ်ရမယ် ”…တဲ့ ။
ဒီတစ်ဗွေက အတည်ကြီးလာကြွေနေပေမဲ့ ကျွန်တော့်မှာတော့ အူနှိပ်နေရတယ် ။ ဒါနဲ့ ပျော်စရာကောင်းမှန်း ရယ်စရာကောင်း မှန်း သိတော့ ကိုယ်ကလည်း ပြန်ကြူမိတယ် ။
   “ အကိုက ဘယ်လို ထင်လဲ ။ ဖြူစင်ကတော့ ခုချိန်ထိ ချစ်သူတောင် မရှိသေးဘူး ။” …
လို့ ပလီပလာတွေ ထွေခင်းလိုက်မိတယ် ။ ဟုတ်လည်း ဟုတ်တာပဲလေ ။ ကျွန်တော်မှ ချစ်သူ မရှိသေးတာ ။ လိမ်တာ မဟုတ်ဘူးလေ ။ ဒါပေသိ ဘဲကြီးရဲ့စိတ်ထဲမှာတော့ ဖြူဖြူဥဥနုနုထွတ်ထွတ်လေးလို့ တွေးနေရှာမှာပဲ ။ ကျွန်တော့်မှာ အဲ့ဒီ့လို တွေးမိလေ ရယ်ချင်လေပဲ ။
   “ ကိုယ်ကတော့ ရည်းစားတွေ အများကြီးပဲ ။ ဒါပေမဲ့ ချစ်သူ မတွေ့သေးဘူး ။ အခုတော့ နီးစပ်နေပြီထင်တာပဲ ။”
သူ့ပြန်စာလေးဖတ်မိတော့ စားပွဲကို တဒုန်းဒုန်းထုပြီး ရယ်မိတယ် ။ ဘဲကြီးက ရဲတင်းပါ့ ။ တွေ့တာနဲ့ ကြူနေတော့တာပဲ ။ ကောင်မလေးတွေ အတော်မျက်စိနောက်မယ်ဆိုတဲ့အတွေးနဲ့ ကျွန်တော်လည်း အမြင်ကပ်ကပ်နဲ့ ပြန်ကြူမိတယ် ။
   “ ဟုတ်လား ။ တွေ့ရင်လည်း ယူလိုက်တော့ပေါ့ ။ ဘာဖြစ်လို့ ဒို့နဲ့ စကားလာပြောနေသေးလဲ ။ အသည်းခွဲချင်လို့လား ။”
   “ အို့…တွေ့ပါပြီဆိုမှ စကားမပြောလို့ဖြစ်မလား ။ ဒါနဲ့ ဘယ်မှာနေလဲ ။”
အဲ့ဒီ့နောက်မှာတော့ ကျွန်တော့်အကြောင်းတွေ မေးလိုက်တာ စုံလို့…။ ကျွန်တော်ကလည်း အားကျမခံ သူ့အကြောင်းတွေ ပြန်မေးရင်း ညနက်လာလို့ အတင်းစကားဖြတ်ပြီး နှုတ်ဆက်လိုက်ရတယ် ။ ဒါတောင်မှ…
   “ နက်ဖြန် ဒီအချိန်တော့ တွေ့ခွင့်ပေးပါနော် ။ ကိုယ် စောင့်နေမယ် ။ good night ဖြူ ။ sleep well sweet dream !
     take care your health…”
တဲ့ ။ တော်ရုံတန်ရုံကောင်မလေးဆို ကြွေသွားလောက်အောင် ကြူတတ်လိုက်တာ ။ ကျွန်တော်တောင် သူ့ဆီက အတုယူရ မယ်လို့ တွေးလိုက်မိတယ် ။

YYYYYYYYYYYYYYYYYYYYYYYYYY
      နောက်တစ်နေ့ညလည်း တွေ့တာပါပဲ ။ မတွေ့ရှိပါ့မလား ။ ကျွန်တော်ကလည်း အဲ့ဒီ့အချိန်ပဲ ထိုင်ဖို့အားတာလေ ။ တွေ့ တာနဲ့ ပလီပလာစကားတွေနဲ့ ကြူဇယားခင်းတော့တာပဲ ။ ကျွန်တော့်မှာ ရယ်ကလည်း ရယ်ရ ၊ အမြင်ကလည်း ကပ် ၊ ပြန်က လည်း ကြူနဲ့ …အခြားသူတွေနဲ့တောင် မချက်(chat)ဖြစ်တော့ဘူး ။
     သူနဲ့ချက်ရတာ ရယ်လည်း ရယ်ရတယ် ။ ရယ်ရတာက ရယ်စရာပြောတာမဟုတ်ဘဲ ရယ်နေရတာ ။ တစ်ခါတစ်လေ လည်း ကျွန်တော်က ရယ်စရာတွေ လုပ်ပစ်မိတယ် ။ ဥပမာ သူက အရက်သောက်တတ်တယ်လို့ဆိုလာရင် ကျွန်တော်က…
   “ ကောင်းတာပေါ့ ယောက်ျားလေးပဲ သောက်ပေါ့ ။ ဖြူကတော့ တစ်ခါမှ မသောက်ဖူးဘူး ။ သောက်ကြည့်ချင်လိုက်တာ ။
     သောက်ပြီး မူးချင်တယ် ။ မူးပြီးရင် My girlကားထဲက လီဒါဟေးက မင်းသားကို ရစ်သလိုမျိုး ကိုရှိုင်းကို ရစ်ချင်တယ် ။”
   “ ကိုရှိုင်းကလည်း အဲ့ဒီ့မင်းသားက လီဒါဟေးကို ပွေ့သလိုမျိုး ဖြူလေးကို ပွေ့ချင်တယ် ။” တဲ့လေ ။
အမလေး…ကျွန်တော်တောင် အသည်းတွေ ယားသွားတယ် ။ အပြောရဲလိုက်တာ လွန်ရော ။ ကောင်မလေးတွေများသာဆို ရင်တွေဘာတွေ လှိုက်ဖိုသွားမှာ အသေအချာပဲ ။
    “ နောက်ပြီးတော့ မူးပြီး ကိုရှိုင်းပေါ် အန်ချချင်တာ ။”
    “ ကိုရှိုင်းကလည်း မင်းသမီးကို မင်းသား အကြင်နာပေးသလိုမျိုး…အဲ ဖြူကို အကြင်နာမေတ္တာတွေထားပြီး ခွင့်လွှတ်မယ်
      လို့ ပြောတာ ဟိဟိ ။ ကောင်မလေး အတွေးပေါက်ပြီး ရင်ခုန်မသွားနဲ့ဦးနော်…” တဲ့ ။
အဟားဟား…ရင်တော့ မခုန်ဘူး ကိုရှိုင်းရေ ။ အူတော့ နာလို့ သေတော့မယ်လို့ ကျွန်တော် အပြင်မှာ အော်ပြောနေမိတယ် ။
ဘာပဲပြောပြော ကျွန်တော် သူ့ကို အမှန်အတိုင်းမပြောသေးဘဲ တစ်လနီးပါးလောက် ကောင်းကောင်းကြီး နောက်နေမိတယ် ။
      တစ်ရက် အိပ်ခါနီးနှုတ်ဆက်တော့ သူက တစ်ခုထပ်တောင်းဆိုပြန်ရော ။ ဓါတ်ပုံပြပါလား…တဲ့ ။ ကျွန်တော်က ပြော လိုက်တယ် ။ အိမ်သာထဲမှာ တပုံကြီးပဲ ။ ကိုယ့်ဘာသာကြည့်လို့ ။
   “ ကိုယ် အတည်ပြောတာပါ ဖြူရယ် ။ ဖြူ့ပုံလေးကို ကိုယ် အရမ်းမြင်ဖူးချင်တယ်…။”
   “ ကဲ…ဒီလောက်ဖြစ်နေမှတော့ နက်ဖြန် တင်ပေးမယ် ။ ကျေနပ်တော့ ။”
   “ ချစ်စရာကောင်းလိုက်တဲ့ဖြူလေး ။ fly kiss…”
   “ ဝေါ့…သေလိုက် မယူဘူး ။”
ကျွန်တော် အလျှင်အမြန်ရေးလိုက်ပေမဲ့ သူကတော့ sign outလုပ်သွားပြီ ။ နောက်တစ်နေ့ ဓါတ်ပုံအတွက် ကျွန်တော် အကြံ ဥာဏ်ထုတ်ရတော့မယ် ။

YYYYYYYYYYYYYYYYYYYYYYYYYY
   “ ဟယ်…ဖြူက ကိုယ်ထင်ထားတာထက်တောင် လှသေးတယ် ။”
   “ ကိုရှိုင်းလည်း ချောတာပါပဲ ။ နေတိုးနဲ့တောင် ဆင်သလိုလို ။”
အမှန်လည်း ဟုတ်တယ် ။ ကိုရှိုင်းဆိုတဲ့ငနဲရဲ့ပုံ ဟုတ်မဟုတ်တော့ မသိပေမဲ့ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ လူချောတစ် ယောက်ရဲ့ပုံ ။ နောက်ပြီး မှတ်ပုံတင်ပုံဖြစ်နေတာကြောင့် အမှန်လို့ ယူဆရမလား မပြောတတ်ပေါင် ။
    သြော်…ကျွန်တော်လား ။ သိပ်မခက်ပါဘူး ။ ကျွန်တော့်သူငယ်ချင်းမ ထားသုဝေရဲ့ပုံကို ယူသုံးထားတာလေ ။ သူ့ကိုတော့  ဒီအကြောင်း ပြောပြလို့ ဘယ်ဖြစ်ပါ့မလဲ ။ ဒါပေသိ သူ့အတွက်ကတော့ စိတ်ပူစရာ မရှိပါဘူး ။ သူက ခပ်ရှုပ်ရှုပ်ငပွေးမဆို တော့ လမ်းမှာဆုံလို့ မှတ်မိပြီး အဲ့ဒီ့ဘဲကြီးနဲ့ငြိသွားရင်လည်း အေးတာပါပဲ ။
    တစ်ခါကလည်း ဒီလိုပဲ အပျော့ဆွဲဆွဲပြီး ကျွန်တော့်ဆီက ဖုန်းနံပါတ်ကို ခဏခဏတောင်းနေတာကြောင့် ကျွန်တော်လည်း ရှည်ကြောထပြီး ပေးလိုက်မိတယ် ။ သူ ဖုန်းဆက်လာတော့ ကျွန်တော့်မှာ မကိုင်ရဲဘူး ။ ကိုင်ရင်လည်း ကျွန်တော့် ဒီအသံ ကြီးနဲ့ ဘယ်လိုလုပ်ပြောလို့ရမှာလဲ ။ နောက်ပြီးမှ အကြောင်းပြချက်တစ်ခုကို အလျှင်အမြန်ပေးလိုက်ရတယ် ။ မိဘတွေ ဆူ မှာစိုးလို့ပါ ကိုရှိုင်းရယ်လို့…။
     ဒီလိုနဲ့ နောက်ပိုင်းမှာ သူက ကျွန်တော့်ကို အတည်ကြီးကို ကြံလာပါရောလား ။ ကျွန်တော့်မှာလည်း ဒုက္ခတွေ ရောက် ။ အခုချိန်ကျမှ အမှန်အတိုင်း ဖွင့်ပြောလိုက်လို့ သူက အခဲမကျေဘဲ ဓါတ်ပုံအတိုင်း လိုက်ရှာပြီး ထားသုဝေကို ပြဿနာရှာမှာ လည်း စိုးရိမ်နေရတယ် ။ နောက်ပြီး ထားသုဝေကို ဆစ်ဆစ်ပေါက်ပေါက်မေးပြီး ကျွန်တော့်ကို လိုက်ရှာသတ်မလား မပြော နိုင်ဘူးလေ ။ အချစ်အတွက် နာကျည်းလာရင် ယောက်ျားဆိုတဲ့အမျိုးက မိန်းမတွေလို မျက်ရည်ကျပြီး ကြေကွဲတတ်တာ မဟုတ်ဘဲ ဒေါသထွက်ပြီး ပေါက်ကွဲတတ်တာမှန်း ကျွန်တော်ကိုယ်တိုင် ယောက်ျားတစ်ယောက်မို့ နားလည်သဘောပေါက် ပြီးသား ။
    အဲ…သတ်တာက အရေးမကြီးဘူး ။ ယောက်ျားချင်းကြီးလည်း ဖြူစင်ဟိန်းက ကြူတာပဲ…လို့ မောင်းကွဲမ-ထားသုဝေက ကောင်းကောင်းကြီး သတင်းဖြန့်လိုက်ရင် အပေါင်းအသင်းတွေကြားထဲမှာ ကျွန်တော် အရှက်ဗြန်းဗြန်းကွဲမှာစိုးတာနဲ့ မျှောနေ လိုက်မိတာ နောက်ဆုံး အပြင်မှာတွေ့ဖို့ ချိန်းတဲ့အထိဖြစ်တော့တာပဲ ။ ကျွန်တော့်မှာ ငြင်းရအခက် လက်ခံရအခက်နဲ့ ရယ်ခဲ့ ရတာတွေနဲ့မှ မတန်အောင် ဒုက္ခပင်လယ်ဝေပါလေရော ။ အဒေါ်အပျိုကြီးကို အကူအညီတောင်းဖို့ကလည်း ဓါတ်ပုံပြပြီးသား ဖြစ်နေပြီ မဟုတ်လား ။
     “ လုပ်ကြပါဦးဗျာ…ကျွန်တော် ဘာလုပ်ရမလဲ ? ကျွန်တော် ဘာလုပ်ရမလဲ ?”

YYYYYYYYYYYYYYYYYYYYYYYYYY
   “ ကျွီ…ချလွင် ချလွင် …”
အတိတ်ပုံရိပ်တွေထဲ လွင့်မြောနေတုန်း တံခါးပွင့်လာသံကြားလို့ ကျွန်တော် ရင်ခုန်ခုန်နဲ့ မော့ကြည့်မိတော့ အမျိုးသား တစ်ယောက် ဖြစ်နေတယ် ။ သူ့မျက်လုံးတွေကို အခန်းတစ်ဝိုက် ဝေ့၀ဲလိုက်ရင်းမှ တစ်ယောက်တည်းဖြစ်နေတဲ့ကျွန်တော့်ကို အသေအချာလှမ်းကြည့်လိုက်ပြီး ဖုန်းနံပါတ်ကို ကောက်နှိပ်နေတာလည်း တွေ့ရော ကျွန်တော် သွေးပျက်သွားခဲ့ရတယ် ။
   ‘ ကျွန်တော့်ဖုန်းများ မြည်လာလေမလား…’
ကျွန်တော့်မှာ ဖုန်းလည်း ပိတ်ချင် ၊ သူ့ရှေ့မှာ ပိတ်ဖို့ကလည်း မရဲနဲ့ ဖြစ်ချင်တာ ဖြစ်ပလေ့စေတော့လို့သာ အောက်မေ့လိုက် တော့တယ် ။
   “ ဟိတ်ကောင်တွေ မင်းတို့ မရောက်ကြသေးဘူးလား ။ ဒီမှာ ငါ ရောက်နေပြီ ။”
ထိုကောင်လေး တစ်ဖက်နဲ့အပြန်အလှန်စကားပြောနေမှသာ ကျွန်တော့်မှာ စိတ်သက်သာရာရသွားတယ် ။ သြော်…ဒုက္ခ  ဒုက္ခ ။ အဲ့ဒီ့အချိန်မှာ ကောင်မလေးတစ်ယောက် ဆိုင်ထဲကို ၀င်လာပြန်တယ် ။ ကောင်မလေးရဲ့မျက်လုံးတွေကလည်း ထို နည်းလည်းကောင်း ဆိုင်ထဲက လူပေါင်းစုံကို ဝေ့၀ဲကြည့်လိုက်ပြီး သူ့အကြည့်တွေက ကျွန်တော်နဲ့မျက်စောင်းထိုးက ကောင်မလေးဆီလည်းရောက်ရော အနည်းငယ်ပြောင်းလဲသွားသလို ဖြစ်သွားပြီးကာမှ ကျွန်တော်နဲ့မျက်နှာချင်းဆိုင်စားပွဲမှာ ၀င်ထိုင်လိုက်တယ် ။
       ဒီအခါကျမှပဲ ကျွန်တော်လည်း ထိတ်လန့်နေတဲ့စိတ်တွေ စုစည်းသွားမိသလို ခံစားလိုက်ရတယ် ။ ကောင်မလေးက ခပ်မိုက်မိုက်လေးရယ် …ကောင်းဘွိုင်ဘောင်းဘီအကျပ်နဲ့ အင်္ကျီအကွက်လက်ရှည်ကို ခပ်ရိုးရိုးဝတ်ဆင်ထားပေမဲ့ ဖြူသွယ် သွယ်သူ့ပုံစံလေးနဲ့ အတော့်ကို လိုက်ဖက်လှတယ် ။ ကောင်မလေးက စားပွဲထိုး(waiter)ကို လိမ္မော်ရည်တစ်ခွက် မှာယူ လိုက်ပြီး သူ့ကို စူးစူးရှရှကြည့်နေမိတဲ့ မျက်နှာချင်းဆိုင်မှကျွန်တော့်ကို အကဲခတ်သလိုပြန်ကြည့်နေတာကြောင့် ကျွန်တော် လည်း ရှက်ရှက်နဲ့ ခေါင်းငုံ့လိုက်မိရဲ့ ။
    ထိုအခိုက် အခန်းတံခါးထိပ်မှာ ချိတ်ဆွဲထားတဲ့ဆွဲလဲလေး လှုပ်ခါရမ်းသွားပြန်တယ် ။ မော့ကြည့်လိုက်တော့ တွေ့လိုက် ရတဲ့သူကြောင့် ကျွန်တော် အသက်ရှူသံတွေ အေးခဲသွားမိတယ် ။ ၀င်လာသူက ရှိုင်း…ဓါတ်ပုံထဲကအတိုင်း အသားဖြူဖြူ အရပ်မြင့်မြင့်ရယ် ။ သူက အခန်းထဲကို ဝေ့၀ဲကြည့်လိုက်ပြီး ကျွန်တော့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ပင် သဘောမထားဘဲ ကျွန်တော်နဲ့မျက်စောင်းထိုးက ကောင်မလေးဆီ တန်းတန်းမတ်မတ်လျှောက်သွားလိုက်ပြီး…
   “ ဟို…မဖြူစင်လား မသိဘူး ။”
   “ ရှင်…! သြော်…………ဟုတ်ကဲ့ ။”
ထားသုဝေက စာဖတ်နေရာကနေ ရုတ်တရက်အမေးခံလိုက်ရတော့ ယောင်တောင်ပေါင်တောင်ဖြစ်သွားပုံရတယ် ။ သြော်… ဟု အသံရှည်ကြီးဆွဲထားကာ ခဏကြာမှ သတိရသွားပြီး ဟုတ်ကဲ့လို့ ဖြေလိုက်တယ် ။ ကျွန်တော့်မှာလည်း ထားသုဝေ ဘာ တွေများ တလွဲပြောမိတော့မလဲလို့ ရင်တထိတ်ထိတ် စောင့်ကြည့်နေမိရဲ့ ။ ကျွန်တော်က ထားသုဝေကို ဖြစ်ရပ်အစုံကို အကျဉ်းချုပ်ပြောပြထားပေမဲ့ အသေးစိတ်ကိုတော့ သူ ဘယ်သိပါ့မလဲ ။ တော်ကြာ ကျွန်တော်တို့ မပြောဖူးတဲ့စကားတွေ ပြောလိုက်လေမလားလို့ စိုးရိမ်နေတာနဲ့ မျောက်မီးခဲကိုင်ထားသလို ကဏှာမငြိမ်ဖြစ်နေတာပေါ့ ။
       အွန်လိုင်းမှာချစ်တဲ့ချစ်သူအများစုက ရုပ်ရည်ထက် စိတ်နေသဘောထားနဲ့အပြောအဆိုကို စွဲလန်းနှစ်ခြိုက်လို့ ချစ်ကြိုက် သွားကြတာများတော့ တော်ကြာ ထားသုဝေ၏လှပချောမောတဲ့မျက်နှာလေးကို မကြိုက်ဘဲ ကျွန်တော့်ရဲ့မဟုတ်တမ်းတရား အပြောအဆိုတွေကို နှစ်သက်မြတ်နိုးနေမှဖြင့် ကျွန်တော့်မှာ ဒုက္ခလှလှကြီးတွေ့သွားရမှာကို စိုးရိမ်လွန်းလို့ သူတို့ နှစ်ဦးသား အဆင်ပြေပါစေလို့ အသံတိတ်ဆုတောင်းနေမိတယ် ။
      တစ်နာရီလောက်ကြာပေမဲ့ ကျွန်တော့်အတွက်တော့ တစ်ကမ္ဘာလောက် ကြာသလိုပဲ ။ ခဏကြာတော့ သူတို့နှစ်ယောက် အပြင်သွားကြဖို့ ထလိုက်ကြတယ် ။ ကျွန်တော့်မှာလည်း အိနြေ္ဒမရစွာဘဲ သူတို့နှစ်ယောက်ကို အပြူးအပြဲကြည့်ရင်း သွားမှ သွားကြပါ့မလား…ဘာတွေများလွဲကြဦးမလဲ…စိုးရိမ်နေမိပေမဲ့ သူတို့နှစ်ယောက်ကတော့ အခန်းထဲကနေ ပေါ့ပေါ့ပါးပါးနဲ့ထွက် ခွာသွားကြတယ် ။ ကျွန်တော်လည်း အဲ့ဒီ့အခါမှပဲ ရင်ထဲကအလုံးကြီး ကျသွားတော့တယ် ။ ဒီနှစ်ယောက် မြန်မြန်ညားပါစေ လို့သာ တွင်တွင်ကြီး ဆုတောင်းပေးလိုက်မိရဲ့ ။
       စောစောက ရင်တွေပူနေရလို့ မှာထားတဲ့စတော်ဘယ်ရီဖျော်ရည်ကို အခုမှပဲ အေးအေးဆေးဆေးသောက်နိုင်တော့ တယ် ။ ဟိုနှစ်ယောက်က အဆင်ပြေပြေထွက်သွားကြပြီလေ ။ ဒီအချိန်မှာပဲ တတီတီနဲ့ ကျွန်တော့်ဖုန်းထဲကို မက်စေ့ရှ်တစ် စောင် ဝင်လာတယ် ။ ရင်တထိတ်ထိတ်နဲ့ ဖွင့်ကြည့်မိတော့ ပို့လိုက်သူက ထားသုဝေလေ ။
   “ ဟိတ်ကောင် နင် ဘာမှမပူနဲ့တော့ ။ သူ့ကို ငါ အသေအချာလှည့်ပစ်လိုက်ပြီ ။ ဖြူစင်ဆိုတာ တကယ်တော့ အကောင့်
     နာမည်ပါလို့ ။ နာမည်အရင်းက ထားသုဝေပါလို့ ။ နေရာလိပ်စာတွေကလည်း ဒီအတိုင်းပဲလို့ပြောတော့ သူက စိတ်မဆိုး
     တဲ့အပြင် ရပါတယ်တဲ့လေ ။ ငါနဲ့သူလည်း အဆင်ပြေသွားပြီဟ ။ သူ့ကိုတော့ ငါ နင့်ကိုအားနာလို့ အတည်တွဲပါ့မယ် ။
     ရှိုင်းသီဟက အမှန်ပြောရရင် ရုပ်ချော သဘောဖြူ လူအေးလေးဆိုတော့ ပြည့်စုံပါတယ် ။ နင် တော်တော်အရှာအဖွေ
     ကောင်းတာပဲ ။ နောက်ထပ် ငါ့သူငယ်ချင်းတွေကိုလည်း နင့်ပဲ ရှာခိုင်းရမယ်…”
 …တဲ့ ။ ကောင်မစုတ် မက်စေ့ရှ်ပို့တာတောင် ကောင်းကောင်းမပို့ဘူး ။
     သူတို့ထွက်သွားမှ ကျွန်တော့်မှာလည်း နေသာထိုင်သာရှိပြီး အအေးကို ကုန်အောင် သောက်နိုင်တော့တယ် ။ အအေး သောက်လို့ ရင်အေးသွားမှ စောစောက ကျွန်တော့်ကို စိတ်တည်ငြိမ်သွားစေနိုင်တဲ့မိန်းကလေးကို တကျော့ပြန်ကြည့်လိုက်မိ တော့ သူက ကျွန်တော့်ကို စူးစူးရဲရဲကြီးစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ် ။ သူ့အကြည့်က စုံထောက်က တရားခံကို စိုက်ကြည့်တတ်တဲ့ အကြည့်မျိုး…။
   ‘ ဟိုက်…ဘာဖြစ်လို့ပါလိမ့် …’
ကျွန်တော်လည်း သူ့ကို မကြည့်ရဲလို့ ခေါင်းကိုသာ ငုံ့ထားလိုက်မိရဲ့ ။ မုန့်မြန်မြန်စားပြီး ဆိုင်က လစ်ရင်ကောင်းမယ် ထင် တယ် ။
   “ ဘယ်လိုနေရာတွေ ဝေးလို့သွားပါစေ ငါ့ရင်ထဲ မင်းတစ်ယောက်တည်း…¯¯¯
ဘန်နီဖြိုးရဲ့အလွမ်းပြေအနမ်းသီချင်းလေးနဲ့အတူ ကျွန်တော့်ဖုန်းလေး တုန်ခါရမ်းနေပါလား ။ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ကျွန်တော် မသိတဲ့ဖုန်းနံပါတ် ။
   “ ဟယ်လို…ဘယ်သူပါလဲ ။”
တစ်ဖက်မှ ရုတ်တရက်အသံမကြား ။ ကျွန်တော် ဟယ်လို…ဟယ်လိုလုပ်နေတုံးမှာပဲ …
   “ ဖြူ…ဟုတ်တယ် ဟုတ် ။ ရှင် ဖြူစင် မဟုတ်လား ။”
   “ ခင်ဗျာ…”
ကျွန်တော် သွေးပျက်မတတ် ရေရွတ်လိုက်မိရင်း ဦးခေါင်းတစ်ခုလုံးလည်း ခါခါလည်သွားမိတယ် ။ တစ်ဖက်က မိန်းကလေး တစ်ယောက်ရဲ့တိုးတိုးမျှင်မျှင်အသံလေး…ထားသုဝေ တစ်ယောက်ယောက်ကိုများ လျှောက်ပြောထားသေးလား ။ ဒီအချိန်မှာ ပဲ ကျွန်တော့်နဘေးမှာ လူတစ်ယောက်လာရပ်လို့ မော့ကြည့်လိုက်မိတော့ တစ်ဖက်စားပွဲက မိန်းမချောလေး ဖြစ်နေရဲ့ ။
   “ သေပါတော့ ။ ရှိုင်းက ဖြူစင်ဆိုတာကို မိန်းကလေးပဲ ထင်နေခဲ့မိတာ ။ ရှိုင်း နားလည်အောင် ပြောပြပါဦး ။”
သူမက ကျွန်တော့်ရှေ့က မျက်နှာချင်းဆိုင်ထိုင်ခုံမှ ၀င်ထိုင်ပြီး ငယ်ပေါင်းကြီးဖော်သူငယ်ချင်းဒီဇိုင်းနဲ့ ကျွန်တော့်ကို မေးလိုက် တယ် ။ သူ့ကိုသူလည်း ရှိုင်း…တဲ့ ။ ကျွန်တော်လည်း ရုတ်တရက် နားမလည်နိုင်ဖြစ်နေရာက တစ်စုံတစ်ခုကို ဒေါသထွက်ရန် သတိရမိတာကြောင့်…
   “ နေပါဦး…ဒါဆို မင်းက မင်းက ကိုရှိုင်းပေါ့ ဟုတ်လား ။ မင်းကရော ဘာဖြစ်လို့ ယောက်ျားလေးလို့ လိမ်ရတာလဲ ။”
ကျွန်တော့်ရဲ့ရန်တွေ့စကားကြောင့် သူက အပြုံးလွင်လွင်လေး ပြုံးလိုက်ပြီးမှ…
   “ ခစ်ခစ်…တော်တော်ရယ်ရတဲ့အဖြစ်အပျက်ပဲ ။ စောစောက ရှိုင်းရဲ့အကိုလေ ။ သူက သိပ်အရှက်အကြောက်ကြီးတာ ။
     ဒါကြောင့် ရှိုင်းက အွန်လိုင်းကနေ သူ့အယောင်ဆောင်ပြီး သူ့အတွက် ချစ်သူရှာပေးခဲ့တာ ။ ဒါနဲ့ ရှင်ကရော ဘာဖြစ်လို့
     ကျွန်မ့ကို လိမ်ရတာလဲ ။ စောစောကတစ်ယောက်ကရော ဘယ်သူလဲ ။ ကြည့်ရတာ ရှင်ကလည်း ကျွန်မနဲ့ အဖြစ်ချင်း
     တူနေတာပဲလား ။”
ကျွန်တော့်မှာလည်း လိမ်လိုလို့ မဟုတ်ပါဟူ၍ အစချီကာ နောက်ပြောင်ရာမှနေ ဘယ်လိုရှင်းရမှန်းမသိဖြစ်ခဲ့တဲ့အကြောင်းကို အသေအချာရှင်းပြမိတော့ သူ့မှာ ရယ်လိုက်တာ အမော ။ ဇာတ်ကြောင်းဆုံးသွားတော့ သူက ဖြစ်မှဖြစ်ရလေလို့ ရေရွတ် လိုက်ရင်း…
   “ ကဲ…မိတ်ပြန်ဆက်ကြတာပေါ့ ။ ရှိုင်းရဲ့နာမည်အပြည့်အစုံက ရှိုင်းခတ္တာ ကိုဖြူစင်ရဲ့နာမည်ကရော ။”
   “ ဟို…ဖြူစင်ဟိန်းပါခင်ဗျာ့ ။”
   “ အာ…အရင်တုန်းကလို ရင်းရင်းနှီးနှီးပဲ ဆက်ဆံပါ ။ ဘာလဲ…ရှိုင်းကို မခင်ချင်ဘူးလား ။ ကိုဖြူစင်က ကောင်လေးတွေကို
     ပဲ ခင်ချင်တာလား ။”
   “ ဟ…ဘာတွေလျှောက်ပြောနေတာလဲ ။ ကောင်လေးတွေကိုပဲ ခင်ချင်ရအောင် ကျွန်တော်က အခြောက်လား ။ ဟို…
     ကျွန်တော်က မိန်းကလေးတွေရှေ့မှာဆို နည်းနည်းရှက်တတ်လို့…”
   “ ကဲ…နောက်တာပါ ။ ဟုတ်ပါပြီ…လာ…ပြန်လည်ခင်မင်မှုအထိမ်းအမှတ်အနေနဲ့ ဆိုင်တစ်ဆိုင်ဆိုင် ဒိုးရအောင် ။ ဒီဆိုင်
     မှာက အအေးပဲ ရတာ မဟုတ်လား ။ ရှိုင်း ဗိုက်ဆာနေပြီ ။ ကိုဖြူစင်ကော လိုက်ချင်ရဲ့လား ။”
ကျွန်တော်လည်း နှစ်ခါခေါ်ရမယ့်အကောင်မှ မဟုတ်တာ ။ ကောက်ကောက်ပါသွားတာပေါ့…ရှိုင်းက ရိုးသားပွင့်လင်းပြီး ချစ် စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်သလို ကျွန်တော်ကလည်း အူတူတူအတတ ငကြောက်ဆိုတော့ အတော်ကို လိုက်ဖက်ညီနေတာပေါ့ဗျာ ။ ထားသုဝေဆိုတဲ့ကျွန်တော့်သူငယ်ချင်းငရှုပ်မလေးလည်း ကိုရှိုင်းသီဟနဲ့ကျမှပဲ လက်ထပ်တဲ့အ ထိစီစဉ်ဖြစ်သွားတော့တယ် ။ သေချာတာကတော့ သူတို့စုံတွဲပြီးရင် ကျွန်တော်တို့အလှည့်ပဲ ။ အဲ...တစ်ခုရှိတာက ချစ်ခွင့်ကို ကျွန်တော်က မပန်ရဲဖြစ်နေသေးတော့ ပွင့်လင်းရဲရင့်တဲ့ရှိုင်းခတ္တာလေးက ကျွန်တော် အီလေးဆွဲနေတဲ့အပေါ်မှာ စိတ်မရှည် ဖြစ်ပြီး သူကပဲ ဇိုးဇိုးဇတ်ဇတ်ဖွင့်ပြောလာပါစေလို့ ကျွန်တော် ဆုတောင်းနေမိတာတော့ အမှန်ပါပဲ…။
( ချစ်တတ်သူတိုင်းအတွက်! )

                                                                                                   
                                                                                        စေတနာရှေ့ထားလျက်…
                                                                                    မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
 
 
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။