ပေးတိုင်း မရ မြတ်သီလ
( ၂၀၁၆ ဇန်နဝါရီလထုတ် ဓမ္မဒူတဘာသာရေးမဂ္ဂဇင်းတွင် ဖော်ပြခံရသော စာပန်းချီဖြစ်သည် )
ဂါဦးနွန်းကို ......... ရေးသားပူဇော်သည် ။
-------------------------------------------------------------------------------------------------
‘ကောရဏ္ဍိယ’သည် စိမ်းညို့ညို့တောတန်းများဆီသို့
အကြည့်တို့ကို ဖြန့်ကျက်လိုက်သည် ။ အမျိုးမျိုးအစားစား ပေါက်ရောက်ရှင် သန်လျက်ရှိသောသစ်ပင်ကြီးငယ်အသွယ်သွယ်တို့နှင့်အတူ
ပွင့်ချင်တိုင်းပွင့် ၊ ဝေချင်တိုင်းဝေ ၊ ဖူးချင်တိုင်းဖူး ၊ လှချင်တိုင်းလှနေသော ပန်းပွင့်မာလာအစုံစုံ၏အဆင်းရူပါအလှတို့ကို
ရှုကြည့်ခံစားရင်း စဉ်းစားခန်းဝင်လျက်ရှိသည် ။
တောတောင်အတွင်းမှ
သစ်ပင်တို့သည် နေရောင်ခြည်ရရှိပုံချင်းအတူတူ ၊ တစ်မြေတည်းပေါ် ပေါက်ရောက်ရှင်သန်ရပုံချင်းအတူ
တူ ၊ မြေပေါ်မြေအောက် ရေချိုစိမ့်ဝင်စုပ်ယူရပုံချင်းအတူတူ အတိုအရှည်တို့ မညီကြ ။ အရွယ်အစားတို့
မတူကြ ။ အမျိုးအစားတူ သစ်ပင်ချင်းတောင် တစ်ပင်နှင့်တစ်ပင် ကွဲပြားခြားနားလျက်ရှိကြောင်းကို
ကောရဏ္ဍိယ သတိပြုမိသည် ။ ထိုအချင်းအရာကို တွေးသိ ရင်း တောအုပ်ကြီးအား သူ၏ကြည်လင်ရွှန်းလဲ့သောမျက်ဝန်းအစုံဖြင့်
သတိထားကာ စိုက်ကြည့်နေလေ၏ ။
တောအုပ်သည် ညို့မှိုင်းစိမ်းစိုနေသည် ။ တောပန်းတို့
ပွင့်ဖူးဝေဆာနေသည် ။ ရွှေဝါရောင်သစ်ရွက်အိုတို့ မြေပြင်ပေါ်သို့ လွင့်ပါး ကြွေဆင်းနေပုံမှာ
လိပ်ပြာငယ်လေးများအလား မျက်စိပသာဒဖြစ်ဖွယ်ရာ ။ လေတိုက်လိုက်သည့်အခါတိုင်း သစ်ကိုင်းအချင်းချင်း
ပွတ် ခတ်သံများ ထွက်ပေါ်လျက်ရှိရာ ထိုအသံသည် နတ်စောင်းသံပမာ သာယာငြိမ့်ညောင်းလှသည် ။
ထိုမျှသာမက တောအုပ်ထဲမှ ငှက်ကလေးများ၏ပကျိပကျိအော်သံ
၊ ဒေါင်းပျိုငှက်၏အိုးဝေအိုးဝေအော်သံ ၊ သမင်တောက်သံ ၊ ချေ ဟောက်သံ ၊ စမ်းရေတသွင်သွင်စီးဆင်းသံတို့ကိုလည်း
တစ်ချက်တစ်ချက် ခပ်သဲ့သဲ့ကြားနေရသည် ။ စက္ခုအာရုံ ၊ သောတအာရုံတို့ကို သာယာပျော်ရွှင်မှုများပေးစွမ်းနိုင်သော
ထိုတောမြိုင်ဂနိုင်သည် ကချေသည်မိန်းမပျိုလေးသဖွယ် ဆွဲဆောင်မှုရှိနေပေရာ မြင်ရသူတို့အဖို့
စိတ်ကြည်နူးချင်စရာ ။ သို့ကြောင့်ပင်ထင်…ပုရိသအထိုထိုသည် ထိုတောအုပ်ကို ငေးစိုက်ကြည့်နေကြ၏
။
စိုက်ကြည့်နေသူတို့မှာ တက္ကသိုလ်သို့ ပညာသင်ကြားရန်
ရောက်ရှိနေကြသော တက္ကသိုလ်ကျောင်းသားအုပ်စုဖြစ်သည် ။ ကျောင်း သားအုပ်စုသည် တောအုပ်၏အစပ်တွင်
နားနေအပန်းဖြေနေကြခြင်းဖြစ်၏ ။ ကျောင်းသားအများစုက အရိပ်အာဝါသကောင်းမွန်ရာ အေးချမ်းဆိတ်ငြိမ်ရာဒေသအသီးသီးတွင်
နားခိုလျက်ရှိကြသည် ။ သက်တောင့်သက်သာရှိစေရန် ခြေပစ်လက်ပစ် ထိုင်သူကထိုင် ၊ လဲ လျောင်းသူက
လဲလျောင်း၍ ခရီးလမ်းတလျှောက် ပင်ပန်းခဲ့သမျှကို အမောဖြေနေကြသည် ။ တချို့တလေကမူ ကောရဏ္ဍိယကဲ့သို့ပင်
တောအုပ်ဆီသို့ ငေးကြည့်နေကြသည် ။ သို့သော်…အတွေးချင်းကတော့ တူမည်မထင် ။
လူတို့သည် ရှုမြင်ရသောအလှတရားအပေါ် ဝေဖန်သုံးသပ်ရန်
၊ နှိုင်းယှဉ်ချိန်ထိုး၍ စဉ်းစားရန် ၊ သံဝေဂတရားရယူရန် စိတ်မကူးမိ ကြ ။ ထိုအလှတရား၏ခြေတော်ရင်းအောက်သို့
ဝပ်ဆင်းကာ သာယာရစ်မူးရန် အတွေးရှိကြသည်သာများ၏ ။ ထိုနည်းတူစွာ တောအုပ် ဆီသို့ ငေးကြည့်နေမိသောကျောင်းသားအများစုသည်လည်း
တောအုပ်၏သဘာဝအလှ၌ ရစ်မူးနေကြသည် ။ သစ်ပင်ပန်းမန်တို့၏ အဆင်းသဏ္ဍာန်များအပေါ် သဘောကျနှစ်ခြိုက်နေကြသည်
။ ကျေးငှက်သာရကတို့၏အသံများတွင် သာယာညွှတ်တွားနေကြသည် ။
“ ဟို…ပန်းကလေး လှလိုက်တာ ။”
“ တောအုပ်ကြီးက အုပ်စိုင်းနေပါရောလားကွယ် ။”
“ ဟိုနားကငှက်ကလေးဖြင့် ဖမ်းလိုက်ချင်ရဲ့ ။”
“ နားထောင်စမ်း…နားထောင်စမ်း ။ ဘာငှက်လဲ မသိ ။ သူ့အသံက သာယာငြိမ့်ညောင်းလိုက်ပါဘိ
။”
“ ဒီအပင်ကြီးကတော့ စိမ်းနေတာပဲ ။”
စသည်ဖြင့် တောင်တောင်အီအီစကားတို့ဆို၍
သဘာဝအလှတရားတို့ကို ငေးမောခံစားကာ ကြည်နူးနေကြသည် ။ သတိလက်လွတ် နစ်မြောပျော်ဝင်နေကြသည်
။ ကောရဏ္ဍိယတစ်ယောက်သာ ဆိတ်ဆိတ်နေ၍ ဆင်ခြင်အသိတို့ နှလုံးသွင်းလျက်ရှိ၏ ။ ကောရဏ္ဍိယ နှလုံးသွင်းဆင်ခြင်နေသည်က
သစ်ပင်ပန်းမန်တို့၏သဘာဝ ။
တောအုပ်တစ်ခုအတွင်းရှိ သစ်ပင်အချင်းချင်းပင်
တစ်ပင်နှင့်တစ်ပင် မတူညီပေ ။ တစ်နေရာတည်းရှိနေသဖြင့် ရေမြေရာသီဥတု အလုံးစုံ တူညီနေပါသော်လည်း
အပင်တို့၏အရွယ်အစား ၊ အသီးအပွင့် ၊ သက်တမ်းကြာချိန်တို့သည် တစ်ပင်နှင့်တစ်ပင် မတူညီဘဲ
ကွဲ ပြားခြားနားနေသည် ။ တစ်မျိုးတစ်နွယ်တည်းမှ ဆင်းသက်လာခဲ့ခြင်းဖြစ်စေကာမူ တစ်ပင်နှင့်တစ်ပင်
တထေရာတည်းတူညီခြင်းသည် မရှိသလောက် ရှားပါးပေမည် ။
-
သက်မဲ့ဖြစ်တဲ့-သစ်ပင်တွေတောင် ဒီလောက် ကွာခြားနေရင် သက်ရှိဖြစ်တဲ့ ၊ ခံစားသိမြင်နိုင်တဲ့
လူသားတွေဆိုရင် ပြောစရာ
မရှိတော့ဘူး ။ သေချာပေါက် ကွဲပြားခြားနားကြမှာပဲ
။
ထိုသို့ သုံးသပ်မိလေသည် ။
တောအုပ်ဘက်သို့ ရှုငေးကြည့်ကာ ကောရဏ္ဍိယ ထိုကဲ့သို့
တွေးတောဆင်ခြင်နေခြင်းမှာ အကြောင်းရှိပါသည် ။ ကောရဏ္ဍိယ ဝင်ရောက်ဖြေရှင်းမှသာလျှင် အဆင်ပြေနိုင်မည့်အကြောင်းကိစ္စတစ်ရပ်
ရှိနေသောကြောင့် ယခုကဲ့သို့ တွေးတောဆင်ခြင်နေခြင်းဖြစ်၏ ။ တောအုပ်ဆီမှ အကြည့်တို့ကို
သိမ်းရုတ်ကာ တစ်ဖက်ချောက်ကမ်းပါးဆီသို့ အကြည့်တို့ကို လွှဲပို့လိုက်သည် ။
အချိန်က နေ့လယ်ခင်းမွန်းတည့်ချိန်ဖြစ်သဖြင့်
နေမင်းသည် ပြင်းစွာပူလျက်ရှိသည် ။ ပင်ပန်းဆင်းရဲကင်းစွာ နေထိုင်လာခဲ့ရသော ကောရဏ္ဍိယခမျာ
နေအပူရှိန်ကြောင့် နဖူးချွေး ခြေမ, ကျရပြီ ။ ဖြူဖွေးသောအသားအရောင်သည်လည်း နီမြန်းနေလေပြီ
။ သို့သော်… ထိုအချင်းအရာက ကောရဏ္ဍိယအတွက် အရေးမဟုတ် ။ နဖူးပြင်မှချွေးစက်တို့ကို လက်ခုံဖြင့်
သုတ်ဖယ်ရင်း ချောက်ကမ်းပါးကို စိုက် ကြည့်နေပြန်သည် ။ အကြောင်းမဲ့သပ်သပ် စိုက်ကြည့်နေခြင်းတော့
လုံးဝမဟုတ်ပါ ။ ဖြစ်ပျက်နေသောပြဿနာအတွက် အဖြေတစ်ခုကို ရှာဖွေရန်အတွက်သာ ။
ကောရဏ္ဍိယသည် ဗြဟ္မဒတ်မင်း စိုးစံအုပ်ချုပ်နေသော
ဗာရာဏသီပြည်သားဖြစ်ပြီး ပုဏ္ဏားမျိုးနွယ်ဖွားဖြစ်၏ ။ အရွယ်ရောက်လာ သည့်အခါ ယောက်ျားကောင်းတို့
တတ်မြောက်အပ်သောအတတ်ပညာတို့ကို သင်ကြားရန်အတွက် တက္ကသီလသို့ ရောက်ရှိခဲ့သည် ။ ဥာဏ်ပညာထက်မြက်ပြီး
အများသူငါတို့ထက် ပါးနပ်လိမ္မာသူမို့ တက္ကသိုလ်ဆရာကြီး၏မြှောက်စားမှုကို ခံရကာ ကျောင်းသားတို့အနက်
အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့သည် ။
ကောရဏ္ဍိယသည် ဥာဏ်ပညာ စူးရှထက်မြက်ရုံသာမက ဆင်ခြင်နှလုံး
ပြည့်ဝသူလည်းဖြစ်သည် ။ ခွန်အားဗလ ကြီးမားသူလည်း ဖြစ်သည် ။ ရုပ်ရည်ရူပကာကလည်း ယောက်ျားပီသပြီး
ခန့်ညားချောမောသူဖြစ်၍ တောတောင်အတွင်းရှိ တောကောင်တို့အလယ်က ကေသရာဇာခြင်္သေ့မင်းပမာ ကောရဏ္ဍိယသည်လည်း
ကျောင်းသားတို့အလယ်၌ ထင်ရှားပေါ်လွင်လျက်ရှိသည် ။ အစစအရာရာ ပြည့်စုံ ကြွယ်ဝသူပီပီ အများ၏လေးစားအားကိုးခြင်းကို
ခံရလေသည် ။
ကျောင်းသားများက အကြီးအကဲ-ကောရဏ္ဍိယကို ယုံကြည်ကိုးစားကြသည်
။ လေးစားကြည်ညိုကြသည် ။ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားလာသည့်အခါတိုင်း ကောရဏ္ဍိယကို တိုင်ပင်ကြသည်
။ အကူအညီတောင်းခံကြသည် ။ ယခုလည်း လူအများစု၏တောင်းပန်မှု ကြောင့် ကောရဏ္ဍိယတစ်ယောက် အကြံထုတ်နေရခြင်းဖြစ်သည်
။ ပြဿနာက အရမ်းကာရော ဖြေရှင်း၍မရသည့်ကိစ္စ ။ ဒုတ်ထိုးအိုး ပေါက် လုပ်ဆောင်၍မဖြစ် ။ မျက်နှာလွှဲ
ခဲပစ်-ပြုမူ၍မတော် ။ အဘယ့်ကြောင့်ဆိုသော် ပြဿနာ၏အရင်းခံက တက္ကသိုလ်ဆရာကြီး ကိုယ်တိုင်ဖြစ်နေသောကြောင့်ပင်
။
ကောရဏ္ဍိယတို့ကျောင်းသားတစ်ဖွဲ့ ပညာဆည်းပူးလျက်ရှိသော
တက္ကသိုလ်ဆရာကြီးသည် ပညာအရာ၌ ဆရာတစ်ဆူတင်ထိုက် အောင် ထူးချွန်ထက်မြက်ပါသည် ။ အရည်အချင်းတွင်လည်း
သူမတူအောင် ကျော်ဇောပြည့်ဝသူဖြစ်၏ ။ အလုံးစုံသောလောကီအတတ် တို့ကို တစ်ဖက်ကမ်းခတ်တတ်ကျွမ်းသလို
လောကုတ္တရာအရေးမှာလည်း နှံ့စပ်သိတတ်သူ ။ ဤကဲ့သို့ အဖက်ဖက်က ပြည့်စုံသောဆရာ ကို အဘယ်မှာ
ရှာနိုင်ပါအံ့ ။
-
ဒါဆိုရင် ဘာကြောင့်များ ဆရာကြီးက ပြဿနာဖြစ်နေရတာလဲ…
ကောရဏ္ဍိယတို့၏အဖြစ်က ထိုသို့မေးမြန်းချင်စရာ
။ ပြည့်စုံလွန်း၍ ခက်နေခြင်းသာ ။
ဆရာကြီးသည် စေတနာအလွန်ကြီးမားသူဖြစ်သည် ။ အထူးသဖြင့်
၎င်း၏တပည့်သားမြေးများအပေါ် စေတနာသဒ္ဒါတရား ထက် သန်ပြင်းထန်သူဖြစ်သည် ။ ပညာကလည်း တစ်ဖက်ကမ်းခတ်
တတ်ကျွမ်းသဖြင့် တစ်ခုခုဆို အလွန်တွေးတောကြံဆတတ်သည် ။ သို့ ကြောင့်လည်း…
“ ငါ့တပည့်တွေဟာ အသက်အားဖြင့် အလွန်ငယ်ရွယ်ကြသေးတယ် ။ လူငယ်ဆိုတာ အမှားနဲ့အမှန်ကို
ခွဲခြားတတ်တာ ရှားတယ် ။
ခွဲခြားတတ်စေဦးတော့…အမှန်ထက် အမှားရဲ့နောက်ကိုပဲ လိုက်တတ်ကြတာများတယ် ။ ပုထုဇဉ်ရဲ့သဘာဝကိုက
မကောင်းမှုမှာ
မွေ့လျော်တဲ့သဘော ရှိတယ်မဟုတ်လား ။ ဒီတော့ အမှားနောက်ကိုလိုက်ပြီး မဖြစ်သင့်တာတွေဖြစ်ကြမယ်
။ မလုပ်သင့်တာတွေ
လုပ်ကြမယ် ။ မသင့်လျော်တဲ့-ကာမဂုဏ်အာရုံတွေမှာ မွေ့ပျော်ကြမယ် ။ အဲဒီလိုနေထိုင်မယ်ဆိုရင်
သေလွန်တဲ့အခါ အပယ်ကို
လားရမှာပဲ ။ မဖြစ်ဘူး ။ ငါ့တပည့်တွေကို ငါ ကယ်တင်မှဖြစ်မယ် ။ ငါ့ရင်ကဖြစ်တဲ့သားတွေလို
ချစ်ခင်မြတ်နိုးရတဲ့ငါ့တပည့်လေး
တွေကို အပယ်မလားစေဖို့အတွက် ငါ စောင့်ရှောက်ဖေးမ,ရမယ် ။”
ဤကဲ့သို့ ဆင်ခြင်မိကာ ကြီးကျယ်မြင့်မြတ်သောအလုပ်တစ်ခုကို
အမြဲမပြတ် ပြုမူဆောင်ရွက်ရန် တက္ကသိုလ်ဆရာကြီး ဆုံးဖြတ်ခဲ့၏ ။ ထိုအလုပ်က သီလပေးသောအလုပ်ပင်တည်း
။
“ ဟုတ်ပြီ ။ ငါ့တပည့်လေးတွေကို နေ့စဉ် သီလပေးမယ် ။ သီလရဲ့ကောင်းကျိုးနဲ့ အကုသိုလ်ရဲ့ဆိုးကျိုးအပြစ်တွေကို
ဟောပြော
ဆုံးမပြီး သီလယူခိုင်းရမယ် ။ ဒါဆိုရင် သူတို့လေးတွေဟာ သီလကို စောင့်ထိန်းတဲ့အတွက်
အပယ်လားမယ့်ဘေးနဲ့ ကင်းဝေး
ကြရလိမ့်မယ် ။ ဆရာဆိုတာ သူတို့တတွေရဲ့ပစ္စုပ္ပန်ဘဝကို သာယာလှပအောင် ပျိုးထောင်ပေးရုံနဲ့
တာဝန်ကျေတာမဟုတ်ဘူး ။
သံသရာအထိ စောင့်ရှောက်ကူညီနိုင်မှ ဆရာကောင်းပီသမှာ
။ ဆရာစင်စစ် ဧကန်ဖြစ်မှာ ။ ဒီတော့…ဒီနေ့ကစပြီး မြင်သမျှတွေ့
သမျှတပည့်သားမြေးအားလုံးကို သီလဆောက်တည်ဖို့ ဆုံးမရမယ် ။ ပြီးရင် သီလခံယူခိုင်းရမယ်
။ အင်း…တွေးမိရုံနဲ့တင် ပီတိ
ဖြစ်လိုက်တာကွယ် ။ ဝမ်းသာကျေနပ်စရာကောင်းလိုက်တဲ့အလုပ်ပါလားနော် ။”
တက္ကသိုလ်ဆရာကြီးသည် ထိုသို့ စိတ်အကြံဖြစ်ပေါ်ကာ
စိတ်ကူးကို အကောင်အထည်ဖော်လေ၏ ။ မြင်သမျှတပည့်တိုင်းကို သီလ၏ အကျိုးကို ဟောပြောဆုံးမကာ
သီလ ခံယူစေသည် ။
အမှန်မှာ ဆရာကြီး၏စိတ်အကြံသည် များစွာမွန်မြတ်လှပေသည် ။ အင်မတန် သင့်လျော်ကောင်းမြတ်သော
ချီးကျူးဖွယ်ရာ စိတ်ကူး ဖြစ်သည် ။ သို့သော်…ခက်နေသည်က ပုထုဇဉ်လူသားတို့ပင် ။ ပန်းပေါင်းစုံ၏ရနံ့ကဲ့သို့
သင်းပျံ့မွှေးကြိုင်သော ၊ ဗန္ဓရသရက်ကဲ့သို့ ချိုအီကောင်းမွန်သော ၊ စန္ဒကူးနံ့သာရည်ကဲ့သို့
အေးမြလန်းဆန်းသော သီလ၏အရသာကို လူသားတိုင်း မခံစားတတ်ကြ ၊ မနှစ်ခြိုက် မပျော်မွေ့ကြပေ
။
ဆရာကြီးကို ကြောက်ရွံ့ရ၍ ဟောကြားသောတရားကို
နာယူကာ မဖြစ်မနေမို့သာ သီလခံယူလိုက်ကြသည် ။ အတွင်းစိတ်ထဲမှာ တော့ လိုက်နာရန် စိတ်ကူးမရှိ
။ မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ရန် မစဉ်းစား ။ ထိုအခါ ဆရာကြီးထံမှ ခံယူဆောက်တည်လာ
ခဲ့သောသီလတို့ခမျာ အမျိုးမျိုး ကျိုးပေါက်ရရှာသည် ။ နည်းအသွယ်သွယ်ဖြင့် ပျက်စီးရရှာသည်
။ စိတ်နှလုံး မခိုင်ကျည်သူတို့၏လက် ထဲမှ ‘သီလ’သည် လေပွေ အဝှေ့ခံရသောသစ်ပင်ငယ်ပမာ မရှုရက်စရာ
။
ဤသို့ အခါခါ ကြုံရဖန်များလာလေရာ တက္ကသိုလ်ကျောင်းသားတို့ခမျာလည်း ဆရာကြီးနှင့်
တွေ့ဆုံရမှာကို စိုးရွံ့လာကြသည် ။ မထိန်းသိမ်းနိုင်သည့်အတွက် ဆရာကြီး ပေးမည့်သီလမြတ်ကို
ခံယူရန် ခက်နေကြပြီ ။ သို့ဖြစ်၍…ဆရာကြီးနှင့် မဆုံဆည်းအောင် အတတ်နိုင်ဆုံး ရှောင်ကွင်း၍
သွားကြသည် ။ ဝေးဝေးလံလံကနေ ဖယ်ခွာသွားကြ၏ ။ သို့ပေမဲ့ မည်မျှ ရှောင်နိုင်ပါမည်နည်း
။
ဆရာနှင့်တပည့် ဖြစ်နေသဖြင့် တစ်ကွေ့မဟုတ် ၊ တစ်ကွေ့ တွေ့ပြန်သည် ။ ကြောက်ရွံ့ရသူ-ဆရာကြီးက
လက်ယက်လှမ်းခေါ်နေ ၍ သွားရပြန်သည် ။ သီလ၏ကောင်းကျိုး၊ အကုသိုလ်၏အပြစ်ကို ဟောကြားကာ သီလ
ယူစေပြန်သည် ။ မထိန်းသိမ်းနိုင်သောကျောင်း သားတို့ခမျာ မီးကျီခဲကို ဆုပ်ကိုင်ခိုင်းသည့်ပမာ
မျက်နှာ မသာမယာဖြင့် သီလယူကြရသည် ။ ပြီးနောက်…အမျိုးမျိုးအထွေထွေနည်းနာ တို့ဖြင့် ကျိုးပေါက်ကြပြန်၏
။
“ ဆရာကြီးခင်ဗျာ့…ကျွန်တော်တို့ တစ်ခုလောက် တောင်းပန်ပါရစေ ။”
“ အယ်ကွယ်…ဘာပြောချင်လို့လဲ ။ မင်းတို့နဲ့ငါက သားအဖလို နေထိုင်လာခဲ့တာကြာပြီ
။ ဘာအကြောင်းပြောမှာမို့များ ဒီလောက်
စကားပုလ္လင်ခံနေရတာတုံး ။”
“ ဟုတ်ပါတယ် ဆရာကြီး ။ ဆရာကြီးဟာ ကျွန်တော်တို့ရဲ့ဖခင်လိုပါပဲ ။ ကျွန်တော်တို့
ဒီမှာ ပညာသင်ကြားလာတာလည်း နှစ်
အတော်ကြာညောင်းနေပါပြီ ။ ဆရာကြီးနဲ့ကျွန်တော်တို့ကြားက
ခင်မင်ရင်းနှီးမှုဟာလည်း သားနဲ့အဖလိုဖြစ်နေပါပြီ ။ အဲဒါ
ကြောင့် အခုကိစ္စကို အရဲစွန့်ပြီး ပြောဖို့ ကြံရွယ်ခဲ့တာပါ
။”
ဆရာကြီး၏တပည့်ရင်းများထဲက တစ်ယောက်သောသူက
ထိုသို့ ဆိုလာသည် ။ ကျန်တပည့်ရင်းများကလည်း အသီးအသီး ‘လက်အုပ် ချီမိုး’ကိုယ်စီဖြင့်
ဆရာကြီး၏မျက်နှာအရိပ်အကဲကို စိုက်ကြည့်နေကြသည် ။
ဤတပည့်ရင်းတစ်စုက ဆရာကြီး၏လက်သုံးတုတ်ပမာ အားကိုးအားထားပြုရသော အိမ်မွေးခြံပေါက်များ
။ တက္ကသီလတစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲခြင်းမှစ၍ အောက်ခြေသိမ်းအလုပ်များအထိ ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိသော
ယုံကြည်စိတ်ချရသည့် တပည့်ကြီး များ ။ ထိုသို့သောတပည့်များက စုဝေးရောက်ရှိလာကြပြီး တစ်စုံတစ်ခုသောအကြောင်းအရာကို
ပြောဆိုရန် စကားပုလ္လင်ခံနေပြီဆိုက တည်းက ပညာဥာဏ်ထက်မြက်သူ-ဆရာကြီးမှာ မည်သည့်အကြောင်းအရာဆိုတာကို
ရိပ်စားမိနေပြီ ။ သို့သော်…တပည့်များ စိတ်သက် သာစေရန် မသိကျိုးကျွံကာ မေးမြန်းလိုက်သည်
။
“ ပြောလေကွယ် … ပြော ။ ဘာကိစ္စများလဲ ။”
“ ဒီလိုပါ ဆရာကြီး ။ မကြာခင်ကမှ ပညာသင်ယူဖို့ရောက်ရှိလာကြတဲ့တက္ကသိုလ်ကျောင်းသားတချို့
စာကို ကောင်းကောင်းမသင်ယူ
နိုင်ဘဲရှိနေကြပါတယ် ။ ဆရာကြီးနဲ့ မျက်နှာချင်းဆိုင်ရမှာကိုလည်း
ထိတ်လန့်နေကြပါတယ် ။”
“ ဟေ…ဘာအကြောင်းကြောင့်တုံး ။ ပညာသင်ကြားမှုမှာ နားမလည်လို့များလား ။”
“ မဟုတ်ရပါဘူး ဆရာကြီး ။ ဆရာကြီးရဲ့သင်ကြားမှုဟာ ပြတ်သားရှင်းလင်းလွန်းတဲ့အတွက်
ကွက်ကွက်ကွင်းကွင်းသိမြင်လွယ်စေ
ပါတယ် ။ စာတွေကို နားမလည်လို့ ဆရာကြီးနဲ့ဆုံတွေ့ရမှာကို ကြောက်လန့်နေကြတာ မဟုတ်ပါဘူး
။ အခြားအကြောင်းကိစ္စတစ်ခု
ကြောင့်ပါ ။”
“ ကဲ…ဒါဆိုလည်း ပြောလေကွယ် ။ ဘာကိစ္စလဲ ။”
“ ဒီ…ဒီလိုပါ ဆရာကြီး ။ ဆရာကြီးက မိုးသောက်လို့ မနက်ရောက်ပြီဆိုတာနဲ့ မြင်မြင်သမျှတပည့်သားချင်းတွေကို
လက်ယက်ခေါ်ပြီး
သီလကောင်းကျိုးကို ဟောပြောဆုံးမပါတယ် ။ အဲဒီနောက် သီလတော်မြတ်ကို ခံယူဆောက်တည်စေပါတယ်
။ ဒီအမှုဟာ အလွန်
မှ မွန်မြတ်လှပါတယ် ။ ဒါပေမဲ့လည်း…”
တပည့်ရင်းတစ်ဦးက ပြောလိုက်စ,စကားကို
နေရာတွင်ရပ်ကာ ဆရာကြီး၏မျက်နှာကို မဝံ့မရဲမော့ကြည့်သည် ။ ဆက်ပြောသင့်/မပြော သင့် စဉ်းစားနေခြင်းဖြစ်သည်
။ ဆက်လက်ပြောကြားမည့်စကားများက ဆရာကြီး၏အယူအဆကို ဆန့်ကျင်ကန့်ကွက်မည့်စကားလုံး များ
၊ အတွေးအခေါ်များဖြစ်နေသဖြင့် ပြောရမှာကို တွန့်နေသည် ။ အကယ်၍ ဤစကားများကြောင့် ဆရာကြီး အမျက်ရှသွားပါက တက္ကသိုလ်မှ နှင်ထုတ်ခံရနိုင်သည်မဟုတ်ပါလား
။
သို့သော်…ဆရာကြီး၏မျက်နှာ၌ ဒေါသရိပ် မြူတစ်မှုန်ပင်
မရှိ ။ ပကတိ တည်ငြိမ်အေးဆေးနေ၏ ။ နောက်ပြီး ခွင့်လွှတ်နားလည် သည့်မျက်လုံးများဖြင့်
တပည့်များအား စိုက်ကြည့်နေ၏ ။ သို့ကြောင့်လည်း ထိုတပည့်သည် ဆက်လက်လျှောက်ထားရန် စိတ်ဆုံးဖြတ်
လိုက်သည် ။
“ လူအမျိုးမျိုးစိတ်အထွေထွေပါ ဆရာကြီး ။ ဆရာကြီးက သန့်စင်ကောင်းမြတ်တဲ့စေတနာအရင်းခံနဲ့
တပည့်သားမြေးတွေကို သီလ
ခံယူဆောက်တည်စေပေမဲ့ လူတိုင်းက သီလခံယူဖို့
မထိုက်တန်ပါဘူး ။ သီလကို စောင့်ထိန်းဖို့လည်း မဖြစ်နိုင်ပါဘူး ။ ငါးပါးသီလ
ရှစ်ပါးသီလတို့ဆိုတာက သူတော်ကောင်းတို့သာ စောင့်ထိန်းနိုင်တဲ့
အကျင့်သိက္ခာတွေပါ ။ သာမန်လူတို့အဖို့ မကျိုးပေါက်အောင်
ချိုးနှိမ်ဖို့မဖြစ်နိုင်လို့ သီလယူပြီးမကြာ
ပျက်စီးကြရတာချည်းပါပဲ ။ ဒီတော့…တပည့်ငယ်တွေခမျာ ဆရာကြီးကိုမြင်တာနဲ့ ငါတို့ရဲ့
ချစ်လှစွာသော-ဆရာကြီးဆိုတဲ့အသိနဲ့ ပြေးလာဆည်းကြိုလိုစိတ်
မရှိကြတော့ဘဲ သီလယူခိုင်းမှာကြောက်လို့ သင့်တော်ရာရှောင်
ပုန်းကုန်ကြပါပြီ ။ အဲဒါကြောင့် ဆရာကြီးအနေနဲ့
သီလယူချင်သူကိုပဲ သီလပေးပါလို့ ကျွန်တော်တို့က တောင်းပန်ချင်တာပါ ။”
တပည့်ကြီးက မဝံ့မရဲလျှောက်တင်ရင်း ဆရာရှင်အား
မော့ငေးအကဲခတ်သည် ။ ဆရာကြီး စိတ်များ ဆိုးသွားပြီလား ၊ စိတ်ကွက်ဒေါသ ထွက်နေပြီလားဟူသောအတွေးဖြင့်
ထိတ်လန့်နေပါသော်လည်း ဆရာကြီးကမူ တစ်စုံတစ်ရာ ဒေါသထွက်ခြင်း အလျဉ်းမရှိ ။ သို့ပေသိ
မျက်နှာကတော့ မသာမယာ ညှိုးငယ်နေရှာသည် ။
တက္ကသိုလ်ဆရာကြီးသည် တပည့်ရင်းဖြစ်သူ၏တောင်းပန်စကားကို
ရှင်းလင်းမြင်သာစွာ သဘောပေါက်ပါသည် ။ သို့သော်… လက်ခံရန်တော့ စိတ်ကူးမရှိ ။ လူတို့သည်
အသိဥာဏ်ရှိသူများဖြစ်ရာ အကြိမ်ကြိမ်အဖန်ဖန် ဆုံးမပါက လမ်းတည့်မှန်နိုင်လိမ့်မည်ဟု ဆရာကြီး
ယုံကြည်သည် ။ သို့ကြောင့် တပည့်များက လက်မခံစေကာမူ ရှေ့ဆက်၍ သီလပေးမည် ၊ တပည့်အားလုံး
သီလလုံခြုံအောင် စောင့်စည်းနိုင်သည်အထိ နေ့စဉ်မပြတ် သီလတော်မြတ်ကို ဆက်ခံနာယူစေရမည်ဟု
ခိုင်ခိုင်မြဲမြဲဆုံးဖြတ်ထားသဖြင့် တပည့်ရင်းများ၏ တောင်းပန်စကားသည် အရာ မထင်ပါချေ
။
ဆရာကြီးသည် သီလပေးမြဲပေးနေသည် ။ တပည့်များသည်လည်း
သီလယူရမည်ကိုကြောက်၍ ယခင်ကအတိုင်း ဆရာကြီးနှင့် မဆုံတွေ့အောင် ရှောင်ပြေးမြဲရှောင်ပြေးနေကြဆဲဖြစ်သည်
။ ထိုအခါ တက္ကသိုလ်ကျောင်းတော်ကြီးသည် ရှေးယခင်ကကဲ့သို့ စည်စည် ကားကားမရှိတော့ဘဲ သီလပေးလိုသူနှင့်သီလမလုံသူများ၏
ပဋိပက္ခကြား၌ တန်ဆာခံဖြစ်ကာ ချောက်သွေ့လာသည် ။
တက္ကသိုလ်ကြီး၏တာဝန်အဝဝကို ဆောင်ရွက်နေရသူ-တပည့်ရင်းချာများခမျာလည်း
ထိုပြဿနာကို မည်သို့ကြံဆဖြေရှင်းရမည် မှန်း မသိတော့ ။ သို့ဖြစ်၍ ဥာဏ်ပညာကြီးမားသော
ကောရဏ္ဍိယအား ကူညီဆောင်ရွက်ပေးပါရန် တောင်းဆိုကြသည် ။ ဤသို့ဖြင့် တက္ကသိုလ်ဆရာကြီး၏သီလပေးလိုစိတ်ကို
ဥပမာပြ၍ တရားချရန် ကောရဏ္ဍိယ ကြံဆဖို့ရာ အကြောင်းဖန်လာခဲ့ချေပြီ ။ ထို့ကြောင့် လည်း ကောရဏ္ဍိယသည်
တောအုပ်ဆီသို့ အကြည့်ဖြန့်ကျက်ကာ သစ်ပင်ပန်းမန်တို့၏သဘာဝကို ဆင်ခြင်နေရင်း လူတို့တွင်လည်း
တစ်ဦးနှင့်တစ်ဦး စိတ်ကူးအသိဥာဏ်ချင်း မတူညီကြပုံကို နှိုင်းယှဉ်နှလုံးသွင်းနေမိခြင်းဖြစ်လေ၏
။ ထိုမှတဖန် ချောက်ကမ်းပါးဆီသို့ အကြည့်လွှဲကာ အကြံဥာဏ်ထုတ်နေခဲ့သည် ။ ဆရာကြီးအား ဥပမာပေး၍
တရားပြရန် နည်းလမ်းရှာလျက်ရှိပြီ ။
ÿÿÿÿÿ
ကောရဏ္ဍိယအပါအဝင် တက္ကသိုလ်ကျောင်းသားအုပ်စုသည်
ထိုချောက်ကမ်းပါးအနီးသို့ အကြောင်းမဲ့ရောက်ရှိနေကြခြင်းမဟုတ် ။ ယင်းတို့အား မင်္ဂလာရွတ်ဖတ်ပေးပါရန်
ဖိတ်ကြားခြင်းခံရသဖြင့် ဆရာကြီးက ကောရဏ္ဍိယကို ခေါ်ယူ၍ တပည့်များကို ဦးဆောင်လျက် သွားရောက်ရွတ်ဖတ်ပါဟုဆိုကာ
စေလွှတ်လိုက်ရာ ခရီးမှအပြန် ထိုကျောက်ကမ်းပါးကြီးအနား၌ ခဏတဖြုတ် အပန်းဖြေနေကြခြင်းဖြစ်
သည် ။ အခြားသူများက နားနေအမောဖြေနေကြသော်လည်း ကောရဏ္ဍိယကတော့ ပညာရှိပီပီ ဆရာကြီးအား ဥပမာပြ၍
တရားချရန် သာ အကြံထုတ်လျက်ရှိရာ များမကြာမီတွင် အကြံရလေ၏ ။
“ ဟင်…”
“ ဟာ…ဟိုမှာ ကြည့်ပါဦး ။”
“ ဟဲ့…အဲဒါ ကောရဏ္ဍိယပဲ ။ သူ ဘာတွေလုပ်နေတာလဲ ။”
“ အေးကွ ။ ငါလည်း အဲဒါပဲကြည့်နေတာ ။ သူ ချောက်နက်ဝှမ်းထဲ ကျောက်ခဲတွေ ပစ်ချနေတာကြာပြီ
။ ဘာသဘောလဲ မသိ ။”
“ ခဏနေဦး…ခဏနေဦး ။ ငါ သွားမေးကြည့်ဦးမယ် ။”
သစ်ပင်ခြေကိုမှီကာ ဟိုဟိုသည်သည်မျှော်ငေးငိုင်တွေနေသော-ကျောင်းသားတစ်စု၏အာရုံသည်
ကောရဏ္ဍိယထံသို့ စုပုံကျရောက် သွားခဲ့ပြီ ။
အာရုံစုပြုံလျှင်လည်း စုပြုံချင်စရာပင် ။ ကောရဏ္ဍိယသည်
ထူးထူးဆန်းဆန်းအပြုအမူတစ်ခုကို ပြုလုပ်နေ၏ ။ အနီးအနားမှ ခဲလုံး များ ၊ ကျောက်ခဲကြီးများကို
ကောက်ယူကာ ကမ်းပါးချောက်ထဲသို့ အဆက်မပြတ် ပစ်ချနေသည် ။ နားနေရပ်တန့်ခြင်း မရှိ ၊ တရစပ်
ပစ် ထည့်နေ၏ ။ ထိုအခါ ကျောင်းသားများ စိတ်ဝင်စားလာသည် ။
ကောရဏ္ဍိယဟာ ဥာဏ်ပညာထက်မြက်သူဖြစ်ရာ ထိုအမှုကို
အကြောင်းမဲ့ပြုနေခြင်းတော့ မဟုတ်နိုင်ဟု တွေးမိကြ၍ ဘာအတွက် ပြုမူနေသလဲဆိုတာကို သိချင်လာကြသည်
။ သို့ကြောင့်…
“ နောင်ကြီးကောရဏ္ဍိယရေ…ဘာဖြစ်လို့ ချောက်ထဲကို ခဲလုံးတွေ ပစ်ချနေရတာလဲ ။”
ဟု လာမေးသည် ။ သို့သော်…ကောရဏ္ဍိယက ပြန်မဖြေ
။ ခဲလုံးတွေကိုသာ အလျဉ်မပြတ် ပစ်ထည့်လျက်ရှိသည် ။
ကျောင်းသားတို့ကလည်း သိချင်လှပြီ ။ ကောရဏ္ဍိယကလည်း
တုံဏှာဘာဝေ လုံးဝပြန်မဖြေ ။ လုပ်လက်စအလုပ်ကိုသာ တစိုက် မတ်မတ်ပြုမူနေသည် ။ သည်တော့
ကျောင်းသားများမှာလည်း မနေသာတော့ဘဲ ဆရာကြီးထံသို့ပြေးကာ ထိုအကြောင်းကို လျှောက် တင်ကြသည်
။
“ ဆရာကြီးခင်ဗျာ့…ကောရဏ္ဍိယတစ်ယောက် ထူးထူးဆန်းဆန်းတွေ ပြုမူနေပါတယ်ခင်ဗျာ့ ။”
“ ဟေ…မင်းတို့ကို ရွတ်ဖို့ဖတ်ဖို့ လွှတ်လိုက်တာလေ ။ ဘာတွေဖြစ်လာကြတာလဲ ။ ပြောစမ်း…ပြောစမ်း…”
“ ဒီလိုပါ ဆရာကြီး ။ ပွဲကပြန်အလာ လမ်းမှာ ကျွန်တော်တို့လူစု မောပန်းလာလို့ ခရီးတထောက်
နားကြပါတယ် ။ အပန်းဖြေကြပါ
တယ် ။ အဲဒီမှာပဲ ကောရဏ္ဍိယက ရှေ့မှာရှိတဲ့ ချောက်နက်ကြီးထဲကို ခဲလုံးတွေ ပစ်ချတော့တာပါပဲ
။ အခုထက်ထိလည်း ပစ်ချနေ
တုန်းပါပဲ ။ ကျွန်တော်တို့က ဘာလုပ်နေသလဲလို့မေးတော့လည်း ပြန်မဖြေပါဘူး ။ ဒါ့ကြောင့်
ဆရာကြီးကို လာလျှောက်တင်ရတာ
ပါခင်ဗျာ့ ။ ဆရာကြီး မေးမှသာ ပြန်ဖြေလိမ့်မယ်ထင်ပါတယ်ခင်ဗျာ့ ။”
တပည့်ဖြစ်သူ၏စကားကြောင့် တက္ကသိုလ်ဆရာကြီး
အံ့သြသွားသည် ။ စိတ်လည်းဝင်စားသွားသည် ။
ကောရဏ္ဍိယဟာ
ခပ်ပေါ့ပေါ့သူငယ်မဟုတ်မှန်း ဆရာကြီး သိသည် ။ ဤသူငယ်သည် ပညာအရာမှာလည်း သင်ကြားရလွယ်ကူ
သလောက် ဥာဏ်ပညာအတွေးအခေါ်၌လည်း စူးရှထက်မြက်သူတစ်ယောက် ။ သည်တော့ အရူးအနှမ်းပြုမူနေခြင်းငှာ
မဖြစ်နိုင် ။ ကိစ္စ တစ်ခုခု ရှိမည်ဧကန်ဟု တွေးမိကာ ချောက်ကမ်းပါးဆီသို့ အလျင်အမြန်လိုက်ပါလာခဲ့သည်
။
မြင်ပါပြီ…တွေ့ပါပြီ ။ ကောရဏ္ဍိယသည် ဆရာကြီးကိုပင်
လှည့်ကြည့်ခြင်းမရှိဘဲ ချောက်နက်ရှိုင်းထဲကိုသာ အသည်းအသန် ခဲမှန် မှန်ပစ်ထည့်နေ၏ ။
ဆရာကြီးလည်း မနေသာတော့ဘဲ ကောရဏ္ဍိယ၏အပြုအမူနှင့်ပတ်သက်ပြီး မေးမြန်းရလေတော့သည် ။
“ ဟဲ့…ကောရဏ္ဍိယ …ငါ့တပည့် ဘာတွေလုပ်နေတာလဲ ။ အားလုံးကလည်း စိုးရိမ်ပူပန်နေကြရပြီ
။ ဆရာသခင်ထံ မှန်ရာကို မြန်မြန်
လျှောက်စမ်း ။”
“ အလို…ဆရာကြီးကိုယ်တိုင် ကြွရောက်လာတာကိုး ။ တောင်းပန်ပါတယ် ။ ဆရာကြီး ရောက်လာမှန်းမသိလို့
ကျွန်တော် အရိုအသေ
မပြုမိတာကို ခွင့်လွှတ်ပါ ။”
“ ဒါက အရေးမကြီးပါဘူး ။ လုပ်ရင်းကိစ္စကိုသာ မြန်မြန်ပြောစမ်းပါ ။”
“ ဒီကိစ္စက အရေးကြီးလို့ပါခင်ဗျာ့ ။ ကျွန်တော် လက်မအားသေးလို့ နောက်မှပဲ လက်အုပ်ချီပြီး
အလုံးစုံ လျှောက်တင်ပါရစေ ။ ခုများ
တော့ အလွန်အလုပ်များနေလို့ပါ ။”
“ အယ်…ဒီသူငယ် ။ မင်း ဘာတွေအလုပ်များနေတာတုံး ။ ငါ မြင်တာတော့ ချောက်ထဲကို မင်း
ခဲလုံးတွေ ပစ်ထည့်နေတာပဲလေ ။
အဲဒါ ဘာလုပ်နေတာလဲ ။”
“ သြော်…ဒီအပြုအမူနဲ့ပတ်သက်ပြီး မေးတာပါလား ဆရာကြီး ။ ဒီလိုပါ ။ ကျွန်တော်မျိုး
ဒီနားမှာ အပန်းဖြေနေတုန်း ဒီချောက်နက်
ကြီးကို စေ့စေ့ကြည့်ရင်း တစ်စုံတစ်ခုကို တွေးလိုက်မိလို့ပါ
။ ဒီချောက်ကြီးက နက်ရှိုင်းလွန်းလှပါတယ် ဆရာကြီး ။”
“ အေးလေ ။ ချောက်ပဲဥစ္စာ ။ နက်ရှိုင်းပေမှာပေါ့ ။ အဲဒါကို မင်းက ဘာတွေးမိသတုံး
။”
“ ကျွန်တော် တွေးမိတာက ဒီချောက်ကမ်းပါးကြီးဟာ သနားစရာကောင်းပါတယ် ။ မြေပြင်လို
ပြေပြစ်ခြင်းလည်း မရှိဘဲ တစ်ကိုယ်
တည်း နိမ့်ကျနေရပါတယ် ။ အဲဒီအတွက် ဒီချောက်ကမ်းပါးကြီးကို ကျွန်တော် ကရုဏာသက်မိပါတယ်
။ ဒါ့ကြောင့် ‘သူ့’ကို မြေပြင်
နဲ့ တပြေးညီဖြစ်လာနိုင်စေဖို့အတွက် အခုလို ခဲလုံးတွေ ၊ ကျောက်ခဲတွေ ပစ်ချပေးနေရခြင်းဖြစ်ပါတယ်
ဆရာကြီး ။”
“ ဟေ…”
ကောရဏ္ဍိယ၏လျှောက်တင်စကားကိုကြားသည့်အခါ
တက္ကသိုလ်ဆရာကြီးခမျာ ပါးစပ်အဟောင်းသားဖြစ်သွားရသည် ။ ကောရဏ္ဍိယ ကိုတစ်လှည့် ၊ ချောက်ကမ်းပါးကိုတစ်လှည့်
ကြည့်ကာ အံ့အားသင့်သွားရသည် ။
ကောရဏ္ဍိယကို ပညာဥာဏ် အထက်မြက်ဆုံး ၊ ဆင်ခြင်ဥာဏ်အရှိဆုံးသူငယ်ဟု
ဆရာကြီး ယုံကြည်ခဲ့သည် ။ အားလည်းအား ကိုးခဲ့သည် ။ လေးလည်းလေးစားခဲ့ရသည် ။ သို့သော်
ယခုများတော့ ထိုအယုံကြည်ရဆုံးတပည့်က အဆိုးရွားဆုံးဖြစ်နေပြီ ။ သာမန်လူ ပင် မတွေးဖူးသော
စုတ်စုတ်နုတ်နုတ်စိတ်ကူးမျိုးကို ကောရဏ္ဍိယက တွေးတောကြံဆကာ ပြုမူနေပြီ ။
-
မြေပြင်ထက် နိမ့်ကျနေတဲ့ ချောက်ကမ်းပါးကို သနားလို့ ခဲလုံးတွေ ပစ်ချပြီး ညီညာအောင်
ညှိနေတာပါ…တဲ့
တွေးပဲတွေးတတ်ပါပေ့ ။ ဆရာကြီးမှာ ကောရဏ္ဍိယအပေါ်
လက်ဖျားခါလောက်အောင် စိတ်ပျက်သွားမိသည် ။ သို့ကြောင့် ကရုဏာ ဒေါသောဖြင့် ဆူပူမိလေ၏
။
“ ဟဲ့…ကောရဏ္ဍိယ …မင်းဟာ ငါ့တပည့်တွေထဲမှာ အတော်ဆုံးသူငယ်လို့ ငါ ယုံကြည်ခဲ့တယ်
။ ဒါ့ကြောင့်လည်း နေရာတကာမှာ
ခေါင်းဆောင်အရာထားကာ အားကိုးခဲ့တယ် ။ ခုများတော့ မင်းဟာ ငါ့ယုံကြည်ချက်တွေကို
ချိုးဖျက်လိုက်တာပဲ ။ မင်းနှယ့်ကွယ် ။
တွေးလွန်းတော့လည်း ဗရုတ်ဗရက်အတွေးတွေ ဝင်လာပေမှာပေါ့ ။ မင်း တွေးနေတဲ့အလုပ်က
ဖြစ်နိုင်သလား ၊ မဖြစ်နိုင်သလား
ဆိုတာကို စဉ်းစားဦးလေ ။ ဒီလောက် နက်ရှိုင်းတဲ့ချောက်ကြီးကို ဒီလိုပြန့်ပြူးတဲ့မြေပြင်နဲ့
တညီတည်းဖြစ်အောင် ညှိဖို့အတွက်
ခဲလုံးတွေ ပစ်ထည့်နေတယ်ဆိုတာ ယုတ္တိတန်တဲ့အတွေး ဟုတ်ပါ့မလား ။ မင်း ဒီတစ်သက်
ပစ်ချစေဦးတော့…ပြည့်ဖို့အကြောင်း
မရှိဘူးကွယ့် ။”
ထိုသို့ ဆရာကြီးက ဆူသည် ။ ကျောင်းသားများကလည်း
ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြသည် ။ ကောရဏ္ဍိယအပေါ်လည်း အထင်အမြင်သေးကာ စိတ်ပျက်ကြလေသည်
။ သို့သော်…ကောရဏ္ဍိယကမူ အပြုံးမပျက် ။ လုပ်လက်စအလုပ်ကိုသာ ရပ်လိုက်၏ ။ ထို့ နောက် သာယာကြည်အေးသောအသံဖြင့်
…
“ ဆရာကြီးခင်ဗျာ့ … မျက်စိရှေ့မှာမြင်တွေ့နေရတဲ့ ချောက်နက်ကြီးကိုတောင် မြေပြင်နဲ့
တညီတည်းပြန့်ပြူးအောင် စွမ်းဆောင်ဖို့
မဖြစ်နိုင်ဘူးဆိုရင် အယူအဆအမျိုးမျိုးရှိကြတဲ့ ၊ မမြင်တွေ့နိုင်တဲ့ လူတို့ရဲ့စိတ်တွေကို
ဆရာကြီးရဲ့ဆန္ဒနဲ့ တညီတည်းဖြစ်အောင်
လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ ။ ဆရာကြီးက မေတ္တာ ကရုဏာတို့နဲ့
အားလုံးအပေါ်မှာ စေတနာထားတာမှန်ပေမဲ့
တစ်ခါတလေကျ အဲဒီစေတနာက တပါးသူအတွက် ဝေဒနာဖြစ်သွားစေနိုင်ပါတယ် ။ ဆရာကြီးက ကောင်းမှုကုသိုလ်ရရှိစေဖို့
သီလဆောက်တည်ခိုင်းပေမဲ့ သီလမခံယူလိုသူ ၊ သီလမစောင့်ထိန်းနိုင်သူတွေအတွက်ကျ မီးကျီခဲကို
လက်ဆောင်ပေးသလို
ပူလောင်ကြရပါတယ်ခင်ဗျာ့ ။ လူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူညီနိုင်ကြပါဘူး
။ ဟိုမှာ ကြည့်ပါဦး ဆရာ
သခင် ။”
ကောရဏ္ဍိယသည် တောအုပ်ဆီသို့ လက်ညှိုးညွန်ပြကာ
စကားဆက်သည် ။
“ တစ်နေရာတည်းမှာ ပေါက်ရောက်ရှင်သန်ကြတဲ့ သစ်ပင်တွေတောင်မှ တစ်ပင်နဲ့တစ်ပင်
အနိမ့်အမြင့် အဆူအကျုံ့ မတူညီကြ
ပါဘူး ။ အမျိုးမျိုးအစားစားရှိတဲ့ လူတွေသာဆို ပိုပြီး ကွဲပြားခြားနားကြမှာပါ
။ တချို့လူတွေဟာ ဒီချောက်နက်ကြီးနဲ့ အသွင်တူပါ
တယ် ။ အဲဒီလိုလူတွေကို မြေပြင်နဲ့ညီအောင်ဆိုပြီး ဆရာကြီး ဘယ်လောက်ပဲကြိုးပမ်းကြိုးပမ်း
ဖြစ်မလာနိုင်ပါဘူး ။ မဖြစ်နိုင်တဲ့
အကြောင်းအရာတစ်ခုကို ဇွတ်အတင်းဖန်တီးနေခြင်းဟာ အခု ကျွန်တော် ဆောင်ရွက်နေတဲ့
ချောက်နက်ထဲကို ခဲလုံးပစ်ချပြီး
မြေပြင်နဲ့ ညှိနှိုင်းနေတဲ့အပြုအမူလိုပါပဲခင်ဗျာ့ ။ အသိဥာဏ်ပညာ ကြီးမားမြင့်မြတ်လှတဲ့
ဆရာသခင် ဆင်ခြင်စဉ်းစားတော်မူပါ
ခင်ဗျာ့ ။”
တည်ငြိမ်အေးဆေးစွာ လျှောက်တင်သော ကောရဏ္ဍိယ၏စကားအဆုံး၌
ဆရာကြီးသည် အသိတရားတို့ လင်းဖြာသွားရ၏ ။ ပညာရှိ သတိပျက်ခဲ-ဆိုသကဲ့သို့ စေတနာဇောကြီးပြီး
လူတကာအပေါ် သီလပေးလိုသောစိတ်အပေါ်လည်း ဆရာကြီး ဆင်ခြင်မိသွား၏ ။
ကောရဏ္ဍိယသည် အမှန်တကယ် ပညာရှိသောလူငယ်ပင် ။
ဆရာသခင်၏သတိချွတ်မှုကို ကိုယ်တိုင်ကိုယ်ကျ နားလည်တွေ့မြင် အောင် ဥပမာပြကာ တည့်မတ်ပေးနိုင်ခဲ့သည်
။ သာမန်လူတို့ ရုတ်တရက် တွေးမြင်ကြံဆရန် ခက်ခဲသော သာဓကဖြင့် လမ်းပြနိုင်ခဲ့ ခြင်းဖြစ်သည်
။ သာမန်မဟုတ်သော ခေါင်းမာသူ-ဆရာကြီးသည်လည်း ထိုအခါမှပဲ ပညာရှိချင်းပီပီ သဘောတရားကို
သိမြင်ခဲ့သည် ။ ဆင်ခြင်စဉ်းစားမိကာ သဘောပေါက်သွားခဲ့သည် ။
ဆရာကြီးသည် ၄င်း၏သတိချော်မှုကို ဝန်ခံကာ နောင်အခါ
ချောက်ကမ်းပါးနှင့်မြေပြင်ကို ညှိနှိုင်းခြင်းနှင့်အသွင်တူသော သီလ မယူလိုသူများအား
သီလအတင်းပေးခြင်းအမှုကို ပြုတော့မည်မဟုတ်ကြောင်း ကတိပေးရင်း ပညာရှိလေး-ကောရဏ္ဍိယကို ချီးကျူးလေ
သည် ။ ထိုအခါမှ စောစောက ဝေဖန်ပြက်ရယ်ပြုနေသော ကျောင်းသားလူစုသည်လည်း ကောရဏ္ဍိယ၏ပညာဥာဏ်စွမ်းကို
နားလည် သဘောပေါက်ကာ အားကျချီးမွမ်းကြလေတော့၏ ။
ÿÿÿÿÿ
ဤဇာတ်တော်ကို မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ်က
ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးနှင့် ပတ်သက်၍ ဟောကြားတော်မူခဲ့သည် ။ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည်
မြင်မြင်သမျှကို သီလခံယူရန် တိုက်တွန်းဟောပြော ကာ သီလပေးလေ့ရှိသည်ကို အကြောင်းပြု၍
ရှင်သာရိပုတ္တရာ၏အတိတ်ဘဝဇာတ်ကြောင်းကို ဟောကြားတော်မူခဲ့ခြင်းဖြစ်၏ ။ ဇာတ် ပေါင်းသည့်အခါ
ကောရဏ္ဍိယလုလင်သည် ဘုရားရှင်ဖြစ်ပြီး တက္ကသိုလ်ဆရာကြီးသည် ရှင်သာရိပုတ္တရာဖြစ်လေသည် ။
( ငါးရာ့ငါးဆယ်နိပါတ်တော် ကောရဏ္ဍိယဇာတ်
)
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။