( ၂၀၁၇-ဧပြီလ (၁၁)ရက်နေ့ထုတ်
စံတော်ချိန်သတင်းစာတွင် ဖော်ပြခံရသော ဆောင်းပါးဖြစ်သည် )
တောင်တက်လမ်းအနီးက စေတီတော်နှင့် ဘိုးဘိုး-ဘွားဘွားနတ်နန်း
ဇင်းကျိုက်ရွာ(ယခု…ဇင်းကျိုက်မြို့)မှာ ကျွန်မဖေဖေ၏မွေးရပ်ဇာတိမြေဖြစ်သည်
။ မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် တည်ရှိပြီး
ရန်ကုန်မှ (၁၅၅)မိုင် ၊ မော်လမြိုင်မှ (၂၄)မိုင် ကွာဝေးသည် ။ ကျွန်မအသက် (၁၀)နှစ်
အရွယ်က ပထမဆုံးအနေဖြင့် ဇင်းကျိုက်ကို ရောက်ဖူးခဲ့သည် ။ အို…ဘယ်လိုပါလိမ့် ။
အိမ်တွေက ပျဉ်ထောင်သစ်သားခြေတံရှည် တွေပါလား ။ လူမမယ်အရွယ်-ရန်ကုန်သူ-ကျွန်မအဖို့
အထူးအဆန်းဖြစ်ရပြီပေါ့ ။ ဒီလောက်အိမ်အကြီးကြီးတွေကို သစ်သားချည်း သက်သက်
ဘယ်လိုများ ဆောက်ထားသလဲ ။ ရန်ကုန်မှာ မြင်ရလေ့မရှိသော
ခြေတံရှည်ပျဉ်ထောင်အိမ်ကြီးတွေဖြစ်နေ၍ ထိုသို့ တအံ့တသြတွေးခဲ့မိသည်အထိ ။
ထိုစဉ်က
ကျွန်မဘိုးဘိုး ရှိသေးသည် ။ မောင်နှမတတွေလည်း ကလေးသာသာရယ်မို့ ယခုကဲ့သို့
အလုပ်မများကြသေး ၊ မကွာဝေးကြသေးပေ ။ ဘိုးဘိုး၏ဦးဆောင်မှုဖြင့်
မောင်နှမတပြုံတောင်ကြီး ဇင်းကျိုက်တောင်ပေါ်သို့ မနက်စောစော (ငါးနာရီခန့်
ဖြစ်လိမ့်မည်) ခြေလျင်တက်လိုက်ကြတာများ ပျော်စရာကောင်းချက် ။ ထိုကာလတုန်းက ခုလောက်
ခေတ်မမီသေးပါ ။ လွန်ခဲ့သည့် (၁၅)နှစ်ဝန်းကျင်ကဖြစ်၍ လျှပ်စစ်မီးပင် မရရှိသေး ။
တောင်တက်လမ်းကလည်း ယခုလောက် အဆင်ပြေချောမွေ့မှု မရှိသေးသလို လမ်းတလျှောက်
မောပန်းနွမ်းလျလာချိန်တိုင်း သောက်ရေကန်များမှရေကို လက်ကိုင်းတပ်-အုန်းမှုတ်ခွက်များဖြင့်
ခပ်ယူသောက်ခဲ့ ရပုံမှာ တကယ့်ကို အမှတ်တရ ။ တောတောင်၏အလှအပကို ရေးတေးတေးမျှသာ
မှတ်မိတော့ပေမဲ့ ရုပ်ရှင်ကားများ ၊ ပန်းချီကား များထဲကလို စိမ်းညို့လှပနေခဲ့တာတော့
အသေအချာ ။
ကောင်းကင်ပြာအောက်က ဇင်းကျိုက်တောင်တော်
နီးလျက်နှင့်ဝေး…ဆိုတာ ဇင်းကျိုက်တောင်ပေါ်က
ဆံတော်ရှင်စေတီတော်ကို တင်စားဖော်ကျူးထားလေရောသလား ။ တောင်အောက်က ကြည့်လိုက်လျှင်
ထင်သလောက် မဝေး ၊ နီးနီးလေး ။ သို့သော်…တကယ်တမ်း တက်ကြည့်သည့်အခါ မောဟိုက်
ပင်ပန်းလာသည်အထိ မရောက်ရှိနိုင်သေး ။ ဒီကြားထဲ မတ်စောက်မှုကလည်း အံ့မခန်းပါပဲ ။
ထိုအချိန်က ကလေးအရွယ်မို့သာ ဒူးတုန်ရင်ခုန်မဖြစ်ခဲ့တာပါ ။ ယခု ပြန်တွေးကြည့်မှ
အပေါ်ရောက်လေ မတ်စောက်လေအနေအထားကို သတိပြုမိကာ လန့်မိပါ၏ ။
ယခုနှစ်(၂၀၁၇)တွင် ဇင်းကျိုက်သို့
သွားဖို့ အကြောင်းဖန်လာသည် ။ အသက်(၉၀)နားနီးနေပြီဖြစ်သော-ဘွားဘွားကို
သွားရောက်ကန်တော့ရန်ဖြစ်သည် ။ ကျွန်မမှာလည်း မရောက်ဖြစ်တာ (၄)နှစ်ကျော်နေပြီ ။
ဘာတွေများ ပြောင်းလဲသွားခဲ့ပြီလဲ ။ ရောက်လျှင်ရောက်ချင်း (၄)နှစ်တာအတွင်း
အကြီးအကျယ်ပြောင်းလဲသွားသော ဇင်းကျိုက်မြင်ကွင်းက ကျွန်မကို ဆီးကြိုနေပါပေါ့ ။
ယခင်လို ပျဉ်ထောင်သစ်သားခြေတံရှည်အိမ်တွေချည်း မဟုတ်တော့ ။ တိုက်အိမ်ကြီးတွေက
အသီးသီး အစားထိုးဝင်နေကြပြီ ။ ရိုးရာမပျက် ပျဉ်ထောင်အိမ်ကြီးသက်သက်တွေကြားမှာ
ခေတ်မီလှပသော တိုက်အိမ်ကြွကြွတွေက ကျိုကြားကျိုကြားနေရာယူလျက် သား ။
လွန်ခဲ့သော(၁၅)နှစ်က ဂန္ဓဝင်ဆန်သောအလှကို ပြန်တမ်းတမိပေမဲ့ အနိစ္စသဘောတရားကို ကျွန်မ
မည်သို့ လွန်ဆန်နိုင်ပါ့ မလဲ ။
အဒေါ်တွေ/ဦးလေးတွေက
ဇရာ၏တိုက်စားမှုကြောင့် အသက်အရွယ်ကြီးရင့်လာကြသလို မောင်နှမ/ညီအစ်မတတွေက လည်း
အသီးသီးအရွယ်ရောက်ကာ အလုပ်ကိုယ်စီ ရှုပ်လို့ ။ ဇင်းကျိုက်တောင်ပေါ်သို့ ယခင်လို
ခြေလျင်တက်ရန် အဖော်စပ်၍ မရ နိုင်တော့ ။
“ကားလမ်း
ပေါက်နေပြီ ။ ကားနဲ့ တက်ပါလား” –
ဟု အကြံပြုကြပေမဲ့ ခြေလျင်တက်ခဲ့ဖူးသူအဖို့ ထိုအရသာကိုသာ
တောင့်တနေမိမှာ မလွဲ ။ သူမတူအောင် ကြည်နူးလွမ်းဆွတ်ဖွယ် ခံစားချက်မျိုးကို
ဤသို့သော-တောင်တက်ခရီးစဉ်ကပဲ ပေးစွမ်းနိုင်သည် မဟုတ်ပါလား ။ ဒါပေမဲ့လည်း
သဘာဝအလှတရားတွေက အရင်လိုပဲ တည်မြဲနေပါ့မလား ။ သစ်ပင်သစ်တောတွေက
စိမ်းညို့အုပ်မှိုင်းနေပါဦးမလား ၊ သစ်တောခုတ်မှု / ကျောက်တောင်
ဖြိုမှုတွေကြောင့်များ ပျက်စီးယိုယွင်းကုန်ပြီလား…။ အတွေးသံသရာတဝဲလည်လည်နှင့်ပဲ
ဇင်းကျိုက်ဆံတော်ရှင်စေတီတော်တောင် ခြေရင်းဆီသို့ ထွက်လာခဲ့လိုက်သည် ။
မုဒ်ဦးဝ
အမှတ်တရ
“သမိုင်းဝင် ဇင်းကျိုက်ဆံတော်ရှင်မြတ်”ဆိုသော မုဒ်ဦးဝကြီးက
ခန့်ခန့်တည်တည် ။ ခြင်္သေ့နှစ်ကောင်က တစ်ဖက်တစ်ချပ် စီ ။ မုဒ်ဦးဝကနေ ဝင်ရောက်လာပြီး
လှေကားထစ်များကို ဖြတ်ကျော်ခဲ့သည့်အခါ လက်ဝဲဘက်တွင် အရံစေတီများနှင့် စေတီတော်
တစ်ဆူကို ဖူးတွေ့ရသည် ။ လက်ျာဘက်၌ ဘိုးဘိုး-ဘွားဘွားနတ်နန်း ရှိ၏ ။ အလယ်မှာတော့
တောင်တက်လမ်း ။ ညို့ငင်နိုင်လွန်း သော လှေကားထစ်လေးများက ပြေးတက်သွားချင်စရာပင် ။
တောင်တက်လမ်း၏ လှေကားထစ်မစခင် (အောက်ဆုံးထစ်နားက လှေကားထစ်အနီးတွင်)
ကျောက်ဖျာကြီးတစ်ချပ်ကို တွေ့ရလိမ့်မည် ။ ထိုကျောက်ဖျာပေါ်၌ ပန်းအိုးတစ်လုံးနှင့်
ကလပ်တစ်ခု ရှိ၏ ။ ငယ်စဉ်က ထိုကျောက်ဖျာပေါ်သို့ ပြေးတက်ဆော့ဖို့ပြင်တော့ …
“ ဒီကျောက်ဖျာပေါ်
မတက်ရဘူး ။ နတ်ကြီးတယ်ကွဲ့ ။ အဘိုးတို့ရဲ့အဘွားတွေလက်ထက်ကဆို
အလှူပွဲတွေရှင်ပြုပွဲတွေ
လုပ်ရင်
ဝတ်ဆင်ဖို့ လိုအပ်တဲ့ ရွှေငွေလက်ဝတ်တန်ဆာတွေကို ဒီကျောက်ဖျာမှာ လာငှားလို့ရတယ် ။
သဘောကတော့
ဥစ္စာရှင်ဥစ္စာစောင့်တွေနဲ့ ဆက်သွယ်လို့ရခဲ့တဲ့နေရာပေါ့ ။ လိုတာတွေ လာငှား ၊
ပြီးရင် အယူစာရင်းအတိုင်း ပြန်ထား ။
ပေးသူကလည်း
ယုံယုံကြည်ကြည်ပေး ။ ငှားသူကလည်း ရိုးရိုးသားသား ငှား ။ သိပ်ကို
ဖြောင့်မတ်ဖြူစင်ခဲ့တဲ့ကာလပေါ့ ။
ဒီနေ့ခေတ်နဲ့တော့ တခြားစီလေကွယ် ။”
ဟူ၍ ကျွန်မဘိုးဘိုး ပြောခဲ့ဖူးသည်ကို ပြန်ပြောင်းအမှတ်ရမိ၏ ။
တကယ်ပဲ ဥစ္စာစောင့်တွေ ရှိခဲ့သလား … ကျွန်မ မပြောတတ်ပါ ။ သို့ပေမဲ့ ယခုတိုင်
ရှေးဟောင်းဆန်ဆန် ပန်းအိုးနှင့် ကလပ်ခွက်ကတော့ ကျောက်ဖျာထက်မှာ တည်ရှိနေဆဲ …
။
တောင်တက်လမ်းနှင့်
ဆန်းကြယ်သော ကျောက်ဖျာချပ်
တောင်ခြေရင်းရှိ စေတီတော်အား ဝင်ရောက်ဖူးမြော်ရင်း တောင်ပေါ်သို့ မော့ငေးကြည့်မိသည့်အခါ
ဇင်းကျိုက်ဆံတော်ရှင် စေတီတော်မြတ်ကို ဖူးတွေ့ရသည် ။ လက်အုပ်ချီမိုးကာ စေတီတော်အား
လှမ်းမျှော်ပူဇော်မိသည် ။ ထိုခဏမှာပဲ အတွေးတွေက ဖတ်ခဲ့ဖူးသောသမိုင်းကောက်ကြောင်းဆီသို့
ကူးလူးရောက်ရှိသွားခဲ့ပါပြီ ။
@@@
ယခု…ဇင်းကျိုက်တောင်ဟု
လူသိများနေသောတောင်၏အမည်မှာ “ဂစ္ဆာဂီရိ”တောင်ဖြစ်ပြီး ပေသုံးထောင်ခန့် မြင့်သည် ။
ထိုဂစ္ဆာဂီရိတောင်ထိပ်တွင် အပူဇော်ခံစပ္ပာယ်နေသော ဇင်းကျိုက်ဆံတော်ရှင် သို့မဟုတ်
“ကျိုက်ဗလင်မွတ်နာတ်”စေတီတော်သည် လူမင်း,နတ်မင်း,နဂါးမင်းနှင့်တကွ တိုင်းသူပြည်သားတို့၏လုပ်အားဖြင့်
မြတ်စွာဘုရားရှင်၏ဆံတော်အား ဌာပနာပြုတည်ထားသော တန်ခိုးကြီးစေတီတော်တစ်ဆူပင်တည်း ။
ဂေါတမမြတ်စွာဘုရားရှင်သည်
(၈)ဝါမြောက်တွင် သုဝဏ္ဏဘူမိ-သထုံပြည်သို့ ကြွရောက်တရားဟောကြားတော်မူခဲ့သည် ။ ထိုစဉ်
တိဿနှင့် သီဟရသေ့ညီနောင်(၂)ပါးတို့၏တောင်းပန်လျှောက်ထားမှုကြောင့် ဘုရားရှင်က
ဆံတော်များ ပေးသနားတော်မူ၍ သက္ကရာဇ်(၁၁၂)တွင် ဆံတော်များအနက် တစ်ဆူကို
ဂစ္ဆဂီရိတောင်ထိပ်၌ ဌာပနာထည့်သွင်းတည်ထားကိုးကွယ်ခဲ့သည် ။ နဂါးမင်း မှာ
သဒ္ဓါထူးကဲလှသဖြင့် ၄င်း၏မျက်လုံးတစ်ဖက်ကို စွန့်၍ အဓိဌာန်ပြုခဲ့ရာ ပတ္တမြားကြုတ်
ဖြစ်ပေါ်လာသည် ။ ထိုပတ္တမြားကြုတ် အတွင်း၌ ဆံတော်ကို ထည့်သွင်းဌာပနာတည်ခဲ့သောကြောင့်
မွန်ဘာသာဖြင့် ”ကျိုက်ဗလင်မွတ်နတ်”ဟု ခေါ်ဆိုပြီး မြန်မာလို “နဂါး
မျက်စိကွင်းဘုရား”ဟု အဓိပ္ပါယ်ရသည် ။
သက္ကရာဇ်(၂၃၆)တွင်
သထုံပြည့်ရှင်အသောကဓမ္မရာဇာမင်းသည် ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်အား ဥာဏ်တော်
ခုနှစ်တောင်အမြင့် ပြန်လည်တည်ထားကိုးကွယ်ပြီး အရှည်တည်တံ့စေရန်အတွက်
ဘုရားတောင်ခြေတွင် ရွာတည်ခဲ့သည် ။ “ဘုရား ခြေရင်းရွာ”ကို မွန်ဘာသာဖြင့်
“ဇိုင်ကျာ်”ဟု ခေါ်ဆိုရာ မြန်မာလို “ဇင်းကျိုက်”ဟု အမည်တွင်လေသည် ။
“ကျိုက်ဗလင်မွတ်နတ်” ဘွဲ့အမည်မှ ကျိုက်ဗြင်းနတ် ၊ ကျိုက်ဂရင်းနတ်ဟု
အမည်တွင်ခဲ့ပြီး ယခုအခါ ဇင်းကျိုက်ဘုရားဟု လူသိများထင်ရှားလာခဲ့ပါပြီ ။
@@@
စေတီတော်ကို ရှုငေးရင်း
ဖတ်ဖူးသောသမိုင်းကြောင်းက ကျွန်မအာရုံတွင် အရိပ်ထင်နေခိုက် အတူပါလာသော မိခင်က
ပြန်ကြရန် ဆို၏ ။ ဟုတ်သားပဲ ။ ညနေစောင်းနေပြီ ။ နေမင်း၏အလင်းရောင်တို့သည်ပင် မှိန်ဖျော့စပြုနေပါပေါ့
။ စေတီတော်နှင့် တောင်တန်းကြီးကို တဝငေးကြည့်ပြီးနောက် ကျွန်မတို့ ပြန်လာခဲ့ကြသည်
။
အဝေးမှ လှမ်းမြင်နိုင်သော ဇင်းကျိုက်ဆံတော်ရှင်စေတီ
ဘာသာ,စာပေ,ယဉ်ကျေးမှုအမွေ,အနုပညာတို့သည်
လူမျိုးတစ်မျိုး၏ဂုဏ်ကျက်သရေအနှစ်သာရများပင် ။ မွန်လူမျိုးတို့၏
ဘာသာ,စာပေ,ယဉ်ကျေးမှု,အနုပညာအမွေအနှစ်တို့သည် ဤပြည်ထောင်စုနယ်နိမိတ်အတွင်း၌
သမိုင်းအထင်အရှား ပေါ်ထွန်းခဲ့ သည်မှာ အေဒီ(၆)ရာစုကတည်းကပင် ဖြစ်သည် ။ ၄င်းအရာများ
ကွယ်ပျောက်သွားခဲ့ပါက လူမျိုးတစ်မျိုး၏ဂုဏ်ကျက်သရေသည် လည်း မုချမသွေ
ပျောက်ကွယ်ချေမည် ။ ထို့ကြောင့် ထိန်းသိမ်းစောင့်ရှောက်လိုသောရည်ရွယ်ချက်ဖြင့်
ထူးခြားဆန်းကြယ်သော ဇင်းကျိုက်ဆံတော်ရှင်မြတ်၏စေတီတော်သမိုင်းကို အများသူငါ
သိရှိနိုင်ဖို့ရာ မျှဝေလိုက်ရပါသည် ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
အချက်အလက် အကိုးအကား
မင်းသက်စံ
၏ သမိုင်းဝင် ဇင်းကျိုက်ဆံတော်ရှင် စေတီတော်မြတ် ဖြစ်ပေါ်တည်ရှိလာပုံ
ဇင်းကျိုက်ဆံတော်ရှင်
ခေါ် ကျိုက်ဗလင်မွတ်နာတ်စေတီတော်သမိုင်းစာအုပ်
www.facebook.com/writer.GONK ကို ဝင်လည်ဖို့ ၊ တင်သမျှ
likeဖို့ မမေ့ပါနဲ့နော် :-)