သေလွန်သူနှင့် ဆုံတွေ့ခွင့် (I meet magician 2)
( ၂၀၁၆ မတ်လထုတ် လပြည့်ဝန်းမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ ...... ဂါဦးနွန်းကို
--------------------------------------------------------------------------------------------------
သီရိမွန် စာအုပ်ကို ပိတ်လိုက်ကာ တသိမ့်သိမ့်ငိုရှိုက်မိပြန်သည်
။ ဤစာအုပ်ကို ဖတ်လိုက်တိုင်း သီရိမွန်ရဲ့အဖြစ်က ထိုသို့ ငိုကြွေးရသည်ချည်း…။ မင်းခန့်ညား
သေဆုံးရခြင်းမှာ မြေအောက်မှော်ဂိုဏ်းအဖွဲ့ကို ယုံကြည်မိ၍ တတိယအဆင့်ဝင် မှော်ဆရာဖြစ်စေရန်
ကိုယ့်ကိုယ်ကို သတ်သေသွားရခြင်းဟု စာအုပ်ထဲတွင် ရေးသားထားသော်လည်း သီရိမွန်၏အတွေးထဲ
တွင်တော့ မိမိကြောင့် သေဆုံးသွားရသည်ဟူ၍သာ တွေးတောရင်း ကိုယ့်ကိုယ်ကို မုန်းတီးနေတုံး…။
(ဖေဖော်ဝါရီလ ၂၀၁၃ထုတ် လပြည့်ဝန်းမဂ္ဂဇင်း “ အိပ်မက်လေလား ၀ိုးတ၀ါး(I meet
magician)” )
အမှန်ဆို သီရိမွန် သူ့အချစ်ကို လက်ခံခဲ့သင့်သည်
။ သူက ငေးငေးငိုင်ငိုင်နှင့် စကားကို မပွင့်တပွင့်ဆိုတတ်ပေမဲ့ တစ် ဖက်သားကို ထိခိုက်နစ်နာအောင်
တစ်ခါမျှ လုပ်တတ်သူ မဟုတ်သလို သီရိမွန်ကိုလည်း စွဲစွဲနစ်နစ်ချစ်မြတ်နိုးနေမှန်းကို
သီရိ မွန် မသိ မဟုတ် ။ သိသည် ။ သိလျက်သားနှင့် ထိုနေ့က သီရိမွန် သူ့မေတ္တာကို ငြင်းဆန်ခဲ့မိသည်
။ အရာအားလုံးဟာ သီရိ မွန်ရဲ့အမှားတွေချည်းသာ…။
မင်းခန့်ညားရဲ့မိသားစုဖြစ်တဲ့ အန်တီမာလာနှင့်ရင်နွေးမိုးဆိုတာကလည်း
သီရိမွန်အတွက် ကိုယ့်မိသားစုဝင်လို ရင်းနှီး ကျွမ်းဝင်နေသူတွေ…။ မင်းခန့်ညားဆိုတာကလည်း
အမှန်တော့ သီရိမွန်နှင့် ငယ်ငယ်ကတည်းက အတူတကွကြီးပြင်းခဲ့ရသူ ။ တစ်ယောက်နှင့်တစ်ယောက်က
ရင်မဖွင့်ဖြစ်ခဲ့ကြပေမဲ့ ငယ်ချစ်ဦးတွေဟုဆိုလျှင်မမှား ။ ယခုများတော့ သီရိမွန်ရဲ့
‘မူ’မှု ၊ ခေါင်းမာမှု ၊ အတ္တဆန်မှုတွေက မင်းခန့်ညားကို သေဆုံးစေခဲ့ရပြီ ။
ဤစာအုပ်ငယ်လေး သီရိမွန်၏လက်တွင်းသို့ ရောက်ရှိလာခဲ့တာ
လွန်ခဲ့သောသုံးနှစ်ကျော်ကာလကတည်းက ။ သီရိမွန် က စာသိပ်ဖတ်တတ်သူ မဟုတ်၍ စာအုပ်ဆိုင်တွေဘာတွေ
ဝင်ကြည့်ခဲလှသည် ။ ထိုနေ့က မှတ်မှတ်ရရ စာအုပ်ဆိုင်တစ် ဆိုင်ရှေ့ကအဖြတ် “ဆောင်းဦးနှင်းပန်း”ရေးသားတဲ့
“မှော်ဆရာ”ဆိုတဲ့ဆိုင်းပုဒ်ငယ်တစ်ခုကို တွေ့လိုက်ရသည့်အခိုက် သီရိ မွန်ရဲ့ခြေလှမ်းတွေ
ရပ်တန့်သွားခဲ့ရသည် ။ စာအုပ်မျက်နှာဖုံးပုံက သီရိမွန်ရဲ့အာရုံတွေကို ဆွဲဆောင်ညှို့ယူထားလိုက်ပြီ
။
“ ဟင်…အကို…အကို့ပုံပါလား ။”
ဟုတ်သည်
။ စာအုပ်မျက်နှာဖုံးပုံက တိုက်အိုကြီးထဲတွင် သစ်သားထိုင်ခုံတစ်လုံးပေါ်၌ ခြေထောက်ချိတ်ကာ
စတိုင်ကျကျ ထိုင်နေတဲ့ အင်္ကျီအနက် ဘောင်းဘီအနက်ဝတ်ဆင်ထားသောအမျိုးသားတစ်ယောက်ပုံ…။
ပန်းချီလက်စွမ်း ပြောင်မြောက်မှု ကြောင့် တိုက်အိုကြီး၏မှန်ချပ်ဆီမှ လျံထွက်ကျဆင်းနေတဲ့အလင်းရောင်ဖြင့်
အမျိုးသား၏မျက်နှာကို ပြတ်သားထင်ရှားစွာ ရေးဆွဲဖော်ပြထားခြင်းကြောင့်သာ မင်းခန့်ညား၏ပုံဖြစ်မှန်း
သီရိမွန် သိလိုက်ရခြင်းဖြစ်သည် ။ ချက်ချင်းပင် ဆိုင်အတွင်းသို့ ၀င်ကာ ထို“မှော်ဆရာ”ဟူသောစာအုပ်ကို
ဝယ်ယူပြီး အိမ်သို့ရောက်သည်နှင့် တန်းဖတ်မိသည့်အခါမှ ထိုစာအုပ်ဟာ မင်းခန့် ညား၏အကြောင်းကို
စာစီကုံးထားသောစာအုပ်မှန်း သီရိမွန် သိလိုက်ရသည် ။
စာအုပ်ထဲတွင် အမည်နာမတွေ ကွဲလွဲစွာ ဖော်ပြထားသော်လည်း
အဖြစ်အပျက်တွေကတော့ ထပ်တူထပ်မျှ…။ မင်းခန့် ညားက သီရိမွန်ကို အွန်လိုင်းမြေအောက်ဂိုဏ်းအကြောင်းကို
ပွင့်ပွင့်လင်းလင်းပြောပြကာ သီရိမွန်ကို ရင်ဖွင့်ပုံ ၊ သီရိမွန်က ခါးခါးသီးသီးငြင်းဆန်ခဲ့ပုံတွေကို
လှပသေသပ်တဲ့အရေးအသားများနှင့် စီကုံးသီဖွဲ့ထားတာကို ဖတ်ရတဲ့အခါတိုင်း သီရိမွန်ရဲ့ အသည်းနှလုံးကို
ဓါးနှင့် အထပ်ထပ်ခွဲနေသလိုကို နာကျင်ခံစားခဲ့ရသည် ။
“ ချစ်သူနှစ်ဦးကြားမှာ
အမှန်တော့ နားလည်မှုနဲ့ယုံကြည်မှုဆိုတာ အင်မတန်လိုအပ်တဲ့အရာပါ ။ အချစ်ဆိုတဲ့ sim
card
လေးကို ဒီနားလည်မှုနဲ့ယုံကြည်မှုဆိုတဲ့အလွှာနှစ်ဖက်ပါတဲ့
handsetထဲကို ထည့်လိုက်မှသာ နှစ်ဦးနှစ်ဖက်ကို ကောင်း
ကောင်းဆက်သွယ်ပေါင်းစည်းပေးနိုင်မှာပါ ။ ရိုးသားမှုဆိုတာကတော့
batteryလေးတစ်ခုလိုပေါ့ ။”…
သီရိမွန်
စာအုပ်ကို ပိတ်လိုက်မိသည် ။ နောင်တတရားနှင့်သောကတွေက သီရိမွန်ရဲ့နှလုံးသားကို တန်းနစ်ဘောလုံးလို
ရိုက် ပုတ်ကစားနေကြ၍ နာကျင်လွန်းလှပြီ ။
‘သီရိ…အမှားကြီး မှားခဲ့ပါပြီ အကို ။’
အမှန်ဆို
သီရိမွန် မင်းခန့်ညားရဲ့စကားလုံးတိုင်းကို ချစ်သူကောင်းပီသစွာ ယုံကြည်ခဲ့သင့်သည် ။
နောက်ပြီး မင်းခန့်ညား အပေါ် ချစ်နေတဲ့သီရိမွန်ရဲ့အချစ်တွေကိုလည်း ရိုးရိုးသားသားဖွင့်ပြောပြခဲ့သင့်သည်
။ အခုတော့ အရာရာက သီရိမွန်ကို ချန် ထားရစ်ခဲ့ပြီ ။ တွေးရင်းတွေးရင်းနှင့် အသိစိတ်တွေက
အတိတ်ကို ဖြတ်ခနဲရောက်ရှိသွားသည် ။
NNNNNNNNN
ထိုနေ့က သီရိမွန်ကို စားသောက်ဆိုင်တစ်ဆိုင်တွင်
တွေ့ဆုံဖို့ မင်းခန့်ညားက ချိန်းဆိုခဲ့သည် ။ ထိုစားသောက်ဆိုင်ကို သီရိမွန် တစ်ကြိမ်တစ်ခါမျှ
မရောက်ရှိဖူးသဖြင့် အတော်ပင် ရှာယူခဲ့ရသေးသည် ။ ဆိုင်သို့ရောက်တော့ မင်းခန့်ညား ချိန်းဆို
ထားရာအခန်းသို့ စားပွဲထိုး(waiter)လေးတစ်ဦး၏ပို့ဆောင်ပေးမှုဖြင့် ရောက်ရှိခဲ့ရ၏ ။
ကောင်လေးတွေက သီရိမွန်ကို အခန်း တစ်ခန်းရှေ့တွင် ထားရစ်ခဲ့ကာ ထွက်ခွာသွားကြသဖြင့် သီရိမွန်လည်း
အခန်းတံခါးကို ကိုယ်တိုင်ကိုယ်ကျ ဆွဲယူဖွင့်လိုက် သည် ။
“ ဟင်…”
မြင်လိုက်ရတဲ့အရာတွေက
သီရိမွန်ကို အရမ်းကို အံ့အားသင့်သွားစေခဲ့သည် ။ အို…ဘာတွေလဲ ။ ဘာအဓိပ္ပါယ်လဲ ။ သီရိမွန်
အံ့သြခြင်းနှင့်မယုံနိုင်ခြင်းဟူသောခံစားချက်တွေကို တပြိုင်နက်ခံစားလိုက်ရ၍ နေရာ၌ပင်
မလှုပ်မယှက် ရပ်တန့်နေလိုက်မိ သည် ။
“ သီရိ အရမ်းထိတ်လန့်သွားလား ။ လာလေ…၀င်ခဲ့ပါ ။”
စားပွဲထိပ်တွင်ထိုင်နေသော
မင်းခန့်ညားက ထိုသို့ခပ်အေးအေးခေါ်လိုက်တော့မှ သီရိမွန် အခန်းတွင်းကို မ၀ံ့မရဲဝင်လာလိုက်
သည် ။ အမှန်ဆို ထိုအရာတွေကို မြင်ကတည်းက သီရိမွန် အော့အန်ချင်နေပြီ ။ ကြည့်ဦးလေ…လူအရိုးခေါင်းတစ်ခုကို
စားပွဲ ထိပ်တွင် တင်ပြီး ဖယောင်းတိုင် ထွန်းထားသလို ခရင်းတွေ ဇွန်းတွေကလည်း အရိုးနဲ့လုပ်ထားတဲ့ဟာတွေ
။ နောက်ပြီး ဘာ မှန်းမသိတဲ့ ကြေးခွက်တွေ အရိုးသေးသေးလေးတွေကို စားပွဲအလယ်မှာ စုပြုံတင်ထားသေးရဲ့
။
ဒေါသအရိပ်အငွေ့တွေနှင့်အတူ သီရိမွန် မင်းခန့်ညားကို
ခပ်စူးစူးစိုက်ကြည့်လိုက်တော့ မင်းခန့်ညားကတော့ သူ မဟုတ်
သလိုပုံစံမျိုးနှင့်
သီရိမွန်ကို တည်ငြိမ်စွာငေးကြည့်နေသည် ။ သီရိမွန် ဒေါသထွက်ပြီပေါ့…သီရိမွန် မျှော်လင့်ထားသည်က
နှင်းဆီပန်းပွင့်ဖတ်တွေ ကြဲပက်ထားပြီး ဖယောင်းတိုင်တွေ ထွန်းညှိထားတဲ့အခန်းတစ်ခန်း
။ ယခုများတော့ အရိုးစုတွေ ဖြန့် ကျက်ထားပြီး
ရွံစရာ အတိ…
“ အကို ဒါ ဘာသဘောလဲ ။ သီရိ့မွေးနေ့မှာ သီရီ့ကို
ခေါ်နောက်တာလား ။”
“ မဟုတ်ပါဘူး သီရိရယ် ။ အကို သီရိကို ဖွင့်ပြောစရာ
ရှိလို့ပါ ။”
သီရိမွန်က
ဒေါသတကြီးမေးလိုက်ပေမဲ့ မင်းခန့်ညားကတော့ တည်တည်ငြိမ်ငြိမ် ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေလိုက်သဖြင့်
သီရိမွန် လည်း ဒေါသကို ထိန်းလိုက်ပြီး မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်
။
“ ပြောလေ…ပြောစရာ ရှိတာကို ပြောပါ ။ သီရိ နားထောင်နေပါတယ်
။”
“ အကို ဒီစကားတွေကို မပြောခင် သီရိကို တောင်းဆိုချင်တာက
သီရိ ကိုယ့်ကို ယုံကြည်ပေးပါ ။ သီရိရဲ့ယုံကြည်မှုဟာ ကို့
အတွက် ခွန်အားတစ်ရပ်ပါ ။”
မေတ္တာအပြည့်နှင့်ငေးစိုက်ကြည့်နေရင်း
တောင်းဆိုနေတဲ့ မင်းခန့်ညားရဲ့စကားလုံးတွေကြောင့် သီရိမွန်၏နှလုံးအိမ် လှုပ်ရှား သွားခဲ့ရသည်
။ ဒေါသတကြီး စူးစူးရှရှကြည့်နေမိရာမှ မျက်လွှာချလိုက်ပြီး…
“ သီရိ ကြိုးစားပါ့မယ် ။ ဒါပေမဲ့ သီရိက မိန်းမသားဆိုတာလေးကိုတော့
နားလည်ပေးပါ ။”
သူ
ဖွင့်ပြောတော့မည်ဆိုတာကို သီရိမွန် သိလိုက်ရပြီမို့ မိန်းကလေးပီပီ ထိန်းပြောလိုက်ရပေမဲ့
အမှန်တော့ သီရိမွန်ကိုယ်တိုင် လည်း သူ့နည်းတူ စိတ်တွေ လှုပ်ရှားနေပြီ မဟုတ်လား ။
“ တကယ်တော့ ကိုယ်က …………မှော်ဆရာ တစ်ယောက်ပါ ။”
မင်းခန့်ညားရဲ့စကားအဆုံးမှာတော့
သီရိမွန်ရဲ့အံ့သြမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရသည် ။ ဘယ်လို…အမှန်ဆို သီရိမွန်
မျှော်လင့်ထားတာက “တကယ်တော့ ကိုယ်က သီရိကို ချစ်မိနေတာကြာပါပြီ”ဆိုသောစကား ။ ယခုတော့
မှော်ဆရာ …တဲ့ ။ သီရိမွန် သူ့ကို တအံ့တသြငေးကြည့်နေရာမှ တစ်စုံတစ်ခုကို သဘောပေါက်လိုက်ပြီး…
“ သြော်…ဘာလဲ ။ အကိုက သီရိကို မျက်လှည့်ပြမလို့လား
။ ပြလေ…သီရိ ကြည့်ချင်ပါတယ် ။”
သီရိမွန်ရဲ့စကားကြောင့်
မင်းခန့်ညားက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး…
“ မဟုတ်ဘူး သီရိ ။ အဲ့ဒီ့လို မျက်လှည့်ဆရာလိုမျိုးကို
ပြောတာ မဟုတ်ဘူး ။ တကယ့် မှော်ပညာကို တတ်ကျွမ်းတဲ့ဆရာ
တကယ့်မှော်ဆရာကို ပြောတာ ။”
“ ဘယ်လို…”
“ သီရိ မယုံနိုင်ဘူးဆိုတာကို အကို သိပါတယ် ။ အကိုကိုယ်တိုင်လည်း
ဒီအဖြစ်အပျက်တွေကို ဘယ်သူ့ကိုမှ ဖွင့်ပြောပြခဲ့
တာ မဟုတ်ဘူး ။ ဒါပေမဲ့ ဒီနေ့တော့ အကို ပွင့်ပွင့်လင်းလင်းပြောမှဖြစ်တော့မယ်
။ လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက အွန်
လိုင်းကတဆင့် ဒီမှော်ပညာတွေကို အကို သင်ယူနေခဲ့တာပါ
။ အခုဆို အကိုက တော်တော်ကို ကျွမ်းကျင်ပိုင်နိုင်နေပြီမို့
တတိယအဆင့်မှော်ဆရာအဖြစ်ကို တက်လှမ်းခွင့်ရတော့မယ်
။ ဒါပေမဲ့…တတိယအဆင့်အတွက် ပေးဆပ်ရမယ့်အရာ
က အကို့ကို ဝေခွဲရခက်စေတယ် ။ ရွေးချယ်ရမယ့်ဆုလာဒ်က
နှစ်ခုဖြစ်နေတယ် ။ တစ်ခုက သီရိ ၊ တစ်ခုက တတိယ
အဆင့်မှော်ဆရာ ။”
မင်းခန့်ညားက
စကားကို ထိုနေရာတွင်ရပ်ပြီး သီရိမွန်ကို ခပ်ဆွေးဆွေးကြည့်လိုက်ပေမဲ့ သီရိမွန်ရဲ့အမူအရာကတော့
ဆန့် ကျင်ဘက်ဆန်စွာ တင်းမာခက်ထန်နေသည် ။ သီရိမွန် မျှော်မှန်းထားသည်က ကဗျာဆန်တဲ့ချစ်ခွင့်ပန်မှုတစ်ခု
။ ယခုတော့ အဓိပ္ပါယ်မဲ့တဲ့စကားတွေကို အနှစ်မဲ့စွာပြောဆိုနေတဲ့ မင်းခန့်ညားကို သီရိမွန်
ဒေါသထွက်ထွက်စိုက်ကြည့်လိုက်ပြီး…
“ အကို ဘာတွေဖြစ်နေတာလဲ ။ ဘာလဲ…။ သီရိကို ကန့်လန့်တိုက်တဲ့သဘောလား
။ သီရိ ဒါမျိုးတွေကို အယုံအကြည်မရှိ
ဘူးလို့ပြောဖူးလို့ အကိုက တမင်ရွဲ့တာလား ။”
“ မဟုတ်ဘူး သီရိ ။ အကို အခုပြောနေတာတွေက တကယ်ပါ
။ ကိုယ် နောက်နေတာ မဟုတ်သလို အဓိပ္ပါယ်မရှိတာတွေ
လျှောက်ပြောနေတာလည်း မဟုတ်ပါဘူး ။ အကိုဟာ တကယ်ပဲ
မှော်ဆရာတစ်ယောက်…”
“ တော်တော့ အကို ။ သီရိ တအားစိတ်ဆိုးတယ် ။ ဒီနေ့ဟာ
သီရိရဲ့မွေးနေ့လေ ။ အမှန်ဆို အကိုက သီရိ စိတ်ကျေနပ်မယ့်
စကားလုံးတွေကို ရွေးချယ်ပြောသင့်တယ် ။ အခုတော့
အကိုက သီရိ မကြိုက်တာတွေကိုမှ ရွေးပြောနေတယ်ဆိုတော့
သီရိကို စိတ်ဒုက္ခပေးချင်တဲ့သဘောပေါ့ ။ သီရိ…သီရိ
မျှော်လင့်ထားတာက……”
သီရိမွန်
စကားကို ရှေ့မဆက်တော့ဘဲ အံကိုသာ ကြိတ်ထားလိုက်သည် ။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို
ပိုင်ပိုင်နိုင်နိုင်ချ လိုက်ပြီး…
“ တော်ပြီ အကို ။ သီရိ ပြန်တော့မယ် ။ အကို့ရဲ့မှော်ဆရာဇာတ်လမ်းကို
မြီးကောင်ပေါက်ကောင်မလေးတွေကိုပဲ သွား
ပြောပြလိုက်တော့ ။”
“ ခဏ…ခဏနေပါဦး သီရိရယ် ။ အကို ပြောတာ တကယ်ပါ ။
သီရိ ယုံကြည်ပေးပါ ။ အကိုရဲ့ရွေးချယ်မှုဟာ သီရိပဲ ဖြစ်ပါ
ရစေ ။ ဘာဖြစ်လို့လဲဆိုတော့ အကိုက သီရိကို မှော်ပညာတွေထက်
ပိုချစ်လို့…အကို့ဘ၀မှာ သီရိကို အချစ်ဆုံးမို့လို့…”
ကြားလိုက်ရတဲ့စကားတွေကြောင့်
မတ်တတ်ထရပ်ပြီး အပြင်ထွက်ရန်ပြင်နေတဲ့ သီရိမွန်ရဲ့ခြေလှမ်းတွေ တန့်ခနဲရပ်တန့်သွား ရသည်
။ သီရိမွန် အမျှော်လင့်ဆုံးစကားတစ်ခွန်းကို မင်းခန့်ညား၏နှုတ်ဖျားက ထွက်ကျလာခဲ့ပြီဖြစ်သော်လည်း
ဒေါသရဲ့ ဖုံးလွှမ်းဖိနှိပ်မှုကြောင့် ကြည်နူးစိတ်အဟုန်က မြင့်တက်မလာခဲ့…။ ဒေါသထွက်လွန်း၍
ထထွက်သွားချင်သည်ဆိုပေမဲ့ ဘာပဲ ပြောပြော သီရိမွန်ကိုယ်တိုင်ကလည်း မင်းခန့်ညားကို တန်ပြန်မေတ္တာသက်ဝင်နေသူမို့
အခွင့်အရေးတစ်ခုလောက်တော့ ပေးသင့်သည်ဟု ယူဆမိတာကြောင့်…
“ အကို…မဟုတ်တဲ့အကြောင်းတွေကို စကားမဆက်ဘဲ ရိုးရိုးသားသားချစ်ခွင့်ပန်မယ်ဆိုရင်လည်း
သီရိ စဉ်းစားပေးမှာပါ ။
မဖြစ်နိုင်တဲ့
ဒီမှော်ဇာတ်လမ်းကို ရှေ့မဆက်ပါနဲ့တော့နော် ။”
“ မဟုတ်ဘူး သီရိ ။ အကို သီရိဆီက ချစ်ခွင့်ရချင်လို့
ဒီဇာတ်လမ်းကို ဖန်နေတာ မဟုတ်ဘူး ။ အကို တကယ်ပြောနေတာ
ပါ ။ အကိုက မှော်ဆရာတစ်ယောက်ပါ ။ တတိယအဆင့်ကို
ရောက်ဖို့အတွက် အကို့အသက်ကို စတေးရတော့မှာ ။ ဒါပေ
မဲ့ အကို စဉ်းစားလိုက်တော့ အကို သီရိကို မခွဲချင်ဘူး
။ သီရိကို မခွဲချင်သလို အကို တတိယအဆင့်မှော်ဆရာလည်း ဖြစ်
ချင်တယ် ။ အကို အရမ်းရွေးရခက်နေလို့ သီရိဆီကို
ရောက်လာခဲ့တာပါ ။ တောင်းပန်ပါတယ် ။ သီရိ ကိုယ့်ကို ယုံကြည်
ပေးပါ ။ အကို့ကို ယုံကြည်ပြီး အဲ့ဒီ့လမ်းကို
မရွေးဖို့ တားပေးပါလား ။”
မင်းခန့်ညားရဲ့စကားဆုံးတော့
ဒေါသကြောင့် တဖြတ်ဖြတ်တောက်နေတဲ့ သီရိမွန်ရဲ့မျက်လုံးတွေ မှေးမှိန်သွားခဲ့ရသည် ။ မင်း
ခန့်ညားကို အလွန်အမင်းစိတ်ပျက်တဲ့အမူအရာနှင့် ငေးကြည့်လိုက်ရင်း…
“ အကိုက တော်တော်ကြောင်တဲ့လူတစ်ယောက်ဆိုတာ သီရိ
အခုမှပဲ သိတော့တယ် ။ သီရိ ဒီလိုလူမျိုးကို ဘ၀လက်တွဲ
ဖော်အဖြစ် မရွေးနိုင်ဘူး ။ သီရိကို စိတ်ချမ်းသာမှုလေးတောင်
မပေးနိုင်တဲ့သူတစ်ယောက်ကို သီရိ ဘယ်လက်ခံနိုင်ပါ့
မလဲ ။”
ပြောစရာစကားကုန်ပြီမို့
သီရိမွန် လှည့်ထွက်ရန်ပြင်လိုက်သည် ။
“ သီရိ…သီရိ ခဏလေးပါ ။ အကို သီရိ ယုံအောင် ပြပါ့မယ်
။ ဥုံ…………ပျောက်စေ ။”
မင်းခန့်ညားက
သီရိမွန်ကို အော်ဟစ်ဟန့်တားလိုက်ရင်း တဆက်တည်းမှာပဲ ဂါထာတစ်ပုဒ်ကို ခပ်တိုးတိုးရွတ်ဆိုလိုက်ရာ
စား ပွဲပေါ်က ပစ္စည်းတွေအားလုံးပျောက်ကွယ်သွားခဲ့သည် ။ သို့သော် ထိုအချင်းအရာကို အခန်းအပြင်သို့
ခပ်သွက်သွက် ထွက် ခွာသွားတဲ့ သီရိမွန်တစ်ယောက် မမြင်တွေ့သွားခဲ့ ။
ထိုတစ်နေ့လုံး သီရိမွန် ဒေါသတကြီးနှင့် အရာရာကို
အလိုမကျဖြစ်ကာ စိတ်တိုနေခဲ့ရပေမဲ့ နောက်တစ်နေ့ မိုးအလင်းမှာ ကြားလိုက်ရတဲ့သတင်းတစ်ရပ်က
သီရိမွန်ကို သွေးပျက်သွားစေခဲ့သည် ။
“ မင်းခန့်ညား အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားပြီ…”…
ကြားလိုက်ရသောသတင်းကို
မယုံနိုင်လွန်း၍ ဆေးရုံသို့ အသည်းအသန်ပြေးကြည့်တော့ မင်းခန့်ညား၏ ဖြူဖျော့ဖျော့ရုပ်အ
လောင်းကိုသာ တွေ့မြင်လိုက်ရသဖြင့် သတိလစ်မေ့မြောသွားခဲ့ရသည် ။ ထိုအချိန်မှစ၍ သီရိမွန်ရဲ့ဘ၀သည်လည်း
နောင်တ တရား၏လောင်းရိပ်အောက်ကနေ ဘယ်ကိုမျှ ထွက်ခွာ၍မရ ။ ထိုစဉ်က အဖြစ်အပျက်တွေကို အသေအချာ
သိခွင့်မရ၍ မင်း ခန့်ညားတစ်ယောက် မိမိအချစ်ကို မရသဖြင့် ကိုယ့်ကိုယ်ကို သတ်သေသွားခြင်းဖြစ်မည်ဟု
ထင်မြင်ထားမိသော်လည်း ယခု တော့ ဤမှော်ဆရာစာအုပ်ရဲ့ကျေးဇူးဖြင့် သီရိမွန် အကြောင်းစုံကို
သိခွင့်ရခဲ့ပြီ မဟုတ်ပါလား ။
“ အကိုရေ…သီရိလေ အခု မှော်ပညာ တကယ်ရှိတယ်ဆိုတာကို
ယုံကြည်နေပါပြီ ။ အကို သီရိဆီကို ပြန်လာခဲ့ပါတော့နော်
သီရိ မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ် ။”
သီရိမွန်
တစ်ကိုယ်တည်း ရေရွတ်ရင်း ၁၀၃ကြိမ်မြောက် ဖတ်နေတဲ့စာအုပ်ကို ပိတ်ကာ ထိုင်နေရာမှ ထလိုက်သည်
။ ဘာ ကြောင့်မှန်း မသိ…အလျင်နေ့တွေထက် သည်နေ့တွင် သီရိမွန်၏စိတ်၌ ကြည်လင်သာယာနေသလို
ခံစားနေမိသည် ။ မင်း ခန့်ညားနှင့် မကြာမီပင် ပြန်တွေ့ရတော့မလို…။ မှန်တင်ခုံရှေ့တွင်
ထိုင်လိုက်ပြီး မင်းခန့်ညား အမြတ်နိုးဆုံးဖြစ်တဲ့ဆံကေသာ လေးကို ဖီးသင်ရှင်းလင်းရင်း…
“ အကို…အကို ဆုံးပြီးကတည်းက သီရိ ဆံပင်မညှပ်တော့တာ
ခုဆို လေးနှစ်ပြည့်လို့ ဆံပင်ရှည်တောင် ခြေဒကောက်ကွေး
ကျော်တော့မယ် ။ အကိုပဲ ပြောဖူးတယ်လေ ။ သီရိက
ကျစ်ဆံမြီးလေးနှစ်ဖက်နဲ့ဆို ကလေးမလေးလိုပဲ ချစ်စရာကောင်း
တယ်ဆို ။ အကို ပြန်လာရင် အကို မြင်ချင်တဲ့ပုံစံလေးဖြစ်နေအောင်
သီရိ အမြဲကျစ်ဆံမြီး ကျစ်ထားတယ် သိလား ။”
သီရိမွန်
မှန်တင်ခုံရှေ့တွင် ထိုင်ကာ ဆံပင်ရှည်တွေကို ဖီးသင်ရှင်းလင်းရင်း တစ်ကိုယ်တည်း ထိုစကားတွေကို
တတွတ်တွတ် ဆိုနေပြန်သည် ။ ဤအမှုက သီရိမွန် နိစ္စဒူဝပြုလုပ်နေကျအလုပ် ။ ညနေခြောက်နာရီဆို
သူမ ဆံပင်တွေကို ရှင်းလင်းမည် ။ ပြီးလျှင် အခန်းအလယ်က စားပွဲပေါ်၌ အမြဲလိုလိုထားရှိထားသည့်
လူအရိုးခေါင်းပေါ်တွင် မင်းခန့်ညား ပြုလုပ်ခဲ့တဲ့ပုံစံအတိုင်း ဖယောင်းတိုင်အမည်းတစ်တိုင်ကို
ထွန်းညှိပြီး မင်းခန့်ညား ပြန်လာစေရန် ညဆယ့်နှစ်နာရီထိုးအထိ ထိုင်ရာမှမထဘဲ ဆုမွန်ကောင်းတောင်းမည်
။ သီရိမွန် ယုံကြည်နေမိသည်က သူမ ထိုသို့ ပြုလုပ်နေလျှင် မင်းခန့်ညား တစ်နေ့မဟုတ် တစ်နေ့
တော့ သူမထံသို့ ပြန်ရောက်လာလိမ့်မည်ဟူ၍…။
NNNNNNNNN
လက်သန်းလုံးသာသာခန့်ရှိတဲ့ဖယောင်းတိုင်လေးဖြစ်သော်လည်း
ကျစ်လစ်သိပ်သည်းပြီး အထွန်းခံတဲ့ဖယောင်းတိုင် အမျိုးအစားဖြစ်တာကြောင့် ညနေခြောက်နာရီခွဲကတည်းက
ထွန်းညှိထားပေမဲ့ ညဆယ့်တစ်နာရီခွဲချိန်အထိ အရည်မပျော် မီး မသေဘဲ တစ်လက်မကျော်ကျော်လောက်
ကျန်ရှိနေသေးသည် ။ ထိုဖယောင်းတိုင်လေးတွေကို သီရိမွန်၏အသိတစ်ယောက် က အမေရိကားမှနေ ပို့ပေးနေခြင်းဖြစ်ပြီး
ဤနိုင်ငံတွင် အလွယ်တကူမ၀ယ်ယူနိုင်သော ဖယောင်းတိုင်အကောင်းစားလေး များ ။
သီရိမွန်၏ မှာယူမှုကို မိတ်ဆွေဖြစ်သူက …
“ အမေရိကန်မှာ ဒီဖယောင်းတိုင်တွေကို ဟောလိုဝန်းဒေးမှာ
အထွန်းများကြတာ ။ ဒါတွေကို မင်းက ဘာလုပ်ဖို့မှာနေရတာ
လဲ ။”……တဲ့ ။
သီရိမွန်
အကြောင်းပြချက် မပြောဘဲ ပို့ပေးဖို့သာ တောင်းဆိုခဲ့တာကြောင့် မိတ်ဆွေဖြစ်သူကလည်း အလိုက်တသိပင်
ထပ် မမေးတော့ ။ သီရိမွန် ယုံကြည်သည် ။ သီရိမွန် သည်လိုသာ နေ့စဉ်စောင့်မျှော်နေလျှင်
မင်းခန့်ညား တစ်နေ့နေ့တော့ ပြန် လာလိမ့်မည် ။ ထိုအခါကျ သူ့ကို သီရိမွန်ရဲ့အနားကနေ ထွက်သွားခွင့်မပြုတော့ဘဲ
ဖက်တွယ်ထားမည် ။ ထိုသို့သောအတွေး တွေဖြင့် စောင့်မျှော်နေခဲ့သည်မှာ ယခုဆို သုံးနှစ်ကျော်
စွန်း၍ လေးနှစ်ပင် ပြည့်တော့မည် မဟုတ်ပါလား ။
ရုတ်တရက်ဆိုသလို ဖယောင်းတိုင်မီးလေးက ဟုပ်ခနဲငြိမ်းသွားသဖြင့်
ငိုက်မြည်းမလိုဖြစ်နေတဲ့ သီရိမွန်ရဲ့အာရုံတွေ နိုး ကြားသွားခဲ့ရသည် ။ ထူးဆန်းလိုက်တာ…ဤအခန်းက
လေအလွန်လုံသောအခန်းဖြစ်၍ ဖယောင်းတိုင်မီး ငြိမ်းသေဖို့ မဆို ထားနှင့် ။ လေပြည်လေညှင်းလေးသဲ့သဲ့ပင်
တိုးဝင်တိုက်ခတ်၍ မရ…။ မင်းခန့်ညား ဆုံးပါးသွားပြီးကတည်းက ကိုယ့်ကိုယ်ကို အပြစ်ပေးတဲ့အနေဖြင့်
မိဘများနှင့် အတူမနေတော့ဘဲ နယ်မြို့လေးရှိ အိမ်ကြီးတစ်လုံးတွင် သီရိမွန်တစ်ယောက်တည်း
နေ ထိုင်ခဲ့ပြီး မင်းခန့်ညား ပြန်အလာကို စောင့်မျှော်နေခဲ့သည့်လေးနှစ်တာကာလအတွင်း ဖယောင်းတိုင်ထွန်းခြင်းအမှုကို
နေ့စဉ် ပြုလုပ်ခဲ့သော်လည်း ယခုလို ဖယောင်းတိုင်မီး တစ်ခါမျှ မငြိမ်းသေဖူးခဲ့ ။
ဖယောင်းတိုင်မီး ငြိမ်းသွားပေမဲ့ အခန်းထောင့်တစ်နေရာတွင်
ထွန်းထားသောခပ်မှိန်မှိန်မီးလုံးမှ ဖြာကျလာတဲ့ ၀ါကျင်ကျင် အလင်းရောင်ကြောင့် ပတ်ဝန်းကျင်သည်
မှောင်မည်းမသွားဘဲ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသေးသည် ။ အလင်းရောင် ဖျော့ဖျော့ကျန်ရှိနေသေးတဲ့အခန်းငယ်လေးကို
သီရိမွန် ဝေ့၀ဲကြည့်ရှုလိုက်ချိန်တွင် မယုံကြည်နိုင်ဖွယ်ဖြစ်ရပ်တစ်ခုကို တွေ့ ကြုံလိုက်ရသည်
။
“ ………”
သီရိမွန်
ဘာစကားကိုမျှ မဆိုမိဘဲ ခပ်တောင့်တောင့်ထိုင်နေရင်း မြင်လိုက်ရတဲ့အရာကို မမှိတ်မသုန်စိုက်ကြည့်နေမိသည်
။ သီရိမွန်နှင့် မလှမ်းမကမ်းရှိထိုင်ခုံ၏ပတ်လည်မှ မီးခိုးလုံးများ ပေါ်ထွက်လာသောကြောင့်ဖြစ်သည်
။ မီးခိုးဝင်လာစရာ လေ ပေါက် မရှိပါဘဲ ထိုထိုင်ခုံပတ်လည်တွင် မီးခိုးလုံးဖြူဖြူများ
ရုတ်တရက်ပေါ်ပေါက်လာခြင်းသည် သမရိုးကျဖြစ်ရပ် မဟုတ်နိုင် ပေ ။ သီရိမွန်၏နေရာ၌ အခြားမိန်းကလေးတစ်ယောက်သာဆိုလျှင်
ထိတ်လန့်ကြောက်လန့်လျက် ထွက်ပြေးသွားနိုင်ပေမဲ့ သီရိမွန်ကတော့ ထိတ်လန့်ခြင်း ကြောက်ရွံ့ခြင်းမရှိဘဲ
ထိုင်ခုံတွင် ဆက်ထိုင်နေပြီး ထိုမီးခိုးလုံးတွေအလယ်မှထိုင်ခုံကိုသာ မျက်တောင်မခတ်တမ်း
ငေးကြည့်နေမိသည် ။ တဖြည်းဖြည်းနှင့် မီးခိုးလုံးတွေက ထိုင်ခုံကိုပင် မမြင်တွေ့နိုင်လောက်အောင်
ဖုံး လွှမ်းအုပ်မိုးသွားတော့သည် ။
NNNNNNNNN
“ အကို…”
မီးခိုးလုံးများ
လွင့်ပြယ်သွားသည့်အခါ သီရိမွန် ကြိုတင်တွေးတောမျှော်လင့်ထားသည့်အတိုင်း ထိုထိုင်ခုံတွင်
မင်းခန့်ညားကို ထိုင်လျက်သား တွေ့မြင်လိုက်ရ၏ ။
“ သီရိ…”
“ အကို…အကို ပြန်လာတယ်နော် ။ အကို သီရိဆီ ပြန်လာတယ်နော်
။”
ထိုစကားကိုဆိုရင်း
သီရိမွန် ထိုင်ရာမှထပြီး မင်းခန့်ညားဆီသို့ ပြေးဝင်လာလိုက်သည် ။ မင်းခန့်ညားကတော့ တည်ငြိမ်ရင့်
ကျက်တဲ့အမူအရာဖြင့် ထိုင်ရာမှထရပ်လိုက်သည် ။ သီရိမွန်၏သန္ဒာန်တွင် မာန်မာနတွေ ခေါင်းမာမှုတွေ
မရှိတော့သဖြင့် ဘာကိုမျှ ဟန်မဆောင်တော့ဘဲ ကလေးမလေးတစ်ယောက်လို မင်းခန့်ညားရဲ့ရင်ခွင်တွင်းသို့
ပြေးဝင်တိုးဝှေ့ရင်း ခါးကိုလည်း တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည် ။ သူမ့အနားမှနေ
မင်းခန့်ညား နောက်တစ်ကြိမ်ထွက်ခွာသွားမည်ကို သီရိမွန် အလွန်အမင်းကြောက်ရွံ့နေမိပြီ…။
“ အကို…သီရိ့အနားက ဘယ်ကိုမှ မသွားပါနဲ့တော့နော်
။ သီရိ မှားပါတယ် အကိုရယ် ။ အမှန်ဆို သီရိ အကို့ကို ယုံကြည်ခဲ့
သင့်တယ် ။ သီရိသာ အကိုပြောတဲ့အတိုင်း တားခဲ့မိရင်
အကို သေရမှာ မဟုတ်သလို သီရိနဲ့လည်း ဝေးရမှာ မဟုတ်ဘူး ။
တကယ်တော့ သီရိကိုယ်တိုင်လည်း အကို့ကို ဟိုးငယ်ငယ်လေးကတည်းက
သိပ်ချစ်ခဲ့တာပါ ။ အားလုံးဟာ သီရိရဲ့အမှား
တွေပါ အကိုရယ် ။”
မင်းခန့်ညားကို
တိုး၍ပွေ့ဖက်ရင်း မိမိပြောလိုရာကို တတွတ်တွတ်ဆိုနေမိသည် ။ မင်းခန့်ညားကတော့ သီရိမွန်ရဲ့ဆံနွယ်တွေ
ကို ညင်သာဖွဖွပွတ်သပ်ဆော့ကစားရင်း…
“ မဟုတ်ဘူး သီရိ … သီရိ ထင်သလို မဟုတ်ဘူး ။ သီရိရဲ့အမှား
မဟုတ်ပါဘူးကွယ် ။ အမှန်တော့ အကို့ရဲ့ရူးသွပ်မှု အတ္တ
ဆန်မှုတွေကြောင့် သီရိနဲ့ကိုယ် ဝေးခဲ့ရတာပါ ။
သီရိ မတားမိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာ မလိုပါဘူး ။
သီရိနေရာမှာ အခြားမိန်းကလေးတစ်ယောက်ဆိုရင်လည်း
ဒီလိုပဲ ပြုမူမိမှာပဲ ။ ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူက လှ
လှပပကြည်ကြည်နူးနူးလေး ချစ်ခွင့်ပန်တာကိုပဲ ခံချင်မှာပေါ့
။ မဖြစ်နိုင်တဲ့ရူးနှမ်းနှမ်းအကြောင်းတွေ လာပြောပြီး ချစ်ခွင့်
ပန်တာမျိုးကို ဘယ်သူက လက်ခံချင်ပါ့မလဲ ။ နောက်ပြီး
အဲ့ဒီ့နေ့က သီရိရဲ့မွေးနေ့လေ ။ အရိုးခေါင်းတွေ ပဉ္စလက်ပစ္စည်း
တွေ ပြည့်နှက်နေတဲ့အခန်းတစ်ခန်းနဲ့ မကြိုဆိုခဲ့သင့်ဘူး
။ ဒါ့ကြောင့် ဖြစ်ခဲ့သမျှအားလုံးဟာ သီရိကြောင့် မဟုတ်ပါဘူး ။
နောက်ပြီး သီရိ အခုလို စောင့်မျှော်နေတဲ့အတွက်
အကို လုပ်စရာရှိတဲ့ကိစ္စတွေကို လွတ်လွတ်လပ်လပ်လုပ်လို့ မရဘူးဖြစ်
နေတယ် ။ အကို နောက်ဆံမတင်းချင်တော့ဘူး သီရိရယ်
။ ဘ၀တွေက ခြားသွားခဲ့ပြီလေ ။ အကို့ကို သီရိ တကယ်ချစ်
တယ်ဆိုရင် ဒီဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နေပါ့မယ်လို့
အကို့ကို ကတိပေး ။ ဒါမှလည်း အကို စိတ်သက်သာနိုင်မှာ…။”
သူမ့ဆံနွယ်တွေကို
ယုယုယယပွတ်သပ်ပေးရင်း ထွက်ခွာခွင့် တောင်းဆိုနေတဲ့ မင်းခန့်ညား၏စကားကြောင့် သီရိမွန်
ခေါင်း ကို အကြိမ်ကြိမ်ခါယမ်းမိလိုက်သည် ။
“ အို…အကို့ကို ဘယ်ကိုမှ သွားခွင့်မပြုတော့ဘူး
။ တောင်းပန်ပါတယ် အကိုရယ် ။ သီရိကို တစ်ယောက်တည်း မထားခဲ့ပါ
နဲ့နော် ။ သီရိ မခံစားနိုင်လို့ပါ ။”
သီရိမွန်
တောင်းပန်စကားဆိုရင်း မျက်ရည်တွေ ပြိုကျလာပြန်သည် ။ သီရိမွန် ရူးသွပ်စွာနှင့် တပ်မက်မျှော်လင့်နေခဲ့စေယ
သည်ညကို သီရိမွန် လက်လွှတ်အဆုံးရှုံး မခံနိုင် ။ မင်းခန့်ညားကို ဘယ်နည်းနှင့်မှ သီရိမွန်၏အနားကနေ
ထွက်ခွာသွားခွင့် မပြု ။ ချစ်ခြင်းဝေဒနာရဲ့အဆွယ်အပွားဖြစ်တဲ့ အထီးကျန်ခြင်း၏နှိပ်စက်မှုကြောင့်
သီရိမွန် ရူးမတတ်ဖြစ်နေခဲ့ရသည်မှာ နှစ် / လကြာခဲ့ပြီမို့ သီရိမွန် နောက်တစ်ကြိမ် တစ်ယောက်တည်းကျန်ခဲ့ရမှာကို
အရမ်းကြောက်နေမိပြီ ။
မင်းခန့်ညားက
သီရိမွန်၏ပါးပြင်ထက်မှ တလိမ့်လိမ့်စီးကျလာတဲ့ မျက်ရည်စတွေကို ယုယုယယသုတ်ဖယ်ပေးလိုက်ရင်း…
“ မထားခဲ့ပါဘူး သီရိရယ် ။ မထားခဲ့ပါဘူး ။ ဒီမှာ
ကြည့်စမ်း…”
မင်းခန့်ညားက
လက်ဖ၀ါးပြင်ကို ဆန့်တန်းဖြန့်ပြလိုက်သဖြင့် သီရိမွန် ကြည့်လိုက်မိသည့်အခိုက် မျက်တောင်တခတ်အတွင်း၌
ပင် စောစောက ဘာမျှမရှိတဲ့လက်ဖ၀ါးပြင်ထက်တွင် ဘူးငယ်လေးတစ်ဘူး ပေါ်လာသည် ။ ဘူးငယ်လေးကို
ဖွင့်လှစ်လိုက် တော့ ပလက်တီနမ်လက်စွပ်လေးတစ်ကွင်း…။
“ ဒီလက်စွပ်လေးကို အကို့ကိုယ်စား သီရိနဲ့အတူ ထားခဲ့မယ်
။ ဒီလက်စွပ်လေးရှိရင် အကိုရှိနေသလိုပဲပေါ့ ။ သီရိ ဘာမှ
ဝမ်းနည်းကြေကွဲနေစရာ မလိုဘူး ။ နောက်ပြီး ခုလို
မြို့ပြင်ကအိမ်ကြီးမှာ တစ်ယောက်တည်း မနေပါနဲ့ သီရိရယ် ။ အကို့
ကို စိတ်ပူအောင် မလုပ်နဲ့တော့နော် ။ အရင်အိမ်ကိုပြန်ပြီး
အိမ်မှာ အန်တီတို့ဦးတို့နဲ့ ဟိုအရင်ကလို ပျော်ပျော်ရွှင်ရွှင်နေ ။
သီရိမှာ ဘာအပြစ်မှ မရှိခဲ့တဲ့အတွက် ဘာကိုမှ နောင်တရနေစရာလည်း
မလိုဘူး ။ တကယ်တော့ လူ့ဘ၀ဆိုတာ တိုတို
လေးပါ ။ အဓိပ္ပါယ်မရှိတာတွေနဲ့ ကုန်ဆုံး မခံဘဲ
အကို့ကိုယ်စား တခြားလူတွေရဲ့စိတ်ချမ်းသာမှုကို ရှာဖွေပေးလိုက်ပါ ။
လူအများရဲ့စိတ်ချမ်းသာမှုကို ရှာဖွေပေးမယ့်သူဆိုတာ
ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာနေဖို့ လိုတယ်လေ ။ ဘ၀မှာ
အရေးကြီးဆုံးက စိတ်ချမ်းသာမှုဆိုတာ သီရိ မမေ့ပါနဲ့
။ ဒီလက်စွပ်လေး သီရိရဲ့လက်မှာ ရှိနေသမျှကာလပတ်လုံး သီရိ့
အနားမှာ အကိုရှိနေသလိုမျိုး သီရိ ခံစားရမှာပါ
။ ဘာဖြစ်လို့လဲဆိုတော့ အကိုက တတိယအဆင့်မှော်ဆရာတစ်ယောက်
လေ ။”
မင်းခန့်ညား၏စကားတွေကို
နားထောင်ရင်း သီရိမွန်ရဲ့နာကျင်ကြေကွဲမှုတွေ လျော့ပါးသွားသလို ခံစားလာရသည် ။ စောစော
က မိမိ၏ရှေ့မှနေ မင်းခန့်ညား ပြန်လည်ပျောက်ကွယ်သွားမည်ကို သေမလောက်ကြောက်ရွံ့နေမိပေမဲ့
ယခုများတော့ မိမိ အနားတွင် မင်းခန့်ညား တစ်သက်ပတ်လုံး တည်ရှိနေတော့မည်ဟု နက်နက်ရှိုင်းရှိုင်းယုံကြည်နေမိပြန်သည်
။
လက်စွပ်လေးကို ငုံ့ကြည့်နေမိစဉ် သီရိမွန်၏နှဖူးပြင်ကို
မင်းခန့်ညားက မြတ်မြတ်နိုးနိုးနမ်းရှိုက်လိုက်သဖြင့် သီရိမွန် မျက်လုံးတွေကို မှေးစင်းရင်း
ကျေကျေနပ်နပ်ခံယူလိုက်မိသည် ။
“ ဟင်…”
မျက်လုံးတွေ
ပြန်အဖွင့်တွင် သီရိမွန်၏အနား၌ မင်းခန့်ညား မရှိတော့ ။ ဖယောင်းတိုင် မီးသည်လည်း မငြိမ်း…သီရိမွန်
ကိုယ် တိုင်ကလည်း ထိုင်ခုံတွင် ထိုင်လျက်သား…။ ဒါဆို စောစောကအကြောင်းအရာတွေက ငိုက်မြည်းပြီး
မြင်မက်သည့် အိပ်မက် တွေလား…။ သီရိမွန် တွေးကြောက်သွားမိသည် ။ ထိတ်လန့်စိုးရွံ့စွာနှင့်
လက်ချောင်းတွေကို ငုံ့ကြည့်လိုက်တော့ ညာဘက် လက်သန်းကြွယ်တွင် တင့်တယ်စွာဆင်မြန်းနေသည့်
လက်စွပ်ငယ်လေးတစ်ကွင်း…။
“ သီရိ…ကျေနပ်ပါပြီ အကိုရယ် ။ အကို နောက်ဆံမတင်းဘဲ
နေလို့ရပါပြီ ။ စိတ်ချပါ ။ သီရိ အကို့ကိုယ်စား လူအများ စိတ်
ချမ်းသာအောင် ကူညီပေးပါ့မယ် ။ သီရိကိုယ်တိုင်လည်း
ပျော်ပျော်ရွှင်ရွှင်နေပါတော့မယ် ။”
သီရိမွန်
ခပ်တိုးတိုးရေရွတ်လိုက်ပြီး အရိုးခေါင်းပေါ်မှ ဖယောင်းတိုင်မီးကို ငြိမ်းလိုက်သည် ။
တစ်စုံတစ်ယောက်က ကုစားပေး လိုက်သလိုမျိုး သီရိမွန်ရဲ့နှလုံးသားဒဏ်ရာတွေက ရုတ်ချည်းကို
လျော့ပါးပျောက်ရှသွားခဲ့ရပြီမို့ အရိုးခေါင်း ၊ ဖယောင်းတိုင်… စသည့်အရာတွေအားလုံး သီရိမွန်အတွက်
မလိုအပ်တော့…။ ဧည့်ခန်းစားပွဲပေါ်တွင် တင်ထားခြင်းကို မင်းခန့်ညား နှစ်သက် ပုံမရတဲ့
အရိုးခေါင်းကြီးကိုလည်း စားပွဲအောက်သို့ ပစ်ချထားလိုက်၏ ။ နာရီကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီခွဲ…။
စိတ်လက်ပေါ့ပါးသွားသောကြောင့်လား မသိ…။ ဗိုက်ဆာသလိုလို
ရှိသဖြင့် ထမင်းစားခန်းသို့ ၀င်လာလိုက်မိသည် ။
“ ဟာ…ဒါ မဖြစ်နိုင်တာပဲ ။”
ထမင်းစားခန်းအတွင်းသို့
ဝင်လာလိုက်သည့်အခိုက် မြင်တွေ့လိုက်ရတဲ့အရာကြောင့် သီရိမွန် တအံ့တသြရေရွတ်လိုက်ရင်း
အပြုံးမျက်နှာဖြင့် မျက်ရည်ရစ်ဝဲသွားခဲ့ရသည် ။ တွေ့မြင်လိုက်ရသည်က တစ်ခန်းလုံး နှင်းဆီပွင့်ဖတ်များ
ပြန့်ကြဲနေပြီး အခန်းအလယ်ရှိစားပွဲပေါ်တွင်တော့ ကိတ်မုန့်တစ်လုံး ။ စားပွဲရှိရာဆီသို့
သီရိမွန် တစ်လှမ်းချင်းစီ လျှောက်လာလိုက်သည် ။ ‘ကိတ်မုန့်ပေါ်တွင် ဘာတွေများ ရေးထားလိမ့်မလဲ’ဆိုတဲ့သိချင်စိတ်ကြောင့်
ရင်ခုန်သံတွေ ဆူညံလျက် ။
ကိတ်မုန့်ပေါ်မှစာတန်းကို တွေ့မြင်လိုက်ရသည့်အခါ
သီရိမွန်၏ပါးပြင်ပေါ်သို့ မျက်ရည်စက်တွေ ရွာကျလာရပါတော့ သည် ။ ကိတ်မုန့်ပေါ်၌ ရေးထိုးထားသည့်စာတန်းက…
“ ပျော်ရွှင်သောမွေးနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ
သီရိ…”
ပါးပြင်ပေါ်သို့
မျက်ရည်တွေ တလိမ့်လိမ့်ကျလာခဲ့ပေမဲ့ ယခင်ကလို ရင်နာလွန်းလို့ ကျလာတဲ့မျက်ရည်တွေ မဟုတ်တော့
။ ချစ်သူရဲ့သိတတ်မှုကြောင့် ကြည်နူးပျော်ရွှင်လွန်း၍ ကျဆင်းလာသည့်ဝမ်းသာမျက်ရည်မျိုး
။ သီရိမွန်ကိုယ်တိုင် မေ့လျော့နေ သည်က ယနေ့မှာ သီရိမွန်၏(၂၂)ပြည့်မွေးနေ့…။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။