သံလမ်းပေါ်က သေမင်းတမန်တော်တစ်စု
( ၂၀၁၅ခုနှစ် မတ်လထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည် )
ဂါဦးနွန်းကို ..... ရေးသည် ။
---------------------------------------------------------------------------------------------------------
ယမန်နေ့နေ့လယ်က ကျွန်တော်တို့သူငယ်ချင်းတစ်စု
ရောက်တတ်ရာရာ စကားပြောဖြစ်ကြသည် ။ အများစု ပြောဖြစ် သည်က ယနေ့ခေတ် july-augustလတွင်
ခေတ်စားလျက်ရှိသော PRအကြောင်း ၊ နောက်ပြီး အဲသည့်ကိစ္စနှင့်ပတ်သက်သည့် နိုင်ငံတွင်းဆန္ဒပြပွဲများအကြောင်း
။ တိတိကျကျသိကြသည်လည်း မဟုတ်ဘဲ လူငယ်များပီပီ အင်တာနက်နှင့်သတင်းစာ၊ဂျာနယ် များတွင်
ဖတ်ရှုမှတ်သားထားသလောက်ဖြင့် လူတတ်ကြီးများလုပ်ကြ ။ အကုန်လုံး ကောင်းကောင်းသိကြတာလည်း
မဟုတ်ဘဲ အလုအယက်ငြင်းကုန်ခုန်ကြ ။ အမေစုကိုပဲ
သမ္မတဖြစ်စေချင်တယ်ကွာ-ဟု အော်သူကအော်နှင့် ဆူညံသွားခဲ့၍ လက်ဖက်ရည် ဆိုင်ပိုင်ရှင်ကပင်
မျက်စောင်းထိုးလာသောကြောင့် ကျွန်တော်ကပဲ…
“ ဟိတ်ကောင်တွေ…တော်တော့ ။ တော်တော့ ။ ဟိုမှာ…မင်းတို့ပထွေးက လက်ဖက်ရည်သုံးခွက်သောက်ပြီး
လာအော်နေတဲ့
ငါတို့ကို မောင်းထုတ်ချင်နေပြီ ။ မငြင်းရ/မအော်ရမယ့်အကြောင်း
ပြောကြစမ်းပါကွာ ။”
ဟု ပွဲထိန်းလိုက်ရသည် ။ သည်တော့မှပဲ ပါးစပ်ပြဲပြဲ
အသံကျယ်ကျယ်နှင့် အော်လံက ကျဉ်းမြောင်းလှသည့်-သူ့မျက်လုံးများဖြင့်
လက်ဖက်ရည်ဆိုင်ကောင်တာဆီသို့ မသိမသာစောင်းငဲ့ကြည့်ပြီး…
“ အေးကွ ။ ဟုတ်တယ် ။ ကြည့်ကြပ်နေမှ ။ ယောက္ခမကြီးက အကဲခတ်နေပြီ ။”
ဟု အားမနာတမ်းဆိုသည် ။ ဤဆိုင်က ကျွန်တော်တို့သုံးယောက်ဆုံတိုင်း
သောက်နေကျလက်ဖက်ရည်ဆိုင် ။ သောက်နေကျဟု ဆိုရာတွင် ကျွန်တော်တို့သုံးယောက် ဆုံမှသာ သောက်ဖြစ်လေ့ရှိခြင်းကို
ဆိုလိုပါသည် ။ ကျွန်တော်တို့သုံးယောက်ကလည်း တစ်ပတ်နေမှ တနင်္ဂနွေနေ့တစ်ရက်သာ ဆုံဖြစ်ကြ၏
။ သည်တော့…တစ်ပတ်တစ်ခါ လာထိုင်နေကျဆိုင်ဆိုလျှင်လည်း မမှား ။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏နာမည်က
ဦးစိန်ရွှမ်း ။ တရုပ်စပ်ပုံရသည် ။ အသားက ဖြူစုတ်စုတ် ဗိုက်ကရွှဲရွှဲ ။ သို့ပေမယ့် သူ့သမီးလေးကတော့
တော်တော်လှသည် ။ နာမည်က မကြင်နှင်း ။ အသားလေးက ဝင်းမွတ်ဖြူဖွေးနေပြီး မျက်လုံးမှေးမှေး
ပါးမို့နီတာရဲလေးများဖြင့် အမြဲတမ်း သနပ်ခါးအဖွေးသားနှင့် ။ ဝတ်ပုံစားပုံကလည်း မကလက်ဘဲ
မြန်မာဆန်ဆန်လေးဖြစ်၍ မြင် လိုက်ရသည့်အခါတိုင်း ကျွန်တော်တို့ရင်ထဲ ကလိကလိဖြစ်ကာ သဘောကျသွားရသည်ချည်း
။
သူမက တနင်္ဂနွေနေ့ မနက်(၉)နာရီဆို
လက်ဖက်ရည်ဆိုင်၏နောက်ဘက်ရှိ သူမ၏နေအိမ်မှနေ သင်တန်းသွားတက်ရန် ထွက်လာပြီ ။ ကျွန်တော်တို့ကလည်း
နှာဝီရိယသမားများမို့ အချိန်ကိုက်ရောက်ပြီးသား ။ ကျွန်တော်တို့က သူမကို မခင်နှင်းဆီဟု
နာမည်ဝှက်ပေးထားသည် ။ ယခု အော်လံက မခင်နှင်းဆီကိုမှန်းကာ ဦးစိန်ပန်းကို အားမနာပါ့“ယောက္ခမ”ခေါ်လိုက်ခြင်းဖြစ်၏
။
“ အောင်မာ…မင်းကများ မတန်မရာ ။ ဖြစ်နိုင်တာပြောစမ်းပါ ။”
“ အေးလေ ။”
ကျွန်တော်က နှပ်တော့ အီဂျီမဲကပါ ဝိုင်းလှောင်သည် ။ အော်လံတစ်ယောက်
မျက်လုံးကလယ်ကလယ်ဖြစ်သွားပြီးမှ…
“ အမယ်…ငါနဲ့သူနဲ့က ရုပ်ချင်းဆင်တယ်နော် ။”
ဟု ဇွတ်မှိတ်ပြောပြန်သည် ။
“ မြတ်စွာဘုရား…ဒီရုပ်နဲ့ဒီရုပ် နံ့သာဆီနဲ့အီးလို တကွဲတပြားစီ ခြားနားနေတာကိုများ
။ ဘယ်နားက ဆင်တာလဲ ။”
အီဂျီမဲက အားမနာတမ်း ပြောချေပြီ ။ ရည်းစားလူလု
အူနုကျွဲခတ်တော့ မဟုတ် ။ အပြောင်အပျက် သဘောမျှပါ ။
“ သူလည်း မျက်လုံးမှေးတယ် ။ ငါလည်း မျက်လုံးမှေးတယ်လေကွာ ။ ကဲ…ရုပ်ချင်းမဆင်ဘူးလား
။”
ကြည့်ပါဦး ။ ထိုတစ်ခုသာ မတူလျှင် သူလည်း
လူ ၊ ငါလည်း လူပဲဟု ဆိုဦးမလားမသိ ။ ကျွန်တော်လည်း အမြင်ကပ်ပုဒ်မဖြင့် သူ့ကို ဖဲ့ရန်
စဉ်းစားလျက်ရှိစဉ်…
“ မင်းကြီးဒေါ်ပဲ ။ ဟိုက မှေးတာ ချစ်ချာလေး ။ မင်း မှေးတာက ဖြတ်ရိုက်ချင်စရာကြီး
။”
ဟု အီဂျီမဲက ဦးအောင်ဖဲ့လိုက်လေသည် ။
“ ဟွန်း…သူများကျ ပြော ။ မင်းရုပ်ကလည်း ချောတယ်ဆိုတော့ ။”
အော်လံကလည်း ငြိမ်မခံဘဲ အီဂျီမဲကို ပြန်ခွပ်ချေပြီ
။ အီဂျီမဲ၏မျက်နှာ မဲသထက်မဲသွားကာ အော်လံကို မျက်စောင်းကြီး ပေထိုး လိုက်သည် ။
အီဂျီမဲဟုအမည်တွင်သည်မှာ
ကိုရီးယားရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သော အီဂျီမဲဇာတ်ကားထဲက မင်းသားနှင့်တူ၍ မှည့်ခေါ်ထားခြင်းတော့
မဟုတ် ။ ကောင်မလေး တွေ့သမျှကို အီတတ်ပြီး အရက်များလာလျှင် ဂျီကျတတ်သောကြောင့် ဘော်ဒါ
အားလုံးက တညီတညွတ်တည်း ဝိုင်းခေါ်ကြခြင်းဖြစ်သည် ။ နောက်ပြီး သူက ‘နေပူသား’ဖြစ်၍ အသားကလည်း
မဲသကိုး ။
“ ငါက မခင်နှင်းဆီကို မမှန်းပါဘူးကွာ ။ အဝေးက ငေးနေရရင် ကျေနပ်နေတာပါ ။ ငါ့ရုပ်မျိုးကို
သူ သဘောမကျဘူးဆိုတာ
ငါ သိပါတယ် ။ နောက်ပြီး…”
အီဂျီမဲက မမူးဘဲ ရစ်နေသလား မသိ ။ စကားကို
ထိုနေရာတွင် ရပ်ကာ မျက်လုံးဝိုင်းကြီးဖြင့် ကျွန်တော့ဘက် လှည့်ကြည့်သည် ။ ကြည့်တာမှ
မျက်နှာတင်မဟုတ် ။ ခြေဆုံးခေါင်းဆုံးကြည့်နေခြင်းဖြစ်၍ ကျွန်တော် နေရခက်သွားပြီး…
“ ဘာဖြစ်တာလဲကွ ဟိတ်ကောင်ရ ။”
ဟု မလုံမလဲထအော်မိသည် ။ သူက တဖျတ်ဖျတ်တောက်နေသောအကြည့်ရိုင်းကြီးများနှင့်
ကျွန်တော့်ကို စိုက်ကြည့်နေပြီးမှ …
“ အားကျလို့ပါ ဝေယံရာ ။ မင်းကို အားကျလွန်းလို့ပါ ။”
ဟူ၍ မချိတင်ကဲလေသံကြီးဖြင့် ပြောလိုက်သည်
။ သည်တစ်ခါမှာ မျက်လုံးလေး ကလယ်ကလယ်ဖြစ်သွားရသူက ကျွန်တော် ။
“ ဘာကြီးကို အားကျရတာလဲ မင်းဟာက ။ မရှင်းမရှင်း မလုပ်နဲ့ကွာ ။”
“ မင်းကို အားကျတာလေ ။ မင်းက အသားကလည်း ဖြူသေး ၊ အရပ်ကလည်း မြင့်သေး ။ ဒီကြားထဲမှ
ရုပ်ကလည်း ဖြောင့်
သေး ။ မခင်နှင်းဆီက ဒီအနားကဖြတ်သွားတိုင်း မင်းကိုပဲ
လှည့်ကြည့်သွားတတ်တာကွ ဟင့် ။”
သည်လိုဆိုတော့လည်း ကျွန်တော် မနေတတ်တော့
။ ယောင်ယမ်းကာ လက်နှစ်ဖက်ဖြင့် ကိုယ့်ပါးကိုယ် ဘယ်ညာပွတ်သပ်လိုက် မိပြီး ခေါင်းကိုလည်း
ခပ်ဖွဖွထိုးကုတ်လိုက်ရင်း…
“ မင်းတို့ကလည်းကွာ…ဒီလောက်လည်း မဟုတ်ပါဘူး ။”
ဟု အရှက်ပြေဆိုလိုက်သည် ။
“ ဝါးဟားဟားဟား…”
“ ဟီးဟီး ခွိခွိ ဟားဟ…အဲဒီလိုသာ အသံပေါင်းစုံလုပ်ပြီး ရယ်လိုက်ချင်သေးတယ် သောက်ပေါကောင်
။”
ထိုအခါမှ ဟိုနှစ်ကောင် သပ်သပ်ချွန်နေကြောင်း
ကျွန်တော် သဘောပေါက်တော့သည် ။ စောစောက အားနာသွားသည့်စိတ်ကို ပင် ထုထောင်းရိုက်ချင်သွားမိပြီ
။
“ ခွေးကောင်တွေ…ငါက မင်းတို့ တကယ်ပြောတယ်လို့ ထင်ပြီး အားတောင်နာသွားသေး ။”
“ ငပေါဝေယံ…မင်းအခွက်ကို မင်း ဒီလောက်တောင် အထင်ကြီးလား ။”
“ တော်တော့ကွာ ။ တခြားအကြောင်း ပြောရင်ပြော ။ မဟုတ်ရင် ငါ တင်းလာပြီ ။”
“ ဟေးဟေး…စတာနောက်တာကို စိတ်မဆိုးကြေးလေ ။”
ပြောမနိုင်ဆိုမနိုင်နှစ်ယောက်က ဆက်ပြီးလှောင်ရယ်နေကြပြန်၍
ကျွန်တော်လည်း အရေးစိုက်မနေတော့ဘဲ နံဘေးမှ သတင်းစာ ကို ကောက်ယူကာ ဖတ်လိုက်တော့သည် ။
ဒါတောင် ‘မြင်းကျား စာဖတ်တာ ဒီတစ်ခါပဲ မြင်ဖူးတယ်ဟေ့’ဟု
ပါးစပ်သရမ်းနေကြ သေးသည် ။ သတင်းစာက xxနေ့ထုတ် သတင်းစာ ။ ဖတ်ကြည့်စဉ်မှာပဲ သတင်းတစ်ပုဒ်က
ကျွန်တော့်စိတ်ကို ဝင်စားသွားစေခဲ့ ပြီ ။
“ ဟိတ်ကောင်တွေ…ဒီမှာ နောက်တစ်ယောက် ရထားအကြိတ်ခံရပြန်ပြီကွ ။”
ကျွန်တော်က ပြောလည်းပြော ၊ လက်ထဲကသတင်းစာကိုလည်း
သူတို့ရှေ့သို့ ထိုးပေးလိုက်တော့ ပြစ်မှုမှန်လျှင် စိတ်ပါဝင်စားကြ သော-သူတို့နှစ်ယောက်က
စုံထောက်ဦးစံရှားဒီဇိုင်းဖြင့် ပဲတစ်ခွဲသားနှင့်လှမ်းကြည့်သည် ။
“ အေးကွ ။ ဟိုတစ်ပတ်ကတင် အဘိုးကြီးတစ်ယောက် သံလမ်းပေါ်မှာ အိပ်နေမိလို့ ရထားကြိတ်သွားသေးတယ်မို့လား
။
အခုလည်း အရက်မူးသမားတစ်ယောက် ရထားလမ်းပေါ်မှာ
သေရပြန်ပြီ ။ အင်း…လူတွေ လူတွေ…အသက်ဥာဏ်မစောင့်
တာပေါ့ ။ တကယ်ဆို စဉ်းစားကြည့်လေ ။
အိပ်စရာနေရာ ဒီလောက်တောင်ရှားသလား ။ ပလက်ဖောင်းပေါ်ပဲ အိပ်အိပ် ၊
ကားဂိတ်ထဲမှာပဲ အိပ်အိပ် ကြိုက်တဲ့နေရာ အိပ်လို့ရရဲ့သားနဲ့
သံလမ်းပေါ်မှ သွားအိပ်တာကိုး ။ ခုတော့ အကြိတ်ခံရပြီ ။
ဖတ်ရကြားရတဲ့လူလည်း စိတ်မကောင်းရဘူး ဟင်း…”
အီဂျီမဲက ဓမ္မကထိကလေသံမျိုးတုကာ အသံကို
မတူတူအောင် နိမ့်တုံမြင့်တုံဖြင့် ပြောလိုက်သည် ။ နာပျော်ဖွယ်မရှိသော်လည်း သူ့စကားက
အမှန် ။
လူဆိုတာ အသက်ကို ဥာဏ်က
စောင့်ရှောက်ထိန်းသိမ်းရမည်သာ ။ ယခုကဲ့သို့ အချိန်မရွေး ရထား လာနိုင်သည့်သံလမ်း ပေါ်တွင်
သွားအိပ်နေမှတော့ ရထားအကြိတ်ခံရပြီပေါ့ ။ သို့သော်…ကျွန်တော်က သူ့စကားကို မှန်ပါသည်ဟု
ထောက်ခံ၍မဖြစ် ။ ထောက်ခံမိလျှင် ကမ်းတက်ကာ ကြီးကြီးကျယ်ကျယ်တွေ ဆက်ပြောနေလိမ့်ဦးမည်စိုး၍…
“ မိုးရာသီကြီးလေကွာ ။ ပလက်ဖောင်းမှာ သွားအိပ်ရင် ရေနစ်သေသွားမှာပေါ့ ။ ရန်ကုန်မှာ
ရေတွေ ဒီလောက်ကြီးနေတာကို ။
ကားဂိတ်ထဲမှာလည်း ထိုင်ခုံတွေမှ မရှိတော့ဘဲ
။ သူတို့ ဘယ်နှယ့်လုပ်အိပ်မလဲ ။”
ဟု ဘုတောပြောလိုက်သည် ။ ကျွန်တော့်စကားကြောင့်
အီဂျီမဲက သူ့ဝသီအတိုင်း မျက်စောင်းကြီးပေထိုးလိုက်ပြီး…
“ မြင်းပိန်တာစုတ်…အဲဒါတော့ မင်းကြီးဒေါ် သွားမေး ။”
ဟူ၍ လှမ်းဆဲလေသည် ။ ထိုအချိန်ထိ ဘာတစ်ခွန်းမျှဝင်မပြောသေးဘဲ
ငိုင်တွေငေးတွေးနေသူက အော်လံ ။ အော်လံက သတင်း စာကို ကြည့်နေဆဲဖြစ်သည် ။ သို့သော် မျက်လုံးများက
သတင်းစာကို မြင်ပုံမရ ။ တစ်ခုခုကို တွေးတောနေသည့်ဟန်ပန် ။
“ ဟိတ်ကောင်အော်လံ ။ ဘာဖြစ်တာလဲ ။ မင်းနှမမြရီ လင်နောက်လိုက်သွားမှာကို စိုးရိမ်နေလို့လား
။ မပူပါနဲ့ကွာ ။ သူ့ချစ်သူ
တစ်ယောက်လုံး ဒီမှာ ရှိနေတာပဲ ဟဲဟဲ ။”
ကျွန်တော်က အော်လံ့ပုခုံးကိုပုတ်ကာ နောက်လိုက်သည်
။ ထိုအခါတွင် အော်လံက ဖျတ်ခနဲလှည့်ကြည့်သည် ။ မျက်လုံးများကို အဆမတန်ပြူးထားသော်လည်း
ကျဉ်းမြောင်းနေတုန်းဖြစ်သဖြင့် ကြောက်စရာမကောင်းဘဲ ရယ်စရာကြီးဖြစ်နေ၏ ။ သို့သော်… သူ့နှမနှင့်
ပတ်သက်လာလျှင် ဒေါသကြီးတတ်သည့်သူ့စရိုက်ကို သိနေ၍ သိပ်လည်း မစရဲ ။
“ စောရီးပါ သယ်ရင်းရာ ။ မင်းက ငိုင်နေလို့ နောက်လိုက်တာပါ ။ စိတ်မဆိုးနဲ့နော်
။”
“ ဟွန်း…တောင်းပန်တာ စောသွားလို့ ကံကောင်းတယ်မှတ် ။ ဒီမှာက တွေးနေတာကွ ။ အင်မတန်နက်နဲတဲ့အကြောင်းအရာကို
စဉ်းစားနေတာ ။”
“ မိန့်ပါဦးဘုရား…”
အီဂျီမဲက လှမ်းရွဲ့သည် ။ အော်လံ၏မျက်လုံးပြူးမှေးကြီးက
အီဂျီမဲ၏မျက်နှာဆီသို့ ဒိုင်းခနဲကူးပြောင်းရောက်ရှိသွား၏ ။
“ မင်းဘိုးအေပဲ ။ ဘာမိန့်ပါဦးလဲ ။ တော်ပြီကွာ ။ မပြောတော့ဘူး ။”
“ ဟာ…မင်းကလည်း ပြောစမ်းပါကွာ ။ ဒီမှာက စိတ်ဝင်စားနေပြီ ။ ဘယ်လိုနက်နဲတဲ့အကြောင်းလဲ
။”
“ မင်းက ဂမ္ဘီရမဂ္ဂဇင်းတွေမှာ တို့ထိတို့ထိ စာရေးနေတဲ့ ဟိုမရောက်ဒီမရောက် စာရေးဆရာဆိုတော့
အင်း…ကုန်ကြမ်း
လေး ပေးတဲ့အနေနဲ့ ပြောပြလိုက်ပါမယ်လေ ။”
“ တော်…အော်လံ ။ ငါ့ကလောင်ကိုတော့ မဟုတ်တာ မပြောနဲ့ကွာ ။ ငါ မကြိုက်ဘူး ။ တခြားအကြောင်း
နောက်ချင်
နောက် ။”
“ အမလေး…ဘာမှတောင် မနောက်ရသေးဘူး ။ သူ့ကလောင်နဲ့ပတ်သက်ရင် စိတ်က လက်သည်းစိပ်လောက်တောင်
သည်းမခံချင်ဘူး ။ ငါ့နှမကိုတော့ ပြောချင်ရာပြောပြီး…”
“ မင်းနှမကိစ္စကို တောင်းပန်ပြီးပြီလေကွာ ။ ဒါမှမကျေနပ်ရင် တာဝန်ယူဆိုလည်း ယူမယ်ကွာ
။”
“ မသာ…သေလိုက် ။”
ကျွန်တော်နှင့်အော်လံက အထိမခံစရာ ရှိသူချင်းအတူတူ
တစ်ဦးနှင့်တစ်ဦး စကားနိုင်လုလျက်ရှိရာ နံဘေးမှ“သူ့အသားအရေ”နှင့် ပတ်သက်၍ လှောင်ပြောင်လျှင်
စိတ်ဆိုးတတ်သောအီဂျီမဲက…
“ ကဲ…မင်းတို့ ငြင်းလို့ပြီးဦးမှာလား ။”
ဟု မျက်နှာပုပ်ပုပ်ဖြင့် လှမ်းဟောက်သည်
။ မျက်နှာကြီးကလည်း မဲသထက်မဲပေါ့ ။ ကျွန်တော်က…လငပုပ်ဖမ်းပြီဟူ၍ လှမ်းအော် နောက်ရန်
တွေးလိုက်မိပေမယ့် စကားရှည်နေမည်စိုး၍ မနောက်ဖြစ်တော့ ။ ဘာကြောင့်လဲဆိုတော့ အော်လံ
ပြောသွားသော နက်နဲသည့်-အကြောင်းကိစ္စကို ကျွန်တော် စိတ်ဝင်စားနေပြီလေ ။
“ ကဲပါ…အော်လံရာ … မင်း တွေးနေတာလေး ပြောစမ်းပါဦး ။ ရထားသံလမ်းနဲ့ ဆိုင်လို့လား
။”
“ အင်း…ဟုတ်တယ် ။ ငါကိုယ်တိုင် ကြုံခဲ့ရတာကွ ။ အဲ…မှုတ်သေးပေါင် ။ ငါ့သူငယ်ချင်း
ကြုံခဲ့တာ ။ ဒါပေမယ့် ငါလည်း
ပါတယ် ။”
“ ဟာ…ရှုပ်နေတာပဲ အော်လံရာ ။ မင်းဟာက ဘယ်လိုကြီးတုံး ။”
“ ဒီလိုကွာ ။ ငါ ပြောပြမယ် ။ ခုနက အီဂျီမဲ ပြောတယ်ဟုတ် ။ အသက်ကို ဥာဏ်မစောင့်လို့
ရထားကြိတ်ပြီး သေတာဆိုတဲ့
စကားလေ ။”
“ အင်းလေ ဟုတ်တာပဲ ။”
“ မင်းတို့ပဲ စဉ်းစားကြည့်လေ ။ အသက်(၅၀)ကျော် လူကြီးတစ်ယောက် လယ်တဲကအပြန်မှာ
အိမ်အထိမပြန်ဘဲ ဘာဖြစ်လို့
ရထားသံလမ်းပေါ်မှာ ရထားကြိတ်တဲ့အထိ အိပ်ပျော်သွားတယ်လို့ထင်သလဲ
။”
“ ဟာ…ငါ သိပြီ အော်လံ ။ မင်း ဆိုလိုတာကို ငါ သိပြီ ။ ဒါ…ဒါ လူသတ်မှုပဲဖြစ်ရမယ်
။ ဒီကိစ္စကို သေချာသွားစုံစမ်းပြီး
ပြစ်မှုမဂ္ဂဇင်းမှာ ထည့်ရေးရမယ်ကွ ။”
ချက်ဆို နားခွက်က ကိုယ့်အတွေးနှင့်ကိုယ်
တွေးချင်သလိုတွေးကာ မီးထတောက်တတ်သော-ကျွန်တော်က ချက်ချင်းဆိုသလို သဘောပေါက်လိုက်၍ ဝမ်းသာအားရထအော်သည်
။ နံဘေးဝိုင်းမှ အမျိုးသားကြီး(၃)ယောက်က ကျွန်တော့်အသံကိုကြား၍ တအံ့ တသြလှည့်ကြည့်တော့မှ
ကျွန်တော်လည်း သတိဝင်ကာ ကိုယ်ရှိန်သတ်လိုက်ရသည် ။
“ မင်းမေလွှား…ကဲ…ငါ ဆဲပြီ ။ ပြောတာလည်း
နားထောင်ပါဦးကွ ။ လူသတ်မှုသာဆို ရဲတွေက မသိဘဲနေမလား ။ သူတို့
လည်း မျက်စိနဲ့ပဲဥစ္စာ ။ မင်းတို့ထက်လည်း လုပ်သက်ရှိတဲ့လူတွေ
။ သူတို့ သိမှာပေါ့ ။ အခုဟာက လူသေမှုလေ ။”
အော်လံက ဆရာကြီးလေသံဖြင့် လူတတ်ကြီးဆက်လုပ်သည်
။ အီဂျီမဲက…
“ မင်းပထွေးတွေကို မင်းက တော်တော်အထင်ကြီးနေ ။ မပေါ်တဲ့အမှုတွေမှ တပုံကြီး ။”
ဟု ခပ်တိုးတိုးပြန်တုံ့ပြန်သည်။ ကျွန်တော်က
ဘေးဘီကိုဝေ့ဝဲကြည့်ကာ သူ့ကို တတောင်နှင့်တွတ်လိုက်ရ၏ ။ နောက်ဘက်စားပွဲ ခုံတွင် ထိုင်နေသူများက
အစိမ်းဝမ်းဆက်ဝတ်ထားသော ဦီးလေးကြီးများလေ ။ သည်တော့မှ အီဂျီမဲလည်း သဘောပေါက်ကာ ခေါင်းလေးငုံ့သွားသည်
။ သူလည်း ကြောက်တတ်သကိုး ။
“ ကဲ…ငါ ပြောချင်တာကို မင်းတို့ တိတ်တိတ်လေး နားထောင်ပေးမယ်ဆိုရင် ငါ ဆက်ပြောမယ်
။ ငါက ဒီတစ်ခါ တကယ်
အတည်ပြောမလို့ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက ငါ့ဘဝမှာ ဘယ်တော့မှမမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခု
ဖြစ်နေလို့ပဲ ။”
အော်လံက တကယ်ပင် အတည်ပြောလိုဟန်ရှိသည်
။ မှေးစင်းသောမျက်လုံးအိမ်ထဲမှမျက်လုံးများက လေးနက်တည်ကြည်သော အရိပ်အယောင်များဖြင့်
ပြည့်နှက်နေပြီး မျက်ဝန်းအိမ်ထောင့်စွန်းများ၌တော့ ဝမ်းနည်းကြေကွဲသည့်ပုံရိပ်များ ပြေးလွှားနေသည်
။ သူ့ရင်ထဲတွင် ထိုအကြောင်းကို ရင်ဖွင့်လိုပုံရသည် ။
ကျွန်တော်တို့သုံးယောက်ဆိုတာကလည်း
အလယ်တန်းကျောင်းသားဘဝကတည်းက တတွဲတွဲ ပေါင်းခဲ့ကြသည့်-ငယ် သူငယ်ချင်းတွေ ။ တက္ကသိုလ်တက်မှ
ရည်ရွယ်ချက်ကိုယ်စီဖြင့် တစ်ယောက်တစ်နေရာစီ ကွဲကွာသွားခဲ့သော်လည်း အားလပ် သည့်-တနင်္ဂနွေနေ့တိုင်း
လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံကာ ရောက်တတ်ရာရာ ပြောတတ်ကြစမြဲ ။ ယခု…သူ့ရင်ထဲ၌ ပြောပြ ဖွင့်ဟစရာ
ခံစားချက်တစ်စုံတစ်ရာရှိလျှင်လည်း ကျွန်တော်တို့တတွေက သူငယ်ချင်းကောင်းပီသစွာဖြင့်
နားထောင်အားပေးရမည် မဟုတ်ပါလား ။
“ အင်းပါ သယ်ရင်းရာ ။ ပြောပါ ။ မင်း ဘာပြောချင်လဲ အောင်လင်း ။”
“ ပြော…အောင်ကြီး ။ ငါလည်း နားထောင်နေတယ် ။”
“ ဒီလိုကွ ။ ငါ ပြောချင်တာက အခု ရထားသံလမ်းပေါ်မှာ ရထားအကြိတ်ခံရလို့ သေသွားတဲ့လူတွေက
ဘယ်လိုဖြစ်ပျက်ပြီး
သေဆုံးခဲ့ရသလဲဆိုတာတော့ ငါ မသိဘူး ။ ဒါပေမယ့် င့ါသူငယ်ချင်းရဲ့ကိစ္စမှာကတော့
ရထားသံလမ်းပေါ်မှာ ဘာတွေရှိ
နေသလဲဆိုတာကို ငါ သေချာသိခဲ့ရတယ် ။”
အော်လံ၏စကားကြောင့် ကျွန်တော် ရေးတေးတေးသဘောပေါက်သွားသည်
။ ကြည့်ရတာ အော်လံ၏သူငယ်ချင်းတစ်ယောက် ဟာ သံလမ်းပေါ်တွင် ရထားအကြိတ်ခံရကာ သေဆုံးသွားခဲ့ပုံရသည်
။ အော်လံက စားပွဲပေါ်မှအအေးခံထားသော-ရေနွေးကြမ်း ခွက်ကို အကြောင်းမဲ့စိုက်ကြည့်နေပြီး…
“ အင်း…အဲဒီတုန်းက ငါ့အသက် ၁၂နှစ်/၁၃နှစ်ပဲ ရှိသေးတယ် ။ မင်းတို့လည်း မှတ်မိမှာပါ
။ ငါ…နွေရာသီကျောင်းပိတ်ရက်
တစ်ခုမှာ ရွာပြန်သွားခဲ့တယ်လေ ။”
“ အေး…ငါတို့ မှတ်မိတာပေါ့ ။”
အီဂျီမဲက စကားထောက်သည် ။ အော်လံက ဆွေးဆွေးမြေ့မြေ့ဖြင့်
ဆက်ပြောသည် ။
“ ငါ့ရွာမှာ ငါနဲ့ ငယ်ငယ်ကတည်းက ဆော့ဖော်ဆော့ဖက်တွေ ရှိတယ် ။ သာတိုး ၊ အောင်စိန်
၊ မြင့်လေးနဲ့သန်းဇော်ဆိုတာ
ငါ့ငယ်သူငယ်ချင်းတွေပေါ့ ။ ငါ ပြန်ရောက်တော့ သူတို့ ဝမ်းသာကြတာပေါ့ ။ မတွေ့တာလည်း
တစ်နှစ်ကျော်ပြီဆိုတော့
လေ ။ သူငယ်ချင်းငါးယောက် ရွာရိုးကိုးပေါက် လျှောက်လိမ့်ကြတာ ပျော်စရာကြီးကွာ
။ ဒါပေမဲ့ အပျော်တွေအားလုံး
မကြာခင်မှာပဲ ပျက်ရတော့တာပဲ ။”
အော်လံက ဟင်းခနဲသက်ပြင်းရှိုက်လိုက်သည်
။ ထိုအချိန်ထိ ကျွန်တော့်မှာလည်း မယုံမရဲ ။ ဒီကောင် နောက်နေတာများလား ၊ အမူအရာလုပ်နေတာလား၊
တကယ်ခံစားနေရတာလား…ဝေခွဲမရနိုင်ရှိနေသည် ။ သို့သော်…သူ့တွင် ထိုသူငယ်ချင်း လေးယောက်
ရှိသည်ကိုတော့ ကျွန်တော်နှင့်အီဂျီမဲ သိသည် ။ သူက မွန်ပြည်နယ်ဘက်က ပြောင်းလာသူ ။ သူ့ရွာကလေးသည်
ရထားသံလမ်း နံဘေးတွင် တည်ရှိပြီး အင်းအိုင်လယ်ကွင်းများဖြင့် သိပ်သာယာလှပကြောင်း မကြာခဏပြောလေ့ရှိ၍
ယခု ပြောပြနေသည့် အကြောင်းအရာကလည်း အမှန်ပဲဖြစ်လိမ့်မည် ။
“ ငါတို့သုံးယောက် လယ်ကွင်းထဲမှာ ပုဇွန်လုံးနဲ့ငါး သွားဖမ်းပြီးပြန်အလာ သံလမ်းဘေးမှာ
ကန်စွန်းခင်းတွေ့လို့ ကန်စွန်းရွက်
ဆင်းခူးကြတယ်ကွာ ။ ခူးတာက ငါရယ် ၊ သာတိုးရယ် ၊ မြင့်လေးရယ် ။ အောင်စိန်ကတော့
မခူးချင်ဘူးဆိုပြီး မြက်ခင်းမှာ
ဖင်ချထိုင်နေတယ် ။ သန်းဇော်ကတော့ ရထားသံလမ်းပေါ်မှာ ။ သူ့ပုံစံက အသားဖြူဖြူ လူပုံနွဲ့နွဲ့နဲ့ကွ
။ သူ့အမေက သူ့ကို
သိုက်ကလာတယ်လို့ ပြောတာပဲ ။ ဟုတ်/မဟုတ်တော့ ငါတို့လည်း မတွေးမိပေါင်ကွာ ။ ဒါ…ထားတော့
။ အဲဒီတုန်းက ငါတို့
သုံးယောက်က ကိုယ့်လောဘနဲ့ကိုယ် ကန်စွန်းရွက်တွေ ခူးကြတာပေါ့ ။ အိမ်ရောက်ရင်
ငါးယောက်သား ကန်စွန်းရွက်ကြော် ၊
ကန်စွန်းရွက်နဲ့ပုဇွန်လုံးနည်းနည်းကို ချဉ်ဟင်းချက် ၊ ငါးကို ကြော် ၊ ပုဇွန်လုံးကို
ငရုတ်သီးစပ်စပ်လေးချက်ပြီး ခွေးဗိုက်နမ်း
တဲ့အထိ စားမယ်လို့ဆိုတဲ့ အတွေးကိုယ်စီနဲ့ပေါ့ ။ အဲဒီအချိန်မှာ…ဂျုန်း…ဂျုန်း…ဂျုန်း…ဂျုန်းနဲ့
ရထားလာနေတဲ့အသံကြီးကို
ကြားလိုက်ရတယ် ။ ငါတို့ လှည့်ကြည့်တော့ ရထားက တော်တော်ဝေးသေးတယ် ။ သန်းဇော်ကတော့
ရထားသံလမ်းကို
ခွရပ်ပြီး ရထားကြီးလာနေတာကို ကြည့်နေတယ်လေ ။ အဲဒါကိုမြင်တော့ သာတိုးက… “ဟိတ်ကောင်
သန်းဇော်…စတန့်
သိပ်မထွင်နဲ့ ။ ရထားကြိတ်သွားဦးမယ်”လို့ နောက်သလိုပြောင်သလိုနဲ့ လှမ်းသတိပေးလိုက်တယ်
။ ဒါပေမယ့် သန်းဇော်က
လှည့်ကြည့်ဖော်တောင် မရဘူး ။ ရထားကလည်း တော်တော်ဝေးသေးတော့ ငါတို့လည်း ဂရုမစိုက်တော့ဘဲ
ကန်စွန်းညွန့်
လေးတွေကိုပဲ လိုက်ခူးနေလိုက်တာပေါ့ ။ ကလေးတွေဆိုတော့ တစ်ဦးနဲ့တစ်ဦး စကားရည်လုနေကြတာနဲ့
သန်းဇော်ကို
လည်း မေ့သွားပြန်တယ် ။ နောက်ပြီး သူ့ဟာသူ ရထားကပ်လာရင် ခုန်ဆင်းလာလိမ့်မယ်ပဲ
မှတ်တာပေါ့ ။ အဲဒါနဲ့ တိုတို
ပြောရရင် ရထားဆီက ဥသြသံကြီးကြားမှ ငါတို့ လန့်သွားတယ် ။ လှည့်ကြည့်လိုက်တော့
သန်းဇော်က ရထားသံလမ်း
ပေါ်မှာ ခပ်ပေပေရပ်နေတုန်း ။ ရထားက တော်တော်ကြီးကပ်နေပြီ ။ ငါတို့က ကန်စွန်းခင်းထဲမှာဆိုတော့
သန်းဇော်ကို
ကယ်ဖို့ပြေးသွားဦးတော့ မမီတော့ဘူး ။ ဒါ့ကြောင့်… “ဟိတ်ကောင် သန်းဇော် … ရထားလာနေပြီ
။ နောက်မနေနဲ့တော့ ။
ဆင်းခဲ့…။ ဟဲ့…မသာပေါ်ချင်နေပြီလား ငသန်း ။”စသဖြင့် တစ်ယောက်တစ်ပေါက် ဝိုင်းအော်ကြတာပေါ့
။ ဒါပေမယ့်ကွာ…
သန်းဇော်က တစ်ချက်မှလှည့်မကြည့်ဘူး ။ နောက်ပြီး မျက်နှာကလည်း ရထားလာတိုက်မှာကို
ကြောက်တဲ့ပုံစံ တစ်စက်မှ
မရှိဘူး ။ အေးအေးဆေးဆေးနဲ့ကွာ ။ ငါဖြင့် စိုးကလည်းစိုးရိမ် - အရူးထနေတဲ့သန်းဇော်ကိုလည်း
စိတ်ကတိုလို့ ဘာလုပ်ရ
မှန်းကို မသိတော့ဘူး ။ အဲဒီအချိန်မှာပဲ ရထားကြီးက သန်းဇော်ဆီ တည့်တည့်ဝင်တိုက်မလိုဖြစ်တာကိုလည်း
တွေ့လိုက်
ရရော ငါလည်း ကြောက်အားလန့်အားနဲ့ မျက်လုံးတွေကို မှိတ်ပစ်လိုက်မိတယ် ။ ဘယ်ကြည့်ရဲမလဲကွာ
။ ငါ့သူငယ်ချင်းရဲ့
အသားတွေ တစစီလွင့်ထွက်သွားမယ့်မြင်ကွင်းမျိုးကို ။ နောက်ပြီး…စောစောစီးစီးကသာ
သတိထားမိခဲ့ရင် စောစောစီးစီး
ဆွဲခေါ်မိမှာ ။ အဲဒါဆို - ငါ့သူငယ်ချင်း ရထားတိုက်မိမှာ မဟုတ်ဘူး-လို့တွေးပြီး
ယူကြုံးမရဖြစ်ရင်း မျက်ရည်တွေကလည်း
ကျနေတာပေါ့ ။”
“ ဒါဆို…သန်းဇော်ကို မင်းတို့ရှေ့မှာတင် ရထားကြိတ်သွားတာပေါ့ ဟုတ်လား သယ်ရင်း
။”
ကျွန်တော်က စိတ်မကောင်းခြင်းကြီးစွာဖြင့်
မေးမိသည် ။ စိတ်ထဲ၌လည်း အသားဖြူဖြူ လူပုံနွဲ့နွဲ့နှင့် သိုက်ကလာသည်ဟု ဆိုသော လူမိုက်ကန်းလေးသန်းဇော်ဆိုသောကောင်လေးကို
မြင်ယောင်ကြည့်နေမိသည် ။
“ ကံကောင်းချင်တော့ မသေဘူး မောင် ။”
“ ဟင်…”
“ ပေါက်ကရရှစ်ဆယ်…ရထားကြိတ်မှတော့ မသေရှိမလား ဟိတ်ကောင် ။ မင်းနော်…သူများရဲ့ကရုဏာကို
လုပ်ကြံယူဖို့
မကြိုးစားနဲ့ ။”
“ သြော်…ငါက သန်းဇော်ကို ရထားကြိတ်သွားပြီလို့ ပြောသေးလို့လား ။ သန်းဇော်ကို
ရထားကြိတ်ခါနီးမှာ ငါက မျက်လုံး
မှိတ်လိုက်တာလေ ။ အဲဒီအချိန်မှာ ရထားဘေး မြက်ခင်းပေါ်မှာထိုင်နေတဲ့အောင်စိန်က
သန်းဇော်ဆီကို ပြေးဝင်သွားပြီး
ရထားမကြိတ်ခင်မှာပဲ လှမ်းဆွဲလိုက်နိုင်တယ် ။ အောင်စိန်ကလည်း စောစောကအထိ သန်းဇော်
နောက်နေတယ်ပဲထင်
တာ ။ ဒါပေမယ့် ဘယ်လောက်ပဲနောက်ချင်ဦးတော့ …ရထားကြိတ်ဖို့ စက္ကန့်ပိုင်းပဲကျန်တော့တဲ့အထိတော့
သန်းဇော်
မနေရဲဘူး ။ သန်းဇော်က ငါတို့အားလုံးထဲမှာ စိတ်အားအငယ်ဆုံးနဲ့ အကြောက်တတ်ဆုံးကောင်လေ
။ ဘယ်လိုလုပ်ပြီး
အဲဒီလောက် နောက်ရဲမှာလဲ ။ အဲဒီလို သိလိုက်လို့လည်း အောင်စိန်က သန်းဇော်ကို ပြေးဆွဲချလိုက်တာ
။ တော်တော်
သတ္တိရှိပြီး ဖျတ်လတ်တဲ့ကောင်မို့ပေါ့ကွာ ။ နို့မို့သာဆို သန်းဇော်ရဲ့ဘဝ မတွေးဝံ့စရာပဲ
။”
အော်လံက မောသွားပုံရသည် ။ တစ်ချိန်လုံး
သူ စိုက်ကြည့်နေခဲ့သောရေနွေးကြမ်းခွက်ကို ယူမော့သောက်လိုက်ပြီး စကား ဆက် ၏ ။
“ ငါတို့တတွေလည်း အဲဒီအခါမှ ကန်စွန်းခင်းထဲက ပြေးတက်လာပြီး သန်းဇော်ကို ဝိုင်းဆဲကြတာပေါ့
။ “မင်း…ဘာအရူးထ
တာလဲ ။ တော်တော်သေချင်နေလား ။ ဒါ နောက်စရာမဟုတ်ဘူး”…လို့ ဝိုင်းအော်ဆဲကြတော့မှပဲ
သန်းဇော် သတိဝင်
လာတယ် ။ သူ့ကို ဝိုင်းဆဲနေတဲ့ငါတို့ကို ပြူးကြောင်ကြောင်နဲ့ ငေးကြည့်ပြီး “
ငါ ဘာဖြစ်သွားတာလဲ ” လို့ ပြောရဲ့ ။ ငါတို့
လည်း နည်းနည်းလန့်သွားတာပေါ့ ။ သန်းဇော်ရဲ့ပုံစံက နောက်နေတာနဲ့မတူဘူး ။ နောက်ပြီး…စောစောကအခြေအနေ
မျိုးဆိုတာ တော်ရုံသတ္တိမျိုး ၊ တော်ရုံမိုက်ရူးရဲဆန်ပုံမျိုးလောက်နဲ့ နောက်ရဲမှာမဟုတ်ဘူး
။ သန်းဇော်က ငါ ပြောခဲ့သလို
ပဲ ။ အားလုံးထဲမှာ ကလေးလိုပဲ ။ ငကြောက်ကောင် ။ ဒီလိုကောင်က အဲဒီလို အသက်ဘေးကို
နှီးရင်းပြီး မနောက်ရဲတာ
သေချာတယ် ။ အဲဒီတော့မှ ငါတို့လည်း တော်တော်အံ့အားသင့်သွားပြီး “ မင်းကို ရထားကြိတ်မလို
ဖြစ်ခဲ့တာလေ…” လို့
ပြောပြလိုက်တော့မှ သူ တော်တော်လန့်သွားတယ် ။ ဟုတ်လို့လားကွာ-လို့ မယုံမရဲမေးတော့
ငါတို့က စောစောကအဖြစ်
အပျက်ကို ပြန်ပြောပြပြီး ထွက်သွားပြီဖြစ်တဲ့ရထားကြီးကိုလည်း လက်ညှိုးထိုးပြလိုက်မှပဲ
သူ ယုံသွားတယ် ။ ငိုလိုက်တာ
ဆိုတာ ကြူကြူကိုပါရော ။ အောင်စိန့်ကိုလည်း ကျေးဇူးတင်လွန်းလို့ အတင်းကို ဖက်ထားတာ
။ ငါတို့မှာလည်း သူ့ကို
ဆဲဖို့တက်လာတာ မဆဲရဘဲ ဝိုင်းနှစ်သိမ့်နေရတာလည်း အချိန်ကို ကုန်ရော ။ နောက်မှ
ဘာဖြစ်ခဲ့သလဲဆိုတာကို သူပြော
ပြလို့ ငါတို့ သိခဲ့ရတယ် ။ ရထားသံလမ်းပေါ်မှာ ဘာတွေရှိသလဲဆိုတာကိုရောပေါ့ ။”
အော်လံက ကိုရီးယားဇာတ်လမ်းတွဲ၏အထာကို
အပီအပြင်အတုခိုးထားဟန်တူသည် ။ ကောင်းခန်းရောက်မှ ဇာတ်လမ်းကို ဖြတ် ပစ်လိုက်ပြီး လက်ဖက်ရည်ဆိုင်ရှေ့ရှိလမ်းမကြီးဆီသို့
အဓိပ္ပါယ်မဲ့ငေးကြည့်နေလေသည် ။ အဓိပ္ပါယ်မဲ့လှသည်တော့ မဟုတ်ပါ ။ လမ်းမပေါ်မှာ ရောင်စုံပန်းကလေးများက
ကြွားကြွားရွရွ လမ်းသလားနေကြသည်ပဲကိုး ။
“ ဟိတ်ကောင်…ရထားသံလမ်းပေါ်မှာ ဘာတွေရှိသလဲ … ပြောဦးလေကွာ ။ ကောင်းခန်းရောက်မှပဲ
။”
စိတ်မရှည်သည့်ကျွန်တော်ကပဲ အလောတကြီးမေးလိုက်ရသည်
။ အော်လံက ထိုအခါမှ ကျွန်တော့်ဘက်သို့ စောင်းငဲ့ကြည့်ကာ ခေါင်းတညိတ်ညိတ်ပြုသည် ။ နောက်…အီဂျီမဲကို
လှည့်ကြည့်သည် ။
“ ပြောပြရင်ရော မင်းတို့က ယုံမှာကျလို့ ။ ဒီတော့ မပြောတာပဲ ကောင်းပါတယ်ကွာ ။
သန်းဇော် မသေဘူးပေါ့ ။ ငါတို့အားလုံး
လည်း ပုဇွန်လုံးဟင်းနဲ့ ထမင်းမြိန်ခဲ့တယ်ပေါ့ ။ ဒါဆို လျှို့ဝှက်သည်းဖိုဝတ္ထုတစ်ပုဒ်အနေနဲ့
မင်း ရေးလို့ရမှာပါ ။ ဒါပေမယ့်
တကယ့်ဖြစ်ရပ်အမှန်က ထူးခြားဆန်းကြယ်လွန်းလို့
ဂမ္ဘီရနွယ်တယ်လို့ ဆိုရမလားပဲ ။”
“ ကဲ…အော်လံ စာရေးတာ/မရေးတာ အပထား ။ ဇာတ်လမ်းကိုသာ အကုန်ပြောပြကွာ ။”
“ အေးလေ ။ ငါ့ကိုလည်း အဖက်လုပ်ပါဦး ။ ငါလည်း နားထောင်နေတယ်လေ ။”
အီဂျီမဲကပါ ဝင်ပြောမှ အော်လံက သက်ပြင်းကို
လေးလေးချလိုက်ပြီး…
“ ပြောပြရင် မင်းတို့ ယုံမှာမဟုတ်ဘူးကွ
။ ငါတို့တောင် ကလေးဘဝကမို့ ယုံကြည်ခဲ့ကြတာ ။ သန်းဇော်က ငိုယိုလို့ဝမှ
ငါတို့ မေးတာကို ဖြေတယ် ။ ငါတို့က မေးတယ်လေ ။ “ မင်း ဘာဖြစ်လို့ ရထားကြီးတစ်စီးလုံး
လာနေတာတောင် မရွံ့
မကြောက်ဘဲ ပေရပ်နေရတာလဲ”လို့ပေါ့ ။ သန်းဇော်ရဲ့အဖြေက တော်တော်အံ့သြဖို့ကောင်းတယ်ကွ
။ သူက ရထား
ကြီးကို လုံးဝမမြင်ဘူးတဲ့ ။ သူ မြင်တာက ရှင်လောင်းလှည့်နေတာတဲ့ကွ ။ မောင်ရင်လောင်းတွေက
မြင်းဖြူမြင်းညို
ချောကြီးတွေကို ကိုယ်စီစီးလို့ ။ အိုးစည်ဘုံမောင်းတွေကလည်း မြိုင်ဆိုင်နေတာပဲတဲ့
။ ကွမ်းတောင်ကိုင် ပန်းတောင်
ကိုင်တွေကလည်း လှလိုက်ချောလိုက်တာ
မပြောနဲ့တော့ ။ လူပျိုပေါက်အရွယ်ဆိုတော့ အချောအလှတွေကို ငေးကြည့်
နေလိုက်တာ အချိန်ကြာလို့ကြာမှန်း မသိလိုက်ဘူးတဲ့ ။ သူ မြင်နေတာက ရထားမဟုတ်ဘဲ
ရှင်လောင်းလှည့်နေတာ
တဲ့ကွာ ။ ငါတို့မှာ သန်းဇော်ရဲ့အပြောကို ယုံရခက်ခက်နဲ့ စဉ်းစားရကျပ်ခဲ့တာပေါ့
။ ရထားကြီးတစ်စီးလုံး လာနေရဲ့သား
နဲ့ ရှင်လောင်းလှည့်တယ်လို့ မြင်သတဲ့ ။ မယုံလို့လည်း မရပြန်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့
သူ့လို အင်မတန်လန့်တတ်
ကြောက်တတ်တဲ့ကောင်က ရထားကြီးလာနေတာကို ပြုံးတုံ့တုံ့လှမ်းကြည့်နေခဲ့တာကို ငါတို့အားလုံး
လှမ်းမြင်ခဲ့ရတယ်
လေ ။ မင်းတို့စဉ်းစားကြည့်စမ်း…ဝေယံ … မင်း ဘယ်လိုထင်လဲ ။ အဲဒါ…သူ့စိတ်က လှည့်ဖျားတာလား
။ ဒီလိုမှမဟုတ်…
သူကပဲ ငါတို့ကို နောက်ပြီး သပ်သပ်လျှောက်ပြောတာလား ။ ဒါမှမဟုတ်ရင် ပရလောကသားတွေရဲ့လှည့်စားချက်လား
။”
အော်လံက ထိုကိစ္စကို တွေးတွေးဆဆဖြင့် မေးလိုက်၍
ကျွန်တော်လည်း ဖြေရခက်သွားသည် ။ ရင်ထဲတွင် အဖြေရှိနေပြီဖြစ်သော် လည်း လူတကာ လက်ခံနိုင်လောက်မည့်အဖြေမျိုး
မဟုတ်သဖြင့် ထုတ်ဖော်မပြောဖြစ်ခဲ့ ။
“ ဒါကတော့ကွာ…အမျိုးမျိုး ကိုယ်ကြိုက်သလို တွေးလို့ရတာပေါ့ ။ သန်းဇော်က မင်းတို့ကို
နောက်ပြောင်ခဲ့တာလား ။
ဒါမှမဟုတ်
တကယ်တွေ့မြင်ခဲ့တာလားဆိုတာကိုတော့ သူ အသိဆုံးပဲနေမှာပေါ့ကွာ ။ ဒါပေမယ့် ငါ ယုံကြည်တာတစ်ခု
ကို ပြောရရင် ရထားသံလမ်းဆိုတဲ့နေရာမျိုး ၊ ကားလမ်းဆိုတဲ့နေရာမျိုးတွေက နတ်ကြီးတယ်
။ တစ်နည်းဆိုရရင် ပရ
လောကသားတွေ ဖြစ်တည်ဖို့အများဆုံးအခွင့်အရေးရှိတဲ့နေရာတွေဖြစ်လို့ အဲဒီလိုနေရာမျိုးတွေရောက်ရင်
ဘုရား ၊
တရား မမေ့တာ အကောင်းဆုံးပေါ့ကွာ ။ ကံနိမ့်နေမယ်ဆိုရင်တော့ မင်းသူငယ်ချင်းသန်းဇော်လိုအဖြစ်မျိုးကို
ကြုံနိုင်
ကောင်းကြုံနိုင်လိမ့်မယ်လို့ ထင်တာပဲ ။”
ကျွန်တော်က မတင်မကျဖြေလိုက်သောအဖြေကို
အီဂျီမဲက လက်မခံပါ ။ သရဲတစ္ဆေဆိုတာ လောကမှာ မရှိဘူး ။ ဒါဟာ သန်းဇော်ဆိုသောကောင်လေးရဲ့
အကွက်ချနောက်ပြောင်မှုဟု တစ်ဖက်သပ်ပြောဆိုလျက်ရှိသည်။
ကျွန်တော် သူနှင့်
မငြင်းတော့ ။ ငြင်းခုန်အော်ဟစ်မနေတော့ ။ သရဲအမှန် ရှိ/မရှိ သိရ၍လည်း ကျွန်တော်တို့အတွက်
အကျိုးထူးလိမ့်မည်မဟုတ် ။ အကယ်၍ ထိုအကြောင်းကို ငြင်းခုန်နေမှသာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကြီး၏မောင်းထုတ်မှုကို
ခံရ ကာ လက်ငင်းအကျိုးယုတ်သွားပေလိမ့်မည် မဟုတ်ပါလား ။
မည်သို့ပင်ဖြစ်ပါစေ
အော်လံ၏ကိုယ်တွေ့ဟုယူဆ၍ရသော ဤဖြစ်ရပ်ဇာတ်လမ်းကို အဆင်ပြေပြေနှင့် ဖတ်ရှု၍ကောင်း အောင်ရေးသားပြီး
စာဖတ်သူတို့ထံ တင်ပြရလျှင်ကောင်းမည်ဟု တွေးလိုက်မိရင်း လူသားအားလုံး ဥပစ္ဆေဒကံဖြင့်
အသက်ကုန် လွန်ရခြင်းဘေးမှ ကင်းဝေးကြပါစေဟု ဆုတောင်းခြွေမိပါတော့၏ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။