ငါ လာပြီဟေ့
( ၂၀၁၆ မေလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------------
ခုန်ပေါက်ပြေးဝင်လာသည့် ထိုအမျိုးသမီးကြီး၏ပုံပန်းသဏ္ဍာန်ကို
ယခုထက်တိုင် ကိုခင်မောင် မမေ့နိုင်သေး ။ သံကုန်ဟစ်အော်လျက် ပြေးချလာသူက ငယ်ငယ်ရွယ်ရွယ်ဆိုလျှင်
ထားဦးတော့…။ ခုများကျ ဆယ်ကျော်သက်အရွယ် လည်း မဟုတ် ၊ နှစ်ဆယ်ကျော်သက်အရွယ်လည်း မဟုတ်
။ သူ့အရွယ်ကြီးနှင့်မှ မလိုက်မဖက် ပြေးလွှားခုန်ပျံလာ လိုက်ပုံက ကိုခင်မောင်တို့ကာလသားတစ်သိုက်လုံး
ပါးစပ်အဟောင်းသား ဖြစ်သွားရသည်အထိ ။ ဖြစ်မည်ပဲလေ ။ သူတို့ထံသို့…
“ ငါ…လာပြီဟေ့…”
ဟုအော်ကာ
ပြေးချလာသူမှာ အသက်(၈၀)ကျော်အရွယ် အဘွားအိုကြီး ဖြစ်နေခဲ့သည်ပဲကိုး ။ သေချာပြန်တွေးကြည့်
လေ ထိုနေ့ည၏ဖြစ်ရပ်ဆန်းကြီးက သွေးပျက်ချောက်ချားချင်စရာကောင်းလေ ။ ထိုညဆိုတာ…ကိုခင်မောင်တို့
တစ္ဆေ ခေါ်ပွဲကျင်းပဖြစ်ခဲ့သည့်ည…။
@@@@@
ကိုခင်မောင်က အောင်လံဇာတိသားတော့ မဟုတ် ။ မွန်ပြည်နယ်
ဇင်းကျိုက်ရွာ(ယခု ဇင်းကျိုက်မြို့)တွင် နေထိုင် ကြီးပြင်းလာခဲ့သူ ။ သို့ပေသိ ဇနီးသည်နှင့်
အိမ်ထောင်ကျပြီးနောက် အလုပ်တာဝန်အရ အောင်လံဆိုသောဒေသသို့ ပြောင်းရွှေ့လာခဲ့ရသည် ။ အောင်လံ…ပူပြင်းချောက်သွေ့သလောက် အတိတ်နိမိတ်ကောင်းသောအမည်နာမဖြင့်
ရပ် တည်နေသည့်မြို့…။
ကိုခင်မောင်က ပျားလုပ်ငန်းဌာနမှ ဝန်ထမ်းတစ်ဦး
။ အစိုးရဝန်ထမ်းပီပီ တာဝန်ဝတ္တရားများကို မနိုင်ဝန်ထမ်းရ သည့်အချိန်အခါမျိုးတွေလည်း
ရှိခဲ့၏ ။ တော်သေးသည်ဟုဆိုရမည် ။ ကိုခင်မောင်က အပေါင်းအသင်းကောင်းသည် ။ တပည့်များနှင့်လည်း
ရင်းရင်းနှီးနှီး ခင်ခင်မင်မင်နေတတ်သောကြောင့် ကိုခင်မောင့်တပည့်တွေက ဆရာ့အတွက်ဆို
ဖင်ပေါ့ကြသည် ။ အားကိုးရသည်ဟုဆိုရမည် ။
ကိုစိုး ၊ ကိုသန်းအောင် ၊ ကိုတင်ကြီးတို့(၃)ဦးက
ကိုခင်မောင့်အိမ်ကို သူတို့စားအိမ်သောက်အိမ်လို သဘော ထားကြသလို ဆရာကတော်ကိုလည်း အစ်မလိုပဲ
စိတ်မှာ မှတ်ကြသည် ။ တစ်ခါတစ်ရံ အလိုက်မသိစွာ လာရောက် စားသောက်နေကြသော-သူတို့(၃)ယောက်ကို
ကိုခင်မောင့်ဇနီးက စိတ်မထင်၍ ဆူဆဲလျှင် တဟဲဟဲရယ်မောနေကြ စမြဲ ။
တစ်နည်းဆိုရလျှင် ဆရာဖြစ်သူ-ကိုခင်မောင်နှင့်တပည့်ကြီး(၃)ဦးတို့က
ညီအစ်ကိုများပမာ ရင်းနှီးကျွမ်းဝင်လှ၍ လည်း ယခုကဲ့သို့ မကြံအပ်မစည်ရာ-တစ္ဆေခေါ်မည့်ကိစ္စကို
စုပေါင်းလုပ်ကိုင်ဖြစ်ခဲ့ကြခြင်းဖြစ်သည် ။ မလုပ်သင့်မှန်း သိလျက်သားနှင့် အရက်၏ဖျက်ဆီးမှုကြောင့်လည်းကောင်း
၊ ကိုစိုး၏သွေးထိုးမြောက်ပင့်မှုကြောင့်လည်းကောင်း ကိုခင်မောင်ကလည်း ဆရာပီပီ တားမြစ်မည်မရှိဘဲ
ကြံရာပါဖြစ်ခဲ့သည် ။ တစ္ဆေခေါ်ပွဲကြီးမှာ ကြံရာပါခဲ့ရသည် ။
မှတ်မှတ်ရရ ထိုနေ့က ရုံးပိတ်ရက် ။
ဇနီးသည်က
မုန်ဖတ်သုပ်လုပ်ကျွေး၍ ကိုခင်မောင် ဗိုက်အင့်သည်အထိ အပြတ်တီးလျက်ရှိစဉ် တပည့်ကြီး(၃)ဦး
ရောက်လာသည် ။ အစ်မ-ကျွန်တော်တို့ကိုလည်း ကျွေးဦးလေဗျာ-ဟု
အစားကြီးသူ-ကိုတင်ကြီးက အားမနာတမ်း တောင်းဆိုသည် ။ ကိုခင်မောင့်ဇနီးကလည်း သူ့မောင်တွေအကြောင်း
သိနေပြီမို့ နှစ်ခါ မပြောရဘဲ မုန့်ဖတ်သုပ်ကို ခပ်မြန်မြန်သုပ်ကျွေးလိုက်သည် ။
“ အမလေး…ကောင်းလိုက်တာဗျာ ။ ဒါ…ခရမ်း-မုန့်ဟင်းခါးလက်သုပ်
မဟုတ်လား ။”
ကိုသန်းအောင်က
အပ်ကျမတ်ကျ ဆိုသည် ။ ဟုတ်တာပဲလေ ။ ကိုခင်မောင့်ဇနီးက ခရမ်းသူ(ခရမ်းမြို့နယ်သူ)ဖြစ်ရာ
ခရမ်းမုန့်ဟင်းခါးလက်သုပ်ကို ကောင်းကောင်းသုပ်တတ်သည် ။ ခရမ်း-မုန့်ဟင်းခါးလက်သုပ်ကလည်း
စားဖူးသော အခြားမုန့်ဖတ်သုပ်များနှင့် မတူ ၊ တမူးထူးကာ ကောင်းမွန်လွန်းသည်ပဲလေ ။
“ ဟေးဟေ့…ငသန်းတို့များ အစားအသောက်ဆို အူမချေးခါး
မကျန် အကုန်သိပဲ ။ အလုပ်ဆိုရင်သာ ဘာမှမသိ
တာ ။ သတ္တိကလည်း မရှိ ။ မင်းက ယောက်ျားဖြစ်ရမှာမဟုတ်ဘူး
၊ မိန်းမဖြစ်ရမှာ…”
ကိုစိုးက
ထုံးစံအတိုင်း ကိုသန်းအောင်ကို နောက်သည် ။ ကိုသန်းအောင်ကလည်း မုန့်ဖတ်သုပ်စားနေရင်း
ရှူးရှူးရှဲရှဲ ဖြစ်သွားသည် ။ ငရုတ်သီး စပ်သွား၍ မဟုတ် ၊ ကိုစိုး၏စကားကြောင့် ဒေါသထွက်သွားခြင်းသာ
။
“ အောင်မာ…ငစိုးနော် ။ ငါ့ဆို မကောင်းပြောဖို့ချည်းပဲ
။ ဘာဆိုင်လို့ ငါက မိန်းမဖြစ်ရမှာလဲ ။ ငါက သတ္တိမရှိဘူး
ပြောရအောင် မင်းကရော ဘယ်လောက်များ သတ္တိရှိနေလို့လဲ
။”
ကိုသန်းအောင်က
ထိုသို့မေးလိုက်သည့်အခါ ကိုစိုးလည်း သူ လိုချင်သည့်အကွက်ထဲ ဝင်ပြီဟုတွေးကာ ကြိတ်ပြုံးပြုံး
လိုက်ပြီး…
“ ရှိသပါ့ကွာ ။ သိပ်ရှိ…။ မယုံရင် ဒီည ငါ သရဲခေါ်ပြမယ်
။ မင်းလည်း ပါလေ ။ မင်းသာ ယောက်ျားဆိုရင်ပေါ့ ။”
ကိုစိုး၏စကားကြောင့်
ကိုသန်းအောင် တွေဝေသွားသည် ။ ဘာပြောရမှန်း မသိ ၊ ပါးစပ်ဟစိဟစိဖြစ်သွား၏ ။ ထိုစဉ် တစ်ချိန်လုံး
နားစွင့်နေသူ-ကိုခင်မောင်က…
“ ဟိတ်ကောင်တွေ…တော်ကြစမ်းပါကွာ ။ မင်းတို့ဟာလေ…ကျီစားသန်-ရန်များချိမ့်-ဆိုတဲ့စကားပုံအတိုင်းပဲ
။
တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့စကား မပြောကြနဲ့ပေါ့
။”
“ အာ…ဆရာကလည်း…ဒီကောင်က ငကြောက် ဆရာရဲ့ ။ သရဲခေါ်ရင်
သူ လိုက်ရဲမှာမဟုတ်မှန်းသိလို့ တမင်
ပြောလိုက်တာ ။ သူလား လိုက်ရဲမှာ ။ သရဲဆိုတဲ့အသံ
ကြားရုံနဲ့ဆို ရှူးရှူးထွက်ချင်နေတဲ့ကောင် ။”
“ သြော်…မောင်စိုး…မင်းဟာက ပြောလေဆိုးလေပါလား ။”
“ ဆရာရယ်…မောင်စိုးပါဆိုနေမှတော့ ပြောလေဆိုးလေပဲဖြစ်မှာပေါ့…”
အရေးထဲ
ကိုတင်ကြီးကပါ ရယ်ရွှန်းပက်ရွှန်းဝင်ချွန်တွန်းသည် ။ ကိုစိုးလည်း ဆရာသမားရော ကိုတင်ကြီးကပါ
သူ့ကို ဝိုင်းအပြစ်ပြောနေ၍ နိုင်ရာကိုသာ မဲတော့သည် ။
“ ငသန်း…မင်းကြောင့် ငါ အပြောခံရတာ ။ မင်း သတ္တိ
မရှိလို့ ။”
“ ဟာ…ဘာဆိုင်လို့တုံး ။ မင်းဘာသာမင်း ရန်လာစလို့
အပြောခံရတာ ။”
“ အာကွာ…ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငကြောက်ဆိုတာကို
ဝန်ခံရမယ် ။ မဟုတ်ရင် သရဲခေါ်တာကို လိုက်ခဲ့ ။ ဒါပဲ ”
ကိုစိုးက
တစ်ချိန်လုံး ထိုစကားချည်း ပြောနေသဖြင့် ကိုခင်မောင်လည်း တားမြစ်မနေတော့ဘဲ စားစရာရှိတာ
စားနေ လိုက်သည် ။ ခဏကြာတော့ ကိုသန်းအောင်က ကိုစိုး၏ထိုးဆွမှုများကို မခံနိုင်တော့၍ထင်…
“ ကဲ…မင်းသာ သရဲခေါ်ရဲတယ်ဆိုရင် ငါက ဘာလို့မလိုက်ရဲရမှာလဲ
။ ကြောက်တတ်ရင် ရန်ကင်း-ဆိုလို့ ကြောက်
ချင်ယောင်ဆောင်နေတာကွ ။ ပြော…ဘယ်နေ့ လိုက်ရမလဲ
။”
ဟု
ကမူးရှူးထိုးထအော်သည် ။ ကိုစိုးလည်း သူ့အကွက်ထဲသို့ ကိုသန်းအောင် တည့်တည့်ကြီးတိုးဝင်လာသောကြောင့်
ကျေနပ်သွားကာ…
“ ဒီနေ့ညပဲ သရဲခေါ်မယ် ။”
ဟု
ခပ်ကြွားကြွား အော်လိုက်၏ ။ တစ်ဆက်တည်းမှာပဲ ဆရာဖြစ်သူ ခွင့်ပြုပါ့မလားဟူသောသဘောဖြင့်
ကိုခင်မောင့် ဘက်သို့ မျက်နှာငယ်လေးနှင့် လှည့်ကြည့်သည် ။
အစပိုင်း၌ ကိုခင်မောင် တားမြစ်ရန် စိတ်ကူးမိသေးသည်
။ ကိုယ်နှင့်မဆိုင်သည့်လောကသားများကို ပတ်သက်ရန် မသင့်ဟု တပည့်များအား ပြောရန် ပြင်လိုက်သည်
။ သို့သော်…ကိုခင်မောင်ကိုယ်၌က တစ္ဆေခေါ်ပွဲကို ဘယ်လိုပုံစံလဲ သိချင်နေသည်ပဲကိုး ။
နောက်ပြီး သူတို့တွေ အခြေအတင်ပြောဆိုနေခိုက်
ဇနီးသည်ကလည်း နောက်ဖေးဘက် ထွက်သွားသည့်အချိန် ဆိုတော့ ပို၍အဆင်ပြေသွားသည် ။ တစ္ဆေခေါ်ပွဲအကြောင်းကို
ဇနီးသည်သာ သိလျှင် သေချာပေါက် တားမြစ်မည် သာ ။ အလိုလိုနေရင်း ကိုခင်မောင်လည်း ကြံရာပါဖြစ်သွားခဲ့ပြီ
။
ကိုခင်မောင်က တစ္ဆေသရဲပေတလောကသားများကို ယုံကြည်လှသည်
မဟုတ်သော်လည်း စိတ်ဝင်စားမှုတော့ ရှိသည် ။ သူတို့ဟာ ဘယ်လိုပုံပန်းသဏ္ဍာန်လဲဆိုတာလည်း
သိချင်မိသည် ။ သိပ်လည်းမကြောက်တတ်သူမို့ လိုက်ရဲပါ ၏ ။ လုပ်ထုံးလုပ်နည်းများကို မသိပေမဲ့
ဆရာပီပီ နံဘေးမှစောင့်ကြည့်ကာ မဖြစ်သင့်တာ မဖြစ်ရအောင် စောင့်ရှောက် မည်ဟု တွေးထားလိုက်သည်
။
သို့ကြောင့် တပည့်များက ဒီနေ့ည တစ္ဆေခေါ်ချင်တယ် ဆရာ-ဟု ခွင့်တောင်းလာသည့်အခါ
အေးအေးလူလူပင် ခွင့်ပြုပေးလိုက်တော့သည် ။
@@@@@
ဇီးပင်အိုကြီးက လေမတိုက်ပါဘဲ တရှဲရှဲအော်မြည်လှုပ်ရမ်းနေသယောင်
။ စိတ်၏ချောက်လှန့်မှုပေလား မဆို တတ် ။ နေရာက ကိုခင်မောင်တို့ဌာနဝင်း၏အပြင်ဘက် ရှေးဟောင်းသင်္ချိုင်းကုန်းတစ်ခု၏နယ်နိမိတ်အစပ်နားတွင်
ဖြစ် သည် ။
အချိန်က ည(၉)နာရီ ။
နေရာရော
၊ အချိန်ကပါ အသင့်ဖြစ်နေပြီမို့ ကိုခင်မောင်တို့အားလုံး ရဲဆေးတင်သည့်အနေဖြင့် အရက်ကို
ကိုယ်စီ မော့ လိုက်ကြ၏ ။
ထိုစဉ်က ကိုခင်မောင်၏အသက်(၃၀)ဝန်းကျင်သာ ရှိသေးသည်
။ တပည့်များအနက် ကိုတင်ကြီးတစ်ယောက် သာ (၂၅)နှစ်(အသက်အစိတ်)ခန့်ရှိပြီဖြစ်၍ ကျန်နှစ်ယောက်ကမူ
(၁၈)/(၁၉)ဝန်းကျင်သာရှိကြသေးရာ ငယ်ရွယ်သူ များပီပီ မည်သည့်အရာကိုမဆို စူးစမ်းလိုသည့်အရွယ်တွေဟု
ဆိုရမည် ။ ယခုလည်း ကိုစိုးတစ်ယောက် မည်သို့ သိရှိ လာသလဲ မပြောတတ် ။ သရဲခေါ်မည့်အတတ်ကို
စတင်ရန် ဟန်ပြင်လေသည် ။
ကိုစိုးက အရက်အရှိန်ကြောင့် နီမြန်းစပြုနေပြီဖြစ်သော-မျက်လုံးကြီးများဖြင့်
ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက် ပြီး ခပ်ထေ့ထေ့ပြုံးလိုက်၏ ။
မိုးသက်လေများကမူ ကိုစိုး၏အကြံအစည်ကို ပံ့ပိုးကူညီနေသည့်အလား
ဆိုးခနဲဆတ်ခနဲ တိုက်ခတ်လိုက်လေရာ ကိုခင်မောင်အပါအဝင်ကျန်လူအားလုံး ကြက်သီးတဖြန်းဖြန်းထသွားကြသည်
။ ကိုခင်မောင်၏စိတ်ထဲ ကြောက်ရွံ့မှုတို့ ပိုကဲလာခြင်းမရှိသော်ငြား လုပ်မှလုပ်သင့်ရဲ့လား-ဟု
သံသယတော့ ဖြစ်နေမိသည် ။
ဟုတ်တာပဲလေ ။ ယုံသည်/မယုံသည် အပထား ၊ ကိုယ်နှင့်
မဆိုင်သည့်ကိစ္စကို ဇွတ်အတင်း သွားရောက် ပတ်သက်ခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်သလိုများ
ဖြစ်နေမလား ။ သို့သော်…တားမြစ်ရန် အချိန်က နောက်ကျသွား ခဲ့ပြီ ။
ခဏအကြာ၌ ကိုစိုး၏ အရက်စွက်နေသောကြောင့် လေးလံနေသည့်-လျှာသံအာသံကြီးက
တိတ်ဆိတ်ငြိမ်ဝပ်နေ သောပတ်ဝန်းကျင်ကို ခွင်းဖောက်ကာ ထွက်ကျလာသည် ။
“ ဟေ့…တစ္ဆေသရဲတွေ…ငါ နင်တို့နဲ့ ကစားချင်တယ် ။
ဒီစားပွဲဆီကို လာခဲ့ကြစမ်း…”
- မကြောက်မရွံ့ ပြောဝံ့လိုက်ပုံများ…ကြည့်စမ်းပါဦး
။ မသိရင် သရဲတွေက သူ့ယောက်ဖတွေ ကျနေတာပဲ ။
ရိုရိုသေသေ
ပင့်ဖိတ်လိမ့်မည်ဟု မျှော်လင့်ထားမိသူ-ကိုသန်းအောင်လည်း ကိုစိုး၏စကားသံကြောင့် သွေးလန့်သွားခဲ့ရ
ပြီ ။ ယခုချိန်ကျမှ နောက်လှည့်ပြေးလျှင်လည်း ပို၍သိက္ခာကျမည့်အတူတူ မထူးတော့ဟုတွေးကာ
ဇွတ်ပေကာ ရပ်နေ လိုက်ရပေမဲ့ ရင်ထဲမှာတော့ တဒိန်းဒိန်း ။ နှလုံးခုန်ရင်တုန်သံက သောသောညံနေပါပေါ့
။
“ ဟေ့…သရဲတွေ…လာဆိုလာလေ…ဘယ်ချောင်မှာ သွားပုန်းနေကြသလဲ
။ ဒီမှာ ဆော့ချင်လို့ပါဆိုနေမှ ။ မြန်မြန်
လာကြစမ်း ။ ဒီစားပွဲပေါ်ကို မြန်မြန်လာခဲ့ကြစမ်း
…”
ကိုစိုးက
တစ်ခါခေါ်ပြီး စောင့်ကြည့်သည့်တိုင် ဘာတစ်ခုမျှ ထူးခြားမလာသဖြင့် နောက်တစ်ကြိမ် ထပ်ခေါ်သည်
။ စားပွဲ ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည် ။
ထိုစားပွဲက တစ္ဆေခေါ်ပွဲအတွက် အထူးပြင်ဆင်ထားသောစားပွဲဖြစ်၏
။ (ယခုခေတ် မြို့သူမြို့သားတို့မြင်တွေ့ဖူး ရန် မလွယ်ကူသည့်) ခြေထောက်တိုလေးချောင်းထောက်-သစ်သားစားပွဲဝိုင်းလေးဖြစ်သည်
။ ခြေထောက်အရှည်မှာ တစ်တောင်သာသာခန့်သာ မြင့်ပြီး စားပွဲ၏ဗြက်အကျယ်ကမူ နှစ်တောင်ခွဲပတ်လည်ခန့်ရှိမည်
။ တောသူတောင်သား အများစုကတော့ ထိုကဲ့သို့ စားပွဲမျိုးဖြင့်သာ ထမင်းဝိုင်းဖွဲ့စားလေ့ရှိ၏
။
ထိုစားပွဲက ကိုတင်ကြီး ပိုင်သည့်စားပွဲ ။ တစေ
္ဆခေါ်ပွဲ၌ စားပွဲတစ်လုံး လိုအပ်သည်ဟုဆို၍ ကိုတင်ကြီး သယ်ယူ လာခဲ့ခြင်းဖြစ်သည် ။ ထိုစားပွဲကို
မြေပြင်တွင် ချထားကာ ခြေထောက်(၃)ချောင်း၌ အုတ်ခဲတစ်လုံးစီ ခုထားပြီး ခြေ(၁) ချောင်းကိုမူ
သည်အတိုင်း လွှတ်ထားသည် ။ အကယ်၍ ထိုစားပွဲသို့ ခေါ်ငင်သောတစ္ဆေ ရောက်ရှိလာပါက စားပွဲကို
လှုပ်ပြရမည်ဖြစ်သည် ။
သို့သော်…စားပွဲကို လှုပ်မည့်သူ မရှိ ။ (၁၅)မိနစ်ခန့်ကြာသည့်တိုင်
မည်သည့်တစ္ဆေမှ ရောက်လာခြင်း မရှိပေ ။ စားပွဲခုံကလည်း သည်အတိုင်း…။ အားလုံးလည်း ကြောက်စိတ်ကင်းကာ
ပြုံးစိစိဖြစ်နေကြပြီ ။ ကိုစိုးတစ်ယောက်သာ အရှက်ကွဲ၍ စိတ်တိုနေသည် ။
“ တောက်…ဖေလွှားမသရဲ…လာပါဆိုတာ မလာဘူး ။”
ကိုစိုးက
ခေါ်မရသဖြင့် အယုတ္တအနတ္တတို့ ဆဲရေးတိုင်းထွာကာ အော်ဟစ်လေသည် ။
ကိုသန်းအောင်နှင့်ကိုတင်ကြီးကတော့ ကိုစိုး
ဆဲလေ ရယ်ချင်လေပင် ။ ဆဲဆိုခြင်းကို မနှစ်သက်သူ-ကိုခင်မောင် ကမူ ကိုစိုးကို ဟန့်ရန်
ပြင်သည် ။ မူးမူးနှင့်ရမ်းနေသော-တပည့်များကို ထိန်းသိမ်းကာ အိမ်ပြန်ရန် စိတ်ကူးမိသည်
။ ထိုစဉ်…
“ ငါ လာပြီဟေ့…ငါ လာပြီဟေ့…”
အာခေါင်ခြစ်
ဟစ်လိုက်သော အော်သံနက်ကြီးကြောင့် ကိုခင်မောင်အပါအဝင် သူတို့အားလုံး မျက်လုံးမျက်ဆံ
ပြူး ကျယ်သွားခဲ့ရပြီ ။
- ဘာသံပါလိမ့်…။
အသံက
သိင်္ချိုင်း၏တစ်ဖက်မှ ထွက်ပေါ်လာခြင်းဖြစ်သည် ။ ပတ်ဝန်းကျင်တစ်ခွင်လုံး လရောင်အလင်းမှလွဲ၍
မှောင် မည်းနေသဖြင့် မည်သူမည်ဝါမှန်း မသိရ ။ သို့ပေမဲ့ အသံက ချောက်ချားချင်စရာကြီးမို့
တပည့်တွေ မဆိုထားနှင့် ၊ ကိုခင်မောင်ပင် ရင်တုန်ပန်းတုန်ဖြစ်သွားရ၏ ။
“ ဘယ်…ဘယ်သူလဲဗျ ။”
ကိုခင်မောင်က
အသံလာရာဆီသို့ လှမ်းအော်မေးသည် ။ သို့သော် မေးမြန်းသံပင် မဆုံးသေး…ကဆုန်ပေါက် ပြေးဝင်
လာသူတစ်ယောက်ကြောင့် ကိုခင်မောင်တို့အားလုံး ကြက်သေသေသွားရသည် ။
ကိုခင်မောင်တို့ရှိရာဆီသို့ ဝရုန်းသုန်းကားခုန်ပေါက်ပြေးချလာသူက
အမယ်အိုကြီးတစ်ယောက် ။ အသက်အား ဖြင့်(၇၀)/(၈၀)ကျော်အရွယ် အဘွားအိုတစ်ယောက်က…
“ ငါ…လာပြီဟေ့…ငါ လာပြီဟေ့…”
ဟု
အသံနက်ကြီးဖြင့် ဟစ်ကာ ကိုခင်မောင်တို့ဆီသို့
ခုန်ပေါက်ပြေးဝင်လာခြင်းဖြစ်သည် ။
- ဘယ့်နှယ်ဟာကြီးပါလိမ့် ။ ဒီအရွယ်က
ဒီလိုခုန်ဟယ်ဟစ်ဟယ်မဆိုထားနဲ့ ၊ အသက်ကိုပင် ယဲ့ယဲ့ရှူနေရမယ့်အနေ
အထား ။ ခုများတော့ အသံနက်ကြီး ဟစ်ကာ ပြေးချလာနေပုံထောက် -
ကိုခင်မောင်
ရုတ်ချည်း သဘောပေါက်လိုက်သည် ။ ထိုအဘွားအိုဟာ သာမန် မဟုတ်လောက်ပြီ ။ ထိုသို့ သဘော ပေါက်လိုက်သည့်အခိုက်မှာပဲ
ထိုအဘွားအိုက ကိုခင်မောင့်အနားရောက်လာပြီး အပါးမှစားပွဲခုံပေါ်သို့ ဝုန်းခနဲခုန်တက်
လိုက်လေ၏ ။
@@@@@
အစကတော့ ကိုခင်မောင် နောက်ကြောင်း ပြန်ပြေးမလို့ပါပဲ
။ သို့ပေမဲ့ ဟန်ကိုယ်ဖို့-တွေးကာ ကြောက်ကြောက် နှင့် ဆက်ရပ်နေလိုက်တော့ အမယ်အိုကို
ထင်ထင်ရှားရှားမြင်ရသည့်အနေအထားသို့ ရောက်ခဲ့၏ ။
- အဘွားအိုက တစ္ဆေလူယောင်ဆောင်ထားခြင်းပေလား…ကျတ်ဖုတ်ပြိတ္တာမကောင်းဆိုးဝါးများလား…
မဟုတ်ပါ
။ တစ်ခုမျှ မဟုတ်ခဲ့ ။ သေချာအောင် စောင့်ကြည့်နေလိုက်သည့်အခါ ထိုအမယ်အိုမှာ အခြားသူ
မဟုတ်ဘဲ ရပ်ကွက်ထိပ်အိမ်တွင် နေထိုင်သူ ဘွားတင်ကြွယ်ဖြစ်နေပါပကော ။
“ ဟာ…အဘွား…ဘွားတင်ကြွယ်…”
“ ဘာဘွားတင်ကြွယ်လဲ ။ ငါ နင်တို့နဲ့ ဆော့ဖို့လာတာ
။ နင်တို့ပဲ ခေါ်ပြီးတော့…”
အဘွားအိုက
သြရှရှအသံကြီးနှင့်ဆိုသည် ။ တစ်ကိုယ်လုံးလည်း တုန်ယင်နေ၏ ။ ခုန်ပေါက်ပြေးဝင်လာစဉ်ကလည်း
အသက်(၈၀)ကျော်အရွယ်ဟု မထင်ရလောက်အောင် လျင်မြန်လွန်းသည် ။
ကိုခင်မောင် နားမလည်နိုင်တော့ ။ တေစ ၦသရဲက
လူယောင်ဖန်ဆင်းထားခြင်းလည်း မဖြစ်နိုင် ။ အဘယ့်ကြောင့် ဆိုသော် သည်အဘွားကို ကိုခင်မောင်
သိသည် ။ သည်အဘွားက နာတာရှည်ရောဂါသည်ကြီး ။
“ ဒါ…ဒါ…သရဲပူးတာ ဆရာရေ ။ အဘွားကို ဝိုင်းချုပ်ကြ
။ ကျွန်တော့်မှာ သိမ်ဝင်ပုတီးပါတယ် ။”
ကိုခင်မောင်က
ဘွားတင်ကြွယ်ကို တအံ့တသြငေးကြည့်နေမိခိုက် နောက်တော်ပါးမှာ ရပ်နေသူ-ကိုစိုးက ဗိန္ဓောဆရာ
လေသံဖြင့် ထအော်သည် ။ သူ့စကား မှန်သလား/မမှန်သလား ကိုခင်မောင် မသိပေမဲ့ ဘာဆက်လုပ်မလဲသိချင်၍
စောင့်ကြည့်နေမိတော့ ကိုသန်းအောင်နှင့်ကိုတင်ကြီးတို့က အဘွားအိုကို ဝင်ချုပ်ကြသည် ။
အံ့သြစရာ ။ အသက်(၈၀)ကျော်အဘွားအိုက တယ်သန်မာနေပါလား
။ ယောက်ျားရင့်မာကြီးနှစ်ဦး အတင်းဝင် ချုပ်တာတောင် ရုန်းကန်နိုင်နေသေးသည် ။
“ လွှတ်ကြစမ်း…နင်တို့ပဲ ငါ့ကို ခေါ်ပြီးတော့…ငါ
ဆော့ဖို့လာတာလေ ။”
အဘွားအိုက
ရုန်းကန်အော်ဟစ်နေသည် ။ ကိုခင်မောင်လည်း ဘာလုပ်၍ဘာကိုင်ရမှန်း မသိသဖြင့် နံဘေးမှာပဲ
ရပ် ကြည့်နေမိ၏ ။ ကိုခင်မောင့်တစ်သက် ဤကဲ့သို့ဖြစ်ရပ်မျိုး တစ်ခါမျှ မကြုံခဲ့ဖူးချေ
။ အံ့သြလွန်းသဖြင့် ကြက်သေသေ နေသည်ဟုဆိုရမည် ။
ဒါမျိုးကျ ဒေသခံဖြစ်သော-ကိုစိုးတို့ကိုတင်ကြီးတို့က
နားလည်တတ်သိကြသည် ။ အဘွားအိုကို ဝင်ချုပ်ကာ သိမ် ဝင်ပုတီးဟုဆိုသောပုတီးနှင့် ဦးခေါင်းမှ
စွပ်ချလိုက်သည် ။ တကယ့်ကို အံ့သြဘနန်းဖြစ်ရပ်ပါပဲ ။ ထိုသို့ သိမ်ဝင်ပုတီး နှင့် စွပ်ချလိုက်သည်နှင့်တပြိုင်နက်
စောစောက ရုန်းကန်ဟစ်အော်နေသော-အဘွားအိုလည်း နေရာမှာပဲ ပုံခနဲ ခွေလဲ ကျသွားပါတော့သည်
။
@@@@@
နောက်တစ်နေ့ အဘွားအို သတိရလာပြီဟူသော သတင်းကြားရမှ
ကိုခင်မောင်တို့လည်း သက်ပြင်းချနိုင်သည် ။ ဘွားတင်ကြွယ်၏သား-ဦးတိုးခမျာ ညနက်ချိန်
အိပ်ခါနီး၌ အိမ်ပေါ်မှ ပြေးချသွားသော-အမေဖြစ်သူ၏လုပ်ရပ်ကြောင့် လည်းကောင်း ၊ နာရီဝက်ခန့်အကြာ
သတိလစ်ပျော့ခွေနေသော-အမေဖြစ်သူကို လာရောက်ပို့ဆောင်ကြသော ကိုခင် မောင်တို့လူတစ်သိုက်ကြောင့်လည်းကောင်း
အံ့အသြကြီးအံ့သြနေပေသိ မအေ သတိပြန်လည်လာအောင် ကုသနေ ရသည်ကြောင့် ဘာဖြစ်ခဲ့သလဲဆိုတာကို
မမေးမြန်းလိုက်မိ ။ ယခုထက်တိုင် အကဲမခတ်နိုင်ရှိနေလေသည် ။
ဖြစ်ရပ်မှန်ကို ကိုခင်မောင်တို့လူစုသာလျှင် သိသည်
။ ထိုနေ့ညက သင်္ချိုင်းကုန်းအနီး၌ တစ္ဆေခေါ်ပွဲ ကျင်းပမိရာ ထိုအနီးအနားမှမမြင်အပ်သူတို့သည်
ကိုခင်မောင်တို့ခေါ်ငင်ရာဆီသို့ သည်အတိုင်း လာရန် မဖြစ်နိုင်သဖြင့် ဘွားတင် ကြွယ်ကို
ဝင်ရောက်ပူးကပ်ခဲ့ဟန်တူသည် ။ သို့မဟုတ် ကိုခင်မောင်တို့လူစု၏ရင့်သီးမှုကို ပညာပြလို၍
ထိုအဘွားအို ကို အသုံးချခဲ့လေသလား…ဒါကတော့ ပူးကပ်သူကိုယ်တိုင်သာလျှင် သိလိမ့်မည် ။
မည်သို့ပင်ဖြစ်စေ…လူငယ်များကို မတားမြစ်ဘဲ စူးစမ်းလိုစိတ်ဖြင့်
တစ္ဆေခေါ်ပွဲကို မပိတ်ပင်ခဲ့မိသော-ကိုခင်မောင် လည်း ထိုတစ်ကြိမ်မျှဖြင့် ကြီးစွာအသိတရား
ရလိုက်ပါပြီ ။ နောက်နောင် ကိုယ်နှင့်မဆိုင်သော-လောကသားတို့ကို တမင်တကာ သွားရောက်ပတ်သက်ရန်
စိတ်ကူးမိတော့မည် မဟုတ်ပါချေ ။ အကယ်၍ စိတ်ကူးမိခဲ့လျှင်တောင်…
“ ငါ လာပြီဟေ့…”
ဟုအော်ကာ
ပြေးဝင်လာသော အသက်(၈၀)ကျော်အဘွားအို၏ပုံသဏ္ဍာန်ကို ပြန်လည်မြင်ယောင်မိကာ နောက်တစ် ကြိမ်
အတတ်စမ်းရန် ဝံ့တော့မည် မထင် ။ ဘီလူးစည်း-လူစည်း-ဆိုသည့်အတိုင်း သူ့ဘဝနှင့်သူ ၊ ကိုယ့်ဘဝနှင့်
ကိုယ် နေထိုင်ခြင်းဟာ အကောင်းဆုံးပင် မဟုတ်ပါလား ။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။