မြန်မာ့စာပေသမိုင်းထဲက သူရဲကောင်းများ (၁)
မကြွေသင့်ဘဲ ကြွေလွင့်ခဲ့သော ကြယ်တစ်ပွင့်
( ၂၀၁၆ ဇူလိုင်လ(၂၄)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )
ဂါဦးနွန်းကို .... ရေးသည် ။
-------------------------------------------------------------------------------------------------
ကျွန်မရဲ့ငယ်ဘဝကို
လွှမ်းမိုးခဲ့တဲ့ စာရေးဆရာအမြောက်အမြား ရှိပါတယ် ။ စာပေဝါသနာရှင် မိဘနှစ်ပါးရဲ့လမ်းပြမှု
ကြောင့်ထင်…ကျွန်မငယ်စဉ်က မြတ်နိုးခဲ့ရတဲ့စာရေးဆရာတွေဟာ တစ်ခေတ်တစ်ခါကပုဂ္ဂိုလ်တွေသာ
ဖြစ်နေပါတယ် ။ ဥပမာ ဦးဖိုးကျား ၊ ဇော်ဂျီ ၊ မင်းသုဝဏ် ၊ ပီမိုးနင်း ၊ မောင်ထင် ၊ ရွှေဥဒေါင်း
၊ သော်တာဆွေ ၊ ဇဝန ၊ ဒဂုန်ရွှေမျှား...အစရှိတဲ့ ဆရာကြီးတွေ ပေါ့ ။
ဒါပေမဲ့ နာမည်ကြားရုံနဲ့တင်
ကျွန်မရင်ထဲ ဆို့နစ်ကြေကွဲသွားစေတဲ့ စာရေးဆရာကတော့ တစ်ယောက်တည်းသာ ရှိပါ တယ် ။ သူက
မကြွေသင့်ဘဲ ရင်နာဖွယ် ကြွေလွင့်ခဲ့တဲ့ ကြယ်တစ်ပွင့် ။ ‘ဝဇီရာတင့်’ ‘နေရပ်-ချောင်-က
လူမည်-မောင်ဝ’အစရှိတဲ့-ကလောင်အမည်တို့အပါအဝင် ကလောင်အမည်(၅၇)ခုခန့်နဲ့ စာအမျိုးမျိုးရေးသားခဲ့တဲ့
စာရေးဆရာကြီး-သိပ္ပံမောင်ဝပဲ ဖြစ်ပါတယ် ။
ကျွန်မ ကောင်းကောင်းမမှတ်မိတော့ပါဘူး
။
‘သိပ္ပံမောင်ဝ’ဆိုတဲ့နာမည်ကို
ငယ်စဉ်ကတည်းက ရင်းနှီးနေခဲ့ပေမဲ့ ကျောင်းသင်ခန်းစာကတဆင့် စွဲမြဲခဲ့တာလား ၊ ဒါမှ မဟုတ်
ပြင်ပဗဟုသုတစာပေများကတဆင့် စိမ့်ဝင်ခဲ့ခြင်းလား ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ…တိုတိုတုတ်တုတ်
သွက်သွက်လက်လက်အရေးအဖွဲ့တွေနဲ့အတူ မောင်လူအေးဇာတ်ဆောင်လေးနဲ့ တကွ ဆရာကြီး-သိပ္ပံမောင်ဝက
ကျွန်မရဲ့ကလေးဘဝမှာ ပုံပြောပြသူတစ်ယောက် ဖြစ်ခဲ့ရပါတယ် ။ ကျွန်မအဖို့ စာအုပ်တွေက ပုံပြင်
ကမ္ဘာဖြစ်ခဲ့တာပဲကိုး ။
မောင်လူအေး
- မောင်လူမွှေး…သူတို့လေးတွေကို ကျွန်မ ချစ်ခဲ့တာ ဘယ်တုန်းကပါလိမ့် ။ ပြန်တွေးကြည့်တော့
တရေးရေး ပေါ်လာ … ။
သား-မောင်လူမွှေးလေးကို
မွေးတော့ မောင်လူအေးတစ်ယောက် အချစ်ပိုပြီး အိမ်မွေးခွေးလေး-အာမိတ်ကို ပစ်ပယ်ထားမိ ပုံအကြောင်း
ရေးဖွဲ့ထားတဲ့-ဇာတ်လမ်း ။ အဆုံးသတ်မှာ ခွေးကလေး-အာမိတ် သေဆုံးသွားတဲ့အခါ မောင်လူအေးတော့
ဘယ်လို နေမလဲ မသိ ၊ စာဖတ်သူ-ကျွန်မကတော့ ငိုခဲ့ရပါရော ။ ငယ်စဉ်က အလွန်သဘောကျခဲ့ရတဲ့-ဝတ္ထုပါ
။ အထူးသဖြင့် လူနဲ့ခွေး စကား ပြောခန်းကို စိတ်ထဲ ဆန်းနေလို့ ပိုပြီးစွဲမြဲခဲ့ပါတယ်
။
ကျွန်မ အရွယ်ရောက်လာတာနဲ့အမျှ
ဆရာကြီးရဲ့အကြောင်းကို ပိုလို့ဖတ်ရှုခွင့်ရခဲ့တာကြောင့် ပိုလို့သိရှိခဲ့ရပြန်ပါတယ်
။
ဆရာကြီးသိပ္ပံမောင်ဝကို
(၁၈၉၉)ခု၊ ဇွန်လ(၅)ရက်၊ တနင်္လာနေ့မှာ ဖွားမြင်ခဲ့ပါတယ် ။ ငယ်အမည်က မောင်စိန်တင်ဖြစ်ပြီး
ဇာတိချက်ကြွေက မော်လမြိုင်မြို့-မုပွန် နတ်ကျွန်းအရပ်ဖြစ်ပါတယ် ။ အဖ-ဦးအုန်းရွှေ ၊
အမိ-ဒေါ်ဒေါ်သစ်ဖြစ်ပြီး ငယ်စဉ်ကတည်းက မိခင် ဆုံးပါးသွားလို့ အဘွားနဲ့ကြီးတော်တို့လက်မှာ
ကြီးပြင်းခဲ့ရသူပါ ။ (၁၉၂၀)မှာ ဆယ်တန်းစာမေးပွဲကို မြန်မာ၊ပါဠိ နှစ်ဘာသာ ဂုဏ်ထူးနဲ့
အထူးအောင်မြင်ခဲ့ပြီး … ၊ (၁၉၂၁) ၊ ကျောင်းသားသပိတ်အရေးတော်ပုံနဲ့အတူ ဗဟိုနေရှင်နယ်အမျိုးသားကျောင်းတို့
ပေါ် ပေါက်လာချိန်မှာ ဆရာကြီးက ကျောင်းဆရာအဖြစ်နဲ့ တိုင်းပြည်တာဝန်ကို ထမ်းခဲ့ပါတယ်
။ (၁၉၂၄)ခုနှစ်မှာ အိုင်အေစာမေးပွဲကို ရန်ကုန်ကောလိပ်ကနေ အောင်မြင်ပြီး မြန်မာစာမှာ
ပထမရတာကြောင့် သာဒိုးအောင်ဆုကိုလည်း ရရှိခဲ့သူပါ ။
ဆရာကြီးက မြန်မာစာ
ဝိဇ္ဇာဂုဏ်ထူးတန်းကို ပထမဆုံး တက်ရောက်တဲ့ကျောင်းသားလို့ သိခဲ့ရစဉ်က စိတ်ထဲမှာ ထွေထွေ
ထူးထူးကြီး မခံစားခဲ့ရပါဘူး ။ ကျွန်မတို့ခေတ်မှာတော့ မြန်မာစာ ဂုဏ်ထူးတန်းတက်တာ ထူးဆန်းတဲ့ကိစ္စမှ
မဟုတ်ဘဲလေ ။ ဒါပေမဲ့ နောင်အခါ စာပိုဖတ်ဖြစ်တဲ့အခါ တစ်ခေတ်တစ်ခါရဲ့အခြေအနေကို သဘောပေါက်နားလည်ရင်း
ဆရာကြီးအပေါ် ကြည်ညိုစိတ်ဝင်မိ ပါပြီ ။ ဆရာကြီးတို့ခေတ်က တိုင်းတပါးသားတွေ အုပ်စိုးနေလို့
အင်္ဂလိပ်စာ တန်ခိုးကြီးထွားနေချိန် ။ ယုတ်စွအဆုံး ‘လိမ္မော်သီး ဖွင့် ပေးပါ’ ‘ရေချမ်းချမ်းတစ်ခွက်ပေးပါ’လို့
မြန်မာလူငယ်တချို့ကိုယ်တိုင် တလွဲတွေပြောဆိုနေတဲ့အချိန်အခါမှာ ဆရာကြီးက မြန်မာစာ ကို
မြတ်နိုးလွန်းလို့ ကိုယ့်စာပေတိုးတက်စေရေး ရည်သန်ပြီး မိတ်ဆွေတွေ ပြောဆိုတားမြစ်နေတဲ့ကြားက
တက်ရောက်ခဲ့တာပါ - တဲ့ ။ ဆရာကြီးရဲ့စေတနာက ကြက်သီးမွေးညင်း ထဖွယ်ရာပါလား ။
“
မြန်မာစာပေတိုးတက်ရေးသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည် ။ ကျွန်ုပ်တို့ပြုမှ နုမည့် မြန်မာစာဖြစ်ပါသည်
။ ကြိုးစား
ကြစို့ … ” -
ပြတ်သားခိုင်မာတဲ့ ဆရာကြီးရဲ့ခံယူချက်တွေကို သူ ရေးသားချန်ထားခဲ့တဲ့ စာပန်းချီကောက်ကြောင်းတို့မှာ
အထင်တရှား တွေ့မြင် နေရဆဲဖြစ်ပါတယ် ။
ဆရာကြီးက ခေတ်အနေအထားကြောင့်
မြန်မာစာပေ ယုတ်လျော့နိမ့်ပါးသွားမှာကို လွန်စွာ စိုးရိမ်ခဲ့သူပါ ။ ဒါ့ကြောင့်လည်း
ထက်မြက်တဲ့-သူ့ကလောင်နဲ့ ဖော်ဆောင်တပ်နှိုးခဲ့ပါတယ် ။ ဒါတင်မကသေး ၊ စာပေ၊ ပန်းချီ၊
ဂီတတို့နဲ့ ပတ်သက်ပြီး တိုးတက်စေလို တဲ့- ရည်ရွယ်ချက်တွေကို ဝတ္ထုများ ၊ မြန်မာ့ပြဇာတ်များ ၊ မြန်မာ့ဂီတ ၊ မြန်မာ့ပန်းချီ - စတဲ့ခေါင်းစဉ်များနဲ့ ဆရာကြီး ရေးသားခဲ့တဲ့
ဆောင်းပါးတွေမှာ တွေ့မြင်နိုင်ပါတယ် ။
(၁၉၂၇)မှာ ဆရာကြီးဟာ
မြန်မာစာ ဝိဇ္ဇာဂုဏ်ထူးတန်းကို ပထမတန်းနဲ့ အောင်မြင်ခဲ့ပါတယ် ။ တက္ကသိုလ်နည်းပြဆရာ လုပ်နေချိန်မှာ
နိုင်ငံတော်ဝန်ထမ်း ပညာတော်သင်အဖြစ် ရွေးချယ်ခြင်းခံရလို့ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ
(၂)နှစ်ကြာ ပညာဆည်းပူးခဲ့ပါတယ် ။ (၁၉၂၉)ခုနှစ်မှာ ပြန်ရောက်လာပြီး နိုင်ငံ့ဝန်ထမ်းအဖွဲ့ထဲမှာ
ဝင်ရောက်လုပ်ကိုင်ကာ ဒေသအမျိုးမျိုးကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ် ။
ခေတ်စမ်းစာပေကို ပျိုးထောင်လမ်းခင်းခဲ့တဲ့-ဆရာကြီးဟာ
သူမတူအောင် စာရေးလွန်းသူပါ ။ အမြဲတမ်း နေ့စဉ်မှတ်တမ်း ရေးလို့ ခေတ်နဲ့ဘဝကို အက္ခရာတင်ခဲ့သူ
။ ဆရာကြီးရဲ့စာရေးနှုန်းက ကြောက်ခမန်းလိလိပါပဲ ။ ပညာဆည်းပူးရင်း အလုပ်လုပ်ရင်း နဲ့တောင်
(၁၉၂၈)ကနေ (၁၉၃၀)အတွင်း ဆောင်းပါးပေါင်း(၇၀)ကျော် ရေးသားခဲ့ပြီး တစ်ဖက်မှာလည်း ဆောင်းပါးရှည်ကြီးများ
၊ ဝတ္ထုများ ၊ နေ့စဉ်မှတ်တမ်းများ ၊ အတ္ထုပ္ပတ္တိဆောင်းပါးများကို ရေးသားနေခဲ့ပါတယ် ။ ဘယ်လောက်အလုပ်များများ၊
ဘယ်ဒေသ ရောက်ရောက်၊ ဘယ်လိုအခြေအနေကြုံကြုံ စာရေးမပျက် ။ နေ့စဉ် စာရေးလေ့ရှိသတဲ့ ။ ပထမဆုံး
အကြမ်းချရေး ၊ နောက်တော့ အချောကူး ၊ ပြီးမှ ဆိုင်ရာကို ပို့ကြောင်း ဖတ်ရှုခဲ့ရဖူးပါတယ်
။
ဆရာကြီးက မြန်မာစာပေနဲ့စပ်လျဉ်းသမျှ နောင်လာနောင်သားတို့
သိရှိအတုယူပြုပြင်နိုင်စေဖို့အတွက် မှတ်တမ်းမှတ်ရာ တို့ ထားခဲ့လိုဟန်တူပါတယ် ။ ဘာကြောင့်လဲဆို
ဆရာကြီးက ရှေးခေတ်နဲ့မျက်မှောက်ခေတ် အသုံးအနှုန်းဝေါဟာရတို့ ကွဲပြားလာပုံ အကြောင်းကို
“ရှေးအဓိပ္ပာယ်နှင့်ခေတ်အဓိပ္ပာယ်”ဆောင်းပါးမှာ
ဖော်ပြခဲ့သလို ခေတ်ကာလအလိုက် ပေါ်ပေါက်ပြီး ပျောက်ကွယ် သွားတတ်တဲ့စကားတွေနဲ့ ပတ်သက်လို့လည်း
“ပေါ်ပေါက်ခါစ စကားလေးများ”ဆောင်းပါးမှာ
ရေးသားခဲ့ပါတယ် ။ ဆရာကြီးဟာ (၁၉၂၉)ကနေ(၁၉၄၂)အထိ မြို့အုပ် ၊ နယ်ပိုင်ဝန်ထောက် ၊ အရေးပိုင်
၊ ဒုတိယအတွင်းဝန် - စတဲ့ရာထူးတွေနဲ့ မြို့ပေါင်း(၁၂)မြို့တို့ မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်
။
ကျွန်မ လေးစားအားကျရတဲ့
၊ သူမတူအောင် စာရေးသားနိုင်သူ-စာရေးဆရာကြီး-သိပ္ပံမောင်ဝဟာ ဘဝကားလိပ်ကာ ချတဲ့ အခါမှာလည်း
အများနဲ့မတူခဲ့ပါဘူး ။ စာချစ်သူမှန်သမျှကို လွမ်းတသသ-တမ်းတ,တတ-ယူကြုံးမရ-ခံစားချက်တွေနဲ့
ချန်ထားရစ်ခဲ့ပါ တယ် ။ ဆရာကြီးက အရွယ်ကောင်းတုန်း အသက်(၄၃)နှစ်မှာ မသမာသူရဲ့လက်ချက်ကြောင့်
တိမ်းပါးသွားခဲ့တာပါ ။ စာပေသမိုင်း ခြေရာတွေ ချန်ရစ်ခဲ့သူ-ဆရာကြီးရဲ့နှုတ်ဆက်သတင်းက
ကြားရသူတိုင်းရဲ့ရင်ကို လွမ်းမောနာကျင်စေခဲ့ပါပြီ ။
ဆရာကြီး နောက်ဆုံးရေးသားခဲ့တဲ့
‘စစ်အတွင်းနေ့စဉ်မှတ်တမ်း’စာအုပ်ကို ရှာဖတ်ဖြစ်ခဲ့ပါတယ် ။ နိုင်ငံ ဖရိုဖရဲဖြစ်ပြီး
စစ် ဘေးသင့်နေတဲ့ကြားမှာတောင် နေ့စဉ်ဖြစ်ပျက်သမျှကို စိတ်ရှည်လက်ရှည်နဲ့ မှတ်တမ်းတင်ထားတဲ့
ဆရာကြီးရဲ့လုံ့လဝီရိယကတော့ အံ့မခန်းပါပဲ ။ စစ်ရဲ့အနိဋ္ဌာရုံကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်စေတဲ့အကြောင်းအရာတွေက
စာဖတ်သူအဖို့ ရင်နာကြေကွဲဖွယ်ရာ ပါ ။ မှတ်တမ်းဆုံးခါနီးလေ မျက်ရည်ရစ်ဝဲစရာကောင်းလေ
။ အထူးသဖြင့် ဆရာကြီး မဆုံးခင် ဇွန်လ(၅)ရက်နေ့မှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေက ကျွန်မအဖို့
မျက်ရည်ကျမိအောင် စိတ်ထိခိုက်ရစေပါတယ် ။
“ လွန်ခဲ့သည့်(၈)နှစ်ခန့်အခါက ဗေဒင်ကျွမ်းကျင်သောမိတ်ဆွေတစ်ဦးက
ယခုနှစ်မွေးနေ့ မတိုင်မီအတွင်း သေလောက်သောဘေး
နှင့် တွေ့ရပေလိမ့်မည်ဟု ဟောဖူး၏ ။ ထိုအခါက
ထိုမိတ်ဆွေ ဟောပြောချက်ကို မယုံကြည်ခဲ့ပေ ။ နောင်တွင်လည်း အမှု
မထားခဲ့ပေ ။ ယခုနှစ်အတွင်း ဘေးဒုက္ခအပေါင်းတို့နှင့်
တွေ့ကြုံသောအခါကျမှ ထိုမိတ်ဆွေ၏ဟောပြောချက်များကို ပြန်လည်
သတိရမိပေ၏ ။ ဗေဒင်က မှန်သောကြောင့်ပေလောမပြောတတ်
။ ဤနှစ်အတွင်း ဒုက္ခအမျိုးမျိုးတို့နှင့် တွေ့ကြုံခဲ့ရသည်ကား
မှန်ပေ၏ ။ ယနေ့ကား မွေးနေ့ဖြစ်၏ ။ သန်းခေါင်ကျော်လျှင်
မွေးနေ့လွန်တော့မည် ။ မိတ်ဆွေဗေဒင်ဆရာ ဟောပြောချက်အရ
ဆိုလျှင် ဘေးအပေါင်းတို့မှ လွတ်ကင်းတော့မည်
။ ဤအကြောင်းများကို တွေးမိသောကြောင့် ဝမ်းမြောက်မိတော့သတည်း ။”
ဇွန်လ(၅)ရက်နေ့ မှတ်တမ်းအစမှာ ဒီလိုမျိုး
ရေးသားထားခဲ့ပါတယ် ။ ကံကြမ္မာရယ်…ကျီစယ်ရက်လိုက်တာ ။
အဲဒီဗေဒင်ဟောစတမ်း
မှန်ခဲ့သလား ၊ မှားခဲ့သလားဆိုတာ ကျွန်မ မစဉ်းစားချင်တော့ပါဘူး ။ ဖြစ်စေချင်တဲ့ဆန္ဒတစ်ခုက
နောက်တစ်နေ့မှာ အသက်ခန္ဓာ ဆုံးရှုံးရတော့မယ့်ကိစ္စကို ဆရာကြီး ကြိုများသိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ
။ မဖြစ်နိုင် မှန်း သိပေမဲ့ ဆရာကြီးကို ကြိုသိစေချင်မိတယ် ။ ရှောင်တိမ်းလွတ်မြောက်ခွင့်
ရခဲ့စေချင်တယ် ။ ‘စစ်အတွင်း နေ့စဉ်မှတ်တမ်း’ကို ဖတ်မိသူတိုင်း ကျွန်မလိုပဲ မချိတင်ကဲ
ခံစားမိမှာ အမှန်ပါပဲ ။
ခေတ်အခြေအနေ ယောက်ယက်ခတ်နေချိန်မှာ
အိန္ဒိယကို သွားဖို့အတွက် ရွှေဘိုကနေ မြစ်ကြီးနားကို အထူးမီးရထားနဲ့ ဆရာကြီးတို့မိသားစု
ထွက်ခွာလာခဲ့ပါတယ် ။ ကန့်ဘလူဘူတာကိုအရောက် (တွဲဖြုတ်ဖို့လိုတယ်)ဆိုပြီး ဆရာကြီး လိုက်ပါလာတဲ့
ရထားတွဲကို ဖြုတ်ထားခဲ့လို့ ကန့်ဘလူမြို့မှာ သောင်တင်နေခဲ့တယ် ။ အဲဒီကတဆင့် ဂါးဒါးဆည်ကြီးရွာက
ဗိုလ်တဲမှာ ဆရာကြီးတို့ လူစု စတည်းချနေတုန်း…။ ဇွန်လ(၆)ရက် နံနက်(၅)ခန့်မှာ လူဆိုးတစ်အုပ်
ရောက်လာပြီး ဗိုလ်တဲကို သေနတ်တွေနဲ့ ပစ်ခတ်လို့ ဓားပြတိုက်ခဲ့ကြတယ် ။ ဗိုလ်တဲအပြင်ကို
အပြေးခိုင်းလို့ သားကို လက်ဆွဲပြီး ဆရာကြီး ပြေးပေမဲ့ ဇနီးသည်အသံကြောင့် ပြန်ဝင် အလာမှာ
လူဆိုးတစ်ယောက်က သေနတ်နဲ့ ပစ်ခတ်လိုက်တာပါ ။ ဓားပြဗိုလ်က မပစ်ဖို့ လှမ်းအော်တားမြစ်ပေမဲ့
အချိန်နှောင်းသွားခဲ့ ပါပြီ ။ ဆရာကြီးဟာ လူဆိုးဓားပြရဲ့လက်ချက်နဲ့ ရင်နာဖွယ် ကြွေလွင့်ခဲ့ရပါတယ်
။
ဆရာကြီးက လူ့လောကရဲ့
မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းဆိုတဲ့ (အနိစ္စ၊ဒုက္ခ၊အနတ္တ)လက္ခဏာသုံးရပ်ကို နောင်လာ
နောင်သားတို့ လွယ်လင့်တကူတွေ့မြင်နိုင်စေဖို့အတွက် ဘဝနဲ့ရင်းလို့ သက်သေပြသွားခဲ့သလိုပါပဲ
။
(၁၉၄၂)ခုနှစ် ဇွန်လ(၆)ရက်နေ့မှာ
စာရေးဆရာကြီး-သိပ္ပံမောင်ဝ ကွယ်လွန်ခဲ့ပါတယ် ။ ယခု(၂၀၁၆)ဆိုရင် ဆရာကြီး ကွယ်လွန်ခဲ့တာ
(၇၄)နှစ် ရှိပါပြီ ။ သို့ပေမဲ့ ဆရာကြီးရဲ့စာတွေက ကျွန်မတို့လူငယ်တွေရဲ့ရင်ထဲမှာ ယနေ့ထိတိုင်
ရှင်သန်နေဆဲပဲ ဆိုတာ ဘယ်သူမှ ငြင်းလို့ရမယ် မထင်ပါဘူး ။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
စာကိုး -
ဆရာမင်းယုဝေရေးသော
သိပ္ပံမောင်ဝအတ္ထုပ္ပတ္တိ
စစ်အတွင်း
နေ့စဉ်မှတ်တမ်း
အဟိတ်ဝတ္ထုဇာတ်လမ်းများ
ရန်ကုန်အဝေးသင်တက္ကသိုလ်
ပထမနှစ်၏ မြန်မာစာ သင်ရိုးညွှန်းတမ်းများ
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။