Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ဘ၀တစ်ကွေ့ သံသရာ ........


ဘ၀တစ်ကွေ့ သံသရာ


( ၂၀၁၂ - မေလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )

 

ရေးသူ ... ဂါဦးနွန်းကို

 

----------------------------------------------------------------------------------------------



      မိုးတွေ ရွာနေလိုက်တာမှ သည်းသည်းမည်းမည်း…မိုးရွာထဲတွင် ကျွန်မတစ်ယောက်တည်း ။ ဦးတည်ချက်
မဲ့စွာနဲ့ ကတ္တရာလမ်းမထက်တွင် တစ်ကိုယ်တည်း လှမ်းလျှောက်နေမိသည် ။ ကျွန်မ ဘယ်ကို သွားမလို့လဲ ဘာ့
ကြောင့် ဒီလမ်းမပေါ် ရောက်ရှိနေရသလဲ ကျွန်မ မသိ ။ ဟိုဟိုသည်သည် မျက်စိ ဝေ့ဝဲ ကြည့်လိုက်တော့ ကျွန်မ
ရောက်ရှိနေသည့် နေရာက အမှတ် ၃ လမ်းမကြီးထက် မာမီးစက်ရုံ အနီးတွင် ဖြစ်ကြောင်း ကျွန်မ သိရှိလိုက်ရ
သည် ။ ဝမ်းသာလိုက်သည် ဖြစ်ခြင်း…သည်နေရာကို ကျွန်မ လွန်ခဲ့သော တစ်နှစ်ကျော်က ရောက်ရှိခဲ့ဖူးသည် ။
မေမေ့မောင် ကျွန်မဦးလေးဆီသို့ အလည်လာစဉ်က ဤမာမီးစက်ရုံကြီးကို ဖြတ်သန်းသွားခဲ့ရ၍ ကျွန်မအစ်မ
ကတောင် ခေါက်ဆွဲနံ့လေး မွှေးနေတာပဲ..ဟု ပြောခဲ့ဖူးသေးသည် ။ ဦးလေးအိမ်က မာမီးစက်ရုံမှ ညာဘက်ခြမ်း
သို့ တစ်မှတ်တိုင် ကျော်ကျော်လောက် လမ်းလျှောက်သွားပြီး လမ်းကျဉ်းလေးထဲသို့ ကွေ့ဝင် သွား လိုက် လျှင်
ခုနစ်အိမ်မြောက် အိမ်ဖြစ်သည် ။ မည်သို့ပင် ဖြစ်စေ…ဤမျှ မိုးသည်းထန်နေသော အချိန်တွင် ကျွန်မ မသိရှိ ၊
မရောက်ဖူးသော ဒေသထက် စာလျှင် ဦးလေးအိမ်အနီးတွင် လမ်းပျောက်နေရသော အဖြစ်မှာ ကျွန်မအတွက်
အဆိုးထဲက အကောင်းဟု ဆိုနိုင်မည် ။ ကျွန်မ မိုးပြာရောင် ထီးလေးကို ခပ်တင်းတင်း ဆုပ်ကိုင် ဆောင်းရင်း
ဦးလေးအိမ်ဘက်ဆီသို့ မှန်းလျှောက်လာလိုက်သည် ။
   မေမေနှင့်မေမေ့မောင် ကျွန်မဦးလေးနှင့်က တစ်အူတုံဆင်းမောင်နှမအရင်း ဖြစ်သော်လည်း စိတ်နေစိတ်ထား
သဘောထားတော့ တခြားစီ ။ မေမေက မြို့ပြရဲ့သစ်လွင်ခေတ်မီမှုကို ခုံမင် နှစ်သက်သည် ။ မြို့ပြရဲ့ လူနေမှု စရိုက်ကို သဘောကျ စွဲလန်းသည် ။ မေမေ အနှစ်သက်ဆုံး အလုပ် တစ်နည်းအားဖြင့် မေမေ့ ဝါသနာကို
ပြောပြပါလို့ တစ်ယောက်ယောက်ကများ ဆိုလာခဲ့လျှင် shopping ထွက်တာ ဟု မေမေက ခပ်ကြွားကြွားလေး
ပြန်ဖြေလိမ့်မည် ။ သို့ပေမဲ့ ကျွန်မဦးလေးကျတော့ တစ်မျိုး ။ ငယ်စဉ်ကတည်းက မြို့ကြီးပြကြီးထဲတွင် ကြီးပြင်း
လာရသော်လည်း မြို့ပြ၏အငွေ့အသက်ကို အော့နှလုံးနာနေတတ်သူ ။ အထက ၁ ဒဂုံတွင် ကျောင်းနေရသော်
လည်း တောကျောင်းလေးမှာသာ တက်ခွင့်ရရင် အရမ်းပျော်ဖို့ ကောင်းမှာဟု အကြောင်းပြချက် မရှိစွာဘဲ အမြဲ
ညည်းတတ်သူဟူ၍ မေမေ ပြောပြဖူးသည် ။ သို့ကြောင့်လည်း မေမေက ရန်ကုန်မြို့၏ အလယ်ခေါင်ဟု ဆိုနိုင်
မည့် ဆူးလေဘုရားအနီး ကျောက်တံတားမြို့နယ်က တိုက်ခန်းတစ်ခုတွင် ကျွန်မတို့ညီအစ်မနှစ်ယောက်နှင့် အ
တူ နေထိုင်ပြီး ဦးလေးကတော့ ရန်ကုန်မြို့စွန် ထောက်ကြံ့မြို့နယ်အနီး မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည် ။
အကယ်ဆို ဦးလေးက မွန်ပြည်နယ်ဘက်မှ တောရွာလေးတစ်ခုတွင် သွားရောက်အခြေချလိုသော်လည်း မေမေ
က နင်နဲ့ငါ တစ်သက်လုံး အဆက်ပြတ်ချင်လို့လားဟု ရာဇသံပေးသောကြောင့် မြို့ပြအပူငွေ့ ကင်းဝေးလောက်
မည် ထင်ရသော ဤဒေသတွင် ဦးလေး အခြေချဖြစ်ခဲ့ခြင်း ဖြစ်မည် ။ တကယ်တော့ ကျွန်မစိတ်ဓါတ်ကလည်း
ဦးလေးနှင့် တူသည် ။ မြို့လယ်ခေါင် ကားသံ လူသံ ဆူဆူညံညံဖြင့် ကျွန်မ မနေလိုပေ ။ ဦးလေးခြံသို့ ကျွန်မတို့
သွားရောက်လည်ပတ်စဉ်က အတော့်ကို သာယာ ပျော်ရွှင်ဖွယ်ကောင်းကြောင်း ကျွန်မ မျက်မြင် ကြုံခဲ့ရသည် ။
ဦးလေးက သူ့ခြံထဲတွင် သရက်ပင် ပိန္နဲပင် ကီလိုမာလကာပင်ကြီးများကို စိုက်ပျိုးထားရုံမက စံပယ် ဇီဇဝါ သပြေ
နှင်းဆီ အစရှိတဲ့ပန်းမျိုးစုံကိုလည်း ခြံကျယ်ကြီးနှင့်အပြည့် စိုက်ပျိုးထားသေးသည် ။ ဂန္ဓမာပန်း ပိန်းပန်းများကို
လည်း စီးပွားဖြစ်စိုက်ပျိုးထားသောကြောင့် ပန်းခြံကြီးကဲ့သို့ ဖြစ်နေသော ဦးလေးခြံထဲတွင် ကျွန်မ အတော် ကြာ
ကြာ နေချင်မိသော်လည်း ကျွတ်ကြောက်တယ် ရွှံ့ကြောက်တယ် ဖြစ်နေသော မေမေ့ကြောင့် ကျွန်မတို့ ခဏ
သာ နေပြီး ပြန်ခဲ့ရသည် ။ ယခုတော့ ဦးလေးခြံကြီးဆီသို့ ကျွန်မ တစ်ယောက်တည်း နောက်တစ်ကြိမ် ရောက်ရှိ
ရတော့မည် ။ ကျောင်းလည်း ပိတ်ထားသောကြောင့် တစ်ပတ် တန်သည် နှစ်ပတ် တန်သည် တဝကြီး နေပစ်
လိုက်မည်ဟု ရည်ရွယ်ထားမိလိုက်သည် ။ သို့ပေမဲ့ မေမေ ခွင့်ပြုပါ့မလား…ကျွန်မ ပျောက်သွား၍ စိတ်ပူနေပြီ
လား…အို ဦးလေးဆီရောက်လို့ ဖုန်းဆက်လိုက်ရင် အဆင်ပြေသွားမှာပါလေ…ဟု တွေးရင်း လမ်းကျဉ်းလေးထဲ
သို့ ကျွန်မ ချိုးကွေ့ဝင်လိုက်သည် ။
          လမ်းကျဉ်းလေးသည် မနှစ်ကလိုပင် မပြောင်းမလဲ ထုံပေပေ တည်ရှိလျက် ရှိသည် ။ မိုးက သည်းလျက်
ရှိသေးသောကြောင့် ကျွန်မ ပတ်ဝန်းကျင်ကို အသေးစိတ် မကြည့်ရှုနိုင်ပေမဲ့ အနီးအနားကို ဝေ့ဝဲကြည့်လိုက်
တော့ ပိတောက်ပင်ပျိုတွေ ငိုချထားသော ပန်းပွင့် ဝါကျင်ကျင်တွေက ရေအလျင်မှာ မြောပါနေသည် ။ လမ်း
နဘေးမှ စိမ်းလဲ့လဲ့ မြက်ပင်ရိုင်းတွေက လေအလာမှာ ယိမ်းတိုက်လို့ နွဲ့ကနေကြသည် ။
   “ ဝုန်း ! ဂျိုန်း…!”
ကျွန်မ လမ်းနဘေးသို့ ခွေလဲကျမတတ် ဖြစ်သွားမိသည် ။ တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်ရီလို့…။ အ
သံက တော်တော် ကျယ်လောင်သည်မို့ ကျွန်မနှင့် သိပ်မဝေးသော နေရာသို့ မိုးကြိုးပစ်ချလိုက်တာ ဖြစ်မည်ဟူ
သော အတွေးက ကျွန်မအသိဥာဏ်ကို ပိုလို့ပင် ကပြောင်းကပြန် ဆန်သွားစေသည် ။ နောက်ပြီး ကျွန်မ ကိုယ်
တိုင်ကိုက မိုးကြိုးသံ ကြားလျှင် နေစရာ မရှိလောက်အောင် ကြောက်တတ်သူ ။ ကျွန်မပတ်ဝန်းကျင်တွင်လည်း
ကြီးရင့်မြင့်မားလှတဲ့ပိတောက်ပင်တွေ ရှိနေတာကြောင့် အန္တရာယ်ကင်းသောနေရာ မဖြစ်နိုင်ဟု ကျွန်မ တွက်
ဆလိုက်သည် ။ ဦးလေးအိမ်ဆီလည်း ပြေးမသွားရဲတာကြောင့် အနီးနား အိမ်တစ်အိမ်တွင် မိုးခိုနေရန် တွေးမိ
၍ နီးစပ်ရာ ခြံတံခါးဖွင့်ထားသော အိမ်ဆီသို့ ကျွန်မ ထီးကို ပိတ်ကာ ပြေးဝင်သွားလိုက်သည် ။
        ဤခြံလေးကို ဦးလေးအိမ်သို့ ကျွန်မ အလည်လာစဉ်က သတိမထားမိခဲ့ ။ ခြံကား ဦးလေး၏ ခြံလောက်
တော့ မကျယ်ဝန်းပေ ။ သို့ပေမဲ့ တစ်ခြံလုံး အမှိုက်သရိုက်တွေ ရှင်းကာ ပန်းအလှပင်လေးများကို စိုက်ပျိုးထား
သည် ။ ကျွန်မ အိမ်ရှေ့ မျက်နှာစာတွင် ရပ်ရင်း ခြံထဲက ဂမုန်းပင်တွေကို ငေးကြည့်နေမိသည် ။ အိမ်လေးက
တစ်ထပ်အိမ်လေးဖြစ်ပြီး ပြားပြားရှည်ရှည် ပုံစံလေးဖြစ်သည် ။ ပြတင်းပေါက်တိုင်းတွင် မှန်အကြည်များကို တပ်
ဆင်ထားသည် ။ကျွန်မ အိမ်အတွင်းမှ အိမ်ရှင်တစ်စုံတစ်ယောက်ကို ခွင့်တောင်းရန် အိမ်တံခါးကိုခေါက်ဖို့ လက်
ပြင်လိုက်စဉ် အသံတစ်သံကြောင့် ထိတ်လန့်သွားမိသည် ။
   “ ကို…ကို လွန်မယ်နော် ။ ရွှေရည်က ကို ထင်သလို မိန်းမစားမျိုး မဟုတ်ဘူး ။”
  “ ဒါဆို ပတ်ဝန်းကျင်က ပြောနေတာကရော ဘာတွေလဲ ။ နောက်ပြီး ငါ ဟိုတစ်နေ့က မြင်ခဲ့တာကရော ။ မင်း
    ဘယ်လို ငြင်းမလဲ ။”
လင်မယားနှစ်ယောက် ရန်ဖြစ်နေသံများ ။ ကျွန်မ မရည်ရွယ်ပါဘဲ တံခါးဘေးမှ ပြတင်းပေါက်က ချောင်းကြည့်မိ
လျက်သားဖြစ်သွားသည် ။ အိမ်၏ထမင်းစားခန်းလား အလယ်ခန်းလားတော့ မသိ ။ အမျိုးသားတစ်ဦးနှင့်အမျိုး
သမီး တစ်ဦး မျက်နှာချင်းဆိုင်အနေအထားဖြင့် မတ်တပ်ရပ်နေကြသည်။ အမျိုးသားက အသက်၂၅နှစ်လောက်
ရှိမည် ။ အမျိုးသမီးက ပြတင်းပေါက်ကို ကျောခိုင်းထားသည်မို့ နောက်ကျောကိုသာ မြင်တွေ့ရသည် ။ နှစ်ဦးစ
လုံး အသက်၂၅နှစ် ကျော်လိမ့်ဦးမည် မထင် ။ ကျွန်မ အသက်မရှုရဲသေးဘဲ ဆက်ချောင်းကြည့်နေမိသည် ။
   “ မဟုတ်ဘူး…ကို ။ ကို ထင်သလို မဟုတ်ဘူး ။ အဲ့ဒီ့နေ့က သူ ပိုက်ဆံ လာတောင်းတာပါ ။ ကို့ကို ရွှေရည်
     မပြောရဲလို့ ရွှေရည်ဘာသာ ကြိတ်ပေးလိုက်တာပါ ။”
   “ သြ…မင်းက မင်းလင်ငယ်ကို ငွေပေးတာ ငါ့ကို ကြောက်နေသေးတယ်ပေါ့…ဟုတ်လား ။”
အမျိုးသားသည် အရက် အနည်းငယ်သောက်ထားပုံရပြီး မျက်လုံးများကလည်း မီးဝင်းဝင်းတောက်လို့နေသည်။
   “ ဒုက္ခပါပဲ…ကိုရယ် ။ ကို ငရဲတွေ ကြီးကုန်တော့မှာပဲ ။ အဲ့ဒါ ရွှေရည့်မောင် ဝမ်းကွဲလေးပါ ။ သူ ဒုက္ခရောက်
     နေလို့ ရွှေရည် ကူညီတာပါ ။ ကို့ကို ပြောရင် ကို မကြိုက်မှာစိုးလို့ တောင်းတဲ့ငွေကလည်း ရွှေရည့်မှာ ရှိတဲ့
     ပမာဏမို့ ရွှေရည် ကြိတ်ပေးလိုက်မိတာပါ…ကိုရယ် ။”
   “ မယုံဘူးကွာ ။ မယုံဘူး ။ ငါက နွားမဟုတ်ဘူး ။ ပိုင်ထက်ကျော်ဆိုတဲ့ ကောင်က နွား မဟုတ်ဘူးကွ ။ မင်း
     ကို သတ်မယ် ။ မင်းကို သတ်ပြီး ထောင်ထဲ ဝင်မယ် ။”
အမျိုးသားဖြစ်သူက တစ်ဖက်စားပွဲပေါ်မှ သားလှီးဓါးတစ်လက်ကို ဆွဲယူလိုက်သည် ။ ကျွန်မ ကြောက်လန့် တုန်
လှုပ်စိတ်ဖြင့် ငေးကြောင်ကာ ကြည့်နေမိသည် ။ တစ်စုံတစ်ရာ အော်ဟစ် အကူအညီတောင်းရန် သတိမရမိ…။
   “ ကို…ကို လွန်ကုန်မယ်နော် ။ မလုပ်ပါနဲ့ ကိုရယ် ။ ရွှေရည် တောင်းပန်ပါတယ် ။”
အမျိုးသမီးက အသံတုန်ရီစွာဖြင့် တောင်းပန် တိုးလျှိုးလျက် ရှိသည် ။ ကျွန်မကို တစ်ကိုယ်ကောင်း ဆန်သည်ပဲ
ပြောပြော ဖြစ်နိုင်လျှင် ထိုနေရာမှ ကျွန်မ ပြေးထွက်သွားချင်မိသော်လည်း ခြေထောက်တွေက ကျောက်တိုင်အ
လား ခိုင်မြဲတောင့်တင်းနေသည် ။ အမျိုးသားက တံခါးပေါက်ဝကို ပိတ်ကာ အမျိုးသမီးရှိရာဆီသို့ တစ်လှမ်းချင်း
တိုးကပ်လာသည် ။ လက်ထဲမှ ဓါးက လျှပ်စစ်မီးရောင်အောက်တွင် တလက်လက် တောက်ပနေချေသည် ။ အ
မျိုးသမီးမှာ ချောင်ပိတ်ခံရသော ကြွက်တစ်ကောင်လို ပြေးစရာ မြေမရှိတော့ ။ သို့ကြောင့် ပြတင်းတံခါး ဖွင့်ကာ
ခုန်ချ ထွက်ပြေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် နောက်သို့ လှည့်ထွက်ပြေးလိုက်စဉ်…
   “ အင့်…”
နောက်မှ ထိုးစိုက်ချလိုက်သောဓါးချက်ကြောင့် အမျိုးသမီးခမျာ အသံပင်မထွက်နိုင်ရှာဘဲ ခွေလဲကျသွားသည် ။
အမျိုးသမီး၏ခန္ဓာကိုယ်မှ စိမ့်ထွက်လာသော နှလုံးသွေးတို့မှာ ကော်ဇောပေါ်သို့ မြင်မကောင်းအောင် စီးကျ
လျက် ရှိ၏။ ကျွန်မကိုယ်တိုင်လည်း တစ်ကိုယ်လုံးက အသွေးအသားတွေ အေးခဲသွားသလို ခံစားလိုက်ရသည်။
ကျွန်မ အမြင်အာရုံမှားယွင်းခြင်းလား…ဘယ်အချိန်က ကျဆင်းနေမှန်း မသိသော မျက်ရည်များက ကျွန်မပါးပြင်တွင် စိုရွှဲလျက်ရှိသည် ။ မကြည့်ချင်ပါဘဲ ဝေခွဲ မရသော ခံစားချက်ဖြင့် လဲကျသွားသော အမျိုးသမီး၏ မျက်နှာကို ကျွန်မ လှမ်းကြည့် လိုက်မိသည် ။ အို ! သူမ၏ မျက်နှာက ကျွန်မနှင့် တစ်ထေရာ
တည်း တူနေပါလား…ကျွန်မက (၂၁)နှစ် ၊ သူမက အစိတ်(၂၅)လောက် ဖြစ်မည်မို့ အသက်အရွယ်သာ အနည်းငယ် ကွာခြားချင်ကွာခြားလိမ့်မည် ။
အမျိုးသမီးက ပါးစပ် တလှုပ်လှုပ်ဖြင့် အသက်ကုန်သွားချေပြီ ။ လူသတ်သမား အမျိုးသားကတော့ အ
သက်ကုန်သွားသော ကိုယ်ခန္ဓာကို ပွေ့ပိုက်ကာ ငိုကြွေးလျက်ရှိ၏ ။ ကျွန်မ သွေးပျက်ခြောက်ခြားစွာဖြင့် ရှိသမျှ
အားအင်တို့ကို စုရုံးကာ တအား ကျုံး၍ အော်ဟစ်ပစ်လိုက်မိသည် ။
    “ အား…”
*****************************************************************************
     ယမင်းရွှေရည် အသံနက်ကြီးဖြင့် အော်ရင်း အိပ်မက်မှ လန့်နိုးလာခဲ့သည် ။ တစ်ကိုယ်လုံး ချွေးတို့ဖြင့် ရွှဲနစ်
နေသည် ။ ရင်ဘတ်ကြီးကလည်း နိမ့်လိုက် မြင့်လိုက်…။ အိပ်မက်ထဲကကဲ့သို့ပင် ပါးပြင်တွင်လည်း မျက်ရည်တို့
ဖြင့် ရွှဲရွှဲစိုနေသည် ။ မမက ယမင်း အတွက် ရေခဲရေ တစ်ခွက်ကို အဆင်သင့် ခပ်လာပေးရင်း…
   “ ရော့…ယမင်းလေး ။ ရေသောက်လိုက်ဦး ။ ဟိုအိပ်မက်ကြီး မက်ပြန်ပြီလား ။”
မမ ခပ်လာပေးသော ရေတစ်ခွက်လုံးကို ယမင်း တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည် ။ ထိတ်လန့်တုန်
လှုပ်စိတ်က ယခုထိ မပျောက်သေး…။ ယမင်း ဖန်ခွက်ကို စားပွဲပေါ် လှမ်းတင်ရင်း မမ မျက်နှာကို ညှိုးငယ်စွာ
ကြည့်လိုက်ကာ ခေါင်းညိတ် အဖြေပေးလိုက်မိသည် ။
   “ ယမင်းလေးရယ်…မင်း အိပ်မက်ကလည်း ရင်ထိတ်စရာပဲ ။ တစ်ခေါက်တည်းမက်တာဆို မထူးဆန်းပါဘူး ။
     ခုဟာက သုံး/လေးခေါက် ရှိနေပြီ ။ မမဖြင့် ညီမလေးအတွက် စိုးရိမ်စိတ်တောင် ဝင်လာမိတယ် ။ ကဲပါလေ
     ဦးလေးအိမ်ကို စိတ်စွဲလန်းတာလည်း ဖြစ်ချင်ဖြစ်မှာပါ ။ ပြန်အိပ်လိုက်ဦးနော် ။ နှစ်နာရီခွဲပဲ ရှိသေးတယ် ။
     မမ ဘေးက နေပေးမယ် ။”
ယမင်း၏မမသွန်းနေခြည်က ယမင်းရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်အားပေးရင်း ပြန်အိပ်ပျော်အောင် အိပ်ဖို့ ကြိုး
စားခိုင်းနေပေမဲ့ ယမင်းကိုယ်တိုင်ကတော့ ပြန်မအိပ်ဝံ့တော့ ။ တော်ကြာ စောစောက အိပ်မက်ကြီးကို အစက
ပြန်မက်နေရင် ဘယ်နှယ့်လုပ်ပါ့မလဲ…တကယ်ပါ ။ ဒီအိပ်မက်ကြီးသာ ကြာကြာမက်နေလျှင် ယမင်း ရူးသွားနိုင်
သည် ။ ဒါပါနဲ့ဆို ယမင်း ဒီအိပ်မက်ကို မက်တာ ငါးခေါက်ထပ်မနည်း ရှိနေပြီ ။
အစကတော့ မိုးသည်းနေချိန် လမ်းမကြီးထက်မှာ ယမင်း တစ်ယောက်တည်း ။ နောက်တော့ ဦးလေး၏ အိမ်ကို သွားသော လမ်းကျဉ်းကလေး ။ ဂျိုန်းခနဲ မိုးကြိုးပစ်သံ…မျက်နှာ နီမြန်းနေတဲ့ အမျိုးသား တစ်ယောက် ။ ယမင်းနှင့် တစ်ပုံစံတည်းတူတဲ့ အသက်ခံရသော-အမျိုးသမီး ။ ကြောက်စရာ ကောင်းလှတဲ့ အိပ်မက်ကို ပြန်လည် တွေးရင်းတွေးရင်း ယမင်း ဘယ်လိုမှ အဓိပ္ပါယ် ဖော်မရတော့ ။ ယမင်း ထိတ်လန့်တုန်လှုပ်စိတ်တွေ လျော့နည်းစေအလို့ငှါ ဘုရားစာကိုသာ တိုးတိုး ရွတ်ဆိုနေမိပါတော့သည် ။

NNNNN

  “ ဒါဆို နင့်အိပ်မက်ထဲမှာ နင်က အသတ်ခံရတယ်ပေါ့…ဟုတ်လား ။ တော်တော် ရယ်ရတာပဲ ။ တစ်ခါမှ မမြင်
     ဖူးတဲ့လူက သတ်တာကို နင်က ငြိမ်ခံနေစရာလား ။ ပြန်ခံချပေါ့…နောက်တာပါဟာ ။ နင် ပြန်တွေးမနေစမ်း
     ပါနဲ့ ။ အိပ်မက်က အိပ်မက်ပဲပေါ့ ။ ဘာလို့ အလေးအနက် ထားနေရတာလဲ ။”
မနက် ကျောင်းရောက်တော့ စိတ်ညစ်ညစ်ဖြင့် ယမင်းအိပ်မက်အကြောင်းကို အချစ်ဆုံးသူငယ်ချင်း မိုးစုလွင်ကို
ပြောပြလိုက်မိသည် ။ ယမင်း အလှောင်အပြောင်ခံရမှာစိုးလို့ ဘယ်သူငယ်ချင်းကိုမှ ဖွင့်မပြောပြခဲ့မိ…။ ထင်တဲ့
အတိုင်း ယမင်း အလှောင်ခံရတော့တာပါပဲ ။ ယမင်းက သူငယ်ချင်းမိုးစုလွင်ကို ဘယ်လောက် အံ့သြ ထူးဆန်း
စရာ ကောင်းသည်ပြောပြော သူကတော့ ရယ်စရာ အူကြောင်ကြောင်အိပ်မက်တစ်ခုလိုသာ သဘောထားပုံရ
သည် ။
အမှန်တော့ သူ ပြောသလိုပင် အိပ်မက်ဟာ အိပ်မက်တစ်ခုသာ ဖြစ်သော်လည်း ယမင်း၏ စိတ်ထဲတွင်
တော့ တစ်နေ့ ကြုံတွေ့ရမည့်အတိတ်နိမိတ်ဟု အတိအကျ ယူဆနေမိတာကြောင့် အူလှိုက်သည်းတုန် ဖြစ်နေ
မိပေမဲ့ သူကတော့ ယမင်းအတွက် နည်းနည်းလေးမှ စိတ်မပူပန်ပေ ။ ယမင်း သူ့ကို စိတ်တိုတိုဖြင့် အော်ဟစ်
ပစ်လိုက်ချင်သည် ။ သို့ပေမဲ့ ဘာမှတော့ ပြန်မပြောဖြစ် ။ မနက်ဖြန်ဆို ကျောင်းတွေလည်း ပိတ်တော့မည်မို့ သူ
ငယ်ချင်းတွေ စိတ်ဆိုး စိတ်ကောက်နေလို့ မကောင်းပါဘူးလေဟု သဘောပိုက်ကာ ယမင်း ငြိမ်ငြိမ် နေလိုက်
သည် ။
သဘက်ခါဆို မေမေလည်း ရိပ်သာက ပြန်လာပြီဖြစ်၍ အိမ်တွင် သားအမိ သုံးယောက် စုံစုံညီညီဖြင့်
ပျော်စရာ ကောင်းပေလိမ့်မည် ။ နောက်ပြီး မေမေ စိတ်အေးချမ်းနေလျှင် ဖေဖေရှိသည့် မုံရွာသို့ လိုက်သွားရ
ကောင်း သွားရလိမ့်မည် ။ ဤသို့ ဆိုလျှင် နယ်တွင် တာဝန် ကျနေ၍ မတွေ့တာကြာပြီ ဖြစ်သော ဖေဖေ နှင့်
လည်း ဆုံတွေ့ရမည် ။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်နေ့များစွာတွင် ပျော်ရွှင်မှုတွေက ယမင်းကို ကြိုလင့်နေပြီဆို
သည်မှာ အသေအချာပင် ။

NNNNN

        မုံရွာသို့ ရောက်တော့ နံနက်ငါးနာရီသာ ရှိသေးသည် ။ ရန်ကုန်မှ ညနေ၆နာရီ ထွက်သော express car
ပေါ်တွင် တစ်ညလုံး အိပ်စက်လာခဲ့သော ယမင်း တစ်ယောက် ကောင်းကောင်းကြီး လန်းဆန်း တက်ကြွနေမိ
သည် ။ ကားရပ်သည်နှင့် ဖေဖေက ဂျစ်ကားစိမ်းစိမ်းဖြင့် ကားဂိတ်တွင် ယမင်းတို့ကို စောင့်မျှော်နေတာကြောင့်
ယမင်းတို့ညီအစ်မ ဖေဖေ့ကို ပြေးပွေ့နှုတ်ဆက်ကြသည် ။ ဖေဖေကလည်း မတွေ့ရတာ ကြာပြီဖြစ်သော သမီး
နှစ်ယောက်ကို မေတ္တာရိပ် ကရုဏာ မျက်ဝန်းတွေဖြင့် ဝမ်းသာအားရ ကြိုဆိုထွေးပွေ့သည် ။
ယမင်းတို့ ခရီးဆောင်အိတ်တွေကို ဂျစ်ကားပေါ် နေရာချပြီးနောက် ဖေဖေ တာဝန်ကျရာ နေရာသို့ မောင်းနှင် ထွက်လာခဲ့ကြသည် ။ ဂျစ်ကားဖြင့် မြို့ထဲ ဝင်လာစဉ် စပ်စုတတ်သောယမင်းက ဖေဖေ့ကို မြင်မြင်သမျှ မေးမြန်းနေမိသည် ။ မုံရွာမြို့သည် ရန်ကုန်မြို့ မန္တလေးမြို့များကဲ့သို့ လူဦးရေ ထူထပ်စည်ကား လွန်းခြင်းမရှိဘဲ ဆိတ်ငြိမ် အေးချမ်းသော မြို့တစ်မြို့ ဖြစ်ပြီး ယမင်းဖေဖေ၏ ဌာနက မြို့၏ အစွန်ဆုံးတွင် တည်ရှိသည် ။ ဖေဖေ့အိမ်သို့ ရောက်တော့ ယမင်းတို့ပင်ပန်းသမျှကို ခဏတဖြုတ် အိပ်စက်အနားယူကြပြီး ရေမိုးချိုးကာ ဖေဖေ လိုက်ပို့မည်ပြောသော လေးကျွန်းစင်္ကြာ ရပ်တော်မူဘုရားကြီးသို့ သွားရောက်ဖူးမျှော်ရန် ပြင်ဆင်ကြတော့သည် ။
         လေးကျွန်းစင်္ကြာရပ်တော်မူဘုရားကြီးက ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရားကြီး ဖြစ်သည် ။ ပလ္လင်တော်
အပါအဝင် အမြင့်ပေ ၄၂၄ပေ ရှိပြီး ဘုရားကြီး၏အတွင်း၌ အထပ်ပေါင်း ၃၁ထပ် ပါရှိသည် ။ ထို၃၁ထပ်တွင် ၃၁
ဘုံ၌ ကျင်လည်ကုန်သော သတ္တဝါတွေ၏ဖြစ်စဉ်များကို ဘုံစဉ်အလိုက် ပန်းချီပြခန်းများဖြင့် ဖော်ပြထားသည် ဟု
ဖေဖေ ပြောပြ၍ ယမင်းတို့ သိခဲ့ရသည် ။ ဘုရားကြီးသို့ ယမင်းတို့ ရောက်တော့ ယမင်းတို့ ညီအစ်မသာ ဘုရား
ပေါ်သို့ တက်ဖြစ်ကြသည် ။ မေမေနှင့်ဖေဖေက ရပ်တော်မူ ဘုရားကြီးရှေ့မှ လျောင်းတော်မူ ဘုရား ရင်ပြင်တွင်
သာ ဘုရားဖူးရင်း နေရစ်ခဲ့ကြသည် ။
              ဘုရားကြီးက အတော်ပင် မြင့်မားသောကြောင့် ယမင်းတို့ ကြိုးစားတက်ရသည် ။ ယမင်းတို့သာမက
အခြား ဘုရားဖူးများကလည်း မုံရွာ၏ ဧပြီလ နေအပူကို အန်တုကာ တစ်ထပ်ပြီး တစ်ထပ် မမောနိုင် ၊ မပန်းနိုင်
တက်ကြသည် ။ အထပ်က ၃၁ထပ် ရှိသော်လည်း ၁၇ထပ်လောက်သာ အပြီးအစီး ခြယ်မှုန်းရသေးသည် ။ ပန်း
ချီများကလည်း အမှန်ပင် အသက်ဝင်လှ၍ ငရဲခန်းကို ကြည့်ရင်း ယမင်း ထိတ်လန့်ကြောက်ရွံ့မိသည် ။ ဟိုငေး
သည်ငေးဖြင့် ၇ထပ်မြောက်တွင် ယမင်းတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်ကို ယမင်း သတိ မထားမိ ။ ယမင်း
၏မမ အနားတွင် မရှိတော့သည်ကိုလည်း ယမင်း သတိမရ…။ ဝဋ်ဆင်းရဲခံနေရသော ငရဲသားများကို ကြည့်ရင်း
ယမင်း အလိုလို ကြောက်လန့်လာမိသည် ။
   “ မင်း တစ်ယောက်တည်း ဘာလုပ်နေတာလဲ ? မကြောက်ဘူးလား…”
အနောက်မှ မေးလိုက်သောစကားကြောင့် ယမင်း အလန့်တကြား လှည့်ကြည့်မိတော့ ရုတ်တရက် တွေ့လိုက် ရသည်က မျက်နှာတစ်ခု …
   ` ဟင် ! သူ…သူပါလား ။´
ယမင်း ထိုစကားကို စိတ်ထဲတွင်သာ ရေရွတ်လိုက်မိသည် ။ သူကလည်း ယမင်းကို မျက်လုံးအဝိုင်းသားနှင့် ပြန်
ငေးကြည့်နေသည် ။
မေးရိုးကားကား မျက်ခုံးထူထူ အသားဖြူဖြူနှင့် သူ့ကို ယမင်း ဘယ်အချိန် တွေ့တွေ့ မှတ်မိသည် ။ ယမင်း သူ့ကို အိပ်မက်ထဲ၌ ငါးခေါက်ထပ်မနည်းတောင် တွေ့မြင်ဖူးသည် မဟုတ်ပါလား ။ အိပ်မက်ထဲတွင်
အရက်ခိုးငွေ့ဝေနေသော သူ့မျက်နှာက ထိတ်လန့်ချောက်ခြားဖွယ် ကောင်းလှသော်လည်း ယခု မြင်တွေ့ရ
တော့ ပကတိ ကလေးတစ်ယောက်လို ဖြူစင်သန့်ရှင်းလို့နေသည်ဟု ယမင်း ခံစားမိသည် ။ ခုလို အပြင်၌ သူ့ကို
ရုတ်တရက် တွေ့မြင်ရတော့ အနည်းငယ် အံ့သြမိသည်ကလွဲပြီး အိပ်မက်ထဲကလိုမျိုး ကြောက်ကြောက် လန့်
လန့် မဖြစ်မိ…နောက်ပြီး နားလည်ရခက်သည့် ခံစားချက်တစ်ခုကိုလည်း ယမင်းရင်ထဲ၌ ခံစားလိုက်ရသည် ။
   “ မင်း…မင်း…”
သူက ထိုစကားကို ရေရွတ်ရင်း ယမင်း ပုခုံးကို ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်သည် ။ အနီးအနားတွင်လည်း လူတစ်
ဦးတစ်ယောက်မှ မရှိတာကြောင့် လှေကားဆီသို့ ယမင်း ကြောက်လန့်တကြား ပြေးထွက်သွားမိတော့သည် ။
သူ…သူဟာ လူသတ်သမား တစ်ယောက် ။ အိပ်မက်ထဲမှာလို ယမင်းကို သတ်ပစ်လိုက်လျှင်…ဟူသော အတွေးက ယမင်းကို သူ့အနားက ပြေးထွက်လာဖို့ ခွန်အားတစ်ခုလို ဖြစ်ခဲ့သည် ။ ဘာရယ်ကြောင့်မှန်း မသိ… တစ်ဖက်ကလည်း သူနှင့် ခွဲခွာခဲ့ရသည်ကို ကြေကွဲသလိုလို ဝမ်းနည်းသလိုလို ခံစားနေမိ၏ ။
          မေမေက ဖေဖေ့ဆီတွင် တစ်လလောက် နေမည် ဆုံးဖြတ်ထားသော်လည်း ထိုဆုံးဖြတ်ချက်ကို မေမေ
ကိုယ်တိုင် ဆန့်ကျင်ရတော့မလို ဖြစ်နေပြီ ။ လေးကျွန်းစင်္ကြာရပ်တော်မူဘုရားကြီးမှ ပြန်ရောက်သည့်ညတွင်ပင်
မေမေ ခေါင်းတွေ ကိုက်တော့သည် ။ မုံရွာရဲ့ အပူဓါတ်က မေမေ့ကို နှိပ်စက်ပြီ ထင်ပါရဲ့ ။ ယမင်းနှင့်မမ တစ်ည
လုံး မေမေ့ကို အိပ်ပျော်အောင် နင်းနှိပ်ပေးရသည် ။ ပရုပ်ဆီ လိမ်းပေးရသည် ။ ဖေဖေ ကိုယ်တိုင် မေမေ အိပ်
ပျော်စေရန် လေအေးစက်ကို ဖွင့်ရုံမက ယပ်ပါ ခပ်ပေးသည် ။ ထို့ကြောင့် ယမင်း ကိုယ်တိုင်လည်း နေ့လည်က
ဆုံတွေ့ခဲ့သည့် အိပ်မက် မင်းသားလေးကို မစဉ်းစားအားတော့ ။ သို့ပေမဲ့ ထိုသူက မင်းသား ဟန်ဆောင်ထား
သော ဘီလူးခေါင်းများ ဖြစ်လေမလားဟု တစ်ချက်တစ်ချက်တော့ တွေးမိလိုက်သေးသည် ။
   “ အန်ကယ်ရေ…အန်ကယ်…”
မနက်စောစောတွင် ဆိုင်ကယ်စက် ရပ်သံနှင့်အတူ ဖေဖေ့ကို တကြော်ကြော် အော်ခေါ်နေသော အသံကြောင့်
ယမင်း အိပ်ခန်းထဲမှ ပြေးထွက်လာလိုက်သည် ။ မေမေကို တစ်ညလုံး ပြုစုထားရတာကြောင့် ဖေဖေ့ခမျာ အိပ်
ရာက မနိုးသေး…ယမင်းကိုယ်တိုင်လည်း တစ်ကိုယ်လုံး နှုံးချိနေပြီ ။
    “ ဘယ်သူလဲ မသိ…ဟင် !
အိမ်တံခါး တစ်ဖက်ကို ဖွင့်ရင်း ရုတ်တရက် တွေ့လိုက်ရသော သူ့ကြောင့် ယမင်း ဆွံ့အသွားမိသည် ။ ယမင်း
အံ့သြ စိုးထိတ်စိတ်ကြောင့် ဘာစကားမှ မဆိုနိုင်သေး…။ သူ့ကိုသာ ငေးကြောင် ကြည့်နေမိသည် ။ သူ…သူ…
ယမင်း နောက်ကို လိုက်လာတာများလား ။ မိဘတွေ တစ်မျိုးထင်ကုန်ရင် ယမင်းတော့ ဒုက္ခပါပဲ ။ အတွေးများ
ဖြင့် ယမင်း မူးနောက်နောက် ဖြစ်သွားသည် ။
   “ ဟို…အိမ်…အိမ်ထဲတော့ ပြေးဝင်မသွားပါနဲ့နော် ။ ကျွန်တော် အန်ကယ့်ဆီ လာတာပါ ။ ဒီကညီမနောက်ကို
     လိုက်လာတာ မဟုတ်ပါဘူး ။”
သူက ယမင်းမျက်နှာ အရိပ်အကဲကို ဖတ်ပြီး စကားကို အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည် ။ သူ့ကြည့်ရတာ
လည်း ယမင်းကို မြင်တော့ အတော်အံ့သြနေပုံရတာကြောင့် ယမင်း နောက်တံခါး တစ်ချပ်ကိုပါ တွန်းဖွင့်ရင်း…
   “ ဟို…ဖေဖေ့အသိလား ။”
   “ ဟုတ်ကဲ့ခင်ဗျာ့ ။ ဒီက အန်ကယ်နဲ့ ကျွန်တော့်အဖေနဲ့က သူငယ်ချင်းတွေပါ ။ ကျွန်တော်လည်း ဒီကို မကြာ
     ခဏ လာလည်နေကျပါ ။ ဒီ…ဒီက ညီမကို တစ်ခါမှ မတွေ့ဖူးဘူးနော် ။”
   “ ဟုတ်ကဲ့ ။ ကျွန်မတို့က ရန်ကုန်မှာ နေတာပါ ။ ဖေဖေ့ဆီ အလည်လာတာပါ ။”
ယမင်း သူ့အမေးကို ဖြေရင်း သူ့ကို မော့ကြည့်လိုက်တော့ သူက ယမင်းကို ခပ်တွေတွေ ငေးကြည့်နေသည် ။
   “ ဟို…ညီမကို မြင်ဖူးသလိုပဲ ။”
သူ့စကားက အဆန်း ။ ကျွန်မကို မြင်ဖူးသည်တဲ့…ဘယ်တုန်းကများပါလိမ့် ။ မနေ့က ဆုံခဲ့တာကိုတော့ သူကိုယ်
တိုင်လည်း အမှတ်ရနေသည်မို့ ဒါကို ပြောတာတော့ မဟုတ်နိုင် ။
   ရှင် ! ဘယ်…ဘယ်တုန်းက မြင်ဖူးတာလဲဟင် ။”
သူက တစ်စုံတစ်ခုကို ပြန်ဖြေဖို့ ပြင်လိုက်စဉ်မှာပဲ…
   “ သြော်…မောင်ပိုင်သက်ကျော် ရောက်နေတာကိုး ။ အိမ်ထဲခေါ်လိုက်လေ သမီး ။”
ဖေဖေ ရောက်လာသောကြောင့် ယမင်းကို ကြည့်နေတဲ့ သူ့မျက်လုံးတွေကို သူဘာသာသူ ဣိနြေ္ဒဆယ်ရင်း ဧည့်
ခန်းတွင် ကျုံ့ကျုံ့လေး ဝင်ထိုင်လေသည် ။
   “ အန်ကယ့်မိသားစု ရောက်နေတာကို ကျွန်တော် မသိလို့ပါ ။ လာရှုပ်သလိုများ ဖြစ်သွားလား မသိဘူး ။”
   “ ဟာ…မဟုတ်ပါဘူးကွာ ။ ဦးက မင်းကို မိတ်ဆက်ပေးချင်နေတာ ။ သမီးငယ် ပြန်ထွက်လာခဲ့ဦး ။ နင့်အစ်မ
     ပါ ခေါ်ခဲ့ ။ ဦးဇနီးကတော့ ညက နေမကောင်းလို့ အိပ်နေတုန်း ။”
   “ သြော်…ဟုတ်လား ။ အန်တီ ဘာဖြစ်တာလဲ ။”
   “ ရာသီဥတု ပူလို့ပါ ။ တော်ကြာ ကောင်းသွားလိမ့်မယ် ။ သြ…လာ သမီး ။ ဒါက ဦးသမီးကြီး သွန်းနေခြည်တဲ့
     သူက ဘွဲ့ရပြီးပြီ ။ အခု ရေနံကုမ္ပဏီတစ်ခုမှ အလုပ်လုပ်နေတယ် ။ ဒါက သမီးငယ်…ယမင်းရွှေရည်တဲ့ ။
     သူက စီးပွားရေးတက်နေတယ် ။ ဒီနှစ် နောက်ဆုံး ။ သမီးတို့ ဒါက ဖေဖေ့မိတ်ဆွေရဲ့သား…ပိုင်သက်ကျော်
     တဲ့…။ သူ့အဖေရဲ့စီးပွားရေးကို ဦးဆောင်လုပ်နေတဲ့ သူ့အစ်ကိုကို ဝိုင်းကူပေးနေတယ် ။ ကုမ္ပဏီရဲ့ဒုဥက္ကဌ
     ဆိုပါတော့ကွာ ။”
   “ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ့ ။”
   “ ဟုတ်ကဲ့…တွေ့ရတာ ဝမ်းသာပါတယ် ။”
ယမင်းတို့ ညီအစ်မနှစ်ယောက်လုံး ပြိုင်တူ နှုတ်ဆက်လိုက်ကြသည် ။ ယမင်းရဲ့မမကတော့ အပျိုကြီးတို့ ထုံးစံ
အတိုင်း ယောက်ျားသားတွေနဲ့ မပတ်သက်ချင်တာကြောင့် ဝတ်ကျေတန်းကျေ နှုတ်ဆက်ပြီး ဧည့်ခန်းမှ ထွက်
သွားသည် ။ ယမင်းလည်း မမနောက် လိုက်လာပြီး အလယ်ခန်းစားပွဲ ရှင်းရင်း ဖေဖေနှင့်သူ ပြောစကားများကို
နားစွင့်နေမိသည် ။
   “ ဒါနဲ့ မင်းအစ်ကိုကိုလည်း ခေါ်ခဲ့ပါဦး ။ ဦး တွေ့ချင်လို့ ။ မဆုံတာ ကြာပြီလေကွာ ။”
   “ ဟုတ်ပါတယ်…အန်ကယ် ။ ဒါပေမဲ့ ကိုကိုက အလုပ်မှအလုပ် ဖြစ်နေတာ ။ သူ စိတ်ကြီးတာ အစွဲကြီးတာ
      အန်ကယ်လည်း အသိသားပဲ ။ ဟိုတစ်ခေါက်တုန်းကတောင် အလုပ်ကိစ္စတစ်ခုမှာ အန်ကယ်နဲ့ကိုကို ပြိုင်
      ငြင်းကြသေးတယ် မဟုတ်လား ။ ဟုတ်ကဲ့ … ကျွန်တော် ခေါ်လာဖို့ ကြိုးစားကြည့်ပါ့မယ် ။”
   “ အမလေး … မဆန်းပါဘူးကွာ ။ ငါ့သူငယ်ချင်းနဲ့ တူတာနေမှာပေါ့ ။ မင်းကတော့ အမေတူဖြစ်ရမယ်
     ဒါကြောင့်သာ အနေအေးတာ ။”
အဲ့ဒီ့နေ့ကတော့ ပိုင်သက်ကျော်ဆိုသော သူက ဖေဖေနှင့် စကားတွေ ဖောင်ဖွဲ့အောင် ပြောပြီး ပြန်သွားသည် ။
သူ ပြန်သွားတော့ ဖေဖေက ပိုင်သက်ကျော်ထက် သူ့အစ်ကိုက လုပ်ရည်ကိုင်ရည် ပိုရှိကြောင်း ပိုတော်ကြောင်း
အမွှမ်းတင် ချီးကျူးပေမဲ့ ယမင်းကိုယ်တိုင်ကတော့ ပိုင်သက်ကျော်ဆိုသော သူ့ကိုသာ သံယောဇဉ် ငြိတွယ်နေမိ
သည် ။

NNNNN

        တိုတိုနှင့် လိုရင်းပြောရလျှင် ယမင်းနှင့်သ်ူသုံး/လေးခေါက် ထပ်ဆုံပြီးသည့်နောက်မှာတော့ ချစ်သူတွေ ဖြစ်သွားခဲ့ကြသည် ။ တစ်လဆိုသော အချိန်လေးဟာ လူနှစ်ယောက် ချစ်ကြိုက်ကြဖို့ တိုတောင်းကောင်း တိုတောင်းပါလိမ့်မည် ။ သို့ပေမဲ့ သူနှင့်ယမင်းကြားမှာတော့ သံယောဇဉ်ဆိုသည့်ကြိုးက ဟိုးလွန်ခဲ့သော လပေါင်းများစွာကတည်းက ရစ်ပတ်ချည်နှောင်ခဲ့ပြီးသား ။ တကယ်တမ်းမှာတော့ ယမင်းကိုယ်တိုင်ကလည်း သူ့အိပ်မက်ထဲတွင် နတ်သမီးလေးတစ်ပါး ဖြစ်နေခဲ့သည်…တဲ့လေ ။
                အဲဒီအိပ်မက်ကို လွန်ခဲ့တဲ့ သုံးလက သူ ခဏခဏ မက်ခဲ့သည် ။ အိပ်မက်ထဲ၌ ရန်ကုန်မြို့က အပန်းဖြေခြံကြီးထဲတွင် မိန်းကလေးတစ်ယောက် သူ့ကို ကျောပေးလျက် ရပ်နေသည် ။ သူ အပြင်မှ အိမ်ပြန်
ရောက်လာခိုက် ထိုမိန်းကလေးကို တွေ့လိုက်ရ၍ အံ့အားသင့်သွားကာ သူမပုခုံးကို အနောက်မှ ဆုပ်ကိုင်
လိုက်ပြီး `မင်း ဘာလုပ်နေတာလဲ´ဟု မေးရန်ပြင်လိုက်စဉ် ထိုမိန်းကလေးက အသံနက်ကြီးဖြင့် တုန်လှုပ်
ချောက်ချားစွာ ဟစ်အော်လိုက်သည် ။
           ထိုနေရာသို့ ရောက်လျှင် အိပ်မက်မှ သူ လန့်နိုးလာခဲ့ပြီး ရင်ထဲတွင်လည်း ဟာတာတာဖြစ်ကျန်ရစ်ခဲ့ရ
သည် ။ သို့ကြောင့်လည်း ငရဲခန်းတွင် ယမင်းကိုတွေ့မြင်စဉ်က သူ တအံ့တသြဖြစ်ခဲ့ရသည် ။ အခုလို အပြင်မှာ
ပြန်လည်ဆုံခွင့်ရတာ အရမ်းကံကောင်းတာပဲ…စသည်ဖြင့် စီကာပတ်ကုံး သူ ပြောပြသောအကြောင်းအရာများ
ကို နားထောင်ရင်း ယမင်းမှာလည်း ကြည်နူးမဆုံးတော့ ။ ယမင်းကိုယ်တိုင်ကတော့ သူ့ကို အိပ်မက်မက်ခဲ့သည့် အကြောင်းကို တစ်လုံးတစ်ပါဒမှ မဖွင့်ဟရဲ…။ “ မောင်ရယ် … ယမင်းက အရင်အိပ်မက်မက်ခဲ့ရတာပါ ။” ဟု ဖွင့်ပြောလိုက်ချင်သော်လည်း ယမင်းရဲ့အိပ်မက်ကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို မလိုလား ။ အကယ်၍ အိပ်မက်ထဲကလိုသာ အပြင်တွင် အမှန် တကယ် ကြုံတွေ့လာရလျှင်လည်း ကိုယ့်ထိုက်နှင့်ကိုယ့်
ကံဟုသာ ခံယူထားလိုက်မိသည် ။ ယမင်း၏မမသာ သိလျှင် နင်တော်တော်မိုက်တာပဲ ယမင်းလေးရယ်ဟု ကရုဏာဒေါသောဖြင့် မာန်မဲပေလိမ့်မည် ။
        မပြန်ခင်မှာပဲ ယမင်းတို့နှစ်ယောက်အကြောင်းကို လူကြီးတွေ သိအောင် ဖွင့်ပြောလိုက်တော့သည် ။
တစ်သက်လုံး ဘယ်သူ လာကြိုက်ကြိုက် ပြန်စိတ်မဝင်စားခဲ့သောယမင်းက ခုလို သူနှင့်ချစ်ကြိုက်နေကြောင်း ဖွင့်ပြောလာသည့်အခါ မိသားစုဝင်တွေအားလုံး အတော်အံ့သြသွားပုံ ရသည် ။
    “ ဖေဖေက မောင်ပိုင်သက်ကျော်နဲ့သမီးကို နီးစပ်သွားလိမ့်မယ် မထင်ထားဘူး ။ ဒီလိုသာ မဖြစ်ခဲ့ကြရင်
       သမီးကို မောင်ပိုင်သက်ကျော်ရဲ့အစ်ကိုနဲ့ နေရာချပေးဖို့ စိတ်ကူးထားတာ ။ သူ့ကို သမီး မမြင်ဖူးလို့ပါ
       လေ ။ ကဲပါ…ထားပါတော့ ။ ခုလို လူငယ်ချင်း ချစ်ကြိုက်လို့ဆိုတော့လည်း ဖေဖေတို့က သဘောတူ
       ရမှာပေါ့ကွယ် ။ မောင်ပိုင်သက်ကျော်က သူ့အစ်ကိုလောက် မထူးချွန်ပေမဲ့ လူတော်လူအေးလေး
       တစ်ယောက်ဆိုတော့ အဖေ့သမီး အရွေးမှားမယ်မထင်ပါဘူး ။”
ဖေဖေက ဒီစကားကို လေးလေးနက်နက် ပြောခဲ့တာပါ ။ မိဘဆိုတာ သားသမီးကို အကောင်းတကာ့ အကောင်းဆုံး ဖြစ်စေချင်တဲ့ စေတနာတွေနဲ့ တွေးဆခဲ့တာကို ယမင်း နားလည်တာကြောင့် ဖေဖေ့အတွက်
စိတ်မကောင်းလည်း ဖြစ်မိသလို ကျေးဇူးလည်း တင်မိသည် ။ သူ့မိဘတွေကလည်း ဖေဖေ့သူငယ်ချင်းတွေဆို
တော့ သူနှင့်ယမင်းကို ဝမ်းမြောက်ဝမ်းသာ သဘောတူကြသည် ။ မခွဲနိုင်မခွာနိုင်ဖြစ်နေသော သူ့ကြောင့်ပဲ ဒီနှစ် မကုန်ခင်မှာပင် လက်ထပ်ပေးကြဖို့ နှစ်ဖက်မိဘတွေက ဆုံးဖြတ်ခဲ့ကြသည် ။
       နိုဝင်ဘာလ ၂၅ရက်နေ့တွင် ယမင်းနှင့်သူ လက်ထပ်ဖြစ်ခဲ့ကြသည် ။ ယမင်းမေမေ၏ဆန္ဒကြောင့် ရန်ကုန်
မြို့ ဟော်တယ်တစ်ခုတွင် ခမ်းခမ်းနားနား မင်္ဂလာဆောင်ဖြစ်ခဲ့သည် ။ ထိုနေ့က သူ့ရဲ့ အစ်ကို ရောက်မလာခဲ့ ။ တစ်ဦးတည်းသောညီ၏မွေးနေ့ကိုပင် ရောက်မလာသော သူ့အစ်ကိုအပေါ် ကျွန်မ နားမလည်နိုင်ပါ ။ အချစ်ဆုံး ညီအစ်ကိုတွေဟုဆိုသော်ငြား တွဲရိုက်ထားသော ဓာတ်ပုံတစ်ပုံပင် မရှိ ၊ စက်ရုပ်တစ်ရုပ်လို နေထိုင်တတ်သူဟု အမျိုးတွေကြား နာမည်ကြီးသည့်သူ့အစ်ကိုက အသည်းနှလုံး ရှိပုံလည်း မရပါ ။ မင်္ဂလာပွဲကို အစ်ကိုဖြစ်သူ ရောက်မလာသည့်အတွက် သူ အတော့်ကို စိတ်မကောင်း ဖြစ်ခဲ့ရသည် ။
   “ မောင့်ကိုကိုက သိပ်အလုပ်မက်တာ ။ ခုလည်း နိုင်ငံခြားကကုန်သည်တွေ လာလို့တဲ့ ရွှေရည်ရယ် ။ မောင်
     လေ မင်္ဂလာပွဲပြီးတဲ့အချိန်ထိ သူ့ ရောက်လာမလားလို့ မျှော်နေခဲ့တာ ။ ခုလို သူမလာတော့ မောင် တကယ်
     စိတ်မကောင်း ဖြစ်မိတယ် ။”
သူနှင့်ယမင်း ချစ်သူတွေ ဖြစ်ခဲ့ရာက ယခု လက်ထပ်ခဲ့သည်အထိ သူ့အစ်ကိုအကြောင်း ယမင်း အတိအကျ မသိခဲ့ရ ။ သူကလည်း သူ့အစ်ကိုနှင့် ပတ်သက်လာလျှင် တစ်ခါတစ်ခါ စိတ်ပျက်နေပုံ ရတာကြောင့် သူ စိတ်ညစ်သွားမည် စိုးရိမ်၍ ယမင်း မမေးမိခဲ့ ။ ယခုတော့ အစ်ကိုဖြစ်သူအပေါ် သူ ဘယ်လောက်ချစ်မြတ်နိုး ကြောင်းကို ယမင်း သိရှိလိုက်ရသည် ။
        သူနှင့်ယမင်း လက်ထပ်ပြီးနောက် မေမေဆန္ဒအရပင် ရန်ကုန်တွင်သာ နေထိုင်ဖြစ်ခဲ့ကြသည် ။ သို့ပေမဲ့
တစ်ခါတစ်ရံ မြို့ပြ၏အငွေ့အသက်များကို မွန်းကျပ်လာသည့်အခါ သူနှင့်ယမင်းရဲ့ အိပ်မက်ဆုံရာ အိမ်ကလေး
ဆီသို့ အလည်အပတ် သွားဖြစ်ကြသည် ။ ထိုသို့ရောက်တိုင်း ယမင်းရင်ထဲ ပိုမိုမွန်းသိပ်ကာ တစ်စုံတစ်ခုကို စိုး
ရိမ် ကြောက်ရွံ့နေမိသည် ။
ယခု ယမင်း၏အသက် ၂၂နှစ် ပြည့်တော့မည် ။ အိပ်မက်ထဲကအတိုင်းဆိုလျှင် ထိုအဖြစ်အပျက်တွေက မနက်ဖြန်လား…သဘက်ခါလား မသိ…အတော့်ကို နီးကပ်နေပြီ ။ ဒီအကြောင်းကို တွေးမိတိုင်း ယမင်း အသက် ရှုမဝသလိုပင် ခံစားလာရသည် ။ ယမင်း၏စိတ်ထဲတွင် ထိုအိပ်မက်အတိုင်း အမှန်တကယ် ကြုံတွေ့ရလိမ့်မည် ဟု ယုံကြည်နေသည် ။ ထို့ကြောင့်လည်း အသက်ရှည်ရှည်နေလိုသောကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း ဘာသာရေးကို ပိုမိုအားထုတ်မိသည် ။ ညောင်ထောက်ခြင်း ငါးသက်စေ့လွှတ်ခြင်း တံတားဆောက်ခြင်း စတဲ့ အလုပ်တွေကို တတ်အားသလောက် ငွေအားလုပ်အားဖြင့် ဆောင်ရွက်မိသည် ။ တကယ်ဆို ဒီအိပ်မက်ကို စတင်မြင်မက်ခဲ့စဉ်ကတည်းက ယမင်း ကြောက်ရွံ့စိတ်ဖြင့် သီလယူ ဥပုဒ်စောင့်သော အလုပ်တွေကို ပိုမိုလုပ် ဖြစ်ခဲ့သည် မဟုတ်လား ။ သို့ပေမဲ့ ယခုချိန်ထိ ကြမ္မာအိပ်မက်ဆိုးတွေက ယမင်းရဲ့အာရုံကို လွှမ်းခြုံခြောက်လှန့် နေဆဲပင် 
    ယမင်းတို့ အိမ်ထောင်ကျပြီး တစ်နှစ်ကျော်အကွာမှာပဲ သူ့ကိုကို အိမ်ထောင်ပြုတော့မည် သတင်းကြား၍ ယမင်းတို့ မုံရွာသို့ လိုက်လာခဲ့ကြသည် ။ ယမင်းဖေဖေကတော့ ရန်ကုန်သို့ ပြန်လည် ပြောင်းရွှေ့ပြီးပြီဖြစ်၏ ။ သူ့အိမ်သို့ ရောက်တော့ သူ့မိဘတွေက ယမင်းတို့ကို ဝမ်းပမ်းတသာကြိုဆိုကြသည် ။ သူ့ကိုကိုကလည်း အိမ်ပေါ်ထက်မှ ပြေးဆင်းလာပြီး ညီဖြစ်တဲ့သူ့ကို ပွေ့ဖက်နှုတ်ဆက်လိုက်ချိန်မှာ ယမင်း အရမ်းအံ့သြသွားခဲ့ ရသည် ။ အံ့သြလွန်းလို့ ကြောင်ငေးကြည့်နေမိသည်အထိ ။
   “ ရွှေရည်…ဒါ မောင့်ကိုကိုလေ ။ ပိုင်ထက်ကျော်တဲ့…။ ကိုကို ဒါက ညီ့ဇနီး ယမင်းရွှေရည်တဲ့ ။”
ပိုင်ထက်ကျော်…ဆိုသည့်နာမည် ကြားတော့ ယမင်းတစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားမိသည် ။ ယမင်း  တအံ့တသြ ဖြစ်နေပုံကို ယမင်းရဲ့မောင်(ခင်ပွန်းသည်)က ပြုံးပြုံးကြီး ကြည့်နေပြီး…
   “ မောင်က ရွှေရည် ကိုကို့ကိုမြင်မှ အံ့သြသွားအောင် တမင်မပြောဘဲ နေခဲ့တာ ။ ခု … အရမ်းအံ့သြသွားပြီ
     မဟုတ်လား ။ ဟုတ်တယ်…ကိုကိုနဲ့ မောင်က အမြွှာညီအကိုတွေလေ ။”
သူ့ကိုယ်သူ မောင်လို့ နာမ်စားသုံးရင်း သူက ခပ်ကြွားကြွားလေး ပြောလိုက်ပေမဲ့ ယမင်းကိုယ်တိုင်ကတော့ ဆွံ့
အ ငြိမ်သက်နေဆဲ ။ ဘာတွေလဲ…ဘာတွေ ဖြစ်ကုန်ပြီလဲ…ယမင်း နားမလည်နိုင်တော့ ။
   “ ညီကလည်း ဆိုးပါ့ကွာ ။ ဟိုမှာ…ကိုကို့မရီး တက်သွားပါဦးမယ် ။ တော်တော် လန့်သွားလား…ညီမ ။”
   “ မ…မလန့်ပါဘူး ။ ရုတ်တရက်ဆိုတော့ အရမ်း အံ့သြသွားလို့ပါ ။ အစ်ကို့အတွက် ဂုဏ်ယူပါတယ် ။”
ယမင်း ကိုယ့်ကိုကိုယ် မနည်းထိန်းကာ အားယူ ပြောလိုက်သည် ။ ယမင်းစကားကြောင့် ကိုပိုင်ထက်ကျော်က
ဟက်ဟက်ပက်ပက် ရယ်ရင်း…
   “ အစ်ကိုက နောက်တောင် ကျနေပြီ ။ နောက်ကားက ကျော်တက်သွားတာ နှစ်ချီ ရှိပြီလေ ။ ခုမှ
     မနည်း မီအောင် လိုက်ရမှာ ။”
ကိုပိုင်ထက်ကျော်က ဟာသပြောလိုက်ပေမဲ့ ယမင်း ပြုံးရုံသာ ပြုံးလိုက်နိုင်သည် ။ ယမင်းရဲ့အာရုံတွေကတော့
ယောက်ယက်ခတ်နေတုန်း…ဒါ…ဒါဆို အိပ်မက်ထဲက လူသတ်သမားက ယမင်းရဲ့ချစ်သူ မဟုတ်ခဲ့ဘူးပေါ့ ။ ဒါ
ပေမဲ့ အသတ်ခံရသော အမျိုးသမီးကတော့ ယမင်းဆိုတာ အသေအချာပင် ။ ယမင်း နားမလည်တော့ ။ မည်သို့
ပင် ဖြစ်စေ…ထိုအိပ်မက်တွေ အားလုံး ယမင်း စိတ်ကယောင်ချောက်ချားဖြစ်၍ မက်သောအိပ်မက်တွေသာ ဖြစ်
ပါစေတော့ဟု အခါခါ ဆုတောင်းလိုက်မိသည် ။

NNNNN

သို့ပေမဲ့ ယမင်း၏ဆုတောင်း မပြည့်မြောက်ခဲ့…။ ကိုပိုင်ထက်ကျော် မင်္ဂလာဆောင်ပြီး နှစ်နှစ်ခန့်အကြာ
တွင် ရန်ကုန်မြို့စွန်က အိမ်ကလေး၌ ယမင်း အိပ်မက်မက်ခဲ့သည့်အတိုင်း ကိုပိုင်ထက်ကျော်က ဇနီးဖြစ်သူကို
အထင်အမြင်လွဲမှားကာ ဒေါသအလျောက် ဓါးနှင့် ထိုးသတ်ခဲ့သည် ။ နောက်မှ မောင်ဝမ်းကွဲနှင့် ဆက်သွယ်
မိတာကို အထင်လွဲပြီး သတ်မိမှန်း သိ၍ ယူကြုံးမရဖြစ်ကာ ရူးသွပ်သွားရှာသည် ။ ဒီသတင်းတွေကြောင့် ယမင်းရဲ့ခင်ပွန်းလည်း အစ်ကိုစိတ်နှင့် နှစ်လခန့် အိပ်ရာထဲ လဲသွားသေးသည် ။ မုံရွာမှ သူ့မိဘတွေလည်း သားကြီးစိတ်ဖြင့် နေထိုင်မကောင်းဖြစ်ကုန်ကြ၍ ယမင်းမှာ သူနှင့် သူမိဘကြား အတော့်ကို ကသီခဲ့ရပေမဲ့ နည်း
နည်းမှ မငြူစူမိ ။
အကယ်၍ သူ့နှင့်သာ ချစ်သူတွေမဖြစ်ခဲ့လျှင် ဖေဖေ ပေးစားသောကြောင့် သဝန်ကြောင်တတ်သော
သူ့အစ်ကိုနှင့် လက်ထပ်ခဲ့ရပြီး ယခုချိန်သေဆုံးသူမှာ ယမင်းကိုယ်တိုင် ဖြစ်နေလောက်ပြီ ။ သူဟာ ယမင်းရဲ့ ငရဲခန်း အိပ်မက်ထဲသို့ ရောက်ရှိလာသော ကယ်တင်ရှင်တစ်ဦးပင် ။ သေချာတာက ဒီအိပ်မက်တွေအကြောင်း ယမင်း သူ့ကို ဘယ်တော့မှ ပြောပြဖြစ်လိမ့်မည် မဟုတ်ပေ ။

NNNNN

       တစ်ခါတစ်ရံ အိပ်မက်အချို့သည် ဆန်းကြယ်နက်နဲလှသည် ။ ငါးကြိမ်ထက်မနည်း တထေရာတည်း မြင်မက်ခဲ့ရသော ဤအိပ်မက်သည် ယမင်းကို နိမိတ် မြင်စေသော အိပ်မက်လား ၊ အရိပ်ထင်ရုံမျှ အိပ်မက်
လား…ဆိုတာကို ယခုထက်တိုင် မခွဲခြားနိုင်ခဲ့ ။ ပို၍ထူးဆန်းသည်မှာ ယမင်း ထိုအိပ်မက်ကို နှစ်ကြိမ်တိတိ
မြင်မက်ပြီးသည့်အခါ ကြောက်လန့်စိတ်ဖြင့် ဘာသာတရားကို ပိုမိုကိုင်းရှိုင်းအားကိုးလာမိသည့်နောက်မှ ယမင်း၏ခင်ပွန်းသည်က စတင် မြင်မက်ခဲ့ခြင်း ဖြစ်သည် ။ အကယ်၍ ယမင်းသာ အိပ်မက်ကို အမှတ်တမဲ့ သဘောထားပြီး မသိကျိုးကျွန်ပြုခဲ့မိလျှင် ထိုအိပ်မက်၏ကံကြမ္မာဆိုးက ယမင်းအပေါ်ကို အမှန်ပင် ကျ
ရောက်လာမည်လား… မယူဆတတ်တော့ ။
ယမင်း တွေးဆမိလိုက်သည်က ကြိုတင်သိမြင်သောကိစ္စများကို မိမိ၏ ကံ ၊ ဥာဏ် ၊ ဝီရိယဖြင့် ပြောင်းလဲပစ်နိုင်သည်ဟုပင် ။ သို့ကြောင့် ယမင်း၏သက်တမ်းတစ်လျှောက်လုံး ဘာကိုပဲ ကြိုတင်မြင်တွေ့
ကြားသိရပါစေ…ဥပဒ်ဒဏ်ကြောင့် ဥပဒ် မရောက်စေဘဲ ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်ကာ မိမိကံကြမ္မာကို မိမိဘာသာ အကောင်းဆုံးဖြစ်အောင် ပြောင်းလဲနိုင်ရန် ကြိုးစားတော့မည်ဟု ဆုံးဖြတ်ချက်
ချလိုက်မိပါတော့သည် ။


                                                                                                                                                                            စေတနာရှေ့ထားလျက်...
                                                                                  ဂါဦးနွန်းကို


www.facebook.com/writer.GONK တွင် ဝင်ရောက်လေ့လာနိုင်ပါသည် 


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
 
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
 
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။