Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ပူးကပ်သူ၏ဝိညာဉ်




ပူးကပ်သူ၏ဝိညာဉ်




( ၂၀၁၄ အောက်တိုဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည် )



ရေးသူ - ဂါဦးနွန်းကို

 

----------------------------------------------------------------------------------------

 

 


ညကာလဆို ကြယ်ရောင်လရောင်ပြပြပဲရှိတဲ့ ဒီလမ်းလေးထဲမှာ ကျွန်မ နေခဲ့ရတာ ရှစ်နှစ်ကိုးနှစ်မကတော့ပါဘူး ။ အမှန် အတိုင်း ပြောရရင် ကျွန်မ ဒီလမ်းလေးဘေး ရောက်နေတာ ဘယ်နှရက် ဘယ်နှလရှိပြီဆိုတာကို ကျွန်မ လုံးဝမမှတ်မိတော့ဘူး ။ ရောက်ခါစက ကျွန်မစိတ်ထဲ တစ်လတန်နှစ်လတန် နေရရုံပေါ့လို့ပဲ ထင်ခဲ့မိတယ် ။ ဒီလမ်းပေါ်ကိုရောက်တာ အခိုက်အတန့်ပါလေ လို့ပဲ ကျွန်မ တွေးခဲ့မိတယ် ။ ကျွန်မအသိဥာဏ်က အဖြစ်မှန်ကိုဖုံးကွယ်ပြီး ကျွန်မကို ရက်ပေါင်းများစွာ လိမ်ညာလှည့်ဖျားထား ခဲ့တယ် ။
အခုတော့ ကျွန်မအတွက် ဒီလမ်းပေါ်မှာ နေရတဲ့ဘဝဟာ အဆန်းမဟုတ်တော့ပါဘူး ။ ဒီလမ်းဟာ ကျွန်မရဲ့ဒေသတစ်ခု ဖြစ်သွားပြီ ။ ကျွန်မရဲ့ဇာတိရပ်မြေဖြစ်သွားပြီ ။ ဒီဘဝကို ရောက်ကတည်းက ဒီမှာနေခဲ့ရတာဖြစ်တဲ့အတွက် ဒီလမ်းလေးဟာ ကျွန်မရဲ့ဇာတိချက်မြှုပ်ပဲဆိုပါတော့ ။ ကျွန်မ နေပျော်သွားပါပြီလေ ။
လမ်းကလေးက သာမညလမ်းကလေးပါ ။ ချိုင့်ခွက်ပေါတယ် ။ ကျဉ်းမြောင်းတယ် ။ သစ်ရွက်ခြောက်တွေ ကြွေကျနေ တယ် ။ နွေရာသီဆို ဖုန်ထတယ် ။ မိုးရာသီဆို ဗွက်ထူတယ် ။ ဆောင်းရာသီမှာတော့ လမ်းဘေးတလျှောက် နှင်းပန်းလေးတွေ ပွင့်တတ်တယ် ။ နှင်းရည်ကြည်လေးတွေခိုနေတတ်တဲ့ မြက်နုစိမ်းလေးတွေ ပေါက်တတ်တယ် ။ ဒီလမ်းကလေးဟာ ဆောင်းရာသီ မှာတော့ အလှဆုံးပဲ ။
လမ်းကလေးမှာ လူသွားလူလာနည်းပါတယ် ။ လမ်းကလေးက လူပြတ်တာလည်း မပြောနဲ့ ။ မိုးဥတုဆို လမ်းပေါ်မှာ မြက်ပင်ရှည်တွေ လူတစ်ရပ်မက ရှိတယ် ။ နောက်ပြီး ညဘက်ဆို လမ်းမီးမရှိတော့ မှောင်မှောင်မည်းမည်းရယ် ။ အလုပ်မရှိတဲ့ ကျွန်မနဲ့ လူသွားလူလာပြတ်တဲ့ဒီလမ်းကလေးဟာ မျက်နှာချင်းဆိုင်ရင်း ညည်းတွားနေတတ်ခဲ့တယ် ။ ဒီလမ်းကလေးကို လူတွေ ဖြတ်သွားကြပါစေလို့ ကျွန်မ ဆုတောင်းမိရဲ့ ။ ဒါမှလည်း ကျွန်မ အငြီးငွေ့သက်သာမှာ မဟုတ်လား ။
အခုတော့ ကျွန်မ ဆုတောင်းပြည့်ခဲ့ပါပြီ ။ ဒီလမ်းကလေးကို ညစဉ်ဖြတ်သန်းသွားလာနေတဲ့စုံတွဲတစ်တွဲရှိနေပြီလေ ။ ကောင်မလေးက အနီရောင်လုံချည် အဖြူရောင်အင်္ကျီကို အမြဲဝတ်ဆင်တတ်ပြီး ကောင်လေးကတော့ ဗြောက်သောက်ဝတ်လာ တတ်တယ် ။ ထူးခြားတာက သူတို့ဖြတ်သွားတဲ့အခါမှာ ကောင်လေးဆီက အနံ့တစ်ခု စူးစူးဝါးဝါးရတယ် ။ အဲဒီအနံ့ကြောင့် ကျွန်မ မှာ အသက်ရှူကျပ်မတတ်ပဲ ။
သူတို့က ကျွန်မနေထိုင်တဲ့သစ်ပင်အောက်ကနေ ညစဉ်ဖြတ်သန်းသွားကြတယ် ။ တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ပြီး ညအမှောင်ယံမှာ အေးအေးလူလူလျှောက်လှမ်းသွားနေကြတဲ့ သူတို့နှစ်ဦးကို ငေးကြည့်ရင်း ကျွန်မလည်း အတိတ် နေ့ရက်တွေကို ပြန်လွမ်းဆွတ်မိသေးတယ် ။ အရင်က ကျွန်မမှာလည်း ချစ်သူရည်းစား ရှိခဲ့ဖူးတာပေါ့ ။ အို…အဲဒါတွေက ကြာခဲ့ပါ ပြီ ။ ကျွန်မ အတိတ်ကို ပြန်မတွေးတော့ဘူး ။ သူတို့နှစ်ယောက်ကို စောင့်ငေးကြည့်ရင်း ကျွန်မရဲ့အခက်အခဲအတွက် ဘယ်လို အကူအညီတောင်းရရင် ကောင်းမလဲဆိုတာပဲ အမြဲစဉ်းစားနေမိတယ် ။ ကျွန်မ ရှိနေတဲ့အကြောင်း သူတို့ကို သိစေချင်လိုက်တာ ။
ဒါပေမဲ့ မထင်ပေါင် ။ သူတို့က ကျွန်မကို သတိထားမိဖို့မပြောနဲ့…ယောင်လို့တောင် လှည့်ကြည့်ဖော် မရဘူး ။ အဲ… တစ်နေ့မှာတော့ ကံကြမ္မာက ကျွန်မဘက်ပါလာတယ် ။ ကျွန်မကို သူတို့သတိထားမိဖို့အတွက် အကြောင်းဖန်လာတယ် ။ ကျွန်မ ကို ထိထိရောက်ရောက်ကူညီပေးခဲ့သူတွေက အကျင့်ပုပ်ပုပ် ခပ်ရိုင်းရိုင်း ကောင်လေးတစ်သိုက်ပဲ ။ သူတို့ကြောင့် ကျွန်မကို လူတော်တော်များများ သတိထားမိခဲ့ပါတယ် ။

----------------

ယုမွန်ဇော် ဆေးရုံမှ ထွက်လာချိန်တွင် ကိုးနာရီခွဲနေပြီ ။ လျှပ်စစ်မီး ထိန်ထိန်လင်းနေသော ဆေးရုံဆောင်အတွင်းမှ အပြင်ဘက်ကို ငေးကြည့်ရင်း ယုမွန်ဇော် အားငယ်သွားမိသည် ။ အပြင်လောကတွင် လမ်းမီးဟိုတပြောက်သည်ပြောက်လင်းရုံက လွဲ၍ မှောင်နှင့်မည်းမည်း ။ အားငယ်စိတ်ဖြင့် ဆွဲခြင်းတောင်းကိုင်းကို တင်းတင်းဆွဲကိုင်ရင်း အဆောက်အအုံအတွင်းမှ ထွက်လာ ခဲ့ရာ ဆေးရုံရှေ့အုတ်ခုံတွင် အသင့်စောင့်နေသောမောင့်ကို တွေ့လိုက်ရမှ ယုမွန်ဇော် စိတ်သက်သာရာရသွားသည် ။
မောင်က ဂျင်းအပြာရင့်မွဲမွဲကို ရှပ်အပြာနုလက်တိုနှင့် တွဲဝတ်လာသည် ။ ဆံပင်ကိုလည်း ကော့ကြော့နေအောင် ဂျယ် အရွှဲသားနှင့် ဖီးလိမ်းထားသည် ။ ချာလီရေမွှေးနံ့စူးစူးကလည်း တစ်ဘူးလုံးမှောက်လာသလားအောက်မေ့ရအောင် နှာခေါင်းရှုံ့ချင် စဖွယ် မောင့်ထံမှ ထွက်ပေါ်နေ၏ ။ ခပ်လှမ်းလှမ်းမှပင် မောင့်ရေမွှေးနံ့ကို အပြင်းသားရှူရှိုက်မိသည် ။
လေကလေးတချွန်ချွန်နှင့် အဝေးသို့ငေးနေရာမှ သီဟမောင် ဆင်ဝင်အောက်သို့ လှည့်ကြည့်လိုက်သည် ။ ဆေးရုံထဲက ထွက်လာသောယုမွန်ဇော်ကို မြင်လိုက်ရသဖြင့် သီဟမောင် ထိုင်နေရာထိုင်ခုံမှ ထရပ်လိုက်၏ ။
   “ မောင်…ရောက်နေတာကြာပြီလား ။”
ယုမွန်ဇော်ထံမှ ချိုသာသာအသံလေး ထွက်ပေါ်လာသည် ။ သူနာပြုဆရာမပေမို့လား မပြောတတ် ။ လူနာများအပေါ် ကြင်နာ တတ်သူ-ယုမွန်ဇော်က စကားကို အမြဲတစေ ညင်ညင်သာသာချိုချိုအေးအေး ဆိုတတ်သည် ။ ယုမွန်ဇော်၏အမေးကို သီဟမောင် က ခေါင်းညိတ်ဖြေရင်း ယုမွန်ဇော်၏လက်ထဲမှဆွဲခြင်းတောင်းကို လှမ်းယူလိုက်သည် ။ ယုမွန်ဇော်က သီဟမောင်ကို မျက်စောင်း ကလေး စွေထိုးလျက် ခြင်းတောင်းကို ပေးလိုက်ရင်း ခပ်ချွဲချွဲဆူလိုက်၏ ။
   “ မောင်ကလည်း ရေမွှေးကို တော်ရုံဆွတ်မှပေါ့ ။ ခုတော့ တစ်ကိုယ်လုံး နံဟောင်နေပြီ ။ အဲ့ဒီရေမွှေးနံ့ကြီး ယု မကြိုက်တာ
      လည်း သိသားနဲ့ကို ။ အမြဲစွတ်လာတယ်…”
   “ စောရီးကွာ ယု ။ မောင် မေ့သွားတယ် ။ စိတ်ဆိုးရဘူးနော် ။”
   “ ဟွန်း…စိတ်မဆိုးပါဘူးရှင် …စိတ်မဆိုးပါဘူး ။ လာ…သွားရအောင် ။ ညည့်နက်သွားဦးမယ် ။”
   “ အိုကေ…သွားစို့ ။”
ယုမွန်ဇော်က သီဟမောင်၏လက်မောင်းကို ဆွဲကိုင်လိုက်ကာ ဆေးရုံရှေ့မှ ထွက်လာခဲ့ကြသည် ။
ညက မှောင်မိုက်နေပြီ…။ ယုမွန်ဇော်၏အိမ်က ဆေးရုံနှင့်ခြောက်လမ်းကျော်တွင် တည်ရှိပြီး လူသူတိတ်ဆိတ်သော ရပ်ကွက်ငယ်လေးအတွင်း၌ ဖြစ်၏ ။ ယခုကဲ့သို့ ညဆယ်နာရီကျော်ဆိုလျှင် တစ်လမ်းလုံး ကလေးအစခွေးအဆုံး သက်ရှိ တစ်ကောင်တစ်မြီးမျှပင် ရှိလောက်တော့မည် မဟုတ် ။ တစ်ရပ်ကွက်လုံး အိမ်တွင်းပုန်းနေလောက်ပြီ ။ ယုမွန်ဇော်မှာသာ နိုက်ဂျူတီရှိနေ၍ ယခုအချိန်မှ ပြန်လာရခြင်းဖြစ်သည် ။
ဆေးရုံရှေ့နှစ်လမ်းကျော်သို့ ရောက်သည့်အခါ ယုမွန်ဇော် ကြိုတင်တွေးဆထားခဲ့သည့်အတိုင်း လမ်းမီးလင်းထိန်မှု ကုန်ဆုံးသွားလေပြီ ။ ရှေ့တွင် အနက်ရောင်လွင်ပြင်က သူတို့နှစ်ဦးကို ကြိုလင့်နေသည် ။ ယုမွန်ဇော်က သီဟမောင်၏လက် မောင်းကို ဆုပ်ကိုင်ထားရာမှ သီဟမောင်၏လက်ဖဝါးပြင်နွေးနွေးဆီသို့ ဆင်းလျှောကာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်၏ ။ သီဟ မောင်ကလည်း အလိုက်တသိပင် ယုမွန်ဇော်၏လက်ဖဝါးနုနုကို ဖွရရွဆုပ်ကိုင်လိုက်သည် ။ ချစ်သူလေး ကြောက်နေပြီကိုး…။
ဟုတ်သည်…အမှောင်ကို ယုမွန်ဇော် ကြောက်သည် ။ အမှောင်၏တစ်ဖက်ကို ယုမွန်ဇော်တို့ မမြင်တွေ့နိုင် ။ ထိုမမြင် တွေ့နိုင်သောအမှောင်ထဲတွင် ကြောက်မက်ဖွယ်ရာများ ရှိနေနိုင်သည်ဟုတွေးကာ ယုမွန်ဇော် အမှောင်ကို အလိုလိုနေရင်း ရွံ့ ကြောက်နေမိ၏ ။ နောက်ပြီး ထိုအမှောင်နှင့်ပတ်သက်၍ ယုမွန်ဇော်တွင် တဆင့်ကြားဒဏ္ဍာရီပုံပြင်များလည်း ရှိနေသည် မဟုတ် လား ။

----------------

ယုမွန်ဇော်က ငွေလပြည့်ဆေးရုံမှ လုံချည်အနီဝတ်သူနာပြုဘွဲ့ရနာမ်စ်မလေးဖြစ်၏ ။ ယုမွန်ဇော်က စေတနာကောင်း သည် ။ စိတ်ရှည်သည် ။ လူနာများ၏အနွံ့အတာကိုလည်း သည်းသည်းခံတတ်သဖြင့် ဆေးရုံမှလူနာများက ယုမွန်ဇော်ဆိုလျှင် ချစ်ကြသည် ။ ခင်လည်းခင်ကြ၍ သူတို့ခံစားချက် ၊ သူတို့ဝေဒနာမှန်သမျှ ထုတ်ဖော်ပြောပြတတ်သည် ။ သို့ကြောင့်လည်း ထိုဒဏ္ဍာရီပုံပြင်များကို ယုမွန်ဇော် နားရည်ဝခဲ့ရသည် ။
ပထမဆုံး ယုမွန်ဇော်ကို အိပ်ရာဝင်ပုံပြင်ပမာ အဆန်းတကြယ်ဖြစ်ရပ်တစ်ခုအကြောင်း ပြောပြခဲ့သူမှာ သေဆုံးသွားပြီဖြစ် သော လူနာတစ်ဦးဖြစ်၏ ။ လူနာ၏အမည်ကို ယုမွန်ဇော် မှတ်မိနေဆဲဖြစ်သည် ။ လူနာ၏အမည်မှာ ဦးဒဿ ။ ဦးဒဿသည် အသက် ခုနှစ်ဆယ်ကျော်အဘိုးအိုတစ်ဦးဖြစ်ပြီး အဆုပ်ကင်ဆာရောဂါဖြင့် ဆေးရုံလာတက်နေသူဖြစ်သည် ။ ဦးဒဿ၏ဝေယာ ဝစ္စနှင့် ပြုစုစောင့်ရှောက်ရန်အတွက် ယုမွန်ဇော်က တာဝန်ကျခဲ့၏ ။ ဤတွင် ဦးဒဿနှင့်ယုမွန်ဇော် ရင်းနှီးသွားရာ ဦးဒဿနှင့် ပတ်သက်ကာ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ရခဲ့ရသည် ။
ဦးဒဿဟာ အဆုပ်ကင်ဆာဝေဒနာသည်ဖြစ်ပြီး ဆေးရုံတက်နေစဉ်တွင် အမှတ်သညာအားမကောင်းတော့ပေ ။ မကြာ ခဏ မေ့လျော့တတ်သဖြင့် တစ်ခါတစ်ရံ သူ့ကိုယ်သူပင် မည်သူမည်ဝါဖြစ်မှန်း မမှတ်မိရှာ ။ တစ်ခါတစ်ရံ ငေးငိုင်နေတတ်ပြီး တစ်ခါတစ်ရံတွင်လည်း လူကောင်းပမာ စကားကောင်းများကို ဖောင်ဖွဲ့အောင်ပြောတတ်သည် ။ သူ့စကားမှန်သမျှကို ယုမွန်ဇော် က ဒိုင်ခံနားဆင်ခဲ့ရ၏ ။ သူ ပြောခဲ့သည့်ဒဏ္ဍာရီပုံပြင်မှာ အသည်းတုန်အူလှုပ်ချင်စရာ ။ ဤဒဏ္ဍာရီပုံပြင်ကို သူ မသေဆုံးခင် တစ်ရက်အလိုက ဆိုခဲ့ခြင်းဖြစ်တာ ကြောင့်လည်း ပို၍ချောက်ချားဖွယ်ကောင်းနေခြင်းဖြစ်မည် ။
ထိုနေ့မနက်က သူ့ပုံစံမှာ ပကတိလူကောင်းတစ်ယောက်ကဲ့သို့ ရှိနေသည် ။ သို့သော် အတန်ငယ် ထိတ်လန့်တုန်လှုပ် နေပုံရသည်ကို ယုမွန်ဇော် သတိပြုမိ၍ စိတ်သက်သာသွားစေရန် စကားစမိ၏ ။
   “ အဘ…ဘာဖြစ်လို့ မျက်နှာမကောင်းတာလဲ ။ ကျွန်မကို ခါတိုင်းလို ရင်ဖွင့်ပါဦး ။”
   “ ဘာ…ဘာမှမဖြစ်ပါဘူး သမီးရယ် ။”
   “ အဘကလည်း…တစ်ခုခု ခံစားနေရရင်လည်း မြုံမထားနဲ့လေ ။ ကျွန်မကို ပွင့်ပွင့်လင်းလင်းပြောပြမှပေါ့ ။ တော်ကြာ ဝေဒနာ
     အခြေအနေ ပိုဆိုးလာရင် ကျွန်မပဲ စိတ်မကောင်းဖြစ်ရမှာ ။”
ထိုသို့ ယုမွန်ဇော်က ကြင်ကြင်နာနာဆိုတော့ ဦးဒဿက သူနာပြုဆရာမ၏မျက်နှာကို မော့ကြည့်သည် ။ သူ့အကြည့်တွင် စိတ် အားငယ်ခြင်း ၊ ဝမ်းနည်းခြင်းများကို ယုမွန်ဇော် တွေ့လိုက်ရ၏ ။ ယနေ့မနက် ဦးဒဿ၏အခြေအနေက အတော်မူမှန်နေသဖြင့် ယခု ခံစားနေရသည်မှာ စိတ်ရင်းမှန်ဖြစ်လိမ့်မည်ဟု ယုမွန်ဇော် တွေးမိသည် ။ ပို၍လည်း သိချင်သွားသည် ။
   “ အဘ…ဘာဖြစ်လို့လဲ ပြောလေ ကျွန်မကို ပြောမှပေါ့ ။ ပြောပါ…အဘရယ် ။”
   “ သမီး မသိချင်ပါနဲ့ကွယ် ။ သမီး သိလည်း အကျိုးမထူးပါဘူး ။”
   “ အို…အဘကလည်း ။ ပြောပြလိုက်တော့ အနည်းဆုံး အဘရင်ထဲ ပေါ့သွားတာပေါ့ ။ ပြောပါ အဘရယ် ။ ကျွန်မ နားထောင်
     ချင်လို့ပါ ။”
   “ ကဲပါ…အဘလည်း အရမ်းပြောချင်နေတာပါ ။ အဘ ပြောသမျှ နားထောင်တာဆိုလို့ သမီးပဲ ရှိတာလေ ။ သားသမီးတွေ
      ကလည်း အသုံးမကျတဲ့ဖအေအိုကြီးကို ဆေးရုံမှာ လာပစ်ထားလိုက်ကြပြီ မဟုတ်လား ။”
   “ အာ…အဘကလည်း ။ အားငယ်စရာတွေ လျှောက်တွေးနေတာကိုး ။ အဘရဲ့သားသမီးတွေက အဘကို ပြန်ကျန်းမာလာ
     အောင် ပိုက်ဆံအကုန်အကျခံပြီး ဆေးရုံတင်ထားတာပါ အဘရယ် ။ သူတို့ မလာအားတာကလည်း အဘအတွက် ပိုက်ဆံ
     ရှာနေကြရလို့နေမှာပါ ။”
   “ ဘယ်လောက်ပဲကုကုပါ သမီးရယ် ။ အဘအကြောင်း အဘ သိပါတယ် ။ အဘ မနေရတော့ပါဘူး ။”
   “ အဘကတော့ ပြောလို့လည်း မရပါလား ။ အဘရောဂါက သက်သာလာပါပြီလို့ ကျွန်မ အမြဲရှင်းပြရဲ့သားနဲ့ ။ အဘက
     မယုံဘဲကိုး ။ ရောဂါပျောက်သွားမှပဲ ကျွန်မ ပြောတာ မဟုတ်ဘူးလားလို့ အဘကို လာမေးရဦးမယ် ။”
ယုမွန်ဇော်က ဦးဒဿ စိတ်ကျေနပ်ချမ်းမြေ့စေနိုင်မည့်စကားလုံးတို့ဖြင့် နှစ်သိမ့်သော်လည်း ဦးဒဿက လျော့ရဲရဲပြုံးလိုက်ရင်း ခေါင်းကို ဖြည်းဖြည်းညင်ညင်ခါရမ်းလိုက်ပြီး…
   “ သမီး ဆေးရုံမှာ ညဘက်ဘယ်နှနာရီအထိ ဂျူတီရှိလဲ ။”
ဟူ၍ မေး၏ ။ သူမအကြောင်းကို ဦးဒဿ တစ်ခါမျှမမေးဖူးသဖြင့် ယုမွန်ဇော် အံ့သြသွားသည် ။
   “ ညဆယ်နာရီခွဲလောက်အထိ ရှိပါတယ် အဘ ။ ဘာဖြစ်လို့လဲ ။ ညဘက်စောင့်တဲ့သူနာပြုက အဆင်မပြေလို့လား ။ ကျွန်မ
     လဲပေးဖို့ ပြောလိုက်ရမလား ။”
   “ မဟုတ်ပါဘူး ။ အဆင်ပြေပါတယ် ။ ဒီဆေးရုံကြီးထဲမှာ သမီး ညဘက်နေဖူးလားဆိုတာ သိချင်လို့ပါ ။ ဒီဆေးရုံကြီးမှာ
      ညဘက်ဆိုရင် လူနာဆောင်တွေကို မီးပိတ်ထားတယ်နော် ။”
   “ သြော်…ဟုတ်တယ် အဘ ။ လျှပ်စစ်မီး ခြွေတာတယ်ဆိုတာထက် လူနာတွေ ကောင်းကောင်းအိပ်ပျော်အောင်ပါ ။”
   “ တိတ်ဆိတ်နေတဲ့အမှောင်ယံရဲ့တစ်ဖက်မှာ ဘာတွေရှိမယ်လို့ သမီး ထင်သလဲ ။”
ဦးဒဿ၏စကားများက တဖြည်းဖြည်း ဆန်းသထက်ဆန်းလာသဖြင့် ယုမွန်ဇော် တွေးရကျပ်လာသည် ။ ဦးဒဿ၏မျက်နှာကို စောင်းငဲ့ကြည့်ရင်း အကဲခတ်လိုက်တော့ ဦးဒဿ၏ပုံစံက စိတ်လွင့်ပျံ့နေဟန် မတူ…။ ပကတိတည်ငြိမ်လျက် တစ်စုံတစ်ရာ အပေါ် လေးလေးနက်နက်တွေးတောနေဟန်ရှိသဖြင့် ယုမွန်ဇော် တွေးရခက်ခက်နှင့် သက်ပြင်းငွေ့ငွေ့ကို ခိုးချလိုက်ရ၏ ။
   “ အမှောင်ရဲ့တစ်ဖက်မှာ ဘာရှိနိုင်မှာမို့လဲ အဘရယ် ။ မီးဖွင့်လိုက်တဲ့အခါ လင်းလာမှာပေါ့ ။”
   “ မဟုတ်သေးဘူး…အဘ ဆိုလိုတာ အဲဒါမဟုတ်ဘူး သမီး ။ အဘတို့မမြင်တွေ့နိုင်တဲ့အမှောင်ယံထဲမှာ မမြင်အပ်တာတွေ
     ခိုအောင်းနေကြတယ် သမီး ။ မနေ့ကပဲ သူတို့ကို အဘ တွေ့လိုက်ရတယ် ။”
   “ အို…”
ယုမွန်ဇော်၏နှုတ်ခမ်း ဝန်းဝိုင်းသွားရသည် ။ အဘစကားက တဖြည်းဖြည်း ဆန်းရုံသာမက သဘာဝပင် လွန်လာပြီ ။ အဘ ပြော သည့် ‘မမြင်အပ်တာတွေ’ဆိုတာ တစ္ဆေသရဲနာနာဘာဝတွေကိုများလား…ထိုသို့ ယုမွန်ဇော် တွေးလိုက်မိစဉ် ကြက်သီးမွေးညင်း လေးများ ဖြန်းခနဲ ထသွား၏ ။ ကျောမလုံသလိုဖြစ်လာသဖြင့် အဘ၏မျက်နှာကို ငေးစိုက်ကြည့်နေရာမှ နောက်ဘက်သို့ လှည့် ကြည့်မိသည် ။ ဘာကိုမျှ မတွေ့ရမှ အနည်းငယ် စိတ်သက်သာသွား၏ ။
   “ သမီး အံ့သြသွားလား ။ အဘကို စိတ်မတည်ငြိမ်လို့ လျှောက်ပြောနေတယ် ထင်ကောင်းထင်နိုင်တယ် ။ ဒါပေမယ့် အဘ
     ပြောနေတဲ့ စကားတွေရဲ့အဓိပ္ပါယ်ကို အဘ သိနေတုန်းပဲ ။ အဘရဲ့စိတ် ပုံမှန်ရှိနေတုန်းမှာ ဒီစကားတွေ ပြောနေတာပါ
     သမီး ။”
   “ သြော်…မဟုတ်တာပဲ အဘရယ် ။ အဘရဲ့စိတ် ပုံမှန်ရှိနေမှန်း ကျွန်မ သိတာပေါ့ ။ ကျွန်မက သူနာပြုလေ အဘရဲ့ ။”
   “ တော်သေးတာပေါ့ကွယ် ။ ဒါဆို အဘ ဆက်ပြောဦးမယ် ။ အဘ မနေ့က တွေ့လိုက်ရတယ် ။ အဘ သိလိုက်တယ် ။
      အဲ့ဒီလူက  အဘရဲ့သေမင်းပဲ ။”
   “ သေမင်း…ဟုတ်လား အဘ ။ ဟို…ဇာတ်လမ်းတွေထဲကလို ဝတ်ရုံနက်ကြီးနဲ့ တွေ့လိုက်တာလား ။”
ယုမွန်ဇော်က လှောင်ပြောင်သည့်သဘောနှင့် မေးလိုက်ခြင်းမဟုတ် ။ အမှန်ပင် စိတ်ပါဝင်စားသွားသဖြင့် လွှတ်ခနဲပြောလိုက်မိ ခြင်းသာ ဖြစ်၏ ။ ပြောပြီးခါမှ လူနာကို အာရုံပြောင်းရမည့်အစား မီးလောင်ရာ လေပင့်မိလေခြင်းဟုတွေးကာ ကိုယ့်ကိုယ်ကို စိတ် တိုသွားမိသည် ။
   “ ဟင်းဟင်း…မဟုတ်ဘူး သမီးရဲ့ ။ သာမန်လူတစ်ယောက်ပါပဲ ။ နောက်ပြီး တစ်ယောက်တည်း မဟုတ်ဘူး ။ သုံးယောက်
      တောင် ။ သူတို့က အဘကို သူတို့နဲ့ လာနေပါလားလို့ လာခေါ်တယ် ။ အဘကို ဒီဘဝမှာ ကြာကြာမနေရတော့ဘူးလို့လည်း
      ပြောတယ် ။  သူတို့နဲ့အတူတူ အရင်လို ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့လို့လည်း ဆွယ်တယ် သမီး ။ အဘ သူတို့နဲ့ လိုက်သွား
      ဖို့ ဆုံးဖြတ်လိုက်ပြီကွယ် ။ အဘ ဒီဝေဒနာတွေကို မခံစားချင်တော့ဘူး ။”
ဦးဒဿက စကားများကို ရှည်ဝေးစွာဆိုပြီးနောက် မောသွားပုံရသည် ။ အသက်ကို ပြင်းပြင်းရှူနေရ၍ ယုမွန်ဇော်က အနားယူရန် ပြောသော်လည်း မရ ။ ချောင်းရှည်ကြီးများလည်း ဆိုးသေးသည် ။ နောက်ဆုံး အိပ်ဆေး ထိုးပေးလိုက်မှ အိပ်ပျော်သွား၏ ။ အိပ် မပျော်မီတွင် စကားကို ရအောင် အဆုံးသတ်သွားသည် ။ ဦးဒဿ နောက်ဆုံးပြောသွားသည်က…
   “ သူတို့သုံးယောက်က တခြားမဟုတ်ဘူး ။ သေသွားတဲ့အဘရဲ့သူငယ်ချင်းတွေလေ ။”
ဟူ၍ဖြစ်၏ ။
ထိုစဉ်က အဘပြောသမျှကို စိတ်ကယောင်ချောက်ချားဖြင့် တွေးမိတွေးရာ ပြောခြင်းသာဖြစ်မည်ဟု ယုမွန်ဇော် ထင်ခဲ့မိ သည် ။ သို့သော် နောက်တစ်နေ့မနက်တွင် အဘ ဆုံးသွားခဲ့သည် ။ အဘပြောခဲ့သောစကားများဟာ အမှန်ဖြစ်ကြောင်းကို အဘက သူ့ဝိညာဉ်နှင့် သက်သေပြသွားခဲ့ပြီ ။ ထိုအချိန်မှစ၍ ယုမွန်ဇော် အမှောင်ထုကို ကြောက်ရွံ့တတ်ခဲ့သည် ။
ယုမွန်ဇော် အမှောင်ကို တိုး၍ကြောက်အောင် ပံ့ပိုးပေးခဲ့သူမှာ ဒေါ်သီသီဟန်ဖြစ်၏ ။ ဒေါ်သီသီဟန်က ရင်သားကင်ဆာ ဝေဒနာသည်တစ်ဦးဖြစ်သည် ။ ရောက်ခါစက ဝေဒနာ၏ညှင်းပန်းမှုကြောင့် အမြဲလိုလို အော်ဟစ်ဒေါသထွက်နေတတ်သော ဒေါ်သီသီဟန်ကို သူနာပြုတော်တော်များများ ရှောင်ချင်ကြပေမယ့် ယုမွန်ဇော်ကတော့ စိတ်ရှည်ရှည်ထားပြီး လုပ်ကိုင်ပေးသော ကြောင့် များမကြာမီတွင် ယုမွန်ဇော်နှင့်ဒေါ်သီသီဟန် ရင်းနှီးသွားခဲ့ကြသည်။ ဒေါ်သီသီဟန်က ရင်သားနှစ်ဖက်လုံး ဖြတ်ပစ်လိုက် ရပြီဖြစ်သော်လည်း ကင်ဆာအမြစ်များက အခြားအစိတ်အပိုင်းများသို့ အမြစ်တွယ်နေပြီဖြစ်၍ ပျောက်ကင်းရန် မလွယ်ကူတော့ဟု ယုမွန်ဇော် သိလိုက်ရပြီးနောက် ဒေါ်သီသီဟန်အပေါ် တိုး၍ဂရုစိုက်ခဲ့သည် ။
တစ်နေ့သောညတစ်ည ကိုးနာရီခွဲ ဂျူတီချိန်းခါနီးတွင် အိပ်ပျော်နေသောဒေါ်သီသီဟန်တစ်ယောက် အသံနက်ကြီးဖြင့် ဟစ်အော်ရင်း လန့်နိုးလာသည် ။ သူမ၏အနားသို့ ယုမွန်ဇော် ရောက်သွားသည့်အခါ ဒေါ်သီသီဟန်၏ရင်ဘတ်ကြီးမှာ မောဟိုက်မှု အရှိန်ကြောင့် ဖားဖိုကြီးကဲ့သို့ မြင့်ချည်နိမ့်ချည်ဖြစ်နေ၏ ။
   “ အန်တီ…အန်တီ…ဘာဖြစ်လို့လဲ ။ နေသာရဲ့လား ။ ဘာဖြစ်တာလဲဟင် ။”
   “ လက်အေးကြီး…လက်အေးကြီး…အမလေး…အခန်းမီး ဖွင့်လိုက်စမ်းပါကွယ် ။”
ဒေါ်သီသီဟန်က တုန်ယင်သောအသံဖြင့် ပလုံးပထွေးဆိုသည် ။ ယုမွန်ဇော်လည်း ခပ်မြန်မြန်မီးဖွင့်ပေးလိုက်ရင်း ရေကျက်အေး တိုက်လိုက်၏ ။
   “ အန်တီ..အန်တီ အိပ်နေတုန်း အိပ်မက်ထဲမှာ အမှောင်ထဲကနေလက်အေးကြီးတစ်ဖက် အန်တီရဲ့လက်တစ်ဖက်ကို လာကိုင်
     တယ် ။ တစ်ကိုယ်လုံးကို ဖြန်းခနဲပဲ ။ ကျောထဲထိ စိမ့်သွားတယ် သမီးရယ် ။ အန်တီ ကြောက်လိုက်တာ ။”
   “ မကြောက်ပါနဲ့ အန်တီရယ် ။ သမီး တစ်ယောက်လုံး ရှိတာပဲ ။”
ယုမွန်ဇော်က ဒေါ်သီသီဟန်၏လက်ဖဝါးကို ဆုပ်ကိုင်ကာ အားပေးလိုက်မိစဉ် ကိုယ်တိုင်လည်း အားခနဲအော်ရမတတ် ရင်တုန် ပန်းတုန်ဖြစ်သွားရသည် ။ ယုမွန်ဇော် ဆုပ်ကိုင်အားပေးလိုက်သော ဒေါ်သီသီဟန်၏လက်ဖမိုးများဟာ ရေခဲကပ်ထားသကဲ့သို့ အေးစက်နေပါလား ။ နောက်မှ သူဟာ ဝေဒနာသည်ပဲ ၊ ရာသီဥတုကြောင့် ဒီလောက်တော့ အေးနေမှာပေါ့…ဟု မနည်းဖြေတွေးရ သော်လည်း ယုမွန်ဇော်၏အမှောင်ကြောက်ရောဂါက တိုး၍တိုး၍သာလာတော့သည် ။

        ----------------

   “ ဟင်…”
ယုမွန်ဇော် ထိတ်လန့်ဖွယ်ရာတို့ကိုတွေးရင်း မောင့်လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်လျက် အမှောင်ထုထဲသို့ တိုးဝင်လာခဲ့ရာ လမ်းကျဉ်းလေးတစ်လမ်းအတွင်းမှ တစ်ခုတည်းသောလမ်းမီးတိုင်အောက်တွင် စပို့ရှပ်အမည်း၊ဘောင်းဘီအကျပ်အမည်းတို့ကို ဝတ်ဆင်ထားသော  လူငယ်တစ်ဦးကို တွေ့လိုက်ရသဖြင့် ယုမွန်ဇော် စိတ်ညစ်ညူးသွားရ၏ ။ လူငယ်က ဓါတ်တိုင်ကိုကျောမှီကာ စီးကရက်ဖွာနေသည် ။
ယုမွန်ဇော်တို့စုံတွဲက လူငယ်ကို မမြင်ဟန်ပြုကာ ဖြတ်ကျော်သွားရန်အတွက် ခြေလှမ်းမြန်လိုက်သည့်အခိုက် လူငယ်က သူတို့သွားလမ်းကို ရှေ့မှပိတ်ရပ်လိုက်သည် ။
   “ ထုံးစံအတိုင်း စီးကရက်ဖိုးလေး ပေးခဲ့ဦးလေ ။”
လူငယ်က ဂျာကင်အင်္ကျီအိတ်ထဲ ထိုးထည့်ထားသောလက်တစ်ဖက်ကိုထုတ်ပြီး လက်ညှိုးနှင့်လက်မ ပွတ်ပြကာ ငွေတောင်းလေ ၏ ။ ငွေတောင်းသည်ဟုပြောသော်လည်း အမှန်မှာ အနုနည်းဖြင့် ဓါးပြတိုက်နေခြင်းဖြစ်သည် ။
ဤလမ်းကျဉ်းလေးကို ဆောင်းဦးပေါက်က စပြီး ယုမွန်ဇော်တို့ ဖြတ်လမ်းသဘောမျိုး သွားလာခဲ့ကြသည် ။ ဤလမ်းက လေးက တစ်ဖက်လမ်းမကြီးနှင့်စာလျှင် ခရီးတိုသဖြင့် အိမ်မြန်မြန်ရောက်ချင်သူ-ယုမွန်ဇော်က ချစ်သူသီဟမောင်၏အားကိုးဖြင့် ညတိုင်းဖြတ်လျှောက်ခဲ့ကြသည် ။ မိန်းကလေးတစ်ယောက်တည်းဆိုလျှင် မသင့်တော်သော်လည်း ယခု ယောက်ျားသား ပါရှိ သောကြောင့် အန္တရာယ်မရှိနိုင်ဟု ယုမွန်ဇော် တွေးမိသည် ။ နောက်ပြီး ယုမွန်ဇော်က တစ္ဆေသရဲမှလွဲ၍ အခြားအရာများကို ကြောက်တတ်သူမဟုတ် ။
သို့သော် လွန်ခဲ့သည့်နှစ်ပတ်ခန့်မှစ၍ ထိုကောင်လေးက ဤလမ်းထဲသို့ ယုမွန်ဇော်တို့မရောက်ခင် ရောက်နေနှင့်ပြီ ။ မီးအလင်းရောင်အောက်တွင် ဦးထုပ်အမည်းရောင်ကို ငိုက်ငိုက်ဆောင်းလျက် ဓါတ်တိုင်ကို မှီကာ ဆေးလိပ်ဖွာနေတတ်ပြီး ယုမွန် ဇော်တို့ရောက် လာသည့်အခါ ပိုက်ဆံတောင်းသည် ။ ပထမတစ်ရက်နှစ်ရက်က မောင်နှင့် ပြဿနာတက်မည်စိုး၍ တစ်ထောင်နှစ် ထောင်ပေးလိုက်မိရာ နောက်ရက်များတွင် ‘အေးဓားပြ’တိုက်တော့သည် ။ တစ်ခါတစ်ရံ သုံးလေးထောင်ပင် ပေးလိုက်ရဖူးသည် ။ မောင်က တခြားလမ်းမှသွားရန်ပြောသော်လည်း ခေါင်းမာလွန်းသူ-ယုမွန်ဇော်က ဘာမှရှောင်ပြေးစရာမလိုဟုဆိုကာ ဤလမ်းမှပဲ သွားရန်ပြောသဖြင့် ယနေ့ညလည်း ဤလမ်းမှပဲ ဖြတ်လျှောက်ဖြစ်ခဲ့ကြခြင်းဖြစ်သည် ။
          ယုမွန်ဇော်က ပြီတီတီအသံ ဂျစ်ကန်ကန်အမူအရာနှင့်ထိုကောင်လေးကို ရွံရွံရှာရှာစိုက်ကြည့်ရင်း စိတ်ထဲရှိရာ ပြောဆို ငေါက်ငမ်းပစ်ရန် စိတ်ပိုင်းဖြတ်လိုက်သည် ။
   “ ဟဲ့…နင့်မှာလည်း လက်အကောင်းခြေအကောင်း အရှိသားပဲ ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ သူတောင်းစားလုပ်နေတာလဲ ။
     နေ့တိုင်း ပိုက်ဆံပေးရအောင် ငါက နင့်အမျိုးလား ။ မပေးနိုင်တော့ဘူး ။ သွားတော့…နောက်တစ်ခါ နှောင့်ယှက်ရင် နင်
      ဒုက္ခရောက်သွားမယ်မှတ် ။ လာ… မောင် သွားစို့ ။”
ယုမွန်ဇော်က ပြောချင်နေသည်မှာကြာပြီမို့ အားပါးတရပြောပစ်လိုက်ပြီး မောင့်လက်ကိုဆွဲကာ နေရာမှခပ်မြန်မြန်ထွက်လာခဲ့၏ ။ ထိုကောင်လေး မည်သို့ကျန်ရစ်ခဲ့ပြီလဲ မသိ ။ မည်သို့ကျန်ရစ်ကျန်ရစ် ဂရုစိုက်စရာ မဟုတ်ပါ ။ ထိုကဲ့သို့ ‘အေးဓားပြ’များကို ရွံ့လန့် ပြီး ပေးကမ်းနေလျှင် ပိုရောင့်တက်လိမ့်မည် ။ သို့ဖြစ်၍ ပြောဆိုငေါက်ငမ်းပစ်လိုက်တာ အကောင်းဆုံးဟု ကိုယ့်အတွေးကိုယ် အားပေးမိသည် ။
သို့သော် အတွေးပင် မဆုံးလိုက်သေး ။ ခြေလှမ်းငါးလှမ်းလောက်လှမ်းအပြီးတွင် နောက်ကျောဆီမှ တဖုန်းဖုန်းခြေသံများ ကို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ မည်းမည်း,မည်းမည်းနှင့်လူတစ်အုပ်ကို တွေ့လိုက်ရသည် ။ လူနှစ်ဆယ်လောက် ရှိလိမ့် မည် ။ မီးရောင်ကို ကျောခိုင်းထားကြသဖြင့် မျက်နှာများကိုမူ သဲသဲကွဲကွဲမမြင်ရသော်လည်း ယုမွန်ဇော် သဘောပေါက်လိုက်ပါပြီ ။
   “ အုန်း…”
   “ ဖုန်း…ဖုန်း…ကဲကွာ…”
   “ ခွပ်…”
   “ မှတ်ပြီလား…”
   “ ဟိတ်ကောင်…အသေတော့ မလုပ်နဲ့ကွ ။ အမှုကြီးနေမယ် ။ ရသလောက်ယူပြီး လစ်ကြစို့ ။”
   “ ထွီ…! ဖုန်း…ငါ့ကိုများ သူတောင်းစားတဲ့ ။ မှတ်ပြီလား…မသာမ ။”
   “ မိုးကြီး…လာတော့ကွာ ။ တော်လိုက်တော့ ။”
ခြေသံများ တဖြည်းဖြည်းဝေးသွားကြသည်ကို ယုမွန်ဇော် မသဲမကွဲကြားသိလိုက်ရသည် ။ နာကျင်မှုက ခန္ဓာကိုယ်အနှံ့အပြားတွင် ပြေးလွှားနေသည် ။ ဟိုနေရာမှ ပူခနဲဖြစ်လိုက်၊ သည်နေရာမှ စပ်ဖြင်းလိုက်၊ နောက်ကျောမှ တဆစ်ဆစ်ကိုက်လိုက်နှင့် ဖော်ပြ၍ မရလောက်အောင် တစ်ကိုယ်လုံး နာနေသည် ။
မိမိက ထိုကောင်လေးတစ်ယောက်တည်းဟု ထင်၍ နှုတ်သီးကောင်းလိုက်မိခြင်းဖြစ်၏ ။ သို့သော် ယခုမှသိလိုက်ရသည် က ထိုကောင်လေးမှာ တစ်ယောက်တည်း မဟုတ် ။ အလင်းရောင်အောက်သို့ တစ်ယောက်သာ ထွက်လာခြင်းဖြစ်ပြီး အမှောင်ထဲ မှာမူ လမ်းသရဲတစ်စုလုံး ပုန်းအောင်းနေခြင်းပါပေ ။ အမှန်ဆို မောင် ပြောကတည်းက ယုမွန်ဇော် လက်ခံခဲ့သင့်သည် ။ သည်လမ်းမှ မသွားဘဲ တစ်ခြားလမ်းမှ သွားခဲ့သင့်သည် ။ ယခုတော့ နောက်ကျသွားခဲ့ပြီ ။ နောင်တသည် နောင်မှရခဲ့ပြီ ။
   “ ဟင်…”
သိတစ်ချက်မသိတစ်ချက်ရှိစဉ် ယုမွန်ဇော်၏အနီးသို့ တစ်စုံတစ်ယောက် ရောက်လာသည် ။ ဖြူရော်ရော်မိန်းကလေးတစ် ယောက်…မိန်းကလေး၏မျက်နှာသည် ညှိုးငယ်နွမ်းလျနေပြီး ခန္ဓာကိုယ်မှာလည်း ပိန်လှီကျုံ့ခြောက်နေသည် ။ ယုမွန်ဇော်၏လက် မောင်းကို သူမ၏ လက်တစ်ဖက်က လာရောက်ထိကိုင်လိုက်သည်ကို ယုမွန်ဇော် သိလိုက်ရ၏ ။ ထို့နောက် မှောင်ပိန်းသော ချောက်နက်ကြီးထဲသို့ ယုမွန်ဇော် လိမ့်ဆင်းသွားခဲ့တော့၏ ။
ထိုမိန်းကလေးဟာ ယုမွန်ဇော်အတွက် ဦးဒဿနှင့်ဒေါ်သီသီဟန်တို့ မြင်ခဲ့ကြသလိုမျိုး သေမင်းတမန်တော်ဆိုတာများ လား ။

----------------

ငွေလပြည့်ဆေးရုံတွင် လူတို့ ပျားပန်းခတ်ပြေးလွှားလှုပ်ရှားနေကြသည် ။ ဆေးရုံ၏သဘောသဘာဝအတိုင်း ဆရာဝန် များ လူနာရှင်များ ပြေးလွှားနေကြခြင်းမှာ အဆန်းမဟုတ်သော်လည်း ဆန်းနေသည်က ဆေးရုံထဲ၌ ပျံ့လွင့်နေသောသတင်းတစ်ခု ဖြစ်သည် ။
   “ ဟဲ့…ယုမွန်အကြောင်း ကြားပြီးပြီလား ။”
   “ ဘာများလဲ သီတာရဲ့ ။ ယုမွန် သူ့ကောင်လေးနဲ့ လိုက်ပြေးသွားလို့လား ။”
   “ အယ်…နင်ကလည်း ။ ဆေးရုံမှာနေပြီး ဘာမှလည်း မသိပါလား ။ ယုမွန် အိမ်ပြန်တဲ့လမ်းမှာ ချောင်းရိုက်ခံရလို့ ဆေးရုံရောက်
     နေတယ်လေဟာ ။ သူ့ကောင်လေးလည်း လိုက်ပို့ရင်း အရိုက်ခံထိသွားတယ် ။ လမ်းသရဲတွေက ပိုက်ဆံတောင်းမရလို့ ဝိုင်း
     ရိုက်ကြတာဆိုပဲ ။”
   “ အမလေး…ဘုရား ဘုရား…ယုမွန်တော့ ဒုက္ခရောက်ပြီပေါ့ ။ အခု အခြေအနေ ဘယ်လိုလဲ ။”
   “ အဲဒါပြောတာပေါ့ ရီရီရယ် ။ နင်က ပတ်ဝန်းကျင်လေ့လာမှုကို မရှိဘူး။ သူတို့ကို ဟိုက အသေရိုက်သွားတာ ။ နှစ်ယောက်လုံး
      လမ်းပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ နှစ်နာရီကျော်သတိလစ်နေခဲ့ကြတာတဲ့ ။ ကံကောင်းလို့ မသေသေးတာနော် ။ ရပ်ကွက်
      ထဲကလူကြီးတစ်ယောက် တွေ့လို့သာ သူတို့ ဆေးရုံရောက်လာကြတာ ။ အခု သူ့ကောင်လေးတော့ သတိကောင်းကောင်း
   “ ဟယ်…ဟုတ်လား ။ တော်သေးတာပေါ့ ။ ဒါနဲ့ ယုမွန်ကရော အခြေအနေဟန်ရဲ့လား ။”
   “ ကလီစာတွေဘာတွေတော့ မထိဘူးတဲ့ ။ ဒါပေမယ့် ဦးနှောက်ကို ထိသွားသလားတော့ မပြောတတ်ဘူး ။ သတိရလာတော့
     ဘာမှမသိတော့ဘဲ လာကုသမျှဆရာဝန်တွေကို အော်ငေါက်ထုတ်နေတယ်တဲ့ဟ ။ နောက်ပြီး အတင်းအနားကပ်သွားတဲ့
     လူမှန်သမျှကို သူက ကုန်းကိုက်တယ်တဲ့ ။ ကြည့်ရတာ ဂေါက်များသွားပြီလား မသိဘူး ။”
   “ သြော်…ဖြစ်ရလေဟယ် ။ ယုမွန်က သဘောအကောင်းသား ။ ငါ စိတ်မကောင်းလိုက်တာဟာ ။”
ဂျူတီကျနာမ်စ်မသီတာအေးနှင့်ရီရီဝင်းတို့က ယုမွန်ဇော်နှင့်ပတ်သက်သည့်သတင်းထူးသတင်းဆန်းကို အပြန်အလှန်ဆွေးနွေးနေ ကြလေသည် ။ သူတို့က သူနာပြုဆရာမများဖြစ်သဖြင့် ဆေးသိပ္ပံနည်းကျကျ တွေးခေါ်ဆင်ခြင်ကာ ယုမွန်ဇော်၏ဝေဒနာကို စိတ် ဖောက် ပြားသွားခြင်းဟူ၍သာ မှတ်ထင်နေကြသည် ။ အမှန်မှာ ယုမွန်ဇော်၏ရောဂါသည် စိတ်ချို့ယွင်းမှု တစ်နည်းဆိုရသော် ဦးနှောက်ချို့ယွင်းသွားသော ရောဂါ မဟုတ်…။ သတိလစ်နေသောသူမ၏ခန္ဓာကိုယ်အတွင်းသို့ တစ်ပါးသောဝိညာဉ် ပူးကပ်သွား ခြင်းသာဖြစ်၏ ။
သူနာပြုဆရာမနှစ်ဦး ဆိုခဲ့ကြသည့်အတိုင်း ယုမွန်ဇော်၏အမူအရာများသည် အမှန်ပင် ထူးခြားနေသည် ။ သတိရလာ လာချင်း သူမသည် ပတ်ဝန်းကျင်သို့ မျက်လုံးပြူးကြီးများဖြင့် ဝေ့ဝဲကြည့်ရှုကာ မြင်မြင်သမျှကို မယုံသင်္ကာဖြစ်နေသည် ။ အမှန်ဆို ဤဆေးရုံဟာ သူမ နေ့စဉ်အလုပ်လုပ်နေသောဆေးရုံဖြစ်သဖြင့် ဆေးရုံရှိ ဆရာဝန်များ ဆေးရုံဝန်ထမ်းများအားလုံးလိုလိုနှင့် သူမ ရင်းနှီးကျွမ်းဝင်ပြီးသား ။ သို့သော် ယခုများတော့ သူမ၏ပုံစံက မည်သူ့ကိုမျှ မှတ်မိပုံမရ ။
   “ သမီး…သမီးလေး…မေမေကိုတောင် မမှတ်မိတော့ဘူးလားကွယ် ။”
ဆေးရုံသို့ လိုက်လာသောယုမွန်ဇော်၏မိခင်က ထိုသို့ဝမ်းနည်းပက်လက်မေးသော်လည်း ယုမွန်ဇော်ကတော့ မှတ်မိသည့်-အရိပ် အယောင် နည်းနည်းမျှ မပြ…။ သင်္ကာမကင်းသည့်မျက်လုံးပြူးကြီးများဖြင့်သာ မိခင်ဖြစ်သူကို စိုက်ကြည့်နေ၏ ။ ယုမွန်ဇော်၏ ထူးခြားသည့်အမူအရာကြောင့် ယုမွန်ဇော်၏ဖခင်သည် သမီးဖြစ်သူ၏ဝေဒနာအပေါ် သံသယဝင်လာမိသည် ။ သေချာစေရန် ဆေးရုံမှတာဝန်ရှိဆရာဝန်များကို မေးကြည့်သည့်အခါ ယုမွန်ဇော်၏ဦးနှောက်တွင် အာရုံကြောချို့ယွင်းသွားသည့်-လက္ခဏာ မတွေ့ရဟုဆိုသဖြင့် သူ၏သံသယမှာ ပို၍ တိုးရင့်လာသည် ။
ကံကောင်းသည်မှာ ယုမွန်ဇော်၏ဖခင်သည် လူလတ်ပိုင်းအရွယ်က ရွှေရင်ကျော်ဂိုဏ်း ၊ မဟိဒ္ဓိဂိုဏ်းများသို့ ဝင်ကာ လေ့လာစူးစမ်းဖူးသောကြောင့် ထိုပရလောက/ပယောဂရောဂါများအကြောင်း ယုံကြည်လက်ခံရုံသာမက အတန်အသင့်လည်း ဗဟုသုတ ရှိသည် ။ သို့ကြောင့် သိပ္ပံနယ်လွန်အဖြစ်အပျက်များကို ဆရာဝန်များ လက်မခံသည့်ကြားမှ ဆေးရုံသို့ ဂိုဏ်းမှဆရာကြီး တစ်ဦးကို ပင့်ခေါ်လာခဲ့၏ ။
ဆရာကြီး၏ပုံသဏ္ဍာန်က အများသူငါပြောကြသကဲ့သို့ ယောဂီလုံချည် လည်ကုတုံးလက်ရှည်နှင့် သပ်သပ်ရပ်ရပ်ဖြစ် သည် ။ ပုတီးကုံးကြီးကြီးတစ်ကုံးကိုလည်း လည်ပင်းတွင် ဆွဲထားသေးသည် ။ အသက်မှာ ခြောက်ဆယ်ကျော်ခန့်ရှိပြီး ရုပ်ရည် တည်ကြည်ခန့်ညားကာ အကြည့်စူးစူးမျက်ဝန်းတို့ကို ပိုင်ဆိုင်ထားဆဲဖြစ်သည် ။ ဆရာကြီး၏အကြည့်များက စူးရှလွန်း၍ ဆရာကြီး ခပ်တင်းတင်းစိုက်ကြည့်လိုက်သည့်အခါ မြွေတစ်ကောင် ညှို့နေသည့်အလား ခံစားလာရပြီး တော်ရုံလူဆို ကြောက်ရွံ့စိတ် ထိတ် လန့်တုန်လှုပ်စိတ်များ ပေါ်လာလိမ့်မည်ထင်သည် ။
ဆရာကြီးက ဆေးရုံတွင်းမှလူအများ၏တိုးတိုးဝေဖန်သံတို့ကို အနည်းငယ်မျှပင် ဂရုစိုက်ဟန်မတူ…။ ကုတင်ပေါ်၌ ဆောင့်ကြောင့်ထိုင်လျက် ဆရာကြီးအား မျက်ထောင့်နီတို့ဖြင့် စိုက်ကြည့်နေသူယုမွန်ဇော်ထံသို့ တည့်တည့်မတ်မတ်လျှောက်သွား ပြီး…
   “ မိန်းကလေး မင်း ဘာအလိုရှိလို့ ဒီသူငယ်မကို ပူးကပ်နေရတာလဲ ။”
ဟူ၍ ညင်သာသောအသံဖြင့် မေးလိုက်သည် ။ ဆရာကြီး၏အမေးစကားကြောင့် အားလုံး အံ့သြသွားကြသည် ။ ဆရာ၏အမေးက ယုမွန်ဇော်ကို ဆိုလိုခြင်းမဟုတ်ဘဲ ယုမွန်ဇော်၏ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ယောက်ကို ဆိုလိုခြင်းမဟုတ်ပါလား ။ သို့ကြောင့် အားလုံးက ယုမွန်ဇော်၏နှုတ်မှထွက်ကျလာမည့်စကားများကို အသက်မရှူတမ်း မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြ၏ ။
    “ ကျွန်မ…ကျွန်မ ရှိနေမှန်း သိစေချင်လို့ပါ ။”
ယုမွန်ဇော်ထံမှ ရှိုက်သံတစ်ဝက်နှင့် အသံတိုးတိုးထွက်လာ၏ ။ ယမန်နေ့ညက လူတကာကို ရန်လုပ်နေသောယုမွန်ဇော်သည် ယခုများကျ ပကတိလူကောင်းဖြစ်နေသဖြင့် အားလုံး အံ့သြသွားကြသည် ။ ထိုမျှသာမက သူက သူ ရှိနေကြောင်း သိစေချင်သည် ဟုဆို၍ သာပြီး ထူးဆန်းနေသေးသည် ။ စောင့်ကြည့်နေသူများထံမှ ဝေဖန်ဆွေးနွေးသံ တဝေါဝေါထွက်ပေါ်လာသဖြင့် ဆရာကြီး က လူအများဘက်သို့လှည့်ကာ တိတ်တိတ်နေပါရန် လက်ကာပြလိုက်ပြီး စကားဆက်လေ၏ ။
   “ မိန်းကလေးက ဘယ်သူလဲ ။ ဘယ်မှာနေတာလဲ ။ ဘယ်လိုကဘယ်လို ဒီသူငယ်မရဲ့ကိုယ်ထဲကို ပူးဝင်လိုက်တာလဲ ။”
   “ ကျွန်မရဲ့နာမည်က မျိုးပပနွယ်ပါ ။ ကျွန်မက သိင်္ဂီလမ်းထဲက သစ်ပင်ပေါ်မှာနေပါတယ် ။ ကျွန်မ ဒီဘဝကိုရောက်တာ
      ကိုးနှစ်နီးပါး ရှိပါပြီ ။ ဒီလမ်းကြားထဲမှာ ကားမှောက်ပြီး ဆုံးသွားရာကနေ သစ်ပင်ပေါ်မှာ နေနေခဲ့ရတာပါ ။ ကျွန်မ ဒီလမ်း
      ထဲမှာ နေ,နေရတာကြာပါပြီ ။ ဒီလမ်းထဲကို တော်ရုံတန်ရုံ ဘယ်သူမှ မဖြတ်ကြဘူး ။ ဒီတော့ ကျွန်မကို ဘယ်သူမှ သတိ
      မထားမိကြဘူး ။ ကျွန်မ ရှိနေမှန်း ဘယ်သူမှ မသိတော့ ကျွန်မကို ဒီဘဝက ကျွတ်လွတ်အောင် ဘယ်သူမှ မကူညီနိုင်ကြ
      ဘူး ။ ဒါ့ကြောင့် ခုလို သူ သတိလစ်နေတုန်း ကျွန်မ ဝင်ပူးလိုက်မိတာပါ ။ ကျွန်မ ရှိနေမှန်း သိစေချင်လို့ပါ ။”
   “ ဟုတ်ပြီ ။ မင်းအတွက် ဆရာတို့ ကောင်းမှုလုပ်ပေးမယ် ။ မင်း ကျွတ်လွတ်အောင် ဆရာတို့ ကူညီမယ် ။ ဒီသူငယ်မကိုလည်း
       မနှောင့်ယှက်နဲ့တော့ ။ ဟုတ်ပြီလား ။”
   “ ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ် ဆရာကြီး ။ ကျေးဇူးတင်ပါတယ် ။”
   “ ကဲ…ဒါဆိုလည်း သွားတော့ ။”
   “ ဟုတ်ကဲ့ပါ ။”
ဆရာကြီးဆိုသူနှင့်ယုမွန်ဇော်တို့ အပြန်အလှန်ပြောဆိုနေကြသောစကားများကို အားလုံးက စိတ်ဝင်တစားနားဆင်လျက်ရှိစဉ် ယုမွန်ဇော်သည် နေရာ၌ ခွေခနဲလဲကျသွား၏ ။ စောင့်ကြည့်နေသောဆရာဝန်များ သူနာပြုများ ယောက်ယက်ခတ်သွားကြသည့် အခိုက် ကုတင်ပေါ်တွင် လဲကျနေသူယုမွန်ဇော်တစ်ယောက် တအင်းအင်းတအဲအဲနှင့် သတိပြန်လည်လာလေသည် ။
   “ အား…ကျွတ်…နာလိုက်တာ ။ ဟင်…ကျွန်မ ဆေးရုံကို ရောက်နေပြီလား ။ ကျွန်မကို ဘာဖြစ်လို့ ဝိုင်းကြည့်နေကြတာလဲ ။”
ယုမွန်ဇော်ထံမှ တိုးမျှင်မျှင်ထွက်ပေါ်လာသောစကားကြောင့် အားလုံး အံ့သြပြီးရင်း အံ့သြသွားကြရပြန်သည် ။ မနေ့ညကပင် မူမမှန်ဖြစ်ကာ မြင်မြင်သမျှကို ရန်ပြုနေခဲ့သောယုမွန်ဇော်သည် ယခုများကျ လူကောင်းတစ်ယောက်လို အကောင်းပကတိ ။ ဆရာဝန်များခမျာ တစ်သက်နှင့်တစ်ကိုယ် မတွေ့မြင်ဖူးကြသလို အယုံအကြည်လည်း မရှိခဲ့သော ထိုအဖြစ်အပျက်အပေါ် ယုံရ ခက်ခက်နှင့် စဉ်းစားရကျပ် နေရ၏ ။
ယုမွန်ဇော်နှင့်သီဟမောင်တို့နှစ်ဦးလုံး တစ်ပတ်ခန့်အကြာတွင် ဆေးရုံမှ ဆင်းခဲ့ကြသည် ။ လမ်းသရဲအုပ်စုကိုလည်း လွယ်လင့်တကူဖမ်းမိခဲ့သည် ။ ထိုကိစ္စ ဖြစ်ပျက်ခဲ့ပြီးနောက် ယုမွန်ဇော်တစ်ယောက် မည်မျှပင် နောက်ကျပါစေ…လူအများနှင့် သွားရပါစေ…ထိုလမ်းလေးမှ ထပ်မဖြတ်ဖြစ်တော့ချေ ။
ထိုလမ်းမှ ထပ်ဖြတ်သန်းလျှင် မိမိကို လမ်းသရဲတစ်စု ရိုက်နှက်ခဲ့သဖြင့် သတိလစ်သွားခဲ့စဉ် မိမိခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်သည်တစ်ဦး ပူးကပ်ခဲ့ဖူးသည့်အဖြစ်ကို ပြန်လည်အမှတ်ရကာ စိတ်ချောက်ချားရမည်ကို စိုးထိတ်မိသောကြောင့်ဖြစ်၏ ။ ထိုအဖြစ်အပျက်တစ်ခုလုံးကို တိုက်ဆိုင်မှုဟုဆိုလျှင်မူ အလွန်တရာထူးခြားလှသော တိုက်ဆိုင်မှုတစ်ခုဟူ၍သာ ဆိုရပေလိမ့်  မည် ။





                                                                                              စေတနာရှေ့ထားလျက်…
                                                                                                                        
                                                                                                      ဂါဦးနွန်းကို


 www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။



- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။