နွယ်နီနတ်ပန်း
( ၂၀၁၅ နိုဝင်ဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-------------------------------------------------------------------------------------------------
စာရေးသူတွင် နွယ်နီဆိုသောနာမည်ပါသည့်
သူငယ်ချင်းနှစ်ယောက်ရှိ၏ ။ တစ်ယောက်၏အမည်က နွယ်နီလွင် ဖြစ်ပြီး နောက်တစ်ယောက်နာမည်က
နွယ်နီအောင်ဖြစ်သည် ။ နှစ်ယောက်လုံးမှာ အသားညိုညို ရုပ်ရည်ပြေပြစ်ချောမော သော သက်တူရွယ်တူမိန်းကလေးများသာ
။ အလယ်တန်းကျောင်းသူဘဝကတည်းက ကျူရှင်မှာတစ်ယောက် ၊ ကျောင်း မှာတစ်ယောက် ခင်မင်လာခဲ့ရသောထိုနွယ်နီနှစ်ယောက်သည်
စာရေးသူ၏အခင်ဆုံးသူငယ်ချင်းများထဲကဆိုလည်း မမှား နိုင်ပါ ။ ယခု ဖော်ပြရေးသားမည့်အကြောင်းအရာသည်
ထိုနှစ်ယောက်နှင့် သက်ဆိုင်ပါသလားဟုမေးသော် လုံးလုံးမဆိုင် ဟူ၍သာ ဖြေရမည်ပင် ။ ဤသို့ဆိုလျှင်
ဘာကြောင့်များ ဤနွယ်နီနှစ်ယောက်ကို စကားဦးသမ်းနေရပါသလဲ ။
စာရေးသူ ပြောလိုသည်က ‘နွယ်နီ’ဆိုသောနာမည်
။ နွယ်နီဟူသည်မှာ ပန်းတစ်ပွင့်ပွင့်၏နာမည် သို့မဟုတ် နွယ် ပင်တစ်ပင်၏အမည် သို့မဟုတ်
အရိုးနီသော အပင်တစ်ပင်၏နာမည်သာဖြစ်လိမ့်မည်ဟု ကလေးအတွေးဖြင့် စာရေးသူ ငယ်စဉ်က တွေးခဲ့ဖူးသည်
။ သို့သော်…နွယ်နီဆိုတာ နတ်ဘုံနတ်နန်း၌ ပွင့်လန်းတတ်သော ပန်းတစ်ပွင့်၏အမည်ဖြစ် ကြောင်းကို
အရွယ်ရောက်လာမှ သိလိုက်ရ၏ ။ ထိုသို့ သိလိုက်စဉ်မှာပဲ ပို၍စိတ်ဝင်စားသွားသည် ။
- နတ်ပြည်မှာ ပွင့်လန်းတဲ့ ပန်းတစ်ပွင့်ရဲ့နာမည်ဆိုပါလား
။
ဘယ်လောက်များ
လှပတင့်ဆန်းလိုက်မလဲဟူသောအတွေးနှင့် အာရုံဖြင့် ပုံဖော်ကြည့်မိသည် ။ တွေးဆကြည့်မိသည်
။ နွယ်နီဆိုကတည်းက အနီရောင်ပန်းတစ်ပွင့်ပဲ ဖြစ်ရမည်ဟုလည်း စိတ်ကူးမိသည် ။ သေချာတာက
နတ်ပန်းဆိုမှတော့ လှပဆန်းကြယ်မှာပေါ့ ။
စာရေးသူသည် တစ်ခါတစ်ရံလည်း ကိုယ့်အကြောင်းကိုယ်
ပြန်စဉ်းစားမိသည် ။ ငယ်စဉ်အရွယ် အသက်(၇)နှစ် (၈)နှစ်ကတည်းက ကာတွန်းပုံတွေ ဆွဲပြီး စာကြောင်းလေးများ
ထိုးကာ ကိုယ့်ကိုယ်ကို စာရေးဝါသနာပါမှန်း မသိခဲ့စဉ်က တည်းက စာများပုံများ ရေးဆွဲခဲ့ဖူးသည်ကို
အမှတ်ရမိ၏ ။ ထိုသို့ ကာတွန်းပိုး ထခဲ့ရသည်မှာ ကာတွန်းစာအုပ်များ ဖတ်ရှု ခြင်း၏ကျေးဇူးတရားများကြောင့်သာ
။ ဆရာဆွေမင်း(ဓနုဖြူ)၏တောတွင်းဇာတ်လမ်းများပါဝင်သော-တွတ်ပီကာတွန်းကို စွဲစွဲလန်းလန်းဖတ်ရှုတတ်သော-စာရေးသူဟာ
မူလတန်းကျောင်းသူဘဝကတည်းက ဆန်းဆန်းကြယ်ကြယ်ဆိုလျှင် စိတ် ဝင်စားတတ်နေပြီ ။ နောက်ပြီး
စာရေးသူ၏ဘဝတွင် သမရိုးကျမဟုတ်သော အဆန်းအကြယ်ဂမ္ဘီရနွယ်သောကိစ္စများနှင့် မကြာခဏပတ်သက်နေရ၍လည်း
ယခုကဲ့သို့ ဂမ္ဘီရအကြောင်းအရာများကို ရေးဖြစ်နေခြင်းဖြစ်မည်ဟု တွေးမိသည် ။ ပြောလိုသည်မှာ
ယခု ရေးသားဖော်ပြမည့်ဇာတ်လမ်းကလည်း စာရေးသူနှင့်အဘိုးတော်စပ်သော ဖခင်ဖြစ်သူ၏ဘကြီး-(ဦး)မင်းရွှေဥာဏ်၏
ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေသောကြောင့်ပင် ။
“ နွယ်နီနတ်ပန်းဆိုတာ တော်တော်လှတဲ့ပန်းကွယ့် ။ အင်းလေ…နတ်ပန်းပါဆိုမှတော့ လှတော့မှာပေါ့
။ ဒါပေမဲ့…
အရမ်းကြီး ထူးထွေဆန်းပြားလွန်းတဲ့ ပန်းတစ်ပွင့်တော့
မဟုတ်ပါဘူး ။ လူ့ပြည်မှာလည်း နွယ်နီနတ်ပန်းနဲ့ အသွင်
တူတဲ့ပန်းတွေမှ အများကြီးရယ် ။ နို့ပေမဲ့…နွယ်နီနတ်ပန်းရဲ့အနံ့ကိုတော့
မီတဲ့ပန်း ရှိမယ်မထင်ဘူး ။ မွှေးချက်က
လက်ကုန် ။”
အဘိုးပြောခဲ့ဖူးသောစကားများကို
ယနေ့ထက်တိုင် စာရေးသူ အမှတ်ရနေဆဲဖြစ်၏ ။
ဆယ်တန်းဖြေပြီးခါစ စာအုပ်စာပေများကို ဖတ်ရှုမှတ်သားရင်း
စာရေးပိုး ရွစိရွစိဖြစ်လျက်ရှိစဉ် ဖခင်ဖြစ်သူ၏ဆွေမျိုး များရှိရာ ဇင်းကျိုက်မြို့ဆီသို့
စာရေးသူ အလည်ရောက်ခဲ့ပါသည် ။ ဇင်းကျိုက်မြို့လေးသည် သာယာစည်ကားသော မြို့ လေးတစ်မြို့ဖြစ်ပြီး
ဇင်းကျိုက်တောင်(ဇင်းကျိုက်ဆံတော်ရှင်စေတီတော်) ၊ ကျောက်သင်္ဘောရေတံခွန်-စသည့် အထင် ကရနေရာများကြောင့်
လူသိများခြင်းခံရသော မြို့တစ်မြို့လည်းဖြစ်သည် ။
နောက်ပြီး…မွန်ပြည်နယ်သို့ရောက်တိုင်း စာရေးသူ
စွဲလန်းစွာစားသောက်တတ်သည်က မွန်မုန့်ဟင်းခါး ။ ပျစ်စေးခြင်း မရှိဘဲ ငါးအရသာချိုချိုနှင့်ဟင်းရည်ကျဲကျဲထဲသို့
ကြွတ်ကြွတ်ရွရွ(စာကလေးခွေကြော်)မုန့်တွတ်ကလိန်များကို ထည့်စားရ သည့်အရသာမှာ ဘာနှင့်မျှမတူ
။ သို့ကြောင့်…မွန်ပြည်နယ်သို့ရောက်တိုင်း အခြားအရာ မစားရလျှင်နေပါစေ… မုန့်ဟင်း ခါးကိုတော့
စားဖြစ်အောင်စားသည် ။
|||
စာရေးသူတို့ အလည်လာတိုင်း ဖခင်ကြီး၏အမေ-အဘွားဖြစ်သူ၏အိမ်မှာပဲ
တည်းခိုဖြစ်ကြသည် ။ စာရေးသူတို့ အလည်ရောက်နေပြီဆိုသည်နှင့် ဆွေမျိုးအားလုံးက အဘွား၏အိမ်ကို
စုရပ်လိုသဘောထားကာ နေအိမ်အသီးသီးကနေ ရောက်လာကြသည် ။ ဆွေမျိုးများ ဆုံကြသည့်အခါ ရောက်တတ်ရာရာများ
ပြောဆိုကြသည်မှာ ဓမ္မတာ ။ အဒေါ်များ ၊ ဦးလေးများကလည်း မတွေ့တာကြာပြီဖြစ်သော တူတွေတူမတွေကို
ဟိုအကြောင်းသည်အကြောင်း မေးမြန်းကြသလို ဝမ်းကွဲမောင်နှမညီအစ်မများကလည်း သူ့အကြောင်းပြော
၊ ငါ့အကြောင်းပြောဖြင့် အဘွားတို့တစ်အိမ်လုံး သောသောညံ ။ ည(၇)နာရီခွဲခန့်လောက်ကျမှပဲ
အသံတို့ စဲသွားသည် ။ အားလုံးလည်း ပြောစရာကုန်သလောက်ရှိသွား၍ နေအိမ်အသီး သီးသို့ ပြန်ကြသည်
။
စာရေးသူ၏အဘွားက အသက်(၈၀)ကျော်ပြီဆိုပေမဲ့
သန်တုန်းမြန်တုန်း သွားသွားလာလာ ။ ညနေတိုင်း ခြံထဲမှ စင်္ကြာပန်းဖြူလွလွများကို သီကုံးကာ
ဘုန်းကြီးကျောင်းဆီသို့ ပန်းပို့သွားနေဆဲ၊ ဥပုသ်စောင့်ရန် ဘုရားသွားဆဲဖြစ်သည် ။ အဘိုး(အဘွား၏ခင်ပွန်း)ကတော့
အသက်(၇၀)ကျော်အရွယ်မှာ အဆုပ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့တာကြာပြီ ။ လက်ရှိတွင်
အဘွားက သမီးအငယ်ဆုံး၏မိသားစုနှင့်အတူ နေသည် ။ စာရေးသူတို့မိသားစုကတော့ ရန်ကုန်ကနေ တစ်
နှစ် တစ်ခါ ၊ နှစ်ခါခန့် အဘွားရှိရာ ဇင်းကျိုက်သို့ အလည်လာလေ့ရှိသည် ။
ဆွေမျိုးများ စဲသွားပါမှ အဘိုးထံသို့ စာရေးသူတို့မိသားစု
သွားလည်ဖြစ်ကြသည် ။ ဤအဘိုးက အဘွား၏အစ်ကို ၊ အဖေ၏ဘကြီးဖြစ်သည် ။ အဘွားတို့နှင့် အိမ်ချင်းကပ်လျက်မှာပဲ
နေထိုင်သည် ။ အဘိုးက အဘွားထက် (၅)နှစ်နီးပါးခန့် အသက်ပိုသည် ။ အသက်(၈၆)နှစ်ခန့်ရှိပြီဖြစ်သော်လည်း
သတိကမူ ဒေါင်ဒေါင်မြည် ။ ငယ်စဉ် လူလတ်ပိုင်းအရွယ်က တည်းက သမ္မထလိုင်းကို အပြင်းအထန်အားထုတ်ခဲ့သူပီပီ
အနည်းငယ်မျှ သတိချို့ယွင်းခြင်းမရှိသေးပေ ။ သို့သော်…ခန္ဓာ ကိုယ် ကျန်းမာရေးကတော့ တော်တော်ချူချာနေပါပြီ
။ အဘွား(ညီမဖြစ်သူ)ကဲ့သို့ သွားသွားလာလာမပြုမူနိုင်တော့ ။ နေ အိမ်ရှေ့ ပက်လက်ကုလားထိုင်မှာပဲ
ထိုင်နေတတ်တာများသည် ၊ အဘွား(အဘိုး၏ဇနီး)ကမူ အိပ်ရာထဲတွင် လဲနေလေပြီ ဟု ဆွေမျိုးများ
ပြောပြ၍သိရ၏ ။
စာရေးသူတို့ လာလည်သည့်အတွက် အဘိုး အလွန်ပျော်သွားပုံရသည်
။ အထူးသဖြင့် …
- လယ်မလုပ်ချင်ဘူး ။ ကျွန်တော်က ပညာတတ်အောင်သင်မှာ
။ ဒါမှ အရာရှိကြီးဖြစ်မှာ…
ဟုဆိုကာ
ငယ်စဉ်က လယ်ထဲမဆင်းဘဲ ပေကပ်နေခဲ့သူ ၊ အရွယ်ရောက်သည့်အခါ အပြောနှင့်အလုပ်ညီအောင် နေထိုင်
သွားသူ-တူမောင်အား တွေ့မြင်ရ၍လည်း ကျေနပ်ပီတိဖြစ်နေပုံရသည် ။
- ယောက်ျားဆိုတာ အပြောနဲ့အလုပ် ညီရတယ်ကွ
၊ မပျင်းရဘူး ၊ မဖျင်းရဘူး…
ဟု
ဆုံးမစကားများပြောကြားတတ်သော ရွာလူကြီးဟောင်းဖြစ်သူ-အဘိုးဟာလည်း ပညာရေးကို အလွန်ဦးစားပေးသူတစ်
ယောက်ဖြစ်လေသည် ။ (သိရသလောက်) အဘိုးက စာရေးသူ၏ဖခင်(အဖေ့)ကို အလွန်ချစ်သည်ဟူ၏ ။
“ မောင်ခင်မောင်တို့ကွာ…နေနိုင်ချက် ။ ဒီတစ်နှစ်လုံး
တစ်ခေါက်တော့ ရောက်မလာဘူး ။ ခုမှပဲ လာဖော်ရတယ် ။”
အဘိုးကို
ကန်တော့ဖို့အတွက် အထုပ်အပိုးတို့ သယ်ပိုးကာ အိမ်ပေါ်တက်လာသော စာရေးသူတို့မိသားစုကို
အဘိုးက လောကွပ်တွေ မချော်ပါ ။ အဖေ့ကို လှမ်းအပြစ်တင်သည် ။ သို့သော်…မျက်နှာကမူ ပြုံးရွှင်နေသည်
။ မျှော်နေသူ ရောက် လာသဖြင့် ကျေနပ်နေသည့်ပုံသဏ္ဍာန်မျိုး ။
“ အလုပ်တွေ များနေလို့ပါ ဘကြီးရယ် ။ လာချင်တာပေါ့
။ နေသိပ်မကောင်းဘူးဆို ။ ဆေးခန်းရော သွားရဲ့လား ။ ဟဲ့…
မိသန်း…နင် ဘကြီးကို ဆေးခန်းပြရဲ့လား ။ ကိုယ့်မိဘတွေကို
ဂရုစိုက်ရဲ့လား ။”
အဖေက
အဘိုးကို နှစ်သိမ့်ရင်း တဆက်တည်းမှာပဲ ညီမဝမ်းကွဲ-အန်တီသန်းနွဲ့ကို လှမ်းငေါက်သည် ။
အန်တီသန်းနွဲ့က လက်ဖက်သုပ်ပန်းကန်နှင့်ရေနွေးကြမ်းဗန်းကို သယ်ကာ ဧည့်ခန်းထဲသို့ဝင်လာရင်း
…
“ ပြပါတယ် အစ်ကိုကြီးရယ် ။ အဖေလည်း အတော်မာနေပါပြီ
။”
ဟူ၍
ပြုံးပြုံး,ပြုံးပြုံးနှင့် ဆိုသည် ။ စာရေးသူတို့ကိုလည်း လက်ဖက်သုပ်စားရန် ၊ ရေနွေးကြမ်းသောက်ရန်
ပြောသည် ။ လောကွပ်သဘောမဟုတ် ။ စေတနာအရိုးခံဖြင့် မစားလျှင် အတင်းခွံ့ကျွေးတတ်သည့် ဒေါ်လေးနွဲ့(အန်တီသန်းနွဲ့)၏
စိတ်ရင်းကို သိနေသဖြင့် စာရေးသူတို့မှာလည်း ခွံ့မကျွေးခင် မြန်မြန်ယူစားရသည် ။ အန်တီသန်းနွဲ့က
မိဘများနှင့်အတူ နေထိုင်နေသော အငယ်ဆုံးသမီး-အပျိုကြီး ။
ထိုညနေက အဘိုးနှင့်အဖေတို့ စကားလက်ဆုံကျကြသည်
။ အဖေက စကားထောက်သူဖြစ်ပြီး အဘိုးကမူ ပြောသူ သပ်သပ် ။ ခါတိုင်း စကားမပြောဘဲ တစ်ယောက်တည်း
ထိုင်လျှင်ထိုင်၊ တရားနာလျှင်နာ၊ ပုတီးစိပ်လျှင် စိပ်နေတတ်သော အဘိုးက အစ်ကိုကြီး(စာရေးသူ၏အဖေ)နှင့်ဆုံမှသာ
စကားများများပြောလေ့ရှိကြောင်း အန်တီသန်းနွဲ့ ပြောပြသဖြင့် စာရေးသူတို့ သိခဲ့ရသည် ။
အဘိုး၏စကားများထဲတွင် ခေတ်အကြောင်းစနစ်အကြောင်းလည်း ပါသည် ။ ရွာလူကြီးလုပ်ခဲ့ စဉ်က
ကြုံဆုံခဲ့ရသောအကြောင်းများလည်း ပါသည် ။ နောက်…လောကီရေးရာအကြောင်းများ ၊ သမ္မထလိုင်းဆိုင်ရာ
အကြောင်းများ ၊ ရွှေရင်ကျော်ဂိုဏ်း ၊ မဟိဒ္ဓိဂိုဏ်းများနှင့် ဆက်နွယ်နေသည့်အကြောင်းများ
။ ဟိုမှသည်သို့ ကူးရွေ့ရင်း စာရေးသူ စိတ်ဝင်စားကာ တွေးတောစိတ်ကူးခဲ့ဖူးသော နွယ်နီနတ်ပန်းအကြောင်းသို့
ရောက်ရှိခဲ့သည် ။
“ အဲဒီတုန်းက ငါ့အသက် ဘာရှိဦးမှာတုံး ။ (၄၀)ဝန်းကျင်ပေါ့
။ ရာသီဥတု ဖောက်ပြန်နေတဲ့အချိန်ကြီး မဆင်မခြင်
ရေချိုးလိုက်မိတာ အကြီးအကျယ်ဖျားပါရောလားလေကွယ်
။ ဖျားတာမှ တော်တန်ရုံမဟုတ်ဘူး ။ ငါ့အထင် ခုခေတ်
အပူချိန်တိုင်းကိရိယာ(သာမိုမီတာ)နဲ့တိုင်းမယ်ဆို
ငါ့အဖျားက ၁၀၅လောက်များ ရှိမလားမပြောတတ်ပေါင်ကွယ် ။
တစ်ကိုယ်လုံး ပူခြစ်တောက်နေရော ။ အပြင်မှာတင်
ပူတာမဟုတ်ဘူးကွ ။ ငါ့ရင်ထဲမှာလည်း ပူနေတာပဲ ။ ပွက်ပွက်
ဆူနေသလိုမျိုးပူတာ ။ နင့်အဘွားက ငါ့ကို ရေပတ်တိုက်ပေးပါတယ်
။ နို့ပေသိ မသက်သာဘူး…မောင် ။ ငါ့ကိုယ်ငါ
သိနေပြီ ။ ငါတော့ ဒီတောင်ကို မကျော်နိုင်တော့ဘူး
။ ငါ သေရတော့မယ်ပေါ့ ။ ဒါနဲ့…ငါလည်း စိတ်ကို လျှော့လိုက်
တယ် ။ ဘုရား၊တရားကိုပဲ အာရုံပြုထားလိုက်တယ် ။”
အဘိုးက
စကားတွေပြောရင်း မောလာ၍ထင်…ချွဲတစ်ချက်ဟပ်ပြီး ရေနွေးတစ်ခွက် သောက်လိုက်သည် ။ အန်တီသန်းနွဲ့
က ‘အဖေ…မောနေပါဦးမယ် ။ နက်ဖြန်မှ ဆက်ပါလား ။ အစ်ကိုကြီးတို့ မပြန်ကြသေးပါဘူး ။’ဟု
စိတ်ပူဇောဖြင့်တားတော့ အဘိုးက စကားမပြန်ဘဲ မျက်စောင်းတစ်ချက်ထိုးကာ မာန်လိုက်သည် ။
အန်တီသန်းနွဲ့လည်း မတားဝံ့တော့၍ ငြိမ်သွား လေ၏ ။
စာရေးသူကတော့ အဘိုး မောမည်ကိုစိုးရိမ်ပေမဲ့
ဆက်မပြောမည်ကိုလည်း စိတ်ပူနေမိသည် ။ စာရေးသူက နွယ်နီ နတ်ပန်းအကြောင်းကို စိတ်ဝင်စားနေသူပဲကိုး
။ နွယ်နီနတ်ပန်းဟာ ဘယ်လိုပန်းမျိုးများ ဖြစ်မလဲ ၊ ဘယ်လိုပုံသဏ္ဍာန်မျိုး ရှိမလဲဆိုတာကို
သိချင်သည် ။ အဘိုးဟာ ရှေ့၌ ဆိုခဲ့သည့်အတိုင်း စိတ်တည်ငြိမ်အောင် များစွာကျင့်ကြံအားထုတ်ခဲ့သူ
ဖြစ်ပြီး ယခုထက်တိုင် တရားထိုင် ၊ ပုတီးစိပ်နေသူတစ်ယောက်ဖြစ်၍ ၄င်း၏စကားများသည် အသက်ကြီးသဖြင့်
တွေးမိ တွေးရာ ထင်ယောင်ထင်မှားများကို လျှောက်ပြောနေတာမျိုး မဟုတ်နိုင် ။ ငယ်စဉ်က တွေ့ကြုံခဲ့ရသောအဖြစ်အပျက်များ
ကို နားလည်လက်ခံနိုင်မည့်သူထံ ရင်ဖွင့်ပြောပြနေခြင်းသာဖြစ်ကြောင်း စာရေးသူ ယုံကြည်သည်
။ သို့ကြောင့်လည်း အဘိုး ဆက်ပြောပြမည့်အကြောင်းအရာကို နားတစွင့်စွင့်ရှိနေမိ၏ ။
“ ကိုယ့်ကိုယ်ကို သေတော့မယ်အထင်နဲ့ ဘုရားကိုပဲ
အာရုံပြုထားလိုက်တယ် ။ ဘေးကလူတွေကလည်း ငါ့ကို ပစ်ရ
တော့မယ်ဆိုတဲ့အတွေးနဲ့ ဝမ်းနည်းနေကြပြီပေါ့
။ အဲဒီခေတ်တုန်းက ခေတ်မီဆေးဝါးတွေကလည်း ခုနေခါလိုမျိုး
ပေါပေါများများမှ မဟုတ်တာလေကွယ် ။ တစ်ခုခုဖြစ်လာရင်
ငန်းဆေးသောက်လို့ ပျောက်ရင်ပျောက် ၊ မပျောက်
ရင်တော့ သွားလေရောပဲ ။ ဒီလို တောမှာဆို ပိုဆိုး
။ ထားတော့ ။ အဲဒီလို မှေးပြီး သတိလစ်မလိုဖြစ်နေချိန်မှာပဲ
ငါ့နံဘေးမှာ ဝင်းခနဲအလင်းရောင်တွေ ဖြာဆင်းလာတာကို
ငါ သိလိုက်ရတယ် ။ ဒါနဲ့…မှိတ်ထားတဲ့မျက်လုံးတွေကို
အတင်း အားတင်းဖွင့်ကြည့်တော့…တွေ့လိုက်ရတာက
သာမန်လူသာဆို တော်တော်ကြီး ထိတ်လန့်အံ့သြသွားမှာ
သေချာတယ် ။ ငါ့ဘေးမှာ ကိုယ်ရောင်ကိုယ်ဝါတွေ
တောက်ပနေတဲ့ ရွှေရောင်ဝတ်စုံနဲ့လူတစ်ယောက် ရောက်နေ
တာကိုးကွ ။ သူ့အဝတ်အစားက ဇာတ်ထဲကလို အချွန်အတက်တွေနဲ့
။ ရှင်းရှင်းပြောရရင်တော့ နတ်သားပေါ့ကွာ ။
ငါက သမ္မထလိုင်းမှာ အတော်အတန်အဆင့်ရောက်ဖူးတော့
ဒီဟာ စိတ်ထင်နေတာလား ၊ အာရုံထဲမှာ အမှန် လာ
ဖြစ်နေတာလားဆိုတာကို ငါ သိတယ် ။ ဒါဟာ…စိတ်ထင်တာ၊ကယောင်ကတမ်းဖြစ်နေတာ
မဟုတ်ဘူး ။ အိပ်မက်
လာပေးတဲ့သဘောမျိုး ၊ အာရုံမှာ လာပြတဲ့သဘောမျိုး
။”
အဘိုးက
စကားကို ခဏရပ်လိုက်ပြီး အမောဖြေသည် ။ ဒါကိုပဲ အန်တီသန်းနွဲ့က စိတ်ပူဇောနှင့် သူ့ဝသီအတိုင်း
ဇွတ် အတင်းလုပ်ပြန်သည် ။
“ အဖေ…မောနေပြီလား ။ ရော့…ရေနွေးသောက် ။ မနက်မှ
ပြောပါဆိုနေ ။”
“ ဟယ်…ဒီကောင်မလေး ။ ပါးစပ်ပိတ်နေစမ်း ။ သွား…သွား…နားကို
ညည်းတယ် ။”
အဘိုးက
အသက်သာကြီးနေပေမဲ့ ငယ်စိတ်အတိုင်း သူ့အပေါ် ဆရာလုပ်လျှင် မကြိုက်ချင် ။ သူ့ကို အတင်းဂရုစိုက်မိပါက
မထင်လျှင်မထင်သလို ဆူဆဲအော်ငေါက်ပစ်တတ်၏ ။ ထိုဒဏ်ကို အန်တီသန်းနွဲ့က အခံရဆုံးပင် ။
အန်တီသန်းနွဲ့က လည်း အန်တီသန်းနွဲ့ပါပဲ ။ တစ်ခုခုဆို ဇွတ်အတင်းလုပ်တတ်သလို အလွန်လည်း
စိုးရိမ်ပူပန်တတ်သူ ။ အသက်(၅၀) ကျော်နှင့်အသက်(၈၀)ကျော်အရွယ် သားအဖနှစ်ယောက် ဖြစ်ပျက်နေသည့်ပုံစံကိုကြည့်ရင်း
စာရေးသူ လူမသိအောင် ပြုံး လိုက်မိပါ၏ ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာလည်း မိမိတို့သားအဖတွေရော
ဒီလိုမျိုး ဖြစ်လေမလား မပြောတတ် ။
အဘိုးက ငေါက်လိုက်တော့မှ အန်တီသန်းနွဲ့ ခေါင်းပုသွားသည်
။ ဘယ်ကိုမှတော့ မသွား ၊ စာရေးသူတို့ဘက်သို့ တတောင်နှင့်လှမ်းတွတ်ကာ နှာခေါင်းရှုံ့ပြသည်
။ တူမများဘက်သို့လှည့်၍ အတင်းတုပ်သည့်သဘောမှန်းသိသဖြင့် စာ ရေးသူတို့ညီအစ်မတစ်သိုက်
ပြုံးသွားကြသည် ။ ထိုစဉ် အဘိုးက စကားဆက်ပြန်သည် ။
“ တိုတိုပြောရရင်တော့ နတ်သားတစ်ပါး ငါ့ဘေးကို ရောက်လာတယ်ဆိုပါတော့
။ သာမန်လူသာဆို ဒါဟာ သေလုသေ
ခင်မှာ မြောသွားတာ၊ ဒါမှမဟုတ် ကယောင်ကတမ်းဖြစ်တာလို့
တွေးကောင်းတွေးလိမ့်မယ် ။ ဒါပေမဲ့…ဒီနာမ်လောက
အကြောင်း ကောင်းကောင်းသိတဲ့ငါကတော့ အဲဒီလိုဘယ်တွေးမလဲ
။ ဒါဟာ ငါနဲ့ပတ်သက်ရာပတ်သက်ကြောင်းရှိတဲ့
နတ်တွေက စောင့်ရှောက်ဖို့ဖြစ်လာတာပဲလို့ သဘောပေါက်လိုက်တယ်
။ အဲဒီအချိန်မှာပဲ ငါ့ဘေးကိုရောက်နေတဲ့
နတ်သားဆီက လေချွန်သံလိုလို တေးညည်းသံလိုလို အသံတစ်သံ
ထွက်လာတယ် ။ တော်တော်နာပျော်ဖို့ကောင်း
တဲ့အသံပဲကွ ။ စမ်းရေစီးတဲ့အသံလိုမျိုးလေး…ငါလည်း
ပြန်မပြောပြတတ်ဘူး ။ နားထောင်လို့တော့ ကောင်းတယ်
ကွယ် ။ ငါလည်း အဲဒီအသံကို နားစိုက်ထောင်နေမိတုန်း
နောက်ထပ် ထူးဆန်းတာတစ်ခုက ထပ်ပေါ်လာတယ် ။
အဲဒါက ဘာလဲဆိုတော့ စောစောက ငါပြောသွားတဲ့နွယ်နီနတ်ပန်းပဲ
။”
အဘိုးက
စကားတစ်ခွန်းနှင့်တစ်ခွန်းကြားမှာ နားနားပြီးပြောနေခြင်းဖြစ်သည် ။ စာရေးသူမှာလည်း သိချင်ဇောဖြင့်
နားတ စွင့်စွင့် ။ နွယ်နီနတ်ပန်းဟူသောအသံ ကြားလိုက်သည့်အခါ စာရေးသူ၏ရင်ထဲ လှုပ်ခါသွားရသည်
။ စိတ်ဝင်စားမှုတို့က အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ။
“ ကောင်းကင်ပေါ်က ဆင်းလာတာကွယ် ။ အင်း…ဘယ်လိုပြောရမလဲ
။ ငါ့ကုတင်ကို မင်း သိတယ်ဟုတ် ။ အေး…
အဲဒီပန်းက ကုတင်ဘေး ပြတင်းပေါက်ကနေ ဝင်လာတာ ။
သူ လာရာလမ်းကိုကြည့်လိုက်တော့ ကောင်းကင်ပေါ်က
နေ ဆင်းလာတာမျိုး ။ မိုးပေါ်ကနေ ရိုးတံပျော့ နွယ်ပန်းတစ်ပွင့်
ညွှတ်ကိုင်းဆင်းလာသလိုမျိုး ။ ဖြည်းဖြည်းချင်း
တအိအိဆင်းလာပြီး ပြတင်းပေါက်ကနေ ဝင်လာတယ် ။ အဲဒါဟာ
နွယ်နီနတ်ပန်းဆိုတာကို ငါ သိနေတယ် ။ တိုတို
ပြောရရင် အဲဒီနတ်ပန်းက ပြတင်းပေါက်ကနေ ဝင်လာပြီး
ငါ့ရင်ဘတ်ပေါ်ကို ညွှတ်ကျလာတယ် ။ ပွင့်ချပ်လွှာတွေက
ငါ့ရင်ဘတ်ကို လာထိကပ်တယ် ။ စိမ့်ခနဲပဲ ။ အဲဒီပန်းနဲ့
ထိကပ်လိုက်တဲ့အခါမှာ လက်ဦးတုန်းက ပူခြစ်တောက်နေတဲ့
ငါ့ခန္ဓာကိုယ်တစ်ခုလုံး စိမ့်ခနဲအေးခနဲဖြစ်သွားတယ်
။ ပြောပြလို့တောင် မတတ်ဘူး…တူမောင် ။ ပွက်ပွက်ဆူနေတဲ့
ဝေဒနာတွေက ယူပစ်သလိုမျိုးကို ဖြည်းဖြည်းချင်း
ပျောက်သွားတာ ။ နောက်ပြီး…ပန်းရနံ့ကလည်း မွှေးချက်ကွယ် ။
လက်ကုန်…လက်ကုန် ။ ဘာနံ့နဲ့တူတယ်ဆိုတာတောင် ငါ
မပြောပြတတ်ပေါင် ။ အဲဒီပန်းနံ့လည်းရရော လက်ဦးက
နုံးချိအားယုတ်နေတဲ့ခန္ဓာကိုယ်မှာ အားအင်တွေ ပြန်ပြည့်လာသလို
ခံစားလာရတယ် ။ အဲဒီပန်းကြီးက ငါ့ရင်ဘတ်
ပေါ်မှာ ဆယ်မိနစ်လောက် ကပ်နေပြီးတဲ့နောက် ကောင်းကင်ပေါ်ကို
တအိအိပြန်တက်သွားတယ် ။ နတ်ပန်းပွင့်
ပျောက်သွားတာနဲ့ တပြိုင်နက်ပဲ ၊ ငါ့ဘေးက နတ်သားလည်း
ချက်ချင်း ပျောက်သွားတော့တာပဲ ။ ငါလည်း ချက်ချင်း
လမ်းထလျှောက်နိုင်တော့တာပဲဆိုပါတော့ကွယ် ။”
အဘိုးက
ငယ်စဉ်က သေလုသေခင်ဝေဒနာဘေးမှ ထူးဆန်းစွာလွတ်မြောက်ခဲ့ရပုံကို အတိုချုံ့ပြောပြအပြီး
မောဟိုက်ပင် ပန်းသွားဟန်ဖြင့် ရေနွေးကြမ်းကို ဖြည်းဖြည်းချင်းမော့သောက်နေသည် ။ စာရေးသူမှာတော့
မရှင်းမလင်းဖြစ်နေ၍ မေး စရာတို့ တပုံတပင် ။ အဓိကမေးချင်သည်က နွယ်နီနတ်ပန်း၏ပုံသဏ္ဍာန်
။ မေးရကောင်းနိုး မမေးရကောင်းနိုးဖြင့် ချည်တုံ ချတုံဖြစ်နေ၏ ။ သမီးအကြောင်းကို ကောင်းစွာသိသော
စာရေးသူ၏ဖခင်က…
“ သမီး…အဘိုးကို ဘာမေးချင်လို့လဲ ။ မေးလေ ။”
ဟု
လမ်းကြောင်းဖွင့်ပေးမှ စာရေးသူလည်း သိလိုတာကို မေးမြန်းမိသည် ။ အဘိုးကလည်း ထိုသို့
စိတ်ဝင်တစားရှိပြီး ဗဟု သုတရှာမှီးတတ်သည့်စိတ်ဓာတ်ကို သဘောကျသူတစ်ယောက်ဖြစ်၏ ။
“ အဘိုး…သမီး သိချင်တာကလေ နွယ်နီနတ်ပန်းက ဘယ်လိုပုံစံမျိုးလဲဟင်
။”
“ သြော်…အေး…အဟုတ်သား ။ အဘိုး ပြောဖို့ မေ့နေတာပဲ
။ နွယ်နီနတ်ပန်းရဲ့ပုံသဏ္ဍာန်က ဘာနဲ့တူသလဲဆိုတော့
တို့ဆီမှာရှိတဲ့ မိုးလုံးမှိုင်းပန်းပွင့်လေးတွေ
တွေ့ဖူးတယ်ဟုတ် ။ အေး…အဲဒီပန်းကလေးနဲ့ဆင်တယ် ။ ဒါပေမဲ့…သူက
သေးသေးကွေးကွေး မဟုတ်ဘူး ။ ပန်းပွင့်က တော်တော်ကြီးရယ်
။ သူ့ကိုမြင်ရတာ အော်လံကြီးတစ်ခုလိုပဲ ။ ရိုးတံ
က စိမ်းရင့်ရင့်အရောင်မျိုး ။ နောက်ပြီး…နွယ်ပန်းထင်ရဲ့
။ ပန်းပွင့်ချပ်တွေက နီညိုရောင်တောက်နေရော ။ အတော်
လှတဲ့ပန်းကွယ့် ။ သူ့အနံ့ကတော့ အတော်မွှေးမွှေးရယ်
။ အဘိုးလည်း ပြန်မပြောတတ် ။”
စာရေးသူက
မှတ်စုစာအုပ်လေးထုတ်ကာ လိုက်မှတ်နေ၍ အဘိုးက မြေးဖြစ်သူ၏စိတ်ဝင်တစားရှိမှုအပေါ် နှစ်ခြိုက်ဝမ်း
သာဟန်ဖြင့် စီကာပတ်ကုံးပြောပြလေသည် ။
စကားဆုံးသည့်အခါ အဘိုး၏မျက်လုံးများက ပြတင်းပေါက်အပြင်သို့
ငေးကြည့်နေ၍ လွန်ခဲ့သောအနှစ်(၄၀)ကျော်က သေလုသေခါနီး အိပ်မက်အသွင်ဖြင့် ထူးထူးဆန်းဆန်းရောက်ရှိလာကာ
ရောဂါကုသပေးခဲ့သော-နွယ်နီနတ်ပန်းကို ပြန် လည်မြင်ယောင်နေတာများလားဟု စာရေးသူ တွေးကြည့်မိ၏
။ အာရုံထဲ၌ အဘိုး ပြောပြသောအကြောင်းချင်းရာကို ပုံရိပ် တို့ ဖန်ဆင်းကာ အသက်သွင်းကြည့်မိသည်
။ လွန်ခဲ့သောအနှစ်(၄၀)ကျော်က အကြောင်းအရာတစ်ခုဖြစ်သော်လည်း ယနေ့ခေတ် ရုပ်ရှင်ဇာတ်လမ်းများ၌
တွေ့မြင်ရတတ်သော အန်နီမေးရှင်းအဖက်(animation effect)များဖြင့် တီထွင်ဖန် တီးထားသည့်
ပြကွက်ဆန်းတစ်ခုပမာ ခေတ်မီလှပါဘိ ။ တရားထိုင်ခြင်းအလုပ်မှလွဲပြီး တီဗွီနှင့်ရုပ်ရှင်များ
ကြည့်ရှုရခြင်း ကို မနှစ်သက်သော အဘိုးအရင်းခေါက်ခေါက်တစ်ယောက်က ပြောပြနေခြင်းဖြစ်၍သာ
စာရေးသူ ယုံကြည်စွာလက်ခံ လိုက်ရသည် ။
မည်သို့ပင်ဖြစ်ပါစေ…အဖေ့ဇာတိသို့ အလည်ပြန်ရင်း
စိတ်ဝင်စားဖွယ်ကောင်းသော-ဇာတ်လမ်းတစ်ပုဒ်ကို ရရှိခဲ့သဖြင့် စာရေးသူ ကျေနပ်ဝမ်းသာမိတာ
အမှန် ။ သေကံမရောက်သေးသဖြင့် ပဋ္ဌာန်းဆက်ရှိသော-အစွမ်းထက်နတ်တစ်ပါး၏ အကူအညီနှင့် ရောဂါပျောက်ကင်းခဲ့ရသော-အဘိုး၏ကိုယ်တွေ့ဖြစ်ရပ်မှန်အကြောင်းကို
စာဖတ်သူတို့ ဖတ်ရှုတွေးတော နိုင်စေဖို့အလို့ငှာ တင်ပြလိုက်ရပါ၏ ။ ။
စေတနာရှေ့ထားလျက်…
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။