ခွေးဇာတ်တွေ ခင်းနေလိုက်ကြတာ …
( ၂၀၁၆ ဇန်နဝါရီလ(၂၉)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )
ဂါဦးနွန်းကို .......... ရေးသည် ။
------------------------------------------------------------------------------------------------
အမလေးလေး…ခွေးဇာတ်တွေ ခင်းနေလိုက်ကြတာ
-
လို့ ခင်ဗျားက အော်လိုက်တယ်ပေါ့လေ…ဟုတ်လား
။ ကျုပ်တို့နှစ်ဦးရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ခင်ဗျားက အပြစ်တင်ချင်တယ်ပေါ့ လေ…ဟုတ်လား
။ နေစမ်းပါဦး…နေစမ်းပါဦး ။ ခင်ဗျားကိုယ်ခင်ဗျား ပြဇာတ်ဆရာဆိုပြီး သိပ်ဘဝင်ရူးမနေနဲ့
။ ကျုပ်တို့ဘာသာ ကျုပ်တို့ ငယ်မူငယ်သွေးကြွယ်တုန်း ပျော်သလိုနေတာကို ကဲ့ရဲ့ချင်ရအောင်
ခင်ဗျားက လူကြီး မဟုတ်ဘူးလား ။ ခင်ဗျားသာ အသိဥာဏ်ရှိတဲ့လူဆို - ကျုပ်တို့ကို ဒီလို
မအော်သင့်ဘူး ။ ဒီလိုမရှုံ့ချသင့်ဘူး ။
ခင်ဗျားရဲ့လက်ထဲမှာ အာဏာဆိုတဲ့တုတ်ကြီး ရှိနေရုံနဲ့
ကျုပ်က ကြောက်ရမှာတဲ့လား ။ အဟဟ…ရယ်များတောင် ရယ်ချင် သေးရဲ့ ။ မကြောက်ရေးချ မကြောက်ဘူးဗျ
။ သတ္တိရှိရင် ထိကြည့်လိုက်စမ်းပါ ။ ဟိုအရင်လိုမျိုး ထိလို့ရဦးမယ်လို့ ခင်ဗျား ထင်နေ
သေးရင် အမှားကြီးမှားလိမ့်မယ်နော် ။ အချစ်နဲ့ပတ်သက်လာရင် “ဖိုးမောင်”တို့က တိုက်ပွဲဝင်ဖို့
ဝန်မလေးဘူးကွ ။ သတ္တိသွေး စွေး စွေးနီတယ် မှတ်ထား ။ အထူးသဖြင့် ကျုပ်အချစ်လေးနဲ့ပတ်သက်လာရင်
သေးသေးတင်တောင် ခံချင်တာ မဟုတ်ဘူး ။
ဟုတ်ပါ့…မှန်လိုက်လေ ။ အချစ်မှာ မျက်စိမပါဘူးဆိုတာ
အမှန်ပဲ ။ ခင်ဗျားလည်း အသိသားနဲ့ ။ ကျုပ်ဆိုတဲ့ကောင်က အရင် က အင်မတန်အေးဆေးငြိမ်ဝပ်ခဲ့တာ
။ ဟိတ်-ဆိုတာနဲ့
ခပ်ဆိတ်ဆိတ်နေဖို့ ဘဝပေးအခြေအနေအရ သဘောပေါက်လိုက်နာ တတ်ခဲ့တဲ့ကောင် ။ မွေးကတည်းက ခင်ဗျားလက်ထဲက
ဗီဒိုအာဏာကြီးကို ကြောက်ရလို့ အမြီးကုပ်/နားရွက်ကုပ် - ထိုင်ဆိုထိုင်/ ထဆိုထ ကျင့်ကြံနေထိုင်ခဲ့ရတဲ့ကျုပ်ဘဝကို
ကျုပ်ကိုယ်တိုင်တောင် ကျင့်သားရရင်း ကျေနပ်နေခဲ့မိတဲ့ကောင်ပါ ။
ဆိုရရင် ခင်ဗျားက ကျုပ်ရဲ့အသက်သခင်-ကျေးဇူးရှင်လေဗျာ
။ ခင်ဗျားရဲ့သြဇာစက်က ကျုပ်အပေါ်မှာ ရာနှုန်းပြည့် သက် ရောက်စေတာ ဘယ်ဆန်းပ့ါမလဲ ။ ခင်ဗျားက
ကျုပ်အဖို့ အစိုးရသူပဲဥစ္စာ ။ အမိန့်နာခံတတ်တဲ့-စစ်သည်တစ်ယောက်ရဲ့ဘဝမျိုးမှာ နေထိုင်ရတာကို
ဆိုးလှတယ်လို့ ကျုပ် မမြင်ခဲ့ဖူးဘူး ။ ပြောစမ်းပါ ။ ခင်ဗျား ခိုင်းသမျှကို ကျုပ် ဘာတစ်ခုများ
ကလန်ကဆန် လုပ် ခဲ့ဖူးသလဲ…ခင်ဗျား ပြန်စဉ်းစားကြည့်ပါဦး ။ အရာရာ လိုက်နာတတ်လွန်းလို့
ဒီဂေဟာမှာ ကျုပ်ဟာ ခင်ဗျားရဲ့အချစ်ဆုံး-မွေးစား သား ဖြစ်လာခဲ့ရတာပဲ မဟုတ်လား ။
ဘယ်အရာမှ အလကားမရနိုင်ဘူး-တဲ့ ။ ခင်ဗျား
အမြဲလိုလိုပြောတတ်တဲ့စကား ။ ကျုပ်အဖို့တော့ သွေးထွက်အောင် မှန်ခဲ့ တာပေါ့ ။ ပ,စားပေးမှုတွေကြား
ပ,လွှားဖို့တောင် စိတ်ကူးယဉ်ခွင့်မရလိုက်ခင် ကျုပ်ဟာ သစ္စာဖောက်လောက်ကောင်,တစ်ကောင် ဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်
။ ဟုတ်တယ်…ကျုပ်ဟာ ဘဝတူချင်းအပေါ်မှာ သစ္စာမဲ့ခဲ့တဲ့ကောင် ။ ဇကောလောက်တောင် စောက် မနက်တဲ့ကောင်စား
။ နိမ့်ကျသူချင်း ကူညီဖို့ မကြိုးစားဘဲ ကျုပ် ရက်စက်ခဲ့တယ် ။ ဒီအကြောင်းတွေ ပြန်တွေးမိတိုင်း
ကျုပ်ကိုယ် ကျုပ် ရွံရှာစက်ဆုပ်လို့ မဆုံးဘူး…တကယ် ။ အဲဒီအတိတ်က ကျုပ်ကို အစဉ်အမြဲ
ချောက်လှန့်နေတယ် ။
အကြောက်တရားတွေအောက် ကျုပ်ရဲ့စိတ်ဝိညာဉ် ပြားပြားမှောက်ပြီး
မလုပ်သင့်တဲ့အလုပ်တွေမှန်း သိသိကြီးနဲ့ ခင်ဗျားခိုင်း သမျှကို မငြင်းဆန်ဝံ့လို့ ကျုပ်
ဇွတ်တွန်းလုပ်ခဲ့ရတာကို ခင်ဗျား သိရဲ့လား ။ ကျုပ် နှိပ်စက်သတ်ဖြတ်ခဲ့တဲ့အဲဒီသတ္တဝါတွေ…ခင်ဗျား
သတ်ခိုင်းခဲ့လို့ ကျုပ် သတ်ခဲ့ရတဲ့အဲဒီသက်ရှိတွေ…သူတို့မှာ ဘာအပြစ်ရှိလို့လဲ ။ သူတို့က
ခင်ဗျားအပေါ်မှာ ဘာတွေများ ကျူးလွန် ခဲ့ဖူးလို့လဲ ။ ခင်ဗျားရဲ့လောဘ ၊ ခင်ဗျားရဲ့လိုအင်တွေ
ပြည့်ဝစေဖို့အတွက် သူတို့ရဲ့အသက်ဝိညာဉ်ကို ခင်ဗျားလက်မှာ ဝကွက် အပ်စေခဲ့တာ ။ ကျုပ်ကတော့
သူတို့အတွက် ခင်ဗျား စေလွှတ်လိုက်တဲ့ သေမင်းတမန်တော်ပေါ့ ။ ကျုပ်ဟာ မရည်ရွယ်ပါဘဲ အာဏာပါးကွက်သားလုံးလုံး
ဖြစ်ခဲ့ရပြီ ။
ဟုတ်တယ်…အဲဒီအဖြစ်ဆိုးကြီးက ကျုပ်ဘဝကို တစ်သက်လုံး
ချောက်လှန့်နေဦးမယ်ဆိုတာ သိပ်ကို သေချာလွန်းတဲ့ လောကနိယာမဝဋ်လည်မှုကြီးတစ်ခုပေါ့ ။
သွေးချောင်းစီးခြင်းတွေက ကျုပ်အိပ်မက်တွေထဲအထိ မကြာခဏအလည်လာနေတုန်း ပဲလေ ။ ခင်ဗျားကတော့
ကိုယ်ချင်းစာတရား ခေါင်းပါးလွန်းသူပီပီ မကောင်းမှုတွေကို သက်စေ့မက လုပ်ခဲ့လျက်သားနဲ့
တစ်စက် လေးတောင်မှ အိပ်ရေးပျက်ခဲ့မယ်မထင်ဘူး ။ စိတ်အေးလက်အေးနဲ့ ဘဝအတွေ့အကြုံဆိုတဲ့ခေါင်းစဉ်အောက်မှာ
စာစီကုံးရင်း ပြဇာတ်ကချင်တုန်းပေါ့လေ ဟုတ်လား ။ သူတို့တတွေ ဇီဝိန်ကြွေခဲ့ရတဲ့ဖြစ်ရပ်တွေက
ခင်ဗျားအတွက် ကုန်ကြမ်းတွေဖြစ်နေ လောက်ရောပေါ့ ။
ကာလအတော်ကြာတဲ့အထိ ကျုပ်ဟာ ခင်ဗျားရဲ့သားမိုက်တပည့်အဖြစ်ကနေ
မလွတ်မြောက်နိုင်ခဲ့တာကို ကျုပ်ကိုယ်တိုင် လည်း မသိမြင်ခဲ့ပါဘူး ။ ပေးတာယူ ၊ ကျွေးတာစား-ဘဝမှာ
အားရတင်းတိမ်ရင်း အသက်သခင်-ခင်ဗျားကို ကျုပ် မှားယွင်းစွာ ကိုးကွယ်ခဲ့မိတယ် ။ ‘ဧပရယ်’နဲ့
မတွေ့ခင်အထိဆိုပါတော့ ။ ဧပရယ်ကြောင့်သာ ကျုပ်ဟာ ခင်ဗျားကို တော်လှန်ကာပြန်ဖို့အတွက်
သတ္တိတွေ ပြည့်ဝခဲ့ရတာ ။
မာယာကြွယ်ဝတဲ့-အဲဒီကောင်မက မင်းကို ဖြားယောင်းသွေးဆောင်နေတာကွ-လို့
မျက်နှာနီကြီးနဲ့ အော်ငေါက်ခဲ့တုန်းက ကျုပ် ယုံလိမ့်မယ်လို့ ခင်ဗျား ထင်နေတုန်းပဲမဟုတ်လား
။ ဟုတ်တာပေါ့ ။ ကျုပ်က တစ်သက်တာပတ်လုံး ခင်ဗျားစကားကိုပဲ မျက်စိမှိတ် နားယောင်ခဲ့မိတဲ့
ခပ်နုံနုံငအ,ပဲကိုး ။ အခုတော့ ဘယ်ရလိမ့်မလဲ ။ ခင်ဗျား လစ်တာနဲ့ ဧပရယ်ဆီကို ကျုပ် ပြေးတော့တာပဲ
။ ဧပရယ်ရဲ့ရင်ခွင်မှာ ခိုဝင်ရင်း ကျုပ် အားမွေးတတ်ခဲ့ပြီလေ ။ ကျုပ် ခင်ဗျားရဲ့အမိန့်တွေကို
မနာခံနိုင်တော့ဘူး ။ ကျုပ် ခင်ဗျားရဲ့ အာဏာလက်နက်ကိုလည်း မကြောက်ရွံ့တတ်တော့ဘူး ။
ဟုတ်ပါပြီ…ကျုပ်
သိပါတယ် ။ ဧပရယ်-ဆိုမှတော့ ဘိုမပဲပေါ့ ။ ဧပရယ်က အင်္ဂလိပ်-ကပြားမ ။ ဖြူဖြူဖွေးဖွေး ၊
သွယ်သွယ် သေးသေးနဲ့သူက ကျုပ်ကို အကြည့်တွေနဲ့ မြူကလူခဲ့တာလေ ။ ကျုပ်ကလည်း အတွေ့အကြုံရှိတဲ့ကောင်မှ
မဟုတ်ဘဲ ။ ကြာနှစ် ချက်လောက် ပစ်ရုံနဲ့ တစ်ခါတည်း တန်းတန်းစွဲချစ်မိသွားပါရောလား ။
ဧပရယ်က ဘိုကပြားပီပီ အရှက်အကြောက်တော့ သိပ်မရှိ လှဘူး ။ အတူနေဖို့အတွက် ကျုပ်က လမ်းခင်းမယ်ကြံရုံရှိသေး…သူ့ဘက်က
အရင်စတော့တာပဲ ။
အဲဗျာ…လမ်းလယ်ကောင်ကြီးမှာ…အများမြင်ကွင်းကြီးမှာ
။ အမှန်ပြောရရင် ကျုပ် ရှက်မိသား ။ ဒါပေမဲ့ အခွင့်အရေးဆိုတာ နှစ်ခါမရနိုင်မှန်းသိတော့
ကျုပ်လည်း ရှက်ရှက်နဲ့ပဲ ဧပရယ့်ရဲ့ယုယမှုတွေကို ငြိမ်ပေပြီး ခံနေတုန်း…
“ အမလေးလေး…ခွေးဇာတ်တွေ ခင်းနေလိုက်ကြတာ ”
တဲ့ ။ ခင်ဗျားကြီးက ကျုံးအော်ခဲ့တာ ။
တကယ့်ကို မောင်းကွဲသံကြီးနဲ့ ဒေါသတကြီး လှမ်းအော်ခဲ့တာ ။ ခင်ဗျား အသိဥာဏ်မှ ရှိ သေးရဲ့လား
။ ခင်ဗျားတို့လူတွေ ပြောပြောနေတဲ့ အသိဥာဏ်ဆိုတဲ့အရာ- ခင်ဗျားမှာ ရှိသေးရဲ့လား ။ လူသားတစ်ယောက်ဖြစ်တဲ့-ခင်ဗျားက
ဒီလိုမျိုးထ,အော်တော့ ကျုပ်က ဘယ်လိုသဘောပေါက်နားလည်ရမှာလဲ ။
ဖိုးမောင်-ဆိုတဲ့ကျုပ်က ခွေးပဲဥစ္စာ ။ ခွေးက
ခွေးဇာတ်ခင်းတာ ဆန်းသလား ။ ဒါကိုပဲ အဆန်းတကြယ်လုပ်ပြီး အဟုတ် အော်ဟစ်နေတဲ့ခင်ဗျားကရော
ဘာလဲ ။ ဘာသတ္တဝါလဲ ။ နောက်ပြီး အမဲလိုက်ခွေးတစ်ကောင်ရဲ့ရင်ကိုတောင် နာကျင်စေနိုင်တဲ့
ဇီဝိန်ကြွေမှုတွေနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ရင်ထဲမှာ နောင်တတရားဆိုတာ စိုးစိမျှ မခံစားမိခဲ့ဘူးလား
။ ကျုပ် သတ်ခဲ့ရတဲ့ ၊ ခင်ဗျား ရဲ့ပယောဂကြောင့် သေကြေပျက်စီးခဲ့ရတဲ့ ယုန်ဖြူလေးတွေ ၊
သမင်ငယ်လေးတွေ…သူတို့တွေမှာလည်း အသက်နဲ့ပဲလေဗျာ ။ သူတို့ကို ခင်ဗျား မသနားဘူးလား ။
ခွေးဖြစ်တဲ့ကျုပ်ကို ခွေးဇာတ်တွေ ခင်းနေတယ်လို့ပြောရင်
လူဖြစ်တဲ့-ခင်ဗျားရဲ့ဘဝဇာတ်ခုံမှာရော ခင်ဗျား ဘာဇာတ်တွေ ခင်းခဲ့ပြီးပြီလဲ ။ ခင်ဗျားဟာ
ကျုပ်လောက်တောင်မှ နှလုံးသားမကြီးမားတဲ့ လူ့အန္ဓအတ္တသမားကြီးပဲ ။ ကမ္ဘာမြေကြီး ပျက်စီးလာ
တာ ခင်ဗျားတို့ကို အတ္တသမားတွေ တစ်နေ့တခြားများပြားလာလို့ဗျ ။ ကဲ…။
ဟုတ်ပြီ…
ခင်ဗျားရဲ့လက်ထဲက အာဏာကြိမ်လုံးကြီးကို
ချလိုက်တဲ့အတွက် ကျုပ် ခင်ဗျားကို ကျေးဇူးတင်တယ် ။
ဘာပဲဖြစ်ဖြစ်…ခင်ဗျားက ကျုပ်ကို ထမင်းနပ်ပေါင်းများစွာ
ကျွေးခဲ့ဖူးတဲ့ကျေးဇူးရှင်ဆိုတော့ အစာကျွေးခဲ့တဲ့လက်ကို ကျုပ် ပြန်မကိုက်ချင်ဘူး ။
စိတ်ချပါ ။ ကျုပ် ပြန်ကိုက်မှာ မဟုတ်ဘူး ။ ကျုပ်တို့ကို မနှောင့်ယှက်ပါနဲ့တော့ ။ မာန်ဖီခြင်းတွေကို
အဆုံးသတ်လို့ ကျုပ် ထွက်သွားလိုက်တော့မယ် ။ ခင်ဗျားနဲ့ဝေးရာဆီ……
အို……ခင်ဗျားလို လူမပီသသူကြီးနဲ့ ဝေးရာဆီကိုပေါ့ဗျာ
။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။