အိပ်ရာဝင်တစ္ဆေပုံပြင်များ (၁)
ကျောပေါက်ကြီး
( ၂၀၁၄ ဇန်နဝါရီလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
--------------------------------------------------------------------------------------------------------------
အိပ်တန်းပြန်ငှက်တို့သည် ငုပ်လျှိုးစပြုနေပြီဖြစ်သော
နေမင်း၏အလင်းရောင်ဖျော့ဖျော့ကို အမှီပြုပြီး အတောင်ပံတို့ကို ဖြန့်ကျက်လျက် သူတို့၏အိမ်ရာဌာနေဖြစ်သော
တောအုပ်ငယ်ဆီသို့ အုပ်စုလိုက် ပျံသန်းထွက်ခွာသွားသည့်မြင်ကွင်းကို မောင် သုည ငေးကြည့်ရင်း
အားငယ်သလို ခံစားလိုက်မိသည် ။ ငှက်အုပ်က တောင်ဘက်ခြမ်းဆီသို့ ဦးတည်ပျံသန်းသွားကြ၏
။ မောင်သုညကတော့ မြောက်ဘက်ခြမ်းဆီသို့ တစ်ကိုယ်တည်း လျှောက်လာရင်း ကောင်းကင်ယံသို့
မော့ကြည့်လိုက်မိစဉ် ထို အိပ်တန်းပြန်ငှက်တို့ကို တွေ့မြင်လိုက်ရခြင်းဖြစ်သည် ။ ငှက်တို့
အိမ်ပြန်လေပြီ ။ နေမင်းသည်လည်း တစ်နေ့တာကို နှုတ် ဆက်ထွက်ခွာတော့မည် ။ ယုတ်စွအဆုံး
ပန်းပွင့်ကလေးများပင် ပွင့်ဖတ်အာတို့ကို ရုတ်သိမ်းလျက် ငိုက်မြည်းစပြုနေကြချေပြီ ။
တစ်နေ့တာသည် သူ့တာဝန် ကျေပွန်သွားပြီမို့ ကုန်ဆုံးဖို့ ပြင်ဆင်နေချိန်တွင် မောင်သုညတစ်ယောက်မှာတော့
အိမ်မပြန်နိုင် သေး ။
မောင်သုည သက်ပြင်းတိုးတိုးကို ဖြည်းဖြည်းချင်းမျှင်းချလိုက်ပြီး
ခပ်မြန်မြန်လျှောက်နေသောခြေလှမ်းတို့ကို တက်နိုင် သမျှ မြန်နိုင်အောင် ကြိုးစားလိုက်သည်
။ မောင်သုည၏ခြေလှမ်းတွေက သာမန်ထက် အတော်မြန်နေပြီဖြစ်သော်လည်း မောင် သုည အားမရ ။ သည့်ထက်မက
မြန်စေချင်သည် ။ တတ်နိုင်လျှင် ဖျတ်ခနဲကိုယ်ပျောက်ပြီး သွားလိုရာသို့ တစက္ကန့်အတွင်း
ရောက်သွားလိုက်ချင်သည် ။ သို့သော်လည်း ထိုစိတ်ကူးက မဖြစ်နိုင်တဲ့ကိစ္စမို့ မောင်သုည
မိမိနိုင်ရာခြေထောက်ကိုသာ မဲနင်း လျှောက်နေမိ၏ ။
“ တောက်…ငါကိုက ညံ့တာပါ ။ ငါကိုက မေ့တတ်တာ ။”
မြန်မြန်လျှောက်ရင်း
ညောင်းလာသဖြင့် မောင်သုည စိတ်တိုတိုနှင့် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည် ။ သို့ပေမဲ့
အမြန်နှုန်းကို တော့ မလျော့ ။ နဂိုခြေလှမ်းအတိုင်း ခပ်မြန်မြန်သုတ်ချေတင်တုံး ။
မောင်သုည သွားနေသည့်နေရာက သူ၏ကျောင်းသို့ဖြစ်သည်
။ နေကလည်း ဝင်တော့မည်ဖြစ်၍ ယခုလိုမျိုး မောင်သုည တက်သုတ်ရိုက်မသွားလို့ မရ ။ နေမင်း၏အလင်းရောင်
လုံးလုံးလျားလျားမပျောက်ကွယ်ခင် မောင်သုည လုပ်စရာရှိတာလုပ်ပြီး ကျောင်း၏ပြင်ပသို့ ရောက်နေမှဖြစ်မည်
။ တွေးရင်းပြေးရင်းကာလအတွင်းမှာပဲ နေမင်းက တစ်ဝက်ခန့် ငုပ်ဝင်ပျောက်ကွယ်ပြီ ပေါ့ ။
မောင်သုည ကျောင်းကို အချိန်မီရောက်ပါ့မလား ။
မောင်သုညတို့ကျောင်းက ရွာအပြင်ဘက် တောင်ကုန်းထိပ်တွင်
တည်းတည်းကြီးတည်ရှိနေသော အဆောက်အအုံဖြစ် ပြီး တစ္ဆေသရဲအလွန်ခြောက်သည်ဟု နာမည်ကြီးသောကျောင်းတစ်ကျောင်းဖြစ်သည်
။ အမှန်လည်း တစ္ဆေအခြောက်ခံရသူ များ ရှိသဖြင့် မောင်သုညလည်း ထိုကျောင်းကြီးအတွင်းသို့
ညနေစောင်းဝင်ရမည့်အရေးကို ထိတ်လန့်ကြောက်ရွံ့မိတာအမှန် ။ သို့သော်လည်း မသွားမဖြစ်သည့်ကိစ္စက
ရှိနှင့်နေပြီမို့ မောင်သုည မြန်မြန်ရောက်ဖို့အရေးသာ စိတ်စောနေမိသည် ။
“ ဟူး…ကျောင်းမှာ ကျောင်းစောင့်တော့ ရှိမှာပါလေ
။”
များမကြာမီတွင် မောင်သုည
ကျောင်းကိုလှမ်းမြင်နိုင်သော ခပ်လှမ်းလှမ်းတောင်ကုန်းထိပ်ဆီသို့ ရောက်ရှိလာခဲ့သည် ။
ညနေ စောင်း နေဝင်ရီတရောအချိန်တွင် ကျောင်းအိုကြီးသည် ကွင်းခေါင်ခေါင်၌ မျောက်အိုကြီးတစ်ကောင်
ငုတ်တုတ်ထိုင်နေသလို ပုံသဏ္ဍာန်ပေါက်နေသဖြင့် ကျောင်းဝင်းအတွင်းသို့ဝင်ရန် မောင်သုည ရွံ့တွန့်တွန့်ဖြစ်နေမိသည်
။ နဂိုကတည်းက သရဲတစ္ဆေ ကြောက်ရသည့်အထဲ ကျောင်းပုံစံကြီးကလည်း ထိုကဲ့သို့ ချောက်ချားဖွယ်ကောင်းနေလေတော့
မောင်သုည ကျောင်းထဲသို့ အလျင်စလို မဝင်ရဲသေးဘဲ ခပ်လှမ်းလှမ်းကနေ လေးတန်းဆောင်ဝရံတာဆီသို့
လှမ်းချောင်းကြည့်မိ၏ ။
ဟာ…ဟိုမှာ မီးရောင်လဲ့လဲ့ …
တစ်ဆောင်လုံးရှိ ပြတင်းပေါက်
၊ တံခါးပေါက်အားလုံးကို အသေအချာစေ့ထားပေမဲ့ အတွင်း၌ တစ်စုံတစ်ဦး ရှိနေကြောင်းကို သစ်သားတံခါးကြားမှ
တိုးထွက်ဖြာနေတဲ့ ဖယောင်းတိုင်မီးရောင်လဲ့လဲ့က သက်သေခံလျက်ရှိသည်မို့ မောင်သုည အားတက်
သွားသည် ။ ဤအတိုင်းဆို လေးတန်းဆောင်ထဲတွင် ကျောင်းစောင့်ကြီး ရှိနေပုံပဲ ။
မောင်သုညတို့ကျောင်းသည်
မူလတန်းကျောင်းဖြစ်ပြီး အင်္ဂလိပ်လက်ထက်ကတည်းက ဖွင့်လှစ်ပေးခဲ့သောကျောင်း ဖြစ်သည် ။ မောင်သုည့ကျောင်း၏ပုံသဏ္ဍာန်ကို
အနည်းငယ်ဖော်ပြရလျှင် အုတ်ဖိနပ်အခိုင်အမာဖြင့် တည်ဆောက်ထားသော သစ်သားကျောင်းကြီးဖြစ်ပြီး
နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်တာကြောင့် အဝေးမှလှမ်းကြည့်လိုက်လျှင် ခန့်ခန့်ထည်ထည်ကြီး
တည်ရှိနေသည် ။ သို့သော်လည်း နှစ်ကာလရှည်ကြာလာတာနှင့်အမျှ ကြားရတဲ့သတင်းတွေက တဖြည်းဖြည်း
ဆိုး,ဆိုးလာ၏ ။ ထို‘သတင်းဆိုး’ဆိုသည်မှာ ကျောင်းတို့၏ဓမ္မတာအတိုင်း အောင်ချက်နည်းခြင်း
၊ ဆရာ/ဆရာမ အသင်အပြညံ့ခြင်းတည်းဟူ သော သဘာဝဆန်ဆန်သတင်းမျိုးမဟုတ်ဘဲ ဘယ်ကလေးဖြင့် အလန့်လွန်ပြီး
တက်သွားပြီ ၊ ဘယ်ကလေးကဖြင့် သွေးပျက် ပြီး မေ့လဲသွားပြီဟူသော တစ္ဆေသရဲနှင့်ပတ်သက်သည့်
သဘာဝလွန်သတင်းမျိုးဖြစ်သည် ။ ထိုသို့ သတင်းတွေ ထွက်ရ လောက်အောင်လည်း ကျောင်းရဲ့ရာဇဝင်က
ခပ်ကြမ်းကြမ်းရယ်…။
“ ဒီကျောင်းကြီးကို အင်္ဂလိပ်လက်ထက် တို့များ အဘိုးတွေလက်ထက်က
ဆောက်ခဲ့တာကွ ။ ဒီကျောင်းကြီး ဆောက်တုံးက
စစ်ဌာနအခြေစိုက်ရုံး လုပ်ခဲ့တာဆိုပဲ ။ သိတဲ့အတိုင်းပေါ့ကွာ
။ သူလျှိုလို့သံသယဖြစ်တဲ့ရွာသားတွေကို ဖမ်း ၊ ညှင်းပန်းနှိပ်
စက်သတ်ဖြတ်ခဲ့ကြတာပေါ့ ။ ဒါ့ကြောင့်လည်း ခုထက်ထိ
မကျွတ်လွတ်နိုင်သေးဘဲ ခြောက်လှန့်နေကြတာ ။ အညှိုးကြီးတဲ့
တစ္ဆေတွေလို့ပြောရမှာပေါ့ကွာ ။”
ဟူ၍ ကျောင်းဆရာလက်သစ်
ဆရာလေးကိုဘအောင်က မြန်မာ့သမိုင်းသင်ရင်း မဆီမဆိုင် ဤကျောင်း၏ရာဇဝင်ကို စီကာ ပတ်ကုံး
ပြောပြဖူးခဲ့သည် ။ အမှန် ဟုတ်မဟုတ်တော့ မောင်သုည မသိ ။
ထိုမူလတန်းကျောင်းကြီးတွင်
မောင်သုညသည် စတုတ္ထတန်း တက်ရောက်သင်ကြားနေသောကျောင်းသားဖြစ်သည် ။ မောင်သုညသည် ကျောင်း၌
ခပ်တေတေကျောင်းသားဖြစ်သော်လည်း လူ,လူချင်းသာ သူတပြန်ကိုယ်တပြန်ချရဲပေမဲ့ တစ္ဆေသ ရဲကိုတော့
သေမလောက်ကြောက်လန့်သူဖြစ်သည် ။ ယခုလည်း မလာမဖြစ်၍သာ စိတ်အားတင်းရင်း ပြန်လာခဲ့ရခြင်းဖြစ်၏
။ ကျောင်းသို့ ပြန်မလာလို့ မရ…အိမ်ကအမေကို တစ္ဆေထက် ပိုကြောက်ရတဲ့ဘဝ မဟုတ်လား ။
ဖယောင်းတိုင်မီးရောင်လဲ့လဲ့ကို တွေ့မြင်လိုက်ရသဖြင့်
မောင်သုည အားတက်သွားတာကြောင့် ကျောင်းဝန်းတွင်းသို့ ခပ်ရဲရဲဝင်လာခဲ့လိုက်သည် ။ လေးတန်းဆောင်ရှေ့
မြေကွက်လပ်ဆီသို့ မောင်သုည ခြေလှမ်းပြင်လိုက်စဉ် လေပွေတစ်ချက်က ဝေ့ခနဲတိုက်ခတ်လိုက်၍
အဆောင်နဘေး၌ ထွားထွားကြီးတည်ရှိနေသောမယ်ဇလီပင်အိုကြီးထံမှ တဟဲဟဲတရှဲရှဲအော်သံများ ကြားလိုက်ရသေးသည်
။ မောင်သုည့နှလုံး တဒုန်းဒုန်းခုန်သွားတာပေါ့ ။ နေဝင်ရီတရောအချိန် တစ္ဆေအခြောက်ကြမ်းတဲ့နေရာ
မှာ ဤသို့သောအဖြစ်အပျက်ကို ရုတ်တရက်ကြုံလိုက်ရသူအဖို့ မည်သူမဆို အသည်းငယ်မိမှာပဲလေ
။ နို့ပေမဲ့လည်း ကြောက် ကြောက်နှင့် တောင့်တောင့်ကြီးရပ်နေရုံဖြင့် ကိစ္စက ပြီးပြတ်သွားမှာမှ
မဟုတ်တာ ။ မောင်သုည ကိုယ့်ကိုယ်ကို အားပေးလိုက် ရင်း ကျောင်းဆောင်လှေကားထစ်ဆီသို့ လျှောက်လာလိုက်တော့၏
။
နေဝင်သွားချေပြီ ။ အချိန်က ညနေငါးနာရီလေးဆယ့်ငါးလောက်
ရှိလိမ့်မည်ဟုထင်သည် ။ မောင်သုညသာ အပေါင်း အသင်း မမင်မိလျှင်၊ အဆော့မမက်မိလျှင်၊ အခန်းထဲ၌
ကွန်ပါဘူး ကျန်ခဲ့သည်ကို စောစောစီးစီးကသာသိလျှင် မောင်သုည ဤ မျှ လောက်အထိ စိတ်ဒုက္ခရောက်ရလိမ့်မည်
မဟုတ် ။ ယခုတော့ လေးနာရီ ကျောင်းဆင်းသည်နှင့် မိမိပစ္စည်း အကုန်ပါ/မပါ သေချာမစစ်ဆေးဘဲ
သူငယ်ချင်းတွေ ခေါ်ဆောင်ရာချောင်းရိုးတစ်လျှောက်သို့ အလည်လွန်အဆော့လွန်ပြီးကာမှ ကွန်ပါဘူး
ကျန်ခဲ့သည်ကို သတိရသွားသည် ။ ကွန်ပါဘူးဆိုတာကလည်း မောင်သုညတို့ရွာတွင် ရှားတောင့်ရှားပါးမြင်တွေ့ခဲလှတဲ့အရာ
တွေထဲက တစ်ခုအပါအဝင် ။
မောင်သုညတို့ရွာက ခေါင်သည် ။ ကြေးရတက်သူဌေးသူကြွယ်
ရှားပါးသည် ။ ခေတ်မီပစ္စည်း နောက်ဆုံးပေါ်အသုံးအ ဆောင်ဆိုတာကို သုံးဖူးဖို့မပြောနှင့်
ကြားဖူးနားဝဗဟုသုတပင် မရှိကြတဲ့ရွာသိမ်လေး ။ ထိုရွာတွင်မှ မောင်သုညတို့မိသားစုက လယ်ပိုင်ယာပိုင်ရှိသဖြင့်
ငွေကြေးပြည့်စုံကြွယ်ဝသူများဖြစ်တာကြောင့် တော်ရုံကျောင်းသား မကိုင်တွယ်မသုံးနိုင်သေးတဲ့
ကွန် ပါဘူးဆိုသော “အရောင်အသွေးစုံစုံ ကားပုံသဏ္ဍာန်သံထည်ပစ္စည်း”လေးကို မောင်သုည၏ဖခင်က
စာတော်သူမောင်သုည အား ဂုဏ်ပြုသည့်အနေဖြင့် လွန်ခဲ့သည့်တစ်ပတ်ကမှ မြို့ကဝယ်လာခဲ့ခြင်းဖြစ်၏
။ ယခင်က ထိုကွန်ပါဘူးဆိုတာကို သူကြီး သားမောင်ကျားတစ်ယောက်တွင်သာ ရှိပြီး မောင်ကျား၏ကွန်ပါဘူးမှာ
သာမန် ရှည်မြောမြောနီကြောင်ကြောင် သံဘူးတစ်ဘူး သာဖြစ်သည် ။ မောင်သုည၏ကွန်ပါဘူးမှာမူ
မြို့ပြကြီးများတွင် အလှစီးသည့်ပြိုင်ကားပုံစံမျိုး ရှိပြီး အရောင်ကလည်း စုံပါပေ့ဆို
တော့ ခဏအတွင်းပင် သတင်းကြီးသွားသည် ။ မောင်သုည၏ကွန်ပါဘူးကို မူလတန်းမှနေ လေးတန်းကျောင်းသားများအထိ
လာတောင်းကြည့်ကြ၏ ။ မောင်သုည၏ကွန်ပါဘူးကို မမြင်ဖူးသူသည် ခေတ်မီတော့မည်မဟုတ်ဟု မည်သူကများ
မောင်းခတ် လိုက်သလဲ မပြောတတ် ။ မုန့်စားကျောင်းဆင်းချိန်ဆို မောင်သုညတို့အခန်းထဲတွင်
ကွန်ပါဘူးလာကြည့်သူကျောင်းသူကျောင်း သားများဖြင့် စည်ကားပြည့်ကျပ်နေတော့၏ ။
ဤမျှလောက်သတင်းကြီးသည့်ကွန်ပါဘူးကိုမှ မောင်သုည
မေ့ကျန်ခဲ့မိသည် ။ သတိရတော့ အိမ်နားပင် ရောက်နေပြီ ။ သို့သော် မောင်သုည အိမ်မပြန်ဝံ့
။ ကျောင်း၌ ကွန်ပါဘူးကျန်ခဲ့ခြင်းကိုသာ အမေသိလျှင် မောင်သုညကို ကြိုက်ရာကျိန်လုံးပင်
ရွေးခွင့်ပြုလိမ့်မည် မဟုတ် ။ ကြုံရာတွေ့ရာနှင့် ဆော်ပလော်တီးလိမ့်မည်မှာ အသေအချာ ။
အဖေကလည်း ဆူပူကြိမ်းမောင်း ဦးမည် ။ နောင်လည်း ဘယ်တော့မှ ဝယ်ပေးတော့မှာ မဟုတ် ။ နောက်ပြီး
မောင်သုညကိုယ်တိုင်ကလည်း ကွန်ပါဘူးလေးကို နှမြောသည် ။ ဤမျှလောက်နာမည်ကြီးနေတဲ့ကွန်ပါဘူးလေး
ပိုင်ရှင်မဲ့နေသည်ကို တစ်ယောက်ယောက်သာ သိသွားခဲ့လျှင်… သူငယ်ချင်းအရင်းကြီးကပင် မောင်သုည
မယုံရဲချေ ။ ရှစ်နှစ်ကိုးနှစ်အရွယ်ဆိုတာ လူမှုရေး ဘာသာရေး သိကျွမ်းကြသေးတာ မဟုတ်တော့
ရလျှင် လိုချင်ကြသည်ချည်း ။ မဖြစ်…မောင်သုည ကွန်ပါဘူးလေးကို အဆုံးရှုံးမခံနိုင် ။ နောက်တစ်နေ့
လာကြည့် ကြတဲ့ကျောင်းသားတွေကြားထဲတွင် မောင်သုည မျက်နှာအပျက်မခံနိုင် ။ သို့ကြောင့်
ညနေစောင်းနေပြီမှန်းသိသော်လည်း မောင်သုည လာရာလမ်းအတိုင်း သုတ်ချေတင်လာခဲ့ခြင်းဖြစ်၏
။
“ အမလေး…ကုလားကြီး…”
လှေကားထိပ်သို့ ရောက်ရောက်ချင်း
ပြတင်းတံခါးတစ်ချက် ဂျိန်းခနဲပိတ်လိုက်သံကို ကြားလိုက်ရသဖြင့် မောင်သုည အထိတ် တလန့်ယောင်ထွက်သွားသည်
။ မောင်သုညကလည်း လူထူးလူဆန်း…တချို့လူတွေက လန့်လျှင် ဘုရား…တရား…တ,တတ် သော်လည်း မောင်သုညကတော့
ကုလားတ,တတ်သည် ။ တံခါးပိတ်သံက လေးတန်းဆောင်နှင့်ဆက်လျက်အဆောင်ရှိ သုံး တန်းအခန်းဆီမှ
ကြားလိုက်ရခြင်းဖြစ်သည် ။ တံခါးပိတ်လိုက်ခြင်းလား ၊ လေတိုက်၍ တံခါးပိတ်သွားတာလား…မောင်သုည
သေချာမသိ ။ မဝံ့မရဲခြေလှမ်းတွေနှင့် လှေကားထိပ်မှနေ ကော်ရစ်တာပေါ်သို့ တက်လာလိုက်၏ ။
“ ကျွီ…”
တံခါးက စေ့ရုံသာစေ့ထားသဖြင့်
မောင်သုည တံခါးကို ခပ်ရွရွဆွဲဖွင့်လိုက်တော့ အခန်းတွင်းမှဖယောင်းတိုင်မီးအိမ်၏အလင်း
ရောင်က အခန်းပြင်သို့ ဖြာထွက်လာသည် ။ မောင်သုည ထင်ထားသည့်အတိုင်း အခန်းထဲမှာ လူတစ်ယောက်
ရှိနေ၏ ။
“ အဘ…အဘ…ဟို…ကျွန်တော် ပစ္စည်းတစ်ခု ကျန်ခဲ့လို့ပါ
။”
ဖယောင်းတိုင်မီးအလင်းရောင်
လင်းလင်းချင်းချင်းမရောက်ရှိသည့် ချောင်ကျကျနေရာတွင် မတ်တတ်ရပ်နေတဲ့ထိုသူကို မောင်
သုည ခပ်ကျယ်ကျယ်လှမ်းအော်မေးလိုက်သည် ။ မောင်သုည၏စိတ်ထဲ၌ ထိုသူသည် ကျောင်းစောင့်ကြီး
မုချဖြစ်ရမည်ဟု ယူ ဆထားမိသောကြောင့် ထိုသို့ရဲရဲဝံ့ဝံ့မေးလိုက်မိခြင်းဖြစ်၏ ။ သို့သော်
သိပ်မကြာခင်မှာပဲ ထိုသူဟာ မောင်သုညထင်သလို မဟုတ်သည့်အကြောင်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်သိရှိရတော့မည်
။
“ အဘ…ကျွန်တော့်ကွန်ပါဘူးလေးများ တွေ့မိသလား အဘရယ်
။ သံဘူးလှလှလေးလေ ။”
ပထမတစ်ခွန်းနှင့် အဖြေမရသဖြင့်
မောင်သုည ဒုတိယတစ်ခွန်း ထပ်မေးလိုက်မိတော့ ထိုမတ်တတ်ရပ်နေသူသည် အနည်း ငယ် လှုပ်ရှားလာ၏
။ ယခုချိန်ထိ ထိုသူထံမှ စကားသံတစ်လုံးမျှ မကြားရ၍ မောင်သုည၏စိတ်ထဲ ဇဝေဇဝါဖြစ်လျက် ထိတ်
လန့်ချင်သလိုရှိပေမဲ့ သံသယတွေကို ဖယ်ဖျောက်ရင်း ထိုသူ ဖြေလာမည့်အချိန်ကို စောင့်ဆိုင်းနေမိသည်
။ ထိုစဉ် အမှောင်ထဲ မှထိုသူသည် မောင်သုညရှိရာဆီသို့ တစ်လှမ်းချင်း ခပ်လေးလေးလျှောက်လာလေ၏
။
“ ဟာ…ဟာ…”
မောင်သုည နေရာတွင် အတောင့်သားရပ်နေရင်း
ထိုသူကိုသာ မျက်လုံးပြူးကြီးနှင့် ကြောက်လန့်တကြားစိုက်ကြည့်နေမိ၏ ။ တစ်ကိုယ်လုံးရှိအကြောအခြင်တွေ
ရပ်ဆိုင်းသွားသလားပင် မှတ်ထင်ရသည် ။ သို့သော် ဒူးတွေကတော့ တဆတ်ဆတ်တုန်နေ ၏ ။ ကြောင်ကြည့်နေမိစဉ်
ထိုသူက မောင်သုည၏လက်တစ်ကမ်းဆီသို့ ရောက်ရှိလာလေပြီ ။ ထိုအခါမှ မောင်သုည ထွက် ပြေးရန်
သတိရသဖြင့် အခန်းပြင်သို့ ဝရုန်းသုန်းကားပြေးထွက်သွားလိုက်တော့သည် ။
“ အမလေး…အမလေး…ကျောပေါက်ကြီး…ကျောပေါက်ကြီး…”
ထိုစကားစုကို မောင်သုည
ပလုံးပထွေးရေရွတ်ဟစ်အော်ရင်း ထွက်ပြေးသွားမိသည် ။ ခေါင်းထဲတွင် ကြောက်စိတ်ကလွဲပြီး
ဘာ ဆိုဘာမျှ မရှိ ။ ဗလာနတ္ထိ ဟာလာဟင်းလင်းကြီး ။ ဘယ်ကိုပြေးလို့ပြေးနေမိမှန်းလည်း မသိ
။ ရုတ်တရက် ဗြုန်းခနဲဆို လူတစ် ယောက်ကို တွေ့လိုက်ရတော့မှ မောင်သုည သတိဝင်လာပြီး ခြေလှမ်းတွေကို
ရပ်တန့်လိုက်မိသည် ။
“ ဟဲ့…ကလေး ဘာဖြစ်လာတာလဲ ။”
သုံးတန်းဆောင်ရှေ့အရောက်တွင်
ကော်ရစ်တာ၌ လူတစ်ယောက်ကို တွေ့လိုက်ရသည် ။ သည်တစ်ခါတော့ မှိန်ဖျော့ဖျော့ နေ ရောင်အောက်တွင်
မျက်နှာချင်းတွေ့ဆုံရခြင်းဖြစ်တာကြောင့် မောင်သုည အားတက်သွားရ၏ ။ လူမှလူစင်စစ်…ကြည့်ရတာ
ကျောင်းစောင့်ကြီးဖြစ်လိမ့်မည် ။ ကျောင်းစောင့်ကြီးကိုမြင်၍ မောင်သုည ခြေလှမ်းတို့ကို
ရပ်တန့်လိုက်ပြီး နေရာတွင်ရပ်ကာ အသက်ကို ပုံမှန်ရှူနိုင်အောင် ကြိုးစားရသည် ။ အသည်းအသန်ပြေးလာရုံသာမက
စိတ်ကလည်း ချောက်ချားနေတာကြောင့် နှလုံးခုန်သံက ထိန်းမနိုင်သိမ်းမရလောက်အောင် မြန်ဆန်ဆူညံနေပြီ
။ ဟောဟဲလိုက်နေတဲ့မောင်သုညကို ကျောင်းစောင့်ကြီး က စေ့စေ့ကြည့်ရင်း အဖြေကို စောင့်နေလေ၏
။
“ ဟောဟဲ…ဟောဟဲ…အမလေး…အခုမှပဲ အကြောက်ပြေတော့တယ်
ကျောင်းစောင့်ကြီးရယ် ။ ဟောဟဲ…ဒီ…ဒီလိုပါ ။ ကျွန်
တော်က လေးတန်းကျောင်းသားပါ ။ ကျောင်းခန်းထဲမှာ
ကွန်ပါဘူးကျန်ခဲ့လို့ ပြန်လာယူတာ ။ အဲ့ဒါ အခန်းထဲမှာ မီးလင်း
နေတာတွေ့လို့ ကျောင်းစောင့်ကြီးရှိနေတယ်မှတ်ပြီး
ဝင်သွားမိတယ် ။ ဟောဟဲ…ဟောဟဲ…”
“ အေး…အဲ့ဒီ့တော့…”
မောင်သုည စကားရပ်လိုက်စဉ်
ကျောင်းစောင့်ကြီးက စကားထောက်ပေးသည် ။
“ အဲဒါ အထဲမှာ လူတစ်ယောက်ရပ်နေတာကို ခပ်မှောင်မှောင်တွေ့တယ်
။ သူက အမှောင်ထဲမှာ ရပ်နေတာကိုး ။ ဒါနဲ့ပဲ
ကျွန်တော်က ကျောင်းစောင့်ကြီးမှတ်ပြီး အဘရေ
ကျွန်တော့်ကွန်ပါဘူးလေး တွေ့မိလားလို့ လှမ်းမေးမိတယ် ။ ဒါပေမဲ့
ပြန်မဖြေဘူး ။ ကျွန်တော်ကလည်း အိပ်ငိုက်နေတယ်မှတ်လို့
နောက်တစ်ခေါက် ထပ်လည်းမေးရော အမလေးဗျာ…
ပြောရမှာကြောက်လိုက်တာ…အဲ့ဒီ့လူကြီးက အမှောင်ထဲကနေ
ကျွန်တော့်ဆီကို တရွေ့ရွေ့လျှောက်လာလို့ အလင်းထဲ
လည်း ရောက်ရော…အမလေး…မပြောရဲအောင်ပါပဲ ။”
“ မင်းက ဘာတွေ့လိုက်လို့လဲ ။”
“ သူက နောက်ပြန်ကြီးလျှောက်လာတာဗျာ့ ။ နောက်…နောက်ပြီးတော့
ကျောမှာလည်း အပေါက်ကြီးနဲ့ ။ ကျော…ကျော
ပေါက်ကြီး ။”
“ သြော်…အဲ့လိုလား ။”
မောင်သုညက မိမိ လက်ငင်းကြုံတွေ့ခဲ့သည့်အဖြစ်အပျက်ကို
အသေအချာစီကာပတ်ကုံးပြောပြနေသော်လည်း ကျောင်းစောင့် ကြီး၏လေသံကတော့ အထူးအဆန်းမဟုတ်သကဲ့သို့
ခပ်ပေါ့ပေါ့ဖြစ်နေသဖြင့် မောင်သုည တအံ့တသြမော့ကြည့်မိ၏ ။ အလို… ကျောင်းစောင့်ကြီး၏မျက်နှာက
ပြုံးဖြီးဖြီးကြီးပါလား ။ မောင်သုည၏စိတ်ထဲ ထိတ်ခနဲဖြစ်သွားစဉ် ကျောင်းစောင့်ကြီးက လက်
ထဲမှမီးအိမ်ကို မောင်သုည၏မျက်နှာဆီသို့ ပင့်မြှောက်လိုက်ပြီး…
“ ဒါနဲ မင်းတွေ့ခဲ့တဲ့ကျောပေါက်ကြီးက ဒီလိုပုံစံလား
။”
ဟူ၍မေးကာ ကျောခိုင်းလိုက်ရာ
ဝမ်းတွင်းမှ အူအသည်းနံရိုးကျောက်ကပ်တို့ကို နောက်ကျောမှနေ ရှင်းရှင်းကြီးမြင်နေရသော
ကျောပေါက်ကြီးကို တွေ့လိုက်ရသဖြင့် မောင်သုည အကြီးအကျယ်သွေးပျက်သွားရတော့သည် ။
“ အား……အား……ကျောပေါက်ကြီး…ကျောပေါက်ကြီး……အား……”
MMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMMM
နောက်တစ်နေ့နံနက်တွင်
ကျောင်းဝင်းအတွင်း၌ သတိလစ်နေသောမောင်သုညကို တွေ့ရလေသည် ။ အတန်းပိုင်ဆရာမ နှင့်မိဘများက
စိုးရိမ်တကြီးနှင့် မောင်သုညအား မြို့နယ်ဆေးရုံသို့ ပို့ဆောင်လိုက်သဖြင့် ကိုယ်ကျန်းမာရေး
ပြန်လည်ကောင်း မွန်လာသော်လည်း စိတ်ကျန်းမာရေးကိုတော့ ရန်ကုန်မြို့ စိတ္တဇဆေးရုံကြီးသို့
ပို့ဆောင်ကာ အတန်ကြာကုသခဲ့ရသည် ။ စိတ် ရောဂါ ပျောက်ကင်းသွားသော်လည်း ယခင်ကကဲ့သို့ သွက်လက်တက်ကြွသောမောင်သုညအဖြစ်သို့
ပြန်လည်မရောက်ရှိတော့ ဘဲ အိမ်တွင်းအောင်းကာ အရာရာကို စိုးထိတ်နေတတ်သူတစ်ယောက်အဖြစ်သာ
ဘဝနိဂုံးချုပ်ရရှာသည် ။
ဤပုံပြင်ကို မောင်သုည ကျန်းမာရေးပြန်ကောင်းလာချိန်တွင်
ဇာတ်ကြောင်းပြန်ပြောပြခဲ့ခြင်းဖြစ်၏ ။ မောင်သုည၏အဖြစ် ကို ကြားရတဲ့သူတိုင်း အံ့သြထိတ်လန့်ကြရသည်
။ တချို့ကလည်း တစ်စုံတစ်ယောက်က ကျောပြင်မှာ အသားပြားကြီးကပ် ၊ အင်္ကျီအပေါက်ဖောက်ပြီး
မောင်သုညအား နောက်ပြောင်ခြင်းဖြစ်မည်ဟု ယူဆကြသလို တချို့ကလည်း နဂိုကတည်းက ထိတ် လန့်စိတ်အခံရှိလေရာ
တွေးမိတွေးရာတွေးရင်း စိတ်၏အရိပ်ထင်ခြင်း တစ်နည်းအားဖြင့် စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းသာ
ဖြစ်လိမ့်မည်ဟု သုံးသပ်ကြသူတွေ ရှိသကဲ့သို့ တချို့တလေကလည်း အမှန်ပင် တစ္ဆေခြောက်ခဲ့ခြင်းဖြစ်မည်
။ လွန်ခဲ့တဲ့သုံးနှစ် က ထိုကျောင်းမှကျောင်းစောင့်ကြီးတစ်ဦး ဝရံတာမှပြုတ်ကျပြီး အဆုပ်ကွာပြီး
သေသွားဖူးသည်ဟုဆိုကာ ယုံကြည်ကြသူတွေ လည်း ရှိသည် ။ သေချာတာတစ်ခုကတော့ ထိုကျောင်းတွင်
ကျောင်းစောင့် မရှိပါချေ ။
မောင်သုည၏ ချောက်ချားဖွယ်“ကျောပေါက်ကြီး”ဇာတ်လမ်းသည်
ထိုနယ်တဝိုက်တွင် ကာလအတော်ကြာသည့်တိုင် အောင် အိပ်ရာဝင်တစ္ဆေပုံပြင်တစ်ပုဒ်ပမာ လူတို့၏နှုတ်ဖျား၌
ရေပန်းစားလျက် ရှိခဲ့ပါတော့သည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။