(၂၀၁၆ ဒီဇင်ဘာလ(၂)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါး)
စာပေဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်
အလွန်အရေးပါတဲ့အရာ ။
စာပေကဏ္ဍ ဖွံ့ဖြိုးစည်ပင်မှ နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာ
ရေး ၊ ငြိမ်းချမ်းရေး-စတဲ့ အခြားကဏ္ဍတွေလည်း တိုးတက်တည်မြဲနိုင်မှာပါ ။ ဒီအကြောင်းကို ကျွန်မတို့ငယ်စဉ်ကတည်းက
ကျောင်း သင်ခန်းစာထဲမှာလည်း မှတ်သားဖူးခဲ့ပြီးပါပြီ ။ ရှေးလူကြီးတွေရဲ့သြဝါဒမှာတမ်းတွေမှာလည်း
မကြာခဏ တွေ့မြင်ဖူးခဲ့ပြီးပါပြီ ။
စည်းကမ်းဖောက်ရင် ထီးနန်းပျောက်မတဲ့ ။ ဆိုရိုးရှိခဲ့ပါရဲ့
။ စည်းကမ်းရှိဖို့အတွက် နှလုံးရည်(ဆင်ခြင်တုံတရား/ကိုယ်ချင်း စာနာစိတ်)တို့ ပြည့်ဝရမယ်
။ ဒါမှပဲ လူ့ကျင့်ဝတ်တွေကို နားလည်ပြီး စောင့်ထိန်းနိုင်မှာ မဟုတ်ပါလား ။ နှလုံးရည်ကို
စာပေကနေပဲ ရနိုင်ပါတယ် ။ ဒီတော့ စာပေပျောက်ရင် လူမျိုးရော နိုင်ငံပါ ပျောက်ကွယ်သွားနိုင်တယ်ဆိုတာ မြေကြီး
လက်ခတ်မလွဲပါ ။ လေ့လာ ကြည့်မယ်ဆိုပါက သာဓကတွေလည်း များစွာ … များစွာ … ။
ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ စာဖတ်သူဦးရေက သိသိသာသာကျဆင်းလာတယ် ။ ဒီအခါ နှလုံးရည်ပြည့်ဝသူတွေ နည်းပါး
လာတယ် ။ မပြည့်ဝတဲ့နှလုံးရည်တွေကြောင့် ဆင်ခြင်တုံတရားမဲ့လုပ်ရပ်တွေက သတင်းစာတွေမှာ
မကြားဝံ့မနာသာ ။ အတိတ်က မကြုံဖူးခဲ့တဲ့ အကြောင်းအရာတွေ ။ တကယ်တော့ ဒီနေ့ခေတ်ဟာ အရမ်းကို ပွင့်လင်းမြင်သာနေပါပြီ
။ မြင်အပ်-မမြင်အပ် ၊ သိအပ်-မသိအပ်တာမှန်သမျှ မြင်နိုင်သိနိုင်နေတဲ့ကာလ ။ ဒီလိုခေတ်ကြီးထဲမှာ
နှလုံးရည်ဒေါင်ဒေါင်မြည်နေမှ ခံနိုင်ရည် ရှိမှာ ။
မဟုတ်ရင် ဝေခွဲမရပါလားတွေ ဖြစ်လာနိုင်တယ် ။
နှလုံးရည် မပြည့်ဝတဲ့အခါ
အမှား/အမှန် မချင့်ချိန်နိုင်သလို မတော်လောဘတွေ / မတော်ဒေါသတွေ / မကျေနပ်မှု ပေါင်းစုံတွေ
… အဲဒီကတဆင့် ပဋိပက္ခမျိုးစုံတွေ ဖြစ်တည်ဖို့ လွယ်ကူနေပါလိမ့်မယ် ။ မေတ္တာ ၊ ကရုဏာ ၊
မုဒိတာ ၊ ဥပေက္ခာ-ဆိုတဲ့ ဗြဟ္မစိုရ်တရားတွေနေရာမှာ လောဘ ၊ ဒေါသ ၊ ဣိဿာမစ္ဆိရိယ ၊ အာဃာတတရားတွေ
အစားထိုးဝင်နေမယ်ဆိုရင် လူအချင်းချင်း ကြား အကြည့်တစ်ချက်ကြောင့်တောင် ပြဿနာတက်နိုင်ပါတယ်
။ ဒီအခါ လူအများ မျှော်လင့်တောင့်တတဲ့ ငြိမ်းချမ်းသာယာရေးနဲ့ အလှမ်းဝေးနေမှာပေါ့ ။
ဒါကို ရှေးပညာရှိတွေကလည်း စာပေကျမ်းဂန်တွေကတဆင့် မှာကြား-သတိပေးခဲ့ပြီးသား ။ ကျွန်မတို့က
ရှာဖွေဖတ်ရှုတတ်ဖို့ပဲ လိုတာပါ ။
အထက်မှာ ကျွန်မ တတ်သိသလောက်ပြောပြခဲ့တာကတော့
စာအုပ်စာပေ ဖတ်ရှုခြင်းရဲ့တန်ဖိုးပါ ။ လူ့အဖွဲ့အစည်းမှာ အမှန်လိုအပ်နေတဲ့ စာပေရဲ့အကျိုးကျေးဇူးတွေအကြောင်းဆိုရင်လည်း
မမှားပါဘူး ။ အထူးသဖြင့် ကိုယ်ချင်းစာနာစိတ် ၊ မေတ္တာ ကရုဏာစိတ်တို့ကို နှိုးဆွပေးနိုင်တဲ့ရသစာပေတွေကို
ဖတ်ရှုခြင်းအားဖြင့် နှလုံးရည်ပြည့်ဝသူတွေ ဖြစ်လာမယ် ။ လူကောင်း လူတော်တွေ များပြားလာတာနဲ့အမျှ
ကမ္ဘာကြီး ငြိမ်းချမ်းမယ် ။ ဒါကို အဓိကဆိုလိုချင်တာပါ ။ အခု ဆက်ပြီးတင်ပြလိုတာက စာအုပ်စာပေဆိုတာ
ထိန်းသိမ်းစောင့်ရှောက်ရမယ့်-အမွေအနှစ်တစ်ခုဖြစ်တဲ့အကြောင်း…။ လူငယ်တွေကို အဓိကတိုက်တွန်းလိုတဲ့
စိတ်နဲ့ ရေးသားလိုက်ရပါပြီ ။
လွန်ခဲ့တဲ့ နှစ်(၈၀)ကျော်ကတည်းက
မြန်မာလူမျိုးတွေ စာဖတ်အား နည်းသေးတဲ့အကြောင်း စာရေးဆရာကြီးသိပ္ပံမောင်ဝ ရဲ့ဆောင်းပါးအချို့မှာ
တွေ့ရပါတယ် ။ ဒါဟာ ဆရာကြီးရဲ့အမြော်အမြင်နဲ့စေတနာပါ
။ စာပေကို လေ့လာလိုက်စားသူ
နည်းပါးနေ ရင်…(၁)-နှလုံးရည်မကောင်းတဲ့အတွက် လူကောင်းလူတော်တွေ ရှားမယ် ။ (၂)-အနာဂတ်မှာ
ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေ၊ မင်္ဂလာတရားတွေ ပျောက်ကွယ်ကုန်လိမ့်မယ် ။
စာပေထဲမှာ
မှတ်တမ်းတင်ထားတဲ့-ခေတ်အဆက်ဆက်ရဲ့ ယဉ်ကျေးမှုအမွေတွေကို လက်ဆင့်ကမ်းထိန်းသိမ်းမယ့်သူ
မရှိရင် တစ်စတစ်စပျောက်ကွယ်သွားမှာကို ဆရာကြီးက စိုးရိမ်လို့ အခါခါသတိပေးခဲ့ပါတယ် ။
သို့သော် ဒီနေ့ခေတ်မှာတော့
အပျော်ဖတ်စာပေသမားတွေတောင်
နည်းပါးလာပြီ
။ ဒီတော့ တကူးတက-လေ့လာဖတ်ရှု-မှတ်တမ်းပြုစုမယ့်သူတွေကို လက်ချိုးရေရတော့မလား ။ အကျိုးဆက်က နှမြောဖွယ်ရာ တိမ်ကောပျောက်ကွယ်သွားရမယ့် အမွေ
အနှစ်တွေပါ ။ “သံကို-သံဖျက်-သံချေးတက်”-ရတဲ့အဖြစ်လောက် ရင်နာစရာကောင်းတာ အခြားမရှိပါဘူး
။ ဒါကို လူငယ်တွေ သတိပြုမိသင့်ပါပြီ ။
ဆရာကြီးရဲ့စာတွေဖတ်တိုင်း
စာပေနဲ့ပတ်သက်တာတွေ ကျွန်မ တွေးမိပါတယ် ။ ဒီနေ့ခေတ်မှာရော ဆရာကြီးတို့ခေတ်နဲ့ နှိုင်းယှဉ်ရင်
မြန်မာ့စာပေဟာ ဘယ်လောက်တိုးတက်လာပြီလဲ ။ နောက်ပြီး ဘာတွေဆုတ်ယုတ်သွားပြီလဲ ။ လောလောဆယ်တော့
တိုးတက်တာထက် ဆုတ်ယုတ်တာကိုပဲ မြင်မိပါတယ် ။ စာပေမြတ်နိုးသူ နည်းပါးလာတာဟာ နိုင်ငံ့အနာဂတ်အတွက်
ရင်လေးစရာ ပါ ။ ဒီလိုအရေးပါတဲ့-စာပေမွေ့လျော်သူတွေ လျော့နည်းလာတာဟာ ဘာ့ကြောင့်လဲ …
လူတွေ ဘာကြောင့် စာကို
မြတ်မြတ်နိုးနိုး မဖတ်ကြတော့တာလဲ ။
စာပေသမားတွေက အွန်လိုင်းတို့ ၊ ဖေစ်ဘုတ်တို့ကို လက်ညှိုးထိုး အပြစ်ဆိုတယ် ။ ထိုနည်းတူ … ခေတ်မီစက်ပစ္စည်းတွေကို ထောက်ခံသူများက စာအုပ်ဈေးကြီးလာလို့-ဆိုပြီး ပြန်ဝေဖန်တယ် ။ စာအုပ်ဈေးအကြောင်းပြောရရင် အဖြစ်က ဂျအေး သူ့အမေရိုက်-ဆိုတာမျိုး ။ (ကျွန်မ မေးမြန်းထားသလောက် ဖောက်သည်ချရရင်)
ဝယ်ယူသူ နည်းလာတော့ စာအုပ်ထုတ်ဝေမှုအရေအတွက် လျော့ လာတယ် ။ အဲဒီအတွက် ကုန်ကျစရိတ် မြင့်တက်လာတယ် ။ စာအုပ်ဈေးကြီးတဲ့အခါ လူတိုင်း မဝယ်နိုင်တော့ဘူးပေါ့ ။ သို့သော် နိုင်ငံခြားကို မကြာခဏသွားတဲ့-စာရေးဆရာတစ်ယောက်ကတော့
ပြောဖူးရဲ့ ။ ကမ္ဘာမှာ မြန်မာဟာ စာအုပ်ဈေး အတော်ဆုံးနိုင်ငံပါ-တဲ့ ။ ဒါပေမဲ့ စီးပွားရေးအခြေအနေအရ
စာအုပ်ဝယ်ဖို့ (၂၀၀၀)/(၃၀၀၀) မသုံးနိုင်ဘူးပဲ ထားပါတော့ ။
အရင်က လူတိုင်း ဝယ်ဖတ်ဖို့ မလိုခဲ့ဘူး ။ စာအုပ်အငှားဆိုင်တွေ ရှိတာကြောင့် လိုချင်တဲ့စာအုပ်ကို ပြေးငှားလိုက်ရုံပဲ ။ ဒါပေမဲ့ အွန်လိုင်းတွေ ခေတ်စားလာတဲ့နောက်ပိုင်းမှာ စာအုပ်အငှားဆိုင်တွေ မတွင်ကျယ်တော့ဘူး ။ အရင်းမကျေလို့ အများစု ပိတ် သွားကြတယ် ။ သို့သော် … တနိုင်တပိုင် စာကြည့်တိုက်တွေ ၊ ရပ်ကွက်စာကြည့်တိုက်တွေ တိုးပွားလာတာဟာ ဝမ်းသာစရာပါ ။
ဒါပေမဲ့ အဲဒီမှာတော့ (စာကြည့်တိုက်ကြီး
မဟုတ်ရင်) လိုချင်တဲ့စာအုပ်တိုင်း ၊ လစဉ်ထုတ်စာအုပ်တိုင်း မရနိုင်ဘူး ။ သို့သော် စာပေ ဝါသနာရှင်တွေအတွက် တော်ပါသေးရဲ့ … ။
ယခင်(၂၀၁၀)-(၂၀၁၃)ဝန်းကျင်က လူငယ်တွေ စာသိပ်မဖတ်ဘူးလို့ ဆိုခဲ့ကြတယ် ။ သို့သော် ဒီနေ့ခေတ်အခါမှာတော့ လူကြီးတွေပါ စာမဖတ်ကြတော့တာ ။ မဖတ်တာမှ မြို့ကြီးတွေမှာပဲ မဟုတ်ဘူး
။ မြို့ငယ်ကျေးလက်အထိ ။ သက်လတ်/သက်ကြီး
မရွေး ခေတ်မီပစ္စည်း(ဟန်းဖုန်း/တက်ပလက်)ကိုယ်စီနဲ့ ။ အဲဒီအထဲမှာ soft copyနဲ့ စာဖတ်ပါတယ်လို့ ဆိုသူတချို့ ရှိပေမဲ့ ဂိမ်း ၊ ဆော့ဝဲ အမျိုးမျိုးနဲ့ လူမှုကွန်ယက်တွေထဲမှာပဲ ပျော်ဝင်သွားကြသူက ၉၀% မက ။ နောက်ပြီး ကျန်းမာရေးအမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း soft copyကို ဖတ်ရတာဟာ စာအုပ်ဖတ်တာလောက် အဆင်မပြေနိုင်ဘူးလေ ။
လူမျိုးတိုင်းလူမျိုးတိုင်းဟာ ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ် ။ တချို့တိုင်းပြည်တွေမှာတော့ လူမျိုး ၊ ဘာသာစကားနဲ့ စာပေက တစ်မျိုးတည်းပဲ ရှိတယ် ။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံမှာတော့ လူမျိုးပေါင်းစုံ ရှိတာကြောင့် စာပေနဲ့ ဘာသာစကားကလည်း အမျိုးပေါင်းများစွာ ။ အဲဒါတွေကို ကိုယ့်တာဝန် ကိုယ်ယူပြီး လက်ဆင့်ကမ်းမထိန်းသိမ်းကြဘူးဆိုရင် သားစဉ် မြေးဆက်လက်ထက်တွေကျရင် တိမ်ကောပျောက်ကွယ်သွားပေမှာပေါ့
။
ကိုယ့်အမျိုးကိုယ် မချစ်သူ
မရှိပါဘူး ။ ဒါပေမဲ့ ကြမ်းတမ်းတဲ့နည်းလမ်းတွေနဲ့ပဲ စောင့်ရှောက်ကာကွယ်ဖို့ သတိရတတ်ကြပါ
တယ် ။ ဒီအခါ အတွင်းမှာ လှိုက်စားပြီး ပျောက်ပျက်သွားရတာက အမွေအနှစ်တွေပါ ။ အစိုးရအနေဖြင့်လည်း ထိန်းသိမ်းပေးရမှာ မှန်သလို လူတိုင်းကလည်း ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့ လိုအပ်နေပါပြီ ။ လူငယ်လူကြီးမရွေး တာဝန်ယူလုပ်ဆောင်ရမှာက စာဖတ် ရုံလေးပါ ။ အဲဒီကတဆင့် စာပေလေ့လာသူတွေ ၊ ထိန်းသိမ်းသူတွေအဖြစ် ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ ။ ဒီအစဉ်အလာကို နောင်မျိုးဆက်သစ်တွေအထိ လက်ဆင့်ကမ်းပေးနိုင်ဖို့ ။
စာဖတ်သူ လျော့ကျလာတာနဲ့ပတ်သက်လို့
စာတမ်းတွေ ၊ ဆောင်းပါးတွေ ဖတ်နေရပါတယ် ။ စာရေးဆရာတွေက အမြင် အမျိုးမျိုးနဲ့ ရေးသားခဲ့ကြတယ်
။ အားမလိုအားမရဖြစ်ပြီး ခေတ်မီနည်းပညာတွေအပေါ် အပြစ်တင်သူလည်း ရှိမယ် ။ အချိန်ပြည့်
သင်ကြားနေရတဲ့ ပညာရေးစနစ်ကို အပြစ်တင်သူလည်း ရှိမယ် ။ ကလေးတွေကို စာဖတ်ဖို့ မတိုက်တွန်းတဲ့
မိဘဆရာတွေကို အပြစ်တင်သူလည်း ရှိမယ် ။ ခေတ်အပြောင်းအလဲကြောင့်
အရင်လောက် စာမဖတ်ကြပေမဲ့ နောင် ပြန်ဖတ်မှာ-ဆိုတဲ့အမြင်နဲ့ အကောင်းဘက်က ရေးသားတာလည်း
ရှိမယ် ။
တကယ်တော့ စာပေအပေါ်ထားတဲ့
လူအများစုရဲ့သဘောထားကသာ အခရာပါ ။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလဲ ပါစေ ၊ နည်းပညာတွေ ဘယ်လောက်ပဲ
သစ်ဆန်းပါစေ … စာပေကို ချစ်မြတ်နိုးရမယ် ၊ ထိန်းသိမ်းစောင့်ရှောက်ရမယ်-ဆိုတဲ့ ခံယူချက်သာရှိရင်
ဘယ်အရာကမှ ဖြိုလှဲလို့ မရနိုင်ပါဘူး ။ ဒီတော့…အခြေခံကျကျ တွေးကြည့်ကြမယ်ဆိုရင် … ကျွန်မတို့နိုင်ငံသား
အများစုရဲ့အမြင်မှာ စာအုပ်စာပေက ဘာလဲ ။ စာအုပ်စာပေတွေအပေါ်မှာ ဘယ်လိုသဘောထားကြသလဲ ။
ငွေကြေး(၂၀၀၀)/(၃၀၀၀)ကို
အမှန်ပဲ မတတ်နိုင်လို့ စာအုပ်မဝယ်ဖြစ်တာလား ။ ဒါမှမဟုတ် အခြားအရာတွေ အားလုံး ဝယ်ပြီးမှ စာအုပ်ဝယ်ဖို့
တွန့်တိုနေတာလား ။ ငှားဖတ်ဖို့အတွက် အချိန် လုံးဝမရှိတာလား ။ ဒါမှမဟုတ် အပန်းဖြေချိန်တွေ
ကုန်မှ စာဖတ်ဖို့ သတိရတာလား ။ ဒီလိုမှမဟုတ် ဘဝမှာ စာဖတ်ဖို့ လုံးဝမလိုဘူးလို့ သတ်မှတ်ထားတာလား
။
ကျွန်မတို့အတွက် စာအုပ်စာပေဆိုတာ ဘာလဲ ။
မရှိမဖြစ်လား … ဒါမှမဟုတ် … ဘိတ်ချေးအပန်းဖြေပစ္စည်းတစ်ခုလား
။
စာအုပ်စာပေဆိုတာ
ဘဝတိုးတက်ရေးအတွက် အရေးပါတဲ့-အာဟာရတစ်ခုလို့ ယုံကြည်သူတွေအဖို့တော့ ‘မရှိမဖြစ်’အစား
အစာပေါ့ ။ စာအုပ်စာပေဆိုတာ သေချာပေါက်ထိန်းသိမ်းစောင့်ရှောက်ရမယ့်အမွေအနှစ်လို့ လက်ခံသူများအတွက်တော့
‘မရှိမဖြစ်’ လက်ဆောင်တစ်ခုပေါ့ ။ စာအုပ်စာပေဆိုတာ တခြားလုပ်စရာ ဘာမှမရှိတော့မှ ထုတ်သုံးရမယ့်
ဘိတ်ချေး(နောက်ပိတ်ဆုံး/ နောက် တန်းအကျဆုံး)အပန်းဖြေပစ္စည်းတစ်ခုလို့ သတ်မှတ်သူတွေ ပေါများနေရင်တော့
ဒါဟာ ဝမ်းနည်းစရာပါ … ။
လူတိုင်းလူတိုင်း
အေးချမ်းတဲ့ ၊ တိုးတက်တဲ့ မိခင်နိုင်ငံကို အလိုရှိကြပါတယ် ။ ဒါပေမဲ့ အဲဒီလိုနိုင်ငံကို
ပိုင်ဆိုင်ဖို့အတွက် ၊ အဲဒီငြိမ်းချမ်းမှုကို ကာကွယ်နိုင်ဖို့အတွက် ကိုယ်တိုင်လည်း
အရည်အချင်း ပြည့်မီအောင်ကြိုးစားဖို့ လိုအပ်တယ်-ဆိုတဲ့အချက်ကို တော့ မေ့လျော့ထားတတ်ကြရဲ့။
အတိတ်က ထွန်းတောက်ခဲ့တဲ့ ၊ လက်ရှိ လင်းလက်နေတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေဟာ စာအုပ်
စာပေကို အပျင်းပြေဆိုတာထက် ပျော်မွေ့ခဲ့ကြလို့ပါ ။ အမွေအနှစ်ပစ္စည်းတွေအဖြစ် တန်ဖိုးထားခဲ့ကြလို့ပါ
။ စာတိုငညိုပဲ ကြည့် မလား ၊ အေပရာဟယ်လင်ကွန်းပဲ ကြည့်မလား ။ ခေတ်အဆက်ဆက်သာမက မျက်စိရှေ့မှာတင်
သာဓကတွေ ရှိနေပါတယ် ။
တကယ်တော့ ဒီအချက်ကို
ကျွန်မတို့အားလုံး မသိတာ မဟုတ်ပါဘူး ။ ကလေးဘဝကတည်းက ကျောင်းသင်ခန်းစာမှာ စာအုပ်စာပေ လူ့မိတ်ဆွေ-လို့ သင်ကြားမှတ်သားခဲ့ဖူးပြီးသား
။ ဒါပေမဲ့ လူငယ်တွေရဲ့ဘဝမှာ ပြင်ပဗဟုသုတတွေ ရှာဖွေတဲ့အလေ့ အထကို လမ်းပြပေးမှု အားနည်းခဲ့ကြတယ်
။ အဲဒါကြောင့် သင်ခန်းစာတွေကို လိုက်နာကျင့်သုံးဖို့ သတိလွတ်နေရုံလေးရယ် ။ အေးချမ်းသာယာတဲ့နိုင်ငံတော်ကို
တည်ထောင်နိုင်ဖို့အတွက် နှလုံးရည်ပြည့်ဝသူတွေ လိုအပ်နေတာကြောင့် သတိဝင်လို့ စာအုပ်
စာပေကို မိတ်ဆွေဖွဲ့ကြဖို့ သတိလွတ်နေသူတွေကို နှိုးဆော်လိုပါတယ် ။
ကျွန်မတို့နိုင်ငံမှာ
လူဦးရေ သန်း(၅၀)ကျော် ရှိတယ် ။ လူတိုင်း မဟုတ်တောင်မှ (၁)သန်းလောက်ပဲဖြစ်ဖြစ် စာပေကို
ရတနာတစ်ပါးလို တန်ဖိုးထားတဲ့စိတ်ဓာတ်လေးတွေ မွေးမြူပေးမယ်ဆိုရင် သိပ်အဆင်ပြေမှာပဲ ။
ကိုယ့်နိုင်ငံတွင်းမှာ စာပေကို မြတ်မြတ်နိုးနိုး ချစ်ခင်အားပေးတဲ့-အမာခံစာဖတ်ပရိသတ်
(၁)သန်း ရှိပြီဆိုရင်ပဲ ထောင်ဂဏန်းလောက်ဟာ စာပေကို လေ့လာ-ထိန်းသိမ်း-မှတ်တမ်းပြုစုသူတွေ
ဖြစ်လာနိုင်ပါတယ် ။
အဲဒါကြောင့် ကျွန်မရဲ့မောင်တွေ/ညီမတွေ/အစ်ကိုတွေ/အစ်မတွေအားလုံးကို
စေတနာရှေ့ထားလို့ အကြံပြုတိုက်တွန်းပါ ရစေ ။ စာအုပ်စာပေကို သေချာပေါက်ထိန်းသိမ်းသင့်တဲ့အမွေအနှစ်လက်ဆောင်လို
သဘောထားပြီး ပွေ့ဖက်ကြည့်ပါ ။ တန်ဖိုးထား ကြည့်ပါ ။ စာအုပ်စာပေကို ဘဝတက်လမ်းအတွက် ကောင်းတဲ့ဘက်မှာ
အသုံးချလိုက်ပါ ။ အရင်ကရှင်သန်ခဲ့ဖူးတဲ့ စာဖတ်တဲ့အလေ့ အထကို ပြန်လည်အသက်သွင်းကြည့်ပါ
။ တစ်ခါမှမလုပ်ဖူးသေးရင် စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်(၅)အုပ်လောက်ကို ကိုင်ပြီး မထတမ်းဖတ်ကြည့်ပါ
။
စာအုပ်စာပေကို မစွဲလမ်းသေးသူတွေအနေနဲ့
ကာတွန်းတွေ ၊ ပုံပြင်တွေ ၊ ရုပ်ပြတွေ ၊ ဝတ္ထုတွေကို အရင် ဖတ်ကြည့်စေချင် တယ် ။ တစ်ခါတလေကျ
ကဗျာတွေကလည်း ထိရှမြန်ပြီး စိတ်နှလုံးကို နုညံ့လွယ်စေပါတယ် ။ ကျွန်မဆိုရင် ဆရာကြီးမင်းသုဝဏ်ရဲ့
(သူ့မှာတမ်း/သပြေညို/ကြင်နာမှု/ဖိုးမောင် လာပြီ)-စတဲ့
ကဗျာတွေဖတ်တိုင်း မျက်ရည်ဝိုင်းရတယ် ။ (ကြုံရင် ကျွန်မ နှစ်သက်တဲ့ စာတွေ/ကဗျာတွေအကြောင်း
တိုက်တွန်းရေးဖွဲ့ချင်ပါသေးတယ်) စာဖတ်ဝါသနာ ထက်သန်လာတဲ့အခါကျ ကြီးကျယ်ခမ်းနားတဲ့ ၊
ရှုပ်ထွေးနက်နဲတဲ့ မှတ်တမ်းတွေ၊ ကျမ်းဂန်တွေကို ပြောင်းလဲဖတ်ရှုကြည့်ပါ ။ အဲဒီအခါ ပျင်းစရာမကောင်းဘဲ
အရမ်းစိတ်ဝင်စားစရာ ကောင်းနေတာကို တွေ့ရပါလိမ့်မယ် ။ သဘာရင့်ဝါရင့်စာရေးဆရာကြီးများကလည်း
စာကောင်းပေမွန်တွေနဲ့ ပတ်သက်ပြီး စာဖတ် သူတွေ ဖတ်ရှုချင်လာအောင် တိုက်တွန်းရေးသားပေးကြဖို့
တောင်းပန်လိုပါတယ် ။
ကျွန်မတို့ငယ်ငယ်က
သင်ခဲ့ရတဲ့ လှည်းဘီးကျွံနေသည်-သာဓကလိုပေါ့
။ တာဝန်ရှိသူအချို့ကရော ၊ အဖွဲ့အစည်းအချို့ ကရော နိုင်ငံ့စာပေတိုးတက်အောင် လုပ်ဆောင်တာတွေ
ရှိနေပေမဲ့ လက်ရှိမှာတော့ လှည်းဘီးက ကျွံနေဆဲပါပဲ ။ ဒါပေမဲ့ စာဖတ်သူ၊ စာရေးသူ၊ တာဝန်ရှိသူ-အားလုံး
အတူတကွ တပြိုင်နက်တည်း တွန်းကြမယ်ဆိုရင် ရွေ့မှာ ၊ ထူးထူးခြားခြားတိုးတက်လာမှာ သေချာ
ပါတယ် ။ ကိုယ့်တာဝန် ကိုယ်ယူလို့ တက်ညီလက်ညီနဲ့ ယုံယုံကြည်ကြည်နဲ့ တစ်ကိုယ်ကောင်းမဆန်ဘဲ
စေတနာပါပါ လုပ်ဆောင် ကြဖို့သာ အဓိကပါ ။
မြန်မာ့စာပေလက်ရာမွန်တွေကို
နိုင်ငံတွင်းမှာသာမက ကမ္ဘာ့စာပေအသိုင်းအဝိုင်းအထိ ကျယ်ကျယ်ပြန့်ပြန့် ထွန်းတောက် တဲ့နေ့ကို
တွေ့မြင်ချင်လှပါပြီ ။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။