ပဉ္စလက်ဆရာ - ကံကြမ္မာ
( ၂၀၁၅ ဒီဇင်ဘာလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ ....... ဂါဦးနွန်းကို
-------------------------------------------------------------------------------------------------
နှင်းဧကရီမှူး…။
နှင်းတွေ တလှိုင်လှိုင်ဝေဖြာနေသည့် ပြာသိုလ၏နေ့တစ်နေ့တွင်
ဧကရီ့ကို မွေးဖွားသန့်စင်ခဲ့သည် ။ ဆောင်းရဂုံလွှမ်းခြုံထားသော နေ့တစ်နေ့မှာ ဖွားမြင်ခဲ့တာကြောင့်
အမည်နာမကို နှင်းဧကရီမှူးဟူ၍ မိဘများက လှလှပပမှည့်တွင်ခဲ့ကြခြင်းဖြစ်၏ ။ နှင်းဧကရီမှူး
တဲ့ ။
ဧကရီက မိဘများကို
ချစ်ခင်သူဖြစ်ပေမဲ့ အဘွားဖြစ်သူကို ပို၍တွယ်တာသောကြောင့် အဘွားရှိရာ ရန်ကုန်မြို့ကြီး၌သာ
အနေများသည် ။ အဘွားက ဧကရီ့ကို အလွန်ချစ်သလို ဧကရီကလည်း အဘွားကို အလွန်တွယ်တာသည် ။ နောက်ပြီး
ဧကရီကို အဘွားခေါ်ပုံက နှင်းပန်းလေး-ဟူ၏ ။
နှင်းဧကရီမှူးဆိုသောနာမည်ကို
မကြိုက်၍လားဆိုတော့ကား မဟုတ် ။ ဧကရီမှူးဆိုတာ သခင်မ ၊ ခေါင်းဆောင် ၊ အကြီးအကဲ…ဆိုသည့်အဓိပ္ပါယ်
။ သည်တော့ မြေးဖြစ်သူမှာ တာဝန်ကြီးများနှင့် ပင်ပင်ပန်းပန်းစိတ်နွမ်းလျမည်ကို စိုးရိမ်သော
ကြောင့် နာမည် မစီးအောင် နှင်းပန်းလေးဟု ခေါ်ဆိုခြင်းဖြစ်သည်-တဲ့ ။
သဘာဝသခင်မက နေ့နှင့်ည-မြင်းတစ်ရှည်းကို
ကြာပွတ်နှင့်ရိုက်ကာ ပြေးစေတာကြောင့် နေ့နှင့်ညသည် မျက်စိရှေ့၌ တင် လှစ်ခနဲလှစ်ခနဲပြေးလွှားသွားကြရင်း
အချိန်ကာလတို့မှာ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ရပြီ ။
ယခုဆိုလျှင် ဧကရီပင်
တစ်ဆယ့်ရှစ်နှစ်အရွယ် အပျိုမလေးတစ်ယောက် ဖြစ်လို့နေပြီ ။ ဧကရီ အရွယ်ရောက်လာသလို အဘွားဟာလည်း
ဇရာ၏ထုထောင်းညှင်းဆဲမှုတို့ကြောင့် အသားအရည်တွေ လျော့ရဲနေပြီဖြစ်သော်လည်း ကျန်းမာသန်စွမ်းနေ
ဆဲ ။ ယခင်ကအတိုင်း မြေးအဘွားနှစ်ယောက်တည်းသာ အတူတကွ နေထိုင်ကြမြဲ…။
နှစ်ယောက်တည်း အေးအေးချမ်းချမ်းနေထိုင်လာခဲ့သော
နေ့ပေါင်းများစွာထဲကနေ့တစ်နေ့မှာ ဧကရီ့ဘ၀ထဲကို မမျှော်လင့်စရာအဖြစ်အပျက်တွေက တိုးဝင်ရောက်ရှိလာရန်
ပထမဆုံးခြေလှမ်းတစ်ချက်ကို စတင်ခဲ့သည် ။ ထိုနေ့က နှင်းမြူတို့ ရစ်ဆိုင်းနေခဲ့သော ဆောင်းတွင်းအခါသမယ၏
နေ့ပေါင်းများစွာထဲမှ သာမည,နေ့လေးတစ်နေ့ဖြစ်၏ ။
TTT
“ ဒေါက်…ဒေါက်…”
ဘွားဘွားနှင့်ဧကရီတို့ နှစ်ကိုယ်တည်းနေထိုင်ရာ
ငွေတောင်ကြားလမ်း ၊ ရွှေရတနာစံအိမ်၏တံခါးကို ညနေချမ်းအချိန်၌ တစ်စုံ တစ်ယောက်က လာရောက်ထုခေါက်ခဲ့သည်
။ တံခါးခေါက်သံကို ကြားသဖြင့် ဧကရီ အံ့သြသွားရသည် ။ ဘယ်သူပါလိမ့်…။
ဧကရီတို့မြေးအဘွားတွင်
မိတ်ဆွေအပေါင်းအသင်း အများအပြားရှိသော်လည်း အိမ်သို့ ဖိတ်ခေါ်တွေ့ဆုံခြင်း ပြုခဲလှ၏
။ များသောအားဖြင့် စားသောက်ဆိုင်/ရုပ်ရှင်ရုံနှင့် အခြားသောလူစည်ကားရာနေရာများတွင်သာ
ချိန်းဆိုတွေ့ဆုံဖြစ်ကြတာ များ သည် ။
အမှန်တော့ မြေးအဘွားနှစ်ယောက်က
တစ်ယောက်ကိုတစ်ယောက် ငဲ့ညှာပြီး မိမိ၏အပေါင်းအသင်းတွေကြောင့် ကျန် တစ်ယောက် စိတ်အနှောင့်အယှက်
ဖြစ်မည်စိုး၍ မိတ်ဆွေများကို အိမ်သို့အလည်လာရန် မဖိတ်ခေါ်ဖူးခဲ့ ။ မိတ်ဆွေတွေကလည်း ဧကရီတို့မြေးအဘွား၏မေတ္တာကို
သိနားလည်စွာပင် အိမ်သို့ အလည်လာရန် မကြိုးစားခဲ့ကြ ။
ထိုသို့ဆိုလျှင် ယခု
အချိန်မတော်ကြီး အိမ်တံခါးကို လာရောက်ထုခေါက်သူမှာ မည်သူဖြစ်မည်နည်း ။
ဘွားဘွားသည် ယခင်က
သံအမတ်အရာရှိတစ်ဦးဖြစ်ခဲ့၍ ယခုအခါတွင် အငြိမ်းစားယူခဲ့သည်မှာ ဧကရီ့တစ်သက်နီးပါး ရှိပြီဖြစ်သော်လည်း
ယခင်က မကျေနပ် ရန်ညှိုးရန်စရှိခဲ့သော-မသမာသူတွေက ဘွားဘွားကို လုပ်ကြံနှိပ်စက်ဖို့များ
ရောက်လာကြ သလား ။ ဧကရီ စိုးရိမ်သွားမိသည် ။ ထိုအတွေးဟာလည်း ဖြစ်နိုင်သည်ပဲမဟုတ်လား
။ တံခါးဖွင့်လိုက်ပါက လူတစ်စုများ အတင်း အဓမ္မဝင်လာလေမလား ။ အတွေးနှင့်တင် အသည်းလှိုက်အူတုန်ဖြစ်သွားရပြီ
။
-
အို…ငါ မကြောက်ပါဘူး ။ ငါ့ကို ဘယ်သူမှ ဒုက္ခပေးလို့မရဘူး…
ထိုသို့ ကိုယ့်ကိုယ်ကို အားပေးကာ စိတ်ကို တင်းလိုက်သည် ။
ဟုတ်လည်းဟုတ်ပါသည်
။ ဧကရီ့ကို မည်သူမျှ မကောင်းကြံ၍ မရနိုင်ပါ ။ နှင်းဧကရီမှူးဆိုတာကလည်း ပေါ့ပေါ့မှ မဟုတ်ဘဲ
။ မသင်္ကာစရာတစ်ခုခုတွေ့တာနှင့် တတ်သည့်ပညာ-မနေသာဆိုသလို ကိုယ်တတ်တဲ့ပညာနဲ့ ပြန်တိုက်ရမှာပဲဟု
ကိုယ့် ကိုယ်ကို အားပေးလျက် တံခါးနားသို့ တိုးကပ်သွားလိုက်သည် ။ တံခါးပေါက်နားသို့
မျက်နှာကပ်ကာ ချောင်းကြည့်ပေါက်မှတဆင့် အပြင်သို့ ကြည့်လိုက်သည့်အခါ …
-
လူတစ်ယောက်…ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသော ယောက်ျားတစ်ယောက်…။
ဧကရီ့အသက်သွေးကြောတွေ အေးခဲသွားသလို ခံစားလိုက်ရ၏
။ ပုံစံကိုကြည့်ရတာတော့ သပ်သပ်ရပ်ရပ်ဖြစ်ပေမယ့် ဘယ်လို အကြောင်းကြောင့် မျက်နှာကို
လူမမြင်စေရန် ဖုံးကွယ်ထားရတာလဲ ။
မြေးအဘွားနှစ်ယောက်တည်း
အေးအေးနေလိုသဖြင့် ခြံစောင့်မထား ၊ လူပိုမခေါ်မိသည့်အဖြစ်ကို ယခုမှပင် နောင်တရ မိသည်
။ အားကိုးအားထားပြုစရာ ယောက်ျားသားလည်း မရှိ ။ ခေါင်းကိုက်နေ၍ အပေါ်ထပ်တွင် ဆေးသောက်ပြီး
အိပ်ပျော်နေရှာ သော-အဘွားကိုလည်း သွားမခေါ်ရက် ။ ဘယ်လိုလုပ်ရပါ့မလဲ ။
-
ကိုယ့်ပညာကိုယ် အားကိုးစမ်းပါ မိဧကရီရယ်…
ဟု ကိုယ့်ကိုယ်ကို သတိပေးရင်း တံခါးကို
အသာလှပ်ရုံမျှလှပ်ကာ အသံမာမာဖြင့် အပြင်ကလူကို မေးလိုက်သည် ။
“ ရှင် ဘယ်သူလဲ ။”
ဧကရီက မာမာထန်ထန်အသံပြုလိုက်ပေမယ့် ထိုသူကတော့
ခေါင်းမော့ဖော်ပင် မရဘဲ မထုံတတ်တေး ။ ဘယ်လိုလူပါလိမ့် ။
စကားမဆိုဘဲ အိတ်ထဲသို့
လက်နှိုက်လိုက်သဖြင့် ဧကရီ စိုးရွံ့သွားရပြီ ။ ကိုယ့်စိတ်ကိုယ် အဆင်သင့်ပြင်ထားလိုက်
သည် ။ အန္တရာယ်တစ်ခုခုပြုလာလျှင် ဧကရီ ကြောက်ရွံ့လက်နှေးနေ၍ မဖြစ် ။ နှင်းဧကရီးမှူးက
ကရာတေးအတတ်ကို ခါးပတ် နက်အဆင့်ထိ သင်ကြားတတ်မြောက်ထားသူ မဟုတ်ပါလား ။
“ look at this.(ဒါလေး ကြည့်လိုက်ပါ)”
သူ့နှုတ်က ပထမဆုံးစကားတစ်ခွန်းထွက်လာပြီး
ဧကရီ့ဆီကို စာရွက်တစ်ရွက် ကမ်းပေးသည် ။ သူ့ထံမှ ထွက်ကျလာသောစကား မှာ မိခင်ဘာသာစကားမဟုတ်သဖြင့်
ဧကရီ အံ့သြသွားရသလို သူ ကမ်းပေးသောစာရွက်အပေါ်လည်း စိတ်ဝင်စားသွားမိသည် ။
တအံ့တသြဖြင့် သူ့ကို
ငေးကြည့်ရင်း သူ ပေးသည့်စာရွက်ကို (ဖွင့်သည်ဆိုရုံ ဟထားသောတံခါးပေါက်မှ) မ၀ံ့မရဲလှမ်းယူ
ကာ ကြည့်လိုက်တော့…
သို့ /
ဆရာမကြီး ဒေါ်မြင့်မြတ်ပိုင်ခင်ဗျာ…
ယခု ဆရာမကြီးဆီ ရောက်ရှိလာသူက Mr.Lee Jun Gyu ပါ
။ သူဟာ ကိုရီးယားနိုင်ငံရဲ့အကျော်ကြားဆုံး ရုပ်ရှင်သရုပ်ဆောင်
တွေထဲက တစ်ယောက်ဖြစ်ပါတယ် ။ အဆိုတော်အဖြစ်နဲ့လည်း
အောင်မြင်နေသူတစ်ဦးပါ ။ မြန်မာနိုင်ငံမှာ မကြာမီ ကျင်းပပြု
လုပ်မယ့် ကိုရီးယားရုပ်ရှင်ပွဲတော်အတွက် ရောက်ရှိလာရခြင်းဖြစ်ပေမယ့်
သူက မြန်မာပြည်သူလူထုနဲ့စာနယ်ဇင်းတွေကို အသိ
မပေးလိုသေးပါဘူး
- တဲ့ ။ သူ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကို အေးအေးဆေးဆေးလေ့လာလည်ပတ်ချင်သေးတာကြောင့်
(၃)
ရက် စောရောက်ရှိလာခြင်းဖြစ်ပြီး ကျွန်တော်တို့ကို
အကူအညီတောင်းခံလို့ ကျွန်တော်တို့လည်း အဆင်ပြေအောင် စီစဉ်ပေး
တဲ့အနေနဲ့ ဆရာမကြီးတို့အိမ်ကို လွှတ်လိုက်ရတာပါ ။
ဆရာမကြီးကို ဒုက္ခပေးသလိုဖြစ်သွားရင် တောင်းပန်ပါတယ် ။ သူက
ဟိုတယ်တွေမှာ မတည်းခိုဘဲ မြန်မာအိမ်တစ်အိမ်အိမ်မှာ
တည်းခိုလိုကြောင်း ပြောတာကြောင့်လည်း ပါ,ပါတယ် ။ နိုင်ငံခြား
သားတွေကို ချစ်ခင်ပြီး အစဉ်အမြဲကြိုဆိုနေတတ်တဲ့ဆရာမကြီးရဲ့စိတ်ဓာတ်ကိုလည်း
ကျွန်တော်တို့က ထာဝစဉ်အမှတ်ရနေ
မိလို့ပါ ။ ဆရာမကြီး အငြိမ်းစားယူသွားပေမယ့် ကျွန်တော်တို့အားလုံး
ဆရာမကြီးကို အမြဲသတိရနေပါတယ်ခင်ဗျာ ။
ဆရာမကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ ။
ဦးသိုက်ထွန်းနိုင်(သံတမန်ရေးရာအဖွဲ့)
စာဆုံးသွားချိန်တွင် သူ့မျက်နှာကို နောက်တစ်ကြိမ်
ပြန်မော့အကြည့် သူကလည်း ဦးထုပ်ကိုချွတ်ကာ ဦးညွှတ်နှုတ်ဆက်လိုက် တာကြောင့် ဧကရီ မင်သက်သွားခဲ့ရပြီ
။
-
ဟုတ်ပါရဲ့…။ သူက ဧကရီတို့မြန်မာပရိသတ်တွေရဲ့အသည်းစွဲ ကိုရီးယားမင်းသားချောလေး လီဂျွန်ဂု…
TTT
လီဂျွန်ဂုကို ယခင်က
ရုပ်ရှင်ကားများစွာ၌ တွေ့မြင်ဖူးခဲ့ပေမယ့် ယခုလို အပြင်မှာ မျက်ဝါးထင်ထင် မြင်ခွင့်ရလိမ့်မည်ဟု
တစ်ကြိမ်တစ်ခါမျှ တွေးမထားဖူးသဖြင့် ဧကရီ သတိလစ်မတတ် အံ့သြသွားခဲ့ရသည် ။ အိမ်ထဲဝင်ရန်
မဖိတ်ခေါ်ဘဲ သည်အတိုင်း ငေးကြောင်ကြည့်နေမိသည် ။ ရင်တွေပန်းတွေ တုန်ရီလျက် တစ်ကိုယ်လုံးရှိသွေးကြောတို့လည်း
ခုန်မြန်ကုန်သည် ။
အတန်ကြာမှ ကိုယ့်အိမ်ကို
ဧည့်သည်လာလုပ်သူပါလားဟု သတိရသွားပြီး အိမ်ထဲဝင်ရန် အလျင်အမြန်ဖိတ်ခေါ်လိုက်ရ ၏ ။
“ ဟို…၀င်…၀င်လာခဲ့ပါ ။”
ဧကရီက တံခါးကို ဖွင့်ပေးပြီး ဆိုလိုက်တော့
သူက မြန်မာစကားကို နားလည်ပုံ မရပေမယ့် ဧကရီ့အမူအရာကြောင့် သဘော ပေါက်သွားကာ အိမ်ထဲသို့
ဝင်လာသည် ။
ထိုအခါမှပဲ မိုးချုပ်လုချိန်အထိ
မပိတ်ရသေးသည့်ခြံဝင်းတံခါးကို နှင်းဧကရီမှူး ပြေးပိတ်မိ၏ ။ သူ့ကို ဦးသိုက်ထွန်းနိုင်၏
တပည့်တစ်ယောက်ယောက်က အိမ်ရှေ့အရောက် လာပို့ပေးခဲ့ခြင်းဖြစ်မည် ။ ဦးသိုက်ထွန်းနိုင်က
ဘွားဘွား၏တပည့်ရင်းတစ်ဦး ။ ဘွားဘွားကို သားတစ်ယောက်လို ခင်မင်ရင်းနှီးနေသူဖြစ်တာကြောင့်
ယခုလို အကူအညီတောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်လိမ့်မည် ။
သူက ဧည့်ခန်းရှိဆိုဖာတစ်လုံးပေါ်
ဝင်ထိုင်ချရင်း အပေါ်ဂျာကင်အင်္ကျီကို ချွတ်လိုက်သည် ။ မျက်လုံးများကမူ ဧကရီ့ အိမ်ကို
ဝေ့ဝဲလျှောက်ကြည့်ကာ သဘောကျလျက်ရှိသည် ။
သူ သဘောကျလျှင်လည်း
ကျချင်စရာ ။ ဘွားဘွားကလည်း မြန်မာဆန်သူပီပီ မြန်မာ့လက်မှုပစ္စည်းများကို အလျဉ်းသင့်
သလို စုဆောင်းထားရှိတတ်သဖြင့် ဧည့်ခန်းတစ်ခုလုံး ယွန်းအုပ် ၊ ယွန်းခွက် ၊ ပန်းချီ ၊
ပန်းပုရုပ်တို့နှင့် မြိုင်ဆိုင်လျက်ရှိသည် ။ အထူးသဖြင့် နံရံပေါ်မှ ကိန္နရီကိန္နရာပန်းချီကားချပ်ကို
ကြာမြင့်စွာ စိုက်ကြည့်နေသည် ။ အထူးစိတ်ဝင်စားနေပုံရ၏ ။
အဲ့သည့်နောက်တော့
ချိုချိုလွင်လွင်အသံလေးနှင့် သူ့ကိုယ်သူ အင်္ဂလိပ်လို မိတ်ဆက်လေသည် ။ ဧကရီ နားလည်လိုက်
သည့်အဓိပ္ပါယ်က…
“ ကျွန်တော့်နာမည် လီဂျွန်ဂုပါ ။ ကျွန်တော်က အောင်မြင်ကျော်ကြားနေသူတစ်ယောက်ဆိုပေမယ့်
ခပ်အေးအေးပဲ နေချင်
သူမို့ မျက်လုံးစိမ်းတွေနဲ့ ကင်မရာမီးရောင်တွေကို တတ်နိုင်သမျှ ရှောင်ရှားတတ်ပါတယ်
။ နောက်(၃)ရက်ကြာမှ ကျွန်တော်
မြန်မာနိုင်ငံကို ရောက်လာလိမ့်မယ်လို့ မီဒီယာသမားအားလုံး သိထားကြတာပါ ။ ဒါ့ကြောင့်
အခုရက်ပိုင်းမှာ ကျွန်တော်ဟာ
သာမန်လူတစ်ယောက်လို သွားလာလှုပ်ရှားနိုင်မှာဖြစ်ပါတယ် ။ ဒီအတွက် လိုအပ်တာတွေကို
ဒီက ‘ဒေါ်မြင်မြတ်ပိုင်း’က
ကူညီပေးပါလို့ တောင်းဆိုပါရစေ ။”
သူက အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်နှင့်
ပြောလိုက်ခြင်းပါ ။ သို့ပေမယ့် သူ့စကား အဆုံးမသတ်ခင်မှာပဲ ဧကရီ ရယ်ချ လိုက်မိ၏ ။ အသံထွက်သည်အထိ
ရယ်လိုက်မိသဖြင့် သူ ပါးစပ်အဟောင်းသားဖြစ်သွားသည် ။ အံ့သြရုံတင်မက ဘ၀င်မကျ ဖြစ် သွားပုံလည်း
ရတာကြောင့် ဧကရီ့မှာ အရယ်ကို ရပ်ပြီး တတ်သလောက်အင်္ဂလိပ်အပြောနှင့် …
“ ကျွန်မဟာ ဒေါ်မြင်မြတ်ပိုင်း အဲ ဒေါ်မြင့်မြတ်ပိုင် မဟုတ်ပါဘူး ။ သူ့ရဲ့မြေး
နှင်းဧကရီမှူးပါ ။ ဒေါ်မြင့်မြတ်ပိုင်ကတော့ အခု
အပေါ်ထပ်မှာ အိပ်စက်အနားယူနေပါပြီ ။ ဒါပေမယ့် ရှင် နေထိုင်ဖို့အတွက် ကျွန်မ စီစဉ်ပေးနိုင်ပါမယ်
။ နောက်ပြီး ဒီရက်ပိုင်း
ရှင် လွတ်လွတ်လပ်လပ် လည်ပတ်သွားလာနိုင်ဖို့အတွက်လည်း ကျွန်မ ကူညီပါ့မယ် ။”
ထိုသို့ ပြောလိုက်သည့်အခါမှ သူက သူ၏စကားဝဲမှု
၊ မပီသမှုအပေါ် သတိပြုမိသွားကာ နှုတ်ခမ်းနှစ်လွှာမှာ မပွင့်တပွင့်ပြုံးသွား သည် ။
သူ့အပြုံးက ချယ်ရီပန်းနီနီလေးတစ်ပွင့်လို
ချစ်စဖွယ်ကောင်းလှ၏ ။ နှုတ်ခမ်းများ ကွေးညွတ်သွားသည့်အခါ ‘လီဂျွန်ဂု’ဆို သည့်ဂုဏ်ပုဒ်ကို
ပို၍ပီပြင်စေသော-သူ့မျက်လုံးလေးများကလည်း အလိုအလျောက်မှေးစင်းသွားလေရာ ဧကရီ့မှာ သူ့မျက်နှာကို
အားနာနာဖြင့် စိုက်ကြည့်နေမိပါပြီ ။ အသားအရည်မှာမူ ထင်ထားတာထက် ပိုပြီးနုညံ့ချောမွေ့ကာ
ဆေးဝါးကောင်းများကို နေ့စဉ် လိမ်းကျံထား၍လား မပြောတတ် ၊ ဝက်ခြံနှင့်အစက်အပေါက်များ
မဆိုထားနှင့် ၊ မွေးညင်းပေါက်လေးများကိုပင် ထင်ထင် မတွေ့ရ ပေ ။
ယခုလို အနီးကပ်မြင်မှပဲ
နာမည်ကျော်မင်းသားတစ်ယောက် ဖြစ်ထိုက်ပါပေရဲ့ဟု ဆူညံနေသောရင်ခုန်သံများကြားမှ ဧကရီ မှတ်ချက်ချလိုက်မိသည်
။ သူကမူ ဧကရီ့မျက်နှာကို မကြည့် ။ ဧကရီဝတ်ဆင်ထားသော ကချင်လုံချည်နှင့် ရင်ဖုံးအင်္ကျ
ီကို သာ စိတ်ဝင်စားဟန်ဖြင့် မသိမသာစိုက်ကြည့်နေ၏ ။
“ နင်းအကရီးမူးရ်…? ”
“ No … I know my name is difficult to remember for you . how can I tell
you to call that easily . Hamm…
You can call me Snow . It’s pretty and easy . Right ? ”
“ Snow ? ok . It’s beautiful name and I like snow. Nice to meet you ,
Snow.”
ဧကရီက ကိုယ့်အကြောင်းကိုယ် မိတ်ဆက်သည့်အခါ
သူက နှင်းဧကရီမှူးဆိုသည့်အမည်ကို အသံမထွက်တတ်၍ နောက်ဆုံးမှာ တော့ ‘snow’ဟုသာ ခေါ်ဆိုရန်
ခွင့်ပြုခဲ့သည် ။
ထိုညက ဧကရီအဖို့ ရင်ခုန်သံတွေ
ဆူပွက်ခဲ့ရသည့်ညပင် ။ ပုံပြင်လိုလို အိပ်မက်လိုလို ခံစားနေရသဖြင့် ကိုယ့်အသား ကိုယ်
မကြာခဏ ဆိတ်ကြည့်နေရသည် ။
လီဂျွန်ဂုနှင့်နှင်းဧကရီမှူးတို့
တစ်ညလုံးနီးပါး စကားဆိုဖြစ်ကြသည် ။ သူက ချီးကျူးစကားတွေကို ရွှန်းရွှန်းဝေအောင် ပြောတတ်သူရယ်
။ မြန်မာနိုင်ငံကို အင်တာနက်မှတဆင့် သူ စူးစမ်းလေ့လာရင်း စိတ်ဝင်စားခဲ့တာကြာပြီဖြစ်ကြောင်း
၊ မြန်မာနိုင်ငံ သည် အလွန်လှပသောနိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း သေသေချာချာ မထုလုပ်ရသေးသည့်
ပန်းပုရုပ်တစ်ရုပ်နှင့်တူကြောင်း ၊ အချို့နေရာများတွင် လိုအပ်ချက်များ ရှိသေးကြောင်း
၊ သို့ပေမယ့် ဘုရားသခင်က ဖန်ဆင်းပေးထားသော သဘာဝတရားများဖြင့် မြန်မာနိုင်ငံဟာ ပြီးပြည့်စုံစွာ
လှပနေကြောင်း ၊ မြန်မာနိုင်ငံသည် ကိုရီးယားနှင့်ယှဉ်လျှင် နယ်မြေဧက အလွန်ကျယ်ဝန်းသည်နှင့်
အညီ အံ့သြဖွယ်ရာ ရေတံခွန် သစ်တော ပန်းမန် တိရိစ္ဆာန်တို့ဖြင့် များမြောင်ထုံမွန်းနေကြောင်း
၊ သို့ကြောင့်လည်း မြန်မာနိုင်ငံကို နှစ်သက်ကြောင်း ၊ မြန်မာနိုင်ငံ၏အစားအစာအချို့ကိုလည်း
သူ သိကြောင်း ၊ အထူးသဖြင့် ဂင်ချီနှင့်ခပ်ဆင်ဆင်တူသည်ဟု ကြား ဖူးသော မုန်ညင်းချဉ်ပါဝင်သည့်-ရှမ်းအစားအစာများကို
သူ စားလိုကြောင်း…စသည်ဖြင့် သူ့ရင်ထဲ သုံးနှစ်တာမျှ ခိုအောင်းနေခဲ့ရ သည့်-ခံစားချက်များကို
ဧကရီ့ရှေ့တွင် ဖွင့်ဟပြောပြသည် ။
သူက ခရစ်ယန်ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့်
မြန်မာနိုင်ငံက ဘုရားစေတီများကို လိုက်လံကြည့်ရှုရန် စိတ်အား ထက်သန်လျက်ရှိကြောင်း
၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးရန် စိတ်ဝင်စားကြောင်း ၊ ရန်ကုန်မြို့၏အထင်ကရနေရာများဖြစ်သော
ရွှေတိဂုံစေတီတော်နှင့်လွတ်လပ်ရေးကျောက်တိုင်တို့ဆီသို့ လိုက်ပို့ပေးပါရန် တောင်းဆိုကြောင်း-ပြောကြားလေရာ
သူ ပြောသမျှ ကို မျက်လုံးအ၀ိုင်းသားနှင့် ငေးကြည့်နေမိသော-ဧကရီလည်း ဘာကိုမှတွေးမနေတော့ဘဲ
ခေါင်းကိုသာ တွင်တွင်ညိတ်လိုက်မိလေ ပြီ ။
TTTTTTTTTTTTTTTT
ဒေါ်မြင့်မြတ်ပိုင်
အိပ်ရာမှ နိုးထလာတော့ မနက်ခြောက်နာရီခွဲ…။ အိပ်ရာမှထ,ထချင်း ပြတင်းပေါက်ကနေ ခြံအတွင်းသို့
ငေးကြည့်လိုက်သည် ။ ဒေါ်မြင့်မြတ်ပိုင်၏အခန်းက အပေါ်ထပ်တွင်ဖြစ်၍ ခြံဝန်းတွင်းမှပန်းပင်များသည်
ဒေါ်မြင့်မြတ်ပိုင်၏ မြင်ကွင်းထဲ၌ ပုသေးသေးပုံသဏ္ဍာန်ပေါက်နေ၏ ။
သို့ပေမယ့် အရာရာကို
အပေါ်စီးမှတွေ့မြင်ရခြင်းသည် တစ်မျိုးကြည့်လို့ ကောင်းသည် ။ နှင်းဆီပန်းတစ်ပွင့်အား
အထက်စီးမှကြည့်လျှင် ပန်းဝတ်ဆံလှလှကို တွေ့မြင်ရဘိသကဲ့သို့ ပတ်ဝန်းကျင်မှ အရာအားလုံးကို
အတွင်းထဲအထိ နက်နက် ရှိုင်းရှိုင်းတွေ့မြင်နိုင်သည် ။
-
ခြံဝင်းထဲက ဒန်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် …
သူတို့ကို သေချာကြည့်ပြီး ဒေါ်မြင့်မြတ်ပိုင်၏နှုတ်၌
ထူးဆန်းသောအပြုံးတစ်ချက် လင်းလက်သွားသည် ။ လင်းလက်မည်ပေါ့ ။ တွေ့မြင်လိုက်ရသည့်မြင်ကွင်းက
ယခင်နေ့များနှင့်မတူဘဲ ကွဲပြားနေသည်ပဲကိုး ။
ခြံထဲမှာ မြေးမလေး-နှင်းဧကရီမှူးနှင့်အတူ
ရုပ်ရည်သန့်သန့်လူငယ်တစ်ယောက် အတူတကွ ထိုင်နေကြသည် ။ မြေးမ လေး-ဧကရီက အသက်(၁၈)နှစ်ပြည့်သည့်တိုင်
မည်သည့်ယောက်ျားသားကိုမျှ အိမ်ခေါ်လာဖူးသူ မဟုတ် ။ ယခုများတော့ စောစောစီးစီး ခြံထဲမှာ
နှစ်ယောက်တည်း ထိုင်နေပုံကိုကြည့်ခြင်းဖြင့် တစ်ခုခုထူးခြားနေပြီဟု ဒေါ်မြင့်မြတ်ပိုင်
သဘောပေါက်လိုက် သည် ။ သူတို့လူငယ်ချင်း အဆင်ပြေပါစေလေ ၊ မစပ်စုတော့ပါဘူးဟုတွေးကာ ဝရံတာမှနေ
အိမ်ထဲသို့ ပြန်ဝင်လာလိုက်၏ ။
အခန်းတွင်းသို့ ပြန်ဝင်သွားကာ
မျက်နှာသစ် သွားတိုက်အပြီး အိမ်အောက်ထပ်သို့ ဆင်းလာတော့ မြေးမလေးဧကရီမှူး က ထမင်းစားခန်းတွင်
မနက်စာစားရန် ပြင်ဆင်နေလေပြီ ။
“ good morning snowflower…”
“ morning…grandma .”
“ ငါ့မြေးလေး ဘာတွေလုပ်နေတာလဲ ။ ဒီနေ့ မနက်စာက ဘာလဲ ။”
ဒေါ်မြင့်မြတ်ပိုင်က ထမင်းစားပွဲဘေး ထိုင်ခုံတစ်လုံးတွင်
ဝင်ထိုင်ရင်း မေးလိုက်သည် ။ စောစောက တွေ့မြင်ခဲ့ရသည့်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းခြင်းမပြုပေ
။ မိမိကြောင့် မြေးမလေး-ဧကရီ စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို ဒေါ်မြင့်မြတ်ပိုင် စိုးရိမ်
သည် ။
ပြေးကြည့်၍မှ နီးနီးနားနားဆွေမျိုးသားချင်းဟူ၍
သည်မြေးအဘွားနှစ်ယောက်သာ ရှိသဖြင့် တစ်ယောက်ကိုတစ်ယောက် အလွန်တန်ဖိုးထားသူများဖြစ်ရာ
တစ်ယောက် စိတ်ညစ်စေမည့်ကိစ္စမျိုးကို ကျန်တစ်ယောက်က ဘယ်သောအခါမျှ ပြုလုပ်မည် မဟုတ် ။
သို့ကြောင့်…စောစောကကိစ္စနှင့်ပတ်သက်ပြီး ဧကရီ စိတ်လိုလက်ရရှိမှ ဖွင့်ပြောပါစေလေဟု ဒေါ်မြင့်မြတ်ပိုင်
တွေးထား သည် ။
ယနေ့ ဧကရီ တော်တော်လေးအူမြူးနေသည်
။ စောစောကတင် လီဂျွန်ဂုနှင့်အတူ ခြံထဲမှာ ဆင်းထိုင်ကာ စကားပြောခဲ့ရ သဖြင့် စိတ်တို့
ရွှင်ပြလျက်ရှိသည် ။ ပြီးလျှင်လည်း နှစ်ယောက်တည်းအတူ ဘုရားသွားဖူးရဦးမည်ပဲလေ ။ သို့ဖြစ်၍
ဘွားအေ၏ အမေးကို ဟင်းခါးထည့်နေရာမှ ပြုံးရွှင်သည့်မျက်နှာလေးနှင့် ခပ်ချွဲချွဲပြန်ဖြေ၏
။
“ နန်းကြီးသုပ်နဲ့ရှမ်းခေါက်ဆွဲကို ဆိုင်က လှမ်းမှာထားတာလေ ။ သြော်…ဘွား…ညက
ဘွားတပည့်ဦးသိုက်က ဧည့်သည်
တစ်ယောက် လွှတ်လိုက်တယ် ။ မြေးတို့အိမ်မှာ တည်းဖို့တဲ့
။ ဘယ်သူဖြစ်မယ် ထင်လဲ ။”
“ ဘွား ဘယ်သိပါ့မလဲ ငါ့မြေးရဲ့ ။ ဘယ်သူဖြစ်နေလို့လဲ ။”
“ ကိုရီးယားမင်းသားလေး လီဂျွန်ဂုလေ ။ ဟိုတလောကတင် သူပါတဲ့ရုပ်ရှင်ကား ပြီးသွားတာ
။ သမီးလေ ပျော်လိုက်တာ
ဘွားရယ် ။”
“ သြော်…အဲဒီလိုလား ။ မြေးတို့ခေတ်ကမင်းသားတွေကို ဘွားကတော့ မသိပါဘူးကွယ် ။
အေး…အေး ။ ငါ့မြေးလေး
စိတ်ချမ်းသာရင် ပြီးတာပါပဲ ။ ဒါနဲ့ အခု သူရော…”
“ ရေချိုးနေတယ် ဘွား ။ ပြီးရင် သူ ဘာကြိုက်မလဲ မသိလို့ ဒီနှစ်မျိုးလုံး ၀ယ်ထားတာ
။ မြေးတို့ကတော့ ထုံးစံအတိုင်း
ကော်ဖီနဲ့မုန့်ပဲ စားကြတာပေါ့ ။”
နှင်းဧကရီမှူးက အဘွားရှေ့တွင်မို့ ဣနြေ္ဒဆည်လိုပေမယ့်
ကြည်နူးရွှင်ပျော်နေသည့်-စိတ်အစဉ်ကြောင့် မျက်နှာမှအပြုံးများက တဖျတ်ဖျတ်တောက်ပကာ ထိန်းမရသိမ်းမရ…။
အမှန်ပြောရလျှင် ယခုချိန်ထိ
ဧကရီ့အတွက် ထိုအဖြစ်အပျက်တွေက အိပ်မက်လိုဖြစ်နေသည် ။ လီဂျွန်ဂုဆိုသော ကိုရီးယားမင်းသားချောလေးက
ဧကရီတို့အိမ်တွင် လာရောက်တည်းခိုကာ သုံးရက်တိတိ ဧကရီနှင့်အတူ သာမန်စုံတွဲပုံစံမျိုးဖြင့်
လျှောက်လည်ကြရန် တောင်းဆိုနေခြင်းမှာ ဧကရီ အကြိမ်ကြိမ် စိတ်ကူးယဉ်မြင်မက်ခဲ့ဖူးသော
အိပ်မက်တစ်ပုဒ်သာ ။ ခုများတော့ dream comes trueဆိုသည့်စကားလို အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ချေပြီ…။
TTTTTTTTTTTTTTTT
လီဂျွန်ဂု ဘယ်လိုမှ
အိပ်စက်လို့ မရ…။
အိပ်ရာအပြောင်းအလဲကြောင့်
၊ ရာသီဥတုအပြောင်းအလဲကြောင့် မဟုတ် ။ နှလုံးသားအပြောင်းအလဲကြောင့်သာ အိပ်စက်၍မရဖြစ်နေရခြင်းဖြစ်၏
။
ဟုတ်သည်…လီဂျွန်ဂု၏တည်ငြိမ်ရင့်ကျက်သည့်နှလုံးအိမ်သည်
လှုပ်ရှားစပြုနေပြီ ။ လှုပ်ရှားတာမှ ဆူနာမီဝင်သလို မျိုး…။ snowဟူသောကောင်မလေး ။ ထိုကောင်မလေးကြောင့်
သံစိုင်လိုခိုင်မြဲသော လီဂျွန်ဂု၏စိတ်တွေ ယိမ်းယိုင်ပြိုလဲကုန်ပြီ ။
ဤဒေသသို့ တိတ်တဆိတ်လာရောက်ခဲ့စဉ်က
မြန်မာနိုင်ငံကို အေးအေးဆေးဆေးလေ့လာရန်ဖြစ်သည် ။ လီဂျွန်ဂုတို့လို နာမည်ကြီးသရုပ်ဆောင်တစ်ယောက်အဖို့
လူသိရှင်ကြားလာလျှင် အေးအေးနေ၍ ရလိမ့်မည်မဟုတ် ။ အုန်းအုန်းထနေမည့် ပရိသတ်ကို အသာထားဦး…နောက်ကနေ
တကောက်ကောက်လိုက်ပြီး ဘာလုပ်လုပ် တဖျတ်ဖျတ်ရိုက်နေမည့် ကင်မရာမန်းတို့၏ ရန်နှင့်တင်
တော်တော်စိတ်ညစ်စရာကောင်းနေပါပြီ ။ သို့ကြောင့်…တိတ်တိတ်ဆိတ်ဆိတ်လည်ပတ်နိုင်စေရန် လူမသိသူမသိ
လစ် ထွက်လာခဲ့ခြင်းဖြစ်၏ ။
အဓိကရည်ရွယ်ချက်က
သာမန်ဓာတ်ပုံဆရာလူငယ်တစ်ယောက်ဘ၀ကို ခံစားရင်း
နယ်ခြားမြေခြားမှ ရိုးအေးသော ဒေသလေး၏ရှုခင်းအလှအပများကို ဓာတ်ပုံရိုက်ယူမှတ်တမ်းတင်ဖို့…။
ထိုစိတ်ကူးဖြင့် snowဆိုသော-ကောင်မလေးရှိရာနေအိမ် သို့ ရောက်ရှိလာခဲ့သည် ။ ယခုချိန်မှာတော့
ထိုကောင်မလေးက လီဂျွန်ဂု့နှလုံးသား၌ နေရာယူစိုးမိုးထားပြီ…။ ဖြေရှင်းရန်နည်းလမ်း ကို
ဘယ်မှာ ရှာဖွေရပါတော့မလဲ ။
Snowသည် လီဂျွန်ဂု၏အသွေးအသားတွေကို
အေးခဲသွားအောင် စေစားနိုင်သူလေး…။ သူမ၏ရုပ်ရည်က အတန်အသင့် ချောမောလှပသည်မှန်သော်လည်း
လီဂျွန်ဂု့ဘ၀၌ မြင်တွေ့ဖူးခဲ့သမျှ မိန်းကလေးများထက် ထူးထူးကဲကဲသာလွန်နေသူတော့ မဟုတ်
။ သို့ပေမယ့် သူမကို စမြင်ကတည်းက လီဂျွန်ဂု၏စိတ်တွင် တစ်စုံတစ်ခုထူးဆန်းနေသလို ခံစားမိ၏
။ သူမ ၀တ်ဆင်ထား သော လုံခြုံလှပသည့်မြန်မာဝတ်စုံဆန်းလေးကြောင့်လည်း ဖြစ်နိုင်သည် ။
သို့မဟုတ် သပ်သပ်ရပ်ရပ်စည်းနှောင်ကျစ်ထားသည့် ဆံနွယ်နက်လေးများကြောင့်လည်းဖြစ်မည် ။
သူမထံတွင် တင့်တယ်ခြင်းဟူသောအလှတရားကို လီဂျွန်ဂု ရှာတွေ့တွေ့ရှိလိုက်ရ သည် ။
စကားပြောကြည့်မှ
snowဟာ နှင်းပန်းလေးတစ်ပွင့်လို ဖြူစင်လှပသောစိတ်နှလုံးပိုင်ရှင်မှန်း လီဂျွန်ဂု သိလိုက်ရသည်
။ သူ တိတ်တခိုး သဘောကျနေမိသော မြန်မာနိုင်ငံနှင့်snowမှာ အခြေခံပုံစံချင်း ခပ်ဆင်ဆင်တူနေသည်
။ snow၏စိတ်ရင်းသည် ဖြူစင်ရှင်းသန့်ပြီး စေတနာကောင်းသူလေးဖြစ်ပေမယ့် စကားကို အချို့နေရာတွင်
ပွင့်ပွင့်လင်းလင်း မပြောတတ်…။ သိုဝှက်လွန်း လှ၏ ။
တစ်နေ့တာလုံး အတူတကွလည်ပတ်ခဲ့ကြသော်လည်း
သူမထံမှ လီဂျွန်ဂုကို အလွန်သဘောကျသည်ဟူသော စကား တစ်ခွန်းပင် မဆိုဖူးသေး ။ အမှန်ဆို
သရုပ်ဆောင်တစ်ယောက်ကို သဘောကျနှစ်ခြိုက်ကြောင်းပြောခြင်းမှာ ရှက်စရာကောင်းလှ သည်တော့
မဟုတ်ပါ…။ သို့ပေမယ့် လီဂျွန်ဂု ဖတ်ခဲ့ဖူးသော-စာသားများအတိုင်း မြန်မာမိန်းကလေးပီပီ
အရှက်အကြောက် အလွန် ကြီးပုံရသည် ။
ညသည် တဖြည်းဖြည်း
နက်သထက် နက်လာပြီ…။ အတွေးတွေကလည်း ညနှင့်အပြိုင် လေးလေးနက်နက်…။
snowဆိုသောမိန်းကလေးကို
သူ ချစ်မိနေပြီ ။ သူမနှင့် တွေ့ဆုံသည်မှာ တစ်နေ့နှင့်နှစ်ညသာရှိသေးပေမယ့် သူမသည် လီဂျွန်ဂုအတွက်
ဘုရားသခင်က ဖန်ဆင်းပေးလိုက်သော ဧ၀သာ ဖြစ်လိမ့်မည် ။
ထိုသို့တွေးမိလိုက်၍
လီဂျွန်ဂု့ရင်ထဲ ကြည်နူးချမ်းမြေ့သွားရပေမယ့် ထိုအတွေးသည် အာရုံထဲ၌ ခဏတဖြုတ်သာပေါ်လာ
ပြီး ချက်ချင်းပျောက်ကွယ်သွားကာ အခြားအတွေးဆိုးများက နေရာယူလွှမ်းမိုးသွားသည် ။
snowက အလွန်မြန်မာဆန်သောမိန်းကလေး…။
ယနေ့ပင် ကြည့်…။ ရွှေတိဂုံဘုရားသို့ သွားသောအခါ မြန်မာဝတ်စုံ ယဉ်စစကို ၀တ်ဆင်ရုံသာမက
ဆံပင်လှလှကိုလည်း သေသေသပ်သပ်ကျစ်ဆံမြီးကျစ်ထားသေးသည် ။ ထိုအပြင်အဆင်ကလည်း သူမနှင့်
အလွန်လိုက်ဖက်တင့်တယ်သည်ပဲ မဟုတ်ပါလား ။
ထိုသို့သော တိုင်းပြည်ချစ်-မိန်းကလေးတစ်ယောက်သည်
သူ့လို လူမျိုးခြားကို နှစ်ခြိုက်သည်ဆိုဦးတော့…။ လက်ခံလိမ့် မည် မထင်…။ လီဂျွန်ဂု
တွေးရင်းတွေးရင်းနှင့် အိပ်မရတော့ ။
အိပ်ရာမှထကာ ဓာတ်ပုံများကို
ထိုင်ကြည့်မိသည် ။ ဓာတ်ပုံတွေသည် လီဂျွန်ဂုအတွက် တကယ့်ကို မမေ့နိုင်စရာ အမှတ် တရများစွာကို
ပေးစွမ်းနိုင်သည် ။ ဓာတ်ပုံအများစုမှာ ရွှေတိဂုံစေတီကြီးကို ရှုထောင့်အမျိုးမျိုးက ရိုက်ယူထားသောပုံများဖြစ်ပြီး
ဓာတ်ပုံတစ်ချို့တစ်ဝက်မှာ မြန်မာဆန်ဆန်မိန်းကလေး snow၏ပုံများ…။ ဓာတ်ပုံရိုက်ယူပါရစေဟူ၍
ခွင့်တောင်းစဉ်က ပြုံးလိုက် သော snow၏အပြုံးလေးကို လီဂျွန်ဂု ယခုချိန်ထိ အဓိပ္ပါယ်ဖော်လို့
မရ ။
~
ကြည်နူးသွားတာလား ။ ရင်ခုန်သွားတာလား ။ ရှက်သွားတာလား ။ အံ့အားသင့်သွားတာလား ။ သြော်…မိုနာလီဇာလို
မိန်းကလေးတွေ လောကကြီးမှာ တယ်ပေါများပါလား ။
ကင်မရာကိုကိုင်ကာ ဓာတ်ပုံတွေပြန်ကြည့်ရင်း
လီဂျွန်ဂု၏မျက်လုံးများ မှေးစင်းလာသည် ။ တစ်နေကုန် လျှောက်ခဲ့ရသည့်ခြေ လှမ်းများကြောင့်
လီဂျွန်ဂု ပင်ပန်းနေပြီဖြစ်၍ အိပ်ရာပေါ်သို့ လှဲချလိုက်သည်နှင့် အိပ်ပျော်သွားတော့၏
။
TTTTTTTTTTTTTTTT
ကြားလိုက်ရသည့်သတင်းက
အမှန်တော့ ၀မ်းသာစရာသတင်း…။ KBXရုပ်ရှင်ကုမ္ပဏီက ရိုက်လက်စဇာတ်လမ်းတွဲ အမြန်ဆုံးပြီးစီးရန်
လိုအပ်နေသောကြောင့် လီဂျွန်ဂုအား ရုပ်ရှင်ပွဲတော်သို့ မတက်ရောက်စေဘဲ ကိုရီးယားသို့
ချက်ချင်းပြန်လာခဲ့ဖို့ လှမ်းဆက်သွယ်သောသတင်းဖြစ်သည် ။
အစည်းအရုံးသို့ ဖုန်းဆက်လာသဖြင့်
သံရုံးကို အကြောင်းကြားခဲ့တာကြောင့် ဦးသိုက်ထွန်းနိုင်က ဒေါ်မြင့်မြတ်ပိုင်ဆီသို့ အကြောင်းကိစ္စကို
ဖုန်းဆက်ပြောပြသည် ။ မီဒီယာလောကကို အသိမပေးတော့ဘဲ လီဂျွန်ဂုကို တိတ်တဆိပ် ပြန်လည်ပို့ဆောင်
ရန် စီစဉ်ထားကြောင်း ဖုန်းဆက်ပြောခြင်းဖြစ်သလို မကြာမီမှာပဲ ကားနှင့် လာခေါ်တော့မည်ဖြစ်ကြောင်းကိုလည်း
တဆက်တည်း မှာကြားလေသည် ။
ထိုသတင်းမှာ လီဂျွန်ဂုအတွက်
ပျော်စရာသတင်းတစ်ရပ်…။ KBXရုပ်ရှင်ကုမ္ပဏီက ဇာတ်လမ်းတွဲကို အမြန် ပြီးစီးအောင် ရိုက်ကူးရခြင်းမှာ
ထိုဇာတ်လမ်းတွဲကို ပရိသတ်များက အလွန်နှစ်ခြိုက်အားပေးသောကြောင့် ဤသို့ အလျင်စလိုစီစဉ်နေရခြင်း
မဟုတ်လား ။
သို့သော်လည်း လီဂျွန်ဂု
ဝမ်းမသာမိ မပျော်ရွှင်မိ…။ သူ မြန်မာပြည်မှ ပြန်လည်ထွက်ခွာရတော့မည်ဟု တွေးရင်း စိတ်ထိခိုက်နေမိ၏
။ လေယာဉ်လက်မှတ် ဘာညာအားလုံးကို တာဝန်ရှိသူတွေက စီမံပေးပြီးပြီဆိုတော့လည်း သူ ငြင်းမရတော့
။ သူ့ဘ၀ကို သူ မပိုင်မှတော့လည်း သွားရတော့မှာပေါ့ ။
ရုပ်ရှင်ပွဲတော်သို့တက်ရောက်ရန်
သူ့နေရာ၌ အခြားအနုပညာရှင်တစ်ဦးကို အစားထိုးလိုက်ပြီဟု သိရသည် ။ သူ မြန်မာ နိုင်ငံသို့
ရောက်ရှိခဲ့ကြောင်းကို snowတို့မိသားစုမှလွဲ၍ အခြားပြည်သူများ တစိုးတစိမျှ မသိရတော့…။
သိခွင့်ရသူsnowခမျာလည်း
ကံမကောင်းလှပါ ။ ဘ၀မှာ တခဏတာ တွေ့ဆုံခဲ့ရပေမယ့် တစ်ဘ၀လုံးစာအတွက် ဘာကြောင့်များ သူတို့နှစ်ဦး
တွယ်တာနေမိတာပါလိမ့် ။ အတွေးများ၏ပြေးလွှားမှုကြောင့် လီဂျွန်ဂု၏ဦးနှောက်တို့ ဖုန်တထောင်း
ထောင်းထကာ နာကျင်နေခဲ့ပြီ ။
“ hey…snow…I have to go .”
အိမ်ရှေ့မှာ ကားတစ်စီး ဆိုက်ရောက်လာပြီ
။ လီဂျွန်ဂုက ထွက်ခွာရတော့မည်မို့ နှင်းဧကရီမှူး၏မျက်နှာကို စေ့စေ့ကြည့်ရင်း နှုတ်
ဆက်စကား ဆိုသည် ။ သူ ထိုစကားကို တစ်ချိန်ချိန်မှာ ပြောရမှာမှန်းသိနေပေမယ့် အခုလောက်
စောစီးလိမ့်မည်ဟု မထင်ထား ခဲ့…။
သရုပ်ဆောင်စဉ်က မင်းသားနှင့်မင်းသမီး
ခွဲခွာခါနီးအချိန်တွင် သူ့အလိုလို ကျလာတတ်သည့်မျက်ရည်တွေက ယခုလို နင့်နင့်သီးသီးခံစားနေရသည့်အချိန်ကျ
ရစ်ဝဲဖို့ပင် မေ့လျော့နေပုံရသည် ။ သို့မဟုတ် နှလုံးအိမ်ထဲ၌ ငိုကြွေးနေရ၍ အပြင်က မျက်ရည်တွေ
ခမ်းခြောက်သွားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏ ။
“ O…ok . I don’t wanna say goodbye . See ya .”
နှင်းဧကရီမှူး၏ နှုတ်ဆက်သံများကလည်း တုန်တုန်ရီရီ…။
ဟန်လုပ်ကာ ပြုံးလိုက်မိသော်လည်း မျှော်လင့်ချက် ကင်းမဲ့နေသော-အပြုံးများက အသက်မပါ ။
တင်းထားသည့်ကြားမှ မျက်ရည်တစ်ပေါက်က စီးကျလာသဖြင့် လီဂျွန်ဂု မမြင်အောင် ခေါင်းငုံ့ပြီး
မသိမသာသုတ်လိုက်ရသည် ။ လီဂျွန်ဂုကတော့ ခဏမျှစိုက်ကြည့်နေပြီး ဖျတ်ခနဲလှည့်ထွက်သွားတော့၏
။
သူ…ဧကရီ့အနားကနေ ထာဝရ
ခွဲသွားတော့မည် ။ ဖြစ်သင့်ပါသည် ။ လီဂျွန်ဂုနှင့်ဧကရီက လူမျိုး မတူ ၊ ဘာသာ မတူ ၊ တစ်မြေခြား
တစ်ဒေသစီမှာ နေကြသူတွေပဲ မဟုတ်လား ။
စိတ်ကိုတင်းလျက် လှည့်ထွက်သွားပြီဖြစ်သော
လီဂျွန်ဂု၏နောက်ကျောပြင်ကို ငေးကြည့်ရင်း နှင်းဧကရီမှူး၏မျက်ဝန်း အိမ်၌ မျက်ရည်များ
ပြည့်လျံတက်လာပြီး ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာသည် ။ မောင်းထွက်သွားပြီဖြစ်သောကားကို
မျက်စိ တဆုံး ကြောင်ကြည့်နေရာမှ နှင်းဧကရီ ခြံထဲသို့ ပြေးဆင်းလာလိုက်သည် ။
“ မသွားပါနဲ့…ထွက်မသွားပါနဲ့နော်…။ ကျွန်မကို မထားခဲ့ပါနဲ့
…”
ထိုသို့ ခေါ်ဟစ်ကာ ကားနောက်သို့ ပြေးလိုက်သွားချင်ပေမယ့်
ဦးနှောက်က တားမြစ်နေသဖြင့် ဧကရီ နေရာ၌သာ ရပ်နေမိ၏ ။ ရှိုက်ကြီးတငင် ငိုကြွေးရင်း တဆတ်ဆတ်တုန်ရီနေသော
ခန္ဓာကိုယ်ကို ထိန်းကာ ဧကရီ နေရာမှာသာ ကြာမြင့်စွာ
ဆက်ရပ်နေမိ ခဲ့ပြီ ။
ခြံထဲတွင် သစ်ရွက်တွေ
တဖြုတ်ဖြုတ်ကြွေနေသည် ။ နှင်းဧကရီမှူး၏မွေးနေ့ရာသီမို့ နှင်းပန်းတွေကလည်း ဖွေးဖွေးလှုပ်
ပွင့်ဖူးနေကြသည် ။ လှပသည့်ဥယျာဉ်ထဲတွင် ရပ်တန့်နေရခြင်းဖြစ်ပေမယ့် ပတ်ဝန်းကျင်ရှိအလှတရားများက
ဧကရီ့ကို ပျော်ရွှင် ခြင်းများ မပေးစွမ်းနိုင်တော့ ။ အရာရာဟာ နာကျင်စရာချည်း ။
ပန်းကလေးများ ပွင့်ဝေနေသည်ကအစ…
သစ်ရွက်တစ်ရွက် ကြွေကျသွားသည်ကအဆုံး…
အို … အရာအားလုံး … အရာအားလုံးပါပဲ ။
ဧကရီ့နှလုံးသားကို နာကျင်စေသည် ။
TTTT
လီဂျွန်ဂုပြန်သွားပြီးကတည်းက
မရွှင်မပြဖြစ်နေရှာသော-မြေးမလေးကို ကြည့်ရင်း ဒေါ်မြင့်မြတ်ပိုင် စိတ်မချမ်းသာ ။
သံအမတ်အလုပ်မှ အငြိမ်းစားယူပြီးကတည်းက
ကျန်ရှိသက်တမ်းတစ်လျှောက်လုံး တရားထိုင် ပုတီးစိပ်ပြီး စိတ်တည် ငြိမ်မှုကို ရယူလာခဲ့သူ-ဒေါ်မြင့်မြတ်ပိုင်အဖို့
စိတ်ပူပန်ခြင်း/သောကရောက်ခြင်းတို့သည် ဝေးကွာခြားနားခဲ့သည်မှာကြာပြီ ။
ထို့အတူပင် မြေးမလေး-နှင်းပန်းကိုလည်း
တရားထိုင်ခြင်းအမှုကို တတ်အားသမျှပြုခိုင်းဖူးသည် ။ သြော်…ယခုများတော့ အလည်မလာအပ်သော-ဧည့်သည်တစ်ယောက်ကြောင့်
အပူမီးတွေ ကူးလူးနေရပြီ မဟုတ်ပါလား ။
- မြေးမလေးကို စိတ်ချမ်းသာစေချင်တယ်ကွယ် ။ ဒီအဖြစ်အပျက်အားလုံးကို
မြေးမလေး-နှင်းပန်းရော အခြားသူတွေရော
မေ့ပျောက်သွားကြရင် သိပ်ကောင်းမှာပဲ ။
မပျော်မရွှင်ငေးမှိုင်နေသော-မြေးမလေးကို
နေ့စဉ်နှင့်အမျှ တွေ့နေရ၍ ဒေါ်မြင့်မြတ်ပိုင် တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်မိသည် ။ မြေးမလေး
စိတ်ချမ်းသာအောင် တစ်ခုခုလုပ်မှဖြစ်မည် ။ ဒေါ်မြင့်မြတ်ပိုင်အဖို့ အားကိုးအားထားပြုနိုင်စရာဆို၍
ရတနာ(၃)ပါးသာ ရှိသည် ။ သို့ကြောင့်…ပြုလုပ်ထားသော-ကောင်းမှုတို့ကို တိုင်တည်ပြီး သစ္စာပြုမည်ဟု
ဆုံးဖြတ်လိုက်သည် ။
“ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့ရယ်… တပည့်တော်မဟာ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို
မြဲမြံအောင် စောင့်ထိန်းခဲ့တာ
အခုဆိုရင် (၁၀)နှစ်(၁၀)မိုး ရှိခဲ့ပါပြီ ။ ဒီသစ္စာစကားသာ မှန်ကန်ပါရင် မြေးမလေးနှင်းပန်းရော
၊ အခြားသူအားလုံးရော
ဒီအဖြစ်အပျက်ကို မေ့လျော့ပြီး အချိန်ကာလတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ သူတို့အားလုံး
စိတ်ချမ်းသာ/ကိုယ်ကျန်းမာ
ရှိကြပါစေ ။”
ဘုရားရှိခိုးနေစဉ် စိတ်အကြံတွင် ပေါ်ပေါက်လာသည့်အတိုင်း
ဒေါ်မြင့်မြတ်ပိုင် ရေရွတ်တိုင်တည်ဆုတောင်းလိုက်သည် ။ သစ္စာပြု သည့်အခါ၌ သာမန်ကာလျံကာမျှ
သဘောမထားဘဲ ယုံကြည်စိတ်ကို နှစ်ပြီး ပြင်းပြင်းပြပြတောင်းဆုပြုခြင်းဖြစ်၏ ။ ဆုတောင်းပြီး
သည်နှင့်တပြိုင်နက် စိတ်ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည် ။
စကားသစ္စာ
မှန်သောခါဝယ်
သြဇာလက်နက် ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်
ဆေးဖက်ဝင်၏ ၊
ဆိုသည့်အတိုင်း မိမိ၏သစ္စာစကားသာ မှန်လျှင်
အဓိဋ္ဌာန်ပြည့်မြောက်လိမ့်မည်ဟု ဒေါ်မြင့်မြတ်ပိုင် ယုံကြည်သည် ။ ထို့ကြောင့် စိတ်သက်သာရာရသွားပြီး ထိုနေ့ညက မြေးအဘွားနှစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်ပင်
အိပ်မောကျသွားခဲ့သည် ။
TTTTTTTTTTTTTTTT
အိပ်ရာကနိုးလာတော့
မိုးစင်စင်လင်းနေပြီဖြစ်၍ အပြင်မှ နေရောင်ခြည်တချို့ပင် ပြတင်းပေါက်မှန်ချပ်မှတဆင့်
အခန်းထဲ သို့ ဖြာဆင်းကျလျက်ရှိသည် ။
-
မက်ပြန်ပြီ…ဒီအိပ်မက် …
အိပ်မက်အကြောင်းကို တွေးရင်း စိတ်နာနာဖြင့်
ခေါင်းကို ခါရမ်းပစ်လိုက်သည် ။ ခဏခဏမြင်မက်နေသော ထိုဆောင်းအိပ်မက် ကယောက်ကယက်ကြီးကို
ဧကရီ မုန်းလှပြီ ။ စိတ်တိုတိုဖြင့် ခေါင်းရှိဆံပင်တို့ကို ဆွဲယူဖွရှုပ်ရင်း ပွင့်နေသောမျက်လုံးအစုံကို
ခပ်တင်းတင်းမှိတ်ပစ်လိုက်သည် ။
သို့ပေမယ့် စိတ်မျက်စိထဲ၌
အိပ်မက်ထဲမှပုံရိပ်တွေက ထင်ကျန်နေဆဲ ။ လီဂျွန်ဂု၏အပြုံး ၊ လီဂျွန်ဂု၏အကြည့် ၊ လီဂျွန်ဂု
၏ချစ်စဖွယ်အမူအရာလေးတွေ…။ အရာအားလုံးဟာ ထင်ရှားလွန်းသဖြင့် အပြင်မှာ အမှန်တကယ် တွေ့ကြုံခဲ့ရသလိုပင်
မှတ် ထင်လာသည် ။
-
အို … ငါ တော်တော်ရူးတာပဲ ။ ဒါဟာ အိပ်မက်ပဲလေ ။
အိပ်မက်သည် အိပ်မက်အဖြစ်နှင့်သာ ကောင်းပါသည်
။
တချို့တချို့သော ရင်နာကြေကွဲဖွယ်ရာအိပ်မက်များကို
နှင်းဧကရီမှူး၏မျက်မှောက်လောကတွင် မဖြစ်ပျက်မကြုံဆုံလို ပါ…။ ရင်နင့်ကြေကွဲဖွယ် အချစ်အဆွေးဇာတ်လမ်းမျိုးကိုလည်း
ဧကရီ မခံစားလိုပေ…။ ဟုတ်ပါသည် ။ အိပ်မက်ကို အိပ်မက်အဖြစ် နှင့်သာ ချန်ရစ်ခဲ့သင့်သည်
။
ထိုအတွေးနှင့်အတူ
အိပ်မက်ကို ခေါင်းအုံးထက်တွင်သာ ထားရစ်ခဲ့ပြီး ဧကရီ အိပ်ရာမှထကာ မနက်စာအတွက် ပြင်ဆင်
ရတော့သည် ။ ပြီးလျှင် ကျောင်းသွားရဦးမည်ပဲလေ ။
“ goodmorning Snowflower .”
“ morning Grandma .”
“ ငါ့မြေးလေး ဘာတွေလုပ်နေတာလဲ ။ ဒီနေ့ မနက်စာက ဘာလဲ ။”
“ ဟို…ရှမ်းခေါက်ဆွဲ မှာထားမိတယ် ။ မြေးရဲ့စိတ်ထဲ စားချင်သလိုရှိလို့ ။”
နှင်းဧကရီမှူးက မလုံမလဲဖြေသည် ။ ခါတိုင်းကဲ့သို့
ပေါင်မုန့်နှင့်ကော်ဖီမသောက်ဘဲ မစားစဖူး ထူးထူးဆန်းဆန်း ဝယ်စားမိသည့် အတွက် ဘွားဘွား
တစ်မျိုးတစ်မည်ထင်သွားမှာကို စိုးရိမ်သည် ။
အမှန်က ဧကရီ့ဘာသာ
အစိုးရိမ်လွန်နေခြင်းသာ ။ အိပ်မက်အကြောင်းကို ဘွားဘွား မသိနိုင်သလို အိပ်မက်ထဲ၌ လီဂျွန်ဂု
ရှမ်းခေါက်ဆွဲ စားသဖြင့် အပြင်မှာ ဧကရီ လိုက်စားမိသည့်အကြောင်းကိုလည်း ဘွားဘွား ဘယ့်နှယ့်လုပ်သိနိုင်ပါ့မလဲ
။
ဒေါ်မြင့်မြတ်ပိုင်ကတော့
ဘာတစ်ခုမျှ မမေးမြန်း ။ မြေးမလေး-နှင်းဧကရီမှူး၏ဆံကေသာများကို ယုယုယယ ပွတ်သပ် လိုက်ပြီး
ကြင်ကြင်နာနာငေးကြည့်ရင်း…
“ စားပါကွယ် ငါ့မြေး ပျော်နေရင်ပြီးတာပဲ ။ စိတ်ချမ်းသာအောင်နေရမယ်နော် ။ ဒါနဲ့
ညက အိပ်လို့ကောင်းရဲ့လား ။ အိပ်
မက်ဆိုးတွေဘာတွေ မက်သေးလား ။”
“ အိပ်လို့တော့ ကောင်းပါတယ် ဘွားရယ် ။ ဒါပေမယ့် …ဟို…ဟိုလေ…အဟီး…အိပ်မက်အကြောင်း
ပြောပြရမှာ ရှက်လို့ပါ
ဘွားရယ် ။”
“ ဘာများလဲ မြေးရဲ့ ။ ပြောပါ ။ မရှက်ပါနဲ့ ။ အိမ်မှာ ဒီမြေးအဘွားနှစ်ယောက်ပဲ
ရှိတဲ့ဟာကို ။”
“ ဟီး…ဟိုလေ…အိပ်မက်က ကောင်းတယ်လည်း ပြောလို့ရသလို မကောင်းဘူးလည်း ပြောလို့
ရတယ် ။ အိပ်မက်ထဲမှာ
မြေးတို့အိမ်ကို ကိုရီးယားမင်းသားချောလေး လီဂျွန်ဂု
အလည်လာလို့တဲ့ ။ သူနဲ့သမီးက ချစ်သူတွေတောင် ဖြစ်သွားကြ
သေးတယ် ။ နောက်တော့ သူ ပြန်သွားလို့ မြေးမှာ
လွမ်းလို့ငိုလိုက်ရတာ ဘွားရယ် ။ တော်သေးတာပေါ့ ။ အိပ်မက် ဖြစ်
နေလို့ ။ အဟင်း…ရှက်စရာကြီးပါ ဘွားရာ ။”
“ အယ်…ဘာရှက်စရာရှိတုံး ။ အိပ်မက်ပဲဥစ္စာ ။ မြေး သဘောကျတဲ့မင်းသားအကြောင်း အိပ်မက်မက်တာ
ရှက်စရာလား ။
အိပ်မက်ကို အိပ်မက်လိုပဲ သဘောထားမှပေါ့ ။ တကယ်ပဲ
။ အင်း … ငါ့မြေးကို ကလေးမလေး မှတ်နေတာ ။ ခုကျ
ရည်းစားတွေဘာတွေထားဖို့တောင် စဉ်းစားနေပြီပေါ့လေ
။”
“ အာ…မဟုတ်ပါဘူး ဘွားရယ် ။ အလကားအိပ်မက်ကြီးပါ ။ မြေးက ဘာဖြစ်လို့ ရည်းစားထားရမှာလဲ
။ အပျိုကြီးလုပ်မှာ ။
ဘွားနဲ့ပဲ တစ်သက်လုံးနေမှာ ။”
“ ဟွန်း…အချွဲလေး…နွဲ့ဆိုးလေး ။ ကဲ…စား…စား…ပြီးရင် ကျောင်းသွားရဦးမှာ မဟုတ်လား
။”
“ ဟုတ်…ဘွား ”
ရှည်လျားပြီးစေးကပ်နေသော ရှမ်းခေါက်ဆွဲဖတ်များကို
သစ်သားတူနှင့် အားရပါးရခပ်ယူစားသောက်နေသော-နှင်းဧကရီမှူး၏ ရွှင်မြူးတက်ကြွနေသည့်-မျက်နှာလှလှကို
ငေးကြည့်ရင်း ဒေါ်မြင့်မြတ်ပိုင် ကြည်နူးသွားသည် ။
အဖြစ်မှန်ကို တလောကလုံး
မေ့ပျောက်သွားသည့်အတွက်လည်း ဒေါ်မြင့်မြတ်ပိုင် ကျေနပ်နေမိသည် ။ မဖြစ်သင့်မဖြစ် ထိုက်သော
အချစ်ဇာတ်လမ်းတစ်ခုကို ပါဝင်ခဲ့သူအားလုံး လုံးဝမေ့လျော့ကာ အိပ်မက်တစ်ပုဒ်အဖြစ်နှင့်
ပျောက်ကွယ်သွားခြင်း သာ အကောင်းဆုံးဖြစ်ပါလိမ့်မည် ။ အမှတ်ရစွဲထင်နေ၍လည်း အကျိုးရှိမည်မဟုတ်သော
အလွမ်းအဆွေးအကြောင်းအရာတစ်ခု ကို ပုံပြင်လို လွင့်ပျောက်သွားခြင်းသာ အသင့်တော်ဆုံးပါပဲဟုတွေးရင်း
ဒေါ်မြင့်မြတ်ပိုင် ခေါင်းတညိတ်ညိတ်ပြုလျက် ကျေနပ်နေမိ ပါတော့၏ ။
စေတနာရှေ့ထားလျက်……