( ၂၀၁၆ ပေါင်မြို့နယ်-မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဆောင်းပါးဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
----------------------------------------------------------------------------------------------------------------
ကင်းဘုတ်(keyboard)ပေါ်သို့
လက်ချောင်းတွေ တင်လိုက်စဉ်တွင် ကျွန်မ ဘာရေးရမလဲ စဉ်းစား၍ မရသေးပါ ။ ဒီနေ့ဟာ နှစ်ဆန်း(၃)ရက်နေ့
ရှိနေပါပြီ ။ ပေါင်မြို့နယ်မဂ္ဂဇင်းကို စာမူပို့ရမည့်ရက် တစ်စထက်တစ်စ နီးကပ်လာနေပြီမို့
ရိပ်သာက မနေ့ကမှ ပြန်ရောက်လာသော-ဖေဖေ့ကို ပေါင်မြို့နယ်တွင်းရှိ-ဇင်းကျိုက်ရွာ(ယခု-ဇင်းကျိုက်မြို့)အကြောင်း
မေးမြန်းရပါတော့သည် ။
ဖေဖေက ငယ်စဉ်ဘဝ တွေ့ကြုံခဲ့ရသမျှကို
ပြန်ပြောင်းပြောပြ ၊ ကျွန်မကလည်း လိုက်မှတ်သားရင်း ဟိုမေးဒီမေးပေါ့ ။ အထူးသဖြင့် ဂမီ
္ဘရလျှို့ဝှက်သည်းဖိုဝတ္ထုတွေကို စိတ်ဝင်စားတတ်သူ-ကျွန်မအတွက် ဖေဖေက သူ တွေ့မြင်ဖူးခဲ့သော-ထူးဆန်း
အံ့ဖွယ်အကြောင်းအရာများကို ပြောပြတတ်သည် ။ အတွေ့အကြုံစုံသူ-ဖေဖေ့ဆီမှာ ပြောစရာဇာတ်လမ်းမျိုးစုံ
ရှိနေတတ်စမြဲပါ ။
ပြောခဲ့သောအကြောင်းအရာများစွာထဲ၌
ကျွန်မရင်ထဲ စွဲနေသည်မှာ ဖေဖေ ဆယ်တန်းဖြေပြီးခါစအချိန်လောက်က ပေါင် မြို့နယ်တွင် ဆရာအတတ်သင်ကျောင်းတက်စဉ်
တွေ့ကြုံခဲ့ရသော “ကောလိပ်ပုံပြင်”ဇာတ်လမ်း ဖြစ်သည် ။ ဇာတ်လမ်းဆုံးမှ ဗြုန်းခနဲသိလိုက်ရတာက
ရှပ်အင်္ကျီကွက်နဲ့ အဲဒီပုဂ္ဂိုလ်က လူသားစင်စစ် မဟုတ်ဘူး-တဲ့ ၊ ဒါပေမယ့် ဖေဖေကတော့ (ထုံးစံအတိုင်း)
သရဲခြောက်လို့ခြောက်မှန်း မသိတာကြောင့် သတ္တိခဲကြီးဖြစ်ခဲ့ပြန်ပါရောလား ။ ဒီလိုဇာတ်လမ်း/ဒီလိုဖြစ်ရပ်မျိုးက
‘ပြောမယုံ-ကြုံဖူးမှ သိ’ဆိုသလို လူတိုင်း ကြုံဖူးရန် မဖြစ်နိုင်သလို လူတိုင်း ယုံကြည်ရန်လည်း
လွယ်လိမ့်မယ် မထင်ပါ ။ သို့ဖြစ်၍ ထိုဇာတ်လမ်းကို ရေး နေကျအတိုင်း ဂမ္ဘီရမဂ္ဂဇင်းတစ်စောင်စောင်မှာ
ရေးရန် တေးထားလိုက်ပြီး ဇင်းကျိုက်မြို့အကြောင်းကိုပဲ ဆက်မေးဖြစ်ခဲ့သည် ။ ဖေဖေ ပြောပြနေခိုက်မှာပဲ
ကျွန်မအဇ္ဈတ္တထဲမှာ ဇင်းကျိုက်ဟာ ပန်းချီကားတစ်ချပ်ကို ရှုမြင်ရသလိုမျိုး တရေးရေးပုံပေါ်လာခဲ့ပါပြီ
။
ဇင်းကျိုက်ဆိုသောအမည်ကို
ကြားသိခဲ့စဉ်က ကျွန်မစိတ်ထဲ ဆန်းကြယ်နေခဲ့သည် ။ ရန်ကုန်မှာ ကြီး၍ မွန်စကား ကောင်း ကောင်းမတတ်သူ-ကျွန်မအဖို့
ဇင်းကျိုက်ဆိုသောအမည်က သစ်ဆန်းနေတာလည်း အံ့ဖွယ်တော့ မဟုတ်ချေ ။ ဖေဖေက ဇင်းကျိုက် ဇာတိဖွားဖြစ်ကြောင်း
ကျွန်မ (၅)နှစ်သမီးကတည်းက သိနေခဲ့ရ၏ ။ သည်လိုသိနေရခြင်းအကြောင်းရင်းကတော့ (ဖေဖေ့မိဘနှစ်ပါး)
အဘိုးနှင့်အဘွားက ဇင်းကျိုက်ကနေ ကျွန်မတို့နေထိုင်ရာ ရန်ကုန်မြို့-မင်္ဂလာဒုံမြို့နယ်-အရာရှိအိမ်ရာသို့
တစ်နှစ်တစ်ခါ အလည် လာတတ်သောကြောင့်ဖြစ်ပါသည် ။ အဘိုးနှင့်အဘွား လာလျှင် ဇာတိဒေသ၏စားဖွယ်ရာများ
ပါလာပြီ ။ ကြက်မောက်သီး ၊ မင်းကွတ်သီး ၊ ဒူးရင်းသီး ၊ ရေငန်းသီးတွေ ။
‘မော်လမြိုင်-အစား’တဲ့
။ ဆိုရိုးရှိရဲ့ မဟုတ်လား ။ မွန်လူမျိုးတို့ပီပီ အစားကောင်းကြိုက်တတ်သူတွေမို့ ထင်ပါသည်
။ ငါးပိ/ ငါးချဉ် လက်ရာအလွန်ကောင်းသဖြင့် အဘွားတို့ အလည်လာတိုင်း ကျွန်မတို့ ငါးပိထောင်း
၊ ငါးပိရည် ကောင်းကောင်းစားရပြီ ။ အဘွားက သားကြီးဖြစ်သူ-ကျွန်မဖေဖေကို အလွန်ချစ်ခင်တာကြောင့်
ငါးပိချည်းသာမက ခရမ်းကြွတ်သီး ၊ ကြက်ပေါင်သီး ၊ ဆီးဖြူ သီး-အစရှိသော သားကြိုက်တတ်သည့်-တို့စရာတွေလည်း
တပါတည်းယူလာစမြဲ ။ ကျွန်မတို့မြေးတစ်သိုက်အတွက်ကတော့ တစ် ထုပ်,တစ်ထုပ်ကို (၃)/(၄)ယောက်
စားမကုန်သည့်-မုန့်ဖတ်ထုပ်ကြီးတွေပေါ့ ။
အဘွားတို့ကြောင့်ပဲ
ဇင်းကျိုက်ဆိုသောနာမည်က ကျွန်မရင်မှာ စွဲထင်လာရာ ဖေဖေ့ဇာတိဒေသအပေါ်တွင် ကျွန်မ ချစ်ခင်
တွယ်တာတတ်လာသည် ။ တွေ့မြင်ရောက်ဖူးချင်လာသည် ။ သို့သော် မိသားစုထဲမှာ အငယ်ဆုံးဖြစ်သူ-ကျွန်မဟာ
အရွယ်ရောက် သူ-အစ်မတွေလိုမျိုး အဘွားတို့နှင့်အတူ လိုက်သွားခွင့် မရသဖြင့် ဇင်းကျိုက်ရှုခင်း
၊ ဇင်းကျိုက်မြင်ကွင်းကို စိတ်ကူးဖြင့်သာ ပုံဖော်ခဲ့ ရဖူးသည် ။
“ ဇင်းကျိုက်ရွာမှာ ခြေတံရှည်အိမ်တွေချည်းပဲ
။”
“ အရမ်းကြီးတဲ့တောင်ကြီးတစ်တောင်ရဲ့အခြေမှာ တည်ထားတာကွယ့်
။ အဲဒီတောင်က ဇင်းကျိုက်တောင်ပေါ့ ။”
“ ရွာထဲမှာ ရှေးဟောင်းဇရပ်ကြီးတွေလည်း ရှိတယ်
၊ အရမ်းလှတဲ့ ကျောက်သင်္ဘောရေတံခွန်လည်း ရှိတယ် ။ နောက်ပြီး
ကျောက်သင်္ဘောစေတီကလည်း တည်နေပုံ သိပ်ဆန်းကြယ်တာပဲ
။”
အစရှိသဖြင့် အဘွား အရိပ်အမြွက်ပြောပြသောအကြောင်းအရာတို့ကို
နားဆင်ရင်း ပုံဖော်စိတ်ကူးကြည့်သည့်အခါ ကျွန်မအာရုံ ထဲမှာ ဇင်းကျိုက်ဟာ မှုန်တိမှုန်ဝါးဖြစ်နေပေမယ့်
မြူနှင်းများကြားက ပန်းတစ်ပွင့်ပမာ ထူးဆန်းလှပနေခဲ့ပါသည် ။ စိမ်းညို့အုံ့မှိုင်း နေသော
တောင်တန်းကြီးအခြေက ခမ်းနားကြီးမားလွန်းသည့် ခြေတံရှည်ပျဉ်ထောင်အိမ်ကြီးတစ်လုံး ၊ ဘယ်လောက်များ
နေချင့် စရာကောင်းလိုက်မလဲ ။ ( အဘိုးကမူ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအကြောင်း ၊ ဥစ္စာစောင့်များအကြောင်းကို
ပြောပြတတ်သည် ။ သို့ကြောင့်ပင် ကျွန်မ အရွယ်ရောက်လာသည့်အခါ ထိုအကြောင်းအရာများကို စိတ်ပါဝင်စားစွာ
လေ့လာရေးသားဖြစ်ခဲ့ခြင်းဖြစ်မည် )
ကျွန်မအသက်(၉)နှစ်ပြည့်ချိန်မှာ
ပထမဆုံးအကြိမ် ဇင်းကျိုက်မြို့ကို ရောက်ရှိခဲ့ပါသည် ။ ခရီးသွားကားကြီး တညိမ့်ညိမ့်
ပြေးနေကတည်းက ရင်ခုန်သံတွေ ဖိုးသိုးဖပ်သပ် ။ ရင်ထဲမှာ တလှပ်လှပ် ။ စိတ်ဟာ ပျော်ရွှင်ခြင်းနှင့်
မျှော်လင့်ချက်ကြားမှာ တေဘယ်ဘောလုံး(table ball)ပမာ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်
။ ညဘက်ကတည်းက ထွက်လာခဲ့သောလိုင်းကား - နောက်တစ်နေ့နေ့လယ်(၂)လောက်မှ ရောက်သွားသည် ။(လွန်ခဲ့သောဆယ်စုနှစ်ခန့်ကဖြစ်၍
ယခုလို ကားလမ်းများ မကောင်းသေး ပါ) ကားပေါ်က ဆင်းဆင်းချင်း မြင်လိုက်ရသည့်မျက်နှာအထွေထွေ
- အဲဒါ အမျိုးတွေတဲ့လေ ။ ပထမဆုံး တွေ့ဆုံဖူးခြင်းပါ ။ သူတို့ ကတော့ “နှင်းပွင့်လေး
- နှင်းပွင့်လေး”ဟုခေါ်ပြီး ကျွန်မဆီ ပြေးလာကြ ၊ ဖက်နမ်းကြ ၊ ဝဲတဲတဲစကားသံလေးတွေနှင့်
ကျွန်မကို ရွှန်း ရွှန်းဝေအောင် စကားတွေ ဆိုကြ ။ ခဏအတွင်းမှာပဲ ဇင်းကျိုက်နှင့်ကျွန်မဟာ
တသားတည်း ဖြစ်သွားခဲ့တော့သည် ။
ထိုစဉ်ကပဲ
ဇင်းကျိုက်တောင်ပေါ်သို့ ကျွန်မ ခြေလျင်တက်ခဲ့ဖူးသည် ။ နောက်တစ်ကြိမ် တက်ခဲ့ရပေမယ့်
ပထမဆုံးအခါ ကလောက် ပျော်စရာမကောင်းသဖြင့် ကောင်းကောင်းမမှတ်မိပါ ။ ထိုပထမဆုံးအခေါက်ကိုသာ
စိတ်အာရုံမှာ စွဲထင်နေဆဲ ။ ထိုစဉ် က ကျွန်မအဘိုး ပါသည် ။ ကျွန်မအဘိုး မဆုံးခင် (၃)နှစ်အလိုခန့်ကဖြစ်သည်
။ အဲသည့်အချိန်က အဘိုးဟာ ဒေါင်ဒေါင်မြည် ။ ကျွန်မတို့လူငယ်တွေ လျှာထွက်မတတ် အသည်းအသန်တက်ရသော-ဇင်းကျိုက်တောင်ပေါ်ကို
အဘိုးက တောင်ဝှေ့တစ်ချောင်းနှင့် ခပ်အေးအေးတက်ခဲ့သူ ။ အသက်(၇၀)အရွယ်ပါဟု ကျမ်းကျိန်ဆိုရမည့်ပုံ
။ ချမ်းစိမ့်စိမ့်မနက်ခင်းကို စိုရွှဲရွှဲချွေးစက်တို့ဖြင့် စောင့်ကြို နှုတ်ဆက်ခဲ့ဖူးသော
ပထမဆုံးတောင်တက်ခရီးစဉ်တစ်ခုလည်း ဖြစ်ခဲ့သည် ။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ သာယာလှပမှု
တချို့ အငွေ့ပျံပျောက်ဆုံးသွားတတ်ကြောင်းကို သက်သေသာဓကပြစရာ အမှတ်သညာတစ်ခုအဖြစ်နှင့်
ကျွန်မဦးနှောက်မှာ စွဲမြဲ ထင်ကျန်နေစေသည့် တောင်တက်ခရီးစဉ်တစ်ခုဆိုလည်း မမှား ။
ကျွန်မ
မှတ်မိသလောက်ဆိုလျှင် အဲဒီတုန်းက ကွန်ကရစ်လမ်း မဖောက်ရသေးပါ ။ ကားတွေ ဖောချင်းသောချင်း
တောင် ပေါ်အရောက် လမ်းမပေါက်သေးပါ ။ လူတိုင်းနီးပါး ခြေလျင်တက်နေရသောကာလ ။ ဘုရားပွဲရာသီဆိုရင်
ဇင်းကျိုက်တောင်တက် လမ်းတလျှောက် တွန်းထိုးတက်ရလုခမန်း ရှိတယ်ဟု အဒေါ်တွေက ဆိုပါသည်
။ ကျွန်မတို့တက်သည့်အချိန်ကတော့ ဘုရားပွဲရာသီ မဟုတ်သဖြင့် ခြေလျင်တက်သူများအနည်းငယ်သာ
တွေ့ရသည် ။ လမ်းတလျှောက် အပန်းဖြေနိုင်စေရန် ထိုင်ခုံငယ်များကို ထွင်း ထားရုံသာမက ရေကန်များ
ဆောက်လုပ်ထားကာ အုန်းမှုတ်ခွက်များဖြင့် ရေသောက်ခဲ့ရသောကြောင့် သဘာဝ၏အနှစ်သာရကို အပြည့်အဝခံစားမိစေပါသည်
။ ထိုစဉ်က ဆံတော်ရှင်ဇင်းကျိုက်စေတီတော်၏ရင်ပြင်တော်သည် ကျယ် န်းလှသည်ချည်း မဟုတ် ။
သို့ပေမယ့် တသုန်သုန်တိုက်ခတ်နေသော လေညင်းလေးများသည်လည်းကောင်း ၊ တချွင်ချွင်လှုပ်ခတ်နေသော
ဆည်းလည်းလေး များသည်လည်းကောင်း မောပန်းလာသော တောင်တက်ဓမ္မမိတ်ဆွေများအတွက် အပန်းပြေလန်းဝေစေတာကြောင့်
ဒေသခံတွေ မကြာမကြာ တက်ရောက်ဖူးမြော်နေကြတာလည်း မဆန်းကြယ်တော့ ။
အခုအခါမှာ
ကျောက်သင်္ဘောရေတံခွန်ကို ဇင်းကျိုက်ရေတံခွန်ဆိုပြီး လူသိများနေပါပြီ ။ သို့သော် ကျောက်သင်္ဘောစေတီ
တော်ကို အမှတ်ထားပြီး အမည်တွင်နေခြင်းဖြစ်တာကြောင့် ကျောက်သင်္ဘောရေတံခွန်အဖြစ်နှင့်သာ
ကျွန်မ သတိရနေပါသည် ။ ထိုမျှသာမကသေး “ညှို့ငင်လွန်းသောရေတံခွန်”အဖြစ်နှင့်လည်း သည်းထိတ်ရင်ဖိုမှတ်မိနေဆဲ
။ ဟုတ်တာပေါ့ - ကျွန်မတို့ တွေ့ကြုံ ခဲ့ရတာကလည်း တကယ့်ကို သည်းထိတ်ရင်ဖိုဖြစ်ရပ်ပဲလေ
။ အခန့်မသင့်ရင် အသက်တစ်ချောင်း ဆုံးသွားနိုင်တာပဲကိုး ။ အသက် ဘေးက လက်မတင်လေးလွတ်ခဲ့သူဟာ
အခြားမဟုတ်ပါဘူး ။ ကျွန်မတို့နှင့် မိသားစုလိုဖြစ်နေသော ကားမောင်းသူ-ဦးဖိုးဌေးလေ ။
အဘိုးက
(၂၀၀၄)မှာ ကင်ဆာရောဂါနှင့် ဆုံးပါးသွားခဲ့တာပါ ။ အဘိုး ဆုံးပြီးမကြာ ကျွန်မတို့မိသားစု
ကားတစ်စီး ဝယ်နိုင်ခဲ့ ၍ ဇင်းကျိုက်နှင့်ရန်ကုန်ဟာ (ကျွန်မတို့အဖို့) အိမ်ဦးနှင့်ကြမ်းပြင်ပမာ
မကြာမကြာ အလည်အပတ်သွားရာရိပ်မြုံဖြစ်လာခဲ့သည် ။ သို့ကြောင့် ရွာရောက်တိုင်း အဘိုးကို
သတိရမိပါသည် ။ အဘိုးကမူ မရှိတော့ပြီ ။ ကျွန်မတို့ကားကို မောင်းနှင်ပေးသူကတော့ ဖေဖေ့
လူယုံ-ဦးဖိုးဌေးပါ ။ ဦးဖိုးဌေးက အသက်(၄၀)ကျော်အရွယ် ၊ လူကောင်သေးသေး အရပ်မနိမ့်မမြင့်
အသားလတ်လတ်နှင့် ။ နောက် ပြီး သူက အလွန်စူးစမ်းတတ်ပါသည် ။ ထိုသို့ စူးစမ်းတတ်လွန်း၍လည်း
အသက်သေမလို သည်းထိတ်ရင်ဖိုဖြစ်ပြီး ကံသီ၍သာ သေမင်းလက်က လွက်ခဲ့ရတာပါ ။
“ ကျောက်သင်္ဘောရေတံခွန်ကို လူစားတယ်လို့ပြောကြတယ် ။ သက်မဲ့ရေတံခွန်က ကျားတွေခြင်္သေ့တွေလို
လူကို လိုက်ဖမ်း
စားသောက်နိုင်မှာတဲ့လား ။ အမှန်က လူစားတာ မဟုတ်ပါဘူး
။ အလည်လာသူတွေကိုက စူးစမ်းလွန်းတာ ။ ဟိုမှာ - တွေ့
နေရတဲ့နေရာ မြင်လား အတွတ် ။ အဲဒီကျောက်သားပြင်ကြီးဆီကို
လူတွေက ကုပ်ကပ်တက်ကြည့်ကြတယ်လေ ။ အဲဒီမှာပဲ
ခြေချော်ပြီး ပြုတ်ကျ ၊ အောက်က ချောက်မှာ ရေနစ်ပြီး
အသက်သေဆုံးကြတာပေါ့ ။ ရွာခံတွေကတော့ ဘယ်တော့မှ တက်
မကြည့်ပါဘူး ။ အန္တရာယ်ရှိမှန်း သူတို့ သိသကိုး
။ ခက်တာက အလည်လာသူတွေ ။ တချို့လူငယ်လေးတွေ မူးမူးနဲ့ တက်
တော့ ပိုဆိုးတာပေါ့ ။” ( ဖေဖေ့ကို သက်ကြီးပိုင်းအမျိုးတွေက
အတွတ်လို့ပဲ ခေါ်ပါသည် )
(ဖေဖေ့အစ်ကိုဝမ်းကွဲ)ဘကြီးကိုရင်ကြီးက
ကျွန်မတို့မိသားစုကို ရေတံခွန်ဆီ လိုက်ပို့ပေးခိုက် ရောက်တတ်ရာရာပြောပြရင်း လူပြော
လေ့ရှိသောပါးစပ်ရာဇဝင်ကို ရှင်းပြခဲ့ပါသည် ။ ဘကြီးကိုရင်ကြီး၏စကားက သဘာဝကျပါ၏ ။ လူတွေသာ
အတတ်မကျူးလျှင် ခြေချော်လက်ချော်ပြီး ပြုတ်ကျစရာမရှိ၊ ဒါဆို အသက်သေစရာအကြောင်းလည်း
မရှိတော့ဘူးဟု တွေးနေတုန်းရှိသေး - ဖေ့ဖေ့ညီမ (ဒေါ်လေး)၏အော်သံကို ကျွန်မတို့ ကြားလိုက်ရသည်
။ ဒေါ်လေးက ရေတံခွန်ဆီ လက်ညှိုးထိုးပြီး ကြောက်အားလန့်အား ထအော် တာကြောင့် ကျွန်မတို့လည်း
လက်ညှိုးညွှန်ရာဆီ လှမ်းကြည့်မိတော့ …
“ အမလေး …”
တ,မိမလို ဖြစ်သွားရပါပြီ ။
ဦးဖိုးဌေးပေါ့ - ဘကြီးကိုရင်ကြီး
ပြောသောနေရာဆီကို ကုပ်ကပ်တွယ်တက်နေတာ ။ လူသုံးရပ်စာမက ရောက်နေပြီ ။ အကယ်၍ ဆက်တက်လျှင်
လူအများ ခြေချော်သည့်နေရာကို ရောက်တော့မှာပါ ။ အဲဒီနေရာမှာ ရေစီးကြောင်းတစ်ခုကြောင့်
ရေညှိ များကပ်ကာ ချော်ချိချိဖြစ်နေ၍ နင်းမိသည်နှင့် ခြေချော်ကျနိုင်ပါသည် ။ ဖေဖေနှင့်ဘကြီးလည်း
အသည်းအသန် လှမ်းတားရတော့ တာပေါ့ ။ အဲဒီအခါမှပဲ ဦးဖိုးဌေးလည်း ကြောက်စိတ်ဝင်ပြီး ဆက်မတက်တော့ဘဲ
နေရာမှာ ရပ်လိုက်သည် ။ ဒါပေမယ့် ပြန်မဆင်းဝံ့ တော့၍ ကျွန်မတို့မှာလည်း အောက်ကမော့ကြည့်ရင်း
ရင်တထိတ်ထိတ်နှင့် ။ တကယ်လို့ ချော်ချက်ကျလျှင် မမြင်ဝံ့ မကြည့်ဝံ့ ။ ဘကြီးကိုရင်ကြီးက
ရဲရဲဝံ့ဝံ့ခြေမြဲမြဲကုပ်ပြီး ဆင်းခဲ့ဖို့ အော်သလို ဖေဖေကလည်း မပြတ်သတိပေးနေတာကြောင့်
နာရီပိုင်းလောက် အကြာမှာ ဦးဖိုးဌေး မြေပေါ် ပြန်ရောက်လာပါသည် ။ သည်အခါမှပဲ ကျွန်မတို့အားလုံးလည်း
သက်ပြင်းချနိုင်ပြီး ဦးဖိုးဌေးဆီ ပြေးလို့ မသေကောင်း-မပျောက်ကောင်း ပြန်ရောက်လာသဖြင့်
ဝမ်းသာရင်း ဆူသူကလည်း ဆူပေါ့ ။ ဦးဖိုးဌေးကတော့ …
“ မပြောတတ်ပါဘူး ဆရာရယ် ။ ကျွန်တော် မော့ကြည့်နေရင်း အရမ်းတက်ကြည့်ချင်လာလို့
တက်သွားမိတာပါ” - တဲ့ ။
ကံသီ၍သာ အသက်နှင့်ကိုယ် အိုးစာ ကွဲမသွားတာပါ
။
ငယ်စဉ်က
တစ်နှစ်လျှင် နှစ်ခေါက်/သုံးခေါက် ရောက်ဖြစ်သော်လည်း ဖေဖေ ပင်စင်ယူပြီးနောက် ကျွန်မတို့
မရောက်ဖြစ် တော့ပါ ။ ကျွန်မတို့ညီအစ်မတွေလည်း သူ့အလုပ်နှင့်သူ ရှုပ်နေကြပြီမို့ အရင်လို
ခရီးအတူထွက်ရန် တော်တော်နှင့် စီစဉ်မရတော့ ။ သို့ဖြစ်၍ ဇင်းကျိုက်နှင့်ကျွန်မသည် ဝေးကွာနေခဲ့တာကြာပါပြီ
။ မနှစ်(၂၀၁၅ခုနှစ်)က စာပေအဖွဲ့အစည်းတစ်ခုနှင့်အတူ မွန်ပြည် နယ်ဘက်ကို ခရီးထွက်ဖြစ်ခဲ့သည်
။ မော်လမြိုင် ၊ ကင်းရွာနဲ့ ဝင်းကရွာတို့မှာ စာပေပွဲများ ကျင်းပခဲ့အပြီးအပြန် မော်လမြိုင်-မုတ္တမ
တံတားကြီးကို ကျော်လွန်လာချိန်၌ အတူပါလာသော ဆရာမ-မိချမ်းဝေက _
“ ဂါဦးတို့ရွာ ရောက်ပြီလား ။”
ဟု မေးပါသည် ။ ကျွန်မက _
“ ပြောမပြဘူး - လာလည်မှာစိုးလို့”
ဟု ကျီစယ်ရင်း ဇင်းကျိုက်မြို့၏ကျက်သရေဆောင်-ဆံတော်ရှင်ဇင်းကျိုက်စေတီတော်
၊ ကျောက်သင်္ဘောရေတံခွန်အကြောင်းနှင့် တကွ ဖခင်ဖြစ်သူ၏ဇာတိမြို့ဖြစ်ကြောင်း ၊ အလွန်သာယာကြောင်း
ပြောပြဖြစ်ခဲ့သည် ။ ကျွန်မ၏ဖွဲ့ညွှန်းစကားများကြောင့် ဆရာမ တစ်ဦးက စိတ်ကြည်နူးသွားဟန်ဖြင့်
…
“ ဂါဦးရဲ့ဇာတိက တယ်လန်းပါလားကွ ။”
ဟု ချီးမွန်းသည် ။ ပြောနေခိုက်မှာပဲ တရိပ်ရိပ်ပြေးနေသောကားက
ဇင်းကျိုက်စေတီတော်မုဒ်ဦးနှင့်တကွ ဇင်းကျိုက်မြို့ကို လွန်သွား ခဲ့ပြီ ။ သို့တိုင်
ကျွန်မစိတ်အာရုံထဲမှာတော့ ဇင်းကျိုက်၏ပုံရိပ်များက သူ့အလိုလို ရှင်သန်နိုးထနေဆဲ ။ ရောက်သည်ဖြစ်စေ-မရောက်
သည်ဖြစ်စေ ကွာခြားခြင်း မရှိဘဲ မြင်ယောင်မှတ်မိနေဆဲ … ။
ရဟန်းသံဃာတွေ ကြွချီလာလျှင်
ရောက်ရာအရပ်မှာ ထိုင်ချပြီး အရိုအသေပေးတတ်သောလူငယ်များကို တွေ့မြင်ရနိုင် သည့်ဇင်းကျိုက်
၊ စိမ်းညို့ညို့တောင်တန်းကို နောက်ခံပြုလျက် ခြေတံရှည်ပျဉ်ထောင်အိမ်တွေ ပေါများရာဇင်းကျိုက်
၊ ပုန်းပလိုင်ဟု ခေါ်သည့် အလှူအိမ်မှာ ညဘက်ချက်ကျွေးလေ့ရှိသော-ကြက်သားကာလသားချက်ကို
စားခွင့်ရှိမည့်-ဇင်းကျိုက် ၊ မြတ်နိုးဖွယ်ရာတို့ နှင့် ထုံမွှမ်းနေသော ကျွန်မ ချစ်သည့်-ပေါင်မြို့နယ်တွင်းက
ဇင်းကျိုက်မြို့လေး ။
ဒီမြို့ဟာ ဖေဖေ့၏ဇာတိမြို့ဖြစ်သော်ငြား
ကျွန်မ၏ဇာတိချက်ကြွေမွေးရပ်မြေပမာ နှလုံးသားထဲမှာ အမြဲလိုလို ကိန်းအောင်း တည်ရှိနေသောနေရာ
… ။ ( ဧပြီ 20 / 2016 / 10:36PM )
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။